ကမ္ဘာကြီးပျက်မယ် ဆိုတဲ့ အကြောင်းကို ကြားသိကြရတော့ အနည်းနဲ့ အများတော့ တုန်လှုပ်ကြတာတွေ ဖြစ်ကြပါတယ်။ တခါတည်း ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ပြီး ပုံမှန်အတိုင်းနေထိုင် နေတဲ့သူတွေလဲ အများကြီးပါ။ ဒီအကြောင်းတွေက အဓိက မကျပေမဲ့ လူအများစုတော့ စိတ်လှုပ်ရှားစေခဲ့တယ်။ ကမ္ဘာပျက်မယ်ဆိုတော့ အရိုးရှင်းဆုံးပြောရရင် ကျနော်တို့ သေတော့မှာလို့ ဆိုလိုတာပါပဲ။ သေခြင်းတရားကို ပုထုဇဉ် လူသားတိုင်း ကြောက်ကြတာအမှန်ပါ။ အမှန်တော့ ကျနော်တို့ရဲ့ ရှည်လျားလွန်းတဲ့ သံသရာခရီးမှာ အကြိမ်ကြိမ် သေခဲ့ရပါတယ်။ သေနည်းမျိုးစုံနဲ့ သေခဲ့ရပါတယ်။ ဒီလို မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ ဘ၀ပေါင်း မရေတွက်လောက်အောင်ပါပဲ။ ဒါတွေက ခန္ဓာရလာလို့ဖြစ်ရတဲ့ ဒုက္ခတွေပါ။ ကျနော်တို့ အဓိက လုပ်ဆောင်ရမှာက ထို ဒုက္ခအပေါင်းက လွတ်မြောက်ရာဖြစ်တဲ့ နိရောဓ သစ္စာကို ဆိုက်ရောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက နဲ့ သာမည ကို ပိုင်းခြားသိရပါမယ်။ မိမိရဲ့နေ့စဉ် ဘ၀မှာ ကုသိုလ်ကောင်းမှု တွေသာ လုပ်ဆောင်ဖို့၊ မမေ့မလျော့ဖို့၊ အဓိက ကျပါတယ်။ ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။
“သဗ္ဗေသင်္ခါရာ အနိစ္စာ” လို့ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အားလုံးသော ဖြစ်ဖြစ်သမျှ အရာဝတ္ထုတို့သည် ပျက်စီးခြင်းသဘော ရှိကြပါတယ်။ သတ္တ၀ါတွေနေထိုင်တဲ့ ကမ္ဘာကြီးလဲ တနေ့ကျရင်တော့ ပျက်စီးရမှာပါ။ ကမ္ဘာပျက်ခါနီး နှစ် တစ်သိန်းအလိုမှာ နတ်တွေက “ကမ္ဘာပျက်လိမ့်မည်” လို့ကြွေးကြော်ကြပါတယ်။ နတ်တွေ ကြွေးကြော်သံကြားတဲ့ သတ္တ၀ါတွေက အရင်ကလို မမေ့မလျော့ကြပဲ ကုသိုလ်တရားတွေ ပွားများအားထုတ် တာကြောင့် ကမ္ဘာပျက်ခါနီးမှာ အားလုံးက ဗြဟ္မာ့ဘုံရောက်ဖို့ ဈာန်တရားတွေ ရရှိကြပါတယ်။ ကမ္ဘာပျက်ဖို့ အကြောင်းမှာ မီး၊ ရေ၊ လေ စသဖြင့် ၃ မျိုးရှိပါတယ်။ မီးကြောင့်ပျက်ရမဲ့ ကမ္ဘာမှာ ပျက်ချိန်တန်ရင် နေ ၂ စင်း ပေါ်လာပါမယ်။ နေ အသစ်က ည အခါမှာ ဆက်လက် တက်လာသဖြင့် အဲဒီအချိန်မှာ နေ့ အခါ၊ ညအခါ လို့မရှိတော့ပါဘူး။ ထို့နောက် ၃ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ မြစ်ကြီးတွေမှာ ရှိတဲ့ ရေတွေ ခမ်းခြောက်မယ်။ ၄ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ဟိမ၀န္တာတော အတွင်းမှာရှိတဲ့ အိုင်ကြီး ၇ အိုင်လဲ ခြောက်ခမ်းရမယ်။ ၅ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ သမုဒ္ဒရာရေတွေ ခြောက်ခမ်းမယ်။ ၆ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ကမ္ဘာလောကမှာ အစိုအစေး ဓာတ်တွေ လုံးဝမရှိတော့ဘူး။ ၇ စင်းမြောက် နေထွက် လာတဲ့ အချိန်မှာ ကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထတောက်ပါမယ်။ ကာလအတန်ကြာ တောက်လောင်တဲ့ မီးဟာ ပထမဈာန် ဗြဟ္မာ့ဘုံအထိ တောက်လောင်တဲ့ အတွက်ကြောင့် နတ်ပြည် ၆ ထပ်လဲ မီးလောင် ပျက်ဆီးရပါတယ်။ မီးလောင်စရာ မရှိတဲ့ ပြာမှုန့် အထိ မကျန်တော့မှ ကမ္ဘာပျက်ခြင်း ပြီးပါတယ်။ (ရေဖျက်၊ လေဖျက်ဖို့ အလှည့်မှာလဲ ဆားငန်ရေထိပြီး ဆွေးမြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ ကြေမွကြရပုံ တို့ကို သိကြပါ)။ ထိုသို့ ကမ္ဘာပျက်နေတဲ့ အချိန်ဟာ အန္တရကပ် ၆၄ ကပ် ကြာပါတယ်။ (၁၀နှစ်တမ်းမှ တဖြည်းဖြည်း တက်၍ အသက် အသင်္ချေတမ်းသို့ရောက်၊ ထို အသင်္ချေတမ်းမှ ၁၀နှစ်တမ်းသို့ရောက်၊ ထိုသို့ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် လို့ခေါ်ပါတယ်)။
ကမ္ဘာပျက်မှာသည် နှောင်နှစ်ပေါင်းများစွာ လိုပါသေးတယ်။ နောက်ထပ် အရိမေတ္တယျ ဘုရားရှင် ပွင့်ပြီးမှ ကမ္ဘာလောက ပျက်ဆီးခြင်းသို့ ရောက်ပါမယ်။ အရိမေတ္တယျဘုရားရှင် ပွင့်ဖို့သည် အချိန်ကာလများစွာ လိုပါသေးတယ်။ ယခုပြောနေကြသော ကမ္ဘာပျက်ခြင်း ဆိုသည်မှာ ကမ္ဘာကြီး ဆိတ်သုန်းလောက်အောင် ပျက်ဆီးခြင်းမျိုး မဖြစ်နိုင်ပါဘူး။ အနည်းငယ်ပျက်စီးချင် ပျက်စီးပါလိမ့်မယ်။ ပျက်စီးချင်မှလဲ ပျက်စီးမယ်။ ဒီအကြောင်းတွေပြောပြီး ဖန်ဆင်းရှင်ဝါဒ၊ ကယ်တင်ရှင်ဝါဒတွေက သူတို့တွေရဲ့ ဘုရားက ကယ်နိုင်မယ်ဆိုပြီး သိမ်းသွင်းတာမျိုး ဖြစ်လာနိုင်တယ်။ အရင်ကလဲ ဒီလို ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအချက်တွေကို သတိထားကြစေချင်ပါတယ်။ ကမ္ဘာ့နေရာ အသီးသီးမှာ စစ်ဖြစ်နေတာတွေ၊ ငလျင်လှုပ်တာတွေ၊ မုန်တိုင်းတိုက်တာတွေ၊ ဆူပူသောင်းကျန်း နေတာတွေသည်လဲ ပျက်ဆီးခြင်းတွေပါပဲ။
မည်သို့ပင် ဆိုကြပါစေ… ကျနော်တို့တွေက အချိန်တိုင်း သေခြင်းတရားကို ဆင်ခြင်ပြီး မိမိမှာ ကောင်းမှုတွေ လုပ်နေရမယ် ဆိုတာ သိပြီးသားပါပဲ။ ကုသိုလ်ကောင်းမှုတွေမှာ မေ့လျော့နေတဲ့သူကို သေနေတဲ့ သူလို့ ခေါ်ဆိုထိုက်ပါတယ်။ “ကုသိုလ်မယူ အသက်ရှူ၊ ထိုသူ သေလို့နေတော့သည်၊ ကုသိုလ်လဲယူ အသက်ရှူ ထိုသူမသေ၊ ရှင်တော့သည်” လို့ ဆိုပါတယ်။ ကုသိုလ်ဆိုတာ တကူးတက လုပ်ယူနေရတာမျိုးမှ ဆိုနိုင်တာမဟုတ်ပါဘူး။ မိမိတို့နေ့စဉ် သွားလာနေထိုင်နေတဲ့ အပေါ်မှာ သတိလေးရှိပြီး လုပ်ဆောင်နေမယ်၊ မိမိ စိတ်အစဉ်ရဲ့ ဖြစ်မှု၊ ပျက်မှု သဘောတရားလေးတွေကို သိပေးနေမယ်၊ မိမိခန္ဓာကပြတဲ့ ဖောက်ပြန်မှု သဘောလေးတွေကို ပေါ်လာတိုင်း အပျက်သဘောပဲ ရှိပါလား ဆိုတာ သိပေးနေရင် မိမိအတွက် အကောင်းဆုံး နေနည်းဖြစ်ပါ တယ်။ သာသနာတွင်း ကာလမှသာ ဒီသဘောတရားတွေကို သိခွင့်ရကြရတာပါ။ ယခုအချိန်လို သာသနာနဲ့ ကြုံနေစဉ်၊ မိမိတို့မှာ အားထုတ်နိုင်တဲ့ ခန္ဓာနဲ့ တရားတွေကို သိနိုင်တဲ့ ဉာဏ်ပညာရှိနေလျက်နဲ့ မကျင့်ကြံကြ ရင်တော့ အကြိမ်ကြိမ် သေကြရဦးမယ် မှတ်ပါ။ ကမ္ဘာလောက ပျက်မယ်ဆိုတာကြားတာနဲ့ ငါကြားလိုက်တဲ့ ကြားသိစိတ်လေးက ဖြစ်ပြီး ပျက်သွားပါလား ဆိုတဲ့ အသိလေးရအောင် ကျင့်လိုက်ကြပါ။
တဆက်တည်းပြောလိုသည်မှာ ဒီကမ္ဘာပျက်ပြီးလို့ နောက် ဖြစ်လာမဲ့ ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ ဘုရားမပွင့်တဲ့ ကမ္ဘာပါ။ နောက်ဘုရားရှင်၏ သာသနာတော်ကို မမှီလိုက်ရင်တော့ တရားနဲ့က ပိုပြီး ဝေးရဦးမှာပါပဲ။ ထို့အတူ အကြိမ်ကြိမ် သေရဦးမှာပါပဲ။ အခုအချိန်မှာ အားထုတ်ကျင့်ကြံမှသာ ယခုဘ၀မှာ တရားမရခဲ့ရင်တောင် နောက်ဘုရားသာသနာနဲ့ တွေ့ရဖို့ အတွက် ကျေးဇူးပြုနိုင်တယ်။ ယခုလဲ မကောင်းမှု ဒုစရိုက်တွေနဲ့သာ မွေ့လျော်ကြရင်တော့ မသေချာလှပါဘူး။
“ကျန်ရှိနေတဲ့ အချိန်မှာ အဓိကနှင့် သာမည ခွဲခြားသိရှိပြီး မိမိ ရုပ်၊ နာမ်တွေရဲ့ ဖြစ်ပျက် အစဉ်ကို ထိုးထွင်းသိမြင်နိုင်တဲ့၊ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။”
“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”
Subscribe to:
Posts (Atom)