ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော်ဘုရားကြီးက…


“အို…လူများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီး ရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့် မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည်။ စာမတက်လို့၊ ဘာမတက်လို့လဲ မလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက် အို..လူများတို့ ယခုအခါ ကံ၊ ပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိ လျက်ကနဲ့ မထွက်သော် ကံ၊ ပါရမီ ချဖွယ်မရှိ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိ လျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ မိမိကသာ ဖျင်းလို့၊ “အ”လို့၊ ဖြစ်သည်။ “အ” သေနည်း သေတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို..လူများတို့ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ် ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀အနှစ်သာရထုတ်ခြင်းတစ်ခုဖြစ်၏။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရှိထားသင့်ပါသည်။
လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်မှာ…

(၁) ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊

(၂) လူ့ဘ၀ကို ရခဲခြင်း၊

(၃) သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊

(၄) ရဟန်းဘ၀ကို ရခဲခြင်း၊

(၅) သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်ပေသည်။

ဤနေရာတွင် လူ့ဘ၀ရခဲပုံကိုသာ စာရှုသူများ နားရှင်းသည်အထိကြိုးစားရေးသားပါမည်။ နခသီခူပသုတ်တွင် ဗုဒ္ဓဟောကြားထားသည်မှာ- “ချစ်သား၊ ချစ်သမီးတို့… ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေ ကြီး ဘယ်ဟာကများသနည်း”၊
“အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့၊ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံ့ပေါ်က မြေမှုန် လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ဖြစ်ပါသည်။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်တွင်လည်း အပါယ်ဘုံသားတို့ လူ့ဘ၀ရခဲယဉ်းပုံနှင့်ပတ်သတ်၍ ဟောကြားထားတော်မူသည်မှာ “ချစ်သား၊ ချစ်သမီတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်။ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။ အဲဒီသမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ ထမ်းပိုးကလည်း လေတိုက်ရာအရပ် လေးမျက်နှာ မျောချင်းရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့် ရင် သူပေါ်ချင်ရာမှာပေါ်မယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကို ပေါ်လာတဲ့ အချိန်လည်း ဖြစ်ရမယ်။ အရပ်လေးမျက်နှာ မျောချင်ရာ မျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့် နေရာ ရောက်နေရမယ်။ ပိုပြီးခဲခဲယဉ်းယဉ်း ဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”၊

“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရား”

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ကတော့ ယခုငါဘုရား ဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့” ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤဟောကြားချက် သုံခုလုံးပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။ အများအားဖြင့် လူတွေက မိမိရလာတဲ့ ဘ၀ကို တန်းဖိုးသိတ်မထားသလိုပါဘဲ။ အင်မတန်ကံကောင်းလွန်းသောကြောင့် လူ့ဘ၀ကို ခဏတာရောက်လာခြင်းဖြစ်ပါသည်။ အခုလို လူ့ဘ၀ရောက်ချိန်လေးမှာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကိုကြိုးစားအားထုတ်မှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်မှန်းချက် အတိုင်းလိုက်နာသူစင်စစ် ဖြစ်ပါမည်။ လောကီအလုပ်တွေနဲ့ဘဲ အချိန်ကို အသုံးချနေမယ်ဆိုရင် လူ့ဘ၀တန်ဖိုးဆုံးရှုံးသွားပါမည်။ တန်းဖိုးထား တက်သူမှသာ တန်းဖိုးရှိမှန်းသိပါမည်။ တဆက်တည်းပြောလိုသည်မှာ မိမိတို့ ပန်းတိုင်ရောက်ရေး အားထုတ်ရာမှာ ဆရာကောင်းကို ဆည်းပူးဖို့အရေးကြီးပါသည်။ ဆရားတင်မှားပါကလည်း မိမိတို့ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်ပါ။ “ပူဇော်ရာမှာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုသည့်အတိုင်း ဆရာကောင်းကို ရွေးချယ်ကိုးကွယ်ရပါမည်။ ဆရာကောင်းကိုရရင် ကိစ္စအားလုံးပြီးစီးတယ်လို့ ဘုရား ရှင်က ဟောကြားခဲ့ပါသည်။ မိမိတို့ရထားတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိကာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်တက်လှမ်းဖို့သည်သာ အရေးအကြီးဆုံးဖြစ်ပါသည်။


“စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်းမှန်းချက် ပန်းတိုင်ကို အရောက်တက်လှမ်းနိုင်ကြပါစေ…”



မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။



ဗုဒ္ဓဒေသနာနှင့်လောကလူသား…၊

ဗုဒ္ဓတရားတော်သည် လွန်စွာ နက်နဲသိမ်မွေ့မြင့်မားရကား နေ့စဉ်အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်စားသောက်နေထိုင်ကြရသည့် လောကလူသား မိန်းမ၊ ယောက်ျား များအတွက်မူ ဗုဒ္ဓကျင့်စဉ်ကို အလုံးစုံ လိုက်နာကျင့်သုံးနိုင်ကြမည်မဟုတ်ပါ။ ဗုဒ္ဓ၀ါဒီ အစစ် အမှန်တစ်ဦးဖြစ်လိုပါက လောကမှဖယ်ခွာ၍ ကျောင်းကန်ဘုရား ဆိတ်ငြိမ်ရာ အရပ်များသို့ ‘တောထွက်’ ကြရပေလိမ့်မည်ဟု အချို့ပုဂ္ဂိုလ်များက ထင်မှတ်နေကြပေသည်။ ဤကား ၀မ်းနည်းဖွယ်ရာ အထင်အမှတ် လွဲမှားနေခြင်းပင်ဖြစ်ပေသည်။


ဗုဒ္ဓဟောကြားတော်မူထားသည့် တရားတော်များကို ကောင်းစွာ နားမလည်သေး သောကြောင့် ထိုသို့ လွဲမှားမှတ်ယူနေကြကြောင်း ထင်မိပါသည်။ ဗုဒ္ဓတရားတော်သည် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်ဘဲ။ အိမ်ရာတည်ထောင် နေထိုင်ကြသည့် သာမန် လောကလူသား မိန်းမ၊ယောက်ျားများ အတွက်လည်းဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒတို့ ကျင့်သုံးရာလမ်းစဉ်ဖြစ်သော မဂ္ဂင်(၈)ပါး တရားတော်မြတ်သည် ဂုဏ်ထူးဝိသေသ အဆင့်အတန်း လုံးဝခွဲခြားခြင်းမရှိဘဲ ခပ်သိမ်းသော ပုဂ္ဂိုလ်အပေါင်းတို့ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး သာယာအေးချမ်းအောင်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များ အတိုင်းတည်ဆောက်နိုင်ပါသည်။ အထူးတလည် ကျင့်ကြံပွားများစရာ မလိုပါဘူး။ မိမိတို့သိတဲ့ အတိုင်းသာလိုက်ကျင့်ဖို့လိုတာပါ။ လူတိုင်းထို အသိရှိပြီး ကျင့်ကြမည်ဆိုပါက အားလုံးအမုန်းမရှိဘဲ သာယာဖွယ် ဖြစ်ပါလိမ့်မည်။



အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရ ပုဏ္ဏားတို့ရွာသို့ ရောက်တော်မူပါသည်။ ထိုအခါရွာသူရွာသားတို့က မြတ်စွာဘုရားရှိရာသို့ လှူဖွယ်၊ ပူဇော်ဖွယ် ၀တ္ထုတို့ဖြင့် လာရောက်ကြပါသည်။ ထိုသို့ လူအများလာရောက် ကြသောအခါ အလ္လာပ၊ သလ္လာပ စကားများပြောကြပြီး ထိုရွာမှအကြီးအကဲ ပုဏ္ဏားကြီးက မြတ်စွာဘုရားအား လျှောက်ထားပါသည်။ ဘယ်လို လျှောက်သလဲဆို တော့..
“မြတ်စွာဘုရား တပည့်တော်တို့ အိမ်ရာတည်ထောင်၍ နေကြသောသူတို့သည် အရှင်ဘုရားတို့လို ဆွမ်းခံစားတာ မဟုတ်တော့ ရွှေ၊ ငွေကိုလည်း မစွန့်နိုင်ပါ။ သားမယား တို့ကိုလည်း မစွန့်နိုင်ပါ။ အ၀တ်ကောင်းကိုလည်း ၀တ်ချင်ပါသည်၊ အစားကောင်းကိုလည်း စားချင်ပါသည်။ ပန်းကိုလည်း ပန်လိုပါသည်။ သနပ်ခါးကိုလည်း လိမ်းလိုပါသည်။ ပွဲကိုလည်းကြည့်လိုပါသည်။ တောတောင် ကိုလည်းမထွက်နိုင်ပါ။ သေတဲ့အခါ အပါယ်လေးပါးသို့လည်း မကျလိုပါ။ နတ်ပြည်သို့ ရောက်လိုပါသည်။ သို့အတွက် မြတ်စွာဘုရားသည် တပည့်တော်တို့အား တောလည်းမထွက်ရ၊ သားမယားကို သာယာလျှက်၊ ရွှေ၊ ငွေ ကိုလည်း သာယာလျက်၊ အစားကောင်းကိုလည်း စားကာ၊ အ၀တ်ကောင်းကိုဝတ်လျက်၊ ပန်းကိုလည်းပန်ကာ၊ သနပ်ခါးလိမ်းလျက်၊ ပွဲလည်းကြည့်ကာ၊ အပါယ်လေးပါးသို့ မကျဘဲ နတ်ပြည်သို့ ရောက်တဲ့တရားကို ဟောတော်မူပါဘုရားတဲ့”
ဒီတရားတောင်းဟာ အိမ်ယာတည်ထောင်နေသော လူတွေအားလုံးနှင့် အင်မတန်သင့်တော်သော တရားတောင်းပါ။ အဲဒီတရားတောင်းတော့ မြတ်စွာဘုရားက ဘယ်လိုမိန့်တော်မူသလဲဆိုတော့..
“ပုဏ္ဏားတောင်းတဲ့ အတိုင်းဖြစ်ပါစေမယ်၊ ရွှေ၊ ငွေကိုလည်း မစွန့်ရပါဘူး။ တော လည်းမထွက်ရပါဘူး။ အ၀တ်ကောင်းလည်း ၀တ်ရပါမယ်။ အစားကောင်းလည်း စားရပါမယ်။ သနပ်ခါးလည်း လိမ်းရပါတယ်။ ပန်းလည်းပန်ရပါတယ်။ ပွဲလည်းကြည့် ရပါတယ်။ သေတဲ့အခါ အပါယ်လေးပါးကိုလည်း မရောက်စေရပါဘူး၊ နတ်ပြည်ကို လည်း ရောက်ရပါစေမယ်။ သို့သော် ငါဘုရားပြောတဲ့ အတိုင်းလိုက်နာကျင့်ကြံရပါမယ်” လို့ မိန့်တော်မူပါသည်။
ပုဏ္ဏားက “ဒီလိုဆို ကျင့်ကြံပါမယ်ဘုရား အကျင့်လမ်းစဉ်ကိုသာ ဟောတော်မူပါတဲ့”
“ဒီတော့ မြတ်စွာဘုရားက အကျင့်လမ်းစဉ်ကို ဘယ်လိုဟောသလဲဆိုတော့..”


(၁) “ငါ့ကို သတ်လျှင် ငါမခံချင်သလို သူများကို ငါကသတ်လျှင် သူများက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက်ငါသည် သူတစ်ပါးအား သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ပါအံ့ဟု ကျင့်ရမယ်”။


(၂) “ငါ့ဥစ္စာကိုခိုးလျှင် ငါမခံချင်သလို၊ သူတစ်ပါးဥစ္စာကို ငါကခိုးလျှင်လည်း သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့ဟု ကျင့်ရမယ်”။


(၃) “ငါ့သားမယားကို သူတစ်ပါးက မှားယွင်းလျှင် ငါမခံချင်သလို သူတစ်ပါးသား မယားကို ငါမှားယွင်းလျှင် သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးသားမယားကို မှားယွင်းခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။


(၄) “ငါ့ကို သူတစ်ပါးက လိမ်ပြောလျှင် မကြိုက်သလို သူတစ်ပါးကို လိမ်လျှင်လည်း သူတစ်ပါးက ဘယ်ကြိုက်ပါ့မလဲ။ သို့အတွက် ငါသည် မုသားပြောဆိုခြင်းမှ ရှောက်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။


(၅) “ငါသည် သူတစ်ပါးသောက်စားမူးယစ်တာကို မြင်လျှင် မကြည်ညိုသလို၊ ငါသောက်စားမူးယစ်လျှင်လည်း သူတစ်ပါးက ဘယ်ကြည်ညိုပါ့မလဲ၊ သို့အတွက် ငါသည်သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။



ငါးပါးသီလမြဲအောင် ကျင့်ရမည်ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေဖြစ်နေခြင်းမှာ လူသတ်တာ အကုသိုလ်ဖြစ်ကြောင်းကို လူတိုင်းမသိ၍၊ သိသော်လည်း မကျင့်သောကြောင့်ဖြစ်ပါသည်။ ထို့နောက် သူတပါးပစ္စည်း၊ နယ်မြေလိုချင်တဲ့ လောဘတွေ၊ သူတပါးကို သေစေလိုတဲ့ ဒေါသတွေကြောင့် လောကကြီးမှာ ယနေ့ထိ ငြိမ်းချမ်းမှုတွေ နေရာတိုင်း မရနိုင်သေးတာပါ။



အဒိန္နာဒါနာကံမှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ မတော်မတရားယူခြင်း၊ အလေးခိုးခြင်း၊ ဓားမြတိုက်ခြင်း အားလုံးကိုထည့်တွက်ရပါမည်။ ထိုအမှု့များ လုပ်ပါက အကုသိုလ်ကံ ဖြစ်သည်ဟုသိပြီး လိုက်ကျင့်ကြပါက လောကမှာ သူခိုးများရှိမည် မဟုတ်တော့ပါ။ မိမိတို့ ပစ္စည်းကိုသာ အသုံးပြု၍ သူတပါးထံမှ လိုချင်သော လောဘတရားလည်း အလိုလိုပယ်သတ်နိုင်ပါလိမ့်မည်။



မိမိနှင့် မောင်နှမသားချင်း စာနာကာ သူတပါး သားသမီးအပေါ် ကျူးလွန်ခြင်းအမှု ကာမသုမိစ္ဆာစာရကံကို လူတိုင်းစောင့်ထိန်းကြမည်ဆိုပါက မလိုလားအပ်သော အမှုခင်းများလည်း ဖြစ်မည်မဟုတ်ပေ။ “နှမချင်း စာနာထောက်ထားပါ” “သားသမီးချင်း ကိုယ်ချင်းစားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ထိုသို့စောင့်ထိန်း ခြင်းကြောင့် လူသားအားလုံး အိမ်ထောင်ရေးပြဿနာ၊ ကိုယ်ကျင့်တရားဖောက်ပြားမှုများ မဖြစ်တော့ဘဲ သာယာမှုရစေနိုင်ပါသည်။



မုသားစကားဆိုရာတွင် လိမ်ပြောခြင်း၊ ကြမ်းတမ်းစွာဆဲဆိုပြောခြင်း၊ ကုန်းချောစကားပြောခြင်း၊ အကျိုးမရှိသောအပိန်ဖျင်း စကားများပြောခြင်း တို့ကိုပါမှတ်ယူ စောင့်ထိန်းကြရပါမည်။ စီဘောက်မှာ ဆဲဆိုပြောနေခြင်းများ၊ သူတပါးတွေကို ကုန်းချောသောစာများကို တွေ့ရပါက မည်သို့ခံစားရသည်ကို စာဖတ်သူများသိကြမှာပါ။ တရားသိပြီးစောင့်ထိန်းကြပါက ထိုကဲ့သို့ သေးငယ်သော အမှုမှစ၍ ကျူးလွန် ကြမှာမဟုတ်ပါ။



သေရည်အရက်သောက်ပါက မူးယစ်ပြီး ဆုံးဖြစ်ချက်များ မှန်ကန်စွာမချနိုင်တော့ပါ။ မိမိသောက်လိုက်ခြင်းကြောင့် ပတ်ဝန်းကျင်လည်း ထိခိုက်ရပါသည်။ အရက်၊ ဆေးခြောက်၊ ဘီယာ၊ မူးယစ်ဆေး၊ ထန်းရည် အားလုံးကို ပါမှတ်ယူ ရှောင်ကြဉ်ရပါမည်။ မူးယစ်သောက်စားပြီးပါက နောက်ထပ် မကောင်းမှုမှားဆက်လုပ်ချင်တဲ့ စိတ်ကဖြစ်လာတက်ပါသည်။ အရက်မူးခြင်းကြောင့်ဖြစ်သော အမှုခင်းများ အားလုံးလည်းဖြစ်မည် မဟုတ်ပေ။


ထို့ကြောင့်ဘုရားရှင်ဟောကြားခဲ့သော တရားများသည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲအပေါင်းမှ လွတ်မြောက်စေခြင်း အပြင် လောကအတွင်း သတ္တ၀ါအားလုံး နေနည်းများ ကိုလည်း လမ်းညွှန်ပြထားခဲ့ပေသည်။ လောကရဲ့အလှတရားကို သီလပန်းဖြင့် ဆင်မြန်းမှသာ တင့်တယ်လှပနိုင်ပါမည်။



ကျွန်တော်တို့အားလုံး ငါးပါးသီလအစဖြာသော သီလတရားကို စောင့်ထိန်း၍ လောက နှင့် မိမိတို့ သံသရာအတွက် သီလရနံ့ဖြင့် ထုံမွှမ်းကြပါစို့…။



စောင့်လေမျိုးနွယ်..၊

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ် ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။


(၁) ကျွေးမွေးမပျက် ဟူသည် အသက်အရွယ်ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမည်ဟု ဆိုလိုပါသည်။

(၂) ဆောင်ရွက်စီမံ ဟူသည် အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့၏ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက် တာဝန်ယူရမည်ဟု ဆိုလိုသည်။




(၃) မွေခံထိုက်စေ ဟူသည် မိဘတို့၏ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက် လက်ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။

(၄) လှူမျှဝေ၍ ဟူသည် တမလွန်ဘ၀သို့ ကွယ်လွန်ပြောင်းရွှေ့သွားကြသော မိဘ တို့အားရည်စူး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်းပေးဝေရမည်ဟု ဆိုလိုသည်။

(၅) စောင့်လေမျိုးနွယ် ဟူသည် မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဟု ဆိုလိုသည်။
စောင့်လေမျိုးနွယ်းဆိုရာတွင် မိမိတို့မျိုးဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဟူသောမျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမည်။

“လူမှာအမျိုး ကြက်မှာအရိုး” ဟူသောဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်သည် အရေးကြီးလှပါသည်။ ဘာသာရေးအရဆိုလျှင် မိမိတို့၏ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမည်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတက်ရပါမည်။ မြန်မာအမျိုးသား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာ၌ ဘာသာတူဖြစ်သော ဗုဒ္ဓဘာသာဝင်မျိုးရိုးကို ရွေးချယ်ရပါမည်။ ဤအချက်သည် အလွန်အရေးကြီးပါသည်။ တချို့လူငယ်တို့သည် အချစ်သည်သာပဓာနဟူသော စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှားကြလေသည်။ အိမ်ထောင် ဖက်ရွေးချယ်မှားရာတွင် ယောက်ျားလေးထက် မိန်းကလေးက ပို၍အရေးကြီးသည်။ ဘာသာခြားနှင့် အိမ်ထောင်ပြုမိပါလျှင် သားစဉ်မြေးဆက် ရင်သွေးတို့ပါ ဘာသာခြား ဖြစ်သွားတက်ပါသည်။ စောင့်လေမျိုး နွယ်တာဝန် ကြီး ပျက်သွားပါသည်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးခံယူချက်နှင့် လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့မှု တို့ကြောင့် အချို့သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့သည် ဘာသာခြား တို့နှင့် အိမ်ထောင်ပြုကြသဖြင့် ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာရလေသည်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းမှရမည်ဟူသော လူမျိုးရေး၊ ဘာသာရေး အသိရှိကြရပါမည်။ ထို့ထက်ပို၍ မိမိတို့ကိုးကွယ်နေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို သိတက်ရပါမည်။ ထိုကျေးဇူးတော်တွေကို သိပြီး လိုက်နာကျင့်သုံးနိုင်မှသာ ဗုဒ္ဓဘာသာဝင်ဟု အပြည့်အ၀ ခံယူထိုက်ပါသည်။ ကျနော်တို့ မြန်မာတွေဟာ ယုံကြည်တက်မှု အလွန်လွယ်ကူကြပါသည်။ ဘုရား၊ တရား၊ သံဃာ အပြင် အခြားသော ရိုးရာကိုးကွယ်မှုနတ်များ၊ ဗေဒင်၊ လက္ခဏာ၊ ဘိုးတော်၊ မယ်တော် တွေကိုပါ ယုံကြည်တက်ကြပါသည်။ ဒီလိုပညာတွေ ကဟော နိုင်တာက ကာလ(၃)ရပ် (အတိတ်ဖြစ်ရပ်တွေ၊ လက်ရှိနဲ့ အနာဂတ်ဖြစ်ရပ်တွေ)၊ စိတ်နေသဘောထား (ပေါင်းသင်းဆက်ဆံရေး ) နဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အချစ်မေတ္တာရေး စတာတွေဖြစ်ပါမည်။ ဒီပညာတွေမှာ လွဲမှားနိုင်တဲ့ အချက် (၂)ချက်ရှိပါသည်။


(က) ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ရွှီးနေလို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါသည်။


(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေ ကြောင့်လဲလွဲနိုင်ပါသည်။ ကိုယ်ဟောနေတာ၊ ဆုံးဖြတ်တာမှန်ရဲ့ သားနဲ့ လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်သည်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါသည်။

ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်က ကိုယ့်ကိုယ်ကို တွက်ကြည့်တော့ မဝေးတော့တဲ့ တစ်ခုသော လပြည့်ည သန်းခေါင်မှာ သေမည်ဟု အဖြေရပါသည်။ သူ့မိန်းမကလဲ တွက်ကြည့်တော့ သေမည်ဟုဘဲ အဖြေရပါသည်။ ဒီတော့ ဘုရားရှင် ကို လာမေးပါသည်။ ဘုရားရှင်ကလဲ သေမယ်လို့ပဲ ဟောလိုက်ပါသည်။ အဲဒီအခါ ပုဏ္ဏားကလန့်ပြီး သေသွားပြီးတဲ့နောက်မှာ ငါသာမျောက်ဖြစ်ရင် စားဖို့ဆိုပြီး ငှက်ပျောသီးတွေ စိုက်တယ်၊ ငှက်ဖြစ်ရင် နေဖို့ ညောင်ပင်တွေစိုက်တယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးတယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးတာတွေ၊ ရေကန်တူးတာ တွေလုပ်ပါသည်။ နောက်တော့ လမ်းဖောက်တာတွေပါ လုပ်လာပါသည်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင်ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ပါးတွေ စသည်ဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြဖြစ် နေပါသည်။ သေမယ်လို့တွက်ချက်သိထားတဲ့ ညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့် အချိန်ကို စောင့်နေပါသည်။ အာရုဏ်တက် ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီးရန်တွေ့ဖို့ ထွက်လာခဲ့ပါသည်။ ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေ လုပ်လဲဆိုတာမေးတော့ ပုဏ္ဏားက မိမိလုပ်ဆောင်ခဲ့တာတွေ လျောက် ထားပါသည်။ အဲဒီအချိန်မှာ ဘုရားရှင်က ပုဏ္ဏားလုပ်ခဲ့တာတွေက အသက်ရှည်ရာ ကောင်းမှုတွေဖြစ်ကြောင်း ဟောခဲ့ပါသည်။ ဒီတော့ သာမာန်ဗေဒင်လို သက်သက် မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါသည်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အခြေခံအားဖြင့် ကံ နဲ့ ကံ ရဲ့ အကျိုးကိုယုံရပါမည်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ ရက်ရာဇာ၊ ပြဿဒါး လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲမိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမည်။


ထို့ကြောင့်ယုံကြည်အားထားရာ အစစ်အမှန်မဟုတ်သော အရာများအပေါ် ယုံကြည် မှုလွန်ကဲကြလျှင် တကယ့်အစစ်အမှန်များက မှေးမှိန်နေရပါဦးမည်။ တရားစစ်၊ တရားမှန်တွေကိုလည်း လူတိုင်းသိခွင့်နည်း နေပါတော့မည်။ ထိုသို့မသိခြင်းကြောင့် ထင်ရာလုပ်ကြပါမည်၊ ထင်ရာလုပ်တော့ ဒုက္ခရောက်ရပါလိမ့်မည်။ ရခဲလှသော ဗုဒ္ဓဘာသာဝင် ဘ၀မှာ အလွဲယုံကြည်မှုမဖြစ်စေရန်နှင့် မိမိတို့အမျိုးဂုဏ်ကို ကိုယ်စီ စောင့်ထိန်းဖို့ တာဝန်ကို မြန်မာလူမျိုးတိုင်းသိတက်နေရပါမည်။



“စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် ကောင်းကျိုးလိုလာ ဆန္ဒပြည့်ဝကြပါစေ…”


ဥပမာ ရှုစရာ လူသားများ(၂)

ဗုဒ္ဓဘုရားရှင်၏ တရားတော်တွေဟာ ဗဟုသုတ ရရုံသာမဟုတ်ဘဲ လက်တွေ့ကျင့် ကြံအားထုတ်ရန် ဖြစ်ပါသည်။ လောကမှာ အချို့က “ငယ်ပါသေးတယ်၊ အသက်ကြီးမှ တရားလေ့လာတော့မယ်၊ တရားအားထုတ်တာ အသက်ကြီးတဲ့သူတွေ အလုပ်၊ ငယ်တုန်းမှာ လူငယ်သဘာဝ ပျော်ထားကြမှ…စသဖြင့်၊” ပြောစမှတ်ရှိနေကြပါ


သည်။ ဘုရားကို စိတ်ထဲမှာရှိရင်ပြီးရော ဆိုတာမျိုး၊ မနက်ဖြန်စာမေးပွဲရှိမှ ဒီနေ့ဘု ရားရှိခိုးတယ် ဆိုတာမျိုးလည်း ရှိကြပါသည်။ ထိုသို့စကားတွေကြားရတဲ့အခါမှာ များစွာသံဝေဂရမိပါသည်။ အချို့ကျတော့ သိတော့သိကြပါသည်။ လက်တွေ့မကျင့်ဆောင်ကြပါဘူး။ အချိုးကျတော့လည်း မိမိကသိတာနဲနဲ ပြောတာကများများ ဖြစ်နေတက်ပါသည်။ ဒီလိုနဲ့ လောက ဇာတ်ခုံမှာ ကံ ဇာတ်ဆရာစီစဉ်တဲ့အတိုင်း က နေကြပါတော့သည်။ မိမိတို့တွေသည် ဘ၀အခြေအနေအမှန်ကို မသိဘဲနေသွား ကြမယ်ဆိုရင်တော့ လူ့ဘ၀တန်ဖိုး ဆုံးရှုံးရပါတော့မည်။ တဘက်မှာလည်း မိမိအတွက် အားထုတ်ရသလို သူများအတွက်လည်း လုပ်ဆောင်သင့်ပါသည်။ မိမိကိုယ်တိုင် ဦးစွာသိရှိ ကျင့်ကြံဖို့သည်လည်း လိုအပ်ပါသည်။ ဤသို့ဖြင့်..

ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။


ကြွက်နှင့်တူသူ လေးယောက်


(၁) တွင်းတူးလျှက် မအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


(၂) အောင်းလျှက် တွင်းမတူးသော ကြွက်နှင့်တူသူ တစ်ယောက်။


(၃) တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


(၄) တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


ဤသို့အားဖြင့် ကြွက်နှင့်တူသူတို့ လေးယောက်ဖြစ်ကုန်၏။



(၁) လောက၌ လူအချို့သည် စာကိုသင်၏။ ထိုသူသည် စာ၏အနက်အဓိပ္ပာယ်ကို ဘာမျှမသိ။ ဤကား ဒုက္ခဟူ၍ ယထာဘူတကျကျမသိ (အမှန်အတိုင်း ဟုတ်တိုင်း မှန်စွာမသိ)။ ဤကားဒုက္ခဖြစ်ကြောင်း တရားဟူ၍ ဟုတ်တိုင်းမှန်ရာကို မသိ။ ဤ သည်ကား ဒုက္ခချုပ်ငြိမ်းရာဟူ၍ အမှန်ကို အမှန်အတိုင်း မသိ။ ဤကား ဆင်းရဲချုပ် ငြိမ်းရာ နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်တည်းဟု မသိ။
ဤပုဂ္ဂိုလ်သည် တွင်းသာတူးလျက် မအောင်းသောကြွက်နှင့်တူ၏။ ကြွက်သည် တွင်းသာတူးပြီး မအောင်းသကဲ့သို့ ထို့အတူ ထိုသူသည် ပိဋကတ်ကျမ်းဂန်သာ တက်ကျွမ်းပြီး အမှန်တရားကို နားမလည်သူ ဖြစ်လေသည်။ သက်ဝင်ယုံကြည်ပြီး လိုက်ပါမကျင့်သောသူ ဖြစ်သည်။


(၂) လောက၌ လူအချို့သည် စာကိုကားမသင်။ ထိုသူသည်“အမှန်တရားကိုကား သိ၏”။ ထိုပုဂ္ဂိုလ်သည် အောင်းလျက်တွင်းမတူးသော ကြွက်နှင့်တူ၏။ ထိုကြွက်သည် အောင်းသာအောင်းပြီး တွင်းမတူးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည် စာမ တက်ဘဲလျက် အမှန်ကို အမှန်အတိုင်း ယထာဘူတကျကျ သိသောသူ ဖြစ်လေသည်။


(၃) လောက၌ လူအချို့သည် စာကိုလည်းသင်၏။ အမှန်တရားကိုလည်းသိ၏။ ထိုသူသည် တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်နှင့်တူ၏။
ထိုကြွက်သည် တွင်းလည်းတူး၊ အောင်းလည်းအောင်းကဲ့သို့ ထို့အတူ ထိုသူသည် စာလည်းတက်၊ တရားကိုလည်း ဟုတ်မှန်သောအတိုင်း သိသောသူ ဖြစ်လေသည်။


(၄) လောက၌ လူအချို့သည် စာကိုလည်းမသင်။ အမှန်တရားကိုလည်းမသိ။ ထိုသူသည် တွင်းလည်းမတူး၊ အောင်းလည်းမအောင်းသကဲ့သို့ ထိုသူသည် စာကို လည်းမသင်၊ ဘာကိုမျှလည်း မသိသူ ဖြစ်လေသည်။
မိမိသည် တရားကိုဘာမှ မသိသေးပါလား ဆိုပြီး စိတ်ဓာတ်ကျရမှာ မဟုတ်ပါဘူး။ အချိန်ရတုန်းလေးမှာ ကြိုးစားအားထုတ်မည်ဆိုလျင် ရနိုင်ပါသည်။ အဓိက ကတော့ ဘုရားကို စိတ်ထဲမှာ ရှိတယ်ဆိုရုံနဲ့ မရပါဘူး။ အချို့က မိမိလည်းတရားတော် အတိုင်းမနေထိုင်ပါဘူး၊ သူများကိုလည်း လူမိုက်အားပေးစကားတောင် ပြောတက်ကြပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်နေပြီလဲ ဆိုတာ သိတက်၍ တရားနဲ့ မွေ့လျော် တရားနဲ့ပျော်အောင် နေသင့်ပါပြီ။ အထက်ပါကြွက်လေးမျိုး ဥပမာတွင်လည်း မိမိသည် မည်ကဲ့သို့သော ကြွက်ကဲ့သို့ ဖြစ်နေလဲ ဟုသုံးသပ်ကာ လေ့လာကြိုးကုတ်အားထုတ်သင့်ပါသည်။ နံနက်မှာ နေမင်းကြီးထွက်လာတာဟာ နေ၀င်ဖို့ဘဲ ဖြစ်ပါသည်။ ဘ၀ဖြစ်လာတာဟာလည်း သေဆုံးဖို့ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခဏဖြစ်ရ လူ့ဘ၀ အနှစ်ရှိအောင်ကြိုးစားရပါမည်။ ဘ၀ရပ်တည်မှု မှာ “ယောနိသော မနသိကာရ”(အသင့်အတင့် အမှန်အတိုင်းနှလုံးသွင်းမှု) ရှိဖို့အ ရေးကြီးပါသည်။ ထိုသို့ဖြစ်အောင်လည်း တရားနာကြားရပါမည်။ တရားနာတာတောင် နှလုံးသားထဲ မရောက်ရင် ကုသိုလ်ပဲ ဖြစ်ပါမည်။ ခန္ဓာဉာဏ်ရောက်အောင် နာစေချင်ပါသည်။ သစ္စာလေးပါးကို ကောင်းမွန်မှန်ကန်စွာ အမှန်အတိုင်း သိမြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော အာရုံကို မတွေမဝေ အမှန်အတိုင်း သိတတ်သောကြောင့် အမောဟဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော ဓမ္မတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ဤသည်ကား ကုသိုလ်၊ ဤသည်ကားအကုသိုလ် စသည်ဖြင့် စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း ထိုးထွင်းသိမြင် တတ်သောကြောင့် ဉာဏ=ဉာဏ်ဖြစ်အောင်၊ ပညာတွေဖြစ်အောင် တရားနာကြပါ။
မိမိတို့ကိုယ်တိုင် တရားဓမ္မတို့ကို လေ့လာမှတ်သား ကျင့်ကြံကာ တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်ပမာ ကြိုးစားအားထုတ်နိုင်ကြပါကုန်။





“အသိတစ်လုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

ဥပမာ ရှုစရာ လူသားများ…

လူအမျိုးမျိုး၊ နတ်အမျိုးမျိုး ဆိုသကဲ့သို့ လောက၌ ပုဂ္ဂိုလ်အမျိုးမျိုး လူတန်းစားလည်း အသီးသီးပင်ဖြစ်သည်။ လိမ္မာမည်ဟု ထင်ရလျက် မိုက်သောလူစားမျိုး၊ မိုက်မည်ဟုထင်ရလျက် လိမ္မာသောလူစားမျိုး၊ ဆိုးမည်ဟု ထင်ရလျက် ကောင်းသောလူစားမျိုး၊ ကောင်းမည်ဟုထင်ရလျက် ဆိုးသောလူစားမျိုး၊ ဖြောင့်မည်ဟုထင်ရလျက် ကောက်သောလူစားမျိုး ဤသို့ဖြင့် ပုဂ္ဂိုလ်အမျိုးမျိုးရှိလေကြသည်။

ထိုကဲ့သို့ အမျိုးမျိုးသော ပုဂ္ဂိုလ်များကို ကွဲကွဲပြားပြား၊ ခြားခြားနားနား သိစေရန်အတွက် ဥပမာများဖြင့် တင်စား၍ ပြဆိုထားချက်များကိုလည်း စာပေကျမ်းဂန်တို့၌ တွေ့နိုင်ပါသည်။ လူသည် မိမိဘ၀နှင့် အခြေအနေကို သေချာ သိရှိရန် လိုအပ်ပါသည်။ လူဘောင်ရောက်လို့မှ လူလိုမကျင့်ရင် လူရာမ၀င် ဖြစ်ပါတော့မည်။ မိမိ၏ အခြေအနေမှန်ကို သိမှသာလျှင် အဆိုးအကောင်း ဆင်ခြင်သုံးသပ်၍ လိုအပ်တာကို ပြင်ဆင်နိုင်ပါလိမ့်မည်။ ကောင်းမွန်တာများကို ထိန်းသိမ်းသွားနိုင်ပါမည်။

ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။

မိုးတိမ်နှင့်တူသူ လေးယောက်၊

(၁) ချုန်းလျက် မရွာသောမိုးနှင့် တူသူ တစ်ယောက်၊

(၂) ရွာလျက်မချုန်းသောမိုးနှင့် တူသူ တစ်ယောက်၊

(၃) ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုးနှင့် တူသူ တစ်ယောက်၊

(၄) ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုးနှင့် တူသူ တစ်ယောက်၊

ဤသို့အားဖြင့် မိုးတိမ်နှင့်တူသောသူ လေးယောက်ရှိပါသည်။

(၁) လောက၌ လူအချို့သည် ပြောကားပြောကြ၏။ ပြောသည့်အတိုင်းမလုပ်ဆောင်ကြပါ။ ဤသို့ပြောရုံသာပြောလျက် လိုက်မလုပ်သော သူသည် “ချုန်းလျက်မရွာသောမိုး” နှင့်တူပေသည်။

(၂) လောက၌ လူအချို့သည် လုပ်ဆောင်ကြပါသည်၊ စကားတော့ များများမပြောကြပါ။ ဤသို့ လုပ်ရုံသာလုပ်၍ မပြောသောသူ သည် “ရွာလျက်မချုန်းသောမိုး” နှင့်တူပေသည်။

(၃) လောက၌ လူအချို့သည် လုပ်လည်းလုပ်ဆောင်ကြပါသည်၊ ပြောလည်းပြောပါသည်။ ဤသို့ လုပ်လည်းလုပ်၊ ပြောလည်းပြောသော သူသည် “ချုန်းလည်းချုန်း၊ ရွာလည်းရွာသောမိုး” နှင့်တူပေသည်။ ဤပုဂ္ဂိုလ်မျိုးလည်း လောက၌ များစွာရှိပါသည်။

(၄) လောက၌ လူအချို့သည် ပြောလည်းမပြော၊ လုပ်လည်းမလုပ် ဘဲနေတက်ကြပါသည်။ ဤသို့ ပြောလည်းမပြော၊ လုပ်လည်းမလုပ် သောသူသည် “ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသောမိုး” နှင့်တူပေသည်။

မိမိသည် မည်သည့်မိုးတိမ်မျိုးထဲတွင် ရောက်နေသည်ကို မိမိကိုယ်တိုင် မေးကြည့်ဖို့လိုပါလိမ့်မည်။ အလုပ်ဆိုသည်မှာ မိမိတို့
လုပ်ဆောင်နေသော လောကီအလုပ်များထက် လောကုတ္တရာ တရားအလုပ်ကို ပြောလိုခြင်းဖြစ်ပါသည်။ မိမိကိုယ်ကို မညာဖို့ လိုအပ်သလို၊ မညှာဖို့လည်း လိုအပ်ပါသည်။ မိမိတို့ဘ၀ ယခုအချိန်သာလျင် အကောင်းဆုံး အချိန်ဖြစ်သည်။ အချိန်အခါနေ့ရက် ရွေးချယ်စရာလည်းမလိုပါဘူး၊ ကောင်းတာလုပ်တဲ့အချိန်ဟာ ကောင်းတဲ့နက္ခတ်ဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။ အသက်ကြီးမှ လုပ်မယ်လို့ပြောကြတာလည်းရှိပါတယ်။ အဲလိုပြောတာက “သေခြင်းတရားနဲ့ ချိန်းဆိုထားခြင်းမရှိ” ဆိုတာကို မသိလို့ပြောတာဖြစ်ကြမှာပါ။ သံဝေဂဉာဏ်ရသင့်ပါပြီ၊ သေခြင်း တရားကို မည်သူမှ မလွန်ဆန်နိုင်ဘူးဆိုတာလည်း အားလုံးသိကြပါသည်။ ဒီတော့ သေခြင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်သင့်ပါပြီ။ သာမာန် ဒါန၊ သီလ လောက်နဲ့လည်း ပြီးပြည့်စုံအောင် မရင်ဆိုင်နိုင်ပါဘူး။ မိမိတို့မှာ သီလတွေ ဘယ်လောက်လုံနေပြီလဲ။ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်းရမည့် ငါးပါးသီလကိုတောင် လုံနေပြီလားဆိုတာ မေးကြည့်ပါ။ သီလတရားကို အခြေခံပြီးမှ ရှေ့ဆက်ပြီး ဘာဝနာတရားတွေ အားထုတ်ရတာ ပိုလွယ်မယ်လို့ ထင်မိပါသည်။ ထို့ကြောင့် မိမိကိုယ်ကို သိရှိ၍ သူတော်ကောင်းတရားများ နာကြားကာ ကျင့်ကြံကြိုးစား သင့်ပါသည်။ ကောင်းမှုကုသိုလ်၊ ဘာဝနာ အလုပ်တွေလုပ်ရာမှာ- ဘယ်အရာကအရေးကြီးတယ်၊ ဘယ်ကအရာကအရေးမကြီးသေးဘူး ဟုမသတ်မှတ်သင့်ပါဘူး။ အားလုံးမခြွင်းမချန်လုပ်ရပါမည်။ လုပ်ဆောင်မှုကလည်း ခဏတာလုပ်လိုက်၊ နားလိုက် မဖြစ်သင့်ပါဘူး။ ကာလကြာမြင့်အောင် လုပ်ဆောင်ရပါမည်။ မိမိရဲ့စိတ်မှာလည်း ရွှင်လန်းတက်ကြွစွာလုပ်ဆောင်ရပါမည်။ မိမိလုပ်တဲ့ ဒါန၊ သီလ၊
ဘာဝနာ ကောင်းမှုတွေ အပေါ်မှာ ရိုရိုသေသေလုပ်ဆောင်ရပါမည်။ ဘုရားရှင်၏ တရားဟာ လက်တွေ့ကျကျ လိုက်လုပ်ရတာ ဖြစ်ပါသည်။ မလေ့လာ၊ မကျင့်ကြံသူကို တရားကမစောင့်ရှောက်နိုင်ပါဘူး။ လက်တွေကျင့်ကြံသူသာ တရားအရသာကို သိရတာဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို အသိတရားမှသည် လက်တွေ့ကျင့်ကြံသော၊ ချုန်းလည်းချုန်း၊ ရွာလည်းရွာသော မိုးတိမ်ပမာ ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြပါကုန်။


“အစွန်းနှစ်သွယ် လမ်းမှားပယ်၊ အလယ်လမ်းမှန်သည်၊

လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက်၊ ဆိုဒ်ရောက်နိဗ္ဗာန်ပြည်”