အနတ္တလက္ခဏသုတ် ဒေသနာတော်၊

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ သစ္စာလေးပါးကို ပိုင်းခြားထင်ထင်သိမြင်ပြီး သဗ္ဗညုတဉာဏ်ပိုင်ရှင် အဖြစ်သို့ရောက် ရှိတော်မူခဲ့ပါတယ်။ ထို့နှစ်ဝါဆိုလပြည့် (စနေနေ့)တွင် ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဆိုတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို ဟောကြားတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်


သို့ရောက်ပြီးနောက် အဦးဆုံး(အရင်ဆုံး) ဟောကြားခဲ့တဲ့တရားတော်ဟာ ဓမ္မစက္ကပ၀တ္တနသုတ်တော် ဖြစ်ပါတယ်။ ဒါကြောင့်တရားဦး “ဓမ္မစကြာ” လို့ခေါ်ဝေါ်ခဲ့ပါတယ်။
ဝါဆိုလပြည့်နေ့ဟာ ဘုရားရှင်နဲ့ ပတ်သတ်ပြီး ထူးမြတ်တဲ့ အကြောင်းအရာ (၃)မျိုး တိုက်ဆိုင်ကြုံကြိုက်နေတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့ ရှေးပညာရှင် တို့၏ လင်္ကာအရ…

(၁) ဘုရားလောင်း သေတကေတု နတ်သားဟာ စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာဟာဒေ၀ီ၏၀မ်းမှာ ပဋိသန္ဓေတည်နေတော်မူခဲ့ပါတယ်။

(၂) ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး သံဝေဂရကာ မဟာသက္ကရာဇ်(၉၇)ခုနှစ်၊ ၀ါ ဆိုလပြည့်၊ တနလာင်္နေ့မှာ တောထွက်တော်မူခဲ့ပါတယ်။

(၃) ဘုရားအဖြစ်သို့ရောက်တော်မူပြီး မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့မှာ တရားဦးဓမ္မစက္ကပ၀တ္တနသုတ်တော်ကို ဖွင့်ထုတ်ဟောကြားတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ အနတ္တလက္ခဏသုတ်ကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်ကျော်(၅)ရက်နေ့၊ မိဂဒါဝုန်တောမှာ ဟောကြားခဲ့ပါတယ်။ ၀ါဆိုလပြည့် ကျော်(၄)ရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး သောတာပန် အဖြစ်ရောက်ရှိခဲ့ပါတယ်။ ထို့သို့ သောတပန် အဖြစ်သို့ရောက်ရှိပြီး ဉာဏ်ရည်ပြည့်ဝ၍ ခက်ခဲနက်နဲတဲ့ တရားကိုနာယူရန် အသင့်ဖြစ်ပြီလို့ ဘုရားရှင် သိမြင်တော်မူတဲ့အတွက် ၀ါဆိုလပြည့်ကျော်(၅) ရက်နေ့အရောက်မှာ ပဉ္စ၀ဂ္ဂီငါးပါးလုံးစုရုံးစေပြီး အနတ္တလက္ခဏသုတ်ကို ဟောကြားတော်မူရခြင်းဖြစ်ပါတယ်။ “အနတ္တလက္ခဏ” ဆိုတဲ့ စကားကို “အနတ္တ” နဲ့ “လက္ခဏာ” လို့ ၂ ပုဒ်ခွဲပြီးကြည့်ရပါမယ်။ “အနတ္တ” ပုဒ်ရဲ့လွယ်လွယ် အနက် အဓိပ္ပာယ်က “အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ် ငါမရှိ” လို့ဖြစ်ပါတယ်။ လက္ခဏ (လက္ခဏာ) ဆိုတာက မှတ်သားကြောင်းဖြစ်ပါတယ်။ ဒါကြောင့် “အနတ္တလက္ခဏ” ဆိုတာ“အတ္တ မဟုတ်၊ အတ္တ မရှိ၊ ငါမဟုတ်၊ ငါမရှိဟု မှတ်သားကြောင်းလက္ခဏာ” လို့ အဓိပ္ပာယ်ရပါတယ်။
အနတ္တလက္ခဏသုတ်ကို အနှစ်ချုပ်ပြီးကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

(၁) ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါ၊ ၀ိညာဉ် ဆိုတဲ့ ခန္ဓာငါးပါးတို့ရဲ့ အနတ္တဖြစ်ပုံ။

(၂) ခန္ဓာငါးပါးကို “ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်လို့ ဟုတ်တိုင်းမှန်စွာ ၀ိပဿနာပညာ၊ မဂ်ပညာနဲ့ ရှုကြည့်အပ်သိမြင်အပ်ပုံ။

(၃) ထိုသို့ကြည့်ရှုကြည့်ခြင်း၊ သိမြင်ခြင်းကြောင့် ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြစ်ပေါ်လာပုံ။

(၄) အနတ္တလက္ခဏသုတ်ဒေသနာတော်ကို နာကြားရခြင်းကြောင့် ပဉ္စ၀ဂ္ဂီငါးဦးတို့ အာသဝေါတရားကင်းကွာ ရဟန္တာဖြစ်သွားကြပုံ တို့ဖြစ်ပါတယ်။

ဘုရားရှင်က “ရဟန်းတို့…ရုပ်ဟာ အတ္တမဟုတ်ဘူး၊ ရုပ်ဟာတကယ်လို့ အတ္တဖြစ်ခဲ့ရင် နာကျင်ခြင်းဆိုတာ မဖြစ်ရဘူး။ ငါ့ရဲ့ရုပ်ဟာ ဒီလိုဖြစ်ပါစေ၊ ဒီလိုမဖြစ် ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း ရကောင်းရပါတယ်။ အခုတော့ရုပ်ဟာ အတ္တမဟုတ်တဲ့အတွက် နာကျင်ခြင်းဖြစ်ပါတယ်။ ငါ့ရဲ့ရုပ်ဟာဒီလိုဖြစ်ပါစေ၊ ဒီလိုမဖြစ်ပါစေနဲ့လို့ ရုပ်အပေါ်မှာ တောင့်တမှုကိုလည်း မရပါဘူး။” ဟုဟောတော်မူခဲ့ပါ တယ်။
အနတ္တလက္ခဏသုတ်ဟာ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို သာမန်ပုထုစဉ်များနဲ့ ထူးခြားအောင် ခွဲခြားပေးလိုက်တဲ့ သုတ်တော်ဖြစ်ပါတယ်။ မြတ်စွာဘုရားသာသနာတော်မှာ မြတ်စွာဘုရားပြီးရင် လူသားများထဲက ပထမဆုံး ထူးထူးခြားခြား ရဟန္တာဖြစ်သွား သူများကို ညွှန်ပြပါဆိုရင် ပဉ္စ၀ဂ္ဂီငါးဦး တို့ကို ညွှန်ပြရမှာဖြစ်ပါတယ်။…။

• ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာတို့၊ ဖြစ်လာသမျှ၊ ကုန်ပျက်ရ အနိစ္စချည်းပါတကား။

• ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကို၊ တရံမစဲ၊ အမြဲခံရ၊ သဘာဝ၊ ဒုက္ခချည်းတကား။

• ကိုယ့်အလိုမလိုက်၊ ကိုယ်ကြိုက်မဖြစ်၊ အနှစ်သာရ၊ ရှာမရ၊ အနတ္တချည်းပါတကား။




“ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ဦးခေါင်းညွတ်ကျိုးလက်စုံမိုး၍၊ ရှိခိုးကန် တော့ လိုက်ပါ၏ အရှင်ဘုရား..”


အရှင်မုနိန္ဒာဘိဝံသ ရေးသားသော “မြတ်ဗုဒ္ဓ၏ တရားဦးနှင့်တရားထူး” စာအုပ်ကို မှီငြမ်းရေးသားလိုက်ရပါသည်။




ပဋ္ဌာန်းဒေသနာတော်၊

အခါအားလျော်စွာ တရားနာကြားခြင်းသည်
ကောင်းမြတ်သော မင်္ဂလာတရားဖြစ်၏။

ပဋ္ဌာန်းဒေသနာတော်...

မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုမြတ်စွာဘုရားအဖြစ် ရောက်ရှိခဲ့ပြီးနောက် သတ္တဌာန စံတော်မူရာ နယုန်လဆန်း ၇-ရက်နေ့မှ ၁၃ ရက်နေ့ထိတွင် ဗောဓိပင်နှင့် ရွှေပလ္လင်၏ အနောက် မြောက်အရပ်၌ နတ်တို့ဖန်ဆင်း လှူဒါန်းအပ်သော ရတနာရွှေအိမ် (ရတနာဃရ) တွင် သီတင်းသုံးတော်မူပြီး အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူသည်။


မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါ ကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟော တော်မူသည်။

အကျယ်နည်း


မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစအဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလ လောက်ဟောမှကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့်အဘိဓမ္မာအကျယ်နည်း (၀ိတ္ထာရနယ)ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။


အကျဉ်းနည်း


မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း၊ ရေချိုး၊ သန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော် မူသည်။ ထိုစန္ဒကူး တောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း (သင်္ခေပနယ) ကို ဟောတော်မူသည်။


မကျဉ်းမကျယ်နည်း


ရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့်ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ)ဖြင့် ပြန်လည်ပို့ချတော်မူသည်။ နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြုတော်မူခဲ့သည်။
ဤသို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။ ပဋ္ဌာန်း ကျမ်းကြီးကို ဟောကြားတော်မူရာ၌ ဥဒ္ဒေသ (အကျဉ်း)၊ နိဒ္ဒေသ (အကျယ်)၊ ပဋိနိဒ္ဒေသ(ထပ်ဆင့်အကျယ်)တို့ဖြင့် အဆင့်ဆင့်ဟောကြားတော်မူသည်။



ဘုရားရှင် ရဲ့ အဘိဓမ္မာ တရားကို ၀ါတွင်း ( ၃ ) လ မှာ -


၁။ ဓမ္မသင်္ဂဏီကျမ်းကို ( ၁၂ ) ရက်၊


၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်၊


၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်၊


၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်၊


၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်၊


၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်၊


၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။ (ရက်အများဆုံးဟောတာပါ။)




ပဋ္ဌာန်း = ပ + ဌာန


ပ = အမျိုးမျိုးအစားစား များပြားသော၊


ဌာန = အကြောင်းအရာများ၊


(ဒီနေရာမှာ စာလုံးပေါင်းမူကွဲနေတာ သတိထားမိပါတယ်။ ဋ္ဌ နဲ့ ဌ ဖြစ်ပါတယ်။ စာအုပ် တော်တော်များများမှာ ပဋ္ဌာန်း ကို ဋ္ဌ နဲ့ ဖော်ပြပြီးတော့ ဌာန လို့ ပြန်ခွဲတာ ကိုတော့ ဌ နဲ့ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီတော့ ပဋ္ဌာန်း ဆိုတာ အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများကို လေ့လာဟောကြားတဲ့တရားတော်ဖြစ်ပါတယ်။
လောကကြီးမှာ ပညတ်သဘောအရ သတ္တလောက၊ သြကာသ လောက၊ သင်္ခါရလောက ရယ်လို့ (၃)မျိုးရှိပါမယ်။ ဒီလောကတွေကို ပရမတ်အားဖြင့် ခွဲစိတ်ရင်တော့ ရုပ် နဲ့ နာမ် (၂) ပါးပဲ ရှိပါမယ်။ ဒီအထဲမှာမှ အကြမ်းအားဖြင့် နာမ် ကို ထပ်ခွဲတော့ စိတ် နဲ့စေတသိတ် (၂) မျိုးထပ်ရှိမယ်။ ဒီတော့ သက်ရှိမှန်သမျှမှာ ရုပ်နဲ့ နာမ် (တနည်း) ရုပ်၊ စိတ်၊ စေတသိတ် တို့ ရှိနေပြီး၊ သက်မဲ့မှာတော့ ရုပ်သာလျှင် ရှိပါမယ်။ လောကကြီးမှာရှိတဲ့ နိယာမတရား (၅) ပါးနဲ့ ထိတွေ့တဲ့ အခါ အချို့သော သက်မဲ့များဟာ သက်ရှိအလား ထင်မှတ်မှားရပါတယ်။ မွေးဖွားတယ်၊ ကြီးရင့်တယ်၊ အိုဟောင်းလာတယ်၊ မျိုးပွားတယ်၊ သေကြေပျက်စီးတယ် သဘောတွေ တူနေကြ လို့ သက်မဲ့ကို သက်ရှိအဖြစ် အယူမှားတာတွေ ရှိခဲ့၊ ရှိနေကြတယ်။ အထင်ရှားဆုံးကတော့ သစ်ပင်တွေပါ။



ပဋ္ဌာန်းကို(၃)မျိုးခွဲလေ့လာကြပါတယ်။


(၁) အမျိုးမျိုးအစားစား များပြားသော အကြောင်းတရားများ၊


(၂) ကုသိုလ်တရား ၊ အကုသိုလ်တရားများ ကိုဖန်တီးခြင်း၊


(၃) ကုသိုလ်တရား ၊ အကုသိုလ်တရားများမှ နောက်ဆက်တွဲ ဖြစ်စဉ်များ ဖန်တီးခြင်း ။



အကြောင်းတရားပေါင်းများစွာထဲက အထင်ရှားဆုံး ရွေးထုတ်တဲ့အခါ (၂၄)ပါးထွက် လာပါတယ်။ အခြားသော အကြောင်းတရားများကိုပါပေါင်းရင် အများကြီး ရှိပါသေး တယ်။ ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ သဗ္ဗညုတဥာဏ်တော်နဲ့သာ ပြီးပြည့်စုံ အောင် သိနိုင်ပါမယ်။



ဒီတော့ လေးနက်ကျယ်ပြန့်မှု အရ ပဋ္ဌာန်းကျမ်းကို(၃)မျိုးခွဲကြပါတယ် ။


(၁) အတိဝိတ္ထာရ ဒေသနာ၊


(၂) အတိသင်္ခေပ ဒေသနာ၊


(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ဆိုပြီး ခွဲပါတယ်။




(၁) အတိဝိတ္ထာရ ဒေသနာ ဆိုတာက ကျယ်ပြန့်လွန်းတယ်၊ မြတ်စွာဘုရား တာဝတိ သာမှာ ဟောတဲ့ အပြည့်အစုံပဋ္ဌာန်း ဖြစ်တယ်။



(၂) အတိသင်္ခေပဒေသနာ ဆိုတာ အလွန်ကျဉ်းတဲ့ဒေသနာ နတ်ပြည်မှာ အသံမစဲ တရား ဟောနေရာကနေ နိမ္မိတရုပ်ပွားတော်ကို တရားဆက်ဟောနေစေပြီး လူသား စစ်စစ်ဘုရားရှင် ခန္ဒာဝန်ဆောင်ဖို့ လူပြည်ကိုဆင်းပြီး ၀တ်ပြုတဲ့ အရှင်သာရိပုတ္တရာ ကိုဟောတဲ့ ဒေသနာတော် ဖြစ်ပါတယ်။



(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ ကတော့ မကျဉ်းလွန်း၊ မကျယ်လွန်း သော တရားတော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကတော့ အရှင်သာရိပုတ္တရာက မိမိတ ပည့်ရဟန်း (၅၀၀)ကို့ပြန်ဟောတဲ့ တရားဖြစ်ပါတယ်။ လက်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာ မှာ သင်ကြားဟောပြောနေတဲ့ ပဋ္ဌာန်းဟာ အရှင်သာရိပုတ္တရာက ပြန်ဟောတဲ့ မကျဉ်းလွန်း၊ မကျယ် လွန်းသော ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။



အမျိုးစား (၃)မျိုးအားဖြင့် ခွဲခြားပြောကြပါတယ်။


ပစ္စယုဒ္ဒေသ = ပစ္စယ + ဥဒေသ = ပစ္စည်း + အကျဉ်း ဝေဖန်ခြင်း၊


ပစ္စယနိဒ္ဒေသ = ပစ္စယ + နိဒ္ဒေသ = ပစ္စည်း + အကျယ် ဝေဖန်ခြင်း၊


ပရိ နိဒ္ဒေသ = ပဋ္ဌာန်းကို အကျယ် ဝေဖန်ခြင်း။



ပဋ္ဌာန်းဒေသနာတော် ကိုနာကြားပြီးချိန်မှာတော့ နတ်၊ ဗြဟ္မာ၊ ကုဋေ (၈၀၀၀၀) ကျွတ်တမ်းဝင်၊ လူပြည်က ရဟန်း ၅၀၀ - ရဟန္တာ ဖြစ်တယ်လို့ဆိုပါတယ်။ အခြား သာဓကတွေနဲ့ ပဋ္ဌာန်းဘာလို့ တန်ခိုးကြီးရကြောင်းကိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အခြေပြုပဋ္ဌာန်းစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ ရွတ်ဆိုခြင်းမှာတော့ အသံကို အများနဲ့ဆိုရင်လဲ အားလုံး ညီ အောင်၊ ပီ အောင်၊ ကြည်အောင် ရွတ်ဆိုမှ အကျိုးပိုများမယ် လို့ ဆိုပါတယ်။ ဆရာတော်အရှင်ဇနကာဘိဝံသ နဲ့ အရှင်ဆေကိန္ဒတို့ ပဋ္ဌာန်းကို ရှင်းလင်းဟောကြားထားတာ စာအုပ်နဲ့ တရားတော်တွေရှိတယ်၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၊ ဒေါက်တာမင်းတင်မွန် တို့ရဲ့တရားတွေလည်း ရှိပါတယ်။



အသိပေးမှု...၊

ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာနှင့်အနတ္တလက္ခဏာသုတ်တရားတော်များ၊ ကို အ နက်အဓိပ္ပာယ် နှင့်တကွပူဇော်နိုင်ပါရန် တင်ပေးလိုက်ပါတယ်။ ဓမ္မစကြာ နှင့် အနတ္တလက္ခာသုတ် တရားတော်များ ကိုစာအုပ်တွင် ဖတ်ကြည့်ပါက အသေးစိတ်ပို မို သိရှိနိုင်ပါတယ်။ ကူးယူကြပါရန်။

ပရိတ်ကြီး(၁၁)သုတ်၊ ဓမ္မစကြာနှင့်အနတ္တလက္ခဏာသုတ်တရားတော်များ၊

စာဖတ်သူများ ပရိတ်တရားတော်၊ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏာသုတ် တရားတော်များ ကြည်ညိုပူဇော်နိုင်ရန်တင်ပြခဲ့ပါတယ်။ ဖွင့်ပြီးပူဇော်ပါက ပြီးဆုံးအောင် နာကြားကြပါရန် အသိပေးအပ်ပါတယ်။ နတ်များပင့်ဆောင်၍ ရွတ်ဖတ်တာဖြစ်ခြင်းကြောင့် နတ်ပို့ပြီးသည်အထိဖွင့်ပြီး နာကြားကြပါရန် ဖြစ်ပါတယ်။

ပညာဓိကဗုဒ္ဓဘာသာ...

ပညာဓိကဗုဒ္ဓဘာသာဆိုသည်မှာ ပညာဉာဏ်နှင့်ယှဉ်တွဲ၍ကိုးကွယ်သော ဗုဒ္ဓဘာ သာဖြစ်ပါတယ်။ အတက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်။ ကျွန်တော်တို့ဘုရားသည် ဉာဏ်ပညာကို အဓိကအားထား၍ ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ကျင့်ခဲ့ရပါတယ်။ ဘုရားရှင်ကလည်း “ဉာဏ်သာလျှင် အမိဉာဏ်သာလျှင်အဖ” ဟုဟောကြားတော်မူခဲ့ပါတယ်။ ပညာဆိုသည်မှာ မိမိပြု


လုပ်သော အလုပ်တစ်ခုသည် မှား၊ မှန်ခွဲခြားကာ အမှန်ကိုပြုလုပ်နိုင်စွမ်းရှိသော ဉာဏ်ကိုခေါ်ရပါမည်။ လူဘ၀ရောက်လာလို့မှ မိမိက အဓိကနှင့် အဓိကမဟုတ်တာကို မခွဲခြားတတ်ပါက လူဖြစ်ကျိုးနပ်မည်မဟုတ်ပါ။ အရေးမကြီးတာကို အရေးတကြီးမလုပ်မိဖို့က အရေးကြီးပါတယ်။ ရှေ့ကရေးခဲ့သော အောက်တန်းစားဗုဒ္ဓ ဘာသာဝင်များနှင့် သဒ္ဓါဓိက ဗုဒ္ဓဘာသာဝင်တို့မှာ မိမိကိုယ်တိုင် ဘာဖြစ်လို့ဖြစ် နေမှန်းကိုပင် သိကြမှာမဟုတ်ပါဘူး။ ဉာဏ်ကို ခွဲခြားလိုက်မည်ဆိုပါက သာသနာတွင်း ဉာဏ်နှင့်သာသာနာပဉာဏ် ဟုခွဲခြားသိရပါမယ်။ သာသနာပဉာဏ်ဆို သည်မှာ ကမ္မဿကတဉာဏ်(ကံနှင့် ကံ၏အကျိုးပေးကိုယုံကြည်သောဉာဏ်)၊ သာသနာတွင်း ဉာဏ်ဆိုသည်မှာသစ္စာနုလောမိကဉာဏ်(သစ္စာလေးပါးကို ပိုင်းခြားထင်ထင် သိမြင်သောဉာဏ်) ဖြစ်ပါတယ်။ သာသနာဆိုသည်မှာ ဘုရားရှင်က ခန္ဓာဉာဏ် ရောက်ကြဖို့၊ နိဗ္ဗာန် ရောက်နိုင်ကြဖို့၊ သစ္စာသိဖို့၊ ယဉ်ကျေးကြဖို့၊ လိမ္မာကြဖို့ဆုံးမ ဟောကြားခဲ့တဲ့ အဆုံးအမ တရားဟူသမျှကို ခေါ်ပါတယ်။ ဘုရားရှင်၏ အဆုံးအမတွေကို ရင်ထဲမှာကိန်းနေပြီးတော့ လောကဓံတရားတွေနဲ့ တွေ့ကြုံလာတဲ့အချိန်မှာ ဆင်ခြင်နိုင်အောင်ကြိုးစားတယ်၊ သိအောင်ကြိုးစားတယ်၊ သိပြီးရင်လည်း လက်တွေ့ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်သည် သာသနာတွင်း တရားကိန်းတယ်လို့ပြောရပါမယ်။ ဘုရားရှင်တော်ပေါ်လာမှသာ သစ္စာတရားတွေက သိခွင့်ရတာပါ။ သာမာန် ဒါန၊ သီလ၊ သမထ အလုပ်တွေက ဘုရားမပွင့်လည်း ပြုလုပ်ကြပါတယ်။ ဘုရားလောင်း ဝေသံသရာမင်းသည် ဆင်ဖြူတော်ကို လှူဒါန်းတော်မူခဲ့ပါတယ်။ အဲဒီအချိန်က သာသနာပကာလ ဖြစ်ပါတယ်။ ဘယ်သူကမှ လှူဖို့တိုက်တွန်းတာလည်း မဟုတ်ပါဘူး။ သားနဲ့သမီးကို ကျွန်အဖြစ်ခိုင်းဖို့ အလှူခံတော့လည်း လှူဒါန်းခဲ့ပါတယ်။ ထို့ကြောင့် ဘုရားမပွင့်သော်လည်း ရှိနေတဲ့တရားဖြစ်သောကြောင့် သာသနာပတရား ဖြစ်ပါတယ်။ ဒါန၊ သီလ၊ သမထ အလုပ်တွေကို ဘာသာဝင်တိုင်းလုပ်ကြပါတယ်။ ဆေးရုံတွေ၊ မျက်မမြင်ကျောင်းတွေ ဆိုလည်း ခရစ်ယာန်တွေ စလုပ်ခဲ့တာတွေပါ။ သူတို့ လုပ်နေတာတွေက သစ္စာသိပြီးလုပ်တာလည်းမဟုတ်ပါဘူး။ အကျိုးအကြောင်း နာလည်း၍ ခန္ဓာဉာဏ်ရောက် ဆင်ခြင်ပြီးလုပ်တာလည်း မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှသာ ထိုတရားတွေကို သိရတာပါ။ ထို့ကြောင့် မိမိကဒါနတွေလုပ် နေသော်လည်း ဘာမှမသိပါက အခြားဘာသာတွေနှင့် အလားတူပင်ဖြစ်နေပါမယ်။ ဘုရားရှင်က သစ္စာတရားကိုသိခဲ့ပြီး သတ္တ၀ါတွေကိုလည်း သစ္စာသိပြီး လုပ်သောအ လုပ်၊ ကျင့်သောတရား များဖြစ်ရန်ဟောကြားခဲ့ပါတယ်။ အတိတ်တုန်းက မိမိတို့က ဘာမှမသိဘဲလုပ်ပြုလုပ်ခဲ့ကြလို့ သံသရာလည်နေရတာပါ။ မသိတာက (အ၀ိဇ္ဇာ)၊ မသိတော့ဘုံ၊ ဘ၀တွေလိုချင်ပြီး ဆုတောင်းခဲ့တာက(တဏှာ)၊ ငါ့အလှူ၊ ငါလုပ် တာလို့ စွဲတာက(ဒိဋ္ဌိ)၊ ဒါတွေကြောင့် လက်ရှိခန္ဓာကြီးရနေရတာပါ။ အကြောင်းရင်းကိုကြည့်ရင် သစ္စာမသိ၊ ဉာဏ်မရှိဘဲလုပ်ခဲ့တာကြောင့်ပါ။ ဒီတရားတွေကလည်း ဘုရားရှင်ပွင့်မှ သိရတာပါ။

“ဘုရားရှင်တော် မပွင့်ပေါ်လျှင်၊

လူတော်အများ၊ စိတ်ကောင်းထားလည်း၊

ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊

ထိုထိုဘုံဘ၀ မသိရ၊

များလှအပြစ်တွေ”…၊


အများအားဖြင့် သိနေတာက သူများအသက်သတ်မှ၊ သူတပါးပစ္စည်းခိုးမှ၊ သူတပါးအိမ်ယာကို ပြစ်မှားမှ၊ လိမ်ညာနေမှ၊ မူးရစ်နေမှ အကုသိုလ်လို့သိကြပါ တယ်။ ဒါတွေက အကြမ်းစားအကုသိုလ်တွေပါ။ ဘုရားရှေ့မှာ အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ တွေနဲ့ ဘုံ၊ ဘ၀တွေ၊ လိုချင်တာတွေတောင်းနေတာကို အကုသိုလ်ဆိုတာ မသိကြပါဘူး။ ဒါမျိုးကတော့ နူးညံတဲ့ အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ်က လုပ်နေတဲ့ အချိန်မှာလည်း အပြစ်ရှိပါတယ်။ အကျိုးပေးရင်လည်း မကောင်းကျိုးဘဲရပါတယ်။ မိမိတို့တွေက အတိတ်ကအ၀ိဇ္ဇာဦးဆောင်ပြီး ပြုလုပ်ခဲ့တာက သမုဒယသစ္စာပါ။ သမုဒယကြောင့် ယခုဒုက္ခသစ္စာရနေတာပါ။ ဒုက္ခသစ္စာ ဆိုတာတော့ ဆင်းရဲခြင်း တရားဖြစ်ပါတယ်။ လက်ရှိခန္ဓာကြီးက သက်သေပြနေပါတယ်။ အတိတ်တုန်းက မိမိတို့ရဲ့ ရင်ထဲမှာ ဘုရားမပွင့်ခဲ့လို့၊ သစ္စာမသိခဲ့လို့၊ ယခုချိန်ထိ ဆင်းရဲကျိုးခန္ဓာကြီးရနေတာပါ။ ထို့အတွက် မိမိတို့တွေသည် ဓမ္မအရသာကိုသိအောင်လုပ်ပြီး ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ အတိုင်းလိုက်ကျင့်ရပါမယ်။ ယောင်းမသည်ဟင်း၏ အရသာကိုမသိရသလို အသိဉာဏ်မရှိသောသူသည်လည်း တရားအရသာကို သိရမှာမဟုတ်ပါဘူး။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာ နိဗ္ဗာန် ကိုသာ ရည်စူး၍ပြုလုပ်ရပါမယ်။ အလှူဒါန ပစ္စည်းအနဲ၊ အများက အဓိကမဟုတ် ပါဘူး။ မိမိရဲ့လှူ ဖွယ်ပစ္စည်း၏ စင်ကြယ်မှု၊ အလှူခံပုဂ္ဂိုလ်၊ မိမိရဲ့စိတ်ထားပေါ်မူတည်ပြီး အကျိုးပေးရလဒ် လည်းကွားခြားရပါတယ်။ မိမိတို့ရဲ့ကောင်းမွန်တဲ့ သဒ္ဓါတရား၊ သီလစောင့်တည်နိုင်မှု၊ ဉာဏ်ပညာတို့ကို ကောင်းစွာအသုံးချ၍ သံသရာ လွတ်ကြောင်းတရားများကိုသိရှိ၊ ကျင့်ကြံ နိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါလိမ့်မည်။ မိမိသိရှိလိုက်ရတဲ့ သံဝေဂတရား၊ အသိတရားကို လိုက်နာကျင့်ကြံဖို့က အရေးကြီးပါတယ်။ အသိကို လိုက်မကျင့်တော့၊ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။ ဉာဏ်ပညာ နှင့်ယှဉ်ဖက် ကိုးကွယ်သော၊ ဆုတောင်းသော သူများဖြစ်ကြရအောင် ကျင့်ကြံနိုင်မှသာလျှင် မိမိသည် သံသရာဘေးမှ လွတ်မြောင်နိုင်ပါလိမ့်မည်။

“ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊

ဟောဖော်ပြောကြား၊ မြတ်တရားကြောင့်၊

ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊

ထိုထိုဘုံဘ၀ သိကြရ၊

များလှကျေးဇူးတွေ”…။






သဒ္ဓါဓိက ဗုဒ္ဓဘာသာ...

ကျွန်တော်တို့တွေသည် ဘာသာဝင်အရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရင် ဘုရားသာသနာတော်နဲ့ကြုံနေတဲ့ ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သောဉာဏ်) နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာလျှင် အထက်တန်းစားဗုဒ္ဓဘာသာဝင် ဖြစ်ပါမယ်။ သဒ္ဓါဓိကဗုဒ္ဓ


ဘာသာ ဆိုသည်မှာ သဒ္ဓါတရားကိုအရင်းခံပြီး ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါး ကိုယုံကြည်တဲ့ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ကိုးကွယ်ရာမှာ သဒ္ဓါတရားနှင့်ပညာဉာဏ် အတွဲညီ ရပါမယ်။ သဒ္ဓါးတရားလွန်ကဲ ပညာနည်းကအလွဲယုံကြည်မှု ဖြစ်တက်ပါတယ်။ ပညာမပါတော့ အရာရာတိုင်းကို ယုံကြည်လွယ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုရားရှင်၏ ၀ါဒက ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ (ကိုယ်ပိုင်ဉာဏ်နှင့်ဝေဖန်ပိုင်းခြားရသည့်ဝါဒ ဖြစ် ပါတယ်)။ ယုံကြည်မှုလွန်ကဲ ပြီး ဘိုးတော်၊ ဘွားတော်၊ နတ်တွေကိုယုံကြည်မိရင် ဒိဋ္ဌိဖြစ်ပါမယ်။ မိမိကအမှားလုပ်နေရင်ထိုအမှားကို ပြင်နိုင်ရပါမယ်။ သိပြီးတော့ပြင်နိုင်တဲ့ပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ပါ တယ်။ တိဟိတ်ဆိုတာက အမောဟ(ပညာ) ပြဋ္ဌာန်းပါတယ်။ တိဟိတ်ပုဂ္ဂိုလ်က ဒီဘ၀မှာ ဘဲ တရားရနိုင်ပါတယ်။ မိမိသည် တိဟိတ်လား၊ ဒွိဟိတ်လားဆိုတာ ကိုယ့်ကိုကိုယ်ပြန်ပြီး မေးကြည့်ရင် သိနိုင်ပါတယ်။ ဘုရားရှင်လက်ထက်တော်တုန်းက သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ တစ်ယောက်ကနွားလိုကျင့်တယ်၊ နောက်တစ်ယောက်က ခွေးလိုကျင့်ကြံကြ တယ်။ ထိုအကျင့်တွေဟာ တရားမရနိုင်ပါဘူး။ သူတို့တွေကျင့်တာ နှစ်ပေါင်း(၃၃)နှစ် ကြာလာသော်လည်း ဘာတရားမှမရကြဘူး။ သူတို့ဆရာကြီးတွေပြောသလိုတစ်ခုမှ ဖြစ်မလာတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဘုရားထံလျှောက်ကြားပါတယ်။ ဘုရားက နွားလိုကျင့်ပြီးသေရင် နွားဖြစ်မယ်။ နွားလိုကျင့်တာက ပစ္စုပ္ပန်မှာလည်း စီးပွားတက်မယ်၊ သံသရာမှလည်းလွတ်မြောက်မယ် ဆိုတဲ့အယူကို မစွန့်ဘဲနဲ့ဆိုရင် နွားဘ၀ကသေရင် အ၀ီဇိငရဲ ကျမယ်လို့ဟောတော်မူခဲ့ပါတယ်။ ထို့ကြောင့်ပညာမွဲတော့ လွဲတက်ပါတယ်။ သဒ္ဓါနှင့် ပညာညှိနှိုင်းပြီးမှ ယုံကြည်ကြဖို့လိုပါတယ်။ သဒ္ဓါနောက်က ပညာပါရင် အဲဒီသဒ္ဓါတရား သည် နိဗ္ဗာန်ထိပို့ဆောင်နိုင်ပါတယ်။ ယခုလည်း မိမိယုံကြည်ချက်ကို ဘုရား၊ တရား၊ သံဃာ အပေါ်မှာသာ မထားဘဲ နတ်တွေအပေါ်မှာ လည်းထားရှိနေကြပါတယ်။ သေချာစဉ်းစာကြည့်ရင် (၃၇)မင်းနတ် အားလုံးဟာအသေဆိုးနဲ့သေခဲ့ကြတာပါ။ အစွဲကြီးပြီးတော့ ပြိဿာတွေဖြစ်နေတဲ့သူတွေဘဲဖြစ်ပါတယ်။ ဒါတွေကို ယုံကြည်နေမယ်ဦး ဆိုရင်တော့ မိမိဘယ်လိုဖြစ်မယ်ဆိုတာ မိမိကိုယ်တိုင်သိသင့်ပါပြီ။ နတ်နဲ့မင်္ဂလာဆောင်တယ်ဆိုတာက ရှိပါသေးတယ်။ အဲဒီနတ်ကတော်အမျိုးသမီးမှာလည်း အမျိုးသားရှိကရှိပြီးသားပါ။ ဘယ်လို ဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဒါတွေကအင်မတန်ကို မှားနေကြတာတွေ ပါ။ ပြောမယ်ဆိုရင် ရေးလို့ပင်ကုန်မှာမဟုတ်တော့ပါဘူး။ ဒီလိုအယူမှားတွေ၊ အမွေဆိုးတွေကို နောက်ပိုင်းလူငယ်တွေမှာ မဖြစ်ကြရန် မိမိတို့က ပြောပြပေးနိုင်ရပါမယ်။ မိမိတို့ယုံကြည်မှုတွေရဲ့နောက်မှာ ပညာမပါတော့ အလွဲလွဲ၊ အမှားမှားတွေဖြစ်ကြရပါ တယ်။ ကျွန်တော်ရေးသားထားသည်ကိုပင် မိမိဉာဏ်နှင့် ဆုံးဖြတ်ပြီးမှ ယုံပါ။ ကံနှင့် ကံ၏ အကျိုးပေးကို ယုံကြည်ရင် ဘိုးတော်တွေ၊ နတ်တွေကို ပူဇော်နေစရာမလိုတော့ပါဘူး။ ဘုရားကိုးဆူပူဇော်တာ တွေလည်းရှိကြပါတယ်။ ဘုရားကိုပူဇော်တာဖြစ်လို့ ကုသိုလ်တော့ ဖြစ်ပါတယ်။ သို့ပေမယ့် မသန့်ရှင်းပါဘူး။ ဘုရားကိုးဆူပူဇော်တာဟာ ထေရ၀ါဒမှကျင့်စဉ် တစ်ရပ်လည်း မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။ ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထား တာဆိုပြီး နတ်မင်း ကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တ၀ါကိုးကောင်၊ ကိုးမျိုးနဲ့ပူဇော်ကြတာပါပဲ။ ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထားတာက နတ်မင်းကြီးကိုးပါး။ ထက်ပြီးပါပါသေးတယ်။ သူတို့ရဲ့ကိုယ်စားလှယ်တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။ မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ်တာ မ ဖြစ်သင့်ပါဘူး။ ဘယ်ဘုရားလေးက ဘယ်မှာနေဆိုတာမျိုး စသဖြင့်ဘုရားကိုးဆူဆရာက ဘုရားဆရာလိုလို ဆရာလုပ်နေပါတယ်။ ရွတ်ဖတ်နေတာကလည်း ဘေးကင်းအောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့လေသံနဲ့ပြောတာပါ။ ဒါတွေက ပညာမပါလို့ ဖြစ်နေရတာပါ။ ကိုးန၀င်းမိုးလင်းမှ သိမယ်ဆိုတာလည်း အတော်ကိုစွဲနေကြပါတယ်။ ကိုးန၀င်းစိတ်တာကို မကောင်းဘူး၊ ကုသိုလ်မရဘူး ပြောတာမဟုတ်ပါဘူး။ န၀င်းတွေ၊ ဥုံ၊ သြောင်းတွေဆိုတာ ထေရ၀ါဒမှာ မရှိပါဘူး။ မြန်မာတွေက ကိုးဂဏန်းကိုကြိုက်တော့ လူ့အကြိုက်လိုက်လုပ် နေကြသလိုပါဘဲ။ ဗုဒ္ဓဂုဏ်တော်ကို တစ်ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓနုဿတိဖြစ်အောင် ပွားများကြပါ။ မိမိနှစ်သက်တဲ့ ဂုဏ်တော်ကို အချိန်နေရာ မရွေးပွားများနိုင်ပါတယ်။ ပြဿဒါး၊ ရက်ရာဇာရွေးစရာမလိုပါဘူး။ ဘုရားရှင်က ပုဗ္ဗာဏှသုတ်မှာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသောနိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးဟောကြားခဲ့ဖြစ်ပါတယ်။ ထို့ကြောင့်မိမိတို့ ရှိနှင့်ထားသော သဒ္ဓါတရားကို ပညာဉာဏ်နှင့် အတွဲညီစွာ ကိုးကွယ်၊ အားထုတ်နိုင်မှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်ပါလိမ့်မည်။


စာဖတ်သူများ အသိဉာဏ် ပညာတိုးပွားကာ၊ အကျင့်တရားလိုက်ပါ၍ နိဗ္ဗာန်သို့ မျက် မှောက်ပြုနိုင်ကြပါစေ။

ဘယဗုဒ္ဓဘာသာ...

ဘယဗုဒ္ဓဘာသာဆိုသည်မှာ ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ဘေးန္တရာယ်မှ လွတ်မြောက်အောင် ကယ်တင်နိုင် တာမဟုတ်ပါဘူး။ ဘုရားရှင် ဟောကြားခဲ့သော တရားတော်များသည်သာလျှင် အို၊ နာ၊ သေဘေး စတဲ့ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် “အဆင်းသာရှိ၍


အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူအားလုံးအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော တရားတော်သည်မလိုက်နာ၊ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်”ဟူ၍ ဓမ္မပဒ မှာရေးဖွဲ့ထားပါတယ်။ ဘုရားရှင်ကို မိမိတို့အတွက် ကျရောက်လာမည်ထင်သော လောကီ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ရာအတွက်သာ ကိုးကွယ်မည် ဆိုပါက ဘယဗုဒ္ဓ ဘာသာပင် ဖြစ်ပါလိမ့်မည်။ အဆင်မပြေမှုတွေများသော အခါမှာ မိမိတို့အတွက် ကယ်တင် ပေးနိုင်မည်ထင်၍ အခြားသောကိုးကွယ်မှုတွေကို ပို၍ပင်လုပ်ဆောင်နေကြတာရှိပါတယ်။ ဒါတွေဟာ မသိမှု(အ၀ိဇ္ဇာ)ကြောင့်ဖြစ်ပါတယ်။ ထိုသို့ အခြားအရာတွေကို ယုံကြည်မှုပြုကြတဲ့အတွက်ကြောင့် သရဏဂုံညှိုးနွမ်းရပါ တယ်။ ပျက်ဆီးရပါတယ်။ ဘုရားရှင်ကဖြစ်လာ သမျှအကျိုးတရားတို့သည် ပြုလုပ်ခဲ့သောအကြောင်းတရား ကြောင့် သာဖြစ်တယ်ဆိုတာ ဟောကြားတော်မူခဲ့ပါတယ်။ အကြောင်းအကျိုးကို နားမလည်လျှင် ထိုအယူမှား များကို လုပ်ဆောင်နေကြမည်သာဖြစ်ပါတယ်။ စစ်မှန်သောဗုဒ္ဓဘာသာဝင်ဆိုသည်မှာ ဘုရား တရားကို နား ထောင်၊ လိုက်နာသောသူများကိုသာ ခေါ်ဆိုထိုက်ပါတယ်။ ထိုအကြောင်းကို မသိဘဲ ထင်ရာလုပ်နေကြတော့ ဒုက္ခရောက်ကြရတာပါ။ နတ်ပြည်၊ ဗြဟ္မာပြည်တို့သည် လည်း ဒုက္ခတိဘုံများပင်ဖြစ်ပါတယ်။ မိမိတို့လုပ်ဆောင် နေသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့သည် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် နိဗ္ဗာန်ကိုသာ ရည်စူးထားရပါမယ်။ ဆုတောင်းတိုင်းပြည့်မည်မဟုတ်ပါ။ မိမိပြုလုပ်သော ကောင်းမှု၊ မကောင်းမှုသည်သာ မိမိ အတွက် ကောင်းကျိုး၊ မကောင်းကျိုးကိုပေးနေတာဖြစ်ပါတယ်။ သစ္စာစကား နှင့်ပြောရလျှင် သမုဒယ(ပယ်သတ် ရမည့်တရား)ကြောင့် ဒုက္ခ(ဆင်းရဲခြင်း)ဖြစ်ရတာပါ။ ထို့ကြောင့် အကြောင်းတရား သမုဒယကို မပြုလုပ်ဘဲ ပယ်သတ်ရပါမည်။ ထိုသို့သိနေပြီး လုပ်ဆောင်နေခြင်းသည်ပင် မဂ္ဂသစ္စာ(ပွားများရမည့်၊ ကျင့်ကြံရမည့်တရား)ကို ကျင့်နေခြင်းဖြစ်နေပါတယ်။ ယခုလိုသာသနာတော်နှင့်ကြုံနေသောအချိန်၊ တရားတော်များကိုနာကြား နားလည်နိုင်သော လူဘ၀ရနေတဲ့အချိန် မှာမှစစ်မှန်သောတရားနည်းလမ်းများ အတိုင်း မလိုက်နာနိုင်လျှင် လူဖြစ်ရကျိုးနပ်မည်မဟုတ်ပါ။ မိမိလုပ်ဆောင်နေတာသည် ဘာတွေဖြစ်နေလဲဆိုတာသိဖို့တော့လို အပ်ပါလိမ့် မယ်။ မိမိတို့အခက်ခဲဖြစ်လာပြီဆိုလျှင် ဗေဒင်မေး၊ နတ်တွေမေးကာ ယတြာချေတက်ကြပါတယ်။ ဒီပညာတွေ မှာ လွဲမှားနိုင်တဲ့ အချက်(၂)ချက်ရှိပါတယ်။ (က) ဟောသူက မကျွမ်းကျင်လို့ဖြစ်စေ၊ ရွှီးနေလို့ဖြစ်စေ၊ ကျက် မှတ်ထားတာ၊ တွက်ချက် တာတွေ ဆုံဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။ (ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လဲ လွဲနိုင်ပါတယ်။ ဖြစ်ပုံကတော့ ကိုယ်ဟောနေ တာ ဆုံးဖြတ်တာမှန်ရဲ့သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှား တွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက ကောင်းမှုတွေ လုပ်ပြီးမကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။ ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ် ယောက်ဟာ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့မဝေးတော့တဲ့ တစ်ခုသော လပြည့်ညသန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမကလဲ တွက်ကြည့်တော့လဲ ဒီလိုပဲ။ ဒီတော့ ဘုရားရှင်ကိုလာမေးပါတယ်။ ဘုရားရှင်ကလည်း သေမယ် လို့ပဲဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာမျောက်ဖြစ်ရင်စားဖို့ ငှက်ပျော သီးပင်တွေစိုက်မယ်၊ ငှက်ဖြစ်ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။ နောက်တော့ လမ်းဖောက်တာ တွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင်ပြန်ဖြစ် ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ငါးတွေ စသည်ဖြင့် စားကြ၊ သောက် ကြ၊ နေကြ၊ နားကြဖြစ် နေပါတယ်။ အဲဒီညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့် အချိန်ကို စောင့်နေပါတယ်။ အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲ အောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။ ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေလုပ်လဲဆို တာမေးပြီး ဒါတွေဟာ အသက် ရှည်ရာကောင်းမှုတွေ ဖြစ်ကြောင်းဟောပါတယ်။ ဒီတော့သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။ ကံ နဲ့ ကံ ရဲ့ အကျိုးကိုယုံရပါမယ်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာ တွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။ ထိုအ ကြောင်းတွေမသိဘဲ မိမိတို့ဘေးဖြစ်မှာ ကြောက်ပြီးဘုရားမှာ ယတြာချေတဲ့ အနေနဲ့ကိုးကွယ်နေတာကတော့ ဘယဗုဒ္ဓဘာသာဖြစ် ပါတယ်။ ဘုရားဟောတဲ့ ပဋ္ဌာန်းတရား(၂၄ ပစ္စည်း) ကိုလည်း စည်းချတယ်ဆိုပြီး ရွတ်ဖတ် တာရှိကြပါတယ်။ စဉ်းစာကြည့်ရင် ဘုရားရဲ့တရားကို အစောင့်ချသလိုဖြစ်နေပါတယ်။ မလုပ်သင့်ပါဘူး။ အသက်ငယ်စဉ်အခါထဲက အမှတ်မမှားကြရအောင် သတိရှိကြရပါမယ်။ အမှတ်မှား၊ အသိမှား၊ အယူမှားပြီး သံသရာကလွတ်နိုင်မှာမဟုတ်တော့ပါ။ ထို့ကြောင့် မိမိတို့ဘေးကိုကြောက်လို့၊ လာဘ်လိုချင်လို့၊ မိရိုးဖလာအရ စသည်ဖြင့် မကိုးကွယ်ကြပါရန် သတိပေးရေးသားအပ်ပါတယ်။ ထိုသို့ဖြစ်နေပါကလည်း စိတ်ဓာတ်ကျစရာမလို ပါဘူး။ “ပညာဟူသည် အိုသည်မရှိ”တဲ့။ မိမိတို့သိရှိပြီးတာနဲ့ ပြင်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ။ အသိတရား ကိုလိုက်ကျင့် နိုင်မှသာ တရား၏အနှစ်သာရကို ခံစားရမှာဖြစ်ပါတယ်။



သဒ္ဓါကိုအဖော်ပြု၍ ဉာဏ်နှင့်ယှဉ်သော သူတော်ကောင်းများဖြစ်ကြပါစေ။


လာဘဗုဒ္ဓဘာသာ…

ကျွန်တော်တို့တွေ ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အလျောက်ကျွန်တော်တို့ကိုးကွယ်နေသော ဗုဒ္ဓဘာသာဘုရားရှင် သည်သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သိမြင်ပြီးပွင့်ထွန်းလာရသည်ကို သိရန်လိုအပ်ပါလိမ့်မည်။ ဘုရားဖြစ်ပြီးနောက် မိဂဒါဝုန်တော်၌ ပဉ္စ၀ဂ္ဂီငါးပါးကို သစ္စာတရားတော်ဟောကြားခဲ့ပါတယ်။ ဘုရားရှင်


၏ တရားဓမ္မကို စတင်ဟောကြားတဲ့ တရားဖြစ်တာကြောင့် ဓမ္မစင်္ကြာတရားလို့သိလာကြပါတယ်။ ဗုဒ္ဓရဲ့တရား တော်များကို အနှစ်ချုပ်လိုက်ရင်(၃)မျိုးသာကျန်ပါတယ်။


(၁) မကောင်းမှု မှန်သမျှကို မပြုနဲ့၊ မလုပ်နဲ့ရှောင်။



(၂) ကောင်းမှု မှန်သမျှလုပ်၊ ပြည့်စုံအောင်လုပ်။



(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်။



ပိုပြီးပြည့်စုံအောင်ပြောရရင် စိတ်ဖြူစင်အောင်လုပ်နည်းတွေမှာ သမထနည်းနဲ့ဝိ ပဿနာနည်း (၂)နည်းရှိပါ မယ်။ အပေါ်ကအချက်တွေလောက်ကတော့ ခရစ်ယာန်မှာလဲ ညွှန်ကြားပါတယ်။ ဗုဒ္ဓဘာသာရဲ့လိုရင်း အနှစ် ချုပ်မှာတော့ ကိလေသာကို အမြစ်ပြုတ်အောင် ပယ်သတ်ရမယ်လို့ မှတ်ယူကြရပါမည်။ ကိလေသာဆိုတာက တော့ ရယူလက်ခံ ထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်တဲ့ တရားတွေပဲဖြစ်ပါတယ်။ ကိလေသာရှိနေသမျှ သံသရာကမလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ပြီး သေပြီးရင်းသေနေရဦးမှာဖြစ်လို့ ကိလေသာကိုလည်း သတ်တတ်တဲ့ “မာရ်” လို့ခေါ်ပါတယ်။ ကိလေသာ အကျဉ်း(၁၀)ပါးရှိပါတယ်။ အမျိုးအစား အားဖြင့် (၃)မျိုးရှိပါတယ်။



(၁) ၀ိတိက္ကမ ကိလေသာ- အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့်တားဆီရန်)။



(၂) ပရိယုဌာန ကိလေသာ- မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေ သာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။



(၃) အနုသယ ကိလေသာ- သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။

ဒီအချက်က ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ စိတ်လုံးဝ ဖြူသွားအောင် ၀ိပဿနာလုပ်ရမယ် ဆိုတာမှ ဗုဒ္ဓဘာသာရဲ့လိုရင်းဖြစ်မယ်။ ဤမျှ လောက်သတ္တ၀ါတွေ သံသရာဝဋ်ဆင်းရဲဘေး၊ ကိလေသာဘေး၊ အပယ် ဘေးတို့မှ လွတ်မြောင်အောင် သစ္စာတရားများ ဟောကြားခဲ့သော ဗုဒ္ဓဘုရာရှင်ကို လာဘ်လာဘပေါများ အောင်အတွက် ကိုးကွယ်နေကြသော သူများကို လာဘဗုဒ္ဓဘာသာ ဟုခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ကို အမှန်တ ကယ်ကြည်ညိုသောစိတ် မဟုတ်ဘဲ မိမိတို့အလုပ်အဆင်ပြေအောင်၊ မိမိတို့လာဘ်ပေါများအောင် ဘုရားရှင်ကို သာ ကိုးကွယ်မှု မဟုတ်တော့ဘဲ ဘိုးတော်၊ မယ်တော်၊ ဓာတ်တွေ၊ နတ်တွေကိုပါ ကိုးကွယ်နေတက်ကြပါတယ်။ ဥုံ၊ သြောင်းတွေ ထဲ့ရွတ်ကာ ဘုရားရှိခိုး နေတက်ကြပါတယ်။ ထိုသူများဟာ ဘုရားရှင်ကို မလေးစားသိလိုပင် ဖြစ်နေပါတယ်။ ဘုရားကိုလည်း အမျိုးမျိုးနာမည်တွေပေးကာ လူတွေအကြိုက် လိုက်လုပ်နေကြတာတွေလည်း ရှိပါတယ်။ လာဘမုနိဘုရားဆိုတော့ လာဘ်ပေါများအောင်ဟုဆိုကာ ရွေးပြီးကိုးကွယ် ကြပါတယ်။ ထိုသို့ဆိုလျှင် ထိုဘုရားကိုမကိုးကွယ်ဘဲ ချမ်းသာနေကြသော ခရစ်ယာန်၊ မူဆလင် များရှိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က အို၊ နာ၊ သေ ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် တရားဟော ကြားခဲ့တာပါ။ လာဘ်များအောင် ကယ်တင်မှာလည်းမဟုတ်ပါဘူး။ ထိုအကြောင်းကိုမှ မသိဘဲ ဘုရားကို ယတြာချေတာ၊ မိမိအကျိုးကိုလိုလားပြီး ဘုရားကိုလှူတာ မျိုးကို လာဘဗုဒ္ဓဘာသာတွေလုပ်ကြပါတယ်။ အတုအယောင်တွေကြားမှာ သာသနာတော် က မှေးမှိန်လာရပါတယ်။ ကြာကြာစံရအောင်ဆိုပြီး ကြာဇံလှူကြပါတယ်၊ အကြံအစည်ကောင်းအောင် “ကြံ” လှူပါတယ်။ ပေါက်ပေါက်မြောက်မြောက်ရှိအောင် ပေါက်ပေါက်စုပ်လှူကြပါတယ်။ “ထော”အောင်ဆိုပြီး ထောပတ်သီး လှူကြပါတယ်၊ ဘုရားကိုလှူတော့အလုံးလိုက်လှူတယ်။ မိမိစားတော့ သကြား၊ နို့ဆီနဲ့ပေါက်စား ကြပါတယ်။ (ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာ စာဖတ်သူများပင် စဉ်းစားကြည့်ကြပါ)။ ထို့အပြင် ကိုးကွယ်မှု မပြုလုပ်အပ်တာများကိုပါလုပ်ဆောင်လာကြပါတယ်။ တဆက်တည်း သူရဿတီဆိုသော ရုပ်ထုအကြောင်း အနည်းငယ်ပြောလိုပါတယ်။ အိန္ဒိယနိုင်ငံမှာ သူရဿတီအမည်ရှိသော မြစ်ကလေး တစ်စင်းရှိတယ်။ နွေအခါမှာ သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ် ထွန်းတယ်။ ဒါလောက် ဖြစ်ထွန်းရင် ဒီမြစ်ကို စောင့်တဲ့နတ်က 'မ' တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြပါတယ်။ သာယာညင်းပျောင်းစွာ စီးဆင်းသောမြစ် ရေကိုကြည့်၍ နတ်သမီးသာဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ်ကြပါတယ်။ နောက်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင် သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက်သောအခါ သူရဿတီသည် ဟိန္ဒူဘာသာ ၀င်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီးအဖြစ်သို့ရောက်သွားပါတယ်။ ထိုမှတဆင့် မြန်မာ နိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုကဗေဒင်သုံးပုံ စောင့်တာဆိုလျှင် ဗုဒ္ဓဘာသာဝင် များကအလေးထား ကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထားကိုးကွယ် ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့တယ်။ အမှန်တကယ်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ ဆဋ္ဌမသင်ဂါယနာတိုင်အောင် ဆင်းရဲမျိုး စုံကြားမှ မပျောက်ပျက် အောင် ထိန်းသိမ်းခဲ့ကြရပါတယ်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက်ထိန်းသိမ်း နေမည်သာဖြစ်တယ်။ ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ မျက်နှာကိုမျှမထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည်ဆိုကာ ကုလားမရုပ်ကို ဘုရားရုပ်ပွား တော်နားမှာ လာထားကြပါတယ်။ ဆရာတော်များမှ ယနေ့တိုင် ဟောကြားဆုံးမနေသော်လည်း လိုက်ပါမလုပ် ဆောင်မှုများရှိကြပါတယ်။ နောင်လူများ၏စိတ်မှာ ကိုကွယ်းအားထား စရာဟုမှတ်ထင်သွားမှာကို စိုးရိမ်မိပါတယ်။ မိမိတို့သိပြီးသောသူများမှ ထိုအယူမှားများကို ပြင်နိုင်ဖို့လည်းလိုအပ်ပါမယ်။ ဘုရားရှင်ကစီးပွားရေး တက်ချင်ရင် ကံ၊ ဉာဏ်၊ ၀ိရိယ သုံးပါးလုံးကို အားကိုးရမည် ဟုဆိုပါတယ်။ ထိုသို့မသိကြရသည့်အတွက်ကိုးကွယ်၊ အားထားမှုတွေ လွဲမှားကာ သရဏဂုံညှိုးနွမ်းရပါတယ်။ အကယ်၍နတ်ကို ကိုးကွယ်ပြီးသေပါက အန်ဖက် စားပြိဿာဖြစ်ရပါမယ်။ လာဘ်လာဘ လိုချင်တပ်မက်နေသော လာဘဗုဒ္ဓဘာသာများမှာ အခြားသောကိုး ကွယ်မှုတွေများစွာ လုပ်တက်ကြပါတယ်။ လာဘဗုဒ္ဓ ဘာသာတွေရဲ့စိတ်မှာ ခေါင်းဆောင်နေတာသည် တဏှာ(လိုချင်တပ်မက်မှု) ဖြစ်ပါတယ်။ တဏှာ နှင့်ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်အလုပ်မှန်သမျှက ဆင်းရဲ ကြောင်းဘဲဖြစ်ပါတယ်။ တဏှာဦးဆောင်နေသ၍ သံသရာက မလွတ်မြောက်နိုင်ပါဘူး။ ဘုရားရှင်ပွင့်လာပြီး တရားဟောတာက အို၊ နာ၊ သေဆင်းရဲက လွတ်စေချင်လို့ပါ။ မိမိတို့လုပ်နေတာက ဆင်းရဲကြောင်းတွေသာ ဖြစ်နေမယ်ဆိုရင်တော့ ဘုရားကိုကျောခိုင်းနေသူပမာဖြစ်ပေတော့မည်။ ထို့အတွက်ကြောင့် ရခဲလှတဲ့လူ့ဘ၀၊ ကြုံရခဲတဲ့ ဘုရားသာသာနာကာလမှာ မိမိအသိအမြင်၊ ကိုးကွယ်ယုံကြည်မှု မမှားကြစေရန်
ရေးသား၍ ဓမ္မဒါနပြုအပ်ပါတယ်။




သဒ္ဓါတရားကို အဖော်ပြု၍ ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေ။


ဗုဒ္ဓဘာသာ(၅)မျိုး၊

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူ သကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်


များဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီ၊ လေးစားနိုင်ပြီ၊ သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ်(ဒုက္ခသစ္စာ)၊ ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ်(မဂ္ဂသစ္စာ)၊ ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့(သမုဒယသစ္စာ)၊ မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင် အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။ ဘုရားရှင်ရဲ့ ၀ါဒ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်းခြားသော ၀ါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ငါးမျိုးရှိပါ တယ်။




(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊




(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊




(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊



~~~ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။




(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊



~~~၄င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။




(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊



~~~၄င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။





ကုလဗုဒ္ဓဘာသာ...

ကုလဗုဒ္ဓဘာသာဆိုသည်မှာ အဆွေအမျိုးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း (ရိုးရာ ဗုဒ္ဓဘာသာ)ဖြစ်ပါတယ်။ အမေ၊ အဖေက ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သား၊ သမီးကဗုဒ္ဓဘာသာဖြစ်ခြင်းပါ။ ဗုဒ္ဓဘာသာဆိုတာ ဘာပြောမှန်းမသိ၊ ဘုရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ တရားဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊


သံဃာ့ဂုဏ်တော် ဘယ်လောက်ရှိမှန်း မသိ၊ မိမိကိုးကွယ်တဲ့ မြတ်စွာဘုရားက ဘာကိုသိပြီးပွင့်လို့ ပွင့်မှန်းမသိ၊ ဘုရားက ဘာစကားပြောမှန်းလည်း မသိ၊ ဘုရား၏ ၀ါဒသည် ဘာဝါဒမှန်းလည် မသိ ဖြစ်နေကြပါတယ်။ မိမိကိုယ် ကိုဗုဒ္ဓဘာသာလို့ ပြောနေသော်လည်း ဗုဒ္ဓက ဘာပြောမှန်း မသိတဲ့သူများလည်းရှိကြပါတယ်။ ဗုဒ္ဓက ဘာအယူဝါဒ ရှိတယ်ဆိုတာ မသိတဲ့သူလည်းရှိကြပါတယ်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာမျိုး ကို ကုလဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေရဲ့ စရိုက်က လက်အုပ်တော့ချီတက်ကြပါတယ်။ လက်အုပ်ချီတက်တိုင်း ဗုဒ္ဓဘာသာဟု မသတ်မှတ်နိုင်ပါ။ တချို့က လက်အုပ်ချီရှိခိုးတက်ရုံမျှနှင့် ဗုဒ္ဓဘာသာ ဟုဆိုကြပါတယ်။ ထို့အပြင် မိမိဆောက်တည်သော သီလကို ဘာပြောမှန်းမသိဖြစ်နေတက်ပါတယ်။ ရှေးတုန်းက ကျောင်းဒကာ နှင့် ကျောင်းအမ ရှိပါတယ်။ ကျောင်းဆောက်လှူဒါန်းလို့သာ ကျောင်းဒကာ၊ ကျောင်းအမ လို့ခေါ်တာပါ။ သီလ အကြောင်းကို ဘာတစ်ခုမှ နားမလည်ပါဘူး။ တနေ့ကျတော့ ကျောင်းအမက ဘုန်းကြီးကို အသားဟင်းကပ်ချင် တယ်ဆိုပြီး ငါးရောင်းတဲ့ ဈေးတန်းထဲကိုရောက်သွားပါတယ်။ ငါးရောင်းတဲ့သူကို ငါးတစ်ကောင် ဘယ်လောက်လဲမေးပါတယ်။ ငါးတစ်ကောင် တမတ်ဆိုတော့ ကျောင်းအမက ၀ယ်မယ်လို့ပြောလိုက်ပါတယ်။ ချက်ချင်းဘဲ ဈေးသည် ငါးအရှင် တစ်ကောင်ကိုယူကာ သံပိဿာလေးနဲ့ထုသတ်လိုက်ပါတယ်။ ဒါနဲ့ ကျောင်းအမက ငါးအရှင်ကို သတ်တာဖြစ်လို့ မိမိကြောင့် သေရတယ်ဟုဆိုကာ ငါးကို မယူတော့ဘဲ ပိုက်ဆံပေးပြီး အိမ်ပြန်လာပါတော့တယ်။ အိမ်ရောက်တော့ “သူတို့မလို့ အာဒိန္နာဒါနကံ ကိုမကြောက်တာ” ဟု ကျောင်းဒကာ ကိုပြောပါတယ်။ ကျောင်းဒကာက “သူများအသက် သတ်တာဟာ ကာမေသုမိစ္ဆာစာရကံပါ”ဟု ပြန်ပြောပြပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားငြင်းနေရာမှ ကျောင်းဘုန်းကြီးထံရောက်သွားကြပါတယ်။ ကျောင်းဘုန်းကြီးထံလျှောက်တော့ ကျောင်းဘုန်းကြီးက “ငါးကို သံပိဿာလေးနဲ့ထု ပြီးသတ်တာနဲ့ ထုပြီးတဲ့ အချိန်မှာ ငါးကလေးက ဖလပ်၊ ဖလပ် ဆိုပြီး သေတဲ့အတွက် သမ္ပပ္ပလာပ၀ါစာကံ”ဟု မိန့်ကြားပါတယ်။ ထိုသို့ဗုဒ္ဓဘာသာက ကုလဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။ ဥပုသ်ဆောက်တည်တော့မည်နေ့ဆိုလျှင် ဟင်းကောင်းချက် တက်ကြပါတယ်။ ညစာ မစားရတော့ဘူးဆိုပြီး အားရပါးရ စားသောက်တက်ကြပါတယ်။(လူတိုင်းတော့မဟုတ်ပါဘူး)။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါ တယ်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်သူကို “ဥပုသ်သည်” လို့ခေါ် ပါတယ်။ မိမိဆောက် တည်သော သီလကိုလည်းလုံခြုံအောင် မစောင့်ထိန်းနိုင်ကြပါဘူး။ မိမိတို့ရဲ့ ဘာသာတရားကိုလည်း မိမိကိုယ်တိုင် သေချာမသိဘူးဆိုရင် ကုလဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေမှာလွှမ်းမိုးနေတာက မောဟ (တွေဝေမှု)စရိုက် ဖြစ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေဟာ သီလ၊ ဒါန စတဲ့ ကုသိုလ် အလုပ်တွေမှာလည်း အလေးနက်ထားဆောင်ရွတ်မှုမရှိကြပါဘူး။ မိမိတို့လုပ် ဆောင်နေတာတွေဟာ မှန်သယောင်နဲ့ မှားနေတာ လည်းရှိတက်ကြပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဘုရားရှင်၏၀ါဒ အတိုင်းကိုယ်ပိုင်ဉာဏ်နှင့် ဝေဖန်သုံးသပ် ဆင်ခြင်ကာ တရားအသိ၊ ပညာတိုးပွားအောင် လေ့လာသင်ယူ နာကြားသင့်ပေသည်။ မိမိကိုယ်ပိုင်ဉာဏ်နှင့် ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာဝင် သူတော်စင် များဖြစ်ကြရအောင် ကြိုးစားအားထုတ်သင့်ပါပြီ။ မိမိသည် တနေ့ကုန်ရင် သေမင်းက မိမိအချိန်ထဲမှ တနေ့ကို နှုတ်ယူသွားပြီဟူသော အသိတရားရရှိကာ စစ်မှန်သော၊ တရားတော်ကို ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပါတယ်။



“အသိတလုံးလက်ကိုင်းသုံး အဆုံးနိဗ္ဗာန်ပြည်”


ထေရ၀ါဒ ဗုဒ္ဓဘာသာဘုရားရှင်အကြောင်း...

ကျွန်တော်တို့၊ စာဖတ်သူတို့အားလုံးသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါတယ်။ မိမိတို့ ကိုးကွယ်နေသာ ဗုဒ္ဓဘာသာဆိုသော အဓိပ္ပါယ်ကိုကောင်းစွာ သိနားလည်းသင့်သည်ဟုထင်မိပါတယ်။ ဗုဒ္ဓဘာသာဆိုတာဘာလဲ ဟုမေးလာကြလို့မှ မိမိတို့ ဘာသာအကြောင်းကို သေချာမပြောနိုင်လျှင်မူ လွန်စွာရှက်ဖွယ်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်ဖတ်ခဲ့ဖူးသောစာအုပ်ထဲမှ ထုတ်နှုတ်၍ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်၏ အကြောင်းကိုရေးသားလိုက်ရပါတယ်။


ဗုဒ္ဓဆိုတာ ဘုရားဆိုတာထက် လေးနက်တဲ့အဓိပ္ပါယ်ရှိပါတယ်။ မူရင်းအ ဓိပ္ပါယ် ကလဲ ဘုရားမဟုတ်ပါဘူး။ နာမ်စားအနေနဲ့သာ မြန်မာဗုဒ္ဓဘာသာအချင်း ချင်းမှာ ဘုရားလို့သုံးတာဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင် ဗုဒ္ဓလို့ပဲသုံးတယ်။
ဗုဒ္ဓဆိုတာ သစ္စာ(၄)ပါး သိသူကိုမှခေါ်တာဖြစ်တယ်။ ဗုဒ္ဓဆိုတာ ဘုရားလို့ပေါ့ပေါ့လေးပြောရင် ဟိုဘုရားသခင်ဆိုတဲ့ ဖန်တီးရှင်တွေနဲ့ ရောထွေးသွားမယ်။ သစ္စာ(၄)ပါးသိသူတွေကိုမှထပ်ပြီးခွဲထုတ်လိုက်ရင်-

(၁) သဗ္ဗေညုတဗုဒ္ဓ ( ၄ / ၈ / ၁၆ သင်္ချေ၊ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၂) ပစ္စေကဗုဒ္ဓ ( ၂ -သင်္ချေ၊ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၃) သုတဗုဒ္ဓ ဆိုတာရှိပါသေးတယ်။

( ပိဋက (၃) ပုံ အာဂုံဆောင်နိုင်သူ (ရဟန်း၊ လူ)၊ (၀ါ) ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွတ်နေသူတွေကို ဘုရားရှင်ကိုယ်တော်တိုင်က သုတဗုဒ္ဓ ဟုချီးကျူးခေါ်ဆိုပါတယ်။ မြန်မာ့သမိုင်းမှာတော့ ကျေးဇူးတော်ရှင်မင်းကွန်း ဆရာတော်ဘုရားကို ဝေဘူဆရာတော် ဘုရားကြီးကသုတဗုဒ္ဓ ဟုဂုဏ်ပြုခေါ်ဆိုပါ တယ်။)

ဓမ္မဆောင်းပါး တွင် ထပ်မံဖတ်ရှုမှတ်သားကြပါရန်။



အဖေ့နေရာ…

လှိုင်းထန်မာန်တင်းနေသော သမုဒ္ဒရာသည် လောကကြီး ဖြစ်မည်ဆိုလျှင် မိဘတို့၏ ရင်ခွင်သည် မုန်တိုင်းမတိုက် လှိုင်းမရိုက်သော ကျွန်းငယ်လေးဖြစ်ပေလိမ့်မည်။
ပူပြင်းခြောက်သွေ့နေသာ ကန္တာရသည် လောကကြီးဖြစ်မည်ဆိုလျှင် မိဘတို့၏ ရင်ခွင်သည် စမ်းရေတွင်းလေးပမာဖြစ်ပေတော့မည်။




ဒီနေ့ကျနော်တို့ အသက်ရှင်ရပ်တည်၍ ကောင်းစွာနေထိုင်နိုင်သည်မှာ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့်သာဖြစ်ပါတယ်။ ထို့ကြောင့် အမေနှင့်အဖေဆိုသည်မှာ အချင်းချင်း အပြန်အလှန်အကျိုးပြုနေတဲ့အတွက် အဖေအကြောင်းပြောမည် ဆိုသော်လည်း အမေလည်းပါတယ် ဟုမှတ်ယူရပါမည်။ လူတိုင်းက အမေခြေရာကိုတော့ မှတ်သာ ဖူးကြပါလိမ့်မယ်။ အဖေနေရာလေးကိုတော့ သတိမထားမိကြပါဘူး။ ဒါ့ကြောင့် အဖေ့နေရာ ဟုခေါင်းစဉ်တပ်ရေးသားလိုက်ရပါတယ်။
အဖေများနေ့ဟု နာမည်ခေါ်တွင်သော်လည်း အဖေ့နေ့မှ အဖေ့ကျေးဇူးကို သတိရ၍ ပေးဆပ်ရမည်မဟုတ်ပါဘူး။ မိဘတွေရဲ့ ကျေးဇူးတွေကို အာမိသပူဇာ (ပစ္စည်းအနေနဲ့ ပေးကမ်းထောက်ပံ့ပူဇော်ခြင်း) ဖြင့် ပေးဆပ်၍မကျေနိုင်ပါ။ အနှစ် တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာကာလပတ်လုံး အမိကိုညာဘက်ပုခုံးပေါ်တင်၊ အဖကိုဘယ်ဘက်ပုခုံးပေါ်တင်ပြီး လုပ်ကျွေးသော်လည်း မိကကျေးဇူးမကျေနိုင်ပေ.. ဟု မိဘတွေရဲ့ကျေးဇူးကြီးမားပုံကို မာတုပေါသထသုတ္တန်မှာ ဘုရားရှင်ကဟော ကြားတော်မူခဲ့ပါတယ်။ တခါတလေမှာ မည်သူမှမစွမ်းဆောင်နိုင်တော့ဘူးဟု ထင်ထားသောအရာများကို မိဘတွေကလုပ်ဆောင်ပေးနိုင်ကြပါတယ်။ ကျနော်တို့ သားသမီး တွေအနေနဲ့ ထိုသို့သေားကျေးဇူးဂုဏ်တွေကို သိတက်ရန်လိုအပ်ပါ တယ်။ မိဘတွေရဲ့ အမြင်မှာ သားသမီးတွေဟာ အမြဲတမ်း ကလေးလိုဖြစ်နေပါ တယ်။ ရှေးအခါက မိခင်တစ်ယောက်ဟာ ညနေမိုးချုပ်အချိန်မှာ ရွာအပြင်ထွက်ပြီး သူ့သားလေး နွားကျောင်းသွားရာက အပြန်ကိုစောင့်နေပါတယ်။ အမေအိုကြီးဟာ အသက်(၈၀)ရှိပါပြီ။ ဒါနဲ့သူ့သားလေးအသက်ဘယ်လောက်ရှိပြီလဲ မေးကြည့် တော့သားလေး အသက်က(၆၀)ရှိနေပါပြီတဲ့။ သားသမီးတွေ ဘာတွေဖြစ်နေဖြစ် နေပါ မိဘတွေကတော့ ကလေးလို့သာမြင်နေတာပါဘဲ။ မိဘတွေက စိတ်ပူလို့ဆို ဆုံမ တက်တာလည်းရှိပါတယ်။ အချို့ပြန်အော်မိတက်ပါတယ်။ တကယ်တော့ မိဘ တွေပြောတယ်ဆိုတာကလည်း သားသမီးအတွက်ဆိုမိဘတွေမှာ အကောင်းဆုံး၊ အလိမ္မာဆုံးဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းကြောင့်သာဖြစ်ပါတယ်။ လောကမှာ မည်သည့် အရာမှအလကားမရပါဘူး။ တစ်ခုခုတော့ ပေးဆပ်ရစမြဲပါ။ သို့သော် မိဘတွေရဲ့ စစ်မှန်တဲ့မေတ္တာစမ်းချောင်းလေးကတော့ သားသမီးတို့အတွက် ထာဝရ အတားအဆီးမဲ့စွာ စီးဆင်းနေပါတော့တယ်။
မဟာသမုဒ္ဒရာကြီးကျယ်ပါလည်း နှစ်ဖြာမိဘဂုဏ်နှင့်စရေဗွက်မျှသာရှိတော့သည်။ မြင့်မိုရ်တောင်မဟာကြီးကျယ်ပါလည်း နှစ်ဖြာမိဘဂုဏ်နှင့်စနွားချိုမျှသာရှိတော့သည်။ မြေပြင်မဟာကြီးကျယ်ပါလည်း နှစ်ဖြာမိဘဂုဏ်နှင့်စ၀ါးရွက်မျှသာရှိတော့သည်။

အဖေရော အမေပါ တို့သားသမီးတွေကြောင့် လာခြင်းကောင်း၊ ပြန်ခြင်းမြတ်အောင် ပြုစုကြပါစို့…


ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့အသက်ကို ချစ်ပါလေ...

ပါဏာတိပါတ- သူ့အသက်ကို သတ်ခြင်းဟုအနက်ရှိ၏။ သူတစ်ပါးတို့၏ အသက်ကို သတ်ဖြတ်လေ့ရှိသောပုဂ္ဂိုလ်သည် ဒေါသကြီးသူ၊ မေတ္တာတရားခေါင်းပါးသူ၊ ကြင်နာမှုမရှိသူ၊ ညှာတာမှုကင်းမဲ့သူတို့ပင်ဖြစ်သည်။ သူ့အသက်သတ်ခြင်းမှ

ရှောင်ကြဉ်ပါ၏ဟူ၍ သီလဆောက်တည်ထားသူသည် အသက် ရှိသော မည်သည့် သတ္တ၀ါပင်ဖြစ်စေ သတ်ဖြတ်ခြင်းမှ ရှောင် ကြဉ်ရမည်ဖြစ်၏။ မှက်၊ ခြင်၊ ယင် စသော သေးငယ်သော သတ္တ၀ါတို့ပင်ဖြစ်စေ မသတ်အပ်ပေ။ မတော်တဆ နင်းမိခြင်း ကို မဆိုလိုပေ။ သတ်လျှင်ကား ပါဏာတိပါတသိက္ခာပုဒ်ကို ကျူးလွန်သည်မည်၏။

အပြစ် အကြီး၊ အသေးမှာ အသတ်ခံရသောသတ္တ၀ါ၏ ခန္ဓာ ကိုယ်ပမာဏနှင့် ဂုဏ် အပေါ်မူတည်ပြီး ကွာခြား၏။ လုံ့လစိုက် ထုတ်မှု၊ စိတ်စေတနာအပေါ် မူတည်၍လည်းကွာခြား၏။ ခန္ဓာ ကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသောကြောင့် လည်းကောင်း၊ ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက် ဆီးရာ မရောက်သောကြောင့်လည်းကောင်း၊ သတ်ဖြတ်သော သူမှာ အပြစ်သက်သာ၏။ ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုများသောကြောင့်လည်းကောင်း၊ ဂုဏ်ကြီးလျှင် သူ၏ ဂုဏ်သိက္ခာများကို ဖျက်ဆီးရာရောက်သောကြောင့်လည်း ကောင်း သတ်ဖြတ်သောသူမှာ ကြီးလေးသောအပြစ်ကို ခံရ မည်။

ပါဏာတိပါတ-သူ့အသက်သတ်ခြင်း ကမ္မပထမြောက်စေသော အင်္ဂါ(၅)ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထိုလုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။

ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက် မျိုးရှိကြသည်။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား၊ လှံ၊ တွင်း စသည်တို့ ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း
တို့ဖြစ်ကြသည်။ ဤပယောဂမျိုးမှ တစ်နည်းနည်း နှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သောကြောင့်သေလျှင် ပါဏာတိပါတကံ အထ မြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟုဆိုလိုခြင်းဖြစ်၏။

တဖန် ပါဏာတိပါတကံ မြောက်စေနိုင်သည့် အကျုံးဝင်သော အချက်များလည်း ရှိပါသည်။ ၎င်းတို့မှာ- ညှင်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှုကင်းမဲ့ခြင်းစသည့် ကာယကံအပြုအမူဆိုး အားလုံး ပါဝင်ပါသည်။ နောက်တစ်ခု မှတ်ရမှာကအစွန်း (၃) ပါးမလွတ် သော အသားကို လည်းရှောင်ကြဉ်ရန်လိုအပ်ပါသည်။ မိမိကို ကျွေးဘို့၊ လက်ဆောင်ပေး ဘို့စသည်ဖြင့် မိမိအတွက်ရည်ရွယ် ပြီး သတ္တ၀ါတစ်ဦးအားသတ်ခြင်းကို (၁) မြင်ခြင်း၊ (၂) ကြားခြင်း၊ (၃) ယုံမှားသံသယရှိခြင်း အသားတို့ကိုလည်း ရှောင်ရပါမည်။ နောက်ပြီး အကုသိုလ်ကံထိုက်ရာ၌ မိမိကိုယ် တိုင် ပြုမှသာလျှင် အကုသိုလ် အကျိုးပေးသည်ဟူ၍ မမှတ်ယူ သင့်ပေ။ (၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊ (၂) သူတစ်ပါး အားစေခိုင်းခြင်း၊ (၃) သူတစ်ပါးပြုမူသည်ကို ၀မ်းမြောက်ခြင်း၊ (၄) အကျိုးကိုပြောပြခြင်းစသည့် ကံထိုက်စေသော အချက်တို့ ကိုလည်း မှတ်သား ထားရပါမည်။ သာဓကတစ်ခုပြောပြရလျှင် ဗုဒ္ဓဘုရားရှင် အလောင်းတော်ဘ၀ တံငါသည်ရွာ၌ ကလေးငယ် ဘ၀မှာ တံငါသည်တို့ ငါးခေါင်းထုသည်ကိုမြင်ရာ ၀မ်းမြောက်မိ ခဲ့သည့်အတွက် ထိုဘ၀မှ သေလွန်ပြီးနောက် ငရဲ၌ခံစားခဲ့ရ၏။ ခေါင်းကိုက် ဝေဒနာလည်း ဘ၀ပေါင်းများစွာ ခံစားခဲ့ရ၏။ နောက်ဆုံး ဘုရားဖြစ်သည့် အချိန်ထိအောင် ခေါင်းကိုက်ဝေ ဒနာကို မကြာခဏ ခံစားခဲ့ရခြင်းသည် ထိုဘ၀တုန်းက သူတစ် ပါးသတ်တာကို ၀မ်းမြောက်မိသော စေတနာကြောင့် ၀ိပါက် တော်ပြန်လည်ခံစားရခြင်းဖြစ်သည်ကို သတ္တ၀ါတို့အား ကြင်နာ သနားတော်မူသော မြတ်စွာဘုရားက ပြန်လည်၍ဟောကြား ပေးခြင်းကို သံဝေဂ ယူသင့်ပေ၏။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ပေါင်းများ စွာက စောင့်ကြိုနေ၏။ ၎င်းတို့မှာ အောက်ပါအတိုင်း (၉)မျိုးရှိ ကြ၏။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်းတွင် အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိတတ်ခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများ အသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုတိုင် အဆိပ် စသည်များ စားလျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်ကြ၏။

လင်္ကာဖြင့် မှတ်ပါလေ-
“ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့လပ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက် တတ်၊ အသတ်ခံရ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလှ၊ ပြစ်များစွသည်…ရှောင်ကအပြန် အကျိုးတည်း။”

ထိုပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအနေအားဖြင့် ဖြစ်လေရာဘ၀တိုင်း၌ရတတ်သော အဖျားအနားအပြစ် တို့ပင် ရှိသေး၏။ ထိုအပြစ်များအပြင် ငရဲ၌ကျခြင်းဟူသော ကြီးလေး သော အပြစ်များလည်းကျန်ပါသေး၏။ တစ်ခါတုန်းက အိမ်ရှင်မ တစ်ယောက်သည် ဧည့်သည်အတွက် ချက်ပြုတ်ကျွေးရန် ဟင်းလျာမရှိ သောကြောင့် အိမ်မှာရှိသောသိုးလေးကို ချက်ပြုတ်ကျွေးမိသည့် ထိုအကုသိုလ်ကံ ကြောင့် သေသော အခါ သိုးကလေး၏ အမွေးအရေအတွက်နှင့်အမျှ နှစ်ပေါင်းများ စွာကြာအောင် ငရဲ၌ခံစားခဲ့ရ၏။ ငရဲမှလွတ်သောအခါတွင် လည်း ဘ၀ပေါင်း များစွာ သူတစ်ပါး၏သတ်ခြင်းကိုခံရပြီး အကြိမ်ကြိမ်သေခဲ့ရလေ၏။

ပါဏာတိပါတ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသောအကျိုးများမှာ-
(၁) ကိုယ်လက်အင်္ဂါ ပြည့်စုံခြင်း၊
(၂) ရုပ်ဆင်းအင်္ဂါ စိုပြည်လှပခြင်း၊
(၃) လျင်မြန်သွက်လက်ခြင်း၊
(၄) ဘေးရန်ကို မကြောက်မရွံ့ခြင်း၊
(၅) သူတစ်ပါး၏ လက်ချက်ဖြင့် အသက်မသေရခြင်း၊
(၆) အနာရောဂါကင်းခြင်း၊
(၇) အခြွေအရံ မပျက်စီးခြင်း၊
(၈) အသက်ရှည်ခြင
်း စသောအကျိုးများကို ရရှိကြပေသည်။ လူ တစ်ယောက်ကို ကြည့်ပြီး ရှေးက ပါဏာတိပါတကံ ရှိ မရှိကို သိနိုင်၏။ ဖော်ပြပါ အကျိုးအပြစ်တို့ကို ဆင်ခြင်၍လည်း ကောင်း၊ သူတစ်ပါးတို့၏အသက်ကို ညှာတာ၍လည်းကောင်း၊ ယခုဘ၀မှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရန်လည်းကောင်း ပညာရှိပုဂ္ဂိုလ်သည် သတိ၊ ပညာကို မလင့်ဟင်းစေပဲ ပါဏာတိ ပါတကံကို ကြိုးစားရှောင်ကြဉ်ကြပြီး သီလ၊ သမာဓိ၊ ပညာတို့ မိမိ၌ ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။




မပေးငြားပဲ သူ့စီးပွားကို လိမ်ညာလှည့်ဖျား မခိုးငြားနှင့်…

အာဒိန္နာဒါန- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းဟုအနက်ရှိ ၏။ ထို့ကြောင့် မိမိ မှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန် ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ရမည် ဖြစ်သည်။ သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ ညာဖြန်းလှည့်ပတ်ယူ


ခြင်း၊ ကူးသန်းရောင်ဝယ်ရာ၌ တင်းတောင်း၊ ချိန်ခွင်၊ အလေးစ သည်ဖြင့်လည်းကောင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစ သည်ဖြင့်လည်းကောင်း မရိုးမသားယူခြင်း ဟူသမျှသည် အဒိန္နာဒါနာချည်းဖြစ်၏။ ယုတ်စွအဆုံး သူတစ်ပါးပိုင်သော မြက်၊ ၀ါးခြမ်းမျှကိုပင် မခိုးယူကောင်းပေ။ ခိုးယူလျှင် အဒိန္နာဒါန ကျူးလွန်းသည်မည်၏။

မိမိခိုးယူသောဥစ္စာသည် တန်ဘိုးနည်းလျှင် အပြစ်နည်းပြီး တန်ဘိုးကြီးလျှင် အပြစ်ကြီး၏။ ဥစ္စာတန်ဘိုးချင်းတူနေလျှင် သီလမရှိသူ၏ဥစ္စာကို ခိုးယူခြင်းသည် အပြစ်နည်းပြီး သီလရှိသူ ၏ဥစ္စာကို ခိုးယူခြင်းကပို၍အပြစ်ကြီး၏။ ၀ိနည်းအားဖြင့် ဆိုရ လျှင် ပုဂ္ဂလိကဥစ္စာထက် ဂိုဏ်းဥစ္စာက ပို၍အပြစ်ကြီး၏။ ၎င်းထက် သံဃိက ဥစ္စာက ပို၍အပြစ်ကြီး၏။ မိမိဥစ္စာကို သူ တစ်ပါးဥစ္စာထင်၍ ခိုးခြင်း၊ သူတစ်ပါးဥစ္စာ ကို မိမိဥစ္စာထင်၍ ယူခြင်း၊ ရင်းနှီးကျွမ်းဝင်၍ ယူခြင်းတို့၌မူ အဒိန္နာဒါနကံ မထိုက် ပေ။

သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအင်္ဂါငါးပါးရှိကြ၏။ ၎င်းတို့မှာ-
(၁) သူ့ဥစ္စာဖြစ်ခြင်း၊
(၂) သူ့ဥစ္စာဟုအမှတ်ရှိခြင်း၊
(၃) ခိုးယူလိုစိတ်ရှိခြင်း၊
(၄) ခိုးယူရန်ကြိုးစားခြင်း၊
(၅) ခိုးယူခြင်း တို့ ဖြစ်ကြပါသည်။


ခိုးခြင်း အမျိုးအစား(၂၅) ပါးရှိ၏။ ထိုပယောဂတို့ဖြင့် ခိုးခြင်းအမှုကို ကျူးလွန်နေကြပေသည်။ သီလ၀န္တပုဂ္ဂိုလ်ဖြစ် လိုသူသည် ထိုသို့ကျူးလွန်ခြင်း (၂၅) ပါးလုံးကို ရှောင်ကြဉ်ပြီး မိမိ၏သီလကို အပျက်မခံပဲ လုံခြုံအောင် စောင့်ထိန်းသင့်ပေ သည်။ ခိုးခြင်း (၂၅) ပါးတို့မှာ-

(၁) နာနာဘဏ္ဍပဉ္စက (သက်ရှိသက်မဲ့ ပစ္စည်းအမျိုးမျိုးကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(က) အာဒိယန- အိမ်၊ ကျောင်း၊ ခြံမြေ၊ ကျွဲနွားစသည်တို့ကို တရားစွဲဆို၍ခိုးခြင်း၊
( ခ) ဟရဏ- သူတစ်ပါးဥစ္စာကို ဦးခေါင်းဖြင့် သယ်ဆောင်လာ စဉ် ခိုးလိုစိတ်ဖြင့် ပခုံးသို့ချ၍ခိုးခြင်း၊
( ဂ) အ၀ဟရဏ- သူတစ်ပါးအပ်နှံထားသည်ကို ပိုင်ရှင်ပြန် တောင်းစဉ် ငြင်းဆို၍ခိုးခြင်း၊
(ဃ) ဣရိယာပထ၀ိကောပန- ဘဏ္ဍာကိုဆောင်လာ သူနှင့်တ ကွ ဥစ္စာကိုပါခိုးအံ့ဟု ဆောင်လာသူကို ခြိမ်းခြောက်ပုတ်ခတ်၍ ဆောင်လာသူ၏သွားလာမှုကို ဖျက်၍ခိုး ခြင်း၊
(င) ဌာနာစ၀န- ကြည်းကုန်း၌ချထားသော သူတစ်ပါးဥစ္စာကို နေရာရွေ့၍ခိုးခြင်း၊

(၂) ဧကဘဏ္ဍပဉ္စက (သက်ရှိပစ္စည်းတစ်မျိုးကို နည်းငါးမျိုးဖြင့် ခိုးခြင်း)
(က) အာဒိယန- ကျွဲနွားစသည်ကို တရားစွဲဆို၍ခိုးခြင်း၊
( ခ) ဟရဏ- (နာနာဘဏ္ဍပဉ္စကနှင့်တူ၏။။)
( ဂ) အ၀ဟရဏ- ။
(ဃ) ဣရိယာပထ၀ိကောပန- ။
( င) ဌာနာစ၀န- ။

(၃) သာဟတ္ထိကပဉ္စက (သက်မဲ့ပစ္စည်းကို နည်းငါးမျိုး ဖြင့်ခိုး ခြင်း)
(က) သာဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
( ခ) အာဏတ္တိက- သူတစ်ပါးကို ခိုးခိုင်းခြင်း၊
(ဂ) နိဿဂ္ဂိယ- ကင်း၊ အကောက်ခွန် ရှောင်လွဲ၍ခိုးခြင်း၊
(ဃ) မတ္ထသာဓက- အခွင့်သာသည့်အခါ ခိုးရန်စေခိုင်းထား ခြင်း၊
( င) ဓုရနိက္ခေပ- ပိုင်ရှင်က ငါ့ဥစ္စာဆုံးပြီဟု အောက်မေ့သည် နှင့် ခိုးမှုမြောက်ခြင်း၊

(၄) ပုဗ္ဗပယောဂပဉ္စက (ရှေးဦး လုံ့လပြု၍ ခိုးခြင်းငါးမျိုး)
(က) ပုဗ္ဗပယောဂပဉ္စက- အခိုးခိုင်းစဉ်ကပင် ခိုးမှုမြောက်ခြင်း၊
( ခ) သဟပယောဂ- ခြံမြေပိုင်းခြား စိုက်ထူထားသော မှတ်တိုင် စသည်ကို ပြောင်း ရွှေ့စိုက်၍ ခိုးခြင်း၊
( ဂ) သံဝိဒါဝဟာရ- စုပေါင်းတိုင်ပင်၍ ခိုးခြင်း၊
(ဃ) သင်္ကေတကမ္မ- အချိန်၊ နာရီ အချိန်းအချက်ပြု၍ ခိုးခြင်း၊
( င) နိမိတ္တကမ္မ- မျက်စိမှိတ်ပြ၊ လက်ဟန်ခြေဟန်ပြ၍ ခိုးခြင်း၊

(၅) ထေယျာဝဟာရပဉ္စက (ဖောက်ထွင်း ခိုးခြင်းငါးပါး)
(က) ထေယျာဝဟာရ- နံရံစသည်ကို ဖောက်ထွင်း၍ တင်း တောင်း၊ အလေး၊ စာရင်းဇယားစသည်ကို လိမ်၍ခိုးခြင်း၊
( ခ) ပသယှာဝဟာရ- တိုက်ခိုက်လုယက် အနိုင်အထက်ပြု၍ ခိုးခြင်း၊
( ဂ) ပရိကပ္ပာဝဟာရ- ဥစ္စာနှင့် ဥစ္စာထားရာ နေရာကို ကြံဆ၍ ခိုးခြင်း၊
(ဃ) ပဋိစ္ဆန္နာဝဟာရ- နောက်မှခိုးရန် စိတ်အကြံဖြင့် ရေဆိပ်စ သည်၌ ချွတ်ချထားသော သူ့ဥစ္စာကို မြေ၊ မြက် စသည်ဖြင့် ဖုံး ကွယ်၍ ခိုးခြင်း၊
( င) ကုသာဝဟာရ- အနိုင်ရရန်၊ ပစ္စည်းကောင်းရရန် မဲလိပ် ကမ္ဗည်း ပြောင်းလိမ်၍ ခိုးခြင်း တို့ဖြစ်ကြ၏။
ထိုသို့ ခိုးယူခြင်း (၂၅) မျိုးလုံးကို ရှောင်ကြဉ်နိုင်မှသာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံ သော သီလ၀န္တပုဂ္ဂိုလ်ဖြစ်ပေမည်။

အာဒိန္နာဒါနကံ ကျူးလွန်မိခြင်းကြောင့် ရရှိသောအပြစ်တို့မှာ (၆) မျိုးရှိကြပါသည်။ အာဒိန္နာဒါနကံ ကျူးလွန်ခဲ့သူတို့မှာ-

(၁) ဥစ္စာပစ္စည်း မွဲတတ်ခြင်း၊
(၂) ဆင်းရဲတတ်ခြင်း၊
(၃) ငတ်မွတ်ခြင်း၊
(၄) အလိုရှိသောအရာကို မရနိုင်ခြင်း၊
(၅) ကူးသန်းရောင်းဝယ်မှု မတတ်ခြင်းကြောင့် စည်းစိမ်ပျက်စီး တတ်ခြင်း၊
(၆) ရေ၊ မီး၊ သူခိုး၊ အမွေခံ သားဆိုးသမီးဆိုး၊ မင်းဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊
ဤ မကောင်းကျိုးများကို တွေ့ကြုံခံစားကြရပေသည်။

လင်္ကာဖြင့် မှတ်ပါလေ-

“အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ကာ အပြန်အကျိုးတည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့မှာ ဖြစ်လေရာဘ၀တိုင်း၌ ၀ဋ်လိုက် သည့်အနေအားဖြင့် ရတတ်သော အပြစ်များသာရှိသေး၏။ ထို အပြစ်များထက် ကြီးလေးစွာသော ငရဲ၊ ပြိတ္တာတို့၌လည်း ဆင်းရဲဒုက္ခကို ခံစားကြရပေသည်။ ရှေးတုန်းက ဈေးသည်မိန်းမ (၄) ယောက်တို့သည် အလေးချိန်ခွင် စဉ်းလဲခြင်းစသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ်ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာများဖြစ်ကြလေသော် မိမိတို့၏ ရှေးဟောင်း နှောင်းဖြစ်တွေကို မြင်ကြရုံသာမက ကျန်ရစ်သော ယောက်ျား တို့က နောက်မယားယူကြပြီး မိမိတို့ စုဆောင်းထားခဲ့သော ပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသဖြင့် မခံနိုင်ကြသော ကြောင့် “တရားရော မတရား ရော ငါတို့စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကို နောက်သား၊ နောက်မယားတွေက အပင်းဆို့နေ ကြသဟဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပါပြီ” ဟု မြို့ရိုးပေါ်က နေပြီး ဟစ်အော်နေကြရှာလေ၏။ ထို့ကြောင့် မိမိတို့၏ မိသားစု အတွက် မတရားသော နည်းတို့ဖြင့် စီးပွားမရှာသင့်ပေ။ အိမ်ထောင်ဦးစီး၏လုပ်စာကို တစ်မိသားစုလုံး စားကြငြားသော်လည်း အကုသိုလ်အမှုဖြင့် ရှာဖွေကျွေးမွေးမိသူ မိမိသာလျှင် ဆိုးကျိုးအပြစ်တို့ကို ခံစားရမည်ကို သတိပြုသင့်ပေသည်။

အတိတ်၌ သူတစ်ပါးတို့အား လှည့်ပတ်ဖြားယောင်းပြီး သူ့ဥစ္စာကို ခိုးယူ၍ စီးပွားရှာခဲ့ခြင်း၊ ဒါနကုသိုလ်နည်းခဲ့ခြင်းတို့ကြောင့် ယခုဘ၀၌ ဆင်းရဲခြင်း၊ လာဘ်တိတ်ခြင်းဘေးတို့နှင့် တွေ့ကြုံ ကြရခြင်းဖြစ်၏။ ထိုသို့ အကျင့်သီလတို့ ပျက်ခြင်းသည် ဆိုးကျိုး တရားတို့ နောက်၌ရှိသည်ဟု ပညာဥာဏ်ဖြင့် မဆင်ခြင်နိုင်ခဲ့မှု ကြောင့် ဆင်းရဲတို့ဖြင့်သာ အဖန်ဖန်ကျင်လည်နေကြရ ခြင်းဟူသော သံသရာဘေးဒုက္ခတို့ကို တွေ့ကြုံခံစားကြရခြင်းဖြစ်သည် ကို ယခု၌ ဥာဏ်ဖြင့်ဆင်ခြင်သင့်၏။ ကုသိုလ် တရားတို့ကို ပွားများသင့်၏။ ဘုရားရှင်သာသနာတော်ကြီိးနှင့် တွေ့ကြုံနေတုန်းမှ အမြတ်ဆုံး ကုသိုလ်ပါရမီတို့ကို မဖြည့်ကျင့်မဆည်းပူးနိုင်ပဲ တစ်ဘ၀ တစ်နပ်စာ ယခုဘ၀ ချမ်းသာရေးအတွက်တစ်ခုသာ ကြည့်နေကြလျှင်ဖြင့်၊ သီလပျက်နေကြ လျှင်ဖြင့် မိမိလောက် ဥာဏ်ဆင်းရဲသူ အဘယ်မှာလျှင်ရှိတော့အံ့နည်း။ ထိုသို့ မိမိကိုယ်ကို သတိပေးဆင်ခြင်ပြီး ကုသိုလ်တရားတို့ကို အထပ်ထပ်ပွားများ၍ ၀ိပဿနာတရား အားထားကာ ပညာဥာဏ်ချင့် ထောက် သံသရာမှ လျှင်မြန်စွာထွက်မြောက်နိုင်ကြပါကုန်။

စာဖတ်သူတို့အားလုံး ဘေးဘယာ ဝေးကွာ၍ ချမ်းသာစွာ တရားအားထုတ်နိုင်ကြပါစေ။




ကာမဖောက်ပြား မမှောက်မှားနှင့်…

ကာမေသု- ကာမဂုဏ်ကို၊ မိစ္ဆာ- မှားယွင်းစွာ၊ အာစာရ- ကျူးလွန် ခြင်းဟူ၍ အနက် အဓိပ္ပာယ်ရတာဖြစ်ခြင်းကြောင့် သူတစ်ပါးမယား ပြစ်မှားစော်ကားမိခြင်းလောက်ဖြင့် မှတ်ယူ မထားသင့်ပေ။ “နှမချင်း စာနာထောက်ထားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်

ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ကာမေသုမိစ္ဆာစာရ ဟူသောအမှုကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ သည်ပင်လျှင် အချို့သောသူတို့ ရှင်းလင်းစွာ နားမလည်ကြပေ။ အနောက်တိုင်းသားတို့အနေဖြင့်မူ နားလည်ဘို့ ပို၍ပင်ဝေးကွာ လှပေသည်။ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းဟူသောအမှုကို ရှင်းလင်းစွာ နားလည်ထားဘို့ လိုအပ်၏။ ထို့ကြောင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမတို့အတွက် ကျွန်ုပ်ဖတ်မှတ်ခဲ့သော တရားစာ အုပ်တို့မှ ဖော်ပြလိုက်ခြင်းဖြစ်၏။

ကာမဂုဏ်တို့၌ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟု သီလဆောက် တည်ထားသူအမျိုးကောင်းသားသည် မိမိ၏သီလ မကျိုးမပေါက်စေရန် အောက်ပါ အာဂမနီယ၀တ္ထု မသွားမလာ အပ်သော မိန်းမ(၂၀)ကို ရှောင်ကြဉ်ရပါမယ်။
(၁) မာတုရက္ခိတ - မိခင် စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင် စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိန်ဆည်းခံရသော မိန်းမ၊
(၁၀) သပရိဒဏ္ဍ - ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်း မိန့်ထုတ်ခံရသော မိန်းမ(တော်ကောက်ထားသည့် မိန်းမ)။

မာတုရက္ခိတမှ ဓမ္မရက္ခိတအထိ မိန်းမရှစ်မျိုးတို့ကို မိဘစသူတို့က စောင့်ထိန်းသည် ဆိုရာ၌ မိဘစသူတို့သည် ထိုမိန်းမတို့၏ အထိအ တွေ့(ဖဿ)ကို အစိုးလည်းမရ၊ ပိုင်ဆိုင်မှုလည်းမရှိသဖြင့် မစောင့် ရှောက်နိုင်။ ဖဿကို စောင့်ရှောက်ကြသည်မဟုတ်။ အမှန်မှာ ယုတ် မာသောအကျင့်နှင့် ယောက်ျားတစ်ပါးနှင့် သွားလာနေထိုင်မှုကိုသာ တားမြစ်စောင့်ရှောက်နိုင်ကြသည်။ ထို့ကြောင့် ထို မိန်းမရှစ်မျိုးတို့မှာ ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံ မ ထိုက်၊ အဘယ့်ကြောင့်ဆိုသော် ကာမပိုင်လင်မရှိသောကြောင့် တည်း။ သာရက္ခ၊ သပရိဒဏ္ဍမိန်းမနှစ်မျိုးတို့မှာ ရည်စူးသတ် မှတ် ထားသူရှိခြင်းကြောင့် ယောက်ျားတစ်ပါးနှင့် ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာ စာရကံထိုက်၏။
(၁၁) ဓနက္ကီတ - ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ - အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ - ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ - အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ - ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်း သင်းသော မန်းမ ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီး အား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကိုချစေ ၍ ပေါင်းသင်းသောမိန်းမ၊
(၁၇) ဒါသီ - ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ် သော မိန်းမ၊
(၁၉) ဓဇာဟဋာ - သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ပေါင်း သင်းသော မိန်းမ၊
(၂၀) မုဟုတ္တိကာ - ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။

အထက်ပါ မိန်းမ (၂၀) တို့တွင် နံပါတ် (၉) သာရက္ခမှ နံပါတ် (၂၀) မုဟုတ္တိကာ အထိ မိန်းမ (၁၂) မျိုးတို့သည် ပိုင်ဆိုင်သူရှိသော ကြောင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားယောက်ျားများနှင့် သော်လည်းကောင်း၊ တိရစ္ဆာန်အထီးများနှင့် သော်လည်းကောင်း ကာမဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရကံထိုက်၏။ အဘယ် ကြောင့်ဆိုသော် လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့စေသောကြောင့်ဖြစ်သည်။ ယောက်ျားများ မှာမူ မိန်းမ (၂၀) အနက် တစ်ယောက်ယောက်နှင့် ဖောက်ပြန် လျှင် ကာမေသုမိစ္ဆာရကံ ထိုက်၏။ ထို့ကြောင့် ရှေးဆရာကြီးများ က“မိန်းမ နှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ” ဟု ဆုံးမ ခဲ့ကြ၏။

ဤသိက္ခာပုဒ်၌လည်း သီလမရှိသူ၌ ကျူးလွန်လျှင် အပြစ်နည်း၏။ သီလရှိသူ၌ ကျူးလွန်လျှင် အပြစ်ကြီး၏။ သီလမရှိသူအပေါ်၌လည်း အနိုင်ကျင့် ကျူးလွန်လျှင် အပြစ်ကြီး၏။ နှစ်ယောက်အလိုဆန္ဒတူ၍ ကျူးလွန်လျှင် အပြစ်နည်း၏။ မှားယွင်းလိုသော စေတနာလည်း မရှိ အလိုလည်းမတူဘဲ အနိုင်အထက်ကျူးလွန်ခံရသူအား ကာမေသု မိစ္ဆာစာရမဖြစ်၊ ကျူးလွန်သူ၌သာဖြစ်၏။ အမှောင်ခန်းထဲ၌ အိပ်နေစဉ် မသူတော် လာရောက်နေထိုင်သည်ကို မိမိလင်မှတ်၍ သာယာသောမိန်းမအားလည်းကောင်း၊ မိမိ မယားနှင့် ယှဉ်အိပ်နေ သူ အမျိုးသမီးအား မိမိမယားမှတ်၍ မှားမိသောယောက်ျားအား လည်းကောင်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။

မဂ်နှင့်ပတ်သက်၍လည်း သိဘို့လိုအပ်၏။ မဂ္ဂ=မဂ်=လမ်းကြောင်း။ လူတို့ခန္ဓာကိုယ်တွင် ကာမကျူးလွန်၍ ဖောက်ပြန်နိုင်သောလမ်း ကြောင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ-
(၁) ၀စ္စမဂ် - ကျင်ကြီးစွန့်ရာ လမ်းကြောင်း၊
(၂) ပဿာဝမဂ် - ကျင်ငယ်စွန့်ရာ လမ်းကြောင်း၊
(၃) မုခမဂ် - စကားပြောရာလမ်းကြောင်း၊
တို့ဖြစ်ကြသည်။ ယင်းတို့အနက် မိန်းမတို့၏ မဂ်သုံးမျိုး၌ ယောက်ျား ၏ ပဿာဝမဂ်ဖြင့် ကျူးလွန်သော်လည်းကောင်း၊ ယောက်ျားအချင်း ချင်းဝစ္စမဂ်၊ မုခမဂ်တို့၌ ကျူးလွန်သော်လည်းကောင်း ကာမေသုမိစ္ဆာ စာရကံ ထိုက်၏။ မိန်းမအချင်းချင်း၊ မဂ်တူအချင်းချင်း ထိတွေ့ဆက် စပ်လျှင်မူ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါ။

ကာမေသုမိစ္ဆာစာရကံ မြောက်စေသော အင်္ဂါလေးပါရှိ၏။ ၄င်းအင်္ဂါ များမှာလည်း ယောက်ျားများအတွက်သာရည်ရွယ်ပေသည်။ ထိုအင်္ဂါ (၄)ပါးတို့ကတော့-
(၁) မသွားလာအပ်သော အဂမနီယ၀တ္ထု ဖြစ်ခြင်း၊
(၂) အဂမနီယ၀တ္ထု၌ မှိဝဲလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) သာယာခြင်း တို့ဖြစ်ကြ၏။

မိမိ၏ မယား၌ ကာမေသုမိစ္ဆာစာရကံ ထိုက်ခြင်း အင်္ဂါ (၄) ပါးလည်း ရှိသေး၏။ ၎င်းတို့မှာ-
(၁) အကာလ - ရောဂါ ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ၊
(၂) အာဒေသေ - မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်နေရာ၊
(၃) အဓမ္မေန - ကျင့်ရိုးမဟုတ်ကျင့်ခြင်း၊
(၄) အနင်္ဂေန - ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်သောအခါ
ဟူ၍ ရှိကြလေ၏။

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းကြောင့်ရရှိသောအပြစ်(၁၁) ချက်ရှိပါသည်။ ၎င်းတို့ ကတော့-
(၁) ကာမေသုမိစ္ဆာစာရအားကြီးသော လူသည် မလိုမုန်းထားသူ ပေါ များခြင်း၊
(၂) မုန်းရုံမက ရန်သူလည်း များခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှု ကင်းဆိတ်ခြင်း၊
(၅) မိန်းမ ဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ် ၊ ယောက်ျားမဟုတ် ပဏ္ဍုတ်ဖြစ်ရခြင်း၊
(၇) ယောက်ျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉) အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ယွင်းချို့ သေးသိမ်ခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁) ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း တို့ ဖြစ်ကြ၏။
လင်္ကာဖြင့်မှတ်ပါလေ-
“မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြအများ၊ ရန်သူပွား၍၊ ရှားပါး လာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောက်ကအပြန် အကျိုးတည်း။”
ဤ ပြဆိုခဲ့သော အပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ ကြုံတွေ့ ရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ကာမေသုမိစ္ဆာစာရကံ အားကြီးသော သူဌေးသားလေးယောက်တို့၏ “လောဟကုမ္ဘီ” ခေါ်သံရည်ပူငရဲမှ “ဒု၊ သ၊ န၊ သော” ဟု ဟစ်အော်ကြပုံကိုလည်း လူအများပင်ကြား ဖူးကြ လေပြီ။ အထူး ဆင်ခြင်ဖွယ်ကောင်းသော အရှင်အာနန္ဒာအလောင်း ၏ ဖြစ်ပုံလည်း ရှိသေး၏။ အရှင်အာနန္ဒာအလောင်းသည် ကမ္ဘာတစ် သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာမှာ ပင် တစ်ခုသောဘ၀၌ ရွှေပန်းတိမ်သည်သားဖြစ်၏။ ထိုဘ၀တုန်းက လူလေ၊ လူလယ်တို့နှင့် ပေါင်းမိ၍ ကာမေသုမိစ္ဆာစာ ရအမှုကို ပြုလေ သည်။(လူမိုက်နှင့် ပေါင်းခြင်းကား ဤမျှလောက် အပြစ်များ၏။)
ထို အကုသိုလ်ကံကြောင့် ရောရုဝငရဲ၌လည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် လွတ်မြောက်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကိုက်ဖောက်ခံရ၏။ ထို့နောက် တစ်ဘ၀၌ နွားဖြစ်၍ သင်းကွပ် (ဝှေးစေ့အထုတ်) ခံရ၏။ ထို့နောက် မိန်းမ မဟုတ်၊ ယောက်ျားမ ဟုတ်ပဏ္ဍုပ်ဖြစ်ရ၏။ ထို့နောက် (၅) ဘ၀မြောက်၌ အကုသိုလ်ကံ အခွင့်ရ၍ နတ်ပြည်၌ ဖြစ်ရသော်လည်း ထိုကာမေသုမိစ္ဆာစာရကံ နှောင့်ယှက်မှုကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀လုံး လုံး ဖြစ်ရသေး၏။ ထိုဘ၀တို့နောက်၌ လူ့ပြည်မှာ ဘုရင့်သမီးဖြစ်ရ ပြန်၏။ ထို ဘ၀နောက်မှ ယောက်ျားဘ၀ကိုရလေည်။ ဤသို့လျှင် ကာမေသုမိစ္ဆာစာရကံအတွက် ပါရမီရှင်ကြီးသော်မှ ငရဲကျရ၊ ဘ၀ များစွာပင် အောက်ကျနောက်ကျ ဖြစ်ရသေးသည်ကို သတိပြုလျက် တစ်သံသရာလုံးက ပါလာခဲ့သောစိတ်ဆိုး၊ ၀ါသနာဆိုးကြီးကို တရား ဖြင့် စောင့်ရှောက်ကြပါကုန်။

စာဖတ်သူတို့အားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ နှလုံးစိတ် ၀မ်းငြိမ်းချမ်းကြပါစေ။


မုသားမပါ လင်္ကာမချောဟု ဆိုရိုးလိုက်ကာ မမိုက်ပါနှင့်

မုသာဝါဒ- မဟုတ်မမှန်ပြောဆိုခြင်း၊ လိမ်လည်လှည့်ပတ်ခြင်း ဟု အနက်ရှိ၏။ မဟုတ်မမှန်သောစကားဟူရာ၌ နှုတ်ဖြင့်ပြော၍ လည်းကောင်း၊ စာဖြင့်ရေး၍လည်းကောင်း၊ ကိုယ်လက် စသည် ကို လှုပ်ပြ၍လည်းကောင်း လိမ်သမျှ ညာဖြန်းသမျှ အားလုံးပါ


ဝင်၏။
သူတစ်ပါးတို့အကျိုးစီးပွား ပျက်သွားအောင် လိမ်ညာလှည့်ဖြား သော မုသားမျိုး သည် အပါယ်ရောက်ကြောင်းဖြစ်ပြီး ကိုယ်အ ကျိုးစီးပွား ပျက်မှာစိုး၍၊ ပြက်ရယ်ပြု လို၍ လိမ်ညာခြင်းကား အပြစ်နည်း၏။ သို့သော်လည်း မည်သည့်လိမ်ညာခြင်းပင် ဖြစ်စေလိမ်ညာတတ်သော အကျင့်မဖြစ်အောင် သတိထားပြီး ရှောင်ကြဉ်သင့်ပေသည်။ “မုသားမပါ လင်္ကာမချော” ဟု ပြောလေ့ရှိကြသည်။ ယင်းစကားဖြင့် အချို့က ကဗျာလင်္ကာ စီကုံးရေးသားရာ၌ပင် မုသားမပါက ပြေပြစ်မှုမရှိဟု ယူဆကြ သည်။ ထိုစကားသည် မှားယွင်းသောစကားသာ ဖြစ်ပေ၏။ ပညာရှိ သူတော် ကောင်းကြီးများသည် စကားပြောရာ၌ လည်း ကောင်း၊ ကဗျာလင်္ကာများ သီကုံးရေး သားရာ၌လည်းကောင်း မုသားကို ပြောဆိုရေးသားမှု မရှိကြပါ။

မုသားစကား ပြောဆိုရာ၌ အကျိုးစီးပွား ပျက်စီးဆုံးရှုံးအောင် ပြောဆိုလျှင် မုသာ ၀ါဒကံ ထိုက်၏။ အကျိုးစီးပွား အနည်းငယ် ပျက်စီးလျှင် အပြစ်နည်း၏။ မည်သည့် အကြောင်းအရာကိုမဆို “မမြင်ပဲ မြင်၏၊ မကြားပဲကြား၏၊ မတွေ့ပဲ တွေ့၏၊ မသိပဲ သိ၏၊ မြင်လျက် မမြင်၊ ကြားလျက် မကြား၊ တွေ့လျက် မတွေ့၊ သိလျက် မသိ” ဟု ပြောဆိုသော လူယုတ်မာတို့၏ စကား(အန ရိယဝေါဟာရ) ရှစ်မျိုးတို့တွင် တစ်မျိုး မျိုးကိုပြောလျှင် အပြစ် ကြီး၏။ မဟုတ်မမှန်ပြော၍ သံဃာကို အသင်းခွဲသော (ရဟန်း အချင်းချင်း စိတ်ဝမ်းကွဲစေသော) မုသာဝါဒသည် ပို၍အပြစ်ကြီး လေး၏။ ရှေးဘုရားအလောင်း သူတော်ကောင်းကြီးများသည် သတ်မှု၊ ခိုးမှု၊ ကာမကျူးလွန်မှု၊ အရက်သေစာ သောက်စားမှု တို့ကို ပြုလုပ်မိခဲ့ကြသော်လည်း သူတစ်ပါး အကျိုးစီးပွား ပျက်စီးချွတ်ယွင်းစေလိုသော စိတ်ဖြင့် မုသားကို လုံးဝမပြော မဆိုခဲ့ကြပေ။ သို့သော် သူတစ်ပါး အကျိုးစီးပွား မထိခိုက်မ ပျက်စီးသော မုသားမျိုးကိုမူပြောဆိုခဲ့ ကြဖူးပါသည်။
ဥပမာ- ဒုကနိပါတ် သံသုမာရဇာတ်၌ သံသုမာရ မိကျောင်းက ဘုရားအလောင်းဝါနရိန္ဒမျောက်မင်း၏ အူအသည်းကို တောင်း သောအခါ အလောင်းတော်က “ငါတို့ မျောက်မျိုး၏ အူအသည်း ကား ကိုယ်ထဲ၌ မရှိ” ဟုပြော၍ နီရဲသော ရေသဖန်းသီးကို လက်ညှိုးညွှန်ပြခဲ့ဖူး၏။ ပရိယာယ်ဖြင့် ပြောသောကြောင့် မုသာ ၀ါဒကံမထိုက်။ ဧကနိပါတ် ပဉ္စာဝုဓဇာတ်၌လည်း အလောင်း တော် ပဉ္စာဝုဓမင်းသားက သိလေ သလောမဘီလူးအား “ငါ့ဝမ်း ထဲ၌ ၀ရဇိန်လက်နက်ရှိ၏၊ ငါ့ကို နင်စားသော် ကိုယ်လက်မ ကျေပဲ အူအသည်း အပိုင်းပိုင်းပြတ်၍သေမည်” ဟု ပြောခဲ့ဖူး၏။ ဤကဲ့သို့ ဘုရားအလောင်းပြောဆိုခဲ့သော မုသားများမှာ မုသာ ၀ါဒကံ မထိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် ပညာတည်းဟူ သော ၀ရဇိန်လက်နက်ကို ရည်ရွယ်ရင်း ရှိသောကြောင့်ဖြစ်၏။

မုသာဝါဒအရာ၌ အကျိုးစီးပွားပျက်စီးမှ မုသာဝါဒကမ္မပထ မြောက်၏။ အကျိုးစီးပွား မပျက်စီးလျှင် မုသာဝါ ဒကံမျှသာ ဖြစ် သည်။ မုသားစကား ပြောဆိုသော အင်္ဂါ(၄)ပါးရှိ၏။ ၎င်းတို့မှာ-
(၁) မဟုတ်မမှန်သော အကြောင်းဖြစ်ခြင်း၊
(၂) လိမ်ညာလှည့်စားလိုစိတ်ရှိခြင်း၊
(၃) လုံ့လပြုခြင်း၊
(၄) မိမိလှည့်စားသည့် အဓိပ္ပာယ်ကို သူတစ်ပါးနားလည်ခြင်း
တို့ဖြစ်ကြပါသည်။

မုသားပြောဆိုခြင်းကြောင့်ရရှိသော အပြစ်(၉)မျိုးရှိပါသည်။ ၎င်း တို့မှာ-
(၁) ယခုဘ၀၌ စကားပီပီသသ မပြောတတ်ခြင်း။
(၂) သွားများ မညီမညွတ် ရှိခြင်း။
(၃) ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။
(၄) ကိုယ်အရေးအသား ပူရှိန်ခြောက်ကပ် စိုစိုဖတ်ဖတ်မရှိခြင်း။
(၅) မျက်စိ-နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
(၆) ပုံဟန်မလှပဲ ဆိုးရွားချွတ်ယွင်း ဖောက်ပြန်ခြင်း။
(၇) သူတစ်ပါးအပေါ်၌ သြဇာမတည်ခြင်း။
(၈) အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
(၉) စိတ်မတည်ပဲ လျှပ်ပေါ်လော်လီတတ်ခြင်းတို့ ဖြစ်ကြပါ သည်။


လင်္ကာဖြင့်မှတ်ပါလေ-

“မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပြီ၊ သွားမငြီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက် ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနောက်၊ ပုံယွင်း ဖောက်၍၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော် လည်၊ စိတ် မတည်သည်၊ ရှောင်မည်အပြန် အကျိုးတည်း။”


ဤသို့ စသည်ဖြင့် အပြစ်များပါသည်။ မုသားပြောဆိုသူသည် ဘယ်ကိစ္စ၌မျှ မယုံကြည်ရသောကြောင့် အကြီးအကဲ မဖြစ်နိုင် ပေ။ ဤပြဆိုခဲ့သော အပြစ်တို့ကား ၀ဋ်လိုက်သောအားဖြင့် ရောက်လေရာဘ၀၌ ရတတ်သောအပြစ်များသာရှိသေး၏။ တ ချို့သော မုသားစကားများမှာ ငရဲရောက်အောင်ပင် အပြစ်ကြီ ၏။ ကမ္ဘာဦးတွင် စေတီယတိုင်းကို အုပ်ချုပ်ခဲ့သော “ဥပ၀ရ” ခေါ် စေတီယမင်းသည် မုသားစကား ပြောဆိုခဲ့ခြင်းကြောင့် မြေမျိုပြီး အ၀ီစိ၌ခံစားရသည်ကို သံဝေဂယူသင့်လှပါသည်။

ဤစေတီယ၀တ္ထု၌ မုသာဝါဒ၏အပြစ်ကား လွန်လွန်းလှ၏ဟု မှတ် ထင်ကြပေလိမ့်မည်။ မလွန်လွန်းပါပေ။ ထိုစေတီယမင်း၏ မုသား ပြောသောအချိန်ကား တစ်စုံတစ်ယောက်မျှ မုသားပြော သူမရှိသေးချေ။ အားလုံးသစ္စာတည်သောအခါ ဖြစ်သည်။ ညစ် စုတ်ပေတေနေသော လက်နှီး၌ အိုးမဲထိသော်လည်းမထူး၊ ဖြူ စင်သော ပ၀ါ၌ကား မြူမှုန့်လောက် အကွက်ကလေးပင် ထင် ရှားသကဲ့သို့ အားလုံး သစ္စာတည်ကြသောကာလ၌ ပထမဖြစ် သော ထိုမုသားသည် အလွန်ထင်ရှား၍ အပြစ်လည်းကြီး မားလေသည်။ ယခုခေတ်ကား “မုသားမပါ လင်္ကာမချော” ဟူ သောစကားကို လက်ကိုင်ပြုလျက် မုသားကိုရေလဲနှင့် သုံးစွဲနေ ကြသောခေတ် ဖြစ်၏။

ထို့ကြောင့် မုသားပေါသောခေတ်၌ မုသားပြောသူတိုင်း မြေမျိုရ လျှင် မြေကြီးပင် အားလပ်ခွင့်ရတော့မည် မဟုတ်ချေ။ ထို့ပြင် ကမ္ဘာဦး၌ မုသားလောက်အပြစ်ကြီးသော အပြစ်များလည်း မရှိသေးပေ။ ယခုခေတ်၌ကား မုသားလောက်အပြစ်ကို အပြစ် ဟု ဆိုဖွယ်မရှိ လောက်အောင် ထို့ထက်ဆိုးရွားသော အပြစ် ကြီးတွေက လွှမ်းမိုးနေ သောကာလဖြစ်ပေသည်။ သို့ရာတွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်ဘ၀၌ အကျိုးမ ထင်ရှားစေကာမူ သံသရာ၌ ၀ဋ်လိုက်သောအပြစ်မှာ စေတီယ မင်း၏ အဖြစ်မျိုးထက် သက်သာလှမည် မဟုတ်သည့်အပြင် တကယ့်သူတော်စင် ပါရမီရှင်မှန်လျှင် သစ္စာပါရမီကို လိုလိုချင် ချင် ဖြည့်ရမည်ဖြစ်သောကြောင့် မုသားမှန်သမျှကို အသေးအ ဖွဲကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကိုသာ နှစ်နှစ်သက်သက် ဖြည့်ကျင့်ကြပါလျှင် မိမိ၌တည်သောသစ္စာကြောင့် အလိုလိုအ ရှိန်အ၀ါတက်လာလိမ့်မည် ဖြစ်ပါသည်။

“မုသားမပါ၊ လင်္ကာမချောဟု၊ ဆိုးရိုးလိုက်ကာ၊ မမိုက်ပါပ၊ဲ သစ္စာ စကား၊ ပြောဆိုသွားကာ၊ ငြိမ်းရာဒုက္ခ၊ လှမ်းကုန်ကြဟု၊ နှိုးဆော်သမှု၊ ဆောင်းပါးပြုသည်၊ များထွေသာဓု၊ ခေါ်စေသတည်း။”


သေရည်အရက်စီးပွားပျက်ကို တစ်စက်ကယ်မျှမသောက်ကြနှင့်

သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- သေရည်အရက်တို့သည် ကုသိုလ်ကောင်းမှု တို့၌ မေ့လျှော့ခြင်း၏ အကြောင်းဖြစ်ပါသည်။ ထို့ကြောင့်သေရည် အရက်ကို တစ် စက်မျှပင် မသောက်သုံဘဲနေနိုင်ရန် ကျင့်ကြံသင့်ပါသည်။ သေရည်ဟုဆိုရာတွင် မူး


ရစ်စေတက်သောအရာကို ထည့်၍ပြုလုပ်စီရင်အပ်သော အရည်ကိုပင် ခေါ်ဆိုထိုက် ပါသည်။ သေရည်အရက် သာမက ဘီယာ၊ ထန်းရည်၊ မူးရစ်ဆေး၊ ဆေးခြောက် စ သောအရာအားလုံးကိုလည်း ဤသိက္ခာပုဒ်၌ မှတ်ယူကြပါသည်။
ထိုသေရည်အရက်ကို သောက်စားမိလျှင် မူးရစ်၍ တွေးချင်ရာတွေးကာ ကု သိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တက်၏။ ထို့အပြင် အသိဉာဏ်ပညာ ထုံထိုင်းကာ အမှားအမှန်ကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်မည်မဟုတ်ပါ။ သေရည်အ ရက်သောက်စား ခြင်းသည် မိမိကိုယ်တိုင်သောက်သုံးမှ အကုသိုလ်အကျိုးပေးခံ စားရမည်မဟုတ်ပါ။

(၁) ကိုယ်တိုင်သောက်စားခြင်း။
(၂) သူတပါးအားသောက်စားခိုင်းခြင်း။
(၃) သူတပါး သောက်စားနေသည်ကိုဝမ်းသာခြင်း။
(၄) အကျိုးကိုပြောပြခြင်း
စသည့် ကံထိုက်စေသောအကြောင်းများကိုလည်း မှတ်သားထားရပါမည်။

သေရည်အရက်ကို စတင်သောက်သုံးစဉ်က ကျန်းမာရေးအရ နည်းနည်းပါး ပါးဆိုသော်လည်း မကောင်းမှုဟူသည် စတင်ပြုလုပ်ပြီးပါက ဖြတ်တောက် ရန် ခက် ခဲတက်ပါသည်။ နောက်ဆုံးတွင် မဖြတ်နိုင်တော့ဘဲ စွဲလန်းမူးရစ်စေပါတော့သည်။ သေရည်အရက် သောက်စားပြီးပါက မူးရစ်ကာ အခြားသော သီလများကိုလည်း ဆက်လက်ထိန်းသိမ်း နိုင်ရန်မလွယ်တော့ပါ။ ကောင်းမှုကုသိုလ် အလုပ်များလည်း လုပ်ဆောင်နိုင်မည်မဟုတ် တော့ပါ။ ထိုသို့ဖြင့် သေရည်အရက်သောက်စားခြင်း၏ အပြစ်များကို ဖော်ပြရပါမည်…

၁။ အရေးအခွင့် သင့်၊ မသင့်ကို မသိတက်ခြင်း၊
၂။ ပျင်းရိတက်ခြင်း၊
၃။ မေ့လျော့ မူးရစ်တက်ခြင်း၊ ( နောင်ဘ၀ အဆက်ဆက်၌ အရူးအနှမ်း ဖြစ် တက် ခြင်း)၊
၎။ သူများက ပြုခဲ့ဖူးသော ကျေးဇူးကို မသိတက်ခြင်း၊
၅။ ဟိရီ သြတ္တပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း၊
၆။ မည်သည့် အကုသိုလ်မှ မရှောက်ကြဉ်ဘဲ အလုံးစုံသော မကောင်းမှုကို ပြုမိ လွယ်ခြင်း၊
တို့ဖြစ်ကြ၏။ လင်္ကာဖြင့်မှတ်ပါလေ…..

“သေရည်သောက်လင့် သင့်၊ မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့မူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်… ရှောင်ခါ အပြန်အကျိုးတည်း။”
ရှောင်ကျဉ်ပါက အပြန်အကျိုးရှိသည်ဟု မှတ်ယူရပါမည်။ သုရာမေရယ သိက္ခာပုဒ်၌ မလွှဲသာ၍ ဆေးအဖြစ်အနည်းအပါး သောက်သုံးရလျှင် အပြစ်ကြီး လှမည်မဟုတ်ပါ။ အမှန်တကယ် သောက်ချင်သောစိတ်ဖြင့် သောက်ပါက မည်မျှ အထိအပြစ်ကြီးသည်ကို ရှင်တော်ဘုရားသာ သိမြင်တော်မူပါလိမ့်မည်။ ဘုရားရှင် လက်ထက်က အရှင်သာဂတ မည်သော မထေရ်သည် နဂါးကြီးနှင့် တန်ခိုးပြိုင် လေရာ အနိုင်ရသောကြောင့် ကောသမ္ဗီ ပြည်သူတို့က ထိုမထေရ်ဆွမ်းခံလာသော အခါ သေရည်ကို ကပ်လှူကြ၏။ ထိုအခါက သိက္ခာပုဒ် ပညတ်တော်မမူသေးသော ကြောင့် ကပ်လှူသမျှသေရည်များကို အရှင်သာဂတ သောက်လေရာ သေရည်မူး သဖြင့် ဈာန်အဘိညာဉ် ကွယ်ပလျှက် မြို့ပေါက်ဝတွင်လဲရှာလေ၏။ ဘုရားရှင်တွေ့ မြင်တော်မူ၍ တွဲခေါ်ဖို့ရန် အမိန့်ပေးသဖြင့် ရဟန်းများကတွဲခေါ်လာပြီး ဘုရားဘက် သို့ ဦးခေါင်းလှည့်၍ အချတွင် ဦးခေါင်းကို ပြောင်းပြန်ပြန်လျက် ဘုရားဘက် သို့ ခြေလှည့်ထားမိလေသည်။ ဤမျှလောက်တန်ခိုးရှင်ကိုပင် မရှက်တကွဲ အကျိုးနည်း ဖြစ် အောင်ပြုလုပ်တက်သော သေရည်အရက်သည် ယခုခေတ် သာမန်လူများကို အဘယ်မှာ အကျိုးများအောင် ပြုလုပ်တော့အံ့နည်း။
ရှေးအခါက ဘုရင်တစ်ပါးသည် သေရည်မူးခိုက် အသားဟင်းမပါသော ပွဲတော်စာ ကိုကပ်လာသဖြင့် ရင်ခွင်ထက်က သားငယ်ကို သတ်၍ချက် စေအပ် ဖူးလေသည်။ ဘုရားရှင်က တိကအင်္ဂုတ္ထိုရ်ပါဠိတော်၌ “သေရည်အရက်သောက်မှု၊ မေထုန်မှု၊ အိပ်မှု၊ ဤသုံးခုကို မတင်းတိမ်နိုင်၊ အားမရနိုင်၊ မ၀နိုင်သော အမှုများ”ဟု ဟောတော်မူခဲ့သည်။ ထို့ပြင်“သေရည်အရက်များစွာ သောက်သောသူသည် အပါယ်ကျတက်၏၊ အပါယ်မှလွတ်၍ လူဖြစ်လာသော် အရူးအနှမ်း ဖြစ်တက်၏” ဟုလည်းဟောတော်မူခဲ့၏။ ထို့မျှလောက် မကောင်းမှု ဖြစ်နေသော သေရည် အရက်သောက်စားခြင်းကို အပြီးတိုင်ရှောင်းရှားသင့်ပေတော့သည်။ လောကီ အကျိုးစီးပွားကိုပင် ပျက်စီးဆုံးရှုံးစေသည့် အပြင်၊ သေလွန်ပြီးသောအခါတွင် လည်း အပါယ်ကျရောက် မည်ဖြစ်သောကြောင့် အလေးနက်ထား၍ရေးသားလိုက် ရပါသည်။ ထိုအကြောင်းကို အရှင်မဟာရဋ္ဌသာရက …
“သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါ လေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ” ဟုရေးစပ်ကာ ဆုံးမတော်မူခဲ့ပါသည်။
ဤသို့လျှင် သူတော်ကောင်းတို့၏ ဆုံးမစကားအတိုင်း လိုက်နာကျင့်ကြံကာ တစ်သံသရာလုံးက ပါလာခဲ့သော အကျင့်ဆိုးကြီးကို ပယ်သတ်၍ ကောင်းကျိုး လိုရာ ဆန္ဒပြည့်ဝနိုင်ကြပါစေ။…..။



ဘ၀မီးရှူးတိုင်

လူသည်မိမိ၏ ယုံကြည်ချက်နှင့်အညီ ကျင့်ကြံပြောဆိုပြုမူသည်။ အယူဝါဒအမှားကို ယုံကြည့်ထားလျှင်အမှားကိုသာ ကျင့်ကြံ၊ ပြောဆိုပြုမူမည်ဖြစ်၍ ဤဘ၀၌အလွန်အကျိုးယုတ်


မည့်အပြင် နောင်တမလွန်ဘ၀၌လည်း အပါယ်လားရမည်ဖြစ်သည်။ အယူဝါဒအမှန်ကို ယုံကြည့်ထားလျှင်မူ အမှန်ကိုသာ အများအားဖြင့် ကျင့်ကြံ၊ ပြောဆို၊ ပြုမူမည်ဖြစ်၍ ဤဘ၀၌ မိမိ၏အကျိုးနှင့် သူတပါးတို့၏ အကျိုးကိုလွန်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အပြင် တမလွန်ဘ၀၌လည်းကြီးကျယ်သည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။
အမှောင်နှင့် အလင်းသည်လွန်စွာခြားနားသကဲ့သို့ အမှားသိသူနှင့် အမှန်သိသူတို့သည်လည်းလွန်စွာကွာခြားကြ၏။
ဗုဒ္ဓ၏ တရားဓမ္မတို့သည်ကား ဒုက္ခအားလုံးတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်လမ်း ကိုညွှန်ပြပေးသည့် ဆီမီးတိုင်ပမာဖြစ်ပေသည်။


သင်...သေသွားသော်…


ဪ.....လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေရဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင်...ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)