ဖြေကြားခြင်း၊

ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် သိက္ခာအထပ်ခံရတဲ့ ဘုန်းကြီးရော၊ သိက္ခာထပ်ပေးတဲ့ ဒါယကာ၊ ဒါယိကာမမှာ ဘာအကျိုးရလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် Post ရေးပေးပါလို့ Request လုပ်ပါတယ်။


ရဟန်းတစ်ပါးဟာ ရဟန်းဘ၀ကိုရောက်ပြီး ကတည်းကရဟန်း သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော်ရပြီး၊ ရှိပြီးသားပါ။ သိမ်ထပ်တယ်ဆိုတာ အဲဒီရှိပြီး၊ ရပြီးသားကိုဘဲ ပိုပြီးစင်ကြယ်အောင်၊ မွန်မြတ်အောင်၊ သင်္ကန်းပရိက္ခရာ လှူဒါန်းပြီး သိမ်ထဲမှာထပ်ပြီး ရဟန်းခံပေး၊ ရဟန်းပြုပေးတာကိုခေါ်ပါတယ်။ ပိုမိုပြည့်စုံရှင်းလင်းအောင် ဘုံဘေမှာ သာသနာ့ တက္ကသိုလ်တက်ရောက်နေသော ဘုန်းဘုန်း ဦးသာဓိန (ခေတ္တ၊ ဘုံဘေ)ထံ လျောက်ကြား လိုက်ပါတယ်။ ဆရာတော် ပြန်လည် မိန့်ကြားတဲ့ အတိုင်းရေးသားတင်ပြလိုက်ပါတယ်။



ရှေးဆရာတော်ကြီးများရဲ့ မိန့်ကြားချက်တွေနဲ့ကိုးမှ ပိုပြည့်စုံမှာ၊ သို့သော် ဘုန်းဘုန်း လက်လှမ်းမီသလောက်တော့ရှင်းပါမယ်။


ပုနောပသမ္ပဒကံဆိုတဲ့ သိက္ခာထပ်တဲ့အလုပ်ကို ဘုရားရှင်ဟောကြားထားတဲ့ စာပေတွေထဲမှာ ဘုန်းဘုန်း သိသလောက်ကတော့ မတွေ့ခဲ့ဘူးပါဘူး၊ ဒါဟာ ရဟန်းဖြစ်ပြီးသား ရဟန်းတစ်ပါးကို သိက္ခာထပ်တင်တဲ့အမှု၊ မပြည့်စုံတဲ့ ရဟန်းခံခြင်း ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီရဟန်းဟာ ပထမဦးဆုံး သိမ်ထဲမှာ သိမ်ဝင်ကမ္မ၀ါတစ်ကြိမ် ဖတ်ပြီးထဲက ရဟန်းဖြစ်ခဲ့ပါပြီ၊ တစ်ချို့ ပရိတ်သတ်မသန့်လို့ ရဟန်းဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် အဲလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့နောက် သိက္ခာထပ်သူ ပိုအကျိုးများတာပေါ့။


ရှေးတုန်းက အကြောင်းလေး တစ်ခုပြောပြမယ်၊ ညောင်ရမ်းခေတ် ဒုတိယအင်းဝခေတ်က တောင်ဖီလာဆရာတော်ဘုရားကြီးဆိုတာ ကြားဘူးကြလိမ့်မယ်၊ အဲဒီဆရာတော်ကြီးဟာ ပထမရဟန်းဖြစ်ခဲ့ပြီးပေမယ့် နောက်တစ်ခါ ကလျာဏီသိမ်မှာ သိက္ခာထပ်ခဲ့တယ်၊ အဲဒီအခါကစပြီးမှ သူ့ရဲ့ရဟန်းဝါကိုရေတွက်တယ်လို့ ဘုန်းဘုန်းမှတ်ခဲ့ဘူးတယ်။ အကျဉ်းချုပ်ကိုကောက် ချက်ချရရင်တော့…၊


၁။ ရဟန်းဖြစ်ပြီးသား ရဟန်းစစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုသိမ်ထပ်ခြင်းသည် အကျိုးမများလှ၊ သို့သော် ဒါယကာ ဒါယကာမတို့ဟာ သူတို့ရဟန်းရှိခဲ့ပြီဆိုပြီး ပစ္စည်းလေးပါး မပြတ်လှူဒါန်း၊ သာသနာနဲ့ ဆွေမျိုးဖြစ်ပြီးဆိုတဲ့ အသိနဲ့ကုသိုလ်တွေ အများကြီးဖြစ်တယ်။


၂။ ရဟန်းမဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်လည်း မသိသူအတွက် နောက်သိက္ခာထပ်တဲ့အခါမှ ရဟန်းဖြစ် သွားမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး အကျိုးပိုများကြတာပေါ့။ ထပ်ပြောရရင် သိက္ခာထပ်တဲ့အလုပ်ဟာ အလှူတစ်ခုကတော့ မလွဲမသွေဖြစ်တယ်၊ သို့သော် ရဟန်းခံတဲ့အလုပ် အစစ်ကတော့ မဟုတ်ဘူး၊ ရှေးလူရဲ့ အလုပ်လောက် အကျိုးမများဘူး၊ ဘုန်းကြီးတွေ ဘုန်းကြီးတော့ ဒကာ၊ ဒကာမတွေကပိုပြီး သာသနာ့ဆွေမျိုးတွေအဖြစ်နဲ့ အလှူအတန်းလုပ်တဲ့ အခါမှာတော့ သာသနာတော်အတွက် အကျိုးများ၊ လှူသူမှာလည်း အကျိုးများပါကြောင်း ဘုန်းဘုန်း ဖြေလိုက်ရပါတယ်။



SMNTL မရှင်းတာရှိရင် ထပ်မေးပါ။ ကျနော် ဆရာတော်ကို ထပ်လျောက်ပေးပါမယ်။

ကျနော်အနေနဲ့ အားလုံးကို အကြံပြုချင်တာက ဘာကောင်းမှုကိုဘဲ လုပ်လုပ် အကျိုးတရားကို မျှော်ကိုးလုပ်တာ အကျိုးမကြီးလှပါဘူး။ ကျနော်တို့တွေ မရောက်ဖူးတဲ့နေရာဆိုလို့ အနာဂါမ်တွေ သေရင်ရောက်တဲ့ ဗြဟ္မာဘုံ ငါးဘုံဘဲ ကျန်ပါတော့တယ်၊ သူတို့က အဲဒီဘုံမှာဘဲ နေပြီး နိဗ္ဗာန်ကို ရောက်ကြပါတယ်။ ဒါကြောင့် ကျနော်တို့တွေ မရောက်ခဲ့ဖူး ဘူးလို့ပြောရတာပါ။ ကျနော်တို့ရဲ့ရည်မှန်းချက်က သံသရာက လွတ်မြောက်ဖို့ပါဘဲ။ ဒါကြောင့် ဘာကုသိုလ်ဘဲ လုပ်လုပ် နိဗ္ဗာန်ကိုဘဲ ရည်စူးထားသင့်ပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပါ။ ဘာသာခြားလူချမ်းသာ နတ်ချမ်းသာတွေ အများကြီးပါဘဲ။ သာသနာနဲ့လွဲသွားရင် ကိုယ်ကျိုးကြီးနည်းပါပေါ့လား။ နိဗ္ဗာန်ကို ရည်မှတ်၍ ကုသိုလ်ပြုကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


3 comments:

အိုးဝေအောင် said...

good answers.thank you.

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကိုအောင်ဦးရေ

အခုလို နန္ဒာ Request လုပ်ပြီး မေးထားတာကို Post တင်ပြီး ဖြေကြားပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။

်ဒီအချက်ကို Request လုပ်ပြီး မေးရခြင်း အကြောင်းရင်းက နန္ဒာတို့ မိဘတွေ ပျိုးထောင် လာခဲ့တဲ့ သံဃာတပါးကို လာမယ့် November မှာ နန္ဒာတို့ မိသားစုကနေ ၅ကြိမ်မြောက် သိက္ခာ ထပ်ပေးမှာမို့ပါ။

၁၀နှစ်သားအရွယ် ဖိုးသူတော် ဘဝကနေ အစပြုလို့ အစစအရာရာ တာဝန်ယူလာတာ အခုဆို စာချ ဓမ္မာစရိယ ကျောင်းထိုင် ဆရာတော်ကြီး ဖြစ်လို့နေပြီလေ။ နန္ဒာတို့ မိသားစု လှုထားတဲ့ ကျောင်းရှိရာ ပဲခူးတိုင်း ဝမ်းဘဲအင်းမှာ ကျောင်းထိုင် ပါတယ်။

ဒီ Post ကို နန္ဒာရဲ့ မိဘတွေနဲ့ သက်ဆိုင်တဲ့ လူကြီးတွေဆီ Foward Email လုပ်ပြီး ပို့လိုက်ပါပြီ။ သူတို့လဲ ကိုအောင်ဦးကို ကျေးဇူးတင်ကြမှာပါ။

ကိုအောင်ဦးက အသက်အရွယ် ငယ်ရွယ်ပေမယ့် ဗုဒ္ဓနဲ့ ဓမ္မ၊ သံဃာအကြောင်းတွေကို နားလည်အောင် ရေးသားနိုင်မှု့၊ ဝေမျှနိုင်မှု့ တွေကို လေးစားပါတယ်။

အချိန်ပေးပြီး ဖြေကြားပေးတဲ့ ဒီ Post ကို တန်ဖိုးထားပ်ါတယ်။

သီတင်းတင်းကျွတ် လပြည့်ည ကလဲ ဒီမှာ ပဌာန်းတရား လာနာဖြစ်တယ်။

ဒီ Blog ကို လာတဲ့သူတိုင်း ဗုဒ္ဓနဲ့ ဓမ္မ၊ သံဃာ ပတ်သတ်ပြီး တခုခု ရသွားတာဖြစ်လို့ ကိုအောင်ဦး အတွက် နေ့စဉ် ကုသိုလ်ရနေတာ အမှန်ပါပဲရှင်။

ခင်မင်လေးစားလျှက်
SMNTL

Unknown said...

ကောင်း လိုက်တာ ကိုအောင်ဦးရေ ဖြေထားတာလေးက မှန်နေတာကိုး ဒါတွေကို ကျနော် တို့တတွေသိပ်မသိသေးဘူး မေးတဲ့ လူကော ဖြေတဲ့ သူတွေပါ အကျိုးများတယ် ဗျာ။