“ကမ္ဘာပျက်သည်ဆိုရာဝယ်”

ကမ္ဘာကြီးပျက်မယ် ဆိုတဲ့ အကြောင်းကို ကြားသိကြရတော့ အနည်းနဲ့ အများတော့ တုန်လှုပ်ကြတာတွေ ဖြစ်ကြပါတယ်။ တခါတည်း ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ပြီး ပုံမှန်အတိုင်းနေထိုင် နေတဲ့သူတွေလဲ အများကြီးပါ။ ဒီအကြောင်းတွေက အဓိက မကျပေမဲ့ လူအများစုတော့ စိတ်လှုပ်ရှားစေခဲ့တယ်။ ကမ္ဘာပျက်မယ်ဆိုတော့ အရိုးရှင်းဆုံးပြောရရင် ကျနော်တို့ သေတော့မှာလို့ ဆိုလိုတာပါပဲ။ သေခြင်းတရားကို ပုထုဇဉ် လူသားတိုင်း ကြောက်ကြတာအမှန်ပါ။ အမှန်တော့ ကျနော်တို့ရဲ့ ရှည်လျားလွန်းတဲ့ သံသရာခရီးမှာ အကြိမ်ကြိမ် သေခဲ့ရပါတယ်။ သေနည်းမျိုးစုံနဲ့ သေခဲ့ရပါတယ်။ ဒီလို မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ ဘ၀ပေါင်း မရေတွက်လောက်အောင်ပါပဲ။ ဒါတွေက ခန္ဓာရလာလို့ဖြစ်ရတဲ့ ဒုက္ခတွေပါ။ ကျနော်တို့ အဓိက လုပ်ဆောင်ရမှာက ထို ဒုက္ခအပေါင်းက လွတ်မြောက်ရာဖြစ်တဲ့ နိရောဓ သစ္စာကို ဆိုက်ရောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက နဲ့ သာမည ကို ပိုင်းခြားသိရပါမယ်။ မိမိရဲ့နေ့စဉ် ဘ၀မှာ ကုသိုလ်ကောင်းမှု တွေသာ လုပ်ဆောင်ဖို့၊ မမေ့မလျော့ဖို့၊ အဓိက ကျပါတယ်။ ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။


“သဗ္ဗေသင်္ခါရာ အနိစ္စာ” လို့ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အားလုံးသော ဖြစ်ဖြစ်သမျှ အရာဝတ္ထုတို့သည် ပျက်စီးခြင်းသဘော ရှိကြပါတယ်။ သတ္တ၀ါတွေနေထိုင်တဲ့ ကမ္ဘာကြီးလဲ တနေ့ကျရင်တော့ ပျက်စီးရမှာပါ။ ကမ္ဘာပျက်ခါနီး နှစ် တစ်သိန်းအလိုမှာ နတ်တွေက “ကမ္ဘာပျက်လိမ့်မည်” လို့ကြွေးကြော်ကြပါတယ်။ နတ်တွေ ကြွေးကြော်သံကြားတဲ့ သတ္တ၀ါတွေက အရင်ကလို မမေ့မလျော့ကြပဲ ကုသိုလ်တရားတွေ ပွားများအားထုတ် တာကြောင့် ကမ္ဘာပျက်ခါနီးမှာ အားလုံးက ဗြဟ္မာ့ဘုံရောက်ဖို့ ဈာန်တရားတွေ ရရှိကြပါတယ်။ ကမ္ဘာပျက်ဖို့ အကြောင်းမှာ မီး၊ ရေ၊ လေ စသဖြင့် ၃ မျိုးရှိပါတယ်။ မီးကြောင့်ပျက်ရမဲ့ ကမ္ဘာမှာ ပျက်ချိန်တန်ရင် နေ ၂ စင်း ပေါ်လာပါမယ်။ နေ အသစ်က ည အခါမှာ ဆက်လက် တက်လာသဖြင့် အဲဒီအချိန်မှာ နေ့ အခါ၊ ညအခါ လို့မရှိတော့ပါဘူး။ ထို့နောက် ၃ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ မြစ်ကြီးတွေမှာ ရှိတဲ့ ရေတွေ ခမ်းခြောက်မယ်။ ၄ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ဟိမ၀န္တာတော အတွင်းမှာရှိတဲ့ အိုင်ကြီး ၇ အိုင်လဲ ခြောက်ခမ်းရမယ်။ ၅ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ သမုဒ္ဒရာရေတွေ ခြောက်ခမ်းမယ်။ ၆ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ကမ္ဘာလောကမှာ အစိုအစေး ဓာတ်တွေ လုံးဝမရှိတော့ဘူး။ ၇ စင်းမြောက် နေထွက် လာတဲ့ အချိန်မှာ ကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထတောက်ပါမယ်။ ကာလအတန်ကြာ တောက်လောင်တဲ့ မီးဟာ ပထမဈာန် ဗြဟ္မာ့ဘုံအထိ တောက်လောင်တဲ့ အတွက်ကြောင့် နတ်ပြည် ၆ ထပ်လဲ မီးလောင် ပျက်ဆီးရပါတယ်။ မီးလောင်စရာ မရှိတဲ့ ပြာမှုန့် အထိ မကျန်တော့မှ ကမ္ဘာပျက်ခြင်း ပြီးပါတယ်။ (ရေဖျက်၊ လေဖျက်ဖို့ အလှည့်မှာလဲ ဆားငန်ရေထိပြီး ဆွေးမြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ ကြေမွကြရပုံ တို့ကို သိကြပါ)။ ထိုသို့ ကမ္ဘာပျက်နေတဲ့ အချိန်ဟာ အန္တရကပ် ၆၄ ကပ် ကြာပါတယ်။ (၁၀နှစ်တမ်းမှ တဖြည်းဖြည်း တက်၍ အသက် အသင်္ချေတမ်းသို့ရောက်၊ ထို အသင်္ချေတမ်းမှ ၁၀နှစ်တမ်းသို့ရောက်၊ ထိုသို့ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် လို့ခေါ်ပါတယ်)။
ကမ္ဘာပျက်မှာသည် နှောင်နှစ်ပေါင်းများစွာ လိုပါသေးတယ်။ နောက်ထပ် အရိမေတ္တယျ ဘုရားရှင် ပွင့်ပြီးမှ ကမ္ဘာလောက ပျက်ဆီးခြင်းသို့ ရောက်ပါမယ်။ အရိမေတ္တယျဘုရားရှင် ပွင့်ဖို့သည် အချိန်ကာလများစွာ လိုပါသေးတယ်။ ယခုပြောနေကြသော ကမ္ဘာပျက်ခြင်း ဆိုသည်မှာ ကမ္ဘာကြီး ဆိတ်သုန်းလောက်အောင် ပျက်ဆီးခြင်းမျိုး မဖြစ်နိုင်ပါဘူး။ အနည်းငယ်ပျက်စီးချင် ပျက်စီးပါလိမ့်မယ်။ ပျက်စီးချင်မှလဲ ပျက်စီးမယ်။ ဒီအကြောင်းတွေပြောပြီး ဖန်ဆင်းရှင်ဝါဒ၊ ကယ်တင်ရှင်ဝါဒတွေက သူတို့တွေရဲ့ ဘုရားက ကယ်နိုင်မယ်ဆိုပြီး သိမ်းသွင်းတာမျိုး ဖြစ်လာနိုင်တယ်။ အရင်ကလဲ ဒီလို ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအချက်တွေကို သတိထားကြစေချင်ပါတယ်။ ကမ္ဘာ့နေရာ အသီးသီးမှာ စစ်ဖြစ်နေတာတွေ၊ ငလျင်လှုပ်တာတွေ၊ မုန်တိုင်းတိုက်တာတွေ၊ ဆူပူသောင်းကျန်း နေတာတွေသည်လဲ ပျက်ဆီးခြင်းတွေပါပဲ။
မည်သို့ပင် ဆိုကြပါစေ… ကျနော်တို့တွေက အချိန်တိုင်း သေခြင်းတရားကို ဆင်ခြင်ပြီး မိမိမှာ ကောင်းမှုတွေ လုပ်နေရမယ် ဆိုတာ သိပြီးသားပါပဲ။ ကုသိုလ်ကောင်းမှုတွေမှာ မေ့လျော့နေတဲ့သူကို သေနေတဲ့ သူလို့ ခေါ်ဆိုထိုက်ပါတယ်။ “ကုသိုလ်မယူ အသက်ရှူ၊ ထိုသူ သေလို့နေတော့သည်၊ ကုသိုလ်လဲယူ အသက်ရှူ ထိုသူမသေ၊ ရှင်တော့သည်” လို့ ဆိုပါတယ်။ ကုသိုလ်ဆိုတာ တကူးတက လုပ်ယူနေရတာမျိုးမှ ဆိုနိုင်တာမဟုတ်ပါဘူး။ မိမိတို့နေ့စဉ် သွားလာနေထိုင်နေတဲ့ အပေါ်မှာ သတိလေးရှိပြီး လုပ်ဆောင်နေမယ်၊ မိမိ စိတ်အစဉ်ရဲ့ ဖြစ်မှု၊ ပျက်မှု သဘောတရားလေးတွေကို သိပေးနေမယ်၊ မိမိခန္ဓာကပြတဲ့ ဖောက်ပြန်မှု သဘောလေးတွေကို ပေါ်လာတိုင်း အပျက်သဘောပဲ ရှိပါလား ဆိုတာ သိပေးနေရင် မိမိအတွက် အကောင်းဆုံး နေနည်းဖြစ်ပါ တယ်။ သာသနာတွင်း ကာလမှသာ ဒီသဘောတရားတွေကို သိခွင့်ရကြရတာပါ။ ယခုအချိန်လို သာသနာနဲ့ ကြုံနေစဉ်၊ မိမိတို့မှာ အားထုတ်နိုင်တဲ့ ခန္ဓာနဲ့ တရားတွေကို သိနိုင်တဲ့ ဉာဏ်ပညာရှိနေလျက်နဲ့ မကျင့်ကြံကြ ရင်တော့ အကြိမ်ကြိမ် သေကြရဦးမယ် မှတ်ပါ။ ကမ္ဘာလောက ပျက်မယ်ဆိုတာကြားတာနဲ့ ငါကြားလိုက်တဲ့ ကြားသိစိတ်လေးက ဖြစ်ပြီး ပျက်သွားပါလား ဆိုတဲ့ အသိလေးရအောင် ကျင့်လိုက်ကြပါ။
တဆက်တည်းပြောလိုသည်မှာ ဒီကမ္ဘာပျက်ပြီးလို့ နောက် ဖြစ်လာမဲ့ ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ ဘုရားမပွင့်တဲ့ ကမ္ဘာပါ။ နောက်ဘုရားရှင်၏ သာသနာတော်ကို မမှီလိုက်ရင်တော့ တရားနဲ့က ပိုပြီး ဝေးရဦးမှာပါပဲ။ ထို့အတူ အကြိမ်ကြိမ် သေရဦးမှာပါပဲ။ အခုအချိန်မှာ အားထုတ်ကျင့်ကြံမှသာ ယခုဘ၀မှာ တရားမရခဲ့ရင်တောင် နောက်ဘုရားသာသနာနဲ့ တွေ့ရဖို့ အတွက် ကျေးဇူးပြုနိုင်တယ်။ ယခုလဲ မကောင်းမှု ဒုစရိုက်တွေနဲ့သာ မွေ့လျော်ကြရင်တော့ မသေချာလှပါဘူး။

“ကျန်ရှိနေတဲ့ အချိန်မှာ အဓိကနှင့် သာမည ခွဲခြားသိရှိပြီး မိမိ ရုပ်၊ နာမ်တွေရဲ့ ဖြစ်ပျက် အစဉ်ကို ထိုးထွင်းသိမြင်နိုင်တဲ့၊ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။”


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


17 comments:

Dream said...

တကယ်ပျက်မဲ့ ကမ္ဘာက ပိုကြောက်စရာကောင်းပါတယ်။ လူတိုင်းလူတိုင်းရဲ့ စိတ်ဓာတ်မှာ အ၀ိဇ္ဇာတရား ဖုံးလွမ်းပြီး ပျက်စီးနေတာတွေက ကမ္ဘာပျက် တာထက် ပိုပြီး ကြောက်စရာ
ကောင်းနေပါတယ်.... လောဘဒေါမောဟ ကိလေသာ မီးတွေက နေခုနှစ်စင်း လောင်မြိုက်တာထက် ပိုပြီး ပူပြင်းပါတယ်...

သာသနာတော်နဲ့ ကြုံတုန်းမှာ တရားအသိလက်ကိုင်ထားမှ ဒုက္ခဆင်းရဲခြင်း သံသရာ ဆင်းရဲခြင်း မှ ထာဝရ ကင်းလွတ်နိုင်မှာနော်..... ပို့လေးကို သေသေချာချာလေး ဖတ်သွားပါတယ်... အင်မတန်အဖိုးတန်တဲ့ ပို့စ်ကောင်းလေးပါ..... မှတ်သားထိုက်မှတ်သားစရာပါ....

ကမ္ဘာမပျက်ခင် မိမိတို့၏် ခန္ဓာနေ့စဉ်ပျက်စီးနေတာကသေချာနေတဲ့အတွက်..... ကြိုတင်ပြီး ကုသိုလ်တရားပွားများကာ အ၀ိဇ္ဇာတရားတွေ ပယ်သတ်နိုင်ကြပါစေလို့........

ဒီဇင်ဘာနှင်း said...

ကမ္ဘာပျက်ရင်ကြောက်စရာကြီးနော်ဆိုပြီး တွေးပူနေတဲ့လူတွေ အများကြီးရှိတယ်။ ကိုအောင်ဦးရေးတဲ့ ဒီပိုစ့်လေးကို သူတို့ကို ဖတ်စေချင်ပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာကို လူတွေမေ့နေကြတယ်။ လောဘနောက်ကိုလိုက်နေကြတယ်။ မဖြစ်သေးတာကို တွေးပူနေတာထက် အခုအချိန်မှာ အကောင်းဆုံးလုပ်နိုင်ဖို့က ပိုအရေးကြီးတယ်နော်။

လောဘမီး ဒေါသမီး မောဟမီးတွေ ငြိမ်းအေးနိုင်ကြပါစေ။

Mr.Zaw Min Aung said...

ကျေးဇူးပဲ ကိုအောင်ဦးရေ...
အမှန် အတိုင်း ၀န်ခံရရင် chating မှာတုံးကပြောတာ ကို စိတ်ထဲ မှာ နားမလည်ခဲ့ပါဘူး အခုလို ဒီ post လေးနဲ့ ကျွန်တော့် ရင်ထဲအထိ နားလည်အောင် ထပ်ရှင်းပြခဲ့ တဲ့ အတွက် အင် မတန် ၀မ်း မြောက်လို့ မဆုံးပါဘူး ။ ကျွန်တော်တင်မက ကျွန်တာ် ရဲ့  သူ ငယ်ချင်းတွေ ကို ပါ ထပါပြီးနားလည်အောင် မဆို့ ရိမ် မပူပန်အောင် ထပ်ရှင်းပြ နိုင်ခဲ့ပါ ပြီ ။ ကျွန်တော် ဆီ ကိုမေးလ် အဖြစ် ပို့ပြီး ဆွေးနွေး တဲ့သူ ငယ်ချင်းတွေကို လဲ ပြန်ပြီးဝေငှ ခွင့်ပြုပါအကို ။ အကို ပြောသလို ပဲ ဘာမှ မသိ နားမလည်ခဲ့တဲ့အတွက် တပါးသူပြောရင် မျက်လုံးပြူးကြောင်ပြီး ဟုတ်နိုးနိုး ထင်ခဲ့ တာ အခုတော့ အကို့ကျေးဇူး နဲ့ ပြန်လည်ဖြေ ရှင်းပြ နိုင် ပါပြီ ။
အကိုရဲ့  စေတနာ ကျေးဇူးတရား တွေ ကို တန်ဖိုး ထားတဲ့ အနေနဲ့ ညီလဲ မမေ့မလျော့ ဘဲ ကြိုးစားအားထုပ်ပါမယ် အကို ။
အကို လဲကြိုးစားအားထုပ်နိုင်ပါစေလို့မေတ္တာ ပိုသလိုက်ပါတယ် ။

လင်းဦး(စိတ်ပညာ) said...

** ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။**

အမှန်ပဲ ညီရေ.... အလွန်ကောင်းတဲ့ ပို့စ်လေးပါ။ လူတွေကလည်း မစဉ်းစား မဆင်ခြင်ပဲ ကြောက်တတ်လိုက်ကြတာ လွန်ပါရော။

Anonymous said...

သံဝေဂရအောင် ရေးထားတဲ့တရားလေးပါ. မှတ်သားစရာတွေနဲ့လူတွေမေ့နေတာကို သတိပေးတဲ့တရားကောင်းလေးပါ.

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

ကမ္ဘာပျက်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး ဖတ်မိတာတွေထဲမှာ တန်ဖိုးအရှိဆုံး၊ အဓိပ္ပါယ်အရှိဆုံး၊ ကျေးဇူးတင်ဖို့အကောင်းဆုံး ပို့စ်ပါ မောင်လေးအောင်ဦးရေ။ “ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။” အင်မတန်ကောင်းတဲ့ စကားစုပါ။ ကမ္ဘာပျက်မှာကိုတော့ မသေမချာနဲ့ ကြောက်နေကြပေမယ့် ခန္ဓာပျက်မှာကိုတော့ သိသိနဲ့ပဲ မကြောက်မိကြတာ မပြင်ဆင်မိကြတာ တွေးမိရင် ပိုပြီးထိတ်လန့်စရာကောင်းပါတယ်။ ဒီပို့စ်ရေးလိုက်တဲ့ မောင်လေးရဲ့ကုသိုလ်အတွက် သာဓုသုံးကြိမ်ခေါ်ပါတယ်။ မောင်လေး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ ပို့စ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ...

Anonymous said...

Like Ma Shwe Pyi Thu said above, it is the most valuable and meaningful post I have ever read regarding this topic. I respect you and thank you for writing such a good post.
Thar Du, Thar Du, Thar Du!

ခေါင်ခေါင် said...

ကမ္ဘာပျက်မှာက မသေချာဘူး ခန္ဒာပျက်မှာ ကသေချာတယ် ဆိုတဲ့ စကားလေးက အမြဲလှုပ်ရှားသွားလာ ရှုပ်ရှက်ခက်ပြီး ဒီခန္ဒာ ကြီးမပျက်စီးတော့မယ့် အတိုင်း မသိစိတ်က ထင်နေတဲ့ ညီမလေးတို့အတွက် တစ်ကယ်ကို့ သတိပေးလိုက်တာပါ...
ကျေးဇူးတင်ပါတယ် အစ်ကို..
ဒီခန္ဒာမပျက်ခင် လုပ်စရာ အလုပ်တွေသတိလေး နဲ့လုပ်မှပဲ..

မြတ်သွယ် said...

အသိ သတိတွေပေးလိုက်တဲ့ ပို့စ်လေးပါပဲ
-ယခုအချိန်လို သာသနာနဲ့ ကြုံနေစဉ်၊ မိမိတို့မှာ အားထုတ်နိုင်တဲ့ ခန္ဓာနဲ့ တရားတွေကို သိနိုင်တဲ့ ဉာဏ်ပညာရှိနေလျက်နဲ့ မကျင့်ကြံကြ ရင်တော့ အကြိမ်ကြိမ် သေကြရဦးမယ် မှတ်ပါ-
-“ကုသိုလ်မယူ အသက်ရှူ၊ ထိုသူ သေလို့နေတော့သည်၊ ကုသိုလ်လဲယူ အသက်ရှူ ထိုသူမသေ၊ ရှင်တော့သည်”-
ကိုယ်တိုင်ကတော့ မျှဝေပေးနိုင်စွမ်းမရှိပါဘူး
ဒါပေမယ့် ကိုအောင်ဦးရဲ့ ပို့စ်ကိုဖတ်ပြီး မှတ်သွားပါတယ်

အိုးဝေအောင် said...

** ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။**
အလွန်ကောင်းတဲ့ ပို့စ်လေးပါ

စူး said...

အရမ်းကောင်းတဲ့ပို့စ်လေးပါပဲ

Anonymous said...

ညီလေးရေးထားတာလေးက မှတ်သားဖို့ကောင်းပါတယ်ညီ
ကိုယ့်ကိုကိုယ်လည်း သံဝေဂရတယ် ကမ္ဘာပျက်မယ်ဆိုတဲ့ အနောက်တိုင်းက ပို့စ့်တွေဖတ်တော့ ဆွဲငင်အားတွေ ဘာညာတွေ ဟောကိန်းတွေဖတ်တော့ စိတ်ပါဝင်စားလို့ပေါ့
မစဉ်းစားဖြစ်တာက ခန္ဓာအကြောင်း တချို့လူတွေဆို "ခေါင်းထဲကမူးလိုက်တာ" "ရင်ထဲကအောင့်လိုက်တာ" ဆိုပြီး ချက်ချင်းအနိစ္စရောက်သွားတဲ့လူတွေအကြောင်း သတိရတယ် သူတို့ဆို ဒီသေခြင်းကို နှစ်လောက်အသာထားလို့ ရက်ပိုင်းလေးနာရီပိုင်းလေးတောင် ကြိုမသိရှာကြဘူး ကြိုသိနေပါတယ်ဆိုတဲ့ စိုးရိမ်စရာကြတော့ တွေးကြောက်တတ်နေရော ကြိုမမြင်နိုင်တဲ့ ရုတ်တရက်သေခြင်းတရားအတွက်တော့ တွေးရမှာ တွန့်နေပြန်ရော ဒါ့ကြောင့်လည်း သံသရာဝဲထဲလည်နေတာပေါ့နော်

Anonymous said...

မှန်ပါတယ်။ လူတိုင်း စိတ်ဓာတ်အမှောင်ချခံနေရပါတယ်။ဒါပေမဲ့လူတိုင်း တရားတာ ကြိုက်တယ်။တရားသိ၊ တရားရှိ၊ ဒါပေမဲ့ တရားတာကို လုပ်နိုင်တဲ့လူ အလွန့်အလွန်နည်းလှတယ်။ တရားနာနေတဲ့အချိန်မှာတောင် မတရားလောဘဇောနဲ့ နာနေသူတွေအများကြီးပဲ။ ကိုယ့်အမှားကိုသိပြီး ပြင်ရဲတဲ့လူတောင် တော်တော်ရှားလာတယ်။ တရားနဲ့ ပတ်သက်ပြီး နက်နက်နဲနဲဝေေ၀ဆာဆာပြောနိုင်တဲ့လူ များပြားပြီ။ တရားသိ၊တရားရှိ၊ တရားကိုယုံကြည်ကိုးကွယ်လိုက်စားသူအတော်နည်းပါးတယ်။ ရတနာသုံးပါး၊ ငါးပါးသီလလုံတဲ့လူ လောကမှာမရှိသလောက်ဖြစ်လာပြီ။အပေါ်ယံ တရားစာဖတ်ပြီး မဟုတ်တာလုပ်တဲ့လူတွေများများလာတယ်။ အမှားကိုဝန်မခံပဲ တရားရှိဟန်ဆောင်တတ်တဲ့သူတွေ များများလာတယ်။ လောဘ ကစတာမှန်ပေမဲ့ ရက်စက်မှုတွေကိုသွေးအေးအေးနဲ့ လုပ်တတ်သူတွေများများလာတယ်။ လူတော်တော်များများ မတရားတာခံရမှ တရားဟောကောင်းတဲ့လူတွေကိုစင်ပေါ်တင်ပြီး ကျိုးကြောင်းပြတရားတွေ၊ ဒေါသပြေ တရားတွေ၊ လောဘပြေတရားတွေကို နားထောင်ကောင်းအောင် ဟောတတ်တဲ့လူတွေများများလာတယ်။ မတရားတာတကယ်ခံရတဲ့သူတွေ အတွက်အစစ်အမှန်တရားကဘယ်မှာလဲ။ မတရားလုပ်နေသူတွေကော သူတို့မတရားတာကိုနောင်တရကြပြီး တရားစစ်တရားမှန်နောက်ကို လိုက်စားနေကြပြီလား။ ဘယ်သူမပြုမိမိမှုတဲ့။ ငါမှာကောတရားရှိရဲ့လား။နေ့စဉ်တရားတာတွေကို ကြံစည်ကြိုးစားအားထုတ်နေရဲ့လား။ ကိုယ့်အပြစ်၊ ကိုယ့်အမှားကို သိပြီးပြင်နိုင်တဲ့ အနေအထားကို ရောက်ပြီလား။အစစ်အမှန်ပျော်ရွှင်မှုကိုရပြီလား။ ချမ်းသာမှုကိုတွေ့ပြီလား။ လူဖြစ်ကျိုးနပ်ပြီလား။ ကိုယ်ဟာ တရားတဲ့လူဟုတ်မဟုတ် ထက် တရားတာကိုသိပြီးကိုယ်ချင်းစာစိတ်ရှိတတ်ဖို့ကတာ အဓိကကျတယ်ဆိုတာ သိပြီလား။ တရားဆိုတာဘာလဲ............ လူအများ တရားမျှတဖို့အတွက် ကျင့်သုံးဖို့လား။ မတရားတာလုပ်ဖို့ရန်အတွက် အသုံးချဖို့လား။ သိဖို့ထက် ပြင်ရဲတဲ့စိတ်ကအဓိကပဲ။ တရားစစ်တရားမှန်ရဖို့အတွက် ပြင်ရဲပြီလား။ တရားစစ် တရားမှန်ဆိုတာဘာလဲ။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ။ ကိုယ်ကျိုးအတွက်အသုံးမချပါနဲ့။ ငါးပါးသီလစောင့်ထိန်းပါ။ သမာအာဇီဝ လုပ်ငန်းလုပ်ကိုင်နိုင်ဖို့အတွက် ဇွဲ၊လုံ့လနဲ့ အသိပညာ၊အတတ်ပညာ၊နည်းပညာဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်ပါ။ ကိုယ်ချင်းစာတတ်သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုရနိုင်တယ်။ အချောင်မခို၊ အလွယ်မလိုက်သူဟာ လိမ်ညာခံရခြင်း ကင်းစင်တယ်။ လောဘမဖက်စီးပွားရှာနိုင်မှ ရှာသမျှစည်းစိမ်ဟာ ငါ့စည်းစိမ်ဖြစ်တယ်။သေရင်တောင် ပါသွားနိုင်တယ်။ ပူလောင်မှုသောကကင်းစင်တယ်။ တရားတာလုပ်ချင်တဲ့သူဟာ ဒါတွေကိုစံထားပြီးစသင့်တယ်။ လူဖြစ်ကျိုးနပ်ပြီး လောကတန်ဖိုးနားလည်ဖို့အတွက် မိမိစိတ်ကိုမိမိသတိနဲ့ အမှန်သိပြီးအမှန်ပြင်တတ်မှ တန်ဖိုးရှိမှာ။ လူတိုင်းကိုမေးကြည့်ပါ။ တရားတာကိုလူတိုင်းတောင်းဆိုနေတယ်။ တရားတာဖြစ်ဖို့အတွက် သင်ကောတရားရဲ့လား။ ငါကောတရားရဲ့လား။ လူတွေအားလုံးကော တရားတာတွေကို သိပြီးလုပ်ကြရဲ့လား။ ငါကြိုက်တာ တရားပဲဆိုပြီး တရားထင်တဲ့လူတွေကြောင့် မတရားခံနေရသူတွေရဲ့ ဆင်းရဲခြင်းကို ကိုယ်ချင်းစာနားလည်တတ်ပြီလား။ မတရားခံနေရတယ်ဆိုပြီး တရားတာလုပ်ဖို့အတွက် ကြိုးစားအားထုတ်ဖို့မေ့နေသူတွေအနေနဲ့ကော ဒီအတိုင်းဆက်နေလို့ကောတရားတာတွေဖြစ်လာမလား။ အသိဥာဏ်ရှိပါ။ကြိုးစားပါ။ တရားရှိအောင်လုပ်ပါ။ တစ်ယောက်လုပ်မှ တစ်ယောက်ရမှာ။ မတရားတာတွေများနေတာဟာ မတရားမှုကို လုပ်တဲ့သူများနေတဲ့သဘောပဲ။ တရားတာကိုသိပြီးလုပ်မှသာ တရားတာတွေလောကမှာဖြစ်နေမှာ။ မတရားတာကိုကျော်ဖို့ တရားတာလုပ်တဲ့လူများလာမှဖြစ်မှာ။ မတရားလုပ်တဲ့လူကိုသိပြီးအပြစ်တင်နေဖို့ထက် တရားကြိုက်၊တရားသိ၊တရားရှိ၊တရားလုပ်နိုင်တဲ့လူတွေများ လာမှသာ မတရားမှုတွေအလိုလိုကင်းစင်သွားမှာ။ တရားရှိဖို့အတွက် ကြိုးစားကြပါ။ အသိပညာ၊အတတ်ပညာ၊နည်းပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လေ့လာဆည်းပူးကြပါ။ ကိုယ်ချင်းစာစိတ်မွေးပါ။ မပျင်းပါနဲ့။ အလုပ်မှာပျော်မွေ့ကြပါ။ ကျွန်စိတ်မမွေးပါနဲ့။ မျှတစိတ်ရှိပါ။ ကောင်းတာလုပ်ဖို့ ၀န်မလေးပါနဲ့။ ဆင်ခြေမများပါနဲ့။ စံအတိုင်းကြိုးစားအားထုတ်ကြပါ။ တရားဆိုတာဘာလဲ။ အလုပ်ပါ။ လက်တွေ့ပါ။ မပျင်းတဲ့ ကိုယ်ချင်းစာတတ်တဲ့လက်တွေ့ပါ။ အပြောမဟုတ်ပါ။ ကိုယ်ကျိုးဖက်တဲ့ လက်တွေ့မဟုတ်ပါ။ စံအတိုင်းလူအများ တရားမျှတမှုဖြစ်လာဖို့အတွက်တာ။ ငါကော တရားရဲ့လား။ တရားတာကိုကော စလုပ်နေပြီလား။ ပျင်းတဲ့စိတ်ကို ဖျောက်နိုင်ပြီလား။ အချောင်ရချင်စိတ်ကို ချိုးနှိမ်နိုင်ပြီလား။ လူသားအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် တရားတာလုပ်နိုင်အောင် ၀ိုင်းကူညီပေးကြပါ။ တရားသိ၊တရားရှိ၊တရားပေါ်နေတဲ့ လောကလေးဖြစ်လာအောင် ကူညီပေးကြပါ။ သင်ပါဝင်မှသာ တရားရှိတဲ့လောကဖြစ်လာမှာ။ တရားရှိတဲ့လောကဖြစ်ဖို့ ကျွန်တောလည်းတရားတာတွေကို လုပ်၊ သင်ကလည်း တရားတာတွေကို နေ့စဉ်လုပ်မှဖြစ်မှာ. တရားတာကိုဝိုင်းကူလုပ်ကြမလား။ လူသားအားလုံးအတွက် တရားတဲ့လောကလေးဖြစ်အောင် မိမိမိတ်ဆွေ၊သူငယ်ချင်း၊အသိုင်းအ၀န်း ကိုနေ့စဉ်တရားတာလေးတွေလုပ်ဖို့ အကူအညီတောင်းကြပါ။ အသိပေးကြပါ။ ကိုယ်တိုင်လည်းတရားရှိပြီး တရားတာကိုလုပ်ပြီးကူညီကြပါ။ ကိုယ်ကြိုက်တာကိုယ်လုပ်ချင်၊ ကိုယ်ထင်တာကောင်းတဲ့တရားမဟုတ်ပါ။ ကိုယ်ချင်းစာတဲ့တရားပါ။ တရားရအောင် သင်တို့အကူအညီပေးကြပါ။ ငါဆိုတဲ့ ကိုယ်ဟာ မသေခင် မပျက်စီးခင် လောကမှာ တရားပျက်ပြီး မတရားမှုဒဏ်တွေ နေ့စဉ်ခံစားနေကြရတယ်။ ဒါဟာ မတရားမှုတွေကို နေ့စဉ်လုပ်နေသူများနေလို့ပါ။ တရား တဲ့အလုပ်ကို ငါမပျက်ခင် လုပ်ဖို့အရေးကြီးပါတယ်။ စံထားပြီးလုပ်ရင် ငါ့ကိုယ် ပုပ်သိုးဆွေးမြေ့ရင်တောင် တရားရှိတဲ့လောကလေးကျန်နေနိုင်မှာ။ ဒါမှ လူတိုင်း မသေခင်ကျနေရတဲ့ ငရဲဆင်းရဲတွင်းက လွတ်မြောက်မှာ။ တစ်ယောက် တရားတာလုပ်ရင် တရားရှိတဲ့ အင်အားတစ်ယောက်တိုးပါတယ်။ ဆွေးနွေးမနေပါနဲ့။ သုံးသပ်မနေပါနဲ့။ ဒီနေ့ကစပြီး တရားတဲ့အလုပ်တွေကို နေ့စဉ်မှန်မှန်လုပ်ရင် အခုကတည်းက ပျက်နေတဲ့လောကကို ကယ်တင်နိုင်ပါတယ်။
အောင်ကျော်ဦး (aung91@gmail.com)

December Cinderella said...

မောင်လေးရေ
အင်မတန် အကျိုးရှိတဲ့ Post ကလေးအတွက်
သာဓု ...သာဓု ...သာဓု ...

Anonymous said...

Valuable Post!

ဇွန်မ said...

မနေ့ညနေက ကြေးမုံသတင်းစာထဲမှာ 'နေရောင်ခြည် မုန်တိုင်း အန္တရာယ်' အကြောင်းဖတ်လိုက်ရတော့ အကိုအောင်ဦး ရေးတဲ့ 'ကမ္ဘာပျက်သည်ဆိုရာဝယ်' ကိုသတိရလို့ လာလည်ပြီး ထပ်ဖတ်သွားပါတယ်