“စောင့်လေမျိုးနွယ် လူတိုင်းဝယ်”

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
အရှင်ဇ၀န (မေတ္တာရှင်)

မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့ သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော်လို့ ခေါ်ဆိုကြပါတယ်။ ထိုတရားဓမ္မတွေ အတိုင်း လိုက်နာ ကျင့်ကြံနေထိုင်သော သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း လိုက်နာ နေထိုင်ရပါတယ်။ ကိလေသာ အများအပြားရှိနေကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဘုရားရှင် ဟောကြားခဲ့သော တရားဓမ္မများ အတိုင်း အလုံးစုံ လိုက်နာ မကျင့်ဆောင်နိုင်တာကို ကြီးမားတဲ့ အပြစ်လို့ မဆိုသာပါ။ ဒါပေမယ့် မိမိအတွက်ကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို နှိမ့်ကျစေမယ့် အဖြစ်မျိုးတွေ မလုပ်မိဖို့တော့ လူတိုင်းသိစေချင်ပါတယ်။ သတ္တ၀ါတွေဟာ မိမိတို့ ကံအတိုင်း လျောက်လှမ်းနေကြရတာ ဖြစ်တဲ့အတွက် ဘယ်သူကိုမှ အပြစ်တင်စရာ အကြောင်းမရှိပါ။ ဘာသာ သာသနာကို ထိခိုက် မှေးမှိန်စေမယ့် လုပ်ဆောင်ချက်တွေနဲ့ နောင်လူငယ်များ အတွက် ရှေ့ဆောင် လမ်းပြမှု အမှားတွေ မဖြစ်ရလေအောင် နေထိုင်လိုက်နာရမှာသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တိုင်း သိထားရမယ့် အချက်ဖြစ်ပါတယ်။

ကျနော်တို့တွေသည် မိဘတိုင်းက မွေးဖွားလိုက်တဲ့ သားသမီးတွေ ဖြစ်ပါတယ်။ မိဘမရှိတဲ့ သားသမီးလို့ မရှိပါဘူး။ သားသမီး မရှိတဲ့ မိဘတွေပဲ ရှိတာပါ။ သားသမီးတွေ ဖြစ်တဲ့ အတွက်ကြောင့် သားသမီး ကျင့်ဝတ်တွေ အတိုင်းလိုက်နာ သင့်ပါတယ်။ ဘယ်လိုတွေ လိုက်နာကျင့်ကြံ ရမယ်ဆိုတာကို မြတ်စွာဘုရားရှင်က ဟောကြား ဆုံးမခဲ့ပြီးသားပါ။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေ ကို နောင်လူတွေ မှတ်မိလွယ်အောင် သင်္ဂဇာ ဆရာတော်ကြီးက အောက်ပါ အတိုင်း ရေးစပ်ခဲ့ပါ တယ်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။
(သင်္ဂဇာ ဆရာတော်ကြီး)

အထက်က လင်္ကာလေးကို ကျနော်တို့ ငယ်ငယ်ကတည်းက ကျက်မှတ်ခဲ့ကြပါတယ်။ ငယ်စဉ်ကတော့ စာသိနဲ့ပဲ သိလာခဲ့ရတာပါ။ တကယ်တမ်း လေးလေးနက်နက် တွေးကြည့်လိုက်တဲ့ အခါမှာ ကိုယ်တိုင် လိုက်နာရတော့မှာဆိုတဲ့ အသိလေး ရခဲ့ပါတယ်။ ဒီအချိန်မှာ စောင့်လေမျိုးနွယ် ဆိုတဲ့ အချက်ကို အဓိက ရည်ရွယ်ပြီး ပြောလိုပါတယ်။
ကျွေးမွေးမပျက် ဆိုတာက အသက်အရွယ် ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမယ်လို့ ဆိုလိုပါတယ်။
ဆောင်ရွက်စီမံ ဆိုတာက အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့ရဲ့ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက် တာဝန်ယူရမယ်လို့ ဆိုလိုပါတယ်။
မွေခံထိုက်စေ ဆိုတာက မိဘတို့ရဲ့ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက်လက် ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်။
လှူမျှဝေ၍ ဆိုတာက တမလွန်ဘ၀ကို ကွယ်လွန်ပြောင်းရွှေ့သွားကြတဲ့ မိဘတို့ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်း ပေးဝေရမယ်လို့ ဆိုလိုပါတယ်။
စောင့်လေမျိုးနွယ် ဆိုတာက မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ဆိုလို ပါတယ်။ ထိုထက်ပိုပြီး စောင့်လေမျိုးနွယ်ဆိုရာမှာ မိမိတို့ ဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမယ်။ ယနေ့ အချိန်အခါမှာ ဒီအချက်ကို မေ့လျော့နေပြီး ထင်ရာစိုင်း နေကြတဲ့ ဖြစ်စဉ်တွေ၊ လုပ်ရပ်တွေကို ကြားသိနေရပါတယ်။ ဒါတွေသည် အခုအချိန်မှာ မသိသာပေမယ့် ကြာလာရင်တော့ ဘာသာနဲ့ လူမျိုးအတွက် စိုးရိမ်ရပါတယ်။
“လူမှာအမျိုး ကြက်မှာအရိုး” ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်က အရေးကြီး ပါတယ်။ ဘာသာရေးအရဆိုရင် မိမိတို့ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမယ်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတတ်၊ တန်ဖိုးထားတတ်ရပါမယ်။

“မြေမြိုသော် လူမျိုးမကုန်၊ လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်” ဆိုတဲ့ စကားအရ မြန်မာအမျိုး သား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာတွင် ဘာသာတူ ဖြစ်သော ဗုဒ္ဓဘာသာ ၀င်မျိုးရိုးကို ရွေးချယ်သင့်ပါတယ်။ ဒီအချက်သည် အလွန်အရေး ကြီးပါတယ်။ တချို့လူငယ်တွေက အချစ်သည်သာ ပဓာနဆိုတဲ့စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှား တတ်ကြတယ်။ အိမ်ထောင် ဖက်ရွေးချယ်ရာမှာ ယောက်ျားလေးထက် မိန်းကလေးက ပိုပြီး အရေး ကြီးပါတယ်။ ဘာသာခြားနဲ့ အိမ်ထောင်ပြုမိရင် သားစဉ်မြေးဆက် ရင်သွေးတွေပါ ဘာသာခြား ဖြစ်သွားတက်ပါတယ်။ ဒီတော့ စောင့်လေမျိုးနွယ် ဆိုတဲ့ တာဝန်ကိုလည်း ဖျက်စီးလိုက်ရာ ရောက်ပါတယ်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးခံယူချက်နဲ့ လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့တဲ့ အတွက်ကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာ ရပါတယ်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းရမယ်ဆိုတဲ့ လူမျိုးရေး၊ ဘာသာရေး အသိကို လူတိုင်းမှာ ရှိစေချင်ပါတယ်။
အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ နေထိုင်မှု ပုံစံတွေဟာ ယနေ့အချိန်မှာ မြန်မာလူမျိုးတို့ ကြားမှာ နေရာယူလာကြပါပြီ။ ဒါသည် ခေတ်မှီတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်းတန်းနိုင်တယ်လို့ ထင်တဲ့သူက ထင်ပါလိမ့်မယ်။ ကျနော်တို့ လူမျိုးက ဘာသာ၊ သာသနာကို အခြေခံပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရည်မှန်းချက်သည်ပင် နိဗ္ဗာန်ကိုရောက်ဖို့ ဆိုတဲ့ အသိလေး ရှိစေချင်ပါတယ်။ ခေတ်မှီ၊ တိုးတတ်တယ်ဆိုတဲ့ လောကီစိတ်ချမ်းသာမှု အမြင်ဟာ ရင်ထဲက ကိလေသာ နည်းသွားတဲ့ ချမ်းသာမှုနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
တကယ့် စစ်မှန်မှုတွေကို ဖုံးကွယ်ဝါးမြိုသွားနိုင်မယ့် အချက်တွေကို ဖော်ပြရေးသား ရခြင်းဟာ ဘာသာ၊ သာသနာကို လူတိုင်းသိစေချင်တဲ့ အတွက် မပြောပလောက်တဲ့ အသိလေးဖြင့် အသိပေးခြင်းပါ။ ဒါ့အပြင် လောက အလုပ်တွေ လုပ်နေရပေမယ့် ဓမ္မအလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ရင်း သံသရာ အတွက် ရိက္ခာထုပ် ပြင်ကြဖို့ နှိုးဆော်အပ်ပါတယ်။
အနှစ်ချုပ် ဆိုရရင်… ထေရ၀ါဒ မြန်မာလူမျိုးများ အနေနဲ့ သစ္စာတရားများ၊ စစ်မှန်သော တရားဓမ္မများကို နာယူကျင့်ကြံနိုင်ဖို့ အတွက် အရင်ဆုံး မိမိတို့ကိုယ်တိုင် ဘာသာရေးအသိ၊ လူမျိုးရေး အသိတွေပါ ရရှိစေချင်ပါတယ်။ ကိုယ်တိုင် ဘာသာခြားလူမျိုးတယောက်နဲ့ နေထိုင်ပြီးတော့ တကယ့်တရားစစ်ကို ကျင့်ကြံနိုင်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ လောကနည်းအရ ကြည့်ရင်လည်း ဘယ်လိုမှ လက်ခံမရသော လုပ်ဆောင်ချက်မျိုး ဖြစ်ပါလိမ့်မယ်။ ခဏတာ နေရတဲ့ အချိန်လေးမှာ မိမိရဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းနိုင်သော၊ ဗုဒ္ဓဘာသာဝင် မျိုးရိုးကိုပါ စောင့်ထိန်းနိုင်ကြ သော သူတော်ကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေနိုင်ကြပါစေ။


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”


6 comments:

Dream said...

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ တဲံ...ပြောတဲ့ စကားက အင်မတန် မှန်လိုက်တာနော်... အမျိုးဂုဏ်ကို ထိန်းသိမ်းဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်လေနော်... သာသနာကို ထိန်းသိမ်းဖို့ လူမျိုးတိုင်းမှာလည်း တာဝန်ရှိပါတယ်...
ဒါကြောင့် အမျိုးဂုဏ် ဇာတိဂုဏ် ကို ထိန်းသိမ်းရင်း သာသနာကို တည်တန့် ပြန့်ပွားအောင် လုသားတိုင်း လိုက်နာ ဆောင်ရွက် ရမှာလေနော်...

အင်မတန်ကောင်းတဲ့ပို့စ်လေးကို ဖတ်မှတ်သွားပါတယ်။...
ကျေးဇူးပါနော်...

Anonymous said...

ရေးထားတာတွေ ကောင်းပါတယ်။ ဆက်လက် ရေးသားပေးပါဦးလို့ တိုက်တွန်းအားပေးပါတယ်။ ကျွန်တော်သိထားတဲ့ link လေးတွေကို ရေးသွားပါတယ်။ လိုအပ်ရင် အသုံးပြုလို့ရအောင်လို့ပါ။

http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.mogok.co.uk (မိုးကုတ်ဝိပဿနာ ရိပ်သာ လန်ဒန်)

The Bliss Of Emancipation said...

“စောင့်လေမျိုးနွယ်” ဆိုတာလေးနဲ့ ပတ်သတ်ပြီး စဉ်းစားစရာကောင်းတာလေးတချို့ ကို ဝေမျှချင်ပါတယ်။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူက တိုင်းရင်းသားတစ်ယောက်ပါ။ ပညာတော်တဲ့ ပညာတတ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ ရဲ့ တအားပြင်းထန်တဲ့ ခံယူချက်ကတော့ သူဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အတိုင်း သူ့ တိုင်းရင်းသားအမျိုးသမီးကလွဲလို့ တခြား ဘယ်မိန်းကလေးကိုမှ ယူလို့ မရဘူး။ မယူသင့်ဘူး။ ယူရင် ကျင့်ဝတ်ပျက်တယ်လို့  ခံယူထားသူ တစ်ဦးဖြစ်ပါတယ်။ သူသဘောကျနှစ်ခြိုက်တဲ့ အမျိုးသမီးတွေ တွေ့ ပေမဲ့လို့  သူ့ တိုင်းရင်းသားမဟုတ်တဲ့အတွက် မကြိုးစားခဲ့ပါဘူး။ တချို့ ဆိုရင် အပြစ်ပြောစရာမရှိအောင် အစစအရာရာ စိတ်ပိုင်း၊ ရုပ်ပိုင်း ပြည့်စုံတဲ့ အမျိုးသမီးတွေဖြစ်ပေမဲ့လို့  သူ့ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နှင့် မျက်စိစုံမှိတ်ကြိတ်မှိတ်နေ နေခဲ့ပါတယ်။ အဲဒီ သူငယ်ချင်းရဲ့ စောင့်လေမျိုးနွယ် ကျင့်ဝတ် စောင့်ထိန်းမှုအပေါ် ဘယ်လို သုံးသပ်သင့်ပါသလဲ။

ကျွန်တော် ဆရာဦးအောင်သင်းရဲ့ ဟောပြောမှုတွေထဲက တစ်ခုကို သတိအမြဲတမ်းရမိပါတယ်။ သူပြောတာက အရင်ရန်ကုန်မှာ ကြံတောသုဿာန်ရှိခဲ့တုန်းက နူနေတဲ့သူတွေ အဲဒီမှာ စတည်းချနေထိုင်ပြီး တောင်းစားခဲ့ကြတယ်။ အဲဒီမှာနေရင်းဘဲ အနူအချင်းချင်းအိမ်ထောင်တွေကျကြတယ်။ ကလေးတွေမွေးကြတယ်။ မွေးလာတဲ့ကလေးတွေကလည်း နူတဲ့ရောဂါဆက်ဖြစ်တယ်။ ဆက်ပြီးတောင်းစားကြတယ်။ ဒီလိုနှင့် မျိုးဆက်သစ်ရဲ့  အခြေအနေအဆင့်အတန်းက တက်မလာဘဲ ကျသွားတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာ နောက်ပိုင်းမွေးလာတဲ့ကလေးတွေဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အပေါ် ဘယ်လိုကျင့်သုံးသင့်သလဲ။ အမျိုးအနွယ်ကိုစောင့်ရှောက်ထိန်းသိမ်းဖို့ အတွက် ဒီတောင်းစားတဲ့အလုပ်ကိုဘဲ ဆက်လုပ်ကြမလား။

ဒီလိုမျိုးဘဲ တခြား တံငါသည်တို့ ၊ ငါးစိမ်းသည်တို့ ၊ မုဆိုးတို့ ၊ ကြက်သတ်သမားတို့ ၊ အမဲသတ်သမားတို့ ၊ ဘိန်းကုန်သည်တို့ ၊ ပြည့်တန်ဆာတို့ ၊ိအရက်ဆိုင်ပိုင်ရှင်တို့ စသည်ဖြင့်ပေါ့လေ၊ ဒီလို လုပ်ငန်းမျိုးတွေလုပ်နေတဲ့ သူတွေရဲ့  သား၊ သမီးတွေဟာ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်အပေါ် ဘယ်လို ကျင့်သုံးကြမလဲ။

ဘာသာရေးဘက်ကနေ တခါစဉ်းစားကြည့်မယ်ဆိုပါတော့။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ အမည်ခံဗုဒ္ဓဘာသာဝင်တွေက လူများစုရှိပါတယ်။ သဒ္ဓါတရားအားနည်းတဲ့သူတွေ တော်တော်များများရှိကြပါတယ်။ ဘာသာတူအချင်းချင်းဆိုပြီး အိမ်ထောင်ပြုကြပါတယ်၊ အိမ်ထောင်ဘက်က ဘာသာရေးနှင့်ပတ်သက်ရင် ဘာမှမသိ၊ နားလည်းမလည်၊ မွေးလာတဲ့သားသမီးကိုလည်း ဘာသာရေးအခြေခံတွေကို သင်မပေးနိုင်၊ သင်ပေးရကောင်းမှန်းလည်းမသိ ဖြစ်ခဲ့မယ်ဆိုရင်လည်း စောင့်လေမျိုးနွယ် ဆိုတဲ့ ကျင့်ဝတ်က စဉ်းစားစရာကောင်းနေပါတယ်။

ဒါနဲ့ ဘဲ ကျွန်တော်လည်း ရင်းနှီးတဲ့ ဦးဇင်းလေးတစ်ပါးကို စောင့်လေမျိုးနွယ် ဆိုတာကို ဘယ်လိုကျင့်သုံးသင့်လဲလို့  မေးကြည့်မိဖူးပါတယ်။ သူ့ ပြန်ဖြေတာကတော့ သားသမီးအနေနှင့် မိမိရဲ့  အမျိုးအနွယ်ဟာ သဒ္ဓါတရားကောင်းတဲ့ အမျိုးအနွယ်ဖြစ်ခဲ့မယ်ဆိုရင် မိမိလက်ထက်မှာလည်း ဆထက်တပိုးတိုးလို့ ကောင်းအောင်ကြိုးစားရမယ်။ သီလတရားကောင်းတဲ့ အမျိုးအနွယ်ဖြစ်ခဲ့မယ်ဆိုရင် မိမိလက်ထက်မှာလည်း လျော့မသွားဖို့ ၊ ပညာ၊ ဥစ္စာ၊ ကျော်ကြားမှု၊ စသည် စသည်တို့ မှာလည်း ထိုနည်းလည်းကောင်း ကြိုးစားဖို့ ၊ တကယ်လို့  မိမိအမျိုးအနွယ်က ရှေးယခင်က ဒီလိုမျိုးနေရာတွေမှာ အားနည်းနေခဲ့ရင်တော့ မိမိလက်ထက်မှာ အားကောင်းလာအောင်ကြိုးစားဖို့  ဆိုလိုတယ်လို့  ရှင်းပြခဲ့ပါတယ်။

တကယ်ကတော့ သား၊ သမီးတွေဖြစ်တဲ့ ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင်အသိဥာဏ်ကို အသုံးချပြီး၊ ချင့်ချိန်ပြီးမှ ဒီ စောင့်လေမျိုးနွယ် ဆိုတဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းလိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုချင့်ချိန်နိုင်ဖို့ ဆိုတာကလည်း အသိဥာဏ်ရင့်ကျက်မှု အတော်လေးလိုအပ်လိမ့်မယ်လို့  ကျွန်တော့်အနေနဲ့ ယုံကြည်ယူဆမိပါတယ်ခင်ဗျား။

Anonymous said...

စောင့်လေမျိုးနွယ်ဆိုတာ မိဘလုပ်တဲ့အလုပ်အကိုင်ကို စောင့်ထိန်းတာထက်... ကိုယ့်အမျိုးအနွယ်ဂုဏ်မပျက်အောင်၊ ဘာသာသာသနာ မပပျောက်အောင် စောင့်ထိန်းပေးတာလို့ ထင်ပါတယ်....
ပုဂံပြည်ကြီးရဲ့ အမျိုးအနွယ်ကို ထိန်းသိမ်းပေးတဲ့အနေနဲ့ ရွှေအိမ်စည်က ပဋိက္ခရားကို ကြိုက်ရဲ့သားနဲ့ မယူဘဲ စောယွန်းနဲ့ လက်ထပ်ခဲ့တာလိုမျိုးပေါ့.....
နေ့အိပ်မက်တော့ စောင့်လေမျိုးနွယ်ကို အပြည့်အ၀ထောက်ခံပါတယ်.....
အဲဒီကျင့်ဝတ်ကို မထိန်းရင် နောက်နှစ်ရာနဲ့ချီပြီးကြာတဲ့အခါ မြန်မာလူမျိုးတွေ ပျောက်ကုန်မှာပေါ့နော်....
ဒါမျိုးတွေ ရေးပေး ဖြေပေးနေတဲ့ ကိုအောင်ဦးကို နေ့အိပ်မက်က တကယ်ပဲ ကျေးဇူးတင်ပါတယ်ရှင်.....

Unknown said...

ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ...ဘုရားတွေပေါ်မှာ ဥပမာ ရွှေတိဂုံတို့ပေါ်မှာပေါ့...ဘုရားကို ရေချမ်းကပ်ဖို့အတွက် လူတွေက စိတ်အမျိုးမျိုးနဲ့ ဆုတောင်းပြီးတော့ ဘုရားကို ရေခွက်လေးတွေနဲ့လောင်းပြီးတော့ ရေသပ်ပယ်ကြပါတယ်..ဘုရားကို ဒီလို ရေအေးနဲ့ လောင်းရတဲ့အတွက် ဘ၀အေးချမ်းတယ်လို့ လူတွေအများစုက ယူဆကြတယ်...ဒါကို ဘုန်းကြီးတစ်ပါးက ဒီလိုသာ အေးချမ်းမယ်ဆိုရင် ဘုရားဆင်းတုတော်တွေကို ဘုန်းကြီးကျောင်းမှာ နေ့တိုင်း ရေစိမ်ပေးပါတယ်တဲ့...ဒီလိုဆိုရင် ဘာအတွက် ဘုရားတွေပေါ်မှာ ရေချမ်းကပ်လှူဖို့အတွက် ရေစဉ်လေးတွေထားရပါသလဲဆိုတာ သိစေချင်လို့ပါ...တစ်ခါတစ်လေမှာ ဘုန်းကြီးတွေက တစ်ပါးနဲတစ်ပါးဟာ အမြင်မတူတာလေးတွေ အယူဆလေးတွေက ကွဲနေတယ်ဗျ...ဒီလိုအယူဆလေးတွေကွဲနေရင် ကျန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ဘယ်ဟာက အမှန်ဆိုတာကို ရွေးချယ်ရမလဲမသိဘူးဖြစ်နေတယ်...ဒါကြောင့် ဗုဒ္ဒဘာသာ လူမျိုးတွေအတွက် တစ်မျိုးတည်းသော အယူအဆနဲ့ မှန်ကန်တဲ့အယူဆမျိုးရှိသင့်တယ်လို့ထင်ပါတယ်..နောက်ပြီးတော့ ဘုန်းဘုန်းတွေက ဘာလို့အဲဒီလို အနည်းငယ်သော အယူဆလေးတွေကွဲလွဲနေတာလေးတွေကိုလည်း သိခြင်ပါတယ်ခင်ဗျာ

ko ko maung said...

ကိုအောင်ဦးရေ...
ကျွန်တော်လည်း ကြိုက်လွန်းလို့ ကျွန်တော့်ဘလော့အတွက် ကူးပြီးယူသွားပါတယ်ခင်ဗျာ...ဂုဏ်ယူပါတယ်ဗျာ...
ဒီလို post လေးတွေကို...လေးလည်းလေးစားတယ်ဗျာ...စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်တဲ့ဗျာ...တန်ဖိုးထားပြီး ကိုလိုက်နာကျင့် သုံးပါ့မယ်ဗျာ...