ယသော်ပမာ ချစ်တတ်ပါစေ

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘ၀တသက်တာကာလမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သဘောကို လူတိုင်းမကင်း နိုင်ကြပါဘူး။ မချစ်တတ်၊ မမုန်းတတ်တဲ့ သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လူတိုင်းက အချစ်နဲ့မှ မကင်းနိုင်သေးပဲလေ။ အချစ်ဆိုတာကို အမျိုးမျိုး ပြောဆိုကြတာရှိပါတယ်။ အချစ်ဆိုတာ ပကတိ အနေအထား အတိုင်းရှိနေတဲ့ လူတယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ရဲ့ အမှန်အတိုင်း ချစ်နေဖို့ပဲ လိုတယ်။ ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင် လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာ ခံခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာဦးကတည်းက စခဲ့တဲ့ အချစ်ဟာ ကမ္ဘာဆုံးလည်း မဆုံးနိုင်ပါ။ သံသရာ မဆုံးသေး သရွေ့ အချစ်မဆုံးနိုင်၊ သံသရာ ဆုံးမှသာ အချစ်ဆုံးပါမယ်။

ဂေါတမဘုရားရှင် နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့တဲ့ သုမေဓာ ရသေ့ဘ၀ကို မှန်းဆကြည့်မိပါတယ်။ အဲဒီအချိန် တုန်းက ရမ္မာဝတီမြို့ကို သုမဓာရသေ့ ရောက်သွားတဲ့ အခါမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာမှာ ဖြစ်လို့ လမ်းများကို သန့်ရှင်း ပြင်ဆင်နေတဲ့ လူတွေကို တွေ့လိုက်တယ်။ ဘုရားကြွလာမယ် ဆိုတာကို သိလိုက် ရတဲ့ သုမေဓာရသေ့ဟာ သူလည်းပဲ ဒီလို လမ်းတွေ သန့်ရှင်းပြင်ဆင်နေတဲ့ ကုသိုလ်ပွဲမှာ ပါဝင်လိုက်ပါတယ်။ သူတာဝန်ယူပြီး မြေဖို့တဲ့ ညွန်ဗွက်မပြီးခင် ခန္ဓာကိုယ်တလျားလောက် ကျန်နေချိန်မှာပဲ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတာကြောင့် သူ့ရဲ့ ခန္ဓာကို အလျားစင်းပြီး တံတားခင်းပေးလိုက်ပါတယ်။ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေက သုမေဓာရသေ့နားကို ရောက်တဲ့ အချိန်မှာ တံတားသဖွယ်ခင်းထားတဲ့ ခန္ဓာ ကိုယ်ပေါ်ကို နင်းကြွခြင်းမပြုပဲ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင် ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာ တကိုယ်တည်း လွတ်မြောက်ရာကို မျက်မှောက်ပြုလိုရင် ဂါထာဝက် (အက္ခရာ ၁၆လုံး) ဟောလိုက်တာနဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရင် သဗ္ဗညုတ ဘုရားရှင် အဖြစ် သတ္တ၀ါတွေကို ကယ်တင်နိုင်မယ့် ဘုရားဖြစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိမြင်တော်မူတဲ့ အတွက် သုမေဓာရသေ့ကို အကြောင်းစုံ ရှင်းပြပြီး ကြိုက်ရာရွေးနိုင်ကြောင်း မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးက အနီးမှာ ရှိတဲ့ ရေကန်ထဲက ကြာပန်းရှစ်ခိုင်ကို ယူပြီး သုမေဓာ လက်ထဲကို ကြာပန်းငါးခိုင် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကြာပန်းသုံးခိုင်ကို ကိုင်ပြီး သုမေဓာရသေ့ ခြေရင်းမှာ ထိုင်ဖူးမြော်ရင်း ဒီပင်္ကရာ ဘုရားရှင် မိန်းကြားတဲ့ စကားတော်ကို နာယူနေပါတယ်။ သုမေဓာရသေ့က ငါကိုယ်တိုင် ကိလေသာ အနှောက်အယှက် အပူအပင်တွေ ကင်းဝေးငြိမ်းအေးပြီး ငိုကြွေးခြင်း များ ရပ်သွားသလို သူတပါးတို့လည်း ကိလေသာ ကင်းပြတ် ငိုကြွေးခြင်းတွေ ရပ်စေရမယ် ဆိုကာ ကိုယ်တိုင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိလိုတဲ့ ဆန္ဒ၊ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားချမ်းသာကို ဆောင်ရွက်လိုတဲ့ ဆန္ဒများနဲ့ သဗ္ဗညုတဉာဏ်ဆီ စွဲမြဲစူးစိုက် ရှေးရှုဆောင်မှု အဘိနီဟာရ (ဘုရားဆုကို ပန်ဆင် ခြင်း) ပြုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခြေတော်ရင်းမှာ ထိုင်နေတဲ့ သုမိတ္တာက ပီတိအဟုန် တုန်ခါသွားပြီး “ဒီ ရှင်ရသေ့ ပါရမီတော်တွေကို ဖြည့်ကျင့်နေစဉ် ကာလတလျောက် သူလည်း လိုအပ်သမျှကို ဖြည့်ဆည်း ပေးတဲ့ ပါရမီ ဖြည့်ဘက် ဖြစ်ပါရစေ” လို့ ဆုပန်လိုက်ပါတယ်။

ဒီနေရာမှာ နှစ်ဦးလုံး ချစ်ခြင်းမေတ္တာ အပြည့်ရှိသူတွေပါပဲ။ သုမိတ္တာက ဘုရားအလောင်းတော် အလိုပြည့်ဖို့ ချစ်တတ်သူ၊ သုမေဓာကတော့ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ချစ်တတ်သူလို့ ဆိုရမှာပေါ့။ ဘုရားဆုပန်ပြီး ချိန်မှ စလို့ ပါရမီ ဖြည့်ကျင့်ရမှာ ပါရမီ ဆယ်ပါးကို မိမိရဲ့ ပစ္စည်းဥစ္စာ၊ စည်းစိမ်အာဏာ၊ သားမယား အပါအ၀င် သက်ရှိ သက်မဲ့ တွယ်တာစရာမှန်သမျှကို စွန့်လွှတ်ပြီး ဖြည့်ကျင့်ရတဲ့ ရိုးရိုးပါရမီ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ဥပပါရမီ။ မိမိအသက်ကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ပရမတ္ထပါရမီ စသဖြင့် ပါရမီ ဆယ်ပါးလုံးကို သုံးဆင့်ပြည့်အောင် ဖြည့်ရပါတယ်။ ဒါကို ပါရမီဆယ်ပါး အပြားသုံး ဆယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ ပါရမီတော်တွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ ဘုရားလောင်းမွေးဖွား ပြီးတာနဲ့ ဖခင် သုဒ္ဓေါဓနမင်းကြီးက ဘုရားမဖြစ်စေလို ပဲ စကြ၀တေးမင်း ဖြစ်စေလိုတဲ့ အတွက်ကြောင့် တောမထွက်နိုင်အောင် အခိုင်မြဲဆုံးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ဖို့ သိဒ္ဓတ္တမင်းသားကို အသက် ၁၆နှစ် မှာပဲ ယသော်ဓရာနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ယသော်ဓရာ ဆိုတာ ဒီပင်္ကရာ ဘုရားလက်ထက်မှာ နိယတဗျာဒိတ်ကို ခံယူစဉ်ကတည်းက ပါရမီဖြည့်ဖက်အဖြစ် ဆုပန်ခဲ့ပြီး ဘ၀ပေါင်းများစွာ မရေတွက်နိုင်အောင် ဆင်ရဲချမ်းသာကို မျှဝေခံစားဖက်အဖြစ် အတူနေခဲ့ဖူးတဲ့ သံယောဇဉ် ဓာတ်ခံအားကြီးသူ ဖြစ်လို့ အခုတွေ့တော့လည်း သံယောဇဉ်ဓာတ်ခံချင်း ပေါင်းစပ်မိပြီး ငြင်းဆန်ဖို့ ခွန်းအား ရပ်တန့်စေခဲ့ပါတယ်။

ဘုရားလောင်း ၂၉နှစ်ရောက်တဲ့ အချိန်မှာတော့ အိုသူ၊ နာသူ၊ သေသူ တို့ကို မြင်တွေ့ပြီး သတ္တ၀ါအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကရုဏာဓာတ်တွေ ပြန်လည်နိုးထလာသလို ဒုက္ခလွတ်လပ်ရေးအတွက် တရားကျင့်နေတဲ့ ရဟန်းတပါးကို တွေ့မြင်လိုက်ရတဲ့ အခါမှာ တောထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်တဲ့ နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သားဦးရတနာလေးဖွားမြင်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ရဲ့ဘ၀လမင်းကို ဖမ်းချုပ်မယ့် ရာဟုဂြိလ်တခု တိုးလာပြန်ပါပေါ့” လို့ သံဝေဂနဲ့ ညဉ်းညူရေရွတ် လိုက်ပါတယ်။ အဲဒီညရဲ့ သန်းခေါင်ယံမှာပဲ ကြီးမားတဲ့ စည်စိမ်များနဲ့ အတူ နှလုံးသားရဲ့ ကိုယ်ပွားပမာ တွယ်တာရတဲ့ ဇနီးနဲ့ သားဦးလေး ကိုပါ စွန့်ခွာပြီး တောထွက်ခဲ့ပါတယ်။

သားဦးလေးဖွားမြင်တဲ့ နေ့မှာပဲ ဇနီးနဲ့ သားကို စွန့်ခွာသွားတာဟာ ခင်ပွန်းတဦးအနေနဲ့ကော ဖခင်တယောက် အနေနဲ့ပါ တရားမျှတမှု ရှိပါရဲ့လားလို့ စောဒကတတ်ချင်ရင် “ဒါတွေကို သံသရာအဆက်ဆက် ပါရမီ ဖြည့်လာခဲ့ရတဲ့ ယသော်ဓရာသာ အသိဆုံးပါ” လို့ ဖြေရပါလိမ့်မယ်။ နိယတဗျာဒိတ်ကို ခံယူပြီးတဲ့ သဗ္ဗညုတ ဗုဒ္ဓလောင်းလျာ တစ်ယောက် ပါရမီ ဖြည့်တယ်ဆိုတာ ဇနီးမယားကို သာမက အင်္ဂါခြေလက် အသက်ကိုပါ စွှန့်လွှတ်ပြီး ဖြည့်ရတယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်ထံ တော်မှောက်ကတည်းက သုမေဓာကော သုမိတ္တာပါ ကြားသိကြပါတယ်။ သုမေဓာက ဒါတွေအားလုံးကို ဖြည့် ကျင့်မယ်လို့ ခံယူတာကို ကြားသိရတဲ့အခါ သုမိတ္တာအမျိုးသမီးလေးက ယောကျာ်းသားတစ်ယောက်တည်း ပါရမီဖြည့်ရမယ် ဆိုရင် ဇနီးမယားနဲ့ သားသမီးတို့ကို စွှန့်လွှတ်စရာ ဘယ်မှာ ရှိတော့မလဲ။ လစ်လပ်နေတဲ့ ဒီကွက်လပ်ကို သူဖြည့်စွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ “ပါရမီဖြည့်ဖက်” အဖြစ် ခံယူခဲ့တာမို့ အစွန့်လှူခံ ဇနီးမယား တစ်ယောက်ရဲ့ ရုတ်တရက် ငိုကြွေးရခြင်းနဲ့ နောက်ဆက်တွဲ ဂုဏ်ယူကြည်နူးရခြင်း ဆိုတဲ့ ဆန့်ကျင် ဘက်ရသ နှစ်ခုကို သုမိတ္တာဘ၀ကနေ ယသော်ဓရာ ဘ၀အထိ ဘ၀ပေါင်းအသင်္ချေတွေမှာ အတူယှဉ်တွဲ သရုပ်ဆောင်ခဲ့ဖူးတာက လွှဲလို့ ဘယ်သူမှ မျှဝေခံစား နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။

နောက်ဆုံး ယသော်ဓရာ ထေရီမကြီးကိုယ်တိုင် ဘုရားရှင်ကို လျှောက်ထားရာမှာတော့ ဒီလိုပါရမီဖြည့်ဖက် ဖြစ်ရဖို့ ဘုရားပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာမထေရ် မရေမတွက်နိုင်တို့ ထံမှာ ဆုတောင်းခဲ့ရတယ်။ ဘ၀ပေါင်းများစွာမှာ ဇနီးအဖြစ်သိမ်းပိုက်ရန် အတွက်သာမက အစားအစာအဖြစ် အသုံးပြုရန်ပါ သူတပါးကို ပေးလှူခဲ့ပေမယ့် စိတ်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။ အရှင်ဘုရား သဗ္ဗညုတဉာဏ်ကို ရရှိရေးအတွက် ပါရမီဖြည့်စွက်ရာမှာ ချမ်းသားခြင်းနဲ့ ကြုံတဲ့အခါ ၀မ်းမြောက်ခဲ့ပါတယ်။ ဆင်းရဲမှုတို့နဲ့ ကြုံရတဲ့ အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါဘူး။ ရှေးဆုတောင်များကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဘ၀များစွာ ချစ်ကြင်နာခဲ့ပြီး နှစ်လိုဖွယ်ရာ စွဲဆောင်နိုင်စွမ်းရှိတဲ့ အရှင်ဘုရားအလောင်းအလျာ သုမေဓာရှင်ရသေ့ရဲ့ မျက်နှာကို ဖူးမြင်လိုက်ရ ကတည်းက “ငါ့ရဲ့ အသက်ရှင်ခြင်းဟာ ရကျိုးနပ်လိုက်လေ” အောက်မေ့မှတ်ထင် ခဲ့ပါတယ်။ အဲဒီကတည်းက ပါရမီ ဖြည့်ဖက် အဖြစ် ကျေနပ်စွာဆုပန်ခဲ့သလို ဒီအခွင့်ကို လက်မလွတ်စေဖို့လည်း ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအဆူ ဆူတို့ ထံမှာ အကြိမ်များစွာ ဆုတောင်းခဲ့ရပါကြောင်း ကျေနပ်ပီတိ အဟုန်နဲ့ လျှောက်ထားခဲ့တာတွေကို ကြည့်မယ် ဆိုရင် ယသော်ဓရာရဲ့ရင်မှာ ဘယ်လိုခံစားမှုရှိတယ်ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။

တောထွက်ခါနီးမှ အလောင်းတော်မင်းသားရဲ့ သတိပေး၊ ကတိပေးစကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ် လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”။

“သောကကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကို ဆေးကြောပေးမယ့် ကမ္ဘာပြိုမိုးကြီး ဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီး မင်း ဖြေရစ်လေဦး” ဆိုတဲ့ သိဒ္ဓတ္ထရဲ့ ရင်တွင်းစကားကိုလည်း သားငယ်ကို ချော့မြူသိပ်ရင်း နိုးတ၀က် အိပ်တ၀က်နဲ့ မျက်ရည်စက်လက် ဖြစ်နေတဲ့ ယသော်ဓရာ သိလိုက်ပါတယ်။ မိုးဖြစ်မယ့် မျက်ရည်တွေကို မိုးဖြစ်အောင် စွမ်းဆောင်မယ့်လက်နဲ့ မသုတ်စေလိုလို့သာ မတားခဲ့လေသလား ဆိုတာလည်း ယသော်ဓရာပဲ အသိဆုံးဖြစ်မှာပါ။ ဒီနေရာမှာ ဘ၀အဆက်ဆက် ပါရမီ ဖြည့်ဖက်တယောက်မို့ သာ ယသော်ဓရာနှလုံးသားမှာ ခွဲခွာခြင်းခံနိုင်ခဲ့ရတာပါ။ သာမန် ချစ်တတ်လွန်းတဲ့ မိန်းမသားတယောက် အတွက်ဆိုရင် စိတ်နှလုံးမှာ တုန်လှုပ် ၀မ်းနည်းသွားစေမယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ဘုရားလောင်းဟာ ဆန္ဒအမတ်၊ စီးတော်မြင်း တို့ကို ခေါ်ပြီး ယသော်ဓရာကို ကျောခိုင်းလို့ သစ္စာရှာဖို့ အတွက် လှမ်းခဲ့ပါတော့တယ်။ သန်းခေါင်ယံအချိန်ရဲ့ တိတ်ဆိတ်မှုနဲ့ အတူ နန်းဆောင်ကို ကျောခိုင်းလို့ ခြေလှမ်းတွေကို လှမ်းထွက်ခဲ့ပါတော့တယ်။ ချစ်တာသိပေမယ့် သစ္စာရှာရမှာမို့ ခွဲခွာခဲ့တာကို ယသော်ဓရာ ကိုယ်တိုင် သိခဲ့ပါတယ်လေ။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် ကပ္ပိလ၀တ်ပြည် ပြန်လာတဲ့အချိန်မှာ ယသော်ဓရာ ရှိတဲ့ နန်းဆောင်ကို အရောက်သွားလို့ တရားရေအေးနဲ့ သောကတွေကို ငြိမ်းအေးရအောင် ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ပါရမီဖြည့်ဖက် အဖြစ်နဲ့ ရှည်လျားတဲ့ ကာလတလျောက် မိမိအပေါ်မှာ တန်ဖိုး ထား ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ ယသော်ဓရာကို ဘုရားရှင်ကိုယ်တိုင် “ယသော်ဓရာသည် မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့ပါပေတယ်” လို့ ဖွင့်ဟ ၀န်ခံခဲ့ပါတော့တယ်။

ချစ်လျှင်မြတ်နိုး ချစ်ပင်ပျိုးကြသူတိုင်း ကောင်းသောချစ်ခြင်းနှင့် ထာဝရချစ်နိုင်ကြပြီး ကောင်းကျိုးချမ်းသာကို အတူရရှိ ခံစားနိုင်ကြပါစေ…


ကိုးကားချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော ဘုန်းရယ် ကံရယ် ကုသိုလ်ရယ် စာအုပ်။

11 comments:

မောင်ကောင်း said...

ယသောဓရာအသိဆုံးဖြစ်မှာပါဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပိုလိုက်မယ်ထင်ပါ့..
အစ်ကိုရေ.. ဖတ်ရင်းဖတ်ရင်း.. ယသော်ဓရာရဲ့ အချစ်ကို မြင်ယောင်မိပါတယ်....
ယသောလိုချစ်တတ်ပါစေပေါ့...
ကောင်းမွန်တဲ့ခေါင်းစဉ်နဲ့ ကောင်းမွန်တဲ့ အရေးအသားပါပဲ.. တကယ်ပါအစ်ကိုရေ..

Army Soul said...

ဝေငှပေးမှုကို ကျေးဇူးတင်ပါသည်။ သားချော့တေးဆိုသော စာသားလေးကို အခုမှ ဖတ်ဖူးခွင့် ကြုံရသောကြောင့် တကယ်ပါ..ကျေးဇူး။

ဧရာဝတီသား said...

ဗဟုသုတလည်းရ၊ တရားလည်းရပါတယ် ကိုအောင်ဦးရေ။ ကျေးဇူး အများကြီးတင်ပါတယ် ခင်ဗျာ။
ခင်မင်လေးစားလျက်

ဇွန်မ said...

အကိုအောင်ဦးရဲ့ ပို့စ်လေးတွေဖတ်တိုင်း စိတ်အေးချမ်း
ကြည်နူးမှုရတယ် ကျေးဇူးတင်တယ်နော်

flowerpoem said...

ကိုအောင်ဦးရဲ့တရားစာများ နာယူမှတ်သားသွားပါတယ်..

ညီမလေး said...

လာဖတ်သွားပါတယ် အစ်ကိုရေ... ယသော်လိုတော့ ချစ်တတ်ကြဖို့ မလွယ်ပါဘူး... ဘာပဲပြောပြော အခုလို မျှဝေပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်... ချစ်သူကို အရမ်းပိုင်ဆိုင်လိုမှု ပြင်းထန်တဲ့လူတွေအတွက်တော့ အသိတရားနည်းနည်းဝင်ကြမှာပါ... အသိတရားရှိပြီး သူတွေအတွက်လည်း အကြောင်းတိုက်ဆိုင်လို့  ဆင်ခြင်နိုင်စွမ်း ပိုမြင့်လာမှာပါ... ဒီလိုလေးတွေ ဖော်ပြပေးတာလည်း ကောင်းပါတယ်ရှင်...

လင်းဒီပ said...

ညီလေးရေ တန်ဖိုးရှိတဲ့စာလေးမို့ သေချာ ဖတ်သွားပါတယ်..။

မယ် said...

သေချာဖတ်သွားပါတယ်။

ဒီဇင်ဘာနှင်း said...

ကိုအောင်ဦးရေ ကျေးဇူးတင်ပါတယ်။ ဒီပိုစ့်လေးက ချစ်ပါတယ်လို့ ပြောနေကြပြီး လူတယောက်ကို ဘယ်လိုချစ်ရမယ်ဆိုတာ သတိမရသေးတဲ့ လူတိုင်းအတွက် အဖိုးတန်ပါတယ်။ ချစ်တတ်ဖို့အတွက် သတိပေးထားတယ်လို့ ခံစားမိပါတယ်။

သင်းနွယ်ဇင် said...

တန်ဖိုးရှိတဲ့postလေးပါ။ သေသေချာချာ ဖတ်နာကြားသွားပါတယ်။ ဝေမျှပေးတဲ့အတွက်လဲကျေးဇူးပါ။

ကလျာ said...

ယသော်ဓရာလို သိတတ်ပါစေ.. ဆိုရင် ပိုကောင်းမလားလို့
မြတ်စွာဘုရားရဲ့ လုပ်ရပ်ကို ဝေဖန်နေသူတွေက မြင့်မြတ်တဲ့ ပါရမီစိတ်ဓာတ်ကို မသိကြလို့ပါ... ပါရမီဖြည့်ချင်တဲ့ ယသော်ဓရာကို နားမလည်ကြလို့ပါ..
အရမ်းကောင်းတဲ့ပို့စ်လေးပါပဲ..