"အမေး အဖြေ(၃)"

ကိုအောင်ဦး
စာရေးသူသည် အကြောင်းအရာတစ်ခုခု သို့တည်းမဟုတ် အရာဝတ္တုတစ်ခုခုကို မျက်စိရှေ့မြင်မှု၊ တွေးမှု ဖြစ်ပေါ်လာချိန်တွင် ကပ်ရပ်ဖြစ်လာတဲ့ မနောစိတ်က မကောင်းတဲ့စိတ်။ ဥပမာ. ကားမောင်းနေရင်းက တစ်ယောက်က ရှေ့ကဖြစ်ရင် .. တိုက်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဓါးကို ကိုင်ထားချိန် တစ်ယောက်ကို ထိုးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ စသည်ဖြင့် မကောင်းတဲ့စိတ်က ကပ်ကပ်ပါလာပါတယ်။ သတိဝင် ၀င်ခြင်း ချက်ချင်းကို ပြန်ထိန်းပေမယ့်။ မနောစိတ်က ဖြစ်ပြီးသွားပြီ။ စာရေးသူ သိချင်တာက ထိုစိတ်သည် အကုသိုလ်ဖြစ်ပါသလား။ ထိုစိတ်ပျောက်အောင် မည်ကဲ့သို့ စိတ်ကို လေ့ကျင့်ရပါမည်နည်း။ စာရေးသူသည် တစ်ခါမှ တရားစခန်းဆိုသည်ကို မ၀င်ဘူးပါ။ တရားထိုင်ခြင်းကိုလည်း မပြုလုပ်ဖူးပါ။ ထို့ကြောင့်များ စိတ်က ပျံ့လွင့်လွယ်ခြင်း ဖြစ်သလား။ ဖြေကြားပေးစေလိုပါသည်။
ကျေးဇူးတင်ပါသည်။ ကိုအောင်ဦး
စာရေးသူ



မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ ကျနော်လည်း တရားစခန်း မ၀င်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ တရားဓမ္မတွေ၊ စာအုပ်တွေကို နာကြား၊ ဖတ်မှတ်ပြီး ကျင့်ကြံနေဆဲပါ ခင်ဗျာ။ မေးခွန်းတွေဖြေတဲ့ နေရာမှာ ဖြေတဲ့သူအနေနဲ့ အင်မတန် ဂရုစိုက်ရပါတယ်။ ကိုယ့်ကြောင့် သူတပါး အသိမှား၊ အမှတ်မှားဖြစ်အောင် ရေးမိ၊ ပြောမိတယ်ဆိုရင် အပြစ်ရှိပါတယ်။ ဒါကြောင့် ကျနော်လည်း သိထားတဲ့ အသိလေးတွေကို အမှား မဖြစ်ရအောင် အတတ်နိုင်ဆုံး ထိန်းပြီး ပြောပြတာပါ။

ကားမောင်းနေရင်းက တစ်ယောက်က ရှေ့ကဖြစ်ရင်း.. တိုက်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဓါးကို ကိုင်ထားချိန် တစ်ယောက်ကို ထိုးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ စသည်ဖြင့် မကောင်းတဲ့စိတ်က ကပ်ကပ်ပါလာ ပါတယ်။ သတိဝင် ၀င်ခြင်း ချက်ချင်းကို ပြန်ထိန်းပေမယ့်။ မနောစိတ်က ဖြစ်ပြီးသွားပြီ။ စာရေးသူ သိချင်တာက ထိုစိတ်သည် အကုသိုလ်ဖြစ်ပါသလား။

ဒီနေရာမှာ ကားနဲ့ တိုက်လိုက်ချင်တာ၊ ဓါးနဲ့ထိုးလိုက်ချင်တယ် ဆိုတာက မကောင်းတဲ့ စေတသိတ်လေးတွေ လာကပ်တဲ့ သဘောလေးပါ။ အခု လောကီနယ်ပယ်မှာ ငါ၊ ငါ့ဟာ၊ သူတပါး ဆိုတဲ့ အမြင်နဲ့ မြင်နေတာကိုက ဒိဋ္ဌိနဲ့ မြင်တဲ့ အမြင်ပါ။ အမှန်တရားမှာ ခန္ဓာငါးပါးပဲ ရှိပါတယ်။ ဒါကို ခွဲကြည့်ရင် ရုပ်ခန္ဓာ တစ်ပါးနဲ့ နာမ်ခန္ဓာလေးပါး ရှိတယ်။ အဲဒါတွေကို အများသိတာက ရုပ်၊ နာမ် ဆိုတာပေါ့။ စိတ်နဲ့ စေတသိတ် ပေါင်းပြီး နာမ်လို့ခေါ်ပါတယ်။ စိတ်ရဲ့သဘာဝက အကြည်ဓာတ်လေးပါ။ အဲဒီ စိတ်အကြည်ဓာတ်ကို စေတသိတ်က ၀င်ကပ်ပြီး ခြယ်လှယ်တဲ့ အခါကျတော့ စိတ်တွေ ဖြစ်ကြရတယ်။ ကောင်းတဲ့ စေတသိတ် ကပ်တော့ ကုသိုလ်စိတ် ဖြစ်တယ်။ မကောင်းတဲ့ စေတသိတ် ကပ်တော့ အကုသိုလ်စိတ် ဖြစ်ရတယ်။ ကားနဲ့ တိုက်လိုက် ချင်တာ၊ ဓါးနဲ့ ထိုးလိုက်ချင်တာတွေက ဒေါသမူ စိတ်လေးတွေ ဖြစ်တဲ့ သဘောပါ။ အကုသိုလ် စေတသိတ်လေးတွေ လာလာကပ်တာပေါ့။ ဒါကို ရှင်းအောင်ပြောရရင် အကုသိုလ် စိတ်တော့ ဖြစ်တယ်လို့ ဆိုရမယ်။ အဲဒီအချိန်မှာ သတိနဲ့ ကပ်ပြီး သိလိုက်တဲ့ အတွက် ရှေ့က ဖြစ်တဲ့ စိတ်သည် နောက်ဆက်ဖြစ်မယ့် အကုသိုလ် တရားတွေကို ထိန်းပြီးသား ဖြစ်ပါတယ်။ ကံတစ်ခုကို ကျူးလွန်ရာမှာ ကာယကံ၊ မနောကံ၊ ၀စီကံ စတဲ့ ကံသုံးပါနဲ့ ကျူးလွန်မိတာပဲ ရှိတာပါ။ ဒီလို ကျူးလွန်တဲ့ နေရာမှာ ကာယကံနဲ့ ၀စီကံကို ကျူးလွန်မိတယ်ဆိုရင် ကံ အရာက အပြီးမြောက်ပါတယ်။ ပြန်တောင်းပန်လို့ မရတော့တဲ့ သဘောမျိုးပေါ့၊ မနောကံနဲ့ ကျူးလွန်မိရင်တော့ ပြန်တောင်းပန်ရင် အပြစ်က သက်သာရပါတယ်။
ဘုရားရှင်လက်ထက်တုန်းက သောရိယ ဆိုတဲ့မြို့မှာ သူဋ္ဌေးသား တယောက်ရှိပါတယ်။ တနေ့တော့ မြစ်ဆိပ်မှာ ရေချိုး နေစဉ် ရဟန္တာတစ်ပါး ကောင်းကင်က ပျံကြွသွားတာကို မြင်ပြီးတော့ ငါ့မိန်းမရဲ့ အသာအရေဟာ ဒီ ကိုယ်တော်လို ဖြစ်ရင် ကောင်းမှာပဲလို့ စိတ်က ပြစ်မှားလိုက်တာနဲ့ သောရိယမြို့က သူဋ္ဌေးသားဟာ မိန်းမ ဖြစ်သွားပါတယ်။ ဒါနဲ့ သူဋ္ဌေးသားဟာ ရှက်ပြီးတော့ မြို့ကို မပြန်တော့ပဲ တခြားမြို့ တမြို့သွားပြီးနေပါတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျပြီး သားနှစ်ယောက် မွေးပါတယ်။ တနေ့တော့ အရင်မြို့က ကုန်သည်တယောက်က သူဋ္ဌေးသား အိမ်ကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးသား (အမျိုးသမီး ဖြစ်သွားတဲ့သူ) က ဧည့်ဝတ်ကျေအောင် ပြုစုပေးတယ်။ ဘာလို့ ဒီလောက်ဧည့်ဝတ်ကျေအောင် လုပ်ဆောင်ပေးရသလဲလို့ ကုန်သည်က အမျိုးသမီးကို မေးတဲ့အချိန်မှာ အဲဒီအမျိုးသမီးက သူဟာ တချိန်က သောရိယမြို့က သူဋ္ဌေးသား ဖြစ်ကြောင်း၊ ရဟန်းတပါးကို ပြစ်မှားမိတဲ့ အတွက် ယခုလို မိန်းမ ဖြစ်သွားရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကုန်သည်က စိတ်နဲ့ ပြစ်မှားတာဆို ရင် တောင်ပန်းလို့ ကျေနိုင်ကြောင်းပြောပြီး ရဟန္တာဆီကို ခေါ်သွားပါတယ်။ အမျိုးသမီးလည်း ရဟန္တာနဲ့တွေ့တဲ့ အချိန်မှာ သူက မြစ်ဆိပ်မှာ ရေချိုးစဉ် စိတ်နဲ့ ပြစ်မှား မိကြောင်း ၀န်ခံပြီး တောင်ပန်းလိုက်တဲ့ အချိန်မှာ ရဟန္တာက ကျေနပ်ခွင့်လွတ်ကြောင်း ပြောလိုက်တာနဲ့ မိန်းမ အသွင်ကနေ ယောကျာ်း အသွင်ကို ပြန်ပြောင်းသွားပါတယ်။ ဒီတော့ မနောကံနဲ့ ပြစ်မှား မိရင် ကျေအေး နိုင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချရမယ်။
ဘုရားရှင်က ဟောခဲ့တဲ့ အတိုင်းပဲ သတ္တ၀ါတို့ရဲ့ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်ပါတယ်။ လက်တစ်ဖျစ် အတွင်းမှာပဲ စိတ် ကုဋေတစ်သိန်း ဖြစ်ရပါတယ်။ ထိုဖြစ်တဲ့ စိတ်ကလည်း ဖြစ်ပြီး ချုပ်ရတဲ့ သဘောရှိတယ်။ ဒါကို ရုတ်တရက်ဆိုတော့ မြင်ရခက်သွားနိုင်တယ်။ ဥပမာ.. ကျနော်တို့ ငယ်ငယ်က သင်တဲ့ သက်တန့်ရောင်စဉ် (၇) ခုကိုကြည့်ပါ။ အဲဒီ (၇)မျိုး ရောင်စဉ်ကို တရစပ်လည်အောင် လှည့်လိုက်ရင် အဖြူရောင် တခုတည်းလို့ ထင်ရပါတယ်။ ဒီသဘောအတိုင်းပါ။ စိတ်တွေ တရစပ်ဖြစ်နေတော့ စိတ်ဆိုတာ အကောင်အထည်ကြီး၊ ဒီစိတ်ကြီးပဲ ဆက်တိုက်ဖြစ်နေတယ် ထင်နေကြရတာပါ။ ဒါကြောင့် ဘာစိတ်ပဲ ဖြစ်ဖြစ် ခဏလေးနဲ့ ဖြစ်ချုပ် ဆိုတဲ့ သဘောရှိတယ် ဆိုတာ သိထားရမယ်။ သိတဲ့ အတိုင်းလည်း ကိုယ်ပိုင် ဉာဏ်နဲ့ ထိုးထွင်းမြင်အောင် ကြည့်နေရမယ်။ ရှုတယ်၊ သိတယ်၊ ကြည့်တယ် ဆိုတာသည် သဘောကတော့ အတူတူ ပါပဲ။
စိတ်ဖြစ်လိုက်လို့ အကုသိုလ်ဖြစ်လား ဆိုတဲ့နေရာမှာ ဖြစ်လိုက်တဲ့ စိတ်အပေါ်မှာ သတိမရှိပဲ ထင်ရာစိုင်းပြီး ဆက်လုပ်မယ်ဆိုရင်တော့ အပြစ်ဖြစ်ရတာပေါ့။ ပုထုဇဉ် သဘာဝအရ စိတ်တွေကတော့ ဖြစ်ရမှာပဲလေ။ ဒီတော့ ဘာစိတ်ဖြစ်ဖြစ် ကိုယ်က အသိလေး ရှိနေရမယ်။ ဖြစ်လာတဲ့ စိတ်ကို ကိုယ်က သတိထား၊ ၀ိရိယစိုက်ပြီး ပညာမျက်စိနဲ့ သူ့ရဲ့ သဘောကို စောင့်ကြည့်ပေးလိုက်ပါ။ အဲဒီအချိန်မှာ စိတ်ရဲ့ သဘာဝအရ ပျက်တဲ့ လက္ခဏာကို တွေ့ရမှာပဲ။ ဒီအတွက် မိုးကုတ်ဆရာတော်ကြီးက သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ ကြည့်လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဒီတရားစကားသည် ကျနော်တို့ တွေအတွက် အဖိုးဖြတ်လို့ မရနိုင်တဲ့ စကားပါပဲ။
ပထမတော့ ကိုယ်က ကားမောင်းရင်း သတိလေးထားနေမယ်၊ ဓါးကိုင်ထားတာကို သတိလေး ထားနေမယ် ဒါကို အဲဒီအချိန်မှာ ဖြစ်လာတဲ့ ကားနဲ့ တိုက်ချင်တဲ့ စိတ်လေးပေါ်လာရင် ဒီစိတ်လေးကို သိပေးနေလိုက်ပါ။ သူရဲ့ သဘာဝကို ကိုယ်က အကဲခက် သုံးသပ်ပြီး နေလိုက်တော့ သူသည် ပျက်စီးတတ်တဲ့ သဘောပါလား ဆိုတာ မြင်သွားတာပေါ့။ အပျက်ကို မြင်သွားတဲ့ အချိန်ကျတော့ ကိုယ်က ကားနဲ့ တကယ်တိုက်တယ် ဆိုတဲ့ သင်္ခါရတရားတွေကို မပြုလုပ်ဖြစ်တော့ဘူး။ ဥပမာ.. ကိလေသာရန်သူကတော့ ကိုယ့်ကို တိုက်ဖို့လာတာပေါ့။ ဒါကို ကိုယ်က သတိရှိပြီး ပြန်မတိုက်တော့ပဲ အယုံသွင်းလို့ သူ့လူ ကိုယ့်ဘက်သား လုပ်လိုက်တဲ့ သဘောပါပဲ။ ကိုယ်က ဒီသဘောကို မသိပဲ တိုက်မယ်ဆိုရင် ကိုယ်လည်း ခံစားသွားရမှာပဲ။ ဒီလို တုန့်ပြန်တာသည် ဉာဏ်မွဲသူတွေ အလုပ်ပါ။ ကိုယ်က သတိလေးထားပြီး စောင့်ဖမ်းလိုက်တော့ ရန်သူက မိတ်ဆွေဖြစ်ရပြီပေါ့။ ဒါသည် ဉာဏ်ဦးသွားတဲ့ သဘောပါ။ အပျက်ကို သိတော့ သင်္ခါရတရားတွေ ဆက်ပြီး မလုပ်ဖြစ်တော့ဘူး။ သင်္ခါရချုပ်တော့ ကံချုပ်တယ်။ ကံချုပ်တော့ သံသရာပျက်တယ်။ ဒီတော့ ကိုယ်ဘာဖြစ်တယ်ဆိုတာကို သိပေးဖို့ အဓိက ကျပါတယ်။ ဒါကြောင့်ပဲ မိုးကုတ်ဆရာတော်ကြီးက အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစားကြလို့ ဆုံးမခဲ့တာပါ။ ဒါကြောင့် နေ့စဉ် ဘ၀တွေမှာ ဘာစိတ်ပဲ ဖြစ်ဖြစ် သူ့ရဲ့သဘောကို စောင့်ကြည့်တဲ့ သတိလေးနဲ့ နေနေတာကို ၀ိပဿနာ အသိနဲ့ နေတယ်လို့ ဆိုတာပါပဲ။ ဒါသည် အမြတ်ဆုံးသော ဘ၀နေနည်းပါ။ ထို့အတူ သေနည်းသည်လည်း ဒီအတိုင်းပါ။

တောရှုပ်လေ၊ ထင်းရလေ ဆိုတဲ့ သဘောလေးကို မှတ်ထားပါ။ ဓါးပါဖို့တော့ လိုတာပေါ့။ ဓါးမပါတဲ့သူကတော့ ချုံတွေနဲ့ ငြိရမှာပဲ။ တောရှုပ်တယ်ဆိုတာ ကျတော်တို့ လောကီမှာ အာရုံတွေက အင်မတန်ရှုပ်လွန်းတဲ့ သဘောပါ။ ဒါကို ကိုယ်က မသိပဲ အာရုံအလိုက်မှားရင်တော့ ကိလေသာ ချုံမှာ ငြိရမှာပါ။ ဓါးပါတဲ့ သူကတော့ ထင်းရပါလိမ့်မယ်။ ဓါးဆိုတာကတော့ သတိတရားပါပဲ။ ဒါကြောင့် နေ့စဉ်ဘ၀တွေမှာ အချိန်တိုင်း သတိလေး နဲ့ နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဓါးရှိပြီး ခုတ်ဖို့ လိုသလို သတိရှိပြီး သိဖို့လိုပါတယ်။ ခုတ်လေ ထင်းရလေ ဆိုသလို အသိရှိလေ ချမ်းသာလေပါပဲ။

ဒါဆိုရင် မေးခွန်းအားလုံးကို ဖြေပြီး ဖြစ်ပါပြီ။ လက်တွေကျင့်သုံး လိုက်နာကာ ကောင်းကျိုးချမ်းသာကို ရရှိ ခံစားနိုင်ပါစေ ခင်ဗျာ။

အောင်ဦး


"အမေး အဖြေ(၂)"

လာရောက်ဖတ်ရှုပါတယ်ဗျာ... ကျွန်တော်လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီးတော့ ဒီက ဆရာ/မ တွေကို သင်ခန်းစာ ခဏတာနားတဲ့ အချိန်မှာ ပြောပြခြင်တယ်။ ရှင်းပြဖို့ရာက နည်းနည်းတော့ အခက်ခဲရှိတယ်... ပြောပြခြင်တာထက် ကိုယ်ကိုတိုင်က ကောင်းကောင်းမသိတာခတ်နေတယ်.:D.
ဗုဒ္ဓရဲ့ ရဟန်းတော်တွေ ပတ်သတ်ပြီးပြောပြခြင်တာ.. .ဖြစ်နိုင်ရင် အခြားဘာသာတွေမှာ မရှိမမြင်နိုင် မတွေ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတွေကို ပြောပြခြင်တာ... ကျွန်တော်တို့ အရင်တုန်းက ကြားဖူးတဲ့ အရာလေးတစ်ခုပါ..ဟုတ်မဟုတ်တော့မသိဘူး... နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့ အခါမှာ ကောင်းကင် မှာ ရဟန်းတော်တွေ ကိုတွေ့ရတဲ့ ဖြစ်စဉ်တွေ.. မကြာသေးခင်ကလို့ ပြောတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ မန္တလေးမှာ လည်း အဲဒီလို မျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ပေါ်သို့ ရဟန်းတော် ပျံတတ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ.. .အဲဒါမျိုးတွေကို ပြောပြခြင်တာ... ဘာသာရေးကို ကြွားဝါခြင်လို့တော့ မဟုတ်ပါဘူး... ဘာသာခြားလူမျိုး တွေကို ဒီလိုထူးဆန်း ဖြစ်ရပ်မျိုးတွေနဲ့ မိမိတို့ဗုဒ္ဓဘာသာမှာ အမှန်တကယ် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီလိုမျိုးတွေ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာတွေကို ပြောပြခြင်လို့ပါ... ဒီလိုထူးဆန်းဖြစ်စဉ်လေးတွေကို ဘုရားရှင် လက်ထက်ကမဟုတ်ပဲ မျက်မှောက်ခေတ်ကာလမှာပဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေရှိရင် ပြောပြပေးပါ..
.သိခြင်လို့ပါ..ကျေးဇူးတင်ပါတယ်..



မေးထားတဲ့ မေးခွန်းကိုဖတ်ပြီး ကျွန်တော်သုံးသပ် မိတာလေးတွေကို ဖြေပေးလိုက်ပါတယ်။ ကျောင်းစာတွေကို တဖက်က လုပ်နေရတဲ့ အချိန်လဲဖြစ်၊ စာအုပ်တွေ အကိုးအကားလဲ မစုံလင်တာကြောင့် ယခုမျက်မှောက်ခေတ် ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း အသေးစိတ်တော့ ကျန်တော် မရှင်းပြနိုင်ပါဘူး။ ဒါပေမယ့် မေးခွန်းကို ဦးတည်ချက်မလွဲအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားဖြေလိုက်ပါတယ် ခင်ဗျာ။
ဘာသာတရားကို ကိုယ်က ရှင်းပြချင်တာဆိုတော့ ပထမဆုံးကိုယ်တိုင် သိရှိထားအောင် လုပ်ထားရမယ်။ ကိုယ့်မှ မရှိထားရင် ဘာမှ ပြောတတ်မှာမဟုတ်ဘူး။ ဥပမာ.. သူများကို မုန့်ဖို့ ၅ ကျပ်ပေးမယ်ဆိုပါစို့.. ကိုယ့်မှာ ရှိမှ ပေးလို့ရမယ်။ သူများဆီမှာ၊ ဘဏ်တွေမှာ ရှိနေတဲ့ ပိုက်ဆံတွေက ကိုယ်ပိုင်တာမှ မဟုတ်တာ။ ဘယ်လိုပေးလို့ ရပါ့မလဲ။ ဒီသဘောလေးလိုပါ။ ဘုရားဟော ပိဋကတ်တော်တွေ၊ စာအုပ်တွေ၊ တရားတွေ များစွာ ရှိတာတော့ မှန်ပါတယ်။ ကိုယ့်မှာ ဘာတရားမှ မရှိထားရင် ဘာကိုမှ ပြောတတ်မှာ မဟုတ်ပါ။ ပေးတတ်မှာ မဟုတ်ပါ။ ကိုယ်က ပေးချင်တဲ့ သူဆိုတော့ ရှိဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကိုယ့်မှာ ရှိဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက်ကို အရင်ချသင့်ပါတယ်။ ကိုယ့်မှာ ရှိမှ သူများကိုလည်း ပေးလို့ရမှာပဲလေ။ (ကျနော်လည်း ရှိနေ၊ သိနေလွန်းလို့ မဟုတ်ပါ။ ရှိဖို့ လိုအပ်ကြောင်းကို သိစေချင်လို့ပါ)။
ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်ကြံပြီးတော့ ထူဆန်းဖြစ်ရပ်တွေ ဖြစ်တဲ့ ရဟန်းတော်တွေ အကြောင်းပြောပြချင်တဲ့ သဘောလို့ ထင်ပါတယ်။ ဒီတော့ ထူးဆန်တယ် ဆိုတဲ့ သဘောကို အရင်ရှင်းပြပါမယ်။ မိုးပေါ်ပျံနိုင်တာ၊ မြေလျှိုးနိုင်တာတွေ ဆိုတာ သမထအားကောင်းလို့ ဈာန်၊ အဘိညာဉ်တွေရရင် ဖြစ်နိုင်ကြပါတယ်။ ရဟန္တာတိုင်း ဈာန် မပျံနိုင်ဘူးဆိုတာလဲ မှတ်ထားဖို့ လိုပါမယ်။ ဈာန်ရတိုင်းလည်း ရဟန္တာ မဟုတ်ဘူးဆိုတာ သိရမယ်။ မေးခွန်းမှာပါသလို မန္တလေးမှာ ရဟန်းတော် တပါး ပျံတတ်တာကို တွေ့တယ်ဆိုတာ ကျနော်လည်း ကြားဖူးပါတယ်။ ဟိုအရင် အင်္ဂလိပ် ခေတ်က လေယာဉ်မှူးတွေလည်း ကောင်းကင်မှာ ပျံနေတဲ့ ရဟန်းတော်တွေကို မြင်ခဲ့ကြတယ် ဆိုတဲ့ အကြောင်း စာပေတွေမှ ဖတ်ခဲ့ဖူးပါတယ်။ အဲလို ပျံနေတာတွေသည် ရဟန္တာတွေလည်း ဖြစ်နိုင်ပါတယ်။ လောကီ ကျင့်စဉ်တွေကြောင့် ဈာန်တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာက ဒီလောက်နဲ့ တင်းတိမ်းဖို့ မဟုတ်ပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ သစ္စာလေးပါးတရားတွေသည် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ထူးဆန်းစွာ လုပ်ဆောင်ဖို့ ရည်ရွယ်ရင်း မဟုတ်ပါ။ ဘုရားရှင်ကိုယ်တိုင်လည်း တန်းခိုးပြတာကို ပညတ်တော်မူခဲ့ပါတယ်။ နောင်အချိန်မှာ တန်ခိုးမပြနိုင်ရင် လူတွေမကြည်ညိုစရာ ဖြစ်မယ်ဆိုတာ ကြိုတင်မြင်တဲ့ အတွက်ကြောင့် ဘုရားရှင် လက်ထက်ကတည်းက ရဟန်းတော်တွေ တန်ခိုးမပြရဆိုတာ ပညတ်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း လိုအပ်တဲ့ အချိန်မှသာ တန်ခိုးပြတော်မူပါတယ်။ ဒီအကြောင်း ဇာတ်တွေကို ကြားဖူးကြမှာပါ။ ဒီမှာ အဓိက မှတ်ရမှာက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် တန်ခိုးပြခြင်းကို တားမြစ် တယ်ဆိုတဲ့ အချက်ပါ။ ဘုရားရှင် မမွေးဖွားမီကပင် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီ အဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဒီတော့ ဈာန်တွေ၊ အဘိညာဉ်တွေဆိုတာ သာသနာပမှာလည်း ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချထားရမယ်။ ကျနော်တို့ ထေရ၀ါဒရဲ့ သာသနာသည်သာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ ဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုပါလိမ့်မယ်။ ဒါနတွေ၊ သီလတွေ၊ သမထတွေဆိုတာ အခြားဘာသာတွေမှာလည်း ရှိပါတယ်။ ၀ိဿနာ ဘာဝနာဆိုတာ ဘုရားပွင့်မှ သိခွင့်ရတာဖြစ်ပါတယ်။ ဒါသည် ၃၁ ဘုံဆိုတဲ့ တောအုပ်ထဲက လွတ်မြောက်ရာကို ပို့ဆောင်ပေးမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ သွားရမယ့်လမ်းကတော့ မဂ် (မဂ္ဂင်ရှစ်ပါး) လမ်းပေါ့။ ဒါတွေကို ဆက်ပြောဖို့က ကိုယ်တိုင် အသိအားဖြင့် ကြွယ်ဝပြည့်ထားမှ ရပါလိမ့်မယ်။ အထူးအဆန်းဖြစ်တာကို ပြောဖို့တော့ ကျနော့် အနေနဲ့ အားမပေးချင်ပါ။ အထူးအဆန်းကို ယုံရင် အရူးအနှမ်းဖြစ်တတ်တယ် ဆိုတဲ့ ဆုံးမစကားလေးကို မှတ်သားထားမိပါတယ်။ ခက်တာက ကျနော်တို့ လူမျိုးတွေကလည်း အထူးအဆန်းဆို ယုံလွယ်ကြတယ်။ ဥပမာ.. ပေါ်တော်မူ ဘုရားဆိုပြီး အရင်က လိမ်တာတွေရှိခဲ့ကြတယ်။ ဒါမျိုးတွေကို ယုံလွယ်ကြတယ်။ ဆရာတော် အရှင်ဇ၀န တရားမှာတော့ ပေါ်တော်မူဆိုတာ မှိုနဲ့ မျစ်ပဲ ရှိတယ်လို့ ဟောထားပါတယ်။
ဗုဒ္ဓရဲ့ တရားတော်တွေကို တကယ်တမ်း လိုက်နာပြီး အားထုတ်သိမြင်တဲ့ ရဟန္တာကြီးတွေသည် အထင်ကြီး လေးစားမယ်ထင်တဲ့ အလုပ်တွေကို မလုပ်တော့ပါဘူး။ မကြာခင်က ခန္ဓာဝန်ချသွားတဲ့ ရွာမွန် ဆရာတော်ကြီး ဆိုရင် ခန္ဓာဝန်မချမီ (၇) ရက်အလိုမှာ ဆန်ပြုတ်ဆွမ်းပို့နေကျ ဒကာကို ဒီကနေ့က စပြီး (၇) ရက် ကျောင်းတံခါး ပိတ်ထားလိုက်ဦးမယ်လို့ ပြောကာ ပြတင်းပေါက်ကို ပိတ်ခဲ့ပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ တံခါးကို ဖွင့်ကြည့်တော့ ပရိနိဗ္ဗာန်ပြုနေတာ တွေ့ရပါတယ်။ တွေးကြည့်လိုက်ပါ။ ကြည်ညိုစရာ အတုယူစရာပါပဲ။
မင်းကွန်းဆရာတော်ကြီးကို လူတိုင်း သိကြမှာပါ။ ရန်ကုန်မှာ ရွှေဥမင် ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာ တော်ကြီး ဆွမ်းစားတခုမှာ ဆုံပါတယ်။ မင်းကွန်းဆရာတော်ကြီးက ဆေးလိပ်ကိုင်ပြီး မီးညှိမယ် ဟန်ပြင်တဲ့ အခါမှာ ရွှေဥမင် ဆရာတော်ကြီးက မီးခြစ်ကိုဦးစွာယူပြီးတော့ မီးညှိပေးဖို့ ပြင်ပါတယ်။ ဒီတော့ မင်းကွန်း ဆရာတော်ကြီး အရှင်ဘုရား ညှိပေးတဲ့ ဆေးလိပ်မီးနဲ့တော့ ဆေးလိပ်မသောက်ဝံ့ပါ ဘုရားဆိုပြီး ဆေးလိပ်ကို ပြန်ချခဲ့ပါတယ်။ ရွှေဥမင် ဆရာတော်ကြီးဆိုတာ ရဟန္တာလို့ မှတ်သားခဲ့ရပါတယ်။
ဝေဘူဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ မဟာစည် ဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စတဲ့ ဆရာတော် ဘုရားကြီးတွေသည် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေ ကို လက်တွေ့ ကျင့်ကြံအားထုတ်ပြီး (တချို့) ခန္ဓာဇာတ် သိမ်းခဲ့တဲ့ ဆရာတော်ကြီးတွေပါ။ ဒီဆရာတော်ကြီး တွေရဲ့ အကျင့်တွေမှာ ထူးဆန်းစွာနဲ့ လူတွေကို ပြသခဲ့တာ၊ မြင်စေခဲ့တာမျိုးကို လေ့လာ မတွေ့ရှိခဲ့ပါဘူး။
ဒီအကျင့်တွေ အသိတွေဆိုတာ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ချင်းတောင် လူတိုင်းကို ပြောလို့ မရပါဘူး။ နိမ်ပြောတဲ့ သဘောမဟုတ်ပါဘူး ခင်ဗျာ။ တချို့က ပုတီးစိပ်၊ ဘုရားသွားတာလောက်ပဲ အဟုတ်ထင် နေကြတာကို။ သစ္စာတရား ၀ိပဿနာတရားတွေဆိုရင် နာခံချင်တဲ့သူက နည်းပါတယ်။ ဒီတော့ အခြားဘာသာဝင် ဆိုတာက ပိုဆိုးမယ်ထင်တယ်။
အကြံပြုချင်တာက.. ထူးဆန်းတာတွေ ပြောတာထက် ကံ ကံ၏ အကျိုးအကြောင်းကို အရင်ပြောကြည့်ပါ။ ဒါကိုလက်ခံ ယုံကြည့်တယ်ဆိုရင်တော့ ဆက်ပြောကြည့်ပေါ့။ ဒါက ဗုဒ္ဓဘာသာရဲ့ အခြေခံပဲလေ။ ဘာသာ စကားတော့ အခက်ခဲ ဖြစ်မယ်ထင်တယ်။ ကျနော်တို့လည်း ပြောကြည့်ပါတယ်။ သူတို့က သံဃာတော်တွေ ဆွမ်းခံထွက်တာကို တောင်းတယ်လို့ပဲ ထင်နေတာပါ။ အရင်ဆုံး ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့ အကြောင်းကို ယုံကြည်ပြီ ဆိုမှ သီလစောင့်ထိန်းတာတွေ ဆက်ပြောသင့်တယ်။ နောက်မှ အခြားဘာသာတွေမှာ မရှိသေးတဲ့ သစ္စာတရား တွေကို ပြောပြတာ သင့်တော်မယ်လို့ တွေးမိပါတယ်။ ဥပမာ ဆောင်ပြောရရင်.. နံရံကို လက်သီးနဲ့ ထိုးရင် ကိုယ့်လက်သီးလဲ နာရမှာပဲ။ အထိုးခံရတဲ့ အရာဝတ္ထုက ချွန်ထက်ရင် ပိုပြီးနာကျင်မယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှု ရှိတယ်ဆိုတဲ့ နိယာမ အရ ပြောကြည့်ပါ။
တရားတော်ကို ဆောင်ယူကျင့်သုံးလို့ ရောဂါပျောက်ရတာတွေ၊ အန္တရာကင်းတာတွေ ကတော့ အများအပြား ရှိတာပေါ့။ သမထတွေ လုပ်လို့ သမာဓိအားကောင်းရင် ဈာန်၊ အဘိညာဉ်တွေရပြီး မိုးပျံ နိုင်တာတွေလည်း ရှိကြတာ အမှန်ပါ။ အခြားဘာသာကို ပြောမှာ ဖြစ်တဲ့ အတွက် သူတို့ စိတ်မှာ ဒီလို အထူးဆန်းဖြစ်ရုံပဲဆိုတဲ့ အသိဝင်မှာ စိုးရိမ်တဲ့ အတွက် ဒါတွေကို အလေးပေးပြီး မပြောဖို့ အကြံပြုတာပါ ခင်ဗျာ။ ကျနော်တို့ တရားဓမ္မတွေက ဒီထက်များစွာ တန်းဖိုးထိုက်တန်သော အတွက်ကြောင့်ပါ။ ဒီလောက်ဆိုရင် ကျနော့် ပြောချင်တဲ့ သဘောကို နားလည်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

ကျနော် ရေးတဲ့ အထဲမှာ မရှင်းတာ ပါခဲ့ရင် မေးပါ။
စိတ်ချမ်းသာပါစေ…
အောင်ဦး


"အမေး အဖြေ(၁)"

ဒီနေရာမှာ နားမရှင်းတာလေး တစ်ခုကိုထပ်သိလိုပါတယ်။ တရားသူကြီးတစ်ယောက်ဟာ တရားခံ တစ်ယောက်ကို (သေဒဏ်ပေးနိုင်လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ချမှတ်လိုက်ပါပြီ။ ဒါဟာ ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်ပါသလဲ။ သာမန်အမြင်မှာ နှစ်မျိုးဖြစ်နေလို့ပါ..။
(၁) (သေဒဏ်ချမှတ်သင့် လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ဟု အမိန့်ချခြင်းသည် သေစေလိုသော စိတ်ပါနေတယ်လို့ ယူဆလို့ရပါတယ်။
(၂) နောက်တစ်မျိုးက တရားဥပဒေမှာ သာမန် သေဒဏ်နဲ့ မသေမချင်း သေဒဏ်နဲ့ နှစ်မျိုးရှိပါတယ်။ သာမန် သေဒဏ်အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင်တောင် ဒုတိယအမျိုးအစားဖြစ်တဲ့ မသေမချင်း သေဒဏ်အတွက် ကျတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ? သေစေချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုသည့်တိုင် မသေမချင်းသတ်စေဆိုတဲ့ အမိန့်က သေစေချင်တဲ့ စိတ် (သို့မဟုတ်) စကားဖြစ်နေပါတယ်။
နောက်ဆုံးမရှင်းတာတစ်ခုက သူငယ်ချင်းအထက်က ရှင်းပြခဲ့တဲ့အတိုင်းဆိုရင်...။ အခုလိုတာဝန်မျိုးကို ထမ်းဆောင်နေရတဲ့ ၀န်ထမ်းအားလုံး (တပ်မတော်သား၊ ရဲ၊ တရားသူကြီး၊ ကြိုးသမား) အားလုံးဟာ ကိုယ့်ငရဲ (ငရဲမဟုတ်တောင် အနိမ့်ဆုံး အကုသိုလ်၊ ၀ဋ်ကို) ကိုယ့်ဘာသာ ယူနေသလိုဖြစ်နေပါတယ်..။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုမှာ အထက်ပါ ၀န်ထမ်းများဟာ မရှိမဖြစ်ကို လိုအပ်တဲ့သူတွေဖြစ်ပါတယ်။ ရှိကိုလဲ ရှိနေရမှာ ဖြစ်ပါတယ်...။ ဒီလိုဆိုရင် ဒီသဘောတရား (သို့) ဘာသာရေး အဆုံးအမ တစ်ခုဟာ ထိုကဲ့သို့ သော ၀န်ထမ်းတွေအပေါ် (သို့) တာဝန်နှင့်အမိန့် အရ ထမ်းဆောင်ကြသူများအပေါ် တရားမျှတမှုရှိနိုင်ပါ တော့မလား?

ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် သူငယ်ချင်းရေ...



ငါသိသလောက်လေး ဖြေပေးလိုက်တယ် သူငယ်ချင်း။ ဥပဒေ အကြောင်းတွေကို သေချာမသိတာ အမှန်ပါ။ တရားဆိုကတည်းက တကယ်ကို မျှတမှု၊ အေးချမ်းမှုရှိတဲ့ သဘောရှိပါတယ်။
အမိန့်ချပေးရတာတွေ၊ တာဝန်တွေ အရထမ်းဆောင်နေရတဲ့ သူတွေဟာ များသောအားဖြင့် ပုထုဇဉ် လူသားတွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ် စိတ်ဆိုတာက အရိယာလို စိတ်ထားမျိုး မဖြစ်နိုင်ဘူး။ သူတပါးကို သေစေချင်တဲ့ စိတ်စေတနာ မပါဘူး ဆိုရင်တောင် အနုသယ ဆိုတဲ့ တကယ့်အတွင်း စိတ်လေးမှာတော့ စေတနာ မပါပဲ မဖြစ်နိုင်လောက်ဘူး။ ပုထုဇဉ် ဆိုတဲ့ အတွက် မိမိစိတ်ကို အပြီးတိုင် မနှိမ်နင်းနိုင်သေးတဲ့ သဘောပေါ့။ ( ပုထုဇဉ် ဆိုတာ… “ပုထု ကိလေသေ ဇနေတီတိ ပုထုဇနော” ကိလေသာများတဲ့သူကို ပုထုဇဉ်လို့ခေါ်တာပါ )။ ဒီတော့ ကာယကံ၊ ၀စီကံတွေ ထိန်းနိုင်တယ်ထားဦး။ အနုသယ စိတ်ကိုတော့ ထိန်းနိုင်ဖို့ဆိုတာ အင်မတန် ခက်မယ်။ အဲဒါကြောင့် သေစေလိုတဲ့ စိတ်စေတနာ လုံးဝ မပါပဲ အပြစ်ပေးဖို့ဆိုတာ ပုထုဇဉ် လူသားတယောက် အနေနဲ့ အင်မတန် ခဲယင်းမယ် ထင်ပါတယ်။
အရိယာတွေကျတော့ မဂ်စိတ်ကျပြီးရင် နောက်ဖြစ်တာတွေက ဖိုလ် စိတ်တွေဖြစ်တာကြောင့် အဲဒီမှာ ကုသိုလ်၊ အကုသိုလ် အကျိုးပေးတွေ မဖြစ်တော့ဘူး။ ဥပမာ၊..၊ ရဟန္တာတွေက တရားဟောလည်း ကုသိုလ် မဖြစ်တော့ဘူး။ ဒီနေရာမှာ ဥပမာလေးတွေ ပြောပြချင်တယ်။ ငါတို့ အားလုံးသိထားတဲ့ အဇာတသတ်ရဲ့ အဖေ သောတာပန် ဗိမ္ဗိသာရ မင်းကြီးဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကို အားကိုးအားထားပြုကြောင်း တွေ့ရပါတယ်။ ရာဇဂြိုလ်ပြည်ရဲ့ အစွန်အဖျားမှာ သူပုန်ထတဲ့အခါ သောတာပန် မင်းကြီးရဲ့ စစ်ထွက် မိန့်ခွန်းဟာ ဗုဒ္ဓဘာသာဝင် စစ်သားတိုင်း မှတ်သားထားသင့်တယ်။

ဂစ္ဆေထဘဏေ - ပစ္စန္တံ ဥစ္စိနထ = အမောင်တို့ သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေသော အစွန်အဖျားရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ။

စဉ်းစားကြည့်ပါ။ ဘယ်လောက်အပြစ်ကင်းတဲ့ စကား (စစ်ထွက်မိန့်ခွန်း)လဲ။ အဓိက လုပ်ရမှာက ဒါပဲ။ ဒါပေမယ့် မင်းကြီးရဲ့ စိတ်မှာရော၊ နှုတ်မှာပါ ဒေါသမပါဘဲ အပြစ်ကင်းနေတာကို အတုယူကြရမယ်။ သောတပန် ဆိုတာ ငါးပါးသီလကို အသက်နဲ့ လဲပြီး စောင့်ထိန်းနိုင်တဲ့ အထိ သဒ္ဓါတရားခိုင်မြဲပြီး ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီးသားပါ။
ဒီနေရာမှာ သူပုန်တွေကို သေစေလိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်တော့ဘူး။ တိုင်းပြည်သာယာရေးကို စိတ်က ဦးတည်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် လူသတ်ဖို့ စေခိုင်းတယ်လို့ သတ်မှတ်လို့ မရသလို။ ရဲမတ်တွေက သတ်ရင်လဲ ဘုရင်မှာ အပြစ်မရှိတော့ဘူး။ နောက်ဆုံးတော့ ဘုရင် စစ်တပ်ရောက်လာတဲ့ အခါ ရန်သူတွေက အလိုလို ရှောင်ပြေးသွားတာပါပဲ။

ဝေသာလီက သီဟ စစ်သူကြီးဆိုရင်လည်း ရန်သူပေါင်းများစွာကို အောင်နိုင်ပြီးတော့ ဗုဒ္ဓဆီမှာ တရားနာ တရားအားထုတ်တယ်။ အကုသိုလ်ကံတွေကို သောတာပတ္တိမဂ် ရအောင် အားထုတ်ပြီး တားဆီးတယ်။ သောတာပန် ဖြစ်ပြီးတော့မှ တိုင်းပြည်နဲ့ ဘုရင်ကြီးအတွက် မူလတာဝန်မှာ သစ္စာရှိစွာ ပြန်ပြီး ထမ်းဆောင်တာပါပဲ။
ကုသိုလ်၊ အကုသိုလ်ကို ဘာမှ မသိပဲ နေရာတကာမှာ လောဘ၊ ဒေါသ၊ မာနတွေ ရှေ့တန်းတင်ပြီး ဆုံးဖြတ်လုပ်ဆောင် နေမယ် ဆိုရင်တော့ အကုသိုလ် ဖြစ်ရမှာပါပဲ။ ဒီတော့ ဘယ်နေရာမဆို သိပြီးလုပ်တော့ သက်သာရာ ရသေးတာပေါ့။ မီးခဲကို မီးခဲမှန်းသိရင် ဘယ်သူကကိုင်မလဲ၊ ပူမှန်းမသိတော့ ကိုင်ကြတာပေါ့။ မရှောင်သာလို့ ကိုင်ရမယ်ဆိုရင်လဲ မီးခဲလို့ သိတဲ့ သူက အပူသက်သာအောင် လက်မှာ တခုခုခံပြီး ကိုင်မှာပေါ့။ ဒီသဘောအတိုင်းပဲ အကုသိုလ်မှန်း သိပေမယ့် လုပ်ရတော့မယ်ဆိုရင်တောင် သိထားတဲ့အတွက် စေတနာနည်းပြီး အကျိုးပေးနည်းပါမယ်။ ဒီတော့ ဘာသာတရားက မျှတမှု မရှိတာမဟုတ်ဘူး။ ဘာသာတရားကို မသိမှု (ပဋိစ္စသမုပ္ပါဒ် အရဆိုရင် အ၀ိဇ္ဇာပေါ့) ကြောင့် မျှတမှု မရှိဘူး ထင်ရနိုင်တဲ့ သဘောပါ။
အရင်ကတော့ ဖြေပေးခဲ့သလိုပဲ လုံးဝ သီလစင်ကြယ်ဖို့ ဆိုရင်တော့ တယောက်တည်းနေ တစိတ်တည်း ထားဆိုသလို တယောက်တည်းနေမှ ဖြစ်မှာပဲ။ နိုင်ငံတာဝန်နဲ့ မလုပ်တဲ့ သူတွေလဲ အကုသိုလ်နဲ့ လွတ်ကင်းတဲ့ အသက်မွေးမှုက အင်မတန်ရှားပါတယ်။ (သူငယ်ချင်း ကိုယ်တိုင်လဲ စဉ်းစားကြည့်ပါ)။
လူတွေအတွက် သီလကျိုးပေါက်ခြင်း အတွက် ဖြေလို့ပါတယ်။ ကိုယ့်မှာ အမဲကံတွေ (အကုသိုလ်) ရှိနေတယ်လို့ ယူဆရင် အဖြူကံတွေ (ကုသိုလ်) များများ ပြန်လုပ်ရမှာပေါ့။ အထင်ရှားဆုံးကတော့ အင်္ဂုလိမာလ ကိုယ်တော်ရှင်မြတ်လိုမျိုး ၀ိပဿနာနဲ့ အရဟတ္တမဂ်ရအောင် လုပ်နိုင်ရင် အကောင်းဆုံးဖြေဆေပေါ။ အင်္ဂါ မစုံပဲမွေးလာခြင်းလိုမျိုး၊ ဆွံ့၊ အ၊ နားမကြားခြင်းမျိုး ၀ိပါက၀ဋ် ကိုတော့ ပေးဆပ်ရဦးမှာပေါ့။ ၀ိပါက၀ဋ်က ဘုရား၊ ရဟန္တာလဲ ရှောင်လို့ မရဘူး။ ၀ိဘက်တော် (၁၂)ပါး၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင် သာရိပုတ္တရာတို့တော် ပြန်ခံကြရတာပဲ။
ဒါတွေကို သတိထားပြီး သာသနာတော်တည်တံ့ရေးအတွက် တိုက်ပွဲဝင် (သို့) တာဝန်ထမ်းဆောင်တယ် ဆိုတဲ့ စိတ်နဲ့ ပါဏာတိပါတ ကံရဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင်၊ အနည်းဆုံး တရားတစ်ဖက်၊ ဓါးတစ်လက် နဲ့ ဆိုတာမျိုး ဒေါသနည်းအောင် တာဝန်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


မရှင်းတာပါရင် ထပ်မေးပါ သူငယ်ချင်း။


စိတ်ချမ်းသာပါစေ..

အောင်ဦး



"အမေး အဖြေ"

နေ့အိပ်မက်က ထေရ၀ါဒဗုဒ္ဓဘာသာပါ.. သိချင်တာလေးရှိလို့ပါ.. သိတဲ့သူတွေဖြေပေးပါနော်.....
ငရဲမှာ ယမမင်းရှိတယ်.. နောက်ပြီးတော့ ငရဲကျတဲ့သူတွေကို နှိပ်စက်တဲ့ငရဲသားတွေရှိတယ်ဆိုရင် သူတို့တွေကရော ငရဲမကျဘူးလား။
နေ့အိပ်မက် တကယ်သိချင်လို့ပါ.. သိရင်ဖြေပေးကြပါနော်....။ မယုံလို့ ကပ်မေးတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို လက်မခံတဲ့သူတွေကို ရှင်းပြပေးချင်လို့ပါ...

စာတွေဖတ်ကြည့်ရင်းနဲ့ နေ့အိမ်မက် မေးတာကို ဘယ်သူမှ ဖြေပေးခြင်းမရှိသေးတာနဲ့ ကျနော် သိတာလေး ဖြေပေးလိုက်တယ်။ ဘာသာတရားအတွက် ရှင်းပြချင်တဲ့ ရည်ရွယ်ချက်လေး အင်မတန်ကောင်းပါတယ်။ နောက်လဲ သိချင်တာရှိရင် အားမနားတမ်းမေးပေါ့။

ယမမင်းရှိတယ်ဆိုတာ အားလုံးလဲ လက်ခံကြတယ်။ ယမမင်းဆိုတာ စတုမဟာရာဇ်နတ်ပြည် အပါအ၀င်ဖြစ်တဲ့ ဝေမာနိက ပြိတ္တာမင်းကို ခေါ်ခြင်းပါ။ တခါတရံ နတ်စည်းစိမ်ခံစားပြီး တခါတရံ မကောင်းမှု ကံအကျိုးကို ခံစားရပါသေးတယ်။ ယမမင်းက တယောက်တည်းရှိတာမဟုတ်ဘူး။ ငရဲဘုံတံခါးလေးဖက်မှာ ရှိပြီးတော့ ငရဲရောက်လာသူတွေကို စစ်ဆေးမေးမြန်းကြတယ်။ ဒီနေရာမှာ ငရဲရောက်လာသူတိုင်းကို စစ်ဆေးတာ မဟုတ်ဘူး။ အကုသိုလ်ကြီးတဲ့ သူတွေအတွက်က ကျတော့ စစ်ဆေးဖို့မလိုပဲ တခါတည်း ငရဲသွားရတယ်။ ဥပမာ.. အဖေသတ်တဲ့ကံ၊ အမေ သတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ကံ၊ ဘုရားသွေးစိမ်တည်အောင် လုပ်တဲ့ကံ၊ သံဃာဂိုဏ်းခွဲတဲ့ကံ စတဲ့ ကံငါးပါးထဲက တခုခုကို ကျူးလွန်မိရင် သေပြီးတာနဲ့ ငရဲကို တိုက်ရိုက်ရောက်သွားမယ်။ အကုသိုလ်ကံနည်းတဲ့ သူတွေအတွက် လွတ်လိုလွတ်ငြား အနေနဲ့ ယမမင်းထံမှာ အစစ်ဆေးခံခွင့်ရကြတယ်။ ဒါကြောင့် ယမင်းမင်းရဲ့ စစ်ဆေးမှုဟာ အပြစ်ရှာခြင်းမဟုတ်ပဲ လွတ်သင့်က လွတ်စေလိုတဲ့ အတွက်ဖြစ်ပါတယ်။ ဒီတော့ ယမမင်းဆိုတာ အင်မတန် တရားမျှတဲ့ မင်းလို့ မှတ်ထားရမယ်။ ယမမင်းနဲ့ စစ်တမ်းဝင်ပြီး လူ့ပြည်ပြန်ရောက်လာတဲ့ အကြောင်းတွေလဲ အားလုံးကြားဖူးမှာပါ။



ငရဲထိန်း ဆိုတာက စတုမဟာရာဇ်နတ်မျိုးမှာ ပါတဲ့ နတ်ဘီလူးတွေဖြစ်ပါတယ်။ သူတို့က အကုသိုလ်နည်းတဲ့ သူကို ယမမင်းထံပို့ပေးခြင်း၊ ငရဲပြည်ကိုရောက်လာတဲ့သူကိုတော့ သူတို့ တာဝန်အရ သတ်ပုတ်ရိုက်နက်တာတွေ လုပ်တယ်။ ဒီနေရာမှာ ငရဲထိန်းတွေကို ငရဲမီးက မပူဘူး။ ငရဲမီးဆိုတာက ကံကြောင့်ဖြစ်ရတဲ့ အတွက်ကြောင့် အကုသိုလ်ကံတွေလုပ်ပြီး ငရဲခံရတဲ့ သူတွေကိုသာ ပူလောင်ပါတယ်။
ဒါကြောင့် ငရဲထိန်းက ငရဲကျတယ်လို့ မဆိုနိုင်ဘူး။ သူ့အလုပ်အရ ငရဲကျလာတဲ့ သူကို နှိပ်စက်ရတဲ့ သဘောပါပဲ။ ငရဲထိန်းဘ၀က လွန်မြောက်ရင် ရှေးဘ၀တွေက သူလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် အရ နောက်ထပ် ဘ၀တွေကို ဆက်ခံစားရဦးမှာပါ။ တူသော အကျိုးပေးနဲ့ နောက်ဘ၀တွေကို ခံစားရမယ်ဆိုတဲ့ သဘောပါ။

မရှင်းတာရှိရင် ထပ်မေးပါ။

ချမ်းသာကိုယ်စိတ်မြဲပါစေ..

အောင်ဦး
…………………………………………………………………………………....................
သိပ်ကောင်းတဲ့ ရှင်းပြချက်တစ်ခုပါပဲ သူငယ်ချင်းရေ..။ ငါလဲ ဒီနေရာမှာ မရှင်းတာလေး တစ်ခုကို မေးချင်ပါတယ်။ မေးတဲ့သူအတွက်ကတော့ တိုကောင်းတိုပါလိ့မ်မယ်..။ ဖြေမယ့်သူအတွက်တော့ တော်တော်ရှင်းပေးရမယ် ထင်ပါတယ်..။ ငါသိချင်တာက
၁။ ရဲသော်မသေ၊ သေသော်ငရဲမလားဆိုတာ သေချာပါသလား? (သေချာရင် ဘာကြောင့်သေချာရပါသလဲ?)
၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အကုသိုလ် (ငရဲ) နဲ့လွတ်ပါ့မလား?

ဖြေရှင်းပေးပါဦး သူငယ်ချင်းရေ...။ မင်းရဲ့အဖြေကို စိတ်ဝင်စားစွာစောင့်မျှော်လျှက်ပါ..
………………………………………………………………………………........................
မေးခွန်းက အင်မတန် ကောင်းတယ်။ တော်တော်ရှင်းပေးရမယ် ထင်တဲ့ အတိုင်း လိုအပ်မယ်ထင်တာတွေပါ ရှင်းလိုက်မယ်။
ဒါတွေကို မဖြေခင်မှာ သတ်တဲ့ ကိစ္စတွေဖြစ်နေတာကြောင့် အရင်ဆုံး ပါဏာတိပါတ ကံ ဆိုတာကို အကျဉ်းရှင်းပြချင်ပါတယ်။ ပါဏာတိပါတ မူရင်း ပုဒ်အနေနဲ့ကတော့…
ပါဏာ = သူတစ်ပါး၏ အသက်ကို
တိ ( အတိ ) = ကုန်လွန်စေသည် ၊ ပြီးဆုံးစေသည်။
ပါတ = အချိန်မတိုင်မီ။
ဒီတော့ သူတစ်ပါး၏ အသက်ကို အချိန်မတိုင်မီ ကုန်လွန်စေတယ်၊ ပြီးဆုံးစေတယ် ဆိုတာ သတ်တာပဲ လို့ မြန်မာလိုနားလည်ကြပါတယ်။ ဒါကတော့ မူရင်း အဓိပ္ပါယ်ကို သိစေချင်လို့ပါ။
ဘယ်လိုအချက်တွေနဲ့ ညီရင် သူ့အသက်သတ်ခြင်း ဆိုတဲ့ ပါဏာတိပါတာကံမြောက်တာလဲ ဆိုတာကို သိဖို့လိုပါတယ်။ ပါဏာတိပါတာကံ မြောက်တဲ့ အင်္ဂါ ၅ ပါးရှိပါတယ်။ ၄င်းတို့ကတော့ -
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်းတို့ဖြစ်ပါတယ်။

ဒါတွေအပြင် ပါဏာတိပါတာကံ ကျူးလွန်ရာမှာ အားထုတ်မှု (ပယောဂ) ၆ မျိုးလည်းရှိသေးတယ်။ ၄င်းတို့ကတော့-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ပါတယ်။
ပယောဂ (၆)မျိုးမှ တစ်ခုခုဖြင့် တစ်ပါးသောသူကို သေစေလိုသောစိတ်နဲ့ သတ်မိရင် သေသွားရင် ပါဏာတိပါတကံ မြောက်စေပါတယ်။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ကတော့ (၉) မျိုးရှိတယ်။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်း၌ အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများအသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်များ စား
လျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်တယ်။

ဒီနေရာမှာ သိရမှာက ပါဏာတိပါတကံ ကျူးလွန်တိုင်း ငရဲကို တိုက်ရိုက်ကျမသွားဘူးဆိုတဲ့ အချက်ပဲ။ ဥပမာ.. အင်္ဂုလိမာလ ဆိုရင် လူပေါင်း ၉၉၉ တောင်သတ်ခဲ့တာပဲ။ ဒါပေမဲ့ မဂ်ဉာဏ်နဲ့ ပယ်သတ်တော့ အကုသိုလ်တွေ ကျေသွားတယ်။ သို့သော် ၀ဋ်တော့ခံစားရတယ်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသလိုပေါ့။ ဒါကြောင့် ပါဏာတိပါတ ကံ ရဲ့အဆိုးဆုံး အပြစ်တွေကိုတော့ ပဉ္စာနန္တိရ ကံ (၅) ပါးမှာ သီးသန့် ထုတ်ပြီး ဗုဒ္ဓမြတ်စွာက တားမြစ်ပါတယ်။

(၁) အမိကိုသတ်ခြင်း။
(၂) အဖကိုသတ်ခြင်း။
(၃) ရဟန္တာ ကိုသတ်ခြင်း။
(၄) ဘုရားကို သွေးစိမ်းတည်အောင်လုပ်ခြင်း၊
(၅) သံဃာဂိုဏ်းခွဲခြင်း.. တို့ဟာ အ၀ိစိ ငရဲ သို့ လားရာ ပြင်းထန်သော အပြစ်တွေဖြစ်ပါတယ်။ ၀ိပဿနာတရားမည်မျှ အားထုတ်သော်လည်း ဒီကံရှိနေလျှင် တရားထူးမရပါ။
(၄) (၅) ကတော့ ပါဏာတိပါတ ကံ မဖြစ်ပါ။ သို့သော် ထိုကံတွေလဲ အ၀ီစိကို တိုက်ရိုက်သွားရမှာ ဖြစ်တယ်။
ရဲသော်မသေ၊ သေသော်ငရဲမလား.....ဆိုတော့..

အမှန်တော့ ဒီစကားလုံးရဲ့ မူလပထမ အစအဦးမှာလဲ မြန်မာပြည်ကမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယက ဗြာဟ္မဏတို့ရဲ့ ဘာသာရေးအရ ဖန်ဆင်းရှင်အလိုကျ စစ်တိုက်ရသော် သေရင်လည်း ငရဲကိုမရောက်၊ စစ်သားသေရင် နတ်ပြည်ရောက်တယ် ဆိုတဲ့ အယူတစ်ခု ဗုဒ္ဓမပွင့်ပေါ်မီက တွင်ကျယ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီ အယူဝါဒတွေ ထိုခေတ်က နိုင်ငံရေးနဲ့ဘာသာရေး ရောမွေပြီး စိတ်ဓာတ်မြှင့်တင်ရေးသဘော ၀ါဒဖြန့်ခဲ့တဲ့ ကြွေးကြော်သံများလို့ ထင်ပါတယ်။ ဗုဒ္ဓလက်ထက်ကျသောအခါ စစ်သားသေ နတ်ပြည်ရောက်ဆိုသည်မှာ မဟုတ်မှန်၊ အကုသိုလ်သဘောသည် တသမတ်တည်းသာဖြစ်၍ အကုသိုလ်မှုကြောင့် ငရဲလားရမည့်သူမှာ လားရန်သာရှိသည်ဟု ဖြောင့်ဖြောင့်ဟောလိုက်တယ်။ သေချာတာကတော့ အကုသိုလ် ဖြစ်တယ်။

၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
ဒီမေးခွန်းကို ဥပမာလေး တခုနဲ့ ပြောပြမယ်။ ဘုရားရှင်လက်ထက် လူသတ်သမား တယောက်ရှိတယ်။ (နာမည် မသေချာလို့ မရေးတော့ဘူး)။ အစတုန်းက အဲဒီလူက သူခိုးကြီးပါ။ တနေ့တော့ သူနဲ့ အတူ ခိုးသား ငါးရာကို ဘုရင်က ဖမ်းမိတယ်။ အဲဒီခိုးသားတွေကို သတ်ဖို့ ဘုရင့်ရဲ့ လူသတ်သမားတွေကလဲ အသက်တွေ ကြီးနေပြီ ဖြစ်တဲ့ အတွက် မစွမ်းဆောင်နိုင်တော့ဘူး။ ဒီတော့ ခိုးသားတွေထဲက ခွန်အားအကြီးဆုံး ၁ ယောက်ကို ရွေးပြီး လူသတ်သမား တာဝန်ခန့်တယ်။ အဲဒီလူက ကျန်တဲ့ ခိုးသားတွေကို ပြန်သတ်ရတာပေါ့။ ဒီလိုနဲ့ ၄၅ နှစ်လောက် ဘုရင်ဆီမှာ လူသတ်သမား တာဝန်ယူခဲ့တယ်။ ဘုရင်ရဲ့ လူသတ်သမား တာဝန်ကနေ နှုတ်ထွက်လာတဲ့ နေ့မှာ သူ့မိန်းမကို ဆန်ပြုတ် ပူပူလေး စားချင်လို့ ချက်ခိုင်းတယ်။ အဲဒီနေ့မှာပဲ အရှင်သာရိပုတ္တရာက လူသတ်သမား ကြီးမှာ ပါရမီ ဓာတ်ခံ ပြည့်နေတာဖြစ်တာကို မြင်တော်မူတယ်။ ဒါနဲ့ လူသတ်သမားကြီး အိမ်ကို ဆွမ်းခံကြွပါ တယ်။ လူသတ်သမားကြီးက အရှင်သာရိပုတ္တရာ ဆွမ်းခံတာကို တွေ့တော့ စဉ်းစားတယ်။ သူ့ဘ၀ လူသတ်လာ တာပဲ ကြာခဲ့ပြီ ကုသိုလ်ဆိုလို့ ဘာမှ မရှိသေးဘူးဆိုတာ သိလိုက်မိတယ်။ ဒါနဲ့ သူစားမယ့် ဆန်ပြုတ်ကို လောင်းလှူလိုက်တယ်။ သူမှာ လူသတ်လာတာများပြီ ဖြစ်ကြောင်း၊ အကုသိုလ်တွေသာ များပြီး ကုသိုလ် တရားနည်းကြောင်း လျောက်ကြားတယ်။ အဲဒီ အချိန်မှာ အရှင်သာရိပုတ္တရာက လူသတ်တာက မိမိ စိတ်နဲ့ သတ်တာလား သူတပါးခိုင်းလို့ သတ်တာလား မေးတယ်။ ဘုရင်က ခိုင်းလို့ သတ်ရတာပါလို့ ပြောတော့ ဒါဆို လူသတ်သမားမှာ အပြစ် မရှိဘူးလို့ ပြောပြီး တရားဟောလိုက်တာ သောတပန် ဖြစ်သွားတယ်။
အမှန်တော့ အပြစ်လုံးဝ မရှိဘူး ပြောတာမဟုတ်ပါဘူး။ လူသတ်သမားရဲ့ စိတ်မှာ မိမိသတ်ခဲ့ ကံတွေကို နောင်တ တဖန်ပူပန်ခြင်းမရှိအောင် ပြောလိုက်ခြင်းပါ။ တကယ်လို့ အဲလိုပူပန်မှု ဖြစ်ခဲ့ရင် ရရှိမယ့် သောတပတ္တိမဂ်ကို မရရှိနိုင်လို့ပါ။ သူသတ်ခဲ့တဲ့ အထဲမှာ အဖေ၊ အမေ တွေ မပါတဲ့ အတွက် သာမန် သီလ ချိုးဖောက်မှုလောက်သာ အကုသိုလ် ဖြစ်တယ်။ ဒါကြောင့် ငရဲ မရောက်ပဲ သောတပန်တောင် ဖြစ်ခဲ့ပါသေး တယ်။ ဒီ ဇာတ်တော်အရ ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေလဲ ငရဲကို ရောက်မယ်၊ မရောက်ဖူး ဆိုတာ သေချာပြောလို့မရဘူး။ အကုသိုလ်တော့ ဖြစ်တယ်။ သီလကို စင်ကြယ်ချင်ရင် ဒီအလုပ်တွေ မလုပ်ပဲနေတာ ကောင်းပါတယ်။
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အထက်က ပြောခဲ့တဲ့ သဘောအတိုင်းပါပဲ။
မြတ်ဗုဒ္ဓက - "စေတနာဟံဘိက္ခဝေ ကမ္မံဝဒါမိ။ " "စေတနာကို ကံဟုငါဘုရားဆို၏။" လို. ဟောခဲ့တယ်။ ဒီတော့ အမိန့်ချတာပဲ ဖြစ်ဖြစ်၊ သတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် သေစေချင်တဲ့ စိတ်စေတနာ များရင် များသလောက် အပြစ်ကြီးပါတယ်။ စေတနာနည်းရင်တော့ အပြစ်နည်းတာပေါ့။ ငရဲတွေကျလောက်တဲ့ အပြစ်တွေပါ လုပ်မိရင်၊ မကောင်းမှုတွေပဲ တသက်လုံးလုပ်လိုက်ရင်တော့ ငရဲကျဖို့ များတယ်။ မေးခွန်းထဲက ပါသလောက် ဆိုရင်တော့ တခါတည်း မကျနိုင်သေးဘူး။ ကုသိုလ်ကောင်းမှုတွေနဲ့ ပြန်ပြီး ပြုပြင်ရင် ရနိုင်ပါတယ်လို့ ဖြေလိုက်ပါတယ်။
မရှင်းခဲ့တာ ပါရင် ထပ်မေးပါ။
စိတ်ချမ်းသာကြပါစေ..


မှတ်ချက်။ ။http://myanmargenius.com/ ဖိုရမ်မှ အမေးအဖြများကို ပြန်လည်တင်ပြထားပါသည်။



“အနေမြတ် အသေတတ်စေဖို့”

လူသားမှန်သမျှ ပုခက်နဲ့ ဝေးဝေးလာပြီး အသက်တွေ ကြီးပြင်းလာတာနဲ့အမျှ သုဿန်နှင့် နီးနီးလာပြီ ဆိုတဲ့ အသိလေးကို အရင်ဆုံး စွဲမြဲကြပါ။ အချိန်တွေ ကုန်ဆုံးနေတာမဟုတ် သက်တမ်းတွေ ကုန်ဆုံးနေတယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားသုံးသပ်ကြည့်ပါ။ နေရေးအတွက်ပဲ အချိန်တွေကို အသုံးချ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ချက် ချသင့်ပါပြီ။ လောကီလူသားတွေ ဖြစ်တာကြောင့် နေရေးလဲ ပြင်ပါ။ သေရေးကိုလဲ စဉ်းစားကြပါလို့ အလေးနက်ထားပြီး တိုက်တွန်းပါတယ်။ မိမိမှာ ဘာတွေပြင်ဆင်ပြီးပြီလဲ၊ ဘယ်တရားကို အားကိုးပြီးတော့ သေမှာလဲ။ နောက်ဆုံး သေခါနီးမှာ ဘယ်လို နှလုံးသွင်းနိုင်အောင် ပြင်ထားမလဲ၊ ဒါနတွေ ဘယ်လောက် ကောင်းခဲ့သလဲ၊ သီလတွေ ဘယ်လောက် စောင့်ထိန်းခဲ့သလဲ၊ ဘာဝနာတွေ ဘယ်လောက်ပွားများ ကျင့်ကြံနေလဲ ဆိုတဲ့ မေးခွန်းလေးတွေကို အလေးထား စဉ်းစားသင့်ပါပြီ။ ယခုအခါမှာ ဘာသာရေး ပြဿနာများ၊ အခြားသော အယူဝါဒများသည် ထေရ၀ါဒ သာသနာအတွက် ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ ဒါတွေအပြင် ထေရ၀ါဒ မဟုတ်သော အယူဝါဒများ၊ ဗေဒင်၊ လက္ခဏာ၊ နက္ခတ်၊ နတ်၊ ဘိုးတော်၊ စတဲ့ အယူအဆတွေကို လူအများ လက်ခံနေကြသည်မှာ သာသနာတော်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျောခိုင်းနေခြင်း ဖြစ်ပါတယ်။ သတိရှိကြဖို့ သတိပေးခြင်းပါ။


ကျွန်တော်တို့တွေသည် (၇)ရက် (၇)လီ မိုးမှောင်ကျနေတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သတ္တ၀ါတွေနဲ့ တူပါတယ်။ မိုးမှောင်ကလဲကျ အလင်းရောင်ဆိုတာလဲ မရှိတဲ့ တောကြီးထဲမှာ ထွက်လမ်းကို ရှာကြရမှာက ကျွန်တော်တို့ အလုပ်ပါ။ မှောင်နေတဲ့ အတွက် လမ်းတွေ့ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလေးတချက် လက်လိုက်တာသည် ကျွန်တော်တို့ အတွက် တောထဲက လွတ်မြောက်နိုင်မဲ့ လမ်းကို တွေ့လိုက်တာပါပဲ။ ဒါကို မတွေ့လိုက်တဲ့ သူရှိနေရင် ခရီးသွားဖြစ်တဲ့ သူတွေက အချင်းချင်းဖေးမ ခေါ်ယူမှုကြောင့် ခရီးသွားဖော်တွေ အားလုံး တောထဲက လွတ်မြောက်သွားနိုင်ပါတယ်။ ဒီသဘောတရားလေး အတိုင်းပါပဲ။ ကျွန်တော်တို့ စာဖတ်သူတို့တွေသည် ၃၁ ဘုံဆိုတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သူတွေနဲ့ တူပါတယ်။ ဘုရားအဆူဆူ ပွင့်ခဲ့သော်လည်း သာသနာနဲ့ မတွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၊ တွေ့ကြုံခဲ့ သော်လည်း သာသနာကို ကျောခိုင်းခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် ယနေ့တိုင် ဘ၀တွေရပြီး ဒုက္ခတွေနဲ့ တွေ့ကြုံနေရတာပါ။ ဓမ္မအလင်းရောင်နဲ့ ဝေးခဲ့ရတာပေါ့။ ဒါကြောင့် မိုးမှောင်ကျနေတဲ့ ညအချိန်ကြီးက ရှည်လျားခဲ့ပါပြီ။ ယခုလို သာသနာတော်နဲ့ တွေ့ကြုံလိုက်တာသည် လျှပ်စီးလက်လိုက်တဲ့ အချိန်ပမာဏ မျှသာ ရှိပါတယ်။ ကျန်တဲ့အချိန်က သာသနာကွယ်နေတဲ့ အချိန်တွေနဲ့ တူပါတယ်။ လျပ်စီးလက်တာကို မြင်လိုက်တဲ့ သူက တောထဲမှာရှိတဲ့ ချောက်၊ သစ်ပင်၊ ချုံ၊ ထွက်လမ်း စသဖြင့် သိလိုက်သလို၊ သာသနာကို သိမြင်လိုက်တဲ့ သူကလဲ ဒါတွေက ကုသိုလ်၊ ဒါတွေက အကုသိုလ်၊ ဒါတွေက အပါယ်လမ်း၊ ဒါတွေက သံသရာက လွတ်လမ်း ဆိုတာကို သိမြင်လိုက်တာပါပဲ။ ဒါကြောင့် လမ်းသိတဲ့ သူက ခရီးသွားတွေကို နှိုးဆော်ပြောပြသလို တရားဓမ္မကို သိမြင်သူတွေကလဲ သံသရာခရီးသွားတွေကို သတိပေး တိုက်တွန်းခြင်းပါ။ အတင်းဆွဲခေါ်လို့ရတဲ့ ခရီးစဉ်မျိုး မဟုတ်တာကြောင့် ခရီးသွားတွေ ကိုယ်တိုင် စိတ်ပါဝင်းစားစွာ လိုက်မှရမှာပါ။ ကျွန်တော်တို့ကိုယ်တိုင် လျှပ်စီးအလင်းရောင်နဲ့ တူသော ဘုရှားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နာကြားလိုက်နာပြီး တောထဲက ထွက်ရမဲ့ လမ်းကို လျှောက်လှမ်းကြရမှာပါ။ အဲဒီလမ်းကတော့ မဂ္ဂင်လမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ပဲ သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ကြည့်ပြီး လျှောက်လှမ်းကြဖို့ အသိပေးပါတယ်။
သာသနာနဲ့ တွေကြုံနေရတာသည် အခုအချိန်လေးပဲလို့တောင် ပြောလို့ရပါတယ်။ အရင်က သာသနာ ထွန်းလင်းခဲ့ပေမဲ့ ကိုယ့်သန္တာန်မှာ မည်းမှောင်ခဲ့တော့ ကိုယ်က သာသနာနဲ့ မတွေ့သလိုပါပဲ။ အခုလဲ သာသနာနဲ့ ကြုံပေမဲ့ မလိုက်နာ မကျင့်သုံးရင်တော့ သာသနာ ကွယ်တဲ့ကာလမှာ ဖြစ်တဲ့သူနဲ့ ထူးမခြားနားပဲ ဖြစ်ပါလိမ့်မယ်။ နောင်ဆိုတာလဲ မသေချာတဲ့ အလုပ်ပါ။ လက်ရှိ ဘဒ္ဒကမ္ဘာမှာ နောက်ထပ်ပွင့်မည့် အရိမေတ္တယ ဘုရားရှင် ကျန်ပါသေးတယ်။ ထိုဘုရားရှင်ရဲ့ သာသနာကွယ်ပြီးတဲ့ အချိန်ကျမှ ယခုကမ္ဘာကြီးက ပျက်စီးမှာပါ။ ဒီကမ္ဘာ ပျက်ပြီးတော့ ဖြစ်လာမယ့် ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ သတ္တ၀ါတွေ မရှိလို့ ခေါ်တာ မဟုတ်ပါဘူး။ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ အပြည့်ရှိပါတယ်။ မြတ်စွာဘုရားလဲ မပွင့်၊ ဘုရားရှင်၏ သာသနာတော်လဲ မရှိပဲ ဆိတ်သုန်းနေတဲ့ ကမ္ဘာကြီးကို ခေါ်ပါတယ်။ အဲဒီလို ကမ္ဘာမှာလဲ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ ဖြစ်နေတာပါပဲ။ ဘာလို့လဲ ဆိုတော့ အပါယ်ရောက် ကြောင်း အကုသိုလ်တရားတွေ၊ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ဒါန၊ သီလတွေ၊ ဗြဟ္မာပြည်ရောက်ကြောင်း သမထ တရားတွေ ကျင့်သုံးနေကြလို့ပဲ ဆိုရပါမယ်။ ထို ဒါန၊ သီလ၊ သမထ တရားတွေဟာ ကမ္ဘာ့နိယာမ တရားများဖြစ်ကြလို့ ကမ္မ၀ါဒီ ဖြစ်ကြတဲ့ ရသေ့သူတော်ကောင်း၊ လူသူတော်ကောင်းတွေက ဆရာအဆက်ဆက်၊ တပည့် အဆက်ဆက် အစဉ်အလာ ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမထ ဘာဝနာသည်ပင် သာသနာပ တရားဖြစ်ပါတယ်။
ဘုရားရှင် မမွေးဖွားမီကပင် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီအဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလကို မည်သူမှ တရားဟောပေးခြင်းမရှိပဲ ဆရာအဆက်ဆက်က ဟောပြခဲ့ပြီး တပည့်အဆက်ဆက်က လိုက်နာကျင့်သုံးတာ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဘုရားလောင်းဖွားမြင်ကြောင်းကို ကြားကြားချင်း သုဒ္ဓေါဓန မင်ကြီး၏ နန်းတော်ကို ချာန်နဲ့ ကြွလာပါတယ်။ မင်းကြီးက သားတော်ကို ရှိခိုးခိုင်းပါတယ်။ အဲဒီအခါမှာ ဘုရားလောင်းရဲ့ ခြေတော်အစုံဟာ ရသေ့ကြီးခေါင်းပေါ်မှာ တည်လျက်ရှိနေပါတယ်။ သည်တော့ ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးပြီး ရယ်လဲ ရယ်ပါတယ်၊ ငိုလဲ ငိုပါတယ်။ ရယ်ရတဲ့ အကြောင်းကတော့ သတ္တ၀ါတွေ ဘုရားကို ဖူးတွေ့ရလို့ အကျွတ်တရားရကြတော့မယ်လို့ တွေးဆပြီး ၀မ်းသာ အားရရှိတဲ့ အတွက် ဖြစ်ပါတယ်။ ငိုရတဲ့ အကြောင်း ကတော့ ဘုရားမဖြစ်ခင်မှာ မိမိသေဆုံးပြီး အရူပဗြဟ္မာဘုံ (ရုပ်မရှိပဲ နာမ်ပဲရှိသော ဗြဟ္မာဘုံ) မှာ ဖြစ်ရတော့ မယ်၊ ဘုရား၏ တရားတော်ကို မနာကြားရတော့ပဲ တမဂ်၊ တဖိုလ် မရနိုင်တော့ပြီလို့ သိခြင်းကြောင့် ဖြစ်ပါတယ်။ (ဒီနေရာမှ စဉ်းစားစရာရှိပါတယ်။ ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတဲ့ ဈာန်အဘိညာဉ်ရ ရသေ့ကြီးသည်ပင် ဘုရားပွင့်တော့မယ့် အချိန်တိုကာလလေးကို မစောင့်နိုင်ပဲ သေဆုံးရရင်၊ အခုအချိန်မှာ အသက်ကို ရှည်အောင်ဆွဲဆန့်ပြီး နောက်ဘုရားကို စောင့်နေတယ် ဆိုတာတွေသည် သဘာဝ မကျပါဘူး)။
အနှစ်ချုပ်ရသော်.. သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ကိုယ်တော်တိုင် မယ်တော်မာယာ ၀မ်းမှာ ဇာတိနှင့် စခဲ့ရသဖြင့် မလ္လာမင်းတို့၏ အင်းကြင်းဥယျာဉ်တွင် သက်တော်ရှစ်ဆယ်၌ ပရိနိဗ္ဗာန်စံခံရလေပြီ။ သို့အတွက် မဖြစ်မနေရင်ဆိုင်ရမဲ သေခြင်းအတွက် ပြင်ဆင်ဖို့ လိုပါပြီ။ သေတာ၊ နေတာ၊ အားထုတ်တာသည် အတူတူပါပဲလို့ သဘောပေါက်ထားပါ။ အားထုတ်တာကတမျိုး နေတာက တမျိုးဖြစ်နေရင် မဟုတ်သေးပါဘူး။ (ကိုယ်တိုင် စဉ်းစားကြည့်ပါ)။ နေတတ်၊ သေတတ်တယ်ဆိုတာ အားထုတ်တတ်လို့ပါ။ ပြောင်းပြန်ဆိုရရင် အားထုတ်တတ် ရင် နေတတ်၊ သေတတ်ပါတယ်။ နေစဉ်၊ နေ့စဉ်မှာ သာသနာနဲ့ ကြုံမှသာ သိခွင့်ရတဲ့ ၀ိပဿနာ ဘာဝနာ အလုပ်ကို ကျင့်ကြံအားထုတ်ကြပါ။ သို့မှသာ သာသနာတွင်းသား ပီသပါမယ်။
ယခုလို တရားဓမ္မများ လွယ်ကူစွာ နာယူ လေ့လာနိုင်တဲ့ အချိန်မှာ ရရှိထားသော အခွင့်အရေးကို အကျိုးရှိ အောင် အသုံးချတတ်ကြပါစေ။ မိမိလုပ်ရမယ့် အလုပ်ကို ကောင်းစွာ ဆုံးဖြတ်ချက် ချနိုင်ခြင်းသည် ၃၁ဘုံ ဆိုတဲ့ မိုးမှောင်ကျနေတဲ့ တောကြီးထဲက ထွက်မယ့်လမ်းကို သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် တရားတော်များကို ယခုအချိန်မှာပဲ နာယူကြပါ။
မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဆုံးမသြ၀ါဒများကို နာယူနှလုံးသွင်းကြပါ။
~ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
~ အသေမဦးခင် ဉာဏ်ဦးစီးပြီး ၀ိပဿနာ အားထုတ်ပါ။
~ ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေ မဖြုန်းပါနဲ့။
~ မနေ့ကထက် ကနေ့ သေဖို့ တစ်ရက်နီးသွားပြီ။
~ ရက်ရာဇာ၊ ပြဿဒါးမရွေးနဲ့၊ သူတော်ကောင်း အလုပ်လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာ အချိန်လို့ မှတ်ပါ။
~ တဏှာလောဘခိုင်းတာ လုပ်နေလျှင်၊ သေရင် အပါယ်ရောက်မယ်။
~ ကိစ္စဟူသ၍ မဂ်တား၊ ဖိုလ်တားလို့ မှတ်ပါ။
~ တရားနာနေတဲ့ အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
တရားတော်များ နာယူနိုင်ကြပါရန်…
http://thitsartayar.dhammathukha.com/
http://www.dhammathukha.com

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ အနေတတ်၊ အသေတတ်၊ အားထုတ်တတ်တဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…။


“ဘာသာ သာသနာကို သိပါလေ”

မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်။
(မြန်မာတို့၏ အသက်စာအုပ်မှ-)
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ထေရ၀ါဒ သာသနာ ယနေ့တိုင်ထွန်းလင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ကို ပြန်ကြည့်ရရင် သာသနာသည် အမြဲတမ်း ထွန်းကားနေတာမဟုတ်သလို အမြဲတမ်းလည်း နိမ့်ကျခဲ့တာမျိုး မဟုတ်ပါဘူး။ မှေးမှိန်လိုက်၊ တောက်ပြောင်လိုက်နဲ့ သာသာတော် နှစ်ပေါင်း ၂၅၅၂ တိုင်ခဲ့ပါပြီ။ အနှစ်ချုပ်ပြောရရင် နောက်ဆုံး ထေရ၀ါဒ ငါးနိုင်ငံ (မြန်မာ၊ သိရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား) ကျန်ရာမှာ အခုဆိုရင် မြန်မာ တနိုင်ငံတည်းသာ ထေရ၀ါဒ သာသနာ ထွန်လင်းနေတာပါ။ သိရိလင်္ကာမှာတော့ သာသနာ ကျန်ရှိနေပါ သေးတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ကျနော်တို့ မြန်မာမှာ ရှိနေတဲ့၊ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်ဟာ အင်မတန်မှ တန်ဖိုးကြီးပါတယ်။ (လူတိုင်း ကိုယ်တိုင်လေ့လာပြီး သိစေချင် ပါတယ်)။ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဆရာတော်ကြီးများက ဟောကြား၊ ဆုံးမပေးတာကြောင့် နာကြားကျင့်ကြံ ခွင့်ရနေတာပါ။ တရားဓမ္မများ နာကြားကြသော်လည်း နာတဲ့အတိုင်း မကျင့်ကြံနိုင်ရင်တော့ ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။

“မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်” ဆိုတဲ့ စကားကိုကြည်ရင် မြန်မာတို့ရဲ့ အသက်သည် ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ လူမျိုး= မြန်မာ၊ ကိုးကွယ်သည့်ဘာသာ= ဗုဒ္ဓဘာသာပါလို့ မှတ်ပုံတင်မှာ ရေးပြီးတော့ ဗုဒ္ဓဘာသာ သာသနာကို မလိုက်နာပဲနေရင်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ အခုအခါမှာ မူစလင် ဘာသာအကြောင်းနဲ့ သူတို့တွေ ရှေ့ဆက်လုပ်မဲ့ အစီအစဉ်တွေကို ပြောပြတဲ့ မေလ်းတွေ ဖတ်ရပါတယ်။ ဒီနေရာမှာ သူ့အကန့်၊ ကိုယ့်အကန့်လေး ခွဲပြီး လုပ်ဆောင်သင့်တယ်လို့ တွေးမိပါတယ်။ သူတို့က အစွန်းရောက် ၀ါဒဖြစ်တာကြောင့် လုပ်ရင်လဲ လုပ်မယ်၊ ဖြစ်လာချင်မှလဲ ဖြစ်မယ်။ ကိုယ်က ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ အဓိက ကျပါတယ်။ ကိုယ်တိုင် တရားဓမ္မကို သိအောင်လုပ်ရမယ်။ ဒါမှလဲ ဘုရား၊ တရား၊ သံဃာ တွေရဲ့ ကျေးဇူးတွေကို သိလာမယ်။ ဒီလို သိလာရင် သာသနာကို ချစ်တဲ့စိတ်၊ စောင့်ထိန်းချင်တဲ့ စိတ်ဆိုတာ အလိုလိုဖြစ်လာတာပါ။ ဘာသာ သာသနာရဲ့ တန်ဖိုးကို မသိတော့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က မလုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်နေကြတာ တွေ့ရပါတယ်။ အပြစ်မဆိုသာပါ။ သူတို့တွေရဲ့ စိတ်သန္တာန်မှာ အ၀ိဇ္ဇာ (မသိမှု၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာသိခြင်း) အားကြီးတဲ့ အတွက် ထင်ရာလုပ်တာ ဖြစ်ပါတယ်။ ထင်ရာလုပ်တော့ ဒုက္ခဖြစ်ရတာပေါ့။ ဘုရားရှင်ဟာ သတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်ရာမှာပင် အသက်၊ ခန္ဓာပေါင်းများစွာ၊ အချိန်ကြာမြင့်စွာနဲ့ ဘုရားဖြစ်အောင် အားထုတ်လာခဲ့ရတာပါ။ သာသနာကို စောင့်ရှောက်ရမှာလဲ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သတ်လို့ အသိလေးတွေ ရှိထားကြဖို့ တိုက်တွန်းပါတယ်။ သိတယ်ဆိုတဲ့ နေရာမှာလဲ လေးလေးနက်နက် သိဖို့ လိုပါသေးတယ်။ ဒီနေရာမှာ တခု ရှင်းပြချင်ပါတယ်။ ဗုဒ္ဓဘာသာ လူမျိုးလို့ ပြောတဲ့အတွက် အဓိပ္ပါယ်ကို သေချာအောင် သိသင့်ပါတယ်။ များသောအားဖြင့်က ဗုဒ္ဓဆိုတာကို ဘုရားလို့ပဲ ပြောတတ်ကြတယ်။ မှားတယ်လို့ မဆိုပါဘူး။ အမှန်တော့ ဗုဒ္ဓဆိုတာ ဘုရားဆိုတာထက် လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ မူရင်း အဓိပ္ပါယ်ကလဲ ဘုရားမဟုတ်ပါဘူး။ နာမ်စား အနေနဲ့သာ မြန်မာဗုဒ္ဓဘာသာ အချင်းချင်းမှာ ဘုရားလို့သုံးတာ ဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင် ဗုဒ္ဓလို့ပဲသုံးတယ်။ ဗုဒ္ဓဆိုတာ သစ္စာ(၄)ပါး သိသူကိုမှ ခေါ်တာဖြစ်တယ်။ ဗုဒ္ဓဆိုတာ ဘုရားလို့ ပေါ့ပေါ့လေးပြောရင် ဟိုဘုရားသခင် ဆိုတဲ့ ဖန်တီးရှင်တွေနဲ့ ရောထွေးသွားမယ်။ သစ္စာ (၄)ပါး သိသူတွေကိုမှ ထပ်ပြီးခွဲထုတ်လိုက်ရင်-
(၁) သဗ္ဗေညုတဗုဒ္ဓ ( ၄ / ၈ / ၁၆ သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၂) ပစ္စေကဗုဒ္ဓ ( ၂ - သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၃) သုတဗုဒ္ဓ ဆိုတာရှိပါသေးတယ်။
(ပိဋကတ် (၃)ပုံ အာဂုံဆောင်နိုင်သူ (ရဟန်း၊ လူ)နဲ့ ပရိယတ္တိ သာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင် ရွက်နေသူတွေကို ဘုရားရှင်ကိုယ်တော်တိုင်က သုတဗုဒ္ဓ လို့ ချီးကျူးခေါ်ဆိုပါတယ်။ မြန်မာ့သမိုင်းမှာတော့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကို ဝေဘူဆရာတော် ဘုရားကြီးက သုတဗုဒ္ဓလို့ ဂုဏ်ပြုခေါ်ဆိုပါတယ်။)
ထေရ၀ါဒ ဆိုတာက အရှင်မဟာကဿဖ၊ အရှင်အာနန္ဒာ အစရှိသော ရဟန္တာအရှင်မြတ်တို့ရဲ့ ခိုင်မြဲတဲ့ အယူ ၀ါဒကို ခေါ်ပါတယ်။ တနည်းအားဖြင့် အလွန်ခိုင်ခံ့မာကြော ကျစ်လစ်တဲ့ ကျောက်စာတိုင်ဟာ အရပ်လေး မျက်နှာက တိုက်ခတ်လာတဲ့ လေပူ၊ လေအေး၊ လေနု၊ လေကြမ်း မုန်တိုင်းများဒဏ်ကြောင့် ရွေ့လျားယိမ်းယိုင်မှု မရှိသလို ထေရ ဆိုရာမှာလည်း သံဃာတော်များရဲ့ အယူသည် သီလသိက္ခာဖြင့် ခိုင်မြဲခြင်း၊ သမာဓိသိက္ခာဖြင့် ခိုင်မြဲခြင်း၊ ပညာသိက္ခာဖြင့် ခိုင်မြဲခြင်းလို့ ဆိုပါတယ်။ ဒီလိုအသိတွေကိုတော့ လူတိုင်း ရှိထားသင့်ပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမတွေ အတိုင်း လိုက်နာနေထိုင် ကျင့်ကြံနေသူတွေ ရှိနေသ၍ သာသနာက တည်တံ့နေဦးမှာပါ။ အခြားဝါဒတွေဟာ အတ္တကို အခြေခံတဲ့ အတွက်ကြောင့် ဘယ်လိုမှ အမြင်မှန်ရမှာမဟုတ်ပဲ မိစ္ဆာဒိဋ္ဌိ အယူနဲ့သာ သူတို့ သံသရာကို သူတို့ ကိုယ်တိုင် ရေးဆွဲသွားပါလိမ့်မယ်။ သူတို့က နောက်ထပ်နှစ်ပေါင်း များစွာကြာမှ သူတို့ဝါဒ ကြီးစိုးချင်တာတွေ လုပ်နေတာပဲ ထားပါဦး။ ကိုယ်က နောက်ထပ် နှစ် ၅၀ ဆိုရင်ပဲ သေရတော့မယ်။ (အလွန်ဆုံးနေခဲ့ ရရင် ဆိုတဲ့သဘောပါ)။ သူတို့ကို ဂရုစိုက်နေတာထက် ကိုယ့် အရေးကိုပဲ ဂရုစိုက်ရမှာပါ။ ကိုယ်က သူတို့ သဘောကို မသိပဲ ဒေါသ၊ မာန တွေ ဖြစ်မိရင် ကိုယ့်အပြစ် ဖြစ်ပါမယ်။ ကိုယ့်အကြောင်းကို သိအောင် လုပ်ဖို့က အရေးအကြီးဆုံးပါပဲ။ ကိုယ်ဆိုတာက ငါဆိုတဲ့ အတ္တဒိဋ္ဌိကို ပြောတာမဟုတ်ပါ။ ရုပ်၊ နာမ်တွေရဲ့ ပြောင်းလဲ ဖောက်ပြန် ပျက်ဆီးနေတဲ့ သဘောကို သိဖို့ပါ။ တရားအလုပ်ဆိုတာ တကူးတက လုပ်နေရတာလို့ ထင်တာကိုက လွဲနေကြတာပါ။ ခက်သလားဆိုတော့ မခက်ဘူးလို့ ဖြေလည်းရတယ်။ သဘော အသွားကို မသိဘူးဆိုရင်တော့ ခက်တယ်လို့လည်း ဖြေလို့ရပါတယ်။ လောကီနေဖို့ ပညာရှာရ၊ စီးပွားရှာရ ဖြစ်နေတဲ့ အချိန်မှာ ရိပ်သာဝင်ပြီး အားထုတ်ဖို့လဲ မဖြစ်နိုင်တာ များကြတယ်။ အချို့ကလဲ ရိပ်သာဝင်မှ တရားအားထုတ်ဖြစ်တယ်။ ရိပ်သာကလဲ ပြန်လာရော နဂိုအတိုင်းပဲ ပြန်ဖြစ်တာပါပဲ။ ဒီတော့ ပုံမှန်နေတာ ထက်တော့ အကျိုးရှိတယ်လို့ ပြောရမှာပါ။ အကျိုးတော့ မများသေးဘူး။ ကိုယ်သိခဲ့တဲ့ အသိလေးတွေကို အချိန်တိုင်း နှလုံးသွင်း နေထိုင်နိုင်ဖို့က အရေးကြီးပါတယ်။ နှလုံးသွင်းမှန်မှလဲ နိဗ္ဗာန်ရနိုင်တာပါ။ နှလုံးသွင်း မကောင်းရင်တော့ ဘယ်လောက်ပဲ အားထုတ်နေပစေ မရနိုင်ပါဘူး။ မိမိတို့တွေရဲ့ တနေ့တာ အလုပ်လေးတွေမှာ သတိလေးထားပြီး လုပ်ဆောင်ကြည့်ပါ။ သတိထားပါများရင် သတိရှိလာပါတယ်။ သတိဖြစ်လာရင် ကိုယ်လုပ်နေတဲ့ အလုပ်တွေ (တနေ့တာ အလုပ်အားလုံး) အပေါ်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို အကဲခက် သုံးသပ်ကြည့်ပါ။ အဲဒီစိတ်က သူရဲ့ သဘာဝဖြစ်တဲ့ မမြဲခြင်း သဘောကို ပြမှာပဲ။ နေ့စဉ်လုပ် နေတဲ့ အလုပ်တိုင်းမှာ သတိလေးထားပြီး ဖြစ်ပေါ်လာတဲ့ စိတ်ကို အကဲခက် သုံးသပ်ပြီးနေတာကိုပဲ ၀ိပဿနာ အသိလေးနဲ့ လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကိလေသာက ဖြစ်ခွင့်မသာတော့ပဲ စိတ်စင်ကြယ် နေမှာပါ။ စင်ကြယ်တဲ့ စိတ်က စင်ကြယ်သထက် စင်ကြယ်လာပြီဆိုရင် နိဗ္ဗာန်ဆိုတဲ့ အာရုံးအပေါ်ကို ကိုင်းညွတ် သွားတာပါပဲ။ ဒါက ဓမ္မနိယာမ အလုပ်ပါ။ တရားက သူ့အလုပ်ကို သူလုပ်ပါလိမ့်မယ်။
ဒါကြောင့် တရားအလုပ်ဆိုတာ လုပ်နေဖို့ပဲ အရေးအကြီးဆုံးပါပဲ။ အချိန်တွေ ရွေးနေသေးရင်တော့ သေတွင်းကို လက်ယက်တူးနေသလို ဖြစ်နေဦးမယ်။ ၀ါးလုံး ၂လုံး ပွတ်ရင် မီးတောက်မယ်ဆိုတာ လူတိုင်းသိတယ်။ ဘယ်အချိန်တောက်မယ် ဆိုတာတော့ မသိနိုင်ဘူး။ မီးတောက်မှာကတော့ သေချာတယ်။ ပွတ်နေဖို့ပဲ လိုတာပါ။ မပွတ်ရင်တော့ ဘယ်တော့မှကို တောက်လာမှာမဟုတ်ဘူး။ အဲဒီလိုပဲ တရားဆိုတာ အမြဲမပြတ် ဖြည့်နေဖို့ အရေးကြီးတယ်။ ပြည့်ချိန်ရောက်ရင် ပြည့်သွားမှာပါ။

ဒီလို သံသရာလွတ်ကြောင်းတရားတွေသည် ဘုရားရှင် ပွင့်ထွန်းမှသာ သိခွင့်ရတာပါ။ ဒါ့ကြောင့် သာသနာနဲ့ ကြုံတုန်းမှာ ကြိုက်ပြီးတော့ တရားအလုပ်ကို ယခုအချိန်မှာပဲ ဖြည့်ကျင့်လုပ်ဆောင်ဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။

စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ဖြည့်ကျင့်လုပ်ဆောင်နိုင်သည် ဖြစ်၍ ဒုက္ခခပ်သိမ်း လွတ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ…

ဓမ္မချမ်းသာ တွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်…