ယခုခါမူ၊ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက်၊


အမြိုက်တရား ဟောကြားမည့်သူ၊ လူလည်းမရှား၊


သို့ပါလျှက်သားနှင့်မှ တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်၊


အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ၊်



အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့ လူယုတ်ကြီးတွေဖြစ်ချိမ့်မည်။


( စလေဦးပုည )

ဒုလ္လဘ တရား ငါးပါး

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

သံသရာနယ်ချဲ့ ပပဉ္စ တရားသုံးပါး

တဏှာ...


ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊


လောဘနဲ့လည်း၊ တပ်စွဲသူခင်၊


လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊


လူ့ဘ၀ ရကြတော်မည်ထင်။


မာန...


ငါသာအမြတ်၊ ငါတတ်သည်သာ၊


ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊


အဟုတ်ချမ်းသာ၊ ပါယ်လေးဝ လွတ်ရသံသရာ။


ဒိဋ္ဌိ...


ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊


အတ္တဒိဋ္ဌိ၊ စွဲငြိလို့သာ၊


သက္ကာယလည်း၊ သူပဲမည်တာ၊


အနတ္တ၊ ရှုကြဖန်ခါခါ၊


အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊


နောက်ဘ၀ ရောက်ရထက်ဘုံသာ။


ဤသို့ကောင်းမှု အကြောင်းပြု၊ ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊


မြတ်ကောင်းမှုသာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။


နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။
(အရှင်ဇနက )

တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ၊၊



မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ၊၊



သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ၊၊



ရှင်မဟာရဋ္ဌသာရ

နိဝါတောစ မင်္ဂလာ

မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးလား၊ မလွှားမပ၊ စိတ်ကိုချ၊ မုချမင်္ဂလာ။


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
“ပါရမီနဂို၊ မရှိလိုက
ကုသိုလ်ဒုစရိုက်၊ မဟောထိုက်တည့်
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား
လွန်ခါးနား၏။”

(မဃဒေ၀ လင်္ကာ)

သာသနာကွယ်ကြောင်းတရားကြီးများ

အဂုတ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်တော် တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သာသနာကွယ်စေနိုင်သော တရားကြီးများကို ဟောကြား တော်မူခဲ့ပါသည်။

၁။ တရားမနာခြင်း၊


မြတ်စွာဘုရားရှင်၏တရားဒေသနာတော်များကိုနာယူခြင်းမရှိခြင်းသည် သာသနာကွယ်စေခြင်းအကြောင်း အစပဋ္ဌမပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားမနာယူသည့်အတွက် .....


က) မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်းမှ ကင်းဝေးသွားပါသည်။

ခ) ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်နိုင်ရန် လည်းမဖြစ်နိုင်တော့ပါ။

ဂ) ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်းမရှိသည့်ပြင် ပို၍ပင်တိုးလာနိုင်ပါသည်။

ဃ) အယူမှန်သမ္မာဒိဋ္ဌိကိုမည်သို့မှမရနိုင်တော့ပါ။

င) သဒ္ဓါပညာမရှိတော့၍ စိတ်ကြည်လင်နိုင်ခြင်းမရရှိတော့ပါ။

ကာလေနဓမ္မသာဝနမင်္ဂလာ ဟုဆိုသည့် အခါအားလျော်စွာ တရားနာခြင်း မရှိသောသူများသည် သာသနာတော်ကိုဖျက်ဆီးနေခြင်းမဟုတ်သော်လည်း ပျက်စီးစေနိုင်ပါသည်။ အကြောင်းမှာ အယူမမှန်သော သံသယများစွာထုံလွမ်း နေသောသူများက သယ်ဆောင်လာမည့်သာသနာအတွက် မတွေးဝံ့စရာပင်။ ထို့ကြောင့် နေ့စဉ်တရားနာခြင်းအမူအားပြုလုပ်ခြင်းဖြင့် သာသနာတော်အား စောင့်ရှောက် သူများဖြစ်နိုင်ကြ ပါစေ။

၂။ စာပေမသင်ခြင်း၊

မြတ်စွာဘုရားရှင်၏ပိဋကတ်စာပေများကိုသင်ကြားမူမရှိခြင်းသည်လည်း သာသနာတော်ကိုပျက်စီးစေ နိုင်ပါ သည်။ တရားစာပေများကိုသင်ယူ ကျက်မှတ်ထားခြင်းမရှိပါကအမှား အမှန်ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ၊၊ နောက်ဆုံးတော့ အသိမှားတော့၊ အမှတ်မှားတယ်၊အမှတ်မှားတော့ အယူမှားပြီး တခြားဘာသာဝင်ဖြစ် သွားတက်ပါသည်။ ထို့ကြောင့် တရာစာပေများ လေ့လာသင်ယူပြီး သာသနာတော်ကို စောင့်ရှောက် နိုင်ကြပါ စေ။

၃။ နှုတ်တွင်မဆောင်ထားခြင်း၊

သင်အံကျက်မှတ်ထားသော စာပေများကို နှုတ်တတ်အာဂုံဆောင်ထားခြင်း မရှိပါကလည်း အလွဲလွဲအမှားမှားဖြစ်ခြင်းကြောင့်လည်းသာသနာတော်ပျက်စီးစေ နိုင်ပါသည်။ အာဂုံဆောင်မှ အာဂလူဖြစ် ရိုးထုံးစံရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို ကျက်မှတ်ပြီး နှုတ်တွင်ဆောင်၍သာသနာတော်ကို စောင့် ရှောက်နိုင်ကြပါစေ။

၎။ သိအောင်မမှတ်ခြင်း၊

သင်အံကျက်မှတ်ထားသည်များကိုမှတ်မှတ်သားသားမထားရှိသဖြင့်နှောင်းလူတို့လေ့လာခြင်းငှာမစွမ်းသာခြင်းသည်လည်းသာသနာတော်ကွယ်စေကြောင်း
တစ်ခုပင်ဖြစ်သည်။ မိမိသိပြီးသားတရားတော်များကို မိမိ သိရုံသာ မဟုတ်ဘဲ နှောင်းလူငယ်တို့
လေ့လာ ဆည်းပူးနိုင်အောင်မှတ်သား၊ ဖြန့်ဝေ သင့်ပေသည်။ သို့မှသာသနာတော် သည်နှစ်ပေါင်းရှည်ကြာစွာ တည်တံ့ နိုင်ပေလိမ့်မည်။

၅။ ပဋိပတ်ကင်းကွာခြင်း၊

ဆောင်ထားအပ်သောတရားသဘောတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့်မစူးစမ်းမဆင်ခြင်ကုန်။ အနက်သဘောကိုသိ၍၊ တရားသဘောကိုသိ၍ (လောကုတ္တရာ) တရား အားလျော်သော အကျင့်ကို ရိုသေစွာမကျင့်ကုန်။ ထိုသို့သော မပြုသင့်မပြုကျင့်အပ်သည်များကို ကျင့်နေခြင်းဖြင့်သာသနာကွယ် စေနိုင်ပါသည်ဟု မြတ်စွာဘုရားရှင်သည် အဂုတ္တိုရ်ပါဠိတော်၊ သဒ္ဓမ္မ၀ဂ်၌ အ ထင်အရှားမိန့်မှာတော်မူခဲ့ပါသည်။
နှိုးဆော်ချက်။ ။
စာဖက်သူများအနေနဲ့လည်း မိမိသိရှိပြီးသော တရားတော်များကို လိုက်ကျင့်ကြပါ။
အသိကို လိုက်မကျင့်တော့ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲ ဖြစ်သွား
တက်သည်ကို သတိ သံဝေဂ ရကြပါကုန်။ ။

အောင်မြင်ကြောင်းတရား(၄) ပါး

၁။ ဒေါသထွက်တဲ့ သူကို မေတ္တာပွား၊

၂။ နှုတ်ကြမ်းတဲ့ သူကို ယဉ်ကျေးစွာပြော၊

၃။ နှမြောတဲ့ သူကို နာနာပေး၊

၎။ လိမ်တက်တဲ့ သူကို မှန်မှန်ကန်ကန်ဆက်ဆံ၊


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
( “ဥတ္တရာဝတ္ထု” တရားတော်မှ… )

ဓမ္မသာဝန (တရားနာရသော) အကျိုး(၅)ပါး

၁။ မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်း၊

၂။ ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊

၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊

၎။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊

၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။
“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”
ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ

တောင့်တ၍မရသော တရား(၅)ပါး…

၁။ အိုတက်တက်တဲ့ သဘောတရားကို မအိုပါနဲ့လို့် တောင့်တ၍မရပါဘူး။

၂။ နာတက်တက်တဲ့ သဘောတရားကို မနာပါနဲ့လို့ တောင့်တ၍မရပါဘူး။

၃။ သေတက်တက်တဲ့ သဘောတရားကို မသေပါနဲ့လို့ တောင့်တ၍မရပါဘူး။

၎။ ပျက်စီးတက်တက်တဲ့သဘောတရားကို မပျက်စီးပါနဲ့လို့ တောင့်တ၍မရပါဘူး။

၅။ ကုန်ဆုံးတက်တက်တဲ့သဘောတရားကို မကုန်ဆုံးပါနဲ့လို့် တောင့်တ၍မရပါဘူး။


အရှင်ကောဝိဒ ( " စိတ်ဆိုတဲ့ စိတ် " တရားတော်မှ… )

ကိုယ်ကျိုးမနည်းဘူးလား .....

အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆိုပြီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး) ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင် အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည်ကိုယ့် အတွက် နောက်နေ့သည် ကိုယ့်အတွက်မဟုတ်ဘူးလေ။ အနာဂတ်ဆိုတာမသေ ချာဘူးတဲ့။ မတော် ကွေးသောလက်မဆန်ခင်၊ ဆန့်သောလက်မကွေးခင် ဆိုသလို ညသေသွားဘယ့်နှယ်လုပ်မလဲ။ ကိုယ်ကျိုးမနည်းဘူးလား။

ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

သောတာပန်ပုဂ္ဂိုလ် တို့၌ မထိုက်သော တရားခြောက်မျိုးအား အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သီတ၀ဂ် ပဌမ အဘ္ဘဗ္ဗဋ္ဌာန သုတ်၌ ဤသို့ပြဆိုတော်မူခဲ့ပါသည် ။
ထိုခြောက်မျိုးသည်ကား...ဥာဏ်အမြင်နှင့်ပြည့်စုံသော(သောတာပန်)ပုဂ္ဂိုလ်သည်....
၁။မြတ်စွာဘုရားအားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၂။တရားတော်အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၃။သံဃာတော်တို့အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၎။အကျင့်သိက္ခာ၌မရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၅။မကပ်ရောက်အပ်သည့်အကြောင်းတရား( ကံငါးပါး ၊ ဒိဋ္ဌိ ၆၂ ပါး ) ကိုတဖန်ကပ်ရောက်ခြင်း၌လည်းကောင်း၊
၆။ ရှစ်ကြိမ်မြောက် ( ကာမသုဂတိ ) ဘ၀ကို ဖြစ်စေခြင်း၌ လည်းကောင်း ....... မထိုက်။
ဟူ၍ ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့ပါသည် ။

ဗုဒ္ဓအလိုကျဒါနပြုနည်း....

၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊


။အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊


၃။အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊


၎။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊


၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။



“သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိပဲ၊ မထိမပ ဤငါးဝ၊မှတ်သား သပ္ပူရိသ မြတ်ဒါန”


ဆရာတော် အရှင်ဇ၀န

ကာလဒါန ( ၅ ) ပါး

၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊


၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊


၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊


၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊


၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။



ဆရာကြီးဦးသုခမှတ်စုမှ.... ။

ဒါန (၈) မျိုး

၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။
ဆရာကြီးဦးသုခမှတ်စုမှ... ။
စကားပြောခြင်းနှင့် ပတ်သက်ပြီး မြတ်ဗုဒ္ဓက အင်္ဂုတ္ထိုရ် ပါဠိတော်၌ ဤသို့ဟောကြားခဲ့ပါသည်။


(က) ကာလ= ပြောသင့်သောအခါမှ ပြောရ၏၊ အချိန်မတန်လျှင် မပြောဆိုရာ။


(ခ) သစ္စာ= အမှန်ကိုသာ ပြောဆိုရာ၏။


(ဂ) သဏု= နူးညံ့ချိုသာစွာ ပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာ မပြောဆိုရာ။


(ဃ) အတ္တသံဟိတ= အကျိုးစီးပွားဖြစ်မည့်စကားကိုသာ ပြောဆိုရာ၏။


(င) မေတ္တာစိတ္တ= မေတ္တာရှေ့ထား ပြောဆိုရာ၏၊ ဒေါသမောင်းတင်း၍ မပြောဆိုရာ။


မြတ်ဗုဒ္ဓကကောသလမင်းကြီးအားဤသို့ဟော်ကြားတော်မူခဲ့၏။
၁)အိပ်ယာမှခဏခဏနိုးနေသူအတွက် ည သည်ရှည်လျားလှစွာ၏။
၂)ခရီးပန်းလာသောသူတို့အတွက် ခရီး သည်ရှည်လျားလှစွာ၏။
၃)သူတော်ကောင်းတရားကို မသိကြသောသူတို့ အတွက် သံသရာခရီး သည်ရှည်လျားလှစွာ၏။

သရဏဂုံပျက်သည်ဆိုရာဝယ်

ယုံကြည်ခြင်း ( belief ) ဆိုရာတွင် ရတနာသုံးပါးအပေါ်တွင် လည်းကောင်း၊ ကံ၊ ကံ၏ အကျိုးကို လည်းကောင်း ယုံကြည်သော တရားကို သဒ္ဓါတရား ယုံကြည်ခြင်း ( belief ) ဟုဆိုပါသည်။ ထိုမှတပါးသော ယုံကြည်မှု နတ်၊ ၀ိဇ္ဇာ၊ ဇော်ဂျီ စသောာ ကိုးကွယ်ရာ အစစ်မဟုတ်သောအရာများအပေါ်၌ ယုံကြည်မှု သဒ္ဓါတရားဖြင့် ကိုးကွယ် လျှင်သရဏဂုံပျက်စီးပါသည်။ သေဆုံးသောအခါတွင်လည်း သရဏဂုံပျက်စီးသည်။ သို့သော်ကြောက်ရွံ့ခြင်း ကြောင့်လည်းကောင်း၊ မိမိအလိုလောဘကြောင့်လည်းကောင်း ဆည်းကပ်လျှင် သရဏဂုံ ညှိုးနွမ်းပါသည်။ သရ ဏဂုံမတည်သူသည်ဗုဒ္ဓဘာသာဝင်မဖြစ်ထိုက်ပေ။ သရဏဂုံတည်ပါ၏ ဟုလည်းဆိုသေး၊ တစ်ခြားသောကိုး ကွယ်ရာအစစ်မဟုတ်သည်များကိုလည်း ဆည်းကပ်ပါသည်ဆိုသူသည်မိမိကာမပိုင်ရှိပါလျှက် နောက် တစ် ယောက်ကို မျက်စောင်းထိုးသူပမာ ရွံရှာဖွယ်အတိဖြစ်ပါ၏။
.........................................................................................................................................

အင်္ဂုတ္တိုရ်အဋ္ဌကထာတွင်အပါယ်မလားလောက်အောင် ကုသိုလ် အားကြီးမားလှသဖြင့် သောတာပန် နှင့်တူ သည်ဟူ၍ပင် ဖွင့်ဆိုထားသောကုသိုလ် ၆ မျိုးရှိပါသည်။ ၄င်းတို့မှာ_
၁။သရဏဂုံသုံးပါးကိုမတုန်မလှုပ်သက်ဝင်ယုံကြည်၍သရဏဂုံတည်သူ။
၂။ငါးပါးသီလမြဲသူ။
၃။မည်သည့်ရက်ဟုသတ်မှတ်၍စာရေးတံမဲဖြင့်ဆွမ်းအမြဲလှူသူ။
၎။ဝါဆိုသင်္ကန်းလှူသူ။
၅။ရေတွင်းရေကန်တူး၍လှူသူ။
၆။ကျောင်းဆောက်လှူသောသူ တို့ဖြစ်ကြပါသည်။
ထိုကုသိုလ်ခြောက်မျိုးတွင် သရဏဂုံ ကုသိုလ်က ထိပ်ဆုံးသို့ရောက်နေခြင်းမှာ ကုသိုလ်စွမ်းအား အကြီးဆုံးဖြစ် သောကြောင့်ပင် ဖြစ်ပါသည်။
သရဏဂုံတည်ခြင်းအကျိုးနှင့် ပတ်သက်၍ အပါဒါန်ပါဠိတော် မြန်မာပြန်၌ ရရှိသောအကျိုးရှစ်ပါးကိုဤသို့မှတ်သားခဲ့ရပါသည်။

(၁)ဒေသပူဇာ၊

(၂)ပညာထက်ညား၊

(၃)နတ်များစောင့်လာ၊

(၄)ဥစ္စာပေါကြွယ်၊

(၅)နုနယ်လှပ၊

(၆)လူကချစ်ခင်၊

(၇)မိတ်လျှင်မြဲတုံ၊

(၈) ဂုဏ်သတင်းတက် .....

ဤရှစ်ချက် မပျက်သရဏဂုံအကျိုးတည်း။

သရဏဂုံ လေးမျိုး

၁)အတ္တသန္နိယျာတန သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌ဆောင်နှင်း၍ကိုယ်ကိုစွန့်ခြင်း။



၂)တပ္ပရာယဏ သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌ လည်းလျောင်းခြင်း။
၃)သိဿဘာဝူပဂမန သရဏဂုံ= ယနေ့မှအစပြု၍မိမိကိုယ်အားရတနာသုံးပါ၌သာ တပည့်အဖြစ်ဖြင့်ဆည်း ကပ်ခြင်း။

၎)ပါဏိပါတ သရဏဂုံ= ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါးတို့၌ရိုသေမြတ်နိုးစွာ အသက်စွန့်၍ ကိုးကွယ်ဆည်းကပ်လဲလျောင်ခြင်း။



(ဆရာကြီးဦးသုခမှတ်စုမှ...)