ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့အသက်ကို ချစ်ပါလေ...

ပါဏာတိပါတ- သူ့အသက်ကို သတ်ခြင်းဟုအနက်ရှိ၏။ သူတစ်ပါးတို့၏ အသက်ကို သတ်ဖြတ်လေ့ရှိသောပုဂ္ဂိုလ်သည် ဒေါသကြီးသူ၊ မေတ္တာတရားခေါင်းပါးသူ၊ ကြင်နာမှုမရှိသူ၊ ညှာတာမှုကင်းမဲ့သူတို့ပင်ဖြစ်သည်။ သူ့အသက်သတ်ခြင်းမှ

ရှောင်ကြဉ်ပါ၏ဟူ၍ သီလဆောက်တည်ထားသူသည် အသက် ရှိသော မည်သည့် သတ္တ၀ါပင်ဖြစ်စေ သတ်ဖြတ်ခြင်းမှ ရှောင် ကြဉ်ရမည်ဖြစ်၏။ မှက်၊ ခြင်၊ ယင် စသော သေးငယ်သော သတ္တ၀ါတို့ပင်ဖြစ်စေ မသတ်အပ်ပေ။ မတော်တဆ နင်းမိခြင်း ကို မဆိုလိုပေ။ သတ်လျှင်ကား ပါဏာတိပါတသိက္ခာပုဒ်ကို ကျူးလွန်သည်မည်၏။

အပြစ် အကြီး၊ အသေးမှာ အသတ်ခံရသောသတ္တ၀ါ၏ ခန္ဓာ ကိုယ်ပမာဏနှင့် ဂုဏ် အပေါ်မူတည်ပြီး ကွာခြား၏။ လုံ့လစိုက် ထုတ်မှု၊ စိတ်စေတနာအပေါ် မူတည်၍လည်းကွာခြား၏။ ခန္ဓာ ကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့် လည်းကောင်း၊ ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက် ဆီးရာ မရောက်သောကြောင့်လည်းကောင်း၊ သတ်ဖြတ်သော သူမှာ အပြစ်သက်သာ၏။ ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုများသောကြောင့်လည်းကောင်း၊ ဂုဏ်ကြီးလျှင် သူ၏ ဂုဏ်သိက္ခာများကို ဖျက်ဆီးရာရောက်သောကြောင့်လည်း ကောင်း သတ်ဖြတ်သောသူမှာ ကြီးလေးသောအပြစ်ကို ခံရ မည်။

ပါဏာတိပါတ-သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ(၅)ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထိုလုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။

ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက် မျိုးရှိကြသည်။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား၊ လှံ၊ တွင်း စသည်တို့ ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း
တို့ဖြစ်ကြသည်။ ဤပယောဂမျိုးမှ တစ်နည်းနည်း နှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့်သေလျှင် ပါဏာတိပါတကံ အထ မြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟုဆိုလိုခြင်းဖြစ်၏။

တဖန် ပါဏာတိပါတကံ မြောက်စေနိုင်သည့် အကျုံးဝင်သော အချက်များလည်း ရှိပါသည်။ ၎င်းတို့မှာ- ညှင်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှုကင်းမဲ့ခြင်းစသည့် ကာယကံအပြုအမူဆိုး အားလုံး ပါဝင်ပါသည်။ နောက်တစ်ခု မှတ်ရမှာကအစွန်း (၃) ပါးမလွတ် သော အသားကို လည်းရှောင်ကြဉ်ရန်လိုအပ်ပါသည်။ မိမိကို ကျွေးဘို့၊ လက်ဆောင်ပေး ဘို့စသည်ဖြင့် မိမိအတွက်ရည်ရွယ် ပြီး သတ္တ၀ါတစ်ဦးအားသတ်ခြင်းကို (၁) မြင်ခြင်း၊ (၂) ကြားခြင်း၊ (၃) ယုံမှားသံသယရှိခြင်း အသားတို့ကိုလည်း ရှောင်ရပါမည်။ နောက်ပြီး အကုသိုလ်ကံထိုက်ရာ၌ မိမိကိုယ် တိုင် ပြုမှသာလျှင် အကုသိုလ် အကျိုးပေးသည်ဟူ၍ မမှတ်ယူ သင့်ပေ။ (၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊ (၂) သူတစ်ပါး အားစေခိုင်းခြင်း၊ (၃) သူတစ်ပါးပြုမူသည်ကို ၀မ်းမြောက်ခြင်း၊ (၄) အကျိုးကိုပြောပြခြင်းစသည့် ကံထိုက်စေသော အချက်တို့ ကိုလည်း မှတ်သား ထားရပါမည်။ သာဓကတစ်ခုပြောပြရလျှင် ဗုဒ္ဓဘုရားရှင် အလောင်းတော်ဘ၀ တံငါသည်ရွာ၌ ကလေးငယ် ဘ၀မှာ တံငါသည်တို့ ငါးခေါင်းထုသည်ကိုမြင်ရာ ၀မ်းမြောက်မိ ခဲ့သည့်အတွက် ထိုဘ၀မှ သေလွန်ပြီးနောက် ငရဲ၌ခံစားခဲ့ရ၏။ ခေါင်းကိုက် ဝေဒနာလည်း ဘ၀ပေါင်းများစွာ ခံစားခဲ့ရ၏။ နောက်ဆုံး ဘုရားဖြစ်သည့် အချိန်ထိအောင် ခေါင်းကိုက်ဝေ ဒနာကို မကြာခဏ ခံစားခဲ့ရခြင်းသည် ထိုဘ၀တုန်းက သူတစ် ပါးသတ်တာကို ၀မ်းမြောက်မိသော စေတနာကြောင့် ၀ိပါက် တော်ပြန်လည်ခံစားရခြင်းဖြစ်သည်ကို သတ္တ၀ါတို့အား ကြင်နာ သနားတော်မူသော မြတ်စွာဘုရားက ပြန်လည်၍ဟောကြား ပေးခြင်းကို သံဝေဂ ယူသင့်ပေ၏။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ပေါင်းများ စွာက စောင့်ကြိုနေ၏။ ၎င်းတို့မှာ အောက်ပါအတိုင်း (၉)မျိုးရှိ ကြ၏။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်းတွင် အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိတတ်ခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများ အသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုတိုင် အဆိပ် စသည်များ စားလျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်ကြ၏။

လင်္ကာဖြင့် မှတ်ပါလေ-
“ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့လပ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက် တတ်၊ အသတ်ခံရ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလှ၊ ပြစ်များစွသည်…ရှောင်ကအပြန် အကျိုးတည်း။”

ထိုပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအနေအားဖြင့် ဖြစ်လေရာဘ၀တိုင်း၌ရတတ်သော အဖျားအနားအပြစ် တို့ပင် ရှိသေး၏။ ထိုအပြစ်များအပြင် ငရဲ၌ကျခြင်းဟူသော ကြီးလေး သော အပြစ်များလည်းကျန်ပါသေး၏။ တစ်ခါတုန်းက အိမ်ရှင်မ တစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးရန် ဟင်းလျာမရှိ သောကြောင့် အိမ်မှာရှိသောသိုးလေးကို ချက်ပြုတ်ကျွေးမိသည့် ထိုအကုသိုလ်ကံ ကြောင့် သေသော အခါ သိုးကလေး၏ အမွေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းများ စွာကြာအောင် ငရဲ၌ခံစားခဲ့ရ၏။ ငရဲမှလွတ်သောအခါတွင် လည်း ဘ၀ပေါင်း များစွာ သူတစ်ပါး၏သတ်ခြင်းကိုခံရပြီး အကြိမ်ကြိမ်သေခဲ့ရလေ၏။

ပါဏာတိပါတ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသောအကျိုးများမှာ-
(၁) ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း၊
(၂) ရုပ်ဆင်းအင်္ဂါ စိုပြည်လှပခြင်း၊
(၃) လျင်မြန်သွက်လက်ခြင်း၊
(၄) ဘေးရန်ကို မကြောက်မရွံ့ခြင်း၊
(၅) သူတစ်ပါး၏ လက်ချက်ဖြင့် အသက်မသေရခြင်း၊
(၆) အနာရောဂါကင်းခြင်း၊
(၇) အခြွေအရံ မပျက်စီးခြင်း၊
(၈) အသက်ရှည်ခြင
်း စသောအကျိုးများကို ရရှိကြပေသည်။ လူ တစ်ယောက်ကို ကြည့်ပြီး ရှေးက ပါဏာတိပါတကံ ရှိ မရှိကို သိနိုင်၏။ ဖော်ပြပါ အကျိုးအပြစ်တို့ကို ဆင်ခြင်၍လည်း ကောင်း၊ သူတစ်ပါးတို့၏အသက်ကို ညှာတာ၍လည်းကောင်း၊ ယခုဘ၀မှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန်လည်းကောင်း ပညာရှိပုဂ္ဂိုလ်သည် သတိ၊ ပညာကို မလင့်ဟင်းစေပဲ ပါဏာတိ ပါတကံကို ကြိုးစားရှောင်ကြဉ်ကြပြီး သီလ၊ သမာဓိ၊ ပညာတို့ မိမိ၌ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။




1 comment:

Ei Swe said...

Thank you so much for detailed explaination. I will print out and read as much as i can.
I will also share to other people as mcuh as i can.