သာသနာ ဆိုတာ အဆုံးအမလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဘယ်သူရဲ့ အဆုံးအမလဲ ဆိုရင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို ဆိုရပါမယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သုမေဓာရှင်ရသေ့ ဘ၀ကတည်းက နိဗ္ဗာန်စံဝင်ရင် ရပေမဲ့ ငါတယောက်တည်း နိဗ္ဗာန်မ၀င်လို၊ ဝေနေယျ သတ္တ၀ါတွေကိုပါ နိဗ္ဗာန်ကို ပို့ဆောင်မယ် ဆိုတဲ့ စေတနာနဲ့ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့ပါတယ်။ ဘုရားဖြစ်ဖို့ရန် အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရပါတယ်။ ဘုရားဖြစ်တဲ့ အခါမှာလဲ သက်တမ်းတိုသော ကာလမှာ ဖြစ်ရသဖြင့် ဝေနေယျ သတ္တ၀ါတို့ကို ၄၅၀ါ ကာလပတ်လုံး ချေချွတ်တော်မူခဲ့ရပါတယ်။ မနက် ဆွမ်းခံကြွချိန်မှာပင် မဂ်ရထိုက် သူများကို ချေချွတ်ရပါတယ်။ ဆွမ်းခံပြန်လာရင် ဒုလ္လဘတရားငါးပါးကို ဟောကြားတော်မူပါတယ်။ နေ့ဆွမ်းစားပြီးချိန်မှာ ရဟန်းတော်များက ကမ္မဋ္ဌာန်းတောင်းကြ၊ တရားမေးကြနဲ့ ညနေပိုင်း ရောက်သွားပါတယ်။ ထိုအချိန်မှာပဲ မြို့သူ၊ မြို့သားများက တရားနာဖို့ ရောက်နှင့်နေကြပါပြီ။ ထို့နောက် တရားဟောပေးရာ တရားပွဲက ည ၁၁ နာရီခန့် ဖြစ်သွားပါတယ်။ သန်ခေါင်ယံ အချိန်မှာ နတ်များ တရားနာလာလို့ ဟောပေးရပါတယ်။ နတ်တွေပြန်သွားချိန်မှာ ဗြဟ္မာတွေလာလို့ တရားဟောပေးရာ ၂နာရီခွဲ ၃ နာရီလောက် ရောက်သွားပါတယ်။ ဗြဟ္မာတွေပြန်သွားပြီးမှ တနေကုန်ခိုင်းထားတဲ့ ခန္ဓာကြီးကို အနားပေးပါတယ်။ မနက်အာရုံတတ်ချိန်မှာ မဟာကရုဏာ သမာပတ်ဝင်စားကာ ကျွတ်ထိုက်သူတို့ကို ကြည့်ရှုတော်မူပါတယ်။ တွေ့ရှိရင် ဘယ်လောက်ပဲ ဝေးဝေး အရောက်သွားကာ တရားဟောပြီး ချေချွတ်တော်မူပါတယ်။
ဘုရားတစ်ဆူပွင့်ရင် ချေချွတ်ရမည့်၊ ကျွတ်ရမည့် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရားသည် သက်တမ်း တိုလွန်းသောကြောင့် ၁၆ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းသာ ကျွတ်လွတ်ရန် တရားဟောပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ရှစ် သင်္ချေကို ဘုရားရှင် တပည့်သား သံဃာတော်များ မှတဆင့် တရားနာကြားပြီ ကျွတ်တန်းဝင်ကြပါစေ ဟူသော ဆန္ဒဖြင့် သာသနာတော် နှစ်ငါးထောင် ထားခဲ့ပါတယ်။ ထို့ကြောင့် ယနေ့အချိန်မှာပင် ၀ိပဿနာတရားများ နာကြားကျင့်ကြံခွင့် ရနေခြင်းဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် ၂၅၅၂ ဖြစ်တာကြောင့်၊ နောက်ထပ် သာသနာတော် ၂၄၄၈ နှစ် သာကျန်ပါတော့တယ်။ (သာသနာတော် နှစ် ၅၀၀၀ ပြည့်သော်လည်း ဘုရားရှင်၏ တရားတော်ကို လိုက်နာ ကျင့်ကြံသူတွေ ရှိနေသ၍ သာသနာတော် ရှိနေဦးမှာ ဖြစ်ပါတယ် )။ သာသနာနှစ် ဘယ်လောက်ကျန်တယ် ဆိုတာ မစဉ်းစားသင့်ပါဘူး။ အမှန်မှာ မိမိတို့ မသေခင်သာ သက်ဆိုင်ပါတယ်။ မိမိတို့ အတွက်က သေတဲ့ အချိန်သည် သာသနာကွယ်တာပါပဲ။ သေသွားလို့ အပါယ်ဘုံ ရောက်သွားခဲ့ရင်တော့ သာသနာတော်နဲ့ ထပ်တွေ့ဖို့ မလွယ်ပါဘူး။
ထို့ကြောင့် အသေမဦးခင် ဉာဏ်ဦးဖို့ လိုပါတယ်။ ဉာဏ်ဦးဖို့သည် ၀ိပဿနာ ဘာဝနာတရားကို ပွားများအား ထုတ်ထားဖို့ အရေးကြီးပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာပင် မဟာကရုဏာတော်ဖြင့်…
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တာယာမိဝေါ၊
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ချစ်သားတို့ ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့၊… ဟု နောက်ဆုံးမှာ မှာကြားခဲ့ပါတယ်။ မိဘတို့သည် သားသမီးတို့ကို တသက်သာ ချမ်းသာအောင် ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် တဘ၀တာ ကျေးဇူးရှင်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင်သည်ကာ သံသရာ တလျှောက်လုံး အပါယ်ဘေးမှ ကင်းပြီး ချမ်းသာအောင် စောင့်ရှောက်သောကြောင့် သံသရာ တလျှောက် ကျေးဇူးရှင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တဘ၀ ကျေးဇူးရှင် မိဘများ သေခါနီး မှာကြားသော စကားကိုပင် သားသမီးများက လိုက်နာတတ်ကြပါတယ်။ ထိုသို့ဆိုရလျှင် တသံသရာလုံး ကျေးဇူးရှင်ဖြစ်သော မြတ်စွာဘုရားရှင်၏ တရားကို ပိုပြီးနားထောင် သင့်ပါတယ်။ ၀ိပဿနာ ဘာဝနာ ပွားများခြင်းသည်ပင် ဘုရား၏ တရားကို အပြည့်အ၀ နားထောင်ရာ ရောက်ပါမယ်။ ဒါန၊ သီလ၊ သမထ တရားတွေသည် ဘုရား မပွင့်ခင် ကာလ ကတည်းက ရှိခဲ့ပြီးသားပါ။ သစ္စာတရားတွေကတော့ ဘုရားပွင့်မှသာ သိခွင့်ရတာပါ။ ထို အသိလေး တခုသည် လောကီ၊ လောကုတ် နှစ်ဖြာသော အကျိုးအတွက် များစွာပင် အကျိုးကြီးလှပါတယ်။ တကယ့် သေဘေးကို ရင်ဆိုင်ရတော့မယ်ဆိုရင် ၀ိပဿနာဘာဝနာ သစ္စာအသိသည်သာ အားထား နိုင်ပါလိမ့်မယ်။ ထို့အတူ လောကမှာနေထိုင်ကြတဲ့ လူတွေဖြစ်တာကြောင့် လောကဓံတရား ( လာဘ်ရခြင်း၊ မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် ချမ်းသာခြင်း) တွေကိုလဲ သစ္စာအသိ ဖြင့်သာ ရင်ဆိုင်နိုင်ပါတယ်။ သစ္စာမသိရင်တော့ ထိုအဆင်မပြေမှုကို အကြောင်းပြုပြီးတော့ နောက်ထပ် အကုသိုလ်ဖြစ်ရပါမယ်။ ကောင်းတဲ့ လောကဓံ တွေ့ရင် လောဘ ဖြစ်မယ်၊ မာန တတ်မိမယ်၊ ဆိုးတဲ့ လောကဓံ တွေ့ရင် ဒေါသဖြစ်မိမယ်။ ထို ကိလေသာ တရားတွေ မဖြစ်ရအောင်သည် သစ္စာအသိလေး သိထားမှ စိတ်ချရပါမယ်။ ဘုရားရှိခိုး၊ ပရိတ်တရားနာခြင်း စတဲ့ ဗုဒ္ဓဘာသာဝင် တဦးလုပ်သင့်တဲ့ တနေ့တာ အလုပ်ကို လူတိုင်းနီးပါး လုပ်ဆောင်ကြပါတယ်။ စိတ်ကောင်းရှိရင် ပြီးတာပဲ တရားနာဖို့မလိုဘူး၊ တရားအားထုတ်ဖို့ မလိုဘူးဆိုလို့လဲ မသင့်တော်ပါဘူး။ တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်ကြတယ်လို့ ပြောတာလဲ ကြားဖူးပါတယ်။ ဘာဝနာ ဆိုတာ ဘ၀ နာလို့ လုပ်တာလို့လဲ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေ အခြေခံ သဒ္ဓါတရားမရှိရင်တော့ ဘုရားရှင် ကိုယ်တော်တိုင် ဟောနေရင်တောင် ကန့်လန့်တိုက်ကြမှာပဲ။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက အောက်ပါ အတိုင်းရေးခဲ့ပါတယ်။
“ပါရမီ နဂို၊ မရှိလိုက၊
ကုသိုလ်စရိုက်၊ မဟောထိုက်တည့်၊
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏”
(မဃဒေ၀ လင်္ကာ)
ယခုအချိန်မှာတော့ တသံသရာလုံးက ပါလာခဲ့သော အ၀ိဇ္ဇာ (မသိမှု၊ သစ္စာလေးပါးကို မသိခြင်း၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာ သိခြင်း) အမှောင်ကြီးကို ဒီဘ၀မှာတော့ ဉာဏ်အလင်းနဲ့ ပယ်ခွင်းသင့်ပါပြီ။ ထို့ကြောင့် သစ္စာတရားများ နာကြားကျင့်ကြံကြဖို့ အလေးနက်ထား တိုက်တွန်းပါရစေ။ ဒါမှလဲ သာသနာနဲ့တွေ့ရကျိုး နပ်ပါလိမ့်မယ်။ သာသနာတွင်းသား ပီသအောင် လုပ်ဆောင်ကြပါစေ။ သစ္စာတရားတော်များကို ယခုအချိန်မှာပဲ နာကြား လိုက်နာကြပါ။
နာကြားတဲ့ အတိုင်းလဲ သိကြပါစေ၊ သိတဲ့ အတိုင်းလဲ ကျင့်ကြပါစေ၊ ကျင့်တဲ့ အတိုင်းလဲ ရကြပါစေ။
Subscribe to:
Posts (Atom)