“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။
ကျနော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတ သမာဒိဋ္ဌိဉာဏ် ရှိတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာ အမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေ အပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလိုတွေ ဖြစ်လာကြလဲ စမ်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာ ယုံကြည်ချက် အားနည်မှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှု တွေကိုတောင့်တ၊ မက်မောတဲ့ အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန်သေချာ ခွဲခြား သိစေချင်တာပါ။ ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေ အပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။ ထိုအရာတွေကို ကိုးကွယ်အားထားလို့ လက်ရှိအခြေမှာ စီးပွားရေး၊ လူမှုရေး အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ သို့သော် အပါယ်သံသရာကို မကျဘူးလို့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ မှတပါး အခြားသော ကိုးကွယ်မှုများသည် အာမခံချက် မရှိပါဘူး။ မြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံပြီး တရားတွေနာကြား ကျင့်ကြံနိုင်တဲ့ ယခုလို အချိန်အခါမှာမှ တရားတွေ မကျင့်ကြံ၊ မလိုက်နာကြဘူးရှိရင် လူဖြစ်ရှုံး ရပါမယ်။ သံသရာ တလျောက်လုံးက ပါလာတဲ့ အမှားတွေကို စွန့်လွတ်ဖို့ အချိန်တန်ပါပြီ။ လောကသတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်၏ ကျေးဇူးတရားတွေ၊ ဘုရားရှင် ဖော်ထုတ်ဟောခဲ့တဲ့ တရားတွေ၏ ကျေးဇူးတွေ၊ ထိုတရားတွေကို ထိန်းသိမ်းစောင့်ရှောက် ဟောကြားဆုံးမခဲ့တဲ့ ဆရာတော်ကြီးတွေ၏ ကျေးဇူးတရားတွေကို သိတတ်ကြရပါမယ်။ အချို့သောသူတွေ လုပ်တတ်တာလေးတွေ ပြောပါမယ်။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံး ဖြတ်ဖြစ်ပြီးမှ လက်ခံကြပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလို့ ဘုရားမှာ အမွေးတိုင်၊ ဆီမီးပူဇော် ကြတယ်။ ဘုရားကို ကိုးကွယ်ပူဇော်မှုသည် သက်ရှိထင်ရှား ရှိသလို နှလုံးသွင်းပြီး ကိုးကွယ်ရတယ်ဆိုတာ သိနှင့်ပြီးသားပါ။ ဘုရားရှေ့မှာ အမွေးတိုင်တွေ၊ ဖယောင်း တိုင်တွေ စုပြီး ထွန်းညှိပူဇော်တာ မသင့်တော်ပါဘူး။ ကိုယ့်ရှေ့မှာတောင် အမွှေးတိုင် ၅တိုင်လောက်ထွန်းပြီး နေကြည့်နိုင်ပါ့မလား။ ဆရာတော်အရှင်ဆန္ဒာဓိက စာအုပ်မှာတော့ ဘုရားကို ညှော်တိုက်နေကြတာပါ လို့ရေးထားပါတယ်။ ဗေဒင်ဆရာက သက်စေ့ ရေသပ္ပါယ်ရမယ် ဆိုတော့ ဘုရားရှင်ကို ဆောင်းတွင်းဖြစ်နေပစေ ခေါင်းကနေ ရေလောင်းတတ်ကြပါတယ်။ ပေါက်မြောက်အောင်လို့ ပေါက်ပန်းလှူခိုင်းတယ်။ အကြံအစည် အောင်ဖို့ ကြံစည်းလှူခိုင်းတယ်။ အရာရာအောင်ဖို့ အဝေရာညွှန့် လှူခိုင်းပါတယ်။ ဒီလိုခိုင်းတိုင်း လုပ်ရင်တော့ မသင့်တော်ပါ။ ဘုရားဂုဏ်တော် ပုတီးစိပ်ရာမှာလည်း မိမိနှစ်သက်တဲ့ အခေါက်ရေကို စိပ်လို့ရပါတယ်။ ဘယ်နှခေါက်စိပ်ရမယ်၊ ဘယ်ဂုဏ်တော်ပွားရမယ် ဆိုတာ ထေရ၀ါဒမှာ ကန့်သတ်ချက်မရှိပါ။ လူတွေက ကျဉ်းကြပ်အောင် ကန့်သတ်နေကြတာပါ။ ရက်ရာဇာနေ့မှာ သူတပါးအသက် သတ်လည်း အကုသိုလ်ဖြစ်တယ်။ ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရတာပါပဲ။ ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာ တရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
ဗေဒင်ပညာဆိုတာ တိုက်ရိုက်တော့ သာသနာကို မထိခိုက်သလိုပါ။ မည်သည့် ဗေဒင်ဆရာမှ သူများအသက်သတ်ရမယ်လို့ ယတြာမပေးပါဘူး။ သူတပါး ပစ္စည်းခိုးပြီး စားရမယ်လို့လည်း မပြောကြပါဘူး။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ဘာတွေလှူရမယ် စသဖြင့်သာ ပြောကြတာပါ။ ဗေဒင်နဲ့ ပတ်သတ်ပြီးတော့ ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဉာဏ က ယခုလို ရေးသားထားပါတယ်။ “ဗေဒင်က ရက်ရာဇာနှင့် ပြဿဒါးကို ပဓာန ထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ်ကို ပဓာန ထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။ မြတ်စွာ ဘုရားနဲ့ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရား မယုံရာ ကျတာပေါ့။” အင်မတန် သတိပြု သင့်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း မဟာဘုတ်ထူတာ၊ နာမည်ပေးနည်း ( ယခင်က ခင်ကြီးဖျော်နည်း၊ နောက်ပိုင်းတော့ မင်းသိင်္ခတို့ သုံးကြတယ်)၊ လက်မှတ်ထိုးတာ၊ လက္ခဏာပညာ၊ အိမ်ထောင်ဖက်ရွေးနည်း၊ ( ဓမ္မသောက အင်းဝရာဇာ။ ဥဿာစိန်ပန်း ဒန်းလှကိုရှာ စတဲ့ လင်္ကာ လေးတွေနဲ့ပါ) စသဖြင့် လေ့လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒီပညာတွေဆိုတာ ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက် တွေကြောင့်လဲ လွဲနိုင်ပါတယ်။ ဗေဒင်မေးတဲ့သူက ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။ ဤနေရာမှာ ဆရာတော်အရှင်ဇ၀န ရေးသားသော စာအုပ်ထဲမှ ထုတ်နှုတ် တင်ပြပါမယ်။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က စာချဘုန်းကြီးတပါး၏ ဇာတာကို ကြည့်ပြီး အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ်။ ယတြာမချေလို့ မရပါဘူးလို့ လျှောက်ထားရာ တပည့်စာသင်သား သံဃာတွေက တုန်လှုပ်သော်လည်း စာချဘုန်းကြီးကတော့ တုန်လှုပ်ခြောက်ချားခြင်း မရှိပါဘူး။ အေးမြကြည်လင်တဲ့ မျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်းမရှိ၊ ပကတိအတိုင်းပါပဲ။ တပည့်များရော၊ ဗေဒင်ဆရာရော ဆရာတော်ပြောမည့် စကားကို နားထောင်နေကြပါတယ်။ စာချ ဘုန်းကြီးထံမှ စကားသံအချို့ ထွက်လာပါတယ်။ “ဒကာကြီး အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းအတွက်တော့ ကိစ္စမရှိပါဘူး”။ ထိုစကားကို ဗေဒင်ဆရာ က မကြိုက်ပါ။ သူ့ပညာကို မယုံကြည်သောကြောင့်လို့ ယူဆပါတယ်။ ထိုမကျေနပ်တဲ့စိတ်က မပြေပြစ်တဲ့ စကားတွေပြောပါတယ်။ “အရှင်ဘုရား.. တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲနေကြည့်ပါ။ အခုနှစ် ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပိုတွဲလေးလ အတွင်းမှာ ခန္ဓာပျက်ရင်ပျက်၊ မပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ်၊ အကယ်၍ တပည့်တော် ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်တို့ ဗေဒင်ကျမ်းတွေ အကုန်မီးရှို့ပစ်မယ်”။ လူတစ်ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာဝင် မပီသနိုင်တော့ပါ။ ဗေဒင်ဆရာက သူပြောချင်တာ ပြောပြီး ပြန်သွားပါတယ်။ ဗေဒင်ဆရာ၏ အတိအကျဟောချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေဖို့ အတင်းအကြပ်လျှောက်ထားရာ စာချဘုန်းကြီးက “ငါအမြဲတမ်း ယတြာ ချေနေတာ မင်းတို့ မတွေ့ကြဖူးလား” ပြန်မေးတော့ တပည့်များက “တွေ့ပါတယ်ဘုရား” ဟု လျှောက်ကာ ပြန်ခဲ့ကြပါတယ်။ အချိန်တွေကုန်လွန်ပြီး ဆရာတော်ကား ဘာရောဂါ အသက်ဘေးမှ မဖြစ်ပဲ၊ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီး ဘ၀သို့ပင် ရောက်ခဲ့ပါတယ်။ ထိုအခါမှ ဗေဒင်ဆရာ ဟောခဲ့သလို အဘယ့်ကြောင့် အသက်အန္တရာယ် မဖြစ်ရကြောင်း ဟောကြားပါတယ်။ အတိုချုံ့ ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကို ဆရာတော်က ယခင်ကတည်းက နေ့စဉ်ပြုလုပ်ခဲ့ခြင်း၊ ကောင်းမှုတွေနဲ့ ထုံမွှမ်းနေလာခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗေဒင်ပညာရှင်တွေဆိုတာ ပုထုဇဉ်တွေပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ ဗေဒင်၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ လောကီပညာ တစ်ခုပါ။ ဒါပေမဲ့ လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ဒီဂြိုလ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပစ္စုပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလိုက် ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။ ဘုရားလောင်း မွေးဖွားစဉ်က ဘုရားဖြစ်မယ်ဆိုပြီး လက်ညိုးတစ်ချောင်းတည်း ထောင်ခဲ့တဲ့ ကောဏ္ဍညပုဏ္ဏားတောင် ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅)ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတာပဲ။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရား ပြန်လာဟောတော့မှ ဘုရားဖြစ်ပြီဆိုတာ သိကြတာပါ။ ဒီတော့ သာမန် လက္ခဏာ၊ ဗေဒင် ပညာမှာ မုချမှန်ပါမယ်လို့ ပြောလို့မရနိုင်ပါဘူး။
ဤသို့ဖြင့် ဒီပညာတွေဟာ လေးစားစရာ၊ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျ ဟောနိုင်၊ ပြောနိုင်တာတွေ ရှိသလို၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါ တယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ ဆေး ကို သောက်ရင် ပြဿနာ အကြီးအကျယ်တတ်ပါမယ်။
ဒါ့ကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးနိုင်ပါတယ်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့ထက် ပိုပြီး အလေးမြတ်ပြုရင်တော့ မသင့်တော်ပါ။ အမှားနှင့် အမှန်၊ အတုနှင့် အစစ် ကွဲပြားဟန်ကို ပိုင်းခြားသိမြင်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။
Subscribe to:
Post Comments (Atom)
9 comments:
တန်ဆေးလွန်ဘေးပေါ့...
အင်းဟုတ်ပါတယ် မြတ်စွာဘု၇ားကိုလဲအမိုးအ ကာမ၇ှိဘဲထားတာကိုလဲတွေ.၇တယ် ပီးတော. ဒါတင်မကဘဲအပေါက်ပေါင်းများစွာနဲ.ထွင်းထား တာကိုလဲမြင်၇တာ၇ယ် နွေ မိုး ဆောင်း၇ာသီ ၃ ပါးထဲမှာ၇ပ်နေ၇၇ှာတဲ.မြတ်စွာဘု၇ားကိုမြင်၇ ..တာစိတ်ကိုမကောင်းပါဘူး မြင်လဲမမြင်၇က်ဘူး ကိုယ်တောင်မှ မိုးမိ၇င်နှာဆီးချောင်းဆိုးဖြစ်တာ လေ အကယ်ေ၇ွှ. သက်ရှိထင်၇ှားမြတ်ဘု၇ား....
ကိုဒီလိုမျိုးထား၇င် င၇ဲစောက်ထိုးကြပီသာမှတ်
အင်းကို.အထင်နဲ.ကိုလုပ်ကြတာအကုသိုလ်လား
ကုသိုလ်လားဆိုတာတွေးတတ်၇င်ကောင်းသား
ဟုတ်ပါတယ် ညီရေ။ နေ့လည်ဖက်ကြီးကို ဘုရားတွေမှာ မီးတွေပူဇော်နေတာဟာ တကယ်တော့ မဖြစ်သင့်ပါဘူး။ နေရဲ့အပူချိန်၊ ပြီးတော့ ဖယောင်းတိုင်အပူချိန်၊ တကယ်တမ်းစဉ်းစားကြည့်၊ သက်ရှိဘုရားလို့ စိတ်နှလုံး သွင်းကြည့်။ အလွန်ပူတာပဲလို့ ပြောကြားမှာပါပဲ။ လူတွေက ကိုယ်ကျိုးအတွက်ပဲ လုပ်နေကြတယ်။ တစ်ချို့ကတော့ ကုသိုလ်ရအောင်ဆိုပြီး ဘာမှ မသိ နားမလည်ဘဲ ထွန်းကြတာပေါ့။ တစ်ချိုကတော့ ဗေဒင် ယတြာတွေပေါ့ ။ တော်တော်ကို အရုပ်ဆိုးလွန်းလှပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေနဲ့ အသိဥာဏ်နဲ့ယှဉ်ပြီး စဉ်းစား သုံးသပ်စေလိုပါတယ် ။
အယူမှားတာလား... အမှားယူတာလားဆိုတာ ကျွန်တော်လည်း ခွဲခြားမသိတော့ပါဘူးဗျာ။
အင်မတန်မှ ကောင်းမွန်တဲ့ပို့စ်လေးပါဗျာ... သိသင့်သိထိုက်တဲ့ အရာတွေပါပဲ... ဖြူးဆရာတော် ဦးသူရိယရဲ့ သွေးနဲ့ရေးတဲ့ သာသနာ ကို နာပြီးကတည်းက ဒီအတွေးလေးဝင်မိတယ်ဗျ... ကောင်းတယ်ဗျာ... လေးစားတယ်...
တန်ဖိုးရှိတဲ့ ၊ သိသင့်သိထိုက်တဲ့ အရာတွေကို
အချိန်ပေးပြီး ဓမ္မဒါနဖြန့်ဝေပေးနေခြင်းအတွက်
သာဓုခေါ်ပါတယ်..
ဘယ်အချိန်ပဲလာလာ ၊ ဘယ်အချိန်ပဲ ပြန်သွားသွား
စိတ်အေးချမ်းမှု အပြည့်အ၀ရှိတယ် ..
အခုတလော ကိုယ့်ဘာသာ စိတ်အေးချမ်းအောင်
နေတတ်နေခြင်းအတွက် ..
မောင်လေးရဲ့ ကူညီလမ်းညွှန်ပေးမှုတွေကို
အမြဲ ကျေးဇူးတင်ပါတယ်
ကောင်းလိုက်တဲ့ post သေသေချာချာလေး ဖတ်သွားတယ်ဗျာ။
ဟုတ်ပါတယ် ကိုအောင်ဦးခင်ဗျာ
ကုသိုလ်ပြုနေတာဟာ ယတြာချေနေတာပါပဲ
အမှန်တွေပါပဲ။
အဆင်ပြေချမ်းမြေ့ပါစေ။
မင်္ဂလာပါအောင်ဦးရေ။ နေ့တိုင်းဟာ မင်္ဂလာရှိတဲ့နေ့များမို့ နေ့တိုင်းအစ်မပြောနေကြ စကားလေးဖြစ်တဲ့ မင်္ဂလာပါကို မရိုးတမ်းပြောမှာနော်။ အယူတွေကို ဖျောက်ဖျက်ဖို့ရာ တစ်ယောက်အားနဲ့ မစွမ်းသာ မျိုးရိုးစဉ်ဆက် ပညာပေးရမှာမို့ အတော် ဆောင်ရွက်ရမဲ့ ကိစ္စပါနော်။ အစဉ်အဆက် သင်ကြားပြသ ပြောကြားပေးမှသာ အယူသည်းမှုနဲ့ အယူဝါဒစွဲလမ်းမှုတွေကို အတော်ချွတ်တဲ့နေရာမှာ မျိုးဆက်သစ်များရော မိဘ ဆွေမျိုးများပါ ၀ိုင်းဝန်း ဆောင်ရွက်ရမှာပါလားလို့ ပိုစ့်ဖတ်အပြီးမှာ စဉ်းစားမိပါတော့တယ်။
ကျန်းမာရွှင်လန်းပြီး သာသနာအကျိုးဆတက်တပိုး ဆောင်ရွက်နိုင်ပါစေ။
Post a Comment