သာသနာ့ အံ့ဖွယ်ရှစ်ဖြာ

အစ်ကိုရေ.. သိချင်တာလေးမေးခွင့် ပြုပါဦး။ သိရင်လည်း ဖြေကြားညွှန်ပြပေးပါဦး။ အံ့ဖွယ်သာသနာ ရှစ်ဖြာအကြောင်းကို သိချင်လို့ပါ။ အဓိပ္ပါယ်လေးလည်း ရှင်းပြပေးပါခင်ဗျာ။
ကိုထိုက်

သာသနာ့ အံ့ဖွယ်ရှစ်ဖြာ

အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ်၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။



အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်သွားတယ်။

ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်လာသကဲ့သို့ ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားသော ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။

ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်နေသကဲ့သို့ သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါလိမ့်မယ်။

တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။

မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုဘဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။

(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။
(ဗောဓိပက္ခိယရတနာ= ၃၇ပါးသော တရားရတနာ)

ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေသည် ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရဿ ဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးဘဲ ရှိပါတယ်။

ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်တွေ၊ သီလ၀ံသ မထေရ်တွေ ပျော်ပါးတဲ့၊ ပျော်မွေ့တဲ့နေရာဖြစ်ပါတယ်။


အကိုသိတာ ဖြေပေးလိုက်တယ် ညီ။ သုတေသန သရုပ်ပြ အဘိဓာန်မှာလည်း ရှင်းထားတာရှိပါတယ်။ အကို စာရေးချိန်မရ တော့လို့ ဒီလောက်ပဲ တင်လိုက်တယ်။ နားလည်မယ်လို့ ထင်ပါတယ်။

စိတ်ချမ်းသာပါစေ...


မင်္ဂလာတရား၁၂ပါး

မြန်မာလူမျိုးတွေ သတ်မှတ်သောမင်္ဂလာတရား၁၂ပါးကို သိချင်ပါတယ်ခင်ဗျာ... သိရင်ပြောပြပေးပါ။
kohtike

အကိုပြောတာ လောကီမင်္ဂလာ ၁၂ပါးကို ပြောတာထင်ပါတယ်။ မြန်မာလူမျိုးတွေ သတ်မှတ်ထားတဲ့ မင်္ဂလာဆိုတာတော့ သီးသန့် မတွေ့ဖူးပါဘူး။ လောကီမင်္ဂလာကိုပဲ မင်္ဂလာလို့ ယူဆထားကြတာပါ။

လောကီမင်္ဂလာ ၁၂-ပါး
(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ၀ိဇာတ မင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသော ဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။


(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရ၀ိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ၀ိဝါဟမင်္ဂလာ။
သုတေသန သရုပ်ပြအဘိဓာန်စာအုပ်မှ...။

မင်္ဂလာတရားနဲ့ ပတ်သတ်လို့ အနည်းကျဉ်းထပ်ဖြည့် ပြောချင်ပါတယ်။ မင်္ဂလာမှာ ဆောင်ရမယ့် မင်္ဂလာနဲ့၊ ပယ်ရမယ့် မင်္ဂလာ ဆိုပြီးရှိပါတယ်။ ဆောင်ရမယ့် မင်္ဂလာက ဘုရားဟော မင်္ဂလာသုတ်မှာပါတဲ့ ၃၈ဖြာ မင်္ဂလာတရားတော်တွေပဲ ဖြစ်ပါတယ်။ (ဒီနေရာမှာ မင်္ဂလာဆောင်(လက်ထပ်) တော့မယ့် မိတ်ဆွေတွေကို မင်္ဂလာဆောင်တယ်ဆိုပြီး လက်ထပ်ကြ သလို ၃၈ဖြာ မင်္ဂလာတရားတွေကိုလည်း ဆောင်ကြပါလို့ အသိပေးလို့ ရပါတယ်)။
ပယ်ရမည့် မင်္ဂလာများ ဆိုတာက တရားနဲ့ စပ်တဲ့ ၃၈-ဖြာ မင်္ဂလာအစစ်တွေ မဟုတ်ပါဘူး၊ လောကသားတွေက မင်္ဂလာလို့ ယူဆစွဲလမ်းအပ်တဲ့ မင်္ဂလာ အတုတွေကိုသာ ဆိုလိုပါတယ်၊ အဲဒါတွေက ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာလို့ သုံးမျိုးရှိပါတယ်။

ဒိဋ္ဌမင်္ဂလာ
ဒိဋ္ဌမင်္ဂလာဆိုတာ အကောင်းအမြတ်ကို မြင်တွေ့ရရင် ကောင်းကျိုးကိုရတယ်၊ မကောင်းတာ ဆိုးတာကို မြင်ရရင် မကောင်းကျိုးကို ရတယ်လို့ ယူဆချက်ပါပဲ။ ဘယ်လိုဟာလဲဆိုတော့ နံနက် အိပ်ရာမှ ထခါစမှာ ပျံလွှားငှက်၊ မိုးစာငှက် လူ့စကားပြောတတ်တဲ့ ငှက်ကို မြင်ရရင်၊ ကိုယ်ဝန်ဆောင်၊ အပျို၊ လူပျိုကို၊ ရေပြည့်အိုး၊ အာဇာနည်မြင်း၊ နွားလားဥဿဖ စတဲ့ နှစ်သက်ဖွယ်အဆင်းကို မြင်ရရင် ကောင်းခြင်းမင်္ဂလာ ဖြစ်တယ်လို့ ယူဆကြတယ်။ ရှေးတုန်းက အိန္ဒိယမှာ ယူဆပုံ တွေပါပဲ။ ယခုခေတ် မြန်မာပြည်မှာလဲ ထိုက်သည့်အားလျော်စွာ ယူဆစွဲလမ်းချက်ဟာ အတော်အတန်တော့ ရှိတာပါပဲ။ သူတောင်းစား ဒွန်းစဏ္ဍားကိုမြင်ရရင် အမင်္ဂလာဖြစ်တယ်လို့ ရှေးခေတ်က အယူအဆရှိခဲ့တယ်။

သုတမင်္ဂလာ
သုတမင်္ဂလာဆိုတာကတော့ အကြားကောင်းကို မင်္ဂလာလို့ယူပြီး အကြားဆိုးကို အမင်္ဂလာလို့ ယုံကြည်စွဲလမ်းတာပါပဲ။ ၀မ်းမြောက်ပျော်ရွင်ဖွယ် အသံကောင်း အဆိုကောင်းကို ကြားရရင် မင်္ဂလာလို့ ထင်မှတ်တယ်။ မသာ(လူသေ) အကြောင်း၊ လွမ်းဆွတ်ငိုကြွေးသံ တို့ကို ကြားရရင် အမင်္ဂလာလို့ ယူဆတယ်။ ဇီးကွက်မြည်သံကြားရရင် မင်္ဂလာရှိတယ်လို့ ယူဆတယ်၊ ငှက်ဆိုးသံ ကြားရရင် အမင်္ဂလာဖြစ်တယ်လို့ ယူဆတယ်၊ ဒါမျိုးတွေပါပဲ။

မုတမင်္ဂလာ
မုတမင်္ဂလာ ဆိုတာကတော့ အနံ့ကောင်းကို နံရတာ၊ အရသာအထူးကို စားရတာ၊ အတွေ့ကောင်းကို တွေ့ထိရတာ ဒါမျိုးတွေကို မင်္ဂလာလို့ ယူဆတယ်။ အဲဒါနဲ့ ဆန့်ကျင်တဲ့ အနံ့အရသာ အတွေ့မျိုးကို အမင်္ဂလာလို့ ယူဆတယ်။ အိန္ဒိယက
ဇာတ်အယူဝါဒအရဆိုရင် ဇာတ်နိမ့် ဒွန်းစဏ္ဍားကိုယ်နဲ့ ထိတာကို အမင်္ဂလာလို့ ယူဆတယ်။

အမှန်တကယ်ပဲ တရားအလုပ် အားထုတ်တဲ့ သူတွေအနေနဲ့ အထက်က ပြောခဲ့တဲ့ မင်္ဂလာတရားတွေကိုလည်း ပယ်ရပါမယ်။ လောကီမင်္ဂလာတွေကိုလည်း ပယ်ရမယ်။ တရားအားထုတ်နေပြီး ဒီလို အယူတွေ စွဲနေသေးတယ်ဆိုရင် မဟုတ် သေးဘူးလို့ ဆုံးဖြတ်ချက် ချလို့ ရပါတယ်။ ဒါတွေက မြန်မာအတော်များများ စွဲနေကြတဲ့ အယူတွေလည်း ဖြစ်ပါတယ်။ အားလုံးကိုလည်း ဒီအကြောင်းတွေ သိစေချင်ပါတယ်။ ရေးသားဖြစ်အောင် မေးလိုက်တဲ့ ကိုထိုက် ကို ကျေးဇူးတင်ပါတယ်။


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…


သညာသိနှင့် ပညာသိ

ကျေးဇူးတော်ရှင် အရှင်ဇ၀န (မေတ္တာရှင်) ဟောကြားတော်မူသော သညာသိနှင့် ပညာသိ တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး တရားတော်ကို နာယူကြည်ညိုနိုင်၍ တရားအသိတိုးပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြပါစေ…

ဝဲမစုပ်ပုပ်ဆွေးဝေးရပြီ

ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ၀ဲမစုပ်ပုပ်ဆွေးဝေးရပြီ ဆိုတဲ့ တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး တရားတော်ကို နာယူကြည်ညိုနိုင်၍ တရားအသိတိုးပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြပါစေ…

အဘိဓမ္မာ နေ့မြတ်ခါ

သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ စနေနေ့သည် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင်မာယာဒေ၀ီမှ ဖွားမြင်တော်မူခဲ့ပါ တယ်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာနှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါတယ်။ အသက် (၂၉)နှစ်မှာ သားရာဟုလာ ဖွားမြင်သော ညမှာပင် ကာမဂုဏ်ရဲ့ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလ တောကို ၀င်ခဲ့ပါတယ်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါတယ်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုတဲ့ ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါတယ်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။ ဘုရားဖြစ်ပြီးနောက်-


(၁) ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်တဲ့ ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူပါတယ်။
(၂) အနိမိသ သတ္တာဟ။ ။ဗောဓိပင်ရဲ့အနီး အရှေ.မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူပါတယ်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူပါတယ်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ = မျက်စိမမှိတ်ပဲ)
(၃) စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူပါတယ်။ ဒီနေရာမှာ နတ်တွေက “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးတယ်၊ ဘုရားစင်စစ်မဖြစ်သေး” ယုံမှားသံသယဖြစ်ကြတယ်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါတယ်။
(၄) ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါတယ်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါတယ်။
(၅) အဇပါလသတ္တာဟ။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆) မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်ရဲ. အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။
(၇) ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်ရဲ.တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။
(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ မြန်မာနိုင်ငံ၊ ရာမညတိုင်း၊ ဥက္ကလာ ဇနပုဒ်၊ ပေါက္ကရ၀တ္တီ ဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့ကနေ ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ အဲဒီ ကုန်သည်ညီနောင်ကို သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးပဲ ပေးပါတယ်။ ဆံတော် (၈)ဆူ စွန်.တော်မူပါတယ်။ အဲဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါကို မကုဠတောင် စတဲ့ နေရာဌာနများမှာ ၀ါကပ်တော်မူပါတယ်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အမှူးထားကာ တာဝတိံတာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူပါတယ်။
မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ။
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း(၉၀)၊ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်းကျမ်းကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမိုက်ကျမ်းကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန်းကျမ်းကို ( ၂၅ ) ရက် ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း(၃)နည်း ဖြင့် ဟောကြားခဲ့ပါတယ်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါတယ်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါတယ်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါတယ်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားတဲ့ အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအ တည်ပြု တော်မူခဲ့ပါတယ်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါတယ်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။ ဒါ့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါတယ်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါတယ်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါတယ်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါတယ်။ ထိုနေ့ အထိဝါဆိုကြ သည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြ ပါတယ်။
အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြား ပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ် ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသ အဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင် ဖြစ်ပါတယ်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အားလုံး တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြ သဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ…

www.live.dhammathukha.com တွင် စင်္ကာပူ စံတော်ချိန် ည (၈း၁၅)နာရီမှာ တရားတော်ကို ထုတ်လွှင့်မှာ ဖြစ်သော ကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို တရားနာ ဖိတ်ပါတယ်။
www.shwepyithu.com တွင်လည်း တရားတော်ကို နာယူနိုင်ပါတယ်။

ကိုးကား။ ။ပဋ္ဌာန်း (အဘိဓမ္မာသင်တန်း) ကောက်နှုတ်ချက်။
သီတဂူဆရာတော်ကြီးဟောကြားသော သတ္တဌာန ခုနှစ်ပတ်ဖြစ်စဉ် ဗုဒ္ဓ၀င်။
ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ရေးသားသော “သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်” ဆောင်းပါး။


ပဋ္ဌာန်းဒေသနာတော်

ပဋ္ဌာန်းဒေသနာတော်ကို နာယူကြည်ညို နိုင်ကြပါစေ။

လောကဇာတ်ခုံ

လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။ အမှန်ကတော့- မိမိကိုယ်တိုင်လျှင် မိမိရဲ့ ကိုးကွယ်အားထားရာ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အတိုင်း လူတစ်ကိုယ် ဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင် နေကြရတာပါ။ လူတိုင်းဟာ မွေးဖွားလာချိန်မှစလို့ သေတဲ့ အထိ ကိုယ့်ဇာတ်ထုပ်ကို နေရာပေါင်းစုံက သရုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အချို့က ကိုယ့်ဇာတ်ကို နိုင်အောင် သိမ်းကြနော်လို့ ပြောတာဖြစ် နိုင်ပါတယ်။ ဘ၀ဇာတ်ထုပ်ကို ကပြသရုပ်ဆောင်ရာမှာ တချို့က ကြီးကျယ်မှုကို ရည်မှန်းပြီး တချို့ကတော့ မြင့်မြတ်မှုကို ရည်မှန်း သရုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့ အတွေးလေးတွေဟာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

ဘုရားအလောင်း တောမထွက်ခင် ကာလမှာ ဖခင်သုဒ္ဓေါသနမင်းကြီး အပါအ၀င် ဆွေးတော် မျိုးတော်အားလုံးတို့က လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြ၀တေးမင်း ဖြစ်ဖို့ ၀ိုင်းပြီး တွန်းအားပေးနေချိန်မှာ သိဒ္ဓတ္ထ မင်းသားက- “သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်ဖို့အတွက် အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊ ငါက အမြင့်မြတ်ဆုံး ဖြစ်ဖို့အတွက် အကြီး ကျယ်ဆုံးတွေကို စွန့်လွှတ်ရမယ်၊ ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်၊ ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး၊ ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာမရှိတဲ့ တစ်ဘ ၀ တစ်နပ်စာသာဖြစ်တယ်၊ မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်” လို့ ဆင်ခြင်သုံးသပ်ပြီး သစ္စာတရားရှာဖို့ တောထွက်တော်မူခဲ့ပါတယ်။

တောထွက်ခါနီးမှာ အလောင်းတော်မင်းသားရဲ့ ယသော်ဓရာကို သတိပေး၊ ကတိပေး စကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ်လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်” ဆိုကာ မြင်းမြတ်မှုအတွက် ကြီးမြတ်မှုတွေကို ကျောခိုင်းခဲ့တာလည်း အတုယူစရာပါ။

လောကဇာတ်ခုံမှ ကြီးမြတ်မှုအတွက် သရုပ်ဆောင်သွားကြတဲ့ နပိုလီယံ၊ ဟစ်တလာ တို့ကိုကြည့်မယ်ဆိုရင် အမြင်မှာ ကြီးကျယ်သလောက် လုပ်ရက်တွေက အနိမ့်ကျဆုံးလို့ ဆိုရလောင်အောင် အသက်ပေါင်းများစွာကို မညှာမတာ သတ်ခဲ့တာ တွေ့ရပါတယ်။ မာသာထရီဇာ (Mother Theresa) ဆိုတဲ့ အမျိုးသမီးကတော့ သူပိုင်တဲ့ ကြီးကျယ်မှုတွေကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံမှာ အပယ်ခံ ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ အတွက် အမြင့်မြတ်ဆုံး ကရုဏာလုပ်ငန်းကို သရုပ် ဆောင်သွားတာဟာ ရင်သပ်ရှုမောပြီး သာဓု ခေါ်ကြရမှာပါ။ သူ့ဘ၀ဇာတ်လမ်းဟာ အမြင်မှာ ခမ်းနားထည်ဝါတယ်လို့ မထင်ရပေမယ့် တကယ့်ကို မြင့်မြတ်တဲ့ သရုပ်ဆောင်မှုတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့ တဘ၀တာ ဇာတ်သိမ်းခန်းကို အိန္ဒိယနိုင်ငံ သာမက တကမ္ဘာလုံး အမြင့်ဆုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လူသားစိတ်ရှိသူ အားလုံးက တလေးတစား ဂါရ၀ပြု ကောင်းချီး ပေးကြတာပေါ့။

ယနေ့အချိန်မှာလည်း သူဋ္ဌေးအတော်များများ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ပရဟိတ လုပ်ငန်းအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နေကြတဲ့ သတင်းကို မကြာခဏ ကြားသိရပါတယ်။ လောကကြီး ကျက်သရေရှိဖို့ အတွက် ဒီလို သရုပ်ဆောင် ကောင်းတွေ အများကြီးလိုပါတယ်။ (အခုစာဖတ်နေသူ ကိုယ်တိုင် ဖြစ်ခဲ့ရင် အတိုင်းထက် အလွန်ပေါ့)။ မြတ်ဗုဒ္ဓရဲ့ အလိုအရ ဘ၀ဇာတ်လမ်းတခုကို လုပ်ကိုင်ကြတာဟာ နှလုံးသားကို တည်မှီတဲ့ အတွေးအကြံ (မနောကံ)၊ နှုတ်က ပြောဆိုတဲ့ (၀စီကံ)၊ ကိုယ်နဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ (ကာယကံ) စသဖြင့် သုံးမျိုးပဲရှိပါတယ်။ ဒီသုံးမျိုးထဲမှာလည်း မနော ပုဗ္ဗင်္ဂမာ ဓမ္မာ= သက်ရှိတို့ရဲ့ လုပ်ဆောင်မှု(ဓမ္မ) အားလုံးကို မနောကံက ရှေ့သွားဦးဆောင် ပြုတယ် ဆိုတဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့ တရားတော်အရ ဘ၀ဇာတ်လမ်းမှာ နှလုံးသား (မနောကံ)က ဒါရိုက်တာဖြစ်ပြီး၊ အပြော(၀စီကံ)နဲ့ အပြုအမူ (ကာယကံ) တို့က သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုရမှာပေါ့။

မိမိတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သိသာမြင်စေတာက အပြောနဲ့ အပြုအမူဆိုတဲ့ သရုပ်ဆောင်ကံ နှစ်မျိုးပါပဲ။ ဒီကံ နှစ်ခုဟာ ကောင်းရင် ကောင်းသလောက် မိမိအတွက်ရော ပတ်ဝန်းကျင့်အတွက်ပါ ကောင်းကျိုးရစေတဲ့ ဘ၀ဇာတ်လမ်း ကောင်းဖြစ်ပြီး ဆိုးရင်တော့ ဇာတ်လမ်းဆိုးကြီး ဖြစ်သွားမှာပါ။ ဒီကံနှစ်မျိုး သရုပ်ဆောင်တာကို ညွှန်ကြားနေတာက မနောကံ (နှလုံးသား) ဖြစ်တာမို့ ဘုရားရှင်ကတော့ နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ရေးဟာ ဘ၀ဇာတ်လမ်း အတွက် အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးကောင်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအတိုင်း ကိုယ်နဲ့ နှုတ်က သရုပ်ဆောင် လိုက်ရင် အမြင့်မြတ်ဆုံး ဇာတ်လမ်းဖြစ်မှာ မလွဲပါပဲ။

နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ဖို့ အတွက် အရည်အချင်း လေးချက်လိုအပ်တယ်လို့ အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ အပဏ္ဏကသုတ် အရ သိရပါတယ်။ အဲဒီလေးချက်ကတော့-
၁။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ် (နေက္ခမ္မ၀ိတတ်)။
၂။ ရန်ငြိုးအာဃာတ လုံးဝကင်းရှင်းပြီး ခွင့်လွှတ်သည်းခံ တတ်တဲ့စိတ်ဓာတ် (အဗျာပါဒ၀ိတတ်)။
၃။ သူတစ်ပါးအပေါ် သတ်ဖြတ်ငြှင်းဆဲလိုမှု၊ မထီမဲ့မြင်ပြုမှု၊ နိုင်ထက်စီးနင်းပြုလိုမှု ကင်းရှင်းပြီး ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓာတ် (အ၀ိဟိံသ ၀ိတတ်)။
၎။ အကောင်းအဆိုး အကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အသိမှန် (သမ္မာဒိဋ္ဌိ) တို့ဖြစ်ပါတယ်။
ဘယ်သူမဆို ဒီစိတ်ဓာတ်ကောင်းလေးခုကို နှလုံးအိမ်မှာတည်ရှိပြီး နှလုံးကောင်းစိတ်မြတ်ရဲ့ ဦးဆောင်ညွှန်ပြတဲ့ အတိုင်း ကာယကံ၊ ၀စီကံ တို့နဲ့ သရုပ်ဆောင် ပြောဆို ပြုမူနေထိုင်မယ်ဆိုရင် သူတို့ရဲ့ ဇာတ်လမ်းဟာ လောကနဲ့လည်း အံဝင် သာသနာနဲ့လည်း မဆန့်ကျင်တဲ့ အတွက် လောကအနေနဲ့လည်း အမြတ်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်သလို သာသနာတော် (ဓမ္မ)အရ ကြည့်ရင်လည်း အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ထိ အမြင့်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်အောင် ကျင့်ဆောင် နေထိုင်သူလို့ ဆိုနိုင်ပါတယ်။

မိမိတို့တွေ မွေးဖွားခြင်းကနေ စခဲ့ရတဲ့ ဘ၀ဇာတ်လမ်းမှာ ဇာတ်ညွှန်းကောင်း သရုပ်ဆောင်ကောင်းစွာနဲ့ လောကဇာတ်ခုံမှာ ဇာတ်သိမ်းနိုင်သလို ဇာတိ အစ မရဏအဆုံးဆိုတဲ့ ဘ၀တိုတိုမှာ စိတ်ကောင်းနှလုံးမြတ် ရှိပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။


ကိုးကား။ ။ဓမ္မဘေရီ အရှင်ဝီရိယ ရေးသော လောကကျက်သရေ စာအုပ်။


တကယ်ရော သုံးဆောင်ပါသလား?

အချိန်ရမယ်ဆိုရင် ကျွန်မရဲ့ အကူအညီတောင်းခံသော စာလေးအား ပြန်ကြားပေးစေလိုပါသည်။ သူငယ်ချင်း တစ်ယောက်က သူ့စိတ်ထဲမှာ မရှင်းတဲ့အချက်လေးအဖြစ် တနေ့က ကျွန်မကို မေးပါတယ်။ သူကို နားလည်းအောင် ရှင်းပြပေမယ့် သူ့စိတ်ထဲ့မှာ ရှင်းလင်းကြည်လင်ပုံမရပါဘူး။ မေးသူ သူငယ်ချင်းသည် ဘာသာရေးကို အလေးထားအမြဲ အားထုတ်သူဖြစ်သည်။ ကျွန်မတို့ အပြန်အလှန် ဘာသာရေး ဗဟုသုများ မျှဝေကြပါသည်။ အကြောင်းအရာက ကျွန်မ နေ့စဉ်အိမ်မှ ဘုရားပုံတော်အား ဆွမ်း၊ ရေချမ်း၊ သစ်သီးများကပ်လှူပါသည်။ သူအား အနည်းဆုံး ရေချမ်းတော့ အိမ်မှ ဘုရားအား ကပ်လှူရန် တိုက်တွန်းမိပါသည်။ သူက အဲဒါဘာများ ထူးခြားလဲ။ ဘုရားက တကယ်ရော သုံးဆောင်ပါသလား ဟု မေးပါသည်။ ကျွန်မက သက်ရှိထင်ရှား မြတ်စွာဘုရားကဲ့သို့ ကိုယ်ကွယ်ခြင်းဖြစ်သည်။ သုံးဆောင်ပါသည်၊ ကပ်ဖို့လိုအပ်ပါသည်၊ ဟု တချို့ ဥမာများဖြင့် ဖြေကြားခဲ့ပါသည်။ သို့သော် ပိုမိုဗဟုသုတများသော ဆရာတော်များထံတွင် မေးမြန်းပါဟု သူအား အကြံဥာဏ်ပေးခဲ့ပါသည်။ အဲဒါလေးကို ကိုအောင်ဦးကို တဖန်ပြန်ပြီး မေးချင်ပါတယ်။ သူ့ကျေနပ်လောက်မယ့်အဖြေ ပေးနိုင်မယ့်လို့ ယုံကြည်ပါတယ်။ အကြောင်းအရာတစ်ခုဖြစ်စေ။ တရားတစ်ပုဒ်ဖြင့်ဖြစ်စေ၊ အဆင်ပြေသလို့ အနည်းငယ် အကျဉ်းမျှသာ ဖြစ်နိုင်မယ်ဆိုရင် ကိုအောင်ဦး နားလည်းခံယူသလို လက်ဆင့်ကမ်းမျှဝေ ဖြေကြားပေးစေလိုပါတယ်။
ခင်မင်လေးစားစွာဖြင့်
ကျေးဇူးတင်လျှက်...
LLM


မေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ နားလည်ခံယူထားတဲ့ ပုံစံချင်း တူချင်မှ တူပါလိမ့်မယ်။ လူအတော်များများ လည်း ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ ကိုယ်နားလည် ခံယူထားသလို ပူဇော်ကိုးကွယ်နေကြတာပါပဲ။
ဒီနေရာမှာ မေးတဲ့မေးခွန်းကိုလည်း သဘောပေါက်ဖို့ အဓိက ကျပါတယ်။ သူမေးတာက ဘုရားရှင်ကို ရေချမ်း၊ ဆွမ်း၊ သစ်သီး စတာတွေကို ကပ်လှူပူဇော်တာက တကယ်သုံဆောင်နိုင်ရဲ့လား၊ ဘာထူးခြားလို့လဲလို့ မေးတဲ့ အတွက် ဖြေရမှာ က တမျိုးဖြစ်ပါတယ်။ ဒါကကျတော့ ကပ်လှူနေခြင်း အပေါ်မှာ နားမလည်လို့ မေးလိုက်တာပါ။
တချို့က ကပ်လှူပူဇော်တာကို လက်ခံတယ်။ ဒါပေမယ့် ဘယ်လို နှလုံးသွင်းပြီး ကပ်လှူရမယ်ဆိုတာကို မသိတဲ့ အတွက် မေးကြပါတယ်။ အဲဒီအတွက်က အဖြေတမျိုးဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကပ်လှူရမယ်ဆိုတာ သိတယ်။ နှလုံးသွင်းနည်း မသိတာပါ။
ဘုရားရှင်က တကယ်သုံးဆောင်ပါသလား ဆိုတဲ့ အတွက် ဘုရားက အခုချိန်မှာ သက်ရှိမဟုတ်တဲ့ အတွက်ကြောင့် တကယ် မသုံးဆောင်ဘူးလို့ မြင်နေလို့ ထင်ပါတယ်။ ဒါကတော့ သာမန် အမြင်ပေါ့။ ဘုရားရှင် ပရိနိဗ္ဗာန် မပြုခင်မှာ ဘုရားရှင် အဖြစ်ကိုးကွယ် ပူဇော်ထိုက်တဲ့ စေတီ(၄)မျိုးကို ဟောခဲ့ပါတယ်။ စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွား ဆင်းတုတော်များ။
အထက်ပါ စေတီလေးခုကို ကိုးကွယ်ပူဇော်တဲ့ အချိန်မှာ ဘုရားရှင်သက်ရှိထင်ရှား ရှိသလို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဂုဏ်တော်တွေကို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဘုရားကို ဆွမ်း၊ ရေချမ်းကပ်လှူတယ်ဆိုတာ ဥဒ္ဒိဿစေတီကို ကပ်လှူနေ တာ ဖြစ်တဲ့ အတွက်ကြောင့် ဘုရားရှင်ကို ကပ်လှူရာ ရောက်ပါတယ်။
ဘုရားရှင်က ၀ိမာန ၀တ္ထု ပါဠိတော် မှာ-
တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
လို့ ဟောတော် မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့-
တိဋ္ဌန္တေ စ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ- ပရိနိဗ္ဗာန်စံကြွသွားသော မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌ လည်းကောင်း၊ စိတ္တေ- ကြည်ညိုသောစိတ်၊ ပြစ်မှားလိုသော စိတ်သည်၊ သမေ- တူမျှသည် ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။ တသ္မာ- အဘယ့်ကြောင့်နည်းမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသော ကြောင့်သာလျှင်၊ သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏။ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။
ဒါကြောင့် ဘုရားရှင် သက်တော်ထင်ရှားရှိသလို စိတ်ထဲမှာ ကြည်ညိုနှလုံးသွင်းပြီး ပူဇော်ကိုးကွယ်မယ်ဆိုရင် ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်က ပူဇော်ရသလိုပဲ အကျိုးရပါတယ်။

ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ကိုးကွယ်းဆည်းကပ်ရမှာကြောင့်- အိမ်မှာ ဘုန်းကြီးတပါး ကြွလာရင် ဘယ်လို ဆွမ်းကပ်လဲ၊ သစ်သီး၊ ရေချမ်း တွေလည်း ဘယ်လိုကပ်လဲ ဆိုတာပဲ စဉ်းစားကြည့်ပါ။ ဆွမ်းကပ်တယ်ဆိုရင် သာမန် အိမ်မှာ စားနေတာထက် ပိုကောင်းတဲ့ ဟင်း၊ ထမင်း၊ လက်သုတ်ပ၀ါ အားလုံးပြည့်စုံအောင် စီစဉ် ကပ်လှူရတယ်။ သစ်သီးဆိုလည်း ခွဲပြီးကပ်ရတယ်၊ ရေချမ်းဆိုလည်း ခွက်နဲ့ သေချာကပ်လှူကြရတယ်။ ဘုန်းကြီးကိုတောင် အဲလို ပူဇော်ရတယ်ဆိုရင် ဘုရားရှင်လည်း သက်ရှိလို ပူဇော်ရမှာ ဖြစ်တာကြောင့် ဆွမ်းတော်ကပ်တာ၊ သစ်သီးကပ်တာ၊ ရေချမ်းကပ်လှူတာလည်း သက်ရှိလူတယောက်ကို ကပ်လှူတဲ့(ကျွေးတဲ့) ပုံစံနဲ့ ကပ်ကြရမှာပါ။

ဒီလိုကပ်လှူတာ ဘယ်လိုအကျိုးရှိမှာလဲ ဆိုတော့- ဗုဒ္ဓမြတ်စွာက "စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊" လို့ဟောကြား တော်မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့... ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတော်မူတယ်...။ ဒါကြောင့် မိမိကပ် လိုက်တဲ့ ဆွမ်း၊ ရေချမ်း၊ သစ်သီးကို သုံးဆောင်တာ မသုံးဆောင်တာက အဓိက မဟုတ်ပါ။ မိမိ စိတ်ထဲမှာ ဖြစ်တဲ့ စေတနာ က ကံဖြစ်တာကြောင့် ကောင်းမှုအလုပ်တွေ လုပ်တဲ့ စေတနာဖြစ်တဲ့ အတွက်ကြောင့် ကောင်းတဲ့ အကျိုးကို ရရှိပါတယ်။
ဒါ့ကြောင့် ဘုရားကို ပူဇော် ကပ်လှူတာဟာ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်ပြီးတော့ ကောင်းမှုရဲ့ အကျိုးကျေးဇူး အမှန်တကယ် ရှိတယ်ဆိုတာတော့ ယုံကြည်ဖို့ လိုပါတယ်။ ကုသိုလ်သဘောက မိမိနဲ့ သူတပါးမှာ အပြစ်ကင်းတယ်။ စိတ်ချမ်းသာတယ်။ “အပြစ်ကင်းကွာ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ် သဘောတည်း” လို့ ဆိုပါတယ်။

ဒါဆိုရင် ဘုရားမှာ ဆွမ်းတော်တင်၊ ရေချမ်းကပ်လို့ ရှိရင် ဘယ်သူမှလည်း အပြစ်မရှိဘူး။ ကိုယ်တိုင်လည်း စိတ်ချမ်းသာရ တယ်။ ဒါက ကုသိုလ်ဖြစ်နေပြီပေါ့။ ကုသိုလ်က ကောင်းတဲ့ အကျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာ ယုံရင် ဆွမ်းတော်တင်၊ ရေချမ်းကပ်တာလည်း အဓိပ္ပါယ်ရှိတဲ့ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်တယ်ဆိုတာ လက်ခံသင့်ပြီလို့ ထင်ပါတယ်။

ကျနော်နားလည် သလို အတိုချုံ့ဖြေပေးလိုက်ပါတယ်။ မရှင်းတာပါခဲ့ရင် ထပ်မေးပါ။

စိတ်ချမ်းသာကြပါစေ…၊



ယသော်ပမာ ချစ်တတ်ပါစေ

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘ၀တသက်တာကာလမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သဘောကို လူတိုင်းမကင်း နိုင်ကြပါဘူး။ မချစ်တတ်၊ မမုန်းတတ်တဲ့ သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လူတိုင်းက အချစ်နဲ့မှ မကင်းနိုင်သေးပဲလေ။ အချစ်ဆိုတာကို အမျိုးမျိုး ပြောဆိုကြတာရှိပါတယ်။ အချစ်ဆိုတာ ပကတိ အနေအထား အတိုင်းရှိနေတဲ့ လူတယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ရဲ့ အမှန်အတိုင်း ချစ်နေဖို့ပဲ လိုတယ်။ ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင် လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာ ခံခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာဦးကတည်းက စခဲ့တဲ့ အချစ်ဟာ ကမ္ဘာဆုံးလည်း မဆုံးနိုင်ပါ။ သံသရာ မဆုံးသေး သရွေ့ အချစ်မဆုံးနိုင်၊ သံသရာ ဆုံးမှသာ အချစ်ဆုံးပါမယ်။

ဂေါတမဘုရားရှင် နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့တဲ့ သုမေဓာ ရသေ့ဘ၀ကို မှန်းဆကြည့်မိပါတယ်။ အဲဒီအချိန် တုန်းက ရမ္မာဝတီမြို့ကို သုမဓာရသေ့ ရောက်သွားတဲ့ အခါမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာမှာ ဖြစ်လို့ လမ်းများကို သန့်ရှင်း ပြင်ဆင်နေတဲ့ လူတွေကို တွေ့လိုက်တယ်။ ဘုရားကြွလာမယ် ဆိုတာကို သိလိုက် ရတဲ့ သုမေဓာရသေ့ဟာ သူလည်းပဲ ဒီလို လမ်းတွေ သန့်ရှင်းပြင်ဆင်နေတဲ့ ကုသိုလ်ပွဲမှာ ပါဝင်လိုက်ပါတယ်။ သူတာဝန်ယူပြီး မြေဖို့တဲ့ ညွန်ဗွက်မပြီးခင် ခန္ဓာကိုယ်တလျားလောက် ကျန်နေချိန်မှာပဲ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတာကြောင့် သူ့ရဲ့ ခန္ဓာကို အလျားစင်းပြီး တံတားခင်းပေးလိုက်ပါတယ်။ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေက သုမေဓာရသေ့နားကို ရောက်တဲ့ အချိန်မှာ တံတားသဖွယ်ခင်းထားတဲ့ ခန္ဓာ ကိုယ်ပေါ်ကို နင်းကြွခြင်းမပြုပဲ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင် ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာ တကိုယ်တည်း လွတ်မြောက်ရာကို မျက်မှောက်ပြုလိုရင် ဂါထာဝက် (အက္ခရာ ၁၆လုံး) ဟောလိုက်တာနဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရင် သဗ္ဗညုတ ဘုရားရှင် အဖြစ် သတ္တ၀ါတွေကို ကယ်တင်နိုင်မယ့် ဘုရားဖြစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိမြင်တော်မူတဲ့ အတွက် သုမေဓာရသေ့ကို အကြောင်းစုံ ရှင်းပြပြီး ကြိုက်ရာရွေးနိုင်ကြောင်း မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးက အနီးမှာ ရှိတဲ့ ရေကန်ထဲက ကြာပန်းရှစ်ခိုင်ကို ယူပြီး သုမေဓာ လက်ထဲကို ကြာပန်းငါးခိုင် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကြာပန်းသုံးခိုင်ကို ကိုင်ပြီး သုမေဓာရသေ့ ခြေရင်းမှာ ထိုင်ဖူးမြော်ရင်း ဒီပင်္ကရာ ဘုရားရှင် မိန်းကြားတဲ့ စကားတော်ကို နာယူနေပါတယ်။ သုမေဓာရသေ့က ငါကိုယ်တိုင် ကိလေသာ အနှောက်အယှက် အပူအပင်တွေ ကင်းဝေးငြိမ်းအေးပြီး ငိုကြွေးခြင်း များ ရပ်သွားသလို သူတပါးတို့လည်း ကိလေသာ ကင်းပြတ် ငိုကြွေးခြင်းတွေ ရပ်စေရမယ် ဆိုကာ ကိုယ်တိုင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိလိုတဲ့ ဆန္ဒ၊ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားချမ်းသာကို ဆောင်ရွက်လိုတဲ့ ဆန္ဒများနဲ့ သဗ္ဗညုတဉာဏ်ဆီ စွဲမြဲစူးစိုက် ရှေးရှုဆောင်မှု အဘိနီဟာရ (ဘုရားဆုကို ပန်ဆင် ခြင်း) ပြုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခြေတော်ရင်းမှာ ထိုင်နေတဲ့ သုမိတ္တာက ပီတိအဟုန် တုန်ခါသွားပြီး “ဒီ ရှင်ရသေ့ ပါရမီတော်တွေကို ဖြည့်ကျင့်နေစဉ် ကာလတလျောက် သူလည်း လိုအပ်သမျှကို ဖြည့်ဆည်း ပေးတဲ့ ပါရမီ ဖြည့်ဘက် ဖြစ်ပါရစေ” လို့ ဆုပန်လိုက်ပါတယ်။

ဒီနေရာမှာ နှစ်ဦးလုံး ချစ်ခြင်းမေတ္တာ အပြည့်ရှိသူတွေပါပဲ။ သုမိတ္တာက ဘုရားအလောင်းတော် အလိုပြည့်ဖို့ ချစ်တတ်သူ၊ သုမေဓာကတော့ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ချစ်တတ်သူလို့ ဆိုရမှာပေါ့။ ဘုရားဆုပန်ပြီး ချိန်မှ စလို့ ပါရမီ ဖြည့်ကျင့်ရမှာ ပါရမီ ဆယ်ပါးကို မိမိရဲ့ ပစ္စည်းဥစ္စာ၊ စည်းစိမ်အာဏာ၊ သားမယား အပါအ၀င် သက်ရှိ သက်မဲ့ တွယ်တာစရာမှန်သမျှကို စွန့်လွှတ်ပြီး ဖြည့်ကျင့်ရတဲ့ ရိုးရိုးပါရမီ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ဥပပါရမီ။ မိမိအသက်ကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ပရမတ္ထပါရမီ စသဖြင့် ပါရမီ ဆယ်ပါးလုံးကို သုံးဆင့်ပြည့်အောင် ဖြည့်ရပါတယ်။ ဒါကို ပါရမီဆယ်ပါး အပြားသုံး ဆယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ ပါရမီတော်တွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ ဘုရားလောင်းမွေးဖွား ပြီးတာနဲ့ ဖခင် သုဒ္ဓေါဓနမင်းကြီးက ဘုရားမဖြစ်စေလို ပဲ စကြ၀တေးမင်း ဖြစ်စေလိုတဲ့ အတွက်ကြောင့် တောမထွက်နိုင်အောင် အခိုင်မြဲဆုံးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ဖို့ သိဒ္ဓတ္တမင်းသားကို အသက် ၁၆နှစ် မှာပဲ ယသော်ဓရာနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ယသော်ဓရာ ဆိုတာ ဒီပင်္ကရာ ဘုရားလက်ထက်မှာ နိယတဗျာဒိတ်ကို ခံယူစဉ်ကတည်းက ပါရမီဖြည့်ဖက်အဖြစ် ဆုပန်ခဲ့ပြီး ဘ၀ပေါင်းများစွာ မရေတွက်နိုင်အောင် ဆင်ရဲချမ်းသာကို မျှဝေခံစားဖက်အဖြစ် အတူနေခဲ့ဖူးတဲ့ သံယောဇဉ် ဓာတ်ခံအားကြီးသူ ဖြစ်လို့ အခုတွေ့တော့လည်း သံယောဇဉ်ဓာတ်ခံချင်း ပေါင်းစပ်မိပြီး ငြင်းဆန်ဖို့ ခွန်းအား ရပ်တန့်စေခဲ့ပါတယ်။

ဘုရားလောင်း ၂၉နှစ်ရောက်တဲ့ အချိန်မှာတော့ အိုသူ၊ နာသူ၊ သေသူ တို့ကို မြင်တွေ့ပြီး သတ္တ၀ါအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကရုဏာဓာတ်တွေ ပြန်လည်နိုးထလာသလို ဒုက္ခလွတ်လပ်ရေးအတွက် တရားကျင့်နေတဲ့ ရဟန်းတပါးကို တွေ့မြင်လိုက်ရတဲ့ အခါမှာ တောထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်တဲ့ နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သားဦးရတနာလေးဖွားမြင်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ရဲ့ဘ၀လမင်းကို ဖမ်းချုပ်မယ့် ရာဟုဂြိလ်တခု တိုးလာပြန်ပါပေါ့” လို့ သံဝေဂနဲ့ ညဉ်းညူရေရွတ် လိုက်ပါတယ်။ အဲဒီညရဲ့ သန်းခေါင်ယံမှာပဲ ကြီးမားတဲ့ စည်စိမ်များနဲ့ အတူ နှလုံးသားရဲ့ ကိုယ်ပွားပမာ တွယ်တာရတဲ့ ဇနီးနဲ့ သားဦးလေး ကိုပါ စွန့်ခွာပြီး တောထွက်ခဲ့ပါတယ်။

သားဦးလေးဖွားမြင်တဲ့ နေ့မှာပဲ ဇနီးနဲ့ သားကို စွန့်ခွာသွားတာဟာ ခင်ပွန်းတဦးအနေနဲ့ကော ဖခင်တယောက် အနေနဲ့ပါ တရားမျှတမှု ရှိပါရဲ့လားလို့ စောဒကတတ်ချင်ရင် “ဒါတွေကို သံသရာအဆက်ဆက် ပါရမီ ဖြည့်လာခဲ့ရတဲ့ ယသော်ဓရာသာ အသိဆုံးပါ” လို့ ဖြေရပါလိမ့်မယ်။ နိယတဗျာဒိတ်ကို ခံယူပြီးတဲ့ သဗ္ဗညုတ ဗုဒ္ဓလောင်းလျာ တစ်ယောက် ပါရမီ ဖြည့်တယ်ဆိုတာ ဇနီးမယားကို သာမက အင်္ဂါခြေလက် အသက်ကိုပါ စွှန့်လွှတ်ပြီး ဖြည့်ရတယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်ထံ တော်မှောက်ကတည်းက သုမေဓာကော သုမိတ္တာပါ ကြားသိကြပါတယ်။ သုမေဓာက ဒါတွေအားလုံးကို ဖြည့် ကျင့်မယ်လို့ ခံယူတာကို ကြားသိရတဲ့အခါ သုမိတ္တာအမျိုးသမီးလေးက ယောကျာ်းသားတစ်ယောက်တည်း ပါရမီဖြည့်ရမယ် ဆိုရင် ဇနီးမယားနဲ့ သားသမီးတို့ကို စွှန့်လွှတ်စရာ ဘယ်မှာ ရှိတော့မလဲ။ လစ်လပ်နေတဲ့ ဒီကွက်လပ်ကို သူဖြည့်စွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ “ပါရမီဖြည့်ဖက်” အဖြစ် ခံယူခဲ့တာမို့ အစွန့်လှူခံ ဇနီးမယား တစ်ယောက်ရဲ့ ရုတ်တရက် ငိုကြွေးရခြင်းနဲ့ နောက်ဆက်တွဲ ဂုဏ်ယူကြည်နူးရခြင်း ဆိုတဲ့ ဆန့်ကျင် ဘက်ရသ နှစ်ခုကို သုမိတ္တာဘ၀ကနေ ယသော်ဓရာ ဘ၀အထိ ဘ၀ပေါင်းအသင်္ချေတွေမှာ အတူယှဉ်တွဲ သရုပ်ဆောင်ခဲ့ဖူးတာက လွှဲလို့ ဘယ်သူမှ မျှဝေခံစား နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။

နောက်ဆုံး ယသော်ဓရာ ထေရီမကြီးကိုယ်တိုင် ဘုရားရှင်ကို လျှောက်ထားရာမှာတော့ ဒီလိုပါရမီဖြည့်ဖက် ဖြစ်ရဖို့ ဘုရားပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာမထေရ် မရေမတွက်နိုင်တို့ ထံမှာ ဆုတောင်းခဲ့ရတယ်။ ဘ၀ပေါင်းများစွာမှာ ဇနီးအဖြစ်သိမ်းပိုက်ရန် အတွက်သာမက အစားအစာအဖြစ် အသုံးပြုရန်ပါ သူတပါးကို ပေးလှူခဲ့ပေမယ့် စိတ်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။ အရှင်ဘုရား သဗ္ဗညုတဉာဏ်ကို ရရှိရေးအတွက် ပါရမီဖြည့်စွက်ရာမှာ ချမ်းသားခြင်းနဲ့ ကြုံတဲ့အခါ ၀မ်းမြောက်ခဲ့ပါတယ်။ ဆင်းရဲမှုတို့နဲ့ ကြုံရတဲ့ အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါဘူး။ ရှေးဆုတောင်များကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဘ၀များစွာ ချစ်ကြင်နာခဲ့ပြီး နှစ်လိုဖွယ်ရာ စွဲဆောင်နိုင်စွမ်းရှိတဲ့ အရှင်ဘုရားအလောင်းအလျာ သုမေဓာရှင်ရသေ့ရဲ့ မျက်နှာကို ဖူးမြင်လိုက်ရ ကတည်းက “ငါ့ရဲ့ အသက်ရှင်ခြင်းဟာ ရကျိုးနပ်လိုက်လေ” အောက်မေ့မှတ်ထင် ခဲ့ပါတယ်။ အဲဒီကတည်းက ပါရမီ ဖြည့်ဖက် အဖြစ် ကျေနပ်စွာဆုပန်ခဲ့သလို ဒီအခွင့်ကို လက်မလွတ်စေဖို့လည်း ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအဆူ ဆူတို့ ထံမှာ အကြိမ်များစွာ ဆုတောင်းခဲ့ရပါကြောင်း ကျေနပ်ပီတိ အဟုန်နဲ့ လျှောက်ထားခဲ့တာတွေကို ကြည့်မယ် ဆိုရင် ယသော်ဓရာရဲ့ရင်မှာ ဘယ်လိုခံစားမှုရှိတယ်ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။

တောထွက်ခါနီးမှ အလောင်းတော်မင်းသားရဲ့ သတိပေး၊ ကတိပေးစကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ် လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”။

“သောကကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကို ဆေးကြောပေးမယ့် ကမ္ဘာပြိုမိုးကြီး ဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီး မင်း ဖြေရစ်လေဦး” ဆိုတဲ့ သိဒ္ဓတ္ထရဲ့ ရင်တွင်းစကားကိုလည်း သားငယ်ကို ချော့မြူသိပ်ရင်း နိုးတ၀က် အိပ်တ၀က်နဲ့ မျက်ရည်စက်လက် ဖြစ်နေတဲ့ ယသော်ဓရာ သိလိုက်ပါတယ်။ မိုးဖြစ်မယ့် မျက်ရည်တွေကို မိုးဖြစ်အောင် စွမ်းဆောင်မယ့်လက်နဲ့ မသုတ်စေလိုလို့သာ မတားခဲ့လေသလား ဆိုတာလည်း ယသော်ဓရာပဲ အသိဆုံးဖြစ်မှာပါ။ ဒီနေရာမှာ ဘ၀အဆက်ဆက် ပါရမီ ဖြည့်ဖက်တယောက်မို့ သာ ယသော်ဓရာနှလုံးသားမှာ ခွဲခွာခြင်းခံနိုင်ခဲ့ရတာပါ။ သာမန် ချစ်တတ်လွန်းတဲ့ မိန်းမသားတယောက် အတွက်ဆိုရင် စိတ်နှလုံးမှာ တုန်လှုပ် ၀မ်းနည်းသွားစေမယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ဘုရားလောင်းဟာ ဆန္ဒအမတ်၊ စီးတော်မြင်း တို့ကို ခေါ်ပြီး ယသော်ဓရာကို ကျောခိုင်းလို့ သစ္စာရှာဖို့ အတွက် လှမ်းခဲ့ပါတော့တယ်။ သန်းခေါင်ယံအချိန်ရဲ့ တိတ်ဆိတ်မှုနဲ့ အတူ နန်းဆောင်ကို ကျောခိုင်းလို့ ခြေလှမ်းတွေကို လှမ်းထွက်ခဲ့ပါတော့တယ်။ ချစ်တာသိပေမယ့် သစ္စာရှာရမှာမို့ ခွဲခွာခဲ့တာကို ယသော်ဓရာ ကိုယ်တိုင် သိခဲ့ပါတယ်လေ။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် ကပ္ပိလ၀တ်ပြည် ပြန်လာတဲ့အချိန်မှာ ယသော်ဓရာ ရှိတဲ့ နန်းဆောင်ကို အရောက်သွားလို့ တရားရေအေးနဲ့ သောကတွေကို ငြိမ်းအေးရအောင် ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ပါရမီဖြည့်ဖက် အဖြစ်နဲ့ ရှည်လျားတဲ့ ကာလတလျောက် မိမိအပေါ်မှာ တန်ဖိုး ထား ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ ယသော်ဓရာကို ဘုရားရှင်ကိုယ်တိုင် “ယသော်ဓရာသည် မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့ပါပေတယ်” လို့ ဖွင့်ဟ ၀န်ခံခဲ့ပါတော့တယ်။

ချစ်လျှင်မြတ်နိုး ချစ်ပင်ပျိုးကြသူတိုင်း ကောင်းသောချစ်ခြင်းနှင့် ထာဝရချစ်နိုင်ကြပြီး ကောင်းကျိုးချမ်းသာကို အတူရရှိ ခံစားနိုင်ကြပါစေ…


ကိုးကားချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော ဘုန်းရယ် ကံရယ် ကုသိုလ်ရယ် စာအုပ်။

ဒဿနသမ္ပဒါ ဟူသည်

သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့၊ အမေရိကန် နိုင်ငံ၊ အော်စတင် မြို့တွင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူခဲ့သော တရားတော် ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် တရားတော်ကို နာယူကြည်ညို နိုင်ကြပါစေ…


ပဋ္ဌာန်းတရားတော်(၁)

ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒဟောကြားတဲ့ ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍
တရားအသိတိုးပြီး မိမိတို့ အလိုရှိရာ ပန်းတိုင်ကို ရနိုင် ရောက်နိုင်ကြပါစေ...။


ပဋ္ဌာန်းတရားတော်(၂)

တရားအားထုတ်တယ် ဆိုရာဝယ်

ဗုဒ္ဓမြတ်စွာဟောကြားခဲ့ တရားဓမ္မများကို လိုက်နာကျင့်သုံးသူတွေသည် လောကီ လောကုတ် နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။ ဘ၀နေထိုင်ရာမှာ ချမ်းသာရုံမကပဲ သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်အောင်လည်း ကျေးဇူးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က အလုံးစုံသော ကောင်းကျိုးချမ်းသာကို ဆောင်ယူနိုင်တယ်ဆိုတာ သက်ဝင်ယုံကြည်ကြတဲ့ အတွက်ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားနည်းလမ်းများ အတိုင်း လိုက်နာအားထုတ် နေကြတာပါ။ တရားဓမ္မများကို မေ့လျော့ပြီး နေချင်သလိုနေ၊ လုပ်ချင်တာကို ရမ်းလုပ်နေကြတယ်ဆိုရင်တော့ တရားဓမ္မတွေကို အမှန်တကယ်ပဲ မယုံကြည် သေးဘူးလို့ အရိုးသားဆုံး ပြောရမှာပါပဲ။ တချို့က ပြောကြတယ်။ “ငါတို့က တရားဆိုတာဘာလဲ သိတယ်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ ဘယ်လိုလဲသိတယ်၊ မလုပ်နိုင်သေးလို့ မလုပ်သေးတာ” စသဖြင့်ပေါ့။ လက်ရှိနေ နေတဲ့ အချိန်ကျတော့လည်း တနေ့ထက် တနေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကလည်း လျော့နည်းမသွားကြဘူး။ အဲလို ဖြစ်နေကြတယ်ဆိုတော့ တရားနဲ့နေတယ်၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာအတွက်ကြောင့်လဲ? ဘယ်လိုတွေ ကျင့်မှ တရားအားထုတ်ကြတယ်။ တရားနဲ့ နေတယ်လို့ ဆိုကြမလဲ?။ တွေးကြည့်စေချင်ပါတယ်။

တရားအားထုတ်ကြတယ် ဆိုတော့လည်း လူတွေအများစုက တရားထိုင်နေမှ အားထုတ်နေတာလို့ လက်ခံထား ကြတယ်။ တရားမထိုင်ရင်ပဲ တရားအားထုတ်တာ မဟုတ်သေးဘူးလို့ မြင်ကြတယ်။ ထိုင်တိုင်းရော တရားရသွားလားလို့ ပြန်တွေးကြည့်စရာ ရှိပါတယ်။ တရားထိုင်ရင်း လောဘ၊ ဒေါသ ဖြစ်နေတာတွေ ရှိပါတယ်။ ထိုင်မှပဲ ကောင်းတဲ့ အာရုံလေးတွေ ပုံဖော်စိတ်ကူးလို့ ပျော်နေတာတွေလည်း ရှိတာပါပဲ။ မကျေနပ်တာတွေ တွေးမိလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်က နာလို့၊ ကျင်လို့ပဲ ဖြစ်ဖြစ်၊ ငါ့စိတ်တွေ တည်ငြိမ်မှု မရသေးဘူးဆိုပြီး မကျေနပ်လို့ ဒေါသဖြစ်ရတာတွေလည်း ရှိကြတာပါပဲ။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံးပြောရရင် ကိလေသာ နည်းပါးအောင်၊ ကုန်ဆုံးသွားအောင် ကျင့်ကြံတာပါပဲ။ လောဘ၊ ဒေါသ ဆိုတာတွေ ဖြစ်နေသေးတယ်ဆိုရင် တရားမဟုတ်သေးဘူးလို့ ဆုံးဖြတ်ထားရမယ်။ ဒါကြောင့် တရားထိုင်နေတိုင်း တရားမဟုတ်သေးဘူးလို့ နားလည်ဖို့ လိုအပ်ပါတယ်။ တရားမထိုင်းတိုင်းလည်း တရားမရဘူးလို့ ယုံကြည်မထားရပါဘူး။ ဘုရာရှင် ရှိစဉ်က သာဝတ္ထိပြည် လူ(၉)ကုဋေရှိရာမှာ (၇)ကုဋေသည် အရိယာဖြစ်ပါတယ်။ နေ့စဉ် နေစဉ်မှာ သီလတွေ စောင့်ထိန်းပြီး လောဘ၊ ဒေါသနည်းအောင် ကျင့်ကြံကြရင်းနဲ့ တရားရသွားကြတာပါပဲ။

တရားကျင့်ရာမှာ ၀ိပဿနာယာနိက၊ သမထယာနိက ဆိုပြီးရှိပါတယ်။ သမထယာဉ် သပ်သပ် စီးသွားရင်နိဗ္ဗာန် မရောက်နိုင်သေးပါဘူး။ သမထယာဉ်စီးပြီး ၀ိပဿနာယာဉ်ကို ပြောင်းစီးလိုက်တာနဲ့ အဲဒီ ၀ိပဿနာယာဉ်က တဆင့် အရိယာမဂ္ဂင်ယာဉ်ကို ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ နိဗ္ဗာန်ရောက်တာပါပဲ။ ဒီတော့ သမထပဲ အရင် အားထုတ်ရမှာလား မေးစရာရှိပါတယ်။ တချို့က ၀ိပဿနာ သပ်သပ်ပဲ အားထုတ်ကြတယ်။ ဈာန်တွေ၊ အဘိဉာဉ်တွေ မရကြဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်သွားပါတယ်။ စာပေတွေမှာတော့ အဋ္ဌကထာ ဆရာတော် ကြီးတွေက သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ သမာဓိ ပညာနှစ်မျိုးလုံး တွဲတဲ့ ဘာဝနာလို့ သုံးမျိုးပြပါတယ်။ ရှင်းအောင်ပြောရရင် သမထ အားထုတ်ပြီးမှ ၀ိပဿနာ အားထုတ်လို့ရတယ်။ သမထချည်းပဲ အားထုတ်လို့ ရတယ်။ ၀ိပဿနာချည်းပဲ အားထုတ်လို့ရတယ်။ ၀ိပဿနာ အားထုတ်ပြီးမှ သမထ အားထုတ်လို့လည်း ရတယ်။ သမထချည်းပဲ အားထုတ်ရင်မြေလျှိုး၊ မိုးပျံတဲ့ အထိတော့ ရတယ်။ ဒါပေမယ့် သောတပန်တောင် မဖြစ်ဘူး။ ၀ိပဿနာချည်းပဲ အားထုတ်ရင် ရဟန္တာတော့ ဖြစ်တယ်။ ဒါပေမယ့် ဈာန်တွေ အဘိဉာဉ်တွေ မရဘူး။ ဒါကို ဆရာတော်ကြီးတွေက မြေလျှောက်ရဟန္တာလို့ သုံးကြပါတယ်။

မိမိတို့ကိုယ်တိုင် ဘယ်လိုအားထုတ်ကြမလဲ ဆိုတာတော့ ကိုယ်တိုင် ရွေးချယ်ထားကြမှာပါ။ သမထ အားထုတ် ရင်လည်း စရိုက်ကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတွေကို ဟောခဲ့ပါတယ်။ (လောဘစရိုက်များရင် အသုဘကမ္မဌာန်းရှု။ ဒေါသစရိုက်များရင် မေတ္တာဘာဝနာပွား။ မောဟစရိုက်များရင် မရဏနုဿတိပွား။ သဒ္ဓါစရိုက်များရင် ဗုဒ္ဓါနုဿတိပွား။ ၀ိတက်စရိုက်များရင် အာနာပါနကမ္မဌာန်း။ ပညာစရိုက်များရင် ဓာတ်ကြီး လေးပါးရှု)။ ၀ိပဿနာ ဆိုတာကျတော့ ပညတ်နှင့် ပရမတ် ကွဲကွဲပြားပြား သိအောင် ကြားနာမှတ်သားပြီးမှ၊ ပရမတ်ရဲ့ သဘာဝကို လက်တွေ့မြင်အောင် ရှုခြင်းဖြစ်ပါတယ်။

နိဗ္ဗာန်နဲ့ သံသရာဟာ တဆက်တည်းမှာ ရှိပါတယ်။ သူတို့ နှစ်ခုဟာ ကမ်းပါး နှစ်ခုလိုပါပဲ။ အဲဒီ နှစ်ခုကြားထဲမှာ ကိလေသာဆိုတဲ့ ရေက ကြားခံနေတဲ့ အတွက်ကြောင့် ကမ်းနှစ်ခုဟာ မနီးစပ်နိုင်ပဲ ဖြစ်နေတာပါ။ ကိလေသာက ချောင်းရေ ပမာဏ လောက်ရှိရင် ကမ်းနှစ်ခုက နီးမယ်။ မြစ်လောက်ရှိရင် ပိုဝေးမယ်။ ပင်လယ်ကြီးလောက်ရှိ ရင်တော့ ကမ်းနှစ်ခုက ပိုပြီးဝေးမှာပေါ့။ ရေလုံးဝမရှိတော့ရင် ကမ်းနှစ်ခုက တဆက်တည်းဖြစ်သွားမယ်။ ရေဆိုတာက ကိလေသာကို ဆိုလိုတာပါ။ ဒီတော့ ရေတွေကုန်မှ ကမ်းနှစ်ခု ထိစပ်ရမှာ ဖြစ်သလို ကိလေသာကုန်မှလည်း သံသရာကနေ နိဗ္ဗာန်ကို ထိတွေ့ခွင့်ရမှာပါ။ တရားအလုပ် အားထုတ်ကြတယ်ဆိုတာ ရေနဲ့တူတဲ့ ကိလေသာတွေကို ကုန်ဆုံးအောင် လုပ်နေကြရတာပါ။ တနေ့ထက် တနေ့ ကိလေသာတွေ ပါးလာမယ်ဆိုရင်ပဲ တရားလုပ်နေတာပါ။ ကိလေသာ မဖြစ်တော့ပဲ ကုသိုလ်တွေဖြစ်နေရင် တရားလုပ်နေတာပါပဲ။ ဒါကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ အမူအယာတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်ဖို့ နေသွားဖို့ အဓိကကျပါတယ်။

ဓမ္မတွေကို အားထုတ်ရာမှာလည်း သီလ၊ သမာဓိ၊ ပညာ အစဉ်အတိုင်းသွားရပါတယ်။ သီလဆိုတာလည်း လူ့ရဲ့ ခါးဝတ်ပုဆိုးလို ဥပမာပေးကြပါတယ်။ အခြေခံအားဖြင့် ငါးပါးသီလကို လူတိုင်းစောင့်ထိန်းရပါမယ်။ တရားအား ထုတ်မယ်ဆိုတော့ တရားထိုင်မှပဲလို့ စဉ်းစားကြတာများပါတယ်။ အခြေခံ သီလတရားကိုမှ လုံအောင် မစောင့် ထိန်းသေးပဲ တရားအားထုတ်ရင် တရားရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာက ဓမ္မနည်းလမ်းတကျ ပြောခြင်း ပါ။ ဘုရားရှင်လက်ထပ်က သန္တတိအမတ်၊ အင်္ဂုလိမာလတို့လို သီလတွေ ဖောက်ဖျက်ပြီးတော့မှ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲလို ပါရမီရှင်တွေ ဖြစ်ဖို့ဆိုတာတော့ အင်မတန် ခက်ခဲပါတယ်။ ၀ိပဿနာ၊ သမထ တွေလုပ်နေတယ်ဆိုပြီး သီလမရှိသေးရင် ပုဆိုးမနိုင်ပဲ အမြင့်ကို ခုန်လှမ်းနေတာနဲ့ တူပါလိမ့်မယ်။ ၀ိပဿနာသာ အဓိက ဒါန၊ သီလတွေ မလိုပါဘူးလို့ ဆိုကြရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ ဒါန၊ သီလ တရားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ မလိုအပ်ပဲ ဟောခဲ့တယ်လို့ ပြောရာရောက်ပါတယ်။ ဘုရားရှင် (၄၅)၀ါ ကာလပတ်လုံးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောတာဖြစ်ခြင်းကြောင့် တရားတိုင်းဟာ သစ္စာထိုက် ပါတယ်။ ဒါကြောင့် ဒါန၊ သီလ အလုပ်တွေသည်လည်းပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအမှု တွေ အပေါ်မှာ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတဲ့ သံသရာ နယ်ချဲ့တဲ့ ပပဉ္စတရားတွေ မကပ်ငြိဖို့ လိုတာပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း ဒါန၊ သီလ လုပ်ရမှာ ရမ်းပြီး မလုပ်ကြဖို့ သတိပေးတာပါ။ သစ္စာသိပြီး လုပ်မယ် ဆိုရင် ခန္ဓာကို ရောင်းပြီး ဒါန ပြုပါလို့ မိန့်တော်မူခဲ့ပါတယ်။

မိမိတို့တွေ အတွက် အားကိုးစရာ တရားလက်မဲ့ မဖြစ်ဖို့၊ တရားရှိထားဖို့ အတွက် တရားတော်တွေကို အရင်ဆုံး နာယူ၊ ဖတ်မှတ်လေ့လာ သင့်ပါတယ်။ တရားတော်ကို နာယူနေတာလည်းပဲ တရားအားထုတ်တာပါပဲ။ နှလုံးသွင်းမှန်ဖို့တော့ အဓိက ကျတာပေါ့။ တရားကို အပြစ်ရှာတဲ့ ပုံစံနဲ့ ဆိုရင်တော့ ဘုရားရှင် ဟောနေလည်း တရားရမှာ မဟုတ်ပါဘူး။ ရိုသေကြည်ညိုစွာနဲ့ နာမယ်ဆိုရင် တရားတော်ကို လိုက်ပြီးတွေးတော စဉ်းစားနေတာ ဖြစ်လို့ ဒေသနာဉာဏ် ဖြစ်နေပါတယ်။ မိမိသန္တာန်မှာ စိတ်အေးချမ်းမှု ဖြစ်နေတဲ့ အတွက်ကြောင့် ကုသိုလ် စိတ်ဖြစ်ပါတယ်။ ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတဲ့ အတိုင်း မင်္ဂလာရှိတဲ့ အချိန်ဖြစ်နေပါတယ်။ ပုညကိရိယာ ၀တ္ထုဆယ်ပါးမှာ ဓမ္မသ၀န ဆိုတဲ့ တရားနာခြင်း ပါပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနည်း လေးမျိုးမှာ ကာလေနဓမ္မသာဝနာ ဆိုတဲ့ အချိန်အားလျော်စွာ တရားနာခြင်းသည်လည်း တစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် တရားနာနေတာသည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာနေရာ ရောက်ပါတယ်။ ကုသိုလ် ဖြစ်ခြင်း၊ ဘုရားဆုံးမတဲ့အတိုင်း နေထိုင်ခြင်းကို တရားအားထုတ်တယ်လို့ သိရှိနားလည်စေချင်ပါတယ်။

အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးအတန်ုဆုံးသော သာသနာရဲ့ အနှစ်သာရကို ရရှိခံစားနိုင်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရနိုင် ရောက်နိုင်ကြပါစေ…


မေတ္တာနှလုံး အလှဆုံး

ဓမ္မမိတ်ဆွေ သူတော်စင်တို့ …
ယနေ့ သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ၀ါခေါင်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။

မေတ္တာနဲ့သာ ပြုမူပါ သူငါ အောင်မြင်မှာ၊
မေတ္တာနဲ့သာ ပြောဆိုပါ သူငါ နားဝင်မှာ၊
မေတ္တာနဲ့သာ ကြံစည်ပါ သူငါ စိတ်ချမ်းသာ၊

~ ဤသာသနာ၊ ငြိမ်းချမ်းစွာ၊
ကမ္ဘာကြီးကို လှစေသည်။

~ မြန်မာ၌သာ၊ သာသနာ၊
ခိုင်မာပြည့်စုံသည်။

~ ဗုဒ္ဓ၀ါဒ၊ မြတ်ဓမ္မကြောင့်၊
ကမ္ဘာ့အလယ်၊ ဂုဏ်ရည်ကြွယ်၊
ခန့်ထည်(ထယ်) မြန်မာပြည်။



~ မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊
ရွှင်ပြုံးကြည်သာ၊ တို့မြန်မာ၊
ကမ္ဘာကပင် မော်ကြည့်သည်။

~ ဗုဒ္ဓမြတ်စွာ၊ သာသနာကြောင့်၊
ကမ္ဘာလည်းလှ၊ လူလည်းလှ၊
အေးမြချမ်းသာသည်။

~ စိတ်ဓာတ်ကြည်လင်၊ ကောင်းတာမြင်၍၊
မိခင်စိတ်ထား၊ မေတ္တာပွား၊
ထူးခြားလူ့စွမ်းရည်။

~ ကျယ်ပြန့်မြင့်မြတ်၊ မကန့်သတ်ဘဲ၊
ဒေါသစဲ၊ ဆင်းရဲဘေးရန်ကင်းဝေးသည်။

~ ဒါန သီလာ ဘာဝနာ၊
မေတ္တာပါမှခိုင်မာသည်။

~ မေတ္တာနှလုံး၊ အလှဆုံး၊
ရွှင်ပြုံးအေးချမ်းသည်။

မိမိတို့အားလုံး စိတ်ဓာတ်ရွှင်လန်း လူ့စွမ်းရည်ထုတ် ကုသိုလ်လုပ်နိုင်ကြတာဟာ တကယ်တော့ ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခွင့်ရနေလို့ပါ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာလောကကြီးကို ငြိမ်းချမ်းစွာ အလှဆင်ပေးဖို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ သာသနာဟာ မြတ်ဗုဒ္ဓရဲ့မေတ္တာနှလုံးသားမှ ပေါ်ထွက်လာခဲ့ပြီး ယနေ့ထိ မေတ္တာ ရှင်တို့ရဲ့ မေတ္တာနှလုံးသားအဆက်ဆက် ဖြတ်သန်းလာခဲ့ရတဲ့ မေတ္တာလမ်းစဉ်ပါ။ မေတ္တာနှလုံးဟာ အလှဆုံးပါ။ အပြန်အားဖြင့် ဒေါသနှလုံးဟာ အဆိုးဆုံးပါ။ ဒေါသဟာ အကြီးမားဆုံးခွဲအား၊ ၂-ယောက်တည်းတောင်ခွဲ ပစ်တယ်၊ မေတ္တာက အကြီးမားဆုံးဆွဲအား၊ အများကြီးကို စုစည်းနိုင်တယ်။ မေတ္တာသာသနာဟာ ကမ္ဘာကို ငြိမ်းချမ်းစွာ အလှဆင်ပေးတယ်၊ ဘယ်သူ့ကိုမှ တာဝန်အပို မတက်စေပါဘူး၊ သာသနာနှင့် ထိတွေ့ခွင့်ရသူ အားလုံးကို ငြိမ်းချမ်းသွားစေတာချည်းပဲ၊ လူတစ်ယောက်ထံ သာသနာပြန့်သွားရင် လူတစ်ယောက် ငြိမ်းချမ်း တယ်၊ မိသားတစ်စုထံ သာသနာပြန့်သွားရင် မိသားတစ်စု ငြိမ်းချမ်းသွားမယ်၊ သာသနာပြန့်ပွားသလောက် ငြိမ်းချမ်းရေး နယ်ပယ် ကျယ်ဝန်းသွားနိုင်တယ်။ တစ်ကမ္ဘာလုံးခြုံကြည့်ရင် ထေရ၀ါဒ သက်သက် သန့်သန့်ရှင်း ရှင်း ပြည့်ပြည့်စုံစုံ သာသနာကို ထိန်းသိမ်းထားနိုင်တာဟာ မြန်မာ တစ်နိုင်ငံတည်းပဲရှိပါတယ်၊ သဒ္ဓါ မေတ္တာ ပညာ ဆိုတဲ့ သာသနာပြုခွန်အား ၃-ခု နဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ကောင်းနေတဲ့ကြောင့်ပါ၊ အချို့ ထေရ၀ါဒနိုင်ငံတွေမှာ သာသနာထဲ လောကီတွေ အများကြီး ရောနှောကုန်ကြပြီ။ မေတ္တာတရားနဲ့ ပေါင်းစုစောင့်ရှောက်မှုကြောင့် တစ်ကမ္ဘာလုံး မြန်မာမှာသာ သာသနာ အပြည့်စုံဆုံး အခိုင်မာဆုံးပါ။ တရားငတ်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဖြန့်ဝေပေးရလောက်အောင် ပြည့်စုံပါတယ်။ နိုင်ငံခြားသား တွေက ပြောကြတယ်၊ “တရားဟာ မြန်မာ့ထွက်ကုန်” တဲ့၊ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ မြန်မာ့ ထွက်ကုန်ပစ္စည်းတဲ့၊ ဒီထွက်ကုန်တွေ အဆက် မပြတ်ဖို့ စာချ-စာသင်-ချီးမြှောက်သူ သံဃာ-လူ-အုပ်ချုပ်သူ ဆိုတဲ့ မေတ္တာပန်း ၃-ပွင့်ပုံစံနဲ့ စာသင်တိုက်ကြီးတွေ ရပ်တည်နိုင်အောင် အားပေးချီးမြှောက် စောင့်ရှောက် နေကြရတာ ဖြစ်တယ်။

သာသနာနဲ့ပတ်သက်လို့ ဂုဏ်ယူစရာ အကောင်းဆုံးကတော့ မြန်မာပါ။ ဗုဒ္ဓသာသနာကြောင့် မြန်မာကို ကမ္ဘာကမော်ကြည့်နေတာ၊ သာသနာကြောင့် မြန်မာလှတာပါ။ မြန်မာတွေ အားလုံး ဗုဒ္ဓသာသနာ ရတနာ ကြောပေါ် ရောက်နေကြတယ်၊ အလုပ်လုပ်ဖို့ပဲလိုတယ်၊ နိဗ္ဗာန် မဂ်ဖိုလ်ထိတောင် အာမခံတာဝန်ယူထားတဲ့ သာသနာပဲ။ လောကီကောင်းကျိုးရဖို့လောက်တော့ အသာလေးပေါ့၊ သီလဆိုတဲ့ ကိုယ် နှုတ် စည်းကမ်း သမာဓိဆိုတဲ့ စိတ်စည်းကမ်း၊ ၀ိပဿနာပညာဆိုတဲ့ အသိစည်းကမ်း၊ ၃-ချက် အတိုင်းသာ လိုက်နာဆောင်ရွက် လုပ်ကိုင်နိုင်ကြရင် လောကုတ်လောကီ ကောင်းကျိုးအစုံ ရဖို့ သေချာပေါက်ပါ။ ပင်ကိုယ်အကျည်းတန် အရုပ်ဆိုးသူတွေတောင် သာသနာနဲ့တွေ့သွားရင် လှပထည်ဝါ ကျက်သရေရှိသွားတာချည်းပဲ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာကိုရော လူကိုပါအလှဆင်ပြီး အေးမြ သာယာ ချမ်းသာစေပါတယ်၊ လူလှမှလဲ ကမ္ဘာက လှမှာပါ။

မေတ္တာသာသနာထဲကနေပြီး အသိနည်း အကျင့်နည်းတွေနဲ့ မေတ္တာဓာတ်တွေ ကူးယူနေကြရမှာပါ။ ကိုယ့်နှလုံး သားမှာ မေတ္တာထုံနေအောင် လေ့ကျင့်ဖို့လိုမယ်။ လူဆိုတာ အကောင်းဓာတ်နဲ့တကယ်တွေ့သွားရင် သူကျိုး ကိုယ်ကျိုး အစုံတိုးအောင် စွမ်းဆောင်ပေးနိုင်သည်ထိ တကယ်စွမ်းပါတယ်။ သတိ၊ ဉာဏ် အမြဲလိုအပ်မယ်ပေါ့။
မေတ္တာဆိုတာ တစ်ယောက်တည်းသော သားရင်းအပေါ် အသက်နှင့်ထပ်တူ ချစ်ခင် စောင့်ရှောက်နေတဲ့ မိခင်ရဲ့စိတ်မျိုး ကိုယ့်မှာ ဖြစ်ပေါ်တိုးပွားအောင် ထပ်တစ်လဲလဲ လေ့ကျင့် နေရတဲ့အလုပ်ပါ။ ခွင့်လွှတ်မှုနဲ့ ကောင်းကွက်ကို ရှုမြင်တတ်မှုကလဲ အားကောင်းမှ စိတ်ထဲမှာ မေတ္တာ နေရာရနိုင်ပါတယ်။ မိခင်ကိုပဲ ကြည့်ပါ။ သားသမီးအပေါ် အားလုံးခွင့်လွှတ်တယ်၊ ကောင်းကွက်ကိုရှာပြီး အမြဲချစ်တယ်၊ ရင်ခွင်ပေါ်မှာ ချီထား သိပ်ထားတုန်း သားသမီးငယ်က အညစ်အကြေးတွေ စွန့်ပစ်လိုက်တာတောင် မိခင်အပြုံး မပျက်ဘူး။ နည်းနည်းမှ အချစ်ပြယ်မသွားဘူး။ ခါတိုင်းထက် အချစ်သာတိုးနေတတ်တယ်၊ ကိုယ်လဲဒီလိုအရည်အသွေးပါတဲ့ မေတ္တာစိတ်နဲ့ သတ္တ၀ါတွေကို ချစ်တတ်အောင် လေ့ကျင့်ရမယ်၊ တစ်သံသရာလုံး ခြုံကြည့်ရင် သတ္တ၀ါအားလုံး
ဟာ ကိုယ့်ရဲ့ သားသမီးဟောင်းတွေချည်းပဲ။

မေတ္တာပွားဖန်များရင်-
(၁) စိတ်ထားကျယ်ပြန့်လာရတယ်။
(၂) မြင့်မြတ်တဲ့စိတ် ဖြစ်ပေါ်တိုးပွားလာရတယ်။
(၃) ခွဲခြမ်းခွဲခြမ်းမလုပ်ပဲ ကန့်သတ်ချက်ဘောင် တစ်စ တစ်စ ကင်းသွားရတယ်။
(၄) သူများအပေါ် ဒေါသရန်စိတ်တွေ မုန်းတီး စိတ်တွေ ကင်းစင်သွားတယ်။
(၅) စိတ်ဆင်းရဲမှုတွေလဲ ကင်းသွားတယ်။
သူများတွေကကိုယ့်ကို ရန်မလုပ်နိုင်အောင် အရည်အသွေးတွေလဲ တက်လာတယ်။
အဲဒါ မေတ္တာဂုဏ်ရည်ပဲ။

မေတ္တာပါမှ ဒါနလဲ စွမ်းအားတိုးတက် လေးနက်တယ်။ ကိုယ့်ပစ္စည်းကြောင့် သူချမ်းသာပါစေဆိုတဲ့ စိတ်ကောင်း တွေ မွှမ်းထုံပေးနိုင်ရင် ဒါနအကျိုးပေး သိပ်ထက်သန်သွားမယ်ပေါ့။ သီလလဲခိုင်မြဲတယ်၊ ကိုယ့်ကြောင့် ဘယ်သူ မှ ဒုက္ခမရောက်စေရဘူး၊ အားလုံးချမ်းသာစေရမယ် ဆိုတဲ့ စိတ်ကောင်းရှိနေရင် သီလဟာ အလိုအလျောက် ပြည့်စုံလုံခြုံနေပြီပေါ့။ မေတ္တာ ကြိုတင်ပို့ထားမှပဲ ဘာဝနာလဲ အနှောင့်အယှက်ကင်းပြီး တိုးတက်အောင်မြင် တယ်။ ဘာမဆို မေတ္တာပါမှပဲ အဆင်ပြေပါတယ်။ လူဆိုတာ တစ်ယောက်တည်း ချည်းနေ ရတာ မဟုတ်ပဲ အများနဲ့လဲ တွဲတွဲနေရတာဖြစ်လို့ မေတ္တာကိုင်မှ အများနဲ့အဆင်ပြေပြီး ပျော်ရွှင်အေးချမ်းမှာပါ။ တစ်ယောက် တည်း တည့်အောင် သတိကိုသုံးပေါ့၊ အများနဲ့တည့်ဖို့ မေတ္တာကို ကိုင်ရုံပေါ့၊ ဒါဆိုနေပျော်ပါတယ်။ မေတ္တာလို ချင်ရင် ခန္တီနဲ့ အမာခံတည်ဆောက်ရတယ်၊ ဥပေက္ခာ နဲ့လဲ ဘောင်ခတ်တတ်ရတယ်၊ ဒါမှတိုးတက် မှာပဲ။

စာဖတ်သူများအားလုံး မေတ္တာဓာတ်တွေ တိုးပွားပြီး တိုတောင်းလှတဲ့ လူ့ဘ၀မှာ ငြိမ်းချမ်းစွာနေနိုင် သဖြင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တိုင်အောင် ရနိုင် ရောက်နိုင်ကြပါစေ…

တိပိဋက ယောဆရာတော်ရေးသော
မေတ္တာနှလုံး အလှဆုံး စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။


သာသနာ့အလံ

သာသနာ့ အလံအကြောင်း အပြည့်အစုံကို အစ်မရွှေပြည်သူ ဘလော့မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဖတ်လိုက်ရင် ပိုမို ပြည့်စုံစွာ သိရမှာပါ။
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။


အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။

သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…



ဗုဒ္ဓါနုဿတိ ဘာဝနာ

ဂုဏ်တော်ပွားများကြတဲ့အခါ ဂုဏ်တော်တွေကို အာရုံပြုရာမှာ ဘယ်လို အာရုံပြုရမယ်ဆိုတာကို ကျေးဇူးပြုပြီး ပြောကြားပေးစေလိုပါတယ်။ ဥပမာ… အနုတ္တရောပုရိသ ဓမ္မသာရထိ ဆိုတဲ့ နံပါတ်(၆)ဂုဏ်တော်ကို အာရုံပြု လိုက်ရင် အောင်ခြင်းရှစ်ပါး သရုပ်ဖေါ်ပုံတော်တွေကိုဘဲ စိတ်ထဲမှာမြင်ယောင်နေမိတာကို အာရုံပြု မှန်တယ် ဆိုနိုင်မလားဗျာ။ ဂုဏ်တော်ပွားများတယ်ဆိုရာမှာ အများအားဖြင့် ဗုဒွါနုဿတိဂုဏ်တော်ဘဲပွားများကြတာမို့ ဘုရားဂုဏ်တော်၉ပါးကို ညွှန်းဆိုချင်တာပါ။ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး ဆောင်းပါးတပုဒ်အနေနဲ့ တင်ပြပေးစေလို ပါတယ်။
ဦးစိုးသိန်း

စာဖတ်သူ ဦးစိုးသိန်းမှ အထက်ဖော်ပြပါအတိုင်း ရေးသားခဲ့တဲ့ အတွက်ကြောင့် ယခုပိုစ့်ကို ရေးသား လိုက်ရပါတယ်။

နိဗ္ဗာန်ရောက်ကြောင်း တရားကို အားထုတ်ကြရမှာ ဒါန၊ သီလ၊ ဘာဝနာ စသဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး ကျင့်ကြံကြရပါတယ်။ ဘာဝနာဆိုရာမှာ သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာလို့ နှစ်မျိုးရှိပါတယ်။ ၀ိပဿနာ ဘာဝနာက နိဗ္ဗာန်ကို တိုက်ရိုက်မြင်နိုင်တဲ့ မဂ်ဥာဏ်ရဲ့ အနီးကပ်ဆုံး ဘာဝနာပါ။ သမထဘာဝနာ အားလုံး (ကမ္မဋ္ဌာန်း ၄၀) ထဲမှာတော့ ဗုဒ္ဓါနုဿတိ ဘာဝနာဟာ အဆင့်မြင့်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓါနုဿတိရဲ့ အာရုံက ဘုရားအာရုံ ဖြစ်ပြီး ဘုရားအာရုံဟာ တစ်လောကလုံးမှာ ရှိရှိသမျှ လောကီအာရုံတွေထဲမှာ အမြတ်ဆုံးအာရုံ ဖြစ်နေလို့ပါပဲ။ အမြတ်ဆုံးအာရုံကို သတိရနေသူရဲ့ စိတ်ထဲမှာ အမြတ်ဆုံးဓါတ်တွေ ကူးစက်ပြီး အမြတ်ဆုံး ကုသိုလ်တွေ ရရှိနိုင်တာမို့ အမြတ်ဆုံးအာရုံကို အောက်မေ့ ဆင်ခြင်ရတဲ့ ဗုဒ္ဓါနုဿတိဟာ အမြတ်ဆုံး ဘာဝနာဖြစ်ရပါတယ်။



“ဘာဝနာ” ဆိုတဲ့ ပါဠိစကားလုံးက “ဖြစ်စေခြင်း၊ တိုးပွားစေခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ကောင်း စိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်၊ ဓါတ်ကောင်းဓါတ်မြတ်တွေ တိုးပွားလာအောင် ပြုလုပ်အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။ ဘာဝနာကို ထိထိမိမိပွားသူတိုင်းရဲ့ ကိုယ်နှုတ်စိတ် အမူအရာ သုံးမျိုးလုံးမှာ ကောင်းမြတ်တဲ့ ဓါတ်သဘောတွေ ပေါ်လွင်ထင်ရှားနေပါတယ်။ ဘာဝနာပွားနေပါလျက် ကိုယ်နှုတ်စိတ် အမူအရာ ဆိုးယုတ်နေတယ်ဆိုရင်တော့ ဘာဝနာကို နှလုံးသားထဲ အထိ ရောက်အောင် မပွားဘဲ အပေါ်ယံ သာမန် ပွားနေလို့၊ ဒါမှ မဟုတ် လူအထင်ကြီးခံရရုံပွားနေလို့၊ ဒါမှမဟုတ် နည်းမှန်လမ်းမှန် မပွားဘဲ နည်းမှားလမ်းမှား ပွားနေလို့ ဖြစ်ပါလိမ့်မယ်။

ဗုဒ္ဓ ဆိုတာ ဘုရားဂုဏ်တော်၊ အနု ဆိုတာ ထပ်တလဲလဲ၊ သတိ ဆိုတာ အမှတ်ရတာ၊ ဗုဒ္ဓါနုဿတိ ဆိုတော့ ဘုရားဂုဏ်တော်ကို ထပ်တလဲလဲ အမှတ်ရတာပေါ့။ ဘုရားဂုဏ်တော်ဆိုတာ ဘုရားရှင်ရဲ့ အရည်အချင်း၊ အစွမ်းသတ္တိပါပဲ။ ဘုရားရဲ့ အရည်အချင်း၊ ဘုရားရဲ့ အစွမ်းသတ္တိတွေကို ထပ်တလဲလဲ အမှတ်ရနေတာ၊ ထပ်တလဲလဲ နှလုံးသွင်း ဆင်ခြင် နေတာကိုပဲ ဂုဏ်တော်ပွားတယ်၊ ဗုဒ္ဓါနုဿတိပွားတယ်လို့ ခေါ်ပါတယ်။
ဘုရားဂုဏ်တော်ပွားခြင်းရဲ့ အနှစ်သာရက အန္တရယ်ကင်းဖို့၊ လာဘ်ရွှင်ဖို့ မဟုတ်ပါဘူး။ နေ့စဉ်ဘ၀ထဲက ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရက်တွေကို ဂုဏ်တော်သဘာဝနဲ့အညီ အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖို့ အတွက်ပါ။ ဂုဏ်တော်ဟာ ဘ၀ရဲ့စည်းကမ်း၊ လမ်းညွှန်ချက်လို့ ဆိုနိုင်ပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေက မရေမတွက်နိုင်အောင်ရှိပါတယ်။ ဂုဏ်တော်အားလုံးရဲ့ အနှစ်ချုပ်ကတော့ ဂုဏ်တော်ကိုးပါးပေါ့။ ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး ဂုဏ်တော်ပွားကြလို့ ဂုဏ်တော်ကိုးပါးရဲ့ လိုရင်း အဓိပ္ပါယ်ကို အကျဉ်းချုပ် ပြောပြပါရစေ။

အရဟံဂုဏ်တော်
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
- စိတ်ကို ပူလောင်စေတတ်တဲ့ သဘောတွေ၊ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါ တယ်။
လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယ အစရှိတဲ့ ဓါတ်ဆိုးဓါတ်ယုတ် ဓါတ်ပုပ် ဓါတ်ညံ့တွေဟာ ကိလေသာတွေပါ။
မြတ်စွာ ဘုရားရှင်မှာ အဲ့ဒိ ကိလေသာ အညစ်အကြေးတွေ လုံးဝမရှိ၊ ကင်းစင်တော်မူတယ် ဆိုတာကို ထပ်တလဲလဲ အာရုံပြုနေရင် ကိုယ့်စိတ်လည်း အပူတွေ ကင်းရှင်းပြီး စိတ်အေးသန့်ရှင်းကာ ငြိမ်းချမ်းမှု ရစေနိုင်ပါတယ်။

အရဟံ ဆိတ်ကွယ်ရာအရပ်ပင် ဖြစ်သော်လည်း မကောင်းမှု တရားတို့ကို ပြုတော်မူ၊ ပြောတော်မမူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသော မြတ်စွာဘုရား။
- မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာ ကိလေသာရှိလို့ပြုတာပါ။ ကိလေသာမှန်သမျှ လုံးဝ မရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းမှုကိုမပြု၊ မပြော၊ မကြံစည်တော့ပါဘူး။ ဒီဂုဏ်ကို အမြဲသတိရနေတဲ့ သူဟာ မကောင်းမှုပြုမယ်ကြံတိုင်း အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများ ကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်။
အရဟံ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
- ထိုကဲ့သို့ ကိလေသာတွေ ကင်းစင်တော်မှု၍ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ မြတ်စွာဘုရားရှင်ဟာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးရဲ့ ပူဇော်ခြင်းအထူးကို ခံယူထိုက်ခြင်းဖြစ်ပါတယ်။ စိတ်ဓါတ်စင်ကြယ်တာ၊ အသိဥာဏ်တွေကြီးကျယ်တာ၊ အများအကျိုး သယ်ပိုးတာတွေဟာ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေပဲပေါ့။
ဒီဂုဏ်ကို ပွားရင်း ကိုယ့်ကိုယ်ကို ပူဇော်ထိုက်တဲ့သူ၊ ကူညီထိုက်တဲ့သူ၊ ချီးမြှောက်ထိုက်တဲ့သူ၊ အများအကျိုး သယ်ပိုးတတ်သူဖြစ်အောင် ကြိုးစားဖြည့်ဆည့်နေလျှင် သူတကာ ပူဇော်ထိုက်တဲ့ အရည်အချင်းကောင်းတွေ ရနေမှာ ဖြစ်ပါတယ်။

သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်
သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဥာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော်မူထိုက်ပါပေသော မြတ်စွာဘုရား။
အများက သတ်မှတ်ထားတဲ့ ပညတ်အရှိ သိစရာတွေ မှန်သမျှကိုရော၊ သဘာဝအတိုင်း အမြဲမှန်နေတဲ့ ပရမတ်အရှိ သိစရာတွေကိုရော၊ သိစရာ တရားအားလုံးကို မြတ်စွာဘုရား သိတော်မူပါတယ်။ မှားမှားယွင်းယွင်း သိတာမဟုတ်ပါဘူး။ အမှန်အတိုင်းကို ထိုးထွင်းသိတာပါ။ ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့ သိတော်မူတာပါ။
ဒီဂုဏ်တော်ကို အမြဲပွားရင် ဥာဏ်ဓါတ်တွေ ကူးပြီး ဥာဏ်ကောင်းလာပါလိမ့်မယ်။ သိစရာမှန်သမျှ အမှန်အတိုင်း သိအောင်၊ ကိုယ်ပိုင်ဥာဏ်နဲ့ သိအောင် လေ့လာချင်တဲ့ စိတ်လည်း ထက်သန်လာပါလိမ့်မယ်။

ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာ - အသိဥာဏ်ရော၊ စရဏ - အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ သိသာသိပြီး မကျင့်တဲ့သူ၊ ကျင့်သာကျင့်ပြီး မသိတဲ့သူ မဟုတ်ပါဘူး။ သိလည်းသိ၊ ကျင့်လည်းကျင့်တဲ့သူပါ။ အသိရော အကျင့်ပါ စုံလင်တော်မူပါတယ်။ ဒီဂုဏ်တော်ကိုပွားပြီး လိုက်နာတဲ့သူဟာ အသိအကျင့် ဘက်စုံမြင်တဲ့သူ ဖြစ်လာနိုင်ပါတယ်။

သုဂတော ဂုဏ်တော်
ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား) ကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ မှန်လည်းမမှန်၊ အကျိုးလည်း မရှိတဲ့ စကားမျိုး လုံးဝ မပြောပါဘူး။ မှန်ပေမယ့် အကျိုး မရှိရင်လည်း လုံးဝ မပြောပါဘူး။ မှန်လည်းမှန်၊ အကျိုးလည်း ရှိတဲ့ စကားမျိုးကိုသာ .. အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောတော်မူခြင်းဟာ မြတ်စွာဘုရားရဲ့ သုဂတော ဂုဏ်တော်မြတ် ဖြစ်ပါတယ်။

လောကဝိဒူ ဂုဏ်တော်
လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
သက်ရှိ သတ္တဝါဆိုတဲ့ သတ္တလောက၊ သက်မဲ့ ဘုံဌာန ဆိုတဲ့ သြကာသလောက၊ ရုပ်နာမ် ပရမတ် ဆိုတဲ့ သင်္ခါရလောက၊ လောက သုံးပါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှန်သမျှကို မြတ်စွာဘုရား နှံ့နှံ့ စပ်စပ် အသေးစိပ် သိမြင်တော်မူတယ်။ ဒီဂုဏ်တော်ကို ပွားရင် လောကအကြောင်းကို ကောင်းကောင်းသိလာမှာပေါ့။

အနုတ္တရောပုရိသ ဒမ္မသာရထိ ဂုဏ်တော်
ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
မြတ်စွာဘုရားရှင်ဟာ အဆုံးအမ ခံယူမယ့် ပုဂ္ဂိုလ်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိဖြစ်အောင် အတိအကျ ဆုံးမတော်မူတတ်ပါတယ်။ မကောင်းမှု ကင်းရုံပဲ ဆုံးမသင့်တဲ့သူကို မကောင်းမှုကင်းရုံပဲ ဆုံးမပြီး ကောင်းမှု တိုးရုံပဲ ဆုံးမသင့်တဲ့သူကို ကောင်းမှုတိုးရုံပဲ ဆုံးမပါတယ်။ တရားထူးရတဲ့ အထိ ဆုံးမသင့်တဲ့ သူကိုသာ တရားထူးရတဲ့အထိ ဆုံးမတော်မူတာပါ။ လူတကာကို တရားထူး မရရအောင် အတင်းအဓမ္မဆုံးမနေတာ မဟုတ်ပါဘူး။ စရိုက်လက္ခဏာနဲ့ အညီ တရားကိုလည်း ပေးတတ်ပါတယ်။ ဒီဂုဏ်တော်ကို ပွားရင် သူ့နေရာ၊ သူ့အဆင့်နဲ့ နေရာခွင်ကျ ပြောဆိုတတ်ပါလိမ့်မယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ မဟာကရုဏာတော်နဲ့ မိမိကိုရန်မူလာသူ၊ စွပ်စွဲလာသူ၊ အတိုက်ခံပြုသူတို့ကို အသိအမြင်မှန်ရအောင်ဆုံးမ နိုင်ခဲ့တဲ့အတွက်ကြောင့် ဒီဂုဏ်တော်ကို အာရုံပြုတဲ့ အချိန်မှာ အောင်ခြင်း ရှစ်ပါးပုံ တွေက မြင်ယောင်နေတာသည် အမြင်မှန်၊ အသိမှန်ပါ။ ဒီလိုပုံရိပ်တွေ ဖော်ပြီး မိမိကိုယ်တိုင် ဘုရားရှင်ရဲ့ ဂုဏ်တော်ကို မိမိနှလုံးသားမှာ အမြဲကိန်းလာအာင် ထပ်ဖန်တလဲလဲ ပွားယူနေရမှာပါ။

သတ္တာဒေဝမနုဿနံ ဂုဏ်တော်
နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
နတ်လူသတ္တဝါတို့ကို ကောင်းရာကောင်းကြောင်းနည်းလမ်းကောင်းတွေ ညွှန်ကြားပြသတဲ့ အတွက် မြတ်စွာဘုရားရှင်ဟာ နတ်လူသတ္တဝါအားလုံးရဲ့ အားအကိုးထိုက်ဆုံး ဆရာတစ်ဆူ ဖြစ်တော်မူပါတယ်။
ဒီဂုဏ်ရဲ့ အစွမ်း သတ္တိကြောင့် အများအကျိုးကို ရှေ့တန်းကနေ ဦးဆောင်သယ်ပိုးနိုင်တဲ့ သူဖြစ်လာပါလိမ့်မယ်။

ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးနှင့် အလုံးစုံသော တရားတွေကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
ဆင်းရဲအမှန်ဆိုတဲ့ ဒုက္ခသစ္စာ၊
ဆင်းရဲကြောင်းအမှန်ဆိုတဲ့ သမုဒယသစ္စာ၊
ဆင်းရဲချုပ်ရာအမှန်ဆိုတဲ့ နိရောဓသစ္စာ၊
ဆင်းရဲချုပ်ရာ ရောက်ကြောင်း လမ်းမှန်ဆိုတဲ့ မဂ္ဂသစ္စာ၊
သစ္စာလေးပါးကို မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်သိရုံမက သူတစ်ပါးကိုလည်း သိအောင် ဟောစွမ်းနိုင်ပါတယ်။
ဒီဂုဏ်တော်ကို ပွားများရင်း အမှန်တရားကို သိပြီး အမှန်တရားကို ဖြန့်ဝေတတ်လာတဲ့ သူတစ်ဦးဖြစ်လာပါလိမ့်မယ်။

ဘဂ၀ါဂုဏ်တော်
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
မိမိစိတ်ကိုရော တလောကလုံးကိုပါ အစိုးရတဲ့ ဣဿရိယ ဘုန်းတော်၊ မဂ်ဖိုလ်နိဗ္ဗာန် တရားနဲ့ ပြည့်စုံတဲ့ ဓမ္မဘုန်းတော်၊ များပြားသော အခြံအရံ၊ ပျံ့နှံ့သော အကျော် အစောနဲ့ ပြည့်စုံတဲ့ ယသဘုန်းတော်၊ အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံသော သိရီဘုန်းတော်၊ လိုအင်ဆန္ဒ တောင့်တမှု မှန်သမျှ ခဏချက်ချင်း ပြည့်ဝတဲ့ ကာမဘုန်းတော်၊ အတုမရှိသော လုံ့လ၀ိရိယနဲ့ ပြည့်စုံတဲ့ ပယတ္တဘုန်းတော်၊ စတဲ့ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူပါတယ်။
ဂုဏ်တော်ပွားသူရဲ့ စိတ်ဟာ အမြဲ ကြည်လင်အေးချမ်းနေတာကြောင့် သတိပဋ္ဌာန်နည်းလမ်းနဲ့ အညီ ၀ိပဿနာ ဆက်ရှုသွားမယ်ဆိုရင်လည်း တရားထူး တရာမြတ် ရရှိနိုင်ပါတယ်။

တခါတုန်းက သီဟိုဠ်ကျွန်း (သိရိလင်္ကာနိုင်ငံ)မှာ ဘုရားဂုဏ်တော်ကို စွဲစွဲမြဲမြဲပွားများတဲ့ ဖုဿဒေ၀ ဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးတယ်။ မထေရ်မြတ်အတွက် စေတီရင်ပြင်မှာ တံမြက်လှည်းပြီးတဲ့ အချိန်ဟာ ဂုဏ်တော် ပွားလို့ အကောင်းဆုံးပါပဲ။ တံမြက်စည်းလှည်းလိုက်လို့ အမှိုက်သရိုက်၊ အညစ်အကြေး ပြောင်စင်သွားတဲ့ စေတီရင်ပြင်ကို တစိမ့်စိမ့်ပြန်ကြည့်ရင်း …

အမှိုက်သရိုက် အညစ်အကြေး ကင်းရှင်းသွားတဲ့ စေတီရင်ပြင်ဟာ သန့်ရှင်းကြင်လင်နေသလို မြတ်စွာဘုရားရှင် ရဲ့ ကိလေသာ အမှိုက်သရိုက်၊ ကိလေသာ အညစ်အကြေး ကင်းရှင်းတဲ့ စိတ်အစဉ်ဟာလည်း သန့်စင်ကြည် လင်နေမှာပါပဲ။

အရဟံ- ကိလေသာ အရှုပ်ကင်း၍ စိတ်ရှင်းတော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အညစ်တန့်၍ စိတ်သန့်တော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အပူဝေး၍ စိတ်အေးတော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာ အနောက်မသီ၍ စိတ်ကြည်တော်မူသော မြတ်စွာဘုရား၊
အရဟံ- ကိလေသာကင်း စိတ်သန့်ရှင်းတဲ့အတွက် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား၊

စေတီရင်ပြင်မှာ တံမြက်စည်း လှည်းပြီးတိုင်း ဘုရားဂုဏ်တော် ပွားများနေတဲ့ ဖုဿဒေ၀ မထေရ်မြတ်ကို မာရ်နတ်က သုံးကြိမ်တိုင်တိုင် လာရောက်နှောက်ယှက်ပါတယ်။ ပထမနေ့မှာ မျောက်ညိုအသွင် ဖန်ဆင်းပြီး စေတီရင်ပြင်မှာ နွားချေးတွေ ကြဲချတယ်။ ဒုတိယနေ့မှာ နွားအိုအသွင်ဖန်ဆင်းပြီး စေတီရင်ပြင်မှာ နွားချေးစိုတွေ စွန့်ချ။ တတိယနေ့မှာ အရုပ်ဆိုးပြီး ခြေဆွံနေတဲ့ လူသားအသွင် ဖန်ဆင်းပြီး စေတီရင်ပြင်မှာ အစင်းအကြောင်းထင်အောင် တရွတ်တိုက် ဆွဲသွားနဲ့ မထေရ်မြတ်ကို ဂုဏ်တော်အာရုံပျက်အောင် တနေ့တမျိုး အနှောက်ယှက်ပေးပါတယ်။ ဒီပတ်ဝန်းကျင်မှာ ဒီလောက် ရုပ်ဆိုးတဲ့သူ မရှိမှန်း သတိထားမိသွားတဲ့ ဖုဿဒေ၀ မထေရ်မြတ်က .. မာရ်နတ်ဖြစ်ကြောင်းသိ၍ ဘုရားရှင် အသွင် ဖန်ဆင်းပြခိုင်းပါတယ်။ မာရ်နတ်ဖန်ဆင်း ပြတဲ့ ဘုရားရှင် ပုံတော်ကို ဖူးမျှော်ရင်း မထေရ်မြတ်ရဲ့ စိတ်အစဉ်မှာ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿတွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။ ပုံတော်အတွင်း ဂုဏ်တော်သွင်းပြီး ဗုဒ္ဓါနုဿတိဘာဝနာ ပွားများလိုက်လို့ ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿ၊ တည်ကြည်အေးချမ်းမှု သမာဓိ ပဿဒ္ဓိနှင့် တကွ ထင်ရှားရာ ရုပ်တရား နာမ်တရားတွေကို သတိပဋ္ဌာန်နည်းအတိုင် ၀ိပဿနာ ဆက်ရှုတဲ့အတွက် ဖုဿဒေ၀မ ထေရ်မြတ် မတ်တပ်ရပ်လျက်နဲ့ ရဟန္တာဖြစ်သွားပါတယ်။

ပုံတော်ကို ကြည်ညိုတာဟာ သဒ္ဓါအလုပ်ဖြစ်ပြီး ဂုဏ်တော်ကိုကြည်ညိုတာက ပညာရဲ့အလုပ်ဖြစ်ပါတယ်။ ပုံတော်ရော၊ ဂုဏ်တော်ရော နှစ်မျိုးလုံးကြည်ညိုတတ်မှ သဒ္ဓါနဲ့ပညာ ညီမျှပြည့်စုံတဲ့ အတွက် အဆင့်အတန်း မြင့်ပါတယ်။
ဗုဒ္ဓနုဿတိပွားတယ်ဆိုတာ အထက်က ရေးခဲ့သလို ဘုရားရဲ့ အရည်အချင်း၊ ဘုရားရဲ့ အစွမ်းသတ္တိတွေကို ထပ်တလဲလဲ အမှတ်ရနေတာ၊ ထပ်တလဲလဲ နှလုံးသွင်းဆင်ခြင် နေတာကိုပဲ ဂုဏ်တော်ပွားတယ်၊ ဗုဒ္ဓါနုဿတိပွားတယ်လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဘုရားဖြစ်မှ ဂုဏ်တော်တွေရှိလို့ ကြည်ညိုကိုးကွယ် အတုယူစရာ ကောင်းတာမဟုတ်ပါဘူး။ ဘုရားမဖြစ်ခင် ကတည်းက ဘုရားရှင်ဟာ ကြည်ညိုစရာ ကောင်းနေပါပြီ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလလုံး ပါရမီ ဖြည့်ခဲ့ရတာတွေကို ပြန်လည်စဉ်းစားပြီး မိမိတို့ ရင်ထဲမှာ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ တဖွားဖွားဖြစ်နေတာလည်း ဗုဒ္ဓါနုဿတိ ဘာဝနာပါပဲ။

နောက်ဆုံး ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဘ၀မှာ ပါရမီတွေဖြည့်ကျင့်ဖို့ တောထွက်တော်မူခဲ့တဲ့ အချိန်ကို စဉ်းစားကြည့်ပါ။ နောက်ထပ် ၇ ရက် ပြည့်ရင် စင်္ကြာရတနာ ဆိုက်ရောက်မယ်ဆိုတာလည်း သိတယ်။ သားတော်ရာဟုလာ မွေးတဲ့နေ့ လည်းဖြစ်တဲ့ ညသန်းခေါင်ယံ အချိန်မှာ တောထွက်ခဲ့တာပါ။ တောထွက်ဖို့ အလာမှာ ယသောဓရာ အိပ်နေတဲ့ အခန်းက ကြာချည် (အခန်းစီး)ကို အသာလေး ဖယ်ပြီးတော့ အဝေးက ကြည့်ရုံသာ ကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ယသောဓရာနဲ့ အတူ သားတော်လေးလည်း ရှိနေပြီပဲ။ နောက်ဆုံး အနေနဲ့ သားတော်မျက်နှာကိုတောင် အနီးကပ် မကြည့်ခဲ့ပါဘူး။ ဘာလို့ ဒီလိုမလုပ်လဲ ဆိုရင် အနားနား တိုးပြီး တော့ သားတော်လေးကို ကြည့်တဲ့ အချိန်မှာ ယသောဓရာနိုးသွားရင် တောထွက်မယ့် အရေးအတွက် အနှောက်ယှက် ဖြစ်သွားမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး အခန်းစီးလေးကိုဖယ်ကာ အဝေးက ကြည့်ပြီး သားနဲ့ဇနီးကို စွန့်လွတ်လို့ သစ္စာလေးပါး မြတ်တရားကို သတ္တ၀ါတွေ ကောင်းကျိုး အတွက် ရှာဖွေအား ထုတ်ဖို့ တောထွက်တော်မူခဲ့ပါတယ်။

ဒီလို အချက်လေးတွေ စဉ်းစားတွေးတောပြီး ဘုရားရှင်ကို ကြည်ညိုနေတာသည်လည်း ဗုဒ္ဓါနုဿတိ ဘာဝနာပါပဲ။ စဉ်းစားရင် မိမိကိုယ်တိုင်လည်း ပြန်မေးသင့်ပါတယ်။ ငါဆိုရင်ရော ဘုရားရှင်လို စွန့်လွတ်နိုင်ပါ့ မလားဆိုတဲ့ အတွေးလေးတွေပေါ့။
တလောကလုံးရဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတော်၊ ဂုဏ်တော်တွေကို ပွားများရတဲ့ ဗုဒ္ဓါနုဿတိ ဘာဝနာကို အချိန်တိုင်း၊ နေရာတိုင်း အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။

စာဖတ်သူအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေ…

ကျမ်းကိုး။ ။ပိုင်းလော့ဆရာတော်ကြီး ဟောကြားဆုံးမသော တရားတော်များ။
အနှိုင်းမဲ့ ဘာဝနာ (အရှင်ဆန္ဒာဓိက)။


အမ္ဗပါလီ


စာဖတ်သူ တဦးမှ အမ္ဗပါလီအကြောင်း ရေးပေးဖို့ တောင်းဆိုတဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ အန်တီ စီစီချိုသန်း ရေးသား ပို့ပေးထားသော အမ္ဗပါလီ အကြောင်းကို တင်ပြလိုက်ပါတယ်။

သမိုင်းအစဉ်မှာ၊ နှိုင်းမယှဉ်အောင်၊ လှရက်ပါတ့၊ဲ ဝေသာလီရဲ့ အလှဧကရီ...အမ္ဗပါလီရေ....။ သင့်ရဲ့ဘ၀ ဖြစ်စဉ်ကို ကြားသိရတဲ့ အခိုက် ၀ိပဿနာ အသာထားပြီး၊ ကျွန်မရင်ထဲမှာ တကယ်ကို ခံစားလိုက် ရပါတယ်။ ခံစားမှုတွေကို သေချာဆန်းစစ်လိုက်တော့ အားကျမှုတွေ၊ သံဝေဂတွေ၊ ကိုယ်ချင်းစာ တရားတွေ အားလုံးပါဝင်နေပါတယ်။ ဒီခံစားမှုတွေကို သင့်ကိုပဲတိုင်တည်ပြီး ကျွန်မ ပြောပါရစေ..။

ဘုရားရှင်လက်ထက်က ရှိခဲ့တဲ့ ဝေသာလီပြည်ကြီးဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပါတယ်။ ပြည်သူ့လွှတ်တော် ကြီးကို နှစ်စဉ် ကျင်းပလို့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အားလုံးကို (၇၇၇၇) ယောက်သော ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနိုင်း တိုင်ပင်ကာ ဆုံးဖြတ်ကြတာပါ။ ဒီလွှတ်တော်မှာ ဝေသာလီ ဂဏသန္တာ ရဲ့အကြီးအကဲ မဟာနာမ်မင်းကြီး၊ သားတော် ဖြစ်တဲ့ အာနန္ဒ မင်းသား၊ အဘယရာဇာ ဆိုတဲ့ စစ်သေနာပတိ ချုပ်ကြီး၊ သူရဲကောင်း စစ်သည်များနဲ့ ဝေဒပညာရှင်များ ပါဝင်ကြပါတယ်။ အမ္ဗပါလီရေ... သင်ကတော့ မဟာနာမ် မင်းကြီးရဲ့ ချစ်မ၀တဲ့ သမီးအလှတစ်ပါးပါ။ အာနန္ဒ မင်းသားရဲ့ညီမတော်ပေါ့။ တကယ်တော့ သင်ဟာ မဟာနာမ် မင်းကြီးရဲ့ သမီးရင်းတစ်ယောက် မဟုတ်ခဲ့ဘူးနော်။ မဟာနာမ်မင်းကြီးနဲ့ မိသားစုတို့ခရီးတစ်ခု သွားရာမှာ တစ်နေရာအရောက် သရက်ပင်အောက် ကလေးငိုသံကြားလို့ မြင်းထိန်းကို သွားကြည့် ခိုင်းပါတယ်။ ဇနီးသည် မီးဖွါးရင်း ဆုံးတာ မကြာသေးတဲ့ မင်းကြီးက အဲဒီ ကလေးကိုမွေးစားချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အာနန္ဒ ဆိုတဲ့ သားတော်တစ်ပါး ရှိပြီး ဖြစ်လို့ ယောကျာင်္းလေး ဖြစ်နေရင် ထီးနန်းလုကြမှာ ကိုစိုးရိမ်ပါ တယ်။ ဒါကြောင့် ယောကျာင်္းလေး ဆိုရင်တော့ မယူဘူး၊ မိန်းကလေး ဖြစ်ရင်တော့ ယူခဲ့လို့ မြင်းထိန်းကိုမှာပါ တယ်။ ဒီလိုနဲ့ သင်ဟာ မဟာနာမ်မင်းကြီးရဲ့ သမီးအဖြစ်ကို ရောက်ခဲ့တာပါ။ မဟာနာမ် မင်းကြီး နဲ့ အာနန္ဒ မင်းသားဟာ သင့်ကို သမီးရင်းနဲ့ မခြား၊ ညီမရင်းနဲ့မခြား ချစ်ခဲ့ကြတာပါ။


ဝေသာလီဟာ ဘေးကအိမ်နီးချင်း နိုင်ငံတွေရဲ့ ကျုးကျော်ရန်စ မှုတွေကြောင့်စစ်အမြဲ တိုက်နေရတဲ့ နိုင်ငံပါ။ အထူးသဖြင့် အနောက်ဖက်က ရာဇဂြိုလ်နဲ့ဆို လူကျုးရင်လူသတ်၊ ခွေးကျုးရင် ခွေးသတ်၊ အမှိုက်လွှင့်သွား ရင်တောင် မီးရှို့ပစ်ပါတယ်။ ရန်ဖက် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီမှာ လူတိုင်းစစ်မှုထမ်းရပါတယ်။ စစ်ရေး အမြဲလေ့ကျင့် နေရပါတယ်။ ဝေသာလီ ပြည်သူတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်ပါတယ်။ အမိန့်ကို လည်း နာခံကျင့်သုံးကြပါတယ်။ ဒါကြောင့် ဝေသာလီကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲ...ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒီစည်းလုံးညီညွတ်မှုတွေ၊ အမိန့် ကိုနာခံတတ်မှုတွေကို ပျက်ပြားမည့် အကြောင်း ဖန်လာပါတယ်။ ဖန်တီးသူကတော့ သင်ပါပဲ.. အမ္ဗပါလီ ရေ။

သင့်ကို ငယ်စဉ်ကစပီး သင့်ဖခင် မင်းကြီးက အဝေးမှာထားပြီး ယောကျာင်္းတွေ တတ်အပ်တဲ့ ဆင်စီး၊ မြင်းစီး၊ ရထားမောင်း၊ မြှားပစ်၊ လှံပစ်၊ ဓါးခုတ်စတဲ့ ပညာရပ်တွေကို သင်ယူစေခဲ့တယ်။ ဒါကြောင့် သင့်ကို သိသူ၊ မြင်ဖူးသူ သိပ်မရှိခဲ့ဘူးနော်၊ အသက် ၁၃ နှစ်အရွယ်မှာ သင်ဟာ ဒီပညာရပ်တွေကို ကျွမ်းကျင်လို့ စံအိမ်ကိုပြန် ရောက်ခဲ့ပြီ၊ ပညာတွေနဲ့ အတူ အလှသွေးတွေလဲ ကြွေစ ပြုခြဲ့ပီ။ ဝေသာလီ မြို့ထဲကို သင်မြင်းရထား ၀င်မောင်းရင် မြန်လွန်းလို့ လူတွေက သင့်အရိပ်ကိုပဲ မြင်နိုင်ကြတယ်။ အဲဒီ အရိပ် ကလေးကပဲ လူအများ၊ အထူးသဖြင့် ပုရိသ ယောကျာင်္းတို့ရဲ့ စိတ်၊ အာရုံ ကို ဖမ်းစားနိုင်ခဲ့တယ်။ ဒီအလှပိုင်ရှင်ဟာ ဘယ်သူလဲ? သင် ဘယ်သူလဲ ဆိုတာကို လူတိုင်းသိချင်နေကြပြီ... အမ္ဗပါလီရေ။ နောက်ဆုံးမှာ လူတွေဟာ သင့်ကို သိလိုစိတ် တွေကို မထိန်းနိုင်ကြပဲ တစ်အိမ်ပြီးတစ်အိမ် သင်ဘယ်အိမ်ကို ၀င်မလဲ ဆိုပြီး အလှည့်ကျစောင့်တော့တာပဲ။ နောက်ဆုံးမှာတော့ သင်ဟာ မင်းကြီးရဲ့သမီးမှန်းသိလို့ အားလုံးနဲ့ မိတ်ဆက်ပေးခဲရပြီလေ။ အဲဒီမှာပြဿနာစ တော့တာပဲနော်။ အသက် ၁၃-၁၄ နှစ်အရွယ်မှာတောင် သင့်ရဲ့ မျက်လုံးဝှေ့တစ်ချက်မှာ မင်းသားပေါင်း ၁၀၀ လောက် သင့်နောက်ကို ပါလာခြဲ့ပီ။ အသက် ၁၆ နှစ်အရွယ် အလှတွေပြည့်စုံလာတဲ့ အချိန်မှာတော့ ဝေသာလီ တစ်နိုင်ငံလုံး အုံ့အုံ့ ကြွကြွ ဖြစ်ရပြီ။ အမိန့်ကိုအမြဲနာခံတဲ့ သူရဲကောင်းစစ်သည်တွေ အမိန့်ကို မနာခံတော့ ဘူး၊ စစ်ရေးတွေ လေ့မကျင့်ကြတော့ဘူး၊ သူတို့စိတ်ထဲမှာ ပါလီ မှ ပါလီ၊ ပါလီ ကိုတွေ့ဖို့၊ မြင်ရဖို့၊ ပါလီနဲနီးရဖို့၊ ပါလီ့ အသံကြားရဖို့သာ ကြိုးစားကြတော့တယ်။

သင့်ရဲ့အလှတွေကိုကုန်အောင် ဖွဲ့နိုင်သူမရှိခဲပေမဲ့ ကျွန်မ သိသလောက်တော့ ပြောပါရစေ။ သင့်ရဲ့ ပိတုန်းရောင် ဆံကေသာဟာ နက်မှောင်ဖြောင့်ရှင်း၊ အဖျားကော့စင်းလို့ တစ်ချောင်းချင်းဖြစ်နေပါတယ်။ ထိုဆံကေသာကို ဆံထုံးထုံးပြီး ပန်းပန်ထားတဲ့ သင်ဟာ ကဗျာ ဆရာတွေ အတွက် စာဖွဲ့ချင်စရာဖြစ်ခဲ့တယ်။ သင့်ရဲ့ ခန္ဓာကိုယ် ဟာလဲ စန္ဒကူးနံ့သာ ထုံသင်းပီး အဖိုးထိုက် ရတနာတွေ ဆင်မြန်းထားတဲ့ အခါ မိန်းမချင်းတောင် ငေးရပါပေတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအဆစ်၊ အဖုအထစ် တွေဟာလဲ ပန်းပုဆရာတွေ ဘယ်လိုထုရမှန်းမ သိပဲ၊ လက်မှိုင်ချရလောက်အောင် ပြေပြစ်ပါပေတယ်။ သင် ရဲ့တောက်ပ လှပတဲ့ မျက်လုံးနှစ်လုံးဟာလဲ စိန်ရောင်ကဲ့သို့ တ၀င်းဝင်း၊ တလက်လက် နဲ့မြင်ရသူကို ဖမ်းစားနိုင်ပါပေတယ်။ သင်ရဲ့ပတ္တမြားရောင် နီတျာတျာ နှုတ်ခမ်းနှစ်လွှာ၊ ဖြူသန့်စင်တဲ့ သွားလေးတွေနဲ့ ဖန်ဆင်းလိုက်တဲ့ အပြုံးတစ်ချက်ဟာ တစ်ဖက်သား ကို ငြင်းပယ်နိုင်စွမ်း ကင်းသွားစေပါတယ်။ အဲဒီ နှုတ်ခမ်းနှစ်လွှာ ကြားကပေါ်ထွက်လာတဲ့ သင့်ရဲ့အသံဟာ ကြိုးကြာလေးတွန် လိုက်သလို၊ လောကကြီးကို ရပ်ဆိုင်းသွား စေပါတယ်။ ရေကြည်သောက်ရင် မြင်ရမလောက်ပင် သင့်ရဲ့ လည်တိုင်ကျော့ရှင်း၊ အသားအရေရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပါပေတယ်။ ဒါတွေက ကျွန်မ သိသ လောက်ပြောရတာပါ။ ဒီလို လှချက်တွေ အပြင် သင်ဟာမာယာတွေလဲ သုံးတတ်ခဲ့တယ်နော်။ ယောကျာင်္း တွေကြားထဲမှာ မြှားပစ်ကျင့်ပြတာ၊ မြင်းရထားစီးပြီး ကိုယ်လုံး ထွက်ပြတာ၊ သင့်အိမ်တော်ရှေ့မှာ လာစောင့်နေကြတဲ့ ပုရိသတွေအပေါ် ပန်းကြဲချတာ၊ မျက်နှာတစ်ခြမ်းလေး ထုတ်ပြတာတွေနဲ့ တစ်နိုင်ငံလုံးက ယောကျာင်္းအပေါင်းကို ရူးသွပ်စေခြဲ့ပီ။ သင့် အခန်းထဲမှာလည်း ရွေးချယ်ဖို့ တစ်ရာ့တစ်ပါးသော မင်းတွေရဲ့ရုပ်ပုံ၊ ပန်းချီ တွေပြည့်နေခဲ့တယ်။ တစ်ပုံပီးတစ်ပုံ အချစ်မ၀င် အပြစ်မြင်ခြဲ့ပီး ကာမှ တစ်ခုသော ပုံကိုမြင်တော့ ကျင်စက်နဲ့တို့ လိုက်သလိုသင်ခံစားရ၊ စိတ်ဝင်စားခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတော့ သင်တို့ရဲ့ ဝေသာလီ ရဲ့ရန်သူ ဗိမ္မိသာရ မင်းပါပဲ။ ဗိမ္မိသာရမင်းဟာ သင်ရဲ့ နှလုံးသားကို လှုပ်ရှားစေခြဲ့ပီနော်။ (ဒါဟာ မြင်စိတ်မှာ စွဲလန်းသွားတဲ့ ဥပါဒါနက္ခန္ဓာပါ) ရန်သူမင်းဆိုတာ သင်သိပေမဲ့ ချစ်မိ သွားခဲ့တယ်နော်။ အဲဒီအချိန်ကစပြီး ပါလီဟာ ဗိမ္မိသာရမင်း(ပုံ)နဲ့ အိပ်တယ်၊ ဗိမ္မိသာရ မင်း(ပုံ)နဲ့စားတယ်။ (ကျွန်မ တို့ဒီခေတ်မှာလည်း သင့်အရွယ် ကလေးမလေးတွေ နာမည်ကြီး မင်းသားပုံတွေ နံရံမှာ ကပ်ပြီး ဒီလိုပဲ စိတ်ကူးယဉ်ကြပါတယ်။ အမှန်အတိုင်းဝန်ခံ ရရင်ကိုယ်တောင် ငယ်ငယ်က ပါခဲ့သေးပါတယ်။)

သင့်ရဲ့အလှသတင်းဟာ ဝေသာလီတင်မက ဘေးကရာဇဂြိုလ် ကိုတောင်ရောက်ခဲ့ပါပေါ့။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းကလည်း သင့်ကိုတွေ့လို၊ မြင်လိုစိတ်တွေ ပြင်းပြခဲ့ပြီ။ ဒါကြောင့် အထောက်တော်များကို အရင် လွှတ်ပီး သင့်ရဲ့အလှကို စုံစမ်းခိုင်းခဲ့တယ်။ ဒီအထောက်တော်တွေဟာ ပါလီ့ ကိုတွေ့ခဲ့ ခဏမှာ ဘယ်လောက် တောင် နစ်မျောသွားလဲဆိုရင် ပါလီရဲ့မြားချက်ကိုတောင် ရှောင်ဖို့မေ့ပီး သေဖို့ဖြစ်ခဲ့တယ်။ ပါလီက နှလုံးသား နေရာကို မပြစ်ပဲ ခေါင်းက ဦးထုပ်ကိုပဲချိန် ပစ်ခဲ့လို့ သက်သာခဲ့တာပေါ့။ ရာဇဂြိုလ် ကိုပြန်ရောက်လို့ ဗိမ္မိသာရမင်းက ပါလီ ရဲ့အလှကို မေးတဲ့အခါမှာတော့ မိန်းမတစ်ယောက်မှာရှိရမဲ့ လက္ခဏာအားလုံး ပါလီ မှာရှိကြောင်း လျှောက်တင်ပါတယ်။ မိမိတို့တောင် မင်းကြီးမှန်းထားတဲ့ မင်းဘဏ္ဍာ မို့လို့သာမပြစ်မှားရကြောင်း၊ ဇာတ်လမ်းစုံ ခင်းပြီး ပါလာတဲ့ ပါလီရဲ့မြားလေးကို ဆက်သလိုက်ပါတယ်။ ဒီအခါမှာ သောတာပန် မင်းကြီး နှလုံးသားကို ထိသွားပါတယ်။ ပါလီ ရဲ့မြားကို ရင်ဘတ်ပေါ်တင်ပီး ပါလီ ကိုစွဲလမ်းသွားပါပီ။ ပါလီကိုတွေ့အောင်လုပ်မယ်။ နီးရအောင်ကြံမယ်။ ပါလီနဲ့မှ မတွေ့ရရင် နန်းကိုလည်းစွန့်မယ်။ သားကိုလည်းစွန့်မယ်။ မယားကိုလည်းစွန့်မယ်။ ပစ္စည်းတွေလည်းစွန့်မယ်။ စည်းစိမ်တွေ အားလုံးကိုစွန့်မယ်။ (ဒိဋ္ဌိနဲ့ တဏှာ တွဲဝင်ပြီ) ( ၀ိပဿနာနဲ့ ပြောရရင် ကြားစိတ်နဲ့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။) ဒီစွဲလမ်းမှုတွေကြောင့် ဗိမ္မိသာရမင်း စတင်အကောင်အထည် ဖေါ်တော့တာပဲ၊ (ဥပါဒါန် ပစ္စယာ ကမ္မဘ၀ ဖြစ်ပါတယ်)၊ ဉာဏ်ကောင်းတဲ့ ဗိမ္မိသာရ မင်းဟာ အတော်ဆုံး၊ အကောင်းဆုံး ရုပ်သေးဆရာရှာပြီး ရုပ်သေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သင်ပါတယ်။ ပြီးတော့ တစ်လလောက် တပည့်တွေနဲ့ ဇာတ်တိုက်ရပါတယ်။ ဘုရင်လိုမဆက်ဆံဖို့၊ သူငယ်ချင်းပြောပြော ပြောဖို့လေ့ ကျင့်ရပါတယ်။ တစ်သက်လုံးမော်မကြည့်ရဲတဲ့ ကိုယ့်ရဲ့ မင်းမှုထမ်းတွေ၊ ကိုယ့်ကို ဘုရားထူးလာသူတွေကို တန်းတူပြောခံရအောင် ဥပါဒါနက္ခန္ဓာကလုပ်နေတာ မင်းကြီးသတိမထားမိပါဘူး။ တဏှာကပေးလိုက်တဲ့ သတ္တိတွေနဲ့ ဗိမ္မိသာရမင်း ဝေသာလီကို သွားပါပြီ။

အလွန်ချောမောခံ့ညားတဲ့ မင်းကြီးဟာ ရုပ်သေးဆရာ အဖိုး ကြီး အဖြစ်ရုပ်ဖျက်ဟန်ဆောင်ပီး ရန်သူ့ နယ်မြေထဲ ကိုစွန့်စွန့်စားစား သွားပါတယ်။ နယ်စွန်မှတစ်ဆင့် တစ်ဖြည်းဖြည်း ပါလီ တို့ရဲ့စံအိမ်တော်နဲ့ နီးသထက်နီးအောင် လာခဲ့ပါတယ်။ တစ်နေ့မှာ ပါလီ တို့နေရာနဲ့ မနီးမဝေးမှာ ရုပ်သေးကပါတယ်။ ပါလီ တို့အဖွဲ့လည်း ရုပ်သေးလာ ကြည့်ပါတယ်။ ပါလီကရုပ်သေးဆရာကို အကဲခပ်ကြည့်ပါတယ်။ ရုပ်သေးဆရာ ဗိမ္မိသာရ မင်းကလည်း ပါလီ အချောအလှ ကိုမြင်တော့ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေမိတယ်။ နှစ်ဦးသား မျက်လုံးချင်းဆုံတော့ ရင်ခုန်မိကြပီ။ ပါလီက ရုပ်သေးဆရာဟာ အသက်သိပ် မကြီးသေးတာ ကိုသတိထားမိတယ်။ ဗိမ္မိသာရမင်းများ ဖြစ်နေမလား လို့လည်း သံသယ ၀င်မိတယ်။ ဒါနဲ့ နန်းတော်ထဲကိုလာ ကဖို့ပြောတော့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရမင်းဟာ ပါလီ ကိုစကားပြောရာမှာ ကျွန်တော်မျိုး နဲ့ ပြောနေပေမဲ့ ခေါင်းမကျိုး၊ ဇက်မကျိုးပဲ ဖြစ်နေတယ်။ ဒါကို ပါလီက သိတယ်။ နောက်ဆုံး ပါလီက တာဝန်ယူပါတယ် ဆိုလို့ နန်းတော်ထဲကို ၀င်ကဖို့ သဘောတူလိုက်တယ်။ နဂိုထဲက သွားချင်တာကို မူနေရတာပါ။ နန်းတော်ထဲမှာ ကတော့ ရှေ့တန်းက မင်းစင်မှာကြည့်နေတဲ့ မဟာနာမ် မင်းကြီး၊ အာနန္ဒ မင်းသားနဲ့ အဘယရာဇာ တို့ဟာ ရုပ်သေးဆရာကိုမြင်တော့ ရုတ်တရက် သန်လျက်ဆွဲ၊ ဓားဆွဲ ဖြစ်သွားတယ်။ ပြီးတော့ ရုပ်သေးဆရာကို ဗိမ္မိသာရမင်းကိုမြင်ဖူးလား လို့မေးတယ်။ ရုပ်သေးဆရာက အပြင်မှာ မမြင်ဖူးပါဘူး၊ နာမည်တော့ကြားဖူး တယ်လို့ ပြောတယ်။ (မှန်ထဲမှာပဲ ကိုယ့်ကိုကိုယ်မြင်နိုင်တာ၊ အပြင်မှာ ဘယ်လိုလုပ်ပီး ကိုယ့်ကိုကိုယ်မြင်မလဲ? ဗိမ္မိသာရမင်း ပြောတာမှန်တာပေါ့၊ မုသာဝါဒါ မမြောက်ပါဘူး။) ဒီတော့ မဟာနာမ် မင်းကြီးကသင်ဟာ ဗိမ္မိသာ ရမင်းနဲ့ အလွန်တူကြောင်းပြောတော့ ကျေးဇူးတင်ကြောင်း အရိုအသေပေးပါတယ်။ ဘုရင်ချင်းတူတူမှာ ဥပါဒါနက္ခန္ဓာ ကြောင့်အောက်ကျခံပြီး ဆက်ဆံရတာပါ။

အဲဒီည မှာကတဲ့ ရုပ်သေးဇာတ်ကလည်း အသက်ငယ် ငယ် မိန်းကလေးနဲ့ အသက်ကြီးကြီး အဖိုးကြီးဇာတ်လမ်း ဖြစ်နေတော့ ပါလီ ကိုကြံစည်နေတဲ့ အဘယရာဇာ အတွက် အကြိုက်တွေ့နေပါတယ်။ သူသာ ပါလီ ကိုယူနိုင်ရင်၊ သူက ဝေသာလီ စစ်တပ်ရဲ့အကြီးဆုးံ ရာထူးမို့ လို့ ဝေသာလီ သူရဲကောင်း စစ်သည်တွေအကြား ပါလီကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကိုရပ်တန့်နိုင်မယ်လို့ ယူဆနေပါတယ်။ ရုပ်သေးပွဲပြီးတော့ ရုပ်သေးဆရာဟာ မောပန်းနွမ်း နယ်နေပါတယ်။ တစ်သက်လုံးတစ်ခါမှ ပင်ပင်ပန်းပန်း မလုပ်ဖူးတော့ လက်ပန်းကျတာပေါ့၊ ဒါကြောင့် ရုပ်သေး ရုံထဲ ၀င်ပီး အသာလေး မှိန်းနေ၊နားနေ ပါတယ်။ ဒီအချိန်မှာ သံသယ ဖြစ်နေတဲ့ ပါလီဟာ ဖြုန်းဆိုရုပ်သေးရုံထဲ ၀င်လာပြီး ရုပ်သေးဆရာ ဗိမ္မိသာရမင်း နားလာပြီး တပ်ထားတဲ့ မုတ်ဆိတ်တု၊ နှုတ်ခမ်းမွေးတုတွေကို ဆွဲဖြုတ် လိုက်ပါတယ်။ နဂိုရုပ် ပေါ်လာတဲ့ ဗိမ္မိသာရ မင်းကိုသင်ဘယ်သူလဲ? ဘာကြောင့်ဒီလိုလုပ်ရတာလဲ? စသဖြင့်မေးပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းက ပါလီအလှကိုမြင်ချင်လွန်း၊ တွေ့ချင်လွန်းလို့ လုပ်ရတာဖြစ်ကြောင်းနဲ့ သူဟာရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်း ဖြစ်ကြောင်းပြောလိုက်တဲ့ အခါမှာတော့ မင်းချင်းတွေကို အော်လိုက်မယ်လို့ ခုနက ပြောခဲ့တဲ့ ပါလီ... အော်ဖို့လည်းမေ့၊ ပြန်သွားဖို့ လည်းမေ့ပြီး၊ နှလုံးသားထဲက တမ်းတခဲ့ရတဲ့ ချစ်သူရဲ့ရင်ခွင်အောက်၊ အသက်ပျောက်သူလို ဖြစ်ခဲ့ရပါပေါ့လား။ ဒီအချိန်မှာပဲ ဝေသာလီမှာ ပါလီနဲ့ ပတ်သက်လို့ အချင်းချင်း သတ်ဖြတ်ပွဲတွေနဲ့ သွေးချောင်းစီးပွဲတွေ ဖြစ်နေပါပီ။ စစ်သည်တွေဟာ ဘယ်လိုမှ အမိန့်ပေးလို့မရအောင် စည်းလုံးမှု တွေပျက်ပြားနေပါတယ်။

ဒီအခါမှာ စိရံဒေ၀၊ သုဒိတ စတဲ့ စစ်အကြီးအကဲ တွေက ဝေသာလီ မပျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှာရတော့မယ် လို့စဉ်းစားပါတယ်။ ဒါကြောင့်အရေးပေါ် လွှတ်တော် ခေါ်ယူရတော့တယ်။ ပါလီရေ… ဒီအချိန်မှာခံစားရမဲ့ သင့်ဖခင် မဟာနာမ် မင်းကြီးရဲ့ခံစားချက်ကို ကျွန်မ ကိုယ်ချင်းစာမိပါရဲ့။ ဘာလို့လဲ ဆိုတော့ ဝေသာလီရဲ့အခြေခံ ဥပဒေ စာအုပ်ဖြစ်တဲ့ ပဝေဏီပေါတ္ထက စာအုပ်၊ စာပိုက် ၁၈ မှာ...... “ဝေသာလီနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေး ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်သူသည် ယောကျာင်္းတစ်ဦးဖြစ်ပါက သတ်စေ၊ မိန်းမ တစ်ဦးဖြစ်ပါက နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာစေ၊ ထိုမိန်းမအား တစ်နေ့ကို ယောကျာင်္း ၃ ယောက်မှ ၅ ယောက်ထိ အခကြေးငွေ ပေး၍ ပျော်ပါးနိုင်၏… လို့ ပါရှိပါတယ်။ ချစ်တဲ့ သမီးနဲ့ နိုင်ငံနဲ့ လဲရတော့မယ်နော်။ အဲဒီ လွှတ်တော်မှာလေ တက်ရောက်လာတဲ့ (၇၇၇၇) ယောက်သော စစ်သည်၊ ဗိုလ်ချေ၊ ကိုယ်စားလှယ်တွေဟာ... အမ္ဗပါလီကို ထုတ်ပေးပါ။ အမ္ဗပါလီ ကိုမြင်ချင်တယ်။ အမ္ဗပါလီကိုစွန့်မလား၊ ဝေသာလီ ကိုစွန့်မလား ဆိုတဲ့ တစ်ခဲနက် အသံနက်တွေနဲ့ သင့်ဖခင်ကို တုန်လှုပ်စေခြဲ့ပီ...။ တိုင်းပြည် ကောင်းစားရေးကို တကယ်လိုလားတ့၊ဲ ပြည်သူတွေကိုချစ်တဲ့ သင့်ဖခင်ဟာလေ သမီးတော် အမ္ဗပါလီကို နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာခဲ့ရပြီ။ အဲဒီမှာပဲ သင့်ဖခင် ရင်ကွဲနာကျလို့ သွေးအန် သေဆုံးခဲ့ရပြီ... အမ္ဗပါလီ။

ကျွန်မ တကယ်ကို ခံစားရပါတယ်... အမ္ဗပါလီရယ်။ (ဒီအချိန်က စပြီး သင့်ရဲ့နုစဉ် ဘ၀ကအရိယာ ပုဂ္ဂိုလ် ကိုစော်ကားခဲ့တဲ့ ကံဟာ အကျိုးပေးတော့တာပဲ။) ဝေသာလီ ရဲ့တစ်နေရာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စွာ နေလို့မှ မကြာသေး၊ အစ်ကိုတော်အာနန္ဒ မင်းသားထံမှ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ်ကြေငြာကြောင်း စာရခဲ့ပြီ။ ဒီအချိန်မှာ ချစ်သူ ဗိမ္မိသာရမင်းက ရာဇဂြိုလ် ပြန်ပြီး ပါလီ့ကို မိဖုရားမြှောက်ဖို့ မင်းမြောက်တန်ဆာငါးပါး ပြန်ယူနေချိန်ပါ။ ပါလီ ဘာလုပ်ရမလဲ? ဗိမ္မိသာရမင်း နောက်လိုက်သွားရင် ဝေသာလီက ရာဇဂြိုလ်ကို စစ်ဆင်ပြီး တိုက်တော့မယ်။ မလိုက်ပဲ ဒီမှာနေခဲ့ရင်လဲ ဗိမ္မိသာရမင်းက ရန်ဖက်မင်းပီပီ၊ ခုဆို ချစ်သူကိုဆွဲလို့ စစ်ပွဲ နွှဲပြီးတိုက်လိမ့်မယ်။ နှစ်ချက်လုံးဟာ ဝေသာလီ အထိနာမဲ့ နည်းတွေချည်းပါပဲ။ နောက်ဆုံး ဝေသာလီ ကောင်းစားဖို့ ပါလီ မိန်းမမာယာသုံးပြီး ချစ်သူစိတ်နာအောင် လုပ်ရပါတော့တယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်ရောက်လာတဲ့ ချစ်သူ၊ ဘုရင့် မင်းမြောက်တန်ဆာတို့နဲ့ အလွန်ကျက်သရေ ရှိတ့၊ဲ ချောမောလှတဲ့ ချစ်သူ၊ ပါလီ အသက်တမျှချစ်ရတဲ့ ချစ်သူကို ပါလီ မပြောချင်ဆုံးစကားတွေကို မူယာမာယာသုံးပြီး ရင်နှစ်မွှာကွဲကာ ချစ်သူမုန်းအောင် ပါလီ ပြောနေရပြီ။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အမုန်းကြီးမုန်းသွားတဲ့၊ စိတ်နာသွားပြီး ထွက်ခွါသွားတဲ့ချစ်သူကို ကြည့်ရင်း ပါလီလဲကျ ကျန်ရစ်ခဲ့ပါပြီ။

တခါ ပါလီ့ရဲ့လေးစားအားကိုးစရာ အစ်ကိုတော် အာနန္ဒ မင်းသားကလည်း သူနဲ့ပါလီဟာ မောင်နှမရင်းတွေ မဟုတ်ကြောင်းပြောပြပြီး ပါလီဟာစံအိမ်တော်မှာ နေခွင့်မရှိတော့ကြောင်း၊ ပါလီ အတွက်သက်သက် အိမ်တစ်ဆောင် နေဖို့ပေးကြောင်းနဲ့ သူကတော့ အဝေးကို ထွက်သွားတော့မှာ ဖြစ်ကြောင်းတွေကို ပြောပါတယ်။ အားကိုးစရာ မကျန်တော့တဲ့ ပါလီဟာ အစ်ကိုတော် အာနန္ဒ မင်းသား ဘယ်သွားမလဲ ဆိုတာသိချင်ခဲ့တယ်။ သင့်အစ်ကိုတော်က သင့်ကို သူဘယ်သွားမလဲဆိုတာ ကိုမပြောနိုင်ခဲ့ပေမဲ့ ဘယ်သူ့ဆီ သွားမလဲ ဆိုတာတော့ ပြောပြခဲ့ပါတယ်။ အာနန္ဒ မင်းသားက.. ငါ စစ်တိုက်ထွက်စဉ်အခါက စစ်မြေပြင်တစ်နေရာမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရဖူးတယ်။ သူ့ ကိုငါက မြှားနဲ့ချိန်လိုက်တာကို မရှောင်ပဲ ငါ့ကိုကြည့်ပြီး “လောကမှာ အရာရာတိုင်းကို လက်နက်နဲ့ဖြေရှင်းလို့ မရဘူး၊ ချစ်သား” လို့ပြောတယ်၊ ငါ့ဘ၀မှာ ဂေါတမ မျက်လုံးလောက် ဂရုဏာပြည့်တဲ့ မျက်လုံးမျိုးမတွေ့ဖူးဘူး၊ သူ့ရဲ့အကြည့်ကြောင့် ငါ့လက်ထဲက မြှားဟာလွတ်ကျသွားတယ်။ အခု ငါသူ့ဆီသွားမယ်” လို့ပြောသွားပါတယ်။ ပါလီ့မှာ အားကိုးစရာ ဖခင်လဲ သေဆုံးခဲ့ပြီ။ ချစ်ရတဲ့ ချစ်သူကလည်း စိတ်နာလို့ ပစ်ကာထားခဲ့ပြီ။ နောက်ဆုံး အစ်ကိုတော်ကလည်း အဝေးကို ထွက်သွားခဲ့ပြီ။ ပါလီ ဘယ်သူ့ကို အားကိုးပြီး နေရတော့မှာလဲ?...အိုပါလီ စိတ်ဓါတ်မကျပါဘူး၊ ပါလီရင်မှာ ချစ်သူရဲ့သွေး၊ ကလေးလေးတစ်ယောက် ကျန်သေးတာပဲ။ သားလေးဖြစ်ပါစေလို့ပါလီ ဆုတောင်းပါတယ်။ ရင်ထဲက သားကိုအားပြုပြီး ပါလီ အသက်ဆက်ရှင်မယ်နော်။ သား ကိုယ်ဝန်ဆောင်စဉ် ဆယ်လလုံးမှာ သားလေးဖြစ်စေဖို့ နေ့ရောညပါ ဆုတောင်းနေရပါတယ်။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာက မွေးလို့သားဖြစ်ရင် ပြစ်ရမယ်။ သမီးဖြစ်ရင် ပြည့်တန်ဆာ ရာထူးဆက်ခံရပါတယ်။ ဒါကြောင့် ပါလီဟာ သူ့လိုအဖြစ်မျိုး မကြုံအောင် သားဆုတောင်းတာပါ။
သူဆုတောင်းတဲ့အတိုင်းပဲ ပါလီ သားလေးကိုမွေးခဲ့ပါတယ်။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်းရဲ့သား အဇာတသတ် မင်းသားကိုသာ လူသိများကြတာပါ။ ပါလီနဲ့ရတဲ့သား ၀ိမလကောဏ္ဍည ရဟန္တာကိုတော့ သိသူနည်းပါတယ်။ ပါလီ ဟာသူ့ရဲ့ လသားအရွယ် သားလေးကို ချစ်မ၀၊ ကြည့်မ၀ ဖြစ်နေတုန်းမှာပဲ အစ်ကို တော် အာနန္ဒ (ရဟန္တာဖြစ်သွားပြီ) ရောက်လာပါတယ်။ ပါလီ စိတ်ထဲမှာ အစ်ကိုက သူတို့နဲ့ အတူနေဖို့ ပြန်လာတယ်လို့ ထင်နေရှာတယ်။ အားရ ၀မ်းသာနဲ့ သားကိုပြကာ ပျော်နေရှာတဲ့ ပါလီရေ... သင့်ရဲ့ပျော်ရွှင်ခြင်းတွေ မကြာလိုက်ဖူးနော်.. ချစ်မ၀တဲ့ လသားလေး ရဟန္တာ အစ်ကို နောက်ပါသွားခဲ့ရပြန်ပီ။ အရူးတစ်ပိုင်း ဖြစ်ကာ ကျန်ခဲ့ တဲ့ပါလီ၊ ယောကျာင်္းတကာနဲ့ ပျော်ပါးနေရပေမဲ့ ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ၆ နှစ်၊ ခုနှစ် နှစ်လောက်ကြာတဲ့ အချိန် တောထဲမှာ ရဟန္တာ တွေကြားက ၀ိမလကောဏ္ဍည လေးကိုရင်ဘ၀ ရောက်လာပါတယ်။ သူများ ကိုရင်တွေမှာ အချိန်တန်လာတွေ့တဲ့ အဖေ၊ အမေ၊ တွေရှိခဲ့ ပေမဲ့ သူ့ခမျာ ဘယ်သူမှ လာမတွေ့ကြတော့ ဦးကြီးတော် ကိုမေးရှာပါတယ်။ သားရဲ့အဖေဟာ ဘယ်သူလဲ? သားရဲ့အမေက ဘယ်သူလဲ? သားဆီဘာလို့ မလာကြတာလဲ? စသဖြင့်ပေါ့။ ဒီအခါ ဦးကြီးတော်က အဲဒါတွေ မမေးနဲ့ သိစရာ မလိုဘူး၊ ကိုရင်ဆိုတာ တရားအားထုတ်ဖို့ အဓိကပဲ လို့ဆိုပြီး အပြတ်ပြောဆိုလို့ သူ့ခမျာ နောက်ထပ်မ မေးရဲရှာပါဘူး။

တစ်နေ့ ဝေသာလီရဲ့ ဆွမ်းလောင်းပွဲမှာ ၀ိမလကောဏ္ဍညလေး ဆွမ်းခံကြွပါတယ်။ အဲဒီမှာ ဆွမ်းလောင်းနေတဲ့ ပါလီဟာ ကိုရင်လေးကို တွေ့တာနဲ့ သားများလားဆိုပီး သံသယဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ မျက်ခုံး အားလုံးဟာ ပါလီနဲ့ ဗိမ္မိသာရ မင်းတို့နဲ့တူပါတယ်။ ကိုရင်လေးကို အဖေဘယ်သူလဲ? အမေဘယ်သူလဲ? ဘယ်ကျောင်းကလဲ?... စသဖြင့် မေးခွန်းတွေစုံအောင် ပါလီမေးမိတယ်။ ကိုရင်လေးက သူကိုယ်တိုင် မသိတာကိုအမေးခံရတော့ စိတ်တိုရှာတယ်။ ဒကာမကြီး၊ သိပ်စကားများတာပဲ၊ ဆွမ်းလောင်းမှာဖြင့် လောင်းပါ လို့ပြောပါတော့တယ်။ တဖြည်းဖြည်း ကိုရင်လေးနဲ့ ပါလီ မျက်မှန်းတန်း လာပါတယ်။ ပါလီက ကိုရင်လေးကို ဒကာမကြီး လို့မခေါ်ပါနဲ့ အမေ လို့ခေါ်ပါလားကွယ်၊ အမေ့မှာကိုရင့် အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ အဲဒီသားဟာ ဘယ်ရောက်နေမှန်း မသိနိုင်လို့ပါ..လို့ပြောရှာတယ်။ ဒါပေမဲ့ ကိုရင်လေးက.. မခေါ်နိုင်ပါဘူးဗျာ၊ ဒကာမကြီးဟာ ဒကာမကြီးပေါ့.. လို့ခပ်တင်းတင်းပဲ တုံ့ပြန်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာ တော့ တစ်နေ့မှာ ပါလီက ၀ိမလကောဏ္ဍည မထေရ်ကိုအိမ်မှာ ဆွမ်းစားဖိတ်ပါတယ်။ သူ့ စိတ်ထဲမှာ ဒီမထေရ်လေးဟာ မရှိဆင်းရဲလို့ ရဟန်းပြုတယ်လို့ ပုထုစဉ်တွေးတွေးပါတယ်။ သားလိုလဲ သံယောဇဉ် ဖြစ်နေတော့ သပိတ်ထဲကို ဆွမ်းအစား ရတနာတွေ လောင်းပါတယ်။ ဒီရတနာတွေထဲက တစ်လုံးလောက် ရောင်းလိုက်ရင်တောင် တစ်သက်လုံး စားလို့မကုန်ကြောင်း၊ ဒီလို သပိတ်တစ်လုံးနဲ့ လိုက်တောင်း နေစရာ မလိုတော့ကြောင်းပြောတော့ အရိယာ (ရဟန္တာ)ဖြစ်သွားပြီ ဖြစ်တဲ့ ၀ိမလကောဏ္ဍညမထေရ်ဟာ ချက်ချင်းပဲ ရတနာ တွေကို ပြန်သွန်ထုတ်ပါတယ်။ ဓါတ်ခံခြင်းကွာသလို၊ အမြင်ချင်း လည်းဘယ်တူပါတော့မလဲ။ ပြီးတော့ ပါလီ ကိုကြည့်ပြီးပြောပါတယ်။ ကျုပ်ရဲ့ဆရာ မြတ်စွာဘုရားရှင်က သဒ္ဒါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတာကို ရတနာ အစစ်လို့ပြောတယ်။ ခုတွေ့နေတဲ့ ရတနာတွေက အဆိပ်တွေသာ ဖြစ်တယ်လို့ပြောပါတယ်။

လက်မခံငြင်းဆန်ပြီး ပြန်ကြွသွားပါတယ်။ တစ်နေ့မှာ ဦးကြီးတော် အာနန္ဒက ၀ိမလကောဏ္ဍညကို ခေါ်ပြီး တာဝန်ပေးပါတယ်။ ချစ်သား.. မင်း ငါ့ကို အနှစ် နှစ်ဆယ်တိုင်တိုင် မေးခဲ့တဲ့ မင်းအဖေ ဘယ်သူလဲ? မင်းအမေ ဘယ်သူလဲ? ဘယ်တိုင်းပြည်မှာမွေးလဲ? ဆိုတဲ့ မေးခွန်းတွေကို ငါဖြေမယ်။ မင်းဟာ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာ ရမင်းနဲ့ ငါ့နှမ အမ္ဗပါလီ တို့ရဲ့သားပဲလို့ ပြောလိုက်တယ်။ အရင်တုန်းက သူအလွန်တစ်ရာ သိချင်လှတဲ့ မေးခွန်းကို အခု သူသိရပြီ။ ဒါပေမဲ့ အရိယာဖြစ်သွားပြီဖြစ်တဲ့ ၀ိမလကောဏ္ဍညဟာ မတုန်လှုပ်တော့ပါဘူး၊ အတိတ်က ဖြစ်ခဲ့ပြီးသော ဓမ္မာရုံ ဥပါဒါနက္ခန္ဓာ တို့ကို မပြန်တော့၊ အနာဂတ်မှာ မဖြစ်သေးတဲ့ ဓမ္မာရုံ ဥပါဒါ နက္ခန္ဓာ တို့ကိုလည်း မတောင့်တတော့၊ သူ့စိတ်တွေဟာ ဘာအတွက်နဲမျှ မလှုပ်ရှားတော့။ ဦးကြီးတော်က ဆက်ပြီး.. အမ္ဗပါလီကို ဒီနေ့ကျောင်းရောက်အောင် ခေါ်ခဲ့ရမယ်။ သူမပါပဲနဲ့ ပြန်မလာခဲ့နဲ့လို့ မှာပါတယ်။

ဒီလိုနဲ့ ၀ိမလကောဏ္ဍညဟာ အမ္ဗပါလီရဲ့ အိမ်ရှိရာကို အသွား, လမ်းမှာ အမ္ဗပါလီ နဲ့တွေ့ပါတယ်။ ၀ိမလ ကောဏ္ဍညက ပါလီ့ကို အမေ လို့ခေါ်လိုက်တယ်။ သူ အလွန်ကြားချင်တဲ့ စကားတစ်ခွန်းကို ၀ိမလကောဏ္ဍည ဆီက ကြားလိုက်ရတော့ နဂိုကမှ ၀ိမလကောဏ္ဍညကို သားထင်ပီးချစ်တဲ့ ပါလီဟာ အရမ်းကို ပျော်တော့တာ ပေါ့။ ဒါနဲ့ တစ်ခါတည်း သားကို အိမ်ကို ဆွမ်းစားပင့်သွားတော့တာပဲ။ အိမ်ရောက်တော့ ၀ိမလကောဏ္ဍညက အမေ့ကို သားစကားပြောစရာ ရှိတယ်လို့ စပြောတယ်။ ဒီတော့ ပါလီက သားကိုလည်း အမေ ပြောစရာရှိတယ်။ ဘယ်သူ စ ပြောမလဲလို့ သားက မေးတော့… အို…လူသူ မနီး အဝေးကြီးမှာနေတဲ့ သားက လူ့လောက အကြောင်းဘာသိ လို့ စပြောမှာလဲ။ အမေ ဘဲစပြောမယ်.. ဆိုပီး သားဖြစ်သူကို လူထွက်ဖို့ ကစပီး လူ့ဘ၀၊ ကာမဂုဏ် စည်းစိမ် တွေခံစားဖို့ အားရပါးရ ပြောတော့တာပဲ။ ၀ိမလကောဏ္ဍည ပြောဖို့ အခွင့်ကိုမရပဲ ဖြစ်နေပါတယ်။ ဒီတော့ သတိပေးတဲ့ အနေနဲ့ အမေ..အမေ့ကို တရားဟောဖို့ သားလာခဲ့တာပါလို့.. ၀င်ပြောရှာတယ်။ ပါလီဟာ သားစကားကိုကြားတော့ အားရပါးရ ရီတော့တာပဲ။ “သားရယ်..သားလို အသက်(၂၀)အရွယ် ရဟန်းပေါက်စ လေးမပြောနဲ့ ဈာန် အဘိဉာဉ်ရလို့ ကောင်းကင်မှာပျံ နိုင်တဲ့ ရဟန်းကြီးတွေ (ပုထုစဉ် ရဟန်း) လူတကာကို မာယာနဲ့ လှည့်စားနေတဲ့ အမ္ဗပါလီကို ချေချွတ်မယ်ဆိုပြီး ပြတင်းပေါက်ကနေ ကြွလာတယ်။ အမ္ဗပါလီကို မြင်ပြီးတဲ့ ခဏမှာတော့ အမ္ဗပါလီနဲ့ မနေရရင် သေရမှာပါဆိုပြီး နောက်ဆုံး အမေနဲ့အိပ် ဈာန်လျှောပြီး မြေပြင်ကနေ ပြန်သွားကြတယ်။ ဒီတော့ သားရယ်.. အမေပြောတာ ကိုပဲနားထောင်။” အမ္ဗပါလီရဲ့သဏ္ဍန်မှာ ရှေ့ကထိုင်နေတဲ့ သားရဟန်းကို ကြည့်ပြီး အတွေးထဲမှာ အမျိုးမျိုး ပုံဖေါ်တဲ့ ဓမ္မာရုံ ဥပါဒါနက္ခန္ဓာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ပါလီက ၀ိမလကောဏ္ဍညကို သပိတ်မဲကြီး ကို အရင်ဆုံးဖယ်မယ်။ ကိုယ်စားချင်တဲ့ အရသာ မစားရပဲ သူများပေးတာသာ စားရတဲ့ အဖြစ်ကနေ အကောင်း ဆုံး အစားအစာတွေကို ရွေးစားမယ်။ ၀ိမလ ကောဏ္ဍညက နောက်ကော? ပါလီက ပြီးရင် အရောင်မွှဲမွှဲ သင်္ကန်းကြီးကို ပစ်ပီး အကောင်းဆုံး အ၀တ်အစား တွေဆင်မယ်။ နောက်ကော? ပြီးရင် ဆံပင်တွေနဲ့လှ အောင်ပြင်ပြီး အတော်ဆုံး ပန်းချီဆရာခေါ်ပီး ပန်းချီဆွဲ မယ်။ နောက်ကော? ပန်းချီကားကို တစ်ရာ့တစ်ပါးသော မင်းသမီးတွေကို ပို့ပြီး အချောဆုံး မင်းသမီးကိုရွေးပြီး လက်ဆက်စေမယ်။ နောက်ကော? အမေရယ်၊ သားရယ်၊ ချွေးမရယ် မြင်းရှစ်ကောင် ရထားကြီး နဲ့မြို့ကို ပတ်မယ်။ နောက်ကော? ပြီးရင် ဥယျာဉ်ထဲဝင်ပီး ဖျော်ရည် သောက်မယ်၊ အဆို၊ အက၊ အတီး၊ အမှုတ်တွေ နားထောင်မယ်။ နောက်ကော? ဒါနဲ့ မိုးချုပ်တော့ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မနက်ကျတစ်ခါ မြို့ကိုပတ်မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ် အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မြို့ကိုပတ် မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ်။ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? အို..နောက်ကျတော့ သားတို့က ကလေးလေး တစ်ယောက်မွေးပေါ့။ အဲဒီ အမေ့မြေးလေးကို သားတုန်းကမထိန်းလိုက်ရတာ ကို အတိုးချပြီး အမေ ထိန်းမယ်။ တဏှာက အမ္ဗပါလီကို အကောင်းတွေချည်း ဆက်ပေးနေပါတယ်။ နောက်ကော? ကလေး တစ်ယောက်ကနေ နှစ်ယောက်... နောက်ကော? နှစ်ယောက်ကနေ သုံးယောက်... နောက်ကော? သုံးယောက်ကနေ လေးယောက်... နောက်ကော? နောက်တော့ အမေလဲ အသက်ကြီးလာတော့ သိပ်ပြီး မသွားနိုင်တော့ဘူးပေါ့.. (လေသံ တစ်ဖြည်းဖြည်း ပျော့ကျလာပါတယ်) နောက်ကော? အမေလဲ အိပ်ရာထဲလဲပြီး ဝေဒနာ ခံရရင်ခံရမှာပေါ့။ နောက်ကော? နောက်တော့ အမေလဲ သဘာဝအတိုင်း သေရမှာပေါ့ သားရယ်။ နောက်ကော?...(အသံမထွက်) နောက်ကော? အမေသေပြီးတဲ့ နောက်ကောလို့ သားမေးနေတယ်လေ.. (အသံမထွက်) ပါလီ မဖြေနိုင်တော့ပါ။ ပါလီ သေပြီးနောက်ဘာတွေ ဖြစ်မလဲ ပါလီ မသိတော့ပါ။ အဲဒီချိန်မှာပဲ သားရဟန်းက ဆတ်ကနဲ ပါလီ့ လက်ကိုဆွဲလို့ မိဂဒါဝုန်တောသို့ ထွက်ခဲ့ပြီပဲ။


ကျောင်းရောက်တာနဲ့ အစ်ကိုတော်က တစ်ခါတည်းဆံချလို့ ထေရီမ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ၀ိမလကောဏ္ဍည မထေရ်ဟာ မိခင်ဖြစ်သူ အမ္ဗပါလီကို တရားဟောပါပြီ။ ဟိုးအရင် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာအားလုံးကို မကြောင့်ကြဖို့၊ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်း မတောင့်တဖို့၊ အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ တို့ကို သတိနဲ့ စောင့်ကြည့်ဖို့စတဲ့ တရားအဆုံးမှာ အမ္ဗပါလီ ထေရီမ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါပြီ။ ဝေသာလီနဲ့ ရာဇဂြိုလ် ကြားတစ်နေရာမှာ အမ္ဗပါလီ ထေရီမ ငြိမ်းချမ်းရေး တရားဟော
နေပါတယ်။ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေး တရားဟောနေတာ ဖြစ်ပါတယ်။ မြောက်များလှစွာသော ပရိသတ်တွေကြားမှာ တစ်ချိန်က အသက်တမျှ ချစ်ခဲ့ဘူးတဲ့ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းလည်းရှိနေ ပါတယ်။ သောတာပန်သာ ဖြစ်သေးတဲ့ ဗိမ္မိသာရ မင်းဟာ အမ္ဗပါလီရဲ့ တရားပွဲမှာ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကိုမြင်ရင် မှတ်မိအောင် ရှေ့ဖက်မှာ နေရာယူထားပါတယ်။ အမ္ဗပါလီ ထေရီဟာ တည်ငြိမ်စွာပဲ သူ့ကိုယ်သူ ဥပမာပေးလို့ ဇရာ၊ ဗျာဓိ၊ မရဏ တို့နှိပ်စက်မှုကြောင့် ယိုယွင်းလာတဲ့ သူမ ရဲ့အလှတွေကို ငယ်စဉ်ကနဲ့ နှိုင်းယှဉ်လို့ ဥပါဒါနက္ခန္ဓာ တို့ရဲ့မမြဲမှု အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်ဖို့ ပြောနေပါတယ်။ တရားပွဲအပြီးမှာ မအောင့်နိုင်တော့တဲ့ ဗိမ္မိသာရမင်းက အမ္ဗပါလီကို မောင်တော်လေတစ်ခါက ရုပ်သေးဆရာ ယောင်ဆောင်ပြီး ပါလီ ဆီလာခဲ့တဲ့မောင်တော်ကို မမှတ်မိတော့ဘူးလား? လို့ မေးမိတယ်။ ရဟန္တာ ဖြစ်သွားပီဖြစ်တဲ့ အမ္ဗပါလီ ထေရီက “အရိယာတစ်ယောက် အဖို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူက ရှင်ဘုရင်၊ သူက ဆင်းရဲသား၊ သူက ၀န်ကြီး၊ သူက ကချေသည်၊ သူက သူဋ္ဌေး၊ သူက သူတောင်းစား ဆိုတဲ့ အမြင်မျိုး မရှိတော့ပါ။ အားလုံးကို တစ်တန်းတည်းတူတူ သာမြင်ပါတော့တယ်” လို့ဖြေပါတယ်။ ဗိမ္မိသာရ မင်းလည်း အမ္ဗပါလီရဲ့ ဉာဏ်အဆင့်ကို ခန့်မှန်းတတ်လို့ နောက်ဆုတ်ပြီး ပြန်ခဲ့ပါတော့တယ်။

ပါလီရေ.... သင့်ရဲ့ဘ၀က မလှပခဲ့ပေမယ့် ကျွန်မ အားအကျဆုံး အရဟတ္တမဂ်ကို သင်ရခဲပါတယ်။ ငယ်စဉ်အတွေးနဲ့ဆို သင့်ရဲ့ အလှတရားတွေ ကိုလည်းကျွန်မ အားကျမိပါရဲ့။ ဘုရားရှင်ကတောင် သင်ကျောင်းတော်ကို လာမယ်ဆိုလို့ အရိယာမဟုတ်သေးတဲ့ သံဃာတော်တွေကို သင်မလာခင် သတိပဋ္ဌာန်တရားကို ကြိုပွါးခိုင်းထားရတဲ့ထိ သင်လှနိုင်ရက်တယ်နော်။ မိန်းမချင်းတောင် မနာလိုရလောက်အောင်လှတဲ့၊ ယောကျာင်္းဆို အရိယာ မဟုတ်ရင် သင့်ရှေ့ ဖြတ်မလျှောက်ရဲအောင် ဆွဲဆောင်အားကြီးတဲ့ သင့်ရဲ့အလှဟာ လူတကာကို ပူလောင်စေခဲ့တယ်နော်။ သင်ဘာလို့ အဲဒီလောက် လှရတာလဲ? ဘယ်ကံက အကျိုးပေးလို့လဲ? လို့ အတိတ်ကို ပြန်ဆောင်တော့... ဘ၀ တစ်ခုမှာ သင်ဟာ ဘိက္ခူနီမ ဖြစ်ပြီး ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဆိုတာတွေ့ရတယ်။ အဲဒီ ဘ၀မှာပဲ သင်ဟာ အရိယာ ဘိက္ခူနီမ တစ်ယောက် တံတွေးထွေး လိုက်တာကို သန့်ရှင်းရင်း ပါးစပ်ကလည်း “ဘယ် ပြည့်တန်ဆာမ ထွေးသွားတာလဲ? ဆိုပြီးပြောလိုက်မိတယ်။ သင်ဟာအဲဒီ ဘ၀မှ နောက် ဘ၀ပေါင်း များစွာမှာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။ အခု နောက်ဆုံးဘ၀ထိပါပဲ။ အရိယာကို ပြစ်မှားမိတဲ့ ကံထိုက်တယ်လို့ ခေါ်ပါတယ်။ အရဟတ္တမဂ်ကို ရတာကလည်း ဘ၀များစွာမှာ သင်ဟာ ဘိက္ခူနီမ အဖြစ် စရဏ တရားတွေကို ကျင့်ကြံခဲ့လို့ ဒီဘ၀မှာ အားပြည့်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တာဖြစ်တယ်။ ဒါကြောင့်လေ တစ်ယောက်နဲ့ တစ်ယောက် မပြစ်မှားတာ ကောင်းတယ်။ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေဟာ ပိုပြစ်မှား မိတတ်ကြတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်လိုက်၊ မလုပ်နိုင်ရင် မျက်နှာလွှဲလိုက်တာ ကောင်းတယ်။ ကုသိုလ်မရရင်တောင် အကုသိုလ်တော့ မယူနဲ့ပေါ့။ ကိုယ်ပြောလိုက်၊ ပြစ်မှားလိုက်တဲ့ သူဟာ အရိယာဟုတ်၊ မဟုတ် ဘယ်လို သိနိုင်မှာလဲ။ အရိယာ ဆိုတာ ဆိုင်းဘုတ်ချိတ်ထား တာလဲမဟုတ်။ တစ်ခါတစ်လေ ကာယကံရှင်တောင် သူ့ကိုယ်သူ အရိယာ ဖြစ်မဖြစ် သိချင်မှသိကြတာ။ ဒါကပညာအလုပ်၊ ဉာဏ်အလုပ်မဟုတ်လား။ ဗီဇစရိုက်၊ အထုံဆိုတာက ဖျောက်ဖို့ အခက်သားနော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်တောင် မြောင်းတွေ့တော့ ခုန်မိသေးတာပဲ။ အရိယာဖြစ်ပြီး အပြော ကြမ်းတဲ့သူလည်း ရှိနိုင်တယ်နော်။ ဘယ်သူ့ကိုမှ လျှော့မတွက်ပဲ လေးစားတာ အကောင်းဆုံးပဲနော်။

အရှင်မ အမ္ဗပါလီရေ... သင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ သင်သွားရာ လမ်းကိုလိုက်ဖို့ ကျွန်မကြိုးစား နေပါ တယ်။ တစ်ချိန်မှာတော့ သင့်လိုပဲ ရောက်မှာပေါ့နော်။

ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားသော “ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ” တရားတော်ကို မှီငြမ်းရေးသားပါသည်။

မေတ္တာဖြင့်
စီစီချိုသန်း
မေလ(၈)ရက်။၂၀၀၉

အနတ္တလက္ခဏသုတ် ဒေသနာတော်၊

မြတ်စွာဘုရားရှင်ဟာ အနတ္တလက္ခဏသုတ်ကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့၊ မိဂဒါဝုန်တောမှာ ဟောကြားခဲ့ပါတယ်။ ၀ါဆိုလပြည့် ကျော်(၄)ရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး သောတာပန် အဖြစ်ရောက်ရှိခဲ့ပါတယ်။ ထို့သို့ သောတပန် အဖြစ်သို့ရောက်ရှိပြီး ဉာဏ်ရည်ပြည့်ဝပြီး ခက်ခဲနက်နဲတဲ့ တရားကိုနာ ယူရန် အသင့်ဖြစ်ပြီလို့ ဘုရားရှင် သိမြင်တော်မူတဲ့အတွက် ၀ါဆိုလပြည့်ကျော်(၅) ရက်နေ့ အရောက်မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံးစုရုံးစေပြီး အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူရခြင်းဖြစ်ပါတယ်။ “အနတ္တလက္ခဏ” ဆိုတဲ့ စကားကို “အနတ္တ” နဲ့ “လက္ခဏာ” လို့ ၂ ပုဒ်ခွဲပြီးကြည့်ရပါမယ်။ “အနတ္တ” ပုဒ်ရဲ့လွယ်လွယ် အနက် အဓိပ္ပာယ်က “အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ် ငါမရှိ” လို့ဖြစ်ပါတယ်။ လက္ခဏ (လက္ခဏာ) ဆိုတာက မှတ်သားကြောင်းဖြစ်ပါတယ်။ ဒါကြောင့် “အနတ္တလက္ခဏ” ဆိုတာ“အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ်၊ ငါမရှိဟု မှတ်သားကြောင်းလက္ခဏာ” လို့ အဓိပ္ပာယ်ရပါတယ်။

အနတ္တလက္ခဏသုတ်ကို အနှစ်ချုပ်ပြီးကြည့်ရင် အောက်ပါတိုင်း အတိုင်း တွေ့ရမှာဖြစ်ပါတယ်။
(၁) ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါ၊ ၀ိညာဉ် ဆိုတဲ့ ခန္ဓာငါးပါး တို့ရဲ့ အနတ္တဖြစ်ပုံ။
(၂) ခန္ဓာငါးပါးကို ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်လို့ ဟုတ်တိုင်းမှန်စွာ ၀ိပဿနာပညာ၊ မဂ်ပညာနဲ့ ရှုကြည့်အပ် သိမြင်အပ်ပုံ။
(၃) ထိုသို့ကြည့်ရှုကြည့်ခြင်း၊ သိမြင်ခြင်းကြောင့် ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြစ် ပေါ်လာပုံ။
(၄) အနတ္တလက္ခဏသုတ် ဒေသနာတော်ကို နာကြားရခြင်းကြောင့် ပဉ္စ၀ဂ္ဂီငါးဦးတို့ အာသဝေါတရားကင်းကွာ ရဟန္တာဖြစ်သွားကြပုံ။

ဘုရားရှင်က “ရဟန်းတို့…ရုပ်ဟာ အတ္တမဟုတ်ဘူး၊ ရုပ်ဟာတကယ်လို့ အတ္တဖြစ်ခဲ့ရင် နာကျင်ခြင်းဆိုတာ မဖြစ်ရဘူး။ ငါ့ရဲ့ရုပ်ဟာ ဒီလိုဖြစ်ပါစေ၊ ဒီလိုမဖြစ် ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း ရကောင်းရပါတယ်။ အခုတော့ရုပ်ဟာ အတ္တမဟုတ်တဲ့အတွက် နာကျင်ခြင်းဖြစ်ပါတယ်။ ငါ့ရဲ့ရုပ်ဟာဒီလိုဖြစ်ပါစေ၊ ဒီလိုမ ဖြစ်ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း မရပါဘူး။” ဟုဟောတော်မူခဲ့ပါ တယ်။
အနတ္တလက္ခဏသုတ်ဟာ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို သာမန်ပုထုစဉ်များနဲ့ ထူးခြားအောင် ခွဲခြားပေးလိုက်တဲ့ သုတ်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားသာသနာတော်မှာ မြတ်စွာဘုရားပြီးရင် လူသားများထဲက ပထမဆုံး ထူးထူးခြားခြား ရဟန္တာဖြစ်သွား သူများကို ညွှန်ပြပါဆိုရင် ပဉ္စ၀ဂ္ဂီငါးဦး တို့ကို ညွှန်ပြရမှာဖြစ်ပါတယ်။…။
• ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာတို့၊ ဖြစ်လာသမျှ၊ ကုန်ပျက်ရ အနိစ္စချည်းပါတကား။
• ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကို၊ တရံမစဲ၊ အမြဲခံရ၊ သဘာဝ၊ ဒုက္ခချည်းပါတကား။
• ကိုယ့်အလိုမလိုက်၊ ကိုယ်ကြိုက်မဖြစ်၊ အနှစ်သာရ၊ ရှာမရ၊ အနတ္တချည်းပါတကား။

မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာပဏ္ဍိတ အရှင်တိက္ခ ရွတ်ဖတ်ပူဇော်တော်မူသော ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာဒေသနာတော်နှင့် အနတ္တလက္ခဏသုတ် ဒေသနာတော်တို့ နာယူကြည်ညိုကြပါ။



အကောင်းဆုံးသောည

လူ့ဘ၀ကိုရောက်လာတဲ့ လူတိုင်း ညပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ ညနဲ့ မကြုံတွေ့ရတဲ့ သူဆိုတာ မရှိပါဘူး။ ၁နှစ်မှာ ၃၆၅ရက် ရှိတဲ့ အတွက်ကြောင့် ညပေါင်း ၃၆၅ ညကို ဖြတ်သန်းခဲ့ကြပါတယ်။ ၁၀နှစ်ဆိုရင် ၃၆၅၀ ညပေါ့။ အဲဒီညတွေထဲမှာ တန်ဖိုးရှိတဲ့ အကောင်းဆုံးညဆိုတာ ဘယ်ညလဲ? ညအချိန်တွေမှာ Online မှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ခွဲခွာနှုတ်ဆက်ကြတဲ့ အချိန်မှာ Good Night (ကောင်းသောညဖြစ်ပါစေ) စသဖြင့် နှုတ်ဆက်ကြပါတယ်။ ကောင်းသောညဆိုရာမှာ ကောင်းတယ်ဆိုတာကို ဘာစံချိန်နဲ့ သတ် မှတ်မှာလဲ။ ကောင်းတယ်ဆိုတာကို အပျော်ဆုံးဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ သတ်မှတ်မှာလား? အခြားအရာတွေနဲ့ သတ်မှတ်မှာလား? ကိုယ်ကြိုက်ရင်ကောင်းတယ်လို့ သတ်မှတ်မှာလား? အဲလိုသတ်မှတ်ရင် တယောက်နဲ့ တယောက်ဟာ ကောင်းတဲ့ညတွေ တူလို့ မဖြစ်ပါဘူး။ ကာမဂုဏ်အာရုံခံစားတဲ့ သူက သူတို့ရဲ့ အပျော်ဆုံးညကို အကောင်းဆုံးညလို့ သတ်မှတ်ပါလိမ့်မယ်။ ဂိမ်းဆော့တဲ့သူတွေ အတွက် ဂိမ်းကစားလို့ နိုင်ပွဲများတဲ့ည ကို အကောင်းဆုံးညလို့ သတ်မှတ်ကြလိမ့်မယ်။ ချစ်သူစုံတွဲတွေ အတွက် ချစ်ချစ်ခင်ခင်နဲ့ ပြောဆိုခွင့်ရတဲ့ ညကို သူတို့ရဲ့ အကောင်းဆုံးညလို့ သတ်မှတ်ကြမှာပါ။ ဒါကြောင့် တဦးနဲ့ တဦးရဲ့ အကောင်းဆုံးညတွေက မတူနိုင်ပါ ဘူး။ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြမှာပေါ့။ အကောင်းဆုံးညဆိုတာ ဘယ်လိုလဲဆိုတာ သိဖို့လိုလာပါတယ်။

လူ့လောကမှာ ညအခါဆိုရင် အိပ်စက်နားနေခြင်းနဲ့ ကုန်လွန်စေကြတာများပါတယ်။ ညဆိုတာ အေးချမ်းတိတ် ဆိတ်ပြီး ကြည်နူးဖွယ်ကောင်းပါတယ်။ တရားဓမ္မနဲ့ မွေ့လျော်ကြတဲ့ ပညာရှိတွေ အတွက် အိပ်မောကျပြီး ဖြတ် ကျော်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားက အကောင်းဆုံးည ဖြစ်ဖို့အတွက် အတိတ်အကြောင်းကိုလည်း ပြန်ပြောင်းမစဉ်းစားပါနှင့်၊ နောင်ဖြစ်လာမယ့် အနာဂတ်ကိုလည်း မျှော်တွေးမနေပါနှင့်၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလမှာ ကုသိုလ်တရား တိုးပွားအောင်နေပြီး၊ အကုသိုလ်တရားတွေ မဖြစ်အောင်နေဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားရှင်က အပါဒါန်ပါဠိတော်မှာ -

နတာဝ သုပိတုံ ဟောတု၊ ရတ္တိ နက္ခတ္တမာလိနီ၊
ပဋိဇဂ္ဂိတု မေဝေသာ၊ ရတ္တိ ဟောတိ ၀ိဇာနတံ။
နက္ခတ်ပန်းတို့ဖြင့် ဆန်းကြယ်လှပသော ညဥ့်သည် အိပ်နေဖို့ရန် ဖြစ်လာသည် မဟုတ်။ ရှေ့ရေး နောက်ရေး ထောက်တွေးသိတတ် ပုဂ္ဂိုလ်မြတ်တို့အတွက် နိုးနိုးကြားကြား တရားအားထုတ်ဖို့ရန် အလို့ငှာသာလျှင် ဖြစ်ပေါ် လာ၏။ (အပါဒါန်ပါဠိတော်)

မိမိတို့တွေရော အေးချမ်းမှုရှိတဲ့ ညအချိန်မှာ ဘယ်လိုအသုံးချ ကြမလဲ? လောကမှာ လူတန်းစား အမျိုးမျိုးရှိကြ တဲ့ အတွက်ကြောင့် နေထိုင်စားသောက်ကြရတဲ့ အခြေအနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေ မတူညီကြပါဘူး။ ဒါပေမယ့် လူသားတိုင်း တန်းတူရတဲ့ အခွင့်အရေး တခုကတော့ အချိန်တွေကို ပိုင်ဆိုင်ခြင်းပါ။ မိမိတို့ရော တန်းတူရတဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေလဲ? ကံမကုန်ခင်လေးမှာ ဘာအလုပ်တွေက အလုပ်သင့်ဆုံးလဲ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်ရမယ်။ ယခုအချိန်အခါမှာ နေ့စဉ် ၀မ်းစာရေးအတွက် လှုပ်ရှားလုပ်ကိုင်နေရတဲ့ လူသားတွေ အတွက် ညအချိန်မှာပဲ အိပ်စက် အနားယူချိန်ရှိတယ်လို့ ပြောရင် ငြင်းဖွယ်ရာ မရှိပါဘူး။ အကောင်းဆုံးသောည ဖြစ်ဖို့ ညအချိန်မှာ တရားပဲထိုင်နေရမယ်လို့ ဆိုလိုရင်း မဟုတ်ပါဘူး။ တချို့က တရားထိုင်နေမှ တရားလုပ်တယ်လို့ မြင်တတ်ကြတယ်။ မိမိတို့ရဲ့ စိတ်ကလေးကို အပူဓာတ် မဖြစ်အောင် နေတတ်ဖို့ လိုတာပါ။ ၀ိပဿနာ အသိနဲ့ နေ့စဉ် ညစဉ် နေတတ်ရင်တော့ အကောင်းဆုံးပေါ့။ ညအချိန်ပဲ သတိရှိပြီး စိတ်ကို အအေးဓာတ်ကိန်းအောင် နေသွားရမှာ မဟုတ်ပဲ နေ့စဉ် နေစဉ်မှာလည်း နေသွားရမှာပါ။ နေရာတိုင်း အမူအရာတိုင်းမှာ အားထုတ်တတ်ဖို့ အဓိက ကျပါတယ်။
ညစဉ် ရတဲ့အချိန်လေးမှာ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားဓမ္မများကို နာယူသင့်ပါတယ်။ ယခုလို တရားဓမ္မများ အလွယ်တကူရရှိ နာကြားနိုင်ခွင့်ရတာလည်း ဓမ္မကို တန်ဖိုးထားတတ်သူတွေ အတွက် အမြတ် ဆုံးသော ရတနာတွေကို ပိုင်ဆိုင်ခွင့်ရနေတာပါ။ ဒီရတနာတွေကို သိရှိတဲ့ လူတွေအတွက်တော့ အသုံးဝင်သလို မသိတဲ့ သူတွေအတွက်တော့ အကြီးမားဆုံးသော နစ်နာမှုပါ။

ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသော တရားမှာ “ဘုရားက ကောင်းတယ်ဆိုတာကို မိမိက မနှစ်သက်လည်း ပေလုပ်ပါ။ ဘုရားက မကောင်းဘူးဆိုတာကို မိမိက နှစ်သက်လည်း ပေရှောင်ပါ” လို့ နာယူခဲ့ဖူးပါတယ်။ မိမိတို့ နှစ်သက်နေတဲ့ လောကီအာရုံတွေကို နှစ်သက်နေပေမယ့် ဘုရားရှင်က မကောင်းဘူးလို့ မိန့်ဆိုထားရင် ရှောင်ရှားရမယ်။ မိမိက မနှစ်သက်ပေမယ့် ဘုရားက ကောင်းတယ်ဆိုတာကို လုပ်ဆောင်ရပါမယ်။
မိမိတို့တွေ ဘုရားရှင် ဟောကြားဆုံးမခဲ့တဲ့ တရားဓမ္မနှင့် မွေ့လျော်အောင်နေပြီး Good Night များစွာကို ပိုင်ဆိုင် ဖြတ်သန်းနိုင်ကြပါစေ။