ဆည်းဆာချိန်ခါ

ငယ်စဉ်ကလေးဘ၀တုန်းက ညနေ နေ၀င်ချိနှ်ကိုကြည့်ပြီး တွေ့မြင်ခဲ့ရတဲ့ ဆည်းဆာချိန်ခါ အလှအပတွေကို အခုလိုအခါမှာ ကျွန်တော် သတိရနေမိပါတယ်။ တစ်နေ့တာ လောကကို အလင်းရောင်တွေ ဖြန့်ကျက် ပေးဝေပြီးတဲ့နောက် နောက်ဆုံး နှုတ်ဆက်ချိန်လေးမှာတောင် လောကကို အလှတွေ ဆင်မြန်းပေးခဲ့တဲ့ နေမင်းကြီးကိုလည်း အားကျမိပါတယ်။ ကျွန်တော်ရှိနေတဲ့ဘက်ကို နီညိုရောင် အလှတွေနဲ့ နှုတ်ဆက်ထွက်ခွာပြီး အခြားတစ်ဘက်ကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေပေးလို့ လောကကြီးကို အလှဆင်ပြန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကျွန်တော် လေးစားတန်ဖိုးထားမိပါလို့တယ် ပြောရင် လွန်မယ်လို့တော့ မထင်မိပါဘူး။

သစ်ရွက်လေးတွေဟာ အစိမ်းရောင်ရင့်ရင့်အဖြစ် တည်ရှိနေစဉ်မှာ လောကကောင်းကျိုးကို ဆောင်ခဲ့ပြီး ရွက်ဝါလေးတွေအဖြစ် ရောက်ရှိသွားသည့်တိုင် မကြွေခင် ဝေနေစဉ် နောက်ဆုံး အချိန်အထိ လောကကြီးကို အလှဆင်သွားကြတာပါပဲ။ သည်လိုမျိုး အသိဉာဏ်မဲ့၊ အသက်မရှိတဲ့ အရာတွေကတောင် နောက်ဆုံးအချိန်ထိ လောကကို တတ်စွမ်းသမျှ အလှဆင်ခဲ့ပါလားဆိုတဲ့ အတွေးတွေက ကျွန်တော့်စိတ်ကို မင်းလည်း ဒီလိုမျိုးပဲ လောကကို တတ်စွမ်းသမျှတော့ အလှဆင်ရမယ်နော်ဆိုတဲ့ ဆင်ခြင်စိတ်ကလေးတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်လို့နေပါတယ်။


အခုဆိုရင် ဓမ္မရသဆိုတဲ့ အမည်နဲ့ အင်တာနက် မီဒီယာ မြေပေါ်မှာ ဓမ္မအောင်လံတွေကို လွှင့်ထူခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ တစ်ပါးသူတို့အတွက် ကျေးဇူးပြုလိုတဲ့ ဆန္ဒ၊ သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ သယ်ပိုး လိုတဲ့ ဆန္ဒများဖြင့် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အမြတ်ဆုံးသော ဒါနပြုခြင်းဖြစ်သလို အများအကျိုး ဆောင်ရွက်ရင်း ကိုယ့်အကျိုးအတွက်လည်း ဖြည့်ဆည်းပြီး ဖြစ်တယ်လို့ ခံယူမိခဲ့ပါတယ်။

“ကိုယ့်တွက်ကိုယ့်တာ၊ ကိုယ်ကျိုးပါအောင်၊ ကိုယ်သာသယ်ပိုး အများကျိုး၊ ကိုယ့်ကျိုးအစစ် ဖြစ်တော့သည်” ဆိုပြီး ဆရာတော်ကြီးတစ်ပါးက မိန့်ဆိုဖူးခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိပါတယ်။

သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြောင့် အများသူ ငါ ကောင်းကျိုးရကြတယ်ဆိုရင်ဖြင့် ၀မ်းသာရမှာပါပဲ။ သို့သော်ငြားလည်း အများအကျိုး အတွက် ရည်မျှော်ပြီး လုပ်နေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေလည်း ရှိနေလေတော့ တခါတရံမှာတော့ အခက်အခဲတစ်ချို့ ကြုံရတာမျိုးတွေလည်း ရှိခဲ့ပါရဲ့။

ဥပမာသုံးပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရွာထဲကို သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ တင်လာတဲ့ လှည်းကြီးများဝင်လာရင် ခွေးတွေက ၀ိုင်းပြီးတော့ ဟောင်ကြတယ်။ လှည်းပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အချင်းချင်းတိုက်မိလို့ ထွက်လာတဲ့ ဂလုံး၊ ဂလွမ် အသံတွေနဲ့ သံစုံမြည်နေတော့ ဟောင်တာပေါ့။ အဲဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ တကယ်လို့ ဒီလှည်းကြီးက ရပ်လိုက်မယ်ဆိုရင် လိုရာခရီးကို ဘယ်ရောက်နိုင်ပါတော့မလဲ။ ဒီအတိုင်းပါပဲ။ အများအကျိုး ရှေးရှုလုပ်နေပေမယ့် နားမလည်သူတစ်ချို့တို့က လှောင်ပြောင်ကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်အနေဖြင့် သွားရမယ့် ပန်းတိုင်ကိုရောက်အောင်တော့ သွားမြဲအတိုင်း သွားနေဦးမှာပါ။

များမကြာတဲ့ကာလမှာ ကျွန်တော်လည်း အရင်လိုမျိုး ဆက်လက်ရေးသားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တတ်နိုင်တဲ့ အချိန်လေးမှာ အကောင်းဆုံးသော ဆောင်ရွက်မှုလေးတွေ ထားခဲ့ချင်ပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးတဲ့ ဆရာတော် ဦးလောကနာထ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားလိုပါတယ်။ အင်တာနက်မှာ စာရေးနိုင်တဲ့ အချိန်ကို ဘ၀တစ်ခုလို့ သတ်မှတ်ခွင့်ရမယ်ဆိုရင် အခုအချိန်က အဲဒီဘ၀လေးရဲ့ ဆည်းဆာချိန်လေးပါပဲ။ ကျွန်တော်လေးစားမိတဲ့ နေမင်းကြီးလိုပဲ တစ်နေရာမှာ ဆည်းဆာချိန် ဖြစ်ပေမယ့် အခြားနေရာအတွက်တော့ ရောင်ခြည်အလင်းတန်းသစ်လေးတစ်ခု ဖြစ်ချင်ပါသေးတယ်။

စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးကို လေးစားတန်ဖိုးထားပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ

ဆန္ဒမွန်ဖြင့်
အောင်ဦး

13 comments:

ဆရာမ said...

ဆန္ဒတွေ တလုံးတဝတည်း ပြည့်ဝပါစေကွယ်.

လိုရာပန်းတိုင်ကိုလဲ မယိမ်းမယိုင်ဘဲ ဒယိမ်းဒယိုင် မဖြစ်စေဘဲ အရောက်လှမ်းနိုင်ပါစေကွယ်..

သားလေးပြောသလို.အများအကျိုးဖြည့်ဆည်းရင်းနဲ့ ကိုယ်အကျိုးပြည့်ဝစေတယ်ဆိုတာ. သာမာန်လူတွေ မသိနိုင်မမြင်နိုင်ပါဘူး..

အရူးပုထုဇဉ်ဆိုတာမျိုးက တချို့က တဖက်ကန်း၊ တချို့က စုံလုံးကန်းလေ.. အဲဒီတော့လဲ သူတို့ကိုလဲ အပြစ်တင်လို့မရဘူးပေါ့. မြင်မှ မမြင်နိုင်တာကိုး.. သနားသဖြင့်ပဲ ခွင့်လွှတ်ရတော့မယ်လေကွယ်..

တချို့ကလဲ မြင်သလိုလိုနဲ့ ကြောင်တောင်ကန်းက ရှိသေးတယ်.. အရှင်ဆေကိန္ဒဟောသလို. ကြည့်ရက်နဲ့ မမြင်နိုင်တဲ့ ပုထုဇဉ်တွေလဲ ရှိသေးတယ်လေနော်...

ဘာပဲဖြစ်ဖြစ် အများအကျိုးသယ်ပိုးရင်းနဲ့ ကိုယ်ကျိုးပြည့်ဝတာက ဘုရားရှင်လမ်းစဉ်ဖြစ်လို့ အထူးကိုပဲ ဂုဏ်ယူမိပါတယ်ကွယ်..

သားလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်.။

Anonymous said...

Dear Aung Oo,


Even better than ever and good job but do not stop it, whatever, whoever was critising on to your job pls carrying on your proper intention.

We hope your valuable post, as well online discussion wherever you live if you have a chance pls upload it.



Good Luck!

Yours Sis,
Far away from somewhere

မောင်ကောင်း said...

ဆည်းဆာချိန်လိုပါပဲ နေရောင်လေး မပျောက်သွားမဲ့အချိန်ထိ လောကကြီးကို အလှဆင်နိုင်ပါစေအစ်ကိုရေ..။
အစ်ကိုအားကျတဲ့နေမင်းကြီးလို လောကလူသားတွေကို အလင်းရောင်ဓါတ်တွေ ဆထက်တပိုးပေးနိုင်ပါစေဗျာ..။
ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တဲ့ ဆည်းဆာချိန်လေး အမြဲဖြစ်နေပါစေ...။

ညီလေး.. မောင်ကောင်း

ဇွန်မ said...

အကို့ရဲ့ ဆန္ဒနဲ့ လက်တွေ့ဘဝ ကိုက်ညီပြီး ဒီထက်မက သာသနာ အကျိုး နိုင်ငံအကျိုး ထမ်းဆောင်နိုင်ပါစေနော်

ညီမလေး said...

နေမင်းကြီးကို အားကျတဲ့ အကို ရောက်ရာ အရပ်မှာ နေမင်းပမာ အလင်းရောင်ကို ပေးစွမ်းနိုင်ပါစေရှင်.. အကိုက ဒီဘက်မှာတော့ ဆည်းဆာချိန်ခါ ဖြစ်ပါပြီ.. တဘက်မှာတော့ အာရုဏ်ဦး ဖြစ်နေပြီ အကို... မကြာခင်မှာပဲ အစွမ်းကုန် အလင်းပေးရတော့မယ်...

"သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် "

ငှက်တသောင်းမကလည်း နားခဲ့ရပြီ... များစွာသော လူသားတွေ အေးမြခဲ့ရပါပြီ... ဘယ်နေရာရောက်ရောက် သာသနာ့ အကျိုး ၊ အများပြည်သူအကျိုးအတွက်သာ ဘ၀ကို တန်ဖိုးရှိစွာ အသုံးချသွားမယ့် အကိုရဲ့  မြင့်မြတ်သော ဆန္ဒများအားလုံး ပြည့်စုံအောင်မြင်ပါစေရှင်...

နားမလည်မှုတွေနဲ့  လှောင်ပြောင်တာတွေကိုတော့ နောင်လည်း ခံရဦးမှာပါ အကိုရေ... ဒါကိုတော့ အကိုတယောက် သည်းခံခွင့်လွှတ်နိုင်မှာပါ..

အကိုရေ.. နေမင်းရဲ့ အလင်းရောင်ဟာ တညတာသာ ကွယ်ပျောက်ပါတယ်.. နောက်တဖန် မိုးသောက်တော့ အလင်းရောင် ပြန်ပေါ်လာစမြဲလေ.. အကိုလည်း ရံဖန်ရံခါ ဒီစာမျက်နှာပေါ်ကနေ အလင်းပေးလိမ့်ဦးမယ်လို့  ညီမငယ် မျှော်လင့်ပါတယ် အကို.. နေမင်းမရှိလည်းပဲ လမင်းက နေမင်းအလင်းရဲ့ အစွမ်းကို အမှီပြု အလင်းပေးမြဲ ဖြစ်သလို အကို့ ရဲ့ ဆိုက်ဒ်ကလေးက အကို မရေးနိုင်တော့တဲ့ နောက်လည်း အကျိုး ပြုဆဲဖြစ်မှာပါ အကိုရေ...


ကျေးဇူးတင်လျက်
ညီမငယ်လေး

ကံကောင်းသူ said...

ဘာဖြစ်လို့မရေးတော့တာလဲရှင့် မအားတော့လို့လား ကျမတော့ တတ်နိုင်ရင်အဆက်မပြတ် ဆက်တော့ရေးစေချင်သေးတယ် တရားစာတွေနာယူရတာအဖိုးတန်ပါတယ်
အဆင်ပြေပါစေ

may16 said...

ကိုအောင်ဦးဘာလို့ဆက်မရေးတော့တာလည်း တတ်နိုင်တဲ့ အချိန်လေးမှာ ဆက်လက်ပြီး ဓမ္မစာပေတွေရေးသားပေးပါအုံးလို့ တောင်းဆိုပါတယ်ရှင်..

သုခုမလေဒီ said...

မောင်လေး အောင်ဦးရေ.. ဥပမာပေးလေးလည်းကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ အခုလို ဓမ္မဆိုင်ရာပိုစ့်တွေကို အချိန်ရရင်တော့ ဆက်ပြီး ရေးသားစေချင်သေးတယ်။ ဘယ်နေရာပဲရောက်ရောက်ပါ၊ သာသနာအကျိုးပြုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင် နိုင်ပါစေနော်။

December Cinderella said...
This comment has been removed by a blog administrator.
Anonymous said...

Dear Aung Oo,

Now is a time for you to celebrate the accomplishment of dreams you, you have worked so hard to realize, you have shown so many people how special you are.

Nos is the time to being to pursue the next path, to reach out for next star, and to achieve the things that are so important to you always keep your dreams alive and keep them comming true.

Anonymous said...

ဦးဦးရေ... ဒီ blog လေးမှာ တရားတွေ လာနာတိုင်း
ဦးဦးကို အမှတ်ရနေမိမှာပါ.. :)
ရောက်လေရာ နေရာတိုင်းမှာ အစစအရာရာ အဆင်ပြေပါစေလို့ . . .
သမီး ဆုတောင်းပေးလိုက်ပါတယ်နော်..

ခင်တဲ့ ကလေးငယ်လေး

Nge Naing said...

မောင်လေး ကိုအောင်ဦးရေ
အခုတလော အလုပ်များနေလို့ အွန်လိုင်းပေါ်နဲ့ ဘလော့ဂ်တွေဆီ သိပ်မရောက်ဖြစ်တာနဲ့ အစ်မဒီပို့စ်ကို အခုမှ သတိထားမိပါတယ်။ ဒီဘလော့ဂ်လေးကို ရေးနေတာ မရပ်လိုက်စေချင်ဘူး။ ဘယ်နေရာပဲ ရောက်ရောက် ဘလော့ဂ်လေးကိုတော့ အချိန်ရရင် ရသလို ဆက်ရေးနေဖို့ အစ်မ တိုက်တွန်းချင်ပါတယ်။ ရောက်ရာအရပ်မှာ အခုလိုပဲ တရားဓမ္မကို လက်ကိုင်ထားပြီး အများအကျိးကို သယ်ပိုးနိုင်ပါစေလို့ အစ်မ ဆုတောင်းနေပါတယ်။

Unknown said...

txifrao;ygeYJ...'DrSmvJ...ae&MtESYJ...net &ygw,f[...