ကျနော်တို့တွေသည် အသိဉာဏ်ပညာ ရှိသော၊ ဝေဖန်စဉ်းစားနိုင်စွမ်းရှိသော လူ့ဘ၀၊ လူ့လောကကြီးမှာ နေထိုင်ကျင်လည် နေကြသူတွေပါ။ ဒီလို လူ့ဘ၀ကို ဘာတွေလုပ်ဖို့ လာကြသလဲ..? ဘာကိစ္စနဲ့လာကြသလဲ..? ငါကတော့ အင်မတန် ရခဲလှတဲ့ လူ့ဘ၀ကို ရောက်လာခဲ့ပြီ ငါ ဘာတွေလုပ်ရမလဲ..? ငါ ဘာတွေလုပ်သင့်လဲ..? စသဖြင့် မိမိတို့ ကိုယ်တိုင် စမ်းစစ်သင့်တယ် လို့ ထင်မိပါတယ်။ `ဤလူ့လောကကို ကျနော်တို့ ဘာကိစ္စနှင့် လာကြပါသလဲ´လို့မေးလျှင်၊ အောက်ပါအတိုင်း အဖြေ(၄)မျိုး ရရှိပါလိမ့်မယ်။
(၁) ယခုပစ္စုပ္ပန်ကာလမှာ စား၊ ၀တ်၊ နေရေး အတွက် လူချင်းတူ၊ သူချင်းမျှအောင် ဥစ္စာစီးပွား ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။
(၂) နိဗ္ဗာန်မရခင်စပ်ကြား သံသရာမှာ ကျင်လည်ကြရဦးမယ်။ ကျင်လည်နေစဉ် အထက်တန်း ကျကျနှင့် မျက်နှာပန်းလှလှဖြစ်တဲ့ သူဋ္ဌေး၊ လူချမ်းသာ၊ ဘုရင်၊ တို့၏ စည်းစိမ်တွေကို လိုချင်ပါသေးတယ်။ အဲသည်လို `တမလွန် လူ့စီးပွား´တွေကို ရှာဖို့လာကြပါတယ်လို့ အဖြေထွက်ပါမယ်။
(၃) လူထက်သာလွန်တဲ့ နတ်ပြည် ၆ထပ်က ကောင်းကျိုးချမ်းသာမျိုးကို ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။
(၄) လူစည်းစိမ်၊ နတ်စည်းစိမ်တို့ထက် ထူးကဲသာလွန်တဲ့ ဗြဟ္မာ့စည်းစိမ်ကို ရှာဖွေဖို့ ရောက်လာ ကြပါတယ်လို့ ဖြေကြပါလိမ့်မယ်။
ယခုပစ္စုပ္ပန် လောကီစီးပွားအတွက်..
၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လ ၀ိရိယရှိခြင်း။
၂။ အာရက္ခသမ္ပဒါ = ရှာဖွေလို့ ရရှိသမျှ ဥစ္စာပစ္စည်းတို့ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ခြင်း။
၃။ ကလျာဏမိတ္တ = မိတ်ကောင်း၊ ဆွေကောင်းများရှိခြင်း။
၎။ သမဇီဝိတာ = အ၀င်နှင့် အထွက် မျှတအောင်သုံးစွဲခြင်း၊ ဆိုတဲ့ သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံအောင် တရားသဖြင့် လုပ်ရပါတယ်။
တမလွန်လောကမှာ လူ့စီးပွား၊ နတ်စီးပွားတွေကို ရရှိရေးအတွက် `ဒါန´`သီလ´တွေနှင့် ရင်းနှီးရပါလိမ့်မယ်။
ဗြဟ္မာ့စည်းစိမ်အတွက် `မဟဂ္ဂုတ်´ ကုသိုလ်ဆိုတဲ့ သမထတရားတွေနှင့် ရင်းနှီးရပါလိမ့်မယ်။
လူ၊ နတ်စည်းစိမ်ကို ရစေတဲ့ ဒါန၊ သီလနှင့် ဗြဟ္မာ့စည်းစိမ်ကို ရစေတတ်တဲ့ `သမထ´ တရားတွေကို `စရဏမျိုးစေ့´ လို့ခေါ်ပါတယ်။
စရဏမျိုးစေ့ တွေဟာ ၃၁ဘုံဆိုတဲ့ သံသရာမှ ထွက်မြောက်အောင် တိုက်ရိုက် အကျိုးမပြုနိုင်ကြပါ။ အထောက်အပံ့သာဖြစ်လို့ `လောကီကုသိုလ်´ လို့ခေါ်ရပါတယ်။ ထိုလောကီတရား ဆိုတဲ့ `စရဏ´ မျိုးစေ့တွေဟာ လောကဓံ မုန်တိုင်းမှာ ပြေးလွှားနေကြရတဲ့ သံသရာခရီးသည်များ အဖို့ ဖြစ်လေရာရာဘ၀မှာ မျက်နှာပန်းလှလှ အထက်တန်းကျကျ စား၊ ၀တ်၊ နေရေးအတွက် များစွာပင် ကျေးဇူးပြုကြပါတယ်။ ဥပမာ။ ရထားစီးရာမှာ ရိုးရိုးတန်းစီးတဲ့ လူဆင်းရဲတို့မှာ ကြပ်တည်းငြိုငြင်စွာနဲ့ ခရီးသွားကြရပါတယ်။ အထက်တန်းစီးနိုင်တဲ့ လူချမ်းသာတွေကတော့ သက်သာချောင်ချိစွာ ခရီးသွားနိုင်ကြပါတယ်။ ထိုနည်းတူ `စရဏမျိုးစေ့´နည်းတဲ့ ပုဂ္ဂိုလ်တွေမှာ အဆင့်အတန်း နိမ့်ပြီး၊ ဆင်းရဲမွဲတေလျက် ဘ၀သံသရာကို လည်ကြရပါတယ်။
`စရဏမျိုးစေ့´ဖွံ့ဖြိုးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဖြစ်လေရာ ဘ၀မှာ အဆင့်အတန်းမြင့်စွာ သွား၊ လာ၊ နေထိုင်နိုင်ပါတယ်။ သို့သော် `ဒိဋ္ဌိ´ (မှားယွင်းစွာသိမြင်မှု) နှင့် `၀ိစိကိစ္ဆာ´ (ဘုရား၊ တရား တို့၌ ယုံမှား သံသယရှိမှု) မပြုတ်သေးတဲ့ လောကီကုသိုလ်ပိုင်ရှင် ပုထုဇဉ်တွေဟာ ကုသိုလ်အရှိန်ကုန်တာနဲ့ အပါယ်ဘုံတွေကို လျောကျကြရပါတယ်။ ထို့ကြောင့် `ငရဲ၊ တိရစ္ဆာန်၊ ပြိဿာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ တို့ဟာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ မပြုတ်သေးတဲ့ ပုထုဇဉ် တို့၏ ဇာတိချက်ကြွေ၊ အမြဲနေထိုင်ရာ အိမ်နှင့်တူပါတယ်´ လို့ ဆိုကြပါတယ်။
ထို့အတွက်ကြောင့် လောကသို့ ကျနော်တို့ ဘာကိစ္စနှင့်လာကြပါသလဲ..? ဆိုတဲ့ မေးခွန်း ဖြေရာမှာ `ဒါန၊ သီလ၊ သမထ ဆိုတဲ့ စရဏ ကုသိုလ်ကို ရှာဖို့လာကြပါတယ်´ လို့ဖြေရင် မပြည့်စုံသေးပါဘူး။ `၀ိဇ္ဇာဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို အဓိကထားပြီး ရှာရန် လာကြပါတယ်´ လို့ ဖြေဆိုမှသာ မှန်ကန်ပြည့်စုံပါလိမ့်မယ်။ `လောကုတ္တရာ´ ဆိုတဲ့ စကားကို `လောက+ ဥတ္တရ´ လို့ပုဒ်ခွဲရပါတယ်။ လောကဆိုတာ `ကာမဘုံ (လူ၊ နတ်ပြည် ၆ထပ်)၊ ရူပဘုံ (ရုပ်နာမ်ရှိသော ဗြဟ္မာဘုံ (၁၆) ဘုံ)၊ အရူပ (ရုပ်မရှိသော ဗြဟ္မာဘုံ (၄) ဘုံ)၊ စတဲ့လောက သုံးပါးကို ဆိုလိုပါတယ်။ ဥတ္တရ ဆိုတာက `ထွက်မြောက်ခြင်း´ လို့ အဓိပ္ပါယ်ရပါတယ်။ ထိုစကားနှစ်လုံး ပေါင်းစပ်လိုက်တော့ `လောကသုံးပါး´မှ ကျွတ်လွတ် ထွက်မြောက်ခြင်းလို့ ဆိုလိုပါတယ်။ ထိုလောကမှ ထွက်မြောက် ကျွတ်လွတ်တဲ့ လောကုတ္တရာ တရားတို့မှာ.. မဂ်လေးပါ၊ ဖိုလ်လေးပါ၊ နိဗ္ဗာန် ဆိုပြီး (၉) ပါးရှိပါတယ်။ ထိုတရား (၉)ပါးကို နှုတ်ပယ်ပြီး ကျန်တဲ့ တရားဟူသမျှက လောကီတရားတွေသာ ဖြစ်ကြပါတယ်။ လောကုတ္တရာ တရားတို့ကိုလည်း ဗုဒ္ဓ၏ သာသနာတော်တွင်းနှင့် ကြုံကြိုက်မှသာ ရှာဖွေနိုင်ပါတယ်။ ယခု သာသနာတော်နှင့် ကြုံနေပါပြီ `ကြိုက်ဖို့သာ´ လိုပါတော့တယ်။
ပျမ်းမျှအားဖြင့် ယခုခေတ်သက်တမ်း ၇၅နှစ် ထားကြပါစို့။ ၂၅ နှစ်ကျော်ရင် ဒုတိယအရွယ်ထဲ ရောက်နေကြပါပြီ။ ဘယ်လိုတရားတွေနဲ့ ရင်းနှီးပြီးတော့ ကုန်လွန်ခဲ့တယ် ဆိုတာ မိမိတို့ ကိုယ်တိုင် အသိဆုံးပါ။ ဘာလိုပင် ဖြစ်နေပါစေ.. လွန်ခဲ့တဲ့ အချိန်တွေဟာ ယခုစာဖတ်နေသူနှင့် ဘာမှ မသက်ဆိုင်တော့ပါ။ သေမည့်ဘက်ကို တစ တစ နီးကပ်လာပြီဖြစ်လို့ အသက်သည် `ကြီးလာပြီ´ လို့မဆိုထိုက်ပဲ၊ `ငယ်၍ ငယ်၍၊ လျော့လျော့ လာပြီ´၊ သေဘက်သို့ နီးကပ်၍ လာပြီလို့ ဆိုလျှင် ပိုပြီးမှန်ပါလိမ့်မယ်။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ `၀ိဇ္ဇာ´ဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို မရှာကြပဲ၊ စရဏ ဆိုတဲ့ လောကီ ကုသိုလ်တွေနှင့်သာ တင်းတိမ်၊ ရောင့်ရဲ နေခဲ့ကြရင်တော့ ဇာတိချက်ကြွေ အပါယ်လေးဘုံသို့ ပြန်ကြရပါလိမ့်မယ်။
ဤသို့ဖြင့် `၀ိသာခါ၊ သာမာဝတီ၊ ခုဇ္ဇုတ္တရာ၊ အနာထပိဏ်´စတဲ့ ပုဂ္ဂိုလ်တွေလို လူဝတ်နှင့်ပင် `၀ိဇ္ဇာမျိုး´ ကုသိုလ်လို့ ဆိုတဲ့ `၀ိပဿနာ´တရား ကို အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတွေက မဦးခင် ကြိုတင် ကြိုးစား အားထုတ်ကြပါရန် ရေးသား ဒါနပြုလိုက်ရပါတယ်။
“ဗုဒ္ဓဘာသာ နှင့် ဗေဒင်၊ နက္ခတ်”
“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။
ကျနော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတ သမာဒိဋ္ဌိဉာဏ် ရှိတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာ အမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေ အပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလိုတွေ ဖြစ်လာကြလဲ စမ်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာ ယုံကြည်ချက် အားနည်မှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှု တွေကိုတောင့်တ၊ မက်မောတဲ့ အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန်သေချာ ခွဲခြား သိစေချင်တာပါ။ ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေ အပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။ ထိုအရာတွေကို ကိုးကွယ်အားထားလို့ လက်ရှိအခြေမှာ စီးပွားရေး၊ လူမှုရေး အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ သို့သော် အပါယ်သံသရာကို မကျဘူးလို့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ မှတပါး အခြားသော ကိုးကွယ်မှုများသည် အာမခံချက် မရှိပါဘူး။ မြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံပြီး တရားတွေနာကြား ကျင့်ကြံနိုင်တဲ့ ယခုလို အချိန်အခါမှာမှ တရားတွေ မကျင့်ကြံ၊ မလိုက်နာကြဘူးရှိရင် လူဖြစ်ရှုံး ရပါမယ်။ သံသရာ တလျောက်လုံးက ပါလာတဲ့ အမှားတွေကို စွန့်လွတ်ဖို့ အချိန်တန်ပါပြီ။ လောကသတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်၏ ကျေးဇူးတရားတွေ၊ ဘုရားရှင် ဖော်ထုတ်ဟောခဲ့တဲ့ တရားတွေ၏ ကျေးဇူးတွေ၊ ထိုတရားတွေကို ထိန်းသိမ်းစောင့်ရှောက် ဟောကြားဆုံးမခဲ့တဲ့ ဆရာတော်ကြီးတွေ၏ ကျေးဇူးတရားတွေကို သိတတ်ကြရပါမယ်။ အချို့သောသူတွေ လုပ်တတ်တာလေးတွေ ပြောပါမယ်။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံး ဖြတ်ဖြစ်ပြီးမှ လက်ခံကြပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလို့ ဘုရားမှာ အမွေးတိုင်၊ ဆီမီးပူဇော် ကြတယ်။ ဘုရားကို ကိုးကွယ်ပူဇော်မှုသည် သက်ရှိထင်ရှား ရှိသလို နှလုံးသွင်းပြီး ကိုးကွယ်ရတယ်ဆိုတာ သိနှင့်ပြီးသားပါ။ ဘုရားရှေ့မှာ အမွေးတိုင်တွေ၊ ဖယောင်း တိုင်တွေ စုပြီး ထွန်းညှိပူဇော်တာ မသင့်တော်ပါဘူး။ ကိုယ့်ရှေ့မှာတောင် အမွှေးတိုင် ၅တိုင်လောက်ထွန်းပြီး နေကြည့်နိုင်ပါ့မလား။ ဆရာတော်အရှင်ဆန္ဒာဓိက စာအုပ်မှာတော့ ဘုရားကို ညှော်တိုက်နေကြတာပါ လို့ရေးထားပါတယ်။ ဗေဒင်ဆရာက သက်စေ့ ရေသပ္ပါယ်ရမယ် ဆိုတော့ ဘုရားရှင်ကို ဆောင်းတွင်းဖြစ်နေပစေ ခေါင်းကနေ ရေလောင်းတတ်ကြပါတယ်။ ပေါက်မြောက်အောင်လို့ ပေါက်ပန်းလှူခိုင်းတယ်။ အကြံအစည် အောင်ဖို့ ကြံစည်းလှူခိုင်းတယ်။ အရာရာအောင်ဖို့ အဝေရာညွှန့် လှူခိုင်းပါတယ်။ ဒီလိုခိုင်းတိုင်း လုပ်ရင်တော့ မသင့်တော်ပါ။ ဘုရားဂုဏ်တော် ပုတီးစိပ်ရာမှာလည်း မိမိနှစ်သက်တဲ့ အခေါက်ရေကို စိပ်လို့ရပါတယ်။ ဘယ်နှခေါက်စိပ်ရမယ်၊ ဘယ်ဂုဏ်တော်ပွားရမယ် ဆိုတာ ထေရ၀ါဒမှာ ကန့်သတ်ချက်မရှိပါ။ လူတွေက ကျဉ်းကြပ်အောင် ကန့်သတ်နေကြတာပါ။ ရက်ရာဇာနေ့မှာ သူတပါးအသက် သတ်လည်း အကုသိုလ်ဖြစ်တယ်။ ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရတာပါပဲ။ ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာ တရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
ဗေဒင်ပညာဆိုတာ တိုက်ရိုက်တော့ သာသနာကို မထိခိုက်သလိုပါ။ မည်သည့် ဗေဒင်ဆရာမှ သူများအသက်သတ်ရမယ်လို့ ယတြာမပေးပါဘူး။ သူတပါး ပစ္စည်းခိုးပြီး စားရမယ်လို့လည်း မပြောကြပါဘူး။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ဘာတွေလှူရမယ် စသဖြင့်သာ ပြောကြတာပါ။ ဗေဒင်နဲ့ ပတ်သတ်ပြီးတော့ ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဉာဏ က ယခုလို ရေးသားထားပါတယ်။ “ဗေဒင်က ရက်ရာဇာနှင့် ပြဿဒါးကို ပဓာန ထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ်ကို ပဓာန ထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။ မြတ်စွာ ဘုရားနဲ့ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရား မယုံရာ ကျတာပေါ့။” အင်မတန် သတိပြု သင့်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း မဟာဘုတ်ထူတာ၊ နာမည်ပေးနည်း ( ယခင်က ခင်ကြီးဖျော်နည်း၊ နောက်ပိုင်းတော့ မင်းသိင်္ခတို့ သုံးကြတယ်)၊ လက်မှတ်ထိုးတာ၊ လက္ခဏာပညာ၊ အိမ်ထောင်ဖက်ရွေးနည်း၊ ( ဓမ္မသောက အင်းဝရာဇာ။ ဥဿာစိန်ပန်း ဒန်းလှကိုရှာ စတဲ့ လင်္ကာ လေးတွေနဲ့ပါ) စသဖြင့် လေ့လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒီပညာတွေဆိုတာ ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက် တွေကြောင့်လဲ လွဲနိုင်ပါတယ်။ ဗေဒင်မေးတဲ့သူက ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။ ဤနေရာမှာ ဆရာတော်အရှင်ဇ၀န ရေးသားသော စာအုပ်ထဲမှ ထုတ်နှုတ် တင်ပြပါမယ်။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က စာချဘုန်းကြီးတပါး၏ ဇာတာကို ကြည့်ပြီး အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ်။ ယတြာမချေလို့ မရပါဘူးလို့ လျှောက်ထားရာ တပည့်စာသင်သား သံဃာတွေက တုန်လှုပ်သော်လည်း စာချဘုန်းကြီးကတော့ တုန်လှုပ်ခြောက်ချားခြင်း မရှိပါဘူး။ အေးမြကြည်လင်တဲ့ မျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်းမရှိ၊ ပကတိအတိုင်းပါပဲ။ တပည့်များရော၊ ဗေဒင်ဆရာရော ဆရာတော်ပြောမည့် စကားကို နားထောင်နေကြပါတယ်။ စာချ ဘုန်းကြီးထံမှ စကားသံအချို့ ထွက်လာပါတယ်။ “ဒကာကြီး အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းအတွက်တော့ ကိစ္စမရှိပါဘူး”။ ထိုစကားကို ဗေဒင်ဆရာ က မကြိုက်ပါ။ သူ့ပညာကို မယုံကြည်သောကြောင့်လို့ ယူဆပါတယ်။ ထိုမကျေနပ်တဲ့စိတ်က မပြေပြစ်တဲ့ စကားတွေပြောပါတယ်။ “အရှင်ဘုရား.. တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲနေကြည့်ပါ။ အခုနှစ် ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပိုတွဲလေးလ အတွင်းမှာ ခန္ဓာပျက်ရင်ပျက်၊ မပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ်၊ အကယ်၍ တပည့်တော် ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်တို့ ဗေဒင်ကျမ်းတွေ အကုန်မီးရှို့ပစ်မယ်”။ လူတစ်ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာဝင် မပီသနိုင်တော့ပါ။ ဗေဒင်ဆရာက သူပြောချင်တာ ပြောပြီး ပြန်သွားပါတယ်။ ဗေဒင်ဆရာ၏ အတိအကျဟောချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေဖို့ အတင်းအကြပ်လျှောက်ထားရာ စာချဘုန်းကြီးက “ငါအမြဲတမ်း ယတြာ ချေနေတာ မင်းတို့ မတွေ့ကြဖူးလား” ပြန်မေးတော့ တပည့်များက “တွေ့ပါတယ်ဘုရား” ဟု လျှောက်ကာ ပြန်ခဲ့ကြပါတယ်။ အချိန်တွေကုန်လွန်ပြီး ဆရာတော်ကား ဘာရောဂါ အသက်ဘေးမှ မဖြစ်ပဲ၊ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီး ဘ၀သို့ပင် ရောက်ခဲ့ပါတယ်။ ထိုအခါမှ ဗေဒင်ဆရာ ဟောခဲ့သလို အဘယ့်ကြောင့် အသက်အန္တရာယ် မဖြစ်ရကြောင်း ဟောကြားပါတယ်။ အတိုချုံ့ ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကို ဆရာတော်က ယခင်ကတည်းက နေ့စဉ်ပြုလုပ်ခဲ့ခြင်း၊ ကောင်းမှုတွေနဲ့ ထုံမွှမ်းနေလာခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗေဒင်ပညာရှင်တွေဆိုတာ ပုထုဇဉ်တွေပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ ဗေဒင်၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ လောကီပညာ တစ်ခုပါ။ ဒါပေမဲ့ လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ဒီဂြိုလ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပစ္စုပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလိုက် ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။ ဘုရားလောင်း မွေးဖွားစဉ်က ဘုရားဖြစ်မယ်ဆိုပြီး လက်ညိုးတစ်ချောင်းတည်း ထောင်ခဲ့တဲ့ ကောဏ္ဍညပုဏ္ဏားတောင် ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅)ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတာပဲ။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရား ပြန်လာဟောတော့မှ ဘုရားဖြစ်ပြီဆိုတာ သိကြတာပါ။ ဒီတော့ သာမန် လက္ခဏာ၊ ဗေဒင် ပညာမှာ မုချမှန်ပါမယ်လို့ ပြောလို့မရနိုင်ပါဘူး။
ဤသို့ဖြင့် ဒီပညာတွေဟာ လေးစားစရာ၊ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျ ဟောနိုင်၊ ပြောနိုင်တာတွေ ရှိသလို၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါ တယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ ဆေး ကို သောက်ရင် ပြဿနာ အကြီးအကျယ်တတ်ပါမယ်။
ဒါ့ကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးနိုင်ပါတယ်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့ထက် ပိုပြီး အလေးမြတ်ပြုရင်တော့ မသင့်တော်ပါ။ အမှားနှင့် အမှန်၊ အတုနှင့် အစစ် ကွဲပြားဟန်ကို ပိုင်းခြားသိမြင်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။

“ဆရာကောင်းဆိုရာဝယ်...”
နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊
ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊
ငရဲအပါယ်၊ အမြစ်တွယ်၊
ဝဋ်နွယ်ရှည်လျားရာ၊
(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး)
ကျနော်တို့ မြန်မာလူမျိုးအများစုဟာ သာမန်အားဖြင့် သဒ္ဓါတရား(ယုံကြည်မှု့) ကောင်းကြပါတယ်။ ဘာသာဝါဒတိုင်းဟာ ယုံကြည်မှု (မျက်စိမှိတ်ယုံကြည်မှု)ကို အခြေခံကြပါတယ်။ အခြားဘာ သာဝင်တွေ နားလည်ကြတဲ့ သက်ဝင်မှု၊ ယုံကြည်မှုများက ဗုဒ္ဓ၀ါဒနှင့် ပတ်သတ်ခြင်း မရှိပါဘူး။ ဗုဒ္ဓ၀ါဒမှာ သဒ္ဓါတရားဆိုတာ ယုံကြည်မှု သက်သက်မဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးမှ ဖြစ်ပေါ်လာတဲ့ စိတ်ချယုံကြည်မှုမျိုးဖြစ်ပါတယ်။ ထိုယုံ ကြည်မှုက ရတနာသုံးပါးအပေါ်မှာ ဖြစ်တည်မှသာ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင်မှာပါ။
ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက်ဖြင့် လွန်မြောက်၏) ဟုဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ သဒ္ဓါတရားနှင့် ပြီးပြည့်စုံ၍ မိမိတို့အမှန်တကယ် မဂ်ဖိုလ် ရဖို့ ဆည်းကပ်ကိုးကွယ်ရာမှာ ဆရာရွေးမှန်ကန်ဖို့ အင်မတန်အရေးကြီးပါတယ်။ ယခုအခါမှာ အခြားသော အတုအယောင်များစွာက နေရာယူလာကြပါတယ်။ ထို့ကြောင့်ပင် စတုတ္တအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ သဒ္ဓမ္မအစည်းအဝေးမှာ သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မြင်းခြံမြို့ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ မှ အောက်ပါအစည်းအဝေးဖွင့် သြ၀ါဒကထာကို မိန့်ကြားခဲ့ပါတယ်။ “ဆရာတော်ဘုရားများ အထူးသတိပေးလျောက်ထားလိုသော အချက်မှာ ယခုအခါ တပည့်တော်တို့ မြန်မာနိုင်ငံ၌ နတ်၊ မှော်၊ ၀ိဇ္ဇာ၊ ဂါထာ၊ မန္တယား စသော တန္တရ၊ မန္တရ ၀ါဒများ ကြောက်မတ်ဖွယ်ကောင်းအောင် တိုးပွားနေသည်ကို ဆရာတော်ဘုရားများ သတိပြုစေချင်ပါ သည် ဘုရား၊ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အများစုဟာ ထေရ၀ါဒသာသနာ စစ်စစ်ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှုနည်းပါးပြီး ထိုတန္တရ၊ မန္တရ၀ါဒများဘက်သို့သာ လိုက်ပါနေကြပါသည်။ ဤအချက်ကို အခွင့်ကောင်းယူ၍ အချို့ရဟန်းများသည် ဂန္ထဓူရ (စာပေသင်ခြင်း)၊ ၀ိပဿနာဓူရ (တရားအားထုတ်ခြင်း) ဟူသော ရဟန်းတော်တို့၏ တာဝန်ကို ပစ်ပယ်၍ တန္တရ၊ မန္တရအလုပ်ကို ရဟန်းတော်တို့ တာဝန်အလား ကြိုးစားအားထုတ် ပြုလုပ်နေကြသည်မှာ သာသနာတော်အတွက် ကြောက်မတ်ဖွယ်ကောင်းသော ဘေးရန်တစ်မျိုးဖြစ်ပါသည် ဘုရား...”။ ဤအချက်တွေကို နာယူခြင်းဖြင့် ထေရ၀ါဒသာသနာအပေါ် အရောင်ဆိုးသော အရာများကို ပေါ်လွင်စေပါတယ်။ လူတွေသည်လည်း နေ၊ ထိုင်၊ ပြောဆိုတက်ဖို့လိုပါတယ်။ အချို့သော လူများက ဘုရားကြီးကျောင်းရောက်ရင် မဂ်ဖိုလ်ရောက်ကြောင်းတရား၊ ဒါန၊ သီလစတဲ့ တရားအကြောင်းများကို မေးမြန်းခြင်းမရှိပဲ၊ ဘာဂဏန်းကောင်းလဲ၊ ဘာထိုးရမလဲ စတဲ့ ၂လုံး၊ ၃ လုံးဂဏန်းများတောင်းဖို့သာ စဉ်းစားကြပါတယ်။ ဤနေရာ ကိုယ်တွေ့လေးတစ်ခု ပြောပြချင်ပါတယ်။ ကျနော့် ဂျီတော့မှာ တင်ထားတဲ့ ကိုရင်ပုံလေးကိုတွေ့တော့...“ဦးဇင်းလေးလား၊ တပည့်တော်ကို ၂လုံးဂဏန်းပေးပါတဲ့..”။ ဒါနဲ့ သံဃာကို အလေးအမြတ်ပြုတတ်ဖို့ ပြောပြလိုက်ပါတယ်။ အဓိက ဆိုလိုချင်တာက လူတွေကိုကလည်း ရတနာမြတ်သုံးပါး အပေါ်မှာ အလေးအမြတ် ပြုတက်ဖို့ လိုပါတယ်။ လောကီကောင်းကျိုးတစ်ခုပဲ ကြည့်ပြီးတော့ အခြားသော အတုအယောင် များအပေါ် အားထားချင်ကြတော့ လိမ်တဲ့သူက ပိုပြီးကြိုက်တာပေါ့။ ကျနော်တို့ အိမ်နားမှာ ဘိုးတော်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ သာသနာပွဲထိုးတာက ကန်တော့ပွဲမှာ ၀လုံးတွေ ပေါ်လာတယ်ဆိုပြီးတော့ ၀လုံးဘိုးတော်လို့ နာမည်ကြီးပါတယ်။ (အမှန်တော့ ဘုရားရှေ့မှာ အုန်းစိမ်း၊ ငှက်ပျောစိမ်းတွေနဲ့ ကန်တော့ပွဲလုပ်တာ မသင့်တော်ပါ။ သာသနာပွဲဆိုတာ မိသားစုတွေလိုက် ကိုယ့်အိမ်မှာ တရားဆွေးနွေး၊ တရားနာ၊ ဘုရားဆွမ်းတော် ကပ်တဲ့ ပွဲလေးလို့ နားလည်ပါတယ်)။ တနေ့တော့ ကျနော်လည်း ဦလေးနဲ့ ဘိုးတော်ဆီကိုသွားပြီး ၀လုံးပေါ်တယ် ဆိုတာသွားကြည့်တယ်။ ကျနော့် အမြင်တော့ ဘာမှကို မတွေ့ခဲ့ပါဘူး။ သူ့အိမ်မှာလည်း ကန်တော့ပွဲတွေရှုပ်နေတာပါပဲ။ နောက်တော့ အဲဒီဘိုးတော်က ၂လုံး၊ ၃လုံးတွေ ပေးတာမှန်တယ်ဆိုပြီး အတော်များများ ကိုးကွယ် လာကြပါတယ်။ ဘိုးတော်က နတ်ပွဲလည်း ပေးပါတယ်။ သူကိုယ်တိုင်လည်း နတ်ဝင်ကတယ်။ လူတွေလာရင် ငါ့သမီးကြီး၊ ငါ့သားကြီးဆိုပြီး ဓာတ်ပေးတယ်ဆိုတာလည်း လုပ်ပါသေးတယ်။ လူတွေကလည်း အဲလိုဆိုရင် အတော်ကိုသဘော ကျတာပါ။ နောက်တော့သူ့ကို ယုံစားကိုးကွယ်တဲ့ သူတွေ စီးပွားပျက်တာပါပဲ။ သူလည်း အရင်လို မဟုတ်တော့ပဲ၊ သာမန်လူတစ်ယောက်လို ဖြစ်နေပါပြီ။ အတုအယောင်ဆိုတာ ဘယ်တော့မှ ကြာရှည်မခံပါဘူး။ သတိဉာဏ်ယှဉ်ပြီးမှ ယုံကြည်တတ်ဖို့ အရေးကြီးပါတယ်။ ဓမ္မစေတီဆရာ တော်ဘုရား၏ “နှလုံးသားဝယ်ဘုရားတည်” တရားမှ ယခုလို မှတ်သားခဲ့ဘူးပါတယ်။
၁. သရဏဂုံတည်စေသောဆရာ = ဆရာကောင်း၊ မိတ်ဆွေကောင်း (Good Teachers)။
၂. သစ္စာ ၄-ပါး သိစေတဲ့ဆရာ = ဆရာမှန်၊ မိတ်ဆွေမှန် (Right Teachers)။
၃. အာသဝေါတရား ၄-ပါး ကုန်စေတဲ့ဆရာ = ဆရာမြတ်၊ မိတ်ဆွေမြတ် (Nobel Teachers)။
“ကုန်ရှုံးတော့ တစ်ခေါက်”၊ “လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်”၊ “ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်..” ဟူသောစကားအတိုင်း ဘာသာရေးမှာ ဆရာရွေးမှားရင် ယခုပစ္စုပ္ပန်၊ သံသရာနှစ်ဖြာလုံး ဒုက္ခရောက်တတ်ပါတယ်။ ဆရာရွေးမှန်ရင်လည်း မိမိကောင်းကျိုးအားလုံး ပြီးစီးတတ်ကြောင်းကို ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို မိန့်ကြားခဲ့ဖူးပါတယ်။ မိမိတို့မဂ်ဖိုလ်ရဖို့ အတွက် ဆည်းကပ်ကိုးကွယ်သင့်သော ဆရာကောင်းများ၏ အင်္ဂါလက္ခဏများကို သတ္တတ အင်္ဂုတ္တိုရ် ပါဠိတော်တွင် ဘုရားရှင်က ဟောကြားထားပါတယ်။ ထိုအချက်တွေကို နှောင်းလူများ အလွယ်တကူ မှတ်မိစေရန် မန်လည်ဆရာတော်က မဃဒေ၀လင်္ကာသစ်တွင် ယခုလိုဖွဲ့ဆိုခဲ့ပါ တယ်။
“ ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊
လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊
ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်၊
ပြည့်လျှမ်းညီညာ၊ ဤဆရာ၊
ဖွေရှာတပည့်ခံ”။
အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုသော်..၊
၁။ ရိုသေထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊
၂။ ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊
၃။ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊
၎။ မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း၊
၅။ မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း၊
၆။ နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း၊
၇။ အကျိုးနည်းသော အလုပ်များကို တားမြစ်၍ အကျိုးရှိသော အလုပ်များကို ညွှန်ပြနိုင်ခြင်း၊
ဤနေရာမှာ.. ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးမှာ အတူတူဖြစ်ပါတယ်။ ထိုအချက်တွေကတော့...
၁။ ဒါန = လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမယ်။
၂။ ပိယ၀ါစာ = ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ခင်ဖွယ်ရာ စကားရှိရမယ်။
၃။ အတ္တစရိယာ = တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမယ်။
၎။ သမာနတ္ထတာ = မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမယ်။
ထို့ကြောင့် မိမိတို့တွေသည် အပြော၊ အဟော၊ အရေးကောင်းတိုင်း ဆရာကောင်း မဟုတ်နိုင်ကြောင်း သတိပြုသင့်ပါတယ်။
“ကြည်ညိုရာမှာ၊ အများသံဃာ၊
ကိုးကွယ်ရာမှာ၊ ရွေးချယ်ပါ၊” ဟူသော စာဆိုလေးအတိုင်း ရဟန်သံဃာမှန်သမျှ ကြည်ညိုပါ။ တက်နိုင်သမျှလှူဒါန်းပါ။ ကြည်ညိုလှူဒါန်းသော မိမိ၏ ကောင်းမှု အကျိုးကို မလွဲမသွေ ရရှိမှာဖြစ်ပါတယ်။ သို့သော် ဆရာအဖြစ် ကိုးကွယ်တော့မည်ဆိုရင်တော့ ရွေးချယ်ရပါမည်။
ဤသို့ဖြင့် ဆရာကောင်းတပည့်၊ ပန်းကောင်းပန်ုဆိုတဲ့ စကားလေးအတိုင်း စာဖတ်သူများသည် ဆရာကောင်း၊ ဆရာမြတ်များထံ ကိုးကွယ်ဆည်းကပ်ကာ နိဗ္ဗာန်မဂ်ဖိုလ်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။

“ဟီရိနှင့်သြတ္တပ္ပ”
မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ရမှာ ရှက်ခြင်းက ဟိရီဖြစ်ပြီးတော့၊ ကြောက်လန့်ခြင်းက သြတ္တပ္ပ ဖြစ်ပါတယ်။ ထိုတရားနှစ်ပါးမှာ မိမိဂုဏ်သိက္ခာကို စောင့်ရှောက်တဲ့သူတို့မှာ ဟီရိတရားက ထင်ရှားပြီး ဆရာ၊ မိဘ ဆွေမျိုးစသူနှင့် အခြားသူများကို လေးစာသူတို့မှာ သြတ္တပ္ပတရား ထင်ရှားပါတယ်။ ဥပမာ.. “ငါသည် အမျိုးကောင်းတစ်ယောက်ဖြစ်တယ်၊ ငါ့လိုအမျိုးကောင်းသူ မကောင်းမှုပြုနေလျှင် (ဥပမာ..တံငါလုပ်ရင်၊ ကြက်တိုက်၊ ဖဲရိုက်၊ အရက်သောက်နေရင်) ရှက်စရာဖြစ်လိမ့်မယ်” ဆိုပြီး ကိုယ့်ရဲ့အမျိုးဂုဏ်ကို စောင့်ထိန်းသောအနေနဲ့ မကောင်းမှုပြုရ
မှာရှက်တာပါ။ ပညာတက်တဲ့သူကလည်း “ငါ့လိုပညာရှိ တစ်ယောက်က အောက်ကျသော မကောင်းမှုပြုလုပ်ရင် (သူ့ဥစ္စာ မတရားယူရင်) ရှက်စရာကောင်းတယ်။” အသက်ကြီးသူကလည်း “ငါလို အဘိုးကြီးက မကောင်းမှုကို ပြုရင်တော့ (လိမ်နေရင်၊ ဆဲနေရင်၊ ပေါက်တတ် ကရတွေပြောနေရင်) ရှက်စရာကောင်းတယ်” ဆိုပြီး ကိုယ့်မှာရှိနေတဲ့ ဂုဏ်တစ်ခုခုကို လေးစားသူက ဟိရိတရားကို ထင်ထင်ရှားရှားဖြစ်စေပါတယ်။ ငါက မကောင်းမှုပြုလိုက်ရင် ငါ့မိဘ၊ ငါ့ရွှေမျိုး၊ ငါ့ဆရာသမားတွေ ကဲ့ရဲ့ခံရမှာစိုးရိမ်လို့ ဒုစရိုက်တရားတွေလုပ်ရမှာကို ကြောက်လန့်တတ်တာက သြတ္တပ္ပတရားဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ မိဘ၊ ဆရာသမား တွေရဲ့ဂုဏ်သိက္ခာကို မကြည့်ပဲ ရွဲ့ချင်တိုင်းရွဲ့၊ လုပ်ချင်တာလုပ်နေသူတွေမှာတော့ ဟီရိ၊ သြတ္တပ္ပတရားနှစ်ပါးလုံး မရှိပဲ ဒုစရိုက်တရားတွေနဲ့သာ ပြည့်နက်နေပါမယ်။ ဟီရိနဲ့သြတ္တပ္ပ တရားနှစ်ပါးက လောကလူသားအများကို သားနှင့်အမိ၊ မောင်နှင့်နှမ စသဖြင့် ခြားနားအောင် စောင့်ရှောက်တက်သောကြောင့် “လောကပါလ=ကမ္ဘာစောင့်တရား” လို့လည်း ခေါ်ပါတယ်။ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်တာကြောင့် “သုက္ကဓမ္မ=ဖြူစင်သောတရား” လို့ လည်းနာမည်ရပါတယ်။ လောကမှာ ဒီတရားနှစ်ပါးမရှိရင် တိရစ္ဆာန်နဲ့ မခြားပဲ မှားချင်တိုင်း မှားပြီး မကြားဝံ့မနာသာ တွေဖြစ်လာနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ ဟီရိသြတ္တပ္ပတရားမရှိသူတွေ များလာပါပြီ။ မလုံခြုံသောအ၀တ်စားတွေ၊ ခေတ်စတိုင်ဆိုပြီး ၀တ်နေတာတွေက တော်တော်များပါတယ်။ သူတို့တွေမှာ လောကပါလ တရားဆိုတာလည်းသိမှာ မဟုတ်ပါဘူး။ မသိလို့လည်း လုပ်နေကြတာပါ။ ပြောရင်တော့ ခေတ်ရေစီးကြောင်း စကားကို လက်ကိုင်ထား ကြမှာပေါ့။ ဒီအတိုင်းသွားရင်တော့ ယဉ်ကျေးမှုတွေ ပျက်စီးပါမယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတခု ဆိုတာက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ဖွဲ့စည်းထားရတာပါ။ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ ပျက်စီးလာရင်တော့ မကောင်းတော့ပါဘူး။ ဒီအချက်တွေက တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်ကြရမှာပါ။ ရှက်မှု၊ ကြောက်မှုကို ဟီရိသြတ္တပ္ပတရားလို့ ပြောပေမဲ့ နေရာတိုင်း၊ တွေ့ကရာ ရှက်ကြောက်မှုတွေကို ပြောလို့မရပါဘူး။ ဒုစရိုက်တရားတွေ ပြုလုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်းကိုသာ ဟီရိသြတ္တပ္ပတရား လို့မှတ်ယူရပါမယ်။ ဥပမာ.. ဥပုသ်စောင့်ရမှာ၊ တရားနာရမှာ၊ ဘုရားသွားရမှာ၊ ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော ရမှာကို ရှက်တာ၊ အလုပ်လက်မဲ့နဲ့ လူပေလုပ်ရမှာကို မရှက်ပဲ အောက်ကျတယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ရမှာ ရှက်တာ၊ ကောင်လေးနဲ့ ကောင်မလေးတွေ့တဲ့ အခါမှာ ရှက်တာ တွေက ဟီရိမဟုတ်ပါဘူး။ ပရိယာယ်၊ မာယာများတာ၊ ဟန်ပန်ကြီးတာ ဖြစ်ပါတယ်။
လောကီ အကျိုးစီးပွားကိုပြတဲ့ နီတိကျမ်းတွေမှာတော့…
(၁) ရောင်းဝယ်ဖောက်ကား အတိုးပွားပေးသောအခါ။
(၂) ဆရာ့ထံ ချဉ်းကပ်၍ အတက်ပညာသင်သောအခါ။
(၃) အစာစားသောအခါ။
(၄) ဇနီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ။
အဲဒီအခါတွေမှာ အရှက်တရားကို ဖယ်ထားရမယ်လို့ရေးထားပါတယ်။ (ထိုအရှက်မရှိမှုမှာ ကုသိုလ်ဖြစ်၊ မဖြစ်ကို ပြောတာမဟုတ်ပါဘူး၊ မိမိအကျိုးရှိမည့် အရာမှာ မရှက်ရလို့ ပြောခြင်းဖြစ်ပါတယ်)။ တရားရုံးမှာ တရားသူကြီးကိုကြောက်ခြင်း၊ ရထား၊ သင်္ဘောပေါ်တွေမှာ တောသားတွေ အိမ်သာမသွားရဲပဲ ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ကိုကြောက်ခြင်း၊ ပြိဿာတွေကိုကြောက်ခြင်း၊ မရောက်ဖူးသောနေရာကို ခရီးသွားရမှာကိုကြောက်ခြင်း၊ ဆရာ၊ မိဘတို့ရှေ့မှာ စကားမပြောတက်အောင်ကြောက်ခြင်းတွေဟာ သြတ္တပ္ပတရားအစစ် မဟုတ်ပါဘူး။ သတ္တိညံ့ဖျင်းခြင်း (တရားသဘောအရဆိုရင်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်ပါတယ်။ အထက်မှာရေးခဲ့သလောက်ဆိုရင် အကုသိုလ်မဖြစ်တဲ့ ကိစ္စမှာ မရှက်သင့်၊ မကြောက်သင့်ဘူးလို့သိကြပါ။ ဒါပေမဲ့ မရှက်မကြောက်ပဲ လူမိုက်အားကိုး ရဲရမယ် မပြောပါဘူး။ လူမိုက်ကို အားကိုးတဲ့ ရဲစိတ်မျိုးဟာ တဖက်သားကို မလေးစားတဲ့ အဂါရ၀ ဒေါသ၊ မာနတရားတွေ ဖြစ်ပါတယ်။ လောကမှာ လူအများစုက မကြောက်ရမယ့်နေရာမှာ ကြောက်ကြတယ်။ ကြောက်ရမယ့်နေရာကျတော့ မကြောက်တက်ကြဘူး။ ဒါ့ကြောင့် မရှက်သင့်၊ မကြောက်သင့်သော ကိစ္စမှာမရှက်၊ မကြောက်ပဲ၊ အမှန်တကယ်ရှက်ကြောက်ရမယ့် ဒုစရိုက်တရားတွေကို ရှောင်ကြဉ်ပြီး ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံး ညီညွတ်စွာ နေထိုင်ကျင့်ကြံနိုင်ကြပါစေ။
ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)

“ချစ်တတ်ကြရအောင်”
“သဒ္ဓါ၊ မေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ်မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”
ဆရာတော်အရှင်ဆန္ဒာဓိက
အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ
စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။ သစ္စာလေးပါးမှာ လောဘဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲလည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါးတစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။ မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့်ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ နည်းလမ်းလေး ပြောပြပါမယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါမယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ်ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူသောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင်တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကိုရှောင်၍ သုစရိုက်တရား တို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏”လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။
ကျနော့်ရဲ့ဓမ္မမိတ်ဆွေ တစ်ယောက်က Tag လိုက်လို့ ဒီပို့လေး ရေးဖြစ်သွားတာပါ။ ဒါမျိုးက လူတယောက်နဲ့ တစ်ယောက်အမြင်၊ ခံစားချက်တွေက မတူကြတော့ ရေးရလို့ တော်တော်ခက်တယ်။ ကျနော့်ကို Tag လိုက်သော အစ်မနှင့်အတူ စာဖတ်သူများ ကျေနပ်နှစ် သိမ့်နိုင်ပါစေ။ အမြင်လေးတွေလည်း ရေးထားပေးခဲ့ပါ။

ဖြေကြားခြင်း၊
ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် သိက္ခာအထပ်ခံရတဲ့ ဘုန်းကြီးရော၊ သိက္ခာထပ်ပေးတဲ့ ဒါယကာ၊ ဒါယိကာမမှာ ဘာအကျိုးရလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် Post ရေးပေးပါလို့ Request လုပ်ပါတယ်။
ရဟန်းတစ်ပါးဟာ ရဟန်းဘ၀ကိုရောက်ပြီး ကတည်းကရဟန်း သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော်ရပြီး၊ ရှိပြီးသားပါ။ သိမ်ထပ်တယ်ဆိုတာ အဲဒီရှိပြီး၊ ရပြီးသားကိုဘဲ ပိုပြီးစင်ကြယ်အောင်၊ မွန်မြတ်အောင်၊ သင်္ကန်းပရိက္ခရာ လှူဒါန်းပြီး သိမ်ထဲမှာထပ်ပြီး ရဟန်းခံပေး၊ ရဟန်းပြုပေးတာကိုခေါ်ပါတယ်။ ပိုမိုပြည့်စုံရှင်းလင်းအောင် ဘုံဘေမှာ သာသနာ့ တက္ကသိုလ်တက်ရောက်နေသော ဘုန်းဘုန်း ဦးသာဓိန (ခေတ္တ၊ ဘုံဘေ)ထံ လျောက်ကြား လိုက်ပါတယ်။ ဆရာတော် ပြန်လည် မိန့်ကြားတဲ့ အတိုင်းရေးသားတင်ပြလိုက်ပါတယ်။
ရှေးဆရာတော်ကြီးများရဲ့ မိန့်ကြားချက်တွေနဲ့ကိုးမှ ပိုပြည့်စုံမှာ၊ သို့သော် ဘုန်းဘုန်း လက်လှမ်းမီသလောက်တော့ရှင်းပါမယ်။
ပုနောပသမ္ပဒကံဆိုတဲ့ သိက္ခာထပ်တဲ့အလုပ်ကို ဘုရားရှင်ဟောကြားထားတဲ့ စာပေတွေထဲမှာ ဘုန်းဘုန်း သိသလောက်ကတော့ မတွေ့ခဲ့ဘူးပါဘူး၊ ဒါဟာ ရဟန်းဖြစ်ပြီးသား ရဟန်းတစ်ပါးကို သိက္ခာထပ်တင်တဲ့အမှု၊ မပြည့်စုံတဲ့ ရဟန်းခံခြင်း ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီရဟန်းဟာ ပထမဦးဆုံး သိမ်ထဲမှာ သိမ်ဝင်ကမ္မ၀ါတစ်ကြိမ် ဖတ်ပြီးထဲက ရဟန်းဖြစ်ခဲ့ပါပြီ၊ တစ်ချို့ ပရိတ်သတ်မသန့်လို့ ရဟန်းဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် အဲလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့နောက် သိက္ခာထပ်သူ ပိုအကျိုးများတာပေါ့။
ရှေးတုန်းက အကြောင်းလေး တစ်ခုပြောပြမယ်၊ ညောင်ရမ်းခေတ် ဒုတိယအင်းဝခေတ်က တောင်ဖီလာဆရာတော်ဘုရားကြီးဆိုတာ ကြားဘူးကြလိမ့်မယ်၊ အဲဒီဆရာတော်ကြီးဟာ ပထမရဟန်းဖြစ်ခဲ့ပြီးပေမယ့် နောက်တစ်ခါ ကလျာဏီသိမ်မှာ သိက္ခာထပ်ခဲ့တယ်၊ အဲဒီအခါကစပြီးမှ သူ့ရဲ့ရဟန်းဝါကိုရေတွက်တယ်လို့ ဘုန်းဘုန်းမှတ်ခဲ့ဘူးတယ်။ အကျဉ်းချုပ်ကိုကောက် ချက်ချရရင်တော့…၊
၁။ ရဟန်းဖြစ်ပြီးသား ရဟန်းစစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုသိမ်ထပ်ခြင်းသည် အကျိုးမများလှ၊ သို့သော် ဒါယကာ ဒါယကာမတို့ဟာ သူတို့ရဟန်းရှိခဲ့ပြီဆိုပြီး ပစ္စည်းလေးပါး မပြတ်လှူဒါန်း၊ သာသနာနဲ့ ဆွေမျိုးဖြစ်ပြီးဆိုတဲ့ အသိနဲ့ကုသိုလ်တွေ အများကြီးဖြစ်တယ်။
၂။ ရဟန်းမဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်လည်း မသိသူအတွက် နောက်သိက္ခာထပ်တဲ့အခါမှ ရဟန်းဖြစ် သွားမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး အကျိုးပိုများကြတာပေါ့။ ထပ်ပြောရရင် သိက္ခာထပ်တဲ့အလုပ်ဟာ အလှူတစ်ခုကတော့ မလွဲမသွေဖြစ်တယ်၊ သို့သော် ရဟန်းခံတဲ့အလုပ် အစစ်ကတော့ မဟုတ်ဘူး၊ ရှေးလူရဲ့ အလုပ်လောက် အကျိုးမများဘူး၊ ဘုန်းကြီးတွေ ဘုန်းကြီးတော့ ဒကာ၊ ဒကာမတွေကပိုပြီး သာသနာ့ဆွေမျိုးတွေအဖြစ်နဲ့ အလှူအတန်းလုပ်တဲ့ အခါမှာတော့ သာသနာတော်အတွက် အကျိုးများ၊ လှူသူမှာလည်း အကျိုးများပါကြောင်း ဘုန်းဘုန်း ဖြေလိုက်ရပါတယ်။
SMNTL မရှင်းတာရှိရင် ထပ်မေးပါ။ ကျနော် ဆရာတော်ကို ထပ်လျောက်ပေးပါမယ်။
ကျနော်အနေနဲ့ အားလုံးကို အကြံပြုချင်တာက ဘာကောင်းမှုကိုဘဲ လုပ်လုပ် အကျိုးတရားကို မျှော်ကိုးလုပ်တာ အကျိုးမကြီးလှပါဘူး။ ကျနော်တို့တွေ မရောက်ဖူးတဲ့နေရာဆိုလို့ အနာဂါမ်တွေ သေရင်ရောက်တဲ့ ဗြဟ္မာဘုံ ငါးဘုံဘဲ ကျန်ပါတော့တယ်၊ သူတို့က အဲဒီဘုံမှာဘဲ နေပြီး နိဗ္ဗာန်ကို ရောက်ကြပါတယ်။ ဒါကြောင့် ကျနော်တို့တွေ မရောက်ခဲ့ဖူး ဘူးလို့ပြောရတာပါ။ ကျနော်တို့ရဲ့ရည်မှန်းချက်က သံသရာက လွတ်မြောက်ဖို့ပါဘဲ။ ဒါကြောင့် ဘာကုသိုလ်ဘဲ လုပ်လုပ် နိဗ္ဗာန်ကိုဘဲ ရည်စူးထားသင့်ပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပါ။ ဘာသာခြားလူချမ်းသာ နတ်ချမ်းသာတွေ အများကြီးပါဘဲ။ သာသနာနဲ့လွဲသွားရင် ကိုယ်ကျိုးကြီးနည်းပါပေါ့လား။ နိဗ္ဗာန်ကို ရည်မှတ်၍ ကုသိုလ်ပြုကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။
“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

သီတင်းကျွတ်လပြည့်နေ့၊
မြန်မာလ ၁၂လရှိရာ သီတင်းကျွတ်လသည် ခုနှစ်ခုမြောက်လဖြစ်သည်။ ဥတုသုံးပါးရှိရာ မိုးဥတုတွင်ပါဝင်သည်။ သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတုကို “သန်”ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည် အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည် ဟုအဓိပ္ပာယ်ဆောင်သည်။
ထို့ကြောင့်သန်တူလသည် ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍ ၀ါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ” ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွားများလက်ထက်ကတည်းက သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးထွန်းခြင်း၊ ဘုရားစေတီများကို မီးပူဇော်ခြင်း၊ မိဘဘိုးဘွားဆရာသမားတို့ကို အာမိသ၀တ္ထုဖြင့် ကန်တော့ခြင်းစသော ပူဇာစ ပူဇနေယျာနံ မင်္ဂလာ၊ ဂါရ၀၊ နိဝါတ မင်္ဂလာ အမှုတို့ကို နှစ်စဉ်ပြုလုပ်ကြပါသည်။
သီတင်းကျွတ်လပြည့်နေသည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ လည်းကျင်းပကြသည်။ တစ်နည်းဆိုလျှင် သီတင်းကျွတ် လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူသည်။ ထိုသို့နတ်ဗြဟ္မာများခြံရံလိုက်ပါ ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိတင့်တယ်ပြည့်စုံသော အသရေတော်ကို ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင်စိတ်တွေပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးလည်းရရှိကြသည်။
အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်းဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆုပန် သောနေ့စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင်ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ တရားချစ်ခင် သူတော်စင်အပေါင်းတို့အား တရားတော်များနာယူ ကြည်ညိုနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဘလော့မှာ ဖွင့်၍ နားကြားမရပါက တိုက်ရိုက်ဒေါင်းလုပ်ချ၍ နာကြားကြပါ။
ပဋ္ဌာန်းဒေသနာတော်၊
ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း၊
မိဘမေတ္တာ သားလိမ္မာ၊
သာသနာတော်နှစ်(၂၅၅၂) ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၃၇၀)ခုနှစ်၊ သတင်းကျွတ်လပြည့်နေ့၊
၁၄.၁၀.၂၀၀၈ (အင်္ဂါ) နေ့တွင်ကျရောက်သော “အဘိဓမ္မာအခါတော်နေ့” အတွက် ဓမ္မဒါနပြု ရေးသားလိုက်ရပါသည်။
ကိုးကားချက်။ ။ဓမ္မပိယဆရာတော်အရှင်သံဝရာလင်္ကာရ (“သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်” စာစောင်မှ)၊

“၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း”
အရှင်အာစာရလင်္ကာရ ဟောကြားတော်မူသော “၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း” တရားတော်ဖြစ်ပါတယ်။
မိဘမေတ္တာ သားလိမ္မာ၊
အရှင်သုဇာတ ဟောကြားသော “မိဘမေတ္တာ သားလိမ္မာ” တရားတော်ဖြစ်ပါတယ်။ အချိန် ၁ နာရီပဲ ဟောကြားထားတာပါ။ စာဖတ်သူများ နာကြားကုသိုလ်ယူနိုင်စေရန် ဓမ္မဒါနပြုအပ်ပါတယ်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်မှ ဘုရားခန်းပုံမှာ ပိတ်ထားနိုင်ပါတယ်။
“မိဘဟူသည်…”
မိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။
(မဃဒေ၀)
မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည်စကတည်းက စတင်စောင့်ရှောက်ခဲ့သည်မှာ မိမိတစ်ဘ၀အတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာတရားသည် သားသမီးများ အတွက် အနန္တကျေးဇူးတရားများပင်ဖြစ်သည်။ သားသမီးများအပေါ် မိဘ၏ အေးမြသန့်စင်ကြည်လင်
သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်းမရှိပေ။ ဗြဟ္မာများ၌ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဘာဝနာတရားလေးပါး မကင်းမကွာ အမြဲရှိနေ သကဲ့သို့ ထိုနည်းတူ မိဘများမှာလည်း သားသမီးများအပေါ်၌ ထိုဘာဝနာတရားလေးပါး မစွန့်ခွာဘဲ အမြဲဖြစ်ပွားလျက် ရှိနေခြင်းကြောင့်(တစ်နည်း) ဗြဟ္မ၀ိဟာရတရားလေးပါး အစဉ်ဖြစ်ပွား လျက်ရှိသောကြောင့် “ဗြဟ္မာတိ၊ မာတာ၊ ပီတရော” အမိအဖတို့မှာ ဗြဟ္မာများပင်ဟု ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ မိဘတို့သည်သားသမီးများကို ကလေးဘ၀၌ပင် စကားတတ်အောင်၊ ၀တ်တတ်အောင်၊ စားတက်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ ဘုရားရှိခိုးတတ်အောင်၊ ရဟန်းသံဃာတော်များနှင့် စကားပြောတတ်အောင် သင်ပေးကြသည်။ ထို့ကြောင့် မိဘတို့မှာ သားသမီးတို့၏ ပုဗ္ဗါစရိယ (လက်ဦးဆရာ)လည်းမည်သည်။ လောကတွင် ရုပ်ပမာဏအားဖြင့် အကြီးဆုံးဟု ယူဆကြသော မြေကြီး၊ စကြ၀ဠာ၊ မြင့်မိုရ်တောင်နှင့် သမုဒ္ဒရာစသည်တို့သည် မိဘတို့၏ ကျေးဇူးတရားပမာဏနှင့် နှိုင်းယှဉ်သော် ၀ါးရွက်၊ အပ်နဖါး၊ နွားချို၊ မိုးရေပေါက်စသည့် ပမာဏသာဖြစ်ချေတော့သည်။ သို့ဖြစ်၍ မိဘတို့၏ ကျေးဇူးဂုဏ် ကားဆပ်၍ပင် မကုန်နိုင်ပါ။
မိဘတို့၏ကျေးဇူး၊ မေတ္တာတို့ကို အဖန်ဖန်ပွားများ သတိတရားရှိနေဖို့ လိုပါသည်။ မိဘတို့ရှိစဉ် အခါတွင် မေတ္တာစိတ်၊ ကြင်နာစိတ်၊ ကရုဏာ၊ စေတနာတို့ဖြင့် ပြန်လည်ပြုစု စောင့်ရှောက်ကြရမည်။ မိမိတို့အပေါ်၌တင်ရှိသော မိဘတို့၏ဂုဏ်ကျေးဇူးမှာ လွန်စွာများပြား သောကြောင့်လည်းကောင်း၊ ကျေးဇူးဂုဏ်ကြီးမားလှသော မိဘတို့ကို လုပ်ကျွေးပြုစုခြင်းဖြင့် အလွန်အကျိုးကြီး မြတ်သောကြောင့်လည်းကောင်း၊ မိဘတို့သည် အမှန်တကယ်လုပ် ကျွေးပြုစုထိုက်သော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသည်။ ဤမျှကျေးဇူးဂုဏ်ကြီးမားလှသော မိဘများကို လောကီနည်းဖြင့် ဆပ်မည်ဆိုလျှင် ဘယ်နည်းနှင့်မျှဆပ်၍မကျေနိုင်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပါသည်။ လူ့သက်တမ်းတစ်ရာတမ်းတွင် အသက်တစ်ရာရှည်သူသည် မိဘကျေးဇူးကျေအောင်ဆပ်မည်ဟု လက်ယာပခုံးပေါ်၌ အမိကိုတင်၊ လက်ဝဲပုခုံးပေါ်၌ အဘကိုတင်လျက် ထိုအနှစ်တစ်ရာပတ်လုံး ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း၊ သဒ္ဓါ၊ သီလ၊ စာဂ စသော သူတော်ကောင်းတရားများ မရှိသေးသည့် မိဘတို့ကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ပြည့်စုံစေရန် လောကုတ္တရာ အကျိုးအတွက် ပြုလုပ်ပေးခြင်းဖြင့်သာ ကျေးဇူးဆပ်ရာရောက်ကြောင်း မြတ်ဗုဒ္ဓက မိဘကျေးဇူးဆပ်နည်းကို ဟောကြားတော်မူခဲ့ပါသည်။
ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တက်တက်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး… ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ ထို့ကြောင့် စကား တစ်ရပ်ရှိခဲ့ဖူးပါသည်။
~ မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။
~ လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။
~ မိဘရဲ့မေတ္တာကို တောတောင်လျှိုမြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။
~ စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လှတဲ့ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။
~ ပန်းတွေဟာ မကြာမီနွမ်းခြောက်သွားတတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွားလို့ပါပဲ။
~ မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေးတွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။
~ အိမ်ကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ် ပါးရဲ့မေတ္တာကတော့ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။
ဤသို့ဖြင့် မိဘများအပေါ် စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေးအတွက် အတက်နိုင်ဆုံး စီမံဆောင်ရွက်ကာ ကျေးဇူးဆပ်သင့်သလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးဖြာနှင့်လည်း ပြည့်စုံအောင်ဆောင်ရွက်ပေးပြီး အမေ၏ နို့နှစ်လုံးဖိုးနှင့် အဖေ၏ ချွေးဖိုးကျေအောင် ဆပ်နိုင်သည့် သားကောင်းသမီးများ ဖြစ်ကြရအောင် ကြိုးစားကြပါစို့။…..။
“မေတ္တာစိတ်မြတ်၊ အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ…”
ကိုးကားချက်။ ။ “အသက်ပေးပြီးချစ်တဲ့ အမေ” ( အရှင်အာစာရလင်္ကာရ )။
“သာသနာ့အခြေခံ” ( ဦးသက်စိန် )။

အပြု၊ အဖျက်ဤနှစ်ရပ်ကို ပိုင်းခြားထင်ထင်သိမြင်ပါလော့..၊
ကျွန်တော်တို့တွေသည် ဗုဒ္ဓဘာသာဝင်ဟုခံယူလိုက်သည်နှင့် တပြိုင်နက် မိမိတို့သည် အမှန်တရားကိုသာ ခွန်အားသတ္တိဖြစ်ကြောင်း ယုံကြည်လက်ခံလျက် အမှန်တရားကိုသိမြင်ရေး အတွက် တက်စွမ်းသမျှကြိုးပမ်းအားထုတ်မည်ဟု စိတ်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှန်တရား (သစ္စာတရား)များ၊ ထိုတရားများကို ဖော်ထုတ်ဟောကြားသွားသော မြတ်ဗုဒ္ဓနှင့် ထိန်းသိမ်းစောင့်ရှောက်ဟောကြားသော သံဃာတော်များသည်သာ ကိုးကွယ်ရာ အစစ်ဖြစ်သည်ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံကြပါသည်။ ထိုသို့ဆိုလျင် ဘုရား၊ တရား၊ သံဃာ
ကလွဲပြီး အခြားသော အယူများကို အားထားနေစရာ အကြောင်းမရှိပါဘူး။ လူတွေက လတ်တလော အဆင်ပြေမှုကို လိုလားသောကြောင့် အခြားအယူအဆများလုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု မြင်မိပါသည်။ ထိုသူမျိုးမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ အခြေခံဖြစ်သော ကမ္မဿကတသမာဒိဋ္ဌိ ကိုပင်မရှိတာ ဖြစ်သွားပါမည်။ ဗုဒ္ဓမြတ်စွာ၏ တရားတွေကို မိမိတို့လုပ် ဆောင်ချက်နှင့်ပင် မိမိ၏တန်ဖိုးကို ဖြတ်ရာရောက်ပါသည်။ လူတွေ၏ ယုံကြည်မှုတွေမှာ အတုယောင်တွေ လွမ်းမိုးမှုကြောင့် အမှားများစွာဖြစ်ကြရသည်။ အားလုံးကိုအသေးစိတ်ပြောရရင် ပြောလို့မဆုံးဖြစ်ပါလိမ့်မည်။ ဆရာဝင်းသိန်းဦး ရေးသားသော “ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓမဝေဖန်” စာအုပ်မှ ကျွန်တော်ဖတ်ရှုသိသော အသိအနည်းငယ်ကိုသာ ရေးသားလိုက်ရပါသည်။
ယခုတွင် ဗုဒ္ဓမြတ်စွာဘုရားအားရှည်စူး၍ တည်ထားကိုးကွယ်သော စေတီတော်ရင်ပြင်ပေါ်တွင် ဘိုးတော်၊ ဘတော်၊ မယ်တော်၊ အစ်မတော် အမည်ခံ ၀ိဇ္ဇာဓိုလ်နှင့် နတ်များက ဘုရား နှင့်စင်ပြိုင် အကိုးကွယ်ခံနေကြသည်မှာ အမြင်မတော်မလှပါဘူး။ သူတို့အားကိုးကွယ်သူအချို့ ကပြောကြသည်။ ဤပုဂ္ဂိုလ်ကြီးများသည် ယခုဘ၀မှာပင် ၀ိပဿနာလမ်းကိုလိုက်၍ ကျင့်ကြံ အားထုတ်ပါက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို လျင်မြန်စွာရပြီး နိဗ္ဗာန်အားမျက်မှောက် ပြုနိုင်ကြသူများဖြစ်သည်။ သို့သော် အ၀ိဇ္ဇာလွှမ်း၍ မသိနားမလည် မိုက်မဲကြကုန်သော သတ္တ၀ါအပေါင်းကို သနားသက်ညှာလှသဖြင့် ထိုက်သင့်သူတို့အား ကယ်တင်စောင်မရင်း သာသနာပြုနေကြသူများဖြစ်သည်။ သတ္တ၀ါတို့အပေါ် မိဘ၊ ဆရာသမားသဖွယ် စောင့်မကြည့်ရှုနေသူများဖြစ်၍ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်ကြသည်။ ထို့ကြောင့်သူုတို့အား ကိုးကွယ် ဆည်းကပ်ထိုက်သည်ဟု ဆိုကြပါသည်။ (ဤနေတွင်သတိပြုရန်မှာ ရတနာမြတ်သုံးပါးနှင့် အနန္တော အနန္တငါးပါးတို့၏ ကွဲပြာခြားနားမှု ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ထိုက်သည်မှာ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသာ လျှင်ဖြစ်သည်။ နောက်လူတို့က မိဘနှင့်ဆရာပေါင်းထည့်ကာ အနန္တောအနန္တငါးပါးအဖြစ် သတ်မှတ်လိုက်သော်လည်း ရတနာသုံးပါးနှင့်တန်းတူထား ကိုးကွယ်ရန်မဟုတ်ပေ)။
မိဘနှင့်ဆရာသမားတို့အား ကျေးဇူးရှင်များအဖြစ် သတ်မှတ်ကာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်တို့နှင့်အညီ အရိုအသေပေး၊ အလုပ်အကျွေးပြုခြင်းဖြင့် ကျေးဇူးဆပ်ရန်သာဖြစ်သည်။ ရတနာမြတ်သုံးပါးနှင့်တန်းတူထား၍ ကိုးကွယ်ယုံကြည်ဆည်းကပ်ရန်ကား မဟုတ်ပေ။ ထို့ကြောင့်၎င်းတို့ပြောသလို သတ္တ၀ါများအပေါ် အမှန်တကယ်ကယ် တင်စောင့်ရှောက်နေသည်ပဲ ထားဦးတော့၊ စစ်မှန်သော ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်ကား ရတနာမြတ်သုံးပါးနှင့် တန်းတူထား၍ ကိုးကွယ်ဆည်းကပ်ရန် မလိုကြောင်း ထင်ရှားလှပါသည်။
တရံရောအခါက ဗာရာဏသီပြည်တွင် ၀ိဇ္ဇာဓိုလ်တစ်ဦးသည် ညဥ့်သန်းခေါင်ယံအချိန်၌ မိဖုရားကြီးအဆောင်တော်သို့ တန်ခိုးဣဒ္ဓိပါဒ်ဖြင့်ဝင်ရောက်ကာ ကာမဂုဏ်ကျူးလွန်ခဲ့သည်။ ထိုကိစ္စကို မင်းကြီးသိရှိသွားသဖြင့် ၄င်းအားလိုက်လံဖမ်းဆီးစေခဲ့ရာ ၀ိဇ္ဇာဓိုလ်သည် ရဟန်းအသွင်ဆောင်၍ သုသာန်အတွင်း၌ ညာခြေတစ်ဖက်တည်းနှင့်ရပ်ကာ မန္တာန်ရွတ်ဖတ်သရဇ္ဈာယ်ရင်း နေကိုရှိခိုးဟန်ပြုနေလေသည်။ ထိုရဟန်းတုအား မင်းချင်းများက လိုက်လံဖမ်းဆီးရာ ၀ိဇ္ဇာဓိုလ် တန်ခိုးဖြင့် ထွက်ပြေးလွတ်မြောက်သွားတော့သည်။ ထိုအချိန်မှစ၍ ရဟန်းစစ်နှင့် ရဟန်းတုမခွဲခြားတက်သော ဗြဟ္မဒတ်မင်းသည် ရဟန်းမှန်သမျှ မင်းပြစ်မင်းဒဏ်သင့်စေသဖြင့် ရဟန်စစ်များပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရရာ ကိုးကွယ်ရာမဲ့ဘ၀ ရောက်ခဲ့ရဖူးသည်။ (၀ိဇ္ဇာဓရဇာတ်၊ ဆက္က နိပါတ်၊ ဇာတက၀တ္ထု။)
ဤသည်ကား ၀ိဇ္ဇာဓိုလ်ဆိုတိုင်း ကိုးကွယ်ဆည်းကပ်လိုသူများအတွက် သတိပြုစရာ သာဓက တစ်ရပ်ပင်ဖြစ်သည်။ အချို့ကလည်း ၀ိဇ္ဇာဓိုလ်ဆိုသူများသည် သတ္တ၀ါအပေါင်းကို ကယ်တင်ရင်း နောင်ပွင့်မည့် အရိမေတ္တေယျ မြတ်စွာဘုရားကိုဖူးမြော်ရန် စောင့်ဆိုင်းနေကြသည်ဟုဆိုသည်။ ထိုသို့ကာလရှည်ကြာစွာ စောင့်ဆိုင်းနိုင်ရန်အတွက် ၄င်းတို့၏ သက်တမ်းကိုရှည်သည်ထက် ရှည်အောင်ကျင့်ကြံအားထုတ် နေကြသည်ဟုလည်း ဆိုကြပြန်သည်။ ဤသည်မှာလည်း ပညာဉာဏ်ရှိသူတို့ လက်ခံနိုင်စရာ အကြောင်းမရှိသော ဆင်ခြေတစ်ရပ်သာဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ အလိုအရမူ မတည်မြဲသော၊ ဆင်းရဲသော၊ အစိုးမရသော ဤလောကမှ တစ်စက္ကန့်စော၍ လွတ်မြောက်နိုင်လျှင်ပင် တစ်စက္ကန့်စော၍ ချမ်းသာသုခရပြီဟု မှတ်ယူရမည်သာဖြစ်သည်။ မိမိတို့မျက်မှောက်၌ပင် ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ တရားစစ်တရားမှန်တို့ ရှင်သန်ထွန်းကားနေပါလျက် မလိုက်နာမကျင့်ကြံသေးဘဲ နောက်ဘုရားအပွင့်ကိုစောင့်ဆိုင်းမည်ဆိုခြင်းမှာ ဉာဏ်ပညာနည်းသောလုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များကို သာသာသနာပြုနေကြသည်ဟု ပြောနေကြသူများသည်လည်း လူ“အ” များပင်ဖြစ်ပေမည်။
ဆရာတော်အရှင်သုမင်္ဂလက တရားထဲတွင် ဘိုးဘိုးအောင်၊ ဘိုးမင်ခေါင်တို့ အပါယ်ရောက်ကြောင်း ဟောကြားတဲ့အခါ၊ ထိုပုဂ္ဂိုလ်တွေရဲ့တပည့်က သူတို့ဆရာတွေဟာ ဗုဒ္ဓါနုဿတိပွား နေတာဖြစ်တယ်၊ အဲဒီပုဂ္ဂိုလ်တွေကို အပါယ်ရောက်တယ်လို့ ပြောနိုင်မလားဟု လျောက်ကြားသည်။ ထိုအချိန်မှာ ဆရာတော်က သူတို့ ဗုဒ္ဓါနုဿတိကို နှလုံးသွင်းပြီးသေတယ်လို့ အာမခံမလားမေးပါတယ်။ သူတို့ယူဆထားတဲ့အယူကိုက မမြဲတဲ့သဘော(အနိစ္စ)ကို မြဲတယ်(နိစ္စ) လို့ယူဆထားတဲ့အတွက် မိစ္ဆာဒိဋ္ဌိဖြစ်နေကြောင်း၊ မိစ္ဆာဒိဋ္ဌိတို့၏ သွားရာသည် အပါယ်ဖြစ်ကြောင်း ပြန်လည်ဟောကြားခဲ့ပါသည်။
ဤသို့ဖြင့် ကိုးကွယ်အားထားရာ မဟုတ်သော ပုဂ္ဂိုလ်များပေါ်တွင် မည်သည့်အကြောင်းနှင့်မျှ အားထားမှုမလုပ်သင့်ပါ။ မိမိတို့ကို လွမ်းမိုးနေသော အ၀ိဇ္ဇာ အမိုက်မှောင်ကို ဉာဏ်အလင်းဖြင့်ခွင်း၍ သာသနာကို စောင့်ရှောက်သင့်ပါသည်။ သာသနာကို စောင့်ရှောက်ဖို့သည်လည်း အားလုံး၏ အကျင့်ပေါ်မှာ မူတည်သည်။ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော တရားများကို လိုက်နာ ကျင့်သုံးနေကြသ၍ သာသနာသည်လည်း တည်တံ့နေမည်ဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓသာသနာဆိုင်ရာ သာသနိကအဆောက်အအုံတချို့တွင် ၀င်ရောက်နေရာယူလာကြသည့် ဘိုးတော်၊ ဘတော်၊ မယ်တော် များကိုဤအတိုင်းလက်ပိုက်ကြည့်နေပါက မသင့်တော်ပါ။ လူတိုင်းကိုသိစေချင်ပါသည်။ အသိတရားကိုလည်း ကျင့်စေချင်ပါသည်။
“စာဖတ်သူများ အသိအမြင်တိုးပွားကာ သာသနာအကျိုး၊ မိမိအကျိုး ဆောင်ရွက်နိုင်ကြပါစေ”
“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်..”

အရိပ်မဲ့ပန်း မနွမ်းစေချင်…၊
ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအတိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ
မေတ္တာ၊ ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေလုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံး နိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန မထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့ တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။
ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြတယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့ နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင်ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ တစ်ကယ်သာသနာပြု တယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာသနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့် စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင်.. ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှ မလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါ့ကြောင့် ကောင်းမှုဒါနလုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။
ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရသော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်တဲ့နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…
ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။
“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ၊ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့……………၊”
ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊
မန္တလေးတိုင်း၊
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။
ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင်….. မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)
စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)
ရေးသားတင်ပြသူ- အောင်ဦး

လူသားတို့ကြီးပွားတိုးတက်ရေး ကျင့်စဉ်(၇)သွယ်။
ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြသော ဘာသာရေးခေါင်းဆောင်တို့က လောကလူသားတို့ ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင် မိမိတို့ရှု့ထောင့်အသီးသီးကနေ ဟောပြောညွှန်ပြခဲ့ကြပါသည်။ ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဓသည် ပစ္စုပ္ပန်လက်တွေ့ လောကကြီးပွားချမ်းသာတိုးတက်ရေး၊ တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက်ရေး၊ နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက် နည်းလမ်းများ၊ ကျင့်စဉ်များကို သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊ ၀ိနည်းဒေသနာဖြင့်တစ်သွယ်၊ အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့် လမ်းညွှန်ဟော ကြားခဲ့ပါသည်။
ဂေါတမဗုဒ္ဓက“အတ္တဟိ အတ္တနော နာထော” မိမိကိုယ်ကို အားကိုလုပ်ပါ၊ ဆုတောင်း၍မရ လုပ်မှရမည်။ လုပ်ရာတွင်ကံ၊ ဉာဏ်၊ ၀ိရိယ၊ ဉာဏ်နှင့်ယှဉ် လုံ့လ၀ိရိယဖြင့် ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။ ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန၊် တမလွန် ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုးအစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံးချမ်းမြေ့ငြိမ်းအေးရာ နိဗ္ဗာန်သို့ရောက်မည်ဟု ဟောကြားထားပါသည်။ ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁) ထကြွလုံ့လရှိရမည်။
(၂) သတိရှိရမည်။
(၃) စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄) စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅) စောင့်စည်းသောဣနြေ္ဒရှိရမည်။
(၆) တရားသဖြင့် အသက်မွေးရမည်။
(၇) မမေ့မလျော့ရှိရမည်။
ထကြွလုံ့လလုံမှု၊
လောကီလောကုတ်နှစ်ဖြာသော အကျိုးစီးပွားကို အလိုရှိကြသော သူတို့သည် ထကြွလုံ့လရှိမှု၊ ကြိုးစားဆောင်ရွက်မှု၊ အားထုတ်ထက်သန်မှုများ ရှိရန်အထူးလိုအပ်လှပါသည်။ ပျင်းရိသောသူအား အဘယ်မှာ အတက်ပညာတက်ပါအံ့နည်း။ အတက်မရှိသောသူအား ဥစ္စာဘယ်မှာ ရပါအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရပါအံ့နည်း။ အဆွေခင်ပွန်းမရှိသော သူအား ချမ်းသာအဘယ်မှာ ရပါအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာရှိပါအံ့နည်း။ ပညာရှာရာတွင်ဖြစ်စေ။ ဥစ္စာရှာရာတွင်ဖြစ်စေ၊ ကုသိုလ်ရှာရာတွင်ဖြစ်စေ၊ လုံ့လ၀ီရိယ ဇွဲသတ္တိသည် လိုအပ်သည်သာဖြစ်ပါသည်။ ထိုသို့ရှိပါမှ ဥစ္စာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိခံစား ကြရပါမည်။
သတိရှိခြင်း၊
သတိဟူသည် ပိုသည်မရှိ၊ လိုသည်သာ ရှိပါသည်။ မိမိ၏လုပ်ငန်းတစ်ခုကောင်း၊ မကောင်း၊ သင့်၊ မသင့်၊ တော်၊ မတော်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်ဆောင်ရွက်ကြရာဝယ် သတိတရားသည် အလွန်လိုအပ်ပါသည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူမြင်သည်ဟူ၍ ပညာရှိတို့ ဆိုထားပါသည်။ မတက်ကျွမ်း၊ နားမလည်သေးသောအလုပ်များကို လုပ်ကိုင်ဆောင်ရွက်ကြရာဝယ် တက်ကျွမ်းနားလည်မှုရရှိအောင် သတိထား၍ ကြည့်ရှုလေ့လာစူးစမ် ဆင်ခြင်ရပါသည်။ ဗိုလ်ငါးပါးတွင် အထိန်းအချုပ်အင်အားအဖြစ် အမြဲလိုအပ်နေသော လက်ကိုင်စွဲတရား ဖြစ်ပါသည်။
စင်ကြယ်စွာဆောင်ရွက်ခြင်း၊
ဘ၀၏ပညာရေး၊ ကြီးပွားရေး၊ တိုးတက်အောင်မြင်နိုင်ရေးအတွက် ကာယကံ၊ ၀စီကံ၊ မနောကံ များသည် အဓိကအရေးကြီးဆုံးသော သော့ချက်ကြီးများ ဖြစ်ကြပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စင်ကြယ်စွာ မှန်မှန်ကန်ကန်ဆောင်ရွက်သူများသည် ကောင်းသောအကျိုးကျေးဇူးကို ရရှိရာတွင် အချိန်ကြာမြင့်မှရတက်ပါသည်။ သို့သော်အကျိုးပေးချိန်ရောက်သော် ကြာရှည်စွာ အကျိုးပေးတက်သော သဘောရှိပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံ စင်ကြယ်စွာမရှိ ကောက်ကျစ်လိမ်ညာ၍ ပြုမူ၊ ပြောဆို၊ ကြံစည်သူတို့သည် တစ်ခါတစ်ရံ အပေါ်ယံ တခဏချင်းအားဖြင့် အကျိုးရရှိသည်။ အကျိုးပေးကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြာရှည်မခံပေ၊ အကျိုးပေးမမြဲပါ။ ရေရှည်အားဖြင့် အခံရဆိုးသော စိတ်ညစ်စိတ်ဆိုး ဖွယ်ရာသာယာမှုမရှိသော ဆိုးကျိုးကိုသာ ရရှိပါသည်။ ထို့ကြောင့် တခဏ အကျိုးကိုသာ မကြည့်ရ။ ရေရှည်အကျိုးကိုကြည့်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်တို့ကို ရှောင်ကြဉ်ရ မည်ဟူ၍ ဗုဒ္ဓကဟောကြားထားခြင်း ဖြစ်ပါသည်။ လူ၏စိတ်သည် “ပါပသ္မိံရမတိ မနော” မကောင်းမှု၌ မွေ့လျော်တက်သည်ဖြစ်၍ ကာယကံ၊ ၀စီကံ၊ စင်ကြယ်ဟန် ဖြောင့်မတ်ဟန်ရှိ သော်လည်း မနောကံမှုကား ဖြောင့်မတ်ရန် ခဲယဉ်းလှပါသည်။ လိမ်ညာကောက်ကျစ်သော စိတ်၊ သူတစ်ပါးကို မနာလိုသောစိတ်၊ သူတစ်ပါးကို မရစေချင်၊ မိမိသာရလိုသော ၀န်တိုစိတ်၊ ထောင်လွားသောစိတ်တို့သည် အပြင်ကမမြင်နိုင်သော်လည်း မျက်စိတ်တမှိတ် လျှပ်တပြက် အတွင်းဖြစ်ပေါ်တက်သဖြင့် စိတ်စင်ကြယ်မှုကို အထူးသတိထားကြရသည်။
စူးစမ်းဆင်ခြင်ခြင်း၊
အချိန်အခါနှင့် အခြေအနေကို စပ်ဟပ်၍ စိစစ်စူးစမ်းဆင်ခြင်ခြင်းသည် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ပြီး လိုအပ်သောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ အဘိဓမ္မာသဘာဝအရ ပညိနြေ္ဒစေတသိတ်နှင့်ယှဉ်၍ စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပညာစေတသိတ်ရှင်သန်အား ပြင်းစေရန် ပညာရှိသူတော်ကောင်း လူလိမ္မာများနှင့် ပေါင်းသင်းဆက်ဆံ၍ ပညာဗဟုသုတတို့ကို ဆည်းပူးထားရပါမည်။ ထိုသို့ပညာရှိပြီး ပညာနှင့် စူးစမ်းဆင်ခြင်တက်သော် မိမိလိုအပ်သော အကျိုးများ ပြီးစီးစေနိုင်ပါသည်။
ဣနြေ္ဒစောင့်စည်းခြင်း၊
သက်ရှိသတ္တ၀ါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒ(၆)ပါးရှိသည်။ ပစ္စုပ္ပန်ဘ၀ နောင်တမလွန် ဘ၀သံသရာ အဆက်ဆက် ဘ၀ကောင်းကျိုးချမ်းသာများကို ရရှိခံစားကြသောသူတိုင်း ဣနြေ္ဒ(၆)ပါးကို သူ့နေရာနှင့်သူ ထိန်းကွပ်စောင့်စည်းတက်ရပါမည်။ အရေးကြီးသော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နေစဉ်အတွင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအာရုံတို့ကို တပ်မက်မှုနည်းနိုင်သမျှ နည်းပါးရပါမည်။ တစ်ဘက်က ထိုအာရုံများကို စွဲမက်လိုက်သည်နှင့် တပြိုင်နက်ထဲ မိမိလုပ်ငန်းဆောင်ရွက်မှုများအပေါ်၌ စူးစိုက်မှုအားနည်းသွားတက်၍ လုပ်ငန်းအောင်မြင်မှု နှောင့်နှေးသွားတက်ပါသည်။
တရားသဖြင့်အသက်မွေးခြင်း၊
မတရားသဖြင့် အသက်မွေးမှုတွင် တစ်ခါတစ်ရံအကျိုးတရားကား ရလွယ်ကောင်း၏။ သို့သော် ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးနိုင်ပါသည်။ မတရားပြုထားက စိုးရိမ်ပူပန်ရသည်။ မိမိပြုသော မကောင်းမှုကံက တစ်ချိန်ချိန်တွင် မကောင်းကျိုးပြန်ပေးမည်သာဖြစ်သည်။ မိမိကာယ၊ ဉာဏ လုပ်အားဖြင့် ထိုက်သင့်သောအကျိုးအမြတ်ကိုသာ ယူရပါမည်။ အပြစ်ရှိ၍ အကောင်းကျိုးကို ဖြစ်စေသော အကုသိုလ်လုပ်ငန်းနှင့် အနိုင်အထက်ပြု၍ မတရားပြုကာ စားသုံးခြင်း၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်း၊ လုပ်အားစိုက်မထုတ်ဘဲ အချောင်ခိုရေသာလိုက်၍ အကျိုးအမြတ်ကို အဓမ္မရယူခြင်းသည် မတရားသော အသက်မွေးမှုများဖြစ်ကြပါသည်။ ယခင်ကောင်း၍
ယခုကောင်းသည်။ ယခုကောင်းမှနောင်ကောင်းမည်ဟု ဆိုသကဲ့သို့ ယခုပစ္စုပ္ပန်လုပ်ရပ်များက အပြစ်ကင်း၍ ကောင်းကျိုးပေးနိုင်သော ကုသိုလ်လုပ်ငန်းများဖြစ်လျှင် နောင်အခါအကျိုးပေးရာတွင်လည်း ကောင်းကျိုးများ ရနိုင်ပါသည်။
မမေ့မလျော့ခြင်း၊
ပညာရပ်များကို လေ့လာဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ ကျွမ်းကျင်မှုလုပ်ငန်းရပ်များ စူးစမ်းရှာဖွေ မှတ်သားရသော ပညာရပ်များ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာနေသော လုပ်သားများတို့သည်လည်းကောင်း၊ မိမိလုပ်ငန်းဆိုင်ရာ သင်ပြီး၊ တက်ပြီး၊ သိပြီးသောအချက်လက်များ မမေ့မလျော့စေရန် သတိမူနေစေရန် အလေ့အကျင့် ပြုဖန်များနေရပါမည်။ ကျွမ်းကျင်မှုရှိအောင် ထပ်ခါတလဲလဲ လေ့ကျင့်ပြုလုပ်ရပါမည်။ လောကတွင် မတက်ကျွမ်းသေးသော ပညာရပ်များ၊ နားမလည်သေးသော လုပ်ငန်းများ ဆက်လက်လေ့လာစရာ သိစရာပညာရပ်များ များစွာရှိနေပါသည်။ ထိုအရာများကို တက်ကျွမ်းနားလည်နိုင်သမျှ တက်ကျွမ်းနားလည်စေရန် ဂရုပြုမှတ်သားရမည်။ ပေါ့ပေါ့တန်တန် အမှုမဲ့ အမှတ်မဲ့ မနေရပါ။ အမြဲမမေ့မလျော့အောင် ကြိုးစားလေ့ကျင့် သင်ယူနေရပါမည်။ ရှင်မဟာရဋ္ဌသာရဆုံးမစာ၌ မိမိသိရှိပြီးသော ဗဟုသုတများ မမေ့မပျောက်စေရန်-
သုဏေယျ- ပညာဗဟုသုတများကို ကြားနာရမည်။
စိန္တေယျ- ကြောင်းကျိုးဆက်စပ် ကြံစည်ရမည်။
ပုစ္ဆေယျ- မှန်၊ မမှန်ပညာရှိများထံ ချဉ်းကပ်စုံစမ်းရမည်။
ဘာသေယျ- တက်ကျွမ်းသူများနှင့် ပြောဆိုဆွေးနွေးရမည်။
ဝိစာရေယျ- စေ့စပ်သေချာစွာ စီစစ်တက်ရမည်။
လိခေယျ- ရေးသားမှတ်သားရန်လိုက ရေးသားမှတ်သားရမည်။
သိက္ခယျ- လက်ထပ်သင်ကြားရန်လိုက သင်ကြားရမည်။
ဓာရေယျ- အာဂုံဆောင်ထားသင့် ဆောင်ထားရမည်။
ဤသို့လျှင် ဘုရားရှင်ဟောကြားခဲ့သော ဂါထာတော်အရ ဆောင်ရွက်ကျင့်ကြံလုပ်ကိုင်ရမည့် အချက်(၇)ချက်နှင့် ညီညွတ်စွာ လုပ်ကိုင်ကျင့်ကြံသော် အလုပ်ဟူသမျှ မုချအောင်မြင်ပြီး ကြီးပွားချမ်းသာကြမည်သာ ဖြစ်ကြပါသည်။
ထို့ကြောင့် ဘုရားဟော ထို(၇)ချက်ကို သေချာစွာစဉ်းစားပြီး ကြိုးစားအားထုတ်နိုင်ကြပါစေ။
မဟာသဒ္ဓမ္မဇောတိကဓဇ
တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)
၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ် ထေရ၀ါဒဓမ္မစာစောင် မှ ရေးသားလိုက်ပါသည်။

သာသနာသည် အဆောက်အအုံ မဟုတ်၊
ဗုဒ္ဓဘုရား၊ ပွင့်ငြားပေါ်လာ၊
ဟောကာညွှန်ကြား၊ တရားဒေသနာ၊
အကုသလ၊ ကုသလဓမ္မာ၊
သိခွင့်ထူး၊ ကျေးဇူးကြီးလှတာ။
~~~
ဘုရားဂုဏ်ထူး၊ ကျေးဇူးကိုရှာ၊
ဘယ်လိုနည်းနဲ့၊ အပြီးဆပ်မှာ၊
ပရိယတ်နှင့်၊ ပဋိပတ်နှစ်ဖြာ၊
မပြတ်ပွား၊ ဆပ်ငြားကျေးဇူးသာ။
~~~
သာသနာထဲ၊ ကြုံခဲကြုံလာ၊
ကြုံပါသော်လည်း၊ ပြုခဲပေရှာ၊
သတိရလို့၊ သိကြသော်သာ၊
ခွင့်သာခိုက်၊ ပြုလိုက်သာသနာ။
သာသနာပြုသည်ဆိုရာမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး လှူဒါန်းမှုပြုနေခြင်းမဟုတ်ပါ။ ယနေ့လူအတော်များများက ထိုကုသိုလ်အလုပ်ကိုပင် သာသနာပြုသည်ဟု ထင်မှတ်နေကြသည်။ ထိုအလုပ်များကို အကျိုးမရှိဟု ပြောခြင်းမဟုတ်ပါ။ သာသနာပြုခြင်း အစစ်မဟုတ်ဟုသာ ပြောခြင်းဖြစ်သည်။ တကယ့်သာသနာတည်မြဲအောင၊် ပြန့်ပွားအောင်၊ သန့်ရှင်းအောင် လုပ်ဖို့ဆိုတာ အဆောက်အအုံကြီးတွေက တက်နိုင်တာမဟုတ်ပါ။ ပရိယတ္တိသာသနာနှင့် ပရိပတ္တိကိုအခြေခံသော လမ်းမှန်သည့် ပဋိပတ္တိသာသနာကသာ သာသနာကို အရှည်တည်မြဲအောင် လုပ်နိုင်မှာဖြစ်ပါသည်။ ဥပမာ- ဒုတိယသင်္ဂါယနာတင်တဲ့အချိန်တုန်းက ဘုရားနှင့်တကွ ရဟန္တာကြီးများ သီတင်းသုံးနေထိုင်သွားတဲ့ သာဝတ္ထိဇေတ၀န် ကျောင်းတိုက်တော်ကြီး၊ ပုဗ္ဗာရုံ ကျောင်းတိုက်ကြီးများနှင့် ရာဇဂြိုလ်ပြည်က ဝေဠုဝန်ကျောင်းတော်ကြီးများက ထင်ရှားစွာကိုယ် စားပြုတဲ့ ပုဂ္ဂိုလ်ကြီးများပါတာ မတွေ့ရပါဘူး။ အကျင့်သီလနဲ့နေတဲ့ အခြားသော သာသနာ့ဝန်ဆောင် ရဟန်းတွေသာ ဦးဆောင်ပြီး သာသနာကို စောင့်ရှောက်တော်မူခဲ့ကြတာ တွေ့ရပါသည်။ ယခုခေတ်ကြည့်ရင်လည်း အင်ဒိုနီးရှားတို့၊ အာဖဂန်နစ္စတန်တို့ အစရှိတဲ့ နိုင်ငံတွေက အိန္ဒိယပြည်ကြီး တစ်ပြည်လုံးအနှံ့၊ ပါကစ္စတန် အစရှိတဲ့ ပြည်များမှာ ကျောက်စာ သုတေသနဋ္ဌာန အသီးသီးက ရှာဖွေတူးဖော်ကြရာ တစ်ပြည်လုံးအနှံ့ ဗုဒ္ဓနှင့်ဆိုင်ရာ ရုပ်ထုတော်များ၊ ပစ္စည်းများ၊ အဆောက်အအုံကြီးများ၊ စေတီကြီးများကိုတွေ့ရသော်လည်း ပြည်သူအများမှာ ဗုဒ္ဓဘာသာဟူ၍ တစ်ယောက်မျှပင် မတွေ့ရလောက်အောင် ရှိနေပြီမဟုတ်ပါလား။ ထို့ကြောင့် သာသနာတည်ဆောက်ဖို့ဆိုတာ အဆောက်အအုံတွေတိုးအောင်၊ ခံ့ညားအောင် လှပအောင် ပြုနေခြင်းသည် အဓိကမဟုတ်ပါ။ အများနားလည်နိုင်သော ပရိယတ္တိစာပေများ ပြန့်ပွားခြင်း၊ စာပေပရိယတ္တိ မှန်ကန်သော တရားတော်များကို လေ့လာနိုင်ခွင့်ရခြင်း၊ ကျင့်သုံးနေကြခြင်းသည်သာ ပဓာန ဖြစ်သည်။ ဤသို့ဆိုလျှင် ပရိယတ္တိ၊ ပဋိပတ္တိသာသနာသည်သာ လျှင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ ပြန့်ပွားစေမည့် အဓိကအကြောင်းဖြစ်သည်။ ထို့ကြောင့် ပရိယတ္တိစာပေများကို မိမိတို့ကိုယ်တိုင် လေ့လာသိရှိထားဖို့ လိုအပ်ပါလိမ့်မည်။ ထို့အပြင် ပရိယတ်၊ ပဋိပတ် သင်ယူနေကြသော သံဃာတော်အရှင်မြတ်များကို မိမိတို့တက်အားသ၍ လှူဒါန်းမှုပြုလုပ်ခြင်း၊ လူအများတရားသိစေဖို့ တရားပွဲများပြုလုပ်ခြင်းသည်သာ သာသနာအတွက် ပိုမိုအရေးပါမည် ထင်မိပါသည်။
“စာဖတ်သူများ အသိအမြင်မှန်ရရှိကာ သာသနာအကျိုး၊ မိမိအကျိုးသယ်ပိုးနိုင်ပါစေ”
“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…။”
ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

ဘ၀အနှစ်သာရနှင့် ဘာသာအနှစ်သာရ…၊
ကျွန်တော်တို့တွေသည် ရခဲလှသော လူ့ဘ၀ကို ရရှိနေချိန်အတွင်း ဘ၀အနှစ်သာရ ကို ထုတ်ယူတက်ရန်လည်း အရေးကြီးပါသည်။ လူအများစုသည် မိမိတို့ဘ၀ စား၊ ၀တ်၊ နေရေး အတွက် စီးပွားရှာခြင်း၊ အလုပ်လုပ်ခြင်း များဖြင့်သာ အချိန်ကို အားလုံးအသုံးပြုနေကြပါသည်။ တကယ့် ဘ၀၏ အနှစ်သာရဟူသည် ကုသိုလ်တရားပင်ဖြစ်ပါသည်။ ပုထုဇဉ်၏စိတ်သည် အိပ်ပျော်နေချိန်မှတစ်ပါး ကုသိုလ်စိတ် (သို့မဟုတ်) အကုသိုလ်စိတ် တစ်မျိုးမျိုးက အမြဲတမ်းဖြစ်နေရသည်။ ကုသိုလ်စိတ်
များများဖြစ်ခြင်းသည် ဘ၀အနှစ် များများရခြင်းဖြစ်၏။ သနပ်ခါးပင်သည် နှစ်ကြာ လေလေ အနှစ်များပြီး အဖိုးတန်လေဖြစ်သကဲ့သို့ပင် မိမိဘ၀ကိုလည်း ထို့အတူဖြစ် အောင်ကြိုးစားရမည်။ ဘ၀၏အနှစ်သာရများကို ဖော်ပြရင်းပင် ထေရ၀ါဒဗုဒ္ဓဘာသာ၏ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်များ တစ်ဆက်တည်း ပါဝင်သွားပါလိမ့်မည်။ ဘ၀၏အနှစ်သာရသုံးပါးကို…၊
“စည်းစိတ်ဥစ္စာ၊ အနှစ်ရှာပြုပါ ဒါနမှတ်၊
မိမိခန္ဓာ အနှစ်ရှာ၊ စောင့်ပါသီလမှတ်၊
အသက်ဇီဝါ အနှစ်ရှာ၊ ဘာဝနာဟုမှတ်၊
လှူပါ၊ စောင့်ပါ၊ ပွားများပါ၊ သုံးဖြာအနှစ်မှတ်”။
ဟူသော လင်္ကာအတိုင်း မှတ်သားရပါမည်။ ထိုသုံးပါးတို့တွင် စည်းစိမ်၏အနှစ်သာရကား ဒါနပြုခြင်းဖြစ်၏။ တချို့က ဒါနကို သံသရာရှည်စေတက်သော တရားဟုပြောတက်ကြပါသည်။ အမှန်တော့ ဒါနကား သံသရာမရှည်ပါ။ ဒါနပြုပြီး ဘုံဘ၀တွေ၊ လောကီစည်းစိမ်ချမ်းသာတွေကို တမ်းမက်သော တဏှာသည်သာလျှင် သံသရာကို ရှည်စေတက်ပါသည်။ ဒါနဟူသည် လောဘတဏှာကို ပါးသထက်ပါးစေသော အစွမ်းသတ္တိရှိသည်။ ငွေတစ်ထောင်ကို ပေးလှူလိုက်သော အလှူရှင်သည် ထိုငွေတစ်ထောင်အပေါ် တွယ်တာတပ်မက်သော လောဘတဏှာကို ပယ်သတ်နိုင် သောကြောင့်ဖြစ်သည်။ လူတစ်ဖက်ခန့်ရှိသော သစ်ပင်ကြီးတစ်ပင်ကို ဖြစ်ကြရာ၌ အဆင့်မြင့်သော စက်လွှနှင့်ဖြတ်လျှင် မြန်မြန်ပြတ်၏။ စက်လွှမပြောနှင့် ငမန်းစွယ်လွှကိုပင် မ၀ယ် နိုင်သော တောသူတောင်သားများကား ရဲဒင်းဖြင့်သာ ဖြည်းဖြည်းချင်း ဖြတ်ကြရသည်။ လက်နက်၏စွမ်းအားအလိုက် အနှေးနှင့်အမြန် ဖြတ်နိုင်မှုကား ကွာခြားပေလိမ့်မည်။ ထို့အတူ တဏှာ(လောဘ၊ လိုချင်တမ်းမက်မှု) ကိုပယ်သတ်ကြရာ၌ ရဲဒင်းနှင့်တူသော ဒါနဖြင့်ပယ်သတ်သူလည်းရှိသည်။ စက်လွှနှင့်တူသော မဂ်တရားဖြင့်ပယ်သတ်သူလည်းရှိသည်။ ဒါနဖြင့်လောဘကို ပယ်သတ်နေသူကို မဂ်တရားဖြင့် မပယ်သတ်ရကောင်းလောဟု အပြစ်မတင်အပ်ပေ။ အပြစ်ရှိသူကို သာလျှင် အပြစ်တင်ရသည်။ အကယ်၍ ပြစ်တင်ကဲ့ရဲ့လျှင်လည်း အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရှိတဲ့ မစ္ဆရိယတရားဟာ အင်မတန်စက်ဆုပ်ဖို့ကောင်းတယ် စသောအားဖြင့် ကဲ့ရဲ့ရှုတ်ချရသည်။ အဲဒီပုဂ္ဂိုလ်ကတော့ နှမြောတယ် စသောအားဖြင့် လူကို ရည်ရွယ်၍ မပြောကောင်းပေ။ ယခုဘ၀၊ ယခုအချိန်မှာပင် ဘာသာတရားရဲ့ အနှစ်သာရကို သိပြီး ဒါန၊ သီလမှသည် မင်္ဂဉာဏ်၊ ဖိုလ်ဉာဏ် ထိရောက်အောင် ၀ိပဿနာဘာဝနာ အလုပ်ကိုလည်း မလွဲမသွေလုပ်ဆောင်ရပါမည်။ တချို့က ကောင်းတာလုပ်နေသော်လည်း ရခြင်းမကောင်းတာမျိုး ရှိတက်သည်။ ဒီအချက်ကို ပိုင်းခြားသိဖို့ အလွန်အရေးကြီးပါသည်။ စကားပုံလေးတစ်ခုနှင့် နှိုင်းယှဉ်ပါမည်။ “ဗောဓိပင်ပျိုးတော့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးတော့ ရွှေအိုးရတဲ့”။ “ဗောဓိပင်ပျိုး တော့ ခြေကျိုးရ” ဆိုတာ လူတစ်ယောက်ဟာ အများသူငါ ကုသိုလ်ပွားဖို့အတွက် ဗောဓိပင်စိုက်တယ်၊ အဲင်္ဒီလို ဗောဓိပင်ပျိုးတဲ့ အခါကျမှ တိုင်တစ်လုံးက ခြေထောက်ပေါ်ကျပြီး ခြေကျိုးသွားရတယ်။ အပေါ်ယံအမြင်တော့ ကုသိုလ်လုပ်လို့ ခြေထောက်ကျိုးရသလို ဖြစ်သွားတာပေါ့။ တကယ်တော့ အဲလိုမဟုတ်ပါ။ အဲဒီလူဟာ တကယ်လို့ဗောဓိပင်ပျိုးတဲ့ကုသိုလ်သာ မလုပ်ဘူးဆိုရင် သူဟာသေရမှာပါ။ သေရမဲ့ အကုသိုလ် ကံ ရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိပင်ပျိုးတဲ့ ကုသိုလ်ကို အားထုတ်လိုက်တဲ့အတွက် သေရမယ့်ဆိုးကျိုးကနေ ခြေထောက်ကျိုးရတဲ့ ဆိုးကျိုးကိုလျော့သွားတာပါ။ “ဗောဓိကိုင်းချိုးတော့ ရွှေအိုးရ” ဆိုတာ လူတစ်ယောက်ဟာ ဘုရားနဲ့မခြား အများကိုးကွယ်နေကြတဲ့ ဗောဓိပင်က အကိုင်းတစ်ကိုင်းကို ချိုးပစ်လိုက်တယ်။ အဲဒီလို ချိုးပစ်လိုက်ခါမှ ဗောဓိပင်ပေါ်က ရွှေအိုးတစ်လုံးကျလာပြီးရသွားလို့ ချမ်းသာသွားပါတယ်။ ဒီမှာလည်း အပေါ်ယံကြည့်မယ်ဆိုရင်တော့ အကုသိုလ်လုပ်ခါမှ ကောင်းကျိုးပေးပြီး ချမ်းသာသွားသလို ဖြစ်နေတာပေါ့။ အမှန်က အဲဒီလူဟာ ဗောဓိပင်ကိုင်းချိုးတဲ့ အကုသိုလ်သာ မလုပ်ဘူးဆိုရင် ရွှေအိုးအလုံးပေါင်းမရေတွက် နိုင်အောင်ရရှိမယ့် ကုသိုလ်ကံတွေရှိနေပါတယ်။ ဒါပေမဲ့ ဗောဓိကိုင်းကိုချိုးတဲ့ အကုသိုလ်ကို ပြုလုပ်မိတဲ့အတွက် ကုသိုလ်အကျိုးတွေလျှော့သွားပြီး ရွှေအိုးအလုံးပေါင်းများစွာမရဘဲ တစ်လုံးသာရတာပါ။ အကုသိုလ်နှင့် အကျိုးပေးတယ် ဆိုသူများ ဒုတိယစကားပုံလေးကို သင်ခန်းစာများများယူသင့်ပါသည်။ ထို့ကြောင့် မိမိတို့တွေသည် ဘာသာတရား၏ အနှစ်သာရ ဖြစ်သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အလုပ်တွေကို အမြဲလုပ်ဆောင်နေသင့်သည်။ ကောင်းမှုလုပ်နေသူ အဖို့ကောင်းကျိုးဆိုတာ ရှိနှင့်ပြီးသားပါ။ ယုံယုံကြည်ကြည်၊ လေးလေးစားစား လိုက်ပါလုပ်ဆောင်ကြပါ။
တစ်ခဏဖြစ်ရ၊ လူ့ဘ၀မှာ အနှစ်သာရရှိအောင်ကြိုးစား အားထုတ်ခြင်းဖြင့်၊ ဒုက္ခခပ်သိမ်းငြိမ်းအေးရာ နိဗ္ဗာန်သို့တိုင်အောင် တက်လှမ်းနိုင်ကြပါစေ…။
မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်ကို ကိုးကားရေးသားပါသည်။

ကျေးဇူးကြီးလှ မြတ်ဓမ္မ...
စာဖတ်သူ အစ်ကို တစ်ယောက်မှ ပေးပို့လာသော စာမူကို မူရင်းအတိုင်းဖော်ပြလိုက်ရပါသည်။
ဤကိုယ်တွေ့ဖြစ်ရပ်မှန် စာစုကို မြတ်စွာဘုရားအား ကျေးဇူးဆပ်သည့်အနေဖြင့် ရေးပါသည်။
ဤစာရေးသူသည် အာရုံစူးစိုက်မှု လျော့နည်းကျဆင်းခြင်းရောဂါဟု မြန်မာ အဓိပ္ပာယ်ရှိသော ADHD ရောဂါကို ငယ်စဉ် ကလေးဘ၀ကတည်းက ခံစားခဲ့ရသူ ဖြစ်ပါသည်။
ရောဂါ၏ ထိုးနှက်ခြင်းကို သိသိသာသာ ခံစားလာရသည်မှာ ၁၀ နှစ်အရွယ် ကတည်းက ဖြစ်ပါသည်။ ရလဒ်မှာ အတန်းထဲတွင် အမှတ်များ ကျဆင်းလာခြင်း၊ ပညာရည်ချွန်ဆုများ မရတော့ခြင်း၊ အာရုံမစိုက်နိုင်သဖြင့် ဆရာ စာသင်လျှင် ဘာသင်မှန်း လိုက်မမှတ်နိုင်ဘဲ စိတ်ပြန့်လွင့်နေခြင်းများ ဖြစ်ပါသည်။
ငယ်စဉ်က မိဘများက အိမ်ပြင်ထွက်၍ အိမ်နီးချင်း ကလေးများနှင့် ရောနှော ဆော့ ကစားသည်ကို မနှစ်သက်သဖြင့် အိမ်ခန်းထဲမှာသာ နေစေခြင်း၊ အိမ်ထဲတွင်လည်း ဆော့ကစားသည်ကို ခွင့်မပြုခြင်းတို့ကြောင့် အထီးကျန်ကာ အိမ်ခန်းကျဉ်းထဲတွင် အချိန်ပြည့် ဟိုငေးဒီငေး လုပ်နေရရင်း ထိုရောဂါ ကြီးထွားလာရခြင်း ဖြစ်ပါသည်။ ကြီးပြင်း၍ သိရှိလာသောအခါ မိမိ ဘ၀ကံ ၀ဋ်ကြွေးဟုသာ နားလည်လိုက်ရပြီး အကျိုးဆက်ကို မသိ၍ စည်းကမ်းချုပ်ချယ်မိသော မိဘများကိုလည်း အပြစ်မတင် တော့ပါ။ သို့သော် သားသမီးကို ချစ်လွန်း၍ အခြားကလေးများနှင့် ပေးမရောနှော ခြင်း၊ အိမ်ထဲမှာသာ နေစေခြင်းတို့ကို ပြုမိသည့် ငယ်ရွယ်သူ မိဘအချို့ကို စာရေးသူ၏အဖြစ်ဆိုးဖြင့် သတိပြုစေလိုပါသည်။
၁၀ တန်းမှာရော တက္ကသိုလ်မှာရော တဖုန်းဖုန်း ကျပါသည်။ စာကျက်မရကြောင်း၊ အာရုံစိုက်မရကြောင်း မည်သူ့ကို ပြောပြ အကူအညီတောင်းရမှန်းလည်း မသိ။ ပြောပြစရာ လူလည်း မရှိပါ။ ကိုယ်စိတ်ဆင်းရဲ ကြီးစွာ ခံခဲ့ရပါသည်။
အသက် ၃၀ ကျော်သောအခါ ADHD ကြောင့် ကြာလေ ဒုက္ခရောက်လေ ဖြစ်လာပါ သည်။ အာရုံစိုက်မှု အားမကောင်း၊ စိတ်အမြဲပြန့်လွင့်နေသဖြင့် အလုပ်နောက်ကျ ခြင်း၊ ပြုဖွယ်ကိစ္စများ အချိန်မီ မပြီးခြင်းများ ကြုံရပါသည်။
သံဃာတော်များ၊ တရားဓမ္မ တတ်ကျွမ်းနားလည်သည့် ဆရာကြီးများ ရေးသား သော တရားစာအုပ်များကို ဖတ်ရှုရ၊ တရားခွေများကို နာကြားရသည့် အခါ ကံ ကံ၏ အကျိုး ဆိုသည်ကို သိနားလည်လာပါသည်။ တရားစခန်း ရိပ်သာများသို့ ၀င်ရောက်၍ တရားထိုင်သောအခါ စိတ်ပိုကြည်လင်သန့်ရှင်းလာပြီး အကြောင်း အကျိုးကို ပို၍ ပိုင်းခြားဆင်ခြင်နိုင်လာပါသည်။ ဆရာဝန်များ သတ်မှတ်ထားသော ADHD ရောဂါသည် တရားဓမ္မ နယ်ပယ်တွင် သမာဓိအားနည်းခြင်းအဖြစ် အကျုံးဝင် ကြောင်း သိလာပါသည်။
ယခုလို နာတာရှည် ADHD ရောဂါသည် ဖြစ်ရခြင်းမှာ ယခင်ဘ၀က သူတပါးကို သမာဓိပျက်အောင် လုပ်ခဲ့မိခြင်း၊ စိတ်ပြန့်လွင့် အာရုံမစူးစိုက်နိုင်အောင် နှိပ်စက်ခဲ့ မိခြင်း (အနှောင်အကျဉ်း ထားမိခြင်း ဖြစ်နိုင်ပါသည်)တို့ကြောင့် ကံကံ၏ အကျိုးကို ပြန်ခံစားရခြင်း ဖြစ်ကြောင်း သိမြင်လာပါသည်။
စာရေးသူ ဘာလုပ်ရပါမည်နည်း၊ အသက်ကလည်း ၃၀ ကျော်လာပါပြီ။ ဒီရောဂါ ဆိုးကြောင့် ဘာမဆို ဖင့်နှေးနောက်ကျနေသဖြင့် ဒုက္ခတွေ ရောက်ရသည်မှာလည်း အကြိမ်ကြိမ် ဖြစ်ပါသည်။
မြတ်စွာဘုရား ခိုင်းသည့်အတိုင်း ဒါနသီလ ကောင်းမှုများကို ပြုခဲ့ခြင်းသည် ဒီဘ၀ မှာပင် ချက်ချင်း အကျိုးပေးခဲ့သည်မှာလည်း ကိုယ်တွေ့ဖြစ်ပါသည်။ စာရေးသူမှာ ဆွေမျိုးအိမ် (အမွေပိုင်ဆိုင်ခွင့်ရှိသောအိမ် ဖြစ်ပါသည်) တွင် အငြိုငြင် အဆူဆောင့် ခံပြီး နေထိုင်ရသည့် ဘ၀မှ အခန်းလေးတခန်းဖြင့် ကိုယ်ပိုင် နေထိုင်ရသော ဘ၀သို့ မထင်မှတ်ဘဲ တိုးတက်ရရှိခဲ့ပါသည်။ နာမကျန်းလျှင်ပင် ဆေးခန်းသွားစရာ ငွေမရှိ၊ ဆရာဝန် ညွှန်ကြားသည့် ဓာတ်စာဖိုး မတတ်နိုင်သည့် ဘ၀မှလည်း အတော် ကလေးတိုးတက် အဆင်ပြေလာပြီ ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးခြင်း၊ မျက်နှာငယ် အောက်ကျခြင်းများကို ဘုရားခိုင်းတိုင်း ပြုခဲ့သော ဒါနသီလ တန်ခိုးဖြင့် ချေဖျက်နိုင် ခဲ့သည်မှာ "အကာလိကော-ချက်ချင်း အကျိုးပေးသောတရား" ဆိုတာ မှန်ကန် ကြောင်း မိမိဘ၀က မိမိကို သက်သေပြသည့်နှယ် ရှိပါသည်။
ADHD ရောဂါမှာမူ သမာဓိ အားနည်းခြင်း ဖြစ်၍ သူ့ကို တရားဘာဝနာနှင့် ချေဖျက် ခြင်းသည် အထက်မြက်ဆုံးလက်နက် ဖြစ်ပါသည်။
စာရေးသူသည် ဆရာကြီး ဒေါက်တာဦးကံညွန့် ဘာသာပြန်ဆို ဓမ္မဒါန ဖြန့်ဝေသော ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော် မြန်မာပြန်ကို ဖတ်ရှု၊ မင်းကွန်း ဆရာတော်ကြီး ဟောကြားအပ်သော ခန္ဓကမ္မဌာန်း စီးဖြန်းပုံကို နာကြားရပြီးနောက် မြတ်စွာဘုရား ခိုင်းသည့်အတိုင်း "ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ခန္ဓာ ငါးပါ သည် အနိစ္စ-မမြဲပါတကား၊ ဒုက္ခ-ဆင်းရဲစွတကား၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ်ပါတကား"ဟု စီးဖြန်းနှလုံးသွင်းပါတော့သည်။ (ကျေးဇူးရှင် ဆရာကြီး ဦးကံညွန့်နှင့် မင်းကွန်းဆရာတော်ကြီးတို့ကို ရှိခိုးကန်တော့လိုက်ပါသည်။ အသက် ၈၀ ကျော် ဆရာကြီး ဒေါက်တာကံညွန့်ကို လွန်ခဲ့သည့် ၅ နှစ်ကျော်က ရွှေတိဂုံ စေတီတွင် တရားစာအုပ်များ ဓမ္မဒါန ပေးလှူနေစဉ် တွေ့ရသဖြင့် ရှေ့တွင် ဦးချရှိခိုး ကန်တော့ ခဲ့ပါသည်။ မည်မျှ ကျေးဇူးကြီးမှန်းတော့ ဆရာကြီးကို ပြောမပြခဲ့ရပါ။)
အလုပ်မှ တလခွဲခန့် အနားယူကာ တရားဘာဝနာကို အိမ်တွင် ကြိုးစားအား ထုတ်ပါတော့သည်။ စစချင်း လုံးဝ မလွယ်ကူပါ။ ADHD ရောဂါသည်တို့၏ဘာဝ သမာဓိအား နည်းပါးခြင်းကြောင့် တရားထိုင်ရ၊ တရားမှတ်ရခြင်းသည် ဧရာမ အခက်အခဲကြီး ဖြစ်နေပါသည်။
တရက်ပြီးတရက် သမာဓိမရဘဲ စိတ်တွေပြန့်လွင့်ပြီး အချိန်တွေ ကုန်သွားပါသည်။ တလ ကျော်လာသောအခါလည်း စိတ်ပြန့်လွင့်မှုတောင်ကို မကျော်နိုင်သေးပါ။ အချိန်တွေကုန်ပြီးရင်းသာ ကုန်နေရပါတော့သည်။
အားမလျှော့ဘဲ ဆက်လုပ်ပါသည်။ မြတ်စွာဘုရားမှာရော၊ တရားဓမ္မမှာရော လုံးဝ အမှားမရှိ၊ အားနည်းချက်မရှိ၊ ငါ့ဘ၀ကံဝဋ်ကြွေး ကြီးလွန်းခြင်းနှင့် ၀ီရိယ နည်းပါး ခြင်းကြောင့်သာ ဖြစ်သည်ဟု အမှန်အတိုင်း နှလုံးသွင်းပါသည်။
ထို့နောက် သမာဓိ အားနည်းသည့်ကြားမှ ဆက်အားထုတ်ပါသည်။ ငါ့သမာဓိ မကောင်း၍ ငါ့မှာ ဒီရောဂါဆိုးကြီး ရှိနေ၍ ခရီးရောက်မည်မဟုတ်ဆိုပြီး အလျှော့ပေး လျှင် အကျိုးမရှိ၊ ဒီတော့ ရသလောက် အားထုတ်မည်ဟူသော စိတ်ဖြင့် ဆက်လုပ် ပါသည်။
ရှိသမျှ အကုန် ဘုရားလှူပြီး လူက တရားကို ကြိုးစားအားထုတ်ပါသည်။ အလုပ် မလုပ်ဘဲ အိမ်မှာနေ၍ တရားနောက် သဲသဲမဲမဲ လိုက်နေခြင်းကြောင့် ငွေကြေး၊ ပညာရေး စသည် နစ်နာနှေးကွေးဖွယ်များကိုလည်း အခိုက်အတန့် ဥပေက္ခာထား လိုက်ပါသည်။
ရုပ်နာမ်တို့သည် အနတ္တ-ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု နှလုံးသွင်း စီးဖြန်းပါသည်။ အသေးစိတ် အမူအရာများလည်း မှတ်ပါသည်။ ဤသို့ ကြိုးစားလိုက်သောအခါ သမာဓိ မရနိုင်၍ လက်လျှော့ရမည့် အခြေအနေမှ တရားတက်လာပါတော့သည်။
တရားပြ ဆရာတော်တပါးကို အကျိုးအကြောင်း လျှောက်ထား၍ ဘယ်လို ဆက် လက် ရှုမှတ်သင့်သည်ကို နည်းနာခံယူပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက် (အနိစ္စသ ဘော)ကို ထင်ထင်ရှားရှား မြင်လာချိန်တွင် ထိတ်လန့်ခြင်း၊ လောကီ ကာမဂုဏ် များကို စိတ်ကုန်ညည်းငွေ့ခြင်းများ ဖြစ်တတ်သည်မှာ သဘာဝဖြစ်၍ တရားသာ ဆက်မှတ်ရန် ဆရာတော်က ညွှန်ကြားပါသည်။
တရားမှတ်သောအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတွင် ရှုမှတ်သူ တဦးနှင့်တဦး ထင်ရှားသည့် လက္ခဏာ မတူကြောင်း မဟာမြိုင်ဆရာတော် ဦးဇော တိက ဟောကြားသည်ကို ဖတ်ဖူးပါသည်။ စာရေးသူမှာ အနတ္တ လက္ခဏာကို ရှုမှတ် ရတာ ပိုအားသန်ပြီး အနတ္တကို အဓိက အားစိုက် ရှုဖြစ်ပါသည်။ (အနတ္တ၏ အဓိပ္ပာယ်မှာ အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု ဖြစ်ပါသည်။ ဘာမှ မဟုတ်ဘူး၊ ဘာမှ မရှိဘူးဟူ၍ မမှတ်သင့်ပါ။ ဒီလိုမှတ်လျှင် အနတ္တ မဟုတ်ဘဲ နတ္တိက၀ါဒ ဖြစ်သွားပါမည်။ ရုပ်နာမ်တို့သည် ဧကန် ရှိပါသည်။ ဖြစ်ခြင်းပျက်ခြင်းများနှင့် ရှိနေ တာ ဖြစ်ပြီး လုံးဝ မရှိခြင်း မဟုတ်ပါ။ မြဲသောရှိခြင်း မရှိတာကိုသာ ဆိုလိုပါသည်။ ရုပ်နာမ်သည် အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၏၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာ မဟုတ်ဟုသာ မှတ်သင့်ပါသည်)။
ဤသို့ ရှုမှတ်ရင်း တလခွဲ ကျော်လာသောအခါ ADHD ရောဂါဆိုးကို ခံစားရစဉ် ကာလမှာ လနှင့် နှစ်နှင့် ချီ၍ မလုပ်နိုင်ခဲ့သော အမှုကိစ္စများကို လုပ်နိုင်လာသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ADHD ရောဂါဆိုးကြောင့် စိတ်ဆင်းရဲ စိတ်ဓာတ် ကျကာ မရှင်းလင်းဖြစ်ခဲ့သော အိမ်ခန်းမှာ အတန်ငယ် သပ်သပ်ရပ်ရပ် ဖြစ်လာပါ သည်။ ဟိုတွေးဒီတွေးဖြင့် အကျိုးမဲ့ စိတ်တွေ ပြန့်လွင့်ရင်း နှစ်ပေါင်းများစွာ အချိန် တွေ နှမြောဖွယ် ဆုံးရှုံးခဲ့ရသည့် ဘ၀မှ စိတ်ကို တရားထဲ နှလုံးသွင်းပြီး နေနိုင်သည့် ဘ၀ ရောက်လာပါသည်။ ပြန့်လွင့်နေကျ အကျိုးမဲ့အာရုံတို့ကိုလည်း သံယောဇဉ် ဖြတ်နိုင်လာပါသည်။
ADHD ရောဂါ၏ သဘာဝ ဘာမှ ပြီးအောင် မလုပ်နိုင်ဘဲ တို့လို့တန်းလန်း အဆုံးမ သတ် ဖြစ်တတ်သည့် စိတ်အခြေအနေမှ တခုခုဆို ပြီးအောင် လုပ်လိုက်ချင်စိတ်များ ၀င်လာပါသည်။ (တရားအားထုတ်စဉ် ကျန်ကိစ္စများကို ဥပေက္ခာပြုပြီး တရားကိုသာ ခရီးရောက်အောင် အားထုတ်ချင်စိတ်ကလည်း ပြန်အကျိုးပေးသွားခြင်း ဖြစ်ပါ သည်။)
ဤသို့ ပြောင်းလဲတိုးတက်လာသော စိတ်အခြေအနေမှာ သာမန်လူများအတွက် "ဘာထူးဆန်းလို့လဲ။ ဒီလို တခုခုဆို စွဲစွဲမြဲမြဲ ပြီးအောင် လုပ်ချင်စိတ်၊ ပစ္စည်းအသုံး အဆောင်တွေကို သပ်သပ်ရပ်ရပ် ထားချင်စိတ်၊ ဟိုတွေးဒီတွေး အချိန်ဖြုန်းမနေဘဲ တခုခုမှာ အာရုံစူးစိုက်ချင်စိတ်တွေ ငါတို့မှာ ရှိပြီးသားပဲ"ဆိုလျှင် ထိုစိတ်များမှာ သာမန်လူများမှာ မထူးဆန်းဘူး ပြောနိုင်သော်လည်း ADHD ရောဂါဝေဒနာရှင် များအတွက် အလွန်တောင့်တသော၊ ရချင်ပါလျက် မရနိုင် ဖြစ်ရသော စိတ်များ ဖြစ်ပါသည်။ ဥပမာ ကျန်းမာသူ တယောက်သည် အမြင့်တက်နိုင်၊ ပြေးလွှားနိုင် သော်လည်း နာတာရှည် နှလုံးရောဂါသည်မှာမူ ထိုအလုပ်များကို လုပ်နိုင်စွမ်း မရှိ သည့်နှယ် ဖြစ်ပါသည်။
ဤရောဂါအတွက် Ritalin လို အနောက်တိုင်းဆေးများ ရှိသော်လည်း ဘေးထွက် ဆိုးကျိုးများ အန္တရာယ်ကြီးကြောင်း အနောက်တိုင်းတွင်လည်း ငြင်းခုန်ဝေဖန် နေကြ ပါသည်။ အလားတူ ရောဂါသည် တယောက်က သူ ရီတာလင် မသောက်ရလျှင် စိတ်ဂဏှာမငြိမ် ဖြစ်ရကြောင်း ပြောပြဖူးပါသည်။
စာရေးသူ အမြင်မှာ တရားထိုင်ခြင်း၊ တရားဓမ္မ ရှုမှတ်ပွားများ အားထုတ်ခြင်းသည် ထိုရောဂါအတွက် အကောင်းဆုံး ဆေး ဖြစ်ပါသည်။
စာရေးသူသည် တရားရှုမှတ်ရင်း တဖက်ကလည်း ADHD ရောဂါ ကုသဖို့ အထောက်အကူပြု ဆေးဝါး ဖြစ်သည့် ငါးကြီးဆီ၊ ဗီတာမင်ဘီ ဆေးပြားများ၊ သံဓာတ်အားဆေးများ ပုံမှန်သောက်ပါသည်။
ဆိုးဆေးပါ အစားအသောက်များ၊ ဆိုဒီယမ်ဘန်ဇုတ် (E211) ပါသော အစား အစာများ (ကိုလာနှင့် ဂက်စ်ပါ အချိုရည်များ၊ ဖျော်ရည်များ)ကိုလည်း ရှောင်လိုက် ပါသည်။ ထိုအစားအစာများ စားသူတိုင်း ADHD ဖြစ်ပွားခြင်း မဟုတ်သော်လည်း ADHD စွဲကပ်လာသည့် ကလေးငယ်များကို ထိုဓာတ်များပါသည့် အစာများ ဖြတ်လိုက်သောအခါ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာသည်ဟု အမေရိ ကန် ဆေးသုတေသန တရပ်က ဆိုပါသည်။ ထို့ကြောင့် သောက်နေကျ ကိုလာနှင့် အချိုရည်များ၊ ဆိုးဆေးပါ ဖျော်ရည်များကို လုံးဝ ဖြတ်လိုက်ပါသည်။ ဝေဒနာ မရှိသူ အတွက် အကြောင်းမဟုတ်သော်လည်း ADHD သမားအတွက် ရှောင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ သွေးတိုးသမား အငံနှင့် အချိုအဆိမ့် ရှောင်သလို ဖြစ်ပါ သည်။
အစားစားရာတွင်လည်း ဆိုးဆေးနှင့် ဓာတုပစ္စည်းပါသော အစာများကို တတ်နိုင် သမျှ ရှောင်၍ ရောဂါမပျောက်မချင်း သဘာဝ အစားအစာနှင့် အသီးအရွက်သာ အားပြုစားရန် စီစဉ်ရပါသည်။ အသင့်လုပ် အစားအစာများတွင်လည်း ပါဝင်သည့် အမယ်များထဲတွင် ဆိုဒီယမ်ဘန်ဇုတ် သို့မဟုတ် E-211 ဆိုသော ဓာတုပစ္စည်း ပါ၊ မပါ ဖတ်ပြီး ပါလျှင် ရှောင်ရပါသည်။
ADHD သမားများမှာ စိတ်ပြန့်လွင့်တတ်သလို အိပ်ချိန် များလွန်းခြင်း၊ မအိပ်ဘဲ အိပ်ရာထဲ လဲလျောင်းအချိန်ဖြုန်းနေခြင်းများလည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် နိသဇ္ဇိက ဓုတင်ခေါ် လျောင်းသော ဣရိယာပုဒ်ကို ရှောင်ကြဉ်သည့် ဓုတင်ကို တရားမှတ်ရင်း အချိန်ပိုင်းနှင့် သတ်မှတ်ဆောက်တည်ရပါသည်။ တောင်ပုလု ဆရာ တော်ကြီး၊ အီတာလျံလူမျိုးဆရာတော် ဦးလောကနာထတို့ ဆောက်တည်ကြ ကြောင်း ဖတ်ဖူးပါသည်။ စာရေးသူမှာ ထိုဆရာတော်ကြီးများလောက် စွမ်းနိုင်ဖို့ဝေး စွ၊ နေ့စဉ် ၂၄ နာရီအပြည့်ပင် မဆောက်တည်နိုင်ပါ။ သို့သော် အိပ်ချိန်သာ လှဲအိပ်ပြီး ကျန်သည့်အချိန်တွေမှာ လျောင်းစက်ခြင်းကို ရှောင်ကြဉ်ကာ ရပ်၊ ထိုင်၊ သွား ဣရိယာပုဒ်များဖြင့်သာ နေခြင်းဖြင့် အိပ်ရာထဲ အမြဲ အချိန်ဖြုန်းနေတတ်သည့် ADHD လက္ခဏာကို တိုက်ဖျက်ရပါသည်။
အစား၊ အအိပ် ဂရုပြုရသလို အနေအထိုင်တွင်လည်း ADHD ကို အားပေးသည့် စိတ်ပြန့်လွင့်စေသော အမူအကျင့် အားလုံးကို ရှောင်ရပါသည်။ တရားကမ္မဌာန်း တခုခုကို အမြဲ စီးဖြန်းမိနေအောင် စိတ်ကို အလေ့အကျင့် လုပ်ရပါသည်။ ဥပုသ် ကြောင့် တီဗီမှ အကအခုန်ပွဲများ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ မလုပ်ရ သောအခါ စိတ်ပြန့်လွင့်စရာ ထွက်ပေါက်တခုကို ပိတ်ဆို့လိုက်သလို ဖြစ်သွားပါ သည်။ ဆရာကြီး ဦးဂိုအင်ကာသည် ဦးခေါင်းတခြမ်းကိုက်သော မိုင်ဂရိန်း ဝေဒနာ ကို ခံစားနေရသဖြင့် မိတ်ဆွေတဦး၏ အကြံပေးချက်အရ ဆရာကြီး ဦးဘခင်၏ ရိပ်သာသို့ သွားရောက် တရားအားထုတ်ရာ စွဲကပ်နေသော မိုင်ဂရိန်း ဝေဒနာ ပျောက်ကင်းသွားရုံမက တရားသိသွားသဖြင့် ရတနာသုံးပါးအပေါ် အလွန် သက်ဝင် ကြည်ညိုပြီး ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူလိုက်ခြင်းကြောင်း၊ ထို့နောက် မိသားစု ကိုပါ ရိပ်သာသို့ စေလွှတ်တရားအားထုတ်စေရာ မိသားစုပါ ဗုဒ္ဓဘာသာဝင်များ ဖြစ် ကုန်ကြောင်း ဆရာကြီး ပြန်လည် ဟောကြားသည့် တရားခွေ မြန်မာပြန်ကို နာကြား ရဖူးပါသည်။
စာရေးသူနှင့် ဘ၀တူ ADHD ဝေဒနာရှင် အနောက်တိုင်းသား လူငယ်မှာ တရား ထိုင်ခြင်း၊ တရားဓမ္မ အားထုတ်ခြင်း မရှိသူ ဖြစ်သဖြင့် သူ့ရောဂါအတွက် ရီတာလင် လို စားဆေးကိုသာ အားကိုးခဲ့ရပါသည်။ တရားဓမ္မသည် ဆေးစွမ်းကောင်းဖြစ် ကြောင်း လက်တွေ့ သိသော်လည်း မိမိဘာသာသို့ ဆွယ်ရာ ရောက်မည်စိုး၍ မပြော ဖြစ်ပါ။ ADHD ဝေဒနာရှင်တယောက်အတွက် စိတ်အာရုံ စုစည်းရသော တရားထိုင် ခြင်းသည် အခက်ခဲဆုံး အလုပ်တခု ဖြစ်ကြောင်း ကိုယ်တွေ့ သိထား၍လည်း လုပ်နိုင်ခဲသော အလုပ်ကို လွယ်လွယ် ပြော၍ မသင့်သဖြင့် မပြောမိပါ။
စာရေးသူမှာမူ ဗုဒ္ဓမြတ်စွာကို သက်ဝင်ကြည်ညိုသူ ဖြစ်သဖြင့် ပွင့်လင်းစွာ ပြောရ လျှင် ဘ၀တူ ထိုလူငယ်ထက် တပန်းသာ အခွင့်အရေး ရှိနေပါသည်။ စာရေးသူ သည် လောကတွင် အတော်ဆုံး သမားတော်ကြီး ဖြစ်သော ဗုဒ္ဓမြတ်စွာထံတွင် ဤ ရောဂါအတွက် ဆေးကုသခွင့် ရပြီ၊ ထိုသမားတော်ကြီး တိုက်ကျွေးသော တရား ဆေးကိုလည်း ရောဂါနှင့် သင့်တော်သည့် ဆေးစွမ်းကောင်းအဖြစ် ယုံယုံကြည် ကြည် သောက်သုံးအပ်ပြီ။ အကယ်၍ မပျောက်ကင်းခဲ့လျှင်ပင် ကိုယ် ကြိုးစားအား ထုတ်မှု အားနည်းခြင်းနှင့် ၀ဋ်ကြွေးကြီးမားခြင်း၊ ရောဂါကျွမ်းနေခြင်းတို့ကြောင့်သာ ဖြစ်ရမည်၊ ဘုရားရှင်နှင့် တရားတော်မြတ်မှာ ဘာအားနည်းချက်မှ မရှိဟုလည်း သိနားလည် ယုံကြည်အပ်ပြီ။ ကုသခံဖို့သာ ကိုယ့်တာဝန် ကျန်ပါတော့သည်။
စာရေးသူသည် ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တကို ရှုမှတ်သည့် ခန္ဓကမ္မဌာန်းကို နေ့စဉ် အားထုတ်ပါတော့သည်။ အချိန်တန်၍ အလုပ်ပြန်ဝင်ရတော့လည်း ရသမျှ အချိန်မှာ ဆက်လက် အားထုတ်ပါသည်။
မိမိ၏ ခန္ဓာငါးပါးနှင့် အသက်၊ အရွယ်၊ ဘ၀၊ အချိန်၊ ဥာဏ်ပညာ စသည် အားလုံးကို မြတ်စွာဘုရားရှင်အား လှူဒါန်းပါ၏ဟု အပြီး လှူဒါန်းလိုက်ပါသည်။ အသက်ရှင် နေခြင်းသည် မြတ်စွာဘုရားရှင်ကို လုပ်ကျွေးကျေးဇူးဆပ်ဖို့သာ ဖြစ်သည်ဟု ခံယူ လိုက်ပါသည်။ အလုပ်လုပ်နေရခြင်းသည်လည်း မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာများကို ဘုရားကိုယ်စားမှတ်၍ လုပ်ကျွေးလှူဒါန်းဖို့ ၀င်ငွေရှာနေရခြင်းဟု ခံယူထားလိုက်ပါသည်။
လစဉ် ရသမျှ ၀င်ငွေကိုလည်း မြတ်စွာဘုရားရှင်အား အကုန်လှူဒါန်းပြီး ထိုထဲမှ တလစာ မိမိစားစရိတ်ကိုသာ အနည်းငယ် ပြန်လည် ခွင့်တောင်းသုံးစွဲပါသည်။ ထို သို့ သုံးစွဲရာတွင်လည်း ဆီ၊ ဆန်၊ ဟင်းချက်စရာ အခြေခံ စားသောက်ကုန်နှင့် ဆပ်ပြာ၊ သွားတိုက်ဆေးလို တကိုယ်ရေသုံး ပစ္စည်းများအတွက်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ ပန်းနှင့် ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်ဖိုးကိုတော့ ထိုငွေထဲမှ ပြန်လည်သုံးစွဲရပါသည်။ ငါသည် ဘ၀ကံဝဋ်ကြွေး အလွန်ကြီးလေးခဲ့သူ ဖြစ်သည်၊ ဘုရားစကားနားထောင်၍ ကုသိုလ်ကောင်းမှုများ ပြုခဲ့သဖြင့်သာ ဒုက္ခများ လျော့ပါး လွတ်မြောက်ရသည်ဟု နားလည်သဖြင့် မိမိရသမျှ လာဘ်လာဘ အားလုံး နှင့် မိမိခန္ဓာကိုပါ ဘုရားရှင်သို့ ပြန်လှူလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် မြတ်စွာဘုရားကို ပြန်လည် ကျေးဇူးဆပ် လုပ်ကျွေးဖို့ အသက်ရှင်နေသည်ဟု ခံယူထားခြင်းနှင့် ဗြဟ္မစရိယငါးပါးသီလ ဆောက်တည်ထားခြင်း၊ မေတ္တာ ကမ္မဌာန်း စီးဖြန်းခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုစိတ်လည်း မရှိတော့ပါ။
ဤသို့ ကျင့်ကြံအားထုတ်သောအခါ စိတ်ကြည်လင် သန့်ရှင်းလာခြင်း၊ လူချစ်လူခင် ခံစားရခြင်း အကျိုးများ လက်တွေ့ ပေးလာပါတော့သည်။ စာရေးသူမှာ ကလေးဘ၀ ကတည်းက ADHD ရောဂါကြောင့် ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သဖြင့် မသွက်လက် မချက်ချာ၊ နုံအသည်ဆိုကာ အထီးကျန်၊ အပယ်ခံ ဖြစ်ခဲ့ရပါသည်။ ယခုမူ လူချစ် လူခင် တိုးလာခြင်း၊ လူကောင်းများ စိတ်ကောင်းရှိသူများနှင့် တွေ့ကြုံပေါင်းသင်း ရခြင်းများ ဘ၀တွင် ထူးခြားမှုအဖြစ် တွေ့ကြုံလာရပါသည်။ ဒုက္ခရောက်လျှင် ယခင် က ကယ်မည့်ကူမည့်သူ မရှိသော မျက်နှာမွဲ ဘ၀မှ ယခု တစိမ်းတရံဆံကအစ စေတနာထား ကူညီသွားခြင်းများ တွေ့ကြုံခံစားရပါတော့သည်။
မြတ်စွာဘုရား စကား နားထောင်သဖြင့် ကံကတော့ တက်လာပါပြီ။ စာရေးသူမှာ ADHD ရောဂါကြောင့် ဘွဲ့တခုသာ အနိုင်နိုင် ရခဲ့ပြီး ပညာရေးဆက်မတိုးနိုင်ခဲ့သည့် ဘ၀မှ ယခု ဘွဲ့လွန်ပညာများ ဆည်းပူးသင်ကြားလိုစိတ် ၀င်လာပါသည်။ ထိုအခါ နိုင်ငံခြား ဘာသာစကားများ သင်ယူရန် စေတနာထား သင်ကြားပေးသည့် ဆရာကောင်းကိုရော၊ ဆက်သွယ်စီစဉ်ပေးသည့် စေတနာရှင်များရော ရရှိပြန်ပါ သည်။ အလုပ်တဖက်နှင့် ပညာသင်ကြားရာတွင်လည်း အခက်အခဲမရှိဘဲ အလုပ်ချိန်အတွင်း လစာပြည့် သင်ကြားရန် အခွင့်ရပြန်ပါသည်။ နောက်မှ သိရသည်မှာ စာရေးသူ၏ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရသည့် ဘ၀နှင့် ADHD ဝေဒ နာခံစားရသည့် အဖြစ်ကို သိနားလည်သည့် လူကြီးသူမ တဦးက စာရေးသူကို မပြောဘဲ အဆင်ပြေအောင် နောက်ကွယ်မှ ပံ့ပိုးထောက်ခံပေးနေသည့် အဖြစ်ကို သိရပါတော့သည်။ တချိန်က အလုပ်အကိုင် အဆင်မပြေ၊ နေစရာမရှိ စားစရာ ဆင်းရဲလှသည့် မျက်နှာမွဲ လူငယ်တဦးသည် ဘုရားခိုင်းတိုင်း လုပ်ခဲ့သည့် ဒါန စ သော ကောင်းမှုများကြောင့် ကံကြမ္မာ ပြောင်းလဲခဲ့ပါပြီ။
ယခု စာရေးနေချိန်တွင် စာရေးသူသည် မိမိနေရာ အခန်းကလေးကို ကြည့်လိုက်ရာ တချိန်က ADHD ရောဂါသည်တို့၏ဘာဝ (သမာဓိအားနည်း စိတ်မစူးစိုက်နိုင်ခြင်း ကြောင့်) သပ်သပ်ရပ်ရပ် ရှင်းလင်းနိုင်ခြင်း မရှိဘဲ နှစ်နှင့်ချီ၍ ပေရေရှုပ်ပွနေသော အခန်းသည် ကြမ်းလည်း ပြောင်အောင် တိုက်လျက်၊ ယခင်ကထက် စာလျှင် အတန်ငယ် ကြည့်ပျော်ရှုပျော် တွေ့ရပါသည်။ ဝေဒနာ သက်သာလာပြီဆိုသည့် သင်္ကေတ ဖြစ်ပါသည်။
သဒ္ဓါတရားများ တက်လာသော စာရေးသူသည် နေထိုင်ရာ အခန်းကိုပါ "ဘုရား အမှူးရှိသော သံဃာအား ကျောင်းအဖြစ် လှူဒါန်းပါ၏"ဟု လှူဒါန်းလိုက်ပါသည်။ စိတ်တွင်လည်း သံဃိကကျောင်းတွင် နေထိုင်စောင့်ရှောက်ပေးနေသည့် အလုပ် အကျွေးအဖြစ်သာ မိမိကိုယ်မိမိ သဘောပိုက်လိုက်ပါသည်။ ထိုအခါ အခန်း သန့်ရှင်းရေး လုပ်ရာတွင်လည်း ဘုရားကျောင်း၊ သံဃာ့ကျောင်းကို ရှင်းလင်းပေး နေရသည့် အဖြစ်ဖြင့် ကုသိုလ်စိတ်များ ဖြစ်လာပါသည်။ ကိုယ့်အခန်းကိုယ် သန့်ရှင်း ရေး လုပ်တာပဲဆိုသည့် စိတ်ထက် သာသွားပါသည်။
မြတ်စွာဘုရားအား ရည်စူးလှူဒါန်းထားသော စုဆောင်းငွေများကို ရေတွက်လိုက် သောအခါ သိန်း ၂၀၀ ကျော် ရှိနေပြီကို ၀မ်းမြောက်ဖွယ် သိလိုက်ရပါတော့သည်။ တချိန်က နေထိုင်မကောင်း ဖြစ်ချိန်မှာ ကုစရာ ဆေးဖိုးလည်းမရှိ၊ သေသွားလျှင်ပင် အသုဘစရိတ် မရှိသည့် အဖြစ်ကို တွေးတော စိတ်ဆင်းရဲခဲ့ရသော ဘ၀ကိုပြန် သတိရမိသည်။ သို့သော် ထူးဆန်းသည်မှာ ထိုငွေများကို စကတည်းက ဘုရားလှူ ထားပြီး ဖြစ်သဖြင့် မိမိပိုင်ဟု တပ်မက်ခြင်း လုံးဝ မရှိတော့ပါ။ "ကျောင်းလေး တကျောင်းတော့ ဆောက်လှူလို့ ရလောက်ပါပြီ၊ သီလရှိတဲ့ သံဃာတွေအတွက် တရားရိပ်သာကျောင်း ဆောက်လှူမှပဲ။ စာသင်သား ကိုယ်တော်တွေအတွက် စာသင်တိုက် လှူရရင်လဲ ကောင်းမယ်" စသည်ဖြင့် စိတ်ထဲက တွေးတောကြံစည် ကုသိုလ်စိတ် ဖြစ်နေမိပါသည်။ "ရှိသမျှအကုန် ဘုရားလှူတော့ မင်းက အရေးဆို ဘာနဲ့ သွားစားမလဲ"ဟု မေးလာလျှင် လုံးဝကို ခေါင်းထဲ ထည့်မစဉ်းစားမိပါ။ နေစရာ မရှိ သည့်ဘ၀မှ ဘုရားကျေးဇူးကြောင့် ကျောချစရာလေး တနေရာ ရလာခြင်း၊ စား ဖို့ ရှိနေခြင်းသည်ပင် ကျေးဇူးကြီးလှပါပြီ။ ထိုကျေးဇူးကို ဆပ်ဖို့သာ အဓိက ဖြစ်ပါ သည်။
ကျောင်းဆောက်လှူဖို့ သိန်း ၂၀၀ ကျော် စုဆောင်းလှူဒါန်းပြီးသော စာရေးသူမှာ ခြူးတပြားမှ လက်ဝယ်အပိုင်မရှိတော့ပါ။ ဒါကိုပင် သဘောကျပြီး ပျော်နေမိပါသည်။ လကုန်ထိ စားဖို့ အစားအသောက် ရှိနေပြီ၊ လမ်းစရိတ်က ဒီလအတွက်ရော နောက်နှစ်လစာပါ သီးခြား စီစဉ်ပြီးပြီ။ လူမှာ ၀တ်စရာ အ၀တ် အတန်အသင့်ရှိ သည်၊ ဒါဆို လုံလောက်ပြီ၊ ဘာမှ မလိုတော့ပါ။ မိတ်ဆွေများကို ကျွေးမွေးရန်မှတပါး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် သွားတတ်သူ မဟုတ်၍လည်း အပိုကုန်စရာ မရှိပါ။ မိတ်သင်္ဂဟများကို ကျွေးမွေးရန်၊ ဧည့်သည် ဧည့်ဝတ်ပြုရန် စသည်တို့ အတွက် ငွေ ခြောက်သောင်းခွဲခန့် ဖယ်ထားပြီး ရှိပါသည်။ ကိုယ် သုံးဖို့အတွက် တော့ တပြားမှ မရှိတော့ပါ။ သို့သော် ဘုရားရှင်ကို ဆွမ်းလှူဒါန်းခွင့် မဲကျသည့် ဆင်းရဲသား မဟာဒုက်လို စိတ်အလွန်ကြည်နူးချမ်းသာနေပါသည်။
ဤသို့နှင့် တရားဓမ္မကို ကြိုးစားအားထုတ်ရာ အချို့ရက်များတွင် သမာဓိအား ပြန်ကျလာပြီး အချိန်တွေ အလဟဿ ဆုံးရှုံးသွာခြင်းလည်း ကြုံရပါသည်။ သို့သော် အလျှော့မပေးဘဲ ဆက်ကြိုးစားပါသည်။ တရားထိုင်ရာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း လာသော အနောက်တိုင်းသား မိတ်ဆွေတဦးကလည်း အားပေးပါသည်။
ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းတခုကို လုံးဝနီးပါး ပစ်ထားသဖြင့် ဖောက်သည်များ ပျက်လာခြင်း၊ လုပ်ငန်းရပ်တန့်နေကြောင်း သတိပေး ဝေဖန်ခြင်းများ ကြုံရပါသည်။ မြတ်စွာဘုရား ဟောကြားထားသည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ဆို သော စကားကို နှလုံးသွင်းကာ အစွန်းမရောက်ရန် မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ သည်။
တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို မြင်၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများ ထင်ရှားလာချိန်တွင် လောကီကို စိတ်ကုန်ညည်းငွေ့ခြင်း၊ လောကီကိစ္စများကို စိတ်ဝင်စားမှု မရှိခြင်းများ ဖြစ်တတ်ပါသည်။ ဘယဥာဏ် (အပျက်ကိုသာ မြင်နေရ၍ ထိတ်လန့်ခြင်း)၊ အာဒီန၀ဥာဏ် (မှတ်တိုင်း အပျက်ကိုသာ သတိပြုမိနေ၍ မကောင်းမှန်း သိမြင်ခြင်း)၊ နိဗ္ဗိဒါဥာဏ် (အပျက်ကို မြင်နေရ၍ ပျင်းရိခြောက်သွေ့ ညည်းငွေ့ခြင်း)၊ မုဉ္စိတုကမ္မတာဥာဏ် (အပျက်နှင့် ဆင်းရဲကို မှတ်ဆဲမှာ တွေ့ရ၍ လွတ်မြောက်လိုခြင်း)များ ကြောင့်ဖြစ်ပါသည်။ ရိပ်သာဝင် တရားအားထုတ်ရာမှ တခါတည်း ရဟန်းပြု၊ သီလရှင်ဝတ်သွားသော စာရေးသူတို့ထက် သာလွန်ပါရမီ ထူးသည့် ပုဂ္ဂိုလ်များမှာ ထိုဥာဏ်များ ထင်ရှားအားကောင်းလာခြင်းကြောင့် လောကီ ကို တခါတည်း စွန့်သွားခြင်း ဖြစ်ပါသည်။
တရားအားထုတ်ရာတွင် ထိုဥာဏ်များ တက်နေခိုက်တွင် လောကီကိစ္စများကို စိတ်ကုန်ညည်းငွေ့နေတတ်ပါသည်။ ထိုအခါ မိမိမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း လျစ်လျူပြု၍ မရသေးသဖြင့် မျှမျှတတ နှလုံးသွင်းရန်၊ အလုပ်ကိုလည်း သည်းခံပြီး လုပ်ရန် ဦးပဉ္စင်းတပါးက ညွှန်ကြားပါသည်။ ထိုဦးပဉ္စင်း မှာလည်း တရားထိုင်ရင်း တရားကို သိမြင်ကာ လူဝတ်ကြောင်ကို စွန့်လွှတ်သွားသူ ဖြစ်ပါသည်။
စာရေးသူသည် တရားမှာ လောကီစည်းစိမ်ဥစ္စာ ဂုဏ်သိမ်များထက် တုနှိုင်းမရ တန်ဖိုးကြီးသဖြင့် တရားတက်နေခိုက် တရားနောက် ဦးစားပေးလိုက်ရန် ဆုံးဖြတ် လိုက်ပါသည်။ ၀ိသာခါ ကျောင်းအစ်မကြီး၏ မြေးတစ်ဦးသည် ၀ါတွင်းကာလမှာ သဒ္ဓါတရားများ ထက်သန်နေခိုက် ရဟန်းပြုရန် ခွင့်ပန်သော်လည်း သံဃာတော် များက ၀တ်မပေးသဖြင့် မ၀တ်လိုက်ရပါ။ ၀ါတွင်းကျော်လွန်၍ ရဟန်းပြုပေးရန် အကြောင်းကြားလာသောအခါ ထက်သန်နေသော သဒ္ဓါတရား ကျဆင်းသွားပြီ ဖြစ် သဖြင့် ရဟန်းပြုလိုစိတ် မရှိတော့ကြောင်း တုံ့ပြန်သည်ဟု ဖတ်ရဖူးပါသည်။ ထိုအ ခါ ၀ိသာခါ ကျောင်းအစ်မကြီး၏ လျှောက်ထားချက်အရ မြတ်စွာဘုရားက ၀ါတွင်း ကာလတွင် ရဟန်းပြုပေးရန် မငြင်းဆန်ရဟု ပညတ်ခဲ့ရပါသည်။
စာရေးသူသည် တရားတက်နေခိုက် ကျန်တာတွေ ယာယီ အနာခံ၍ တရားကို ဦးစားပေး အားထုတ်လိုက်မည်၊ ခုလို တရားတက်နေသည့် အခွင့်ကောင်းကို လွတ်သွားလျှင် နောက်နောင် ၁၀ နှစ်ဆက်တိုက် နေ့စဉ် အားထုတ်သော်လည်း အခြား လောကီအာရုံများကြောင့် ယခုလို တရားတက်သည့်အချိန် တရက်တောင် ရချင်မှ ရမည်ဟု နှလုံးပိုက်ကာ ဦးစီးလုပ်ကိုင်နေရသည့် လုပ်ငန်းကိုပါ ယာယီ ပစ်ထားပြီး တရားသာ အားထုတ်ပါသည်။ အတိုင်းအတာ တခုထိ တရားရရှိ ပိုင်ဆိုင်သွားပြီး စိတ်တည်ကြည်သန့်ရှင်းသွားလျှင် ထိုသမာဓိ၊ ပညာစွမ်းဖြင့် လုပ်ငန်းကိုလည်း ပိုကောင်းအောင် ဥာဏ်အမြော်အမြင်ဖြင့် လုပ်နိုင်မည်ဟူသော အသိလည်း ပါပါသည်။
တရားကို ကျင့်ကြံအားထုတ်လျှင် တရားတန်ခိုးကြောင့် လိုသမျှ ပြည့်စုံသည်ဟု သီလရှင် ဆရာလေးတပါး အမိန့်ရှိဖူးပါသည်။ တရားကိစ္စ သိလိုသည်များကို တရား ပြ သံဃာတော်တပါးအား မေးမြန်းလျှောက်ထားသောအခါ ထိုသံဃာတော်က လည်း အလားတူ အမိန့်ရှိပါသည်။ ဦးဇင်းလည်း ပိုင်ဆိုင်မှုအားလုံးစွန့်ပြီး ရဟန်းပြု လာခဲ့ကြောင်း၊ တရားတန်ခိုးကြောင့် ယခုလို ပြည့်စုံလာခြင်းဖြစ်ကြောင်း အမိန့်ရှိပါ သည်။ ထိုဦးဇင်းမှာ တရားပြရိပ်သာ တခု ဖွင့်လှစ်ပြီး ဒကာဒကာမများကို တရားပြ ပေးနေပါသည်။ ဦးဇင်းမှာ န၀ကမ္မ ၀တ္ထုပင် မကိုင်သော်လည်း ရိပ်သာမှာ ယောဂီ များအတွက် ဆွမ်းဆေးကအစ မပူပန်ရပါ။
စာရေးသူလည်း မိမိကိုယ်ကိုယ် ပြန်ကြည့်ရာ အလားတူပင် လှူဒါန်းဖို့ သတ်မှတ်စွန့် လွှတ်ထားပြီး ငွေများသာမက နေစရာ အာဝါသလေးတခု (ရေရှည် မရေရာသော် လည်း) ရှိနေခြင်း၊ နေ့စဉ် စားစရာ ဖူလုံနေခြင်းများ တွေ့ရပါသည်။ လူ့ဘ၀မှာ နေဖို့နှင့် စားဖို့မှာ လိုအပ်ချက်တခုဖြစ်ပြီး ဒါလေးမှ အဆင်မပြေ ဒုက္ခရောက် နေရသူတွေ ဒုနှင့်ဒေး၊ ကိုယ်လည်း အပါအ၀င် ဖြစ်ခဲ့သူမို့ ယခု အရေးကြီးသည့် လိုအပ်ချက်တခု ပြည့်စုံနေပြီ ဆိုရပါမည်။ တနေ့ ၁၃ နာရီ၊ ၁၄ နာရီ ပိတ်ရက်မရှိ ညလုံးပေါက်ပါ အလုပ်ဆင်း၍ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေသော်လည်း ဆင်းရဲ တွင်းနက်ခဲ့သည့် ဘ၀မှ ယခု လစာပြည့် ခွင့်ရပြီး နေ့စဉ် တရားအားထုတ် နေနိုင်ခြင်းမှာလည်း ကုသိုလ်ကောင်းမှုက ပေးလာသည့် အမြတ်တခု ဖြစ်ပါသည်။
စာရေးသူမှာ ကလေးဘ၀က ဘာသာရေးကို အလိုမရှိသူ လူကြီးမိဘများ မနှစ်မြို့သည့်ကြားမှ မြတ်စွာဘုရားကို ဖယောင်းတိုင် အတိုအစများနှင့် မီးပူဇော်ခဲ့ဖူး ပါသည်။ အိမ်မှာ ဘုရားစင် မရှိပါ။ သူငယ်ချင်းတဦး ဆွဲပေးသည့် ဘုရားပုံကို အိပ်ရာခေါင်းရင်းမှာ ထား၍ ကိုးကွယ်ခဲ့ရပါသည်။ ထိုသို့ အဆူပူခံပြီး ဘုရားကို မီးပူဇော်ခဲ့သည့် အကျိုးပေးကြောင့် ဖြစ်ပါလိမ့်မည်၊ ကြီးပြင်းသောအခါ ဥာဏ်ရည် အားကောင်းလာပါသည်။ ADHD ရောဂါကြောင့် သမာဓိအား နည်းနေသော်လည်း ဥာဏ်ထက်သန်စေသည့် ကောင်းမှုကို အခက်အခဲကြားမှ ပြုခဲ့ခြင်းက ကံအကျိုးပေး သဖြင့် ပညာရေး၊ အလုပ်အကိုင်စသော လောကီရေးများမှာလည်း ADHD ရောဂါ ဆိုး နှိပ်စက်သည့်ကြားမှ အတန်အသင့် ခံသာခဲ့ခြင်း ဖြစ်ပါသည်။
၁၀ နှစ်ဝန်းကျင် ကလေးဘ၀ကတည်းက စွဲကပ်နှိပ်စက်ခဲ့သော ရောဂါဆိုးသည် ယခုအခါ နှစ်အစိတ်ကျော် သက်တမ်းရှိပြီ ဖြစ်ပါသည်။ နှလုံးရောဂါ၊ ပန်းနာ၊ ရင်ကျပ် ရောဂါ စသော လူသိများသည့် နာတာရှည် ရောဂါဆိုးများ ခံစားရသူများကို ကြည့်ပါ။ နှစ် ၂၀ ကျော် ရောဂါသက်တမ်း ရင့်လာသောအခါ လူစဉ်မမီ ရှူနာရှိုက် ကုန်း ဖြစ်လာခြင်း၊ အသက်ဆုံးရှုံးရခြင်းများ တွေ့ပါလိမ့်မည်။
ယခုမူ စာရေးသူမှာ ဘုရားကျေးဇူး၊ သံဃာ့ကျေးဇူး၊ တရားဓမ္မ ဖြန့်ဝေပေးလှူသည့် လူဆရာကြီးများ ကျေးဇူးကြောင့် တရားဆေးကို မှီဝဲရသဖြင့် ရောဂါသက်တမ်း နှစ် အစိတ်ကျော်ပြီး လက်မြှောက်ရမလို အဖြစ်ဆိုးမှ လွတ်မြောက်ရပါပြီ။ တရားကို ဖိဖိ စီးစီး အားထုတ်လိုက်ရာမှ အလုပ်တခုကို ဖိဖိစီးစီး လုပ်ချင်သော စိတ်များ ဖြစ်ထွန်း လာပြီး ADHD ရောဂါသည်တို့မှာ ဖြစ်တတ်သည့် ဘာဆိုဘာမှ မပြီးစီး အလုပ်တွေ တပိုင်းတစ တိုးလို့တန်းလန်း အကျင့်ဆိုးကိုလည်း ထိန်းကွပ်နိုင်ခဲ့ပါပြီ။
နေ့စဉ် ပြုဖွယ်ရှိသော အမှုကိစ္စများကိုလည်း ယခင်လို လနှင့်နှစ်နှင့်ချီ၍ မလုပ်နိုင်ဘဲ ပစ်ထားခြင်း မဟုတ်တော့ဘဲ ပုံမှန်ထမ်းဆောင်လာနိုင်ပါပြီ။ ADHD သမားများ၏ အာရုံများတတ်သည့် အကျင့်ဆိုးကိုလည်း တရားသမားများ၏ အာရုံမထွေပြား လုပ်သင့်တာကိုသာ ရွေးလုပ်သော အကျင့်ကောင်းက ပြန်လည်တိုက်ဖျက်နေပါပြီ။
အပျော်အပါးဖြင့် အချိန်ဖြုန်းခြင်း မရှိတော့သည့်အတွက်လည်း အသက်မွေးဝမ်း ကျောင်း အလုပ်အပြင် တရားထိုင်ဖို့ အချိန်ပါ ပိုထွက်လာပါသည်။ အလုပ်သွား အလုပ်ပြန် ဘတ်စ်ကားပေါ်တွင်ဖြစ်စေ၊ အိမ်နေရင်း ပန်းကန်ဆေး အစားစား ချိန်ဖြစ်စေ၊ လဲလျောင်းရင်း နိုးနေစဉ်ဖြစ်စေ မေတ္တာပို့လျှင်ပို့၊ မဟုတ်လျှင် တရားရှု မှတ်နေတတ်သည့် အကျင့်ကောင်း ဖြစ်လာသဖြင့် ADHD ရောဂါသည်တို့ဘာဝ ရောက်တတ်ရာရာ စိတ်ပြန့်လွင့်တတ်သော အကျင့်ဆိုးကို တရားဖြင့် ခုခံနိုင်ခဲ့ပါပြီ။
ရုပ်နာမ်တို့၏ လက္ခဏာရေး သုံးပါးကို ရှုမှတ်ရင်း သတိပြုမိသည်မှာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါဆိုး၏ နှိပ်စက်မှုအောက်တွင် စွမ်းဆောင်ဖို့ ခက်ခဲလှသော ကိစ္စဖြစ်သည့် အာရုံတခုတွင် စိတ်ကို စူးစိုက်တည်ကြည်စေခြင်း တရားဘာဝနာ မှုကို လုပ်နိုင်လာခြင်း ဖြစ်ပါသည်။ ပြောင်းလဲတိုးတက်လာသော အခြေအနေထူး အတွက် ၀မ်းသာကျေးဇူးတင်လှသဖြင့် တရားရှုမှတ်ရင်း မြတ်စွာဘုရားကို ရှိခိုးဦး ခိုက်မိသည်အထိ ဖြစ်ပါသည်။
ငယ်တုန်း တရားကို ဦးစားပေးအဆင့်တစ် ထားပြီး အားထုတ်ဖြစ်နေခြင်းကိုလည်း ကိုယ့်မှာ ရှိဆဲ အကောင်းဆုံး အချိန်နှင့် အရွယ်ကို မြတ်စွာဘုရားကို ပေးလှူခြင်း ဖြစ်သည်ဟု သတ်မှတ်ခံယူလိုက်သဖြင့် သဒ္ဓါပီတိ ပိုအားကောင်းလာပါသည်။ ရုပ်နာမ်တို့၏ သဘာဝဖြစ်သော မမြဲခြင်းကို ရှုမှတ်ပါများသောအခါ ချမ်းသာသုခ တွေလည်းမမြဲ၊ ဆင်းရဲဒုက္ခတွေလည်း မမြဲဟု အသိဝင်လာပါသည်။ ဆင်းရဲခြင်းကို ရှုမှတ်ပါများသောအခါ ရုပ်နာမ်တို့၏ တရားကိုယ်ကိုက ဒုက္ခမှန်း သိနားလည်လာ၍ အပရိက ဒုက္ခများကို သည်းခံနိုင်လာပါသည်။ နေရေးစားရေးကို ဇာမချဲ့ဘဲ သင့်တင့်လျောက်ပတ်ရုံဖြင့် ရောင့်ရဲနိုင်လာခြင်း၊ ဗာဟီရ မများဘဲ အပိုကိစ္စများကို လျစ်လျူပြုပြီး အရေးအကြီးဆုံး အလုပ်တို့ကိုသာ ဦးစားပေး လုပ်ရမှန်း သိလာခြင်း၊ အသေးအဖွဲ အဆင်မပြေမှုဒုက္ခများကို ညည်းတွားအချိန်ဖြုန်းမနေဘဲ ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာ လုပ်နိုင်လာခြင်း စသည့် အကျိုးထူးများ ခံစားလာရပါသည်။
အချို့မိတ်ဆွေများ ပညာရေး၊ အလုပ်အကိုင်၊ တရားဓမ္မရေး စသည့် အရေးတကြီး လုပ်သင့်သော ကိစ္စများကို မကြိုးစားဘဲ အပြိုင်အဆိုင် ကိစ္စများ၊ နေရေးစားရေး ဇိမ်ခံနိုင်ဖို့ အချိန်ပေးလွန်းခြင်းများ၊ အပျော်အပါးများကြောင့် ဘ၀မှာ အချိန်တွေ အလကားဖြစ်နေရသည်ကို တွေ့သောအခါ တရားအားထုတ်မိခြင်း၏ အကျိုးကို မြင်လာပါသည်။ ငါ့မှာ တရားနှင့်တွေ့၍ ဒီလို အရေးမကြီးတာတွေနှင့် အချိန်ဖြုန်းမိ နေမည့် အဖြစ်မှလွတ်ရသည်၊ ဤမိတ်ဆွေများလည်း တရားအားထုတ်မိလျှင် ဒီလို အကျင့်မျိုး ပျောက်ပြီး သူတို့ဘ၀တွေ ပညာရေး၊ လူမှုရေးကအစ ပိုမိုတိုးတက် အောင်မြင်ဖွယ်ရှိသည်ဟု တွေးမိပါသည်။ တရားဟူသည် မလိုသူကို ဇွတ်တိုက် တွန်း၍ အရာထင်မည် မဟုတ်၍သာ စေတနာ ရှိသော်လည်း မပြောဖြစ်ပါ။
မိဘအသိုင်းအ၀ိုင်းမဲ့ အထီးကျန် ဘ၀ကို တချက်တချက် အားငယ်မိရာမှ ယခုမူ ဘုရားကို မိဘပြု၍ တရားကို အဆွေခင်ပွန်းဖွဲ့ကာ နေမည်ဟူသော စိတ်ခွန်အား များ ၀င်လာပါတော့သည်။ အခြံအရံ ၁၀၀၀ ရှိသော်လည်း တရားမရှိသည့် အဖြစ် ထက် ဆွေမျိုးမရှိ မိတ်ဆွေတဦးမှ မရှိသော်လည်း တရားဓမ္မ ရှိသည့် အဖြစ်က မြတ် သည်ဟု အသိဝင်လာပါသည်။ မိဘဆွေမျိုး အသိုင်းအ၀န်းအခြံအရံ အားနည်းခြင်း ကိုလည်း ရှေးအတိတ်က အကုသိုလ်၏ အကျိုးဆက် ၀ဋ်ကြွေးအဖြစ် တရားနှလုံး သွင်းကာ ကြံ့ကြံ့ခံနိုင်လာပါသည်။ မေတ္တာကမ္မဌာန်း စီးဖြန်းမိသောအခါ ငါဘယ် အခြေပဲ ရောက်နေနေ၊ ငါ့ကို ဘယ်သူဘာပဲ လုပ်လုပ်ပြောပြော ငါက အားလုံး အပေါ် မေတ္တာထားမည်ဟူသော စိတ်များ ၀င်လာပါသည်။ အထီးကျန်ဘ၀ကို အားငယ်ဝမ်းနည်းနေစိတ်ကို တလောကလုံး ကိုယ့်ကို ဆေးဖော်ကြောဖက် မလုပ်ရင်နေ၊ ကိုယ်က တလောကလုံးအပေါ် မေတ္တာပွားနေမည်ဟူသောစိတ်က လွှမ်းမိုးလာပါသည်။
အမေရိကန်တွင် သုတေသန ပြုချက်များအရ ADHD ဝေဒနာရှင်လူငယ် တ၀က်နီး ပါး၏ ပညာရေးမှာ အထက်တန်းကျောင်းပင် မပြီးဆုံးကြောင်း တွေ့ရပါသည်။ အမေရိကန်တွင် ပျမ်းမျှလူ ၁၀၀ လျှင် ၂၈ ဦးသည် တက္ကသိုလ်ဘွဲ့ ရကြသော်လည်း ADHD ဝေဒနာသည်များထဲမှ တက္ကသိုလ်ဘွဲ့ ရသူမှာ ၁၀၀ လျှင် ၅ ဦးနှုန်းထက် လျော့နည်းပါသည်။
ဥာဏ်ရည် ပုံမှန်နှင့် ပုံမှန်အထက် ရှိနေသော်လည်း အိမ်စာများ ပြီးအောင် မလုပ်နိုင် ခြင်း၊ ဘာမဆို အချိန်မီ မပြီးစီးခြင်းများမှာ ADHD ဝေဒနာသည် ကလေးများ၏ သင်္ကေတ ဖြစ်ပါသည်။ ကြီးပြင်းလာသောအခါတွင်လည်း ထိုရောဂါကြောင့် ဘ၀ တွင် အခက်အခဲများ တွေ့ရပါသည်။ စာရေးသူထက် လေးနှစ်ငယ်သော ADHD ဝေဒနာရှင် အမေရိကန် လူငယ်တဦးမှာ မူးယစ်ဆေးပါ သုံးတတ်လာပြီး ဘ၀အခြေ အနေကောင်းများ ရပါလျက် ပညာရေးရော လူမှုရေးပါ မထူးချွန်တော့ပါ။
ထိုသို့ ဘ၀၏ အောင်မြင်မှုများကို အလှမ်းဝေးစေသည့် ကြောက်စရာ ရောဂါဆိုးကို မြတ်စွာဘုရား တိုက်ကျွေးသည့် ဓမ္မရေအေး အမြိုက်ဆေးဖြင့် ကုစားနိုင်ခဲ့ပါပြီ။ ယခု စာရေးရင်း ခဏရပ်ပြီး တရားရှုမှတ်ကြည့်သောအခါ ADHD ရောဂါ၏ စိတ်မတည် ငြိမ်ပြန့်လွင့်အောင် နှိပ်စက်မှုမှ ကင်းလွတ်၍ စိတ်ကြည်လင်တည်ငြိမ်စွာ တရားမှတ် နိုင်နေသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ရဟန္တာပုဂ္ဂိုလ် မဟုတ်သေးသဖြင့် နိဝရဏ တရားများကတော့ လူမှာ ကုန်ဦးမည် မဟုတ်ပါ။ သို့သော် ADHD ရောဂါ သည် အဖြစ်မှ လွတ်မြောက်၍ ကျန်းမာလာခြင်းကပင် အံ့ဖွယ်အကျိုးရလဒ် ဖြစ်ပါ သည်။
ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်၊ ပညာ အဓိပတိတပ်၍ ကြိုးစားလျှင် အမှုကိစ္စတို့ ပြီးစီးအောင်မြင်သည်ဟူသော မြတ်စွာဘုရား၏ အဆုံးအမနှင့် ဟောကြားသော တရားတော်မြတ်ကို ရိုသေစွာ ရှိခိုးဦးခိုက်လိုက်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော်ဘုရားကြီးက…
“အို…လူများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီး ရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့် မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည်။ စာမတက်လို့၊ ဘာမတက်လို့လဲ မလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက် အို..လူများတို့ ယခုအခါ ကံ၊ ပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိ လျက်ကနဲ့ မထွက်သော် ကံ၊ ပါရမီ ချဖွယ်မရှိ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိ လျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ မိမိကသာ ဖျင်းလို့၊ “အ”လို့၊ ဖြစ်သည်။ “အ” သေနည်း သေတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို..လူများတို့ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ် ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀အနှစ်သာရထုတ်ခြင်းတစ်ခုဖြစ်၏။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရှိထားသင့်ပါသည်။
လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်မှာ…
(၁) ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊
(၂) လူ့ဘ၀ကို ရခဲခြင်း၊
(၃) သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊
(၄) ရဟန်းဘ၀ကို ရခဲခြင်း၊
(၅) သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်ပေသည်။
ဤနေရာတွင် လူ့ဘ၀ရခဲပုံကိုသာ စာရှုသူများ နားရှင်းသည်အထိကြိုးစားရေးသားပါမည်။ နခသီခူပသုတ်တွင် ဗုဒ္ဓဟောကြားထားသည်မှာ- “ချစ်သား၊ ချစ်သမီးတို့… ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေ ကြီး ဘယ်ဟာကများသနည်း”၊
“အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့၊ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံ့ပေါ်က မြေမှုန် လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ဖြစ်ပါသည်။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်တွင်လည်း အပါယ်ဘုံသားတို့ လူ့ဘ၀ရခဲယဉ်းပုံနှင့်ပတ်သတ်၍ ဟောကြားထားတော်မူသည်မှာ “ချစ်သား၊ ချစ်သမီတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်။ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။ အဲဒီသမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ ထမ်းပိုးကလည်း လေတိုက်ရာအရပ် လေးမျက်နှာ မျောချင်းရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့် ရင် သူပေါ်ချင်ရာမှာပေါ်မယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကို ပေါ်လာတဲ့ အချိန်လည်း ဖြစ်ရမယ်။ အရပ်လေးမျက်နှာ မျောချင်ရာ မျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့် နေရာ ရောက်နေရမယ်။ ပိုပြီးခဲခဲယဉ်းယဉ်း ဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”၊
“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ကတော့ ယခုငါဘုရား ဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့” ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤဟောကြားချက် သုံခုလုံးပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။ အများအားဖြင့် လူတွေက မိမိရလာတဲ့ ဘ၀ကို တန်းဖိုးသိတ်မထားသလိုပါဘဲ။ အင်မတန်ကံကောင်းလွန်းသောကြောင့် လူ့ဘ၀ကို ခဏတာရောက်လာခြင်းဖြစ်ပါသည်။ အခုလို လူ့ဘ၀ရောက်ချိန်လေးမှာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကိုကြိုးစားအားထုတ်မှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်မှန်းချက် အတိုင်းလိုက်နာသူစင်စစ် ဖြစ်ပါမည်။ လောကီအလုပ်တွေနဲ့ဘဲ အချိန်ကို အသုံးချနေမယ်ဆိုရင် လူ့ဘ၀တန်ဖိုးဆုံးရှုံးသွားပါမည်။ တန်းဖိုးထား တက်သူမှသာ တန်းဖိုးရှိမှန်းသိပါမည်။ တဆက်တည်းပြောလိုသည်မှာ မိမိတို့ ပန်းတိုင်ရောက်ရေး အားထုတ်ရာမှာ ဆရာကောင်းကို ဆည်းပူးဖို့အရေးကြီးပါသည်။ ဆရားတင်မှားပါကလည်း မိမိတို့ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်ပါ။ “ပူဇော်ရာမှာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုသည့်အတိုင်း ဆရာကောင်းကို ရွေးချယ်ကိုးကွယ်ရပါမည်။ ဆရာကောင်းကိုရရင် ကိစ္စအားလုံးပြီးစီးတယ်လို့ ဘုရား ရှင်က ဟောကြားခဲ့ပါသည်။ မိမိတို့ရထားတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိကာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်တက်လှမ်းဖို့သည်သာ အရေးအကြီးဆုံးဖြစ်ပါသည်။
“စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်းမှန်းချက် ပန်းတိုင်ကို အရောက်တက်လှမ်းနိုင်ကြပါစေ…”
မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။

Subscribe to:
Comments (Atom)