မင်္ဂလာတရား ၃၈ ပါး

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

သီလတစ်ခုဖြင့်မခိုင်မြဲနိုင်

ယနေ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ၀ိပဿနာနှင့် မရင်းနှီးသူများအလွန်များပါသည်။ ၀ိပဿနာနှင့် မရင်းနှီးသော ဘိုးဘွားများပြောကြပါသည်။ ငါတို့ကအကျင့်သီလရှိတယ် ၊သီလလုံတယ်၊ ၀ိပဿနာအားထုတ်စရာမလိုပါဘူးဟူသော ပုဂ္ဂိုလ်အချို့ရှိပါတယ်။ လူပဂ္ဂိုလ်တို့စောင့်သော သီလတွင် ငါပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းကြပါတယ်။ ရဟန်းတော်များသည် အကျဉ်းအားဖြင့် ၂၂၇ပါး၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် စောင့်ထိန်းရတာ ဖြစ်ပါတယ်။ တိုင်းတာကြည့်ရင် အင်မတန်မှ သာလွန်ပါတယ်။ သို့သော် လူပုဂ္ဂိုလ် ၊ ရဟန်းတော်တို့၏ သီလသည်စိတ်မချရပါ။ ဤအကြောင်းနှင့်ပတ်သက်၍ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်မှ ဓမ္မကထိကဆရာတောဦးနန္ဒိယ ကျောင်းစောင့်ပြိတ္တာဖြစ်ရခြင်းကို ဓမ္မသံဝေဂယူရန် တင်ပြအပ်ပါသည်။ ဆရာတော်သည်အလွန်ပင်တရားဟောကောင်းပါသည်။ ထိုနယ်မှာတော့ ဆရာတော်မှဆရာတော်ပေါ့။ သို့သော် ဆရာတော်၏အသိသည် သင်ညာအသိဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်တွင် လောဘ၊ ဒေါသ၊ မောဟတွေ ပိုများနေတော့တာပေါ့။ ဘယ်လောက်ထိများသလဲဆိုတော့ ငွေကြေးများကိုပင် အိုးနှင့်ထည့်၍သိမ်းထားသတဲ့။ တစ်နေ့သော သန်းခေါင်ယံအချိန်ကျတော့ ငွေအိုးကို ကျောင်းခြေရင်းမှာ မြုပ်နှံထားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူခိုး၊ဓါးမြ ရန်ကို ကြောက်လို့ဖြစ်ပါတယ်တဲ့။ အတွေးတစ်ခုဝင်သင့်သည်က သူခိုး ခိုးခံရ၍ အပါယ်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရဲ့သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ လက်ခံရင် ဒီဘ၀မှာလည်း ပူလောင်ဆင်းရဲရတယ်၊ နောက်ဘ၀မှာလည်းအပါယ်ကြရပါတယ်။ ဓမ္မသံဝေဂယူကြပါကုန်။ ကိုယ်ရဲ့စိတ်သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အသေသတ်ဖို့ အရေးကြီးပါတယ်။ ဆရာတော်ရဲ့ စိတ်သဏ္ဍာန်မှာ ငွေကိုစွဲတဲ့လောဘ နှိပ်ဆက်တာ မသိရှိရှာဘူး။ သေခြင်းတရားဟာ အမြဲရှိနေတာကြောင့် ဆရာတော်ဟာ သက်တော် လေးဆယ်ဝန်းကျင်မှာ ပျံလွန်တော်မူပါတယ်။ လောဘနဲ့သေတာ ဖြစ်ချင်းကြောင့် ကျောင်းစောင့်ပြတ္တာဖြစ်ရပါတယ်။ အဲဒီအခါကျတော့ နောက်ကျောင်းထိုင်ဖြစ်လာသော ဆရာတော်များကို အသံပေးခြင်း၊ကိုယ်ရောင်ပြခြင်း ကိုပြုလုပ်တော့တာပေါ့။ ဘာကြောင့်လဲဆိုတော့ အမျှလိုချင်၍ဖြစ်ပါတယ်။ တကယ်တော့ တစ္ဆေ၊ သရဲဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ သနားစရာတွေပါ။ ဒီဆရာတော်ရဲ့ သတင်းများကပြန့်လွှင့်နေတာပေါ့။ တစ်နေ့တော့ လူတစ်ယောက် ရောက်လာပါတယ်။ သူ့ရဲ့အသိတစ်ယောက်အိမ်မှာ တည်းသော်လည်း ယောကျားင်္အမျိုးသားမရှိ၊ မိန်းမနှင့်သမီးများသာရှိခြင်းကြောင့် ဘုန်းကြီးကျောင်းမှာတည်းဖို့သွားပါတယ်။ အိမ်ရှင်အမျိုးသမီးမှပြောပြသော်လည်း ထိုသူမှာ မကြောက်တတ်တာကြောင့် ကျောင်းပျက်တွင် သန့်ရှင်း၍ ဘုရားရှင်အားရှိခိုး၍ အိပ်စက်ပါတယ်။ အိပ်ပျော်စဉ်မှာပဲ ဘုန်းကြီးသရဲရောက်လာ၍ ခြေထောက်ကို ဆွဲတော့တာပါဘဲ။ သို့သော် လုလင်ကကြောက်ရွံ့ခြင်းမရှိဘဲ နဘန်းလုံးကြသတဲ့။ ဤအကြောင်းကို တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ အကျယ်တ၀န်းရေးထားပါသည်။ အဆုံးမှာတော့ ဘုန်းကြီးသရဲကပြောပြသတဲ့။ ဒုက္ခပေးဖို့လာတာမဟုတ်ပါပေါ့။ အမျှလိုချင်၍လာတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ကျောင်းခြေရင်းမှာ မြုပ်နှံထားသော ငွေအိုးကိုတူး၍ တစ်ဝက်ကိုသင်ယူကာ ကျန်တစ်ဝက်အား အမျှပေးဝေပါလို့ တောင်းဆိုတာဖြစ်ပါတယ်။ ထိုသူကပြန်ပြောပြ၍ အမျှအတန်းပေးဝေခြင်းကြောင့် ပြတ္တာဘ၀မှ ကျွတ်တမ်းဝင်ရပါတယ်။

ထို့ကြောင့် ရဟန်းတို့ ၏ ကြီးမားသောသီလသော်ပင်ငြား စိတ်မချရပါ။ ပုထုဇဉ်တို့၏သီလသည် ပို၍ပို၍ပင် စိတ်မချရပါ။ သီလတစ်ခုတည်းဖြင့် တင်းတိန်ရောင့်ရဲ မနေကြပါနှင့်။ သီလမစောင့်ထိန်းရန် ဆိုလိုခြင်းမဟုတ်ပါ။ သီလကိုလည်းစောင့်ထိန်းပါ။ ၀ိပဿနာကိုလည်း နာကြားရှုပွါးပါ။ ၀ိပဿနာဉာဏ်ရှိကြပါ။ ရှိအောင်အားထုတ်ကြပါ။ ဒါန ၊သီလသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ အခြေအုတ်မြစ် ဖြစ်သော်လည်း ၀ိပဿနာဉာဏ်မရှိလျှင် အပါယ်လေးဘုံ ကျရောက်နိုင်ကြောင်း သံဝေဂယူရန်ဖြစ်ပါသည်။ ၀ိပဿနာဉာဏ်ရှု၍ ၀ိပဿနာအားထုတ်ရာ၌ ကံ ကံ၏အကျိုး၊ ပဋိစ္စသမုပ္ပါဒ် လည်ပုံ ပတ်ပုံ၊ ရုပ်နာမ်အဖြစ်အပျက်တို့ကို သိရှိအောင်အရင်ကြိုးစားအားထုတ်ကြပါ။ ထိုသို့ ကံ ကံ၏အကျိုး၊ ပဋိစ္စသမုပ္ပါဒ် လည်ပုံ ပတ်ပုံ၊ ရုပ်နာမ်အဖြစ်အပျက်တို့ကို သိရှိ၍ ၀ိနာတရားများကို အားထုတ်ကာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များဖြစ်ကြပါစေ။……………..