ဒေ၀ဒတ် ဘုရားရှိခိုး

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိ ဒေ၀ံ နရဒမ္မ သာရထိံ ။
သမန္တ စက္ခုံ သတပုည လက္ခဏံ၊
ဝါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။
အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။ ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလင်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော ။ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။ တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ။ ကိုးကွယ်ရာဟူ၍ သာလျှင် ။ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ပါသည် ဘုရား။ နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မှတ်သားရန်။ ။မြေမြိုနေသောကာလတွင် ဒေ၀ဒတ် က ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနောက်ဆုံး ရှိခိုးရွတ်ဆိုခဲ့သော ဘုရားရှိခိုးဖြစ်ပါတယ်။ ဒေ၀ဒတ်က ဤသို့ ရှိခိုးခဲ့သောကုသိုလ်ကြောင့် နောင်ကာလတွင် ပစ္စေကဗုဒ္ဓ အဖြစ်ပွင့်မည်ဖြစ်ပါသည်။


ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏

ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး



“နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ”


မဟာကာရုဏိကဿ- ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျသတ္တ၀ါတို့အပေါ်၌ ထားတော်မူပေထသော၊ မဟာကာ ရုဏိကဿ- အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သောသက္ကာယနှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ်လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကားပယ်သတ်ရမည့် အကြောင်းတရား၊ ဤကားသိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီးသည့်အလျောက်၊ ဝေနေယျသတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော်မူစေတတ်သော သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေဖြစ်ပါစေသတည်း။

(သာဓု၊ သာဓု၊ သာဓု)




အသိပေးခြင်း။ ... ။
ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ) ၏ တရားပွဲအစတွင် ပူဇော်ကန်တော့ သောဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုးဖြစ်ပါတယ်။ ဘုရားရှင်၏ ကျေးဇူးတော်များကို ရှိခိုးပူဇော်နိုင်ရန် အတွက် နှစ်သစ်မှာ ဘုရားရှိခိုး ကန်တော့စာနှင့် ရေးသားကာ ပူဇော်လိုက်ရပါသည်။

ဥပုသ် အကြောင်း


ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါသည်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင် တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ် စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ်ပါတယ်။

တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင်“ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။

သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။


မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလ ကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါသည်။


မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဒါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေသတာဥပုသ်” လို့ခေါ်ပါသည်။


နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။


စာဖတ်သူများ အမှားမလုပ်မိစေရန် သတိပေးရေးသားလိုက်ရပါသည်။



“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”


ရှစ်ပါး သီလ

သင်္ကြန်ကာလတွင် ဥပုသ်၊ သီလ ဆောက်တည်နိုင်စေရန် ရှစ်ပါးသီလ ကိုရေးသားနှိုးဆော်ပါသည်။ ဥပုသ်ဆောက်တည်ရာတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများထံတွင် သီလတောင်းယူ၍လည်းဆောက် တည်ကြပါ သည်။ သို့သော် ဆရာတော်ကြီးများထံ တွင်သွားရောက်၍ သီလတောင်းယူ မဆောက်တည်နိုင်ပါက မိမိကိုယ်တိုင်းသီလ ဆောက်တည်နိုင်သည်။ ထိုသို့ဆောက်တည်မည်ဆိုပါက အောက်ပါအတိုင်း ရွတ်ဆိုဆောက်တည်နိုင်ပါသည်။


သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း...

· ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။

· ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။


· တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။



(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏမဏ္ဍန၀ိဘူသ
နဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။


( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။



အနက်။ ။

(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။


(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။


(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူရမည်။)ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို၊ ဒဿန- ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော- မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


******************************************************************************
မှတ်သားကြပါရန်…

ဥပုသ်ဆောက်တည်ရာတွင် ကိုးပါး သီလဟူ၍မရှိပါ။ မည်သည့်နေရာမှ ဘုရားရှင် ဟောကြားထားခြင်းလည်း မ ရှိပါ။ ကိုပါး သီလတွင်နောက်ဆုံးဖြစ်သော မေတ္တာသဟဂတေန ဆိုသည်မှာ ရှစ်ပါးသီလတွင် သတ္တ၀ါတွေကို မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ချစ်ဖို့ပြောတာဖြစ်ပါသည်။ မေတ္တာသည် သီလ မဟုတ်ပါ။


(ဓမ္မစေတီဆရာတော် ဟောကြားသော “စစ်မှန်သော ထေရ၀ါဒနှင့်သရဏဂုံ”ံ တရားတော်မှ ထုတ်နှုတ်ရေးသားထားခြင်းဖြစ်ပါသည်)။

**********************************************************************************

အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။…။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ ဤသို့အားဖြင့် ခြားနားပါသည်။


**********************************************************************************


ညစာ စားလို့ရသော အာဇီဝဋ္ဌမက (ရှစ်ပါးသီလ) သီလ ကို 26.2.2008 ရက်နေ့တွင်ရေးထားနှင့်ပြီးဖြစ်ပါသည်။ စာဖတ်သူများ ဆက်လတ်ဖတ်၍ ထိုသီလ ကိုလည်းဆောက်တည်နိုင်သည်။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”


စာရေးသူ- အောင်ဆွေဦး

နှစ်သစ်မင်္ဂလာ တရားရှာ



“စန္ဒကူးရနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းရနံ့သည် လည်းကောင်း၊ ကြာညိုပန်းရနံ့သည် လည်းကောင်းရှိ၏။ ထိုရနံ့ အမျိုးမျိုးထက် သီလရနံ့သည် အတုမရှိမြတ်၏။”


ယနေ့ အချိန်ကာလသည်ကာ ကျွန်တော်တို့မြန်မာလူမျိုးများ အတွက်နှစ်သစ် အချိန်ကာလဖြစ်ပါသည်။ နှစ်ဟောင်းမှအညစ်အကြေးကို နှစ်သစ်မှာမပါလာ ရအောင်ဆေးကြောသည် ဟူ၍ရေသဘင်ပွဲတော်ကိုကျင်းပ ပြုလုပ်ကြပါသည်။ ထိုသို့အညစ် အကြေးကို ဆေးကြောသည်ဆိုရာဝယ် မိမိ၏ ကိုယ်ထဲတွင်ရှိနေသော လောဘ၊ ဒေါသ၊ မောဟ တည်းဟူသောကိလေသာမြူအညစ် အကြေးများကို ဆေးကြောရခြင်းဖြစ်ပါသည်။ မိမိကိုယ်ထဲတွင်ရှိနေသော ကိလေသာ အညစ်အကြေးကို သာမန်ရေဖြင့် ဖြန်းပက်၍ စင်ကြယ်ရိုးထုံးစံမရှိပါ။ ထိုသို့ဆိုရလျှင် ကိလေသာ အညစ်အကြေးကို ဆေးကြောရမည့် အရာကိုရှာရန်လိုအပ်ပါလိမ့်မည်။ မည်သည့် အရာဖြစ်ပါမည်နည်း…..။ သတ္တ၀ါတွေ အာလုံးအတွက် ဒုက္ခ အားလုံးမှလွတ် မြောက်ရာလမ်းကြောင်းကို ဗုဒ္ဓ ဘုရားရှင်က ဟောကြားတော်မူခဲ့ပြီးဖြစ်ပါသည်။ ဘုရားရှင်၏တရားတော်များ အတိုင်းကျင့်ကြံနေထိုင်သွားမည် ဆိုပါက နှစ်စဉ်နှစ်တိုင်း ရေသဘင်ပွဲကျင်းပ၍ဆေးကြောစရာလည်းမလိုပါ။ ဘုရားရှင်၏ တရားတော်များသည် လောက အတွက်နေနည်းများ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားများ ဖြစ်ပါသည်။ ရေသဘင် ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ရှေးရိုးအစဉ်အလာအရ ကျင်းပသည် ဟုဆိုသော်လည်း ယနေ့အခါကာလမှာ အလွန်ပင် အကုသိုလ်များပါသည်။ ရေသဘင်ပွဲ ကာလ မဏ္ဍပ်များတွင် မြန်မာ အမျိုးသမီးများ၏ ၀တ်ဆင်မှု ယုတ်ပျက်၊ ဆင်ပျက် ဖြစ်လာကြပါသည်။ ( လူတိုင်း၊ မဏ္ဍပ်တိုင်းကို မပြောလိုပါ ) ။ အမျိုးသားများသည်လည်း သောက်စားမူးရစ်ကာ သတိမေ့လျှော့နေကြပါသည်။ အကျိုးမရှိသော၊ သေးသိမ်ညံဖျင်းသော စကားများ ကိုပြောဆိုပြီး အကုသိုလ်ကို ငွေနှင့်ဝယ်ယူနေသည့် အလားဖြစ်နေပါသည်။( စာဖတ်သူများပင် မှန်းဆကြည့် လျှင်သိနိုင်မည်ထင်ပါသည် )။ ယခုလိုသောက်စား ပျော်ပါးနေခြင်းသည် ကုသိုလ်တရားဖြစ်မည်မဟုတ်ပါ။ အပါယ်အတွက် ပြင်ဆင်နေကြခြင်းသာဖြစ်ပါမည်။ သို့အတွက် သတိတရားရှိဖို့ အလွန်အရေးကြီးပါသည်။ အသိတရားလက်ကိုင်ထားပြီး ဘုန်းကြီးကျောင်းသွား၍ ဥပုသ်သီလစောင့်တည်ခြင်း၊ တရားရိပ်သာဝင်ခြင်းအစ ရှိသော သတိရှိသူများအတွက် ကောင်းကျိုးချမ်းသာရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မိမိကိုယ် ကိုပြန်လည်စမ်း စစ်စေချင် ပါသည်။ မိမိသည် အသက်ရှင်ရာကိုသွားနေခြင်းလား..၊ သေခြင်းတရားဆီကိုသွားနေခြင်းလားဆို တာ အလေးအနက်ထား စဉ်းစားကြည့်ပါ။ တနေ့ကုန်သွား တာနှင့် သေမင်းသည် မိမိနေရမည့် အသက်ထဲမှ တနေ့ကို နှုတ်ယူသွားသည်ကို သတိသံဝေဂ ရကြပါတော့။ နှစ် တနှစ်ကုန်သွားတိုင်း ငါလည်းသေဖို့ တစ်နှစ်နီး လာပြီ ဟူသော သံဝေဂ ဥာဏ်ရင့်သန်ကြပါ။ သံဝေဂ ဥာဏ်ရမှ တရားအားထုတ်ဖြစ်ပါမည်။ လောက အတွက် နေဖို့ သက်သက်ပြင်ဆင် မနေတော့ဘဲ သေရေးကိုလည်း ပြင်ဆင်ကြပါတော့။ အသက် (၂၅) နှစ်ရှိသောလူတ ယောက်သည် (၇၅) နှစ်မတိုင်မီ (၁၈၂၅၀) ရက်သာကျန်ပါတော့သည်။
သာသနာကွယ်သည်ဆိုရာဝယ် ဘုရားရှင်၏ သာသနာတော်သည် နောက်ထပ် နှစ်ပေါင်းများစွာကျန်ပါ သေးသည်။ သို့သော် မိမိသည် ယခုဘ၀မှာ ဘုရားသာသနာနှင့် ကြုံတွေ့နေရသော်လည်း တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိ၊ ထိုသို့ တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိပါကလည်း သာသနာကွယ် သူနှင့် အလားတူပင်ဖြစ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် နောင်ဘ၀တွင် အပါယ်လမ်းကို ရောက်သွားပါ က လူ့ဘ၀သို့ပြန်ရောက်ရန်မလွယ်တော့ပါ။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်၍မဖြစ်ပါ။ လူဖြစ်ပြန် သည်ဟုဆိုပါတော့ သစ္စာတရားသိသော ဗုဒ္ဓဘာသာဖြစ်ဖို့သာ၍ပင် ခက်ခဲပါသည်။ ယနေ့အချိန်ကာလသည် လူတိုင်းအတွက် အကောင်းဆုံး အချိန်ကာလ ပင်ဖြစ်ပါသည်။ လောကီအလုပ်တွေမှာသာ ကြိုးစားမနေပါနှင့်၊ အလုပ်နှင့် မအားဘူးလို့လည်းအကြောင်းမရှာသင့်ပါ။ အဘယ့်ကြောင့် ဆိုရသော် အားလို့သေသော သူဟူ၍မ ရှိပါ။ မအားတဲ့ကြားကဘဲ သေသွားကြရသည်ကို သတိသံဝေဂ ရကြပါစေ။ နှစ်တွေ အလီလီဆန်းသစ်ခဲ့သလို မိ မိရင်ထဲတွင် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါး ထွန်းလင်းတောက်ပြောင်ကိန်းဝပ်လာ အောင်တရားတော်များ အတိုင်း လိုက်နာကျင့်သုံးနေထိုင်ကြရပါမည်။
“ ဓမ္မောဟဝေ ရက္ခတ ဓမ္မစာရီ ” ( တရားကိုစောင့်ရှောက်သောသူကို တရားကပြန်စောင့်ရှာက်ပါသည် ) ။ တရားကို ချစ်ခင်မှသာ တရားကလည်းချစ်ခင်ပါသည်။ အရေးကြုံမှ ဘုရားတခြင်းသည် အောက်တန်းစား (ဘယ ဗုဒ္ဓဘာသာ) မျိုးသာဖြစ်ပါမည်။
ကျွန်တော်တို့ မြန်မာ ဓလေ့အရ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲများပြုလုပ်ကြပါသည်။ အဘိုး၊ အဖွား တို့သည်လည်း သွားတွေကျိုး သလို မာန်၊ မာနတွေ ကျိုးပြီလား၊ ဆံပင်တွေဖြူ သလို မိမိစိတ် တွေဖြူစင်ပြီးလား၊ အရေတွေတွန့် သလို လောဘ၊ ဒေါသ၊ မောဟ တွေကို တွန့်ဆုတ်ပြီးလား ဟုစဉ်းစား ဆင်ခြင်ကာ အလုံးစုံသောတရားဘာဝနာကို ကျင့်ကြံအားထုတ် သင့်ပါပြီ။ နေထိုင်ရာ ရပ်ကွက်များမှာလည်း နှစ်ဆန်းတစ်ရက်နေ့ ညနေတွင် သံပုံးတီးကာ မကောင်းဆိုးဝါးနှင်ထုတ်ကြသည် ဟုဆိုပါသည်။( အချို့နေရာများတွင် မပြုလုပ်ပါ )။ အမှန်မှာ မကောင်းဆိုးဝါးမဟုတ်ပါ။ နိမ့်ကျသော အပါယ်ဘုံမှ သတ္တ၀ါများ သာဖြစ်ပါသည်။ (မိမိသည်လည်း ထိုဘ၀မျိုးရောက်ခဲ့သည်ကို သတိသံဝေဂ ရကြပါ)။ အမျှဝေသောအခါ သာဓုခေါ်လို၍ ကပ်နေသော သတ္တ၀ါများကို သံပုံးတီး၍ နှင်ထုတ်ကြခြင်းမှာ မပြုလုပ်အပ်ပါ။ ( ထေရ၀ါဒ ပိဋကတ်တော်တွင်လည်း ထိုသို့နှင်ထုတ်ရမည်ဟု ရေးသားထားခြင်းမရှိပါ )။ အချို့နေရာများတွင် ငါးလွှတ်ပွဲများပြုလုပ်ကြပါသည်။ ထိုသို့လွှတ်တဲ့အချိန်မှာ လွှတ်ပေးသောသူသည် သတ္တ၀ါများကို ကိုင်ပြီး “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းကြပါသည်။ သတ္တ၀ါများကို လွှတ်တာက ကုသိုလ်(ပုည) လို့ခေါ်ပါတယ်။ “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းလိုက်တာက အလွန် အမင်းပြုလုပ်ခြင်း ( အဘိသင်္ခါ ) ဟုဆိုပါတယ်။ ထိုသို့လျှာရှည်လိုက်တာဖြစ်ခြင်းကြောင့် ငါးဘ၀ ၁၀ ခါရောက် ရပါလို၏ဟု ဆုတောင်းသလိုဖြစ်သွားပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ငါးလွှတ်ပြီး ငါးဘ၀ ၁၀ ခါရောက်သွားပါ မယ်။ မိမိက ၁ခါလွှတ်ပြီး ၁၀ ခါလွတ်ချင်တာက မဟာလောဘ ဖြစ်သွားပါတယ်။ ပြီးတော့ ငါးဘ၀ ၁၀ ခါရောက်ပြီးသူများ အလွှတ်ခံရမယ့် ဘ၀ရောက်ချင်တာက မသိမှု (အ၀ိဇ္ဇာ) ဖြစ်ပါတယ်။ ငါးလည်း လွှတ်ရသေး တယ်၊ ကိုယ့်ကိုကိုယ် ငါးဘ၀ ၁၀ ခါရောက်ရပါစေလို့ဆုတောင်းသလိုဖြစ်ကာ အရှုံးကြီးရှုံးရပါတယ်။
ထေရ၀ါဒ တရားတော်တွေကိုလေ့လာကြိုးကုတ် အားထုတ်တယ်ဆိုတာ အထက်တွင်ရေးခဲ့သော အကြောင်းအရာမျိုးမဖြစ်ရအောင်ပြုလုပ်တက်ဖို့ဖြစ်ပါတယ်။ “တရားမြင်မှ ဘုရားကိုမြင်ပါမယ်၊ ဘုရားမြင်မှ သံဃာကိုမြင်ပါမယ်”။ ဘုရား၊ တရား၊ သံဃာ တို့၏ဂုဏ်ကျေးဇူးတော်တွေကိုသိမှ သက်ဝင်ယုံကြည်ကိုး ကွယ်တက်ပါမယ်။ စာဖတ်သူများအနေနှင့်လည်း မနှစ်က လောဘ၊ ဒေါသ၊ မောဟ တွေရှိခဲ့ပေမဲ့ ဒီနှစ်သစ် ကစပြီးလျှော့နည်း ပယ်သတ်နိုင်အောင် တရားဓမ္မနဲ့မွေ့လျှော်ကြပါစေ။ နှစ်သစ်မှာ ဖြူစင်တဲ့ စိတ်အသစ်နဲ့ သစ္စာတရားများကို နာကြား အားထုတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…..။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”

စာရေးသူ- အောင်ဆွေဦး

ဓါးဟောင်းပေး “သွေးပြီးမှကိုင်”

အတိတ်က ဒါနရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကာမစည်းစိမ်ခံစားရာ၌ ဘ၀ပေးနုံချာမည် မုချတည်း။


အတိတ်က သီလရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကျန်းမာရေးနုံချာမည် ဧကန်တည်း။


အတိတ်က ဘာဝနာရိက္ခာ ပါမလာသူ ...
လက်ရှိဘ၀၌ ပညာရေးနုံချာမည်မှာ လက်တွေ့တည်း။


ထိုသုံးဦးတို့ .....
ကန်နိမ့်ကို မြှင့်တင်ပေးမှသာ ရေတင်များ ရေအားကောင်းသုံးရဘိသကဲ့သို့ လည်းကောင်း၊ ကန်ပေါက်ကိုဖာ ထေးပေးမှသာ ထားရာရေ အနေကျ ကြာမျိုးစုံ ခဘိသကဲ့သို့လည်းကောင်း၊ ရေကျကောင်းရာ ကန်ဆည် ပေးထားမှသာ စီးသမျှ ၀င်ကန်ပီပြင်ဘိသို့လည်းကောင်း၊ ယခုဘ၀မှာတွင် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တို့ ကိုပြုစုဖို့လိုအပ်လေသည်။ စေတနာရှေ့တိုးကောင်း နောက်ကြောင်းအကျိုးပေး များမနေသာပြီတကား။


မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သြ၀ါဒ

သူတော်ကောင်းမှန်၊ ကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။

သူတော်ကောင်းမှန်၊ မကောင်းမှု့ကံ ပြုရန်ခက် ပေသည်။

သူယုတ်မာမှန်၊ ကောင်းမှု့ကံ ပြုရန်ခက် ပေသည်။

သူယုတ်မာမှန်၊ မကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။
( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး )

ကံနှင့် ကံ၏အကျိုး ဝေဖန်ချက်

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစည်မံ၊ ခံ စံကြရသည်။
အဆင်းသာရှိ၍ ရနံ့မရှိသော၊ တင့်တယ်လှပသော ( ပေါက်ပွင့်စသော ) ပန်းသည် ပန်ဆင်သူအား ရနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ( ပိဋကတ် ) တရားတော်သည် မလိုက်နာ မကျင့် ကြံသူအား အကျိုးကိုမဆောင်နိုင်ကုန်။


ဆတ္တပါဏိဥပါသကာဝတ္ထု ၊ ပုဖ္ပ၀ဂ် ၊ ဓမ္မပဒပါဠိတော်
သီလမရှိ၊ သမာဓိမရှိပဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၊ ၀ိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ ။


သံကိစ္စသာမဏေရ၀တ္ထု ၊ သဟဿဝဂ် ၊ ဓမ္မပဒပါဠိတော်
ယခုခါမူ၊ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက်၊


အမြိုက်တရား ဟောကြားမည့်သူ၊ လူလည်းမရှား၊


သို့ပါလျှက်သားနှင့်မှ တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်၊


အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ၊်



အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့ လူယုတ်ကြီးတွေဖြစ်ချိမ့်မည်။


( စလေဦးပုည )

ဒုလ္လဘ တရား ငါးပါး

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

သံသရာနယ်ချဲ့ ပပဉ္စ တရားသုံးပါး

တဏှာ...


ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊


လောဘနဲ့လည်း၊ တပ်စွဲသူခင်၊


လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊


လူ့ဘ၀ ရကြတော်မည်ထင်။


မာန...


ငါသာအမြတ်၊ ငါတတ်သည်သာ၊


ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊


အဟုတ်ချမ်းသာ၊ ပါယ်လေးဝ လွတ်ရသံသရာ။


ဒိဋ္ဌိ...


ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊


အတ္တဒိဋ္ဌိ၊ စွဲငြိလို့သာ၊


သက္ကာယလည်း၊ သူပဲမည်တာ၊


အနတ္တ၊ ရှုကြဖန်ခါခါ၊


အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊


နောက်ဘ၀ ရောက်ရထက်ဘုံသာ။


ဤသို့ကောင်းမှု အကြောင်းပြု၊ ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊


မြတ်ကောင်းမှုသာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။


နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။
(အရှင်ဇနက )

တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ၊၊



မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ၊၊



သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ၊၊



ရှင်မဟာရဋ္ဌသာရ

နိဝါတောစ မင်္ဂလာ

မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးလား၊ မလွှားမပ၊ စိတ်ကိုချ၊ မုချမင်္ဂလာ။


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
“ပါရမီနဂို၊ မရှိလိုက
ကုသိုလ်ဒုစရိုက်၊ မဟောထိုက်တည့်
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား
လွန်ခါးနား၏။”

(မဃဒေ၀ လင်္ကာ)

သာသနာကွယ်ကြောင်းတရားကြီးများ

အဂုတ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်တော် တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သာသနာကွယ်စေနိုင်သော တရားကြီးများကို ဟောကြား တော်မူခဲ့ပါသည်။

၁။ တရားမနာခြင်း၊


မြတ်စွာဘုရားရှင်၏တရားဒေသနာတော်များကိုနာယူခြင်းမရှိခြင်းသည် သာသနာကွယ်စေခြင်းအကြောင်း အစပဋ္ဌမပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားမနာယူသည့်အတွက် .....


က) မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်းမှ ကင်းဝေးသွားပါသည်။

ခ) ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်နိုင်ရန် လည်းမဖြစ်နိုင်တော့ပါ။

ဂ) ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်းမရှိသည့်ပြင် ပို၍ပင်တိုးလာနိုင်ပါသည်။

ဃ) အယူမှန်သမ္မာဒိဋ္ဌိကိုမည်သို့မှမရနိုင်တော့ပါ။

င) သဒ္ဓါပညာမရှိတော့၍ စိတ်ကြည်လင်နိုင်ခြင်းမရရှိတော့ပါ။

ကာလေနဓမ္မသာဝနမင်္ဂလာ ဟုဆိုသည့် အခါအားလျော်စွာ တရားနာခြင်း မရှိသောသူများသည် သာသနာတော်ကိုဖျက်ဆီးနေခြင်းမဟုတ်သော်လည်း ပျက်စီးစေနိုင်ပါသည်။ အကြောင်းမှာ အယူမမှန်သော သံသယများစွာထုံလွမ်း နေသောသူများက သယ်ဆောင်လာမည့်သာသနာအတွက် မတွေးဝံ့စရာပင်။ ထို့ကြောင့် နေ့စဉ်တရားနာခြင်းအမူအားပြုလုပ်ခြင်းဖြင့် သာသနာတော်အား စောင့်ရှောက် သူများဖြစ်နိုင်ကြ ပါစေ။

၂။ စာပေမသင်ခြင်း၊

မြတ်စွာဘုရားရှင်၏ပိဋကတ်စာပေများကိုသင်ကြားမူမရှိခြင်းသည်လည်း သာသနာတော်ကိုပျက်စီးစေ နိုင်ပါ သည်။ တရားစာပေများကိုသင်ယူ ကျက်မှတ်ထားခြင်းမရှိပါကအမှား အမှန်ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ၊၊ နောက်ဆုံးတော့ အသိမှားတော့၊ အမှတ်မှားတယ်၊အမှတ်မှားတော့ အယူမှားပြီး တခြားဘာသာဝင်ဖြစ် သွားတက်ပါသည်။ ထို့ကြောင့် တရာစာပေများ လေ့လာသင်ယူပြီး သာသနာတော်ကို စောင့်ရှောက် နိုင်ကြပါ စေ။

၃။ နှုတ်တွင်မဆောင်ထားခြင်း၊

သင်အံကျက်မှတ်ထားသော စာပေများကို နှုတ်တတ်အာဂုံဆောင်ထားခြင်း မရှိပါကလည်း အလွဲလွဲအမှားမှားဖြစ်ခြင်းကြောင့်လည်းသာသနာတော်ပျက်စီးစေ နိုင်ပါသည်။ အာဂုံဆောင်မှ အာဂလူဖြစ် ရိုးထုံးစံရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို ကျက်မှတ်ပြီး နှုတ်တွင်ဆောင်၍သာသနာတော်ကို စောင့် ရှောက်နိုင်ကြပါစေ။

၎။ သိအောင်မမှတ်ခြင်း၊

သင်အံကျက်မှတ်ထားသည်များကိုမှတ်မှတ်သားသားမထားရှိသဖြင့်နှောင်းလူတို့လေ့လာခြင်းငှာမစွမ်းသာခြင်းသည်လည်းသာသနာတော်ကွယ်စေကြောင်း
တစ်ခုပင်ဖြစ်သည်။ မိမိသိပြီးသားတရားတော်များကို မိမိ သိရုံသာ မဟုတ်ဘဲ နှောင်းလူငယ်တို့
လေ့လာ ဆည်းပူးနိုင်အောင်မှတ်သား၊ ဖြန့်ဝေ သင့်ပေသည်။ သို့မှသာသနာတော် သည်နှစ်ပေါင်းရှည်ကြာစွာ တည်တံ့ နိုင်ပေလိမ့်မည်။

၅။ ပဋိပတ်ကင်းကွာခြင်း၊

ဆောင်ထားအပ်သောတရားသဘောတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့်မစူးစမ်းမဆင်ခြင်ကုန်။ အနက်သဘောကိုသိ၍၊ တရားသဘောကိုသိ၍ (လောကုတ္တရာ) တရား အားလျော်သော အကျင့်ကို ရိုသေစွာမကျင့်ကုန်။ ထိုသို့သော မပြုသင့်မပြုကျင့်အပ်သည်များကို ကျင့်နေခြင်းဖြင့်သာသနာကွယ် စေနိုင်ပါသည်ဟု မြတ်စွာဘုရားရှင်သည် အဂုတ္တိုရ်ပါဠိတော်၊ သဒ္ဓမ္မ၀ဂ်၌ အ ထင်အရှားမိန့်မှာတော်မူခဲ့ပါသည်။
နှိုးဆော်ချက်။ ။
စာဖက်သူများအနေနဲ့လည်း မိမိသိရှိပြီးသော တရားတော်များကို လိုက်ကျင့်ကြပါ။
အသိကို လိုက်မကျင့်တော့ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲ ဖြစ်သွား
တက်သည်ကို သတိ သံဝေဂ ရကြပါကုန်။ ။

အောင်မြင်ကြောင်းတရား(၄) ပါး

၁။ ဒေါသထွက်တဲ့ သူကို မေတ္တာပွား၊

၂။ နှုတ်ကြမ်းတဲ့ သူကို ယဉ်ကျေးစွာပြော၊

၃။ နှမြောတဲ့ သူကို နာနာပေး၊

၎။ လိမ်တက်တဲ့ သူကို မှန်မှန်ကန်ကန်ဆက်ဆံ၊


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
( “ဥတ္တရာဝတ္ထု” တရားတော်မှ… )

ဓမ္မသာဝန (တရားနာရသော) အကျိုး(၅)ပါး

၁။ မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်း၊

၂။ ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊

၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊

၎။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊

၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။
“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”
ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ

တောင့်တ၍မရသော တရား(၅)ပါး…

၁။ အိုတက်တက်တဲ့ သဘောတရားကို မအိုပါနဲ့လို့် တောင့်တ၍မရပါဘူး။

၂။ နာတက်တက်တဲ့ သဘောတရားကို မနာပါနဲ့လို့ တောင့်တ၍မရပါဘူး။

၃။ သေတက်တက်တဲ့ သဘောတရားကို မသေပါနဲ့လို့ တောင့်တ၍မရပါဘူး။

၎။ ပျက်စီးတက်တက်တဲ့သဘောတရားကို မပျက်စီးပါနဲ့လို့ တောင့်တ၍မရပါဘူး။

၅။ ကုန်ဆုံးတက်တက်တဲ့သဘောတရားကို မကုန်ဆုံးပါနဲ့လို့် တောင့်တ၍မရပါဘူး။


အရှင်ကောဝိဒ ( " စိတ်ဆိုတဲ့ စိတ် " တရားတော်မှ… )