မုသားမပါ လင်္ကာမချောဟု ဆိုရိုးလိုက်ကာ မမိုက်ပါနှင့်

မုသာဝါဒ- မဟုတ်မမှန်ပြောဆိုခြင်း၊ လိမ်လည်လှည့်ပတ်ခြင်း ဟု အနက်ရှိ၏။ မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်ပြော၍ လည်းကောင်း၊ စာဖြင့်ရေး၍လည်းကောင်း၊ ကိုယ်လက် စသည် ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှ ညာဖြန်းသမျှ အားလုံးပါ


ဝင်၏။
သူတစ်ပါးတို့အကျိုးစီးပွား ပျက်သွားအောင် လိမ်ညာလှည့်ဖြား သော မုသားမျိုး သည် အပါယ်ရောက်ကြောင်းဖြစ်ပြီး ကိုယ်အ ကျိုးစီးပွား ပျက်မှာစိုး၍၊ ပြက်ရယ်ပြု လို၍ လိမ်ညာခြင်းကား အပြစ်နည်း၏။ သို့သော်လည်း မည်သည့်လိမ်ညာခြင်းပင် ဖြစ်စေလိမ်ညာတတ်သော အကျင့်မဖြစ်အောင် သတိထားပြီး ရှောင်ကြဉ်သင့်ပေသည်။ “မုသားမပါ လင်္ကာမချော” ဟု ပြောလေ့ရှိကြသည်။ ယင်းစကားဖြင့် အချို့က ကဗျာလင်္ကာ စီကုံးရေးသားရာ၌ပင် မုသားမပါက ပြေပြစ်မှုမရှိဟု ယူဆကြ သည်။ ထိုစကားသည် မှားယွင်းသောစကားသာ ဖြစ်ပေ၏။ ပညာရှိ သူတော် ကောင်းကြီးများသည် စကားပြောရာ၌ လည်း ကောင်း၊ ကဗျာလင်္ကာများ သီကုံးရေး သားရာ၌လည်းကောင်း မုသားကို ပြောဆိုရေးသားမှု မရှိကြပါ။

မုသားစကား ပြောဆိုရာ၌ အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင် ပြောဆိုလျှင် မုသာ ၀ါဒကံ ထိုက်၏။ အကျိုးစီးပွား အနည်းငယ် ပျက်စီးလျှင် အပြစ်နည်း၏။ မည်သည့် အကြောင်းအရာကိုမဆို “မမြင်ပဲ မြင်၏၊ မကြားပဲကြား၏၊ မတွေ့ပဲ တွေ့၏၊ မသိပဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ” ဟု ပြောဆိုသော လူယုတ်မာတို့၏ စကား(အန ရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုး မျိုးကိုပြောလျှင် အပြစ် ကြီး၏။ မဟုတ်မမှန်ပြော၍ သံဃာကို အသင်းခွဲသော (ရဟန်း အချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍အပြစ်ကြီး လေး၏။ ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သတ်မှု၊ ခိုးမှု၊ ကာမကျူးလွန်မှု၊ အရက်သေစာ သောက်စားမှု တို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါး အကျိုးစီးပွား ပျက်စီးချွတ်ယွင်းစေလိုသော စိတ်ဖြင့် မုသားကို လုံးဝမပြော မဆိုခဲ့ကြပေ။ သို့သော် သူတစ်ပါး အကျိုးစီးပွား မထိခိုက်မ ပျက်စီးသော မုသားမျိုးကိုမူပြောဆိုခဲ့ ကြဖူးပါသည်။
ဥပမာ- ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရ မိကျောင်းက ဘုရားအလောင်းဝါနရိန္ဒမျောက်မင်း၏ အူအသည်းကို တောင်း သောအခါ အလောင်းတော်က “ငါတို့ မျောက်မျိုး၏ အူအသည်း ကား ကိုယ်ထဲ၌ မရှိ” ဟုပြော၍ နီရဲသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။ ပရိယာယ်ဖြင့် ပြောသောကြောင့် မုသာ ၀ါဒကံမထိုက်။ ဧကနိပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်း တော် ပဉ္စာဝုဓမင်းသားက သိလေ သလောမဘီလူးအား “ငါ့ဝမ်း ထဲ၌ ၀ရဇိန်လက်နက်ရှိ၏၊ ငါ့ကို နင်စားသော် ကိုယ်လက်မ ကျေပဲ အူအသည်း အပိုင်းပိုင်းပြတ်၍သေမည်” ဟု ပြောခဲ့ဖူး၏။ ဤကဲ့သို့ ဘုရားအလောင်းပြောဆိုခဲ့သော မုသားများမှာ မုသာ ၀ါဒကံ မထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ပညာတည်းဟူ သော ၀ရဇိန်လက်နက်ကို ရည်ရွယ်ရင်း ရှိသောကြောင့်ဖြစ်၏။

မုသာဝါဒအရာ၌ အကျိုးစီးပွားပျက်စီးမှ မုသာဝါဒကမ္မပထ မြောက်၏။ အကျိုးစီးပွား မပျက်စီးလျှင် မုသာဝါ ဒကံမျှသာ ဖြစ် သည်။ မုသားစကား ပြောဆိုသော အင်္ဂါ(၄)ပါးရှိ၏။ ၎င်းတို့မှာ-
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) လိမ်ညာလှည့်စားလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) မိမိလှည့်စားသည့် အဓိပ္ပာယ်ကို သူတစ်ပါးနားလည်ခြင်း
တို့ဖြစ်ကြပါသည်။

မုသားပြောဆိုခြင်းကြောင့်ရရှိသော အပြစ်(၉)မျိုးရှိပါသည်။ ၎င်း တို့မှာ-
(၁) ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
(၂) သွားများ မညီမညွတ် ရှိခြင်း။
(၃) ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။
(၄) ကိုယ်အရေးအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ်မရှိခြင်း။
(၅) မျက်စိ-နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
(၆) ပုံဟန်မလှပဲ ဆိုးရွားချွတ်ယွင်း ဖောက်ပြန်ခြင်း။
(၇) သူတစ်ပါးအပေါ်၌ သြဇာမတည်ခြင်း။
(၈) အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
(၉) စိတ်မတည်ပဲ လျှပ်ပေါ်လော်လီတတ်ခြင်းတို့ ဖြစ်ကြပါ သည်။


လင်္ကာဖြင့်မှတ်ပါလေ-

“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပြီ၊ သွားမငြီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက် ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနောက်၊ ပုံယွင်း ဖောက်၍၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော် လည်၊ စိတ် မတည်သည်၊ ရှောင်မည်အပြန် အကျိုးတည်း။”


ဤသို့ စသည်ဖြင့် အပြစ်များပါသည်။ မုသားပြောဆိုသူသည် ဘယ်ကိစ္စ၌မျှ မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင် ပေ။ ဤပြဆိုခဲ့သော အပြစ်တို့ကား ၀ဋ်လိုက်သောအားဖြင့် ရောက်လေရာဘ၀၌ ရတတ်သောအပြစ်များသာရှိသေး၏။ တ ချို့သော မုသားစကားများမှာ ငရဲရောက်အောင်ပင် အပြစ်ကြီ ၏။ ကမ္ဘာဦးတွင် စေတီယတိုင်းကို အုပ်ချုပ်ခဲ့သော “ဥပ၀ရ” ခေါ် စေတီယမင်းသည် မုသားစကား ပြောဆိုခဲ့ခြင်းကြောင့် မြေမျိုပြီး အ၀ီစိ၌ခံစားရသည်ကို သံဝေဂယူသင့်လှပါသည်။

ဤစေတီယ၀တ္ထု၌ မုသာဝါဒ၏အပြစ်ကား လွန်လွန်းလှ၏ဟု မှတ် ထင်ကြပေလိမ့်မည်။ မလွန်လွန်းပါပေ။ ထိုစေတီယမင်း၏ မုသား ပြောသောအချိန်ကား တစ်စုံတစ်ယောက်မျှ မုသားပြော သူမရှိသေးချေ။ အားလုံးသစ္စာတည်သောအခါ ဖြစ်သည်။ ညစ် စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်းမထူး၊ ဖြူ စင်သော ပ၀ါ၌ကား မြူမှုန့်လောက် အကွက်ကလေးပင် ထင် ရှားသကဲ့သို့ အားလုံး သစ္စာတည်ကြသောကာလ၌ ပထမဖြစ် သော ထိုမုသားသည် အလွန်ထင်ရှား၍ အပြစ်လည်းကြီး မားလေသည်။ ယခုခေတ်ကား “မုသားမပါ လင်္ကာမချော” ဟူ သောစကားကို လက်ကိုင်ပြုလျက် မုသားကိုရေလဲနှင့် သုံးစွဲနေ ကြသောခေတ် ဖြစ်၏။

ထို့ကြောင့် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျိုရ လျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်အပြစ်ကြီးသော အပြစ်များလည်း မရှိသေးပေ။ ယခုခေတ်၌ကား မုသားလောက်အပြစ်ကို အပြစ် ဟု ဆိုဖွယ်မရှိ လောက်အောင် ထို့ထက်ဆိုးရွားသော အပြစ် ကြီးတွေက လွှမ်းမိုးနေ သောကာလဖြစ်ပေသည်။ သို့ရာတွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘ၀၌ အကျိုးမ ထင်ရှားစေကာမူ သံသရာ၌ ၀ဋ်လိုက်သောအပြစ်မှာ စေတီယ မင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့်အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင် ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအ ဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သောသစ္စာကြောင့် အလိုလိုအ ရှိန်အ၀ါတက်လာလိမ့်မည် ဖြစ်ပါသည်။

“မုသားမပါ၊ လင်္ကာမချောဟု၊ ဆိုးရိုးလိုက်ကာ၊ မမိုက်ပါပ၊ဲ သစ္စာ စကား၊ ပြောဆိုသွားကာ၊ ငြိမ်းရာဒုက္ခ၊ လှမ်းကုန်ကြဟု၊ နှိုးဆော်သမှု၊ ဆောင်းပါးပြုသည်၊ များထွေသာဓု၊ ခေါ်စေသတည်း။”


1 comment:

ရွှေပြည်သူ said...

အစ်မအတွက်တော့ ငါးပါးသီလထဲမှာ စောင့်ထိန်းရ အခက်ဆုံးဟာ မုသာဝါဒလို့ပဲ ထင်ပါတယ်။ ပို့စ်မှာ ရေးထားတဲ့အတိုင်း “မုသားမပါ လင်္ကာမချော” ဆိုပြီး သိရက်နဲ့ရော မသိလိုက်ဘဲပါ ညာမိတာတွေ ရှိပါတယ်။ သူများအကျိုးစီးပွားကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ညာတာမျိုးမဟုတ်ဘဲ ပြဿနာတစ်ခုခု မဖြစ်အောင် ကာကွယ်ဖို့ ပြောမိတဲ့ White Lie မျိုးတွေပါ။ အခုတော့ ဘယ်လို အလိမ်အညာ စကားမဆို အနည်းနဲ့အများ အပြစ်ရှိကြောင်း သေချာ သဘောပေါက်သွားလို့ နောင်ကို ကြိုးစားဆင်ခြင်ရမယ်လို့ ကိုယ့်ကိုကိုယ် သတိပေးမိပါတယ်။ တန်ဖိုးရှိတဲ့ ငါးပါးသီလပို့စ်တွေ ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အောင်ဦးရေ။