သာသနာသည် အဆောက်အအုံ မဟုတ်၊

ဗုဒ္ဓဘုရား၊ ပွင့်ငြားပေါ်လာ၊
ဟောကာညွှန်ကြား၊ တရားဒေသနာ၊
အကုသလ၊ ကုသလဓမ္မာ၊
သိခွင့်ထူး၊ ကျေးဇူးကြီးလှတာ။
~~~
ဘုရားဂုဏ်ထူး၊ ကျေးဇူးကိုရှာ၊
ဘယ်လိုနည်းနဲ့၊ အပြီးဆပ်မှာ၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
မပြတ်ပွား၊ ဆပ်ငြားကျေးဇူးသာ။
~~~


သာသနာထဲ၊ ကြုံခဲကြုံလာ၊
ကြုံပါသော်လည်း၊ ပြုခဲပေရှာ၊
သတိရလို့၊ သိကြသော်သာ၊
ခွင့်သာခိုက်၊ ပြုလိုက်သာသနာ။


သာသနာပြုသည်ဆိုရာမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး လှူဒါန်းမှုပြုနေခြင်းမဟုတ်ပါ။ ယနေ့လူအတော်များများက ထိုကုသိုလ်အလုပ်ကိုပင် သာသနာပြုသည်ဟု ထင်မှတ်နေကြသည်။ ထိုအလုပ်များကို အကျိုးမရှိဟု ပြောခြင်းမဟုတ်ပါ။ သာသနာပြုခြင်း အစစ်မဟုတ်ဟုသာ ပြောခြင်းဖြစ်သည်။ တကယ့်သာသနာတည်မြဲအောင၊် ပြန့်ပွားအောင်၊ သန့်ရှင်းအောင် လုပ်ဖို့ဆိုတာ အဆောက်အအုံကြီးတွေက တက်နိုင်တာမဟုတ်ပါ။ ပရိယတ္တိသာသနာနှင့် ပရိပတ္တိကိုအခြေခံသော လမ်းမှန်သည့် ပဋိပတ္တိသာသနာကသာ သာသနာကို အရှည်တည်မြဲအောင် လုပ်နိုင်မှာဖြစ်ပါသည်။ ဥပမာ- ဒုတိယသင်္ဂါယနာတင်တဲ့အချိန်တုန်းက ဘုရားနှင့်တကွ ရဟန္တာကြီးများ သီတင်းသုံးနေထိုင်သွားတဲ့ သာဝတ္ထိဇေတ၀န် ကျောင်းတိုက်တော်ကြီး၊ ပုဗ္ဗာရုံ ကျောင်းတိုက်ကြီးများနှင့် ရာဇဂြိုလ်ပြည်က ဝေဠုဝန်ကျောင်းတော်ကြီးများက ထင်ရှားစွာကိုယ် စားပြုတဲ့ ပုဂ္ဂိုလ်ကြီးများပါတာ မတွေ့ရပါဘူး။ အကျင့်သီလနဲ့နေတဲ့ အခြားသော သာသနာ့ဝန်ဆောင် ရဟန်းတွေသာ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တော်မူခဲ့ကြတာ တွေ့ရပါသည်။ ယခုခေတ်ကြည့်ရင်လည်း အင်ဒိုနီးရှားတို့၊ အာဖဂန်နစ္စတန်တို့ အစရှိတဲ့ နိုင်ငံတွေက အိန္ဒိယပြည်ကြီး တစ်ပြည်လုံးအနှံ့၊ ပါကစ္စတန် အစရှိတဲ့ ပြည်များမှာ ကျောက်စာ သုတေသနဋ္ဌာန အသီးသီးက ရှာဖွေတူးဖော်ကြရာ တစ်ပြည်လုံးအနှံ့ ဗုဒ္ဓနှင့်ဆိုင်ရာ ရုပ်ထုတော်များ၊ ပစ္စည်းများ၊ အဆောက်အအုံကြီးများ၊ စေတီကြီးများကိုတွေ့ရသော်လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဟူ၍ တစ်ယောက်မျှပင် မတွေ့ရလောက်အောင် ရှိနေပြီမဟုတ်ပါလား။ ထို့ကြောင့် သာသနာတည်ဆောက်ဖို့ဆိုတာ အဆောက်အအုံတွေတိုးအောင်၊ ခံ့ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်ပါ။ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း၊ စာပေပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း၊ ကျင့်သုံးနေကြခြင်းသည်သာ ပဓာန ဖြစ်သည်။ ဤသို့ဆိုလျှင် ပရိယတ္တိ၊ ပဋိပတ္တိသာသနာသည်သာ လျှင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ ပြန့်ပွားစေမည့် အဓိကအကြောင်းဖြစ်သည်။ ထို့ကြောင့် ပရိယတ္တိစာပေများကို မိမိတို့ကိုယ်တိုင် လေ့လာသိရှိထားဖို့ လိုအပ်ပါလိမ့်မည်။ ထို့အပြင် ပရိယတ်၊ ပဋိပတ် သင်ယူနေကြသော သံဃာတော်အရှင်မြတ်များကို မိမိတို့တက်အားသ၍ လှူဒါန်းမှုပြုလုပ်ခြင်း၊ လူအများတရားသိစေဖို့ တရားပွဲများပြုလုပ်ခြင်းသည်သာ သာသနာအတွက် ပိုမိုအရေးပါမည် ထင်မိပါသည်။

“စာဖတ်သူများ အသိအမြင်မှန်ရရှိကာ သာသနာအကျိုး၊ မိမိအကျိုးသယ်ပိုးနိုင်ပါစေ”


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…။”



ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)


2 comments:

Dream said...

သာသနာတည်ဆောက်ဖို့ဆိုတာ အဆောက်အအုံတွေတိုးအောင်၊ခံ့ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်ပါ။ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း၊ စာပေပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း၊ ကျင့်သုံးနေကြခြင်းသည်သာ ပဓာန ဖြစ်သည်။

မှန်တယ်နော်ဦးဦးအောင်.....
အင်မတန်တန်ဖိုးရှိတဲ့ပို့စ်လေးပါ။

ရှင်ရဲထွတ် said...

သာသနာတော် တိုးတက်ရှည်ကြာ ခိုင်မြဲဖို့ ဆိုတာက
သာသနာတော်ကြီးကို စောင့်ရှောက် ကာကွယ်မယ့်
ရဟန်းတော်တွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေး
စာပေပရိယတ္တိ ပြန့်ပွားရေး ဆိုသည်မှာလည်း
ရဟန်းတော်များ စိတ်အေးချမ်းစွာ သီတင်းသုံး
နေထိုင်နိုင်ရေး မှာလည်း အထူးအဓိက ကြပါတယ်။
ပစ္စည်းလေးပါး ပြည့်စုံတော်မူမှသာ ရဟန်းကိစ္စကို
အေးချမ်းစွာ ကျင့်ကြံနိုင်မယ် မဟုတ်ပါလော။
ပစ္စည်းလေးပါး လှူဒါန်းမယ့် ပုဂ္ဂိုလ် ကျင့်မယ့်ရဟန်း
ဗုဒ္ဓရဲ့ စစ်မှန်တဲ့ တရားတော် ကိုနာယူရရှိမယ့်
လူပုဂ္ဂိုလ် အားလုံးဟာ ကွင်းဆက်တစ်ခုလို ချိတ်ဆက်
နေနိုင်မှသာလျင် ဗုဒ္ဓရဲ့ စစ်မှန်တဲ့ သာသနာတော်ဟာ
အဓွန့်ရှည်ကြာ ခိုင်မြဲနိုင်လိမ့်မယ်လို့ ကျနော် ဒီနေရာကနေ ထင်မြင်ချက်လေး ရေးသားပါရစေ။
ကိုအောင်ဦးလည်း ဗုဒ္ဓရဲ့ အနှစ်သာရ ကို ကိုတိုင်ရှာဖွေ
စားသုံးနိုင်ပါစေ။