"အမေး အဖြေ(၂)"

လာရောက်ဖတ်ရှုပါတယ်ဗျာ... ကျွန်တော်လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီးတော့ ဒီက ဆရာ/မ တွေကို သင်ခန်းစာ ခဏတာနားတဲ့ အချိန်မှာ ပြောပြခြင်တယ်။ ရှင်းပြဖို့ရာက နည်းနည်းတော့ အခက်ခဲရှိတယ်... ပြောပြခြင်တာထက် ကိုယ်ကိုတိုင်က ကောင်းကောင်းမသိတာခတ်နေတယ်.:D.
ဗုဒ္ဓရဲ့ ရဟန်းတော်တွေ ပတ်သတ်ပြီးပြောပြခြင်တာ.. .ဖြစ်နိုင်ရင် အခြားဘာသာတွေမှာ မရှိမမြင်နိုင် မတွေ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတွေကို ပြောပြခြင်တာ... ကျွန်တော်တို့ အရင်တုန်းက ကြားဖူးတဲ့ အရာလေးတစ်ခုပါ..ဟုတ်မဟုတ်တော့မသိဘူး... နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့ အခါမှာ ကောင်းကင် မှာ ရဟန်းတော်တွေ ကိုတွေ့ရတဲ့ ဖြစ်စဉ်တွေ.. မကြာသေးခင်ကလို့ ပြောတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ မန္တလေးမှာ လည်း အဲဒီလို မျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ပေါ်သို့ ရဟန်းတော် ပျံတတ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ.. .အဲဒါမျိုးတွေကို ပြောပြခြင်တာ... ဘာသာရေးကို ကြွားဝါခြင်လို့တော့ မဟုတ်ပါဘူး... ဘာသာခြားလူမျိုး တွေကို ဒီလိုထူးဆန်း ဖြစ်ရပ်မျိုးတွေနဲ့ မိမိတို့ဗုဒ္ဓဘာသာမှာ အမှန်တကယ် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီလိုမျိုးတွေ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာတွေကို ပြောပြခြင်လို့ပါ... ဒီလိုထူးဆန်းဖြစ်စဉ်လေးတွေကို ဘုရားရှင် လက်ထက်ကမဟုတ်ပဲ မျက်မှောက်ခေတ်ကာလမှာပဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေရှိရင် ပြောပြပေးပါ..
.သိခြင်လို့ပါ..ကျေးဇူးတင်ပါတယ်..



မေးထားတဲ့ မေးခွန်းကိုဖတ်ပြီး ကျွန်တော်သုံးသပ် မိတာလေးတွေကို ဖြေပေးလိုက်ပါတယ်။ ကျောင်းစာတွေကို တဖက်က လုပ်နေရတဲ့ အချိန်လဲဖြစ်၊ စာအုပ်တွေ အကိုးအကားလဲ မစုံလင်တာကြောင့် ယခုမျက်မှောက်ခေတ် ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း အသေးစိတ်တော့ ကျန်တော် မရှင်းပြနိုင်ပါဘူး။ ဒါပေမယ့် မေးခွန်းကို ဦးတည်ချက်မလွဲအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားဖြေလိုက်ပါတယ် ခင်ဗျာ။
ဘာသာတရားကို ကိုယ်က ရှင်းပြချင်တာဆိုတော့ ပထမဆုံးကိုယ်တိုင် သိရှိထားအောင် လုပ်ထားရမယ်။ ကိုယ့်မှ မရှိထားရင် ဘာမှ ပြောတတ်မှာမဟုတ်ဘူး။ ဥပမာ.. သူများကို မုန့်ဖို့ ၅ ကျပ်ပေးမယ်ဆိုပါစို့.. ကိုယ့်မှာ ရှိမှ ပေးလို့ရမယ်။ သူများဆီမှာ၊ ဘဏ်တွေမှာ ရှိနေတဲ့ ပိုက်ဆံတွေက ကိုယ်ပိုင်တာမှ မဟုတ်တာ။ ဘယ်လိုပေးလို့ ရပါ့မလဲ။ ဒီသဘောလေးလိုပါ။ ဘုရားဟော ပိဋကတ်တော်တွေ၊ စာအုပ်တွေ၊ တရားတွေ များစွာ ရှိတာတော့ မှန်ပါတယ်။ ကိုယ့်မှာ ဘာတရားမှ မရှိထားရင် ဘာကိုမှ ပြောတတ်မှာ မဟုတ်ပါ။ ပေးတတ်မှာ မဟုတ်ပါ။ ကိုယ်က ပေးချင်တဲ့ သူဆိုတော့ ရှိဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကိုယ့်မှာ ရှိဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက်ကို အရင်ချသင့်ပါတယ်။ ကိုယ့်မှာ ရှိမှ သူများကိုလည်း ပေးလို့ရမှာပဲလေ။ (ကျနော်လည်း ရှိနေ၊ သိနေလွန်းလို့ မဟုတ်ပါ။ ရှိဖို့ လိုအပ်ကြောင်းကို သိစေချင်လို့ပါ)။
ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်ကြံပြီးတော့ ထူဆန်းဖြစ်ရပ်တွေ ဖြစ်တဲ့ ရဟန်းတော်တွေ အကြောင်းပြောပြချင်တဲ့ သဘောလို့ ထင်ပါတယ်။ ဒီတော့ ထူးဆန်တယ် ဆိုတဲ့ သဘောကို အရင်ရှင်းပြပါမယ်။ မိုးပေါ်ပျံနိုင်တာ၊ မြေလျှိုးနိုင်တာတွေ ဆိုတာ သမထအားကောင်းလို့ ဈာန်၊ အဘိညာဉ်တွေရရင် ဖြစ်နိုင်ကြပါတယ်။ ရဟန္တာတိုင်း ဈာန် မပျံနိုင်ဘူးဆိုတာလဲ မှတ်ထားဖို့ လိုပါမယ်။ ဈာန်ရတိုင်းလည်း ရဟန္တာ မဟုတ်ဘူးဆိုတာ သိရမယ်။ မေးခွန်းမှာပါသလို မန္တလေးမှာ ရဟန်းတော် တပါး ပျံတတ်တာကို တွေ့တယ်ဆိုတာ ကျနော်လည်း ကြားဖူးပါတယ်။ ဟိုအရင် အင်္ဂလိပ် ခေတ်က လေယာဉ်မှူးတွေလည်း ကောင်းကင်မှာ ပျံနေတဲ့ ရဟန်းတော်တွေကို မြင်ခဲ့ကြတယ် ဆိုတဲ့ အကြောင်း စာပေတွေမှ ဖတ်ခဲ့ဖူးပါတယ်။ အဲလို ပျံနေတာတွေသည် ရဟန္တာတွေလည်း ဖြစ်နိုင်ပါတယ်။ လောကီ ကျင့်စဉ်တွေကြောင့် ဈာန်တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာက ဒီလောက်နဲ့ တင်းတိမ်းဖို့ မဟုတ်ပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ သစ္စာလေးပါးတရားတွေသည် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ထူးဆန်းစွာ လုပ်ဆောင်ဖို့ ရည်ရွယ်ရင်း မဟုတ်ပါ။ ဘုရားရှင်ကိုယ်တိုင်လည်း တန်းခိုးပြတာကို ပညတ်တော်မူခဲ့ပါတယ်။ နောင်အချိန်မှာ တန်ခိုးမပြနိုင်ရင် လူတွေမကြည်ညိုစရာ ဖြစ်မယ်ဆိုတာ ကြိုတင်မြင်တဲ့ အတွက်ကြောင့် ဘုရားရှင် လက်ထက်ကတည်းက ရဟန်းတော်တွေ တန်ခိုးမပြရဆိုတာ ပညတ်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း လိုအပ်တဲ့ အချိန်မှသာ တန်ခိုးပြတော်မူပါတယ်။ ဒီအကြောင်း ဇာတ်တွေကို ကြားဖူးကြမှာပါ။ ဒီမှာ အဓိက မှတ်ရမှာက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် တန်ခိုးပြခြင်းကို တားမြစ် တယ်ဆိုတဲ့ အချက်ပါ။ ဘုရားရှင် မမွေးဖွားမီကပင် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီ အဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဒီတော့ ဈာန်တွေ၊ အဘိညာဉ်တွေဆိုတာ သာသနာပမှာလည်း ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချထားရမယ်။ ကျနော်တို့ ထေရ၀ါဒရဲ့ သာသနာသည်သာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ ဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုပါလိမ့်မယ်။ ဒါနတွေ၊ သီလတွေ၊ သမထတွေဆိုတာ အခြားဘာသာတွေမှာလည်း ရှိပါတယ်။ ၀ိဿနာ ဘာဝနာဆိုတာ ဘုရားပွင့်မှ သိခွင့်ရတာဖြစ်ပါတယ်။ ဒါသည် ၃၁ ဘုံဆိုတဲ့ တောအုပ်ထဲက လွတ်မြောက်ရာကို ပို့ဆောင်ပေးမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ သွားရမယ့်လမ်းကတော့ မဂ် (မဂ္ဂင်ရှစ်ပါး) လမ်းပေါ့။ ဒါတွေကို ဆက်ပြောဖို့က ကိုယ်တိုင် အသိအားဖြင့် ကြွယ်ဝပြည့်ထားမှ ရပါလိမ့်မယ်။ အထူးအဆန်းဖြစ်တာကို ပြောဖို့တော့ ကျနော့် အနေနဲ့ အားမပေးချင်ပါ။ အထူးအဆန်းကို ယုံရင် အရူးအနှမ်းဖြစ်တတ်တယ် ဆိုတဲ့ ဆုံးမစကားလေးကို မှတ်သားထားမိပါတယ်။ ခက်တာက ကျနော်တို့ လူမျိုးတွေကလည်း အထူးအဆန်းဆို ယုံလွယ်ကြတယ်။ ဥပမာ.. ပေါ်တော်မူ ဘုရားဆိုပြီး အရင်က လိမ်တာတွေရှိခဲ့ကြတယ်။ ဒါမျိုးတွေကို ယုံလွယ်ကြတယ်။ ဆရာတော် အရှင်ဇ၀န တရားမှာတော့ ပေါ်တော်မူဆိုတာ မှိုနဲ့ မျစ်ပဲ ရှိတယ်လို့ ဟောထားပါတယ်။
ဗုဒ္ဓရဲ့ တရားတော်တွေကို တကယ်တမ်း လိုက်နာပြီး အားထုတ်သိမြင်တဲ့ ရဟန္တာကြီးတွေသည် အထင်ကြီး လေးစားမယ်ထင်တဲ့ အလုပ်တွေကို မလုပ်တော့ပါဘူး။ မကြာခင်က ခန္ဓာဝန်ချသွားတဲ့ ရွာမွန် ဆရာတော်ကြီး ဆိုရင် ခန္ဓာဝန်မချမီ (၇) ရက်အလိုမှာ ဆန်ပြုတ်ဆွမ်းပို့နေကျ ဒကာကို ဒီကနေ့က စပြီး (၇) ရက် ကျောင်းတံခါး ပိတ်ထားလိုက်ဦးမယ်လို့ ပြောကာ ပြတင်းပေါက်ကို ပိတ်ခဲ့ပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ တံခါးကို ဖွင့်ကြည့်တော့ ပရိနိဗ္ဗာန်ပြုနေတာ တွေ့ရပါတယ်။ တွေးကြည့်လိုက်ပါ။ ကြည်ညိုစရာ အတုယူစရာပါပဲ။
မင်းကွန်းဆရာတော်ကြီးကို လူတိုင်း သိကြမှာပါ။ ရန်ကုန်မှာ ရွှေဥမင် ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာ တော်ကြီး ဆွမ်းစားတခုမှာ ဆုံပါတယ်။ မင်းကွန်းဆရာတော်ကြီးက ဆေးလိပ်ကိုင်ပြီး မီးညှိမယ် ဟန်ပြင်တဲ့ အခါမှာ ရွှေဥမင် ဆရာတော်ကြီးက မီးခြစ်ကိုဦးစွာယူပြီးတော့ မီးညှိပေးဖို့ ပြင်ပါတယ်။ ဒီတော့ မင်းကွန်း ဆရာတော်ကြီး အရှင်ဘုရား ညှိပေးတဲ့ ဆေးလိပ်မီးနဲ့တော့ ဆေးလိပ်မသောက်ဝံ့ပါ ဘုရားဆိုပြီး ဆေးလိပ်ကို ပြန်ချခဲ့ပါတယ်။ ရွှေဥမင် ဆရာတော်ကြီးဆိုတာ ရဟန္တာလို့ မှတ်သားခဲ့ရပါတယ်။
ဝေဘူဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ မဟာစည် ဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စတဲ့ ဆရာတော် ဘုရားကြီးတွေသည် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေ ကို လက်တွေ့ ကျင့်ကြံအားထုတ်ပြီး (တချို့) ခန္ဓာဇာတ် သိမ်းခဲ့တဲ့ ဆရာတော်ကြီးတွေပါ။ ဒီဆရာတော်ကြီး တွေရဲ့ အကျင့်တွေမှာ ထူးဆန်းစွာနဲ့ လူတွေကို ပြသခဲ့တာ၊ မြင်စေခဲ့တာမျိုးကို လေ့လာ မတွေ့ရှိခဲ့ပါဘူး။
ဒီအကျင့်တွေ အသိတွေဆိုတာ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ချင်းတောင် လူတိုင်းကို ပြောလို့ မရပါဘူး။ နိမ်ပြောတဲ့ သဘောမဟုတ်ပါဘူး ခင်ဗျာ။ တချို့က ပုတီးစိပ်၊ ဘုရားသွားတာလောက်ပဲ အဟုတ်ထင် နေကြတာကို။ သစ္စာတရား ၀ိပဿနာတရားတွေဆိုရင် နာခံချင်တဲ့သူက နည်းပါတယ်။ ဒီတော့ အခြားဘာသာဝင် ဆိုတာက ပိုဆိုးမယ်ထင်တယ်။
အကြံပြုချင်တာက.. ထူးဆန်းတာတွေ ပြောတာထက် ကံ ကံ၏ အကျိုးအကြောင်းကို အရင်ပြောကြည့်ပါ။ ဒါကိုလက်ခံ ယုံကြည့်တယ်ဆိုရင်တော့ ဆက်ပြောကြည့်ပေါ့။ ဒါက ဗုဒ္ဓဘာသာရဲ့ အခြေခံပဲလေ။ ဘာသာ စကားတော့ အခက်ခဲ ဖြစ်မယ်ထင်တယ်။ ကျနော်တို့လည်း ပြောကြည့်ပါတယ်။ သူတို့က သံဃာတော်တွေ ဆွမ်းခံထွက်တာကို တောင်းတယ်လို့ပဲ ထင်နေတာပါ။ အရင်ဆုံး ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့ အကြောင်းကို ယုံကြည်ပြီ ဆိုမှ သီလစောင့်ထိန်းတာတွေ ဆက်ပြောသင့်တယ်။ နောက်မှ အခြားဘာသာတွေမှာ မရှိသေးတဲ့ သစ္စာတရား တွေကို ပြောပြတာ သင့်တော်မယ်လို့ တွေးမိပါတယ်။ ဥပမာ ဆောင်ပြောရရင်.. နံရံကို လက်သီးနဲ့ ထိုးရင် ကိုယ့်လက်သီးလဲ နာရမှာပဲ။ အထိုးခံရတဲ့ အရာဝတ္ထုက ချွန်ထက်ရင် ပိုပြီးနာကျင်မယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှု ရှိတယ်ဆိုတဲ့ နိယာမ အရ ပြောကြည့်ပါ။
တရားတော်ကို ဆောင်ယူကျင့်သုံးလို့ ရောဂါပျောက်ရတာတွေ၊ အန္တရာကင်းတာတွေ ကတော့ အများအပြား ရှိတာပေါ့။ သမထတွေ လုပ်လို့ သမာဓိအားကောင်းရင် ဈာန်၊ အဘိညာဉ်တွေရပြီး မိုးပျံ နိုင်တာတွေလည်း ရှိကြတာ အမှန်ပါ။ အခြားဘာသာကို ပြောမှာ ဖြစ်တဲ့ အတွက် သူတို့ စိတ်မှာ ဒီလို အထူးဆန်းဖြစ်ရုံပဲဆိုတဲ့ အသိဝင်မှာ စိုးရိမ်တဲ့ အတွက် ဒါတွေကို အလေးပေးပြီး မပြောဖို့ အကြံပြုတာပါ ခင်ဗျာ။ ကျနော်တို့ တရားဓမ္မတွေက ဒီထက်များစွာ တန်းဖိုးထိုက်တန်သော အတွက်ကြောင့်ပါ။ ဒီလောက်ဆိုရင် ကျနော့် ပြောချင်တဲ့ သဘောကို နားလည်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

ကျနော် ရေးတဲ့ အထဲမှာ မရှင်းတာ ပါခဲ့ရင် မေးပါ။
စိတ်ချမ်းသာပါစေ…
အောင်ဦး


"အမေး အဖြေ(၁)"

ဒီနေရာမှာ နားမရှင်းတာလေး တစ်ခုကိုထပ်သိလိုပါတယ်။ တရားသူကြီးတစ်ယောက်ဟာ တရားခံ တစ်ယောက်ကို (သေဒဏ်ပေးနိုင်လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ချမှတ်လိုက်ပါပြီ။ ဒါဟာ ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်ပါသလဲ။ သာမန်အမြင်မှာ နှစ်မျိုးဖြစ်နေလို့ပါ..။
(၁) (သေဒဏ်ချမှတ်သင့် လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ဟု အမိန့်ချခြင်းသည် သေစေလိုသော စိတ်ပါနေတယ်လို့ ယူဆလို့ရပါတယ်။
(၂) နောက်တစ်မျိုးက တရားဥပဒေမှာ သာမန် သေဒဏ်နဲ့ မသေမချင်း သေဒဏ်နဲ့ နှစ်မျိုးရှိပါတယ်။ သာမန် သေဒဏ်အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင်တောင် ဒုတိယအမျိုးအစားဖြစ်တဲ့ မသေမချင်း သေဒဏ်အတွက် ကျတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ? သေစေချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုသည့်တိုင် မသေမချင်းသတ်စေဆိုတဲ့ အမိန့်က သေစေချင်တဲ့ စိတ် (သို့မဟုတ်) စကားဖြစ်နေပါတယ်။
နောက်ဆုံးမရှင်းတာတစ်ခုက သူငယ်ချင်းအထက်က ရှင်းပြခဲ့တဲ့အတိုင်းဆိုရင်...။ အခုလိုတာဝန်မျိုးကို ထမ်းဆောင်နေရတဲ့ ၀န်ထမ်းအားလုံး (တပ်မတော်သား၊ ရဲ၊ တရားသူကြီး၊ ကြိုးသမား) အားလုံးဟာ ကိုယ့်ငရဲ (ငရဲမဟုတ်တောင် အနိမ့်ဆုံး အကုသိုလ်၊ ၀ဋ်ကို) ကိုယ့်ဘာသာ ယူနေသလိုဖြစ်နေပါတယ်..။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုမှာ အထက်ပါ ၀န်ထမ်းများဟာ မရှိမဖြစ်ကို လိုအပ်တဲ့သူတွေဖြစ်ပါတယ်။ ရှိကိုလဲ ရှိနေရမှာ ဖြစ်ပါတယ်...။ ဒီလိုဆိုရင် ဒီသဘောတရား (သို့) ဘာသာရေး အဆုံးအမ တစ်ခုဟာ ထိုကဲ့သို့ သော ၀န်ထမ်းတွေအပေါ် (သို့) တာဝန်နှင့်အမိန့် အရ ထမ်းဆောင်ကြသူများအပေါ် တရားမျှတမှုရှိနိုင်ပါ တော့မလား?

ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် သူငယ်ချင်းရေ...



ငါသိသလောက်လေး ဖြေပေးလိုက်တယ် သူငယ်ချင်း။ ဥပဒေ အကြောင်းတွေကို သေချာမသိတာ အမှန်ပါ။ တရားဆိုကတည်းက တကယ်ကို မျှတမှု၊ အေးချမ်းမှုရှိတဲ့ သဘောရှိပါတယ်။
အမိန့်ချပေးရတာတွေ၊ တာဝန်တွေ အရထမ်းဆောင်နေရတဲ့ သူတွေဟာ များသောအားဖြင့် ပုထုဇဉ် လူသားတွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ် စိတ်ဆိုတာက အရိယာလို စိတ်ထားမျိုး မဖြစ်နိုင်ဘူး။ သူတပါးကို သေစေချင်တဲ့ စိတ်စေတနာ မပါဘူး ဆိုရင်တောင် အနုသယ ဆိုတဲ့ တကယ့်အတွင်း စိတ်လေးမှာတော့ စေတနာ မပါပဲ မဖြစ်နိုင်လောက်ဘူး။ ပုထုဇဉ် ဆိုတဲ့ အတွက် မိမိစိတ်ကို အပြီးတိုင် မနှိမ်နင်းနိုင်သေးတဲ့ သဘောပေါ့။ ( ပုထုဇဉ် ဆိုတာ… “ပုထု ကိလေသေ ဇနေတီတိ ပုထုဇနော” ကိလေသာများတဲ့သူကို ပုထုဇဉ်လို့ခေါ်တာပါ )။ ဒီတော့ ကာယကံ၊ ၀စီကံတွေ ထိန်းနိုင်တယ်ထားဦး။ အနုသယ စိတ်ကိုတော့ ထိန်းနိုင်ဖို့ဆိုတာ အင်မတန် ခက်မယ်။ အဲဒါကြောင့် သေစေလိုတဲ့ စိတ်စေတနာ လုံးဝ မပါပဲ အပြစ်ပေးဖို့ဆိုတာ ပုထုဇဉ် လူသားတယောက် အနေနဲ့ အင်မတန် ခဲယင်းမယ် ထင်ပါတယ်။
အရိယာတွေကျတော့ မဂ်စိတ်ကျပြီးရင် နောက်ဖြစ်တာတွေက ဖိုလ် စိတ်တွေဖြစ်တာကြောင့် အဲဒီမှာ ကုသိုလ်၊ အကုသိုလ် အကျိုးပေးတွေ မဖြစ်တော့ဘူး။ ဥပမာ၊..၊ ရဟန္တာတွေက တရားဟောလည်း ကုသိုလ် မဖြစ်တော့ဘူး။ ဒီနေရာမှာ ဥပမာလေးတွေ ပြောပြချင်တယ်။ ငါတို့ အားလုံးသိထားတဲ့ အဇာတသတ်ရဲ့ အဖေ သောတာပန် ဗိမ္ဗိသာရ မင်းကြီးဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကို အားကိုးအားထားပြုကြောင်း တွေ့ရပါတယ်။ ရာဇဂြိုလ်ပြည်ရဲ့ အစွန်အဖျားမှာ သူပုန်ထတဲ့အခါ သောတာပန် မင်းကြီးရဲ့ စစ်ထွက် မိန့်ခွန်းဟာ ဗုဒ္ဓဘာသာဝင် စစ်သားတိုင်း မှတ်သားထားသင့်တယ်။

ဂစ္ဆေထဘဏေ - ပစ္စန္တံ ဥစ္စိနထ = အမောင်တို့ သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေသော အစွန်အဖျားရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ။

စဉ်းစားကြည့်ပါ။ ဘယ်လောက်အပြစ်ကင်းတဲ့ စကား (စစ်ထွက်မိန့်ခွန်း)လဲ။ အဓိက လုပ်ရမှာက ဒါပဲ။ ဒါပေမယ့် မင်းကြီးရဲ့ စိတ်မှာရော၊ နှုတ်မှာပါ ဒေါသမပါဘဲ အပြစ်ကင်းနေတာကို အတုယူကြရမယ်။ သောတပန် ဆိုတာ ငါးပါးသီလကို အသက်နဲ့ လဲပြီး စောင့်ထိန်းနိုင်တဲ့ အထိ သဒ္ဓါတရားခိုင်မြဲပြီး ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီးသားပါ။
ဒီနေရာမှာ သူပုန်တွေကို သေစေလိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်တော့ဘူး။ တိုင်းပြည်သာယာရေးကို စိတ်က ဦးတည်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် လူသတ်ဖို့ စေခိုင်းတယ်လို့ သတ်မှတ်လို့ မရသလို။ ရဲမတ်တွေက သတ်ရင်လဲ ဘုရင်မှာ အပြစ်မရှိတော့ဘူး။ နောက်ဆုံးတော့ ဘုရင် စစ်တပ်ရောက်လာတဲ့ အခါ ရန်သူတွေက အလိုလို ရှောင်ပြေးသွားတာပါပဲ။

ဝေသာလီက သီဟ စစ်သူကြီးဆိုရင်လည်း ရန်သူပေါင်းများစွာကို အောင်နိုင်ပြီးတော့ ဗုဒ္ဓဆီမှာ တရားနာ တရားအားထုတ်တယ်။ အကုသိုလ်ကံတွေကို သောတာပတ္တိမဂ် ရအောင် အားထုတ်ပြီး တားဆီးတယ်။ သောတာပန် ဖြစ်ပြီးတော့မှ တိုင်းပြည်နဲ့ ဘုရင်ကြီးအတွက် မူလတာဝန်မှာ သစ္စာရှိစွာ ပြန်ပြီး ထမ်းဆောင်တာပါပဲ။
ကုသိုလ်၊ အကုသိုလ်ကို ဘာမှ မသိပဲ နေရာတကာမှာ လောဘ၊ ဒေါသ၊ မာနတွေ ရှေ့တန်းတင်ပြီး ဆုံးဖြတ်လုပ်ဆောင် နေမယ် ဆိုရင်တော့ အကုသိုလ် ဖြစ်ရမှာပါပဲ။ ဒီတော့ ဘယ်နေရာမဆို သိပြီးလုပ်တော့ သက်သာရာ ရသေးတာပေါ့။ မီးခဲကို မီးခဲမှန်းသိရင် ဘယ်သူကကိုင်မလဲ၊ ပူမှန်းမသိတော့ ကိုင်ကြတာပေါ့။ မရှောင်သာလို့ ကိုင်ရမယ်ဆိုရင်လဲ မီးခဲလို့ သိတဲ့ သူက အပူသက်သာအောင် လက်မှာ တခုခုခံပြီး ကိုင်မှာပေါ့။ ဒီသဘောအတိုင်းပဲ အကုသိုလ်မှန်း သိပေမယ့် လုပ်ရတော့မယ်ဆိုရင်တောင် သိထားတဲ့အတွက် စေတနာနည်းပြီး အကျိုးပေးနည်းပါမယ်။ ဒီတော့ ဘာသာတရားက မျှတမှု မရှိတာမဟုတ်ဘူး။ ဘာသာတရားကို မသိမှု (ပဋိစ္စသမုပ္ပါဒ် အရဆိုရင် အ၀ိဇ္ဇာပေါ့) ကြောင့် မျှတမှု မရှိဘူး ထင်ရနိုင်တဲ့ သဘောပါ။
အရင်ကတော့ ဖြေပေးခဲ့သလိုပဲ လုံးဝ သီလစင်ကြယ်ဖို့ ဆိုရင်တော့ တယောက်တည်းနေ တစိတ်တည်း ထားဆိုသလို တယောက်တည်းနေမှ ဖြစ်မှာပဲ။ နိုင်ငံတာဝန်နဲ့ မလုပ်တဲ့ သူတွေလဲ အကုသိုလ်နဲ့ လွတ်ကင်းတဲ့ အသက်မွေးမှုက အင်မတန်ရှားပါတယ်။ (သူငယ်ချင်း ကိုယ်တိုင်လဲ စဉ်းစားကြည့်ပါ)။
လူတွေအတွက် သီလကျိုးပေါက်ခြင်း အတွက် ဖြေလို့ပါတယ်။ ကိုယ့်မှာ အမဲကံတွေ (အကုသိုလ်) ရှိနေတယ်လို့ ယူဆရင် အဖြူကံတွေ (ကုသိုလ်) များများ ပြန်လုပ်ရမှာပေါ့။ အထင်ရှားဆုံးကတော့ အင်္ဂုလိမာလ ကိုယ်တော်ရှင်မြတ်လိုမျိုး ၀ိပဿနာနဲ့ အရဟတ္တမဂ်ရအောင် လုပ်နိုင်ရင် အကောင်းဆုံးဖြေဆေပေါ။ အင်္ဂါ မစုံပဲမွေးလာခြင်းလိုမျိုး၊ ဆွံ့၊ အ၊ နားမကြားခြင်းမျိုး ၀ိပါက၀ဋ် ကိုတော့ ပေးဆပ်ရဦးမှာပေါ့။ ၀ိပါက၀ဋ်က ဘုရား၊ ရဟန္တာလဲ ရှောင်လို့ မရဘူး။ ၀ိဘက်တော် (၁၂)ပါး၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင် သာရိပုတ္တရာတို့တော် ပြန်ခံကြရတာပဲ။
ဒါတွေကို သတိထားပြီး သာသနာတော်တည်တံ့ရေးအတွက် တိုက်ပွဲဝင် (သို့) တာဝန်ထမ်းဆောင်တယ် ဆိုတဲ့ စိတ်နဲ့ ပါဏာတိပါတ ကံရဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင်၊ အနည်းဆုံး တရားတစ်ဖက်၊ ဓါးတစ်လက် နဲ့ ဆိုတာမျိုး ဒေါသနည်းအောင် တာဝန်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


မရှင်းတာပါရင် ထပ်မေးပါ သူငယ်ချင်း။


စိတ်ချမ်းသာပါစေ..

အောင်ဦး



"အမေး အဖြေ"

နေ့အိပ်မက်က ထေရ၀ါဒဗုဒ္ဓဘာသာပါ.. သိချင်တာလေးရှိလို့ပါ.. သိတဲ့သူတွေဖြေပေးပါနော်.....
ငရဲမှာ ယမမင်းရှိတယ်.. နောက်ပြီးတော့ ငရဲကျတဲ့သူတွေကို နှိပ်စက်တဲ့ငရဲသားတွေရှိတယ်ဆိုရင် သူတို့တွေကရော ငရဲမကျဘူးလား။
နေ့အိပ်မက် တကယ်သိချင်လို့ပါ.. သိရင်ဖြေပေးကြပါနော်....။ မယုံလို့ ကပ်မေးတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို လက်မခံတဲ့သူတွေကို ရှင်းပြပေးချင်လို့ပါ...

စာတွေဖတ်ကြည့်ရင်းနဲ့ နေ့အိမ်မက် မေးတာကို ဘယ်သူမှ ဖြေပေးခြင်းမရှိသေးတာနဲ့ ကျနော် သိတာလေး ဖြေပေးလိုက်တယ်။ ဘာသာတရားအတွက် ရှင်းပြချင်တဲ့ ရည်ရွယ်ချက်လေး အင်မတန်ကောင်းပါတယ်။ နောက်လဲ သိချင်တာရှိရင် အားမနားတမ်းမေးပေါ့။

ယမမင်းရှိတယ်ဆိုတာ အားလုံးလဲ လက်ခံကြတယ်။ ယမမင်းဆိုတာ စတုမဟာရာဇ်နတ်ပြည် အပါအ၀င်ဖြစ်တဲ့ ဝေမာနိက ပြိတ္တာမင်းကို ခေါ်ခြင်းပါ။ တခါတရံ နတ်စည်းစိမ်ခံစားပြီး တခါတရံ မကောင်းမှု ကံအကျိုးကို ခံစားရပါသေးတယ်။ ယမမင်းက တယောက်တည်းရှိတာမဟုတ်ဘူး။ ငရဲဘုံတံခါးလေးဖက်မှာ ရှိပြီးတော့ ငရဲရောက်လာသူတွေကို စစ်ဆေးမေးမြန်းကြတယ်။ ဒီနေရာမှာ ငရဲရောက်လာသူတိုင်းကို စစ်ဆေးတာ မဟုတ်ဘူး။ အကုသိုလ်ကြီးတဲ့ သူတွေအတွက်က ကျတော့ စစ်ဆေးဖို့မလိုပဲ တခါတည်း ငရဲသွားရတယ်။ ဥပမာ.. အဖေသတ်တဲ့ကံ၊ အမေ သတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ကံ၊ ဘုရားသွေးစိမ်တည်အောင် လုပ်တဲ့ကံ၊ သံဃာဂိုဏ်းခွဲတဲ့ကံ စတဲ့ ကံငါးပါးထဲက တခုခုကို ကျူးလွန်မိရင် သေပြီးတာနဲ့ ငရဲကို တိုက်ရိုက်ရောက်သွားမယ်။ အကုသိုလ်ကံနည်းတဲ့ သူတွေအတွက် လွတ်လိုလွတ်ငြား အနေနဲ့ ယမမင်းထံမှာ အစစ်ဆေးခံခွင့်ရကြတယ်။ ဒါကြောင့် ယမင်းမင်းရဲ့ စစ်ဆေးမှုဟာ အပြစ်ရှာခြင်းမဟုတ်ပဲ လွတ်သင့်က လွတ်စေလိုတဲ့ အတွက်ဖြစ်ပါတယ်။ ဒီတော့ ယမမင်းဆိုတာ အင်မတန် တရားမျှတဲ့ မင်းလို့ မှတ်ထားရမယ်။ ယမမင်းနဲ့ စစ်တမ်းဝင်ပြီး လူ့ပြည်ပြန်ရောက်လာတဲ့ အကြောင်းတွေလဲ အားလုံးကြားဖူးမှာပါ။



ငရဲထိန်း ဆိုတာက စတုမဟာရာဇ်နတ်မျိုးမှာ ပါတဲ့ နတ်ဘီလူးတွေဖြစ်ပါတယ်။ သူတို့က အကုသိုလ်နည်းတဲ့ သူကို ယမမင်းထံပို့ပေးခြင်း၊ ငရဲပြည်ကိုရောက်လာတဲ့သူကိုတော့ သူတို့ တာဝန်အရ သတ်ပုတ်ရိုက်နက်တာတွေ လုပ်တယ်။ ဒီနေရာမှာ ငရဲထိန်းတွေကို ငရဲမီးက မပူဘူး။ ငရဲမီးဆိုတာက ကံကြောင့်ဖြစ်ရတဲ့ အတွက်ကြောင့် အကုသိုလ်ကံတွေလုပ်ပြီး ငရဲခံရတဲ့ သူတွေကိုသာ ပူလောင်ပါတယ်။
ဒါကြောင့် ငရဲထိန်းက ငရဲကျတယ်လို့ မဆိုနိုင်ဘူး။ သူ့အလုပ်အရ ငရဲကျလာတဲ့ သူကို နှိပ်စက်ရတဲ့ သဘောပါပဲ။ ငရဲထိန်းဘ၀က လွန်မြောက်ရင် ရှေးဘ၀တွေက သူလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် အရ နောက်ထပ် ဘ၀တွေကို ဆက်ခံစားရဦးမှာပါ။ တူသော အကျိုးပေးနဲ့ နောက်ဘ၀တွေကို ခံစားရမယ်ဆိုတဲ့ သဘောပါ။

မရှင်းတာရှိရင် ထပ်မေးပါ။

ချမ်းသာကိုယ်စိတ်မြဲပါစေ..

အောင်ဦး
…………………………………………………………………………………....................
သိပ်ကောင်းတဲ့ ရှင်းပြချက်တစ်ခုပါပဲ သူငယ်ချင်းရေ..။ ငါလဲ ဒီနေရာမှာ မရှင်းတာလေး တစ်ခုကို မေးချင်ပါတယ်။ မေးတဲ့သူအတွက်ကတော့ တိုကောင်းတိုပါလိ့မ်မယ်..။ ဖြေမယ့်သူအတွက်တော့ တော်တော်ရှင်းပေးရမယ် ထင်ပါတယ်..။ ငါသိချင်တာက
၁။ ရဲသော်မသေ၊ သေသော်ငရဲမလားဆိုတာ သေချာပါသလား? (သေချာရင် ဘာကြောင့်သေချာရပါသလဲ?)
၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အကုသိုလ် (ငရဲ) နဲ့လွတ်ပါ့မလား?

ဖြေရှင်းပေးပါဦး သူငယ်ချင်းရေ...။ မင်းရဲ့အဖြေကို စိတ်ဝင်စားစွာစောင့်မျှော်လျှက်ပါ..
………………………………………………………………………………........................
မေးခွန်းက အင်မတန် ကောင်းတယ်။ တော်တော်ရှင်းပေးရမယ် ထင်တဲ့ အတိုင်း လိုအပ်မယ်ထင်တာတွေပါ ရှင်းလိုက်မယ်။
ဒါတွေကို မဖြေခင်မှာ သတ်တဲ့ ကိစ္စတွေဖြစ်နေတာကြောင့် အရင်ဆုံး ပါဏာတိပါတ ကံ ဆိုတာကို အကျဉ်းရှင်းပြချင်ပါတယ်။ ပါဏာတိပါတ မူရင်း ပုဒ်အနေနဲ့ကတော့…
ပါဏာ = သူတစ်ပါး၏ အသက်ကို
တိ ( အတိ ) = ကုန်လွန်စေသည် ၊ ပြီးဆုံးစေသည်။
ပါတ = အချိန်မတိုင်မီ။
ဒီတော့ သူတစ်ပါး၏ အသက်ကို အချိန်မတိုင်မီ ကုန်လွန်စေတယ်၊ ပြီးဆုံးစေတယ် ဆိုတာ သတ်တာပဲ လို့ မြန်မာလိုနားလည်ကြပါတယ်။ ဒါကတော့ မူရင်း အဓိပ္ပါယ်ကို သိစေချင်လို့ပါ။
ဘယ်လိုအချက်တွေနဲ့ ညီရင် သူ့အသက်သတ်ခြင်း ဆိုတဲ့ ပါဏာတိပါတာကံမြောက်တာလဲ ဆိုတာကို သိဖို့လိုပါတယ်။ ပါဏာတိပါတာကံ မြောက်တဲ့ အင်္ဂါ ၅ ပါးရှိပါတယ်။ ၄င်းတို့ကတော့ -
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်းတို့ဖြစ်ပါတယ်။

ဒါတွေအပြင် ပါဏာတိပါတာကံ ကျူးလွန်ရာမှာ အားထုတ်မှု (ပယောဂ) ၆ မျိုးလည်းရှိသေးတယ်။ ၄င်းတို့ကတော့-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ပါတယ်။
ပယောဂ (၆)မျိုးမှ တစ်ခုခုဖြင့် တစ်ပါးသောသူကို သေစေလိုသောစိတ်နဲ့ သတ်မိရင် သေသွားရင် ပါဏာတိပါတကံ မြောက်စေပါတယ်။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ကတော့ (၉) မျိုးရှိတယ်။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်း၌ အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများအသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်များ စား
လျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်တယ်။

ဒီနေရာမှာ သိရမှာက ပါဏာတိပါတကံ ကျူးလွန်တိုင်း ငရဲကို တိုက်ရိုက်ကျမသွားဘူးဆိုတဲ့ အချက်ပဲ။ ဥပမာ.. အင်္ဂုလိမာလ ဆိုရင် လူပေါင်း ၉၉၉ တောင်သတ်ခဲ့တာပဲ။ ဒါပေမဲ့ မဂ်ဉာဏ်နဲ့ ပယ်သတ်တော့ အကုသိုလ်တွေ ကျေသွားတယ်။ သို့သော် ၀ဋ်တော့ခံစားရတယ်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသလိုပေါ့။ ဒါကြောင့် ပါဏာတိပါတ ကံ ရဲ့အဆိုးဆုံး အပြစ်တွေကိုတော့ ပဉ္စာနန္တိရ ကံ (၅) ပါးမှာ သီးသန့် ထုတ်ပြီး ဗုဒ္ဓမြတ်စွာက တားမြစ်ပါတယ်။

(၁) အမိကိုသတ်ခြင်း။
(၂) အဖကိုသတ်ခြင်း။
(၃) ရဟန္တာ ကိုသတ်ခြင်း။
(၄) ဘုရားကို သွေးစိမ်းတည်အောင်လုပ်ခြင်း၊
(၅) သံဃာဂိုဏ်းခွဲခြင်း.. တို့ဟာ အ၀ိစိ ငရဲ သို့ လားရာ ပြင်းထန်သော အပြစ်တွေဖြစ်ပါတယ်။ ၀ိပဿနာတရားမည်မျှ အားထုတ်သော်လည်း ဒီကံရှိနေလျှင် တရားထူးမရပါ။
(၄) (၅) ကတော့ ပါဏာတိပါတ ကံ မဖြစ်ပါ။ သို့သော် ထိုကံတွေလဲ အ၀ီစိကို တိုက်ရိုက်သွားရမှာ ဖြစ်တယ်။
ရဲသော်မသေ၊ သေသော်ငရဲမလား.....ဆိုတော့..

အမှန်တော့ ဒီစကားလုံးရဲ့ မူလပထမ အစအဦးမှာလဲ မြန်မာပြည်ကမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယက ဗြာဟ္မဏတို့ရဲ့ ဘာသာရေးအရ ဖန်ဆင်းရှင်အလိုကျ စစ်တိုက်ရသော် သေရင်လည်း ငရဲကိုမရောက်၊ စစ်သားသေရင် နတ်ပြည်ရောက်တယ် ဆိုတဲ့ အယူတစ်ခု ဗုဒ္ဓမပွင့်ပေါ်မီက တွင်ကျယ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီ အယူဝါဒတွေ ထိုခေတ်က နိုင်ငံရေးနဲ့ဘာသာရေး ရောမွေပြီး စိတ်ဓာတ်မြှင့်တင်ရေးသဘော ၀ါဒဖြန့်ခဲ့တဲ့ ကြွေးကြော်သံများလို့ ထင်ပါတယ်။ ဗုဒ္ဓလက်ထက်ကျသောအခါ စစ်သားသေ နတ်ပြည်ရောက်ဆိုသည်မှာ မဟုတ်မှန်၊ အကုသိုလ်သဘောသည် တသမတ်တည်းသာဖြစ်၍ အကုသိုလ်မှုကြောင့် ငရဲလားရမည့်သူမှာ လားရန်သာရှိသည်ဟု ဖြောင့်ဖြောင့်ဟောလိုက်တယ်။ သေချာတာကတော့ အကုသိုလ် ဖြစ်တယ်။

၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
ဒီမေးခွန်းကို ဥပမာလေး တခုနဲ့ ပြောပြမယ်။ ဘုရားရှင်လက်ထက် လူသတ်သမား တယောက်ရှိတယ်။ (နာမည် မသေချာလို့ မရေးတော့ဘူး)။ အစတုန်းက အဲဒီလူက သူခိုးကြီးပါ။ တနေ့တော့ သူနဲ့ အတူ ခိုးသား ငါးရာကို ဘုရင်က ဖမ်းမိတယ်။ အဲဒီခိုးသားတွေကို သတ်ဖို့ ဘုရင့်ရဲ့ လူသတ်သမားတွေကလဲ အသက်တွေ ကြီးနေပြီ ဖြစ်တဲ့ အတွက် မစွမ်းဆောင်နိုင်တော့ဘူး။ ဒီတော့ ခိုးသားတွေထဲက ခွန်အားအကြီးဆုံး ၁ ယောက်ကို ရွေးပြီး လူသတ်သမား တာဝန်ခန့်တယ်။ အဲဒီလူက ကျန်တဲ့ ခိုးသားတွေကို ပြန်သတ်ရတာပေါ့။ ဒီလိုနဲ့ ၄၅ နှစ်လောက် ဘုရင်ဆီမှာ လူသတ်သမား တာဝန်ယူခဲ့တယ်။ ဘုရင်ရဲ့ လူသတ်သမား တာဝန်ကနေ နှုတ်ထွက်လာတဲ့ နေ့မှာ သူ့မိန်းမကို ဆန်ပြုတ် ပူပူလေး စားချင်လို့ ချက်ခိုင်းတယ်။ အဲဒီနေ့မှာပဲ အရှင်သာရိပုတ္တရာက လူသတ်သမား ကြီးမှာ ပါရမီ ဓာတ်ခံ ပြည့်နေတာဖြစ်တာကို မြင်တော်မူတယ်။ ဒါနဲ့ လူသတ်သမားကြီး အိမ်ကို ဆွမ်းခံကြွပါ တယ်။ လူသတ်သမားကြီးက အရှင်သာရိပုတ္တရာ ဆွမ်းခံတာကို တွေ့တော့ စဉ်းစားတယ်။ သူ့ဘ၀ လူသတ်လာ တာပဲ ကြာခဲ့ပြီ ကုသိုလ်ဆိုလို့ ဘာမှ မရှိသေးဘူးဆိုတာ သိလိုက်မိတယ်။ ဒါနဲ့ သူစားမယ့် ဆန်ပြုတ်ကို လောင်းလှူလိုက်တယ်။ သူမှာ လူသတ်လာတာများပြီ ဖြစ်ကြောင်း၊ အကုသိုလ်တွေသာ များပြီး ကုသိုလ် တရားနည်းကြောင်း လျောက်ကြားတယ်။ အဲဒီ အချိန်မှာ အရှင်သာရိပုတ္တရာက လူသတ်တာက မိမိ စိတ်နဲ့ သတ်တာလား သူတပါးခိုင်းလို့ သတ်တာလား မေးတယ်။ ဘုရင်က ခိုင်းလို့ သတ်ရတာပါလို့ ပြောတော့ ဒါဆို လူသတ်သမားမှာ အပြစ် မရှိဘူးလို့ ပြောပြီး တရားဟောလိုက်တာ သောတပန် ဖြစ်သွားတယ်။
အမှန်တော့ အပြစ်လုံးဝ မရှိဘူး ပြောတာမဟုတ်ပါဘူး။ လူသတ်သမားရဲ့ စိတ်မှာ မိမိသတ်ခဲ့ ကံတွေကို နောင်တ တဖန်ပူပန်ခြင်းမရှိအောင် ပြောလိုက်ခြင်းပါ။ တကယ်လို့ အဲလိုပူပန်မှု ဖြစ်ခဲ့ရင် ရရှိမယ့် သောတပတ္တိမဂ်ကို မရရှိနိုင်လို့ပါ။ သူသတ်ခဲ့တဲ့ အထဲမှာ အဖေ၊ အမေ တွေ မပါတဲ့ အတွက် သာမန် သီလ ချိုးဖောက်မှုလောက်သာ အကုသိုလ် ဖြစ်တယ်။ ဒါကြောင့် ငရဲ မရောက်ပဲ သောတပန်တောင် ဖြစ်ခဲ့ပါသေး တယ်။ ဒီ ဇာတ်တော်အရ ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေလဲ ငရဲကို ရောက်မယ်၊ မရောက်ဖူး ဆိုတာ သေချာပြောလို့မရဘူး။ အကုသိုလ်တော့ ဖြစ်တယ်။ သီလကို စင်ကြယ်ချင်ရင် ဒီအလုပ်တွေ မလုပ်ပဲနေတာ ကောင်းပါတယ်။
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အထက်က ပြောခဲ့တဲ့ သဘောအတိုင်းပါပဲ။
မြတ်ဗုဒ္ဓက - "စေတနာဟံဘိက္ခဝေ ကမ္မံဝဒါမိ။ " "စေတနာကို ကံဟုငါဘုရားဆို၏။" လို. ဟောခဲ့တယ်။ ဒီတော့ အမိန့်ချတာပဲ ဖြစ်ဖြစ်၊ သတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် သေစေချင်တဲ့ စိတ်စေတနာ များရင် များသလောက် အပြစ်ကြီးပါတယ်။ စေတနာနည်းရင်တော့ အပြစ်နည်းတာပေါ့။ ငရဲတွေကျလောက်တဲ့ အပြစ်တွေပါ လုပ်မိရင်၊ မကောင်းမှုတွေပဲ တသက်လုံးလုပ်လိုက်ရင်တော့ ငရဲကျဖို့ များတယ်။ မေးခွန်းထဲက ပါသလောက် ဆိုရင်တော့ တခါတည်း မကျနိုင်သေးဘူး။ ကုသိုလ်ကောင်းမှုတွေနဲ့ ပြန်ပြီး ပြုပြင်ရင် ရနိုင်ပါတယ်လို့ ဖြေလိုက်ပါတယ်။
မရှင်းခဲ့တာ ပါရင် ထပ်မေးပါ။
စိတ်ချမ်းသာကြပါစေ..


မှတ်ချက်။ ။http://myanmargenius.com/ ဖိုရမ်မှ အမေးအဖြများကို ပြန်လည်တင်ပြထားပါသည်။



“အနေမြတ် အသေတတ်စေဖို့”

လူသားမှန်သမျှ ပုခက်နဲ့ ဝေးဝေးလာပြီး အသက်တွေ ကြီးပြင်းလာတာနဲ့အမျှ သုဿန်နှင့် နီးနီးလာပြီ ဆိုတဲ့ အသိလေးကို အရင်ဆုံး စွဲမြဲကြပါ။ အချိန်တွေ ကုန်ဆုံးနေတာမဟုတ် သက်တမ်းတွေ ကုန်ဆုံးနေတယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားသုံးသပ်ကြည့်ပါ။ နေရေးအတွက်ပဲ အချိန်တွေကို အသုံးချ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ချက် ချသင့်ပါပြီ။ လောကီလူသားတွေ ဖြစ်တာကြောင့် နေရေးလဲ ပြင်ပါ။ သေရေးကိုလဲ စဉ်းစားကြပါလို့ အလေးနက်ထားပြီး တိုက်တွန်းပါတယ်။ မိမိမှာ ဘာတွေပြင်ဆင်ပြီးပြီလဲ၊ ဘယ်တရားကို အားကိုးပြီးတော့ သေမှာလဲ။ နောက်ဆုံး သေခါနီးမှာ ဘယ်လို နှလုံးသွင်းနိုင်အောင် ပြင်ထားမလဲ၊ ဒါနတွေ ဘယ်လောက် ကောင်းခဲ့သလဲ၊ သီလတွေ ဘယ်လောက် စောင့်ထိန်းခဲ့သလဲ၊ ဘာဝနာတွေ ဘယ်လောက်ပွားများ ကျင့်ကြံနေလဲ ဆိုတဲ့ မေးခွန်းလေးတွေကို အလေးထား စဉ်းစားသင့်ပါပြီ။ ယခုအခါမှာ ဘာသာရေး ပြဿနာများ၊ အခြားသော အယူဝါဒများသည် ထေရ၀ါဒ သာသနာအတွက် ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ ဒါတွေအပြင် ထေရ၀ါဒ မဟုတ်သော အယူဝါဒများ၊ ဗေဒင်၊ လက္ခဏာ၊ နက္ခတ်၊ နတ်၊ ဘိုးတော်၊ စတဲ့ အယူအဆတွေကို လူအများ လက်ခံနေကြသည်မှာ သာသနာတော်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျောခိုင်းနေခြင်း ဖြစ်ပါတယ်။ သတိရှိကြဖို့ သတိပေးခြင်းပါ။


ကျွန်တော်တို့တွေသည် (၇)ရက် (၇)လီ မိုးမှောင်ကျနေတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သတ္တ၀ါတွေနဲ့ တူပါတယ်။ မိုးမှောင်ကလဲကျ အလင်းရောင်ဆိုတာလဲ မရှိတဲ့ တောကြီးထဲမှာ ထွက်လမ်းကို ရှာကြရမှာက ကျွန်တော်တို့ အလုပ်ပါ။ မှောင်နေတဲ့ အတွက် လမ်းတွေ့ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလေးတချက် လက်လိုက်တာသည် ကျွန်တော်တို့ အတွက် တောထဲက လွတ်မြောက်နိုင်မဲ့ လမ်းကို တွေ့လိုက်တာပါပဲ။ ဒါကို မတွေ့လိုက်တဲ့ သူရှိနေရင် ခရီးသွားဖြစ်တဲ့ သူတွေက အချင်းချင်းဖေးမ ခေါ်ယူမှုကြောင့် ခရီးသွားဖော်တွေ အားလုံး တောထဲက လွတ်မြောက်သွားနိုင်ပါတယ်။ ဒီသဘောတရားလေး အတိုင်းပါပဲ။ ကျွန်တော်တို့ စာဖတ်သူတို့တွေသည် ၃၁ ဘုံဆိုတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သူတွေနဲ့ တူပါတယ်။ ဘုရားအဆူဆူ ပွင့်ခဲ့သော်လည်း သာသနာနဲ့ မတွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၊ တွေ့ကြုံခဲ့ သော်လည်း သာသနာကို ကျောခိုင်းခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် ယနေ့တိုင် ဘ၀တွေရပြီး ဒုက္ခတွေနဲ့ တွေ့ကြုံနေရတာပါ။ ဓမ္မအလင်းရောင်နဲ့ ဝေးခဲ့ရတာပေါ့။ ဒါကြောင့် မိုးမှောင်ကျနေတဲ့ ညအချိန်ကြီးက ရှည်လျားခဲ့ပါပြီ။ ယခုလို သာသနာတော်နဲ့ တွေ့ကြုံလိုက်တာသည် လျှပ်စီးလက်လိုက်တဲ့ အချိန်ပမာဏ မျှသာ ရှိပါတယ်။ ကျန်တဲ့အချိန်က သာသနာကွယ်နေတဲ့ အချိန်တွေနဲ့ တူပါတယ်။ လျပ်စီးလက်တာကို မြင်လိုက်တဲ့ သူက တောထဲမှာရှိတဲ့ ချောက်၊ သစ်ပင်၊ ချုံ၊ ထွက်လမ်း စသဖြင့် သိလိုက်သလို၊ သာသနာကို သိမြင်လိုက်တဲ့ သူကလဲ ဒါတွေက ကုသိုလ်၊ ဒါတွေက အကုသိုလ်၊ ဒါတွေက အပါယ်လမ်း၊ ဒါတွေက သံသရာက လွတ်လမ်း ဆိုတာကို သိမြင်လိုက်တာပါပဲ။ ဒါကြောင့် လမ်းသိတဲ့ သူက ခရီးသွားတွေကို နှိုးဆော်ပြောပြသလို တရားဓမ္မကို သိမြင်သူတွေကလဲ သံသရာခရီးသွားတွေကို သတိပေး တိုက်တွန်းခြင်းပါ။ အတင်းဆွဲခေါ်လို့ရတဲ့ ခရီးစဉ်မျိုး မဟုတ်တာကြောင့် ခရီးသွားတွေ ကိုယ်တိုင် စိတ်ပါဝင်းစားစွာ လိုက်မှရမှာပါ။ ကျွန်တော်တို့ကိုယ်တိုင် လျှပ်စီးအလင်းရောင်နဲ့ တူသော ဘုရှားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နာကြားလိုက်နာပြီး တောထဲက ထွက်ရမဲ့ လမ်းကို လျှောက်လှမ်းကြရမှာပါ။ အဲဒီလမ်းကတော့ မဂ္ဂင်လမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ပဲ သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ကြည့်ပြီး လျှောက်လှမ်းကြဖို့ အသိပေးပါတယ်။
သာသနာနဲ့ တွေကြုံနေရတာသည် အခုအချိန်လေးပဲလို့တောင် ပြောလို့ရပါတယ်။ အရင်က သာသနာ ထွန်းလင်းခဲ့ပေမဲ့ ကိုယ့်သန္တာန်မှာ မည်းမှောင်ခဲ့တော့ ကိုယ်က သာသနာနဲ့ မတွေ့သလိုပါပဲ။ အခုလဲ သာသနာနဲ့ ကြုံပေမဲ့ မလိုက်နာ မကျင့်သုံးရင်တော့ သာသနာ ကွယ်တဲ့ကာလမှာ ဖြစ်တဲ့သူနဲ့ ထူးမခြားနားပဲ ဖြစ်ပါလိမ့်မယ်။ နောင်ဆိုတာလဲ မသေချာတဲ့ အလုပ်ပါ။ လက်ရှိ ဘဒ္ဒကမ္ဘာမှာ နောက်ထပ်ပွင့်မည့် အရိမေတ္တယ ဘုရားရှင် ကျန်ပါသေးတယ်။ ထိုဘုရားရှင်ရဲ့ သာသနာကွယ်ပြီးတဲ့ အချိန်ကျမှ ယခုကမ္ဘာကြီးက ပျက်စီးမှာပါ။ ဒီကမ္ဘာ ပျက်ပြီးတော့ ဖြစ်လာမယ့် ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ သတ္တ၀ါတွေ မရှိလို့ ခေါ်တာ မဟုတ်ပါဘူး။ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ အပြည့်ရှိပါတယ်။ မြတ်စွာဘုရားလဲ မပွင့်၊ ဘုရားရှင်၏ သာသနာတော်လဲ မရှိပဲ ဆိတ်သုန်းနေတဲ့ ကမ္ဘာကြီးကို ခေါ်ပါတယ်။ အဲဒီလို ကမ္ဘာမှာလဲ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ ဖြစ်နေတာပါပဲ။ ဘာလို့လဲ ဆိုတော့ အပါယ်ရောက် ကြောင်း အကုသိုလ်တရားတွေ၊ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ဒါန၊ သီလတွေ၊ ဗြဟ္မာပြည်ရောက်ကြောင်း သမထ တရားတွေ ကျင့်သုံးနေကြလို့ပဲ ဆိုရပါမယ်။ ထို ဒါန၊ သီလ၊ သမထ တရားတွေဟာ ကမ္ဘာ့နိယာမ တရားများဖြစ်ကြလို့ ကမ္မ၀ါဒီ ဖြစ်ကြတဲ့ ရသေ့သူတော်ကောင်း၊ လူသူတော်ကောင်းတွေက ဆရာအဆက်ဆက်၊ တပည့် အဆက်ဆက် အစဉ်အလာ ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမထ ဘာဝနာသည်ပင် သာသနာပ တရားဖြစ်ပါတယ်။
ဘုရားရှင် မမွေးဖွားမီကပင် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီအဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလကို မည်သူမှ တရားဟောပေးခြင်းမရှိပဲ ဆရာအဆက်ဆက်က ဟောပြခဲ့ပြီး တပည့်အဆက်ဆက်က လိုက်နာကျင့်သုံးတာ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဘုရားလောင်းဖွားမြင်ကြောင်းကို ကြားကြားချင်း သုဒ္ဓေါဓန မင်ကြီး၏ နန်းတော်ကို ချာန်နဲ့ ကြွလာပါတယ်။ မင်းကြီးက သားတော်ကို ရှိခိုးခိုင်းပါတယ်။ အဲဒီအခါမှာ ဘုရားလောင်းရဲ့ ခြေတော်အစုံဟာ ရသေ့ကြီးခေါင်းပေါ်မှာ တည်လျက်ရှိနေပါတယ်။ သည်တော့ ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးပြီး ရယ်လဲ ရယ်ပါတယ်၊ ငိုလဲ ငိုပါတယ်။ ရယ်ရတဲ့ အကြောင်းကတော့ သတ္တ၀ါတွေ ဘုရားကို ဖူးတွေ့ရလို့ အကျွတ်တရားရကြတော့မယ်လို့ တွေးဆပြီး ၀မ်းသာ အားရရှိတဲ့ အတွက် ဖြစ်ပါတယ်။ ငိုရတဲ့ အကြောင်း ကတော့ ဘုရားမဖြစ်ခင်မှာ မိမိသေဆုံးပြီး အရူပဗြဟ္မာဘုံ (ရုပ်မရှိပဲ နာမ်ပဲရှိသော ဗြဟ္မာဘုံ) မှာ ဖြစ်ရတော့ မယ်၊ ဘုရား၏ တရားတော်ကို မနာကြားရတော့ပဲ တမဂ်၊ တဖိုလ် မရနိုင်တော့ပြီလို့ သိခြင်းကြောင့် ဖြစ်ပါတယ်။ (ဒီနေရာမှ စဉ်းစားစရာရှိပါတယ်။ ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတဲ့ ဈာန်အဘိညာဉ်ရ ရသေ့ကြီးသည်ပင် ဘုရားပွင့်တော့မယ့် အချိန်တိုကာလလေးကို မစောင့်နိုင်ပဲ သေဆုံးရရင်၊ အခုအချိန်မှာ အသက်ကို ရှည်အောင်ဆွဲဆန့်ပြီး နောက်ဘုရားကို စောင့်နေတယ် ဆိုတာတွေသည် သဘာဝ မကျပါဘူး)။
အနှစ်ချုပ်ရသော်.. သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ကိုယ်တော်တိုင် မယ်တော်မာယာ ၀မ်းမှာ ဇာတိနှင့် စခဲ့ရသဖြင့် မလ္လာမင်းတို့၏ အင်းကြင်းဥယျာဉ်တွင် သက်တော်ရှစ်ဆယ်၌ ပရိနိဗ္ဗာန်စံခံရလေပြီ။ သို့အတွက် မဖြစ်မနေရင်ဆိုင်ရမဲ သေခြင်းအတွက် ပြင်ဆင်ဖို့ လိုပါပြီ။ သေတာ၊ နေတာ၊ အားထုတ်တာသည် အတူတူပါပဲလို့ သဘောပေါက်ထားပါ။ အားထုတ်တာကတမျိုး နေတာက တမျိုးဖြစ်နေရင် မဟုတ်သေးပါဘူး။ (ကိုယ်တိုင် စဉ်းစားကြည့်ပါ)။ နေတတ်၊ သေတတ်တယ်ဆိုတာ အားထုတ်တတ်လို့ပါ။ ပြောင်းပြန်ဆိုရရင် အားထုတ်တတ် ရင် နေတတ်၊ သေတတ်ပါတယ်။ နေစဉ်၊ နေ့စဉ်မှာ သာသနာနဲ့ ကြုံမှသာ သိခွင့်ရတဲ့ ၀ိပဿနာ ဘာဝနာ အလုပ်ကို ကျင့်ကြံအားထုတ်ကြပါ။ သို့မှသာ သာသနာတွင်းသား ပီသပါမယ်။
ယခုလို တရားဓမ္မများ လွယ်ကူစွာ နာယူ လေ့လာနိုင်တဲ့ အချိန်မှာ ရရှိထားသော အခွင့်အရေးကို အကျိုးရှိ အောင် အသုံးချတတ်ကြပါစေ။ မိမိလုပ်ရမယ့် အလုပ်ကို ကောင်းစွာ ဆုံးဖြတ်ချက် ချနိုင်ခြင်းသည် ၃၁ဘုံ ဆိုတဲ့ မိုးမှောင်ကျနေတဲ့ တောကြီးထဲက ထွက်မယ့်လမ်းကို သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် တရားတော်များကို ယခုအချိန်မှာပဲ နာယူကြပါ။
မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဆုံးမသြ၀ါဒများကို နာယူနှလုံးသွင်းကြပါ။
~ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
~ အသေမဦးခင် ဉာဏ်ဦးစီးပြီး ၀ိပဿနာ အားထုတ်ပါ။
~ ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေ မဖြုန်းပါနဲ့။
~ မနေ့ကထက် ကနေ့ သေဖို့ တစ်ရက်နီးသွားပြီ။
~ ရက်ရာဇာ၊ ပြဿဒါးမရွေးနဲ့၊ သူတော်ကောင်း အလုပ်လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာ အချိန်လို့ မှတ်ပါ။
~ တဏှာလောဘခိုင်းတာ လုပ်နေလျှင်၊ သေရင် အပါယ်ရောက်မယ်။
~ ကိစ္စဟူသ၍ မဂ်တား၊ ဖိုလ်တားလို့ မှတ်ပါ။
~ တရားနာနေတဲ့ အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
တရားတော်များ နာယူနိုင်ကြပါရန်…
http://thitsartayar.dhammathukha.com/
http://www.dhammathukha.com

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ အနေတတ်၊ အသေတတ်၊ အားထုတ်တတ်တဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…။


“ဘာသာ သာသနာကို သိပါလေ”

မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်။
(မြန်မာတို့၏ အသက်စာအုပ်မှ-)
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ထေရ၀ါဒ သာသနာ ယနေ့တိုင်ထွန်းလင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ကို ပြန်ကြည့်ရရင် သာသနာသည် အမြဲတမ်း ထွန်းကားနေတာမဟုတ်သလို အမြဲတမ်းလည်း နိမ့်ကျခဲ့တာမျိုး မဟုတ်ပါဘူး။ မှေးမှိန်လိုက်၊ တောက်ပြောင်လိုက်နဲ့ သာသာတော် နှစ်ပေါင်း ၂၅၅၂ တိုင်ခဲ့ပါပြီ။ အနှစ်ချုပ်ပြောရရင် နောက်ဆုံး ထေရ၀ါဒ ငါးနိုင်ငံ (မြန်မာ၊ သိရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား) ကျန်ရာမှာ အခုဆိုရင် မြန်မာ တနိုင်ငံတည်းသာ ထေရ၀ါဒ သာသနာ ထွန်လင်းနေတာပါ။ သိရိလင်္ကာမှာတော့ သာသနာ ကျန်ရှိနေပါ သေးတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ကျနော်တို့ မြန်မာမှာ ရှိနေတဲ့၊ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်ဟာ အင်မတန်မှ တန်ဖိုးကြီးပါတယ်။ (လူတိုင်း ကိုယ်တိုင်လေ့လာပြီး သိစေချင် ပါတယ်)။ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဆရာတော်ကြီးများက ဟောကြား၊ ဆုံးမပေးတာကြောင့် နာကြားကျင့်ကြံ ခွင့်ရနေတာပါ။ တရားဓမ္မများ နာကြားကြသော်လည်း နာတဲ့အတိုင်း မကျင့်ကြံနိုင်ရင်တော့ ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။

“မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်” ဆိုတဲ့ စကားကိုကြည်ရင် မြန်မာတို့ရဲ့ အသက်သည် ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ လူမျိုး= မြန်မာ၊ ကိုးကွယ်သည့်ဘာသာ= ဗုဒ္ဓဘာသာပါလို့ မှတ်ပုံတင်မှာ ရေးပြီးတော့ ဗုဒ္ဓဘာသာ သာသနာကို မလိုက်နာပဲနေရင်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ အခုအခါမှာ မူစလင် ဘာသာအကြောင်းနဲ့ သူတို့တွေ ရှေ့ဆက်လုပ်မဲ့ အစီအစဉ်တွေကို ပြောပြတဲ့ မေလ်းတွေ ဖတ်ရပါတယ်။ ဒီနေရာမှာ သူ့အကန့်၊ ကိုယ့်အကန့်လေး ခွဲပြီး လုပ်ဆောင်သင့်တယ်လို့ တွေးမိပါတယ်။ သူတို့က အစွန်းရောက် ၀ါဒဖြစ်တာကြောင့် လုပ်ရင်လဲ လုပ်မယ်၊ ဖြစ်လာချင်မှလဲ ဖြစ်မယ်။ ကိုယ်က ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ အဓိက ကျပါတယ်။ ကိုယ်တိုင် တရားဓမ္မကို သိအောင်လုပ်ရမယ်။ ဒါမှလဲ ဘုရား၊ တရား၊ သံဃာ တွေရဲ့ ကျေးဇူးတွေကို သိလာမယ်။ ဒီလို သိလာရင် သာသနာကို ချစ်တဲ့စိတ်၊ စောင့်ထိန်းချင်တဲ့ စိတ်ဆိုတာ အလိုလိုဖြစ်လာတာပါ။ ဘာသာ သာသနာရဲ့ တန်ဖိုးကို မသိတော့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က မလုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်နေကြတာ တွေ့ရပါတယ်။ အပြစ်မဆိုသာပါ။ သူတို့တွေရဲ့ စိတ်သန္တာန်မှာ အ၀ိဇ္ဇာ (မသိမှု၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာသိခြင်း) အားကြီးတဲ့ အတွက် ထင်ရာလုပ်တာ ဖြစ်ပါတယ်။ ထင်ရာလုပ်တော့ ဒုက္ခဖြစ်ရတာပေါ့။ ဘုရားရှင်ဟာ သတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်ရာမှာပင် အသက်၊ ခန္ဓာပေါင်းများစွာ၊ အချိန်ကြာမြင့်စွာနဲ့ ဘုရားဖြစ်အောင် အားထုတ်လာခဲ့ရတာပါ။ သာသနာကို စောင့်ရှောက်ရမှာလဲ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သတ်လို့ အသိလေးတွေ ရှိထားကြဖို့ တိုက်တွန်းပါတယ်။ သိတယ်ဆိုတဲ့ နေရာမှာလဲ လေးလေးနက်နက် သိဖို့ လိုပါသေးတယ်။ ဒီနေရာမှာ တခု ရှင်းပြချင်ပါတယ်။ ဗုဒ္ဓဘာသာ လူမျိုးလို့ ပြောတဲ့အတွက် အဓိပ္ပါယ်ကို သေချာအောင် သိသင့်ပါတယ်။ များသောအားဖြင့်က ဗုဒ္ဓဆိုတာကို ဘုရားလို့ပဲ ပြောတတ်ကြတယ်။ မှားတယ်လို့ မဆိုပါဘူး။ အမှန်တော့ ဗုဒ္ဓဆိုတာ ဘုရားဆိုတာထက် လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ မူရင်း အဓိပ္ပါယ်ကလဲ ဘုရားမဟုတ်ပါဘူး။ နာမ်စား အနေနဲ့သာ မြန်မာဗုဒ္ဓဘာသာ အချင်းချင်းမှာ ဘုရားလို့သုံးတာ ဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင် ဗုဒ္ဓလို့ပဲသုံးတယ်။ ဗုဒ္ဓဆိုတာ သစ္စာ(၄)ပါး သိသူကိုမှ ခေါ်တာဖြစ်တယ်။ ဗုဒ္ဓဆိုတာ ဘုရားလို့ ပေါ့ပေါ့လေးပြောရင် ဟိုဘုရားသခင် ဆိုတဲ့ ဖန်တီးရှင်တွေနဲ့ ရောထွေးသွားမယ်။ သစ္စာ (၄)ပါး သိသူတွေကိုမှ ထပ်ပြီးခွဲထုတ်လိုက်ရင်-
(၁) သဗ္ဗေညုတဗုဒ္ဓ ( ၄ / ၈ / ၁၆ သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၂) ပစ္စေကဗုဒ္ဓ ( ၂ - သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၃) သုတဗုဒ္ဓ ဆိုတာရှိပါသေးတယ်။
(ပိဋကတ် (၃)ပုံ အာဂုံဆောင်နိုင်သူ (ရဟန်း၊ လူ)နဲ့ ပရိယတ္တိ သာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင် ရွက်နေသူတွေကို ဘုရားရှင်ကိုယ်တော်တိုင်က သုတဗုဒ္ဓ လို့ ချီးကျူးခေါ်ဆိုပါတယ်။ မြန်မာ့သမိုင်းမှာတော့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကို ဝေဘူဆရာတော် ဘုရားကြီးက သုတဗုဒ္ဓလို့ ဂုဏ်ပြုခေါ်ဆိုပါတယ်။)
ထေရ၀ါဒ ဆိုတာက အရှင်မဟာကဿဖ၊ အရှင်အာနန္ဒာ အစရှိသော ရဟန္တာအရှင်မြတ်တို့ရဲ့ ခိုင်မြဲတဲ့ အယူ ၀ါဒကို ခေါ်ပါတယ်။ တနည်းအားဖြင့် အလွန်ခိုင်ခံ့မာကြော ကျစ်လစ်တဲ့ ကျောက်စာတိုင်ဟာ အရပ်လေး မျက်နှာက တိုက်ခတ်လာတဲ့ လေပူ၊ လေအေး၊ လေနု၊ လေကြမ်း မုန်တိုင်းများဒဏ်ကြောင့် ရွေ့လျားယိမ်းယိုင်မှု မရှိသလို ထေရ ဆိုရာမှာလည်း သံဃာတော်များရဲ့ အယူသည် သီလသိက္ခာဖြင့် ခိုင်မြဲခြင်း၊ သမာဓိသိက္ခာဖြင့် ခိုင်မြဲခြင်း၊ ပညာသိက္ခာဖြင့် ခိုင်မြဲခြင်းလို့ ဆိုပါတယ်။ ဒီလိုအသိတွေကိုတော့ လူတိုင်း ရှိထားသင့်ပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမတွေ အတိုင်း လိုက်နာနေထိုင် ကျင့်ကြံနေသူတွေ ရှိနေသ၍ သာသနာက တည်တံ့နေဦးမှာပါ။ အခြားဝါဒတွေဟာ အတ္တကို အခြေခံတဲ့ အတွက်ကြောင့် ဘယ်လိုမှ အမြင်မှန်ရမှာမဟုတ်ပဲ မိစ္ဆာဒိဋ္ဌိ အယူနဲ့သာ သူတို့ သံသရာကို သူတို့ ကိုယ်တိုင် ရေးဆွဲသွားပါလိမ့်မယ်။ သူတို့က နောက်ထပ်နှစ်ပေါင်း များစွာကြာမှ သူတို့ဝါဒ ကြီးစိုးချင်တာတွေ လုပ်နေတာပဲ ထားပါဦး။ ကိုယ်က နောက်ထပ် နှစ် ၅၀ ဆိုရင်ပဲ သေရတော့မယ်။ (အလွန်ဆုံးနေခဲ့ ရရင် ဆိုတဲ့သဘောပါ)။ သူတို့ကို ဂရုစိုက်နေတာထက် ကိုယ့် အရေးကိုပဲ ဂရုစိုက်ရမှာပါ။ ကိုယ်က သူတို့ သဘောကို မသိပဲ ဒေါသ၊ မာန တွေ ဖြစ်မိရင် ကိုယ့်အပြစ် ဖြစ်ပါမယ်။ ကိုယ့်အကြောင်းကို သိအောင် လုပ်ဖို့က အရေးအကြီးဆုံးပါပဲ။ ကိုယ်ဆိုတာက ငါဆိုတဲ့ အတ္တဒိဋ္ဌိကို ပြောတာမဟုတ်ပါ။ ရုပ်၊ နာမ်တွေရဲ့ ပြောင်းလဲ ဖောက်ပြန် ပျက်ဆီးနေတဲ့ သဘောကို သိဖို့ပါ။ တရားအလုပ်ဆိုတာ တကူးတက လုပ်နေရတာလို့ ထင်တာကိုက လွဲနေကြတာပါ။ ခက်သလားဆိုတော့ မခက်ဘူးလို့ ဖြေလည်းရတယ်။ သဘော အသွားကို မသိဘူးဆိုရင်တော့ ခက်တယ်လို့လည်း ဖြေလို့ရပါတယ်။ လောကီနေဖို့ ပညာရှာရ၊ စီးပွားရှာရ ဖြစ်နေတဲ့ အချိန်မှာ ရိပ်သာဝင်ပြီး အားထုတ်ဖို့လဲ မဖြစ်နိုင်တာ များကြတယ်။ အချို့ကလဲ ရိပ်သာဝင်မှ တရားအားထုတ်ဖြစ်တယ်။ ရိပ်သာကလဲ ပြန်လာရော နဂိုအတိုင်းပဲ ပြန်ဖြစ်တာပါပဲ။ ဒီတော့ ပုံမှန်နေတာ ထက်တော့ အကျိုးရှိတယ်လို့ ပြောရမှာပါ။ အကျိုးတော့ မများသေးဘူး။ ကိုယ်သိခဲ့တဲ့ အသိလေးတွေကို အချိန်တိုင်း နှလုံးသွင်း နေထိုင်နိုင်ဖို့က အရေးကြီးပါတယ်။ နှလုံးသွင်းမှန်မှလဲ နိဗ္ဗာန်ရနိုင်တာပါ။ နှလုံးသွင်း မကောင်းရင်တော့ ဘယ်လောက်ပဲ အားထုတ်နေပစေ မရနိုင်ပါဘူး။ မိမိတို့တွေရဲ့ တနေ့တာ အလုပ်လေးတွေမှာ သတိလေးထားပြီး လုပ်ဆောင်ကြည့်ပါ။ သတိထားပါများရင် သတိရှိလာပါတယ်။ သတိဖြစ်လာရင် ကိုယ်လုပ်နေတဲ့ အလုပ်တွေ (တနေ့တာ အလုပ်အားလုံး) အပေါ်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို အကဲခက် သုံးသပ်ကြည့်ပါ။ အဲဒီစိတ်က သူရဲ့ သဘာဝဖြစ်တဲ့ မမြဲခြင်း သဘောကို ပြမှာပဲ။ နေ့စဉ်လုပ် နေတဲ့ အလုပ်တိုင်းမှာ သတိလေးထားပြီး ဖြစ်ပေါ်လာတဲ့ စိတ်ကို အကဲခက် သုံးသပ်ပြီးနေတာကိုပဲ ၀ိပဿနာ အသိလေးနဲ့ လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကိလေသာက ဖြစ်ခွင့်မသာတော့ပဲ စိတ်စင်ကြယ် နေမှာပါ။ စင်ကြယ်တဲ့ စိတ်က စင်ကြယ်သထက် စင်ကြယ်လာပြီဆိုရင် နိဗ္ဗာန်ဆိုတဲ့ အာရုံးအပေါ်ကို ကိုင်းညွတ် သွားတာပါပဲ။ ဒါက ဓမ္မနိယာမ အလုပ်ပါ။ တရားက သူ့အလုပ်ကို သူလုပ်ပါလိမ့်မယ်။
ဒါကြောင့် တရားအလုပ်ဆိုတာ လုပ်နေဖို့ပဲ အရေးအကြီးဆုံးပါပဲ။ အချိန်တွေ ရွေးနေသေးရင်တော့ သေတွင်းကို လက်ယက်တူးနေသလို ဖြစ်နေဦးမယ်။ ၀ါးလုံး ၂လုံး ပွတ်ရင် မီးတောက်မယ်ဆိုတာ လူတိုင်းသိတယ်။ ဘယ်အချိန်တောက်မယ် ဆိုတာတော့ မသိနိုင်ဘူး။ မီးတောက်မှာကတော့ သေချာတယ်။ ပွတ်နေဖို့ပဲ လိုတာပါ။ မပွတ်ရင်တော့ ဘယ်တော့မှကို တောက်လာမှာမဟုတ်ဘူး။ အဲဒီလိုပဲ တရားဆိုတာ အမြဲမပြတ် ဖြည့်နေဖို့ အရေးကြီးတယ်။ ပြည့်ချိန်ရောက်ရင် ပြည့်သွားမှာပါ။

ဒီလို သံသရာလွတ်ကြောင်းတရားတွေသည် ဘုရားရှင် ပွင့်ထွန်းမှသာ သိခွင့်ရတာပါ။ ဒါ့ကြောင့် သာသနာနဲ့ ကြုံတုန်းမှာ ကြိုက်ပြီးတော့ တရားအလုပ်ကို ယခုအချိန်မှာပဲ ဖြည့်ကျင့်လုပ်ဆောင်ဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။

စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ဖြည့်ကျင့်လုပ်ဆောင်နိုင်သည် ဖြစ်၍ ဒုက္ခခပ်သိမ်း လွတ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ…

ဓမ္မချမ်းသာ တွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်…



“လောဘစရိုက်အိုကို မလိုက်လို ရှောင်ပစ်စို့”

လောကမှာ အများစုသော ပုထုဇဉ်တွေ ဘာလို့ စိတ်အေးချမ်းမှု မရကြလဲ ဆိုတာကို အကြောင်းရင်းရှာကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ် စေတသိတ်တွေရဲ့ ခြယ်လှယ်မှု ကိုခံစားနေရလို့ ပဲဖြစ်ပါတယ်။ မူလက အကြည်အတိုင်းရှိနေတဲ့ စိတ်ကလေးကို လောဘ စေတသိတ် ကပ်လိုက်တော့ လောဘစိတ် ဖြစ်ရ တယ်။ လောဘ ဆိုတာက လိုချင်မှုသဘော ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံငါးပါး အပေါ်လိုချင်တာ၊ (ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကို တပ်မက်တာ) က လောဘ သဘောပါ။ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားလိုချင်တာ၊ စာပေတတ်ချင်တာ၊ မရှိဆင်းရဲသူကို ပေးကမ်းလိုပြီး ပစ္စည်းဥစ္စာလိုချင်တာတွေ ကတော့ လောဘမဟုတ်ပါဘူး။ ဆန္ဒဖြစ်ပါတယ်။ ဆန္ဒနဲ့ လောဘသည် မတူပါဘူး။ ဆန္ဒက လိုချင်တာရပြီးရင် ကျေနပ်တတ်တဲ့ သဘောရှိပါတယ်။ လောဘကတော့ ရလေ လိုလေ၊ ဘယ်လောက်ပဲ ရနေပစေ လိုအပ်နေမှာပါပဲ။ သစ္စာလေးပါးမှာ လောဘဆိုတာ “သမုဒယ” သစ္စာပါ။ သမုဒယ ဆိုတာက ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်းလေးပါပဲ။ ဒီလိုဆိုရင် ကျနော်တို့တွေ လောဘ (တဏှာ)ကြောင့် ဒုက္ခတွေရပြီး သံသရာ တကြောမှာ မျောနေရတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ထို့ကြောင့် လောဘကြီးရင် ဒုက္ခကြီးမယ်၊ လောဘငယ်ရင် ဒုက္ခငယ်မယ်၊ လောဘမရှိရင် ဒုက္ခမရှိ တော့ပြီလို့ ဆိုကြပါတယ်။


မြတ်စွာဘုရားရှင်က ဒါနပြုဖို့ တိုက်တွန်းတာဟာ ဘ၀အဆက်ဆက် ချမ်းသာဖို့ တခုတည်းမဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ပါလာခဲ့တဲ့ လောဘ တဏှာကို သတ်နိုင်ဖို့ အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဒါနပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်မှာ အလောဘနဲ့ အမစ္ဆရိယ ပြဌာန်းပါတယ်။ တရားလုပ်တယ်ဆိုတာ အဓိကတော့ မနောကံ အလုပ်ပါ။ စိတ်လေးကောင်းအောင်ပဲ အရင်ဆုံးကြိုးစားဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးကလဲ စိတ်ကောင်းရှိဖို့ ပထမလို့ ရေးသား ဆုံးမခဲ့ပါတယ်။ စိတ်ကောင်းမမွေးနိုင်ပဲ တရားထိုင်နေရုံနဲ့တော့ တရားရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်သန္တာန်မှာ လောဘအရင်းခံတဲ့ ကိလေသာတွေ မဖြစ်ရအောင် အမြဲသတိရှိဖို့ လိုအပ်ပါတယ်။ သတိမရှိရင်တော့ ကိလေသာတွေရဲ့ ထိုးနက်မှုကို ခံစားရကြမှာပါပဲ။ သတိရှိဖို့ သတိထားကြစို့ လို့ ဆရာတော်အရှင်ဆေကိန္ဒက မိန့်တော်မူပါတယ်။ ကိုယ်က သတိထားမှ သတိရှိမှာပါ။ သတိ လက်လွတ်နေရင်တော့ ဘယ်တော့မှ သတိဖြစ်မှာ မဟုတ်ပါဘူး။
လောဘကို “ပေမ”၊ “တဏှာ”၊ “ရာဂ”၊ “သမုဒယ” လို့ အမျိုးမျိုး နာမည်တပ်ပြီး ပြောဆိုကြပါတယ်။ “ပေမ” ဆိုတဲ့ စကားက “ချစ်ခင်ခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။ လောဘသဘောကို လိုက်နေရင်တော့ ဆင်းရဲဒုက္ခတွေ့ ရမှာမလွဲပါ။ အချစ်လောဘကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းကို အရှင်ဇ၀န ရေးသားတဲ့ “မြန်မာတို့၏ အသက်စာအုပ်” မှ ထုတ်နှုတ် တင်ပြလိုက်ပါတယ်။

သီဟိုကျွန်းရှိ စာသင်တိုက်ကြီး တတိုက်မှာ အဘိညာဉ်ရ ကျောင်းထိုင် စာချ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့မှာ ဆရာတော်ကြီးကျောင်းကို ရဟန်းပျို တပါးက စာသင်သား အဖြစ်နေဖို့ လျှောက်တယ်။ ဆရာတော်ကြီက ထိုရဟန်းဟာ အမျိုးသမီး တဦးကြောင့် ရဟန်းသီလ ပျက်မှာကို ကြိုမြင်တဲ့ အတွက်ကြောင့် ကျောင်းမှာ သီတင်းသုံးဖို့ ခွင့်မပြုပါဘူး။ နောက်ဆုံး ရဟန်းက သုံးကြိမ် တိုင်အောင် မျက်ရည်ဝဲပြီး တောင်းပန်တဲ့ အချိန်ကျမှ ဆရာတော်ကြီးက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော် ကြီးက ကျောင်းအနောက်ဘက်က ရွာထဲကို ဘယ်တော့မှ မသွားဖို့ ကတိတောင်းပါတယ်။ ရဟန်းကလဲ မသွားပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ထိုရွာထဲမှာ အလွန်ချောမောလှပတဲ့ အမျိုးသမီး ရှိပါတယ်။ ထိုအမျိုးသမီးက အ၀ါရောင် ၀တ်စုံနဲ့ ပ၀ါကို အသုံးပြုလို့ ၀ါဝါ လို့ပဲ ခေါ်ကြတယ်။ ချောမောလှပပြီး သိက္ခာရှိလွန်းတဲ့ အတွက်ကြောင့် ရွာမှာရှိတဲ့ ကာလသားများက သူတို့နဲ့ မတန်ဘူးဆိုတဲ့ သဘောနဲ့ အနားမကပ်ရဲအောင် ဖြစ်ကြရတယ်။ ၀ါဝါ ကလဲ ဘယ်ယောက်ျားလေးကိုမှ စိတ်မ၀င်စားပဲ ဘုရား၊ တရားဘက်ကိုသာ လိုက်စားပါတယ်။
သီတင်းကျွတ်ပြီး တနေ့ကျတော့ ရဟန်းက ဆရာတော်ကြီးတားမြစ်ထားတဲ့ ကြားက အနောက်ဘက်ရွာထဲကို ဆွမ်းခံကြွချင်စိတ်ပေါ်တာနဲ့ ကြွသွားပါတယ်။ ရွာထဲရှိ အိမ်ခြေ တ၀က်ကျော်ကို ဆွမ်းခံရာ ဘာမှ မထူးခြားသေးပါ။ ၀ါဝါ တို့အိမ်ရှေ့အရောက်မှာ ရဟန်းတို့ သိက္ခာအတိုင်း မျက်လွှာ ချကာ ရပ်လိုက်ပါတယ်။ ဆွမ်းလောင်းဖို့စောင့်နေတဲ့ ၀ါဝါက ဆွမ်းဇလုံကို မပြီး ထွက်လာပါတယ်။ ဆွမ်းလောင်းရမဲ့ ရဟန်း အနားရောက်တော့ မသိစိတ်က တိုက်တွန်းမှုကြောင့် အပေါ်မော့ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာ ရဟန်းကလဲ အလိုလိုကြည့်ချင် စိတ်ဖြစ်လာတာကြောင့် မျက်လွှာကို ပင့်ကြည့်လိုက်တော့ အကြည့်နှစ်ခု ဆုံသွားတာပေါ့။ အကြည့်ချင်းဆုံတော့ စက္ခုရူပေန သံဝါသာ ရာဂပုတ္တံဝိဇာယတိ (စက္ခုပသာဒရုပ်နှင့် အဆင်းရူပါရုံတို့၏ ပေါင်းဖော်မိခြင်းကြောင့် တပ်မက်စွဲလမ်းခြင်းဟု ဆိုအပ်သော ရာဂ ဟူသော သားကို မွေးဖွား၏) ဟူသော ဒေသနာအတိုင်း တဦးနှင့် တဦး ချစ်မိခဲ့ပါတယ်။ ရဟန်းလည်း ဣန္ဒြိယသံဝရသီလကို ဖျက်မိတဲ့ အတွက် ရုတ်တရက်ပဲ နောက်ကြောင်းပြန် လှည့်သွားပါတယ်။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဖြင့် မြင်သောအခါ၊ ကြားသောအခါ၊ နံသောအခါ၊ စားသောအခါ၊ ထိသောအခါ၊ တွေးကြံသိသောအခါတို့တွင် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာများ ၀င်မလာအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်)။ ၀ါဝါမှာလည်း ဘာပြော ရမှန်း မသိတော့ပဲ ဆွမ်းဇလုံကို ရှေ့ချပြီး အခန်းထဲ ၀င်ပြေးပါတော့တယ်။ အခန်းထဲရောက်တော့လဲ ရဟန်းရဲ့ ရုပ်ပုံလွှာက မျက်စိထဲက မထွက်တော့ပဲ လောဘမီး စတင်လောင်တော့တာပေါ့။ သို့သော် ၀ါဝါကတော့ ပူမှန်း မသိခဲ့။ ရဟန်းမှာလဲ ၀ါဝါ ပုံရိပ်ကို မေ့မရ၊ စာလဲကျက်မရ၊ စိတ်ထဲလည်း စိတ်မပါ၊ ခဏမြင်ခဲ့ရတဲ့ အမျိုးသမီး ကို ပြန်လည်တွေ့ချင်စိတ် ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဆရာတော်ကြီးကို ပေးခဲ့တဲ့ ကတိကို ပြန်သတိရ ဖြစ်တယ်။ သို့သော် လွန်ခဲ့ပါပြီ။ ၃ ရက်လောက် မသွားပဲနေနိုင်သော်လည်း ၄ ရက်မြောက်နေ့မှာ မနေနိုင်တော့။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာခဲ့ပါတယ်။ ၀ါဝါတို့အိမ်ရှေ့အရောက်မှာ ဆွမ်းခံ မရပ်တော့ပဲ ဆက်လျောက်သွား ပါတယ်။ ဒါနဲ့ ၀ါဝါရဲ့ အမေက နောက်ကလိုက်သွားပြီး တနေရာအရောက်မှာ ရဟန်းကို ကွပ်ပျစ်ပေါ်ကြွစေပြီး လျှောက်ကြားပါတယ်။ ၀ါဝါက ရဟန်းကို စွဲလမ်းနေကြောင်း၊ အရှင်ဘုရားကို မရရင် သေနိုင်ကြောင်း၊ အစားလဲ မစား၊ ဆေးလဲ မသောက်ပဲနေကြောင်း စသဖြင့် လျောက်ပြီး ၀ါဝါ ကို လက်ထပ်ဖို့ပြောတာပေါ့။ အဲဒီအချိန်မှာ ရဟန်းက စဉ်းစားပြီး အကြည့်တစ်ခုက ဖြစ်လာတဲ့ ဒုက္ခက မနည်းပါလာလို့ သံဝေဂဖြစ်မိပါတယ်။ ရဟန်းက လူဝတ်လဲလိုက်ရင် စာသင်တိုက်၊ ဆရာနှင့် မိဘဆွေမျိုးတွေ နာမည်ပျက်ရတော့မယ်။ ယောကျာ်းလေးတ ယောက်ကို မရလို့ သေမယ်ဆိုတာမဖြစ်နိုင်၊ ကြာရင်မေ့သွားမှာပဲ ဆိုပြီး လူဝတ်လဲဖို့ မဖြစ်နိုင်ကြောင်း၊ စာသင်ဖို့ စာသင်တိုက်ကို ရောက်လာတာဖြစ်ကြောင်း၊ မိန်းမယူဖို့ မဟုတ်ကြောင်း၊ ဦးပဉ္စင်း ကိုမေ့ပြီး အခြားတယောက် ကို ယူလိုက်ပါ၊ ဦးပဉ္စင်းကို မေ့ဖို့ပြောလိုက်ပါလို့ မိန့်ကြားခဲ့ပါတယ်။
ထိုဖြစ်ရပ်တွေ ဖြစ်ပြီး ရက်အတန်ကြာတော့ စာချဆရာတော်တပါးက ရဟန်းရဲ့ အခန်းထဲကို ၀င်လာပါတယ်။ ရဟန်းလဲ ၀ါဝါနဲ့ ပတ်သတ်ပြီး အပြင်သိပ်မထွက်၊ အစားလဲ ကောင်းကောင်းမစားပဲ နေမကောင်းတဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါနဲ့ စာချဆရာတော်ကြီးက “အေး… ကျန်းမာရေးဂရုစိုက်ကွာ၊ မင်းကြည့်ရတာ သိပ် ပိန်တာပဲ၊ အစားမ၀င်ဘူးထင်တယ်၊ မင်းစားချင်တာပြော၊ ငါ့ရဟန်း အမကြီးကို ခိုင်းပေးမယ်၊ ရော့.. ဟောဒီမှာ ဒီနေ့ရက်လည် ဆွမ်းကျွေးကရလာတဲ့ အ၀ါရောင် အနေကထိုင်လေး၊ လှလိုက်တာ မင်းသုံးရအောင် လာစွန့်တာ၊ သေသွားတဲ့ မိန်းကလေးရဲ့ ပုဝါကို ချုပ်ထားတာတဲ့”။ အ၀ါရောင် နေကထိုင်လေးကို မြင်လိုက်တာ နဲ့ ရဟန်းက တုန်လှုပ်သွားပါတယ်။ ၀ါဝါ ကိုလည်း သတိရသွားတယ်။ ၀ါဝါခြုံတဲ့ ပ၀ါလေးများ ဖြစ်မလားဆိုတဲ့ အတွေးနဲ့ အတူ ဆရာတော် ဘယ်ရွာက ရခဲ့တာလဲ လို့မေးလိုက်ပါတယ်။ စာချဆရာတော်ကြီးက “အနောက်ဘက်ရွာကလေ၊ သနားစရာပါကွာ၊ သေတဲ့ မိန်းကလေးက အသက် ၁၈နှစ်လောက် ရှိသေးတာပဲ၊ အသုဘချတဲ့နေ့က ငါတို့ပါတယ်၊ သေတာတောင် လှလိုက်တာကွာ၊ အသက်ရှင်စဉ်ကဆို ဘယ်လောက်လှမယ် မသိဘူး၊ အင်း.. နာမည်လေးကလဲ တမျိုးလေးကွ၊ ၀ါဝါ တဲ့” လို့ပြန်မိန့်ပါတယ်။
အဲဒီအချိန်မှာ ရဟန်းက ငါ့ကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးတယောက် သေရပြီ ဆိုတဲ့ အတွေးနဲ့ မျက်ရည်ကျ လာပါတယ်။ ၀ါဝါ ခြုံခဲ့တဲ့ ပ၀ါမှဖြစ်တဲ့ နေကထိုင်လေးကို ရင်ဘက်ပေါ်တင်ပြီး မျက်ရည်ကို ဆရာတော် မမြင်အောင် စောင်ခြုံလိုက်ပါတယ်။ စာချဆရာတော်က ဘာမျ မသိ၊ ၀ါဝါအကြောင့်ကိုသာ ဆက်ပြောပါတယ်။
“အေး.. မင်းချမ်းရင် စောင့်ခြုံထား၊ စောစောက ၀ါဝါဆိုတဲ့ မိန်းကလေးဟာ ရဟန်းတပါးကို မြင်မြင်ချင်း စွဲလမ်း ချစ်သွားတာဆိုပဲကွ၊ နောက်ဆုံး မစားနိုင် မသောက်နိုင်ထိ ဖြစ်လာလို့ အဲဒီ ကိုယ်တော်လေးကို လူထွက်ဖို့ သူ့အမေက ပြောတော့ ကိုယ်တော်လေးက မထွက်နိုင်ဘူးလို့ ပြောလိုက်သတဲ့ကွ၊ သနားစရာပဲကွာ၊ အဲဒီနေ့က စပြီး ဘာမှ အစားမစားဘဲနေလိုက်တာ ခုနှစ်ရက်၊ ရှစ်ရက်လောက်ရှိတော့ သေတာပါပဲ”။
စာချဆရာတော် ပြောနေတာကို ရဟန်းက တင်ပါ့၊ ဟုတ်လား စသဖြင့် တစ်ခွန်းမှ ပြန်မပြောလို့ မသင်္ကာဖြစ်ပြီး ခြုံထားတဲ့ စောင်ကို ဆွဲလှပ်ကြည့်လိုက်တော့ စာချဆရာတော်က “ဟင်” ဆိုတဲ့ အသံနဲ့ အံ့သြသွားပါတယ်။ နေကထိုင်အ၀ါလေးကို ရင်ဘက်ပေါ်တင် လက်နှစ်ဘက်က ဖိထားပြီး အသက်ပျောက်နေတဲ့ ရဟန်း ကိုတွေ့ရလို့ ဖြစ်ပါတယ်။
သူတို့တွေသည် သေလောက်အောင်ပင် လောဘမီး အလောင်ခံရတာပါ။ ကျနော်တို့တွေသည်လည်း အလောင်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ လောဘစရိုက် အားကြီးတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း ပွားများခြင်းနဲ့ သင့်တော်ပါတယ်။ “တစ်စတစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောင်နောက်၊ ဆက်တိုင်းကောင်း၏” ဆိုတဲ့ တရားစာစုလေးအတိုင်း လောဘနည်းနည်းစွန့်နိုင်လျှင် နည်းနည်းချမ်းသာမယ်၊ များများစွန့်နိုင်ရင် များများချမ်းသာမယ်၊ အကုန်လုံးစွန့်နိုင်ရင် နိဗ္ဗာန်ကိုပါ ရနိုင်ပါတယ်။
တသံသရာလုံးက ပါလာခဲ့တဲ့ လောဘ စရိုက်ဆိုးကို အပြီးနိုင်ပယ်သတ်နိုင်ပြီး ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်သို့ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။


“ကိုယ်တိုင်တွေးလို့ သိပါလေ”

“ဂါမဏိ… လွန်လေပြီးသော အခါက သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၏။ ကချေသည် သည် ထိုသတ္တ၀ါတို့ အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်မက်နှစ်သက်စေတတ်သော အာရုံ၊ မိုက်မဲတွေဝေ စေတတ်သော အာရုံတို့ကို အနီးသို့ဆောင်၏။ ထိုကချေသည် သည် မိမိလည်း လွန်စွာမေ့လျော့လျက် သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့ စေတတ်သောကြောင့် သေသည်မှ နောက်၌ ပဟာသ အမည်ရှိသော ငရဲ၌ ဖြစ်ရ၏”
(သံယုတ်ပါဠိတော်)
သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေကြတာကို ကယ်တင်မယ်ဆိုတဲ့ စိတ်ရင်းစေတနာကြောင့် ဘုရားရှင်သည် ပါရမီဖြည့်ကျင့်ပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ် ခဲ့ရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားသော တရားတော်တွေကို အနှစ်ချုပ်ရင် ပိဋကတ်သုံပုံ ရပါတယ်။ ထို ပိဋကတ်သုံးပုံကို အနှစ်ချုပ်ရင် ဗောဓိပက္ခိယတရား (၃၇)ပါး ရပါတယ်။ ထို ဗောဓိပက္ခိယတရား (၃၇)ပါးကို အနှစ်ချုပ်ရင် မဂ္ဂင် (၈)ပါး ရပါတယ်။ ထို မဂ္ဂင် (၈) ပါးကို ချုံ့လိုက်ရင် (သီလမဂ္ဂင် (၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါး၊ ပညာမဂ္ဂင် (၂)ပါး) သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါတယ်။ ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာသည် သီလ၊ သမာဓိ၊ ပညာ တည်းဟူ သော သိက္ခာတော်သုံးရပ် နှင့်ပြည့်စုံတယ်လို့ ဆိုပါတယ်။ ထိုအကြောင်းတွေကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တယ်လို့ ခံယူမိပါတယ်။


ဘုရားရှင်ဟောကြားခဲ့သော တရားတော်များကို ယနေ့တိုင် နာကြား၊ အားထုတ်ခွင့် ရနေခြင်းမှာလဲ သာသနာကို အခက်အခဲပေါင်း များစွာကြားမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော် အရှင်သူမြတ်များ၏ ကျေးဇူး ကြောင့် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း နေရာ အနှံ့အပြားမှာ တရားပွဲများ ပြုလုပ်နာကြားနေဆဲပါ။ ကမ္ဘာ့နိုင်ငံ အများစုမှာလဲ ဆရာတော်များမှ သာသနာအကျိုး၊ လူသားတွေ ကောင်းကျိုးအတွက် တရားဓမ္မများ ဟောကြားဆုံးမ နေကြပါတယ်။ ထိုတရားတွေသည် တိုင်းသားပြည်သူတို့၏ ကောင်းကျိုးချမ်းသာ အတွက်ပင် ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင်ပင် စဉ်းစားကြည့်ကြပါ။ တရားဓမ္မတွေ မည်သို့ပင် ဟောကြားဆုံးမ နေသော်လည်း လိုက်နာကျင့်ကြံခြင်း မရှိရင်တော့ ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတဦးနဲ့ တဦးရဲ့ အထုံ ပါရမီ မတူတာကြောင့် အားလုံး မလိုက်နာနိုင်တာကို အပြစ်မဆိုသာပါ။ သို့သော် တရားဓမ္မကိုတော့ တန်ဖိုးထားတတ်ဖို့၊ ရိုသေလေစားဖို့ လိုအပ်မယ်လို့ တွေးမိပါတယ်။
ယနေ့အချိန်အခါမှာ အနောက်တိုင်း ယဉ်ကျေးမှုများ၊ ဂီတပညာများ၊ နေထိုင်မှု စရိုက်များ စတဲ့ လောကီ အသွင်အပြင်တွေကို အတုယူလာကြတာ တွေ့ရပါတယ်။ လူတိုင်းမှာ ကိုယ်ကျေနပ်တဲ့ အာရုံနဲ့ နေတာ ဖြစ်တဲ့ အတွက် အားလုံးကို ၀င်ရောက် မပြောလိုပါဘူး။ သာသနာနှင့် လောကီ အလုပ်တွေ ရောနှောပြီး လုပ်ဆောင်တာတော့ မဖြစ်သင့်တဲ့ ကိစ္စတခု လို့ခံယူမိပါတယ်။ ဂီတ၊ အနုပညာ နဲ့ပတ်သတ်လို့ သိမြင်လာတာ တွေကို ပြောချင်ပါတယ်။ ဂီတ၊ အနုပညာဆိုတာ လူသားတွေရဲ့ အသိတွေ၊ နေထိုင်မှု စရိုက်တွေကို ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။ ကျနော်တို့ ငယ်စဉ်က မိခင်မေတ္တာဖွဲ့ သီချင်း တပုဒ်ထဲမှာ “မြတ်စွာဘုရားတောင်မှ နို့တလုံး ဖိုးသာ ကျေတယ် အမေ” လို့နားထောင်ခဲ့ရပါတယ်။ မြတ်စွာဘုရားတောင် နို့တလုံးဖိုးပဲ ကျေတယ်ဆိုတော့ ငါတို့ ဆိုရင် ဘယ်လောက်ဆပ်ဆပ် ကျေမှာ မဟုတ်တော့ဘူးလို့ အမှတ်မှားခဲ့ပါတယ်။ (မိဘမေတ္တာကို ပုံဖော်တာ မှန်သော်လည်း အသိမှား၊ အမှတ်မှားဖြစ်အောင်တော့ မလုပ်မိဖို့ အရေးကြီးပါတယ်)။ အရှင်ဆန္ဒာဓိက ရေးတဲ့ “နို့နှစ်လုံးဖိုး ကျေပါတယ်” ဆိုတဲ့ စာအုပ်ဖတ်တဲ့ အချိန်ကျမှ အမှန်ကို သိခဲ့ရတာပါ။ ဒီနေရာမှာ သီချင်းစာသားတွေကို သတိထားစေချင်ပါတယ်။ တေဘုံမာ၊ ဘ၀သံသရာ စတဲ့ သီချင်းတွေကတော့ နားထောင်ရင်းနဲ့ပဲ တရားအသိ ရသွားနိုင်ပါတယ်။
“ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာ၊ တတိယ အရွယ်မှာ ဘာဝနာ တရားပွားကြစို့” လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် မှန်တယ်ထင်ရတယ်။ သေချာတွေးကြည့်ပါစို့။ တတိယ အရွယ်ရောက်မှ ဘာဝနာ တရားပွားမယ်ဆိုတော့ ဘာဝနာပွားမယ့် အလုပ်ကို နောက်ဆုံးမှ လုပ်ရမယ်ထင်တဲ့ သဘော သက်ရောက်နေပါတယ်။ တတိယ အရွယ် မရောက်ခင် မသေဘူးလို့ ဘယ်သူက အာမခံပေးနိုင်မလဲ။ လူဆိုတာ အသက်ကြီးလာရင် ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်နိုင်မှုက အားနည်းလာပါတယ်။ အဲဒီအချိန်မှ တရားအားထုတ်ရင် တရားရဖို့ ခဲယဉ်းပါမယ်။ ငယ်စဉ်က တရားအသိမရှိတော့ နတ်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ဘိုးဘိုးကြီး၊ သူရသတီ စတဲ့ ကိုးကွယ်မှု အစစ်မဟုတ်တဲ့ ဒိဋ္ဌိအယူတွေကို သေချာမသိဖြစ်မယ်။ အဲဒီ အစွဲတွေကို အသက်ကြီးတဲ့ အချိန်မှာ ဖျောက်လို့ ခက်ပါလိမ့်မယ်။ ဒိဋ္ဌိအယူနဲ့ သေရင်တော့ ယမမင်းနဲ့ စစ်တမ်း ၀င်စရာ မလိုပဲ ငရဲကို တိုက်ရိုက်သွားရပါမယ်။ ဒီတော့ ပထမ အရွယ်မှာ ပညာနဲ့ တရားရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာနဲ့ တရားရှာ၊ တတိယ အရွယ်မှာ အလုံးစုံသော တရားရှာ သင့်တယ်လို့ ထင်ပါတယ်။ စာဖတ်သူများလဲ စဉ်းစားပါ။ ကျနော် ရေးတာကိုပဲ ယုံရမယ်လို့ မဆိုလိုပါဘူး။
ရိုးရာ အငြိမ့်ပွဲတွေမှာ ဘုရား၊ တရား၊ သံဃာ နဲ့ ပတ်သတ်လို့ ပျက်လုံးတွေလဲ မလုပ်သင့်ဘူးလို့ ခံယူပါတယ်။ ဘာလို့လဲ ဆိုတော့ ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်တွေကို ရေးသားခဲ့ပြီးလဲ ဖြစ်ပါတယ်။ ပျက်လုံး လုပ်တယ် ဆိုရာမှာ ရယ်စရာပြောတာ ဖြစ်ခြင်းကြောင့် မရိုသေရာ ရောက်ပါတယ်။ (စာဖတ်သူများလဲ တွေးကြည့်ပါ)။ သာဓု ခေါ်သံကိုလဲ အလေးမထားပဲ ပျက်လုံး လုပ်ကြတာတွေလဲ တွေ့ရပါတယ်။ သာဓု တလုံးခေါ်ဆိုမှုသည် ဘယ်လောက် အကျိုးရှိတယ် ဆိုတာ သိစေချင်ပါတယ်။ အသိတလုံးသည် အင်မတန် အရေးကြီးပါတယ်။
အခုအချိန်က ရိုးရိုးသံစဉ် မဟုတ်တော့ပဲ DJ ဆိုတဲ့ တီးလုံးနဲ့ သီဆိုနေကြပါပြီ။ မြန်မာ့ယဉ်ကျေးမှု သံစဉ်တွေလဲ ဒီဂျေ ဖြစ်နေပါပြီ။ ၁၀ နှစ်ဝန်းကျင် ကလေးတွေက အစ ဒီလို အသံတွေကို နားထောင်တတ် နေတာလဲ အပြစ်မဆိုသာပါဘူး။ ဆုတ်ခေတ်ကာလ ဆိုတာ ပေါ်လွင်လာတာပါ။ ဆိုချင်တဲ့သူ ဆိုပါ။ နားထောင်ချင် တဲ့သူလဲ နားထောင်လို့ရပါတယ်။ (အားပေးတာမျိုးတော့ မဟုတ်ပါ)။ သို့သော် အဲဒီ အနောက်တိုင်း တီးလုံး (DJ) နဲ့ မေတ္တာပို့ စာသားတွေကို ဖန်တီးပြုပြင်တာတော့ မသင့်တော်ဘူးလို့ ခံယူပါတယ်။ မေတ္တာပို့တယ်ဆိုတာ ကိုယ်ပို့မယ့် သတ္တ၀ါတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံးကို စိတ်ထဲမှာ ပုံပေါ်လာအောင် အာရုံပြုပြီးမှ မေတ္တာပို့လွတ် ရတာပါ။ ဒါမှလဲ မေတ္တာအကျိုးက ထိရောက်ပါတယ်။ ကိုယ်တိုင် မပို့သဖြစ်ရင် ဆရာတော်ကြီးတွေရဲ့ မေတ္တာပို့ တရားတွေ ဖွင့်ပြီး ကိုယ့်စိတ်က သတ္တ၀ါတွေ တရားတော်ကို နာနိုင်ပါစေ၊ မေတ္တာပို့ အမျှဝေသံတွေ ရပါစေလို့ နှလုံးသွင်းထားမယ်ဆိုရင်လဲ ရပါတယ်။ အခုတော့ DJ ဆိုတဲ့ အသံနဲ့ လုပ်ထားတော့ ဘယ်လိုများ အာရုံရနိုင် မလဲ။ နာကြားရတဲ့သူကရော မေတ္တာပို့စာသား မကြားပဲ တီးလုံးသံကြားလို့ နားငြီးနေမယ်။ သတိပြုကြရမှာက ယခုလို အသေးဖွဲ့က စလို့ ကြီးမားတဲ့ ပြုပြင်မှုအထိ လုပ်လာနိုင်ပါတယ်။ ဒီလုပ်လုပ်ဆောင်တာသည် အခြားဘာ သာဝင်တွေလဲ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလဲ ဖြစ်နိုင်ပါတယ်။ တဦးချင်ဆီက ကိုယ်သိတဲ့ အသိလေးတွေနဲ့ ဘာသာ သာသနာ အတွက် အသေးစိတ်က အစ လိုက်နာ စောင့်ထိန်းစေချင်ပါတယ်။ သူတို့ နေရာနဲ့ သူတော့ အပြစ် မဆိုပါ။ နို့စားနွားမ တကောင်ဟာ လယ်ကွက်ထဲမှာတော့ တင့်တယ်ပါတယ်။ သို့သော် မြို့ထဲက ပန်းခြံထဲ ၀င်လာရင်တော့ မောင်းထုတ်ရပါမယ်။ ထို့အတူ ဂီတတွေ၊ သံစဉ်တွေသည် သူ့နေရာနှင့် သူတော့ ကောင်းပါတယ်။ သို့သော် ဘာသာ သာသနာကို ထိပါးလာရင်တော့ ပြောရပါလိမ့်မယ်။
ထိုပြောဆိုမှုသည် စိတ်ရင်းစေတနာ အမှန်နဲ့ တရားဓမ္မကို လူတိုင်း သိရှိ၊ ကြည်ညိုလေးစား၊ လိုက်နာ တတ်စေဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ ပုထုဇဉ် လူသားတွေ ဖြစ်တာကြောင့် မည်သူမှ အမှားမကင်းတာ သဘာဝပါ။ အမှားကို သိပြီး အမှန်ကို ပြုပြင်နိုင်ခြင်းသည် သူတော်ကောင်းတို့ အကျင့်ပါ။ စာဖတ်သူများ အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီး သူတော်ကောင်းတရားများ ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။
သဗ္ဗေသတ္တာ၊ ........... အလုံးစုံသော သတ္တ၀ါတွေ၊
အဝေရာ ဟောန္တု၊ ...... ဘေးရန်ကင်းကြပါစေ၊
အဗျာပဇ္ဇာ ဟောန္တု၊ .... စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊
အနီဃာ ဟောန္တု၊ ...... ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊
သုခီ အတ္တာနံ ပရိဟရန္တု၊ .. မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာဖြင့် ရွက်ဆောင်နိုင်ကြပါစေ။


“သာသနာတွေ့ကျိုးနပ်ပါစေ”

သာသနာ ဆိုတာ အဆုံးအမလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဘယ်သူရဲ့ အဆုံးအမလဲ ဆိုရင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို ဆိုရပါမယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သုမေဓာရှင်ရသေ့ ဘ၀ကတည်းက နိဗ္ဗာန်စံဝင်ရင် ရပေမဲ့ ငါတယောက်တည်း နိဗ္ဗာန်မ၀င်လို၊ ဝေနေယျ သတ္တ၀ါတွေကိုပါ နိဗ္ဗာန်ကို ပို့ဆောင်မယ် ဆိုတဲ့ စေတနာနဲ့ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့ပါတယ်။ ဘုရားဖြစ်ဖို့ရန် အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရပါတယ်။ ဘုရားဖြစ်တဲ့ အခါမှာလဲ သက်တမ်းတိုသော ကာလမှာ ဖြစ်ရသဖြင့် ဝေနေယျ သတ္တ၀ါတို့ကို ၄၅၀ါ ကာလပတ်လုံး ချေချွတ်တော်မူခဲ့ရပါတယ်။ မနက် ဆွမ်းခံကြွချိန်မှာပင် မဂ်ရထိုက် သူများကို ချေချွတ်ရပါတယ်။ ဆွမ်းခံပြန်လာရင် ဒုလ္လဘတရားငါးပါးကို ဟောကြားတော်မူပါတယ်။ နေ့ဆွမ်းစားပြီးချိန်မှာ ရဟန်းတော်များက ကမ္မဋ္ဌာန်းတောင်းကြ၊ တရားမေးကြနဲ့ ညနေပိုင်း ရောက်သွားပါတယ်။ ထိုအချိန်မှာပဲ မြို့သူ၊ မြို့သားများက တရားနာဖို့ ရောက်နှင့်နေကြပါပြီ။ ထို့နောက် တရားဟောပေးရာ တရားပွဲက ည ၁၁ နာရီခန့် ဖြစ်သွားပါတယ်။ သန်ခေါင်ယံ အချိန်မှာ နတ်များ တရားနာလာလို့ ဟောပေးရပါတယ်။ နတ်တွေပြန်သွားချိန်မှာ ဗြဟ္မာတွေလာလို့ တရားဟောပေးရာ ၂နာရီခွဲ ၃ နာရီလောက် ရောက်သွားပါတယ်။ ဗြဟ္မာတွေပြန်သွားပြီးမှ တနေကုန်ခိုင်းထားတဲ့ ခန္ဓာကြီးကို အနားပေးပါတယ်။ မနက်အာရုံတတ်ချိန်မှာ မဟာကရုဏာ သမာပတ်ဝင်စားကာ ကျွတ်ထိုက်သူတို့ကို ကြည့်ရှုတော်မူပါတယ်။ တွေ့ရှိရင် ဘယ်လောက်ပဲ ဝေးဝေး အရောက်သွားကာ တရားဟောပြီး ချေချွတ်တော်မူပါတယ်။


ဘုရားတစ်ဆူပွင့်ရင် ချေချွတ်ရမည့်၊ ကျွတ်ရမည့် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရားသည် သက်တမ်း တိုလွန်းသောကြောင့် ၁၆ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းသာ ကျွတ်လွတ်ရန် တရားဟောပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ရှစ် သင်္ချေကို ဘုရားရှင် တပည့်သား သံဃာတော်များ မှတဆင့် တရားနာကြားပြီ ကျွတ်တန်းဝင်ကြပါစေ ဟူသော ဆန္ဒဖြင့် သာသနာတော် နှစ်ငါးထောင် ထားခဲ့ပါတယ်။ ထို့ကြောင့် ယနေ့အချိန်မှာပင် ၀ိပဿနာတရားများ နာကြားကျင့်ကြံခွင့် ရနေခြင်းဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် ၂၅၅၂ ဖြစ်တာကြောင့်၊ နောက်ထပ် သာသနာတော် ၂၄၄၈ နှစ် သာကျန်ပါတော့တယ်။ (သာသနာတော် နှစ် ၅၀၀၀ ပြည့်သော်လည်း ဘုရားရှင်၏ တရားတော်ကို လိုက်နာ ကျင့်ကြံသူတွေ ရှိနေသ၍ သာသနာတော် ရှိနေဦးမှာ ဖြစ်ပါတယ် )။ သာသနာနှစ် ဘယ်လောက်ကျန်တယ် ဆိုတာ မစဉ်းစားသင့်ပါဘူး။ အမှန်မှာ မိမိတို့ မသေခင်သာ သက်ဆိုင်ပါတယ်။ မိမိတို့ အတွက်က သေတဲ့ အချိန်သည် သာသနာကွယ်တာပါပဲ။ သေသွားလို့ အပါယ်ဘုံ ရောက်သွားခဲ့ရင်တော့ သာသနာတော်နဲ့ ထပ်တွေ့ဖို့ မလွယ်ပါဘူး။
ထို့ကြောင့် အသေမဦးခင် ဉာဏ်ဦးဖို့ လိုပါတယ်။ ဉာဏ်ဦးဖို့သည် ၀ိပဿနာ ဘာဝနာတရားကို ပွားများအား ထုတ်ထားဖို့ အရေးကြီးပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာပင် မဟာကရုဏာတော်ဖြင့်…
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တာယာမိဝေါ၊
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ချစ်သားတို့ ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့၊… ဟု နောက်ဆုံးမှာ မှာကြားခဲ့ပါတယ်။ မိဘတို့သည် သားသမီးတို့ကို တသက်သာ ချမ်းသာအောင် ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် တဘ၀တာ ကျေးဇူးရှင်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင်သည်ကာ သံသရာ တလျှောက်လုံး အပါယ်ဘေးမှ ကင်းပြီး ချမ်းသာအောင် စောင့်ရှောက်သောကြောင့် သံသရာ တလျှောက် ကျေးဇူးရှင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တဘ၀ ကျေးဇူးရှင် မိဘများ သေခါနီး မှာကြားသော စကားကိုပင် သားသမီးများက လိုက်နာတတ်ကြပါတယ်။ ထိုသို့ဆိုရလျှင် တသံသရာလုံး ကျေးဇူးရှင်ဖြစ်သော မြတ်စွာဘုရားရှင်၏ တရားကို ပိုပြီးနားထောင် သင့်ပါတယ်။ ၀ိပဿနာ ဘာဝနာ ပွားများခြင်းသည်ပင် ဘုရား၏ တရားကို အပြည့်အ၀ နားထောင်ရာ ရောက်ပါမယ်။ ဒါန၊ သီလ၊ သမထ တရားတွေသည် ဘုရား မပွင့်ခင် ကာလ ကတည်းက ရှိခဲ့ပြီးသားပါ။ သစ္စာတရားတွေကတော့ ဘုရားပွင့်မှသာ သိခွင့်ရတာပါ။ ထို အသိလေး တခုသည် လောကီ၊ လောကုတ် နှစ်ဖြာသော အကျိုးအတွက် များစွာပင် အကျိုးကြီးလှပါတယ်။ တကယ့် သေဘေးကို ရင်ဆိုင်ရတော့မယ်ဆိုရင် ၀ိပဿနာဘာဝနာ သစ္စာအသိသည်သာ အားထား နိုင်ပါလိမ့်မယ်။ ထို့အတူ လောကမှာနေထိုင်ကြတဲ့ လူတွေဖြစ်တာကြောင့် လောကဓံတရား ( လာဘ်ရခြင်း၊ မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် ချမ်းသာခြင်း) တွေကိုလဲ သစ္စာအသိ ဖြင့်သာ ရင်ဆိုင်နိုင်ပါတယ်။ သစ္စာမသိရင်တော့ ထိုအဆင်မပြေမှုကို အကြောင်းပြုပြီးတော့ နောက်ထပ် အကုသိုလ်ဖြစ်ရပါမယ်။ ကောင်းတဲ့ လောကဓံ တွေ့ရင် လောဘ ဖြစ်မယ်၊ မာန တတ်မိမယ်၊ ဆိုးတဲ့ လောကဓံ တွေ့ရင် ဒေါသဖြစ်မိမယ်။ ထို ကိလေသာ တရားတွေ မဖြစ်ရအောင်သည် သစ္စာအသိလေး သိထားမှ စိတ်ချရပါမယ်။ ဘုရားရှိခိုး၊ ပရိတ်တရားနာခြင်း စတဲ့ ဗုဒ္ဓဘာသာဝင် တဦးလုပ်သင့်တဲ့ တနေ့တာ အလုပ်ကို လူတိုင်းနီးပါး လုပ်ဆောင်ကြပါတယ်။ စိတ်ကောင်းရှိရင် ပြီးတာပဲ တရားနာဖို့မလိုဘူး၊ တရားအားထုတ်ဖို့ မလိုဘူးဆိုလို့လဲ မသင့်တော်ပါဘူး။ တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်ကြတယ်လို့ ပြောတာလဲ ကြားဖူးပါတယ်။ ဘာဝနာ ဆိုတာ ဘ၀ နာလို့ လုပ်တာလို့လဲ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေ အခြေခံ သဒ္ဓါတရားမရှိရင်တော့ ဘုရားရှင် ကိုယ်တော်တိုင် ဟောနေရင်တောင် ကန့်လန့်တိုက်ကြမှာပဲ။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက အောက်ပါ အတိုင်းရေးခဲ့ပါတယ်။
“ပါရမီ နဂို၊ မရှိလိုက၊
ကုသိုလ်စရိုက်၊ မဟောထိုက်တည့်၊
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏”
(မဃဒေ၀ လင်္ကာ)
ယခုအချိန်မှာတော့ တသံသရာလုံးက ပါလာခဲ့သော အ၀ိဇ္ဇာ (မသိမှု၊ သစ္စာလေးပါးကို မသိခြင်း၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာ သိခြင်း) အမှောင်ကြီးကို ဒီဘ၀မှာတော့ ဉာဏ်အလင်းနဲ့ ပယ်ခွင်းသင့်ပါပြီ။ ထို့ကြောင့် သစ္စာတရားများ နာကြားကျင့်ကြံကြဖို့ အလေးနက်ထား တိုက်တွန်းပါရစေ။ ဒါမှလဲ သာသနာနဲ့တွေ့ရကျိုး နပ်ပါလိမ့်မယ်။ သာသနာတွင်းသား ပီသအောင် လုပ်ဆောင်ကြပါစေ။ သစ္စာတရားတော်များကို ယခုအချိန်မှာပဲ နာကြား လိုက်နာကြပါ။

နာကြားတဲ့ အတိုင်းလဲ သိကြပါစေ၊ သိတဲ့ အတိုင်းလဲ ကျင့်ကြပါစေ၊ ကျင့်တဲ့ အတိုင်းလဲ ရကြပါစေ။


“အမေများနေ့”

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ မြန်မာနှစ် ၁၃၇၀ ပြည့်နှစ်၊ ပြာသိုလပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့၊ စနေနေ့သည် “အမေများနေ့” ဖြစ်ပါတယ်။ ကမ္ဘာမှာတော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့လို့ နိုင်ငံအများစုက သတ်မှတ်ကြပါတယ်။ ကျနော်တို့ မြန်မာမှာတော့ ပြာသိုလပြည့်နေ့ကို သတ်မှတ်ပါတယ်။
“ဗဟုပကာရာ ဘိက္ခဝေ မာတာမိတရော ပုတ္တာနံ၊
အာပါဒကာ၊ ပေါသကာ၊ ဣမဿ လောကဿ ဒေဿတာရော”
“ချစ်သားတို့… မိဘနှစ်ပါးဆိုတာဟာ သားသမီတွေအတွက် အလွန်ကျေးဇူးများကြပါတယ်၊ နို့ချိုတိုက်ကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ အစားအစာကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ ဟောဒီ လောက သုံးပါးထဲမှာ သိစရာ တတ်စရာတွေ မှန်သမျှကို သိအောင် တတ်အောင် နားလည်အောင် သွန်သင်ညွှန်ပြ သင်ကြားပေးတတ်ကြပါတယ်၊ ဒါ့ကြောင့် မိဘတွေဟာ အလွန်ကျေးဇူးများ ကြပါတယ်”
“သားလှချစ်စွာ မိမာတာ၏၊၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။

“နှစ်သစ်မင်္ဂလာ”

“စန္ဒကူးရနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းရနံ့သည် လည်းကောင်း၊ ကြာညိုပန်းရနံ့သည် လည်းကောင်းရှိ၏။ ထိုရနံ့ အမျိုးမျိုးထက် သီလရနံ့သည် အတုမရှိမြတ်၏။”
(ဓမ္မပဒ)
ယနေ့အချိန်အခါသည် ကမ္ဘာ့နေရာ အသီးသီးမှာ နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ အခါသမယ ဖြစ်ပါတယ်။ ပွဲတော်ပြုလုပ်ကြသည်မှာ အထိမ်းအမှတ်ပင်ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာမှာတော့ ရှေးရိုးအစဉ် အလာအရ သင်္ကြန်ပွဲတော် ကျင်းပပြီး နှစ်ကူးပွဲတော်လို့ သတ်မှတ်ကြပါတယ်။ မြန်မာအယူ၊ အနောက်တိုင်း အယူ စသဖြင့် ကွဲပြားမှုတော့ တွေ့ရပါတယ်။ ဘာလို့ကွဲပြားကြလဲ ဆိုတော့ ရက်တွေ၊ အချိန်တွေ စတဲ့ ပညတ်တရားတွေ အပေါ်မှာ ပွဲတော်ရက်တွေ သတ်မှတ်ကြတာကြောင့် ဖြစ်ပါတယ်။ အမှန်မှာ နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူးပြောင်းတိုင်း ကျနော်တို့ ဘ၀ သက်တမ်းသည် “ဇရာ၊ မရဏ ဘက်သို့ တနှစ်ထက် တနှစ် နီးကပ်လာပြီလို့” မမြဲတဲ့ အနိစ္စသဘော၊ အစိုးမရတဲ့ အနတ္တသဘော လေးတွေကို နှလုံးသွင်းကြ စေချင်ပါတယ်။ ရုံးလုပ်ငန်းများ၊ ကုမ္မဏီများ၊ ဘဏ်များ စတဲ့ စာရင်းဇယားနဲ့ လုပ်ရတဲ့ အလုပ်မှန်သမျှ နှစ်စဉ် စာရင်းချုပ်၊ ရှင်းတမ်းထုတ်ကြ ပါတယ်။ ထိုနည်းတူ ကျနော်တို့ ဗုဒ္ဓဘာသာတွေ အနေနဲ့လဲ နှစ်ချုပ်စာရင်းလေး လုပ်ကြည့်လိုက်ပါ။ အဲဒီ စာရင်းကတော့ ၀င်ငွေ၊ ထွက်ငွေ စာရင်းမျိုးမဟုတ်ပါ။ တနှစ်တာအတွင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် စာရင်း မျိုးဖြစ်ပါတယ်။


မိမိတို့တွေ နံနက် အိပ်ယာ ထတဲ့ အချိန်ကနေ အိပ်ယာဝင်တဲ့ အချိန်အထိ၊ ကုသိုလ်စိတ်ပေါ်တိုင်း ကုသိုလ်လို့ သတ်မှတ်ပြီး၊ အကုသိုလ် စိတ်ပေါ်တိုင်း အကုသိုလ်လို့ သတ်မှတ်လိုက်ရင် မည်သည့် ဘက်က အားသာတယ် ဆိုတာ ကိုယ်တိုင်သိကြပါလိမ့်မယ်။ များသောအားဖြင့် အိပ်ရာဝင်တိုင်း ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့ခြင်းစတဲ့ ကောင်းမှုတွေကို ဗုဒ္ဓဘာသာဝင်တိုင်းလိုပင် ပြုလုပ်ကြပါတယ်။ ထို ကုသိုလ် ကောင်းမှုတွေက တူသောအကျိုးပေး ရှိပြီးသားပါ။ သို့သော် ထိုအလုပ်တွေပေါ်မှာ ၀ိပဿနာဉာဏ် ဦးစီးပြီး မလုပ်ရင်တော့ သံသရာလည်ကြောင်း ကုသိုလ်တွေသာ ဖြစ်နေပါလိမ့်မယ်။ မိမိက သမာဓိမှု၊ မခိုင်မြဲမှုကြောင့် တရားနာခြင်း၊ ဘုရားရှိခိုးခြင်း၊ စတဲ့ အလုပ်များမှာပင် မကောင်းတဲ့ အာရုံတွေက ၀င်ရောက် နှောက်ယှက်တတ် ပါတယ်။
ထို့အပြင် ပုထုဇဉ် မှန်သမျှ “ဣဿာ၊ မစ္ဆရိယ” (မနာလိုခြင်း၊ ၀န်တိုခြင်း)တွေ မကင်းနိုင်ကြပါဘူး။ မိမိထက်သာ နေတဲ့ သူအပေါ်မှာ “မုဒိတာ” မပွားနိုင်ပဲ မနာလိုခြင်း ဖြစ်တတ်ပါတယ်။ မိမိဂုဏ် အခြေအနေ အဆင့်အတန်းမျိုး တူအောင် သူတပါး ဖြစ်လာမှာစိုးတယ်၊ မကြည့်ချင်၊ မကြားချင်နဲ့ ၀န်တိုခြင်း ဖြစ်တတ်ပါတယ်။ ဤအချက်တွေကို ထောက်ပြီးတော့ တနေ့တာ အဖို့မှာ ကုသိုလ်ကနည်းပြီး အကုသိုလ်က များပြားကြောင်း ထင်ရှားစွာသိနိုင် ပါတယ်။ (ပုထုဇဉ် လူသား အများစုကို ဆိုလိုခြင်းပါ၊ လူတိုင်းကို မဆိုလိုပါ)။ တသက်တာဆိုရင် မှန်းဆလို့ပင် သိနိုင်ပါတယ်။
ကျနော်တို့ နေ့စဉ်မှာ လုပ်နေတဲ့ “ကုသိုလ်တွေ၊ အကုသိုလ်တွေ” ကို “အာစိဏ္ဏကံ” လို့ ခေါ်ပါတယ်။ ဘ၀သက် တမ်းမှာ အကုသိုလ် အာစိဏ္ဏကံ တွေကသာ များနေတာ သိကြမှာပါ။ အရင်က “အကုသိုလ် အာစိဏ္ဏကံ” တွေ များများလုပ်ထားခဲ့ရင်တော့ သေခါနီးမှာ “အကုသိုလ် အာသန္နကံ” က အကျိုးပေးမှာ သေချာပါတယ်။ အဲဒီလို “အကုသိုလ် အာသန္နကံ” ကြောင့် ရေတွင်း၊ ရေကန်၊ စေတီ၊ ပုထိုးပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းခဲ့တဲ့ “သီရိ ဓမ္မာသောက မင်းကြီး” ပင် စပါးကျီးမြွေ ဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့် ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖျက်ရန်၊ မဖြစ်သေးတဲ့ အကုသိုလ်ကံတွေကို နောက်ထပ်မဖြစ်ရန်၊ တားဆီးခုတ်ထွင်း နိုင်တဲ့ ကုသိုလ်ကံ ကတော့ “လောကုတ္တရာ” ဆိုတဲ့ “မဂ်တရား” ပင်ဖြစ်ပါတယ်။ ဥပမာ.. ရာဇဂြိုလ်ပြည်မှာ ၅၅ နှစ်တိုင် ရာဇ၀တ် သင့်သူတွေကို သတ်ဖြစ်ပြီး အမှုထမ်းခဲ့တဲ့ “တမ္ပဒါဋ္ဌိက” ဟာ အငြိမ်းစားယူတဲ့ နေ့မှာပဲ အရှင်သာရိပုတ္တရာ၏ လောကုတ္တရာ တရားတော်ကို အနည်းငယ်ကြားရပြီး သောတပတ္တိမဂ် အနီး “အနုလောမခန္တီ (စူဠသောတပန်) ဖြစ်သွားပါတယ်။ထို့ပြင် လူပေါင်း ၉၉၉ ယောက်ကို သတ်ခဲ့တဲ့ “အင်္ဂုလိမာလ” အား လောကုတ္တရာမဂ်ဖြင့် အကုသိုလ်တရားတွေကို သုတ်သင်၊ ခုတ်ထွင်၊ ဖျက်ဆီး ပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့တာ အားလုံး သိပြီး ဖြစ်ကြပါတယ်။
မိမိတို့တွေရဲ့ နှစ်ချုပ်စာရင်းမှာ “အကုသိုလ် အာစိဏ္ဏကံ” များပြားနေရင်၊ သေခါနီးအခါမှာတော့ “အကုသိုလ် အာသန္နကံ” ၏ နှိပ်စက်ခြင်းက ကင်းလွတ်ဖို့တော့ မလွယ်ကူပါဘူး။ စိတ်ချ၊ လက်ချ တကယ်အားကိုး လောက်တဲ့ တရားကတော့ မဖြစ်ဘူးသေးတဲ့၊ မလုပ်ဘူးသေးတဲ့ “၀ိပဿနာ” တရားပါပဲ။ ၀ိပဿနာ တရားကို ကြိုးစားအားထုတ်ရင်ဖြင့် ယခုဘ၀မှာ တမဂ်၊ တဖိုလ် မရနိုင်၊ မရောက်နိုင်ခဲ့ရင်ပင်၊ ကောင်းရာ သုဂတိဘုံးဘ၀ သို့ ရောက်ရမှာ သေချာပါတယ်။ ထို့ကြောင့် မိမိတို့တွေရဲ့ နှစ်ချုပ်စာရင်းမှာ ရှိနေတဲ့ အကုသိုလ်တွေကို ပယ်ဖျက်၊ ခုတ်ထွင်ပြီး အပါယ်ဘေးကြီးမှ တကယ်အေးစေနိုင်တဲ့ “၀ိပဿနာ” တရားတော်ကို ကြိုးစားအား ထုတ်ရန် သတိပေးပါရစေ။
Happy New Year ဆိုတာ လူမှုရေးအပြောပါ။ အမှန်သဘောတွေးတော့ (ဉာဏ်တွေး တွေးကြည့်တော့) နှစ်ပြောင်း တာမဟုတ်၊ သေရွာပြောင်းတာဖြစ်နေပါတယ်။ သဘောအသွားကတော့ သေရွာပြောင်းတာပေါ့။ ဒီသဘောမသိလို့ ပျော်နိုင်တာတော့ မသိပျော်ပေါ့။ ဒီသဘောကို သိပြီးတော့ သံဝေဂယူပြီး မသေရာရှာသွားကြတဲ့ သူတွေရှိပါတယ်။ သူတို့အတိုင်း ကိုယ်ကလုပ်ဖို့ အချိန်ရောက်လာပြီလို့ ဒီအချိန်မှာ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ ယခုအချိန်မှာပဲ တရားနာယူကြပါခင်ဗျား..


ယခုရေးတဲ့ ပိုစ့်ကို နှစ်သစ်ကူးညက နေကြာရိုင်း ၀က်ဆိုဒ်မှာ တင်ခဲ့ပါတယ်။ အစ်မ မက်မက်က Tag လိုက်ပါတယ် ဆိုလို့ နှစ်သစ်ကူးညနဲ့ တိုက်ဆိုင်နေတာကြောင့် ယခုပိုစ့်ကို ပြန်လည်ဖော်ပြလိုက်တာပါ။ အဲဒီညက ဘာမှ အထွေအထူး မလုပ်ဖြစ်ပါဘူး။ အခု တင်ထားတဲ့ ပိုစ့်ရေးတယ်။ သူငယ်ချင်း တစ်ယောက်နဲ့ တရားဆွေးနွေးဖြစ်တယ်။ အစ်မ၀ါ ဘလော့မှာ စလိုက်ရှိုးကြည့်ဖြစ်တယ်။ အခုလို စာတွေရေးဖြစ်အောင် Tag တဲ့ အစ်မမက်မက် ကိုလဲ ကျေးဇူးတင်ပါတယ်။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ...


“ကမ္ဘာပျက်သည်ဆိုရာဝယ်”

ကမ္ဘာကြီးပျက်မယ် ဆိုတဲ့ အကြောင်းကို ကြားသိကြရတော့ အနည်းနဲ့ အများတော့ တုန်လှုပ်ကြတာတွေ ဖြစ်ကြပါတယ်။ တခါတည်း ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ပြီး ပုံမှန်အတိုင်းနေထိုင် နေတဲ့သူတွေလဲ အများကြီးပါ။ ဒီအကြောင်းတွေက အဓိက မကျပေမဲ့ လူအများစုတော့ စိတ်လှုပ်ရှားစေခဲ့တယ်။ ကမ္ဘာပျက်မယ်ဆိုတော့ အရိုးရှင်းဆုံးပြောရရင် ကျနော်တို့ သေတော့မှာလို့ ဆိုလိုတာပါပဲ။ သေခြင်းတရားကို ပုထုဇဉ် လူသားတိုင်း ကြောက်ကြတာအမှန်ပါ။ အမှန်တော့ ကျနော်တို့ရဲ့ ရှည်လျားလွန်းတဲ့ သံသရာခရီးမှာ အကြိမ်ကြိမ် သေခဲ့ရပါတယ်။ သေနည်းမျိုးစုံနဲ့ သေခဲ့ရပါတယ်။ ဒီလို မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ ဘ၀ပေါင်း မရေတွက်လောက်အောင်ပါပဲ။ ဒါတွေက ခန္ဓာရလာလို့ဖြစ်ရတဲ့ ဒုက္ခတွေပါ။ ကျနော်တို့ အဓိက လုပ်ဆောင်ရမှာက ထို ဒုက္ခအပေါင်းက လွတ်မြောက်ရာဖြစ်တဲ့ နိရောဓ သစ္စာကို ဆိုက်ရောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက နဲ့ သာမည ကို ပိုင်းခြားသိရပါမယ်။ မိမိရဲ့နေ့စဉ် ဘ၀မှာ ကုသိုလ်ကောင်းမှု တွေသာ လုပ်ဆောင်ဖို့၊ မမေ့မလျော့ဖို့၊ အဓိက ကျပါတယ်။ ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။


“သဗ္ဗေသင်္ခါရာ အနိစ္စာ” လို့ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အားလုံးသော ဖြစ်ဖြစ်သမျှ အရာဝတ္ထုတို့သည် ပျက်စီးခြင်းသဘော ရှိကြပါတယ်။ သတ္တ၀ါတွေနေထိုင်တဲ့ ကမ္ဘာကြီးလဲ တနေ့ကျရင်တော့ ပျက်စီးရမှာပါ။ ကမ္ဘာပျက်ခါနီး နှစ် တစ်သိန်းအလိုမှာ နတ်တွေက “ကမ္ဘာပျက်လိမ့်မည်” လို့ကြွေးကြော်ကြပါတယ်။ နတ်တွေ ကြွေးကြော်သံကြားတဲ့ သတ္တ၀ါတွေက အရင်ကလို မမေ့မလျော့ကြပဲ ကုသိုလ်တရားတွေ ပွားများအားထုတ် တာကြောင့် ကမ္ဘာပျက်ခါနီးမှာ အားလုံးက ဗြဟ္မာ့ဘုံရောက်ဖို့ ဈာန်တရားတွေ ရရှိကြပါတယ်။ ကမ္ဘာပျက်ဖို့ အကြောင်းမှာ မီး၊ ရေ၊ လေ စသဖြင့် ၃ မျိုးရှိပါတယ်။ မီးကြောင့်ပျက်ရမဲ့ ကမ္ဘာမှာ ပျက်ချိန်တန်ရင် နေ ၂ စင်း ပေါ်လာပါမယ်။ နေ အသစ်က ည အခါမှာ ဆက်လက် တက်လာသဖြင့် အဲဒီအချိန်မှာ နေ့ အခါ၊ ညအခါ လို့မရှိတော့ပါဘူး။ ထို့နောက် ၃ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ မြစ်ကြီးတွေမှာ ရှိတဲ့ ရေတွေ ခမ်းခြောက်မယ်။ ၄ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ဟိမ၀န္တာတော အတွင်းမှာရှိတဲ့ အိုင်ကြီး ၇ အိုင်လဲ ခြောက်ခမ်းရမယ်။ ၅ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ သမုဒ္ဒရာရေတွေ ခြောက်ခမ်းမယ်။ ၆ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ကမ္ဘာလောကမှာ အစိုအစေး ဓာတ်တွေ လုံးဝမရှိတော့ဘူး။ ၇ စင်းမြောက် နေထွက် လာတဲ့ အချိန်မှာ ကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထတောက်ပါမယ်။ ကာလအတန်ကြာ တောက်လောင်တဲ့ မီးဟာ ပထမဈာန် ဗြဟ္မာ့ဘုံအထိ တောက်လောင်တဲ့ အတွက်ကြောင့် နတ်ပြည် ၆ ထပ်လဲ မီးလောင် ပျက်ဆီးရပါတယ်။ မီးလောင်စရာ မရှိတဲ့ ပြာမှုန့် အထိ မကျန်တော့မှ ကမ္ဘာပျက်ခြင်း ပြီးပါတယ်။ (ရေဖျက်၊ လေဖျက်ဖို့ အလှည့်မှာလဲ ဆားငန်ရေထိပြီး ဆွေးမြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ ကြေမွကြရပုံ တို့ကို သိကြပါ)။ ထိုသို့ ကမ္ဘာပျက်နေတဲ့ အချိန်ဟာ အန္တရကပ် ၆၄ ကပ် ကြာပါတယ်။ (၁၀နှစ်တမ်းမှ တဖြည်းဖြည်း တက်၍ အသက် အသင်္ချေတမ်းသို့ရောက်၊ ထို အသင်္ချေတမ်းမှ ၁၀နှစ်တမ်းသို့ရောက်၊ ထိုသို့ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် လို့ခေါ်ပါတယ်)။
ကမ္ဘာပျက်မှာသည် နှောင်နှစ်ပေါင်းများစွာ လိုပါသေးတယ်။ နောက်ထပ် အရိမေတ္တယျ ဘုရားရှင် ပွင့်ပြီးမှ ကမ္ဘာလောက ပျက်ဆီးခြင်းသို့ ရောက်ပါမယ်။ အရိမေတ္တယျဘုရားရှင် ပွင့်ဖို့သည် အချိန်ကာလများစွာ လိုပါသေးတယ်။ ယခုပြောနေကြသော ကမ္ဘာပျက်ခြင်း ဆိုသည်မှာ ကမ္ဘာကြီး ဆိတ်သုန်းလောက်အောင် ပျက်ဆီးခြင်းမျိုး မဖြစ်နိုင်ပါဘူး။ အနည်းငယ်ပျက်စီးချင် ပျက်စီးပါလိမ့်မယ်။ ပျက်စီးချင်မှလဲ ပျက်စီးမယ်။ ဒီအကြောင်းတွေပြောပြီး ဖန်ဆင်းရှင်ဝါဒ၊ ကယ်တင်ရှင်ဝါဒတွေက သူတို့တွေရဲ့ ဘုရားက ကယ်နိုင်မယ်ဆိုပြီး သိမ်းသွင်းတာမျိုး ဖြစ်လာနိုင်တယ်။ အရင်ကလဲ ဒီလို ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအချက်တွေကို သတိထားကြစေချင်ပါတယ်။ ကမ္ဘာ့နေရာ အသီးသီးမှာ စစ်ဖြစ်နေတာတွေ၊ ငလျင်လှုပ်တာတွေ၊ မုန်တိုင်းတိုက်တာတွေ၊ ဆူပူသောင်းကျန်း နေတာတွေသည်လဲ ပျက်ဆီးခြင်းတွေပါပဲ။
မည်သို့ပင် ဆိုကြပါစေ… ကျနော်တို့တွေက အချိန်တိုင်း သေခြင်းတရားကို ဆင်ခြင်ပြီး မိမိမှာ ကောင်းမှုတွေ လုပ်နေရမယ် ဆိုတာ သိပြီးသားပါပဲ။ ကုသိုလ်ကောင်းမှုတွေမှာ မေ့လျော့နေတဲ့သူကို သေနေတဲ့ သူလို့ ခေါ်ဆိုထိုက်ပါတယ်။ “ကုသိုလ်မယူ အသက်ရှူ၊ ထိုသူ သေလို့နေတော့သည်၊ ကုသိုလ်လဲယူ အသက်ရှူ ထိုသူမသေ၊ ရှင်တော့သည်” လို့ ဆိုပါတယ်။ ကုသိုလ်ဆိုတာ တကူးတက လုပ်ယူနေရတာမျိုးမှ ဆိုနိုင်တာမဟုတ်ပါဘူး။ မိမိတို့နေ့စဉ် သွားလာနေထိုင်နေတဲ့ အပေါ်မှာ သတိလေးရှိပြီး လုပ်ဆောင်နေမယ်၊ မိမိ စိတ်အစဉ်ရဲ့ ဖြစ်မှု၊ ပျက်မှု သဘောတရားလေးတွေကို သိပေးနေမယ်၊ မိမိခန္ဓာကပြတဲ့ ဖောက်ပြန်မှု သဘောလေးတွေကို ပေါ်လာတိုင်း အပျက်သဘောပဲ ရှိပါလား ဆိုတာ သိပေးနေရင် မိမိအတွက် အကောင်းဆုံး နေနည်းဖြစ်ပါ တယ်။ သာသနာတွင်း ကာလမှသာ ဒီသဘောတရားတွေကို သိခွင့်ရကြရတာပါ။ ယခုအချိန်လို သာသနာနဲ့ ကြုံနေစဉ်၊ မိမိတို့မှာ အားထုတ်နိုင်တဲ့ ခန္ဓာနဲ့ တရားတွေကို သိနိုင်တဲ့ ဉာဏ်ပညာရှိနေလျက်နဲ့ မကျင့်ကြံကြ ရင်တော့ အကြိမ်ကြိမ် သေကြရဦးမယ် မှတ်ပါ။ ကမ္ဘာလောက ပျက်မယ်ဆိုတာကြားတာနဲ့ ငါကြားလိုက်တဲ့ ကြားသိစိတ်လေးက ဖြစ်ပြီး ပျက်သွားပါလား ဆိုတဲ့ အသိလေးရအောင် ကျင့်လိုက်ကြပါ။
တဆက်တည်းပြောလိုသည်မှာ ဒီကမ္ဘာပျက်ပြီးလို့ နောက် ဖြစ်လာမဲ့ ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ ဘုရားမပွင့်တဲ့ ကမ္ဘာပါ။ နောက်ဘုရားရှင်၏ သာသနာတော်ကို မမှီလိုက်ရင်တော့ တရားနဲ့က ပိုပြီး ဝေးရဦးမှာပါပဲ။ ထို့အတူ အကြိမ်ကြိမ် သေရဦးမှာပါပဲ။ အခုအချိန်မှာ အားထုတ်ကျင့်ကြံမှသာ ယခုဘ၀မှာ တရားမရခဲ့ရင်တောင် နောက်ဘုရားသာသနာနဲ့ တွေ့ရဖို့ အတွက် ကျေးဇူးပြုနိုင်တယ်။ ယခုလဲ မကောင်းမှု ဒုစရိုက်တွေနဲ့သာ မွေ့လျော်ကြရင်တော့ မသေချာလှပါဘူး။

“ကျန်ရှိနေတဲ့ အချိန်မှာ အဓိကနှင့် သာမည ခွဲခြားသိရှိပြီး မိမိ ရုပ်၊ နာမ်တွေရဲ့ ဖြစ်ပျက် အစဉ်ကို ထိုးထွင်းသိမြင်နိုင်တဲ့၊ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။”


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


“သံဃာ့ဂုဏ်ရည် -၂” အပိုင်း (၁)

သံဃာ့ဂုဏ်ရည် အပိုင်း(၂) တရားတော်ကို ဆက်လက်နာယူကြပါ။ နာတဲ့ အတိုင်းလဲ သိကြပါစေ။ သိတဲ့ အတိုင်းလဲ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

“သံဃာ့ဂုဏ်ရည် -၂” အပိုင်း (၂)

“သံဃာ့ဂုဏ်ရည်” အပိုင်း(၁)

သံဃာတော် အရှင်သူမြတ်များသည် ထေရ၀ါဒ သာသနာတော်ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရပါတယ်။ ယနေ့အချိန် ကျနော်တို့တွေသည် စစ်မှန်သော တရားနည်းလမ်းတွေ လေ့လာသိရှိခွင့်၊ နာကြားခွင့်၊ ကျင့်ကြံအားထုတ်နိုင်ခွင့် ရရှိနေခြင်းမှာ သံဃာတော်များ၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်သည် ဘေးဒုက္ခအားလုံးမှ လွတ်မြောက်ရာ တရားနည်းလမ်းများကို လမ်းညွှန်ဟောကြား ဆုံးမတော်မူခဲ့သလို၊ လောကအတွင်း နေထိုင်နည်း၊ စီးပွားရှာနည်း၊ လူသားတို့ တိုးတတ်နည်း စတဲ့ လောကကြီး အေးချမ်းသာယာစေမည့် တရားနည်းလမ်းများကိုလဲ ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားတော်များကို သံဃာတော်များကပင် ပြန်လည်ဟောကြား ဆုံးမတော်မူကြပါတယ်။ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူသော “သံဃာဂုဏ်ရည် တရားတော်” ကို အားလုံးနာကြားသိရှိ လိုက်နာစေချင်ပါတယ်။
ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားသောတရားများကို အောက်ပါလင့်မှာ ကူးယူနိုင်ပါတယ်။


“သံဃာ့ဂုဏ်ရည်” အပိုင်း(၂)

“ဘာကြောင့် မငြိမ်းချမ်းကြပါသလဲ..?”

မကြာခင်က ဘလော့တခုမှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဆူပူမှုတွေ အကြောင်းရေးထားတာ ဖတ်မိပါတယ်။ ထို့အတူ ကမ္ဘာအရပ်ရပ်မှာလဲ စစ်တွေဖြစ်လိုက်၊ ဆူပူမှုတွေဖြစ်လိုက်နဲ့ တကယ့်ငြိမ်းချမ်းမှုကို ခံစားခွင့်ရတာ နည်းပါးကြပါတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေကြလဲ? လူတွေအသီးသီး မငြိမ်းချမ်းရခြင်းဟာ လူတိုင်းခေတ်ပညာ မတတ်လို့၊ စာ၊ ၀တ်၊ နေရေး မဖူလုံလို့၊ မချမ်းသာကြလို့ ဟုပြောဆိုကြသည်မှာ တစိတ်တဒေသ အားဖြင့် မှန်ပါတယ်။ လုံးဝ မှန်ကန်တယ်လို့တော့ မဆိုနိုင်ပါ။ စားဝတ်၊ နေရေးပြည့်စုံနေတဲ့ သူတွေသည်လဲ ငြိမ်းချမ်းမှုကို မရနိုင်ကြသေးပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ပူလောင်နေကြတာပါပဲ။ သိပ္ပံပညာ တိုးတတ်မှုတွေသည်လဲ သွားလာ၊ ဆက်သွယ်ရာမှာ လွယ်ကူစေတဲ့ အထောက်အပံ့တော့ ဖြစ်စေပါတယ်။ တကယ့်ငြိမ်းချမ်းမှု အစစ်မှန်ကိုတော့ ပေးဆပ်နိုင်စွမ်းမရှိပါဘူး။


ထိုမငြိမ်းချမ်းရခြင်း၏ အရင်းအမြစ်ကတော့ “ကိလေသာ” ထူထပ်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့ ကိလေသာ ထူတဲ့သူတွေကိုပဲ “ပုထုဇဉ်” လို့ခေါ်ပါတယ်။ အကျယ်အားဖြင့် ကိလေသာ ၁၅၀၀ ရှိပါတယ်။ (အချစ် ၁၅၀၀ ဆိုသည်မှာ ကိလေသာ ၁၅၀၀ ကိုပြောခြင်းပါ)။ အကျဉ်းအားဖြင့်တော့ ၁၀ပါး ရှိပါတယ်။
(၁) လောဘ = လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ = အမျက်ထွက်ခြင်း။
(၃) မောဟ = မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
(၄) မာန = ထောင်လွှား၊ မော်ကြွားခြင်း။
(၅) ဒိဋ္ဌိ = အယူလွဲမှားခြင်း။
(၆) ၀ိစိကိစ္ဆာ = ယုံမှားခြင်း၊ သံသယဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
(၇) ထိန = ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်း။
(၈) ဥဒ္ဓစ္စ = စိတ်ပြန့်လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
(၉) အ ဟီရိက = အကုသိုလ်ပြုရန် မရှက်ခြင်း။
(၁၀) အ နောတ္တပ္ပ = အကုသိုလ်ပြုရန် မကြောက်ခြင်း တို့ဖြစ်ကြပါတယ်။
ပုထုဇဉ် ဆိုရင် လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ်၊ ဗြဟ္မာပဲ ဖြစ်ဖြစ်၊ မြေလျှိုး မိုးပျံနိုင်တဲ့ သူပဲဖြစ်ဖြစ် ယခု ပြောခဲ့တဲ့ ကိလေသာ ၁၀ပါး ရှိနေပါတယ်။
ကိလေသာကို အမျိုးအစားအားဖြင့်လည်း ခွဲလို့ရပါသေးတယ်။
ကိလေသာ (၃)မျိုး၊
(၁) ၀ီတိက္ကမ ကိလေသာ - အကြမ်းစားကိလေသာ။ အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် လောဘ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ - အလတ်စားကိလေသာ။ မနောဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ - အနုစားကိလေသာ။ သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
“မနောဒွါရ” မှ အလွန်ကြမ်းတမ်းစွာ ထကြွသောင်းကျန်း လှုပ်ရှားကြတဲ့ “၀စီဒုစရိုက်” တွေ၊ “ကာယဒွါရ” မှ အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ “ကာယဒုစရိုက်” တွေကို “၀ီတိက္ကမ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာတွေ ထကြွခြင်းကို မျက်မြင်အားဖြင့် လူတိုင်းပဲ သိနိုင်ပါတယ်။
ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ လှုပ်ရှားထကြွခြင်း၊ သောင်းကျန်းခြင်း မရှိသေးပဲ စိတ်မှာသာ ထကြွနေတဲ့ “ဒေါသ” စတဲ့ တရားတွေကို “ပရိယုဌာန ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေသာ သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေးပဲ၊ စိတ်သန္တာန်မှာ အမြဲကိန်းနေတဲ့ လောဘ၊ ဒေါသ စတဲ့တရားတွေကို “အနုသယ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမှတပါး ဘယ်သူမှ မမြင်နိုင်၊ မသိနိုင်ကြပါ။
ဝီတိက္ကမ ကိလေသာ နဲ့ ပရိယုဌာန ကိလေသာကို သာသနာပ ကာလမှာလဲ ပယ်သတ်နိုင်ကြပါတယ်။ အနုသယ ကိလေသာ ပယ်သတ်နည်းကိုတော့ ဘုရားရှင် ပွင့်တော်မူမှာသာ သိကြရပါတယ်။ ဗုဒ္ဓ၏ သာသနာတော်နှင့် ကြုံပါသော်လဲ၊ “မကြိုက်တဲ့ပုဂ္ဂိုလ်”၊ “မလိုက်နာတဲ့ပုဂ္ဂိုလ်”၊ “မထိုက်တဲ့ ပုဂ္ဂိုလ်” တွေက တော့၊ သိရှိလိုက် ကျင့်သုံးနိုင်ခြင်း မပြုကြပါ။
ကိလေသာ ၁၀ပါး တိုရဲ့ခေါင်းဆောင်ကတော့ “ဒိဋ္ဌိ” ပဲဖြစ်ပါတယ်။ ဒိဋ္ဌိဆိုတာလဲ “အတ္တဒိဋ္ဌိ” (ငါစွဲ) ကိုဆိုလိုပါတယ်။ သူရဲ့နောက်မှာတော့ “တဏှာ” နဲ့ “မာန” က ကပ်ပြီးပါလာပါတယ်။ ထိုသုံးခု ပေါင်းလိုက် ပြီးတော့ “ပပဉ္စတရား ၃ပါး” (သံသရာနယ်ချဲ့တရား) လို့ ဆိုပါတယ်။ ယခုအချိန်မှာ “အတ္တဒိဋ္ဌိ” (သို့မဟုတ်) “သက္ကာယဒိဋ္ဌိ” ခေါင်းဆောင်ကြီးကို မနှိမ်နင်းနိုင်လို့ သူရဲ့တွဲဘက်၊ ရဲဘော်ဖြစ်ကြတဲ့ “တဏှာ”၊ “မာန” တို့ ထကြွသောင်းကျန်းတာကို ခံနေကြရပါတယ်။ တကမ္ဘာလုံး ငြိမ်းချမ်းရေးမရခြင်းရဲ့ အမြစ်ဟာ ထို ဒိဋ္ဌိကြီး ကြောင့်ဖြစ်တယ်ဆိုတာ ကောင်းစွာသိထားဖို့ လိုပါတယ်။ သံသရာတလျောက်လုံးမှာလဲ ထို “အတ္တဒိဋ္ဌိ” ခေါင်းဆောင်တဲ့ “ပပဉ္စအဖွဲ့ကြီး”က အောက်အ၀ီစိ တိုင်အောင် နယ်ချဲ့တတ်ပါတယ်။ ၃၁ ဘုံက မလွတ်သ၍ ဘယ်ပုထုဇဉ်မှာ လွတ်လပ်ရေးမရနိုင်ကြပါ။ အို၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ ဘေးကြီးတွေနဲ့ ပြေးမလွတ်နိုင်အောင် ရင်ဆိုင်တွေ့ကြရမှာပါပဲ။ (ဗုဒ္ဓဟောကြားတဲ့ တရားတွေကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ထားမှသာ စိတ်ချရပါမယ်)။ “မွဲ၊ ကွဲ” ဆိုတာကတော့ ဘယ်လောက်ချမ်းသာတဲ့ သူပဲဖြစ်ပစေ သေတဲ့အခါကျရင် ပိုင်ဆိုင်သမျှထားခဲ့ရတာပါ။ လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်နဲ့သာ သွားရှာရပါတော့တယ်။ ဒါကြောင့် သူ့ထက် “မွဲ” တဲ့သူမရှိတော့ပါ။ မိမိချစ်ခင် မြတ်နိုးတဲ့ သား၊ မယား၊ ဆွေမျိုး တွေနဲ့လဲ ခွဲခွာသွားရ တဲ့အတွက် “ကွဲ” တယ်လို့ ဆိုလိုပါတယ်။ သေခြင်းတရားနဲ့ နှိုင်းယှဉ်ကြည့်တော့ ငါ့ကိုယ်၊ ငါ့ဟာ ဆိုတာ တွေဟာ ဘာမှ သုံးလို့မရတော့ပါဘူး။ ကိုယ့်ရဲ့သန္တာန်မှာ သစ္စာတရားတွေကို ထိုးထွင်းသိမြင်ထားပါမှ စိတ်ချရပါမယ်။ ယခုအချိန်မှာ လူသားအားလုံး ကိလေသာတွေ နည်းအောင်ကျင့်ကြံ ကြမှသာ လောကလဲ ငြိမ်းချမ်းနိုင်ပါလိမ့်မယ်။ လူသားတွေရဲ့ စိတ်သန္တာန်မှာ ကိလေသာတွေ ထူပိန်းနေသ၍ လောကကြီး မငြိမ်းချမ်း နိုင်ပါဘူး။ ထို့အတူပဲ မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အေးငြိမ်းမှု အရသာကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ အနည်းဆုံး ဒိဋ္ဌိကိလေသာနှင့် ၀ိစိကိစ္ဆာကိလေသာ နှစ်ပါးကို ပယ်သတ်ခြင်း မပြုနိုင်သမျှ ဘယ်တော့မှာ ငြိမ်းချမ်းမှု မရနိုင်ပါဘူး။
ထို့ကြောင့် ကိလေသာတွေ နည်းပါးအောင် သီလစောင့်ထိန်းမှု၊ သမထဘာဝနာ ကျင့်ကြံမှု၊ ၀ိပဿနာ ဘာဝနာ အားထုတ်မှုတို့ဖြင့် မွေ့လျော်ရပါမယ်။ သို့မှ မိမိတို့ လောကကြီး ငြိမ်းချမ်းနိုင်သလို၊ မိမိရဲ့ စိတ်သန္တာန် မှာလဲ ကြည်လင်နိုင်ပါလိမ့်မယ်။

“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”


“မုန်းရတဲ့ (၁၀)ချက် နှင့် နှစ်သက်မိတဲ့ ကဗျာ တစ်ပုဒ်။”

အကိုပုလုကွေးက Tag ထားတာကြာပြီ။ ကျနော်အခုရက်ပိုင်း မအားတာနဲ့ ရေးတာ နောက်ကျသွားတယ်။ နောက်ကျတဲ့ အတွက် တောင်းပန်ပါတယ် အကို။ ကိုယ့်ကို မုန်းတဲ့ အချက်တွေဆိုတော့…

(၁) ဘုရားတွေမှာနေရှိတဲ့ နတ်စင်တွေ၊ စောင်းတန်းက ဗေဒင်၊ လက္ခဏာ ခန်းတွေကို ရွေ့ပြောင်းချင်တာ။

(၂) စိတ်မြန်တတ်တာ။ (တခုခု အလိုမကျရင် ချက်ချင်းပြောတတ်တဲ့ အကျင့်)

(၃) မနက်အစောကြီး မထချင်တာ။ (နိုးရင်လဲ ပြန်အိပ်လိုက်ချင်တာ)

(၄) ဟင်းချက်ပျင်းတာ။ (ဖြစ်သလိုစားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ပြီဆိုရင်လဲ ကောင်းကောင်း ချက်တတ်တယ်၊)



(၅) ဖတ်မှတ် လေ့လာ သလောက် မမှတ်မိတာ။ (လိုအပ်လို့ ကျက်ထားလဲ ရုတ်တရက် မေ့နေတတ်တာ)

(၆) စကားများများ ပြောလာရင် လက်ပါတတ်တာ၊ (အရင်က စကားများလာပြီဆိုရင် လက်ကအရင် ရောက်သွားတတ်တယ်။ အခုနောက်ပိုင်းတော့ သည်းခံတတ်လာပါတယ်)

(၇) မလိုပဲ စကားအများကြီးပြောနေတာကို မကြိုက်တတ်တာ။

(၈) စိတ်ခံစားမှု လွယ်တတ်တာ။ (ချို့တဲ့တာတွေ့ရင် အရမ်းသနားတတ်တယ်)

(၉) ကိုယ်သိသလောက် မလုပ်နိုင်သေးတာ။ (ဒီအချက်ကတော့ အင်မတန် ဆိုးတယ်။ တော်တော်ကြိုးစား ရမယ်)

(၁၀) ဘလော့တွေ ဖတ်တိုင်း စီဘောက်မှာ စာမရေးတတ်တာ။ (ဘာရေးရမှန်း မသိတာလဲ ပါပါတယ်)။

ကျနော့်ရဲ့ အားနည်းချက်တွေ စဉ်းစားပြီးရေးလိုက်တာပါ။ ခင်မင်လို့ Tag လိုက်တဲ့ မွေးနေ့တူ အကိုပုလုကွေး ကိုလဲ ကျေးဇူးတင်ပါတယ်။




မကြာခင်လေးကပဲ အစ်မမက်မက်က Tag လိုက်ပါပြီတဲ့။ ကဗျာဆိုတော့ နဲနဲတော့ အမောသက်သာသွားတယ်။ ကျနော် ၈ တန်း ကတည်းက လက်ရေးနဲ့ရေးပြီး သိမ်းထားတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ အခုလဲ အဲဒီ လက်ရေးလေးနဲ့ သိမ်းထားတာရှိပါတယ်။ အမေ့ရဲ့ ကျေးဇူးတွေကို ပေါ်လွင်စေလို့ပါ။ ကဗျာလေးရေးဖြစ် အောင် Tag တဲ့ အစ်မမက်မက်ကိုလဲ ကျေးဇူးပါ။



“သား၊ သမီးတို့ရဲ့ အမေ”

မီးဖွားခန်းတွင်၊ ပင်ပန်ကြီးစွာ၊

ဝေဒနာခံစား၊ အံကြိတ်ထား၏၊

ချွေးပေါက်ချွေးသီး၊ ဖြိုင်ဖြိုင်စီးလည်း၊

မငြီးမငြူ၊ အားယူလှုပ်ရှား၊

စွမ်းအား အမေ စိုက်၊

တိုက်စင်္ကြာဝဠာ၊ တုန်ခါလောက်၏၊

သေမင်းနဲ့ပြိုင်၊ ရင်ဆိုင်ဆင်နွှဲ၊

သည်လွန်ပွဲမှ “အူဝဲ” သံသာ၊

ပျံ့လွင့်လာသော်၊ မာတာမိခင်၊

ရင်မှာအေးမြ၊ ဒုက္ခလွင့်စင်၊

ပြုံးရွှင်မျက်နှာ၊ ထိန်ထိန်သာပေါ့၊

စန္ဒာငွေလ ရှုံးပြီထင့်….၊




မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၊

သာသနာထွန်းကားရာ ကျနော်တို့ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့ရဲ့ သူ့ကျွန်ဘ၀ ရောက်ခဲ့ရပြီး နှစ်(၁၀၀)၀န်းကျင် သာသနာတော် ညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ် (၂၄၉၈)တွင် သင်္ဂါယနာ တင်ခဲ့ပါတယ်။ ထိုအချိန်မှာ မဟာစည်ဆရာတော်ဘုရားကြီး၏ မေးခွန်းများကို မင်းကွန်းဆရာတော်ကြီးက ဖြေဆိုတော်မူခဲ့ပါတယ်။ ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီးမှ ပိဋကတ်တော်များကို စာအုပ်များတွင် ရိုက်နှိပ်ပြီး သာသနာတော် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဘုရားရှင်၏ ဘုရားလောင်း ဘ၀မှ ကျေးဇူးတော်၊ ဘုရားဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်၊ ဘုရားရှင်၏ သာဝကများ၊ သားတော်များဖြစ်သော၊ ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင်သူမြတ်များ၏ ကျေးဇူးတော်တို့ကို ကျနော်တို့တွေ မမေ့အပ်ပါဘူး။ ထို့အတွက်ကြောင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာ ဘိဝံသ ၏ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။

ရောက်လာကြတဲ့ မောင်နှမများအားလုံး ဘုရား၊ တရား၊ သံဃာတော်တို့၏ ကျေးဇူးတရားများကို ပိုမိုသိရှိကာ တရားတော်များကို လိုက်နာကျင့်ကြံ အားထုတ်နိုင်ကြပါစေ။


“သေတတ်ကြရအောင်၊”

ယခုအချိန်မှာ အတုအယောင်တွေ၊ ထေရ၀ါဒ မဟုတ်သော အယူအဆများသည် ထေရ၀ါဒကို တိုက်ရိုက်မတိုက်ခိုက်သော်လည်း သာသနာကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက်နေကြသည်ကို ကျနော်တို့တွေ သိရှိပြီး လက်မခံကြဖို့ အရင်ဆုံးပြောပါရစေ။ မည်သို့ပင်ဖြစ်စေကာမူ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်သည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိပြီး နိဗ္ဗာန်ကို ရောက်ရှိရန် တရားအားထုတ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ မဟုတ်သော မည်သည့် အယူအဆကို မဆို ဂရုစိုက်စရာ မလိုတော့ပါ။ ဒီတော့ ကျနော်တို့၏ ရည်မှန်းချက်ကို အနီးဆုံးသောလမ်းနဲ့ သွားကြရပါမယ်။ ထို့ကြောင့် သစ္စာတရားများ နာကြားသိရှိစေရန်နှင့် သိရှိပြီးသော တရားကို ကျင့်ကြံအားထုတ်ဖို့ သတိပေးပါရစေ။ တရားနှင့် သေဆုံးသော မထက်ထက်အောင်၏ ဈာပန ဗွီဒီယို ကို ပြီးဆုံးအောင်ကြည့်ကြပါ။ ကြည့်ပြီး မိမိတို့သည်လည်း တနေ့တော့ သေရမယ် ဆိုတာ သတိသံဝေဂရကြပါ။ အသက်ငယ်ပါသေး ဆိုပြီးတော့ တရားကို မျက်နှာလွဲထားရင်တော့ သံသရာ တကြောမှာ မျောရပေးဦးမယ်။ တရားတော်ကို နာယူမှတ်သားကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာပိတ်ပြီးမှတရားဖွင့်ပါ။




“တို့များဧည့်သည်ပါတကား၊”

ဧည့်သည်ဆိုတာကတော့ မိမိအိမ်ကို ခဏတာလာတဲ့သူ၊ အချိန်တိုကာလမျှသာ နေထိုင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကို ပြောကြတာပါ။ တို့များဧည့်သည်ပါ ဆိုတော့… ကျနော်တို့တွေ အားလုံးက ဧည့်သည်တွေ လို့ ဆိုလိုခြင်းပါ။ လူ့လောက ဆိုတဲ့ အိမ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။ အမှန်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ကုန်ဆုံးခဲ့ပြီးတဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင်ပဲ ထင်မြင်နိုင်ပါတယ်။ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှာ မိမိတို့ကိုယ်တိုင် မည်သည့်အရာတွေနဲ့ မွေ့လျော်ခဲ့တယ်ဆိုတာ ပြန်ပြီး သုံးသပ်သင့်ပါတယ်။ လူ့သက်တမ်းအရ ကြည့်ရင်ပဲ ကျနော်တို့ ဒုတိယအရွယ်ကို ရောက်လာပါပြီ။ ဒီနေရာမှာ လူ့သက်တမ်း တွက်ပုံလေး တင်ပြချင်ပါတယ်။ ဘုရားရှင်လက်ထက်က လူ့သက်တမ်းက (၁၀၀)နှစ် ပါ။ သာသနာတော်နှစ် ၁၀၀ ပြည့်တိုင်း


လူ့သက်တမ်းက ၁ နှစ်လျော့တာဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် (၂၅၅၂) ဖြစ်တာကြောင့် ၂၅နှစ်လျော့ပြီး ၇၅ နှစ်ဖြစ်တာပါ။ သက်တမ်းအရ အသက်ရှည်ခွင့်ရဦးမယ်လို့ ပုံသေတွက်ထားလို့ မရပါဘူး။ သေခြင်းတရား ဆိုတာ အမှည့်လွန်တဲ့ အသီးလိုပဲ အချိန်မရွေး ကြွေကျသွားနိုင်တယ် ဆိုတာ နှလုံးသွင်းဖြစ်ကြပါ။ (နာဂစ်မုန်တိုင်းကြောင့် အချိန်တိုအတွင်းမှာ အသက်များစွာ သေခဲ့ရတာတွေဟာ သက်သေပေါ့။ သံဝေဂ ရစရာပါပဲ။)။ ဒီလို နှလုံးသွင်းဖြစ်မှ သံဝေဂဉာဏ်ရပါမယ်။ သံဝေဂဉာဏ်ရမှ တရားအား ထုတ်ချင်စိတ်ဖြစ်ပါမယ်။ သံဝေဂဉာဏ် မရပဲ လက်ရှိအခြေအနေကို ရေရှည်တည်တံ့မယ်ထင်ပြီး ပျော်ပါးနေဦးမယ် ဆိုရင်တော့ သံသရာ တကြောမှာ မျောရပါတော့မယ်။ ပုထုဇဉ်ဆိုတာ ကိလေသာ အင်မတန် ထူထဲပါတယ်။ ဒီနေ့လောကမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေ များလာတာတွေ့ရပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတတ်လာတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဆုတ်ယုတ်စေပါတယ်။ ဥပမာ၊ ဖုန်းတွေ စပေါ်တော့ လူတိုင်းကိုင်ချင်ကြတယ်။ ဒီတော့ ကြိုးစားရပြီ။ လူက မသိပေမဲ့ စိတ်ကိုသေချာကြည့်မယ်ဆိုရင် လောဘက ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ (လောဘသည် ကိလေသာ တရားပါ)။ ဖုန်းရပြီးတော့လည်း နောက်ထပ်ရမယ် ဆိုရင် ထပ်လိုချင်ပြန်တာပဲ။ ဒီတော့ လောဘအလို လိုက်ရင်တော့ လမ်းဆုံးကို ရောက်မှာ မဟုတ်တော့ပါ။ ဒါတွေရဲ့အကြောင်းက ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကြောင့်ပါ။ တိုးတတ်လာမှုကို မကောင်းပြောခြင်း မဟုတ်ပါဘူး။ ကိလေသာနဲ့ ယှဉ်ပြီး ကြိုးစား မလုပ်မိစေရန် အသိပေးတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးက ဒကာထွန်းတင်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။

“မောင်ထွန်းတင်ရေ… အခုလို သိပ္ပံပညာတွေ ထွန်းကားလာပြီးတော့ အသံဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင်လည်း အပါယ်ငရဲကို ဇောက်ထိုးဆင်းဖို့ပဲ၊ သတိရှိဖို့လိုတယ်”

ကျနော်တို့တွေ တကယ့်ကို လေးလေးနက်နက် နာယူလိုက်နာသင့်ပါတယ်။ ယခု ကွန်ပျူတာတွေရှိ နေခြင်း ကြောင့် သာသနာနဲ့ဝေးရာ ရောက်နေသော်လည်း ဆရာတော်ဘုရားကြီးတို့၏ တရားတွေ၊ စာအုပ်တွေကို ဖတ်ရှု မှတ်သားနိုင်ပါတယ်။ ဒါက သိပ္ပံပညာရဲ့ ကျေးဇူးပါပဲ။ အသုံချမှ အသုံးကျတတ်တဲ့ သဘောလေးပါ။ သတိရှိပြီး ကောင်းတဲ့ဘက်မှ အသုံးချဖို့ အရေးကြီးပါတယ်။ အမ်ပီသရီးလေးတွေနဲ့ အသံဖိုင်ထဲ့ပြီး တရားတွေ နာလို့ရနေပါတယ်။ နားကို အလှဆင်တာဟာ နားကပ်မဟုတ်၊ တရားစကားနာကြားခြင်း ဆိုတဲ့ စာသားလေး ကို မှတ်သားဖူးပါတယ်။ မိမိတို့ ရလာတဲ့ ဧည့်သည်ဘ၀လေးမှာ အသုံးကျကျ နေသွားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ အသုံးမချရင်တော့ အရှုံးကြီး ရှုံးရပါမယ်။ ကျနော်တို့တွေဟာ အခု ရနေတဲ့ ခန္ဓာက သေမင်းဆီက ခဏတာငှားထားရတာပါ။ အချိန်တန်လို့ သေချိန်ရောက်ရင် ဒီခန္ဓာကြီးကို သေမင်းဆီ ပြန်အပ်ခဲ့ ရမယ်။ ဒီတော့ မသေခင်မှာ အသုံးချဖို့ လို့ပါလိမ့်မယ်။ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန် အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ ကျနော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့ သေမင်းဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ ဒီခန္ဓာကြီးကို တန်အောင်ခိုင်းသင့်ပါတယ်။ ဒီခန္ဓာကို ကျန်းမာအောင် အာဟာရဖြည့်ဆည်း၊ ဆေးဝါးနဲ့ပြုပြင် ပေးရတာရှိမယ်။ ပြီးတော့ဝိပဿနာရှုဉာဏ်ကို ခန္ဓာကို စေလွှတ်ပေးရမယ်။ ဒီလို ခန္ဓာကို ဝိပဿနာဉာဏ် စေလွှတ်ပေးခြင်းသည် ဒီခန္ဓာကို အသုံးချတာပဲ။

ဝိပဿနာ အားထုတ်ဖို့သည် အရေးကြီးလို့ အရင်ပြောတာပါ။ ၀ိပဿအလုပ် အားမထုတ် ဖြစ်ခဲ့ရင်တောင်မှ အိမ်ရှင် လောကကြီး ကျေးဇူးကို တဖန်ပြန်ဆပ်ဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီအလုပ်ကလည်း သူတပါးအကျိုးလုပ်ဆောင်ရင်း မိမိအကျိုးအတွက် လုပ်တာပါပဲ။ အသက်မဲ့တဲ့ ညောင်ပင်က လူတွေ အတွက် အရိပ်ရအောင် ပေးဆပ်နိုင်တယ်။ ကျေးငှက်တွေစားဖို့ အသီးပေးနိုင်တယ်။ အသိဉာဏ် မရှိတဲ့ နွားတွေက လူတွေရဲ့ အလုပ်မှာ များစွာကျေးဇူးပြုတယ်။ အဟာရရှိတဲ့ နွားနို့တွေပေးဆပ်နိုင်တယ်။ အသိဉာဏ် ရော အသက်ပါရှိတဲ့ ကျနော်တို့ လောကလူသား ဧည့်သည်တွေက လောကကြီး ကောင်းကျိုးအတွက် လေးတော့ လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်မနေပဲ အများအကျိုး ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်းလေးတွေပါ လုပ်ဆောင်သင့်ပါတယ်။ ပရဟိတ လုပ်ဆောင်ပြီဆိုရင်တော့ အတ္တဟိတ ဆိုတဲ့ ငါ့အကျိုး၊ ငါ့အတွက်ဆိုတာကို စွန့်သင့်ရင် စွန့်ရပါတယ်။ ဒီလို ကိုယ့်ရဲ့ စိတ်မှာ လောဘတွေ လျှော့ပြီး မေတ္တာ၊ ဂရုဏာနဲ့ အများအကျိုး လုပ်ဆောင်ရင်ပဲ လောဘပယ်ပြီးသား ဖြစ်ပါတယ်။ မေတ္တာရှေ့ထားလုပ်တဲ့ အတွက်ကြောင့် ဒေါသလည်း မဖြစ်ရပါဘူး။ ဒီတော့ လောဘ၊ ဒေါသ စတဲ့ ကိလေသာ တွေနည်းပါး ပျောက်ကွယ်သွားအောင် သတ်ခြင်းဖြစ်တာကြောင့် တရားအလုပ် လုပ်နေတာပဲ ဖြစ်ပါတယ်။ (အနုသယ ကိလေသာကိုတော့ ၀ိပဿနာဉာဏ်နှင့်မှသာ ပယ်နိုင်ပါမယ်)။ ဒီတော့ ကျနော်တို့ ရလာတဲ့ ခဏတာ အချိန်အတွင်းမှာ လောကအကျိုး၊ မိမိအကျိုးကို ဆောင်ရွက်ကြတာဟာ လောက အတွက် ဧည့်သည်ကောင်းဖြစ်ပါလိမ့်မယ်။ လောကီ အာရုံတွေမှာပဲ အလိုက်မှားနေကြရင်တော့ ကံကို ထိုင်စားရာ ရောက်ပြီး ကိုယ့်သံသရာ သမိုင်းကို ကိုယ်တိုင်ရေးရပါမယ်။ အဲဒီ သမိုင်းကတော့ စာနဲ့ ရေးခြင်း မဟုတ်ပဲ။ ခန္ဓာတွေဖြစ်ပြီး အကြိမ်ကြိမ် မွေးဖွားခြင်း၊ သေဆုံးခြင်းတွေနဲ့ လည်ပတ်နေပါလိမ့်မယ်။ ဒီတော့ ဘုရားရှင် နောက်ဆုံး မှာကြားခဲ့တဲ့ “၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ” (သင်္ခါရ- အဘိသင်္ခါရတရားတို့သည်၊ ၀ယဓမ္မာ- ပျက်စီးခြင်းသဘောရှိကြပါပေကုန်၏၊ အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့၊) ဆိုသည့်အတိုင်း ပျက်စီးတတ်တဲ့ သဘောကို နှလုံးသွင်း လိုက်နာကျင့်ကြံဖို့ တိုက်တွန်းပါရစေ။ မိသားစုတွေမှာ အမိ၊ အဖ သေခါနီးရင် မှာကြားတဲ့ အတိုင်း သားသမီးတွေက လိုက်နာ လုပ်ဆောင်ကြပါတယ်။ မိဘဆိုတဲ့ ကျေးဇူးတရား အသိစိတ်လေးနဲ့ပဲ နားထောင်လိုက်လုပ်ကြတယ် ဆိုရင် မဟာကရုဏာနဲ့ ဆုံးမဟောကြားခဲ့တဲ့ ဘုရားရှင်၏ တရားတော်တွေသည် ပိုပြီးတော့ လိုက်နာသင့်ပါပြီ။

မိမိတို့ ခဏတာ နေခွင့်ရတဲ့ ဧည့်သည်ကာလမှာ အချိန်ကို အကျိုးရှိအောင် အသုံးချပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ အောင်မြင်နိုင်ကြပါစေ။



“မွေးနေ့အလှူ”

ဒီနေ့ (၁၈.၁၁.၂၀၀၈) ဟာ ကျနော်ရဲ့ ၂၄နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လာရောက်ကြတဲ့ မောင်နှမ၊ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ အရင်ဆုံး ကျနော်ကပဲ ဆုတောင်းလိုက်ပါတယ်။

မွေးနေ့အတွက် ကျေးဇူးတော်ရှင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားတဲ့ မွေးနေ့အလှူတရားနဲ့ ကောင်းမှုပြုပါတယ်။ တရားတော်ကို နာယူကြည်ညိုကြပါ။ ဓမ္မဒါန စာအုပ်များကိုလည်း ကူးယူပြီး လေ့လာမှတ်သား၊ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။





(၁) ပိဋကတ်သုံးပုံ ပါ။ (ပါဠိ မြန်မာပြန် ဖြစ်ပါတယ်)။ ကူးယူထားကြပါ။

(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ပုံတော်။ ဗုဒ္ဓ၀င်အကျဉ်း။ တရားဦး ဓမ္မစကြာဒေသနာတော်။ (ပါဠိ မြန်မာပြန်)။ အနတ္တလက္ခဏသုတ်။ (ပါဠိ မြန်မာပြန်)။ ပဋ္ဌာန်းဒေသနာတော် စာအုပ်များ။ (ပါဠိ မြန်မာပြန် အကျဉ်း)။ အဘိဓမ္မာ အခြေခံစာအုပ်။ သုတေသန သရုပ်ပြအဘိဓာန်။ ဆရာတော်ကြီးများ၏ သြ၀ါဒစကား မှတ်စုများ။ စာဖိုင်များ။

http://www.mediafire.com/?oejwiaron0d (ပိဋကတ်သုံးပုံ)

http://www.mediafire.com/?sharekey=fcc415443ce3111ad2db6fb9a8902bda (စာအုပ်များ)


ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လိုအပ်မယ်ထင်တဲ့ စာအုပ်လေးတွေပါ။ ဖိုင်တခုထဲမှာ ဇစ်ဖိုင်ချုပ်ပြီး တင်ထားပါတယ်။ မိမိတို့ မိတ်ဆွေများကို ထပ်မံဖြန့်ဝေပေးခြင်းဖြင့် ဓမ္မဒါန ပြုကြပါ။

တရားနာကြားပါရန်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာ ပိတ်ပြီးမှ တရားဖွင့်ပါ။



အချိန် ၁ နာရီလောက်သာ ကြာပါတယ်။




“သားတို့ရဲ့ အမေ”

အမေ… ဒီနေ့ ၁၈.၁၁.၂၀၀၈ ရက်နေ့ဟာ သားကို အမေ မွေးဖွားပေးခဲ့တာ ၂၄ နှစ် တိုင်ခဲ့ပါပြီ။ ရုတ်တရက် အမေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်။ “သားရယ်… သားကို မမွေးဖွားခင် ညတုန်းကတော့ အလူးအလဲ ခံစားရတာပေါ့၊ နောက်နေ့မနက်မှာ သားကို မွေးလည်းပြီးရော အမေ ခံစားခဲ့ရတာတွေက ဘယ်ရောက်သွား မှန်းကို မသိဘူး”။ အဲဒီအချိန်က အမေ ပြုံးပြီးတော့ ပြောခဲ့တာပါ။ သားကို ဘယ်တော့မှ မမေ့အပ်စေတဲ့ စကားလေး တစ်ခွန်းပါ အမေ။ သား ဒီနေ့အချိန်မှာ ရပ်တည်နေထိုင်နိုင်တာဟာ အမေ့ ကျေးဇူးတွေ ကြောင့်ပါပဲ အမေ။ အမေ အကြောင်းစာအုပ်တွေဖတ်ရင်းနဲ့ အရှင်အာစာရလင်္ကာရ ရေးသားတဲ့ “အသက်ပေးပြီး ချစ်တဲ့ အမေ” စာအုပ်ထဲမှာ…



“ဗဟုပကာရ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ၊”

“ချစ်သားတို့… မိဘတွေဟာ သားသမီးတွေအတွက် အလွန်ပင် ကျေးဇူးကြီးမားပါပေတယ်”

● နို့ချိုတိုက်ကျွေး၊ သက်ရှင်ရေး၊ ပြုပေးတတ်တာ မိဘပါ။

● ကောင်းကျိုးကိုတွေး၊ လောကရေး၊ သင်ပေးတတ်တာ မိဘပါ။

ဆိုတဲ့ စာတွေကို ဖတ်မိတော့ အမေ့မျက်နှာကို မြင်ယောင်မိပါတယ်။ အမေဆိုတာ သားသမီး တွေကို မြတ်နိုးတတ်သော စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးကို ခေါ်တာပါပဲ အမေ။ အဲဒီ မြတ်နိုးတဲ့ စိတ်မှာ တစ်စုံတစ်ခုသော ကိလေသာ မပါ ပါဘူး။ ငယ်စဉ်က သားတို့ အတွက်ရသမျှ အလုပ်ကို လုပ်ပြီး သားတို့ကို ကျွေးမွေးခဲ့ရတာ သားမှတ်မိပါသေးတယ်။ အမေ ရေထမ်းရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ချက်ကျွေးခဲ့တဲ့ ဘဲဥဟင်းဟာ သားတို့ အတွက် အကောင်းဆုံး ဖြစ်ခဲ့ရတယ်။ သားတွေကို ပညာတတ်ဖြစ်ပြီး တင့်တယ်စေချင်ခဲ့တဲ့ အမေ့ရဲ့ စေတနာ၊ မေတ္တာကို အခုအချိန်မှာ ပိုပြီး နားလည်ခဲ့ရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်ရင် ၀တ်ဖို့ အကျီ၊ ဘောင်းဘီ၊ လွယ်အိတ် တွေကို နွေရာသီ ကတည်းက အမေ စီစဉ်ပေခဲ့ပေးတာတွေ၊ ကျောင်းသွားခါနီးရင် ဦးနှောက်ရွှင်အောင်ဆိုပြီး အုန်းဆီတွေ ရွဲနေအောင် လိမ်းပေးခဲ့တာတွေ၊ ၀တ်ထားတဲ့ ထမီလိပ်ကြားထဲက ထုတ်ပေးခဲ့တဲ့ ကျောင်းမုန့်ဖိုးတွေ၊ သားတို့ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် ပင်ပန်းဆင်းရဲကြလိမ့်မယ်လို့ ပြောခဲ့တဲ့ စကားသံတွေဟာ သားတို့အပေါ်ထားတဲ့ မေတ္တာစိတ် တစ်ခုတည်းကြောင့် ဆိုတာ သား သိခဲ့ရပါတယ်။ အဲဒီပုံရိပ်လေးတွေက သားတို့ အတွက် မေ့ဖျောက်ထားလို့ မရခဲ့ပါဘူး အမေ။ အခုအချိန်ထိ သား ဘ၀ရဲ့ ရလာတဲ့ အောင်မြင်မှုတွေဟာ အမေ့ ကျေးဇူးတွေကြောင့်ပါ။ သား အတွက်စိတ်အေးရပေမဲ့ ညီလေး အတွက်ဆိုပြီး အမေ အမြဲ စိတ်ပူနေတာပဲနော်။ သား တို့ကို ဘယ်တော့မှများ စိတ်ချတော့မှာလဲ အမေ။ သားတို့ အတွက် လောကဓံတွေကို အန်တုခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေဟာ သားတို့ကို အမေ ပေးခဲ့တဲ့ ခွန်အားတွေပဲပေါ့။ အခုဆိုရင် အမေ အသက်က ၅၀ ပြည့်တော့မယ်။ သာမန်အမြင်လေးနဲ့ပဲ ကြည့်ရင် တတိယ အရွယ်ကို ရောက်တော့မယ် အမေ။ ရုန်းကန်ခဲ့ရတဲ့ ဘ၀က ကြမ်းတမ်းခဲ့တာကြောင့် အမေ့မှာ ဝေဒနာတွေ မကြာခဏ ခံစားနေရတာလည်း သားသိပါတယ်။ အမှန်တော့ သားတို့တွေက လူ့ဘ၀ကို လာတဲ့ ဧည့်သည် တွေပါပဲ။ သားနဲ့ အမေဆိုတာ သံသရာ ခရီးသွားချင်း လူ့ဘ၀ ခဏတာမှာ ဆုံတွေ့လာတဲ့ သူတွေပါ အမေ။ ဒီသဘောလေးကိုတော့ အမေ့ရင်ထဲမှာ နှလုံးသွင်း မှန်မှန် နားလည်ထားပါ။ သားတို့က လက်ရှိ ဘ၀ဖြစ်နေတဲ့ သမုဒိနယ်ကိုလဲ သိရမယ် အမေ။ အမေက သားတို့အပေါ်ပြုခဲ့တဲ့ ကျေးဇူးတွေက များလှပါပြီ။ အမေ့ရဲ့ ကျေးဇူးတွေကို သား ဆပ်ခွင့်ရနေတာ အင်မတန် ၀မ်းသာမိပါတယ်။ အမေရဲ့ ကျေးဇူးတရားတွေကို ငွေကြေးတွေနဲ့ ဆပ်လို့ ဘယ်တော့မှ မကျေနိုင်ပါဘူး အမေ။ ဓမ္မပူဇာ ဆိုတဲ့ တရားနဲ့ ဆပ်မှာသာ ကျေနိုင်မှာပါ။ ဒီတော့ အမေရေ… သားပို့ပေးတဲ့ တရားခွေတွေနာပြီး တရားဓမ္မနဲ့ မွေ့လျော်စေချင်ပါပြီ။ ငါ့သားတို့ နောင်ရေး အတွက်ဆိုတဲ့ အမေ ဖြစ်ချင်နေတဲ့ ဆန္ဒတွေကို လျော့ချပြီး အမေရဲ့ သံသရာ ခရီးအတွက် ပြင်ဆင်ပါတော့ အမေ။ သေမင်းနဲ့ ရင်ဆိုင်ဖို့ အားမွေးပါ အမေ။ နောက်တခုက ဘ၀ဆိုတဲ့ ဒုက္ခသစ္စာ မှာဖြစ်နေတော့ ဒုက္ခတရားတွေနဲ့ တွေ့ရတာဟာ မထူးဆန်းပါဘူး အမေ။ ဘ၀မှာ လူဆင်းရဲလို့ အပါယ်မရောက်ပါဘူး။ ဥစ္စာမရှိလို့လည်း အပါယ်ရောက် မသွားပါဘူး။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတပ္ပ ဆိုတဲ့ သူတော်ကောင်း ဥစ္စာ(၇)ဖြာ ရှိနေရင် ချမ်းသာတာပါပဲ အမေ။ သားတို့တွေ ဇာတိ ဆိုတာ ဖြစ်ခဲ့ပြီးမှတော့ ဇရာ(အိုခြင်း)၊ ဗျာတိ(နာခြင်း)၊ မရဏ(သေခြင်း) ဆိုတဲ့ အရာတွေကို ရှောင်လို့မရဘူး အမေ။ ဒီတော့ သာတို့ ပြင်ဆင်ထား ရတော့မယ်။ ခဏလေးနဲ့ ပြင်ဆင်မှုဟာ အောင်မြင်မှု အတွက် အခွင့်အရေးနည်းပါတယ်။ အချိန်တိုင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးတင်ပြီး ၀ိပဿနာ တရားတွေ အားမထုတ် နိုင်ခဲ့ရင်တောင် ကုသိုလ်စိတ်လေးနဲ့တော့ မွေ့လျော်နေပါတော့ အမေ။ ဒီအတွက် ဘုရားရဲ့ ဂုဏ်တော်တွေကို ဆင်ခြင်၊ သတိရတဲ့ ဗုဒ္ဓနုဿတိလေး ပွားနေတာ အမေ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ သား ထင်မိတယ်။ သားတို့တွေဟာ အချိန်နဲ့ အမျှသေမင်းဆီကို သွားနေကြရတာပါ။ သေခြင်းဆီကို သွားနေတဲ့ သူတွေပေါ့။ သေခြင်းဆီကို သွားနေတဲ့ သားတို့က သေခြင်းကင်းလွတ်ရာအမှန် နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို အားထုတ်ကြရမယ်လေ။ တရားအားထုတ်တဲ့ အလုပ်ကို ဘုရားရှင်ချီးမွမ်းပါတယ်။ သိပြီးတော့ ဘာမှမလုပ်ပဲ၊ ဘုရားကို ကန်တော့ နေသူကို ဘုရားရှင် မလိုလားဘူး အမေ။ ဘုရားရဲ့ တရားအတိုင်း ကျင့်ကြံတာကိုပဲ သားတို့ ဘုရားက ချီးမွမ်းတာပါ။ ဒီတော့ သားတို့လည်း ဘုရားဖြစ်စေချင်တဲ့ အတိုင်း တရားကျင့်ရမယ် အမေ။ တရားတွေနာပြီး လက်တွေ့ကျင့်ကြံ အားထုတ်နိုင်ပါစေ။ တရားအားထုတ်ရာမှာလည်း မိမိ ခန္ဓာ ကောင်းစွာ ရပ်တည်နိုင်ဖို့ အတွက် ကံ၊ စိတ်၊ ဥတု၊ အဟာရ လေးပါးလုံး ညီညွတ်အောင် နေရမယ်၊ လုပ်ဆောင်ရမယ်။ အဲဒီလေးပါးထဲက တပါးပါး ချို့ယွင်းရင် ခန္ဓာက ကောင်းစွာ မနေနိုင်တော့ဘူးပေါ့။ ဒါကြောင့် နေ့တိုင်း ကုသိုလ်ကောင်းမှု ကံတွေနဲ့ ထုံမွမ်းထားပါတော့။ စိတ်ကလေး တည်ငြိမ်အေးချမ်းအောင် ထားပြီး တရားအားထုတ်တဲ့ အလုပ်ကို နေ့တိုင်း လုပ်ဆောင်ပါ အမေ။ ပြောင်းလွယ်၊ ဖောက်ပြန်လွယ်ရှိတဲ့ ရာသီဥတုတွေမှာ ကျန်းမာရေး အတွက် မျှတအောင်နေပါ။ လိုအပ်တဲ့ အစားအစာ၊ ဆေးဝါးတွေ သုံးစွဲပြီး ကျန်းမာအောင်နေပါ အမေ။ အမေ အတွက်လည်း သား ပြုသမျှ ကောင်းမှုကုသိုလ်တွေကို အမြဲတမ်း အမျှပေးဝေပါတယ်။ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုပါ အမေ။


အမေ တရားတော်များကို နေ့စဉ်၊ နေစဉ်နှင့်အမျှ အားထုတ်ကြိုး စားနေနိုင်ပြီး စိတ်၏ငြိမ်းအေးမှုကို ထာဝရပိုင်ဆိုင်ပါစေ။



“ဖြေကြားခြင်း”

သ ဥပါဒိသေသ နိဗ္ဗာန် နဲ့ သုညတနိဗ္ဗာန် ဆိုတာက လူပုဂ္ဂိုလ်တွေ ကျင့်ကြံပြီး
ရောက်ရှိနိုင်တဲ့ နိဗ္ဗာန် ခေါ်တာလား... ပြီးတော့ ဒိဋ္ဌဓမ္မနိဗ္ဗာန် အကြောင်းလေးကို ရှင်းပြ
ပေးပါနော့်.. ဘုရား၊ ရဟန္တာတို့ အသက်ထင်ရှားရှိစဉ် ခံစားအပ်သော နိဗ္ဗာန် တဲ့ အဲဒါကိုသိပ်နားမလည်ပါ။ အသက်ရှိစဉ်ခံစားအပ်တယ်ဆိုတော့ ဘယ်လိုမျိုးကို ပြောတာလဲဆို တာနားမလည်ပါဘူး။



သ ဥပါဒိသေသ နိဗ္ဗာန် နဲ့ သုညတနိဗ္ဗာန်ကို လူတွေကျင့်ကြံပြီး ရောက်ရှိနိုင်ပါတယ်။ ကျင့်ဖို့ နည်းလမ်းအတွက်တော့ ဆရာကောင်း အရေးကြီးတာပေါ့။ ကိုယ်တိုင်းလည်း တကယ်ကို နိဗ္ဗာန်လိုချင်စိတ် ရှိရမယ်။



ဒိဋ္ဌဓမ္မနိဗ္ဗာန် ဆိုတာက ဘုရားရှင် နဲ့ ရဟန္တားတာတွေ ဖလသမာပတ် ၀င်းစားတဲ့ အခါမှာ စိတ်ထဲမှာ မကြာမကြာ ထင်ပေါ်နေတဲ့ နိဗ္ဗာန်ကို ခေါ်ပါတယ်။ မျက်မှောက် ဘ၀မှာပဲ အားရုံပြု ရသောကြောင့် “ဒိဋ္ဌဓမ္မနိဗ္ဗာန်” လို့ခေါ်ပါတယ်။ ၀ိပါတ်စိတ် (အကျိုးစိတ်) များ နဲ့ ကမ္မဇရုပ် (ကံကြောင့်ဖြစ်တဲ့ရုပ်) များ ကို “ဥပါဒိ” လို့ခေါ်ပါတယ်။ အဲဒီ ဥပါဒိ ရှိနေစဉ်မှာပဲ အားရုံပြုရတာ ဖြစ်ခြင်းကြောင့် “သ ဥပါဒိသေသ” နိဗ္ဗာန်လို့ ခေါ်ဆိုခြင်းပါ။

ဒါတွေက ကျနော် သိသလောက် အကျဉ်းလေး ရှင်းပြလိုက်ရတာပါ။ ၀ိပတ်စိတ်နဲ့ ကမ္မဇရုပ် အကြောင်းတွေကျတော့ အဘိမ္မာသင်ဖူးရင် ပိုရှင်းမယ်ထင်တယ်။ အရှင်ဇနကာဘိဝံသ ရေးတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် စာမျက်နှာ ၃၄၅ မှာ အဲဒီအကြောင်း ရေးထားပါတယ်။
နိဗ္ဗာန် အကြောင်းပတ်သတ်လို့ လယ်တီနိဗ္ဗာန်ကျမ်းမှာတော့ စုံအောင်ရေးထားတာ တွေ့ရတယ်။ အောင်ကလင့်က တဆင့်သွားနိုင်ပါတယ်။

http://dhammadownload.com/First-LeDiSayaDaw-eBook-Myanmar.htm

အစ်မမက်မက်.. လပြည့်နေ့မှာ အလုပ်နဲနဲများနေလို့ ချက်ချင်း မဖြေပေးနိုင်ခဲ့တာပါ။ မရှင်းသေးတာရှိလည်း ထပ်မေးပါ။ ကျနော် သိသလောက်တော့ ဖြေပါမယ်။


“စိတ်ချမ်းသာပါစေ…”


“တရားနာကြရအောင်”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့ … ယနေ့ သာသနာတော်နှစ် (၂၅၅၂)ခုနှစ်၊ ကောဇာ သက္ကရာဇ် (၁၃၇၀)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၁၂.၁၁.၂၀၀၈ (ဗုဒ္ဓဟူး)၊ “သာမညဖလ အခါတော်နေ့” ဖြစ်ပါတယ်။

သာမညဖလ အခါတော်နေ့ တရားတော်ကို www.shwepyithu.blogspot.com တွင် နာကြား ကြဖို့ တိုက်တွန်းပါရစေ။


“ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ” သင့်တင့်လျောက်ပတ်တဲ့ အခါမှာ သူတော်ကောင်း တို့၏ တရားတော်ကို နာကြားခြင်းသည် ကောင်းမြတ်သော မင်္ဂလာတရားဖြစ်ကြောင်း ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားထားပါတယ်။ တရားနာကြားတဲ့ အခါမှာလည်း ပုဂ္ဂိုလ်မရွေး၊



ဂိုဏ်းမရွေးပဲ တရားတော်ကို နားကြားသင့်ပါတယ်။ အမှန်တော့ မြတ်စွာဘုရား၏ တရားတွေကို နာကြားရာမှာ ဟောတဲ့ပုဂ္ဂိုလ် အဆင့်အတန်းကို ရွေးချယ်နေဖို့ အကြောင်းမရှိပါဘူး။ “ခုဇ္ဇုတ္တရာ” ကျွန်မကြီးရဲ့ ဟောပြောချက်ကို သခင်မ “သာမာဝိတီ” နဲ့ ရံရွှေတော်တွေ ရိုသေ၊ လေးစားမှု အပြည့်နဲ့ နာယူကြတဲ့ အကြောင်းတွေကို အားလုံး သိရှိပြီး ဖြစ်မှာပါ။ အချို့ကျတော့လဲ တရားနာဖို့ မလိုပါဘူး။ တရားဆိုတာ ရင်ထဲရှိရင် ပြီးရောလို့ ပြောတတ်ကြပါတယ်။ တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်နေကြတာ၊ တရားရှိပြီးသား လူက လုပ်စရာ မလိုဘူး လို့လဲ ပြောကြပါတယ်။ ဒါတွေက ပညာမရှိလို့ ပြောထွက်ကြတာပါ။ အင်မတန် မှားယွင်းပါတယ်။ တရားနာခြင်းကြောင့် လက်တွေ့မှာပဲ အကျိုးကျေးဇူး တွေရရှိပါတယ်။

(၁) အသုတံ သုဏာတိ = မကြားဘူးတဲ့ စကားကို ကြားရခြင်း။

(၂) သုတံ ပရိယောဒါပေတိ = ကြားဖူးတဲ့ စကားကိုလဲ ထပ်မံကြား၍ ရှင်းလင်းစွာသိရခြင်း။

(၃) ကင်္ခံဝိဟနတိ = ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။

(၄) ဒိဋ္ဌိံဥဇုံ ကရောတိ = အယူဖြောင့်မှန်အောင် ပြုပြင်နိုင်ခြင်း။

(၅) စိတ္တံသီဒတိ = စိတ်နှလုံးကြည်ခြင်း။

“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊

စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”

(ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ )


နံပါတ်(၃) နဲ့ နံပါတ်(၄)တို့မှာ ပြဆိုထားတဲ့ စကားဟာ “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကို တရားနာခြင်း ဖြင့် ရှေဦးစွာ အကြမ်းပယ်ခွာ နိုင်တယ်ဆိုတဲ့ စကားမျိုးနှင့် အဓိပ္ပါယ်တူပါတယ်။ ဒါ့ကြောင့် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရာကြီးက “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ”ကို တရားနာခြင်း၊ တရားဆွေးနွေးခြင်း ဆိုတဲ့ “သိမှု” ဖြင့် ရှေးဦးစွာ ခွာထားရမယ်။ ဒုတိယအဆင့်ကတော့ “ကျင့်မှု” ဖြင့် ခွာရမယ်။ တတိယအဆင့်ကတော့ မဂ်ဉာဏ်ဆိုတဲ့ “ပယ်မှု” ဖြင့် ခွာရမယ်လို့ ဟောကြား သတိပေးတော် မူခဲ့ပါတယ်။

နိဗ္ဗာန်ရောက်ကြောင်း တရားကို မြတ်စွာဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါ အလောင်းတို့မှ တပါး၊ အခြားသော အဂ္ဂသာဝကအလောင်း၊ မဟာသာဝကအလောင်း တွေဟာ တရားနာမှုနှင့် ကင်းပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရနိုင်ကြပါ။
တရားနာပေမဲ့ တရားမရနိုင်တဲ့ အကြောင်း ငါးပါးရှိပါတယ်။

(၁) တရားတော်ကို မထီမဲ့မြင်ပြုခြင်း။

(၂) တရားဟော ပုဂ္ဂိုလ်အား မထီမဲ့မြင်ပြုခြင်း။

(၃) မိမိကိုယ်ကိုမိမိ မထီမဲ့မြင်ပြုခြင်း။ (ငါက နုပါသေးတယ်။ ငယ်ပါသေးတယ်။ စာလည်း ကောင်းကောင်းမတတ်၊ အိမ်ယာထောင်တဲ့ လူ့ဘောင်ကိုလဲ မစွန့်နိုင်… စသဖြင့် မထီမဲ့ပြုခြင်း ဖြစ်ပါတယ်)။

(၄) ပျံ့လွင့်တဲ့ စိတ်၊ မတည်ကြည်တဲ့ စိတ်ဖြင့် တရားတော်ကို နာခြင်း။

(၅) မသင့်မတင့်တဲ့ အကြောင်းဖြင့် နှလုံးသွင်းခြင်း။

အထက်ပါ ၅ ချက်နှင့် တရားမနာမိကြဖို့ သတိပေးပါရစေ။ အထူးသတိပေးလိုသည်မှာ- တရားနာကြားရုံနှင့် တရားမရနိုင်ပါ။ တရားနာကြားလို့ ရရှိလိုက်တဲ့၊ သိလိုက်တဲ့ အသိပေါ်မှာ လက်တွေ့ကျင့်သုံး မှသာလျှင် မဂ်တရား၊ ဖိုလ်တရား ရနိုင်မှာပါ။ ဘုရားရှင်က ကိုယ့်ဘေးနား မှာ ရှိနေပေစေ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှု မရှိသ၍ တရားမရနိုင်ပါဘူး။


ထို့ကြောင့် တရားမှန်ကို ရှာဖွေခြင်း၊ တရားနာခြင်း၊ သူတော်ကောင်းထံ ဆည်းကပ်ခြင်း၊ ဆွေးနွေးခြင်း၊ တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်း ပြုလုပ်ကြပါရန် တိုက်းတွန်းအပ်ပါတယ်။