အစ်ကိုရေ.. သိချင်တာလေးမေးခွင့် ပြုပါဦး။ သိရင်လည်း ဖြေကြားညွှန်ပြပေးပါဦး။ အံ့ဖွယ်သာသနာ ရှစ်ဖြာအကြောင်းကို သိချင်လို့ပါ။ အဓိပ္ပါယ်လေးလည်း ရှင်းပြပေးပါခင်ဗျာ။
ကိုထိုက်
သာသနာ့ အံ့ဖွယ်ရှစ်ဖြာ
အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ်၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။
အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်သွားတယ်။
ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်လာသကဲ့သို့ ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားသော ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။
ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်နေသကဲ့သို့ သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါလိမ့်မယ်။
တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။
မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုဘဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။
(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။
(ဗောဓိပက္ခိယရတနာ= ၃၇ပါးသော တရားရတနာ)
ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေသည် ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရဿ ဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးဘဲ ရှိပါတယ်။
ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်တွေ၊ သီလ၀ံသ မထေရ်တွေ ပျော်ပါးတဲ့၊ ပျော်မွေ့တဲ့နေရာဖြစ်ပါတယ်။
အကိုသိတာ ဖြေပေးလိုက်တယ် ညီ။ သုတေသန သရုပ်ပြ အဘိဓာန်မှာလည်း ရှင်းထားတာရှိပါတယ်။ အကို စာရေးချိန်မရ တော့လို့ ဒီလောက်ပဲ တင်လိုက်တယ်။ နားလည်မယ်လို့ ထင်ပါတယ်။
စိတ်ချမ်းသာပါစေ...
Subscribe to:
Post Comments (Atom)
3 comments:
မောင်လေးရဲ့ ဆွေးနွေးတဲ့ ပိုစ့်လေးတွေ ဖတ်ခဲ့ဘူးပါတယ်။ အမတို့ သိချင်တဲ့ အကြောင်းအရာလေးတွေနဲ့ တိုက်ဆိုင်သလို မသိရသေးတဲ့ အကြောင်းအရာ တွေကိုလည်း သိခဲ့ရပါတယ်။ ဗုဒ္ဓဘာသာတိုင်း ဗုဒ္ဓဘာသာကို နားလည်တဲ့သူတွေ ရှိကြသလို နားမလည်သူတွေလည်း ရှိနေနိုင်ပါတယ်။ အခုလို တရားဓမ္မတွေကို ဖြန့်ဝေပေတဲ့ ဘလောဂ့်လေးကို ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
ကိုအောင်ဦးရေ အံ့ဖွယ်ရှစ်ဖြာကို လာဖတ်ပါတယ်ရှင်. မသိသေးတာတွေကို ဖော်ပြပေးတာကိုကျေးဇူးတင်ပါတယ်ရှင်..
အံ့ဖွယ်ရှစ်ဖြာအကြောင်းလေးသိခွင့်ရလို့ ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။ ကူးယူသွားပါတယ်နော်
Post a Comment