ကျနော်တို့ ဆွေးနွေးပွဲ အသံဖိုင်တွေကို လူအများ နာယူလို့ ရအောင် တင်ထားပြီးတဲ့ နောက်မှာ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတွေ အများကြီးရေးပြဖို့ အစီစဉ် မရှိခဲ့ပါဘူး။ ပထမ ဆွေးနွေးပွဲ အပြီးမှာ ဆောင်းပါး ၁၀ပုဒ်လောက် ရေးသား ဖော်ပြခဲ့ကြတာနဲ့ပဲ လုံလောက်ပါပြီလို့ ယူဆခဲ့လို့ပါ။ ထိုဆောင်းပါးတွေကို ဖတ်ကြည့်ခြင်း အားဖြင့် စာဖတ်သူ ပရိတ်သတ်အနေနဲ့ရော တရားအလုပ် အားထုတ်နေသူတွေ အတွက်ပါ ဓမ္မနည်းလမ်းတကျ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ဝေဖန်ဆုံးဖြတ်နိုင်ပြီလို့ တွေးမိပါတယ်။ သို့သော် အများဆန္ဒ အရရော၊ ကျနော်တို့ ထပ်မံ မေးချင်တာတွေ ရှိတာနဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ယခုလို မေးမြန်းဆွေးနွေးတာတွေကို ကျနော်တို့ အနေနဲ့ပဲ လုပ်ကြတယ်လို့ မမြင်စေချင်ပါဘူး။ ကျနော်တို့ကို ဆရာတော် မလေးရှားကို ကြွလာတဲ့ အချိန်မှာ ဆွေးနွေးကြလို့ ပြောဆိုလာတဲ့ အတွက် ဆွေးနွေးဖြစ်ခဲ့တာပါ။ ယခင်ကလည်း ဆရာတော်နဲ့ အခြားသော လူပုဂ္ဂိုလ်များ ဆွေးနွေးခဲ့တာ အကြိမ်မနည်းတော့ပါဘူး။ သူတို့တွေကိုလည်း ဆရာတော် ဘယ်လို ဖြေခဲ့တယ် ဆိုတာ ကျနော်တို့ သိပြီးဖြစ်ပါတယ်။
ပထမ ဆွေးနွေးပွဲမှာ ပထမဆုံး မေးတဲ့ အကြောင်းအရာကိုပဲ လှည့်ပတ်ဖြေကြားလိုက်တဲ့ အပြင် နောက်ပိုင်းမှာလည်း အဖြေကို တိတိကျကျ မသိရပဲ အလားတူ အဖြေတွေပဲ ပြောလာတဲ့ အတွက် ဒေါသသံတွေ ပါလာရပါတယ်။ ကျနော်တို့ အနေနဲ့ ရဟန်းတပါးကို အဲလို မပြောဆိုသင့်ဘူးဆိုတာ သိတယ်။ သို့သော် မမှန်တာကို မမှန်ဘူးလို့ ပြောရမယ် ဆိုတဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်ကို တနည်းအားဖြင့် လိုက်နာခြင်းပဲ ဖြစ်တယ်။
ဆွေးနွေးပွဲတွေကို နားဆင်ပြီး မသိသေးတဲ့ သူတွေအနေနဲ့ သိသွားကြတယ်။ေ၀၀ါးနေတဲ့ သူတွေအတွက် ပိုပြီးရှင်းလင်းအောင် သိကြတယ်။ သိပြီးသားသူတွေ အတွက် ပိုပြီးတော့ လေးနက်စေခဲ့ပါတယ်။ ယခုဆွေးနွေးပွဲ တွေကို အကြောင်းပြုပြီး တစ်ဦးတစ်ယောက် အတွက် ကောင်းကျိုးရသွားတယ်၊ အသိမြင်တွေ မှန်သွားတယ် ဆိုရင်ပဲ ပြုလုပ်ရကျိုး နပ်ပါတယ်။ ပရိသတ် အမျိုးမျိုး ရှိခြင်းကြောင့် လူတိုင်း လက်ခံခြင်း၊ လက်မခံခြင်းကို မပြောလိုပါ။ ဆွေးနွေးပွဲများ အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်တာ သင့်တော်ပါတယ်။
အသံဖိုင်များ နားဆင်ပြီးတော့ ညီအကို မောင်နှမများထံကနေ စေတနာနဲ့ အကြံပြုပြောဆိုတာတွေကို တွေ့မြင်ရပါတယ်။ စိုးရိမ်ပြီးတော့ အသိပေးပြောကြတဲ့ မောင်နှမတွေကိုလည်း တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျနော်တို့ အနေနဲ့လည်း ဒုက္ခက လွတ်မြောက်ဖို့ တရားဓမ္မတွေကို လေ့လာဆည်းပူး ကျင့်ကြံနေသူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်အတွက် အတားအဆီးဖြစ်မယ့် အရေးကို ကျနော်တို့ အဖြစ်မခံပါဘူး။ သတိ ရှိစွာ၊ နှလုံးသွင်း မှန်စွာနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာပါ။
ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ ၀ိနည်းတော်နဲ့ မသင့်လျော်တာတွေကို ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အခြားစည်းကမ်းနဲ့ ပတ်သလို့ ဆွေးနွေးမှု၊ တရားနည်းလမ်းနှင့် ပတ်သတ်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလိုပြောလို့ အပြစ်ဖြစ်၊ မဖြစ်ကို ဆရာတော်ရေးသား ဖြေကြားပေးထားတဲ့ ဆောင်းပါးမှာလည်း ဖတ်နိုင်ပါတယ်။
ထို့အပြင် လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော ဓမ္မဒီပနီ ကျမ်းမှာ အောက်ပါအတိုင်း ရေးထားပါတယ်။
ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူ ၀ိနည်းတတ်ပေါများ၍ ၀ိနည်းတရားနှင့် မညီသော ရဟန်းတို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူများ ပေါများလျှင် သာသနာတော်မှာ ကောင်းဖို့ရာဖြစ်၏။
လူတို့က ၀ိနည်းကို သိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို အလှူ လှူဒါန်းသူ ကိုးကွယ်သူမရှိဘဲ နေခဲ့မူကား သာသနာတော်၌ အလွန်ကောင်းဖို့ရာ ဖြစ်၏။ ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကေင်းစားနိုင်တော့မည် မဟုတ်ပေ။
အချို့သော သူတို့က လူများဝိနည်းတရားတော်ကို မသင်ကောင်းဟူ၍ ပြောဆိုကြ၏။ ထိုသူတို့သည် တရားတော်ကို တားဆီးပိတ်ပင်ရာ ရောက်၏။ ရဟန်းတော် တစ်ပါသည်း ရဟန်းတော် တစ်ပါးအား ၀ိနည်းတရားတော်ကို သင်ကြားခြင်းကြောင့် အဘယ်အကျိုးရှိအံ့နည်း စသည်ဖြင့် ပြောဆိုငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ လူသာမဏေတို့အား ပြောဆိုငြားအံ့၊ ဒုက္ကဋိအာပတ်သင့်၏။ ဤသို့ကြီးလေးသော အပြစ်ရှိ၏။
ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမ စံကျောင်းဆရာတော်ကြီးက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။
အချို့သော သူတို့က ၀ိနည်းတတ်လျှင် ရဟန်းတော်များ မအပ်မရာသော အမှုကို ပြုလုပ်သည်ကို တွေ့မြင်ခဲ့သော် ကဲ့ရဲ့မိတတ်၍ အပြစ်ရှိမည်ကို ကြောက်ရသည်ဟူ၍ ပြောလေ့ရှိ၏။
ထိုစကားများ၏ မကောင်းမှုကို ကြပ်ကြပ်ကဲ့ရဲ့မှသာလျှင် မကောင်းမှုပြုဝံ့သူ နည်းပါးပေလိမ့်မည်။ မကောင်းသူ ပြုဝံ့သူနည်းပါးပါမှ ဤသာသနာတော်ကြီးသည် နေ၀န်း၊ လ၀န်းပမာ လွန်စွာ ထွန်းတောက်ပေလိ့မ်မည်။
အကျဉ်းအားဖြင့် (၂၂၇)သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင်သော သိက္ခာပုဒ်တို့မှာ မြတ်စွာဘုရား သဘော အလိုအလျှောက် အကြောင်းမဲ့ ပညတ်အပ်သော သိက္ခာပုဒ်ဟူ၍ မရှိချေ။
အလိုနည်းသော ရဟန်းနှင့် လိမ္မာသော ဒါယကာ ဒါယိကာမတို့က ကဲ့ရဲ့သောကြောင့်သာ ပညတ်ရလေသည်။ ယခုကာလ အချို့သော ဒါယကာ- ဒါယိကာမတို့ကဲ့သို့ မကဲ့ရဲ့ဘဲနေကြလျှင် သိက္ခာပုဒ်ဟူ၍ တစ်ခုမျှ ရှိတော့မည် မဟုတ်။ သိက္ခာပုဒ်ဟူ၍ မရှိကလည်း ကြည်ညိုဖွယ်ရာဟူ၍ ရှိတော့မည် မဟုတ်ချေ။
မကောင်းမှုကို ကဲ့ရဲ့သော သူတို့မှာ အလိုနည်းသော သူတော်ကောင်းတို့သာ ဖြစ်ပေ၏။ အကြင်ရဟန်းတို့သည် အလိုနည်း ပါးကြကုန်၏။ ထိုရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ရှုတ်ချကြကုန်၏ဟု ၀ိနည်း ပါဠိတော်၌ သိက္ခာပုဒ်တိုင်း၌ လာရှိ၏။
သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှဝိနည်းကို တတ်မြောက်အောင် သင်ကြားပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော် ဟူသမျှတို့ကို ကဲ့ရဲ့ကြလျက် ၀ိနည်းနှင့်အညီ ကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ် ဆည်းကပ်ကြမှသာလျှင် ဤသာသနာတော်ကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်။
မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ ရှိလျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းတည်း၊ ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ခြင်းပြုမိက အရှင်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု အလဇ္ဖီပဂ္ဂဟာ၌သာ တည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဖီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏။ ထိုသို့ဖြစ်က ဤသာသနာ တော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်၊ အဘိဓမ္မာ တရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကြကုန်ရာ၏။
ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည် ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်။ ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်။
အထက်ပါ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများသည် ဘုရားဟော ပါဠိတော်များကို ကိုးကား၍ ရေးသား မိန့်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆိုရလျှင် ကျနော်တို့ ဆွေးနွေးဝေဖန်ခဲ့သော အကြောင်းအရာများနှင့် အပြုအမူကို နားလည်လက်ခံ နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။
နောက်ဆုံး အနေဖြင့် သတိပေးပါရစေ… လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ မိမိတို့ ကိုယ်ပိုင် ဉာဏ်အရ ဆုံးဖြတ်ကြတာ ဖြစ်ခြင်းကြောင့် အငြင်းမပွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လိုအပ်ချက်ရှိပါက ဆွေးနွေးအကြံပြုနိုင်ပါတယ်။
တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…
Subscribe to:
Posts (Atom)