ကာမဖောက်ပြား မမှောက်မှားနှင့်…

ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန် ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်းလောက်ဖြင့် မှတ်ယူ မထားသင့်ပေ။ “နှမချင်း စာနာထောက်ထားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်

ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရ ဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာ လှပေသည်။ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းဟူသောအမှုကို ရှင်းလင်းစွာ နားလည်ထားဘို့ လိုအပ်၏။ ထို့ကြောင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမတို့အတွက် ကျွန်ုပ်ဖတ်မှတ်ခဲ့သော တရားစာ အုပ်တို့မှ ဖော်ပြလိုက်ခြင်းဖြစ်၏။

ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟု သီလဆောက် တည်ထားသူအမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီယ၀တ္ထု မသွားမလာ အပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမယ်။
(၁) မာတုရက္ခိတ - မိခင် စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင် စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်း မိန့်ထုတ်ခံရသော မိန်းမ(တော်ကောက်ထားသည့် မိန်းမ)။

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်းသည် ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအ တွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့် ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ် မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထို မိန်းမရှစ်မျိုးတို့မှာ ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ မ ထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင်လင်မရှိသောကြောင့် တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ် ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာ စာရကံထိုက်၏။
(၁၁) ဓနက္ကီတ - ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ - အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ - ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ - အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ - ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်း သင်းသော မန်းမ ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီး အား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကိုချစေ ၍ ပေါင်းသင်းသောမိန်းမ၊
(၁၇) ဒါသီ - ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ် သော မိန်းမ၊
(၁၉) ဓဇာဟဋာ - သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ပေါင်း သင်းသော မိန်းမ၊
(၂၀) မုဟုတ္တိကာ - ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။

အထက်ပါ မိန်းမ (၂၀) တို့တွင် နံပါတ် (၉) သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသော ကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့် သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့် သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၏။ အဘယ် ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့စေသောကြောင့်ဖြစ်သည်။ ယောက်ျားများ မှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန် လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများ က“မိန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမ ခဲ့ကြ၏။

ဤသိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့် ကျူးလွန်လျှင် အပြစ်ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်း မရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌ အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေ သူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။

မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ မဂ္ဂ=မဂ်=လမ်းကြောင်း။ လူတို့ခန္ဓာကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သောလမ်း ကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်း၊
တို့ဖြစ်ကြသည်။ ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား ၏ ပဿာဝမဂ်ဖြင့် ကျူးလွန်သော်လည်းကောင်း၊ ယောက်ျားအချင်း ချင်းဝစ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန်သော်လည်းကောင်း ကာမေသုမိစ္ဆာ စာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ဆက် စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။

ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါ များမှာလည်း ယောက်ျားများအတွက်သာရည်ရွယ်ပေသည်။ ထိုအင်္ဂါ (၄)ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။

မိမိ၏ မယား၌ ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း အင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်းတို့မှာ-
(၁) အကာလ - ရောဂါ ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ
ဟူ၍ ရှိကြလေ၏။

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းကြောင့်ရရှိသောအပြစ်(၁၁) ချက်ရှိပါသည်။ ၎င်းတို့ ကတော့-
(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါ များခြင်း၊
(၂) မုန်းရုံမက ရန်သူလည်း များခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့ သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။
လင်္ကာဖြင့်မှတ်ပါလေ-
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါး လာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောက်ကအပြန် အကျိုးတည်း။”
ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံ အားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု၊ သ၊ န၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင်ကြား ဖူးကြ လေပြီ။ အထူး ဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း ၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ် သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာမှာ ပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထိုဘ၀တုန်းက လူလေ၊ လူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာ ရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)
ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမ မဟုတ်၊ ယောက်ျားမ ဟုတ်ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံး လုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရ ပြန်၏။ ထို ဘ၀နောက်မှ ယောက်ျားဘ၀ကိုရလေည်။ ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သောစိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရား ဖြင့် စောင့်ရှောက်ကြပါကုန်။

စာဖတ်သူတို့အားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ နှလုံးစိတ် ၀မ်းငြိမ်းချမ်းကြပါစေ။


1 comment:

- said...

မင်္ဂလာပါ၊
ပို့စ်အတွက် ကျေးဇူးတင်ရှိစွာ ဖတ်/မှတ်သွားပါတယ်။ မျှဝေပေးတဲ့အတွက် အကျိုးအများကြီးရှိစေပါတယ်။
လေးစားလျက်
http://winzaw-mdy.blogspot.com