ဂုဏ်တော်ပွားများကြတဲ့အခါ ဂုဏ်တော်တွေကို အာရုံပြုရာမှာ ဘယ်လို အာရုံပြုရမယ်ဆိုတာကို ကျေးဇူးပြုပြီး ပြောကြားပေးစေလိုပါတယ်။ ဥပမာ… အနုတ္တရောပုရိသ ဓမ္မသာရထိ ဆိုတဲ့ နံပါတ်(၆)ဂုဏ်တော်ကို အာရုံပြု လိုက်ရင် အောင်ခြင်းရှစ်ပါး သရုပ်ဖေါ်ပုံတော်တွေကိုဘဲ စိတ်ထဲမှာမြင်ယောင်နေမိတာကို အာရုံပြု မှန်တယ် ဆိုနိုင်မလားဗျာ။ ဂုဏ်တော်ပွားများတယ်ဆိုရာမှာ အများအားဖြင့် ဗုဒွါနုဿတိဂုဏ်တော်ဘဲပွားများကြတာမို့ ဘုရားဂုဏ်တော်၉ပါးကို ညွှန်းဆိုချင်တာပါ။ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး ဆောင်းပါးတပုဒ်အနေနဲ့ တင်ပြပေးစေလို ပါတယ်။
ဦးစိုးသိန်း
စာဖတ်သူ ဦးစိုးသိန်းမှ အထက်ဖော်ပြပါအတိုင်း ရေးသားခဲ့တဲ့ အတွက်ကြောင့် ယခုပိုစ့်ကို ရေးသား လိုက်ရပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း တရားကို အားထုတ်ကြရမှာ ဒါန၊ သီလ၊ ဘာဝနာ စသဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး ကျင့်ကြံကြရပါတယ်။ ဘာဝနာဆိုရာမှာ သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာလို့ နှစ်မျိုးရှိပါတယ်။ ၀ိပဿနာ ဘာဝနာက နိဗ္ဗာန်ကို တိုက်ရိုက်မြင်နိုင်တဲ့ မဂ်ဥာဏ်ရဲ့ အနီးကပ်ဆုံး ဘာဝနာပါ။ သမထဘာဝနာ အားလုံး (ကမ္မဋ္ဌာန်း ၄၀) ထဲမှာတော့ ဗုဒ္ဓါနုဿတိ ဘာဝနာဟာ အဆင့်မြင့်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓါနုဿတိရဲ့ အာရုံက ဘုရားအာရုံ ဖြစ်ပြီး ဘုရားအာရုံဟာ တစ်လောကလုံးမှာ ရှိရှိသမျှ လောကီအာရုံတွေထဲမှာ အမြတ်ဆုံးအာရုံ ဖြစ်နေလို့ပါပဲ။ အမြတ်ဆုံးအာရုံကို သတိရနေသူရဲ့ စိတ်ထဲမှာ အမြတ်ဆုံးဓါတ်တွေ ကူးစက်ပြီး အမြတ်ဆုံး ကုသိုလ်တွေ ရရှိနိုင်တာမို့ အမြတ်ဆုံးအာရုံကို အောက်မေ့ ဆင်ခြင်ရတဲ့ ဗုဒ္ဓါနုဿတိဟာ အမြတ်ဆုံး ဘာဝနာဖြစ်ရပါတယ်။
“ဘာဝနာ” ဆိုတဲ့ ပါဠိစကားလုံးက “ဖြစ်စေခြင်း၊ တိုးပွားစေခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ကောင်း စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊ ဓါတ်ကောင်းဓါတ်မြတ်တွေ တိုးပွားလာအောင် ပြုလုပ်အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။ ဘာဝနာကို ထိထိမိမိပွားသူတိုင်းရဲ့ ကိုယ်နှုတ်စိတ် အမူအရာ သုံးမျိုးလုံးမှာ ကောင်းမြတ်တဲ့ ဓါတ်သဘောတွေ ပေါ်လွင်ထင်ရှားနေပါတယ်။ ဘာဝနာပွားနေပါလျက် ကိုယ်နှုတ်စိတ် အမူအရာ ဆိုးယုတ်နေတယ်ဆိုရင်တော့ ဘာဝနာကို နှလုံးသားထဲ အထိ ရောက်အောင် မပွားဘဲ အပေါ်ယံ သာမန် ပွားနေလို့၊ ဒါမှ မဟုတ် လူအထင်ကြီးခံရရုံပွားနေလို့၊ ဒါမှမဟုတ် နည်းမှန်လမ်းမှန် မပွားဘဲ နည်းမှားလမ်းမှား ပွားနေလို့ ဖြစ်ပါလိမ့်မယ်။
ဗုဒ္ဓ ဆိုတာ ဘုရားဂုဏ်တော်၊ အနု ဆိုတာ ထပ်တလဲလဲ၊ သတိ ဆိုတာ အမှတ်ရတာ၊ ဗုဒ္ဓါနုဿတိ ဆိုတော့ ဘုရားဂုဏ်တော်ကို ထပ်တလဲလဲ အမှတ်ရတာပေါ့။ ဘုရားဂုဏ်တော်ဆိုတာ ဘုရားရှင်ရဲ့ အရည်အချင်း၊ အစွမ်းသတ္တိပါပဲ။ ဘုရားရဲ့ အရည်အချင်း၊ ဘုရားရဲ့ အစွမ်းသတ္တိတွေကို ထပ်တလဲလဲ အမှတ်ရနေတာ၊ ထပ်တလဲလဲ နှလုံးသွင်း ဆင်ခြင် နေတာကိုပဲ ဂုဏ်တော်ပွားတယ်၊ ဗုဒ္ဓါနုဿတိပွားတယ်လို့ ခေါ်ပါတယ်။
ဘုရားဂုဏ်တော်ပွားခြင်းရဲ့ အနှစ်သာရက အန္တရယ်ကင်းဖို့၊ လာဘ်ရွှင်ဖို့ မဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲက ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်တွေကို ဂုဏ်တော်သဘာဝနဲ့အညီ အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖို့ အတွက်ပါ။ ဂုဏ်တော်ဟာ ဘ၀ရဲ့စည်းကမ်း၊ လမ်းညွှန်ချက်လို့ ဆိုနိုင်ပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေက မရေမတွက်နိုင်အောင်ရှိပါတယ်။ ဂုဏ်တော်အားလုံးရဲ့ အနှစ်ချုပ်ကတော့ ဂုဏ်တော်ကိုးပါးပေါ့။ ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး ဂုဏ်တော်ပွားကြလို့ ဂုဏ်တော်ကိုးပါးရဲ့ လိုရင်း အဓိပ္ပါယ်ကို အကျဉ်းချုပ် ပြောပြပါရစေ။
အရဟံဂုဏ်တော်
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
- စိတ်ကို ပူလောင်စေတတ်တဲ့ သဘောတွေ၊ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါ တယ်။
လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယ အစရှိတဲ့ ဓါတ်ဆိုးဓါတ်ယုတ် ဓါတ်ပုပ် ဓါတ်ညံ့တွေဟာ ကိလေသာတွေပါ။
မြတ်စွာ ဘုရားရှင်မှာ အဲ့ဒိ ကိလေသာ အညစ်အကြေးတွေ လုံးဝမရှိ၊ ကင်းစင်တော်မူတယ် ဆိုတာကို ထပ်တလဲလဲ အာရုံပြုနေရင် ကိုယ့်စိတ်လည်း အပူတွေ ကင်းရှင်းပြီး စိတ်အေးသန့်ရှင်းကာ ငြိမ်းချမ်းမှု ရစေနိုင်ပါတယ်။
အရဟံ ဆိတ်ကွယ်ရာအရပ်ပင် ဖြစ်သော်လည်း မကောင်းမှု တရားတို့ကို ပြုတော်မူ၊ ပြောတော်မမူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသော မြတ်စွာဘုရား။
- မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာ ကိလေသာရှိလို့ပြုတာပါ။ ကိလေသာမှန်သမျှ လုံးဝ မရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကိုမပြု၊ မပြော၊ မကြံစည်တော့ပါဘူး။ ဒီဂုဏ်ကို အမြဲသတိရနေတဲ့ သူဟာ မကောင်းမှုပြုမယ်ကြံတိုင်း အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများ ကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်။
အရဟံ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
- ထိုကဲ့သို့ ကိလေသာတွေ ကင်းစင်တော်မှု၍ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ မြတ်စွာဘုရားရှင်ဟာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးရဲ့ ပူဇော်ခြင်းအထူးကို ခံယူထိုက်ခြင်းဖြစ်ပါတယ်။ စိတ်ဓါတ်စင်ကြယ်တာ၊ အသိဥာဏ်တွေကြီးကျယ်တာ၊ အများအကျိုး သယ်ပိုးတာတွေဟာ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေပဲပေါ့။
ဒီဂုဏ်ကို ပွားရင်း ကိုယ့်ကိုယ်ကို ပူဇော်ထိုက်တဲ့သူ၊ ကူညီထိုက်တဲ့သူ၊ ချီးမြှောက်ထိုက်တဲ့သူ၊ အများအကျိုး သယ်ပိုးတတ်သူဖြစ်အောင် ကြိုးစားဖြည့်ဆည့်နေလျှင် သူတကာ ပူဇော်ထိုက်တဲ့ အရည်အချင်းကောင်းတွေ ရနေမှာ ဖြစ်ပါတယ်။
သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်
သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဥာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော်မူထိုက်ပါပေသော မြတ်စွာဘုရား။
အများက သတ်မှတ်ထားတဲ့ ပညတ်အရှိ သိစရာတွေ မှန်သမျှကိုရော၊ သဘာဝအတိုင်း အမြဲမှန်နေတဲ့ ပရမတ်အရှိ သိစရာတွေကိုရော၊ သိစရာ တရားအားလုံးကို မြတ်စွာဘုရား သိတော်မူပါတယ်။ မှားမှားယွင်းယွင်း သိတာမဟုတ်ပါဘူး။ အမှန်အတိုင်းကို ထိုးထွင်းသိတာပါ။ ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့ သိတော်မူတာပါ။
ဒီဂုဏ်တော်ကို အမြဲပွားရင် ဥာဏ်ဓါတ်တွေ ကူးပြီး ဥာဏ်ကောင်းလာပါလိမ့်မယ်။ သိစရာမှန်သမျှ အမှန်အတိုင်း သိအောင်၊ ကိုယ်ပိုင်ဥာဏ်နဲ့ သိအောင် လေ့လာချင်တဲ့ စိတ်လည်း ထက်သန်လာပါလိမ့်မယ်။
ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာ - အသိဥာဏ်ရော၊ စရဏ - အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ သိသာသိပြီး မကျင့်တဲ့သူ၊ ကျင့်သာကျင့်ပြီး မသိတဲ့သူ မဟုတ်ပါဘူး။ သိလည်းသိ၊ ကျင့်လည်းကျင့်တဲ့သူပါ။ အသိရော အကျင့်ပါ စုံလင်တော်မူပါတယ်။ ဒီဂုဏ်တော်ကိုပွားပြီး လိုက်နာတဲ့သူဟာ အသိအကျင့် ဘက်စုံမြင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။
သုဂတော ဂုဏ်တော်
ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား) ကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ မှန်လည်းမမှန်၊ အကျိုးလည်း မရှိတဲ့ စကားမျိုး လုံးဝ မပြောပါဘူး။ မှန်ပေမယ့် အကျိုး မရှိရင်လည်း လုံးဝ မပြောပါဘူး။ မှန်လည်းမှန်၊ အကျိုးလည်း ရှိတဲ့ စကားမျိုးကိုသာ .. အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောတော်မူခြင်းဟာ မြတ်စွာဘုရားရဲ့ သုဂတော ဂုဏ်တော်မြတ် ဖြစ်ပါတယ်။
လောကဝိဒူ ဂုဏ်တော်
လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
သက်ရှိ သတ္တဝါဆိုတဲ့ သတ္တလောက၊ သက်မဲ့ ဘုံဌာန ဆိုတဲ့ သြကာသလောက၊ ရုပ်နာမ် ပရမတ် ဆိုတဲ့ သင်္ခါရလောက၊ လောက သုံးပါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို မြတ်စွာဘုရား နှံ့နှံ့ စပ်စပ် အသေးစိပ် သိမြင်တော်မူတယ်။ ဒီဂုဏ်တော်ကို ပွားရင် လောကအကြောင်းကို ကောင်းကောင်းသိလာမှာပေါ့။
အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ်တော်
ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ အဆုံးအမ ခံယူမယ့် ပုဂ္ဂိုလ်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိဖြစ်အောင် အတိအကျ ဆုံးမတော်မူတတ်ပါတယ်။ မကောင်းမှု ကင်းရုံပဲ ဆုံးမသင့်တဲ့သူကို မကောင်းမှုကင်းရုံပဲ ဆုံးမပြီး ကောင်းမှု တိုးရုံပဲ ဆုံးမသင့်တဲ့သူကို ကောင်းမှုတိုးရုံပဲ ဆုံးမပါတယ်။ တရားထူးရတဲ့ အထိ ဆုံးမသင့်တဲ့ သူကိုသာ တရားထူးရတဲ့အထိ ဆုံးမတော်မူတာပါ။ လူတကာကို တရားထူး မရရအောင် အတင်းအဓမ္မဆုံးမနေတာ မဟုတ်ပါဘူး။ စရိုက်လက္ခဏာနဲ့ အညီ တရားကိုလည်း ပေးတတ်ပါတယ်။ ဒီဂုဏ်တော်ကို ပွားရင် သူ့နေရာ၊ သူ့အဆင့်နဲ့ နေရာခွင်ကျ ပြောဆိုတတ်ပါလိမ့်မယ်။
ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ မဟာကရုဏာတော်နဲ့ မိမိကိုရန်မူလာသူ၊ စွပ်စွဲလာသူ၊ အတိုက်ခံပြုသူတို့ကို အသိအမြင်မှန်ရအောင်ဆုံးမ နိုင်ခဲ့တဲ့အတွက်ကြောင့် ဒီဂုဏ်တော်ကို အာရုံပြုတဲ့ အချိန်မှာ အောင်ခြင်း ရှစ်ပါးပုံ တွေက မြင်ယောင်နေတာသည် အမြင်မှန်၊ အသိမှန်ပါ။ ဒီလိုပုံရိပ်တွေ ဖော်ပြီး မိမိကိုယ်တိုင် ဘုရားရှင်ရဲ့ ဂုဏ်တော်ကို မိမိနှလုံးသားမှာ အမြဲကိန်းလာအာင် ထပ်ဖန်တလဲလဲ ပွားယူနေရမှာပါ။
သတ္တာဒေဝမနုဿနံ ဂုဏ်တော်
နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
နတ်လူသတ္တဝါတို့ကို ကောင်းရာကောင်းကြောင်းနည်းလမ်းကောင်းတွေ ညွှန်ကြားပြသတဲ့ အတွက် မြတ်စွာဘုရားရှင်ဟာ နတ်လူသတ္တဝါအားလုံးရဲ့ အားအကိုးထိုက်ဆုံး ဆရာတစ်ဆူ ဖြစ်တော်မူပါတယ်။
ဒီဂုဏ်ရဲ့ အစွမ်း သတ္တိကြောင့် အများအကျိုးကို ရှေ့တန်းကနေ ဦးဆောင်သယ်ပိုးနိုင်တဲ့ သူဖြစ်လာပါလိမ့်မယ်။
ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးနှင့် အလုံးစုံသော တရားတွေကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
ဆင်းရဲအမှန်ဆိုတဲ့ ဒုက္ခသစ္စာ၊
ဆင်းရဲကြောင်းအမှန်ဆိုတဲ့ သမုဒယသစ္စာ၊
ဆင်းရဲချုပ်ရာအမှန်ဆိုတဲ့ နိရောဓသစ္စာ၊
ဆင်းရဲချုပ်ရာ ရောက်ကြောင်း လမ်းမှန်ဆိုတဲ့ မဂ္ဂသစ္စာ၊
သစ္စာလေးပါးကို မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်သိရုံမက သူတစ်ပါးကိုလည်း သိအောင် ဟောစွမ်းနိုင်ပါတယ်။
ဒီဂုဏ်တော်ကို ပွားများရင်း အမှန်တရားကို သိပြီး အမှန်တရားကို ဖြန့်ဝေတတ်လာတဲ့ သူတစ်ဦးဖြစ်လာပါလိမ့်မယ်။
ဘဂ၀ါဂုဏ်တော်
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
မိမိစိတ်ကိုရော တလောကလုံးကိုပါ အစိုးရတဲ့ ဣဿရိယ ဘုန်းတော်၊ မဂ်ဖိုလ်နိဗ္ဗာန် တရားနဲ့ ပြည့်စုံတဲ့ ဓမ္မဘုန်းတော်၊ များပြားသော အခြံအရံ၊ ပျံ့နှံ့သော အကျော် အစောနဲ့ ပြည့်စုံတဲ့ ယသဘုန်းတော်၊ အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံသော သိရီဘုန်းတော်၊ လိုအင်ဆန္ဒ တောင့်တမှု မှန်သမျှ ခဏချက်ချင်း ပြည့်ဝတဲ့ ကာမဘုန်းတော်၊ အတုမရှိသော လုံ့လ၀ိရိယနဲ့ ပြည့်စုံတဲ့ ပယတ္တဘုန်းတော်၊ စတဲ့ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူပါတယ်။
ဂုဏ်တော်ပွားသူရဲ့ စိတ်ဟာ အမြဲ ကြည်လင်အေးချမ်းနေတာကြောင့် သတိပဋ္ဌာန်နည်းလမ်းနဲ့ အညီ ၀ိပဿနာ ဆက်ရှုသွားမယ်ဆိုရင်လည်း တရားထူး တရာမြတ် ရရှိနိုင်ပါတယ်။
တခါတုန်းက သီဟိုဠ်ကျွန်း (သိရိလင်္ကာနိုင်ငံ)မှာ ဘုရားဂုဏ်တော်ကို စွဲစွဲမြဲမြဲပွားများတဲ့ ဖုဿဒေ၀ ဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးတယ်။ မထေရ်မြတ်အတွက် စေတီရင်ပြင်မှာ တံမြက်လှည်းပြီးတဲ့ အချိန်ဟာ ဂုဏ်တော် ပွားလို့ အကောင်းဆုံးပါပဲ။ တံမြက်စည်းလှည်းလိုက်လို့ အမှိုက်သရိုက်၊ အညစ်အကြေး ပြောင်စင်သွားတဲ့ စေတီရင်ပြင်ကို တစိမ့်စိမ့်ပြန်ကြည့်ရင်း …
အမှိုက်သရိုက် အညစ်အကြေး ကင်းရှင်းသွားတဲ့ စေတီရင်ပြင်ဟာ သန့်ရှင်းကြင်လင်နေသလို မြတ်စွာဘုရားရှင် ရဲ့ ကိလေသာ အမှိုက်သရိုက်၊ ကိလေသာ အညစ်အကြေး ကင်းရှင်းတဲ့ စိတ်အစဉ်ဟာလည်း သန့်စင်ကြည် လင်နေမှာပါပဲ။
အရဟံ- ကိလေသာ အရှုပ်ကင်း၍ စိတ်ရှင်းတော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အညစ်တန့်၍ စိတ်သန့်တော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အပူဝေး၍ စိတ်အေးတော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အနောက်မသီ၍ စိတ်ကြည်တော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာကင်း စိတ်သန့်ရှင်းတဲ့အတွက် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား၊
စေတီရင်ပြင်မှာ တံမြက်စည်း လှည်းပြီးတိုင်း ဘုရားဂုဏ်တော် ပွားများနေတဲ့ ဖုဿဒေ၀ မထေရ်မြတ်ကို မာရ်နတ်က သုံးကြိမ်တိုင်တိုင် လာရောက်နှောက်ယှက်ပါတယ်။ ပထမနေ့မှာ မျောက်ညိုအသွင် ဖန်ဆင်းပြီး စေတီရင်ပြင်မှာ နွားချေးတွေ ကြဲချတယ်။ ဒုတိယနေ့မှာ နွားအိုအသွင်ဖန်ဆင်းပြီး စေတီရင်ပြင်မှာ နွားချေးစိုတွေ စွန့်ချ။ တတိယနေ့မှာ အရုပ်ဆိုးပြီး ခြေဆွံနေတဲ့ လူသားအသွင် ဖန်ဆင်းပြီး စေတီရင်ပြင်မှာ အစင်းအကြောင်းထင်အောင် တရွတ်တိုက် ဆွဲသွားနဲ့ မထေရ်မြတ်ကို ဂုဏ်တော်အာရုံပျက်အောင် တနေ့တမျိုး အနှောက်ယှက်ပေးပါတယ်။ ဒီပတ်ဝန်းကျင်မှာ ဒီလောက် ရုပ်ဆိုးတဲ့သူ မရှိမှန်း သတိထားမိသွားတဲ့ ဖုဿဒေ၀ မထေရ်မြတ်က .. မာရ်နတ်ဖြစ်ကြောင်းသိ၍ ဘုရားရှင် အသွင် ဖန်ဆင်းပြခိုင်းပါတယ်။ မာရ်နတ်ဖန်ဆင်း ပြတဲ့ ဘုရားရှင် ပုံတော်ကို ဖူးမျှော်ရင်း မထေရ်မြတ်ရဲ့ စိတ်အစဉ်မှာ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿတွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။ ပုံတော်အတွင်း ဂုဏ်တော်သွင်းပြီး ဗုဒ္ဓါနုဿတိဘာဝနာ ပွားများလိုက်လို့ ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿ၊ တည်ကြည်အေးချမ်းမှု သမာဓိ ပဿဒ္ဓိနှင့် တကွ ထင်ရှားရာ ရုပ်တရား နာမ်တရားတွေကို သတိပဋ္ဌာန်နည်းအတိုင် ၀ိပဿနာ ဆက်ရှုတဲ့အတွက် ဖုဿဒေ၀မ ထေရ်မြတ် မတ်တပ်ရပ်လျက်နဲ့ ရဟန္တာဖြစ်သွားပါတယ်။
ပုံတော်ကို ကြည်ညိုတာဟာ သဒ္ဓါအလုပ်ဖြစ်ပြီး ဂုဏ်တော်ကိုကြည်ညိုတာက ပညာရဲ့အလုပ်ဖြစ်ပါတယ်။ ပုံတော်ရော၊ ဂုဏ်တော်ရော နှစ်မျိုးလုံးကြည်ညိုတတ်မှ သဒ္ဓါနဲ့ပညာ ညီမျှပြည့်စုံတဲ့ အတွက် အဆင့်အတန်း မြင့်ပါတယ်။
ဗုဒ္ဓနုဿတိပွားတယ်ဆိုတာ အထက်က ရေးခဲ့သလို ဘုရားရဲ့ အရည်အချင်း၊ ဘုရားရဲ့ အစွမ်းသတ္တိတွေကို ထပ်တလဲလဲ အမှတ်ရနေတာ၊ ထပ်တလဲလဲ နှလုံးသွင်းဆင်ခြင် နေတာကိုပဲ ဂုဏ်တော်ပွားတယ်၊ ဗုဒ္ဓါနုဿတိပွားတယ်လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဘုရားဖြစ်မှ ဂုဏ်တော်တွေရှိလို့ ကြည်ညိုကိုးကွယ် အတုယူစရာ ကောင်းတာမဟုတ်ပါဘူး။ ဘုရားမဖြစ်ခင် ကတည်းက ဘုရားရှင်ဟာ ကြည်ညိုစရာ ကောင်းနေပါပြီ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလလုံး ပါရမီ ဖြည့်ခဲ့ရတာတွေကို ပြန်လည်စဉ်းစားပြီး မိမိတို့ ရင်ထဲမှာ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားဖြစ်နေတာလည်း ဗုဒ္ဓါနုဿတိ ဘာဝနာပါပဲ။
နောက်ဆုံး ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဘ၀မှာ ပါရမီတွေဖြည့်ကျင့်ဖို့ တောထွက်တော်မူခဲ့တဲ့ အချိန်ကို စဉ်းစားကြည့်ပါ။ နောက်ထပ် ၇ ရက် ပြည့်ရင် စင်္ကြာရတနာ ဆိုက်ရောက်မယ်ဆိုတာလည်း သိတယ်။ သားတော်ရာဟုလာ မွေးတဲ့နေ့ လည်းဖြစ်တဲ့ ညသန်းခေါင်ယံ အချိန်မှာ တောထွက်ခဲ့တာပါ။ တောထွက်ဖို့ အလာမှာ ယသောဓရာ အိပ်နေတဲ့ အခန်းက ကြာချည် (အခန်းစီး)ကို အသာလေး ဖယ်ပြီးတော့ အဝေးက ကြည့်ရုံသာ ကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ယသောဓရာနဲ့ အတူ သားတော်လေးလည်း ရှိနေပြီပဲ။ နောက်ဆုံး အနေနဲ့ သားတော်မျက်နှာကိုတောင် အနီးကပ် မကြည့်ခဲ့ပါဘူး။ ဘာလို့ ဒီလိုမလုပ်လဲ ဆိုရင် အနားနား တိုးပြီး တော့ သားတော်လေးကို ကြည့်တဲ့ အချိန်မှာ ယသောဓရာနိုးသွားရင် တောထွက်မယ့် အရေးအတွက် အနှောက်ယှက် ဖြစ်သွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး အခန်းစီးလေးကိုဖယ်ကာ အဝေးက ကြည့်ပြီး သားနဲ့ဇနီးကို စွန့်လွတ်လို့ သစ္စာလေးပါး မြတ်တရားကို သတ္တ၀ါတွေ ကောင်းကျိုး အတွက် ရှာဖွေအား ထုတ်ဖို့ တောထွက်တော်မူခဲ့ပါတယ်။
ဒီလို အချက်လေးတွေ စဉ်းစားတွေးတောပြီး ဘုရားရှင်ကို ကြည်ညိုနေတာသည်လည်း ဗုဒ္ဓါနုဿတိ ဘာဝနာပါပဲ။ စဉ်းစားရင် မိမိကိုယ်တိုင်လည်း ပြန်မေးသင့်ပါတယ်။ ငါဆိုရင်ရော ဘုရားရှင်လို စွန့်လွတ်နိုင်ပါ့ မလားဆိုတဲ့ အတွေးလေးတွေပေါ့။
တလောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတော်၊ ဂုဏ်တော်တွေကို ပွားများရတဲ့ ဗုဒ္ဓါနုဿတိ ဘာဝနာကို အချိန်တိုင်း၊ နေရာတိုင်း အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။
စာဖတ်သူအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေ…
ကျမ်းကိုး။ ။ပိုင်းလော့ဆရာတော်ကြီး ဟောကြားဆုံးမသော တရားတော်များ။
အနှိုင်းမဲ့ ဘာဝနာ (အရှင်ဆန္ဒာဓိက)။
အမ္ဗပါလီ
စာဖတ်သူ တဦးမှ အမ္ဗပါလီအကြောင်း ရေးပေးဖို့ တောင်းဆိုတဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ အန်တီ စီစီချိုသန်း ရေးသား ပို့ပေးထားသော အမ္ဗပါလီ အကြောင်းကို တင်ပြလိုက်ပါတယ်။
သမိုင်းအစဉ်မှာ၊ နှိုင်းမယှဉ်အောင်၊ လှရက်ပါတ့၊ဲ ဝေသာလီရဲ့ အလှဧကရီ...အမ္ဗပါလီရေ....။ သင့်ရဲ့ဘ၀ ဖြစ်စဉ်ကို ကြားသိရတဲ့ အခိုက် ၀ိပဿနာ အသာထားပြီး၊ ကျွန်မရင်ထဲမှာ တကယ်ကို ခံစားလိုက် ရပါတယ်။ ခံစားမှုတွေကို သေချာဆန်းစစ်လိုက်တော့ အားကျမှုတွေ၊ သံဝေဂတွေ၊ ကိုယ်ချင်းစာ တရားတွေ အားလုံးပါဝင်နေပါတယ်။ ဒီခံစားမှုတွေကို သင့်ကိုပဲတိုင်တည်ပြီး ကျွန်မ ပြောပါရစေ..။
ဘုရားရှင်လက်ထက်က ရှိခဲ့တဲ့ ဝေသာလီပြည်ကြီးဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပါတယ်။ ပြည်သူ့လွှတ်တော် ကြီးကို နှစ်စဉ် ကျင်းပလို့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အားလုံးကို (၇၇၇၇) ယောက်သော ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနိုင်း တိုင်ပင်ကာ ဆုံးဖြတ်ကြတာပါ။ ဒီလွှတ်တော်မှာ ဝေသာလီ ဂဏသန္တာ ရဲ့အကြီးအကဲ မဟာနာမ်မင်းကြီး၊ သားတော် ဖြစ်တဲ့ အာနန္ဒ မင်းသား၊ အဘယရာဇာ ဆိုတဲ့ စစ်သေနာပတိ ချုပ်ကြီး၊ သူရဲကောင်း စစ်သည်များနဲ့ ဝေဒပညာရှင်များ ပါဝင်ကြပါတယ်။ အမ္ဗပါလီရေ... သင်ကတော့ မဟာနာမ် မင်းကြီးရဲ့ ချစ်မ၀တဲ့ သမီးအလှတစ်ပါးပါ။ အာနန္ဒ မင်းသားရဲ့ညီမတော်ပေါ့။ တကယ်တော့ သင်ဟာ မဟာနာမ် မင်းကြီးရဲ့ သမီးရင်းတစ်ယောက် မဟုတ်ခဲ့ဘူးနော်။ မဟာနာမ်မင်းကြီးနဲ့ မိသားစုတို့ခရီးတစ်ခု သွားရာမှာ တစ်နေရာအရောက် သရက်ပင်အောက် ကလေးငိုသံကြားလို့ မြင်းထိန်းကို သွားကြည့် ခိုင်းပါတယ်။ ဇနီးသည် မီးဖွါးရင်း ဆုံးတာ မကြာသေးတဲ့ မင်းကြီးက အဲဒီ ကလေးကိုမွေးစားချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အာနန္ဒ ဆိုတဲ့ သားတော်တစ်ပါး ရှိပြီး ဖြစ်လို့ ယောကျာင်္းလေး ဖြစ်နေရင် ထီးနန်းလုကြမှာ ကိုစိုးရိမ်ပါ တယ်။ ဒါကြောင့် ယောကျာင်္းလေး ဆိုရင်တော့ မယူဘူး၊ မိန်းကလေး ဖြစ်ရင်တော့ ယူခဲ့လို့ မြင်းထိန်းကိုမှာပါ တယ်။ ဒီလိုနဲ့ သင်ဟာ မဟာနာမ်မင်းကြီးရဲ့ သမီးအဖြစ်ကို ရောက်ခဲ့တာပါ။ မဟာနာမ် မင်းကြီး နဲ့ အာနန္ဒ မင်းသားဟာ သင့်ကို သမီးရင်းနဲ့ မခြား၊ ညီမရင်းနဲ့မခြား ချစ်ခဲ့ကြတာပါ။
ဝေသာလီဟာ ဘေးကအိမ်နီးချင်း နိုင်ငံတွေရဲ့ ကျုးကျော်ရန်စ မှုတွေကြောင့်စစ်အမြဲ တိုက်နေရတဲ့ နိုင်ငံပါ။ အထူးသဖြင့် အနောက်ဖက်က ရာဇဂြိုလ်နဲ့ဆို လူကျုးရင်လူသတ်၊ ခွေးကျုးရင် ခွေးသတ်၊ အမှိုက်လွှင့်သွား ရင်တောင် မီးရှို့ပစ်ပါတယ်။ ရန်ဖက် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီမှာ လူတိုင်းစစ်မှုထမ်းရပါတယ်။ စစ်ရေး အမြဲလေ့ကျင့် နေရပါတယ်။ ဝေသာလီ ပြည်သူတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်ပါတယ်။ အမိန့်ကို လည်း နာခံကျင့်သုံးကြပါတယ်။ ဒါကြောင့် ဝေသာလီကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲ...ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒီစည်းလုံးညီညွတ်မှုတွေ၊ အမိန့် ကိုနာခံတတ်မှုတွေကို ပျက်ပြားမည့် အကြောင်း ဖန်လာပါတယ်။ ဖန်တီးသူကတော့ သင်ပါပဲ.. အမ္ဗပါလီ ရေ။
သင့်ကို ငယ်စဉ်ကစပီး သင့်ဖခင် မင်းကြီးက အဝေးမှာထားပြီး ယောကျာင်္းတွေ တတ်အပ်တဲ့ ဆင်စီး၊ မြင်းစီး၊ ရထားမောင်း၊ မြှားပစ်၊ လှံပစ်၊ ဓါးခုတ်စတဲ့ ပညာရပ်တွေကို သင်ယူစေခဲ့တယ်။ ဒါကြောင့် သင့်ကို သိသူ၊ မြင်ဖူးသူ သိပ်မရှိခဲ့ဘူးနော်၊ အသက် ၁၃ နှစ်အရွယ်မှာ သင်ဟာ ဒီပညာရပ်တွေကို ကျွမ်းကျင်လို့ စံအိမ်ကိုပြန် ရောက်ခဲ့ပြီ၊ ပညာတွေနဲ့ အတူ အလှသွေးတွေလဲ ကြွေစ ပြုခြဲ့ပီ။ ဝေသာလီ မြို့ထဲကို သင်မြင်းရထား ၀င်မောင်းရင် မြန်လွန်းလို့ လူတွေက သင့်အရိပ်ကိုပဲ မြင်နိုင်ကြတယ်။ အဲဒီ အရိပ် ကလေးကပဲ လူအများ၊ အထူးသဖြင့် ပုရိသ ယောကျာင်္းတို့ရဲ့ စိတ်၊ အာရုံ ကို ဖမ်းစားနိုင်ခဲ့တယ်။ ဒီအလှပိုင်ရှင်ဟာ ဘယ်သူလဲ? သင် ဘယ်သူလဲ ဆိုတာကို လူတိုင်းသိချင်နေကြပြီ... အမ္ဗပါလီရေ။ နောက်ဆုံးမှာ လူတွေဟာ သင့်ကို သိလိုစိတ် တွေကို မထိန်းနိုင်ကြပဲ တစ်အိမ်ပြီးတစ်အိမ် သင်ဘယ်အိမ်ကို ၀င်မလဲ ဆိုပြီး အလှည့်ကျစောင့်တော့တာပဲ။ နောက်ဆုံးမှာတော့ သင်ဟာ မင်းကြီးရဲ့သမီးမှန်းသိလို့ အားလုံးနဲ့ မိတ်ဆက်ပေးခဲရပြီလေ။ အဲဒီမှာပြဿနာစ တော့တာပဲနော်။ အသက် ၁၃-၁၄ နှစ်အရွယ်မှာတောင် သင့်ရဲ့ မျက်လုံးဝှေ့တစ်ချက်မှာ မင်းသားပေါင်း ၁၀၀ လောက် သင့်နောက်ကို ပါလာခြဲ့ပီ။ အသက် ၁၆ နှစ်အရွယ် အလှတွေပြည့်စုံလာတဲ့ အချိန်မှာတော့ ဝေသာလီ တစ်နိုင်ငံလုံး အုံ့အုံ့ ကြွကြွ ဖြစ်ရပြီ။ အမိန့်ကိုအမြဲနာခံတဲ့ သူရဲကောင်းစစ်သည်တွေ အမိန့်ကို မနာခံတော့ ဘူး၊ စစ်ရေးတွေ လေ့မကျင့်ကြတော့ဘူး၊ သူတို့စိတ်ထဲမှာ ပါလီ မှ ပါလီ၊ ပါလီ ကိုတွေ့ဖို့၊ မြင်ရဖို့၊ ပါလီနဲနီးရဖို့၊ ပါလီ့ အသံကြားရဖို့သာ ကြိုးစားကြတော့တယ်။
သင့်ရဲ့အလှတွေကိုကုန်အောင် ဖွဲ့နိုင်သူမရှိခဲပေမဲ့ ကျွန်မ သိသလောက်တော့ ပြောပါရစေ။ သင့်ရဲ့ ပိတုန်းရောင် ဆံကေသာဟာ နက်မှောင်ဖြောင့်ရှင်း၊ အဖျားကော့စင်းလို့ တစ်ချောင်းချင်းဖြစ်နေပါတယ်။ ထိုဆံကေသာကို ဆံထုံးထုံးပြီး ပန်းပန်ထားတဲ့ သင်ဟာ ကဗျာ ဆရာတွေ အတွက် စာဖွဲ့ချင်စရာဖြစ်ခဲ့တယ်။ သင့်ရဲ့ ခန္ဓာကိုယ် ဟာလဲ စန္ဒကူးနံ့သာ ထုံသင်းပီး အဖိုးထိုက် ရတနာတွေ ဆင်မြန်းထားတဲ့ အခါ မိန်းမချင်းတောင် ငေးရပါပေတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအဆစ်၊ အဖုအထစ် တွေဟာလဲ ပန်းပုဆရာတွေ ဘယ်လိုထုရမှန်းမ သိပဲ၊ လက်မှိုင်ချရလောက်အောင် ပြေပြစ်ပါပေတယ်။ သင် ရဲ့တောက်ပ လှပတဲ့ မျက်လုံးနှစ်လုံးဟာလဲ စိန်ရောင်ကဲ့သို့ တ၀င်းဝင်း၊ တလက်လက် နဲ့မြင်ရသူကို ဖမ်းစားနိုင်ပါပေတယ်။ သင်ရဲ့ပတ္တမြားရောင် နီတျာတျာ နှုတ်ခမ်းနှစ်လွှာ၊ ဖြူသန့်စင်တဲ့ သွားလေးတွေနဲ့ ဖန်ဆင်းလိုက်တဲ့ အပြုံးတစ်ချက်ဟာ တစ်ဖက်သား ကို ငြင်းပယ်နိုင်စွမ်း ကင်းသွားစေပါတယ်။ အဲဒီ နှုတ်ခမ်းနှစ်လွှာ ကြားကပေါ်ထွက်လာတဲ့ သင့်ရဲ့အသံဟာ ကြိုးကြာလေးတွန် လိုက်သလို၊ လောကကြီးကို ရပ်ဆိုင်းသွား စေပါတယ်။ ရေကြည်သောက်ရင် မြင်ရမလောက်ပင် သင့်ရဲ့ လည်တိုင်ကျော့ရှင်း၊ အသားအရေရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပါပေတယ်။ ဒါတွေက ကျွန်မ သိသ လောက်ပြောရတာပါ။ ဒီလို လှချက်တွေ အပြင် သင်ဟာမာယာတွေလဲ သုံးတတ်ခဲ့တယ်နော်။ ယောကျာင်္း တွေကြားထဲမှာ မြှားပစ်ကျင့်ပြတာ၊ မြင်းရထားစီးပြီး ကိုယ်လုံး ထွက်ပြတာ၊ သင့်အိမ်တော်ရှေ့မှာ လာစောင့်နေကြတဲ့ ပုရိသတွေအပေါ် ပန်းကြဲချတာ၊ မျက်နှာတစ်ခြမ်းလေး ထုတ်ပြတာတွေနဲ့ တစ်နိုင်ငံလုံးက ယောကျာင်္းအပေါင်းကို ရူးသွပ်စေခြဲ့ပီ။ သင့် အခန်းထဲမှာလည်း ရွေးချယ်ဖို့ တစ်ရာ့တစ်ပါးသော မင်းတွေရဲ့ရုပ်ပုံ၊ ပန်းချီ တွေပြည့်နေခဲ့တယ်။ တစ်ပုံပီးတစ်ပုံ အချစ်မ၀င် အပြစ်မြင်ခြဲ့ပီး ကာမှ တစ်ခုသော ပုံကိုမြင်တော့ ကျင်စက်နဲ့တို့ လိုက်သလိုသင်ခံစားရ၊ စိတ်ဝင်စားခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတော့ သင်တို့ရဲ့ ဝေသာလီ ရဲ့ရန်သူ ဗိမ္မိသာရ မင်းပါပဲ။ ဗိမ္မိသာရမင်းဟာ သင်ရဲ့ နှလုံးသားကို လှုပ်ရှားစေခြဲ့ပီနော်။ (ဒါဟာ မြင်စိတ်မှာ စွဲလန်းသွားတဲ့ ဥပါဒါနက္ခန္ဓာပါ) ရန်သူမင်းဆိုတာ သင်သိပေမဲ့ ချစ်မိ သွားခဲ့တယ်နော်။ အဲဒီအချိန်ကစပြီး ပါလီဟာ ဗိမ္မိသာရမင်း(ပုံ)နဲ့ အိပ်တယ်၊ ဗိမ္မိသာရ မင်း(ပုံ)နဲ့စားတယ်။ (ကျွန်မ တို့ဒီခေတ်မှာလည်း သင့်အရွယ် ကလေးမလေးတွေ နာမည်ကြီး မင်းသားပုံတွေ နံရံမှာ ကပ်ပြီး ဒီလိုပဲ စိတ်ကူးယဉ်ကြပါတယ်။ အမှန်အတိုင်းဝန်ခံ ရရင်ကိုယ်တောင် ငယ်ငယ်က ပါခဲ့သေးပါတယ်။)
သင့်ရဲ့အလှသတင်းဟာ ဝေသာလီတင်မက ဘေးကရာဇဂြိုလ် ကိုတောင်ရောက်ခဲ့ပါပေါ့။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းကလည်း သင့်ကိုတွေ့လို၊ မြင်လိုစိတ်တွေ ပြင်းပြခဲ့ပြီ။ ဒါကြောင့် အထောက်တော်များကို အရင် လွှတ်ပီး သင့်ရဲ့အလှကို စုံစမ်းခိုင်းခဲ့တယ်။ ဒီအထောက်တော်တွေဟာ ပါလီ့ ကိုတွေ့ခဲ့ ခဏမှာ ဘယ်လောက် တောင် နစ်မျောသွားလဲဆိုရင် ပါလီရဲ့မြားချက်ကိုတောင် ရှောင်ဖို့မေ့ပီး သေဖို့ဖြစ်ခဲ့တယ်။ ပါလီက နှလုံးသား နေရာကို မပြစ်ပဲ ခေါင်းက ဦးထုပ်ကိုပဲချိန် ပစ်ခဲ့လို့ သက်သာခဲ့တာပေါ့။ ရာဇဂြိုလ် ကိုပြန်ရောက်လို့ ဗိမ္မိသာရမင်းက ပါလီ ရဲ့အလှကို မေးတဲ့အခါမှာတော့ မိန်းမတစ်ယောက်မှာရှိရမဲ့ လက္ခဏာအားလုံး ပါလီ မှာရှိကြောင်း လျှောက်တင်ပါတယ်။ မိမိတို့တောင် မင်းကြီးမှန်းထားတဲ့ မင်းဘဏ္ဍာ မို့လို့သာမပြစ်မှားရကြောင်း၊ ဇာတ်လမ်းစုံ ခင်းပြီး ပါလာတဲ့ ပါလီရဲ့မြားလေးကို ဆက်သလိုက်ပါတယ်။ ဒီအခါမှာ သောတာပန် မင်းကြီး နှလုံးသားကို ထိသွားပါတယ်။ ပါလီ ရဲ့မြားကို ရင်ဘတ်ပေါ်တင်ပီး ပါလီ ကိုစွဲလမ်းသွားပါပီ။ ပါလီကိုတွေ့အောင်လုပ်မယ်။ နီးရအောင်ကြံမယ်။ ပါလီနဲ့မှ မတွေ့ရရင် နန်းကိုလည်းစွန့်မယ်။ သားကိုလည်းစွန့်မယ်။ မယားကိုလည်းစွန့်မယ်။ ပစ္စည်းတွေလည်းစွန့်မယ်။ စည်းစိမ်တွေ အားလုံးကိုစွန့်မယ်။ (ဒိဋ္ဌိနဲ့ တဏှာ တွဲဝင်ပြီ) ( ၀ိပဿနာနဲ့ ပြောရရင် ကြားစိတ်နဲ့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။) ဒီစွဲလမ်းမှုတွေကြောင့် ဗိမ္မိသာရမင်း စတင်အကောင်အထည် ဖေါ်တော့တာပဲ၊ (ဥပါဒါန် ပစ္စယာ ကမ္မဘ၀ ဖြစ်ပါတယ်)၊ ဉာဏ်ကောင်းတဲ့ ဗိမ္မိသာရ မင်းဟာ အတော်ဆုံး၊ အကောင်းဆုံး ရုပ်သေးဆရာရှာပြီး ရုပ်သေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သင်ပါတယ်။ ပြီးတော့ တစ်လလောက် တပည့်တွေနဲ့ ဇာတ်တိုက်ရပါတယ်။ ဘုရင်လိုမဆက်ဆံဖို့၊ သူငယ်ချင်းပြောပြော ပြောဖို့လေ့ ကျင့်ရပါတယ်။ တစ်သက်လုံးမော်မကြည့်ရဲတဲ့ ကိုယ့်ရဲ့ မင်းမှုထမ်းတွေ၊ ကိုယ့်ကို ဘုရားထူးလာသူတွေကို တန်းတူပြောခံရအောင် ဥပါဒါနက္ခန္ဓာကလုပ်နေတာ မင်းကြီးသတိမထားမိပါဘူး။ တဏှာကပေးလိုက်တဲ့ သတ္တိတွေနဲ့ ဗိမ္မိသာရမင်း ဝေသာလီကို သွားပါပြီ။
အလွန်ချောမောခံ့ညားတဲ့ မင်းကြီးဟာ ရုပ်သေးဆရာ အဖိုး ကြီး အဖြစ်ရုပ်ဖျက်ဟန်ဆောင်ပီး ရန်သူ့ နယ်မြေထဲ ကိုစွန့်စွန့်စားစား သွားပါတယ်။ နယ်စွန်မှတစ်ဆင့် တစ်ဖြည်းဖြည်း ပါလီ တို့ရဲ့စံအိမ်တော်နဲ့ နီးသထက်နီးအောင် လာခဲ့ပါတယ်။ တစ်နေ့မှာ ပါလီ တို့နေရာနဲ့ မနီးမဝေးမှာ ရုပ်သေးကပါတယ်။ ပါလီ တို့အဖွဲ့လည်း ရုပ်သေးလာ ကြည့်ပါတယ်။ ပါလီကရုပ်သေးဆရာကို အကဲခပ်ကြည့်ပါတယ်။ ရုပ်သေးဆရာ ဗိမ္မိသာရ မင်းကလည်း ပါလီ အချောအလှ ကိုမြင်တော့ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေမိတယ်။ နှစ်ဦးသား မျက်လုံးချင်းဆုံတော့ ရင်ခုန်မိကြပီ။ ပါလီက ရုပ်သေးဆရာဟာ အသက်သိပ် မကြီးသေးတာ ကိုသတိထားမိတယ်။ ဗိမ္မိသာရမင်းများ ဖြစ်နေမလား လို့လည်း သံသယ ၀င်မိတယ်။ ဒါနဲ့ နန်းတော်ထဲကိုလာ ကဖို့ပြောတော့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရမင်းဟာ ပါလီ ကိုစကားပြောရာမှာ ကျွန်တော်မျိုး နဲ့ ပြောနေပေမဲ့ ခေါင်းမကျိုး၊ ဇက်မကျိုးပဲ ဖြစ်နေတယ်။ ဒါကို ပါလီက သိတယ်။ နောက်ဆုံး ပါလီက တာဝန်ယူပါတယ် ဆိုလို့ နန်းတော်ထဲကို ၀င်ကဖို့ သဘောတူလိုက်တယ်။ နဂိုထဲက သွားချင်တာကို မူနေရတာပါ။ နန်းတော်ထဲမှာ ကတော့ ရှေ့တန်းက မင်းစင်မှာကြည့်နေတဲ့ မဟာနာမ် မင်းကြီး၊ အာနန္ဒ မင်းသားနဲ့ အဘယရာဇာ တို့ဟာ ရုပ်သေးဆရာကိုမြင်တော့ ရုတ်တရက် သန်လျက်ဆွဲ၊ ဓားဆွဲ ဖြစ်သွားတယ်။ ပြီးတော့ ရုပ်သေးဆရာကို ဗိမ္မိသာရမင်းကိုမြင်ဖူးလား လို့မေးတယ်။ ရုပ်သေးဆရာက အပြင်မှာ မမြင်ဖူးပါဘူး၊ နာမည်တော့ကြားဖူး တယ်လို့ ပြောတယ်။ (မှန်ထဲမှာပဲ ကိုယ့်ကိုကိုယ်မြင်နိုင်တာ၊ အပြင်မှာ ဘယ်လိုလုပ်ပီး ကိုယ့်ကိုကိုယ်မြင်မလဲ? ဗိမ္မိသာရမင်း ပြောတာမှန်တာပေါ့၊ မုသာဝါဒါ မမြောက်ပါဘူး။) ဒီတော့ မဟာနာမ် မင်းကြီးကသင်ဟာ ဗိမ္မိသာ ရမင်းနဲ့ အလွန်တူကြောင်းပြောတော့ ကျေးဇူးတင်ကြောင်း အရိုအသေပေးပါတယ်။ ဘုရင်ချင်းတူတူမှာ ဥပါဒါနက္ခန္ဓာ ကြောင့်အောက်ကျခံပြီး ဆက်ဆံရတာပါ။
အဲဒီည မှာကတဲ့ ရုပ်သေးဇာတ်ကလည်း အသက်ငယ် ငယ် မိန်းကလေးနဲ့ အသက်ကြီးကြီး အဖိုးကြီးဇာတ်လမ်း ဖြစ်နေတော့ ပါလီ ကိုကြံစည်နေတဲ့ အဘယရာဇာ အတွက် အကြိုက်တွေ့နေပါတယ်။ သူသာ ပါလီ ကိုယူနိုင်ရင်၊ သူက ဝေသာလီ စစ်တပ်ရဲ့အကြီးဆုးံ ရာထူးမို့ လို့ ဝေသာလီ သူရဲကောင်း စစ်သည်တွေအကြား ပါလီကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကိုရပ်တန့်နိုင်မယ်လို့ ယူဆနေပါတယ်။ ရုပ်သေးပွဲပြီးတော့ ရုပ်သေးဆရာဟာ မောပန်းနွမ်း နယ်နေပါတယ်။ တစ်သက်လုံးတစ်ခါမှ ပင်ပင်ပန်းပန်း မလုပ်ဖူးတော့ လက်ပန်းကျတာပေါ့၊ ဒါကြောင့် ရုပ်သေး ရုံထဲ ၀င်ပီး အသာလေး မှိန်းနေ၊နားနေ ပါတယ်။ ဒီအချိန်မှာ သံသယ ဖြစ်နေတဲ့ ပါလီဟာ ဖြုန်းဆိုရုပ်သေးရုံထဲ ၀င်လာပြီး ရုပ်သေးဆရာ ဗိမ္မိသာရမင်း နားလာပြီး တပ်ထားတဲ့ မုတ်ဆိတ်တု၊ နှုတ်ခမ်းမွေးတုတွေကို ဆွဲဖြုတ် လိုက်ပါတယ်။ နဂိုရုပ် ပေါ်လာတဲ့ ဗိမ္မိသာရ မင်းကိုသင်ဘယ်သူလဲ? ဘာကြောင့်ဒီလိုလုပ်ရတာလဲ? စသဖြင့်မေးပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းက ပါလီအလှကိုမြင်ချင်လွန်း၊ တွေ့ချင်လွန်းလို့ လုပ်ရတာဖြစ်ကြောင်းနဲ့ သူဟာရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်း ဖြစ်ကြောင်းပြောလိုက်တဲ့ အခါမှာတော့ မင်းချင်းတွေကို အော်လိုက်မယ်လို့ ခုနက ပြောခဲ့တဲ့ ပါလီ... အော်ဖို့လည်းမေ့၊ ပြန်သွားဖို့ လည်းမေ့ပြီး၊ နှလုံးသားထဲက တမ်းတခဲ့ရတဲ့ ချစ်သူရဲ့ရင်ခွင်အောက်၊ အသက်ပျောက်သူလို ဖြစ်ခဲ့ရပါပေါ့လား။ ဒီအချိန်မှာပဲ ဝေသာလီမှာ ပါလီနဲ့ ပတ်သက်လို့ အချင်းချင်း သတ်ဖြတ်ပွဲတွေနဲ့ သွေးချောင်းစီးပွဲတွေ ဖြစ်နေပါပီ။ စစ်သည်တွေဟာ ဘယ်လိုမှ အမိန့်ပေးလို့မရအောင် စည်းလုံးမှု တွေပျက်ပြားနေပါတယ်။
ဒီအခါမှာ စိရံဒေ၀၊ သုဒိတ စတဲ့ စစ်အကြီးအကဲ တွေက ဝေသာလီ မပျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှာရတော့မယ် လို့စဉ်းစားပါတယ်။ ဒါကြောင့်အရေးပေါ် လွှတ်တော် ခေါ်ယူရတော့တယ်။ ပါလီရေ… ဒီအချိန်မှာခံစားရမဲ့ သင့်ဖခင် မဟာနာမ် မင်းကြီးရဲ့ခံစားချက်ကို ကျွန်မ ကိုယ်ချင်းစာမိပါရဲ့။ ဘာလို့လဲ ဆိုတော့ ဝေသာလီရဲ့အခြေခံ ဥပဒေ စာအုပ်ဖြစ်တဲ့ ပဝေဏီပေါတ္ထက စာအုပ်၊ စာပိုက် ၁၈ မှာ...... “ဝေသာလီနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေး ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်သူသည် ယောကျာင်္းတစ်ဦးဖြစ်ပါက သတ်စေ၊ မိန်းမ တစ်ဦးဖြစ်ပါက နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာစေ၊ ထိုမိန်းမအား တစ်နေ့ကို ယောကျာင်္း ၃ ယောက်မှ ၅ ယောက်ထိ အခကြေးငွေ ပေး၍ ပျော်ပါးနိုင်၏… လို့ ပါရှိပါတယ်။ ချစ်တဲ့ သမီးနဲ့ နိုင်ငံနဲ့ လဲရတော့မယ်နော်။ အဲဒီ လွှတ်တော်မှာလေ တက်ရောက်လာတဲ့ (၇၇၇၇) ယောက်သော စစ်သည်၊ ဗိုလ်ချေ၊ ကိုယ်စားလှယ်တွေဟာ... အမ္ဗပါလီကို ထုတ်ပေးပါ။ အမ္ဗပါလီ ကိုမြင်ချင်တယ်။ အမ္ဗပါလီကိုစွန့်မလား၊ ဝေသာလီ ကိုစွန့်မလား ဆိုတဲ့ တစ်ခဲနက် အသံနက်တွေနဲ့ သင့်ဖခင်ကို တုန်လှုပ်စေခြဲ့ပီ...။ တိုင်းပြည် ကောင်းစားရေးကို တကယ်လိုလားတ့၊ဲ ပြည်သူတွေကိုချစ်တဲ့ သင့်ဖခင်ဟာလေ သမီးတော် အမ္ဗပါလီကို နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာခဲ့ရပြီ။ အဲဒီမှာပဲ သင့်ဖခင် ရင်ကွဲနာကျလို့ သွေးအန် သေဆုံးခဲ့ရပြီ... အမ္ဗပါလီ။
ကျွန်မ တကယ်ကို ခံစားရပါတယ်... အမ္ဗပါလီရယ်။ (ဒီအချိန်က စပြီး သင့်ရဲ့နုစဉ် ဘ၀ကအရိယာ ပုဂ္ဂိုလ် ကိုစော်ကားခဲ့တဲ့ ကံဟာ အကျိုးပေးတော့တာပဲ။) ဝေသာလီ ရဲ့တစ်နေရာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စွာ နေလို့မှ မကြာသေး၊ အစ်ကိုတော်အာနန္ဒ မင်းသားထံမှ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ်ကြေငြာကြောင်း စာရခဲ့ပြီ။ ဒီအချိန်မှာ ချစ်သူ ဗိမ္မိသာရမင်းက ရာဇဂြိုလ် ပြန်ပြီး ပါလီ့ကို မိဖုရားမြှောက်ဖို့ မင်းမြောက်တန်ဆာငါးပါး ပြန်ယူနေချိန်ပါ။ ပါလီ ဘာလုပ်ရမလဲ? ဗိမ္မိသာရမင်း နောက်လိုက်သွားရင် ဝေသာလီက ရာဇဂြိုလ်ကို စစ်ဆင်ပြီး တိုက်တော့မယ်။ မလိုက်ပဲ ဒီမှာနေခဲ့ရင်လဲ ဗိမ္မိသာရမင်းက ရန်ဖက်မင်းပီပီ၊ ခုဆို ချစ်သူကိုဆွဲလို့ စစ်ပွဲ နွှဲပြီးတိုက်လိမ့်မယ်။ နှစ်ချက်လုံးဟာ ဝေသာလီ အထိနာမဲ့ နည်းတွေချည်းပါပဲ။ နောက်ဆုံး ဝေသာလီ ကောင်းစားဖို့ ပါလီ မိန်းမမာယာသုံးပြီး ချစ်သူစိတ်နာအောင် လုပ်ရပါတော့တယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်ရောက်လာတဲ့ ချစ်သူ၊ ဘုရင့် မင်းမြောက်တန်ဆာတို့နဲ့ အလွန်ကျက်သရေ ရှိတ့၊ဲ ချောမောလှတဲ့ ချစ်သူ၊ ပါလီ အသက်တမျှချစ်ရတဲ့ ချစ်သူကို ပါလီ မပြောချင်ဆုံးစကားတွေကို မူယာမာယာသုံးပြီး ရင်နှစ်မွှာကွဲကာ ချစ်သူမုန်းအောင် ပါလီ ပြောနေရပြီ။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အမုန်းကြီးမုန်းသွားတဲ့၊ စိတ်နာသွားပြီး ထွက်ခွါသွားတဲ့ချစ်သူကို ကြည့်ရင်း ပါလီလဲကျ ကျန်ရစ်ခဲ့ပါပြီ။
တခါ ပါလီ့ရဲ့လေးစားအားကိုးစရာ အစ်ကိုတော် အာနန္ဒ မင်းသားကလည်း သူနဲ့ပါလီဟာ မောင်နှမရင်းတွေ မဟုတ်ကြောင်းပြောပြပြီး ပါလီဟာစံအိမ်တော်မှာ နေခွင့်မရှိတော့ကြောင်း၊ ပါလီ အတွက်သက်သက် အိမ်တစ်ဆောင် နေဖို့ပေးကြောင်းနဲ့ သူကတော့ အဝေးကို ထွက်သွားတော့မှာ ဖြစ်ကြောင်းတွေကို ပြောပါတယ်။ အားကိုးစရာ မကျန်တော့တဲ့ ပါလီဟာ အစ်ကိုတော် အာနန္ဒ မင်းသား ဘယ်သွားမလဲ ဆိုတာသိချင်ခဲ့တယ်။ သင့်အစ်ကိုတော်က သင့်ကို သူဘယ်သွားမလဲဆိုတာ ကိုမပြောနိုင်ခဲ့ပေမဲ့ ဘယ်သူ့ဆီ သွားမလဲ ဆိုတာတော့ ပြောပြခဲ့ပါတယ်။ အာနန္ဒ မင်းသားက.. ငါ စစ်တိုက်ထွက်စဉ်အခါက စစ်မြေပြင်တစ်နေရာမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရဖူးတယ်။ သူ့ ကိုငါက မြှားနဲ့ချိန်လိုက်တာကို မရှောင်ပဲ ငါ့ကိုကြည့်ပြီး “လောကမှာ အရာရာတိုင်းကို လက်နက်နဲ့ဖြေရှင်းလို့ မရဘူး၊ ချစ်သား” လို့ပြောတယ်၊ ငါ့ဘ၀မှာ ဂေါတမ မျက်လုံးလောက် ဂရုဏာပြည့်တဲ့ မျက်လုံးမျိုးမတွေ့ဖူးဘူး၊ သူ့ရဲ့အကြည့်ကြောင့် ငါ့လက်ထဲက မြှားဟာလွတ်ကျသွားတယ်။ အခု ငါသူ့ဆီသွားမယ်” လို့ပြောသွားပါတယ်။ ပါလီ့မှာ အားကိုးစရာ ဖခင်လဲ သေဆုံးခဲ့ပြီ။ ချစ်ရတဲ့ ချစ်သူကလည်း စိတ်နာလို့ ပစ်ကာထားခဲ့ပြီ။ နောက်ဆုံး အစ်ကိုတော်ကလည်း အဝေးကို ထွက်သွားခဲ့ပြီ။ ပါလီ ဘယ်သူ့ကို အားကိုးပြီး နေရတော့မှာလဲ?...အိုပါလီ စိတ်ဓါတ်မကျပါဘူး၊ ပါလီရင်မှာ ချစ်သူရဲ့သွေး၊ ကလေးလေးတစ်ယောက် ကျန်သေးတာပဲ။ သားလေးဖြစ်ပါစေလို့ပါလီ ဆုတောင်းပါတယ်။ ရင်ထဲက သားကိုအားပြုပြီး ပါလီ အသက်ဆက်ရှင်မယ်နော်။ သား ကိုယ်ဝန်ဆောင်စဉ် ဆယ်လလုံးမှာ သားလေးဖြစ်စေဖို့ နေ့ရောညပါ ဆုတောင်းနေရပါတယ်။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာက မွေးလို့သားဖြစ်ရင် ပြစ်ရမယ်။ သမီးဖြစ်ရင် ပြည့်တန်ဆာ ရာထူးဆက်ခံရပါတယ်။ ဒါကြောင့် ပါလီဟာ သူ့လိုအဖြစ်မျိုး မကြုံအောင် သားဆုတောင်းတာပါ။
သူဆုတောင်းတဲ့အတိုင်းပဲ ပါလီ သားလေးကိုမွေးခဲ့ပါတယ်။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်းရဲ့သား အဇာတသတ် မင်းသားကိုသာ လူသိများကြတာပါ။ ပါလီနဲ့ရတဲ့သား ၀ိမလကောဏ္ဍည ရဟန္တာကိုတော့ သိသူနည်းပါတယ်။ ပါလီ ဟာသူ့ရဲ့ လသားအရွယ် သားလေးကို ချစ်မ၀၊ ကြည့်မ၀ ဖြစ်နေတုန်းမှာပဲ အစ်ကို တော် အာနန္ဒ (ရဟန္တာဖြစ်သွားပြီ) ရောက်လာပါတယ်။ ပါလီ စိတ်ထဲမှာ အစ်ကိုက သူတို့နဲ့ အတူနေဖို့ ပြန်လာတယ်လို့ ထင်နေရှာတယ်။ အားရ ၀မ်းသာနဲ့ သားကိုပြကာ ပျော်နေရှာတဲ့ ပါလီရေ... သင့်ရဲ့ပျော်ရွှင်ခြင်းတွေ မကြာလိုက်ဖူးနော်.. ချစ်မ၀တဲ့ လသားလေး ရဟန္တာ အစ်ကို နောက်ပါသွားခဲ့ရပြန်ပီ။ အရူးတစ်ပိုင်း ဖြစ်ကာ ကျန်ခဲ့ တဲ့ပါလီ၊ ယောကျာင်္းတကာနဲ့ ပျော်ပါးနေရပေမဲ့ ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ၆ နှစ်၊ ခုနှစ် နှစ်လောက်ကြာတဲ့ အချိန် တောထဲမှာ ရဟန္တာ တွေကြားက ၀ိမလကောဏ္ဍည လေးကိုရင်ဘ၀ ရောက်လာပါတယ်။ သူများ ကိုရင်တွေမှာ အချိန်တန်လာတွေ့တဲ့ အဖေ၊ အမေ၊ တွေရှိခဲ့ ပေမဲ့ သူ့ခမျာ ဘယ်သူမှ လာမတွေ့ကြတော့ ဦးကြီးတော် ကိုမေးရှာပါတယ်။ သားရဲ့အဖေဟာ ဘယ်သူလဲ? သားရဲ့အမေက ဘယ်သူလဲ? သားဆီဘာလို့ မလာကြတာလဲ? စသဖြင့်ပေါ့။ ဒီအခါ ဦးကြီးတော်က အဲဒါတွေ မမေးနဲ့ သိစရာ မလိုဘူး၊ ကိုရင်ဆိုတာ တရားအားထုတ်ဖို့ အဓိကပဲ လို့ဆိုပြီး အပြတ်ပြောဆိုလို့ သူ့ခမျာ နောက်ထပ်မ မေးရဲရှာပါဘူး။
တစ်နေ့ ဝေသာလီရဲ့ ဆွမ်းလောင်းပွဲမှာ ၀ိမလကောဏ္ဍညလေး ဆွမ်းခံကြွပါတယ်။ အဲဒီမှာ ဆွမ်းလောင်းနေတဲ့ ပါလီဟာ ကိုရင်လေးကို တွေ့တာနဲ့ သားများလားဆိုပီး သံသယဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ မျက်ခုံး အားလုံးဟာ ပါလီနဲ့ ဗိမ္မိသာရ မင်းတို့နဲ့တူပါတယ်။ ကိုရင်လေးကို အဖေဘယ်သူလဲ? အမေဘယ်သူလဲ? ဘယ်ကျောင်းကလဲ?... စသဖြင့် မေးခွန်းတွေစုံအောင် ပါလီမေးမိတယ်။ ကိုရင်လေးက သူကိုယ်တိုင် မသိတာကိုအမေးခံရတော့ စိတ်တိုရှာတယ်။ ဒကာမကြီး၊ သိပ်စကားများတာပဲ၊ ဆွမ်းလောင်းမှာဖြင့် လောင်းပါ လို့ပြောပါတော့တယ်။ တဖြည်းဖြည်း ကိုရင်လေးနဲ့ ပါလီ မျက်မှန်းတန်း လာပါတယ်။ ပါလီက ကိုရင်လေးကို ဒကာမကြီး လို့မခေါ်ပါနဲ့ အမေ လို့ခေါ်ပါလားကွယ်၊ အမေ့မှာကိုရင့် အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ အဲဒီသားဟာ ဘယ်ရောက်နေမှန်း မသိနိုင်လို့ပါ..လို့ပြောရှာတယ်။ ဒါပေမဲ့ ကိုရင်လေးက.. မခေါ်နိုင်ပါဘူးဗျာ၊ ဒကာမကြီးဟာ ဒကာမကြီးပေါ့.. လို့ခပ်တင်းတင်းပဲ တုံ့ပြန်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာ တော့ တစ်နေ့မှာ ပါလီက ၀ိမလကောဏ္ဍည မထေရ်ကိုအိမ်မှာ ဆွမ်းစားဖိတ်ပါတယ်။ သူ့ စိတ်ထဲမှာ ဒီမထေရ်လေးဟာ မရှိဆင်းရဲလို့ ရဟန်းပြုတယ်လို့ ပုထုစဉ်တွေးတွေးပါတယ်။ သားလိုလဲ သံယောဇဉ် ဖြစ်နေတော့ သပိတ်ထဲကို ဆွမ်းအစား ရတနာတွေ လောင်းပါတယ်။ ဒီရတနာတွေထဲက တစ်လုံးလောက် ရောင်းလိုက်ရင်တောင် တစ်သက်လုံး စားလို့မကုန်ကြောင်း၊ ဒီလို သပိတ်တစ်လုံးနဲ့ လိုက်တောင်း နေစရာ မလိုတော့ကြောင်းပြောတော့ အရိယာ (ရဟန္တာ)ဖြစ်သွားပြီ ဖြစ်တဲ့ ၀ိမလကောဏ္ဍညမထေရ်ဟာ ချက်ချင်းပဲ ရတနာ တွေကို ပြန်သွန်ထုတ်ပါတယ်။ ဓါတ်ခံခြင်းကွာသလို၊ အမြင်ချင်း လည်းဘယ်တူပါတော့မလဲ။ ပြီးတော့ ပါလီ ကိုကြည့်ပြီးပြောပါတယ်။ ကျုပ်ရဲ့ဆရာ မြတ်စွာဘုရားရှင်က သဒ္ဒါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတာကို ရတနာ အစစ်လို့ပြောတယ်။ ခုတွေ့နေတဲ့ ရတနာတွေက အဆိပ်တွေသာ ဖြစ်တယ်လို့ပြောပါတယ်။
လက်မခံငြင်းဆန်ပြီး ပြန်ကြွသွားပါတယ်။ တစ်နေ့မှာ ဦးကြီးတော် အာနန္ဒက ၀ိမလကောဏ္ဍညကို ခေါ်ပြီး တာဝန်ပေးပါတယ်။ ချစ်သား.. မင်း ငါ့ကို အနှစ် နှစ်ဆယ်တိုင်တိုင် မေးခဲ့တဲ့ မင်းအဖေ ဘယ်သူလဲ? မင်းအမေ ဘယ်သူလဲ? ဘယ်တိုင်းပြည်မှာမွေးလဲ? ဆိုတဲ့ မေးခွန်းတွေကို ငါဖြေမယ်။ မင်းဟာ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာ ရမင်းနဲ့ ငါ့နှမ အမ္ဗပါလီ တို့ရဲ့သားပဲလို့ ပြောလိုက်တယ်။ အရင်တုန်းက သူအလွန်တစ်ရာ သိချင်လှတဲ့ မေးခွန်းကို အခု သူသိရပြီ။ ဒါပေမဲ့ အရိယာဖြစ်သွားပြီဖြစ်တဲ့ ၀ိမလကောဏ္ဍညဟာ မတုန်လှုပ်တော့ပါဘူး၊ အတိတ်က ဖြစ်ခဲ့ပြီးသော ဓမ္မာရုံ ဥပါဒါနက္ခန္ဓာ တို့ကို မပြန်တော့၊ အနာဂတ်မှာ မဖြစ်သေးတဲ့ ဓမ္မာရုံ ဥပါဒါ နက္ခန္ဓာ တို့ကိုလည်း မတောင့်တတော့၊ သူ့စိတ်တွေဟာ ဘာအတွက်နဲမျှ မလှုပ်ရှားတော့။ ဦးကြီးတော်က ဆက်ပြီး.. အမ္ဗပါလီကို ဒီနေ့ကျောင်းရောက်အောင် ခေါ်ခဲ့ရမယ်။ သူမပါပဲနဲ့ ပြန်မလာခဲ့နဲ့လို့ မှာပါတယ်။
ဒီလိုနဲ့ ၀ိမလကောဏ္ဍညဟာ အမ္ဗပါလီရဲ့ အိမ်ရှိရာကို အသွား, လမ်းမှာ အမ္ဗပါလီ နဲ့တွေ့ပါတယ်။ ၀ိမလ ကောဏ္ဍညက ပါလီ့ကို အမေ လို့ခေါ်လိုက်တယ်။ သူ အလွန်ကြားချင်တဲ့ စကားတစ်ခွန်းကို ၀ိမလကောဏ္ဍည ဆီက ကြားလိုက်ရတော့ နဂိုကမှ ၀ိမလကောဏ္ဍညကို သားထင်ပီးချစ်တဲ့ ပါလီဟာ အရမ်းကို ပျော်တော့တာ ပေါ့။ ဒါနဲ့ တစ်ခါတည်း သားကို အိမ်ကို ဆွမ်းစားပင့်သွားတော့တာပဲ။ အိမ်ရောက်တော့ ၀ိမလကောဏ္ဍညက အမေ့ကို သားစကားပြောစရာ ရှိတယ်လို့ စပြောတယ်။ ဒီတော့ ပါလီက သားကိုလည်း အမေ ပြောစရာရှိတယ်။ ဘယ်သူ စ ပြောမလဲလို့ သားက မေးတော့… အို…လူသူ မနီး အဝေးကြီးမှာနေတဲ့ သားက လူ့လောက အကြောင်းဘာသိ လို့ စပြောမှာလဲ။ အမေ ဘဲစပြောမယ်.. ဆိုပီး သားဖြစ်သူကို လူထွက်ဖို့ ကစပီး လူ့ဘ၀၊ ကာမဂုဏ် စည်းစိမ် တွေခံစားဖို့ အားရပါးရ ပြောတော့တာပဲ။ ၀ိမလကောဏ္ဍည ပြောဖို့ အခွင့်ကိုမရပဲ ဖြစ်နေပါတယ်။ ဒီတော့ သတိပေးတဲ့ အနေနဲ့ အမေ..အမေ့ကို တရားဟောဖို့ သားလာခဲ့တာပါလို့.. ၀င်ပြောရှာတယ်။ ပါလီဟာ သားစကားကိုကြားတော့ အားရပါးရ ရီတော့တာပဲ။ “သားရယ်..သားလို အသက်(၂၀)အရွယ် ရဟန်းပေါက်စ လေးမပြောနဲ့ ဈာန် အဘိဉာဉ်ရလို့ ကောင်းကင်မှာပျံ နိုင်တဲ့ ရဟန်းကြီးတွေ (ပုထုစဉ် ရဟန်း) လူတကာကို မာယာနဲ့ လှည့်စားနေတဲ့ အမ္ဗပါလီကို ချေချွတ်မယ်ဆိုပြီး ပြတင်းပေါက်ကနေ ကြွလာတယ်။ အမ္ဗပါလီကို မြင်ပြီးတဲ့ ခဏမှာတော့ အမ္ဗပါလီနဲ့ မနေရရင် သေရမှာပါဆိုပြီး နောက်ဆုံး အမေနဲ့အိပ် ဈာန်လျှောပြီး မြေပြင်ကနေ ပြန်သွားကြတယ်။ ဒီတော့ သားရယ်.. အမေပြောတာ ကိုပဲနားထောင်။” အမ္ဗပါလီရဲ့သဏ္ဍန်မှာ ရှေ့ကထိုင်နေတဲ့ သားရဟန်းကို ကြည့်ပြီး အတွေးထဲမှာ အမျိုးမျိုး ပုံဖေါ်တဲ့ ဓမ္မာရုံ ဥပါဒါနက္ခန္ဓာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ပါလီက ၀ိမလကောဏ္ဍညကို သပိတ်မဲကြီး ကို အရင်ဆုံးဖယ်မယ်။ ကိုယ်စားချင်တဲ့ အရသာ မစားရပဲ သူများပေးတာသာ စားရတဲ့ အဖြစ်ကနေ အကောင်း ဆုံး အစားအစာတွေကို ရွေးစားမယ်။ ၀ိမလ ကောဏ္ဍညက နောက်ကော? ပါလီက ပြီးရင် အရောင်မွှဲမွှဲ သင်္ကန်းကြီးကို ပစ်ပီး အကောင်းဆုံး အ၀တ်အစား တွေဆင်မယ်။ နောက်ကော? ပြီးရင် ဆံပင်တွေနဲ့လှ အောင်ပြင်ပြီး အတော်ဆုံး ပန်းချီဆရာခေါ်ပီး ပန်းချီဆွဲ မယ်။ နောက်ကော? ပန်းချီကားကို တစ်ရာ့တစ်ပါးသော မင်းသမီးတွေကို ပို့ပြီး အချောဆုံး မင်းသမီးကိုရွေးပြီး လက်ဆက်စေမယ်။ နောက်ကော? အမေရယ်၊ သားရယ်၊ ချွေးမရယ် မြင်းရှစ်ကောင် ရထားကြီး နဲ့မြို့ကို ပတ်မယ်။ နောက်ကော? ပြီးရင် ဥယျာဉ်ထဲဝင်ပီး ဖျော်ရည် သောက်မယ်၊ အဆို၊ အက၊ အတီး၊ အမှုတ်တွေ နားထောင်မယ်။ နောက်ကော? ဒါနဲ့ မိုးချုပ်တော့ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မနက်ကျတစ်ခါ မြို့ကိုပတ်မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ် အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မြို့ကိုပတ် မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ်။ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? အို..နောက်ကျတော့ သားတို့က ကလေးလေး တစ်ယောက်မွေးပေါ့။ အဲဒီ အမေ့မြေးလေးကို သားတုန်းကမထိန်းလိုက်ရတာ ကို အတိုးချပြီး အမေ ထိန်းမယ်။ တဏှာက အမ္ဗပါလီကို အကောင်းတွေချည်း ဆက်ပေးနေပါတယ်။ နောက်ကော? ကလေး တစ်ယောက်ကနေ နှစ်ယောက်... နောက်ကော? နှစ်ယောက်ကနေ သုံးယောက်... နောက်ကော? သုံးယောက်ကနေ လေးယောက်... နောက်ကော? နောက်တော့ အမေလဲ အသက်ကြီးလာတော့ သိပ်ပြီး မသွားနိုင်တော့ဘူးပေါ့.. (လေသံ တစ်ဖြည်းဖြည်း ပျော့ကျလာပါတယ်) နောက်ကော? အမေလဲ အိပ်ရာထဲလဲပြီး ဝေဒနာ ခံရရင်ခံရမှာပေါ့။ နောက်ကော? နောက်တော့ အမေလဲ သဘာဝအတိုင်း သေရမှာပေါ့ သားရယ်။ နောက်ကော?...(အသံမထွက်) နောက်ကော? အမေသေပြီးတဲ့ နောက်ကောလို့ သားမေးနေတယ်လေ.. (အသံမထွက်) ပါလီ မဖြေနိုင်တော့ပါ။ ပါလီ သေပြီးနောက်ဘာတွေ ဖြစ်မလဲ ပါလီ မသိတော့ပါ။ အဲဒီချိန်မှာပဲ သားရဟန်းက ဆတ်ကနဲ ပါလီ့ လက်ကိုဆွဲလို့ မိဂဒါဝုန်တောသို့ ထွက်ခဲ့ပြီပဲ။
ကျောင်းရောက်တာနဲ့ အစ်ကိုတော်က တစ်ခါတည်းဆံချလို့ ထေရီမ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ၀ိမလကောဏ္ဍည မထေရ်ဟာ မိခင်ဖြစ်သူ အမ္ဗပါလီကို တရားဟောပါပြီ။ ဟိုးအရင် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာအားလုံးကို မကြောင့်ကြဖို့၊ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်း မတောင့်တဖို့၊ အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ တို့ကို သတိနဲ့ စောင့်ကြည့်ဖို့စတဲ့ တရားအဆုံးမှာ အမ္ဗပါလီ ထေရီမ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါပြီ။ ဝေသာလီနဲ့ ရာဇဂြိုလ် ကြားတစ်နေရာမှာ အမ္ဗပါလီ ထေရီမ ငြိမ်းချမ်းရေး တရားဟော
နေပါတယ်။ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေး တရားဟောနေတာ ဖြစ်ပါတယ်။ မြောက်များလှစွာသော ပရိသတ်တွေကြားမှာ တစ်ချိန်က အသက်တမျှ ချစ်ခဲ့ဘူးတဲ့ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းလည်းရှိနေ ပါတယ်။ သောတာပန်သာ ဖြစ်သေးတဲ့ ဗိမ္မိသာရ မင်းဟာ အမ္ဗပါလီရဲ့ တရားပွဲမှာ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကိုမြင်ရင် မှတ်မိအောင် ရှေ့ဖက်မှာ နေရာယူထားပါတယ်။ အမ္ဗပါလီ ထေရီဟာ တည်ငြိမ်စွာပဲ သူ့ကိုယ်သူ ဥပမာပေးလို့ ဇရာ၊ ဗျာဓိ၊ မရဏ တို့နှိပ်စက်မှုကြောင့် ယိုယွင်းလာတဲ့ သူမ ရဲ့အလှတွေကို ငယ်စဉ်ကနဲ့ နှိုင်းယှဉ်လို့ ဥပါဒါနက္ခန္ဓာ တို့ရဲ့မမြဲမှု အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်ဖို့ ပြောနေပါတယ်။ တရားပွဲအပြီးမှာ မအောင့်နိုင်တော့တဲ့ ဗိမ္မိသာရမင်းက အမ္ဗပါလီကို မောင်တော်လေတစ်ခါက ရုပ်သေးဆရာ ယောင်ဆောင်ပြီး ပါလီ ဆီလာခဲ့တဲ့မောင်တော်ကို မမှတ်မိတော့ဘူးလား? လို့ မေးမိတယ်။ ရဟန္တာ ဖြစ်သွားပီဖြစ်တဲ့ အမ္ဗပါလီ ထေရီက “အရိယာတစ်ယောက် အဖို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူက ရှင်ဘုရင်၊ သူက ဆင်းရဲသား၊ သူက ၀န်ကြီး၊ သူက ကချေသည်၊ သူက သူဋ္ဌေး၊ သူက သူတောင်းစား ဆိုတဲ့ အမြင်မျိုး မရှိတော့ပါ။ အားလုံးကို တစ်တန်းတည်းတူတူ သာမြင်ပါတော့တယ်” လို့ဖြေပါတယ်။ ဗိမ္မိသာရ မင်းလည်း အမ္ဗပါလီရဲ့ ဉာဏ်အဆင့်ကို ခန့်မှန်းတတ်လို့ နောက်ဆုတ်ပြီး ပြန်ခဲ့ပါတော့တယ်။
ပါလီရေ.... သင့်ရဲ့ဘ၀က မလှပခဲ့ပေမယ့် ကျွန်မ အားအကျဆုံး အရဟတ္တမဂ်ကို သင်ရခဲပါတယ်။ ငယ်စဉ်အတွေးနဲ့ဆို သင့်ရဲ့ အလှတရားတွေ ကိုလည်းကျွန်မ အားကျမိပါရဲ့။ ဘုရားရှင်ကတောင် သင်ကျောင်းတော်ကို လာမယ်ဆိုလို့ အရိယာမဟုတ်သေးတဲ့ သံဃာတော်တွေကို သင်မလာခင် သတိပဋ္ဌာန်တရားကို ကြိုပွါးခိုင်းထားရတဲ့ထိ သင်လှနိုင်ရက်တယ်နော်။ မိန်းမချင်းတောင် မနာလိုရလောက်အောင်လှတဲ့၊ ယောကျာင်္းဆို အရိယာ မဟုတ်ရင် သင့်ရှေ့ ဖြတ်မလျှောက်ရဲအောင် ဆွဲဆောင်အားကြီးတဲ့ သင့်ရဲ့အလှဟာ လူတကာကို ပူလောင်စေခဲ့တယ်နော်။ သင်ဘာလို့ အဲဒီလောက် လှရတာလဲ? ဘယ်ကံက အကျိုးပေးလို့လဲ? လို့ အတိတ်ကို ပြန်ဆောင်တော့... ဘ၀ တစ်ခုမှာ သင်ဟာ ဘိက္ခူနီမ ဖြစ်ပြီး ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဆိုတာတွေ့ရတယ်။ အဲဒီ ဘ၀မှာပဲ သင်ဟာ အရိယာ ဘိက္ခူနီမ တစ်ယောက် တံတွေးထွေး လိုက်တာကို သန့်ရှင်းရင်း ပါးစပ်ကလည်း “ဘယ် ပြည့်တန်ဆာမ ထွေးသွားတာလဲ? ဆိုပြီးပြောလိုက်မိတယ်။ သင်ဟာအဲဒီ ဘ၀မှ နောက် ဘ၀ပေါင်း များစွာမှာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။ အခု နောက်ဆုံးဘ၀ထိပါပဲ။ အရိယာကို ပြစ်မှားမိတဲ့ ကံထိုက်တယ်လို့ ခေါ်ပါတယ်။ အရဟတ္တမဂ်ကို ရတာကလည်း ဘ၀များစွာမှာ သင်ဟာ ဘိက္ခူနီမ အဖြစ် စရဏ တရားတွေကို ကျင့်ကြံခဲ့လို့ ဒီဘ၀မှာ အားပြည့်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တာဖြစ်တယ်။ ဒါကြောင့်လေ တစ်ယောက်နဲ့ တစ်ယောက် မပြစ်မှားတာ ကောင်းတယ်။ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေဟာ ပိုပြစ်မှား မိတတ်ကြတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်လိုက်၊ မလုပ်နိုင်ရင် မျက်နှာလွှဲလိုက်တာ ကောင်းတယ်။ ကုသိုလ်မရရင်တောင် အကုသိုလ်တော့ မယူနဲ့ပေါ့။ ကိုယ်ပြောလိုက်၊ ပြစ်မှားလိုက်တဲ့ သူဟာ အရိယာဟုတ်၊ မဟုတ် ဘယ်လို သိနိုင်မှာလဲ။ အရိယာ ဆိုတာ ဆိုင်းဘုတ်ချိတ်ထား တာလဲမဟုတ်။ တစ်ခါတစ်လေ ကာယကံရှင်တောင် သူ့ကိုယ်သူ အရိယာ ဖြစ်မဖြစ် သိချင်မှသိကြတာ။ ဒါကပညာအလုပ်၊ ဉာဏ်အလုပ်မဟုတ်လား။ ဗီဇစရိုက်၊ အထုံဆိုတာက ဖျောက်ဖို့ အခက်သားနော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်တောင် မြောင်းတွေ့တော့ ခုန်မိသေးတာပဲ။ အရိယာဖြစ်ပြီး အပြော ကြမ်းတဲ့သူလည်း ရှိနိုင်တယ်နော်။ ဘယ်သူ့ကိုမှ လျှော့မတွက်ပဲ လေးစားတာ အကောင်းဆုံးပဲနော်။
အရှင်မ အမ္ဗပါလီရေ... သင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ သင်သွားရာ လမ်းကိုလိုက်ဖို့ ကျွန်မကြိုးစား နေပါ တယ်။ တစ်ချိန်မှာတော့ သင့်လိုပဲ ရောက်မှာပေါ့နော်။
ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားသော “ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ” တရားတော်ကို မှီငြမ်းရေးသားပါသည်။
မေတ္တာဖြင့်
စီစီချိုသန်း
မေလ(၈)ရက်။၂၀၀၉
အနတ္တလက္ခဏသုတ် ဒေသနာတော်၊
မြတ်စွာဘုရားရှင်ဟာ အနတ္တလက္ခဏသုတ်ကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့၊ မိဂဒါဝုန်တောမှာ ဟောကြားခဲ့ပါတယ်။ ၀ါဆိုလပြည့် ကျော်(၄)ရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး သောတာပန် အဖြစ်ရောက်ရှိခဲ့ပါတယ်။ ထို့သို့ သောတပန် အဖြစ်သို့ရောက်ရှိပြီး ဉာဏ်ရည်ပြည့်ဝပြီး ခက်ခဲနက်နဲတဲ့ တရားကိုနာ ယူရန် အသင့်ဖြစ်ပြီလို့ ဘုရားရှင် သိမြင်တော်မူတဲ့အတွက် ၀ါဆိုလပြည့်ကျော်(၅) ရက်နေ့ အရောက်မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံးစုရုံးစေပြီး အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူရခြင်းဖြစ်ပါတယ်။ “အနတ္တလက္ခဏ” ဆိုတဲ့ စကားကို “အနတ္တ” နဲ့ “လက္ခဏာ” လို့ ၂ ပုဒ်ခွဲပြီးကြည့်ရပါမယ်။ “အနတ္တ” ပုဒ်ရဲ့လွယ်လွယ် အနက် အဓိပ္ပာယ်က “အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ် ငါမရှိ” လို့ဖြစ်ပါတယ်။ လက္ခဏ (လက္ခဏာ) ဆိုတာက မှတ်သားကြောင်းဖြစ်ပါတယ်။ ဒါကြောင့် “အနတ္တလက္ခဏ” ဆိုတာ“အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ်၊ ငါမရှိဟု မှတ်သားကြောင်းလက္ခဏာ” လို့ အဓိပ္ပာယ်ရပါတယ်။
အနတ္တလက္ခဏသုတ်ကို အနှစ်ချုပ်ပြီးကြည့်ရင် အောက်ပါတိုင်း အတိုင်း တွေ့ရမှာဖြစ်ပါတယ်။
(၁) ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါ၊ ၀ိညာဉ် ဆိုတဲ့ ခန္ဓာငါးပါး တို့ရဲ့ အနတ္တဖြစ်ပုံ။
(၂) ခန္ဓာငါးပါးကို ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်လို့ ဟုတ်တိုင်းမှန်စွာ ၀ိပဿနာပညာ၊ မဂ်ပညာနဲ့ ရှုကြည့်အပ် သိမြင်အပ်ပုံ။
(၃) ထိုသို့ကြည့်ရှုကြည့်ခြင်း၊ သိမြင်ခြင်းကြောင့် ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြစ် ပေါ်လာပုံ။
(၄) အနတ္တလက္ခဏသုတ် ဒေသနာတော်ကို နာကြားရခြင်းကြောင့် ပဉ္စ၀ဂ္ဂီငါးဦးတို့ အာသဝေါတရားကင်းကွာ ရဟန္တာဖြစ်သွားကြပုံ။
ဘုရားရှင်က “ရဟန်းတို့…ရုပ်ဟာ အတ္တမဟုတ်ဘူး၊ ရုပ်ဟာတကယ်လို့ အတ္တဖြစ်ခဲ့ရင် နာကျင်ခြင်းဆိုတာ မဖြစ်ရဘူး။ ငါ့ရဲ့ရုပ်ဟာ ဒီလိုဖြစ်ပါစေ၊ ဒီလိုမဖြစ် ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း ရကောင်းရပါတယ်။ အခုတော့ရုပ်ဟာ အတ္တမဟုတ်တဲ့အတွက် နာကျင်ခြင်းဖြစ်ပါတယ်။ ငါ့ရဲ့ရုပ်ဟာဒီလိုဖြစ်ပါစေ၊ ဒီလိုမ ဖြစ်ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း မရပါဘူး။” ဟုဟောတော်မူခဲ့ပါ တယ်။
အနတ္တလက္ခဏသုတ်ဟာ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို သာမန်ပုထုစဉ်များနဲ့ ထူးခြားအောင် ခွဲခြားပေးလိုက်တဲ့ သုတ်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားသာသနာတော်မှာ မြတ်စွာဘုရားပြီးရင် လူသားများထဲက ပထမဆုံး ထူးထူးခြားခြား ရဟန္တာဖြစ်သွား သူများကို ညွှန်ပြပါဆိုရင် ပဉ္စ၀ဂ္ဂီငါးဦး တို့ကို ညွှန်ပြရမှာဖြစ်ပါတယ်။…။
• ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာတို့၊ ဖြစ်လာသမျှ၊ ကုန်ပျက်ရ အနိစ္စချည်းပါတကား။
• ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကို၊ တရံမစဲ၊ အမြဲခံရ၊ သဘာဝ၊ ဒုက္ခချည်းပါတကား။
• ကိုယ့်အလိုမလိုက်၊ ကိုယ်ကြိုက်မဖြစ်၊ အနှစ်သာရ၊ ရှာမရ၊ အနတ္တချည်းပါတကား။
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာပဏ္ဍိတ အရှင်တိက္ခ ရွတ်ဖတ်ပူဇော်တော်မူသော ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာဒေသနာတော်နှင့် အနတ္တလက္ခဏသုတ် ဒေသနာတော်တို့ နာယူကြည်ညိုကြပါ။

အကောင်းဆုံးသောည
လူ့ဘ၀ကိုရောက်လာတဲ့ လူတိုင်း ညပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ ညနဲ့ မကြုံတွေ့ရတဲ့ သူဆိုတာ မရှိပါဘူး။ ၁နှစ်မှာ ၃၆၅ရက် ရှိတဲ့ အတွက်ကြောင့် ညပေါင်း ၃၆၅ ညကို ဖြတ်သန်းခဲ့ကြပါတယ်။ ၁၀နှစ်ဆိုရင် ၃၆၅၀ ညပေါ့။ အဲဒီညတွေထဲမှာ တန်ဖိုးရှိတဲ့ အကောင်းဆုံးညဆိုတာ ဘယ်ညလဲ? ညအချိန်တွေမှာ Online မှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ခွဲခွာနှုတ်ဆက်ကြတဲ့ အချိန်မှာ Good Night (ကောင်းသောညဖြစ်ပါစေ) စသဖြင့် နှုတ်ဆက်ကြပါတယ်။ ကောင်းသောညဆိုရာမှာ ကောင်းတယ်ဆိုတာကို ဘာစံချိန်နဲ့ သတ် မှတ်မှာလဲ။ ကောင်းတယ်ဆိုတာကို အပျော်ဆုံးဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ သတ်မှတ်မှာလား? အခြားအရာတွေနဲ့ သတ်မှတ်မှာလား? ကိုယ်ကြိုက်ရင်ကောင်းတယ်လို့ သတ်မှတ်မှာလား? အဲလိုသတ်မှတ်ရင် တယောက်နဲ့ တယောက်ဟာ ကောင်းတဲ့ညတွေ တူလို့ မဖြစ်ပါဘူး။ ကာမဂုဏ်အာရုံခံစားတဲ့ သူက သူတို့ရဲ့ အပျော်ဆုံးညကို အကောင်းဆုံးညလို့ သတ်မှတ်ပါလိမ့်မယ်။ ဂိမ်းဆော့တဲ့သူတွေ အတွက် ဂိမ်းကစားလို့ နိုင်ပွဲများတဲ့ည ကို အကောင်းဆုံးညလို့ သတ်မှတ်ကြလိမ့်မယ်။ ချစ်သူစုံတွဲတွေ အတွက် ချစ်ချစ်ခင်ခင်နဲ့ ပြောဆိုခွင့်ရတဲ့ ညကို သူတို့ရဲ့ အကောင်းဆုံးညလို့ သတ်မှတ်ကြမှာပါ။ ဒါကြောင့် တဦးနဲ့ တဦးရဲ့ အကောင်းဆုံးညတွေက မတူနိုင်ပါ ဘူး။ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြမှာပေါ့။ အကောင်းဆုံးညဆိုတာ ဘယ်လိုလဲဆိုတာ သိဖို့လိုလာပါတယ်။
လူ့လောကမှာ ညအခါဆိုရင် အိပ်စက်နားနေခြင်းနဲ့ ကုန်လွန်စေကြတာများပါတယ်။ ညဆိုတာ အေးချမ်းတိတ် ဆိတ်ပြီး ကြည်နူးဖွယ်ကောင်းပါတယ်။ တရားဓမ္မနဲ့ မွေ့လျော်ကြတဲ့ ပညာရှိတွေ အတွက် အိပ်မောကျပြီး ဖြတ် ကျော်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားက အကောင်းဆုံးည ဖြစ်ဖို့အတွက် အတိတ်အကြောင်းကိုလည်း ပြန်ပြောင်းမစဉ်းစားပါနှင့်၊ နောင်ဖြစ်လာမယ့် အနာဂတ်ကိုလည်း မျှော်တွေးမနေပါနှင့်၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလမှာ ကုသိုလ်တရား တိုးပွားအောင်နေပြီး၊ အကုသိုလ်တရားတွေ မဖြစ်အောင်နေဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားရှင်က အပါဒါန်ပါဠိတော်မှာ -
နတာဝ သုပိတုံ ဟောတု၊ ရတ္တိ နက္ခတ္တမာလိနီ၊
ပဋိဇဂ္ဂိတု မေဝေသာ၊ ရတ္တိ ဟောတိ ၀ိဇာနတံ။
နက္ခတ်ပန်းတို့ဖြင့် ဆန်းကြယ်လှပသော ညဥ့်သည် အိပ်နေဖို့ရန် ဖြစ်လာသည် မဟုတ်။ ရှေ့ရေး နောက်ရေး ထောက်တွေးသိတတ် ပုဂ္ဂိုလ်မြတ်တို့အတွက် နိုးနိုးကြားကြား တရားအားထုတ်ဖို့ရန် အလို့ငှာသာလျှင် ဖြစ်ပေါ် လာ၏။ (အပါဒါန်ပါဠိတော်)
မိမိတို့တွေရော အေးချမ်းမှုရှိတဲ့ ညအချိန်မှာ ဘယ်လိုအသုံးချ ကြမလဲ? လောကမှာ လူတန်းစား အမျိုးမျိုးရှိကြ တဲ့ အတွက်ကြောင့် နေထိုင်စားသောက်ကြရတဲ့ အခြေအနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေ မတူညီကြပါဘူး။ ဒါပေမယ့် လူသားတိုင်း တန်းတူရတဲ့ အခွင့်အရေး တခုကတော့ အချိန်တွေကို ပိုင်ဆိုင်ခြင်းပါ။ မိမိတို့ရော တန်းတူရတဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေလဲ? ကံမကုန်ခင်လေးမှာ ဘာအလုပ်တွေက အလုပ်သင့်ဆုံးလဲ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်ရမယ်။ ယခုအချိန်အခါမှာ နေ့စဉ် ၀မ်းစာရေးအတွက် လှုပ်ရှားလုပ်ကိုင်နေရတဲ့ လူသားတွေ အတွက် ညအချိန်မှာပဲ အိပ်စက် အနားယူချိန်ရှိတယ်လို့ ပြောရင် ငြင်းဖွယ်ရာ မရှိပါဘူး။ အကောင်းဆုံးသောည ဖြစ်ဖို့ ညအချိန်မှာ တရားပဲထိုင်နေရမယ်လို့ ဆိုလိုရင်း မဟုတ်ပါဘူး။ တချို့က တရားထိုင်နေမှ တရားလုပ်တယ်လို့ မြင်တတ်ကြတယ်။ မိမိတို့ရဲ့ စိတ်ကလေးကို အပူဓာတ် မဖြစ်အောင် နေတတ်ဖို့ လိုတာပါ။ ၀ိပဿနာ အသိနဲ့ နေ့စဉ် ညစဉ် နေတတ်ရင်တော့ အကောင်းဆုံးပေါ့။ ညအချိန်ပဲ သတိရှိပြီး စိတ်ကို အအေးဓာတ်ကိန်းအောင် နေသွားရမှာ မဟုတ်ပဲ နေ့စဉ် နေစဉ်မှာလည်း နေသွားရမှာပါ။ နေရာတိုင်း အမူအရာတိုင်းမှာ အားထုတ်တတ်ဖို့ အဓိက ကျပါတယ်။
ညစဉ် ရတဲ့အချိန်လေးမှာ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားဓမ္မများကို နာယူသင့်ပါတယ်။ ယခုလို တရားဓမ္မများ အလွယ်တကူရရှိ နာကြားနိုင်ခွင့်ရတာလည်း ဓမ္မကို တန်ဖိုးထားတတ်သူတွေ အတွက် အမြတ် ဆုံးသော ရတနာတွေကို ပိုင်ဆိုင်ခွင့်ရနေတာပါ။ ဒီရတနာတွေကို သိရှိတဲ့ လူတွေအတွက်တော့ အသုံးဝင်သလို မသိတဲ့ သူတွေအတွက်တော့ အကြီးမားဆုံးသော နစ်နာမှုပါ။
ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသော တရားမှာ “ဘုရားက ကောင်းတယ်ဆိုတာကို မိမိက မနှစ်သက်လည်း ပေလုပ်ပါ။ ဘုရားက မကောင်းဘူးဆိုတာကို မိမိက နှစ်သက်လည်း ပေရှောင်ပါ” လို့ နာယူခဲ့ဖူးပါတယ်။ မိမိတို့ နှစ်သက်နေတဲ့ လောကီအာရုံတွေကို နှစ်သက်နေပေမယ့် ဘုရားရှင်က မကောင်းဘူးလို့ မိန့်ဆိုထားရင် ရှောင်ရှားရမယ်။ မိမိက မနှစ်သက်ပေမယ့် ဘုရားက ကောင်းတယ်ဆိုတာကို လုပ်ဆောင်ရပါမယ်။
မိမိတို့တွေ ဘုရားရှင် ဟောကြားဆုံးမခဲ့တဲ့ တရားဓမ္မနှင့် မွေ့လျော်အောင်နေပြီး Good Night များစွာကို ပိုင်ဆိုင် ဖြတ်သန်းနိုင်ကြပါစေ။

ပြောသမျှကို ချိုလှစေ
လူတိုင်းတွင် မွေးကတည်းက ပါလာသော ဓားမကြီး တစ်လက်ရှိ၏။
၎င်းကို အသုံးပြုတတ်က အသုံးဝင်ပေမယ့် အသုံးမပြုတတ်က မိမိကိုယ်ကို မိမိ ပြန်၍ ခုတ်သတ်တတ်၏။
ထိုဓားမသည်ကား လက်နှစ်လုံးခန့်ရှိသော ပါးစပ်ပေါက်ဖြစ်၏။
စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားမှ-
လူတို့နေထိုင်ရာ လူ့ပတ်ဝန်းကျင်တွင် လူတို့အချင်းချင်း ပေါင်းသင်းဆက်ဆံကြရာမှာ မိမိတို့ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် ဘာသာစကားများ ရှိကြပါတယ်။ ကျနော်တို့ မြန်မာလူမျိုးမှာလည်း မြန်မာ့ ဘာသာစကားနှင့် ယဉ်ကျေးမှု နယ်မြေဒေသ ဓလေ့ထုံးတမ်းအတိုင်း ပြောဆိုဆက်ဆံကြပါတယ်။ တစ်ဦးနှင့် တစ်ဦး အကြောင်းအားလျော်စွာ ပြောဆိုဆက်ဆံကြရာမှာ ပီယ၀ါစာ- ချစ်ဖွယ်သော စကားအသုံးနှင့် ဖရုသ၀ါစာ- ရုန့်ရင်းကြမ်းတမ်းသော စကားအသုံးဟူ၍ နှစ်မျိုးရှိပါတယ်။ နေ့စဉ်နေ့တိုင်း လူအများနှင့် ပြောဆိုဆက်ဆံကြရာမှာ အသက်အရွယ်၊ ဂုဏ်သိက္ခာ၊ ကာလဒေသ အလျောက် သင့်မြတ်သော စကားလုံးများကို ရွေးချယ်သုံးနှုန်းတတ်ရန် အရေးကြီးပါတယ်။ မိမိပြောဆိုလိုက်သော စကားတစ်ခွန်းသည် ကြားရသူတို့အတွက် ချိုသာသော စကားအသုံး အနှုန်းဖြစ်ဖို့အတွက် သတိထားသင့်ပါတယ်။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ၊ ဟု ရှင်မဟာရဋ္ဌသာရက ရေးသား ဆုံးမခဲ့သည်ကို သတိရကြပါ။
လောကတွင် လူအမျိုးမျိုးရှိကြရာ အချို့သောသူများမှာ ပြောဆိုခက်သော လူ့ဂလန့်၊ လူ့ဂွစာများ ဖြစ်သည့်အတွက်ကြောင့် ချိုချိုသာသာပြောရင် အလေးမထားတတ် သောကြောင့် ခပ်ကြမ်းကြမ်း ပြောဆိုရတာ မျိုးလည်း ရှိတတ်ပါတယ်။ မလွှဲသာ မရှောင်သာပြောရရင် အတိုင်းအတာ တစ်ခုထက်ကျော်လွန်၍ ပိဿာလေးနှင့် နံဘေးပစ် ဆိုသကဲ့သို့ တနင့်တစ်ပိုး ဖြစ်သွားအောင်တော့ မပြောဆိုသင့်ပါ။ မိမိဘက်က အသာစီးရတိုင်း၊ မိမိဘက်က မှန်နေတိုင်းလည်း၊ ငါပြောတာ အမှန် ချည်းပဲဟု အလွန်အကျွံ မပြောမိစေရန် သတိပြုရမည် ဖြစ်ပါတယ်။ မှန်တာ ပြောတိုင်း လူတို့မကြိုက်သည် သိမှတ်ကြပါ။ အရက်သမား၊ ဖဲသမား တစ်ယောက်ကို လူရှေ့သူရှေ့တွင် "ဟေ့ကောင် အရက်သမား၊ ဖဲသမား" ဟုခေါ်ရင် ဆတ်ဆတ်ခါ နာသွားလိမ့်မည်ဖြစ်ပါတယ်။ ခြေလက်အင်္ဂါမစုံလင် သောသူကို အကျိုးဟု မေးရင် အခေါ်ခံရသူ စိတ်ထဲတွင် မည်သို့ ခံစားရရှာမည်ကို ကိုယ်နှင့်စာ၍ ကြင်နာတတ်ပါလေ။
တစ်ခါက ရွာတစ်ရွာမှာ မှန်တာပြောတတ်လွန်းသော အဖွားအိုတစ်ယောက်ရှိပါတယ်။ ရပ်ရွာထဲတွင် အမှု ကိစ္စများဖြစ်သည့်အခါ ဆိုးကျိုးများ ဖြစ်ပေါ်လာ မည်စိုးသဖြင့် အမှန်အတိုင်း မပြောပဲဖုံးအုပ် ထားရတာ မျိုးရှိပါတယ်။ ထိုသို့ ဖုံးအုပ်ကွယ်ဝှက် ထားပါသော်လည်း မှန်တာအကုန်ပြောတတ်သော အဖွားအိုကြောင့် ရွာထဲတွင် မကြာခဏပြဿနာ တက်ကြရတယ်။ ထို့ကြောင့် ရွာသူရွာသားတို့က အဖွားအိုကို ရွာတွင်းမှာ နေခွင့်မပေးတော့ပဲ အဖွားအိုကို ရွာပြင်မှာ တစ်ယောက်တည်း နေခိုင်းကြတယ်။
တစ်နေ့မှာ ခရီးသွားယောက်ျား တစ်ယောက်က ရွာပြင်ရှိ အဖွားအိုနေထိုင်ရာ ရွက်တဲမှာ ၀င်ရောက် ခိုနားပါတယ်။ ခရီးသွားယောက်ျားမှာ မျက်စိတစ်ဖက် ပျက်နေသည်ကို အဖွားအိုက သတိပြုမိပါတယ်။ အဖွားအိုတစ်ယောက်တည်း နေသည်ကိုသာတွေ့ရလို့ ထိုယောက်ျားက အဖွားအဘယ်ကြောင့်များ ရွာပြင်မှာ တစ်ယောက် တည်းထွက်နေရသလဲ ဟု မေးသောအခါ အဖွား မှန်တာပြောတတ်လွန်း လို့ဆိုပြီး တစ်ရွာလုံးက မနှစ်သက်လို့ ရွာပြင်ထွက်နေ ရတာပါ ဟုဖြေပါတယ်။ ထိုယောက်ျားက ဖြစ်မှဖြစ်ရလေ မှန်တာ ပြောတာကိုများ မကြိုက်လို့ ရွာပြင်ပို့ရတယ်လို့ တော်တော်မိုက်မဲတဲ့ လူတွေပဲဟု ဝေဖန်ပြစ်တင်လေတော့တယ်။ စကားပြောဆိုပြီးတော့ ခရီးသွားယောက်ျားက အဖွားအိုကို နှုတ်ဆက် ထွက်ခွာသွားပါတယ်။ ခပ်လှမ်းလှမ်း ရောက်သောအခါမှာ ခရီးသွားယောက်ျား ကျန်ရစ်ခဲ့တဲ့ အထုပ်ကို မြင်သဖြင့် အဖွားအိုက ကမန်းကတမ်း လှမ်းအော်၍ “ဟဲ့ဟဲ့ မျက်စိတစ်ဖက် ကန်းနေတဲ့သူငယ် ဒီမှာ မောင်ရင့်အထုပ်ကျန်ခဲ့တယ်” ဟု ဆိုလိုက်တယ် ခရီးသွားယောက်ျားမှ တစ်ဖက်ကန်းဟု အပြောခံလိုက်ရသဖြင့် စိတ်ဆိုးသွားပြီး “အဖွားကြီး ခင်ဗျားရွာပြင် ထွက်နေရတာတောင် နည်းသေးတယ်” ဟု ပြန်ပြောလိုက်လေတယ်။ ထိုသာဓက ကိုကြည့်ပြီး မှန်သော်လည်း အကျိုးမရှိသော စကား ရိုင်းပျသောစကားမျိုးဖြစ်ပါက မပြောအပ်ပါ။
အချို့သူများမှာ ပင်ကိုယ်ဗီဇအရ နှုတ်ထွက်ကြမ်းသူပီပီ အဆဲမပါရင်စကားမပြော တတ်သလို တစ်ဖက်သားအား အပြစ်တစ်စုံတစ် ရာမြင်၍ ပြောမိရင် ရက်ရက်စက်စက် ပြောတတ်ခြင်းကြောင့် မပြစ်မှား ထိုက်သောသူကို ပြစ်မှားမိလေရာ “၀စီဗေဒ ထိတိုင်းရှ” ဆိုသကဲ့သို့ စကားတစ်လုံး၏ အမှားကြောင့် ဘ၀အဆက်ဆက် အကုသိုလ်အကျိုးပေးများ ခံစားခဲ့ရသော သာဓကများရှိပါတယ်။
အမ္ဗပါလီ ထေရီရဟန္တာမကြီသည် အတိတ်ဘ၀ ပွင့်တော်မူပြီးသော သိခီဘုရားရှင် လက်ထက်တော် က ဘိက္ခူနီမများနှင့်အတူ စေတီတော်သို့ သွားရောက်လှည့်လည် ပူဇော်ကြရာ ရှေ့မှသွားသော “ခီဏာသ၀” ရဟန္တာမကြီးမှ အမှတ်တမဲ့ကျခဲ့သော တံတွေးပေါက်သည် စေတီရင်ပြင်ပေါ်သို့ ကျရောက်သွားလေတယ်။ နောက်မှ ပါလာသော အမ္ဗပါလီ အလောင်းအလျာဖြစ်တဲ့ ဘိက္ခူနီမက တံတွေးစက်ကိုမြင်လျှင် “အဘယ် ပြည့်တန်ဆာမသည် စေတီရင်ပြင်ကို တံတွေးပေါက် ကိုချဘိသနည်း” ဟု ဆဲရေးမိပါတယ်။ ရဟန္တာမကြီး အား ပြစ်မှားမိသော ၀စီကံအကုသိုလ်ကြောင့် ငရဲမှာ ကျခံရပါတယ်။ ငရဲမှ လွတ်သော် ပြည့်တန်ဆာမ ဘ၀ဖြင့် ဘ၀ပေါင်းတစ်သိန်း ကျင်လည်ရတယ်။ နောက်ဆုံး နိဗ္ဗာန်ဝင်မည့် ဘ၀တွင် ဂေါတမ ဘုရားရှင် လက်ထက်တော်တွင် ဝေသာလီမင်းတို့ သိမ်းပိုက်ပိုင်ဆိုင်လိုမှုကို အကြောင်းပြု၍ မင်းသားအချင်းချင်း ခိုက်ရန် ဖြစ်ကြသဖြင့် အားလုံးသော မင်းတို့ပျော်ပါးအပ်သော ပြည့်တန်ဆာမအဖြစ်သို့ ရောက်ခဲ့ရပါတယ်။
ထိုဒေသနာတော်ကို ကြည့်ခြင်းအားဖြင့် သူတော်ကောင်းတရားကို အားထုတ်ခဲ့၍ ကျွတ်တမ်းဝင်ခဲ့ရသည့် နောက်ဆုံးဘ၀တိုင်အောင် ၀စီ ဒုစရိုက်၏ အကျိုးဆက်ကို ခံစားရကြောင်း တွေ့မြင်နိုင်ပါတယ်။
ဗုဒ္ဓမြတ်စွာရှင်က ရှောင်ရန် ဒုစရိုက်တရားများ ဟောကြားခဲ့ရာ ၀စီဒုစရိုက် တရားလေးပါးကို ထုတ်ဖော်ဟောကြားခဲ့ပါတယ်။
၁။ မုသာဝါဒါ (မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း)။
၂။ ဖရုသ၀ါစာ (ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုခြင်း)။
၃။ ပိသုဏ၀ါစာ (ကုန်းချောစကားကိုပြောဆိုခြင်)။
၎။ သမ္ဖပ္ပလာပ၀ါစာ (သိမ်ဖျင်းသော အနှစ်မဲ့ သောစကားကိုပြောဆိုခြင်း)။
စသည်ဖြင့် စကားပြောဆိုရာ၍ မပြောဆိုအပ်သော စကားများကို ဆုံးမ ဟောကြားတော်မူခဲ့ပါတယ်။ ၀စီကံလေးပါးကို လုံခြုံအောင် ပြောဆိုနိုင်ဖို့ရာ ခဲယဉ်းပါတယ်။ သို့သော် သတိတရားဖြင့် ထိန်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ စကားများများပြောလေ အမှားများများ ပါလေဖြစ်တတ်ပါတယ်။ စကား..စကားပြောပါများ စကားထဲက ဇာတိပြ ဆိုသကဲ့သို့ မိမိပြောသော စကားကပင် မိမိ၏ စရိုက်လက္ခဏာကို ဖော်ပြနေ သကဲ့သို့ဖြစ် တတ်ပါတယ်။ မိမိပြောဆိုလိုက်သော စကားတစ်ခွန်းသည် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်စီးသွားစေပါက ၀စီဒုစရိုက် ဖြစ်နေပြီဖြစ်သည်ကို သတိပြုရပါမယ်။ အထူးသဖြင့် လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရပါမယ်။
အချုပ်အားဖြင့် ဆိုရသော် ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျဏ္ဍိတ ဟောကြားဆုံးမတော်မူသော တရားတော်မှ နိဗ္ဗာန်လိုချင်ရင် သူများအတင်းမပြောနဲ့၊ ချမ်းသာလိုချင်ရင် သူများအတင်းမပြောနဲ့ ဆိုသည့် ဆုံးမ စကား အတိုင်း လိုက်နာကျင့်ကြံကြဖို့ အလေးအနက် အသိပေးတိုက်တွန်းပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

ဗာလပဏ္ဍိတသုတ်
ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ …
သာသနာတော်ကို ရေရှည်တည်တံ့၊ ခိုင်မြဲစေရန် ကျေးဇူးတော်ရှင် သံဃာတော် အရှင်သူမြတ်များက ခက်ခဲပင်ပန်းစွာဖြင့် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ရသည်ကို သိရှိစေလိုပါတယ်။ သာသနာတော် သန့်ရှင်းစေရန်အတွက် သင်္ဂါယနာတင်ပွဲများ ပြုလုပ်၍ သာသနာတော်ကို ညစ်နွမ်းပျက်စီးစေမည့် အယူဝါဒများကို ဖယ်ရှားခဲ့ရပါတယ်။ ထို့အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် သင်္ဂါယနာတင်ရပုံကို သိသင့်တယ်လို့ ခံယူမိပါတယ်။ ထို့ကြောင့် ဆဋ္ဌသင်္ဂါယနာတင် တရားတော်များမှ ဗာလပဏ္ဍိတသုတ်ကို ရွှေးထုတ်၍ တင်ပြအပ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက မေး၍ မင်းကွန်းတိပိဋကတ် ဆရာတော်ကြီးက ဖြေဆိုထားတာ ဖြစ်ပါတယ်။ ဓမ္မချစ်ခင် သူတော်စင်များ တရားတော်ကို နာကြား၍ မိမိတို့ ရောက်ရှိနေသော လူ့ဘ၀အချိန်တိုတို ကာလလေးကို အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။ ကံကောင်း၍ ကျန်ရှိနေသော လက်ရှိအချိန်ကို အသုံးချပြီး ဒုက္ခခပ်သိမ်း အေးငြိမ်းနိုင်ကြပါစေ။
Player မပေါ်လာပါက ခဏစောင့်ပါ။
တရားတော်ကို ကူးယူနိုင်ပါတယ်။

ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ခန်း
ကျေးဇူးတော်ရှင် မိုးညှင်းသိဂီင်္ကျောင်းတိုက် ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဟောကြားသော “ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း” တရားတော်ဖြစ်ပါတယ်။ သူတော်ကောင်း တရားများ နာယူမှတ်သား ကျင့်ကြံအား ထုတ်ကြ၍ မိမိတို့ လိုရာပန်းတိုင်ကို ရရန်၊ ရောက်နိုင်ကြပါစေ။
အချိန်တိုင်းတွေးနေရင်း ဘ၀ပြောင်းနေသည်
ကျေးဇူးတော်ရှင် မိုးညှင်းသိဂီင်္ကျောင်းတိုက် ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ ဟောကြားသော “အချိန်တိုင်းတွေးနေရင်း ဘ၀ပြောင်းနေသည်” တရားတော်ဖြစ်ပါတယ်။ သူတော်ကောင်း တရားများ နာယူမှတ်သား ကျင့်ကြံအား ထုတ်ကြ၍ မိမိတို့ လိုရာပန်းတိုင်ကို ရရှိခံစားနိုင်ကြပါစေ။
တရားတော်ကို ကူးယူနာကြားနိုင်ပါရန်။
တရားတော်ကို ကူးယူနာကြားနိုင်ပါရန်။
အနိစ္စ
အနိစ္စ(မမြဲမရှိခြင်း)၊ ဒုက္ခ(ဆင်းရဲခြင်း)၊ အနတ္တ(ငါမဟုတ်)
အနိစ္စဆိုတာ ပရမတ္ထ (တကယ့်အမှန်တရား)တရား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ ဒေသနာဖြစ်နေတော့ နားလည်ဖို့ ခက်ပေမယ့် နားလည်အောင် ကြိုးစားရမယ့် တရားလည်းဖြစ်ပါတယ်။ ဒီတရားကို နားလည် သဘောပေါက်တယ်ဆိုရင် နားလည်တဲ့ အတိုင်းအတာနဲ့ အညီအမျှ ချမ်းသာသုခ ရရှိနိုင်ပါတယ်။ အနိစ္စဆိုတဲ့ စကားဟာ အဓိပ္ပာယ် လေးနက်ပေမယ့် မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အနိစ္စရဲ့ အခြေခံကျတဲ့ အဓိပ္ပာယ်ကို သက်ရှိသက်မဲ့ အရာအားလုံး အမြဲမပြတ် ဖြစ်လိုက်ချုပ်လိုက် တရွေ့ရွေ့ ပြောင်းလဲနေခြင်းလို့ ဖွင့်ဆိုနိုင်ပါတယ်။ ဖောက်ပြန် ပြောင်းလဲ တတ်တဲ့သဘော၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး အကြောင်း မညီညွတ်တော့ ပျက်သုဉ်းသွားတဲ့အခါ ဘာရယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာမရှိတဲ့သဘော၊ အခိုက်အတန့်သာ တည်မြဲနေနိုင်တဲ့သဘော၊ ဖြစ်ပြီးပျက်တတ်တဲ့ သဘော၊ အချိန်ကြာကြာ ဖြစ်တည်မနေနိုင်တဲ့သဘောတွေကို အနိစ္စလို့ ခေါ်ပါတယ်။ အသက်ရှင်ရာကနေ သေဆုံးသွားတာမျိုး၊ ပစ္စည်းတစ်ခု အကောင်းပကတိကနေ ကွဲပျက်သွားတာမျိုး အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလဲသွားတာ တစ်ခုတည်းကိုပဲ အနိစ္စလို့ခေါ်ရတာ မဟုတ်ပါဘူး။ ဘ၀သစ် တစ်ခု မွေးဖွားဖြစ်တည်လာတာမျိုး၊ အပျက် အစီးကို ပြန်လည်ပြင်ဆင်နိုင်တာမျိုး တွေဟာလည်း ရွေ့ရှားပြောင်းလဲမှု အမျိုးအစားတွေ ဖြစ်နေတော့ အနိစ္စသဘောတွေပါပဲ။ အရှင်းဆုံး ပြောရရင် သက်ရှိသက်မဲ့ အရာရာဟာ အနိစ္စပါပဲ။ ဒီသဘောကိုပဲ ဘုရားရှင်က သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ဟောတော်မူခဲ့ပါတယ်။ သင်္ခါရတရား အားလုံးဟာ အနိစ္စ သဘောတွေဖြစ်တယ်လို့ ဆိုလိုတာပါ။
သင်္ခါရဆိုတာကတော့ အပြုပြင်ခံတရားတွေ၊ ဖန်တီးထားတဲ့ အရာတွေဖြစ်ပါတယ်။ ကံတရားက ဖန်တီးလိုက်တဲ့ ဘ၀အမျိုးမျိုးနဲ့ လူဖန်တီးတဲ့အရာ၊ ဥတုကြောင့်ဖြစ်ပေါ်လာတဲ့ အရာတွေဟာ သင်္ခါရတရားတွေဖြစ်ပါတယ်။ ဒါတွေဟာ အနိစ္စတရားတွေသာဖြစ်ပါတယ်။ ကံဖန်တီးတဲ့ ဘ၀ဟာ အမြဲမပြတ် ပြောင်လဲရွေ့ ရှားနေပါတယ်။ နုပျိုရာကနေအိုမင်းလာပါတယ်။ အဆင်ပြေရာကနေ အဆင်မပြေတဲ့ဘက် ပြောင်းလဲတာလဲ ရှိပါတယ်။ ငိုရာကနေ ပြုံးရတာလဲ ရှိပါတယ်။ ဆုံလိုက်ကွဲလိုက်၊ ပျော်လိုက်ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပဲပြောင်းလဲနေပါတယ်။ ဒါပေမယ့် မြန်မာစကားမှာတော့ ကွယ်လွန်အနိစ္စရောက်တယ်ဆိုပြီး အနိစ္စကို သေခြင်းတရား အဖြစ်ပဲ အများအားဖြင့် ရည်ညွန်းလေ့ရှိကြပါတယ်။ (အားလုံကိုမ ပြောဆိုပါဘူး)။ အနိစ္စသဘော ကိစ္စချောလို့လည်း နဘေကာရံနဲ့ စာသံပါပါပြော လေ့ရှိကြပါတယ်။ တကယ်တော့ အနိစ္စဆိုတာ သေခြင်းတရား တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ဘူးလို့ နားလည်ကြရပါမယ်။ မတည်မြဲတဲ့ အနိစ္စ သဘောကို သိထားတယ်ဆိုရင် ကိုယ်ရောစိတ်ပါ သက်သာရာ ရနိုင်ပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်ရတာဟာ အဆိုးလောကဓံ (သို့) အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ အဆိုးလောကဓံ ဆိုတာဟာလည်း ဘ၀ဖွဲ့စည်းမှု အစိတ်အပိုင်းများစွာထဲက တစ်စိတ် တစ်ပိုင်းသာ ဖြစ်နေတော့ သူလည်းအနိစ္စပဲ၊ ကြာရှည် မတည်နိုင်ဘူးလို့ သဘောပိုက်လိုက်နိုင်ရင် သက်သာရာ ရနိုင်ပါတယ်။ တစ်မျိုးပြောရရင် ဒုက္ခရောက်ရတယ်၊ ကိုယ်စိတ် ဆင်းရဲရတယ်ဆိုတဲ့ (ဒုက္ခသစ္စာ)ဟာ မသိမှု (အ၀ိဇ္ဇာ)ကြောင့် ဖြစ်ပေါ်လာရတာပါ။
ထို့ကြောင့် သိမှု(၀ိဇ္ဇာ) ဖြစ်အောင်နေထိုင်ကျင့်ကြံသွားရပါမယ်။ ယခုစာရေး နေသောသူ သည် အမြဲတမ်း မပြတ်ရေးနိုင်နေမည် မဟုတ်ပါ။ စာဖတ်နေသောသူသည်လည်း အမြဲဖတ်နေနိုင် မည်မဟုတ်ပေ။ ထိုသို့မမြဲသော သဘောကိုပင် သိနေရပါမည်။ ထိုသဘောသည်ပင် အနိစ္စဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကို တင်ပြပါရစေ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရသော အရာများ၊ သတ္တ၀ါများသည်လည်း အနိစ္စတရားပင် ဖြစ်ပါတယ်။ ယခုအချိန်မှာ မပျက်စီးနိုင်ဘူးဟု ထင်ထားသော်လည်း ပျက်စီးသွားကြသောအခါ များစွာပူးဆွေးသောက ရောက်ကြရပါတယ်။ (မိမိတို့သည်လည်း အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည်ကို သတိသံဝေဂရကြပါစေ)။ တကယ်တော့ မိမိသည် ဖြစ်ပေါ်လာသော တရားတို့ပေါ် တွင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် သိပြီး၊ ပျက်စီးသွားသော အရာများပေါ်တွင် တဏှာနှင့် ယှဉ်သောစိတ်နှင့် ပူဆွေးသောက မဖြစ်ရန် အနိစ္စတရားကို သိနေဖို့လို အပ်ပါတယ်။
ဤသို့ဖြင့် အနိစ္စသဘာဝကို ဘာမှမသိလိုက်ဘဲ အနိစ္စဒဏ်ချက်ကို ဘုမသိဘမ သိခေါင်းငုံ့ခံနေရတာမျိုး၊ ဘ၀အဆက်ဆက် ဒုက္ခသံသရာ လည်နေရတာမျိုး မဖြစ်ရအောင် ဒုက္ခဇာတ်သိမ်းသည်အထိ အနိစ္စသဘာဝကို ကိုယ့်ဥာဏ်အလျောက် သုံးသပ်ဆင်ခြင်သင့်ပါတယ်။
စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာကို ရနိုင်၊ ရောက်နိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ…

သာသနာနဲ့ သာသနာပြု
သာသနာက ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း ယထာပရာဓသာသနာ၊ ယထာနုလောမသာသနာ၊ ယထာဓမ္မသာသနာလို့ သုံးရပ်ရှိတယ်။
ပရိယတ္တိသာသနာဆိုတာ ဘုရားဟော ထားခဲ့တဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ဆိုတဲ့ ပိဋကတ်စာပေတွေကို သင်ယူခြင်း၊ လေ့လာခြင်း၊ မှတ်သားခြင်း၊ သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း၊ နှုတ်ငုံဆောင်ထားခြင်း တို့ကိုခေါ်တယ်။
ပဋိပတ္တိသာသနာဆိုတာကတော့ ဘုရားဟောထား၊ ဆုံးမထားတဲ့ တရားတော်အတိုင်း လိုက်နာကျင့်ကြံ၊ အားထုတ်ခြင်းကိုခေါ်တယ်။ ပဋိဝေဓသာသနာ ဆိုတာကတော့ အပတ်တကုတ်ကျင့်ကြံ အားထုတ်လို့ မဂ်ဖိုလ် နိဗ္ဗာန်တရားတွေကို ထိုးထွင်း သိခြင်းပဲ။
သီလသာသနာဆိုတာ လူတွေမှာ ငါးပါး သီလ၊ ရှစ်ပါးသီလ။ ရဟန်းတော်တွေမှာ ၂၂၇ သွယ် ရှိတဲ့ သိက္ခာပုဒ်သီလတွေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာခြင်းပဲ။ သမာဓိသာသနာဆိုတာ ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပွားခြင်း၊ ပုတီးစိတ်ခြင်းစတဲ့ စိတ်အေးငြိမ်းကြောင်း၊ စိတ်တည်ငြိမ်ကြောင်း သမာဓိလုပ်ငန်းတွေကို လုပ်ခြင်းပဲ။ ပညာသာသနာ ဆိုတာကတော့ ၀ိပဿနာအလုပ်ကိုအားထုတ်လို့ ရုပ်နာမ်ကိုသိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်ခြင်းပဲ။
ယထာပရာဓသာသနာဆိုတာ အပြစ်ရှိတဲ့ သတ္တ၀ါတွေ အပြစ်အားလျော်စွာ ဆုံးမထားတဲ့ ၀ိနည်းပိဋကတ်ကိုခေါ်တာ။ ယထာနုလောမ သာသနာဆိုတာ သတ္တ၀ါတွေရဲ့ အလိုဆန္ဒ အဇ္ဈာသယ၊ ကိန်းဝပ်နေတဲ့ အနုသယအားလျော်စွာ ဟောကြားဆုံးမထားတဲ့ သုတ္တန်ပိဋကတ်ကိုခေါ်တာ။ ယထာဓမ္မသာသနာဆိုတာ ရုပ်အစုအဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိတဲ့ ဒီခန္ဓာကြီးကို ငါ၊ ငါလို့ထင်မှတ်နေတဲ့ သတ္တ၀ါ တွေကို ရုပ်အစု အဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိ ပါလားလို့ထင်အောင်မြင်အောင် ဆုံးမ၊ ဟောကြားထားတဲ့ အဘိဓမ္မာပိဋကတ်ကိုခေါ်တာ။
တစ်ခွန်းတည်းခြုံပြောရရင်တော့ သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမစကားတော်၊ မိန့်ခွန်းတော်၊ နှုတ်ခပတ်တော်၊ ပညတ်တော်ပါပဲ။
သာသနာပြုတယ်ဆိုတဲ့ ဝေါဟာရဟာ ဒီခေတ်ထဲမှာ ဖောဖောသီသီ လှိုင်လှိုင်ကြီးကို သုံးစွဲ နေကြတာပဲ။ ဘုရားဖူး သာသနာပြုအဖွဲ့တဲ့။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုတာလို အများစုဟာ ဘုရားဖူး နာမည်ခံပြီး အပျော်အပါးထွက်ကြတာ များတာပါ။ အလုပ်တွေ၊ တာဝန်တွေနဲ့ ဖိအားတွေများတော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ဘုရားဖူးနာမည်ခံပြီး လွပ်လပ်မှုတစ်ခု ရှာကြတာ၊ ခံစားကြတာ များတာပါ။
ကျေးဇူးတော်ရှင် တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားက သာသနာဆိုတာ အဆောက် အဦးကို ခေါ်တာ မဟုတ်ဘူးလို့ မိန့်ခဲ့တယ်။ ဒါကြောင့် သာသနာဆိုတာ ဘုရားမဟုတ်ဘူး။ စေတီမဟုတ်ဘူး၊ ပုထိုးမဟုတ်ဘူး။ ကျောင်းမဟုတ်ဘူး။ ကန်မဟုတ်ဘူး။ သာသနာဆိုတာ ဘုရား အဆုံးအမကိုခေါ်တာ။
ဘုရားတည်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ကိုယ် သူတို့ သာသနာပြုလိုင်းတဲ့။ သာသနာပြုပုဂ္ဂိုလ်တဲ့။ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့အလိုဆိုရင် ဟုတ်၊ မဟုတ် စဉ်းစားကြည့်ပေါ့။ ဘုရားမရှိတဲ့အရပ်မှာ ဘုရားတည် တာကောင်းပါတယ်။ ဘုရားရှိပြီးသား အရပ်မှာတော့ နောက်ထပ်အသစ်တည်ဖို့မလိုပါဘူး။ ဘုရားထက်အရေး ကြီးတာတွေ အများကြီးရှိ ပါသေးတယ်။
ကိုယ့်ဖယောင်းတိုင်မှာ မီးတောက် မရှိဘဲ တခြားဖယောင်းတိုင်ကို မီးကူးပေးလို့ မရဘူး။ ဒီလိုပဲ.. ကိုယ့်သန္ဓာန်မှာ သာသနာ မရှိဘဲ သူများကို သာသနာပြုလို့မရဘူး။ သာသနာပြုတယ်ဆိုတာ လူတိုင်းနဲ့ တန်တာ မှတ်လို့။
နိုင်ငံရပ်ခြား သာသနာပြုထွက်ကြတယ်။ ကောင်းပါတယ်။ ပဏ္ဍိတာရာမ ဆရာတော်ဘုရား ကတော့ သာသနာပြုဆိုတဲ့ ဝေါဟာရကြီးဟာ ကြီး ကျယ်လွန်းလို့ မသုံးရဘူး။ ပြည်ပသွားတာ ဓမ္မဒူတခရီးလို့ပဲ အမည်တပ်တယ်။
ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုကြတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ။ ဒါကြောင့် နံပါတ်တစ် သာသနာပြုပုဂ္ဂိုလ်စစ်စစ်ဟာ စာချပုဂ္ဂိုလ်ပဲ။ ဒီနောက်မှာတော့ တရားဟော၊ တရားပြပုဂ္ဂိုလ်တွေပေါ့။
ပရိယတ္တိက ရေကန်ကြီးရဲ့ ကန်ဘောင်နဲ့တူတယ်။ ပဋိပတ္တိက ရေကန်ထဲက ရေတွေနဲ့တူတယ်။ ပဋိဝေဓက ရေကန်ထဲက ပွင့်နေတဲ့ကြာမျိုး ငါးပါးနဲ့တူတယ်။ ပရိယတ္တိ ကန်ဘောင်ခိုင်မှ၊ ကောင်းမှ၊ လုံခြုံမှ၊ ပဋိပတ္တိရေတွေ ကြာရှည်တည်တံ့နိုင်တယ်။ ပဋိပတ္တိရေတွေ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း တည်ရှိမှ ပဋိဝေဓ ကြာပန်းတို့ပွင့်လန်းနိုင်တယ်။
ဓမ္မပိယဆရာတော်
အရှင်သံဝရာလင်္ကာရ

အကဲ့ရဲ့မလွတ်သောလောက
လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်း ဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစားဆောက်တည်နေရမှု စသော ဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေ ကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင်ပါတယ်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်း တရားများ ရှိခဲ့သောကြောင့် အကျိုးတရား ခန္ဓာကိုရလာ ခြင်းဖြစ်ပါတယ်။ အကြောင်း တရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက် ကျွန်တော်တို့၊ စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှ လွတ်မြောက်ရာလမ်းကို ရှာကြရပါမယ်။ အတိတ်ကာလက သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)။ တဏှာ၊ လောဘ (ပယ်သတ်ရမည့်တရား) များကိုပြုလုပ်ခဲ့၍ ယခုကာလတွင် ဒုက္ခသစ္စာ (ဆင်းရဲ ခြင်းအမှန်တရား)။ ဖြစ်-ဒုက္ခ၊ ပျက်-ဒုက္ခ (ပိုင်းခြားသိရမည့်တရား) ကိုရရှိ လာခြင်းဖြစ်ပါတယ်။ အတိတ်က မသိမှု (အ၀ိဇ္ဇာ)၊ လိုချင်တပ်မက်မှု (တဏှာ) ဦးဆောင်ခဲ့သဖြင့် ယခုတိုင် သံသရာရှည်နေခြင်းပါ။ ယခုအချိန်မှာတော့ သံသရာမှ လွတ်မြောက်ကြောင်း တရားများကိုသာကျင့်ကြံ အားထုတ်သင့်ပါပြီ။ လောကတွင် နေထိုင်ရသ၍ လောကဓံရှစ်ပါး (လာဘ်ရခြင်း၊ မရခြင်း။ အခြွေရံရှိခြင်း၊ မရှိခြင်း။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။ ကောင်ကျိုးချမ်းသာ ခံစားရခြင်း၊ မကောင်းကျိုးခံစားရခြင်း)နှင့် လည်းကြုံတွေ့ နေရမည်မှာ မလွဲပေ။
လောကကြီးမှာ မည်သည့် အကြောင်းနှင့်ဖြစ်စေ အကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်က ဟောကြားတော်မူခဲ့ပါတယ်။ ထိုကြောင့် မိမိတို့ ကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့် ကြုံလာရသည် ရှိခဲ့သော် ရန်တုံ့မပြန်မိစေရန် သတိရှိရပါမယ်။
မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလ ဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြပါတယ်။ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ် ကြပါတယ်။ အရှင်ရေ၀တသည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ အရှင်သာရိပုတ္တရာထံ သွားကြပါတယ်။ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာပြီး သင့်တော်သော တရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်တယ်။ အရှင်အာနန္ဒာက အခြေခံတရားများ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်တယ်။ ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်သို့သွားရောက်ကြပြီး လျှောက်ထားကြပြန်တယ်။ “အရှင်ဘုရား အရှင်ရေ၀တက တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါတယ်။ အရှင်သာရိပုတ္တရာက ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြရပါတယ်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါတယ်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါတယ်” ဟုလျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူခဲ့ပါတယ်။
“အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”
လောကလူများ၊ စိတ်အထာကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။ မချဲ့လိုရင်းသင့်ရုံရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊ အပြစ်တင်သည်၊ ဤလျှင်လူ့သဘောပေတည်း။
(ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု)၊
ကျနော်တို့ လောကမှာ ဖြစ်လာကြတဲ့ လူသားတွေ အားလုံး လောကဓံရှစ်ပါး ရှိသည့် အနက် ခုနှစ်ပါးသည် လူတိုင်းမခံစားကြရပါဘူး။ ဒါပေမယ့် ကဲ့ရဲ့ခြင်းကိုတော့ လူတိုင်းခံကြရစမြဲပါ။ ဒါကြောင့်ပဲ ဘုရားရှင်က လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းတာ လုပ်တာပဲဖြစ်ပစေ အကဲ့ရဲ့လွတ်ခြင်း မရှိပါလေ။ ထို့ကြောင့် ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ကြီးက “အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။” ဟု ဆုံးမစကား ဆိုခဲ့ပါတယ်။
ထိုဆုံမစကားများကို မှတ်သာနာယူပြီး မိမိတို့နေကြရတဲ့ ဘ၀တခုဆိုတဲ့ အချိန်တိုကာလလေးမှာ ကြုံတွေ့နေတဲ့ လောကဓံတရားကို ကောင်းစွာရင်ဆိုင် နိုင်ကြပါစေ။
စိတ်၏ အေးချမ်းမှုကို ရရှိခံစားနိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ…
မှတ်ချက်။ ။အရင်ကရေးခဲ့သော အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းပါ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဓမ္မသံဝေဂနှင့် သြ၀ါဒ ကထာများ၊
၁။ ဖြစ်ပျက်မှန်သမျှ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊ ရုပ်နာမ်အား လုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်။
၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။
၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ိရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ်၊ ဝေးလေသ တည်း။
၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
၅။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၆။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၇။ ရခဲတဲ့ ဘ၀ကလေးမှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၈။ နားက တရားနာပါ၊ ဉာဏ်က ခန္ဓာလှည့်ပါ။
၉။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၁၀။ နားကြီးကြီးနဲ့ တရားနာပါ။
၁၁။ ၀ိပဿနာ နားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဉာဏ်က မဦးဘဲနဲ့ အသေဦးသွားရင် ကိုယ့်အတွက် “နာ” မည်။
၁၂။ ၀ိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၁၃။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး၊ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၁၄။ မိမိခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၅။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာကမှ ပညာသိ။
၁၆။ သညာသိနှင့် နိဗ္ဗာန်မရောက်နိုင်ပါ။ ပညာသိနဲ့မှ နိဗ္ဗာန်ရောက်နိုင်မည်။
၁၇။ ရှေ့နောက် ခွဲတတ်ပါစေ။ မိမိအရေးက ရှေ့ထား၊ သားရေး၊ သမီးရေး၊ စီးပွားရေးက နောက်ထား။
၁၈။ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၉။ ဒါနက သံသရာရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၂၀။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၂၁။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ၊ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါဦး။
၂၂။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
၂၃။ အရှိနှင့် အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၂၄။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၅။ ရှေ့နာမ်ကို နောက်ဉာဏ်နှင့်ရှုတာ ၀ိပဿနာ။
၂၆။ ရှေ့အသေကို နောက်အနေနှင့်ရှုတာ ၀ိပဿနာ။
၂၇။ အသေက ဖြစ်ပျက်၊ အရှင်ကမဂ်၊ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၈။ ရှေ့က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၉။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာဖြစ်မည်။
၃၀။ သူများစိတ်အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာမှ အမှန်ရမည်။
၃၁။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၃၂။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၃၃။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၄။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၅။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၆။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
၃၇။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
၃၈။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
၃၉။ သက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနဲလိမ့်မယ်။
၄၀။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်တယ်။
၄၁။ ကိစ္စဟူသရွှေ့ မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၄၂။ ဒကာ ဒကာမတွေဟာ တဏှာ(လောဘ) ခိုင်းရာကို ကျွန်သားပေါက်ပီပီ လုပ်နေကြတာပဲ။
၄၃။ တဏှာကို အဖော်မလုပ်နဲ့၊ ဉာဏ်ကို အဖော်လုပ်ပါ။
၄၄။ အလကား နေသရွှေ့ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၅။ ယခု သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပစ္စည်း ဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက်၊ မသိပျော် ပျော်နေသ လောက်၊ နောင် သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၆။ ကိုယ့်ကိုယ်ကို သနားရင် ၀ိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၄၇။ အသက်ကြီးလေလေ၊ ကံမွဲ ဉာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဉာဏ်မွဲရင် နိဗ္ဗာန်မရောက်။
၄၈။ ကံကို ဉာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။
၄၉။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးဖြစ်တယ်။
၅၀။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ။
၅၁။ ခန္ဓာကြီးရဲ့ စွမ်းရည် သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုပဲရှိတယ်။
၅၂။ ၀ိပဿနာ ဆိုတာ ခန္ဓာမလိုချင်အောင် ရှုတာ။
၅၃။ ဒါန သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်၊ ၀ိပဿနာ အလုပ်လုပ်မှသာ ရောဂါပျောက်မယ်။
၅၄။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်လုပ်တာ။
၅၅။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၆။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရား အလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၇။ ကြားတဲ့ တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတပန် တည်နိုင်တယ်။
ဉာတပရိညာ စာအုပ်မှ-

ကဆုန်လပြည့် ဗုဒ္ဓနေ့တရားတော်၊
ဓမ္မမိတ်ဆွေ သူတော်တော်စင် အပေါင်းတို့ …
သာသနာတော်နှစ် (၂၅၅၂)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ခရစ်နှစ် (၈.၅.၂၀၀၉)ခုနှစ်၊ သောကြာနေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်သည့်နေ့၊ ဗုဒ္ဓ၀င်အကျဉ်းဟောကြားသည့်နေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ (ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန် လမြတ်ကဆုန်)။
သီတဂူဆရာတော်ကြီး ဟောကြားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” တရားတော်ကို နာယူမှတ်သားကြပြီး စိတ်၏အေးချမ်းမှုကို ရရှိခံစား နိုင်ကြပါစေ။

ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်း၊
ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
ပါရမီ(၃)မျိုး၊
သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
စွန့်ခြင်းကြီး(၅)ပါး၊
ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။
ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။
ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။ နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
ကြည့်ခြင်းကြီး(၅)ပါး၊
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား၊
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။
ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့ှ်ုဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူ၍ အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
(၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။
အရှင်သုန္ဒ (ဘီအေ)
ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း၊ ယဉ်ကျေးလိမ္မာ ဒုတိယဆင့် စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှာ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တွေကို တတ်စွမ်းသည့်နေရာမှ ကျေဇူးဆပ်သည့် အနေဖြင့် ရေးသားလိုက်ရပါသည်။ ဗုဒ္ဓ၀င်အကျဉ်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားသင့်ပါသည်။ ထို့အပြင် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များအတိုင်း ကျင့်ကြံအားထုတ်နိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ။

ကဆုန်လပြည့်နေ့၊
ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…

သာမဏေငယ်များနှင့် အနာဂတ်သာသနာ၊
ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ်ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သလို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သုံးရပ် ရှိပါတယ်။ “ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ်များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့်ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ်သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။
ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာတပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။
အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

အမေး အဖြေ(၇)၊
ဗုဒ္ဒဘာသာ ကျွန်တော်တို့လူမျိုးတွေက ဘုရားရှင်ရဲ့ မူရင်းပုံရိပ်ကို မကိုးကွယ်ပဲ ဘာကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ်နေတာလဲ.. မူရင်း ဘုရားရဲ့ပုံရိပ်စစ်ကို ကိုးကွယ်ရင်မကောင်းဘူးလား.. အခုဗုဒ္ဒဘာသာမှာ ကိုးကွယ်နေတာတွေက စေတီတွေဆိုလည်း အမျိုးမျိုးပုံစံတွေနဲ့ ထိုင်းနိုင်ငံ တရုတ်နိုင်ငံ စသဖြင့် ဗုဒ္ဒဘာသာ နိုင်ငံတွေမှာ ကိုးကွယ်နေကြတဲ့ စေတီတွေဟာ အမျိုးမျိုးပုံစံတွေ ဖြစ်နေကြတယ်.. ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ... ဗုဒ္ဒဘုရားပုံစံဟာ တစ်မျိုးတည်းပဲရှိမနေပဲ အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေမြင်ကြမလဲ... ဒါလေးကိုသိချင်လို့ပါ...
မျိုးချစ်
မေးထားတဲ့ အကြောင်းလေးတွေ ကောင်းပါတယ်။ ပထမဆုံး ဘာ့ကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ် နေတာလဲ ဆိုရာမှာ… စေတိယ= စေတီ ဆိုတာ မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြတဲ့၊ အရိုအသေပြုအပ်တဲ့ အရာ၊ ဌာန မှန်သမျှကို ဆိုလိုပါတယ်။ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ တွေကို ဌာပနာထားတဲ့ သာသနိက အဆောက်အဦးများနဲ့ ဌာပနာမပါပေမယ့် ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားတဲ့ သာသနိက အဆောက်အအုံများကိုလည်း စေတီလို့ သတ်မှတ်ကြပါတယ်။ ဟိုအရင်က ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီလို့ သမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့တယ်။ အချို့စေတီတွေက နတ်ဘီလူးကြီးတွေကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်း တွေဖြစ်တယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်တယ်။ အချို့စေတီတွေဟာ တောင်တွေ၊ တောတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေ အရိုအသေ အလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့-
၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံး အဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော် များ။
စသဖြင့် စေတီလေးမျိုးရှိတယ်။ ဒါကြောင့် ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီလို့ ခေါ်နိုင်ပါတယ်။ မူရင်းပုံတော်ဆိုရာမှာလည်း ရည်မှန်းပူဇော်ရတဲ့ စေတီထဲမှာ ပါတယ်လို့ ဆိုနိုင်တယ်။ ဒီနေရာမှာ အဓိက သိရမှာက ပုံတော်တွေ၊ ဆင်းတုတော်တွေ၊ ရုပ်ပွားတော်ဆိုတဲ့ အရာဝတ္ထုကို မြင်ပြီး ရှိခိုး ပူဇော်ရမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ပုံတော်၊ ဆင်းတုတော် ဘာကိုပဲ ရှိခိုးရပေစေ ဘုရားရှင် ကိုယ်တော် တိုင် သက်ရှိထင်ရှားရှိသလို ရည်မှန်းထားရမယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ မေတ္တာတော်၊ မဟာကရုဏာ တော်တို့ကို ရည်မှန်းပြီးတော့ ရှိခိုးပူဇော်ရမှာပါ။ ဒါတွေက ကိုသိပြီး ကိုးကွယ်ဖို့က အရေးကြီးပါတယ်။
စေတီတွေကို ပုံစံအမျိုးမျိုးနဲ့ ကိုးကွယ်ကြတယ် ဆိုရာမှာ- ထိုင်း၊ တရုတ် တွေကျတော့ သူတို့ ပုံစံနဲ့ သူတို့ အနုပညာ ပါဝင်အောင် တည်ထားကြ၊ ထုလုပ်တာလို့ ထင်ပါတယ်။ ဒါတွေကတော့ အနုပညာနဲ့ လူမျိုးတခုနဲ့ တခု အမြင်မတူကြတာကြောင့် ပုံစံတွေက ကွဲလွဲနေတယ်လို့ပဲ သုံးသပ်ပါတယ်။ အိန္ဒိယကလည်း သူတို့ လူမျိုးနဲ့ အနီးစပ်ဆုံး တူအောင် ထုကြတာပဲ။ တရုတ်မှာဆိုရင်လည်း အရင်က ဗုဒ္ဓသာသနာ ထွန်းကားတဲ့ အချိန်မှာ ဘုရားဆင်းတုတော် အကြီးကြီးတွေ ထုလုပ်ခဲ့ကြတယ်။ နောက်ပိုင်း သာသနာဆိုတာ ဘာမှန်းမသိတော့ အဲလို ဆင်းတု တော်ကြီးတွေ ခေါင်းပေါ်မှာ သိုင်းကားတွေ ရိုက်ကြတာပဲလေ။ ဘယ်လောက်ပဲ ပုံတွေ၊ ရုပ်ထုတွေ ရှိနေပါစေ၊ ဘယ်လိုပုံစံနဲ့ပဲ တည်ဆောက်နေကြပါစေ၊ နှလုံးသားမှာ ဘုရားမတည်သေးရင်တော့ အကျိုးမရှိတဲ့ လုပ်ရပ်တွေလို့ ဆိုရမှာပါပဲ။ ထေရ၀ါဒမှာ စေတီတည်တယ် ဆိုတာ အောက်ဆုံး ပန်တင်ခုံးကနေ အထက် စိန်ဖူးတော် အထိ အဓိပ္ပာယ်ရှိပါတယ်။ (ဓမ္မစေတီ ဆရာတော် ဟောကြားတဲ့ နှလုံးသားဝယ် ဘုရားတည် တရားတော်များ) ကို နာယူကြည့်ရင် သိနိုင်ပါတယ်။
အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေ မြင်ကြမလဲ ဆိုရာမှာ- သူတို့က အသွင်မျိုးမျိုး ကိုးကွယ်နေကြတာမြင်တော့ မရှင်းမလင်းဖြစ်ပြီး မေးလာမယ်လို့ ထင်ပါတယ်။ အချို့စာအုပ်တွေမှာ မေးထားတာတွေ ရှိပါတယ်။ ဘာလို့ အုတ်ပုံကို ရှိခိုးနေကြတာလဲ ဆိုတာမျိုးပေါ့။ ဒါကို သေချာရှင်းပြ ပေးလိုက်တော့ သူတို့ လက်ခံသွားကြတယ်ဆိုတာ ဖတ်ခဲ့ဖူးပါတယ်။ သူတို့တွေက သိချင်လို့ မေးလာခဲ့ရင် ကိုယ့်ဘက်က ဘာကြောင့်ကိုးကွယ်တယ်ဆိုတာ ရှင်းပြပေးရမယ်။ အထက်က ရေးခဲ့တဲ့ အချက်အလက်တွေနဲ့ ပြန်ပြောပြရမှာပေါ့။ သူတို့တွေ ဘာသာမှာလည်း ရုပ်ထုတွေ၊ ပုံတော်တွေ ကိုးကွယ်တာရှိတာပဲ။ ဒီတော့ ပုံတော်တွေ၊ ရုပ်ထုတွေ ကိုးကွယ်တာနဲ့ ပတ်သတ်လို့ နားလည်ကြမှာပါ။ အသွင် အမျိုးမျိုး ဖြစ်နေတာနဲ့ ပတ်သက်လို့လဲ အတိုက်ခံလုပ်မယ်တော့ မထင်ပါဘူး။ အဓိက ဘာသာရေး သိမ်းသွင်းမှုပဲ လုပ်လာကြမှာပါ။ ဒီတော့ ကိုယ့်ဘက်က ကာကွယ်ထိန်းသိမ်းဖို့ပဲလေ။
မရှင်းတဲ့ အချက်တွေပါရင် ပြန်မေးပါ။
ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…

ရဟန်းမစားရသော ဆွမ်းတနပ်၊
ယခုတင်ပြထားတဲ့ ဇာတ်လမ်းကို သေချာကြည့်ရှု့ပြီး ဓမ္မအနှစ်သာရကို နာယူမှတ်သားကြစေလိုပါတယ်။
“ဒကာကြီးမှာလည်း အပြစ်မရှိပါဘူး၊ ရဟန်းမှာလည်း အပြစ်မရှိပါဘူး။ ဘ၀ ဘ၀ သံသရာက အကုသိုလ် ကံရဲ့ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ရဟန်းသီးခံပါတယ်”
“ဒကာမကြီး… ရဟန်းတို့မည်သည် မိမိအသက်ကိုငဲ့၍ တပါးသောသတ္တ၀ါ၏ အသက်အန္တရာယ်ကို မဖြစ်စေရပါ။ ဇာမဏီသားကောင်းသည် မိမိ၏အမြီးတပင် အတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ ထို့အတူ ရဟန်းမြတ်တို့ သည်လည်း မိမိတို့၏ သီလအတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ သံဃာရတနာရဲ့ အမြုတေဟာ သီလ ၀ိသုဒ္ဓိ ပဲ ဖြစ်ပါတယ်”
ဇာတ်လမ်းမှ-

ရှစ်ပါးသီလပေးခြင်း၊
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားချီးမြှင့်သော ရှစ်ပါးသီလပေး ဖြစ်ပါတယ်။ နှစ်သစ်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများသည် ဆရာတော်ကြီး သက်ရှိထင်ရှားရှိသလို အာရုံပြုပြီး သီလတော်ကို ခံယူ ဆောက်တည်နိုင်ပါတယ်။ ဥပုသ်ဆောက်တည်ရာတွင် လိုက်နာသင့်သည့် အချက်များကိုလည်း ရေးထားခဲ့ပြီး ဖြစ်ပါတယ်။ သတ္တ၀ါအားလုံး သူတော်ကောင်း တရားများကို စောင့်ထိန်း လိုက်နာနိုင်ကြသဖြင့် သူတော်ကောင်းတို့သွားရာ နိဗ္ဗာန်သို့တိုင်အောင် ရောက်နိုင်ကြပါစေ။
စိတ်၊
ဆရာတော်အရှင်ဆေကိန္ဒ ဟောကြားတော်မူသော “စိတ်” ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။ စာဖတ်သူများ နှစ်သစ်မှာ တရားတော်များ နာယူကျင့်ကြံခြင်းအားဖြင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြပါစေ။
Subscribe to:
Posts (Atom)