ဥပမာ ရှုစရာ လူသားများ…

လူအမျိုးမျိုး၊ နတ်အမျိုးမျိုး ဆိုသကဲ့သို့ လောက၌ ပုဂ္ဂိုလ်အမျိုးမျိုး လူတန်းစားလည်း အသီးသီးပင်ဖြစ်သည်။ လိမ္မာမည်ဟု ထင်ရလျက် မိုက်သောလူစားမျိုး၊ မိုက်မည်ဟုထင်ရလျက် လိမ္မာသောလူစားမျိုး၊ ဆိုးမည်ဟု ထင်ရလျက် ကောင်းသောလူစားမျိုး၊ ကောင်းမည်ဟုထင်ရလျက် ဆိုးသောလူစားမျိုး၊ ဖြောင့်မည်ဟုထင်ရလျက် ကောက်သောလူစားမျိုး ဤသို့ဖြင့် ပုဂ္ဂိုလ်အမျိုးမျိုးရှိလေကြသည်။

ထိုကဲ့သို့ အမျိုးမျိုးသော ပုဂ္ဂိုလ်များကို ကွဲကွဲပြားပြား၊ ခြားခြားနားနား သိစေရန်အတွက် ဥပမာများဖြင့် တင်စား၍ ပြဆိုထားချက်များကိုလည်း စာပေကျမ်းဂန်တို့၌ တွေ့နိုင်ပါသည်။ လူသည် မိမိဘ၀နှင့် အခြေအနေကို သေချာ သိရှိရန် လိုအပ်ပါသည်။ လူဘောင်ရောက်လို့မှ လူလိုမကျင့်ရင် လူရာမ၀င် ဖြစ်ပါတော့မည်။ မိမိ၏ အခြေအနေမှန်ကို သိမှသာလျှင် အဆိုးအကောင်း ဆင်ခြင်သုံးသပ်၍ လိုအပ်တာကို ပြင်ဆင်နိုင်ပါလိမ့်မည်။ ကောင်းမွန်တာများကို ထိန်းသိမ်းသွားနိုင်ပါမည်။

ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။

မိုးတိမ်နှင့်တူသူ လေးယောက်၊

(၁) ချုန်းလျက် မရွာသောမိုးနှင့် တူသူ တစ်ယောက်၊

(၂) ရွာလျက်မချုန်းသောမိုးနှင့် တူသူ တစ်ယောက်၊

(၃) ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုးနှင့် တူသူ တစ်ယောက်၊

(၄) ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုးနှင့် တူသူ တစ်ယောက်၊

ဤသို့အားဖြင့် မိုးတိမ်နှင့်တူသောသူ လေးယောက်ရှိပါသည်။

(၁) လောက၌ လူအချို့သည် ပြောကားပြောကြ၏။ ပြောသည့်အတိုင်းမလုပ်ဆောင်ကြပါ။ ဤသို့ပြောရုံသာပြောလျက် လိုက်မလုပ်သော သူသည် “ချုန်းလျက်မရွာသောမိုး” နှင့်တူပေသည်။

(၂) လောက၌ လူအချို့သည် လုပ်ဆောင်ကြပါသည်၊ စကားတော့ များများမပြောကြပါ။ ဤသို့ လုပ်ရုံသာလုပ်၍ မပြောသောသူ သည် “ရွာလျက်မချုန်းသောမိုး” နှင့်တူပေသည်။

(၃) လောက၌ လူအချို့သည် လုပ်လည်းလုပ်ဆောင်ကြပါသည်၊ ပြောလည်းပြောပါသည်။ ဤသို့ လုပ်လည်းလုပ်၊ ပြောလည်းပြောသော သူသည် “ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုး” နှင့်တူပေသည်။ ဤပုဂ္ဂိုလ်မျိုးလည်း လောက၌ များစွာရှိပါသည်။

(၄) လောက၌ လူအချို့သည် ပြောလည်းမပြော၊ လုပ်လည်းမလုပ် ဘဲနေတက်ကြပါသည်။ ဤသို့ ပြောလည်းမပြော၊ လုပ်လည်းမလုပ် သောသူသည် “ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုး” နှင့်တူပေသည်။

မိမိသည် မည်သည့်မိုးတိမ်မျိုးထဲတွင် ရောက်နေသည်ကို မိမိကိုယ်တိုင် မေးကြည့်ဖို့လိုပါလိမ့်မည်။ အလုပ်ဆိုသည်မှာ မိမိတို့
လုပ်ဆောင်နေသော လောကီအလုပ်များထက် လောကုတ္တရာ တရားအလုပ်ကို ပြောလိုခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို မညာဖို့ လိုအပ်သလို၊ မညှာဖို့လည်း လိုအပ်ပါသည်။ မိမိတို့ဘ၀ ယခုအချိန်သာလျင် အကောင်းဆုံး အချိန်ဖြစ်သည်။ အချိန်အခါနေ့ရက် ရွေးချယ်စရာလည်းမလိုပါဘူး၊ ကောင်းတာလုပ်တဲ့အချိန်ဟာ ကောင်းတဲ့နက္ခတ်ဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။ အသက်ကြီးမှ လုပ်မယ်လို့ပြောကြတာလည်းရှိပါတယ်။ အဲလိုပြောတာက “သေခြင်းတရားနဲ့ ချိန်းဆိုထားခြင်းမရှိ” ဆိုတာကို မသိလို့ပြောတာဖြစ်ကြမှာပါ။ သံဝေဂဉာဏ်ရသင့်ပါပြီ၊ သေခြင်း တရားကို မည်သူမှ မလွန်ဆန်နိုင်ဘူးဆိုတာလည်း အားလုံးသိကြပါသည်။ ဒီတော့ သေခြင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်သင့်ပါပြီ။ သာမာန် ဒါန၊ သီလ လောက်နဲ့လည်း ပြီးပြည့်စုံအောင် မရင်ဆိုင်နိုင်ပါဘူး။ မိမိတို့မှာ သီလတွေ ဘယ်လောက်လုံနေပြီလဲ။ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းရမည့် ငါးပါးသီလကိုတောင် လုံနေပြီလားဆိုတာ မေးကြည့်ပါ။ သီလတရားကို အခြေခံပြီးမှ ရှေ့ဆက်ပြီး ဘာဝနာတရားတွေ အားထုတ်ရတာ ပိုလွယ်မယ်လို့ ထင်မိပါသည်။ ထို့ကြောင့် မိမိကိုယ်ကို သိရှိ၍ သူတော်ကောင်းတရားများ နာကြားကာ ကျင့်ကြံကြိုးစား သင့်ပါသည်။ ကောင်းမှုကုသိုလ်၊ ဘာဝနာ အလုပ်တွေလုပ်ရာမှာ- ဘယ်အရာကအရေးကြီးတယ်၊ ဘယ်ကအရာကအရေးမကြီးသေးဘူး ဟုမသတ်မှတ်သင့်ပါဘူး။ အားလုံးမခြွင်းမချန်လုပ်ရပါမည်။ လုပ်ဆောင်မှုကလည်း ခဏတာလုပ်လိုက်၊ နားလိုက် မဖြစ်သင့်ပါဘူး။ ကာလကြာမြင့်အောင် လုပ်ဆောင်ရပါမည်။ မိမိရဲ့စိတ်မှာလည်း ရွှင်လန်းတက်ကြွစွာလုပ်ဆောင်ရပါမည်။ မိမိလုပ်တဲ့ ဒါန၊ သီလ၊
ဘာဝနာ ကောင်းမှုတွေ အပေါ်မှာ ရိုရိုသေသေလုပ်ဆောင်ရပါမည်။ ဘုရားရှင်၏ တရားဟာ လက်တွေ့ကျကျ လိုက်လုပ်ရတာ ဖြစ်ပါသည်။ မလေ့လာ၊ မကျင့်ကြံသူကို တရားကမစောင့်ရှောက်နိုင်ပါဘူး။ လက်တွေကျင့်ကြံသူသာ တရားအရသာကို သိရတာဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို အသိတရားမှသည် လက်တွေ့ကျင့်ကြံသော၊ ချုန်းလည်းချုန်း၊ ရွာလည်းရွာသော မိုးတိမ်ပမာ ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြပါကုန်။


“အစွန်းနှစ်သွယ် လမ်းမှားပယ်၊ အလယ်လမ်းမှန်သည်၊

လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက်၊ ဆိုဒ်ရောက်နိဗ္ဗာန်ပြည်”