“သဒ္ဓါ၊ မေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ်မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”
ဆရာတော်အရှင်ဆန္ဒာဓိက
အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ
စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။ သစ္စာလေးပါးမှာ လောဘဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲလည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါးတစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။ မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့်ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ နည်းလမ်းလေး ပြောပြပါမယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါမယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ်ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူသောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင်တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကိုရှောင်၍ သုစရိုက်တရား တို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏”လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။
ကျနော့်ရဲ့ဓမ္မမိတ်ဆွေ တစ်ယောက်က Tag လိုက်လို့ ဒီပို့လေး ရေးဖြစ်သွားတာပါ။ ဒါမျိုးက လူတယောက်နဲ့ တစ်ယောက်အမြင်၊ ခံစားချက်တွေက မတူကြတော့ ရေးရလို့ တော်တော်ခက်တယ်။ ကျနော့်ကို Tag လိုက်သော အစ်မနှင့်အတူ စာဖတ်သူများ ကျေနပ်နှစ် သိမ့်နိုင်ပါစေ။ အမြင်လေးတွေလည်း ရေးထားပေးခဲ့ပါ။
ဖြေကြားခြင်း၊
ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် သိက္ခာအထပ်ခံရတဲ့ ဘုန်းကြီးရော၊ သိက္ခာထပ်ပေးတဲ့ ဒါယကာ၊ ဒါယိကာမမှာ ဘာအကျိုးရလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် Post ရေးပေးပါလို့ Request လုပ်ပါတယ်။
ရဟန်းတစ်ပါးဟာ ရဟန်းဘ၀ကိုရောက်ပြီး ကတည်းကရဟန်း သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော်ရပြီး၊ ရှိပြီးသားပါ။ သိမ်ထပ်တယ်ဆိုတာ အဲဒီရှိပြီး၊ ရပြီးသားကိုဘဲ ပိုပြီးစင်ကြယ်အောင်၊ မွန်မြတ်အောင်၊ သင်္ကန်းပရိက္ခရာ လှူဒါန်းပြီး သိမ်ထဲမှာထပ်ပြီး ရဟန်းခံပေး၊ ရဟန်းပြုပေးတာကိုခေါ်ပါတယ်။ ပိုမိုပြည့်စုံရှင်းလင်းအောင် ဘုံဘေမှာ သာသနာ့ တက္ကသိုလ်တက်ရောက်နေသော ဘုန်းဘုန်း ဦးသာဓိန (ခေတ္တ၊ ဘုံဘေ)ထံ လျောက်ကြား လိုက်ပါတယ်။ ဆရာတော် ပြန်လည် မိန့်ကြားတဲ့ အတိုင်းရေးသားတင်ပြလိုက်ပါတယ်။
ရှေးဆရာတော်ကြီးများရဲ့ မိန့်ကြားချက်တွေနဲ့ကိုးမှ ပိုပြည့်စုံမှာ၊ သို့သော် ဘုန်းဘုန်း လက်လှမ်းမီသလောက်တော့ရှင်းပါမယ်။
ပုနောပသမ္ပဒကံဆိုတဲ့ သိက္ခာထပ်တဲ့အလုပ်ကို ဘုရားရှင်ဟောကြားထားတဲ့ စာပေတွေထဲမှာ ဘုန်းဘုန်း သိသလောက်ကတော့ မတွေ့ခဲ့ဘူးပါဘူး၊ ဒါဟာ ရဟန်းဖြစ်ပြီးသား ရဟန်းတစ်ပါးကို သိက္ခာထပ်တင်တဲ့အမှု၊ မပြည့်စုံတဲ့ ရဟန်းခံခြင်း ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီရဟန်းဟာ ပထမဦးဆုံး သိမ်ထဲမှာ သိမ်ဝင်ကမ္မ၀ါတစ်ကြိမ် ဖတ်ပြီးထဲက ရဟန်းဖြစ်ခဲ့ပါပြီ၊ တစ်ချို့ ပရိတ်သတ်မသန့်လို့ ရဟန်းဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် အဲလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့နောက် သိက္ခာထပ်သူ ပိုအကျိုးများတာပေါ့။
ရှေးတုန်းက အကြောင်းလေး တစ်ခုပြောပြမယ်၊ ညောင်ရမ်းခေတ် ဒုတိယအင်းဝခေတ်က တောင်ဖီလာဆရာတော်ဘုရားကြီးဆိုတာ ကြားဘူးကြလိမ့်မယ်၊ အဲဒီဆရာတော်ကြီးဟာ ပထမရဟန်းဖြစ်ခဲ့ပြီးပေမယ့် နောက်တစ်ခါ ကလျာဏီသိမ်မှာ သိက္ခာထပ်ခဲ့တယ်၊ အဲဒီအခါကစပြီးမှ သူ့ရဲ့ရဟန်းဝါကိုရေတွက်တယ်လို့ ဘုန်းဘုန်းမှတ်ခဲ့ဘူးတယ်။ အကျဉ်းချုပ်ကိုကောက် ချက်ချရရင်တော့…၊
၁။ ရဟန်းဖြစ်ပြီးသား ရဟန်းစစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုသိမ်ထပ်ခြင်းသည် အကျိုးမများလှ၊ သို့သော် ဒါယကာ ဒါယကာမတို့ဟာ သူတို့ရဟန်းရှိခဲ့ပြီဆိုပြီး ပစ္စည်းလေးပါး မပြတ်လှူဒါန်း၊ သာသနာနဲ့ ဆွေမျိုးဖြစ်ပြီးဆိုတဲ့ အသိနဲ့ကုသိုလ်တွေ အများကြီးဖြစ်တယ်။
၂။ ရဟန်းမဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်လည်း မသိသူအတွက် နောက်သိက္ခာထပ်တဲ့အခါမှ ရဟန်းဖြစ် သွားမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး အကျိုးပိုများကြတာပေါ့။ ထပ်ပြောရရင် သိက္ခာထပ်တဲ့အလုပ်ဟာ အလှူတစ်ခုကတော့ မလွဲမသွေဖြစ်တယ်၊ သို့သော် ရဟန်းခံတဲ့အလုပ် အစစ်ကတော့ မဟုတ်ဘူး၊ ရှေးလူရဲ့ အလုပ်လောက် အကျိုးမများဘူး၊ ဘုန်းကြီးတွေ ဘုန်းကြီးတော့ ဒကာ၊ ဒကာမတွေကပိုပြီး သာသနာ့ဆွေမျိုးတွေအဖြစ်နဲ့ အလှူအတန်းလုပ်တဲ့ အခါမှာတော့ သာသနာတော်အတွက် အကျိုးများ၊ လှူသူမှာလည်း အကျိုးများပါကြောင်း ဘုန်းဘုန်း ဖြေလိုက်ရပါတယ်။
SMNTL မရှင်းတာရှိရင် ထပ်မေးပါ။ ကျနော် ဆရာတော်ကို ထပ်လျောက်ပေးပါမယ်။
ကျနော်အနေနဲ့ အားလုံးကို အကြံပြုချင်တာက ဘာကောင်းမှုကိုဘဲ လုပ်လုပ် အကျိုးတရားကို မျှော်ကိုးလုပ်တာ အကျိုးမကြီးလှပါဘူး။ ကျနော်တို့တွေ မရောက်ဖူးတဲ့နေရာဆိုလို့ အနာဂါမ်တွေ သေရင်ရောက်တဲ့ ဗြဟ္မာဘုံ ငါးဘုံဘဲ ကျန်ပါတော့တယ်၊ သူတို့က အဲဒီဘုံမှာဘဲ နေပြီး နိဗ္ဗာန်ကို ရောက်ကြပါတယ်။ ဒါကြောင့် ကျနော်တို့တွေ မရောက်ခဲ့ဖူး ဘူးလို့ပြောရတာပါ။ ကျနော်တို့ရဲ့ရည်မှန်းချက်က သံသရာက လွတ်မြောက်ဖို့ပါဘဲ။ ဒါကြောင့် ဘာကုသိုလ်ဘဲ လုပ်လုပ် နိဗ္ဗာန်ကိုဘဲ ရည်စူးထားသင့်ပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပါ။ ဘာသာခြားလူချမ်းသာ နတ်ချမ်းသာတွေ အများကြီးပါဘဲ။ သာသနာနဲ့လွဲသွားရင် ကိုယ်ကျိုးကြီးနည်းပါပေါ့လား။ နိဗ္ဗာန်ကို ရည်မှတ်၍ ကုသိုလ်ပြုကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။
“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

သီတင်းကျွတ်လပြည့်နေ့၊
မြန်မာလ ၁၂လရှိရာ သီတင်းကျွတ်လသည် ခုနှစ်ခုမြောက်လဖြစ်သည်။ ဥတုသုံးပါးရှိရာ မိုးဥတုတွင်ပါဝင်သည်။ သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတုကို “သန်”ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည် အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည် ဟုအဓိပ္ပာယ်ဆောင်သည်။
ထို့ကြောင့်သန်တူလသည် ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍ ၀ါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ” ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွားများလက်ထက်ကတည်းက သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးထွန်းခြင်း၊ ဘုရားစေတီများကို မီးပူဇော်ခြင်း၊ မိဘဘိုးဘွားဆရာသမားတို့ကို အာမိသ၀တ္ထုဖြင့် ကန်တော့ခြင်းစသော ပူဇာစ ပူဇနေယျာနံ မင်္ဂလာ၊ ဂါရ၀၊ နိဝါတ မင်္ဂလာ အမှုတို့ကို နှစ်စဉ်ပြုလုပ်ကြပါသည်။
သီတင်းကျွတ်လပြည့်နေသည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ လည်းကျင်းပကြသည်။ တစ်နည်းဆိုလျှင် သီတင်းကျွတ် လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူသည်။ ထိုသို့နတ်ဗြဟ္မာများခြံရံလိုက်ပါ ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိတင့်တယ်ပြည့်စုံသော အသရေတော်ကို ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင်စိတ်တွေပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးလည်းရရှိကြသည်။
အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်းဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆုပန် သောနေ့စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင်ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ တရားချစ်ခင် သူတော်စင်အပေါင်းတို့အား တရားတော်များနာယူ ကြည်ညိုနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဘလော့မှာ ဖွင့်၍ နားကြားမရပါက တိုက်ရိုက်ဒေါင်းလုပ်ချ၍ နာကြားကြပါ။
ပဋ္ဌာန်းဒေသနာတော်၊
ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း၊
မိဘမေတ္တာ သားလိမ္မာ၊
သာသနာတော်နှစ်(၂၅၅၂) ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၃၇၀)ခုနှစ်၊ သတင်းကျွတ်လပြည့်နေ့၊
၁၄.၁၀.၂၀၀၈ (အင်္ဂါ) နေ့တွင်ကျရောက်သော “အဘိဓမ္မာအခါတော်နေ့” အတွက် ဓမ္မဒါနပြု ရေးသားလိုက်ရပါသည်။
ကိုးကားချက်။ ။ဓမ္မပိယဆရာတော်အရှင်သံဝရာလင်္ကာရ (“သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်” စာစောင်မှ)၊

“၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း”
အရှင်အာစာရလင်္ကာရ ဟောကြားတော်မူသော “၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း” တရားတော်ဖြစ်ပါတယ်။
မိဘမေတ္တာ သားလိမ္မာ၊
အရှင်သုဇာတ ဟောကြားသော “မိဘမေတ္တာ သားလိမ္မာ” တရားတော်ဖြစ်ပါတယ်။ အချိန် ၁ နာရီပဲ ဟောကြားထားတာပါ။ စာဖတ်သူများ နာကြားကုသိုလ်ယူနိုင်စေရန် ဓမ္မဒါနပြုအပ်ပါတယ်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်မှ ဘုရားခန်းပုံမှာ ပိတ်ထားနိုင်ပါတယ်။
“မိဘဟူသည်…”
မိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။
(မဃဒေ၀)
မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည်စကတည်းက စတင်စောင့်ရှောက်ခဲ့သည်မှာ မိမိတစ်ဘ၀အတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာတရားသည် သားသမီးများ အတွက် အနန္တကျေးဇူးတရားများပင်ဖြစ်သည်။ သားသမီးများအပေါ် မိဘ၏ အေးမြသန့်စင်ကြည်လင်
သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်းမရှိပေ။ ဗြဟ္မာများ၌ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဘာဝနာတရားလေးပါး မကင်းမကွာ အမြဲရှိနေ သကဲ့သို့ ထိုနည်းတူ မိဘများမှာလည်း သားသမီးများအပေါ်၌ ထိုဘာဝနာတရားလေးပါး မစွန့်ခွာဘဲ အမြဲဖြစ်ပွားလျက် ရှိနေခြင်းကြောင့်(တစ်နည်း) ဗြဟ္မ၀ိဟာရတရားလေးပါး အစဉ်ဖြစ်ပွား လျက်ရှိသောကြောင့် “ဗြဟ္မာတိ၊ မာတာ၊ ပီတရော” အမိအဖတို့မှာ ဗြဟ္မာများပင်ဟု ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ မိဘတို့သည်သားသမီးများကို ကလေးဘ၀၌ပင် စကားတတ်အောင်၊ ၀တ်တတ်အောင်၊ စားတက်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ ဘုရားရှိခိုးတတ်အောင်၊ ရဟန်းသံဃာတော်များနှင့် စကားပြောတတ်အောင် သင်ပေးကြသည်။ ထို့ကြောင့် မိဘတို့မှာ သားသမီးတို့၏ ပုဗ္ဗါစရိယ (လက်ဦးဆရာ)လည်းမည်သည်။ လောကတွင် ရုပ်ပမာဏအားဖြင့် အကြီးဆုံးဟု ယူဆကြသော မြေကြီး၊ စကြ၀ဠာ၊ မြင့်မိုရ်တောင်နှင့် သမုဒ္ဒရာစသည်တို့သည် မိဘတို့၏ ကျေးဇူးတရားပမာဏနှင့် နှိုင်းယှဉ်သော် ၀ါးရွက်၊ အပ်နဖါး၊ နွားချို၊ မိုးရေပေါက်စသည့် ပမာဏသာဖြစ်ချေတော့သည်။ သို့ဖြစ်၍ မိဘတို့၏ ကျေးဇူးဂုဏ် ကားဆပ်၍ပင် မကုန်နိုင်ပါ။
မိဘတို့၏ကျေးဇူး၊ မေတ္တာတို့ကို အဖန်ဖန်ပွားများ သတိတရားရှိနေဖို့ လိုပါသည်။ မိဘတို့ရှိစဉ် အခါတွင် မေတ္တာစိတ်၊ ကြင်နာစိတ်၊ ကရုဏာ၊ စေတနာတို့ဖြင့် ပြန်လည်ပြုစု စောင့်ရှောက်ကြရမည်။ မိမိတို့အပေါ်၌တင်ရှိသော မိဘတို့၏ဂုဏ်ကျေးဇူးမှာ လွန်စွာများပြား သောကြောင့်လည်းကောင်း၊ ကျေးဇူးဂုဏ်ကြီးမားလှသော မိဘတို့ကို လုပ်ကျွေးပြုစုခြင်းဖြင့် အလွန်အကျိုးကြီး မြတ်သောကြောင့်လည်းကောင်း၊ မိဘတို့သည် အမှန်တကယ်လုပ် ကျွေးပြုစုထိုက်သော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသည်။ ဤမျှကျေးဇူးဂုဏ်ကြီးမားလှသော မိဘများကို လောကီနည်းဖြင့် ဆပ်မည်ဆိုလျှင် ဘယ်နည်းနှင့်မျှဆပ်၍မကျေနိုင်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပါသည်။ လူ့သက်တမ်းတစ်ရာတမ်းတွင် အသက်တစ်ရာရှည်သူသည် မိဘကျေးဇူးကျေအောင်ဆပ်မည်ဟု လက်ယာပခုံးပေါ်၌ အမိကိုတင်၊ လက်ဝဲပုခုံးပေါ်၌ အဘကိုတင်လျက် ထိုအနှစ်တစ်ရာပတ်လုံး ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း၊ သဒ္ဓါ၊ သီလ၊ စာဂ စသော သူတော်ကောင်းတရားများ မရှိသေးသည့် မိဘတို့ကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ပြည့်စုံစေရန် လောကုတ္တရာ အကျိုးအတွက် ပြုလုပ်ပေးခြင်းဖြင့်သာ ကျေးဇူးဆပ်ရာရောက်ကြောင်း မြတ်ဗုဒ္ဓက မိဘကျေးဇူးဆပ်နည်းကို ဟောကြားတော်မူခဲ့ပါသည်။
ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တက်တက်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး… ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ ထို့ကြောင့် စကား တစ်ရပ်ရှိခဲ့ဖူးပါသည်။
~ မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
~ လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။
~ မိဘရဲ့မေတ္တာကို တောတောင်လျှိုမြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
~ စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လှတဲ့ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။
~ ပန်းတွေဟာ မကြာမီနွမ်းခြောက်သွားတတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေးတွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။
~ အိမ်ကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ် ပါးရဲ့မေတ္တာကတော့ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။
ဤသို့ဖြင့် မိဘများအပေါ် စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေးအတွက် အတက်နိုင်ဆုံး စီမံဆောင်ရွက်ကာ ကျေးဇူးဆပ်သင့်သလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးဖြာနှင့်လည်း ပြည့်စုံအောင်ဆောင်ရွက်ပေးပြီး အမေ၏ နို့နှစ်လုံးဖိုးနှင့် အဖေ၏ ချွေးဖိုးကျေအောင် ဆပ်နိုင်သည့် သားကောင်းသမီးများ ဖြစ်ကြရအောင် ကြိုးစားကြပါစို့။…..။
“မေတ္တာစိတ်မြတ်၊ အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ…”
ကိုးကားချက်။ ။ “အသက်ပေးပြီးချစ်တဲ့ အမေ” ( အရှင်အာစာရလင်္ကာရ )။
“သာသနာ့အခြေခံ” ( ဦးသက်စိန် )။

အပြု၊ အဖျက်ဤနှစ်ရပ်ကို ပိုင်းခြားထင်ထင်သိမြင်ပါလော့..၊
ကျွန်တော်တို့တွေသည် ဗုဒ္ဓဘာသာဝင်ဟုခံယူလိုက်သည်နှင့် တပြိုင်နက် မိမိတို့သည် အမှန်တရားကိုသာ ခွန်အားသတ္တိဖြစ်ကြောင်း ယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေး အတွက် တက်စွမ်းသမျှကြိုးပမ်းအားထုတ်မည်ဟု စိတ်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှန်တရား (သစ္စာတရား)များ၊ ထိုတရားများကို ဖော်ထုတ်ဟောကြားသွားသော မြတ်ဗုဒ္ဓနှင့် ထိန်းသိမ်းစောင့်ရှောက်ဟောကြားသော သံဃာတော်များသည်သာ ကိုးကွယ်ရာ အစစ်ဖြစ်သည်ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံကြပါသည်။ ထိုသို့ဆိုလျင် ဘုရား၊ တရား၊ သံဃာ
ကလွဲပြီး အခြားသော အယူများကို အားထားနေစရာ အကြောင်းမရှိပါဘူး။ လူတွေက လတ်တလော အဆင်ပြေမှုကို လိုလားသောကြောင့် အခြားအယူအဆများလုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု မြင်မိပါသည်။ ထိုသူမျိုးမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ အခြေခံဖြစ်သော ကမ္မဿကတသမာဒိဋ္ဌိ ကိုပင်မရှိတာ ဖြစ်သွားပါမည်။ ဗုဒ္ဓမြတ်စွာ၏ တရားတွေကို မိမိတို့လုပ် ဆောင်ချက်နှင့်ပင် မိမိ၏တန်ဖိုးကို ဖြတ်ရာရောက်ပါသည်။ လူတွေ၏ ယုံကြည်မှုတွေမှာ အတုယောင်တွေ လွမ်းမိုးမှုကြောင့် အမှားများစွာဖြစ်ကြရသည်။ အားလုံးကိုအသေးစိတ်ပြောရရင် ပြောလို့မဆုံးဖြစ်ပါလိမ့်မည်။ ဆရာဝင်းသိန်းဦး ရေးသားသော “ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန်” စာအုပ်မှ ကျွန်တော်ဖတ်ရှုသိသော အသိအနည်းငယ်ကိုသာ ရေးသားလိုက်ရပါသည်။
ယခုတွင် ဗုဒ္ဓမြတ်စွာဘုရားအားရှည်စူး၍ တည်ထားကိုးကွယ်သော စေတီတော်ရင်ပြင်ပေါ်တွင် ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော် အမည်ခံ ၀ိဇ္ဇာဓိုလ်နှင့် နတ်များက ဘုရား နှင့်စင်ပြိုင် အကိုးကွယ်ခံနေကြသည်မှာ အမြင်မတော်မလှပါဘူး။ သူတို့အားကိုးကွယ်သူအချို့ ကပြောကြသည်။ ဤပုဂ္ဂိုလ်ကြီးများသည် ယခုဘ၀မှာပင် ၀ိပဿနာလမ်းကိုလိုက်၍ ကျင့်ကြံ အားထုတ်ပါက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လျင်မြန်စွာရပြီး နိဗ္ဗာန်အားမျက်မှောက် ပြုနိုင်ကြသူများဖြစ်သည်။ သို့သော် အ၀ိဇ္ဇာလွှမ်း၍ မသိနားမလည် မိုက်မဲကြကုန်သော သတ္တ၀ါအပေါင်းကို သနားသက်ညှာလှသဖြင့် ထိုက်သင့်သူတို့အား ကယ်တင်စောင်မရင်း သာသနာပြုနေကြသူများဖြစ်သည်။ သတ္တ၀ါတို့အပေါ် မိဘ၊ ဆရာသမားသဖွယ် စောင့်မကြည့်ရှုနေသူများဖြစ်၍ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်ကြသည်။ ထို့ကြောင့်သူုတို့အား ကိုးကွယ် ဆည်းကပ်ထိုက်သည်ဟု ဆိုကြပါသည်။ (ဤနေတွင်သတိပြုရန်မှာ ရတနာမြတ်သုံးပါးနှင့် အနန္တော အနန္တငါးပါးတို့၏ ကွဲပြာခြားနားမှု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ထိုက်သည်မှာ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသာ လျှင်ဖြစ်သည်။ နောက်လူတို့က မိဘနှင့်ဆရာပေါင်းထည့်ကာ အနန္တောအနန္တငါးပါးအဖြစ် သတ်မှတ်လိုက်သော်လည်း ရတနာသုံးပါးနှင့်တန်းတူထား ကိုးကွယ်ရန်မဟုတ်ပေ)။
မိဘနှင့်ဆရာသမားတို့အား ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်တို့နှင့်အညီ အရိုအသေပေး၊ အလုပ်အကျွေးပြုခြင်းဖြင့် ကျေးဇူးဆပ်ရန်သာဖြစ်သည်။ ရတနာမြတ်သုံးပါးနှင့်တန်းတူထား၍ ကိုးကွယ်ယုံကြည်ဆည်းကပ်ရန်ကား မဟုတ်ပေ။ ထို့ကြောင့်၎င်းတို့ပြောသလို သတ္တ၀ါများအပေါ် အမှန်တကယ်ကယ် တင်စောင့်ရှောက်နေသည်ပဲ ထားဦးတော့၊ စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်ကား ရတနာမြတ်သုံးပါးနှင့် တန်းတူထား၍ ကိုးကွယ်ဆည်းကပ်ရန် မလိုကြောင်း ထင်ရှားလှပါသည်။
တရံရောအခါက ဗာရာဏသီပြည်တွင် ၀ိဇ္ဇာဓိုလ်တစ်ဦးသည် ညဥ့်သန်းခေါင်ယံအချိန်၌ မိဖုရားကြီးအဆောင်တော်သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့်ဝင်ရောက်ကာ ကာမဂုဏ်ကျူးလွန်ခဲ့သည်။ ထိုကိစ္စကို မင်းကြီးသိရှိသွားသဖြင့် ၄င်းအားလိုက်လံဖမ်းဆီးစေခဲ့ရာ ၀ိဇ္ဇာဓိုလ်သည် ရဟန်းအသွင်ဆောင်၍ သုသာန်အတွင်း၌ ညာခြေတစ်ဖက်တည်းနှင့်ရပ်ကာ မန္တာန်ရွတ်ဖတ်သရဇ္ဈာယ်ရင်း နေကိုရှိခိုးဟန်ပြုနေလေသည်။ ထိုရဟန်းတုအား မင်းချင်းများက လိုက်လံဖမ်းဆီးရာ ၀ိဇ္ဇာဓိုလ် တန်ခိုးဖြင့် ထွက်ပြေးလွတ်မြောက်သွားတော့သည်။ ထိုအချိန်မှစ၍ ရဟန်းစစ်နှင့် ရဟန်းတုမခွဲခြားတက်သော ဗြဟ္မဒတ်မင်းသည် ရဟန်းမှန်သမျှ မင်းပြစ်မင်းဒဏ်သင့်စေသဖြင့် ရဟန်စစ်များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရရာ ကိုးကွယ်ရာမဲ့ဘ၀ ရောက်ခဲ့ရဖူးသည်။ (၀ိဇ္ဇာဓရဇာတ်၊ ဆက္က နိပါတ်၊ ဇာတက၀တ္ထု။)
ဤသည်ကား ၀ိဇ္ဇာဓိုလ်ဆိုတိုင်း ကိုးကွယ်ဆည်းကပ်လိုသူများအတွက် သတိပြုစရာ သာဓက တစ်ရပ်ပင်ဖြစ်သည်။ အချို့ကလည်း ၀ိဇ္ဇာဓိုလ်ဆိုသူများသည် သတ္တ၀ါအပေါင်းကို ကယ်တင်ရင်း နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားကိုဖူးမြော်ရန် စောင့်ဆိုင်းနေကြသည်ဟုဆိုသည်။ ထိုသို့ကာလရှည်ကြာစွာ စောင့်ဆိုင်းနိုင်ရန်အတွက် ၄င်းတို့၏ သက်တမ်းကိုရှည်သည်ထက် ရှည်အောင်ကျင့်ကြံအားထုတ် နေကြသည်ဟုလည်း ဆိုကြပြန်သည်။ ဤသည်မှာလည်း ပညာဉာဏ်ရှိသူတို့ လက်ခံနိုင်စရာ အကြောင်းမရှိသော ဆင်ခြေတစ်ရပ်သာဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ အလိုအရမူ မတည်မြဲသော၊ ဆင်းရဲသော၊ အစိုးမရသော ဤလောကမှ တစ်စက္ကန့်စော၍ လွတ်မြောက်နိုင်လျှင်ပင် တစ်စက္ကန့်စော၍ ချမ်းသာသုခရပြီဟု မှတ်ယူရမည်သာဖြစ်သည်။ မိမိတို့မျက်မှောက်၌ပင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ တရားစစ်တရားမှန်တို့ ရှင်သန်ထွန်းကားနေပါလျက် မလိုက်နာမကျင့်ကြံသေးဘဲ နောက်ဘုရားအပွင့်ကိုစောင့်ဆိုင်းမည်ဆိုခြင်းမှာ ဉာဏ်ပညာနည်းသောလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များကို သာသာသနာပြုနေကြသည်ဟု ပြောနေကြသူများသည်လည်း လူ“အ” များပင်ဖြစ်ပေမည်။
ဆရာတော်အရှင်သုမင်္ဂလက တရားထဲတွင် ဘိုးဘိုးအောင်၊ ဘိုးမင်ခေါင်တို့ အပါယ်ရောက်ကြောင်း ဟောကြားတဲ့အခါ၊ ထိုပုဂ္ဂိုလ်တွေရဲ့တပည့်က သူတို့ဆရာတွေဟာ ဗုဒ္ဓါနုဿတိပွား နေတာဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေကို အပါယ်ရောက်တယ်လို့ ပြောနိုင်မလားဟု လျောက်ကြားသည်။ ထိုအချိန်မှာ ဆရာတော်က သူတို့ ဗုဒ္ဓါနုဿတိကို နှလုံးသွင်းပြီးသေတယ်လို့ အာမခံမလားမေးပါတယ်။ သူတို့ယူဆထားတဲ့အယူကိုက မမြဲတဲ့သဘော(အနိစ္စ)ကို မြဲတယ်(နိစ္စ) လို့ယူဆထားတဲ့အတွက် မိစ္ဆာဒိဋ္ဌိဖြစ်နေကြောင်း၊ မိစ္ဆာဒိဋ္ဌိတို့၏ သွားရာသည် အပါယ်ဖြစ်ကြောင်း ပြန်လည်ဟောကြားခဲ့ပါသည်။
ဤသို့ဖြင့် ကိုးကွယ်အားထားရာ မဟုတ်သော ပုဂ္ဂိုလ်များပေါ်တွင် မည်သည့်အကြောင်းနှင့်မျှ အားထားမှုမလုပ်သင့်ပါ။ မိမိတို့ကို လွမ်းမိုးနေသော အ၀ိဇ္ဇာ အမိုက်မှောင်ကို ဉာဏ်အလင်းဖြင့်ခွင်း၍ သာသနာကို စောင့်ရှောက်သင့်ပါသည်။ သာသနာကို စောင့်ရှောက်ဖို့သည်လည်း အားလုံး၏ အကျင့်ပေါ်မှာ မူတည်သည်။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော တရားများကို လိုက်နာ ကျင့်သုံးနေကြသ၍ သာသနာသည်လည်း တည်တံ့နေမည်ဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓသာသနာဆိုင်ရာ သာသနိကအဆောက်အအုံတချို့တွင် ၀င်ရောက်နေရာယူလာကြသည့် ဘိုးတော်၊ ဘတော်၊ မယ်တော် များကိုဤအတိုင်းလက်ပိုက်ကြည့်နေပါက မသင့်တော်ပါ။ လူတိုင်းကိုသိစေချင်ပါသည်။ အသိတရားကိုလည်း ကျင့်စေချင်ပါသည်။
“စာဖတ်သူများ အသိအမြင်တိုးပွားကာ သာသနာအကျိုး၊ မိမိအကျိုး ဆောင်ရွက်နိုင်ကြပါစေ”
“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်..”

အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအတိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ
မေတ္တာ၊ ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေလုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံး နိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန မထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့ တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။
ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြတယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့ နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင်ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ တစ်ကယ်သာသနာပြု တယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာသနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့် စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင်.. ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှ မလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါ့ကြောင့် ကောင်းမှုဒါနလုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။
ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရသော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်တဲ့နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…
ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။
“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ၊ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့……………၊”
ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊
မန္တလေးတိုင်း၊
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။
ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင်….. မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)
စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)
ရေးသားတင်ပြသူ- အောင်ဦး

လူသားတို့ကြီးပွားတိုးတက်ရေး ကျင့်စဉ်(၇)သွယ်။
ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော ဘာသာရေးခေါင်းဆောင်တို့က လောကလူသားတို့ ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင် မိမိတို့ရှု့ထောင့်အသီးသီးကနေ ဟောပြောညွှန်ပြခဲ့ကြပါသည်။ ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဓသည် ပစ္စုပ္ပန်လက်တွေ့ လောကကြီးပွားချမ်းသာတိုးတက်ရေး၊ တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက်ရေး၊ နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက် နည်းလမ်းများ၊ ကျင့်စဉ်များကို သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊ ၀ိနည်းဒေသနာဖြင့်တစ်သွယ်၊ အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့် လမ်းညွှန်ဟော ကြားခဲ့ပါသည်။
ဂေါတမဗုဒ္ဓက“အတ္တဟိ အတ္တနော နာထော” မိမိကိုယ်ကို အားကိုလုပ်ပါ၊ ဆုတောင်း၍မရ လုပ်မှရမည်။ လုပ်ရာတွင်ကံ၊ ဉာဏ်၊ ၀ိရိယ၊ ဉာဏ်နှင့်ယှဉ် လုံ့လ၀ိရိယဖြင့် ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။ ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန၊် တမလွန် ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုးအစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံးချမ်းမြေ့ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်မည်ဟု ဟောကြားထားပါသည်။ ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁) ထကြွလုံ့လရှိရမည်။
(၂) သတိရှိရမည်။
(၃) စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄) စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅) စောင့်စည်းသောဣနြေ္ဒရှိရမည်။
(၆) တရားသဖြင့် အသက်မွေးရမည်။
(၇) မမေ့မလျော့ရှိရမည်။
ထကြွလုံ့လလုံမှု၊
လောကီလောကုတ်နှစ်ဖြာသော အကျိုးစီးပွားကို အလိုရှိကြသော သူတို့သည် ထကြွလုံ့လရှိမှု၊ ကြိုးစားဆောင်ရွက်မှု၊ အားထုတ်ထက်သန်မှုများ ရှိရန်အထူးလိုအပ်လှပါသည်။ ပျင်းရိသောသူအား အဘယ်မှာ အတက်ပညာတက်ပါအံ့နည်း။ အတက်မရှိသောသူအား ဥစ္စာဘယ်မှာ ရပါအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရပါအံ့နည်း။ အဆွေခင်ပွန်းမရှိသော သူအား ချမ်းသာအဘယ်မှာ ရပါအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာရှိပါအံ့နည်း။ ပညာရှာရာတွင်ဖြစ်စေ။ ဥစ္စာရှာရာတွင်ဖြစ်စေ၊ ကုသိုလ်ရှာရာတွင်ဖြစ်စေ၊ လုံ့လ၀ီရိယ ဇွဲသတ္တိသည် လိုအပ်သည်သာဖြစ်ပါသည်။ ထိုသို့ရှိပါမှ ဥစ္စာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိခံစား ကြရပါမည်။
သတိရှိခြင်း၊
သတိဟူသည် ပိုသည်မရှိ၊ လိုသည်သာ ရှိပါသည်။ မိမိ၏လုပ်ငန်းတစ်ခုကောင်း၊ မကောင်း၊ သင့်၊ မသင့်၊ တော်၊ မတော်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်ဆောင်ရွက်ကြရာဝယ် သတိတရားသည် အလွန်လိုအပ်ပါသည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူမြင်သည်ဟူ၍ ပညာရှိတို့ ဆိုထားပါသည်။ မတက်ကျွမ်း၊ နားမလည်သေးသောအလုပ်များကို လုပ်ကိုင်ဆောင်ရွက်ကြရာဝယ် တက်ကျွမ်းနားလည်မှုရရှိအောင် သတိထား၍ ကြည့်ရှုလေ့လာစူးစမ် ဆင်ခြင်ရပါသည်။ ဗိုလ်ငါးပါးတွင် အထိန်းအချုပ်အင်အားအဖြစ် အမြဲလိုအပ်နေသော လက်ကိုင်စွဲတရား ဖြစ်ပါသည်။
စင်ကြယ်စွာဆောင်ရွက်ခြင်း၊
ဘ၀၏ပညာရေး၊ ကြီးပွားရေး၊ တိုးတက်အောင်မြင်နိုင်ရေးအတွက် ကာယကံ၊ ၀စီကံ၊ မနောကံ များသည် အဓိကအရေးကြီးဆုံးသော သော့ချက်ကြီးများ ဖြစ်ကြပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စင်ကြယ်စွာ မှန်မှန်ကန်ကန်ဆောင်ရွက်သူများသည် ကောင်းသောအကျိုးကျေးဇူးကို ရရှိရာတွင် အချိန်ကြာမြင့်မှရတက်ပါသည်။ သို့သော်အကျိုးပေးချိန်ရောက်သော် ကြာရှည်စွာ အကျိုးပေးတက်သော သဘောရှိပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံ စင်ကြယ်စွာမရှိ ကောက်ကျစ်လိမ်ညာ၍ ပြုမူ၊ ပြောဆို၊ ကြံစည်သူတို့သည် တစ်ခါတစ်ရံ အပေါ်ယံ တခဏချင်းအားဖြင့် အကျိုးရရှိသည်။ အကျိုးပေးကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြာရှည်မခံပေ၊ အကျိုးပေးမမြဲပါ။ ရေရှည်အားဖြင့် အခံရဆိုးသော စိတ်ညစ်စိတ်ဆိုး ဖွယ်ရာသာယာမှုမရှိသော ဆိုးကျိုးကိုသာ ရရှိပါသည်။ ထို့ကြောင့် တခဏ အကျိုးကိုသာ မကြည့်ရ။ ရေရှည်အကျိုးကိုကြည့်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်တို့ကို ရှောင်ကြဉ်ရ မည်ဟူ၍ ဗုဒ္ဓကဟောကြားထားခြင်း ဖြစ်ပါသည်။ လူ၏စိတ်သည် “ပါပသ္မိံရမတိ မနော” မကောင်းမှု၌ မွေ့လျော်တက်သည်ဖြစ်၍ ကာယကံ၊ ၀စီကံ၊ စင်ကြယ်ဟန် ဖြောင့်မတ်ဟန်ရှိ သော်လည်း မနောကံမှုကား ဖြောင့်မတ်ရန် ခဲယဉ်းလှပါသည်။ လိမ်ညာကောက်ကျစ်သော စိတ်၊ သူတစ်ပါးကို မနာလိုသောစိတ်၊ သူတစ်ပါးကို မရစေချင်၊ မိမိသာရလိုသော ၀န်တိုစိတ်၊ ထောင်လွားသောစိတ်တို့သည် အပြင်ကမမြင်နိုင်သော်လည်း မျက်စိတ်တမှိတ် လျှပ်တပြက် အတွင်းဖြစ်ပေါ်တက်သဖြင့် စိတ်စင်ကြယ်မှုကို အထူးသတိထားကြရသည်။
စူးစမ်းဆင်ခြင်ခြင်း၊
အချိန်အခါနှင့် အခြေအနေကို စပ်ဟပ်၍ စိစစ်စူးစမ်းဆင်ခြင်ခြင်းသည် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ပြီး လိုအပ်သောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ အဘိဓမ္မာသဘာဝအရ ပညိနြေ္ဒစေတသိတ်နှင့်ယှဉ်၍ စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပညာစေတသိတ်ရှင်သန်အား ပြင်းစေရန် ပညာရှိသူတော်ကောင်း လူလိမ္မာများနှင့် ပေါင်းသင်းဆက်ဆံ၍ ပညာဗဟုသုတတို့ကို ဆည်းပူးထားရပါမည်။ ထိုသို့ပညာရှိပြီး ပညာနှင့် စူးစမ်းဆင်ခြင်တက်သော် မိမိလိုအပ်သော အကျိုးများ ပြီးစီးစေနိုင်ပါသည်။
ဣနြေ္ဒစောင့်စည်းခြင်း၊
သက်ရှိသတ္တ၀ါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒ(၆)ပါးရှိသည်။ ပစ္စုပ္ပန်ဘ၀ နောင်တမလွန် ဘ၀သံသရာ အဆက်ဆက် ဘ၀ကောင်းကျိုးချမ်းသာများကို ရရှိခံစားကြသောသူတိုင်း ဣနြေ္ဒ(၆)ပါးကို သူ့နေရာနှင့်သူ ထိန်းကွပ်စောင့်စည်းတက်ရပါမည်။ အရေးကြီးသော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နေစဉ်အတွင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအာရုံတို့ကို တပ်မက်မှုနည်းနိုင်သမျှ နည်းပါးရပါမည်။ တစ်ဘက်က ထိုအာရုံများကို စွဲမက်လိုက်သည်နှင့် တပြိုင်နက်ထဲ မိမိလုပ်ငန်းဆောင်ရွက်မှုများအပေါ်၌ စူးစိုက်မှုအားနည်းသွားတက်၍ လုပ်ငန်းအောင်မြင်မှု နှောင့်နှေးသွားတက်ပါသည်။
တရားသဖြင့်အသက်မွေးခြင်း၊
မတရားသဖြင့် အသက်မွေးမှုတွင် တစ်ခါတစ်ရံအကျိုးတရားကား ရလွယ်ကောင်း၏။ သို့သော် ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးနိုင်ပါသည်။ မတရားပြုထားက စိုးရိမ်ပူပန်ရသည်။ မိမိပြုသော မကောင်းမှုကံက တစ်ချိန်ချိန်တွင် မကောင်းကျိုးပြန်ပေးမည်သာဖြစ်သည်။ မိမိကာယ၊ ဉာဏ လုပ်အားဖြင့် ထိုက်သင့်သောအကျိုးအမြတ်ကိုသာ ယူရပါမည်။ အပြစ်ရှိ၍ အကောင်းကျိုးကို ဖြစ်စေသော အကုသိုလ်လုပ်ငန်းနှင့် အနိုင်အထက်ပြု၍ မတရားပြုကာ စားသုံးခြင်း၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်း၊ လုပ်အားစိုက်မထုတ်ဘဲ အချောင်ခိုရေသာလိုက်၍ အကျိုးအမြတ်ကို အဓမ္မရယူခြင်းသည် မတရားသော အသက်မွေးမှုများဖြစ်ကြပါသည်။ ယခင်ကောင်း၍
ယခုကောင်းသည်။ ယခုကောင်းမှနောင်ကောင်းမည်ဟု ဆိုသကဲ့သို့ ယခုပစ္စုပ္ပန်လုပ်ရပ်များက အပြစ်ကင်း၍ ကောင်းကျိုးပေးနိုင်သော ကုသိုလ်လုပ်ငန်းများဖြစ်လျှင် နောင်အခါအကျိုးပေးရာတွင်လည်း ကောင်းကျိုးများ ရနိုင်ပါသည်။
မမေ့မလျော့ခြင်း၊
ပညာရပ်များကို လေ့လာဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ ကျွမ်းကျင်မှုလုပ်ငန်းရပ်များ စူးစမ်းရှာဖွေ မှတ်သားရသော ပညာရပ်များ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာနေသော လုပ်သားများတို့သည်လည်းကောင်း၊ မိမိလုပ်ငန်းဆိုင်ရာ သင်ပြီး၊ တက်ပြီး၊ သိပြီးသောအချက်လက်များ မမေ့မလျော့စေရန် သတိမူနေစေရန် အလေ့အကျင့် ပြုဖန်များနေရပါမည်။ ကျွမ်းကျင်မှုရှိအောင် ထပ်ခါတလဲလဲ လေ့ကျင့်ပြုလုပ်ရပါမည်။ လောကတွင် မတက်ကျွမ်းသေးသော ပညာရပ်များ၊ နားမလည်သေးသော လုပ်ငန်းများ ဆက်လက်လေ့လာစရာ သိစရာပညာရပ်များ များစွာရှိနေပါသည်။ ထိုအရာများကို တက်ကျွမ်းနားလည်နိုင်သမျှ တက်ကျွမ်းနားလည်စေရန် ဂရုပြုမှတ်သားရမည်။ ပေါ့ပေါ့တန်တန် အမှုမဲ့ အမှတ်မဲ့ မနေရပါ။ အမြဲမမေ့မလျော့အောင် ကြိုးစားလေ့ကျင့် သင်ယူနေရပါမည်။ ရှင်မဟာရဋ္ဌသာရဆုံးမစာ၌ မိမိသိရှိပြီးသော ဗဟုသုတများ မမေ့မပျောက်စေရန်-
သုဏေယျ- ပညာဗဟုသုတများကို ကြားနာရမည်။
စိန္တေယျ- ကြောင်းကျိုးဆက်စပ် ကြံစည်ရမည်။
ပုစ္ဆေယျ- မှန်၊ မမှန်ပညာရှိများထံ ချဉ်းကပ်စုံစမ်းရမည်။
ဘာသေယျ- တက်ကျွမ်းသူများနှင့် ပြောဆိုဆွေးနွေးရမည်။
ဝိစာရေယျ- စေ့စပ်သေချာစွာ စီစစ်တက်ရမည်။
လိခေယျ- ရေးသားမှတ်သားရန်လိုက ရေးသားမှတ်သားရမည်။
သိက္ခယျ- လက်ထပ်သင်ကြားရန်လိုက သင်ကြားရမည်။
ဓာရေယျ- အာဂုံဆောင်ထားသင့် ဆောင်ထားရမည်။
ဤသို့လျှင် ဘုရားရှင်ဟောကြားခဲ့သော ဂါထာတော်အရ ဆောင်ရွက်ကျင့်ကြံလုပ်ကိုင်ရမည့် အချက်(၇)ချက်နှင့် ညီညွတ်စွာ လုပ်ကိုင်ကျင့်ကြံသော် အလုပ်ဟူသမျှ မုချအောင်မြင်ပြီး ကြီးပွားချမ်းသာကြမည်သာ ဖြစ်ကြပါသည်။
ထို့ကြောင့် ဘုရားဟော ထို(၇)ချက်ကို သေချာစွာစဉ်းစားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ။
မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)
၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ် ထေရ၀ါဒဓမ္မစာစောင် မှ ရေးသားလိုက်ပါသည်။

သာသနာသည် အဆောက်အအုံ မဟုတ်၊
ဗုဒ္ဓဘုရား၊ ပွင့်ငြားပေါ်လာ၊
ဟောကာညွှန်ကြား၊ တရားဒေသနာ၊
အကုသလ၊ ကုသလဓမ္မာ၊
သိခွင့်ထူး၊ ကျေးဇူးကြီးလှတာ။
~~~
ဘုရားဂုဏ်ထူး၊ ကျေးဇူးကိုရှာ၊
ဘယ်လိုနည်းနဲ့၊ အပြီးဆပ်မှာ၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
မပြတ်ပွား၊ ဆပ်ငြားကျေးဇူးသာ။
~~~
သာသနာထဲ၊ ကြုံခဲကြုံလာ၊
ကြုံပါသော်လည်း၊ ပြုခဲပေရှာ၊
သတိရလို့၊ သိကြသော်သာ၊
ခွင့်သာခိုက်၊ ပြုလိုက်သာသနာ။
သာသနာပြုသည်ဆိုရာမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး လှူဒါန်းမှုပြုနေခြင်းမဟုတ်ပါ။ ယနေ့လူအတော်များများက ထိုကုသိုလ်အလုပ်ကိုပင် သာသနာပြုသည်ဟု ထင်မှတ်နေကြသည်။ ထိုအလုပ်များကို အကျိုးမရှိဟု ပြောခြင်းမဟုတ်ပါ။ သာသနာပြုခြင်း အစစ်မဟုတ်ဟုသာ ပြောခြင်းဖြစ်သည်။ တကယ့်သာသနာတည်မြဲအောင၊် ပြန့်ပွားအောင်၊ သန့်ရှင်းအောင် လုပ်ဖို့ဆိုတာ အဆောက်အအုံကြီးတွေက တက်နိုင်တာမဟုတ်ပါ။ ပရိယတ္တိသာသနာနှင့် ပရိပတ္တိကိုအခြေခံသော လမ်းမှန်သည့် ပဋိပတ္တိသာသနာကသာ သာသနာကို အရှည်တည်မြဲအောင် လုပ်နိုင်မှာဖြစ်ပါသည်။ ဥပမာ- ဒုတိယသင်္ဂါယနာတင်တဲ့အချိန်တုန်းက ဘုရားနှင့်တကွ ရဟန္တာကြီးများ သီတင်းသုံးနေထိုင်သွားတဲ့ သာဝတ္ထိဇေတ၀န် ကျောင်းတိုက်တော်ကြီး၊ ပုဗ္ဗာရုံ ကျောင်းတိုက်ကြီးများနှင့် ရာဇဂြိုလ်ပြည်က ဝေဠုဝန်ကျောင်းတော်ကြီးများက ထင်ရှားစွာကိုယ် စားပြုတဲ့ ပုဂ္ဂိုလ်ကြီးများပါတာ မတွေ့ရပါဘူး။ အကျင့်သီလနဲ့နေတဲ့ အခြားသော သာသနာ့ဝန်ဆောင် ရဟန်းတွေသာ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တော်မူခဲ့ကြတာ တွေ့ရပါသည်။ ယခုခေတ်ကြည့်ရင်လည်း အင်ဒိုနီးရှားတို့၊ အာဖဂန်နစ္စတန်တို့ အစရှိတဲ့ နိုင်ငံတွေက အိန္ဒိယပြည်ကြီး တစ်ပြည်လုံးအနှံ့၊ ပါကစ္စတန် အစရှိတဲ့ ပြည်များမှာ ကျောက်စာ သုတေသနဋ္ဌာန အသီးသီးက ရှာဖွေတူးဖော်ကြရာ တစ်ပြည်လုံးအနှံ့ ဗုဒ္ဓနှင့်ဆိုင်ရာ ရုပ်ထုတော်များ၊ ပစ္စည်းများ၊ အဆောက်အအုံကြီးများ၊ စေတီကြီးများကိုတွေ့ရသော်လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဟူ၍ တစ်ယောက်မျှပင် မတွေ့ရလောက်အောင် ရှိနေပြီမဟုတ်ပါလား။ ထို့ကြောင့် သာသနာတည်ဆောက်ဖို့ဆိုတာ အဆောက်အအုံတွေတိုးအောင်၊ ခံ့ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်ပါ။ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း၊ စာပေပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း၊ ကျင့်သုံးနေကြခြင်းသည်သာ ပဓာန ဖြစ်သည်။ ဤသို့ဆိုလျှင် ပရိယတ္တိ၊ ပဋိပတ္တိသာသနာသည်သာ လျှင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ ပြန့်ပွားစေမည့် အဓိကအကြောင်းဖြစ်သည်။ ထို့ကြောင့် ပရိယတ္တိစာပေများကို မိမိတို့ကိုယ်တိုင် လေ့လာသိရှိထားဖို့ လိုအပ်ပါလိမ့်မည်။ ထို့အပြင် ပရိယတ်၊ ပဋိပတ် သင်ယူနေကြသော သံဃာတော်အရှင်မြတ်များကို မိမိတို့တက်အားသ၍ လှူဒါန်းမှုပြုလုပ်ခြင်း၊ လူအများတရားသိစေဖို့ တရားပွဲများပြုလုပ်ခြင်းသည်သာ သာသနာအတွက် ပိုမိုအရေးပါမည် ထင်မိပါသည်။
“စာဖတ်သူများ အသိအမြင်မှန်ရရှိကာ သာသနာအကျိုး၊ မိမိအကျိုးသယ်ပိုးနိုင်ပါစေ”
“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…။”
ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

ဘ၀အနှစ်သာရနှင့် ဘာသာအနှစ်သာရ…၊
ကျွန်တော်တို့တွေသည် ရခဲလှသော လူ့ဘ၀ကို ရရှိနေချိန်အတွင်း ဘ၀အနှစ်သာရ ကို ထုတ်ယူတက်ရန်လည်း အရေးကြီးပါသည်။ လူအများစုသည် မိမိတို့ဘ၀ စား၊ ၀တ်၊ နေရေး အတွက် စီးပွားရှာခြင်း၊ အလုပ်လုပ်ခြင်း များဖြင့်သာ အချိန်ကို အားလုံးအသုံးပြုနေကြပါသည်။ တကယ့် ဘ၀၏ အနှစ်သာရဟူသည် ကုသိုလ်တရားပင်ဖြစ်ပါသည်။ ပုထုဇဉ်၏စိတ်သည် အိပ်ပျော်နေချိန်မှတစ်ပါး ကုသိုလ်စိတ် (သို့မဟုတ်) အကုသိုလ်စိတ် တစ်မျိုးမျိုးက အမြဲတမ်းဖြစ်နေရသည်။ ကုသိုလ်စိတ်
များများဖြစ်ခြင်းသည် ဘ၀အနှစ် များများရခြင်းဖြစ်၏။ သနပ်ခါးပင်သည် နှစ်ကြာ လေလေ အနှစ်များပြီး အဖိုးတန်လေဖြစ်သကဲ့သို့ပင် မိမိဘ၀ကိုလည်း ထို့အတူဖြစ် အောင်ကြိုးစားရမည်။ ဘ၀၏အနှစ်သာရများကို ဖော်ပြရင်းပင် ထေရ၀ါဒဗုဒ္ဓဘာသာ၏ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်များ တစ်ဆက်တည်း ပါဝင်သွားပါလိမ့်မည်။ ဘ၀၏အနှစ်သာရသုံးပါးကို…၊
“စည်းစိတ်ဥစ္စာ၊ အနှစ်ရှာပြုပါ ဒါနမှတ်၊
မိမိခန္ဓာ အနှစ်ရှာ၊ စောင့်ပါသီလမှတ်၊
အသက်ဇီဝါ အနှစ်ရှာ၊ ဘာဝနာဟုမှတ်၊
လှူပါ၊ စောင့်ပါ၊ ပွားများပါ၊ သုံးဖြာအနှစ်မှတ်”။
ဟူသော လင်္ကာအတိုင်း မှတ်သားရပါမည်။ ထိုသုံးပါးတို့တွင် စည်းစိမ်၏အနှစ်သာရကား ဒါနပြုခြင်းဖြစ်၏။ တချို့က ဒါနကို သံသရာရှည်စေတက်သော တရားဟုပြောတက်ကြပါသည်။ အမှန်တော့ ဒါနကား သံသရာမရှည်ပါ။ ဒါနပြုပြီး ဘုံဘ၀တွေ၊ လောကီစည်းစိမ်ချမ်းသာတွေကို တမ်းမက်သော တဏှာသည်သာလျှင် သံသရာကို ရှည်စေတက်ပါသည်။ ဒါနဟူသည် လောဘတဏှာကို ပါးသထက်ပါးစေသော အစွမ်းသတ္တိရှိသည်။ ငွေတစ်ထောင်ကို ပေးလှူလိုက်သော အလှူရှင်သည် ထိုငွေတစ်ထောင်အပေါ် တွယ်တာတပ်မက်သော လောဘတဏှာကို ပယ်သတ်နိုင် သောကြောင့်ဖြစ်သည်။ လူတစ်ဖက်ခန့်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ဖြစ်ကြရာ၌ အဆင့်မြင့်သော စက်လွှနှင့်ဖြတ်လျှင် မြန်မြန်ပြတ်၏။ စက်လွှမပြောနှင့် ငမန်းစွယ်လွှကိုပင် မ၀ယ် နိုင်သော တောသူတောင်သားများကား ရဲဒင်းဖြင့်သာ ဖြည်းဖြည်းချင်း ဖြတ်ကြရသည်။ လက်နက်၏စွမ်းအားအလိုက် အနှေးနှင့်အမြန် ဖြတ်နိုင်မှုကား ကွာခြားပေလိမ့်မည်။ ထို့အတူ တဏှာ(လောဘ၊ လိုချင်တမ်းမက်မှု) ကိုပယ်သတ်ကြရာ၌ ရဲဒင်းနှင့်တူသော ဒါနဖြင့်ပယ်သတ်သူလည်းရှိသည်။ စက်လွှနှင့်တူသော မဂ်တရားဖြင့်ပယ်သတ်သူလည်းရှိသည်။ ဒါနဖြင့်လောဘကို ပယ်သတ်နေသူကို မဂ်တရားဖြင့် မပယ်သတ်ရကောင်းလောဟု အပြစ်မတင်အပ်ပေ။ အပြစ်ရှိသူကို သာလျှင် အပြစ်တင်ရသည်။ အကယ်၍ ပြစ်တင်ကဲ့ရဲ့လျှင်လည်း အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရှိတဲ့ မစ္ဆရိယတရားဟာ အင်မတန်စက်ဆုပ်ဖို့ကောင်းတယ် စသောအားဖြင့် ကဲ့ရဲ့ရှုတ်ချရသည်။ အဲဒီပုဂ္ဂိုလ်ကတော့ နှမြောတယ် စသောအားဖြင့် လူကို ရည်ရွယ်၍ မပြောကောင်းပေ။ ယခုဘ၀၊ ယခုအချိန်မှာပင် ဘာသာတရားရဲ့ အနှစ်သာရကို သိပြီး ဒါန၊ သီလမှသည် မင်္ဂဉာဏ်၊ ဖိုလ်ဉာဏ် ထိရောက်အောင် ၀ိပဿနာဘာဝနာ အလုပ်ကိုလည်း မလွဲမသွေလုပ်ဆောင်ရပါမည်။ တချို့က ကောင်းတာလုပ်နေသော်လည်း ရခြင်းမကောင်းတာမျိုး ရှိတက်သည်။ ဒီအချက်ကို ပိုင်းခြားသိဖို့ အလွန်အရေးကြီးပါသည်။ စကားပုံလေးတစ်ခုနှင့် နှိုင်းယှဉ်ပါမည်။ “ဗောဓိပင်ပျိုးတော့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးတော့ ရွှေအိုးရတဲ့”။ “ဗောဓိပင်ပျိုး တော့ ခြေကျိုးရ” ဆိုတာ လူတစ်ယောက်ဟာ အများသူငါ ကုသိုလ်ပွားဖို့အတွက် ဗောဓိပင်စိုက်တယ်၊ အဲင်္ဒီလို ဗောဓိပင်ပျိုးတဲ့ အခါကျမှ တိုင်တစ်လုံးက ခြေထောက်ပေါ်ကျပြီး ခြေကျိုးသွားရတယ်။ အပေါ်ယံအမြင်တော့ ကုသိုလ်လုပ်လို့ ခြေထောက်ကျိုးရသလို ဖြစ်သွားတာပေါ့။ တကယ်တော့ အဲလိုမဟုတ်ပါ။ အဲဒီလူဟာ တကယ်လို့ဗောဓိပင်ပျိုးတဲ့ကုသိုလ်သာ မလုပ်ဘူးဆိုရင် သူဟာသေရမှာပါ။ သေရမဲ့ အကုသိုလ် ကံ ရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိပင်ပျိုးတဲ့ ကုသိုလ်ကို အားထုတ်လိုက်တဲ့အတွက် သေရမယ့်ဆိုးကျိုးကနေ ခြေထောက်ကျိုးရတဲ့ ဆိုးကျိုးကိုလျော့သွားတာပါ။ “ဗောဓိကိုင်းချိုးတော့ ရွှေအိုးရ” ဆိုတာ လူတစ်ယောက်ဟာ ဘုရားနဲ့မခြား အများကိုးကွယ်နေကြတဲ့ ဗောဓိပင်က အကိုင်းတစ်ကိုင်းကို ချိုးပစ်လိုက်တယ်။ အဲဒီလို ချိုးပစ်လိုက်ခါမှ ဗောဓိပင်ပေါ်က ရွှေအိုးတစ်လုံးကျလာပြီးရသွားလို့ ချမ်းသာသွားပါတယ်။ ဒီမှာလည်း အပေါ်ယံကြည့်မယ်ဆိုရင်တော့ အကုသိုလ်လုပ်ခါမှ ကောင်းကျိုးပေးပြီး ချမ်းသာသွားသလို ဖြစ်နေတာပေါ့။ အမှန်က အဲဒီလူဟာ ဗောဓိပင်ကိုင်းချိုးတဲ့ အကုသိုလ်သာ မလုပ်ဘူးဆိုရင် ရွှေအိုးအလုံးပေါင်းမရေတွက် နိုင်အောင်ရရှိမယ့် ကုသိုလ်ကံတွေရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိကိုင်းကိုချိုးတဲ့ အကုသိုလ်ကို ပြုလုပ်မိတဲ့အတွက် ကုသိုလ်အကျိုးတွေလျှော့သွားပြီး ရွှေအိုးအလုံးပေါင်းများစွာမရဘဲ တစ်လုံးသာရတာပါ။ အကုသိုလ်နှင့် အကျိုးပေးတယ် ဆိုသူများ ဒုတိယစကားပုံလေးကို သင်ခန်းစာများများယူသင့်ပါသည်။ ထို့ကြောင့် မိမိတို့တွေသည် ဘာသာတရား၏ အနှစ်သာရ ဖြစ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အလုပ်တွေကို အမြဲလုပ်ဆောင်နေသင့်သည်။ ကောင်းမှုလုပ်နေသူ အဖို့ကောင်းကျိုးဆိုတာ ရှိနှင့်ပြီးသားပါ။ ယုံယုံကြည်ကြည်၊ လေးလေးစားစား လိုက်ပါလုပ်ဆောင်ကြပါ။
တစ်ခဏဖြစ်ရ၊ လူ့ဘ၀မှာ အနှစ်သာရရှိအောင်ကြိုးစား အားထုတ်ခြင်းဖြင့်၊ ဒုက္ခခပ်သိမ်းငြိမ်းအေးရာ နိဗ္ဗာန်သို့တိုင်အောင် တက်လှမ်းနိုင်ကြပါစေ…။
မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်ကို ကိုးကားရေးသားပါသည်။

ကျေးဇူးကြီးလှ မြတ်ဓမ္မ...
စာဖတ်သူ အစ်ကို တစ်ယောက်မှ ပေးပို့လာသော စာမူကို မူရင်းအတိုင်းဖော်ပြလိုက်ရပါသည်။
ဤကိုယ်တွေ့ဖြစ်ရပ်မှန် စာစုကို မြတ်စွာဘုရားအား ကျေးဇူးဆပ်သည့်အနေဖြင့် ရေးပါသည်။
ဤစာရေးသူသည် အာရုံစူးစိုက်မှု လျော့နည်းကျဆင်းခြင်းရောဂါဟု မြန်မာ အဓိပ္ပာယ်ရှိသော ADHD ရောဂါကို ငယ်စဉ် ကလေးဘ၀ကတည်းက ခံစားခဲ့ရသူ ဖြစ်ပါသည်။
ရောဂါ၏ ထိုးနှက်ခြင်းကို သိသိသာသာ ခံစားလာရသည်မှာ ၁၀ နှစ်အရွယ် ကတည်းက ဖြစ်ပါသည်။ ရလဒ်မှာ အတန်းထဲတွင် အမှတ်များ ကျဆင်းလာခြင်း၊ ပညာရည်ချွန်ဆုများ မရတော့ခြင်း၊ အာရုံမစိုက်နိုင်သဖြင့် ဆရာ စာသင်လျှင် ဘာသင်မှန်း လိုက်မမှတ်နိုင်ဘဲ စိတ်ပြန့်လွင့်နေခြင်းများ ဖြစ်ပါသည်။
ငယ်စဉ်က မိဘများက အိမ်ပြင်ထွက်၍ အိမ်နီးချင်း ကလေးများနှင့် ရောနှော ဆော့ ကစားသည်ကို မနှစ်သက်သဖြင့် အိမ်ခန်းထဲမှာသာ နေစေခြင်း၊ အိမ်ထဲတွင်လည်း ဆော့ကစားသည်ကို ခွင့်မပြုခြင်းတို့ကြောင့် အထီးကျန်ကာ အိမ်ခန်းကျဉ်းထဲတွင် အချိန်ပြည့် ဟိုငေးဒီငေး လုပ်နေရရင်း ထိုရောဂါ ကြီးထွားလာရခြင်း ဖြစ်ပါသည်။ ကြီးပြင်း၍ သိရှိလာသောအခါ မိမိ ဘ၀ကံ ၀ဋ်ကြွေးဟုသာ နားလည်လိုက်ရပြီး အကျိုးဆက်ကို မသိ၍ စည်းကမ်းချုပ်ချယ်မိသော မိဘများကိုလည်း အပြစ်မတင် တော့ပါ။ သို့သော် သားသမီးကို ချစ်လွန်း၍ အခြားကလေးများနှင့် ပေးမရောနှော ခြင်း၊ အိမ်ထဲမှာသာ နေစေခြင်းတို့ကို ပြုမိသည့် ငယ်ရွယ်သူ မိဘအချို့ကို စာရေးသူ၏အဖြစ်ဆိုးဖြင့် သတိပြုစေလိုပါသည်။
၁၀ တန်းမှာရော တက္ကသိုလ်မှာရော တဖုန်းဖုန်း ကျပါသည်။ စာကျက်မရကြောင်း၊ အာရုံစိုက်မရကြောင်း မည်သူ့ကို ပြောပြ အကူအညီတောင်းရမှန်းလည်း မသိ။ ပြောပြစရာ လူလည်း မရှိပါ။ ကိုယ်စိတ်ဆင်းရဲ ကြီးစွာ ခံခဲ့ရပါသည်။
အသက် ၃၀ ကျော်သောအခါ ADHD ကြောင့် ကြာလေ ဒုက္ခရောက်လေ ဖြစ်လာပါ သည်။ အာရုံစိုက်မှု အားမကောင်း၊ စိတ်အမြဲပြန့်လွင့်နေသဖြင့် အလုပ်နောက်ကျ ခြင်း၊ ပြုဖွယ်ကိစ္စများ အချိန်မီ မပြီးခြင်းများ ကြုံရပါသည်။
သံဃာတော်များ၊ တရားဓမ္မ တတ်ကျွမ်းနားလည်သည့် ဆရာကြီးများ ရေးသား သော တရားစာအုပ်များကို ဖတ်ရှုရ၊ တရားခွေများကို နာကြားရသည့် အခါ ကံ ကံ၏ အကျိုး ဆိုသည်ကို သိနားလည်လာပါသည်။ တရားစခန်း ရိပ်သာများသို့ ၀င်ရောက်၍ တရားထိုင်သောအခါ စိတ်ပိုကြည်လင်သန့်ရှင်းလာပြီး အကြောင်း အကျိုးကို ပို၍ ပိုင်းခြားဆင်ခြင်နိုင်လာပါသည်။ ဆရာဝန်များ သတ်မှတ်ထားသော ADHD ရောဂါသည် တရားဓမ္မ နယ်ပယ်တွင် သမာဓိအားနည်းခြင်းအဖြစ် အကျုံးဝင် ကြောင်း သိလာပါသည်။
ယခုလို နာတာရှည် ADHD ရောဂါသည် ဖြစ်ရခြင်းမှာ ယခင်ဘ၀က သူတပါးကို သမာဓိပျက်အောင် လုပ်ခဲ့မိခြင်း၊ စိတ်ပြန့်လွင့် အာရုံမစူးစိုက်နိုင်အောင် နှိပ်စက်ခဲ့ မိခြင်း (အနှောင်အကျဉ်း ထားမိခြင်း ဖြစ်နိုင်ပါသည်)တို့ကြောင့် ကံကံ၏ အကျိုးကို ပြန်ခံစားရခြင်း ဖြစ်ကြောင်း သိမြင်လာပါသည်။
စာရေးသူ ဘာလုပ်ရပါမည်နည်း၊ အသက်ကလည်း ၃၀ ကျော်လာပါပြီ။ ဒီရောဂါ ဆိုးကြောင့် ဘာမဆို ဖင့်နှေးနောက်ကျနေသဖြင့် ဒုက္ခတွေ ရောက်ရသည်မှာလည်း အကြိမ်ကြိမ် ဖြစ်ပါသည်။
မြတ်စွာဘုရား ခိုင်းသည့်အတိုင်း ဒါနသီလ ကောင်းမှုများကို ပြုခဲ့ခြင်းသည် ဒီဘ၀ မှာပင် ချက်ချင်း အကျိုးပေးခဲ့သည်မှာလည်း ကိုယ်တွေ့ဖြစ်ပါသည်။ စာရေးသူမှာ ဆွေမျိုးအိမ် (အမွေပိုင်ဆိုင်ခွင့်ရှိသောအိမ် ဖြစ်ပါသည်) တွင် အငြိုငြင် အဆူဆောင့် ခံပြီး နေထိုင်ရသည့် ဘ၀မှ အခန်းလေးတခန်းဖြင့် ကိုယ်ပိုင် နေထိုင်ရသော ဘ၀သို့ မထင်မှတ်ဘဲ တိုးတက်ရရှိခဲ့ပါသည်။ နာမကျန်းလျှင်ပင် ဆေးခန်းသွားစရာ ငွေမရှိ၊ ဆရာဝန် ညွှန်ကြားသည့် ဓာတ်စာဖိုး မတတ်နိုင်သည့် ဘ၀မှလည်း အတော် ကလေးတိုးတက် အဆင်ပြေလာပြီ ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးခြင်း၊ မျက်နှာငယ် အောက်ကျခြင်းများကို ဘုရားခိုင်းတိုင်း ပြုခဲ့သော ဒါနသီလ တန်ခိုးဖြင့် ချေဖျက်နိုင် ခဲ့သည်မှာ "အကာလိကော-ချက်ချင်း အကျိုးပေးသောတရား" ဆိုတာ မှန်ကန် ကြောင်း မိမိဘ၀က မိမိကို သက်သေပြသည့်နှယ် ရှိပါသည်။
ADHD ရောဂါမှာမူ သမာဓိ အားနည်းခြင်း ဖြစ်၍ သူ့ကို တရားဘာဝနာနှင့် ချေဖျက် ခြင်းသည် အထက်မြက်ဆုံးလက်နက် ဖြစ်ပါသည်။
စာရေးသူသည် ဆရာကြီး ဒေါက်တာဦးကံညွန့် ဘာသာပြန်ဆို ဓမ္မဒါန ဖြန့်ဝေသော ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော် မြန်မာပြန်ကို ဖတ်ရှု၊ မင်းကွန်း ဆရာတော်ကြီး ဟောကြားအပ်သော ခန္ဓကမ္မဌာန်း စီးဖြန်းပုံကို နာကြားရပြီးနောက် မြတ်စွာဘုရား ခိုင်းသည့်အတိုင်း "ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ခန္ဓာ ငါးပါ သည် အနိစ္စ-မမြဲပါတကား၊ ဒုက္ခ-ဆင်းရဲစွတကား၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ်ပါတကား"ဟု စီးဖြန်းနှလုံးသွင်းပါတော့သည်။ (ကျေးဇူးရှင် ဆရာကြီး ဦးကံညွန့်နှင့် မင်းကွန်းဆရာတော်ကြီးတို့ကို ရှိခိုးကန်တော့လိုက်ပါသည်။ အသက် ၈၀ ကျော် ဆရာကြီး ဒေါက်တာကံညွန့်ကို လွန်ခဲ့သည့် ၅ နှစ်ကျော်က ရွှေတိဂုံ စေတီတွင် တရားစာအုပ်များ ဓမ္မဒါန ပေးလှူနေစဉ် တွေ့ရသဖြင့် ရှေ့တွင် ဦးချရှိခိုး ကန်တော့ ခဲ့ပါသည်။ မည်မျှ ကျေးဇူးကြီးမှန်းတော့ ဆရာကြီးကို ပြောမပြခဲ့ရပါ။)
အလုပ်မှ တလခွဲခန့် အနားယူကာ တရားဘာဝနာကို အိမ်တွင် ကြိုးစားအား ထုတ်ပါတော့သည်။ စစချင်း လုံးဝ မလွယ်ကူပါ။ ADHD ရောဂါသည်တို့၏ဘာဝ သမာဓိအား နည်းပါးခြင်းကြောင့် တရားထိုင်ရ၊ တရားမှတ်ရခြင်းသည် ဧရာမ အခက်အခဲကြီး ဖြစ်နေပါသည်။
တရက်ပြီးတရက် သမာဓိမရဘဲ စိတ်တွေပြန့်လွင့်ပြီး အချိန်တွေ ကုန်သွားပါသည်။ တလ ကျော်လာသောအခါလည်း စိတ်ပြန့်လွင့်မှုတောင်ကို မကျော်နိုင်သေးပါ။ အချိန်တွေကုန်ပြီးရင်းသာ ကုန်နေရပါတော့သည်။
အားမလျှော့ဘဲ ဆက်လုပ်ပါသည်။ မြတ်စွာဘုရားမှာရော၊ တရားဓမ္မမှာရော လုံးဝ အမှားမရှိ၊ အားနည်းချက်မရှိ၊ ငါ့ဘ၀ကံဝဋ်ကြွေး ကြီးလွန်းခြင်းနှင့် ၀ီရိယ နည်းပါး ခြင်းကြောင့်သာ ဖြစ်သည်ဟု အမှန်အတိုင်း နှလုံးသွင်းပါသည်။
ထို့နောက် သမာဓိ အားနည်းသည့်ကြားမှ ဆက်အားထုတ်ပါသည်။ ငါ့သမာဓိ မကောင်း၍ ငါ့မှာ ဒီရောဂါဆိုးကြီး ရှိနေ၍ ခရီးရောက်မည်မဟုတ်ဆိုပြီး အလျှော့ပေး လျှင် အကျိုးမရှိ၊ ဒီတော့ ရသလောက် အားထုတ်မည်ဟူသော စိတ်ဖြင့် ဆက်လုပ် ပါသည်။
ရှိသမျှ အကုန် ဘုရားလှူပြီး လူက တရားကို ကြိုးစားအားထုတ်ပါသည်။ အလုပ် မလုပ်ဘဲ အိမ်မှာနေ၍ တရားနောက် သဲသဲမဲမဲ လိုက်နေခြင်းကြောင့် ငွေကြေး၊ ပညာရေး စသည် နစ်နာနှေးကွေးဖွယ်များကိုလည်း အခိုက်အတန့် ဥပေက္ခာထား လိုက်ပါသည်။
ရုပ်နာမ်တို့သည် အနတ္တ-ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု နှလုံးသွင်း စီးဖြန်းပါသည်။ အသေးစိတ် အမူအရာများလည်း မှတ်ပါသည်။ ဤသို့ ကြိုးစားလိုက်သောအခါ သမာဓိ မရနိုင်၍ လက်လျှော့ရမည့် အခြေအနေမှ တရားတက်လာပါတော့သည်။
တရားပြ ဆရာတော်တပါးကို အကျိုးအကြောင်း လျှောက်ထား၍ ဘယ်လို ဆက် လက် ရှုမှတ်သင့်သည်ကို နည်းနာခံယူပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက် (အနိစ္စသ ဘော)ကို ထင်ထင်ရှားရှား မြင်လာချိန်တွင် ထိတ်လန့်ခြင်း၊ လောကီ ကာမဂုဏ် များကို စိတ်ကုန်ညည်းငွေ့ခြင်းများ ဖြစ်တတ်သည်မှာ သဘာဝဖြစ်၍ တရားသာ ဆက်မှတ်ရန် ဆရာတော်က ညွှန်ကြားပါသည်။
တရားမှတ်သောအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတွင် ရှုမှတ်သူ တဦးနှင့်တဦး ထင်ရှားသည့် လက္ခဏာ မတူကြောင်း မဟာမြိုင်ဆရာတော် ဦးဇော တိက ဟောကြားသည်ကို ဖတ်ဖူးပါသည်။ စာရေးသူမှာ အနတ္တ လက္ခဏာကို ရှုမှတ် ရတာ ပိုအားသန်ပြီး အနတ္တကို အဓိက အားစိုက် ရှုဖြစ်ပါသည်။ (အနတ္တ၏ အဓိပ္ပာယ်မှာ အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု ဖြစ်ပါသည်။ ဘာမှ မဟုတ်ဘူး၊ ဘာမှ မရှိဘူးဟူ၍ မမှတ်သင့်ပါ။ ဒီလိုမှတ်လျှင် အနတ္တ မဟုတ်ဘဲ နတ္တိက၀ါဒ ဖြစ်သွားပါမည်။ ရုပ်နာမ်တို့သည် ဧကန် ရှိပါသည်။ ဖြစ်ခြင်းပျက်ခြင်းများနှင့် ရှိနေ တာ ဖြစ်ပြီး လုံးဝ မရှိခြင်း မဟုတ်ပါ။ မြဲသောရှိခြင်း မရှိတာကိုသာ ဆိုလိုပါသည်။ ရုပ်နာမ်သည် အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၏၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာ မဟုတ်ဟုသာ မှတ်သင့်ပါသည်)။
ဤသို့ ရှုမှတ်ရင်း တလခွဲ ကျော်လာသောအခါ ADHD ရောဂါဆိုးကို ခံစားရစဉ် ကာလမှာ လနှင့် နှစ်နှင့် ချီ၍ မလုပ်နိုင်ခဲ့သော အမှုကိစ္စများကို လုပ်နိုင်လာသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ADHD ရောဂါဆိုးကြောင့် စိတ်ဆင်းရဲ စိတ်ဓာတ် ကျကာ မရှင်းလင်းဖြစ်ခဲ့သော အိမ်ခန်းမှာ အတန်ငယ် သပ်သပ်ရပ်ရပ် ဖြစ်လာပါ သည်။ ဟိုတွေးဒီတွေးဖြင့် အကျိုးမဲ့ စိတ်တွေ ပြန့်လွင့်ရင်း နှစ်ပေါင်းများစွာ အချိန် တွေ နှမြောဖွယ် ဆုံးရှုံးခဲ့ရသည့် ဘ၀မှ စိတ်ကို တရားထဲ နှလုံးသွင်းပြီး နေနိုင်သည့် ဘ၀ ရောက်လာပါသည်။ ပြန့်လွင့်နေကျ အကျိုးမဲ့အာရုံတို့ကိုလည်း သံယောဇဉ် ဖြတ်နိုင်လာပါသည်။
ADHD ရောဂါ၏ သဘာဝ ဘာမှ ပြီးအောင် မလုပ်နိုင်ဘဲ တို့လို့တန်းလန်း အဆုံးမ သတ် ဖြစ်တတ်သည့် စိတ်အခြေအနေမှ တခုခုဆို ပြီးအောင် လုပ်လိုက်ချင်စိတ်များ ၀င်လာပါသည်။ (တရားအားထုတ်စဉ် ကျန်ကိစ္စများကို ဥပေက္ခာပြုပြီး တရားကိုသာ ခရီးရောက်အောင် အားထုတ်ချင်စိတ်ကလည်း ပြန်အကျိုးပေးသွားခြင်း ဖြစ်ပါ သည်။)
ဤသို့ ပြောင်းလဲတိုးတက်လာသော စိတ်အခြေအနေမှာ သာမန်လူများအတွက် "ဘာထူးဆန်းလို့လဲ။ ဒီလို တခုခုဆို စွဲစွဲမြဲမြဲ ပြီးအောင် လုပ်ချင်စိတ်၊ ပစ္စည်းအသုံး အဆောင်တွေကို သပ်သပ်ရပ်ရပ် ထားချင်စိတ်၊ ဟိုတွေးဒီတွေး အချိန်ဖြုန်းမနေဘဲ တခုခုမှာ အာရုံစူးစိုက်ချင်စိတ်တွေ ငါတို့မှာ ရှိပြီးသားပဲ"ဆိုလျှင် ထိုစိတ်များမှာ သာမန်လူများမှာ မထူးဆန်းဘူး ပြောနိုင်သော်လည်း ADHD ရောဂါဝေဒနာရှင် များအတွက် အလွန်တောင့်တသော၊ ရချင်ပါလျက် မရနိုင် ဖြစ်ရသော စိတ်များ ဖြစ်ပါသည်။ ဥပမာ ကျန်းမာသူ တယောက်သည် အမြင့်တက်နိုင်၊ ပြေးလွှားနိုင် သော်လည်း နာတာရှည် နှလုံးရောဂါသည်မှာမူ ထိုအလုပ်များကို လုပ်နိုင်စွမ်း မရှိ သည့်နှယ် ဖြစ်ပါသည်။
ဤရောဂါအတွက် Ritalin လို အနောက်တိုင်းဆေးများ ရှိသော်လည်း ဘေးထွက် ဆိုးကျိုးများ အန္တရာယ်ကြီးကြောင်း အနောက်တိုင်းတွင်လည်း ငြင်းခုန်ဝေဖန် နေကြ ပါသည်။ အလားတူ ရောဂါသည် တယောက်က သူ ရီတာလင် မသောက်ရလျှင် စိတ်ဂဏှာမငြိမ် ဖြစ်ရကြောင်း ပြောပြဖူးပါသည်။
စာရေးသူ အမြင်မှာ တရားထိုင်ခြင်း၊ တရားဓမ္မ ရှုမှတ်ပွားများ အားထုတ်ခြင်းသည် ထိုရောဂါအတွက် အကောင်းဆုံး ဆေး ဖြစ်ပါသည်။
စာရေးသူသည် တရားရှုမှတ်ရင်း တဖက်ကလည်း ADHD ရောဂါ ကုသဖို့ အထောက်အကူပြု ဆေးဝါး ဖြစ်သည့် ငါးကြီးဆီ၊ ဗီတာမင်ဘီ ဆေးပြားများ၊ သံဓာတ်အားဆေးများ ပုံမှန်သောက်ပါသည်။
ဆိုးဆေးပါ အစားအသောက်များ၊ ဆိုဒီယမ်ဘန်ဇုတ် (E211) ပါသော အစား အစာများ (ကိုလာနှင့် ဂက်စ်ပါ အချိုရည်များ၊ ဖျော်ရည်များ)ကိုလည်း ရှောင်လိုက် ပါသည်။ ထိုအစားအစာများ စားသူတိုင်း ADHD ဖြစ်ပွားခြင်း မဟုတ်သော်လည်း ADHD စွဲကပ်လာသည့် ကလေးငယ်များကို ထိုဓာတ်များပါသည့် အစာများ ဖြတ်လိုက်သောအခါ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာသည်ဟု အမေရိ ကန် ဆေးသုတေသန တရပ်က ဆိုပါသည်။ ထို့ကြောင့် သောက်နေကျ ကိုလာနှင့် အချိုရည်များ၊ ဆိုးဆေးပါ ဖျော်ရည်များကို လုံးဝ ဖြတ်လိုက်ပါသည်။ ဝေဒနာ မရှိသူ အတွက် အကြောင်းမဟုတ်သော်လည်း ADHD သမားအတွက် ရှောင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ သွေးတိုးသမား အငံနှင့် အချိုအဆိမ့် ရှောင်သလို ဖြစ်ပါ သည်။
အစားစားရာတွင်လည်း ဆိုးဆေးနှင့် ဓာတုပစ္စည်းပါသော အစာများကို တတ်နိုင် သမျှ ရှောင်၍ ရောဂါမပျောက်မချင်း သဘာဝ အစားအစာနှင့် အသီးအရွက်သာ အားပြုစားရန် စီစဉ်ရပါသည်။ အသင့်လုပ် အစားအစာများတွင်လည်း ပါဝင်သည့် အမယ်များထဲတွင် ဆိုဒီယမ်ဘန်ဇုတ် သို့မဟုတ် E-211 ဆိုသော ဓာတုပစ္စည်း ပါ၊ မပါ ဖတ်ပြီး ပါလျှင် ရှောင်ရပါသည်။
ADHD သမားများမှာ စိတ်ပြန့်လွင့်တတ်သလို အိပ်ချိန် များလွန်းခြင်း၊ မအိပ်ဘဲ အိပ်ရာထဲ လဲလျောင်းအချိန်ဖြုန်းနေခြင်းများလည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် နိသဇ္ဇိက ဓုတင်ခေါ် လျောင်းသော ဣရိယာပုဒ်ကို ရှောင်ကြဉ်သည့် ဓုတင်ကို တရားမှတ်ရင်း အချိန်ပိုင်းနှင့် သတ်မှတ်ဆောက်တည်ရပါသည်။ တောင်ပုလု ဆရာ တော်ကြီး၊ အီတာလျံလူမျိုးဆရာတော် ဦးလောကနာထတို့ ဆောက်တည်ကြ ကြောင်း ဖတ်ဖူးပါသည်။ စာရေးသူမှာ ထိုဆရာတော်ကြီးများလောက် စွမ်းနိုင်ဖို့ဝေး စွ၊ နေ့စဉ် ၂၄ နာရီအပြည့်ပင် မဆောက်တည်နိုင်ပါ။ သို့သော် အိပ်ချိန်သာ လှဲအိပ်ပြီး ကျန်သည့်အချိန်တွေမှာ လျောင်းစက်ခြင်းကို ရှောင်ကြဉ်ကာ ရပ်၊ ထိုင်၊ သွား ဣရိယာပုဒ်များဖြင့်သာ နေခြင်းဖြင့် အိပ်ရာထဲ အမြဲ အချိန်ဖြုန်းနေတတ်သည့် ADHD လက္ခဏာကို တိုက်ဖျက်ရပါသည်။
အစား၊ အအိပ် ဂရုပြုရသလို အနေအထိုင်တွင်လည်း ADHD ကို အားပေးသည့် စိတ်ပြန့်လွင့်စေသော အမူအကျင့် အားလုံးကို ရှောင်ရပါသည်။ တရားကမ္မဌာန်း တခုခုကို အမြဲ စီးဖြန်းမိနေအောင် စိတ်ကို အလေ့အကျင့် လုပ်ရပါသည်။ ဥပုသ် ကြောင့် တီဗီမှ အကအခုန်ပွဲများ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ မလုပ်ရ သောအခါ စိတ်ပြန့်လွင့်စရာ ထွက်ပေါက်တခုကို ပိတ်ဆို့လိုက်သလို ဖြစ်သွားပါ သည်။ ဆရာကြီး ဦးဂိုအင်ကာသည် ဦးခေါင်းတခြမ်းကိုက်သော မိုင်ဂရိန်း ဝေဒနာ ကို ခံစားနေရသဖြင့် မိတ်ဆွေတဦး၏ အကြံပေးချက်အရ ဆရာကြီး ဦးဘခင်၏ ရိပ်သာသို့ သွားရောက် တရားအားထုတ်ရာ စွဲကပ်နေသော မိုင်ဂရိန်း ဝေဒနာ ပျောက်ကင်းသွားရုံမက တရားသိသွားသဖြင့် ရတနာသုံးပါးအပေါ် အလွန် သက်ဝင် ကြည်ညိုပြီး ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူလိုက်ခြင်းကြောင်း၊ ထို့နောက် မိသားစု ကိုပါ ရိပ်သာသို့ စေလွှတ်တရားအားထုတ်စေရာ မိသားစုပါ ဗုဒ္ဓဘာသာဝင်များ ဖြစ် ကုန်ကြောင်း ဆရာကြီး ပြန်လည် ဟောကြားသည့် တရားခွေ မြန်မာပြန်ကို နာကြား ရဖူးပါသည်။
စာရေးသူနှင့် ဘ၀တူ ADHD ဝေဒနာရှင် အနောက်တိုင်းသား လူငယ်မှာ တရား ထိုင်ခြင်း၊ တရားဓမ္မ အားထုတ်ခြင်း မရှိသူ ဖြစ်သဖြင့် သူ့ရောဂါအတွက် ရီတာလင် လို စားဆေးကိုသာ အားကိုးခဲ့ရပါသည်။ တရားဓမ္မသည် ဆေးစွမ်းကောင်းဖြစ် ကြောင်း လက်တွေ့ သိသော်လည်း မိမိဘာသာသို့ ဆွယ်ရာ ရောက်မည်စိုး၍ မပြော ဖြစ်ပါ။ ADHD ဝေဒနာရှင်တယောက်အတွက် စိတ်အာရုံ စုစည်းရသော တရားထိုင် ခြင်းသည် အခက်ခဲဆုံး အလုပ်တခု ဖြစ်ကြောင်း ကိုယ်တွေ့ သိထား၍လည်း လုပ်နိုင်ခဲသော အလုပ်ကို လွယ်လွယ် ပြော၍ မသင့်သဖြင့် မပြောမိပါ။
စာရေးသူမှာမူ ဗုဒ္ဓမြတ်စွာကို သက်ဝင်ကြည်ညိုသူ ဖြစ်သဖြင့် ပွင့်လင်းစွာ ပြောရ လျှင် ဘ၀တူ ထိုလူငယ်ထက် တပန်းသာ အခွင့်အရေး ရှိနေပါသည်။ စာရေးသူ သည် လောကတွင် အတော်ဆုံး သမားတော်ကြီး ဖြစ်သော ဗုဒ္ဓမြတ်စွာထံတွင် ဤ ရောဂါအတွက် ဆေးကုသခွင့် ရပြီ၊ ထိုသမားတော်ကြီး တိုက်ကျွေးသော တရား ဆေးကိုလည်း ရောဂါနှင့် သင့်တော်သည့် ဆေးစွမ်းကောင်းအဖြစ် ယုံယုံကြည် ကြည် သောက်သုံးအပ်ပြီ။ အကယ်၍ မပျောက်ကင်းခဲ့လျှင်ပင် ကိုယ် ကြိုးစားအား ထုတ်မှု အားနည်းခြင်းနှင့် ၀ဋ်ကြွေးကြီးမားခြင်း၊ ရောဂါကျွမ်းနေခြင်းတို့ကြောင့်သာ ဖြစ်ရမည်၊ ဘုရားရှင်နှင့် တရားတော်မြတ်မှာ ဘာအားနည်းချက်မှ မရှိဟုလည်း သိနားလည် ယုံကြည်အပ်ပြီ။ ကုသခံဖို့သာ ကိုယ့်တာဝန် ကျန်ပါတော့သည်။
စာရေးသူသည် ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တကို ရှုမှတ်သည့် ခန္ဓကမ္မဌာန်းကို နေ့စဉ် အားထုတ်ပါတော့သည်။ အချိန်တန်၍ အလုပ်ပြန်ဝင်ရတော့လည်း ရသမျှ အချိန်မှာ ဆက်လက် အားထုတ်ပါသည်။
မိမိ၏ ခန္ဓာငါးပါးနှင့် အသက်၊ အရွယ်၊ ဘ၀၊ အချိန်၊ ဥာဏ်ပညာ စသည် အားလုံးကို မြတ်စွာဘုရားရှင်အား လှူဒါန်းပါ၏ဟု အပြီး လှူဒါန်းလိုက်ပါသည်။ အသက်ရှင် နေခြင်းသည် မြတ်စွာဘုရားရှင်ကို လုပ်ကျွေးကျေးဇူးဆပ်ဖို့သာ ဖြစ်သည်ဟု ခံယူ လိုက်ပါသည်။ အလုပ်လုပ်နေရခြင်းသည်လည်း မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာများကို ဘုရားကိုယ်စားမှတ်၍ လုပ်ကျွေးလှူဒါန်းဖို့ ၀င်ငွေရှာနေရခြင်းဟု ခံယူထားလိုက်ပါသည်။
လစဉ် ရသမျှ ၀င်ငွေကိုလည်း မြတ်စွာဘုရားရှင်အား အကုန်လှူဒါန်းပြီး ထိုထဲမှ တလစာ မိမိစားစရိတ်ကိုသာ အနည်းငယ် ပြန်လည် ခွင့်တောင်းသုံးစွဲပါသည်။ ထို သို့ သုံးစွဲရာတွင်လည်း ဆီ၊ ဆန်၊ ဟင်းချက်စရာ အခြေခံ စားသောက်ကုန်နှင့် ဆပ်ပြာ၊ သွားတိုက်ဆေးလို တကိုယ်ရေသုံး ပစ္စည်းများအတွက်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ ပန်းနှင့် ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်ဖိုးကိုတော့ ထိုငွေထဲမှ ပြန်လည်သုံးစွဲရပါသည်။ ငါသည် ဘ၀ကံဝဋ်ကြွေး အလွန်ကြီးလေးခဲ့သူ ဖြစ်သည်၊ ဘုရားစကားနားထောင်၍ ကုသိုလ်ကောင်းမှုများ ပြုခဲ့သဖြင့်သာ ဒုက္ခများ လျော့ပါး လွတ်မြောက်ရသည်ဟု နားလည်သဖြင့် မိမိရသမျှ လာဘ်လာဘ အားလုံး နှင့် မိမိခန္ဓာကိုပါ ဘုရားရှင်သို့ ပြန်လှူလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် မြတ်စွာဘုရားကို ပြန်လည် ကျေးဇူးဆပ် လုပ်ကျွေးဖို့ အသက်ရှင်နေသည်ဟု ခံယူထားခြင်းနှင့် ဗြဟ္မစရိယငါးပါးသီလ ဆောက်တည်ထားခြင်း၊ မေတ္တာ ကမ္မဌာန်း စီးဖြန်းခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုစိတ်လည်း မရှိတော့ပါ။
ဤသို့ ကျင့်ကြံအားထုတ်သောအခါ စိတ်ကြည်လင် သန့်ရှင်းလာခြင်း၊ လူချစ်လူခင် ခံစားရခြင်း အကျိုးများ လက်တွေ့ ပေးလာပါတော့သည်။ စာရေးသူမှာ ကလေးဘ၀ ကတည်းက ADHD ရောဂါကြောင့် ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သဖြင့် မသွက်လက် မချက်ချာ၊ နုံအသည်ဆိုကာ အထီးကျန်၊ အပယ်ခံ ဖြစ်ခဲ့ရပါသည်။ ယခုမူ လူချစ် လူခင် တိုးလာခြင်း၊ လူကောင်းများ စိတ်ကောင်းရှိသူများနှင့် တွေ့ကြုံပေါင်းသင်း ရခြင်းများ ဘ၀တွင် ထူးခြားမှုအဖြစ် တွေ့ကြုံလာရပါသည်။ ဒုက္ခရောက်လျှင် ယခင် က ကယ်မည့်ကူမည့်သူ မရှိသော မျက်နှာမွဲ ဘ၀မှ ယခု တစိမ်းတရံဆံကအစ စေတနာထား ကူညီသွားခြင်းများ တွေ့ကြုံခံစားရပါတော့သည်။
မြတ်စွာဘုရား စကား နားထောင်သဖြင့် ကံကတော့ တက်လာပါပြီ။ စာရေးသူမှာ ADHD ရောဂါကြောင့် ဘွဲ့တခုသာ အနိုင်နိုင် ရခဲ့ပြီး ပညာရေးဆက်မတိုးနိုင်ခဲ့သည့် ဘ၀မှ ယခု ဘွဲ့လွန်ပညာများ ဆည်းပူးသင်ကြားလိုစိတ် ၀င်လာပါသည်။ ထိုအခါ နိုင်ငံခြား ဘာသာစကားများ သင်ယူရန် စေတနာထား သင်ကြားပေးသည့် ဆရာကောင်းကိုရော၊ ဆက်သွယ်စီစဉ်ပေးသည့် စေတနာရှင်များရော ရရှိပြန်ပါ သည်။ အလုပ်တဖက်နှင့် ပညာသင်ကြားရာတွင်လည်း အခက်အခဲမရှိဘဲ အလုပ်ချိန်အတွင်း လစာပြည့် သင်ကြားရန် အခွင့်ရပြန်ပါသည်။ နောက်မှ သိရသည်မှာ စာရေးသူ၏ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရသည့် ဘ၀နှင့် ADHD ဝေဒ နာခံစားရသည့် အဖြစ်ကို သိနားလည်သည့် လူကြီးသူမ တဦးက စာရေးသူကို မပြောဘဲ အဆင်ပြေအောင် နောက်ကွယ်မှ ပံ့ပိုးထောက်ခံပေးနေသည့် အဖြစ်ကို သိရပါတော့သည်။ တချိန်က အလုပ်အကိုင် အဆင်မပြေ၊ နေစရာမရှိ စားစရာ ဆင်းရဲလှသည့် မျက်နှာမွဲ လူငယ်တဦးသည် ဘုရားခိုင်းတိုင်း လုပ်ခဲ့သည့် ဒါန စ သော ကောင်းမှုများကြောင့် ကံကြမ္မာ ပြောင်းလဲခဲ့ပါပြီ။
ယခု စာရေးနေချိန်တွင် စာရေးသူသည် မိမိနေရာ အခန်းကလေးကို ကြည့်လိုက်ရာ တချိန်က ADHD ရောဂါသည်တို့၏ဘာဝ (သမာဓိအားနည်း စိတ်မစူးစိုက်နိုင်ခြင်း ကြောင့်) သပ်သပ်ရပ်ရပ် ရှင်းလင်းနိုင်ခြင်း မရှိဘဲ နှစ်နှင့်ချီ၍ ပေရေရှုပ်ပွနေသော အခန်းသည် ကြမ်းလည်း ပြောင်အောင် တိုက်လျက်၊ ယခင်ကထက် စာလျှင် အတန်ငယ် ကြည့်ပျော်ရှုပျော် တွေ့ရပါသည်။ ဝေဒနာ သက်သာလာပြီဆိုသည့် သင်္ကေတ ဖြစ်ပါသည်။
သဒ္ဓါတရားများ တက်လာသော စာရေးသူသည် နေထိုင်ရာ အခန်းကိုပါ "ဘုရား အမှူးရှိသော သံဃာအား ကျောင်းအဖြစ် လှူဒါန်းပါ၏"ဟု လှူဒါန်းလိုက်ပါသည်။ စိတ်တွင်လည်း သံဃိကကျောင်းတွင် နေထိုင်စောင့်ရှောက်ပေးနေသည့် အလုပ် အကျွေးအဖြစ်သာ မိမိကိုယ်မိမိ သဘောပိုက်လိုက်ပါသည်။ ထိုအခါ အခန်း သန့်ရှင်းရေး လုပ်ရာတွင်လည်း ဘုရားကျောင်း၊ သံဃာ့ကျောင်းကို ရှင်းလင်းပေး နေရသည့် အဖြစ်ဖြင့် ကုသိုလ်စိတ်များ ဖြစ်လာပါသည်။ ကိုယ့်အခန်းကိုယ် သန့်ရှင်း ရေး လုပ်တာပဲဆိုသည့် စိတ်ထက် သာသွားပါသည်။
မြတ်စွာဘုရားအား ရည်စူးလှူဒါန်းထားသော စုဆောင်းငွေများကို ရေတွက်လိုက် သောအခါ သိန်း ၂၀၀ ကျော် ရှိနေပြီကို ၀မ်းမြောက်ဖွယ် သိလိုက်ရပါတော့သည်။ တချိန်က နေထိုင်မကောင်း ဖြစ်ချိန်မှာ ကုစရာ ဆေးဖိုးလည်းမရှိ၊ သေသွားလျှင်ပင် အသုဘစရိတ် မရှိသည့် အဖြစ်ကို တွေးတော စိတ်ဆင်းရဲခဲ့ရသော ဘ၀ကိုပြန် သတိရမိသည်။ သို့သော် ထူးဆန်းသည်မှာ ထိုငွေများကို စကတည်းက ဘုရားလှူ ထားပြီး ဖြစ်သဖြင့် မိမိပိုင်ဟု တပ်မက်ခြင်း လုံးဝ မရှိတော့ပါ။ "ကျောင်းလေး တကျောင်းတော့ ဆောက်လှူလို့ ရလောက်ပါပြီ၊ သီလရှိတဲ့ သံဃာတွေအတွက် တရားရိပ်သာကျောင်း ဆောက်လှူမှပဲ။ စာသင်သား ကိုယ်တော်တွေအတွက် စာသင်တိုက် လှူရရင်လဲ ကောင်းမယ်" စသည်ဖြင့် စိတ်ထဲက တွေးတောကြံစည် ကုသိုလ်စိတ် ဖြစ်နေမိပါသည်။ "ရှိသမျှအကုန် ဘုရားလှူတော့ မင်းက အရေးဆို ဘာနဲ့ သွားစားမလဲ"ဟု မေးလာလျှင် လုံးဝကို ခေါင်းထဲ ထည့်မစဉ်းစားမိပါ။ နေစရာ မရှိ သည့်ဘ၀မှ ဘုရားကျေးဇူးကြောင့် ကျောချစရာလေး တနေရာ ရလာခြင်း၊ စား ဖို့ ရှိနေခြင်းသည်ပင် ကျေးဇူးကြီးလှပါပြီ။ ထိုကျေးဇူးကို ဆပ်ဖို့သာ အဓိက ဖြစ်ပါ သည်။
ကျောင်းဆောက်လှူဖို့ သိန်း ၂၀၀ ကျော် စုဆောင်းလှူဒါန်းပြီးသော စာရေးသူမှာ ခြူးတပြားမှ လက်ဝယ်အပိုင်မရှိတော့ပါ။ ဒါကိုပင် သဘောကျပြီး ပျော်နေမိပါသည်။ လကုန်ထိ စားဖို့ အစားအသောက် ရှိနေပြီ၊ လမ်းစရိတ်က ဒီလအတွက်ရော နောက်နှစ်လစာပါ သီးခြား စီစဉ်ပြီးပြီ။ လူမှာ ၀တ်စရာ အ၀တ် အတန်အသင့်ရှိ သည်၊ ဒါဆို လုံလောက်ပြီ၊ ဘာမှ မလိုတော့ပါ။ မိတ်ဆွေများကို ကျွေးမွေးရန်မှတပါး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် သွားတတ်သူ မဟုတ်၍လည်း အပိုကုန်စရာ မရှိပါ။ မိတ်သင်္ဂဟများကို ကျွေးမွေးရန်၊ ဧည့်သည် ဧည့်ဝတ်ပြုရန် စသည်တို့ အတွက် ငွေ ခြောက်သောင်းခွဲခန့် ဖယ်ထားပြီး ရှိပါသည်။ ကိုယ် သုံးဖို့အတွက် တော့ တပြားမှ မရှိတော့ပါ။ သို့သော် ဘုရားရှင်ကို ဆွမ်းလှူဒါန်းခွင့် မဲကျသည့် ဆင်းရဲသား မဟာဒုက်လို စိတ်အလွန်ကြည်နူးချမ်းသာနေပါသည်။
ဤသို့နှင့် တရားဓမ္မကို ကြိုးစားအားထုတ်ရာ အချို့ရက်များတွင် သမာဓိအား ပြန်ကျလာပြီး အချိန်တွေ အလဟဿ ဆုံးရှုံးသွာခြင်းလည်း ကြုံရပါသည်။ သို့သော် အလျှော့မပေးဘဲ ဆက်ကြိုးစားပါသည်။ တရားထိုင်ရာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း လာသော အနောက်တိုင်းသား မိတ်ဆွေတဦးကလည်း အားပေးပါသည်။
ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းတခုကို လုံးဝနီးပါး ပစ်ထားသဖြင့် ဖောက်သည်များ ပျက်လာခြင်း၊ လုပ်ငန်းရပ်တန့်နေကြောင်း သတိပေး ဝေဖန်ခြင်းများ ကြုံရပါသည်။ မြတ်စွာဘုရား ဟောကြားထားသည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ဆို သော စကားကို နှလုံးသွင်းကာ အစွန်းမရောက်ရန် မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ သည်။
တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို မြင်၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများ ထင်ရှားလာချိန်တွင် လောကီကို စိတ်ကုန်ညည်းငွေ့ခြင်း၊ လောကီကိစ္စများကို စိတ်ဝင်စားမှု မရှိခြင်းများ ဖြစ်တတ်ပါသည်။ ဘယဥာဏ် (အပျက်ကိုသာ မြင်နေရ၍ ထိတ်လန့်ခြင်း)၊ အာဒီန၀ဥာဏ် (မှတ်တိုင်း အပျက်ကိုသာ သတိပြုမိနေ၍ မကောင်းမှန်း သိမြင်ခြင်း)၊ နိဗ္ဗိဒါဥာဏ် (အပျက်ကို မြင်နေရ၍ ပျင်းရိခြောက်သွေ့ ညည်းငွေ့ခြင်း)၊ မုဉ္စိတုကမ္မတာဥာဏ် (အပျက်နှင့် ဆင်းရဲကို မှတ်ဆဲမှာ တွေ့ရ၍ လွတ်မြောက်လိုခြင်း)များ ကြောင့်ဖြစ်ပါသည်။ ရိပ်သာဝင် တရားအားထုတ်ရာမှ တခါတည်း ရဟန်းပြု၊ သီလရှင်ဝတ်သွားသော စာရေးသူတို့ထက် သာလွန်ပါရမီ ထူးသည့် ပုဂ္ဂိုလ်များမှာ ထိုဥာဏ်များ ထင်ရှားအားကောင်းလာခြင်းကြောင့် လောကီ ကို တခါတည်း စွန့်သွားခြင်း ဖြစ်ပါသည်။
တရားအားထုတ်ရာတွင် ထိုဥာဏ်များ တက်နေခိုက်တွင် လောကီကိစ္စများကို စိတ်ကုန်ညည်းငွေ့နေတတ်ပါသည်။ ထိုအခါ မိမိမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း လျစ်လျူပြု၍ မရသေးသဖြင့် မျှမျှတတ နှလုံးသွင်းရန်၊ အလုပ်ကိုလည်း သည်းခံပြီး လုပ်ရန် ဦးပဉ္စင်းတပါးက ညွှန်ကြားပါသည်။ ထိုဦးပဉ္စင်း မှာလည်း တရားထိုင်ရင်း တရားကို သိမြင်ကာ လူဝတ်ကြောင်ကို စွန့်လွှတ်သွားသူ ဖြစ်ပါသည်။
စာရေးသူသည် တရားမှာ လောကီစည်းစိမ်ဥစ္စာ ဂုဏ်သိမ်များထက် တုနှိုင်းမရ တန်ဖိုးကြီးသဖြင့် တရားတက်နေခိုက် တရားနောက် ဦးစားပေးလိုက်ရန် ဆုံးဖြတ် လိုက်ပါသည်။ ၀ိသာခါ ကျောင်းအစ်မကြီး၏ မြေးတစ်ဦးသည် ၀ါတွင်းကာလမှာ သဒ္ဓါတရားများ ထက်သန်နေခိုက် ရဟန်းပြုရန် ခွင့်ပန်သော်လည်း သံဃာတော် များက ၀တ်မပေးသဖြင့် မ၀တ်လိုက်ရပါ။ ၀ါတွင်းကျော်လွန်၍ ရဟန်းပြုပေးရန် အကြောင်းကြားလာသောအခါ ထက်သန်နေသော သဒ္ဓါတရား ကျဆင်းသွားပြီ ဖြစ် သဖြင့် ရဟန်းပြုလိုစိတ် မရှိတော့ကြောင်း တုံ့ပြန်သည်ဟု ဖတ်ရဖူးပါသည်။ ထိုအ ခါ ၀ိသာခါ ကျောင်းအစ်မကြီး၏ လျှောက်ထားချက်အရ မြတ်စွာဘုရားက ၀ါတွင်း ကာလတွင် ရဟန်းပြုပေးရန် မငြင်းဆန်ရဟု ပညတ်ခဲ့ရပါသည်။
စာရေးသူသည် တရားတက်နေခိုက် ကျန်တာတွေ ယာယီ အနာခံ၍ တရားကို ဦးစားပေး အားထုတ်လိုက်မည်၊ ခုလို တရားတက်နေသည့် အခွင့်ကောင်းကို လွတ်သွားလျှင် နောက်နောင် ၁၀ နှစ်ဆက်တိုက် နေ့စဉ် အားထုတ်သော်လည်း အခြား လောကီအာရုံများကြောင့် ယခုလို တရားတက်သည့်အချိန် တရက်တောင် ရချင်မှ ရမည်ဟု နှလုံးပိုက်ကာ ဦးစီးလုပ်ကိုင်နေရသည့် လုပ်ငန်းကိုပါ ယာယီ ပစ်ထားပြီး တရားသာ အားထုတ်ပါသည်။ အတိုင်းအတာ တခုထိ တရားရရှိ ပိုင်ဆိုင်သွားပြီး စိတ်တည်ကြည်သန့်ရှင်းသွားလျှင် ထိုသမာဓိ၊ ပညာစွမ်းဖြင့် လုပ်ငန်းကိုလည်း ပိုကောင်းအောင် ဥာဏ်အမြော်အမြင်ဖြင့် လုပ်နိုင်မည်ဟူသော အသိလည်း ပါပါသည်။
တရားကို ကျင့်ကြံအားထုတ်လျှင် တရားတန်ခိုးကြောင့် လိုသမျှ ပြည့်စုံသည်ဟု သီလရှင် ဆရာလေးတပါး အမိန့်ရှိဖူးပါသည်။ တရားကိစ္စ သိလိုသည်များကို တရား ပြ သံဃာတော်တပါးအား မေးမြန်းလျှောက်ထားသောအခါ ထိုသံဃာတော်က လည်း အလားတူ အမိန့်ရှိပါသည်။ ဦးဇင်းလည်း ပိုင်ဆိုင်မှုအားလုံးစွန့်ပြီး ရဟန်းပြု လာခဲ့ကြောင်း၊ တရားတန်ခိုးကြောင့် ယခုလို ပြည့်စုံလာခြင်းဖြစ်ကြောင်း အမိန့်ရှိပါ သည်။ ထိုဦးဇင်းမှာ တရားပြရိပ်သာ တခု ဖွင့်လှစ်ပြီး ဒကာဒကာမများကို တရားပြ ပေးနေပါသည်။ ဦးဇင်းမှာ န၀ကမ္မ ၀တ္ထုပင် မကိုင်သော်လည်း ရိပ်သာမှာ ယောဂီ များအတွက် ဆွမ်းဆေးကအစ မပူပန်ရပါ။
စာရေးသူလည်း မိမိကိုယ်ကိုယ် ပြန်ကြည့်ရာ အလားတူပင် လှူဒါန်းဖို့ သတ်မှတ်စွန့် လွှတ်ထားပြီး ငွေများသာမက နေစရာ အာဝါသလေးတခု (ရေရှည် မရေရာသော် လည်း) ရှိနေခြင်း၊ နေ့စဉ် စားစရာ ဖူလုံနေခြင်းများ တွေ့ရပါသည်။ လူ့ဘ၀မှာ နေဖို့နှင့် စားဖို့မှာ လိုအပ်ချက်တခုဖြစ်ပြီး ဒါလေးမှ အဆင်မပြေ ဒုက္ခရောက် နေရသူတွေ ဒုနှင့်ဒေး၊ ကိုယ်လည်း အပါအ၀င် ဖြစ်ခဲ့သူမို့ ယခု အရေးကြီးသည့် လိုအပ်ချက်တခု ပြည့်စုံနေပြီ ဆိုရပါမည်။ တနေ့ ၁၃ နာရီ၊ ၁၄ နာရီ ပိတ်ရက်မရှိ ညလုံးပေါက်ပါ အလုပ်ဆင်း၍ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေသော်လည်း ဆင်းရဲ တွင်းနက်ခဲ့သည့် ဘ၀မှ ယခု လစာပြည့် ခွင့်ရပြီး နေ့စဉ် တရားအားထုတ် နေနိုင်ခြင်းမှာလည်း ကုသိုလ်ကောင်းမှုက ပေးလာသည့် အမြတ်တခု ဖြစ်ပါသည်။
စာရေးသူမှာ ကလေးဘ၀က ဘာသာရေးကို အလိုမရှိသူ လူကြီးမိဘများ မနှစ်မြို့သည့်ကြားမှ မြတ်စွာဘုရားကို ဖယောင်းတိုင် အတိုအစများနှင့် မီးပူဇော်ခဲ့ဖူး ပါသည်။ အိမ်မှာ ဘုရားစင် မရှိပါ။ သူငယ်ချင်းတဦး ဆွဲပေးသည့် ဘုရားပုံကို အိပ်ရာခေါင်းရင်းမှာ ထား၍ ကိုးကွယ်ခဲ့ရပါသည်။ ထိုသို့ အဆူပူခံပြီး ဘုရားကို မီးပူဇော်ခဲ့သည့် အကျိုးပေးကြောင့် ဖြစ်ပါလိမ့်မည်၊ ကြီးပြင်းသောအခါ ဥာဏ်ရည် အားကောင်းလာပါသည်။ ADHD ရောဂါကြောင့် သမာဓိအား နည်းနေသော်လည်း ဥာဏ်ထက်သန်စေသည့် ကောင်းမှုကို အခက်အခဲကြားမှ ပြုခဲ့ခြင်းက ကံအကျိုးပေး သဖြင့် ပညာရေး၊ အလုပ်အကိုင်စသော လောကီရေးများမှာလည်း ADHD ရောဂါ ဆိုး နှိပ်စက်သည့်ကြားမှ အတန်အသင့် ခံသာခဲ့ခြင်း ဖြစ်ပါသည်။
၁၀ နှစ်ဝန်းကျင် ကလေးဘ၀ကတည်းက စွဲကပ်နှိပ်စက်ခဲ့သော ရောဂါဆိုးသည် ယခုအခါ နှစ်အစိတ်ကျော် သက်တမ်းရှိပြီ ဖြစ်ပါသည်။ နှလုံးရောဂါ၊ ပန်းနာ၊ ရင်ကျပ် ရောဂါ စသော လူသိများသည့် နာတာရှည် ရောဂါဆိုးများ ခံစားရသူများကို ကြည့်ပါ။ နှစ် ၂၀ ကျော် ရောဂါသက်တမ်း ရင့်လာသောအခါ လူစဉ်မမီ ရှူနာရှိုက် ကုန်း ဖြစ်လာခြင်း၊ အသက်ဆုံးရှုံးရခြင်းများ တွေ့ပါလိမ့်မည်။
ယခုမူ စာရေးသူမှာ ဘုရားကျေးဇူး၊ သံဃာ့ကျေးဇူး၊ တရားဓမ္မ ဖြန့်ဝေပေးလှူသည့် လူဆရာကြီးများ ကျေးဇူးကြောင့် တရားဆေးကို မှီဝဲရသဖြင့် ရောဂါသက်တမ်း နှစ် အစိတ်ကျော်ပြီး လက်မြှောက်ရမလို အဖြစ်ဆိုးမှ လွတ်မြောက်ရပါပြီ။ တရားကို ဖိဖိ စီးစီး အားထုတ်လိုက်ရာမှ အလုပ်တခုကို ဖိဖိစီးစီး လုပ်ချင်သော စိတ်များ ဖြစ်ထွန်း လာပြီး ADHD ရောဂါသည်တို့မှာ ဖြစ်တတ်သည့် ဘာဆိုဘာမှ မပြီးစီး အလုပ်တွေ တပိုင်းတစ တိုးလို့တန်းလန်း အကျင့်ဆိုးကိုလည်း ထိန်းကွပ်နိုင်ခဲ့ပါပြီ။
နေ့စဉ် ပြုဖွယ်ရှိသော အမှုကိစ္စများကိုလည်း ယခင်လို လနှင့်နှစ်နှင့်ချီ၍ မလုပ်နိုင်ဘဲ ပစ်ထားခြင်း မဟုတ်တော့ဘဲ ပုံမှန်ထမ်းဆောင်လာနိုင်ပါပြီ။ ADHD သမားများ၏ အာရုံများတတ်သည့် အကျင့်ဆိုးကိုလည်း တရားသမားများ၏ အာရုံမထွေပြား လုပ်သင့်တာကိုသာ ရွေးလုပ်သော အကျင့်ကောင်းက ပြန်လည်တိုက်ဖျက်နေပါပြီ။
အပျော်အပါးဖြင့် အချိန်ဖြုန်းခြင်း မရှိတော့သည့်အတွက်လည်း အသက်မွေးဝမ်း ကျောင်း အလုပ်အပြင် တရားထိုင်ဖို့ အချိန်ပါ ပိုထွက်လာပါသည်။ အလုပ်သွား အလုပ်ပြန် ဘတ်စ်ကားပေါ်တွင်ဖြစ်စေ၊ အိမ်နေရင်း ပန်းကန်ဆေး အစားစား ချိန်ဖြစ်စေ၊ လဲလျောင်းရင်း နိုးနေစဉ်ဖြစ်စေ မေတ္တာပို့လျှင်ပို့၊ မဟုတ်လျှင် တရားရှု မှတ်နေတတ်သည့် အကျင့်ကောင်း ဖြစ်လာသဖြင့် ADHD ရောဂါသည်တို့ဘာဝ ရောက်တတ်ရာရာ စိတ်ပြန့်လွင့်တတ်သော အကျင့်ဆိုးကို တရားဖြင့် ခုခံနိုင်ခဲ့ပါပြီ။
ရုပ်နာမ်တို့၏ လက္ခဏာရေး သုံးပါးကို ရှုမှတ်ရင်း သတိပြုမိသည်မှာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါဆိုး၏ နှိပ်စက်မှုအောက်တွင် စွမ်းဆောင်ဖို့ ခက်ခဲလှသော ကိစ္စဖြစ်သည့် အာရုံတခုတွင် စိတ်ကို စူးစိုက်တည်ကြည်စေခြင်း တရားဘာဝနာ မှုကို လုပ်နိုင်လာခြင်း ဖြစ်ပါသည်။ ပြောင်းလဲတိုးတက်လာသော အခြေအနေထူး အတွက် ၀မ်းသာကျေးဇူးတင်လှသဖြင့် တရားရှုမှတ်ရင်း မြတ်စွာဘုရားကို ရှိခိုးဦး ခိုက်မိသည်အထိ ဖြစ်ပါသည်။
ငယ်တုန်း တရားကို ဦးစားပေးအဆင့်တစ် ထားပြီး အားထုတ်ဖြစ်နေခြင်းကိုလည်း ကိုယ့်မှာ ရှိဆဲ အကောင်းဆုံး အချိန်နှင့် အရွယ်ကို မြတ်စွာဘုရားကို ပေးလှူခြင်း ဖြစ်သည်ဟု သတ်မှတ်ခံယူလိုက်သဖြင့် သဒ္ဓါပီတိ ပိုအားကောင်းလာပါသည်။ ရုပ်နာမ်တို့၏ သဘာဝဖြစ်သော မမြဲခြင်းကို ရှုမှတ်ပါများသောအခါ ချမ်းသာသုခ တွေလည်းမမြဲ၊ ဆင်းရဲဒုက္ခတွေလည်း မမြဲဟု အသိဝင်လာပါသည်။ ဆင်းရဲခြင်းကို ရှုမှတ်ပါများသောအခါ ရုပ်နာမ်တို့၏ တရားကိုယ်ကိုက ဒုက္ခမှန်း သိနားလည်လာ၍ အပရိက ဒုက္ခများကို သည်းခံနိုင်လာပါသည်။ နေရေးစားရေးကို ဇာမချဲ့ဘဲ သင့်တင့်လျောက်ပတ်ရုံဖြင့် ရောင့်ရဲနိုင်လာခြင်း၊ ဗာဟီရ မများဘဲ အပိုကိစ္စများကို လျစ်လျူပြုပြီး အရေးအကြီးဆုံး အလုပ်တို့ကိုသာ ဦးစားပေး လုပ်ရမှန်း သိလာခြင်း၊ အသေးအဖွဲ အဆင်မပြေမှုဒုက္ခများကို ညည်းတွားအချိန်ဖြုန်းမနေဘဲ ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာ လုပ်နိုင်လာခြင်း စသည့် အကျိုးထူးများ ခံစားလာရပါသည်။
အချို့မိတ်ဆွေများ ပညာရေး၊ အလုပ်အကိုင်၊ တရားဓမ္မရေး စသည့် အရေးတကြီး လုပ်သင့်သော ကိစ္စများကို မကြိုးစားဘဲ အပြိုင်အဆိုင် ကိစ္စများ၊ နေရေးစားရေး ဇိမ်ခံနိုင်ဖို့ အချိန်ပေးလွန်းခြင်းများ၊ အပျော်အပါးများကြောင့် ဘ၀မှာ အချိန်တွေ အလကားဖြစ်နေရသည်ကို တွေ့သောအခါ တရားအားထုတ်မိခြင်း၏ အကျိုးကို မြင်လာပါသည်။ ငါ့မှာ တရားနှင့်တွေ့၍ ဒီလို အရေးမကြီးတာတွေနှင့် အချိန်ဖြုန်းမိ နေမည့် အဖြစ်မှလွတ်ရသည်၊ ဤမိတ်ဆွေများလည်း တရားအားထုတ်မိလျှင် ဒီလို အကျင့်မျိုး ပျောက်ပြီး သူတို့ဘ၀တွေ ပညာရေး၊ လူမှုရေးကအစ ပိုမိုတိုးတက် အောင်မြင်ဖွယ်ရှိသည်ဟု တွေးမိပါသည်။ တရားဟူသည် မလိုသူကို ဇွတ်တိုက် တွန်း၍ အရာထင်မည် မဟုတ်၍သာ စေတနာ ရှိသော်လည်း မပြောဖြစ်ပါ။
မိဘအသိုင်းအ၀ိုင်းမဲ့ အထီးကျန် ဘ၀ကို တချက်တချက် အားငယ်မိရာမှ ယခုမူ ဘုရားကို မိဘပြု၍ တရားကို အဆွေခင်ပွန်းဖွဲ့ကာ နေမည်ဟူသော စိတ်ခွန်အား များ ၀င်လာပါတော့သည်။ အခြံအရံ ၁၀၀၀ ရှိသော်လည်း တရားမရှိသည့် အဖြစ် ထက် ဆွေမျိုးမရှိ မိတ်ဆွေတဦးမှ မရှိသော်လည်း တရားဓမ္မ ရှိသည့် အဖြစ်က မြတ် သည်ဟု အသိဝင်လာပါသည်။ မိဘဆွေမျိုး အသိုင်းအ၀န်းအခြံအရံ အားနည်းခြင်း ကိုလည်း ရှေးအတိတ်က အကုသိုလ်၏ အကျိုးဆက် ၀ဋ်ကြွေးအဖြစ် တရားနှလုံး သွင်းကာ ကြံ့ကြံ့ခံနိုင်လာပါသည်။ မေတ္တာကမ္မဌာန်း စီးဖြန်းမိသောအခါ ငါဘယ် အခြေပဲ ရောက်နေနေ၊ ငါ့ကို ဘယ်သူဘာပဲ လုပ်လုပ်ပြောပြော ငါက အားလုံး အပေါ် မေတ္တာထားမည်ဟူသော စိတ်များ ၀င်လာပါသည်။ အထီးကျန်ဘ၀ကို အားငယ်ဝမ်းနည်းနေစိတ်ကို တလောကလုံး ကိုယ့်ကို ဆေးဖော်ကြောဖက် မလုပ်ရင်နေ၊ ကိုယ်က တလောကလုံးအပေါ် မေတ္တာပွားနေမည်ဟူသောစိတ်က လွှမ်းမိုးလာပါသည်။
အမေရိကန်တွင် သုတေသန ပြုချက်များအရ ADHD ဝေဒနာရှင်လူငယ် တ၀က်နီး ပါး၏ ပညာရေးမှာ အထက်တန်းကျောင်းပင် မပြီးဆုံးကြောင်း တွေ့ရပါသည်။ အမေရိကန်တွင် ပျမ်းမျှလူ ၁၀၀ လျှင် ၂၈ ဦးသည် တက္ကသိုလ်ဘွဲ့ ရကြသော်လည်း ADHD ဝေဒနာသည်များထဲမှ တက္ကသိုလ်ဘွဲ့ ရသူမှာ ၁၀၀ လျှင် ၅ ဦးနှုန်းထက် လျော့နည်းပါသည်။
ဥာဏ်ရည် ပုံမှန်နှင့် ပုံမှန်အထက် ရှိနေသော်လည်း အိမ်စာများ ပြီးအောင် မလုပ်နိုင် ခြင်း၊ ဘာမဆို အချိန်မီ မပြီးစီးခြင်းများမှာ ADHD ဝေဒနာသည် ကလေးများ၏ သင်္ကေတ ဖြစ်ပါသည်။ ကြီးပြင်းလာသောအခါတွင်လည်း ထိုရောဂါကြောင့် ဘ၀ တွင် အခက်အခဲများ တွေ့ရပါသည်။ စာရေးသူထက် လေးနှစ်ငယ်သော ADHD ဝေဒနာရှင် အမေရိကန် လူငယ်တဦးမှာ မူးယစ်ဆေးပါ သုံးတတ်လာပြီး ဘ၀အခြေ အနေကောင်းများ ရပါလျက် ပညာရေးရော လူမှုရေးပါ မထူးချွန်တော့ပါ။
ထိုသို့ ဘ၀၏ အောင်မြင်မှုများကို အလှမ်းဝေးစေသည့် ကြောက်စရာ ရောဂါဆိုးကို မြတ်စွာဘုရား တိုက်ကျွေးသည့် ဓမ္မရေအေး အမြိုက်ဆေးဖြင့် ကုစားနိုင်ခဲ့ပါပြီ။ ယခု စာရေးရင်း ခဏရပ်ပြီး တရားရှုမှတ်ကြည့်သောအခါ ADHD ရောဂါ၏ စိတ်မတည် ငြိမ်ပြန့်လွင့်အောင် နှိပ်စက်မှုမှ ကင်းလွတ်၍ စိတ်ကြည်လင်တည်ငြိမ်စွာ တရားမှတ် နိုင်နေသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ရဟန္တာပုဂ္ဂိုလ် မဟုတ်သေးသဖြင့် နိဝရဏ တရားများကတော့ လူမှာ ကုန်ဦးမည် မဟုတ်ပါ။ သို့သော် ADHD ရောဂါ သည် အဖြစ်မှ လွတ်မြောက်၍ ကျန်းမာလာခြင်းကပင် အံ့ဖွယ်အကျိုးရလဒ် ဖြစ်ပါ သည်။
ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်၊ ပညာ အဓိပတိတပ်၍ ကြိုးစားလျှင် အမှုကိစ္စတို့ ပြီးစီးအောင်မြင်သည်ဟူသော မြတ်စွာဘုရား၏ အဆုံးအမနှင့် ဟောကြားသော တရားတော်မြတ်ကို ရိုသေစွာ ရှိခိုးဦးခိုက်လိုက်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော်ဘုရားကြီးက…
“အို…လူများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီး ရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့် မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည်။ စာမတက်လို့၊ ဘာမတက်လို့လဲ မလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက် အို..လူများတို့ ယခုအခါ ကံ၊ ပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိ လျက်ကနဲ့ မထွက်သော် ကံ၊ ပါရမီ ချဖွယ်မရှိ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိ လျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ မိမိကသာ ဖျင်းလို့၊ “အ”လို့၊ ဖြစ်သည်။ “အ” သေနည်း သေတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို..လူများတို့ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ် ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀အနှစ်သာရထုတ်ခြင်းတစ်ခုဖြစ်၏။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရှိထားသင့်ပါသည်။
လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်မှာ…
(၁) ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊
(၂) လူ့ဘ၀ကို ရခဲခြင်း၊
(၃) သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊
(၄) ရဟန်းဘ၀ကို ရခဲခြင်း၊
(၅) သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်ပေသည်။
ဤနေရာတွင် လူ့ဘ၀ရခဲပုံကိုသာ စာရှုသူများ နားရှင်းသည်အထိကြိုးစားရေးသားပါမည်။ နခသီခူပသုတ်တွင် ဗုဒ္ဓဟောကြားထားသည်မှာ- “ချစ်သား၊ ချစ်သမီးတို့… ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေ ကြီး ဘယ်ဟာကများသနည်း”၊
“အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့၊ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံ့ပေါ်က မြေမှုန် လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ဖြစ်ပါသည်။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်တွင်လည်း အပါယ်ဘုံသားတို့ လူ့ဘ၀ရခဲယဉ်းပုံနှင့်ပတ်သတ်၍ ဟောကြားထားတော်မူသည်မှာ “ချစ်သား၊ ချစ်သမီတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်။ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။ အဲဒီသမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ ထမ်းပိုးကလည်း လေတိုက်ရာအရပ် လေးမျက်နှာ မျောချင်းရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့် ရင် သူပေါ်ချင်ရာမှာပေါ်မယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကို ပေါ်လာတဲ့ အချိန်လည်း ဖြစ်ရမယ်။ အရပ်လေးမျက်နှာ မျောချင်ရာ မျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့် နေရာ ရောက်နေရမယ်။ ပိုပြီးခဲခဲယဉ်းယဉ်း ဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”၊
“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ကတော့ ယခုငါဘုရား ဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့” ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤဟောကြားချက် သုံခုလုံးပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။ အများအားဖြင့် လူတွေက မိမိရလာတဲ့ ဘ၀ကို တန်းဖိုးသိတ်မထားသလိုပါဘဲ။ အင်မတန်ကံကောင်းလွန်းသောကြောင့် လူ့ဘ၀ကို ခဏတာရောက်လာခြင်းဖြစ်ပါသည်။ အခုလို လူ့ဘ၀ရောက်ချိန်လေးမှာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကိုကြိုးစားအားထုတ်မှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်မှန်းချက် အတိုင်းလိုက်နာသူစင်စစ် ဖြစ်ပါမည်။ လောကီအလုပ်တွေနဲ့ဘဲ အချိန်ကို အသုံးချနေမယ်ဆိုရင် လူ့ဘ၀တန်ဖိုးဆုံးရှုံးသွားပါမည်။ တန်းဖိုးထား တက်သူမှသာ တန်းဖိုးရှိမှန်းသိပါမည်။ တဆက်တည်းပြောလိုသည်မှာ မိမိတို့ ပန်းတိုင်ရောက်ရေး အားထုတ်ရာမှာ ဆရာကောင်းကို ဆည်းပူးဖို့အရေးကြီးပါသည်။ ဆရားတင်မှားပါကလည်း မိမိတို့ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်ပါ။ “ပူဇော်ရာမှာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုသည့်အတိုင်း ဆရာကောင်းကို ရွေးချယ်ကိုးကွယ်ရပါမည်။ ဆရာကောင်းကိုရရင် ကိစ္စအားလုံးပြီးစီးတယ်လို့ ဘုရား ရှင်က ဟောကြားခဲ့ပါသည်။ မိမိတို့ရထားတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိကာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်တက်လှမ်းဖို့သည်သာ အရေးအကြီးဆုံးဖြစ်ပါသည်။
“စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်းမှန်းချက် ပန်းတိုင်ကို အရောက်တက်လှမ်းနိုင်ကြပါစေ…”
မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။

ဗုဒ္ဓဒေသနာနှင့်လောကလူသား…၊
ဗုဒ္ဓတရားတော်သည် လွန်စွာ နက်နဲသိမ်မွေ့မြင့်မားရကား နေ့စဉ်အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်စားသောက်နေထိုင်ကြရသည့် လောကလူသား မိန်းမ၊ ယောက်ျား များအတွက်မူ ဗုဒ္ဓကျင့်စဉ်ကို အလုံးစုံ လိုက်နာကျင့်သုံးနိုင်ကြမည်မဟုတ်ပါ။ ဗုဒ္ဓ၀ါဒီ အစစ် အမှန်တစ်ဦးဖြစ်လိုပါက လောကမှဖယ်ခွာ၍ ကျောင်းကန်ဘုရား ဆိတ်ငြိမ်ရာ အရပ်များသို့ ‘တောထွက်’ ကြရပေလိမ့်မည်ဟု အချို့ပုဂ္ဂိုလ်များက ထင်မှတ်နေကြပေသည်။ ဤကား ၀မ်းနည်းဖွယ်ရာ အထင်အမှတ် လွဲမှားနေခြင်းပင်ဖြစ်ပေသည်။
ဗုဒ္ဓဟောကြားတော်မူထားသည့် တရားတော်များကို ကောင်းစွာ နားမလည်သေး သောကြောင့် ထိုသို့ လွဲမှားမှတ်ယူနေကြကြောင်း ထင်မိပါသည်။ ဗုဒ္ဓတရားတော်သည် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်ဘဲ။ အိမ်ရာတည်ထောင် နေထိုင်ကြသည့် သာမန် လောကလူသား မိန်းမ၊ယောက်ျားများ အတွက်လည်းဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒတို့ ကျင့်သုံးရာလမ်းစဉ်ဖြစ်သော မဂ္ဂင်(၈)ပါး တရားတော်မြတ်သည် ဂုဏ်ထူးဝိသေသ အဆင့်အတန်း လုံးဝခွဲခြားခြင်းမရှိဘဲ ခပ်သိမ်းသော ပုဂ္ဂိုလ်အပေါင်းတို့ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး သာယာအေးချမ်းအောင်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များ အတိုင်းတည်ဆောက်နိုင်ပါသည်။ အထူးတလည် ကျင့်ကြံပွားများစရာ မလိုပါဘူး။ မိမိတို့သိတဲ့ အတိုင်းသာလိုက်ကျင့်ဖို့လိုတာပါ။ လူတိုင်းထို အသိရှိပြီး ကျင့်ကြမည်ဆိုပါက အားလုံးအမုန်းမရှိဘဲ သာယာဖွယ် ဖြစ်ပါလိမ့်မည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရ ပုဏ္ဏားတို့ရွာသို့ ရောက်တော်မူပါသည်။ ထိုအခါရွာသူရွာသားတို့က မြတ်စွာဘုရားရှိရာသို့ လှူဖွယ်၊ ပူဇော်ဖွယ် ၀တ္ထုတို့ဖြင့် လာရောက်ကြပါသည်။ ထိုသို့ လူအများလာရောက် ကြသောအခါ အလ္လာပ၊ သလ္လာပ စကားများပြောကြပြီး ထိုရွာမှအကြီးအကဲ ပုဏ္ဏားကြီးက မြတ်စွာဘုရားအား လျှောက်ထားပါသည်။ ဘယ်လို လျှောက်သလဲဆို တော့..
“မြတ်စွာဘုရား တပည့်တော်တို့ အိမ်ရာတည်ထောင်၍ နေကြသောသူတို့သည် အရှင်ဘုရားတို့လို ဆွမ်းခံစားတာ မဟုတ်တော့ ရွှေ၊ ငွေကိုလည်း မစွန့်နိုင်ပါ။ သားမယား တို့ကိုလည်း မစွန့်နိုင်ပါ။ အ၀တ်ကောင်းကိုလည်း ၀တ်ချင်ပါသည်၊ အစားကောင်းကိုလည်း စားချင်ပါသည်။ ပန်းကိုလည်း ပန်လိုပါသည်။ သနပ်ခါးကိုလည်း လိမ်းလိုပါသည်။ ပွဲကိုလည်းကြည့်လိုပါသည်။ တောတောင် ကိုလည်းမထွက်နိုင်ပါ။ သေတဲ့အခါ အပါယ်လေးပါးသို့လည်း မကျလိုပါ။ နတ်ပြည်သို့ ရောက်လိုပါသည်။ သို့အတွက် မြတ်စွာဘုရားသည် တပည့်တော်တို့အား တောလည်းမထွက်ရ၊ သားမယားကို သာယာလျှက်၊ ရွှေ၊ ငွေ ကိုလည်း သာယာလျက်၊ အစားကောင်းကိုလည်း စားကာ၊ အ၀တ်ကောင်းကိုဝတ်လျက်၊ ပန်းကိုလည်းပန်ကာ၊ သနပ်ခါးလိမ်းလျက်၊ ပွဲလည်းကြည့်ကာ၊ အပါယ်လေးပါးသို့ မကျဘဲ နတ်ပြည်သို့ ရောက်တဲ့တရားကို ဟောတော်မူပါဘုရားတဲ့”
ဒီတရားတောင်းဟာ အိမ်ယာတည်ထောင်နေသော လူတွေအားလုံးနှင့် အင်မတန်သင့်တော်သော တရားတောင်းပါ။ အဲဒီတရားတောင်းတော့ မြတ်စွာဘုရားက ဘယ်လိုမိန့်တော်မူသလဲဆိုတော့..
“ပုဏ္ဏားတောင်းတဲ့ အတိုင်းဖြစ်ပါစေမယ်၊ ရွှေ၊ ငွေကိုလည်း မစွန့်ရပါဘူး။ တော လည်းမထွက်ရပါဘူး။ အ၀တ်ကောင်းလည်း ၀တ်ရပါမယ်။ အစားကောင်းလည်း စားရပါမယ်။ သနပ်ခါးလည်း လိမ်းရပါတယ်။ ပန်းလည်းပန်ရပါတယ်။ ပွဲလည်းကြည့် ရပါတယ်။ သေတဲ့အခါ အပါယ်လေးပါးကိုလည်း မရောက်စေရပါဘူး၊ နတ်ပြည်ကို လည်း ရောက်ရပါစေမယ်။ သို့သော် ငါဘုရားပြောတဲ့ အတိုင်းလိုက်နာကျင့်ကြံရပါမယ်” လို့ မိန့်တော်မူပါသည်။
ပုဏ္ဏားက “ဒီလိုဆို ကျင့်ကြံပါမယ်ဘုရား အကျင့်လမ်းစဉ်ကိုသာ ဟောတော်မူပါတဲ့”
“ဒီတော့ မြတ်စွာဘုရားက အကျင့်လမ်းစဉ်ကို ဘယ်လိုဟောသလဲဆိုတော့..”
(၁) “ငါ့ကို သတ်လျှင် ငါမခံချင်သလို သူများကို ငါကသတ်လျှင် သူများက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက်ငါသည် သူတစ်ပါးအား သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ပါအံ့ဟု ကျင့်ရမယ်”။
(၂) “ငါ့ဥစ္စာကိုခိုးလျှင် ငါမခံချင်သလို၊ သူတစ်ပါးဥစ္စာကို ငါကခိုးလျှင်လည်း သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့ဟု ကျင့်ရမယ်”။
(၃) “ငါ့သားမယားကို သူတစ်ပါးက မှားယွင်းလျှင် ငါမခံချင်သလို သူတစ်ပါးသား မယားကို ငါမှားယွင်းလျှင် သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးသားမယားကို မှားယွင်းခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။
(၄) “ငါ့ကို သူတစ်ပါးက လိမ်ပြောလျှင် မကြိုက်သလို သူတစ်ပါးကို လိမ်လျှင်လည်း သူတစ်ပါးက ဘယ်ကြိုက်ပါ့မလဲ။ သို့အတွက် ငါသည် မုသားပြောဆိုခြင်းမှ ရှောက်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။
(၅) “ငါသည် သူတစ်ပါးသောက်စားမူးယစ်တာကို မြင်လျှင် မကြည်ညိုသလို၊ ငါသောက်စားမူးယစ်လျှင်လည်း သူတစ်ပါးက ဘယ်ကြည်ညိုပါ့မလဲ၊ သို့အတွက် ငါသည်သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။
ငါးပါးသီလမြဲအောင် ကျင့်ရမည်ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေဖြစ်နေခြင်းမှာ လူသတ်တာ အကုသိုလ်ဖြစ်ကြောင်းကို လူတိုင်းမသိ၍၊ သိသော်လည်း မကျင့်သောကြောင့်ဖြစ်ပါသည်။ ထို့နောက် သူတပါးပစ္စည်း၊ နယ်မြေလိုချင်တဲ့ လောဘတွေ၊ သူတပါးကို သေစေလိုတဲ့ ဒေါသတွေကြောင့် လောကကြီးမှာ ယနေ့ထိ ငြိမ်းချမ်းမှုတွေ နေရာတိုင်း မရနိုင်သေးတာပါ။
အဒိန္နာဒါနာကံမှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ မတော်မတရားယူခြင်း၊ အလေးခိုးခြင်း၊ ဓားမြတိုက်ခြင်း အားလုံးကိုထည့်တွက်ရပါမည်။ ထိုအမှု့များ လုပ်ပါက အကုသိုလ်ကံ ဖြစ်သည်ဟုသိပြီး လိုက်ကျင့်ကြပါက လောကမှာ သူခိုးများရှိမည် မဟုတ်တော့ပါ။ မိမိတို့ ပစ္စည်းကိုသာ အသုံးပြု၍ သူတပါးထံမှ လိုချင်သော လောဘတရားလည်း အလိုလိုပယ်သတ်နိုင်ပါလိမ့်မည်။
မိမိနှင့် မောင်နှမသားချင်း စာနာကာ သူတပါး သားသမီးအပေါ် ကျူးလွန်ခြင်းအမှု ကာမသုမိစ္ဆာစာရကံကို လူတိုင်းစောင့်ထိန်းကြမည်ဆိုပါက မလိုလားအပ်သော အမှုခင်းများလည်း ဖြစ်မည်မဟုတ်ပေ။ “နှမချင်း စာနာထောက်ထားပါ” “သားသမီးချင်း ကိုယ်ချင်းစားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ထိုသို့စောင့်ထိန်း ခြင်းကြောင့် လူသားအားလုံး အိမ်ထောင်ရေးပြဿနာ၊ ကိုယ်ကျင့်တရားဖောက်ပြားမှုများ မဖြစ်တော့ဘဲ သာယာမှုရစေနိုင်ပါသည်။
မုသားစကားဆိုရာတွင် လိမ်ပြောခြင်း၊ ကြမ်းတမ်းစွာဆဲဆိုပြောခြင်း၊ ကုန်းချောစကားပြောခြင်း၊ အကျိုးမရှိသောအပိန်ဖျင်း စကားများပြောခြင်း တို့ကိုပါမှတ်ယူ စောင့်ထိန်းကြရပါမည်။ စီဘောက်မှာ ဆဲဆိုပြောနေခြင်းများ၊ သူတပါးတွေကို ကုန်းချောသောစာများကို တွေ့ရပါက မည်သို့ခံစားရသည်ကို စာဖတ်သူများသိကြမှာပါ။ တရားသိပြီးစောင့်ထိန်းကြပါက ထိုကဲ့သို့ သေးငယ်သော အမှုမှစ၍ ကျူးလွန် ကြမှာမဟုတ်ပါ။
သေရည်အရက်သောက်ပါက မူးယစ်ပြီး ဆုံးဖြစ်ချက်များ မှန်ကန်စွာမချနိုင်တော့ပါ။ မိမိသောက်လိုက်ခြင်းကြောင့် ပတ်ဝန်းကျင်လည်း ထိခိုက်ရပါသည်။ အရက်၊ ဆေးခြောက်၊ ဘီယာ၊ မူးယစ်ဆေး၊ ထန်းရည် အားလုံးကို ပါမှတ်ယူ ရှောင်ကြဉ်ရပါမည်။ မူးယစ်သောက်စားပြီးပါက နောက်ထပ် မကောင်းမှုမှားဆက်လုပ်ချင်တဲ့ စိတ်ကဖြစ်လာတက်ပါသည်။ အရက်မူးခြင်းကြောင့်ဖြစ်သော အမှုခင်းများ အားလုံးလည်းဖြစ်မည် မဟုတ်ပေ။
ထို့ကြောင့်ဘုရားရှင်ဟောကြားခဲ့သော တရားများသည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲအပေါင်းမှ လွတ်မြောက်စေခြင်း အပြင် လောကအတွင်း သတ္တ၀ါအားလုံး နေနည်းများ ကိုလည်း လမ်းညွှန်ပြထားခဲ့ပေသည်။ လောကရဲ့အလှတရားကို သီလပန်းဖြင့် ဆင်မြန်းမှသာ တင့်တယ်လှပနိုင်ပါမည်။
ကျွန်တော်တို့အားလုံး ငါးပါးသီလအစဖြာသော သီလတရားကို စောင့်ထိန်း၍ လောက နှင့် မိမိတို့ သံသရာအတွက် သီလရနံ့ဖြင့် ထုံမွှမ်းကြပါစို့…။

စောင့်လေမျိုးနွယ်..၊
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ် ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။
(၁) ကျွေးမွေးမပျက် ဟူသည် အသက်အရွယ်ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမည်ဟု ဆိုလိုပါသည်။
(၂) ဆောင်ရွက်စီမံ ဟူသည် အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့၏ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက် တာဝန်ယူရမည်ဟု ဆိုလိုသည်။
(၃) မွေခံထိုက်စေ ဟူသည် မိဘတို့၏ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက် လက်ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။
(၄) လှူမျှဝေ၍ ဟူသည် တမလွန်ဘ၀သို့ ကွယ်လွန်ပြောင်းရွှေ့သွားကြသော မိဘ တို့အားရည်စူး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်းပေးဝေရမည်ဟု ဆိုလိုသည်။
(၅) စောင့်လေမျိုးနွယ် ဟူသည် မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဟု ဆိုလိုသည်။
စောင့်လေမျိုးနွယ်းဆိုရာတွင် မိမိတို့မျိုးဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဟူသောမျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမည်။
“လူမှာအမျိုး ကြက်မှာအရိုး” ဟူသောဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်သည် အရေးကြီးလှပါသည်။ ဘာသာရေးအရဆိုလျှင် မိမိတို့၏ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမည်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတက်ရပါမည်။ မြန်မာအမျိုးသား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာ၌ ဘာသာတူဖြစ်သော ဗုဒ္ဓဘာသာဝင်မျိုးရိုးကို ရွေးချယ်ရပါမည်။ ဤအချက်သည် အလွန်အရေးကြီးပါသည်။ တချို့လူငယ်တို့သည် အချစ်သည်သာပဓာနဟူသော စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှားကြလေသည်။ အိမ်ထောင် ဖက်ရွေးချယ်မှားရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပို၍အရေးကြီးသည်။ ဘာသာခြားနှင့် အိမ်ထောင်ပြုမိပါလျှင် သားစဉ်မြေးဆက် ရင်သွေးတို့ပါ ဘာသာခြား ဖြစ်သွားတက်ပါသည်။ စောင့်လေမျိုး နွယ်တာဝန် ကြီး ပျက်သွားပါသည်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးခံယူချက်နှင့် လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့မှု တို့ကြောင့် အချို့သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့သည် ဘာသာခြား တို့နှင့် အိမ်ထောင်ပြုကြသဖြင့် ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာရလေသည်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းမှရမည်ဟူသော လူမျိုးရေး၊ ဘာသာရေး အသိရှိကြရပါမည်။ ထို့ထက်ပို၍ မိမိတို့ကိုးကွယ်နေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို သိတက်ရပါမည်။ ထိုကျေးဇူးတော်တွေကို သိပြီး လိုက်နာကျင့်သုံးနိုင်မှသာ ဗုဒ္ဓဘာသာဝင်ဟု အပြည့်အ၀ ခံယူထိုက်ပါသည်။ ကျနော်တို့ မြန်မာတွေဟာ ယုံကြည်တက်မှု အလွန်လွယ်ကူကြပါသည်။ ဘုရား၊ တရား၊ သံဃာ အပြင် အခြားသော ရိုးရာကိုးကွယ်မှုနတ်များ၊ ဗေဒင်၊ လက္ခဏာ၊ ဘိုးတော်၊ မယ်တော် တွေကိုပါ ယုံကြည်တက်ကြပါသည်။ ဒီလိုပညာတွေ ကဟော နိုင်တာက ကာလ(၃)ရပ် (အတိတ်ဖြစ်ရပ်တွေ၊ လက်ရှိနဲ့ အနာဂတ်ဖြစ်ရပ်တွေ)၊ စိတ်နေသဘောထား (ပေါင်းသင်းဆက်ဆံရေး ) နဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အချစ်မေတ္တာရေး စတာတွေဖြစ်ပါမည်။ ဒီပညာတွေမှာ လွဲမှားနိုင်တဲ့ အချက် (၂)ချက်ရှိပါသည်။
(က) ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ရွှီးနေလို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါသည်။
(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေ ကြောင့်လဲလွဲနိုင်ပါသည်။ ကိုယ်ဟောနေတာ၊ ဆုံးဖြတ်တာမှန်ရဲ့ သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်သည်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါသည်။
ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်က ကိုယ့်ကိုယ်ကို တွက်ကြည့်တော့ မဝေးတော့တဲ့ တစ်ခုသော လပြည့်ည သန်းခေါင်မှာ သေမည်ဟု အဖြေရပါသည်။ သူ့မိန်းမကလဲ တွက်ကြည့်တော့ သေမည်ဟုဘဲ အဖြေရပါသည်။ ဒီတော့ ဘုရားရှင် ကို လာမေးပါသည်။ ဘုရားရှင်ကလဲ သေမယ်လို့ပဲ ဟောလိုက်ပါသည်။ အဲဒီအခါ ပုဏ္ဏားကလန့်ပြီး သေသွားပြီးတဲ့နောက်မှာ ငါသာမျောက်ဖြစ်ရင် စားဖို့ဆိုပြီး ငှက်ပျောသီးတွေ စိုက်တယ်၊ ငှက်ဖြစ်ရင် နေဖို့ ညောင်ပင်တွေစိုက်တယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးတယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးတာတွေ၊ ရေကန်တူးတာ တွေလုပ်ပါသည်။ နောက်တော့ လမ်းဖောက်တာတွေပါ လုပ်လာပါသည်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင်ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ပါးတွေ စသည်ဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြဖြစ် နေပါသည်။ သေမယ်လို့တွက်ချက်သိထားတဲ့ ညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့် အချိန်ကို စောင့်နေပါသည်။ အာရုဏ်တက် ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီးရန်တွေ့ဖို့ ထွက်လာခဲ့ပါသည်။ ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေ လုပ်လဲဆိုတာမေးတော့ ပုဏ္ဏားက မိမိလုပ်ဆောင်ခဲ့တာတွေ လျောက် ထားပါသည်။ အဲဒီအချိန်မှာ ဘုရားရှင်က ပုဏ္ဏားလုပ်ခဲ့တာတွေက အသက်ရှည်ရာ ကောင်းမှုတွေဖြစ်ကြောင်း ဟောခဲ့ပါသည်။ ဒီတော့ သာမာန်ဗေဒင်လို သက်သက် မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အခြေခံအားဖြင့် ကံ နဲ့ ကံ ရဲ့ အကျိုးကိုယုံရပါမည်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ ရက်ရာဇာ၊ ပြဿဒါး လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲမိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမည်။
ထို့ကြောင့်ယုံကြည်အားထားရာ အစစ်အမှန်မဟုတ်သော အရာများအပေါ် ယုံကြည် မှုလွန်ကဲကြလျှင် တကယ့်အစစ်အမှန်များက မှေးမှိန်နေရပါဦးမည်။ တရားစစ်၊ တရားမှန်တွေကိုလည်း လူတိုင်းသိခွင့်နည်း နေပါတော့မည်။ ထိုသို့မသိခြင်းကြောင့် ထင်ရာလုပ်ကြပါမည်၊ ထင်ရာလုပ်တော့ ဒုက္ခရောက်ရပါလိမ့်မည်။ ရခဲလှသော ဗုဒ္ဓဘာသာဝင် ဘ၀မှာ အလွဲယုံကြည်မှုမဖြစ်စေရန်နှင့် မိမိတို့အမျိုးဂုဏ်ကို ကိုယ်စီ စောင့်ထိန်းဖို့ တာဝန်ကို မြန်မာလူမျိုးတိုင်းသိတက်နေရပါမည်။
“စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် ကောင်းကျိုးလိုလာ ဆန္ဒပြည့်ဝကြပါစေ…”

ဥပမာ ရှုစရာ လူသားများ(၂)
ဗုဒ္ဓဘုရားရှင်၏ တရားတော်တွေဟာ ဗဟုသုတ ရရုံသာမဟုတ်ဘဲ လက်တွေ့ကျင့် ကြံအားထုတ်ရန် ဖြစ်ပါသည်။ လောကမှာ အချို့က “ငယ်ပါသေးတယ်၊ အသက်ကြီးမှ တရားလေ့လာတော့မယ်၊ တရားအားထုတ်တာ အသက်ကြီးတဲ့သူတွေ အလုပ်၊ ငယ်တုန်းမှာ လူငယ်သဘာဝ ပျော်ထားကြမှ…စသဖြင့်၊” ပြောစမှတ်ရှိနေကြပါ
သည်။ ဘုရားကို စိတ်ထဲမှာရှိရင်ပြီးရော ဆိုတာမျိုး၊ မနက်ဖြန်စာမေးပွဲရှိမှ ဒီနေ့ဘု ရားရှိခိုးတယ် ဆိုတာမျိုးလည်း ရှိကြပါသည်။ ထိုသို့စကားတွေကြားရတဲ့အခါမှာ များစွာသံဝေဂရမိပါသည်။ အချို့ကျတော့ သိတော့သိကြပါသည်။ လက်တွေ့မကျင့်ဆောင်ကြပါဘူး။ အချိုးကျတော့လည်း မိမိကသိတာနဲနဲ ပြောတာကများများ ဖြစ်နေတက်ပါသည်။ ဒီလိုနဲ့ လောက ဇာတ်ခုံမှာ ကံ ဇာတ်ဆရာစီစဉ်တဲ့အတိုင်း က နေကြပါတော့သည်။ မိမိတို့တွေသည် ဘ၀အခြေအနေအမှန်ကို မသိဘဲနေသွား ကြမယ်ဆိုရင်တော့ လူ့ဘ၀တန်ဖိုး ဆုံးရှုံးရပါတော့မည်။ တဘက်မှာလည်း မိမိအတွက် အားထုတ်ရသလို သူများအတွက်လည်း လုပ်ဆောင်သင့်ပါသည်။ မိမိကိုယ်တိုင် ဦးစွာသိရှိ ကျင့်ကြံဖို့သည်လည်း လိုအပ်ပါသည်။ ဤသို့ဖြင့်..
ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။
ကြွက်နှင့်တူသူ လေးယောက်
(၁) တွင်းတူးလျှက် မအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။
(၂) အောင်းလျှက် တွင်းမတူးသော ကြွက်နှင့်တူသူ တစ်ယောက်။
(၃) တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။
(၄) တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။
ဤသို့အားဖြင့် ကြွက်နှင့်တူသူတို့ လေးယောက်ဖြစ်ကုန်၏။
(၁) လောက၌ လူအချို့သည် စာကိုသင်၏။ ထိုသူသည် စာ၏အနက်အဓိပ္ပာယ်ကို ဘာမျှမသိ။ ဤကား ဒုက္ခဟူ၍ ယထာဘူတကျကျမသိ (အမှန်အတိုင်း ဟုတ်တိုင်း မှန်စွာမသိ)။ ဤကားဒုက္ခဖြစ်ကြောင်း တရားဟူ၍ ဟုတ်တိုင်းမှန်ရာကို မသိ။ ဤ သည်ကား ဒုက္ခချုပ်ငြိမ်းရာဟူ၍ အမှန်ကို အမှန်အတိုင်း မသိ။ ဤကား ဆင်းရဲချုပ် ငြိမ်းရာ နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်တည်းဟု မသိ။
ဤပုဂ္ဂိုလ်သည် တွင်းသာတူးလျက် မအောင်းသောကြွက်နှင့်တူ၏။ ကြွက်သည် တွင်းသာတူးပြီး မအောင်းသကဲ့သို့ ထို့အတူ ထိုသူသည် ပိဋကတ်ကျမ်းဂန်သာ တက်ကျွမ်းပြီး အမှန်တရားကို နားမလည်သူ ဖြစ်လေသည်။ သက်ဝင်ယုံကြည်ပြီး လိုက်ပါမကျင့်သောသူ ဖြစ်သည်။
(၂) လောက၌ လူအချို့သည် စာကိုကားမသင်။ ထိုသူသည်“အမှန်တရားကိုကား သိ၏”။ ထိုပုဂ္ဂိုလ်သည် အောင်းလျက်တွင်းမတူးသော ကြွက်နှင့်တူ၏။ ထိုကြွက်သည် အောင်းသာအောင်းပြီး တွင်းမတူးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည် စာမ တက်ဘဲလျက် အမှန်ကို အမှန်အတိုင်း ယထာဘူတကျကျ သိသောသူ ဖြစ်လေသည်။
(၃) လောက၌ လူအချို့သည် စာကိုလည်းသင်၏။ အမှန်တရားကိုလည်းသိ၏။ ထိုသူသည် တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်နှင့်တူ၏။
ထိုကြွက်သည် တွင်းလည်းတူး၊ အောင်းလည်းအောင်းကဲ့သို့ ထို့အတူ ထိုသူသည် စာလည်းတက်၊ တရားကိုလည်း ဟုတ်မှန်သောအတိုင်း သိသောသူ ဖြစ်လေသည်။
(၄) လောက၌ လူအချို့သည် စာကိုလည်းမသင်။ အမှန်တရားကိုလည်းမသိ။ ထိုသူသည် တွင်းလည်းမတူး၊ အောင်းလည်းမအောင်းသကဲ့သို့ ထိုသူသည် စာကို လည်းမသင်၊ ဘာကိုမျှလည်း မသိသူ ဖြစ်လေသည်။
မိမိသည် တရားကိုဘာမှ မသိသေးပါလား ဆိုပြီး စိတ်ဓာတ်ကျရမှာ မဟုတ်ပါဘူး။ အချိန်ရတုန်းလေးမှာ ကြိုးစားအားထုတ်မည်ဆိုလျင် ရနိုင်ပါသည်။ အဓိက ကတော့ ဘုရားကို စိတ်ထဲမှာ ရှိတယ်ဆိုရုံနဲ့ မရပါဘူး။ အချို့က မိမိလည်းတရားတော် အတိုင်းမနေထိုင်ပါဘူး၊ သူများကိုလည်း လူမိုက်အားပေးစကားတောင် ပြောတက်ကြပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်နေပြီလဲ ဆိုတာ သိတက်၍ တရားနဲ့ မွေ့လျော် တရားနဲ့ပျော်အောင် နေသင့်ပါပြီ။ အထက်ပါကြွက်လေးမျိုး ဥပမာတွင်လည်း မိမိသည် မည်ကဲ့သို့သော ကြွက်ကဲ့သို့ ဖြစ်နေလဲ ဟုသုံးသပ်ကာ လေ့လာကြိုးကုတ်အားထုတ်သင့်ပါသည်။ နံနက်မှာ နေမင်းကြီးထွက်လာတာဟာ နေ၀င်ဖို့ဘဲ ဖြစ်ပါသည်။ ဘ၀ဖြစ်လာတာဟာလည်း သေဆုံးဖို့ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခဏဖြစ်ရ လူ့ဘ၀ အနှစ်ရှိအောင်ကြိုးစားရပါမည်။ ဘ၀ရပ်တည်မှု မှာ “ယောနိသော မနသိကာရ”(အသင့်အတင့် အမှန်အတိုင်းနှလုံးသွင်းမှု) ရှိဖို့အ ရေးကြီးပါသည်။ ထိုသို့ဖြစ်အောင်လည်း တရားနာကြားရပါမည်။ တရားနာတာတောင် နှလုံးသားထဲ မရောက်ရင် ကုသိုလ်ပဲ ဖြစ်ပါမည်။ ခန္ဓာဉာဏ်ရောက်အောင် နာစေချင်ပါသည်။ သစ္စာလေးပါးကို ကောင်းမွန်မှန်ကန်စွာ အမှန်အတိုင်း သိမြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော အာရုံကို မတွေမဝေ အမှန်အတိုင်း သိတတ်သောကြောင့် အမောဟဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော ဓမ္မတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ဤသည်ကား ကုသိုလ်၊ ဤသည်ကားအကုသိုလ် စသည်ဖြင့် စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း ထိုးထွင်းသိမြင် တတ်သောကြောင့် ဉာဏ=ဉာဏ်ဖြစ်အောင်၊ ပညာတွေဖြစ်အောင် တရားနာကြပါ။
မိမိတို့ကိုယ်တိုင် တရားဓမ္မတို့ကို လေ့လာမှတ်သား ကျင့်ကြံကာ တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်ပမာ ကြိုးစားအားထုတ်နိုင်ကြပါကုန်။
“အသိတစ်လုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

ဥပမာ ရှုစရာ လူသားများ…
လူအမျိုးမျိုး၊ နတ်အမျိုးမျိုး ဆိုသကဲ့သို့ လောက၌ ပုဂ္ဂိုလ်အမျိုးမျိုး လူတန်းစားလည်း အသီးသီးပင်ဖြစ်သည်။ လိမ္မာမည်ဟု ထင်ရလျက် မိုက်သောလူစားမျိုး၊ မိုက်မည်ဟုထင်ရလျက် လိမ္မာသောလူစားမျိုး၊ ဆိုးမည်ဟု ထင်ရလျက် ကောင်းသောလူစားမျိုး၊ ကောင်းမည်ဟုထင်ရလျက် ဆိုးသောလူစားမျိုး၊ ဖြောင့်မည်ဟုထင်ရလျက် ကောက်သောလူစားမျိုး ဤသို့ဖြင့် ပုဂ္ဂိုလ်အမျိုးမျိုးရှိလေကြသည်။
ထိုကဲ့သို့ အမျိုးမျိုးသော ပုဂ္ဂိုလ်များကို ကွဲကွဲပြားပြား၊ ခြားခြားနားနား သိစေရန်အတွက် ဥပမာများဖြင့် တင်စား၍ ပြဆိုထားချက်များကိုလည်း စာပေကျမ်းဂန်တို့၌ တွေ့နိုင်ပါသည်။ လူသည် မိမိဘ၀နှင့် အခြေအနေကို သေချာ သိရှိရန် လိုအပ်ပါသည်။ လူဘောင်ရောက်လို့မှ လူလိုမကျင့်ရင် လူရာမ၀င် ဖြစ်ပါတော့မည်။ မိမိ၏ အခြေအနေမှန်ကို သိမှသာလျှင် အဆိုးအကောင်း ဆင်ခြင်သုံးသပ်၍ လိုအပ်တာကို ပြင်ဆင်နိုင်ပါလိမ့်မည်။ ကောင်းမွန်တာများကို ထိန်းသိမ်းသွားနိုင်ပါမည်။
ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။
မိုးတိမ်နှင့်တူသူ လေးယောက်၊
(၁) ချုန်းလျက် မရွာသောမိုးနှင့် တူသူ တစ်ယောက်၊
(၂) ရွာလျက်မချုန်းသောမိုးနှင့် တူသူ တစ်ယောက်၊
(၃) ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုးနှင့် တူသူ တစ်ယောက်၊
(၄) ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုးနှင့် တူသူ တစ်ယောက်၊
ဤသို့အားဖြင့် မိုးတိမ်နှင့်တူသောသူ လေးယောက်ရှိပါသည်။
(၁) လောက၌ လူအချို့သည် ပြောကားပြောကြ၏။ ပြောသည့်အတိုင်းမလုပ်ဆောင်ကြပါ။ ဤသို့ပြောရုံသာပြောလျက် လိုက်မလုပ်သော သူသည် “ချုန်းလျက်မရွာသောမိုး” နှင့်တူပေသည်။
(၂) လောက၌ လူအချို့သည် လုပ်ဆောင်ကြပါသည်၊ စကားတော့ များများမပြောကြပါ။ ဤသို့ လုပ်ရုံသာလုပ်၍ မပြောသောသူ သည် “ရွာလျက်မချုန်းသောမိုး” နှင့်တူပေသည်။
(၃) လောက၌ လူအချို့သည် လုပ်လည်းလုပ်ဆောင်ကြပါသည်၊ ပြောလည်းပြောပါသည်။ ဤသို့ လုပ်လည်းလုပ်၊ ပြောလည်းပြောသော သူသည် “ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုး” နှင့်တူပေသည်။ ဤပုဂ္ဂိုလ်မျိုးလည်း လောက၌ များစွာရှိပါသည်။
(၄) လောက၌ လူအချို့သည် ပြောလည်းမပြော၊ လုပ်လည်းမလုပ် ဘဲနေတက်ကြပါသည်။ ဤသို့ ပြောလည်းမပြော၊ လုပ်လည်းမလုပ် သောသူသည် “ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုး” နှင့်တူပေသည်။
မိမိသည် မည်သည့်မိုးတိမ်မျိုးထဲတွင် ရောက်နေသည်ကို မိမိကိုယ်တိုင် မေးကြည့်ဖို့လိုပါလိမ့်မည်။ အလုပ်ဆိုသည်မှာ မိမိတို့
လုပ်ဆောင်နေသော လောကီအလုပ်များထက် လောကုတ္တရာ တရားအလုပ်ကို ပြောလိုခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို မညာဖို့ လိုအပ်သလို၊ မညှာဖို့လည်း လိုအပ်ပါသည်။ မိမိတို့ဘ၀ ယခုအချိန်သာလျင် အကောင်းဆုံး အချိန်ဖြစ်သည်။ အချိန်အခါနေ့ရက် ရွေးချယ်စရာလည်းမလိုပါဘူး၊ ကောင်းတာလုပ်တဲ့အချိန်ဟာ ကောင်းတဲ့နက္ခတ်ဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။ အသက်ကြီးမှ လုပ်မယ်လို့ပြောကြတာလည်းရှိပါတယ်။ အဲလိုပြောတာက “သေခြင်းတရားနဲ့ ချိန်းဆိုထားခြင်းမရှိ” ဆိုတာကို မသိလို့ပြောတာဖြစ်ကြမှာပါ။ သံဝေဂဉာဏ်ရသင့်ပါပြီ၊ သေခြင်း တရားကို မည်သူမှ မလွန်ဆန်နိုင်ဘူးဆိုတာလည်း အားလုံးသိကြပါသည်။ ဒီတော့ သေခြင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်သင့်ပါပြီ။ သာမာန် ဒါန၊ သီလ လောက်နဲ့လည်း ပြီးပြည့်စုံအောင် မရင်ဆိုင်နိုင်ပါဘူး။ မိမိတို့မှာ သီလတွေ ဘယ်လောက်လုံနေပြီလဲ။ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းရမည့် ငါးပါးသီလကိုတောင် လုံနေပြီလားဆိုတာ မေးကြည့်ပါ။ သီလတရားကို အခြေခံပြီးမှ ရှေ့ဆက်ပြီး ဘာဝနာတရားတွေ အားထုတ်ရတာ ပိုလွယ်မယ်လို့ ထင်မိပါသည်။ ထို့ကြောင့် မိမိကိုယ်ကို သိရှိ၍ သူတော်ကောင်းတရားများ နာကြားကာ ကျင့်ကြံကြိုးစား သင့်ပါသည်။ ကောင်းမှုကုသိုလ်၊ ဘာဝနာ အလုပ်တွေလုပ်ရာမှာ- ဘယ်အရာကအရေးကြီးတယ်၊ ဘယ်ကအရာကအရေးမကြီးသေးဘူး ဟုမသတ်မှတ်သင့်ပါဘူး။ အားလုံးမခြွင်းမချန်လုပ်ရပါမည်။ လုပ်ဆောင်မှုကလည်း ခဏတာလုပ်လိုက်၊ နားလိုက် မဖြစ်သင့်ပါဘူး။ ကာလကြာမြင့်အောင် လုပ်ဆောင်ရပါမည်။ မိမိရဲ့စိတ်မှာလည်း ရွှင်လန်းတက်ကြွစွာလုပ်ဆောင်ရပါမည်။ မိမိလုပ်တဲ့ ဒါန၊ သီလ၊
ဘာဝနာ ကောင်းမှုတွေ အပေါ်မှာ ရိုရိုသေသေလုပ်ဆောင်ရပါမည်။ ဘုရားရှင်၏ တရားဟာ လက်တွေ့ကျကျ လိုက်လုပ်ရတာ ဖြစ်ပါသည်။ မလေ့လာ၊ မကျင့်ကြံသူကို တရားကမစောင့်ရှောက်နိုင်ပါဘူး။ လက်တွေကျင့်ကြံသူသာ တရားအရသာကို သိရတာဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို အသိတရားမှသည် လက်တွေ့ကျင့်ကြံသော၊ ချုန်းလည်းချုန်း၊ ရွာလည်းရွာသော မိုးတိမ်ပမာ ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြပါကုန်။
“အစွန်းနှစ်သွယ် လမ်းမှားပယ်၊ အလယ်လမ်းမှန်သည်၊
လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက်၊ ဆိုဒ်ရောက်နိဗ္ဗာန်ပြည်”

အာဠ၀ကနှင့်မြတ်ဗုဒ္ဓ၊
အာဠ၀ီပြည်အနီးရှိ ညောင်ပင်ကြီး၌ အာဠ၀က အမည်ရှိသော အလွန်ကြမ်း ကြုတ်ခက်ထန် ဒေါသမာန်ကြီးသည့် နတ်ဘီလူးကြီးနေထိုင်သည်။ မြတ်စွာဘုရားရှင်သည် အာဠ၀က နတ်ဘီလူးအား ခြေချွတ်ရန်အတွက် အာဠ၀ကဘီလူး၏ ဘုံဗိမာန်သို့ ကြွရောက်တော်မူ၍ အာဠ၀ကဘီလူး၏ နေရာပေါ်သို့ သီတင်းသုံးစံနေ
တော်မူသည်။ ထိုသို့ ကြွရောက်စံနေတော်မူသည်မှာ အာဠ၀က နတ်သဘင်အစည်းအဝေးသွားခိုက်ဖြစ်ပေရာ အာဠ၀က ဘီလူး၏ မောင်းမမိဿံ အခြံအရံတို့ သည် ကြွလာတော်မူသည့် မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြသည်။
ယင်းသို့ အခြေအနေကို နတ်သဘင်အစည်းအဝေးမှပြန်လာသော အာဠ၀က တွေ့မြင်သောအခါ မခံမရပ်နိုင်အောင် ယမ်းပုံမီးကျ ဒေါသအကြီးအကျယ်ဖြစ်၍ လက်နက်မျိုးစုံ သုံးစွဲကာတိုက်ခိုက်သည်။ အာဠ၀ကဘီလူး အသုံးပြုတိုက်ခိုက်သော လက်နက်တို့သည် မြတ်စွာဘုရားအား မည်သို့မျှမထိခိုက်ဘဲ ဖူးမြော်ပူဇော် သကဲ့သို့သာဖြစ်လေသည်။ အာဠ၀ကဘီလူးသည် မြတ်စွာဘုရားအား အကြမ်းနည်း ဖြင့်တိုက်ခိုက်၍ မရသောအခါ အနုနည်းဖြင့်တိုက်ခိုက်မည်ဟု ဆုံးဖြတ်ပြီး မြတ်စွာဘုရားအား ခက်ခဲသော ပုစ္ဆာ(၁၃)ချက်ကို မေးသည်။ “အမှန်ကို ဖြေနိုင်လျှင်ဖြေ၊ မဖြေနိုင်လျှင် အရူးအသေ နှစ်ထွေသော အပြစ်ကိုခံရမည်” ဟုချိန်းခြောက်သည်။
အာဠ၀က၏ မေးလျှောက်သော ပုစ္ဆာ(၁၃)ချက်တို့မှာ-
(၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာကား အဘယ်နည်း။
(၂) ကောင်းသောအလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့် သည် ချမ်းသာကို ဆောင်နိုင်သနည်း။
(၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း။
(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သောအသက် မွေးမှုဟုဆိုသနည်း။
(၅) အဘယ်ဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်သနည်း။
(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို ကူမြောက်နိုင်သနည်း။
(၇) အဘယ်ဖြင့် ဆင်းရဲကို လွန်မြောက်နိုင်သနည်း။
(၈) အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။
(၉) အဘယ်အကြောင်းကြောင့် ပညာကိုရနိုင်သနည်း။
(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။
(၁၁) အဘယ်အကြောင်းကြောင့် ကျော်ဇောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။
(၁၂) အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။
(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘ၀၌ မစိုးရိမ်ရသနည်း။
ဟူသည် တို့ဖြစ်ပေသည်။
ထိုအခါမြတ်စွာဘုရားက “ငါဘုရားအား သတ်ဖြတ်နိုင်သူ ဤလောက၌မရှိ၊ သို့သော် သင်သိလိုလျှင် သင်၏ပုစ္ဆာများကို ဖြေဆိုပေအံ့” ဟုမိန့်တော်မူပြီးလျှင် အောက်ပါအတိုင်း ဖြေကြားတော်မူသည်။
(၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါ တရားဖြစ်သည်။
(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထတရားသည် ချမ်းသာ ကိုဆောင်နိုင်၏။
(၃) အရသာတို့တွင် မှန်ကန်စွာပြောဆိုခြင်း သစ္စာတရားသည် အလွန်ချိုမြိန်သော အရသာဖြစ်၏။
(၄) ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။
(၅) ယုံကြည်မှု သဒ္ဓါတရားဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်၏။
(၆) မမေ့လျှော့မှု အပ္ပမာဒ တရားဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်၏။
(၇) ထကြွလုံ့လဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏။
(၈) ပညာဖြင့် စင်ကြယ်နိုင်၏။
(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်းတရားကို ယုံကြည်လျက် မမေ့လျော့ ဆင်ခြင်သူ ပညာရှိသည် ကောင်းစွာနာကြားသောကြောင့် ပညာကိုရယူနိုင်၏။
(၁၀) သင့်လျော်သည့် အလုပ်အကိုင်ကို လုပ်လျက် တာဝန်ကိုကျေပွန်အောင် ထမ်း ဆောင်သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။
(၁၁) မှန်ကန်စွာပြောဆိုခြင်းကြောင့် ကျော်စောထင်ရှားမှုကို ရနိုင်၏။
(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။
(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတက်သောသူအား မှန်ကန်ခြင်း သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု ဓိတိဓ စွန့်လွှတ်မှု စာဂ၊ ဤတရားလေးပါး ရှိသဖြင့် နောက်ဘ၀၌ မစိုးရိမ်ရချေ ဟူ၍ မိန့်တော်မူခဲ့သည်။
သတိဉာဏ်ယှဉ်ကာ သူတော်ကောင်းတရားများ ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ။

Subscribe to:
Posts (Atom)