အပြု၊ အဖျက်ဤနှစ်ရပ်ကို ပိုင်းခြားထင်ထင်သိမြင်ပါလော့..၊

ကျွန်တော်တို့တွေသည် ဗုဒ္ဓဘာသာဝင်ဟုခံယူလိုက်သည်နှင့် တပြိုင်နက် မိမိတို့သည် အမှန်တရားကိုသာ ခွန်အားသတ္တိဖြစ်ကြောင်း ယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေး အတွက် တက်စွမ်းသမျှကြိုးပမ်းအားထုတ်မည်ဟု စိတ်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှန်တရား (သစ္စာတရား)များ၊ ထိုတရားများကို ဖော်ထုတ်ဟောကြားသွားသော မြတ်ဗုဒ္ဓနှင့် ထိန်းသိမ်းစောင့်ရှောက်ဟောကြားသော သံဃာတော်များသည်သာ ကိုးကွယ်ရာ အစစ်ဖြစ်သည်ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံကြပါသည်။ ထိုသို့ဆိုလျင် ဘုရား၊ တရား၊ သံဃာ


ကလွဲပြီး အခြားသော အယူများကို အားထားနေစရာ အကြောင်းမရှိပါဘူး။ လူတွေက လတ်တလော အဆင်ပြေမှုကို လိုလားသောကြောင့် အခြားအယူအဆများလုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု မြင်မိပါသည်။ ထိုသူမျိုးမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ အခြေခံဖြစ်သော ကမ္မဿကတသမာဒိဋ္ဌိ ကိုပင်မရှိတာ ဖြစ်သွားပါမည်။ ဗုဒ္ဓမြတ်စွာ၏ တရားတွေကို မိမိတို့လုပ် ဆောင်ချက်နှင့်ပင် မိမိ၏တန်ဖိုးကို ဖြတ်ရာရောက်ပါသည်။ လူတွေ၏ ယုံကြည်မှုတွေမှာ အတုယောင်တွေ လွမ်းမိုးမှုကြောင့် အမှားများစွာဖြစ်ကြရသည်။ အားလုံးကိုအသေးစိတ်ပြောရရင် ပြောလို့မဆုံးဖြစ်ပါလိမ့်မည်။ ဆရာဝင်းသိန်းဦး ရေးသားသော “ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန်” စာအုပ်မှ ကျွန်တော်ဖတ်ရှုသိသော အသိအနည်းငယ်ကိုသာ ရေးသားလိုက်ရပါသည်။

ယခုတွင် ဗုဒ္ဓမြတ်စွာဘုရားအားရှည်စူး၍ တည်ထားကိုးကွယ်သော စေတီတော်ရင်ပြင်ပေါ်တွင် ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော် အမည်ခံ ၀ိဇ္ဇာဓိုလ်နှင့် နတ်များက ဘုရား နှင့်စင်ပြိုင် အကိုးကွယ်ခံနေကြသည်မှာ အမြင်မတော်မလှပါဘူး။ သူတို့အားကိုးကွယ်သူအချို့ ကပြောကြသည်။ ဤပုဂ္ဂိုလ်ကြီးများသည် ယခုဘ၀မှာပင် ၀ိပဿနာလမ်းကိုလိုက်၍ ကျင့်ကြံ အားထုတ်ပါက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လျင်မြန်စွာရပြီး နိဗ္ဗာန်အားမျက်မှောက် ပြုနိုင်ကြသူများဖြစ်သည်။ သို့သော် အ၀ိဇ္ဇာလွှမ်း၍ မသိနားမလည် မိုက်မဲကြကုန်သော သတ္တ၀ါအပေါင်းကို သနားသက်ညှာလှသဖြင့် ထိုက်သင့်သူတို့အား ကယ်တင်စောင်မရင်း သာသနာပြုနေကြသူများဖြစ်သည်။ သတ္တ၀ါတို့အပေါ် မိဘ၊ ဆရာသမားသဖွယ် စောင့်မကြည့်ရှုနေသူများဖြစ်၍ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်ကြသည်။ ထို့ကြောင့်သူုတို့အား ကိုးကွယ် ဆည်းကပ်ထိုက်သည်ဟု ဆိုကြပါသည်။ (ဤနေတွင်သတိပြုရန်မှာ ရတနာမြတ်သုံးပါးနှင့် အနန္တော အနန္တငါးပါးတို့၏ ကွဲပြာခြားနားမှု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ထိုက်သည်မှာ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသာ လျှင်ဖြစ်သည်။ နောက်လူတို့က မိဘနှင့်ဆရာပေါင်းထည့်ကာ အနန္တောအနန္တငါးပါးအဖြစ် သတ်မှတ်လိုက်သော်လည်း ရတနာသုံးပါးနှင့်တန်းတူထား ကိုးကွယ်ရန်မဟုတ်ပေ)။

မိဘနှင့်ဆရာသမားတို့အား ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်တို့နှင့်အညီ အရိုအသေပေး၊ အလုပ်အကျွေးပြုခြင်းဖြင့် ကျေးဇူးဆပ်ရန်သာဖြစ်သည်။ ရတနာမြတ်သုံးပါးနှင့်တန်းတူထား၍ ကိုးကွယ်ယုံကြည်ဆည်းကပ်ရန်ကား မဟုတ်ပေ။ ထို့ကြောင့်၎င်းတို့ပြောသလို သတ္တ၀ါများအပေါ် အမှန်တကယ်ကယ် တင်စောင့်ရှောက်နေသည်ပဲ ထားဦးတော့၊ စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်ကား ရတနာမြတ်သုံးပါးနှင့် တန်းတူထား၍ ကိုးကွယ်ဆည်းကပ်ရန် မလိုကြောင်း ထင်ရှားလှပါသည်။

တရံရောအခါက ဗာရာဏသီပြည်တွင် ၀ိဇ္ဇာဓိုလ်တစ်ဦးသည် ညဥ့်သန်းခေါင်ယံအချိန်၌ မိဖုရားကြီးအဆောင်တော်သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့်ဝင်ရောက်ကာ ကာမဂုဏ်ကျူးလွန်ခဲ့သည်။ ထိုကိစ္စကို မင်းကြီးသိရှိသွားသဖြင့် ၄င်းအားလိုက်လံဖမ်းဆီးစေခဲ့ရာ ၀ိဇ္ဇာဓိုလ်သည် ရဟန်းအသွင်ဆောင်၍ သုသာန်အတွင်း၌ ညာခြေတစ်ဖက်တည်းနှင့်ရပ်ကာ မန္တာန်ရွတ်ဖတ်သရဇ္ဈာယ်ရင်း နေကိုရှိခိုးဟန်ပြုနေလေသည်။ ထိုရဟန်းတုအား မင်းချင်းများက လိုက်လံဖမ်းဆီးရာ ၀ိဇ္ဇာဓိုလ် တန်ခိုးဖြင့် ထွက်ပြေးလွတ်မြောက်သွားတော့သည်။ ထိုအချိန်မှစ၍ ရဟန်းစစ်နှင့် ရဟန်းတုမခွဲခြားတက်သော ဗြဟ္မဒတ်မင်းသည် ရဟန်းမှန်သမျှ မင်းပြစ်မင်းဒဏ်သင့်စေသဖြင့် ရဟန်စစ်များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရရာ ကိုးကွယ်ရာမဲ့ဘ၀ ရောက်ခဲ့ရဖူးသည်။ (၀ိဇ္ဇာဓရဇာတ်၊ ဆက္က နိပါတ်၊ ဇာတက၀တ္ထု။)

ဤသည်ကား ၀ိဇ္ဇာဓိုလ်ဆိုတိုင်း ကိုးကွယ်ဆည်းကပ်လိုသူများအတွက် သတိပြုစရာ သာဓက တစ်ရပ်ပင်ဖြစ်သည်။ အချို့ကလည်း ၀ိဇ္ဇာဓိုလ်ဆိုသူများသည် သတ္တ၀ါအပေါင်းကို ကယ်တင်ရင်း နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားကိုဖူးမြော်ရန် စောင့်ဆိုင်းနေကြသည်ဟုဆိုသည်။ ထိုသို့ကာလရှည်ကြာစွာ စောင့်ဆိုင်းနိုင်ရန်အတွက် ၄င်းတို့၏ သက်တမ်းကိုရှည်သည်ထက် ရှည်အောင်ကျင့်ကြံအားထုတ် နေကြသည်ဟုလည်း ဆိုကြပြန်သည်။ ဤသည်မှာလည်း ပညာဉာဏ်ရှိသူတို့ လက်ခံနိုင်စရာ အကြောင်းမရှိသော ဆင်ခြေတစ်ရပ်သာဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ အလိုအရမူ မတည်မြဲသော၊ ဆင်းရဲသော၊ အစိုးမရသော ဤလောကမှ တစ်စက္ကန့်စော၍ လွတ်မြောက်နိုင်လျှင်ပင် တစ်စက္ကန့်စော၍ ချမ်းသာသုခရပြီဟု မှတ်ယူရမည်သာဖြစ်သည်။ မိမိတို့မျက်မှောက်၌ပင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ တရားစစ်တရားမှန်တို့ ရှင်သန်ထွန်းကားနေပါလျက် မလိုက်နာမကျင့်ကြံသေးဘဲ နောက်ဘုရားအပွင့်ကိုစောင့်ဆိုင်းမည်ဆိုခြင်းမှာ ဉာဏ်ပညာနည်းသောလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များကို သာသာသနာပြုနေကြသည်ဟု ပြောနေကြသူများသည်လည်း လူ“အ” များပင်ဖြစ်ပေမည်။

ဆရာတော်အရှင်သုမင်္ဂလက တရားထဲတွင် ဘိုးဘိုးအောင်၊ ဘိုးမင်ခေါင်တို့ အပါယ်ရောက်ကြောင်း ဟောကြားတဲ့အခါ၊ ထိုပုဂ္ဂိုလ်တွေရဲ့တပည့်က သူတို့ဆရာတွေဟာ ဗုဒ္ဓါနုဿတိပွား နေတာဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေကို အပါယ်ရောက်တယ်လို့ ပြောနိုင်မလားဟု လျောက်ကြားသည်။ ထိုအချိန်မှာ ဆရာတော်က သူတို့ ဗုဒ္ဓါနုဿတိကို နှလုံးသွင်းပြီးသေတယ်လို့ အာမခံမလားမေးပါတယ်။ သူတို့ယူဆထားတဲ့အယူကိုက မမြဲတဲ့သဘော(အနိစ္စ)ကို မြဲတယ်(နိစ္စ) လို့ယူဆထားတဲ့အတွက် မိစ္ဆာဒိဋ္ဌိဖြစ်နေကြောင်း၊ မိစ္ဆာဒိဋ္ဌိတို့၏ သွားရာသည် အပါယ်ဖြစ်ကြောင်း ပြန်လည်ဟောကြားခဲ့ပါသည်။

ဤသို့ဖြင့် ကိုးကွယ်အားထားရာ မဟုတ်သော ပုဂ္ဂိုလ်များပေါ်တွင် မည်သည့်အကြောင်းနှင့်မျှ အားထားမှုမလုပ်သင့်ပါ။ မိမိတို့ကို လွမ်းမိုးနေသော အ၀ိဇ္ဇာ အမိုက်မှောင်ကို ဉာဏ်အလင်းဖြင့်ခွင်း၍ သာသနာကို စောင့်ရှောက်သင့်ပါသည်။ သာသနာကို စောင့်ရှောက်ဖို့သည်လည်း အားလုံး၏ အကျင့်ပေါ်မှာ မူတည်သည်။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော တရားများကို လိုက်နာ ကျင့်သုံးနေကြသ၍ သာသနာသည်လည်း တည်တံ့နေမည်ဖြစ်ပါသည်။

ထေရ၀ါဒဗုဒ္ဓသာသနာဆိုင်ရာ သာသနိကအဆောက်အအုံတချို့တွင် ၀င်ရောက်နေရာယူလာကြသည့် ဘိုးတော်၊ ဘတော်၊ မယ်တော် များကိုဤအတိုင်းလက်ပိုက်ကြည့်နေပါက မသင့်တော်ပါ။ လူတိုင်းကိုသိစေချင်ပါသည်။ အသိတရားကိုလည်း ကျင့်စေချင်ပါသည်။


“စာဖတ်သူများ အသိအမြင်တိုးပွားကာ သာသနာအကျိုး၊ မိမိအကျိုး ဆောင်ရွက်နိုင်ကြပါစေ”


“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်..”