ပြန်လည်နိုးထသောနေ့
အများအကျိုးရွက်သယ်ပိုးက
ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွဝ်လျလျနှင့် စကားပြော ညင်သာသူ ဖြစ်ပါသည်။
သူက ဆိုပါသည်။
သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသောဝ်… ဆိုတဲ့ စကားရှိတယ် မဟုတ်လားဗျာ။ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရမယ် မဟုတ်လား။ ဒါပေမယ့် အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေရှိတာပေါ့။ ကိုယ့်ကို မနာလိုဖြစ်လာတာတွေ၊ ကိုယ့်လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ ရှိတာပေါ့ဗျာ။ ရှိနေတာပေါ့။ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမှာပါ။
အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင့် မှန်လမ်းကြောင်းဖြင့် စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ဆိုတဲ့ အဆုံးအမ စကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင် အရောက် လျှော်မှာပါပဲ၊ သွားမှာပါပဲ။
သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ တင်းထားသော သူ၏အားမာန်ကို မြင်ယောင်၍ရပါသည်။
ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ် ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံကလည်း မာကျောသည်။
သူက ဆိုပါသည်။
ခင်ဗျားကြားဖူးတယ်မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ … ဆိုတာလေ။
သူက ဘာဆက်မပြောမလဲ ဆိုသည်ကို ကျွန်တော်က ငြိမ်၍စောင့်သည်။
ဟိုဗျာ… အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ် ကာလကမြင်းနှစ်ကောင်၊ ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရဗင် (Caravan) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွာတွေတည်ထောင်မိကြတဲ့ အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရဗင် လှည်းကြီးတွေနဲ့ တစ်ရွာဝင်တစ်ရွာ ထွက် လှည့်ပြီး ဈေးရောင်းကြတယ်။
ဈေးလှည့်ရောင်းတဲ့ ကယ်ရဗင် လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေရော၊ တခြားပစ္စည်းတွေရော အစုံပါတယ်။ ဒီတော့ ဒီဈေးလှည်းကြီးလာရင် လမ်းကလဲ မကောင်းတဲ့ ခေတ်ဆိုတော့ လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ ထွက်လာတဲ့ ဂလုံ ဂလွမ်အသံတွေရော၊ တခြားအသံတွေရော သံစုံမြည်နေတာပေါ့။ သံစုံမြည်နေတဲ့ ဒီလှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီး ဟောင်ကြတယ်တဲ့ဗျ။ ဒီလိုပိုင်းပြီး ဟောင်ကြပေမယ့် လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ The dogs bark, but the caravan goes on တဲ့။ ကျွန်တော်လည်း ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ။ အများအကျိုး ရှေးရှုလုပ်နေတာဖြစ်ပေမယ့် ဒါကို သဘောမပေါက် နားမလည်သူတွေက ကျွန်တော့်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊ အတင်းအဖျင်းချကြနဲ့ နှောင့်ယှက်လိုက်ကြတာ အများကြီးပါ။ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရမယ်ဆိုရင် လိုရာအရပ်ကို ဘယ်ရောက်တော့မှာလဲဗျာ။ သူတို့က ၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်းသာ ကျွန်တော်သွားရမယ့် ခရီး။ လုပ်ရမယ့် အလုပ်ကို ရပ်ရမယ်ဆိုရင်လဲ ပန်းတိုင်ကို ဘယ်ရောက်တော့မှာလဲ။ လှည်းကြီးကတော့ သွားမြဲပင် ဆိုတာကို ကျွန်တော်လဲ သွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ…။
သူ့စကားသံက မာကျောပါသည်။ ပြတ်သားပါသည်။ သူ့မှာ အားမာန်အပြည့်ရှိနေပုံလည်း ပေါ်နေပါသည်။
အထက်ပါ လူနှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။ အဘယ့်ကြောင့်ဆိုသော ထိုသူတို့နှင့်စာလျှင် ဘာမျှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်အယှက်ဖြင့် တွေဝေရပ်တန့်နေသော ကျွန်တော့်ကို ထို့နေ့ကတည်းက စ၍ ရှေ့သို့ ဆက်သွားဖို့ သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏ စကားများက လှုံ့ဆော် တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။
လျော်ညီစွာနဲ့
ရသပေါင်းစုံ လ ကဆုန်
အကျည်းတန်လက်တွဲဖော်
“ဒုက္ခ” ဟူသော စကားလုံးသည်ပင်လျှင် အမြင်၌ အကျည်းတန် အရုပ်ဆိုးပါလေသည်။ “ဒုက္ခ” ဟူသော အသံကို နား၏သာယာမှုရသ စိုးစဉ်းမျှ ရှာမရသောကြောင့် မည်သူကမျှ မကြားလို။ “ဒုက္ခ” ဟူသောအတွေ့အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင်၊ မပေါင်းဆုံလိုချင်သောကြောင့် လူသတ္တ၀ါတို့ ဒုက္ခနှင့်ဝေးအောင် ပြေးရှောင်နေကြချေသည်။
သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ ရှိပါသည်။
“ဒုက္ခ” က မိမိ၏ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာမာယာမရှိဘဲ ဒိုး ဒိုးဒေါက်ဒေါက် ထောက်ပြတတ်သည်။ ကိုယ့်အကျိုးကို မလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို မခံလိုသူများလို ရေငုံနှုတ်ပိတ် လုပ်မနေတတ်။ မြုံ၍ မနေတတ်၊ အလိုက်သင့် အလျားသင့် ဆက်ဆံမနေတတ်။ အမှန်အတိုင်း အရှိအတိုင်း ဒုက္ခက ထောက်ပြတတ်သည်။ ဤသို့ထောက်ပြသောကြောင့် မိမိတို့၏ ညံ့ကွက်၊ ပျော့ကွက်ကို ပြုပြင်ကျော်လွှားကာ အောင်မြင်သူတွေ ဖြစ်လာသည့်အခါ ဒုက္ခကို ကျေးဇူးတင်လာကြသည်။ အမှန်တော့ သင်၏ချို့ယွင်းချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်သောသူသည် သင့်ဘ၀အတွက် မိတ်ဆွေကောင်းပင် ဖြစ်၏ ဟူသောအဆိုကို ဒုက္ခက ခံယူထားသည်နှင့် တူနေပါသည်။
ဒုက္ခက လူသတ္တ၀ါတို့၌ တိမ်မြုပ်နေသော အစွမ်းအစကို ဆွဲဖော်၍ ငိုက်မြည်းတွေဝေနေသောစိတ်ကို လှန့်နှိုးကာ သတိပေးတတ်သည်။ ဒုက္ခက လူတော်နှင့်လူညံ့ကိုလည်း ခွဲခြားပေးတတ်သည်။ လူတစ်ဦးအား လူတော်လူကောင်း ဟုတ်မဟုတ်၊ လူစွမ်းလူစ ရှိမရှိ စစ်ဆေးပေးနိုင်သော မှတ်ကျောက်များအဖြစ် ဒုက္ခက အခက်အခဲတို့ကို ဖန်တီးပေးတတ် သည်။ အခက်အခဲနှင့် အန္တရာယ်တို့ကို ကြုံလာသောအခါ တချို့သောသူများက ချိုင်းထောက်ဝယ်၍ ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြသည်ဟူသော အဆိုရှိသည်။ ဆိုလိုသည်မှာ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာ၌ အချို့သူများသည် စိတ်ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည် နည်းပါးခြင်းတို့ကြောင့် မျှော်လင့်ချက်များ ကျိုးပဲ့ပျက်ဆီးစီးခြင်းနှင့်အတူ ကျရှုံးပျက်စီးသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ ချိုင်းထောက်ဝယ် တပ်ရသည်ဟု တင်စားပြောဆိုခြင်းဖြစ်သည်။ တချို့သော သူများကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ရာ၌ စိတ်ဓါတ်ကြံ့ခိုင်ကြသည်။ ကြံရည်ဖန်ရည် ရှိကြသည်။ ထိုအခါ အခက်အခဲများကို ကျော်လွှားလွန်မြောက်နိုင်သည့် စွမ်းရည် များ ရသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ တချို့သူများ၌ အတောင်များ ပေါက်လာကြသည်ဟု တင်စားပြောဆိုခြင်း ဖြစ်သည်။ ဟုတ်ပါသည်။
အခက်အခဲနှင့် ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်သော အစွမ်းအစ တောင်ပံများကို တပ်ဆင်ပေးလိုက်မြဲဖြစ်သည်။
လူသတ္တ၀ါဆိုသည်မှာ အခက်အခဲနှင့် ပြဿနာများကိုကြုံမှ အစွမ်းအစကို ထုတ်ချင်တတ်ကြသည်။ ထို့ကြောင့်လည်း နောင်မှ “တ”ရသည့် နောင်တ တရားသည် သတ္တလောက၌ အဆင့်အမြင့်ဆုံးဟုဆိုသော သတ္တ၀ါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်သက်သာသာ နေလိုခြင်းတည်းဟူသော တံခါးပေါက်တို့မှ တိတ်တခိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် “ဒုက္ခ”က လူတစ်ဦး ကိုယ်ရည်ကိုယ်သွေး တောက်မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်၌ တင်ကြည့်ပေလိမ့်မည်။ ဘ၀ဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း၍ အခက်အခဲတည်းဟူသော ပြိုင်ဘက်နှင့် ပြိုင်ဖက်စေလျက် သတ္တိရှင်ကို ရွေးချယ်ပေလိ့မ်မည်။ ဘ၀ကြိုးဝိုင်း၌ အောင်မြင်မှု သရဖူ မဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်နာစွာဖြင့် မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤမျှရက်စက်၍ ပြတ်သားလွန်းသောကြောင့် ဒုက္ခကို အကျည်းတန်လှချေသည်ဟု ထင်ခဲ့ကြသည်။
ဘ၀ကြိုးဝိုင်း၌ အခက်အခဲနှင့် အပွဲပွဲယှဉ်ပြိုင်ခဲ့သောကြောင့်တစ်ကြောင်း၊ ဇွဲသတ္တိမှတ်ကျောက်၌ အကြိမ်ကြိမ် မိမိတို့၏ အစွမ်းအစကို မှတ်ကျောက်တင်ခံခဲ့သောကြောင့် တစ်ကြောင်း အောင်မြင်ကျော်ကြားသူများသည် ဒုက္ခ၏ သဘောကို နားလည်ခဲ့ကြသည်။ အကဲခတ်သူတစ်ဦးက “လင်ကွန်းဟာ ဒုက္ခရဲ့ အရွေးချယ် အစမ်းသပ်ကို အမျိုးမျိုး ခံခဲ့ရတယ်။ ဒါပေမယ့်... သူ့အစွမ်းအစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့ နောက်ဆုံးတော့ ... ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတလင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ” ဟု ဆိုသည်။ “ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် တကယ်က... အောင်မြင်မှုဆီ ပို့ပေးတဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်” ဟုပင် ဆိုပြန်ချေသည်။
သင်ကကော ဒုက္ခကို မည်ကဲ့သို့ မြင်ပါသနည်း။
နန္ဒာသိန်းဇံ
ယခုအခါ
လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊
အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မှ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊
ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
စလေ ဦးပုည
ဘဒ္ဒကမ္ဘာရဲ့မျိုးဆက်သစ်
အမရပူရမြို့နယ်လုံးဆိုင်ရာ “သစ္စာ လူမှုကူညီရေး အသင်း” ကို သြ၀ါဒဆရာတော်ကြီးများနဲ့ မြို့မိမြို့ဖ နာယက လူကြီးများကို ဦးထိပ်ထား၍ လူငယ် လူလတ်များရဲ့ အင်အားနဲ့ (၂၅.၁၂.၀၂) နေ့က ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီပွဲမှာ သြ၀ါဒစရိယဖြစ်တဲ့ တူမောင်းတိုက် နာယက ဆရာတော်ကြီး ဘဒ္ဒန္တမေဓိယက သြ၀ါဒ ပေးရာမှာ-
အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ငွေကြေးဆိုတာ မဖြစ်မနေလိုအပ်တယ်။ ဒီလိုအပ်ချက်က လည်း အများက စုပေါင်းပါဝင်လာမှ ပြည့်စုံမှာ။ ဒီလိုစုပေါင်း ပါဝင်လာစေဖို့ ဆိုတာကလည်း အများက ယုံကြည်လေးစား လောက်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ဖို့လိုတယ်။ မြတ်စွာဘုရားရဲ့ သံဃာအဖွဲ့အစည်းကြီး အခုအထိတည်တံ့ လာရတာဟာ ညီညွတ်မှုသုံးပါးကို အကြောင်းပြုပြီး အများက လေးစားယုံကြည်ကြလို့ ဖြစ်ပါတယ်။
ဒီ ညီညွတ်မှုသုံးပါးဆိုတာ မဟာနိဒ္ဒေသပါဠိတော် “ဇရာသုတ်” မှာ လာတဲ့အတိုင်း အဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်း အပြန်အလှန် လေးစားချစ်ကြည် ညီညွတ်မှုဆိုတဲ့ ဂဏသာမဂ္ဂီ၊ စည်းကမ်းကို လေးစားလိုက်နာမှုဆိုတဲ့ ဓမ္မသာမဂ္ဂီ၊ ရည်မှန်းချက်အပေါ်မှာ တညီတညွတ်တည်း အာရုံစူးစိုက် ကြိုးစားမှုဆိုတဲ့ သစ္စာသာမဂ္ဂီ (စာမှာတော့ အနဘိ နိဗ္ဗတ္တိ သာမဂ္ဂီ) ဖြစ်ဖို့လိုတယ်။
သစ္စသာမဂ္ဂီ ဖြစ်ရမယ်ဆိုတာ အဖွဲ့ရဲ့ ရည်မှန်းချက်အတိုင်း အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ ကိုယ်ကျိုးလုံးဝ မဖက်ဖို့နဲ့ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး အားလုံးအပေါ်မှာ တသဘောတည်းထားပြီး ဆောက်ရွက်ကြဖို့ အရေးကြီးတယ်။ ဒါမှ အားလုံးက ယုံကြည်လေးစားလာမယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တည်တံ့ဖို့အတွက် အလိုအပ်ဆုံး အရင်းအနှီးက အများယုံကြည်လေးစားလောက်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ပဲ ဆိုတဲ့အကြောင်း မိန့်ကြားတော်မူ ပါတယ်။
နောက်ထပ်သြ၀ါဒစရိယ ဆရာတော်တစ်ပါးဖြစ်တဲ့ အခုလို လူမှုကူညီရေးအသင်းတွေ စတင်ပေါ်ပေါက်လာ အောင် ကမကထ ဦးဆောင်ခဲ့တဲ့ ဓမ္မကထိက ၀ါခင်းကုန်းဆရာတော် ဘဒ္ဒန္တတိက္ခအရှင်မြတ်က သြ၀ါဒပေးရာမှာတော့... လူမှုဒုက္ခကို ကူညီတယ်ဆိုတာ အလောင်းတော်ကြီးများ ပါရမီဖြည့်စဉ် ကာလက မျောက်ဖြစ်တဲ့ ဘ၀မှာတောင် လူတွေရဲ့ ဒုက္ခကို သက်စွန့်ဆံဖျား ကူညီခဲ့တာဟာ မဟာကပိဇာတ်တော်ကိုကြည့်ရင် သိနိုင်ကြောင်း၊ ပါရမီဖြည့်တယ်ဆိုတာ ပရဟိတ ဆောင်ရွက်မှုမပါဘဲ မဖြစ်နိုင်ကြောင်းနဲ့ အထူးသဖြင့် နာရေးကူညီရေး လုပ်ငန်းဖြစ်တဲ့ အသုဘအလောင်းကောင် များကို သဂြိုဟ်တဲ့အလုပ်ဟာ လူအများထင်နေကြသလို အောက်တန်းကျတဲ့ အလုပ်မဟုတ်ကြောင်း၊ ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ဟာ ဟိုးအရင့်အရင် ကမ္ဘာတွေမှာ ပါရမီဖြည့်စဉ်ကာလတုန်းက ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခဲ့တဲ့ လောကရဲ့ အလိုအပ်ဆုံး လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း။
အခု ဒီခေတ်မှာ ခုလိုအဖွဲ့အစည်းတွေ ပေါ်ပေါက်အောင် ကြိုးစားဖော်ထုတ်ဆောင်ရွက်ကြတာဟာ ဟိုးကမ္ဘာ့ ကမ္ဘာက ပါရမီရှင် အမျိုးကောင်းသားတို့ရဲ့ အစဉ်အလာကောင်းကို ဒီဘဒ္ဒကမ္ဘာက မျိုးဆက်သစ်အဖြစ် ခံယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ အများအကျိုးဆောင်ရွက်တယ်ဆိုတာ အများစုရဲ့ ဒုက္ခအရောက်ဆုံးနဲ့ အခက်ခဲဆုံး အလိုအပ်ဆုံး ကိစ္စကို ကူညီဆောက်ရွက်ပေးရမှာ ဖြစ်ကြောင်း။
ဒီလုပ်ငန်းဟာ အများထင်နေကြသလို အောက်တန်းကျတဲ့ အလုပ်မဟုတ်သည့်ပြင် စိတ်စေတနာထားတတ်ရင် ထားတတ်သလောက် မွန်မြတ်တဲ့ အလုပ်လည်းဖြစ်၊ မဂ်ဖိုလ်ရမှုအတွက် အထောက်အကူလည်း အဖြစ်ဆုံးလုပ်ငန်း ဖြစ်ကြောင်း။
ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ မြတ်စွာဘုရား ပွင့်တော်မူတဲ့ ပထမ၀ါအတွင်းမှာပင် ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြတာဟာ ဒီလုပ်ငန်းက ပါရမီလည်းဖြစ်၊ အသုဘသညာ ကမ္မဋ္ဌာန်းအဖြစ်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့လည်း ရခဲ့ကြလို့ ဖြစ်ကြောင်း အကျယ်တ၀င့် မိန့်ကြားပြီး ရန်ပုံငွေအတွက် န၀ကမ္မ ငါးသောင်းကိုလည်း ကပ္ပိယကာရယနဲ့ လွှဲပြောင်းလှူဒါန်းသွားပါတယ်။
ဒီအစည်းအဝေးမှာပဲ မဟာဂန္ဓာရုံဆရာတော်များနဲ့ မင်္ဂလာတိုက် ဆရာတော်များရဲ့ တိုက်တွန်းခွင့်ပြုချက်အရ မိမိအနေနဲ့ အကြံပြုစကား ပြောခွင့်ရတဲ့အခါ-
ဗုဒ္ဓဘာသာဝင်တွေမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဆန့်ကျင်သလောက် အယူသီးအစွဲပြင်းတဲ့ အစဉ်အလာဆိုး အမှားကြီးတစ်ခုကတော့ နာရေးကိစ္စဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်က အဘိဏှသုတ်မှာ “သေခြင်းတရားနဲ့ ပတ်သတ်လို့ မပြတ်ပွားများ နှလုံးသွင်းနေရမယ်” လို့ မိန့်ကြားခဲ့ပေမယ့် ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေဟာ နာရေးနဲ့ ပတ်သက်ရင် ရပ်ထဲ ရွာထဲ အသုဘယာဉ် ဖြတ်သွားတာ၊ ထားရှိတာကို အတိတ်ဆိုး၊ နိမိတ်ဆိုးကြီးတစ်ခုအဖြစ် အယူသီးနေကြလို့ တစ်ချို့မြို့နယ်တွေမှာ အသုဘယာဉ်ထားရေးအတွက် နေရာကိစ္စအလွန် အခက်အခဲ ကြုံရနေကြောင်း။
လူ့လောကရဲ့ တကယ့်အညစ်အကြေးလို့ ဆိုရမယ့် လောဘ ဒေါသ မာန်မာနတွေ ကင်းစင်ရေးမှာ အသုဘ တရားဟာ အလွန်အရေးပါတာဖြစ်လို့ ရှေးလူကြီးများက “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ပင် ဆိုရိုးစကား ထားခဲ့ကြကြောင်း၊ ဒီစကားမှာ ဖော်ပြတဲ့ အချိုးအစားအရ တွက်ကြည့်ရင် အသုဘယာဉ်တစ်ခေါက် မိမိတို့ အရပ်ထဲအတိုင်း ဖြတ်သွားခြင်းဟာ သံဃာတွေ ဆယ်ခေါက်လောက် ဖြတ်သွားခြင်းထက် သံဝေဂဉာဏ်ကို ရင့်စေတာမို့ နိမိတ်ဆိုး မဟုတ်ဘဲ နိမိတ်ကောင်းလို့ ဆိုရမှာ ဖြစ်ကြောင်း။
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား ဥယျာဉ်တော်ထဲ ထွက်တဲ့အခါ ဒီလို နိမိတ်ကောင်းတွေ ချို့တဲ့နေတဲ့ အတွက် နတ်ဗြဟ္မာများက သူအို၊ သူနာ၊ သူသေအဖြစ် ဖန်ဆင်းပြီး ပြခဲ့ရကြောင်း၊ ဒီနိမိတ်ကောင်းတွေရဲ့ ကျေးဇူးကြောင့် သိဒ္ဓတ္တမင်းသားဟာ တောထွက် တရားကျင့်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်ရခဲ့တဲ့အတွက် ဒီနေ့ဗုဒ္ဓသာသနာတော်ကြီးရယ် လို့ တင့်တင့်တယ်တယ် ကျက်သရေရှိတာဖြစ်ကြောင်း။
“မသာစဆောင်၊ ကျောင်းစရှောင်၊ အိုအောင်မဆင်းရဲ” ဆိုတဲ့ မြန်မာဆုံးမစကားကို ထောက်ရင် အသုဘလို့ ခေါ်တဲ့ မသာနဲ့ ပတ်သက်တဲ့ အစအနများပင် လောကုတ္တရာရေးအတွက်သာမက လောကီရေးအတွက်လည်း နိမိတ်ကောင်းများအဖြစ် ခံယူခဲ့ကြကြောင်း၊ မသာနဲ့ ပတ်သက်တဲ့ ပစ္စည်းများဟာ မတွယ်မတာ လွတ်လွတ်စွန့်ကျဲထားတဲ့ ပစ္စည်းများဖြစ်လို့ ဘုရားရှင်ကိုယ်တော်တိုင် ပံ့သကူသင်္ကန်းအတွက် အသန့်စင်ဆုံးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း။ ဒါကြောင့် အသုဘယာဉ်များ မိမိတို့ရပ်ကွက်မှာထားခြင်း၊ ဖြတ်သန်းသွားလာခြင်းများအပေါ် အမှန်အတိုင်း အကျိုးရှိရှိ ရှုမြင်လက်ခံကြဖို့၊ မြန်မာများ သေသူအပေါ်မှာသာမက ရှင်သူအပေါ်ကိုလည်း ကရုဏာထားကြပြီး အနာသိ ဆေးရှိလျှက် မကုသနိုင်သူများကိုလည်း စာနာသနား ကူညီကြဖို့ တိုက်တွန်းအကြံပြုခဲ့ပါတယ်။
ဘဒ္ဒကမ္ဘာရဲ့ မျိုးဆက်သစ်များ အရပ်ဒေသတိုင်းမှာ ပေါ်ပေါက်ပြီး အမျိုးကောင်း သားသမီးအားလုံ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်တယ်
တစ်ညမှာတော့ စာပေစကားဝိုင်းမှာ “စန်းတော” ဆရာတော်ကြီးပြောနေတဲ့ အယူအဆတွေဟာ တခြားပုဂ္ဂိုလ် များရဲ့ အမြင်နဲ့ မကိုက်ညီတဲ့ အတွက် ပိဋကတ်ဘောင်ကို ကျော်လွန်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် “ရုံးကုန်း” ဆရာတော်ကြီးက...
“စန်းတောဆရာတော်... ဆည်ပေါ်ကို ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်သနော်။ ဆရာတော်ပြောနေတာတွေ ဟာ ဆည်ပေါ်ငါးကျော်နေတယ်ထင်တယ်” လို့ ၀င်ထောက်လိုက်တယ်။ အဲဒီအခါမှာ မကျီးကုန်း ဆရာတော်ကြီးက...
“ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ၊ တောင်းနဲ့ အုပ်ဖမ်းမှပေါ့” လို့ မိန့်ကြားလိုက်ပါတယ်။ ဒီစကားဝိုင်းမှာတော့ ဆရာတော်ကြီးများရဲ့ စကားက အချင်းချင်း ပညာရှင်ဆန်ကြလို့ နံဘေးက ကြးရသူတွေ လွှတ်ခနဲ နားမလည်နိုင်ကြဘူး။
ဆည်ပေါ်ငါးကျော်တယ်ဆိုတာက ပြောတဲ့စကားဟာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှာ မိန့်ဆိုထားတဲ့ ဘောင်ကို ကျော်လွန်နေတယ်လို့ ဆိုတာပါ။
ဟင်းအိုးထဲ ရောက်တတ်တယ်ဆိုတာ အပါယ်ငရဲကျရောက်တတ်တယ်လို့ ဆိုလိုတာ။
တောင်းဆိုတာ ပိဋကတ်သုံးပုံကို ပြောတာ။ ပါဠိဘာသာနဲ့ ပိဋကတ်သဒ္ဒါက တောင်းလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဓမ္မခန္ဓာတွေကို အုပ်စုတူရာ တူရာပေါင်းပြီး ၀ိနည်းအုပ်စု၊ သုတ္တန်အုပ်စု၊ အဘိဓမ္မာအုပ်စု အဖြစ်နဲ့ စုပေါင်း သင်္ဂါယနာတင်တာဟာ ပစ္စည်းဝတ္ထုတွေကို ဖရိုဖရဲ မဖြစ်အောင် တောင်းထဲမှာ စုထည့်ထားတာနဲ့ တူလို့ အဲဒီဓမ္မခန္ဓာအုပ်စု သုံးမျိုးကို ပိဋကတ်သုံးပုံလို့ ခေါ်ကြတာပါ။
ဆရာတော်ကြီး အမိန့်ရှိတဲ့ “ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ” ဆိုတာက ပိဋကတ်စာပေ အထောက်အထားမပါဘဲ ဒီအတိုင်း အလွတ်ပြောလို့ ဘောင်မ၀င်ဘူးလို့ ဆိုလိုက်တာ။ “တောင်းနဲ့ အုပ်ဖမ်းမှပေါ့” ဆိုတာ ကတော့ ပိဋကတ် အထောက်အထားနဲ့ ဘာကြောင့် ဘယ်အချက်ဟာ မှားတယ်လို့ တိတိကျကျပြောမှပေါ့လို့ ဆိုလိုပါတယ်။
ရှေးမထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကို အာရုံပြုကြည်ညိုနိုင်ဖို့ တင်ပြလိုက်ရတာပါ။
ဆည်ပေါ်ငါးမကျော်စေဖို့နဲ့။
ကျော်လာရင် တောင်းနဲ့ အုပ်ဖမ်းနိုင်ဖို့ အတုယူအားကျ စေချင်တာလဲ တစ်ကြောင်းပေါ့။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
သာသနာပြုလုပ်ငန်းနဲ့ ဒေသဓလေ့
ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...
“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။
ဆရာတော်ကြီးက...
“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားအောင် လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကား စေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုးမှာ မဆို သူတို့ရဲ့ မိရိုးဖလာ အယူဝါဒ ဓလေ့ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ ရူးကြောင်ကြောင်အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။ မြတ်စွာဘုရားပွင့်တော်မူလာတဲ့ အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာ ၀ါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ထွေးနေတာပေါ့။ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုတော်မူသွား တယ်ဆိုတာ မျက်ခြေမပြတ်စေနဲ့၊ လေ့လာရတယ်။ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတုယူကျင့်သုံးမှပေါ့။ အရှင်ဘုရားတို့ ၀ိနည်းသိက္ခာပုဒ်တွေထဲမှာ မြတ်မနှုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မို့လား၊ ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက ‘အဲဒါတွေကို မလုပ်ရ’ လို့ ဘာလို့ ပညတ်ထားသလဲ၊ အကျိုးမရှိဘဲနဲ့ မပညတ်ဘူး၊ အကျိုးရှိလို့ ပညတ်တာ”
“အဲဒီခေတ်မှာ တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲ တစ်ခုက သစ်ပင်ကို ခုတ်ထစ်တာဟာလဲ ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တ၀ါကို ညှင်းဆဲတာပဲ လို့ မှတ်ယူထားကြတာ။ အဟိံသာ ပရမောဓမ္မာ၊ မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရား ဆိုတာ ဒီလို အယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။ ဒါကို ဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့် မထိရောက်သေးဘဲ သူ့ဝါဒနဲ့ ဆန့်ကျင်ဘက် လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ့်သူတောင် ရှိမှာမဟုတ်လို့ သူ့ဝါဒနဲ့ မဆန့်ကျင်အောင် ဒီသိက္ခာပုဒ်တွေကို ပညတ်တာ။ ဒါကို ပညတ်လိုက်လို့ ကိုယ့်ဝါဒမှာလဲ ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်” လို့ မိန့်ကြားပါတယ်။
နတ်မှီတောရ ဆရာတော်ကြီးကတော့...
“အယူဝါဒ ဓလေ့ထုံးတမ်းဆိုတာ မှန်တာ မှားတာ အပထား။ သူတို့က ဦးထိပ်မှာထားပြီး လေးစားကိုးကွယ်နေကြ တာ ဆိုတော့ ဒါကို ထိပါးပုတ်ခတ်လိုက်ရင် ဦးခေါင်းကို ထိပါးပုတ်ခတ်တာထက် နာကြဉ်းတတ်တယ်။ ဒါဟာ ဘာသာဝါဒ တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဘယ်ဝါဒနဲ့မှ ထိပ်တိုက်မတိုးရဘူး။ ပိဋကတ်တော်တွေထဲမှာ မြတ်စွာဘုရားက... အဲဒီခေတ်က ဂိုဏ်းဆရာကြီးတွေအပေါ် ပြောဆိုသုံးစွဲတဲ့ ဝေါဟာရတွေကို ကြည့်ပါလား။ တိတ္ထိကြီးတွေ၊ မိစ္ဆာ၀ါဒီကြီးတွေလို့ ဒီလို ရင့်ရင့်သီးသီး မသုံးဘူး။ သာမညဖလသုတ်မှာ ပါတယ်မို့လား၊ ဂိုဏ်းဆရာကြီးတွေကို ခေါ်ဆိုတဲ့ ဝေါဟာရတွေလေ။ ‘သင်္ဃီ= အပေါင်းအစုခေါင်းဆောင်။ ဂဏီ= ဂိုဏ်းရဲ့ခေါင်းဆောင်။ ဂဏာစရိယော= ဂိုဏ်းဆရာ။ ဉာတော= ထင်ရှားကျော်ကြားသူ။ ယသဿီ= အခြံအရံအသိုင်းဝိုင်းရှိသူ။ တိတ္ထကရော= အယူဝါဒကို ပြုတတ်သူ။ သာဓုသမ္မတောဗဟုဇနဿ= လူအများက သူတော်ကောင်းလို့ သတ်မှတ်ထားသူ’ ဆိုတာတွေဟာ ဘုရားလက်ခံ သုံးစွဲတဲ့ ဝေါဟာရတွေ ဖြစ်လို့ ပိဋကတ်မှာ ထည့်သွင်းပြီး သင်္ဂါယနာတင်ထားတာတွေပေါ့။ ဒါတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သူတော်ကောင်း စိတ်ထားကို ဖော်ပြတဲ့ စကားတွေပဲ။ သူတော်ကောင်းဆိုတာ ဘယ်တော့မှ သူတစ်ပါးကို ထိပါးပုတ်ခတ် မပြောဘူး” လို့ ဖြည့်စွက်ပြောပါတယ်။
ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးကတော့ ဆေးပညာလဲ နားလည်ကျွမ်းကျင်တာဆိုတော့...
“လူမမာဆေးကုရသလိုပေါ့ ဘုရား၊ အပူလွန်တယ်ဆိုပြီး ဆန့်ကျင်ဘက်ဆေးအေးတွေ တွန်းတိုက်လိုက်ရင် တစ်ခါတည်း လူမမာငန်းဖမ်းပြီး သေသွားတတ်တယ်။ တဖြည်းဖြည်းချင်း ဆေးချက်သွင်းရတယ်။ ကိသာဂေါတမီကို မြတ်စွာဘုရားက... တရားဆေးနဲ့ ကုသလိုက်ပုံကြည့်ပါလား။ သားသေကို ဆေးကုပေးဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဟိုက အားကိုးတကြီးနဲ့ လာတာ။ သောကမီးကလဲ တောက်နေတာ။ တရားဟောလိုက်ရင်လဲ သောကပူနဲ့ တရားအအေးနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတော့ အကျိုးမရှိတဲ့အပြင် တရားကို ကလန်ကဆန် လုပ်မိလို့ ဓမ္မန္တရာယ် ဖြစ်ဦးမယ်။ သေသူဆိုတာ ကုလို့ ရတာမျိုးမဟုတ်ဘူး လို့ တိုက်ရိုက်ကြီး ပြောလိုက်ပြန်လဲ အပူမီးတောက်နေသူ အတွက် နေပူကလာသူကို အရိပ်ကနေ ဆီးကန်လွှတ်သလို ဖြစ်သွားမှာ။ ဒီတော့ မြတ်စွာဘုရားက သူ့အပူသူ ငြိမ်းနိုင်အောင် ပရိယာယ်နဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းတယ်။ မရတော့ ‘သေတယ်ဆိုတာ အိမ်တိုင်းနဲ့ ဆိုင်တဲ့ တရားပဲ’ လို့ သဘောပေါက်ပြီး သောကအပူအေးသွားတော့မှ တရားရေအေးတိုက် ကျွေးလိုက်တော့ အနာနဲ့ဆေး တစ်ခါတည်းကိုက်ပြီး အရိယာ ဖြစ်သွားသလိုပေါ့။ မြတ်စွာဘုရားရှင်ရဲ့ ဒီလို နည်းပရိယာယ်မျိုးကို လေ့လာအတုယူရမှာပေါ့” လို့ ကောက်ချက်ချပြပြီး စကားဝိုင်းကို ရပ်နားလိုက်ပါတယ်။
“နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်”
ဓမ္မဘေရီ အရှင်ဝိရိယ
သက်မဲ့တို့ရဲ့လွတ်လပ်ခွင့်
မန္တလေးမြို့ မိုးကောင်းတိုက်က သက်တော်ရှည်ဒေးဝန်းဆရာတော်ကြီးဆိုတာ မန္တလေးမြို့မှာ ရှိတဲ့ ရဟန်း ရှင်လူ တို့သာမ က မြန်မာပြည်အရပ်ရပ်မှာ ရှိကြတဲ့ ပရိယတ္တိ သာသနာတော်ကို မျက်ခြည်မပြတ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားသိလေးစားကြရတဲ့ ဆရာတော်ကြီးပါ။
ဆရာတော်ကြီး ၀ိနည်းတော်ကို အလွန်လေးစားတာ၊ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမားတာတို့ အပြင် ပရိယတ္တိ သာသနာတော်ရဲ့ အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးမှာ မိမိရဲ့ခန္ဓာကိုယ်လှုပ်ရှား နိုင်သမျှ ဦးဆောင်နာယကအဖြစ်ဆောင်ရွက်တော်မူခဲ့တာဖြစ်လို့ ပရိယတ္တိနယ်မှာ လေးစားစံထားခြင်းခံရတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။ ဒကာ၊ ဒကာမတို့ကို ဆုံးမ သြ၀ါဒပေးရာမှာလဲ လိုရင်းတိုရှင်းနဲ့ မှတ်လောက်သားလောက်အောင်၊ မဖြစ်မနေ လိုက်နာချင်လာအောင် ဆုံးမညွှန်ကြားလေ့ရှိတာမို့ မန္တလေးမှာ ရှိကြတဲ့ သာသနာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေအားလုံးလောက်ဟာ ဆရာတော်ကြီးထံမှာ ဆုံးမသြ၀ါဒခံယူလေ့ရှိကြပါတယ်။
တစ်ခါက လူကြီးလူငယ် အတော်စုံလင်တဲ့ အဖွဲ့တစ်စု ဆရာတော်ကြီးထံ ဆုံးမသြ၀ါဒခံယူဖို့ ရောက်လာကြတယ်။ ဦးဆောင်ဦးရွက်ပြုတဲ့ ဒကာကြီးက “တပည့်တော်တို့ ဒကာ ဒကာမများအတွက် ဘ၀ဒုက္ခ၊ လူမှုဒုက္ခတွေက လွတ်မြောက်နိုင်ဖို့ အတွက် ဆရာတော်ကြီးရဲ့ လမ်းညွှန်ဆုံးမသြ၀ါဒကို ခံယူဖို့ ရောက်လာကြတာ ဖြစ်ပါကြောင်း” လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက...
“အေး... ဒကာတို့ သက်ရှိဖြစ်တဲ့ လူတွေ ဒုက္ခအားလုံးက လွတ်မြောက်လိုကြတယ်ဆိုရင် အဲ့ဒီလူတွေက သက်မဲ့တွေကို အရင်ဆုံးလွတ်လပ်ခွင့် ပေးကြဦးကွယ့်” လို့ မိန့်ကြားလိုက်ပါတယ်။ “သက်မဲ့တွေ လွတ်လပ်ရေးပေးကြ” ဆိုတဲ့ ဆရာတော်ကြီးရဲ့ စကားက အထူးအဆန်းဖြစ်နေတဲ့ အတွက် အံ့သြထူးဆန်းတဲ့ အမူအယာနဲ့ ဆရာတော်ကြီးကို မော့ကြည့်ကြပြီး...
“ဆရာတော် သက်မဲ့တွေကို ဘယ်လိုများလွတ်လပ်ခွင့် ပေးစရာလိုနေပါသလဲ ဘုရား” လို့ လျှောက်ထားကြပါ တယ်။ ဆရာတော်ကြီးက...
“ဒကာတို့... တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံကြီးပဲ၊ ဗုဒ္ဓဘာသာဝင် အများစုကြီးနေတဲ့ နိုင်ငံလဲ ဟုတ်တယ်။ ဒီလိုနိုင်ငံမျိုးမှာ ဒကာတို့ စဉ်းစားကြည့်စမ်း၊ လမ်းဘေးမှာ ရှိကြတဲ့ သောက်ရေအိုးစင်တွေမှာ ရေမှုတ်၊ ရေခွက်တွေ လွတ်လွတ်လပ်လပ်နေခွင့်ရရဲ့လား၊ သံကြိုးနဲ့ကို အချည်ခံနေရတယ်ဗျ။ ပြီးတော့ ကျောင်းကန် ဘုရားတို့ အလှူအတန်းတို့ကို သွားကြတဲ့အခါမှာကော ဖိနပ်တွေဟာ လွတ်လွတ်လပ်လပ် ချွတ်ထားလို့ရသလား၊ သံဆန်ခါ အကန့်အကန့်လေးတွေထဲမှာ ထည့်ထားခံရတယ်မို့လား၊ အဲဒီသက်မဲ့ရေမှုတ် ရေခွက်တွေ ဖိနပ်တွေ လွတ်လပ်ခွင့်မရ တာဟာ ဘယ်သူတွေကြောင့်လဲ။ သက်ရှိလူတွေကြောင့် မဟုတ်လား။ လူတွေဆိုတာ တခြားဘာသာဝင်တွေ မမှတ်လိုက် နဲ့။ တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေချည်းသွားကြတဲ့ အလှူပွဲတွေ ဘုရားတန်ဆောင်းတွေမှာကို ဖိနပ်တွေ ဒီအတိုင်းထားလို့ မရကြသေးဘူးမို့လား။ အဲဒါတွေ လွတ်လပ်ခွင့်ရအောင် အရင်လုပ်ရဦးမှာဗျ။”
“ဒုက္ခဆိုတာ ဘယ်လိုဒုက္ခမျိုးကပဲ လွတ်ချင်လွတ်ချင် အခြေခံအကျဆုံးက ကိုယ်ကျင့်သီလပဲ၊ ကိုယ်ကျင့်သီလ မလုံခြုံရင် ဘ၀ဒုက္ခတွေက လွတ်မြောက်ဖို့ မပြောနဲ့ ဘ၀လုံခြုံမှုကိုတောင် မရနိုင်ဘူး။ ဒီလိုအခြေခံကျတဲ့ ကိုယ်ကျင့်တရား အရာမှာ ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့ နိုင်ငံကြီးတစ်နိုင်ငံ အနေနဲ့ တခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေ မဆိုထားနဲ့။ သောက်ရေအိုးစင်က ရေမှုတ် ရေခွက်လို ပစ္စည်းလေးတစ်ခုတောင် လွတ်လွတ်လပ်လပ်ထားလို့ မရသေးဘူးဆိုတာ တခြားတိုင်း တစ်ပါးသားတွေ မြင်ရတွေ့ရရင် ဘယ်လောက်ရှက်စရာကောင်းလဲ။ နိုင်ငံကြီးသား ဖြစ်ဖို့ဆိုတာ တိုက်ကြီး တာကြီးတွေ ရှိနေရုံနဲ့ ကမ္ဘာကျော်တဲ့ သူဌေးကြီးတွေရှိနေရုံနဲ့ နိုင်ငံကြီးလို့ မခေါ်နိုင်ဘူး။ ကိုယ်ကျင့်တရားကြီးမားတဲ့ လူတွေ နေမှဖြစ်တာ။ အဲဒီလိုနိုင်ငံသားကိုမှ နိုင်ငံကြီးသားလို့ ဆိုနိုင်မှာဗျ။ ကဲ... ဘယ်နှယ်လဲ” လို့ မေးလိုက်တော့ အားလုံးပဲ ခေါင်းငိုက်စိုက်ကျသွားကြပါတော့တယ်။
အမှန်ကတော့ ဒီအဖြစ်တွေကို တွေ့မြင်နေကြရတာ ကြာလဲ ကြာပါပြီ။ တစ်နေရာတည်းမှာလဲ မဟုတ်ပါဘူး။ အရပ်ဒေသတိုင်း နေရာတိုင်းလိုလိုမှာ ဖြစ်နေကြတာပါ။ လူတို့ရဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုနဲ့ လူ့တန်ဖိုးကို အလေးမထားမှုကြောင့် သက်မဲ့အရာတွေမှာ လွတ်လပ်မှုမရှိရုံမျှမက လုံခြုံမှုကင်းမဲ့တဲ့ အဖြစ်မျိုးတွေ့ကြုံနေရတာတွေလဲ အများကြီးပါပဲ။ လူအများ တည်ခိုးနားနေဖို့ ဆောက်လုပ်ထားတဲ့ ဇရပ်၊ တန်ဆောင်းတွေမှာ ကွက်လပ်မကျန်အောင် အယုတ္တ အနတ္တ (မသင့်လျော်၊ အကျိုးမရှိ)တဲ့ စာတွေ ရေးသားကြတာ၊ အုတ်ရေအိုးစင်တွေမှာ ကွမ်းသွေးများ ပေကျံနေတာ။ အများသောက်တဲ့ ရေအိုးစင်နားမှာ ရွံ့ရှာဖွယ် အညစ်အကြေးနှပ်၊ သလိပ်တွေ ထွေးထားကြတာ၊ စတာ စတာတွေ။
ပြီးတော့ သက်ရှိလူတို့ရဲ့ စည်းကမ်းမဲ့မှုကြောင့် သက်မဲ့တွေ အဆဲခံရတာလဲ ရှိသေးတယ်။ လမ်းသွား လမ်းလာ မလွတ်လပ်တဲ့ နေရာမှာ ရပ်ထားတဲ့ ကား၊ စက်ဘီး၊ လှည်းတွေ အဆဲခံရတာမျိုး။ ရန်အပြုခံရတာမျိုးလဲ ရှိသေးတယ်။ အိမ်ရှေ့လမ်းမမှာ ရပ်ထားတဲ့ ၀ါးလှည်းကို ညမှောင်မှောင် ၀င်တိုက်မိလို့ ၀ါးတွေနဲ့ လှည်းကို ဓါးနဲ့ လာခုတ်သွားတာမျိုး တွေ၊ တစ်ခုခုနဲ့ ၀င်အတိုက်ခံရတာတွေ တခြားအရာ ကိစ္စတွေလဲ အများကြီးရှိနေကြဦးမှာပါ။
ဒါတွေအားလုံးဟာ သက်ရှိတွေထဲမှာ အသိဉာဏ် အကြီးဆုံးနဲ့ အယဉ်ကျေးဆုံးဖြစ်တဲ့ လူတို့ရဲ့ စည်းကမ်းမဲ့မှု ကြောင့် သက်မဲ့တွေမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေပါပဲ။
ဆရာတော်ကြီးရဲ့ ဆိုလိုရင်းကတော့ သက်မဲ့တွေမှာ သက်ရှိ(အထူးသဖြင့် လူ) တွေကြောင့် ကြုံတွေ့ရတဲ့ ဒီမနှစ်မြို့စရာတွေ ပပျောက်အောင် လူတွေရဲ့ ကိုယ်ကျင့်တရားတွေကို ပထမဦးဆုံး ပြုပြင်ဖို့ အရေးကြီးတယ်။ လူတွေမှာ ဒီလို ကိုယ်ကျင့်တရားတွေနဲ့ ပြည့်စုံကြမယ်။ ယဉ်ကျေးကြမယ်ဆိုရင် လူမှုဒုက္ခနဲ့ ဘ၀ဒုက္ခအမျိုးမျိုးက လွတ်လပ်ဖို့ အတွက် အခြေခံ (သီလသိက္ခာ) ပြည့်စုံပြီးဖြစ်လို့ ရည်မှန်းသမျှ မုချရနိုင်မယ်လို့ ဆိုလိုတာပါပဲ။
မိမိတို့ကိုယ်တိုင် ဆရာတော်ကြီး မိန့်ကြားတဲ့ “သက်မဲ့တို့ကို မလွတ်လပ်အောင်၊ လုံခြုံမှုကင်းမဲ့အောင်၊ ရန်ပြုခံရအောင် ပြုလုပ်နေကြသူများ” စာရင်းထဲက ကင်းလွတ်ကြပါရဲ့လား။ တကယ်လို့များ ဒီစာရင်းထဲ ပါဝင်နေသေးတယ် ဆိုရင် ဘာကို အရင်လုပ်ကြမလဲဆိုတာ စဉ်းစားပြီး အမှန်အကန် သုံးသက်ဆုံးဖြတ် အကောင်အထည် ဖော်နိုင်ကြပါစေ...။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
အစောင့်အရှောက်နဲ့ အနှောင့်အယှက်
“၀ိနည်းသိက္ခာပုဒ်တို့ စည်းကမ်းဥပဒေတို့ ဆိုတာ အေးအေးနေချင်သူအတွက် အကောင်းဆုံး အစောင့်အရှောက်ပဲ၊ ထိုးထွက်ချင်သူ အတွက်တော့ အနှောင့်အယှက်ပေါ့”
တောင်မြို့ည၀ါအကျော် တူမောင်းဆရာတော် တောင်မြို့လို့ ခေါ်တဲ့ အမရပူရမြို့ တူမောင်းတိုက် နာယက၊ ည၀ါအကျော် ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယ ရှိစဉ်က သံဃာ့ဥပုသ်ပြုအပြီးမှာ ပေးလေ့ရှိတဲ့ သြ၀ါဒ စကားပါ။ ဆရာတော်ကြီး ဆက်လက်မိန့်ကြားတာက-
“သစ်ပင်တွေမှာ မလိုအပ်တဲ့ ကိုင်းသေး ကိုင်းမွှား အရှုပ်အထွေးတွေ ရှင်းပစ်မှ ပင်လုံးပေါ်လာတယ်။ ဒီအပင်မျိုးမှ ပင်စည်လဲ ဖြောင့် အနှစ်လဲ ပြည့်လာတာ၊ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ရဘူးလို့ ပညတ်ထားတဲ့ သီလ သိက္ခာပုဒ်တွေ ဆိုတာလဲ “လူရုပ်” ပေါ်လာအောင်လို့ လူ့အရှုပ်တွေကို ရှင်းပေးနေတာ၊ လူကို ချုပ်ချယ်နေတာ မဟုတ်ဘူး။ ဒီလိုရှင်းပစ်မှ စိတ်ထားလဲ ဖြောင့်မတ်မှန်ကန်မယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အနှစ်တွေလဲ ပြည့်လာမယ်၊ ဒါကို ကြပ်ကြပ်သတိထားပြီး လေးစားစောင့်ထိန်းကြပါ” တဲ့။
အသေးအမွှားအခွင့်အရေးကို အခွင့်ထူးကြီး ထင်မှတ်ခဲ့လို့ တကယ့်အခွင့်အထူးကြီးတွေ လက်လွှတ်ခဲ့ရတဲ့ ပုဂ္ဂိုလ်အများကြီး ရှိကြတယ်။ မြတ်စွာဘုရားလက်ထပ်တော်က ဒေ၀ဒတ်ဟာ ဒီလိုပုဂ္ဂိုလ်မျိုးပေါ့။ တစ်ဘ၀စာ လာဘ်လာဘကို အခွင့်ထူးမှတ်ပြီး တပ်မက်ခဲ့ရာက သံဃာသင်းခွဲတဲ့ ကံကြီးတွေ၊ ဘုရားရှင်ကို သတ်ဖို့ ကြိုးစားခဲ့တာတွေကြောင့် ရပြီးသား အသိဉာဏ်များလဲ ဆုံးရှုံး၊ မဂ်ဖိုလ်နဲ့လဲ ဝေးခဲ့ရုံမက အ၀ီစိအထိ နစ်ခဲ့ရတယ်။
သာတာဂီရိတို့ ဟေမ၀တတို့လဲ ကဿဖဘုရားရှင် လက်ထက်က အဓမ္မ၀ါဒီရဟန်းပေးတဲ့ လာဘ်ကို တပ်မက်မိခဲ့လို့ ဓမ္မ၀ါဒီဘက်က ရပ်တည်မပေးခဲ့တဲ့ အတွက် မဂ်ဖိုလ်နဲ့ လွဲပြီး နတ်ဘီလူးဘ၀ ရောက်ခဲ့ကြတာပေါ့။
ကိုယ်ကျင့်သီလ ဖောက်ပြားခြင်း ဆိုတဲ့ လူ့အရှုပ်အထွေးတွေ ရစ်ပတ်ဖုံးအုပ်ထားလို့ လူရုပ်တောင် မပေါ်ကြသူတွေလဲ ဒုနဲ့ ဒေးပါပဲ။ ဒီလို ပုဂ္ဂိုလ်တွေအတွက် ဆရာတော်ကြီး မိန့်ကြားတဲ့ “လူရုပ်ပေါ်ဆေး” ကို အသုံးပြုကြည့်စေချင်ပါတယ်။ လူရုပ်ပေါ်လာရုံ မကဘူး၊ လူ့အနှစ်ပါ ပြည့်ဝလာမယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တိုင်က အာမခံချက် အပြည့်ပေးထားတဲ့ ဆေးတော်ကြီးပါ။
လူရုပ်ပေါ်ပြီး လူ့အနှစ်ပြည့်ဝကြပါစေ...။
ပညတ်နဲ့ပရမတ်
ပညတ်နဲ့ပရမတ်
တောင်တွင်းကြီးအပါအ၀င် မြေလတ်ပိုင်းမြို့တွေမှာ ငါးရက်တစ်ဈေးခေါ်ကြတယ်။ တခြားနေ့တွေမှာလဲ ဆိုင်ကြီးတွေ ဖွင့်ထားကြပေမယ့် ဈေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ငါးရက်တစ်ဈေးနေ့တွေ ရောက်မှပဲ တောရွာတွေက ရောင်းသူ ၀ယ်သူတွေနဲ့ စည်းကားတာ။
နတ်မှီတောရဆိုတာ မြို့နဲ့ တော်တော်လေးလှမ်းတာမို့ ဈေးလွန်တစ်ရက်လို့ ခေါ်တဲ့ ဈေးနေ့ပြီး နောက်တစ်ရက် ကို ဥပုသ်သီတင်းဆောက်တည်တဲ့ ရက်အဖြစ် သတ်မှတ်ထားကြတယ်။ ဈေးနေ့မှာ ရောင်းရေး ၀ယ်ရေး ကိစ္စတွေပြီးရင် ချက်ပြုတ်စရာဝယ်၊ နောက်နေ့ မနက်စောစောချက်ပြုတ်ပြီး ဆွမ်းချိုင့်များ ဆွဲသူဆွဲ၊ ဆွမ်းအုပ်ရွက်သူရွက်နဲ့ ကျောင်းတတ်ကြတာ။ ဒကာတစ်ယောက်က ၀က်သားတော်တော်ကြိုက်တယ်။
သူ့ဆွမ်းချိုင့်က အမြဲတမ်းဝက်သားဟင်းချည်းပဲ၊ နတ်မှီတောရ ဆရာတော်ကြီးက သက်သက်လွတ်စားတယ်။ အိန္ဒိယမှာကတည်းက အသားမစားတဲ့ အကျင့်ပါလာလို့ နောက်လည်း မစားတော့ဘူး။ တစ်နေ့ ၀က်သားကြိုက်တဲ့ ဒကာကြီး ကျောင်းတတ်အလာမှာ ဆရာတော်ကြီးနဲ့ တွေ့တော့ ဆရာတော်ကြီးက... “ဘာဟင်းတွေများ ချက်လာတုံး ဒကာကြီး” လို့ မေးလိုက်တယ်။
ဒကာကြီးက ဆရာတော်အသားမစားမှန်း သိတော့ ၀က်သားဟင်းပါလို့ လျှောက်ထားဖို့ခက်နေပုံရပါတယ်။ ပြီးတော့မှ... “ဆရာတော်ပဲ ဟောထားတာပဲ၊ အားလုံးဟာဓါတ်လေးပါးချည်းဆို၊ ခုလဲ ဓါတ်လေးပါးဟင်းပေါ့ဘုရား” တဲ့။
ဆရာတော်ကြီးက ပြုံးပြီး “အေး... ဈေးထဲမှာတုန်းက ပေါက်ဖော်ကြီးဆိုင်မှာ ဓါတ်လေးပါးငါးဆယ်သားလောက် ပေးပါလို့ ပြောပြီး ၀ယ်လာတာဆိုရင်တော့ ဒကာကြီးဟာ ဓါတ်လေးပါးဟင်းပဲပေါ့လေ၊ ဘယ်လိုပြောပြီး တယ်လာတုံး” ဆိုတော့ ဒကာကြီးက ရယ်ကျဲကျဲနဲ့...
“ဆရာတော်ကလည်း ကတ်သီးကတ်သတ် ဘယ် ဒီလိုတော့ ပြောဝယ်လို့ရမလဲ ဘုရား၊ ၀က်သားလို့ ပြောဝယ်ရတာပေါ့” ဆိုတော့ ဆရာတော်ကြီးက... “၀က်သားလို့ ပြောဝယ်လာရင်တော့ ၀က်သားဟင်းပဲ ဖြစ်မှာပေါ့ ဒကာကြီးရဲ့၊ ဓါတ်လေးပါးလို့ ပြောဝယ်မှ ဓါတ်လေးပါးဟင်း ဖြစ်မှာပေါ့” လို့ မိန့်လိုက်ပါတယ်။
နေ့ဆွမ်းစားအပြီး အချိုပွဲဝိုင်းမှာ ရပ်ဝေးကရောက်လာတဲ့ အာဂန္တုဆရာတော်များပါ ၀ိုင်းဖွဲ့ပြီး ဒီအကြောင်း စပ်မိကြတော့... ဆရာတော်တစ်ပါးက “ဒကာကြီးပြောတာလဲ ဟုတ်သားပဲ၊ နောက်ဆုံးတော့ သက်ရှိကော သက်မဲ့ကော အခြေခံက ဓါတ်လေးပါးချည်းပဲ မဟုတ်လား” လို့ လျှောက်ထားလိုက်တယ်။
ဆရာတော်ကြီး အဲဒီဆရာတော်ရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်ပြီးမှ... “ပရမတ် အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်” လို့ ခပ်လေးလေး မိန့်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ ဆရာတော်” ဆိုတော့မှ...
“ဘုရားတို့ ရဟန်းသံဃာတော်တို့နဲ့ လူဝတ်ကြောင်၊ အမိ၊ အဘတွေနဲ့ တခြားယောက်ျား မိန်းမစတဲ့ သူ့ဂုဏ်သူ့ အမည် ပညတ်နဲ့ သီးခြားစီရှိကြတာကို အတူတူဓါတ်လေးပါး အခြေခံတွေ ချည်းပဲလို့ ယူကြည့်ပါ့လား၊ လောကမှာ သည့်ထက် ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား”
“တကယ့်ပရမတ် အစစ်ကို ပေါက်ပြီး သစ္စာလေးပါး ထိုးထွင်းသိပြီးလို့ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမရယ်လို့ မရှိဘူးလို့ သိတာက တစ်မျိုးပါ၊ ဒါက ၀ိပဿနာဉာဏ်အမြင်နဲ့ ရှုကြည့်တဲ့ အခိုက်ပြောတာ၊ လောကထဲမှာ ပြောတာ သိမှတ်တာကျတော့ သူ့ပညတ်နဲ့သူ ခွဲပြီးတော့ပဲ သုံးရတယ်၊ အားလုံးကို အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင်နဲ့ ကိုယ့် အိမ်သူကို အတူတူပဲလို့ သဘောထားကြည့်ပါလား၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား၊ လောကီနယ်မှာ ပညတ်ဟာ သူ့တန်ဖိုးနဲ့သူ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်းဂုဏ်ချင်း ခြားနားတယ်၊ ဒါကို ခြားခြားနားနားပဲ သိမှတ်ရတယ်။ ၀ိပဿနာနယ် လောကုတ္တရာနယ်မှာကျတော့လည်း ပရမတ်က သူ့တန်ဖိုးနဲ့ သူပေါ့” လို့ မိန့်လိုက်ပါတယ်။
လောကစည်းနဲ့ ဓမ္မစည်း မရောထွေးကြဖို့ပါ။