သိသင့်လို့ ဖြေပါတယ်၊

ဒါဆို သာမညဆရာတော်ကြီးကရော..... သိချင်လို့ပါ..ကိုအောင်ဦး ဖြေပေးပါ။
အမည်မသိ

ကျနော်ရေးလိုက်တဲ့ သက်သတ်လွတ်စားခြင်းဆိုရာဝယ် ပိုစ့်ကို ညီလေးဗီလိန်က ထပ်မံဖြန့်ဝေ အသိပေးလိုပြီး သူ့ဘလော့မှာ ကူးယူဖော်ပြတဲ့ အခါမှာ ထပ်ပြီးမေးလာတဲ့ အချက်လေးကို တွေ့ရပါတယ်။ သာမညတောင် ဆရာတော်ကြီးကရော… ဆိုတဲ့ မေးခြင်းပါ။ ဒီလိုမေးခွန်းမျိုး ထပ်ပြီးမေးလာနိုင်မယ်လို့ ကြိုတွေးမိခဲ့ပါတယ်။
ကျနော့်အနေနဲ့ မေးလာတဲ့ အချက်ကို ဖြေပေးတာထက် စာဖတ်သူတွေနဲ့ မေးတဲ့သူကိုယ်တိုင်ပဲ ဆရာတော် အရှင်ဆေကိန္ဒ ဖွင့်တဲ့ ပထမအကြိမ် သံဃာတရားစခန်းမှာ ဟောကြားတဲ့ တရားကို နာယူကြပါလို့ တိုက်တွန်းပါတယ်။ တိုက်ရိုက်နာလို့ မရခဲ့ရင် ကျနော်မေလ်းက တဆင့်ဆက်သွယ်ပြောပါ။ မေလ်းက ပို့ပေးပါမယ်။ တရားတော် ၂၃မိနစ်လောက်မှာ သာမညတောင် ဆရာတော်ကြီး သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ ဟောထားပါတယ်။




သာမညတောင် ဆရာတော်ကြီးဆီကို ဆရာတော်အရှင်ဆေကိန္ဒနဲ့ အခြားဆရာတော်တပါး ရောက်သွားတဲ့ အခါမှာ အခြားဆရာတော်က “တပည့်တော် မုတ္တမ ဘီလူးတစ်ရာ ကျောင်းကပါဘုရား၊ တပည့်တော်အဲဒီမှာ သာသနာ ပြုနေပါတယ် ဘုရား၊ တပည့်တော်အဲဒီမှာ ဆယ့်နှစ်လ တစ်နှစ်နေရင် ဆယ့်သုံးလလောက် ဖျားပါတယ် ဘုရား၊ တပည့်တော် ဘာအလုပ်မှ လုပ်လို့ မရပါဘူးဘုရား၊ အဲဒီတော့ တပည့်တော်က တခြားတနေရာကို ပြောင်းပြီး သာသနာပြောင်းပြုရ ကောင်းမလား၊ အဲဒီနေရာမှာပဲ သက်သတ်လွတ် စားပြီးပြုရကောင်းမလား ဘုရား” လို့ သာမညတောင် ဆရာတော်ကြီးကို လျောက်ပါတယ်။ အဲဒီတော့ သာမညတောင် ဆရာတော်ကြီးက “ကိုယ်တော်… ကျောင်းရှားသလား? မရှိရင်ကျောင်းပေးမယ်၊ သက်သတ်လွတ်ဆိုတာ ဒေ၀ဒတ်အယူ” လို့ မိန့်ပါတယ်။ “တပည့်တော်တောင် ဒီမှာနေလို့ သက်သတ်လွတ်စားတာ၊ အခြားဆိုရင် စားချင်မှ စားမှာလို့” မိန့်ပါသေးတယ်။ ဒီအချက်တွေနဲ့ပဲ သာမညတောင် ဆရာတော်ကြီးကို ကြည်ညိုခဲ့တယ်လို့ ဆရာတော်အရှင်ဆေကိန္ဒက ဆက်လက် ဟောထားပါတယ်။
ကျနော်တို့တွေ သတိပြုရမှာက သာမန်လူတွေ အနေနဲ့ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာအားဖြင့် သာလွန်မြင့်မြတ်လှတဲ့ ရဟန်း၊ သံဃာတွေရဲ့ အပြုအမူတွေမှာ ကောင်းဆိုး၊ မှားမှန်ဆိုတာကို သာမန် အသိ၊ အမြင်အားဖြင့် မဝေဖန်သင့်ဘူးလို့ ခံယူမိပါတယ်။ သေချာသိရှိ တွေ့မြင်မှ ပြောဆိုတာက ပိုပြီးသင့်မြတ်မယ်လို့ ခံယူပါတယ်။ မည်သို့ပင်ဆိုစေ တရားတွေနာယူတာ၊ သြ၀ါဒတွေခံယူရာမှာလည်း မိမိကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားခြင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ ပိဋကတ်တော်နဲ့အညီ ဟောကြားတဲ့ တရားတွေကို နာယူပြီးမှ လက်ခံကျင့်သုံးတာ သင့်တော်ပါလိမ့်မယ်။
သာမညတောင် ဆရာတော်ကြီးဆီကို ကျနော်တခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ တဘ၀သာသနာ ဗွီစီဒီကို ကြည့်တဲ့ အခါမှာ ဆရာတော်ကြီး ဟောကြားတဲ့ တရားတွေ၊ အလှူမှတ်တမ်းတွေ၊ ချက်ပြုတ်ကျွေးမွေးတာ တွေကို တွေ့မြင်ရပါတယ်။ အဲဒီဗွီစီဒီမှာ တနေ့ကို ဆန် တင်း(၁၀၀)ကျော် ချက်ပြီး ပတ်ဝန်ကျင်းက လူဦးရေ တစ်သောင်းကျော်နဲ့ ဘုရားဖူးတွေကို ထမင်းကျွေးတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တာကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ သက်သတ်လွတ် စားရတယ်ဆိုတာ အားလုံး သိမှာပါ။ ဆရာတော်ကြီးကိုယ်တိုင်လည်း သက်သတ်လွတ်စားပါတယ်။ ဘုရားဖူးတွေလည်း သက်သတ်လွတ် စားကြရတယ်။ ရောက်ဖူးတဲ့ သူတွေက ပိုသိမှာပါ။
ကျနော်တို့ စဉ်းစားကြည့်ရအောင်။ တနေ့ကို တင်း(၁၀၀) ကျော်ချက်ရတဲ့ ထမင်းတွေနဲ့ လိုက်ဖက်အောင် ဟင်းတွေချက်ပြုတ်ရတာ မလွယ်ကူတဲ့ ကိစ္စပဲ။ အသီးအရွက်တွေ ချက်ရတာတောင် အတော်ခက်ခဲတဲ့ အနေအထားပါ။ အဲလို အခြေအနေမှာ တကယ်လို့ အသားငါးစားခွင့်ပြုပြီး သားငါးပါ ကျွေးလိုက်မယ်ဆိုရင် အဲဒီနယ်တစ်ဝိုက်မှာရှိတဲ့ စားလို့ရတဲ့ သတ္တ၀ါတွေ တော်တော်ပြုန်းတီးရလိမ့်မယ်။ တနည်းအားဖြင့် ဒီလူတွေကို ကျွေးဖို့ သားငါး မှာယူရတဲ့ သူကလည်း သတ္တ၀ါတွေကို သတ်ဖို့ တိုက်ရိုက်မပြောဆိုပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောဆိုရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကုသိုလ်လည်း လုပ်ဖြစ်တယ်၊ အကုသိုလ်လည်း ဖြစ်ရတာတွေရှိပြီး အဖြူကံ၊ အမဲကံတွေ ရောသွားနိုင်တယ်။ ကိုယ်တိုင်သတ်ရတဲ့ သားသတ်သမားတွေလည်း အကုသိုလ်တွေ တော်တော်ကြီးသွားနိုင်မယ်။ ဒါတွေကို ဆရာတော်ကြီးက မြင်လို့ သက်သတ်လွတ်ချက်ကျွေးဖို့ မိန့်ကြားတာ ဖြစ်နိုင်ပါတယ်။ ဒါကို လူတွေက ချဲ့ပြီး “ငါတို့ သာမညကပြန်လာတာ၊ သက်သတ်လွတ် လှူခဲ့တယ်၊ ငါတို့ ကုသိုလ်တွေလုပ်လာတာ…” စသဖြင့် ပြောဆိုကြွားဝါတာနဲ့ပဲ နောက်လူတွေ အမှတ်မှား၊ အသိမှားတွေ ဖြစ်လာတဲ့ သဘောလို့ တွေးမိပါတယ်။ ဒါက ကျနော် အတွေးသက်သက်ပါ။
အထက်က ပုဂ္ဂိုလ်တွေနဲ့ စိတ်ကို အောက်ကလူတွေ မသိနိုင်ပါ။ ဥပမာ… သောတပန်ရဲ့စိတ်ကို ပုထုဇဉ်က မသိနိုင်ဘူး။ သကဒါဂါမ်ရဲ့ စိတ်ကို သောတပန်က မသိနိုင်ဘူး။ အနာဂါမ်ရဲ့ စိတ်ကို သကဒါဂါမ်က မသိနိုင်ဘူး။ ရဟန္တာရဲ့ စိတ်ကို အနာဂါမ်က မသိနိုင်ပါဘူး။ ဒါက ဓမ္မနိယာမ အရပါပဲ။ ကျနော်တို့လူတွေ အနေနဲ့ ကိုယ့်ထက် သိက္ခာသုံးရပ်အားဖြင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်သန္တာန်ကို ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး။ ဒါသည် သတိပြုစရာ အချက်ပါ။
ဒီလောက်ဆိုရင် မေးတဲ့ မေးခွန်းအပေါ်မှာ ကျေနပ်နှစ်သိမ့်နိုင်မယ်လို့ ထင်မိပါတယ်။

တရားနှင့်မွေ့လျော် တရားနှင့်ပျော်နိုင်ကြပါစေ…


သက်သတ်လွတ်စားခြင်း ဆိုရာဝယ်၊

သက်သက်လွတ် စားခြင်း ရဲ့အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါရှင့်။ စားခြင်း၊ မစားခြင်း ရဲ့ကွာခြားမှုလေးကို သိပါရစေ။
မခင်မာလာအောင်

မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ လူအတော်တော်များများက သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ မရှင်းပဲ ဖြစ်တတ်ကြတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရေးတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ် စာအုပ်ကို ဖတ်ရတဲ့ သူတွေကတော့ ဒီအကြောင်းကို ရှင်းအောင်း သိကြမှာပါ။ စာအုပ်ကို ဒီနေရာက ကူးယူပြီး ဖတ်ကြည့်စေချင်ပါတယ်။
ဆရာတော်ရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ကိုးကားပြီး ဖြေပေးလိုက်ပါတယ်။
ကျနော်တို့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့ အချိန်မှာ ဒေ၀ဒတ်က ဘုရားရှင်ထံကို ဂရုကအာပတ် (ကြီးလေးသော အပြစ်) အဖြစ် ပညတ်တော်မူဖို့ လျှောက်ထားတဲ့ အချက်(၅) ချက်ရှိပါတယ်။
(၁) ရဟန်းတို့ အသက်ရှင်သမျှကာလပတ်လုံး အရညကင်ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာနီးကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၂) ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ ပို့လာသော၊ ဖိတ်သော ဆွမ်းကိုစားက ဂရုကအာပတ်သင့်စေရန်။
(၃) ရဟန်းတို့ သုသာန် သင်္ချိုင်းကရသော ပံသုကူ သင်္ကန်းကိုသာ ၀တ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကိုဝတ်က ဂရုကအာပတ်သင့်စေရန်။
(၄) ရဟန်းတို့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်၌သာ နေပါစေ၊ ဒါယကာတို့ လှူသော ကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၅) ရဟန်းတို့ ငါး၊ အမဲကို မသုံးဆောင်ပဲ သက်သတ်လွတ်သာ စားပါစေ၊ ငါး အမဲစားက ဂရုက အာပတ်သင့်စေရန်။


ဒါတွေကိုကြည့်ခြင်းအားဖြင့် နံပါတ်(၅)မှာ သက်သတ်လွတ်စားခြင်း ဆိုတာ ဒေ၀ဒတ် လျှောက်ကြားခဲ့တဲ့ အချက်ဖြစ်ပါတယ်။ အခုလို အဆိုငါးချက်ကို တင်သွင်းပေမယ့် ဘုရားရှင်ကိုယ်တော်တိုင် ဗီတိုအာဏာထက် ပြင်းတဲ့ ဗုဒ္ဓအာဏာနဲ့ ပယ်ဖျက်ခဲ့တာပဲ။ ငါးချက်လုံးကို ဘုရားရှင်က မတားမြစ်ပဲ။ ခွင့်ပြုတော်မူခဲ့တယ်။
အခု ဗုဒ္ဓဘာသာဝင်ကြားတွေမှာ ကိုးန၀င်းဆိုတဲ့ ပုတီးစိပ်နည်းတွေက ခေတ်စားပါတယ်။ ဘယ်နေ့မှာ ဘယ်ဂုဏ်တော်၊ ဘယ်နခေါက်ဆိုတာတွေသည် ထေရ၀ါဒနဲ့တော့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။ ပုတီးစိပ်တာကို မကောင်းဘူး ပြောခြင်းမဟုတ်ပါ။ ထေရ၀ါဒမှာ အခေါက်ရေ၊ အချိန်၊ ရက်တွေ ကန့်သတ်ချက်မရှိပါဘူး။ အဲဒီမှာလည်း သက်သတ်လွတ် စားရမယ့်ရက် သတ်မှတ်ထားတာ တွေ့ရတယ်။ ဒါတွေကို ကိုယ်တိုင်ပဲ တွေးပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ကြပါ။
မြတ်စွာဘုရားရှင်က ရတနာ(၃)ပါးကို ဆည်းကပ်ကိုးကွယ်သော လူဝတ်ကြောင် ဒကာ၊ ဒကာမတွေနဲ့၊ သာသနာ တွင်း ရဟန်းတွေကိုပါ သတ်သတ်လွတ်စားဖို့ လုံးဝ မိန့်ကြားတော်မမူခဲ့ပါဘူး။ သတ်သတ်လွတ်စားရုံနဲ့ ဘာကုသိုလ်မှ မရနိုင်လို့ပဲဖြစ်ပါတယ်။

ပါးစပ်ထဲကို သွင်းလိုက်တဲ့ အစားအစာကို ဟိုဟာပဲ၊ ဒီဟာပဲလို့ ရွေးချယ် သတ်မှတ်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားနိုင်ပါဘူး။ ဘာကိုပဲ စားစား နှလုံးသွင်း ဆင်ခြင်ပြီးစားရင် ကုသိုလ် ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင်လည်း အကုသိုလ်ပဲ ရပါမယ်။ အစာစားနေချိန်မှာ သတ္တ၀ါရဲ့ ကုသိုလ်၊ အကုသိုလ်ကို သူစားနေတဲ့ အစာက မပြဋ္ဌာန်းနိုင်ပါဘူး။ သူ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်၊ နှလုံးသွင်းမှု၊ အတွေးတွေကပဲ ပြဋ္ဌာန်းပါတယ်။
ဒီတော့ အစားအစာ အမျိုးအစားက အဓိကမဟုတ်၊ စိတ်သာ အဓိကဖြစ်တဲ့ အတွက် ကုသိုလ်ဖြစ်နေဖို့ အစာကို မရွေးချယ်ဘဲ စိတ်ကို ပြုပြင်ဖို့သာလိုပါတယ်။ ဒါကြောင့် သတ်သတ်လွတ်အစာကို ပါးစပ်ထဲ ထည့်ရုံနဲ့ ကုသိုလ်မရသလို၊ အသား၊ ငါးကို ထဲ့လို့လည်း အကုသိုလ်မဖြစ်ပါဘူး။
သတ်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာတွေ ပြောဆိုကြံစည် နေမယ်ဆိုရင် အကုသိုလ်ပဲ ဖြစ်ပါမယ်။ အသား၊ ငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကို နှလုံးသွင်းပွားများနေမယ်၊ ကုသိုလ်စိတ်ဖြစ်စေမယ်၊ တဏှာကင်းစွာ သင့်တင့်အောင်စားနေတာ ဖြစ်မယ်ဆိုရင် ကုသိုလ်ပဲဖြစ်ပါမယ်။
အတွေးကြောင့် ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်၊ အစားကြောင့် ရလာမဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်ရယ်လို့ မရှိပါဘူး။ သက်သက်လွတ်စားရုံနဲ့ ကုသိုလ်တွေရနေမယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့စို့နေချိန်၊ ကောင်မလေးတွေ သရက်ပေါင်း၊ ဇီးထုပ်၊ နေကြာစေ့ စားနေချိန်၊ အရက်သမားတွေ ဘီယာသမားတွေ အရက်ဘီယာကို အာလူးကြော်၊ မြေပဲလှော်နဲ့ မြည်းနေချိန်တွေမှာ သူတို့ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ ဘီယာ၊ အရက်ကလည်း သတ်သတ်လွတ်ပဲလေ။
ပွင့်တော်မူပြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အားလုံးဟာ အသား၊ ငါးရော၊ အသီးအရွက်ရော၊ ကြုံရာကို တဏှာကင်းစွာ စားရင်းကျင့်ကြံ အားထုတ်ခဲ့ကြပါတယ်။ သတ်သတ်လွတ်စားတဲ့ ဘုရားရှင်ရယ်လို့ မရှိခဲ့ပါဘူး။
ကိုယ့် အတွက် သီးသန့်ရည်စူးပြီး သတ်တာကို မြင်ရင်၊ ကြားရင်၊ ယုံမှားသံသယရှိရင် လူဝတ်ကြောင်တွေ အနေနဲ့ မစားသင့်တော့ပါ။ ရဟန်းတော်တွေကတော့ လူ၊ ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ၀က်ဝံ၊ အောင်း သား (တွင်းအောင်းသား) ဆိုတဲ့ အသားကြီး (၁၀) မျိုးကို ရှောင်ရပါမယ်။ ဘာလို့ရှောင်ခိုင်းရတာလဲ၊ စားရင် အာပတ်သင့်စေလို့ ဘာလို့ မိန့်ကြားရတာလဲဆိုတာကို “သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်” စာအုပ်ရဲ့ စာမျက်နှာ ၃၁မှာ ဖတ်ကြည့်ပါ။
ကျန်တာကတော့ ကိုယ့်ကျန်းမာရေးနဲ့ အစဉ်ပြေရင် အကုန်စားနိုင်ပါတယ်။ ကိုယ့်ရဲကျန်းမာရေးနဲ့ မတည့်လို့ ရှောင်တာကလွဲရင် အကုသိုလ်ဖြစ်မှာ ကြောက်လို့၊ ကုသိုလ်လိုချင်လို့ ဆိုပြီး ရှောင်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေ မရမှာဆိုးလို့၊ တစ်အိမ်လုံး ဘာအသား မစားရဆိုတာမျိုးတွေ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်လို့ ရှောင်ရတာတွေဟာ ထေရ၀ါဒ မဟုတ်ပါဘူး။ ဘုရားဟောကို ပြုပြင်စီ ရင်ရာရောက်ပါတယ်။ ကိုယ့်ဟာကို မ၀ယ်နိုင်လို့၊ ရွံလို့၊ အညှီနံ့ မခံနိုင်လို့ မစားရာကနေ ဒါဟာမှ ကုသိုလ် အလုပ် လို့ ပြောလာရင်လည်း ထေရ၀ါဒ မဟုတ်တော့ဘူး … ဆိုတာ သိထားရပါမယ်။ ဘာမှ ထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။ သက်သတ်လွတ်စားလို့ အကျိုး သက်ရောက်မှုကတော့ ကုသိုလ်၊ အကုသိုလ်နဲ့ ပတ်သတ်လို့ ဘာမှ မရှိပါ။ လောကီနေထိုင်ရာမှာ အသားငါးဖိုး အကုန်သက်သာတာရယ်၊ အဆီတွေ မစားတာဖြစ်လို့ ကျန်းမာရေး အတွက် တဖက်တလမ်းက အကျိုးပြုနိုင်ပါလိမ့်မယ်။ မရှင်းတဲ့ အချက်တွေပါခဲ့ရင် ထပ်မေးပါခင်ဗျာ။

ချမ်းသာသုခပြည့်ဝနိုင်ပါစေ…