ဥပမာ ရှုစရာ လူသားများ(၂)

ဗုဒ္ဓဘုရားရှင်၏ တရားတော်တွေဟာ ဗဟုသုတ ရရုံသာမဟုတ်ဘဲ လက်တွေ့ကျင့် ကြံအားထုတ်ရန် ဖြစ်ပါသည်။ လောကမှာ အချို့က “ငယ်ပါသေးတယ်၊ အသက်ကြီးမှ တရားလေ့လာတော့မယ်၊ တရားအားထုတ်တာ အသက်ကြီးတဲ့သူတွေ အလုပ်၊ ငယ်တုန်းမှာ လူငယ်သဘာဝ ပျော်ထားကြမှ…စသဖြင့်၊” ပြောစမှတ်ရှိနေကြပါ


သည်။ ဘုရားကို စိတ်ထဲမှာရှိရင်ပြီးရော ဆိုတာမျိုး၊ မနက်ဖြန်စာမေးပွဲရှိမှ ဒီနေ့ဘု ရားရှိခိုးတယ် ဆိုတာမျိုးလည်း ရှိကြပါသည်။ ထိုသို့စကားတွေကြားရတဲ့အခါမှာ များစွာသံဝေဂရမိပါသည်။ အချို့ကျတော့ သိတော့သိကြပါသည်။ လက်တွေ့မကျင့်ဆောင်ကြပါဘူး။ အချိုးကျတော့လည်း မိမိကသိတာနဲနဲ ပြောတာကများများ ဖြစ်နေတက်ပါသည်။ ဒီလိုနဲ့ လောက ဇာတ်ခုံမှာ ကံ ဇာတ်ဆရာစီစဉ်တဲ့အတိုင်း က နေကြပါတော့သည်။ မိမိတို့တွေသည် ဘ၀အခြေအနေအမှန်ကို မသိဘဲနေသွား ကြမယ်ဆိုရင်တော့ လူ့ဘ၀တန်ဖိုး ဆုံးရှုံးရပါတော့မည်။ တဘက်မှာလည်း မိမိအတွက် အားထုတ်ရသလို သူများအတွက်လည်း လုပ်ဆောင်သင့်ပါသည်။ မိမိကိုယ်တိုင် ဦးစွာသိရှိ ကျင့်ကြံဖို့သည်လည်း လိုအပ်ပါသည်။ ဤသို့ဖြင့်..

ပုဂ္ဂလပညတ် ပါဠိတော်၌ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြား၍ ဥပမာဖြင့် ပြဆိုထားပေသည်။


ကြွက်နှင့်တူသူ လေးယောက်


(၁) တွင်းတူးလျှက် မအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


(၂) အောင်းလျှက် တွင်းမတူးသော ကြွက်နှင့်တူသူ တစ်ယောက်။


(၃) တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


(၄) တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက်နှင့်တူသူ တစ်ယောက်။


ဤသို့အားဖြင့် ကြွက်နှင့်တူသူတို့ လေးယောက်ဖြစ်ကုန်၏။



(၁) လောက၌ လူအချို့သည် စာကိုသင်၏။ ထိုသူသည် စာ၏အနက်အဓိပ္ပာယ်ကို ဘာမျှမသိ။ ဤကား ဒုက္ခဟူ၍ ယထာဘူတကျကျမသိ (အမှန်အတိုင်း ဟုတ်တိုင်း မှန်စွာမသိ)။ ဤကားဒုက္ခဖြစ်ကြောင်း တရားဟူ၍ ဟုတ်တိုင်းမှန်ရာကို မသိ။ ဤ သည်ကား ဒုက္ခချုပ်ငြိမ်းရာဟူ၍ အမှန်ကို အမှန်အတိုင်း မသိ။ ဤကား ဆင်းရဲချုပ် ငြိမ်းရာ နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်တည်းဟု မသိ။
ဤပုဂ္ဂိုလ်သည် တွင်းသာတူးလျက် မအောင်းသောကြွက်နှင့်တူ၏။ ကြွက်သည် တွင်းသာတူးပြီး မအောင်းသကဲ့သို့ ထို့အတူ ထိုသူသည် ပိဋကတ်ကျမ်းဂန်သာ တက်ကျွမ်းပြီး အမှန်တရားကို နားမလည်သူ ဖြစ်လေသည်။ သက်ဝင်ယုံကြည်ပြီး လိုက်ပါမကျင့်သောသူ ဖြစ်သည်။


(၂) လောက၌ လူအချို့သည် စာကိုကားမသင်။ ထိုသူသည်“အမှန်တရားကိုကား သိ၏”။ ထိုပုဂ္ဂိုလ်သည် အောင်းလျက်တွင်းမတူးသော ကြွက်နှင့်တူ၏။ ထိုကြွက်သည် အောင်းသာအောင်းပြီး တွင်းမတူးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည် စာမ တက်ဘဲလျက် အမှန်ကို အမှန်အတိုင်း ယထာဘူတကျကျ သိသောသူ ဖြစ်လေသည်။


(၃) လောက၌ လူအချို့သည် စာကိုလည်းသင်၏။ အမှန်တရားကိုလည်းသိ၏။ ထိုသူသည် တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်နှင့်တူ၏။
ထိုကြွက်သည် တွင်းလည်းတူး၊ အောင်းလည်းအောင်းကဲ့သို့ ထို့အတူ ထိုသူသည် စာလည်းတက်၊ တရားကိုလည်း ဟုတ်မှန်သောအတိုင်း သိသောသူ ဖြစ်လေသည်။


(၄) လောက၌ လူအချို့သည် စာကိုလည်းမသင်။ အမှန်တရားကိုလည်းမသိ။ ထိုသူသည် တွင်းလည်းမတူး၊ အောင်းလည်းမအောင်းသကဲ့သို့ ထိုသူသည် စာကို လည်းမသင်၊ ဘာကိုမျှလည်း မသိသူ ဖြစ်လေသည်။
မိမိသည် တရားကိုဘာမှ မသိသေးပါလား ဆိုပြီး စိတ်ဓာတ်ကျရမှာ မဟုတ်ပါဘူး။ အချိန်ရတုန်းလေးမှာ ကြိုးစားအားထုတ်မည်ဆိုလျင် ရနိုင်ပါသည်။ အဓိက ကတော့ ဘုရားကို စိတ်ထဲမှာ ရှိတယ်ဆိုရုံနဲ့ မရပါဘူး။ အချို့က မိမိလည်းတရားတော် အတိုင်းမနေထိုင်ပါဘူး၊ သူများကိုလည်း လူမိုက်အားပေးစကားတောင် ပြောတက်ကြပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ဘယ်လိုလူမျိုးဖြစ်နေပြီလဲ ဆိုတာ သိတက်၍ တရားနဲ့ မွေ့လျော် တရားနဲ့ပျော်အောင် နေသင့်ပါပြီ။ အထက်ပါကြွက်လေးမျိုး ဥပမာတွင်လည်း မိမိသည် မည်ကဲ့သို့သော ကြွက်ကဲ့သို့ ဖြစ်နေလဲ ဟုသုံးသပ်ကာ လေ့လာကြိုးကုတ်အားထုတ်သင့်ပါသည်။ နံနက်မှာ နေမင်းကြီးထွက်လာတာဟာ နေ၀င်ဖို့ဘဲ ဖြစ်ပါသည်။ ဘ၀ဖြစ်လာတာဟာလည်း သေဆုံးဖို့ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခဏဖြစ်ရ လူ့ဘ၀ အနှစ်ရှိအောင်ကြိုးစားရပါမည်။ ဘ၀ရပ်တည်မှု မှာ “ယောနိသော မနသိကာရ”(အသင့်အတင့် အမှန်အတိုင်းနှလုံးသွင်းမှု) ရှိဖို့အ ရေးကြီးပါသည်။ ထိုသို့ဖြစ်အောင်လည်း တရားနာကြားရပါမည်။ တရားနာတာတောင် နှလုံးသားထဲ မရောက်ရင် ကုသိုလ်ပဲ ဖြစ်ပါမည်။ ခန္ဓာဉာဏ်ရောက်အောင် နာစေချင်ပါသည်။ သစ္စာလေးပါးကို ကောင်းမွန်မှန်ကန်စွာ အမှန်အတိုင်း သိမြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော အာရုံကို မတွေမဝေ အမှန်အတိုင်း သိတတ်သောကြောင့် အမောဟဖြစ်အောင်၊ သစ္စာလေးပါးတည်းဟူသော ဓမ္မတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ဤသည်ကား ကုသိုလ်၊ ဤသည်ကားအကုသိုလ် စသည်ဖြင့် စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း ထိုးထွင်းသိမြင် တတ်သောကြောင့် ဉာဏ=ဉာဏ်ဖြစ်အောင်၊ ပညာတွေဖြစ်အောင် တရားနာကြပါ။
မိမိတို့ကိုယ်တိုင် တရားဓမ္မတို့ကို လေ့လာမှတ်သား ကျင့်ကြံကာ တွင်းလည်းတူး၊ အောင်းလည်းအောင်းသော ကြွက်ပမာ ကြိုးစားအားထုတ်နိုင်ကြပါကုန်။





“အသိတစ်လုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”