"အမေး အဖြေ(၂)"

လာရောက်ဖတ်ရှုပါတယ်ဗျာ... ကျွန်တော်လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီးတော့ ဒီက ဆရာ/မ တွေကို သင်ခန်းစာ ခဏတာနားတဲ့ အချိန်မှာ ပြောပြခြင်တယ်။ ရှင်းပြဖို့ရာက နည်းနည်းတော့ အခက်ခဲရှိတယ်... ပြောပြခြင်တာထက် ကိုယ်ကိုတိုင်က ကောင်းကောင်းမသိတာခတ်နေတယ်.:D.
ဗုဒ္ဓရဲ့ ရဟန်းတော်တွေ ပတ်သတ်ပြီးပြောပြခြင်တာ.. .ဖြစ်နိုင်ရင် အခြားဘာသာတွေမှာ မရှိမမြင်နိုင် မတွေ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတွေကို ပြောပြခြင်တာ... ကျွန်တော်တို့ အရင်တုန်းက ကြားဖူးတဲ့ အရာလေးတစ်ခုပါ..ဟုတ်မဟုတ်တော့မသိဘူး... နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့ အခါမှာ ကောင်းကင် မှာ ရဟန်းတော်တွေ ကိုတွေ့ရတဲ့ ဖြစ်စဉ်တွေ.. မကြာသေးခင်ကလို့ ပြောတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ မန္တလေးမှာ လည်း အဲဒီလို မျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ပေါ်သို့ ရဟန်းတော် ပျံတတ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ.. .အဲဒါမျိုးတွေကို ပြောပြခြင်တာ... ဘာသာရေးကို ကြွားဝါခြင်လို့တော့ မဟုတ်ပါဘူး... ဘာသာခြားလူမျိုး တွေကို ဒီလိုထူးဆန်း ဖြစ်ရပ်မျိုးတွေနဲ့ မိမိတို့ဗုဒ္ဓဘာသာမှာ အမှန်တကယ် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီလိုမျိုးတွေ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာတွေကို ပြောပြခြင်လို့ပါ... ဒီလိုထူးဆန်းဖြစ်စဉ်လေးတွေကို ဘုရားရှင် လက်ထက်ကမဟုတ်ပဲ မျက်မှောက်ခေတ်ကာလမှာပဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေရှိရင် ပြောပြပေးပါ..
.သိခြင်လို့ပါ..ကျေးဇူးတင်ပါတယ်..



မေးထားတဲ့ မေးခွန်းကိုဖတ်ပြီး ကျွန်တော်သုံးသပ် မိတာလေးတွေကို ဖြေပေးလိုက်ပါတယ်။ ကျောင်းစာတွေကို တဖက်က လုပ်နေရတဲ့ အချိန်လဲဖြစ်၊ စာအုပ်တွေ အကိုးအကားလဲ မစုံလင်တာကြောင့် ယခုမျက်မှောက်ခေတ် ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း အသေးစိတ်တော့ ကျန်တော် မရှင်းပြနိုင်ပါဘူး။ ဒါပေမယ့် မေးခွန်းကို ဦးတည်ချက်မလွဲအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားဖြေလိုက်ပါတယ် ခင်ဗျာ။
ဘာသာတရားကို ကိုယ်က ရှင်းပြချင်တာဆိုတော့ ပထမဆုံးကိုယ်တိုင် သိရှိထားအောင် လုပ်ထားရမယ်။ ကိုယ့်မှ မရှိထားရင် ဘာမှ ပြောတတ်မှာမဟုတ်ဘူး။ ဥပမာ.. သူများကို မုန့်ဖို့ ၅ ကျပ်ပေးမယ်ဆိုပါစို့.. ကိုယ့်မှာ ရှိမှ ပေးလို့ရမယ်။ သူများဆီမှာ၊ ဘဏ်တွေမှာ ရှိနေတဲ့ ပိုက်ဆံတွေက ကိုယ်ပိုင်တာမှ မဟုတ်တာ။ ဘယ်လိုပေးလို့ ရပါ့မလဲ။ ဒီသဘောလေးလိုပါ။ ဘုရားဟော ပိဋကတ်တော်တွေ၊ စာအုပ်တွေ၊ တရားတွေ များစွာ ရှိတာတော့ မှန်ပါတယ်။ ကိုယ့်မှာ ဘာတရားမှ မရှိထားရင် ဘာကိုမှ ပြောတတ်မှာ မဟုတ်ပါ။ ပေးတတ်မှာ မဟုတ်ပါ။ ကိုယ်က ပေးချင်တဲ့ သူဆိုတော့ ရှိဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကိုယ့်မှာ ရှိဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက်ကို အရင်ချသင့်ပါတယ်။ ကိုယ့်မှာ ရှိမှ သူများကိုလည်း ပေးလို့ရမှာပဲလေ။ (ကျနော်လည်း ရှိနေ၊ သိနေလွန်းလို့ မဟုတ်ပါ။ ရှိဖို့ လိုအပ်ကြောင်းကို သိစေချင်လို့ပါ)။
ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်ကြံပြီးတော့ ထူဆန်းဖြစ်ရပ်တွေ ဖြစ်တဲ့ ရဟန်းတော်တွေ အကြောင်းပြောပြချင်တဲ့ သဘောလို့ ထင်ပါတယ်။ ဒီတော့ ထူးဆန်တယ် ဆိုတဲ့ သဘောကို အရင်ရှင်းပြပါမယ်။ မိုးပေါ်ပျံနိုင်တာ၊ မြေလျှိုးနိုင်တာတွေ ဆိုတာ သမထအားကောင်းလို့ ဈာန်၊ အဘိညာဉ်တွေရရင် ဖြစ်နိုင်ကြပါတယ်။ ရဟန္တာတိုင်း ဈာန် မပျံနိုင်ဘူးဆိုတာလဲ မှတ်ထားဖို့ လိုပါမယ်။ ဈာန်ရတိုင်းလည်း ရဟန္တာ မဟုတ်ဘူးဆိုတာ သိရမယ်။ မေးခွန်းမှာပါသလို မန္တလေးမှာ ရဟန်းတော် တပါး ပျံတတ်တာကို တွေ့တယ်ဆိုတာ ကျနော်လည်း ကြားဖူးပါတယ်။ ဟိုအရင် အင်္ဂလိပ် ခေတ်က လေယာဉ်မှူးတွေလည်း ကောင်းကင်မှာ ပျံနေတဲ့ ရဟန်းတော်တွေကို မြင်ခဲ့ကြတယ် ဆိုတဲ့ အကြောင်း စာပေတွေမှ ဖတ်ခဲ့ဖူးပါတယ်။ အဲလို ပျံနေတာတွေသည် ရဟန္တာတွေလည်း ဖြစ်နိုင်ပါတယ်။ လောကီ ကျင့်စဉ်တွေကြောင့် ဈာန်တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာက ဒီလောက်နဲ့ တင်းတိမ်းဖို့ မဟုတ်ပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ သစ္စာလေးပါးတရားတွေသည် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ထူးဆန်းစွာ လုပ်ဆောင်ဖို့ ရည်ရွယ်ရင်း မဟုတ်ပါ။ ဘုရားရှင်ကိုယ်တိုင်လည်း တန်းခိုးပြတာကို ပညတ်တော်မူခဲ့ပါတယ်။ နောင်အချိန်မှာ တန်ခိုးမပြနိုင်ရင် လူတွေမကြည်ညိုစရာ ဖြစ်မယ်ဆိုတာ ကြိုတင်မြင်တဲ့ အတွက်ကြောင့် ဘုရားရှင် လက်ထက်ကတည်းက ရဟန်းတော်တွေ တန်ခိုးမပြရဆိုတာ ပညတ်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း လိုအပ်တဲ့ အချိန်မှသာ တန်ခိုးပြတော်မူပါတယ်။ ဒီအကြောင်း ဇာတ်တွေကို ကြားဖူးကြမှာပါ။ ဒီမှာ အဓိက မှတ်ရမှာက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် တန်ခိုးပြခြင်းကို တားမြစ် တယ်ဆိုတဲ့ အချက်ပါ။ ဘုရားရှင် မမွေးဖွားမီကပင် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီ အဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဒီတော့ ဈာန်တွေ၊ အဘိညာဉ်တွေဆိုတာ သာသနာပမှာလည်း ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချထားရမယ်။ ကျနော်တို့ ထေရ၀ါဒရဲ့ သာသနာသည်သာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ ဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုပါလိမ့်မယ်။ ဒါနတွေ၊ သီလတွေ၊ သမထတွေဆိုတာ အခြားဘာသာတွေမှာလည်း ရှိပါတယ်။ ၀ိဿနာ ဘာဝနာဆိုတာ ဘုရားပွင့်မှ သိခွင့်ရတာဖြစ်ပါတယ်။ ဒါသည် ၃၁ ဘုံဆိုတဲ့ တောအုပ်ထဲက လွတ်မြောက်ရာကို ပို့ဆောင်ပေးမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ သွားရမယ့်လမ်းကတော့ မဂ် (မဂ္ဂင်ရှစ်ပါး) လမ်းပေါ့။ ဒါတွေကို ဆက်ပြောဖို့က ကိုယ်တိုင် အသိအားဖြင့် ကြွယ်ဝပြည့်ထားမှ ရပါလိမ့်မယ်။ အထူးအဆန်းဖြစ်တာကို ပြောဖို့တော့ ကျနော့် အနေနဲ့ အားမပေးချင်ပါ။ အထူးအဆန်းကို ယုံရင် အရူးအနှမ်းဖြစ်တတ်တယ် ဆိုတဲ့ ဆုံးမစကားလေးကို မှတ်သားထားမိပါတယ်။ ခက်တာက ကျနော်တို့ လူမျိုးတွေကလည်း အထူးအဆန်းဆို ယုံလွယ်ကြတယ်။ ဥပမာ.. ပေါ်တော်မူ ဘုရားဆိုပြီး အရင်က လိမ်တာတွေရှိခဲ့ကြတယ်။ ဒါမျိုးတွေကို ယုံလွယ်ကြတယ်။ ဆရာတော် အရှင်ဇ၀န တရားမှာတော့ ပေါ်တော်မူဆိုတာ မှိုနဲ့ မျစ်ပဲ ရှိတယ်လို့ ဟောထားပါတယ်။
ဗုဒ္ဓရဲ့ တရားတော်တွေကို တကယ်တမ်း လိုက်နာပြီး အားထုတ်သိမြင်တဲ့ ရဟန္တာကြီးတွေသည် အထင်ကြီး လေးစားမယ်ထင်တဲ့ အလုပ်တွေကို မလုပ်တော့ပါဘူး။ မကြာခင်က ခန္ဓာဝန်ချသွားတဲ့ ရွာမွန် ဆရာတော်ကြီး ဆိုရင် ခန္ဓာဝန်မချမီ (၇) ရက်အလိုမှာ ဆန်ပြုတ်ဆွမ်းပို့နေကျ ဒကာကို ဒီကနေ့က စပြီး (၇) ရက် ကျောင်းတံခါး ပိတ်ထားလိုက်ဦးမယ်လို့ ပြောကာ ပြတင်းပေါက်ကို ပိတ်ခဲ့ပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ တံခါးကို ဖွင့်ကြည့်တော့ ပရိနိဗ္ဗာန်ပြုနေတာ တွေ့ရပါတယ်။ တွေးကြည့်လိုက်ပါ။ ကြည်ညိုစရာ အတုယူစရာပါပဲ။
မင်းကွန်းဆရာတော်ကြီးကို လူတိုင်း သိကြမှာပါ။ ရန်ကုန်မှာ ရွှေဥမင် ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာ တော်ကြီး ဆွမ်းစားတခုမှာ ဆုံပါတယ်။ မင်းကွန်းဆရာတော်ကြီးက ဆေးလိပ်ကိုင်ပြီး မီးညှိမယ် ဟန်ပြင်တဲ့ အခါမှာ ရွှေဥမင် ဆရာတော်ကြီးက မီးခြစ်ကိုဦးစွာယူပြီးတော့ မီးညှိပေးဖို့ ပြင်ပါတယ်။ ဒီတော့ မင်းကွန်း ဆရာတော်ကြီး အရှင်ဘုရား ညှိပေးတဲ့ ဆေးလိပ်မီးနဲ့တော့ ဆေးလိပ်မသောက်ဝံ့ပါ ဘုရားဆိုပြီး ဆေးလိပ်ကို ပြန်ချခဲ့ပါတယ်။ ရွှေဥမင် ဆရာတော်ကြီးဆိုတာ ရဟန္တာလို့ မှတ်သားခဲ့ရပါတယ်။
ဝေဘူဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ မဟာစည် ဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စတဲ့ ဆရာတော် ဘုရားကြီးတွေသည် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေ ကို လက်တွေ့ ကျင့်ကြံအားထုတ်ပြီး (တချို့) ခန္ဓာဇာတ် သိမ်းခဲ့တဲ့ ဆရာတော်ကြီးတွေပါ။ ဒီဆရာတော်ကြီး တွေရဲ့ အကျင့်တွေမှာ ထူးဆန်းစွာနဲ့ လူတွေကို ပြသခဲ့တာ၊ မြင်စေခဲ့တာမျိုးကို လေ့လာ မတွေ့ရှိခဲ့ပါဘူး။
ဒီအကျင့်တွေ အသိတွေဆိုတာ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ချင်းတောင် လူတိုင်းကို ပြောလို့ မရပါဘူး။ နိမ်ပြောတဲ့ သဘောမဟုတ်ပါဘူး ခင်ဗျာ။ တချို့က ပုတီးစိပ်၊ ဘုရားသွားတာလောက်ပဲ အဟုတ်ထင် နေကြတာကို။ သစ္စာတရား ၀ိပဿနာတရားတွေဆိုရင် နာခံချင်တဲ့သူက နည်းပါတယ်။ ဒီတော့ အခြားဘာသာဝင် ဆိုတာက ပိုဆိုးမယ်ထင်တယ်။
အကြံပြုချင်တာက.. ထူးဆန်းတာတွေ ပြောတာထက် ကံ ကံ၏ အကျိုးအကြောင်းကို အရင်ပြောကြည့်ပါ။ ဒါကိုလက်ခံ ယုံကြည့်တယ်ဆိုရင်တော့ ဆက်ပြောကြည့်ပေါ့။ ဒါက ဗုဒ္ဓဘာသာရဲ့ အခြေခံပဲလေ။ ဘာသာ စကားတော့ အခက်ခဲ ဖြစ်မယ်ထင်တယ်။ ကျနော်တို့လည်း ပြောကြည့်ပါတယ်။ သူတို့က သံဃာတော်တွေ ဆွမ်းခံထွက်တာကို တောင်းတယ်လို့ပဲ ထင်နေတာပါ။ အရင်ဆုံး ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့ အကြောင်းကို ယုံကြည်ပြီ ဆိုမှ သီလစောင့်ထိန်းတာတွေ ဆက်ပြောသင့်တယ်။ နောက်မှ အခြားဘာသာတွေမှာ မရှိသေးတဲ့ သစ္စာတရား တွေကို ပြောပြတာ သင့်တော်မယ်လို့ တွေးမိပါတယ်။ ဥပမာ ဆောင်ပြောရရင်.. နံရံကို လက်သီးနဲ့ ထိုးရင် ကိုယ့်လက်သီးလဲ နာရမှာပဲ။ အထိုးခံရတဲ့ အရာဝတ္ထုက ချွန်ထက်ရင် ပိုပြီးနာကျင်မယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှု ရှိတယ်ဆိုတဲ့ နိယာမ အရ ပြောကြည့်ပါ။
တရားတော်ကို ဆောင်ယူကျင့်သုံးလို့ ရောဂါပျောက်ရတာတွေ၊ အန္တရာကင်းတာတွေ ကတော့ အများအပြား ရှိတာပေါ့။ သမထတွေ လုပ်လို့ သမာဓိအားကောင်းရင် ဈာန်၊ အဘိညာဉ်တွေရပြီး မိုးပျံ နိုင်တာတွေလည်း ရှိကြတာ အမှန်ပါ။ အခြားဘာသာကို ပြောမှာ ဖြစ်တဲ့ အတွက် သူတို့ စိတ်မှာ ဒီလို အထူးဆန်းဖြစ်ရုံပဲဆိုတဲ့ အသိဝင်မှာ စိုးရိမ်တဲ့ အတွက် ဒါတွေကို အလေးပေးပြီး မပြောဖို့ အကြံပြုတာပါ ခင်ဗျာ။ ကျနော်တို့ တရားဓမ္မတွေက ဒီထက်များစွာ တန်းဖိုးထိုက်တန်သော အတွက်ကြောင့်ပါ။ ဒီလောက်ဆိုရင် ကျနော့် ပြောချင်တဲ့ သဘောကို နားလည်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

ကျနော် ရေးတဲ့ အထဲမှာ မရှင်းတာ ပါခဲ့ရင် မေးပါ။
စိတ်ချမ်းသာပါစေ…
အောင်ဦး


4 comments:

The Bliss Of Emancipation said...

ကိုအောင်ဦးရေ
အမေးအဖြေတွေအားလုံးကို ဖတ်သွားပါတယ်။ ကျေနပ်လောက်စရာကောင်းတဲ့ အဖြေတွေကြီးပါဘဲခင်ဗျာ။
ဒါပေမဲ့ ရှင်သာရိပုတ္တရာက လူသတ်သမားကို တရားဟောတဲ့ နေရာမှာ “ဘုရင်က ခိုင်းလို့ သတ်ရတာပါလို့ ပြောတော့ ဒါဆို လူသတ်သမားမှာ အပြစ် မရှိဘူးလို့ ပြောပြီး တရားဟောလိုက်တာ သောတပန် ဖြစ်သွားတယ်။” လို့ ရေးထားတာလေးကို နည်းနည်းလောက်ပြောချင်ပါတယ်။ ကျွန်တော်တစ်နေရာမှာ ဖတ်ဖူးတာကတော့ ရှင်သာရိပုတ္တရာက တိုက်ရိုက်အပြစ်မရှိဘူးလို့ မပြောဘူးလို့ ဆိုပါတယ်။ ဘယ်သူကသတ်ခိုင်းတာလဲလို့ မေးတဲ့အချိန်မှာ ဘုရင်ကသတ်ခိုင်းလို့ သတ်တာပါလို့ ပြန်ဖြေရင်း လူသတ်သမားက ဒါဆိုရင် ငါ့မှာ အပြစ်မရှိဘူးလို့  သူ့ ဖာသာစဉ်းစားမိတာလို့ ဆိုထားပါတယ်။ အရှင်မြတ်ကြီးက တရားထဲစိတ်မရောက်နိုင်ဖြစ်နေတဲ့ လူသတ်သမားကို ပရိယာယ်သုံးပြီး တရားဟောတယ်လို့ မှတ်သားမိဖူးပါတယ်။ ကျွန်တော်က ဘာသာရေးဘက်မှာ လေ့လာနေဆဲသူများ တစ်မျိုးတမည် မှားယွင်းအဓိပါယ်ကောက်သွားမှာကို စိုးရိမ်မိလို့ ပါခင်ဗျား။ ကျွန်တော်အခုလိုပြောတာကို စိတ်မရှိပါနှင့်လို့ တောင်းပန်ချင်ပါတယ် ကိုအောင်ဦးခင်ဗျား။

နိုင်ကို said...

ဟုတ်ကဲ့ အခုလို အများကြီးရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်...ကျွန်တော်က ဗုဒ္ဓဘာသာ နဲ့ ပတ်သတ်ပြီးတော့ ဘာသာခြားတစ်ယောက်ကို ပြောပြတဲ့အခါမှာ ဗုဒ္ဓဘာသာ ဟာ မှန်ကန်စွာနဲ့ ကျင့်ကြံအားထုတ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ လက်တွေ့ရရှိတယ်ဆိုတာတွေကိုပါ ပြောပြခြင်တာပါ...အထူးဆန်းတွေနဲ့ နှိုင်းယှဉ်ပြောပြခြင်တာကလည်း ပိုပြီးတော့ ဗုဒ္ဓဘာသာ ကိုစိတ်ဝင်စားလာအောင်နဲ့ အယူအဆမှန်ကန်တဲ့ ဘာသာတစ်ခုလို့ သိစေခြင်တာပါ သူတို့ကို...ဒီလိုအထူးဆန်းတွေနဲ့ ဘာသာရေးကို စည်းရုံးတာလည်းမဟုတ်ပါဘူး...အခြားဘာသာတွေနဲ့ မိမိတို့ ဗုဒ္ဓဘာသာ ကိုနှိုင်းယှဉ်ပြီးတော့ ပြောပြတဲ့အခါမှာ လက်တွေ့သဘာဝကျတဲ့ အရာလေးတွေနဲ့ ပြောခြင်တာပါ...တို့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ကို ကိုးကွယ်တယ်ဆိုတာ လမ်းညွန်ရှင်အဖြစ် ကိုးကွယ်တာဖြစ်တယ်။ကယ်တင်ရှင်အဖြစ် ကိုးကွယ်တာ မဟုတ်ဘူး ဆိုတာတွေကိုပါပြောပြခြင်တယ်...ဘာပဲဖြစ်ဖြစ် ကိုအောင်ဦးပြောသလိုပါပဲ ပထမဦးဆုံးမှာ ကံ ကံ၏ အကျိုး နဲ့ပတ်သတ်ပြီးတော့ အခြေခံလေးတွေကနေပြီးတော့ ဆက်လက်ပြောကြည့်ပါမယ်...နောက်မှ တစ်ဆင့်ခြင်း အချိန်ရသလို ပြောပြကြည့်ပါမယ်....နောက်မှ သိခြင်တာလေးတွေကို မေးပါ့မယ်...အခုလို အချိန်များစွာကြီးပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ကိုအောင်ဦး....

Anonymous said...

ကိုအောင်ဦးရေ အမေးအဖြေလေးတွေဖတ်သွားတယ် ကျွန်မတော့ အရမ်းမသိတော့ ၀င်မဆွေးနွေးတတ်ဘူး. ဖတ်ပြီးမှတ်သွားပါတယ်နော်.

Dream said...

ဆွေးနွေးခန်းလေးက အင်မတန် တန်ဖိုး ရှိတယ်ဗျာ.။..
ဟုတ်ပါတယ်.. ဦးအောင်ဦးပြောသလိုပါပဲ.. မက်မက်တို့
မြတ်စွာဘုရားက သစ္စာလေးပါး မြတ်တရားကို သာ တိုက်ကျွေးသွားပါတယ်...

အင်မတန် တန်ဖိုးရှိတဲ့ အမေးအဖြေလေးတွေပါ။။ မသိသေးတာတွေ သိခွင့်ရလို့ကျေးဇူးပါ...

စိတ်၏ချမ်းသားခြင်းနဲ့ ပြည့်စုံပါစေ...