မပေးငြားပဲ သူ့စီးပွားကို လိမ်ညာလှည့်ဖျား မခိုးငြားနှင့်…

အာဒိန္နာဒါန- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းဟုအနက်ရှိ ၏။ ထို့ကြောင့် မိမိ မှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန် ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ရမည် ဖြစ်သည်။ သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ ညာဖြန်းလှည့်ပတ်ယူ


ခြင်း၊ ကူးသန်းရောင်ဝယ်ရာ၌ တင်းတောင်း၊ ချိန်ခွင်၊ အလေးစ သည်ဖြင့်လည်းကောင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစ သည်ဖြင့်လည်းကောင်း မရိုးမသားယူခြင်း ဟူသမျှသည် အဒိန္နာဒါနာချည်းဖြစ်၏။ ယုတ်စွအဆုံး သူတစ်ပါးပိုင်သော မြက်၊ ၀ါးခြမ်းမျှကိုပင် မခိုးယူကောင်းပေ။ ခိုးယူလျှင် အဒိန္နာဒါန ကျူးလွန်းသည်မည်၏။

မိမိခိုးယူသောဥစ္စာသည် တန်ဘိုးနည်းလျှင် အပြစ်နည်းပြီး တန်ဘိုးကြီးလျှင် အပြစ်ကြီး၏။ ဥစ္စာတန်ဘိုးချင်းတူနေလျှင် သီလမရှိသူ၏ဥစ္စာကို ခိုးယူခြင်းသည် အပြစ်နည်းပြီး သီလရှိသူ ၏ဥစ္စာကို ခိုးယူခြင်းကပို၍အပြစ်ကြီး၏။ ၀ိနည်းအားဖြင့် ဆိုရ လျှင် ပုဂ္ဂလိကဥစ္စာထက် ဂိုဏ်းဥစ္စာက ပို၍အပြစ်ကြီး၏။ ၎င်းထက် သံဃိက ဥစ္စာက ပို၍အပြစ်ကြီး၏။ မိမိဥစ္စာကို သူ တစ်ပါးဥစ္စာထင်၍ ခိုးခြင်း၊ သူတစ်ပါးဥစ္စာ ကို မိမိဥစ္စာထင်၍ ယူခြင်း၊ ရင်းနှီးကျွမ်းဝင်၍ ယူခြင်းတို့၌မူ အဒိန္နာဒါနကံ မထိုက် ပေ။

သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအင်္ဂါငါးပါးရှိကြ၏။ ၎င်းတို့မှာ-
(၁) သူ့ဥစ္စာဖြစ်ခြင်း၊
(၂) သူ့ဥစ္စာဟုအမှတ်ရှိခြင်း၊
(၃) ခိုးယူလိုစိတ်ရှိခြင်း၊
(၄) ခိုးယူရန်ကြိုးစားခြင်း၊
(၅) ခိုးယူခြင်း တို့ ဖြစ်ကြပါသည်။


ခိုးခြင်း အမျိုးအစား(၂၅) ပါးရှိ၏။ ထိုပယောဂတို့ဖြင့် ခိုးခြင်းအမှုကို ကျူးလွန်နေကြပေသည်။ သီလ၀န္တပုဂ္ဂိုလ်ဖြစ် လိုသူသည် ထိုသို့ကျူးလွန်ခြင်း (၂၅) ပါးလုံးကို ရှောင်ကြဉ်ပြီး မိမိ၏သီလကို အပျက်မခံပဲ လုံခြုံအောင် စောင့်ထိန်းသင့်ပေ သည်။ ခိုးခြင်း (၂၅) ပါးတို့မှာ-

(၁) နာနာဘဏ္ဍပဉ္စက (သက်ရှိသက်မဲ့ ပစ္စည်းအမျိုးမျိုးကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(က) အာဒိယန- အိမ်၊ ကျောင်း၊ ခြံမြေ၊ ကျွဲနွားစသည်တို့ကို တရားစွဲဆို၍ခိုးခြင်း၊
( ခ) ဟရဏ- သူတစ်ပါးဥစ္စာကို ဦးခေါင်းဖြင့် သယ်ဆောင်လာ စဉ် ခိုးလိုစိတ်ဖြင့် ပခုံးသို့ချ၍ခိုးခြင်း၊
( ဂ) အ၀ဟရဏ- သူတစ်ပါးအပ်နှံထားသည်ကို ပိုင်ရှင်ပြန် တောင်းစဉ် ငြင်းဆို၍ခိုးခြင်း၊
(ဃ) ဣရိယာပထ၀ိကောပန- ဘဏ္ဍာကိုဆောင်လာ သူနှင့်တ ကွ ဥစ္စာကိုပါခိုးအံ့ဟု ဆောင်လာသူကို ခြိမ်းခြောက်ပုတ်ခတ်၍ ဆောင်လာသူ၏သွားလာမှုကို ဖျက်၍ခိုး ခြင်း၊
(င) ဌာနာစ၀န- ကြည်းကုန်း၌ချထားသော သူတစ်ပါးဥစ္စာကို နေရာရွေ့၍ခိုးခြင်း၊

(၂) ဧကဘဏ္ဍပဉ္စက (သက်ရှိပစ္စည်းတစ်မျိုးကို နည်းငါးမျိုးဖြင့် ခိုးခြင်း)
(က) အာဒိယန- ကျွဲနွားစသည်ကို တရားစွဲဆို၍ခိုးခြင်း၊
( ခ) ဟရဏ- (နာနာဘဏ္ဍပဉ္စကနှင့်တူ၏။။)
( ဂ) အ၀ဟရဏ- ။
(ဃ) ဣရိယာပထ၀ိကောပန- ။
( င) ဌာနာစ၀န- ။

(၃) သာဟတ္ထိကပဉ္စက (သက်မဲ့ပစ္စည်းကို နည်းငါးမျိုး ဖြင့်ခိုး ခြင်း)
(က) သာဟတ္ထိက- ကိုယ်တိုင်ခိုးခြင်း၊
( ခ) အာဏတ္တိက- သူတစ်ပါးကို ခိုးခိုင်းခြင်း၊
(ဂ) နိဿဂ္ဂိယ- ကင်း၊ အကောက်ခွန် ရှောင်လွဲ၍ခိုးခြင်း၊
(ဃ) မတ္ထသာဓက- အခွင့်သာသည့်အခါ ခိုးရန်စေခိုင်းထား ခြင်း၊
( င) ဓုရနိက္ခေပ- ပိုင်ရှင်က ငါ့ဥစ္စာဆုံးပြီဟု အောက်မေ့သည် နှင့် ခိုးမှုမြောက်ခြင်း၊

(၄) ပုဗ္ဗပယောဂပဉ္စက (ရှေးဦး လုံ့လပြု၍ ခိုးခြင်းငါးမျိုး)
(က) ပုဗ္ဗပယောဂပဉ္စက- အခိုးခိုင်းစဉ်ကပင် ခိုးမှုမြောက်ခြင်း၊
( ခ) သဟပယောဂ- ခြံမြေပိုင်းခြား စိုက်ထူထားသော မှတ်တိုင် စသည်ကို ပြောင်း ရွှေ့စိုက်၍ ခိုးခြင်း၊
( ဂ) သံဝိဒါဝဟာရ- စုပေါင်းတိုင်ပင်၍ ခိုးခြင်း၊
(ဃ) သင်္ကေတကမ္မ- အချိန်၊ နာရီ အချိန်းအချက်ပြု၍ ခိုးခြင်း၊
( င) နိမိတ္တကမ္မ- မျက်စိမှိတ်ပြ၊ လက်ဟန်ခြေဟန်ပြ၍ ခိုးခြင်း၊

(၅) ထေယျာဝဟာရပဉ္စက (ဖောက်ထွင်း ခိုးခြင်းငါးပါး)
(က) ထေယျာဝဟာရ- နံရံစသည်ကို ဖောက်ထွင်း၍ တင်း တောင်း၊ အလေး၊ စာရင်းဇယားစသည်ကို လိမ်၍ခိုးခြင်း၊
( ခ) ပသယှာဝဟာရ- တိုက်ခိုက်လုယက် အနိုင်အထက်ပြု၍ ခိုးခြင်း၊
( ဂ) ပရိကပ္ပာဝဟာရ- ဥစ္စာနှင့် ဥစ္စာထားရာ နေရာကို ကြံဆ၍ ခိုးခြင်း၊
(ဃ) ပဋိစ္ဆန္နာဝဟာရ- နောက်မှခိုးရန် စိတ်အကြံဖြင့် ရေဆိပ်စ သည်၌ ချွတ်ချထားသော သူ့ဥစ္စာကို မြေ၊ မြက် စသည်ဖြင့် ဖုံး ကွယ်၍ ခိုးခြင်း၊
( င) ကုသာဝဟာရ- အနိုင်ရရန်၊ ပစ္စည်းကောင်းရရန် မဲလိပ် ကမ္ဗည်း ပြောင်းလိမ်၍ ခိုးခြင်း တို့ဖြစ်ကြ၏။
ထိုသို့ ခိုးယူခြင်း (၂၅) မျိုးလုံးကို ရှောင်ကြဉ်နိုင်မှသာ ကိုယ်ကျင့်သီလနှင့် ပြည့်စုံ သော သီလ၀န္တပုဂ္ဂိုလ်ဖြစ်ပေမည်။

အာဒိန္နာဒါနကံ ကျူးလွန်မိခြင်းကြောင့် ရရှိသောအပြစ်တို့မှာ (၆) မျိုးရှိကြပါသည်။ အာဒိန္နာဒါနကံ ကျူးလွန်ခဲ့သူတို့မှာ-

(၁) ဥစ္စာပစ္စည်း မွဲတတ်ခြင်း၊
(၂) ဆင်းရဲတတ်ခြင်း၊
(၃) ငတ်မွတ်ခြင်း၊
(၄) အလိုရှိသောအရာကို မရနိုင်ခြင်း၊
(၅) ကူးသန်းရောင်းဝယ်မှု မတတ်ခြင်းကြောင့် စည်းစိမ်ပျက်စီး တတ်ခြင်း၊
(၆) ရေ၊ မီး၊ သူခိုး၊ အမွေခံ သားဆိုးသမီးဆိုး၊ မင်းဆိုး ဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း၊
ဤ မကောင်းကျိုးများကို တွေ့ကြုံခံစားကြရပေသည်။

လင်္ကာဖြင့် မှတ်ပါလေ-

“အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ကာ အပြန်အကျိုးတည်း။”

ဤ ပြဆိုခဲ့သော အပြစ်တို့မှာ ဖြစ်လေရာဘ၀တိုင်း၌ ၀ဋ်လိုက် သည့်အနေအားဖြင့် ရတတ်သော အပြစ်များသာရှိသေး၏။ ထို အပြစ်များထက် ကြီးလေးစွာသော ငရဲ၊ ပြိတ္တာတို့၌လည်း ဆင်းရဲဒုက္ခကို ခံစားကြရပေသည်။ ရှေးတုန်းက ဈေးသည်မိန်းမ (၄) ယောက်တို့သည် အလေးချိန်ခွင် စဉ်းလဲခြင်းစသည်ဖြင့် ပစ္စည်းများကို စုဆောင်းပြီးနောက် အရွယ်ကောင်းတုန်းမှာပင် သေကြ၍ ပြိတ္တာများဖြစ်ကြလေသော် မိမိတို့၏ ရှေးဟောင်း နှောင်းဖြစ်တွေကို မြင်ကြရုံသာမက ကျန်ရစ်သော ယောက်ျား တို့က နောက်မယားယူကြပြီး မိမိတို့ စုဆောင်းထားခဲ့သော ပစ္စည်းတွေ သုံးဖြုန်းနေကြသည်ကို မြင်ရသဖြင့် မခံနိုင်ကြသော ကြောင့် “တရားရော မတရား ရော ငါတို့စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကို နောက်သား၊ နောက်မယားတွေက အပင်းဆို့နေ ကြသဟဲ့၊ ငါတို့တော့ ဒုက္ခရောက်ကုန်ပါပြီ” ဟု မြို့ရိုးပေါ်က နေပြီး ဟစ်အော်နေကြရှာလေ၏။ ထို့ကြောင့် မိမိတို့၏ မိသားစု အတွက် မတရားသော နည်းတို့ဖြင့် စီးပွားမရှာသင့်ပေ။ အိမ်ထောင်ဦးစီး၏လုပ်စာကို တစ်မိသားစုလုံး စားကြငြားသော်လည်း အကုသိုလ်အမှုဖြင့် ရှာဖွေကျွေးမွေးမိသူ မိမိသာလျှင် ဆိုးကျိုးအပြစ်တို့ကို ခံစားရမည်ကို သတိပြုသင့်ပေသည်။

အတိတ်၌ သူတစ်ပါးတို့အား လှည့်ပတ်ဖြားယောင်းပြီး သူ့ဥစ္စာကို ခိုးယူ၍ စီးပွားရှာခဲ့ခြင်း၊ ဒါနကုသိုလ်နည်းခဲ့ခြင်းတို့ကြောင့် ယခုဘ၀၌ ဆင်းရဲခြင်း၊ လာဘ်တိတ်ခြင်းဘေးတို့နှင့် တွေ့ကြုံ ကြရခြင်းဖြစ်၏။ ထိုသို့ အကျင့်သီလတို့ ပျက်ခြင်းသည် ဆိုးကျိုး တရားတို့ နောက်၌ရှိသည်ဟု ပညာဥာဏ်ဖြင့် မဆင်ခြင်နိုင်ခဲ့မှု ကြောင့် ဆင်းရဲတို့ဖြင့်သာ အဖန်ဖန်ကျင်လည်နေကြရ ခြင်းဟူသော သံသရာဘေးဒုက္ခတို့ကို တွေ့ကြုံခံစားကြရခြင်းဖြစ်သည် ကို ယခု၌ ဥာဏ်ဖြင့်ဆင်ခြင်သင့်၏။ ကုသိုလ် တရားတို့ကို ပွားများသင့်၏။ ဘုရားရှင်သာသနာတော်ကြီိးနှင့် တွေ့ကြုံနေတုန်းမှ အမြတ်ဆုံး ကုသိုလ်ပါရမီတို့ကို မဖြည့်ကျင့်မဆည်းပူးနိုင်ပဲ တစ်ဘ၀ တစ်နပ်စာ ယခုဘ၀ ချမ်းသာရေးအတွက်တစ်ခုသာ ကြည့်နေကြလျှင်ဖြင့်၊ သီလပျက်နေကြ လျှင်ဖြင့် မိမိလောက် ဥာဏ်ဆင်းရဲသူ အဘယ်မှာလျှင်ရှိတော့အံ့နည်း။ ထိုသို့ မိမိကိုယ်ကို သတိပေးဆင်ခြင်ပြီး ကုသိုလ်တရားတို့ကို အထပ်ထပ်ပွားများ၍ ၀ိပဿနာတရား အားထားကာ ပညာဥာဏ်ချင့် ထောက် သံသရာမှ လျှင်မြန်စွာထွက်မြောက်နိုင်ကြပါကုန်။

စာဖတ်သူတို့အားလုံး ဘေးဘယာ ဝေးကွာ၍ ချမ်းသာစွာ တရားအားထုတ်နိုင်ကြပါစေ။




1 comment:

Bunny Than Aye said...

Credit ပေးထားပီး ပြန်လည်အသုံးပြုပါရစေခင်ဗျား