ဘ၀အနှစ်သာရနှင့် ဘာသာအနှစ်သာရ…၊

ကျွန်တော်တို့တွေသည် ရခဲလှသော လူ့ဘ၀ကို ရရှိနေချိန်အတွင်း ဘ၀အနှစ်သာရ ကို ထုတ်ယူတက်ရန်လည်း အရေးကြီးပါသည်။ လူအများစုသည် မိမိတို့ဘ၀ စား၊ ၀တ်၊ နေရေး အတွက် စီးပွားရှာခြင်း၊ အလုပ်လုပ်ခြင်း များဖြင့်သာ အချိန်ကို အားလုံးအသုံးပြုနေကြပါသည်။ တကယ့် ဘ၀၏ အနှစ်သာရဟူသည် ကုသိုလ်တရားပင်ဖြစ်ပါသည်။ ပုထုဇဉ်၏စိတ်သည် အိပ်ပျော်နေချိန်မှတစ်ပါး ကုသိုလ်စိတ် (သို့မဟုတ်) အကုသိုလ်စိတ် တစ်မျိုးမျိုးက အမြဲတမ်းဖြစ်နေရသည်။ ကုသိုလ်စိတ်


များများဖြစ်ခြင်းသည် ဘ၀အနှစ် များများရခြင်းဖြစ်၏။ သနပ်ခါးပင်သည် နှစ်ကြာ လေလေ အနှစ်များပြီး အဖိုးတန်လေဖြစ်သကဲ့သို့ပင် မိမိဘ၀ကိုလည်း ထို့အတူဖြစ် အောင်ကြိုးစားရမည်။ ဘ၀၏အနှစ်သာရများကို ဖော်ပြရင်းပင် ထေရ၀ါဒဗုဒ္ဓဘာသာ၏ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်များ တစ်ဆက်တည်း ပါဝင်သွားပါလိမ့်မည်။ ဘ၀၏အနှစ်သာရသုံးပါးကို…၊


“စည်းစိတ်ဥစ္စာ၊ အနှစ်ရှာပြုပါ ဒါနမှတ်၊


မိမိခန္ဓာ အနှစ်ရှာ၊ စောင့်ပါသီလမှတ်၊


အသက်ဇီဝါ အနှစ်ရှာ၊ ဘာဝနာဟုမှတ်၊

လှူပါ၊ စောင့်ပါ၊ ပွားများပါ၊ သုံးဖြာအနှစ်မှတ်”။

ဟူသော လင်္ကာအတိုင်း မှတ်သားရပါမည်။ ထိုသုံးပါးတို့တွင် စည်းစိမ်၏အနှစ်သာရကား ဒါနပြုခြင်းဖြစ်၏။ တချို့က ဒါနကို သံသရာရှည်စေတက်သော တရားဟုပြောတက်ကြပါသည်။ အမှန်တော့ ဒါနကား သံသရာမရှည်ပါ။ ဒါနပြုပြီး ဘုံဘ၀တွေ၊ လောကီစည်းစိမ်ချမ်းသာတွေကို တမ်းမက်သော တဏှာသည်သာလျှင် သံသရာကို ရှည်စေတက်ပါသည်။ ဒါနဟူသည် လောဘတဏှာကို ပါးသထက်ပါးစေသော အစွမ်းသတ္တိရှိသည်။ ငွေတစ်ထောင်ကို ပေးလှူလိုက်သော အလှူရှင်သည် ထိုငွေတစ်ထောင်အပေါ် တွယ်တာတပ်မက်သော လောဘတဏှာကို ပယ်သတ်နိုင် သောကြောင့်ဖြစ်သည်။ လူတစ်ဖက်ခန့်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ဖြစ်ကြရာ၌ အဆင့်မြင့်သော စက်လွှနှင့်ဖြတ်လျှင် မြန်မြန်ပြတ်၏။ စက်လွှမပြောနှင့် ငမန်းစွယ်လွှကိုပင် မ၀ယ် နိုင်သော တောသူတောင်သားများကား ရဲဒင်းဖြင့်သာ ဖြည်းဖြည်းချင်း ဖြတ်ကြရသည်။ လက်နက်၏စွမ်းအားအလိုက် အနှေးနှင့်အမြန် ဖြတ်နိုင်မှုကား ကွာခြားပေလိမ့်မည်။ ထို့အတူ တဏှာ(လောဘ၊ လိုချင်တမ်းမက်မှု) ကိုပယ်သတ်ကြရာ၌ ရဲဒင်းနှင့်တူသော ဒါနဖြင့်ပယ်သတ်သူလည်းရှိသည်။ စက်လွှနှင့်တူသော မဂ်တရားဖြင့်ပယ်သတ်သူလည်းရှိသည်။ ဒါနဖြင့်လောဘကို ပယ်သတ်နေသူကို မဂ်တရားဖြင့် မပယ်သတ်ရကောင်းလောဟု အပြစ်မတင်အပ်ပေ။ အပြစ်ရှိသူကို သာလျှင် အပြစ်တင်ရသည်။ အကယ်၍ ပြစ်တင်ကဲ့ရဲ့လျှင်လည်း အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရှိတဲ့ မစ္ဆရိယတရားဟာ အင်မတန်စက်ဆုပ်ဖို့ကောင်းတယ် စသောအားဖြင့် ကဲ့ရဲ့ရှုတ်ချရသည်။ အဲဒီပုဂ္ဂိုလ်ကတော့ နှမြောတယ် စသောအားဖြင့် လူကို ရည်ရွယ်၍ မပြောကောင်းပေ။ ယခုဘ၀၊ ယခုအချိန်မှာပင် ဘာသာတရားရဲ့ အနှစ်သာရကို သိပြီး ဒါန၊ သီလမှသည် မင်္ဂဉာဏ်၊ ဖိုလ်ဉာဏ် ထိရောက်အောင် ၀ိပဿနာဘာဝနာ အလုပ်ကိုလည်း မလွဲမသွေလုပ်ဆောင်ရပါမည်။ တချို့က ကောင်းတာလုပ်နေသော်လည်း ရခြင်းမကောင်းတာမျိုး ရှိတက်သည်။ ဒီအချက်ကို ပိုင်းခြားသိဖို့ အလွန်အရေးကြီးပါသည်။ စကားပုံလေးတစ်ခုနှင့် နှိုင်းယှဉ်ပါမည်။ “ဗောဓိပင်ပျိုးတော့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးတော့ ရွှေအိုးရတဲ့”။ “ဗောဓိပင်ပျိုး တော့ ခြေကျိုးရ” ဆိုတာ လူတစ်ယောက်ဟာ အများသူငါ ကုသိုလ်ပွားဖို့အတွက် ဗောဓိပင်စိုက်တယ်၊ အဲင်္ဒီလို ဗောဓိပင်ပျိုးတဲ့ အခါကျမှ တိုင်တစ်လုံးက ခြေထောက်ပေါ်ကျပြီး ခြေကျိုးသွားရတယ်။ အပေါ်ယံအမြင်တော့ ကုသိုလ်လုပ်လို့ ခြေထောက်ကျိုးရသလို ဖြစ်သွားတာပေါ့။ တကယ်တော့ အဲလိုမဟုတ်ပါ။ အဲဒီလူဟာ တကယ်လို့ဗောဓိပင်ပျိုးတဲ့ကုသိုလ်သာ မလုပ်ဘူးဆိုရင် သူဟာသေရမှာပါ။ သေရမဲ့ အကုသိုလ် ကံ ရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိပင်ပျိုးတဲ့ ကုသိုလ်ကို အားထုတ်လိုက်တဲ့အတွက် သေရမယ့်ဆိုးကျိုးကနေ ခြေထောက်ကျိုးရတဲ့ ဆိုးကျိုးကိုလျော့သွားတာပါ။ “ဗောဓိကိုင်းချိုးတော့ ရွှေအိုးရ” ဆိုတာ လူတစ်ယောက်ဟာ ဘုရားနဲ့မခြား အများကိုးကွယ်နေကြတဲ့ ဗောဓိပင်က အကိုင်းတစ်ကိုင်းကို ချိုးပစ်လိုက်တယ်။ အဲဒီလို ချိုးပစ်လိုက်ခါမှ ဗောဓိပင်ပေါ်က ရွှေအိုးတစ်လုံးကျလာပြီးရသွားလို့ ချမ်းသာသွားပါတယ်။ ဒီမှာလည်း အပေါ်ယံကြည့်မယ်ဆိုရင်တော့ အကုသိုလ်လုပ်ခါမှ ကောင်းကျိုးပေးပြီး ချမ်းသာသွားသလို ဖြစ်နေတာပေါ့။ အမှန်က အဲဒီလူဟာ ဗောဓိပင်ကိုင်းချိုးတဲ့ အကုသိုလ်သာ မလုပ်ဘူးဆိုရင် ရွှေအိုးအလုံးပေါင်းမရေတွက် နိုင်အောင်ရရှိမယ့် ကုသိုလ်ကံတွေရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိကိုင်းကိုချိုးတဲ့ အကုသိုလ်ကို ပြုလုပ်မိတဲ့အတွက် ကုသိုလ်အကျိုးတွေလျှော့သွားပြီး ရွှေအိုးအလုံးပေါင်းများစွာမရဘဲ တစ်လုံးသာရတာပါ။ အကုသိုလ်နှင့် အကျိုးပေးတယ် ဆိုသူများ ဒုတိယစကားပုံလေးကို သင်ခန်းစာများများယူသင့်ပါသည်။ ထို့ကြောင့် မိမိတို့တွေသည် ဘာသာတရား၏ အနှစ်သာရ ဖြစ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အလုပ်တွေကို အမြဲလုပ်ဆောင်နေသင့်သည်။ ကောင်းမှုလုပ်နေသူ အဖို့ကောင်းကျိုးဆိုတာ ရှိနှင့်ပြီးသားပါ။ ယုံယုံကြည်ကြည်၊ လေးလေးစားစား လိုက်ပါလုပ်ဆောင်ကြပါ။



တစ်ခဏဖြစ်ရ၊ လူ့ဘ၀မှာ အနှစ်သာရရှိအောင်ကြိုးစား အားထုတ်ခြင်းဖြင့်၊ ဒုက္ခခပ်သိမ်းငြိမ်းအေးရာ နိဗ္ဗာန်သို့တိုင်အောင် တက်လှမ်းနိုင်ကြပါစေ…။



မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်ကို ကိုးကားရေးသားပါသည်။