ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်း၊

ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
ပါရမီ(၃)မျိုး၊
သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။


စွန့်ခြင်းကြီး(၅)ပါး၊
ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။
ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။
ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။ နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
ကြည့်ခြင်းကြီး(၅)ပါး၊
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား၊
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။
ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့ှ်ုဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူ၍ အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
(၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။
အရှင်သုန္ဒ (ဘီအေ)

ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း၊ ယဉ်ကျေးလိမ္မာ ဒုတိယဆင့် စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှာ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တွေကို တတ်စွမ်းသည့်နေရာမှ ကျေဇူးဆပ်သည့် အနေဖြင့် ရေးသားလိုက်ရပါသည်။ ဗုဒ္ဓ၀င်အကျဉ်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားသင့်ပါသည်။ ထို့အပြင် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များအတိုင်း ကျင့်ကြံအားထုတ်နိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ။

ကဆုန်လပြည့်နေ့၊

ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။

ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…


သာမဏေငယ်များနှင့် အနာဂတ်သာသနာ၊

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ်ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သလို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သုံးရပ် ရှိပါတယ်။ “ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ်များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့်ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ်သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။
ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာတပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။
အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။


အမေး အဖြေ(၇)၊

ဗုဒ္ဒဘာသာ ကျွန်တော်တို့လူမျိုးတွေက ဘုရားရှင်ရဲ့ မူရင်းပုံရိပ်ကို မကိုးကွယ်ပဲ ဘာကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ်နေတာလဲ.. မူရင်း ဘုရားရဲ့ပုံရိပ်စစ်ကို ကိုးကွယ်ရင်မကောင်းဘူးလား.. အခုဗုဒ္ဒဘာသာမှာ ကိုးကွယ်နေတာတွေက စေတီတွေဆိုလည်း အမျိုးမျိုးပုံစံတွေနဲ့ ထိုင်းနိုင်ငံ တရုတ်နိုင်ငံ စသဖြင့် ဗုဒ္ဒဘာသာ နိုင်ငံတွေမှာ ကိုးကွယ်နေကြတဲ့ စေတီတွေဟာ အမျိုးမျိုးပုံစံတွေ ဖြစ်နေကြတယ်.. ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ... ဗုဒ္ဒဘုရားပုံစံဟာ တစ်မျိုးတည်းပဲရှိမနေပဲ အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေမြင်ကြမလဲ... ဒါလေးကိုသိချင်လို့ပါ...
မျိုးချစ်

မေးထားတဲ့ အကြောင်းလေးတွေ ကောင်းပါတယ်။ ပထမဆုံး ဘာ့ကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ် နေတာလဲ ဆိုရာမှာ… စေတိယ= စေတီ ဆိုတာ မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြတဲ့၊ အရိုအသေပြုအပ်တဲ့ အရာ၊ ဌာန မှန်သမျှကို ဆိုလိုပါတယ်။ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ တွေကို ဌာပနာထားတဲ့ သာသနိက အဆောက်အဦးများနဲ့ ဌာပနာမပါပေမယ့် ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားတဲ့ သာသနိက အဆောက်အအုံများကိုလည်း စေတီလို့ သတ်မှတ်ကြပါတယ်။ ဟိုအရင်က ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီလို့ သမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့တယ်။ အချို့စေတီတွေက နတ်ဘီလူးကြီးတွေကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်း တွေဖြစ်တယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်တယ်။ အချို့စေတီတွေဟာ တောင်တွေ၊ တောတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေ အရိုအသေ အလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့-


၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံး အဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော် များ။

စသဖြင့် စေတီလေးမျိုးရှိတယ်။ ဒါကြောင့် ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီလို့ ခေါ်နိုင်ပါတယ်။ မူရင်းပုံတော်ဆိုရာမှာလည်း ရည်မှန်းပူဇော်ရတဲ့ စေတီထဲမှာ ပါတယ်လို့ ဆိုနိုင်တယ်။ ဒီနေရာမှာ အဓိက သိရမှာက ပုံတော်တွေ၊ ဆင်းတုတော်တွေ၊ ရုပ်ပွားတော်ဆိုတဲ့ အရာဝတ္ထုကို မြင်ပြီး ရှိခိုး ပူဇော်ရမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ပုံတော်၊ ဆင်းတုတော် ဘာကိုပဲ ရှိခိုးရပေစေ ဘုရားရှင် ကိုယ်တော် တိုင် သက်ရှိထင်ရှားရှိသလို ရည်မှန်းထားရမယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ မေတ္တာတော်၊ မဟာကရုဏာ တော်တို့ကို ရည်မှန်းပြီးတော့ ရှိခိုးပူဇော်ရမှာပါ။ ဒါတွေက ကိုသိပြီး ကိုးကွယ်ဖို့က အရေးကြီးပါတယ်။

စေတီတွေကို ပုံစံအမျိုးမျိုးနဲ့ ကိုးကွယ်ကြတယ် ဆိုရာမှာ- ထိုင်း၊ တရုတ် တွေကျတော့ သူတို့ ပုံစံနဲ့ သူတို့ အနုပညာ ပါဝင်အောင် တည်ထားကြ၊ ထုလုပ်တာလို့ ထင်ပါတယ်။ ဒါတွေကတော့ အနုပညာနဲ့ လူမျိုးတခုနဲ့ တခု အမြင်မတူကြတာကြောင့် ပုံစံတွေက ကွဲလွဲနေတယ်လို့ပဲ သုံးသပ်ပါတယ်။ အိန္ဒိယကလည်း သူတို့ လူမျိုးနဲ့ အနီးစပ်ဆုံး တူအောင် ထုကြတာပဲ။ တရုတ်မှာဆိုရင်လည်း အရင်က ဗုဒ္ဓသာသနာ ထွန်းကားတဲ့ အချိန်မှာ ဘုရားဆင်းတုတော် အကြီးကြီးတွေ ထုလုပ်ခဲ့ကြတယ်။ နောက်ပိုင်း သာသနာဆိုတာ ဘာမှန်းမသိတော့ အဲလို ဆင်းတု တော်ကြီးတွေ ခေါင်းပေါ်မှာ သိုင်းကားတွေ ရိုက်ကြတာပဲလေ။ ဘယ်လောက်ပဲ ပုံတွေ၊ ရုပ်ထုတွေ ရှိနေပါစေ၊ ဘယ်လိုပုံစံနဲ့ပဲ တည်ဆောက်နေကြပါစေ၊ နှလုံးသားမှာ ဘုရားမတည်သေးရင်တော့ အကျိုးမရှိတဲ့ လုပ်ရပ်တွေလို့ ဆိုရမှာပါပဲ။ ထေရ၀ါဒမှာ စေတီတည်တယ် ဆိုတာ အောက်ဆုံး ပန်တင်ခုံးကနေ အထက် စိန်ဖူးတော် အထိ အဓိပ္ပာယ်ရှိပါတယ်။ (ဓမ္မစေတီ ဆရာတော် ဟောကြားတဲ့ နှလုံးသားဝယ် ဘုရားတည် တရားတော်များ) ကို နာယူကြည့်ရင် သိနိုင်ပါတယ်။
အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေ မြင်ကြမလဲ ဆိုရာမှာ- သူတို့က အသွင်မျိုးမျိုး ကိုးကွယ်နေကြတာမြင်တော့ မရှင်းမလင်းဖြစ်ပြီး မေးလာမယ်လို့ ထင်ပါတယ်။ အချို့စာအုပ်တွေမှာ မေးထားတာတွေ ရှိပါတယ်။ ဘာလို့ အုတ်ပုံကို ရှိခိုးနေကြတာလဲ ဆိုတာမျိုးပေါ့။ ဒါကို သေချာရှင်းပြ ပေးလိုက်တော့ သူတို့ လက်ခံသွားကြတယ်ဆိုတာ ဖတ်ခဲ့ဖူးပါတယ်။ သူတို့တွေက သိချင်လို့ မေးလာခဲ့ရင် ကိုယ့်ဘက်က ဘာကြောင့်ကိုးကွယ်တယ်ဆိုတာ ရှင်းပြပေးရမယ်။ အထက်က ရေးခဲ့တဲ့ အချက်အလက်တွေနဲ့ ပြန်ပြောပြရမှာပေါ့။ သူတို့တွေ ဘာသာမှာလည်း ရုပ်ထုတွေ၊ ပုံတော်တွေ ကိုးကွယ်တာရှိတာပဲ။ ဒီတော့ ပုံတော်တွေ၊ ရုပ်ထုတွေ ကိုးကွယ်တာနဲ့ ပတ်သတ်လို့ နားလည်ကြမှာပါ။ အသွင် အမျိုးမျိုး ဖြစ်နေတာနဲ့ ပတ်သက်လို့လဲ အတိုက်ခံလုပ်မယ်တော့ မထင်ပါဘူး။ အဓိက ဘာသာရေး သိမ်းသွင်းမှုပဲ လုပ်လာကြမှာပါ။ ဒီတော့ ကိုယ့်ဘက်က ကာကွယ်ထိန်းသိမ်းဖို့ပဲလေ။
မရှင်းတဲ့ အချက်တွေပါရင် ပြန်မေးပါ။

ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…


ရဟန်းမစားရသော ဆွမ်းတနပ်၊

ယခုတင်ပြထားတဲ့ ဇာတ်လမ်းကို သေချာကြည့်ရှု့ပြီး ဓမ္မအနှစ်သာရကို နာယူမှတ်သားကြစေလိုပါတယ်။
“ဒကာကြီးမှာလည်း အပြစ်မရှိပါဘူး၊ ရဟန်းမှာလည်း အပြစ်မရှိပါဘူး။ ဘ၀ ဘ၀ သံသရာက အကုသိုလ် ကံရဲ့ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ရဟန်းသီးခံပါတယ်”
“ဒကာမကြီး… ရဟန်းတို့မည်သည် မိမိအသက်ကိုငဲ့၍ တပါးသောသတ္တ၀ါ၏ အသက်အန္တရာယ်ကို မဖြစ်စေရပါ။ ဇာမဏီသားကောင်းသည် မိမိ၏အမြီးတပင် အတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ ထို့အတူ ရဟန်းမြတ်တို့ သည်လည်း မိမိတို့၏ သီလအတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ သံဃာရတနာရဲ့ အမြုတေဟာ သီလ ၀ိသုဒ္ဓိ ပဲ ဖြစ်ပါတယ်”
ဇာတ်လမ်းမှ-


ရှစ်ပါးသီလပေးခြင်း၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားချီးမြှင့်သော ရှစ်ပါးသီလပေး ဖြစ်ပါတယ်။ နှစ်သစ်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများသည် ဆရာတော်ကြီး သက်ရှိထင်ရှားရှိသလို အာရုံပြုပြီး သီလတော်ကို ခံယူ ဆောက်တည်နိုင်ပါတယ်။ ဥပုသ်ဆောက်တည်ရာတွင် လိုက်နာသင့်သည့် အချက်များကိုလည်း ရေးထားခဲ့ပြီး ဖြစ်ပါတယ်။ သတ္တ၀ါအားလုံး သူတော်ကောင်း တရားများကို စောင့်ထိန်း လိုက်နာနိုင်ကြသဖြင့် သူတော်ကောင်းတို့သွားရာ နိဗ္ဗာန်သို့တိုင်အောင် ရောက်နိုင်ကြပါစေ။


စိတ်၊

ဆရာတော်အရှင်ဆေကိန္ဒ ဟောကြားတော်မူသော “စိတ်” ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။ စာဖတ်သူများ နှစ်သစ်မှာ တရားတော်များ နာယူကျင့်ကြံခြင်းအားဖြင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြပါစေ။

သမ္မသနသုတ္တန်တရားတော်၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားတော်မူသော သမ္မသနသုတ္တန်တရားတော် ဖြစ်ပါတယ်။ သင်္ကြန်အချိန်ကာလမှာ စာဖတ်သူများအနေဖြင့် တရားတော်ကို ရိုသေစွာနာယူမှတ်သား လိုက်နာသင့်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်မှာ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချပြီး အသုံးကျတဲ့သူဖြစ်အောင် နေထိုင်ကျင့်ကြံနိုင်ကြပါစေ။


နှစ်သစ်ချမ်းသာ ရအောင်ရှာ၊

ကျနော်တို့ မြန်မာနိုင်ငံမှာ နှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော် ပြုလုပ်ကြပါတယ်။ သင်္ကြန်ဆိုတာ သင်္ကန္တ ဆိုတဲ့ ပါဠိမှ မြန်မာလို သင်္ကြန်လို့ အဆင့်ဆင့် ဆင်းသက်လာပြီး ကူးပြောင်းခြင်းလို့ ဆိုလိုပါတယ်။ တရက်မှ တရက်သို့ ကူးပြောင်းခြင်း၊ တလမှ တလသို့ ကူးပြောင်းခြင်း၊ တနှစ်မှ တနှစ်သို့ ကူးပြောင်းခြင်းတို့သည် သင်္ကြန်များ ဖြစ်ကြပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်သို့ ကူးပြောင်းတိုင်း ကျနော်တို့ရဲ့ ဘ၀သက်တမ်းသည် ဇရာ၊ မရဏ ဘက်ကို တနှစ်ထက်တနှစ် နီးကပ်လာပြီလို့၊ သတ္တလောကကြီး မခိုင်မြဲပုံကို “အ ၀ိညာဏက” ဖြစ်တဲ့ သစ်ပင်တွေက သတိပေးသလို ဖြစ်နေပါတယ်။ ဘယ်လိုလဲ ဆိုတော့ သစ်ပင်၊ ချုံနွယ် အပေါင်းတို့က မိမိတို့ အရွက်တွေ ရင့်ရော် နွမ်းဟောင်း ညှာညောင်း ပြုတ်ကျ မြေသို့ ခခြင်းအားဖြင့် အနိစ္စ သဘောတရားများကို ကျနော်တို့အား ပြောကြားသတိပေးသလိုပင် ရှိနေပါတယ်။ နှစ်သစ်ကူးပြောင်းတဲ့ အချိန်မှာ နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်မှာ မပါလာရအောင် ဆေးကြောတယ်ဆိုကာ ရေသဘင် ပွဲတော်ကိုကျင်းပခဲ့တဲ့ အစဉ်အလာ ဖြစ်တည်ခဲ့ရတာပါ။ ဒီနေရာမှာ ကိုယ်ပေါ်မှာ ထင်မြင်နေရတဲ့ အညစ်အကြေးကို ဆိုလိုတာမဟုတ်ပဲ မိမိတို့ ကိုယ်ထဲမှာရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာမြူ အညစ်အကြေးများကို ဆေးကြောရမယ်ဆိုရင် သင့်တော်ပါလိမ့်မယ်။

မိမိကိုယ်ထဲတွင်ရှိနေသော ကိလေသာ အညစ်အကြေးကို သာမန်ရေဖြင့် ဖြန်းပက်လို့တော့ စင်ကြယ်ရိုး ထုံးစံမရှိပါ။ ကိလေသာဆိုတာ သုံးမျိုးရှိပါတယ်။
(၁) ၀ီတိက္ကမ ကိလေသာ - အကြမ်းစားကိလေသာ။ အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် လောဘ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ - အလတ်စားကိလေသာ။ မနောဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ - အနုစားကိလေသာ။ သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
ဒီတော့ ကိုယ်တိုင် တရားအားထုတ်မှ ကိလေသာသည် စင်ကြယ်နိုင်မယ်ဆိုတာ သိသာပါတယ်။ အခုအချိန်က ကိလေသာနည်းအောင်လုပ်ဖို့ နေနေသာသာ ကိလေသာ တိုးပွားစရာ အာရုံတွေနဲ့ပျော်ပြီး ကိလေသာတောမှာ မျောနေကြတာပါပဲ။ ဒီလို အပျော်အပါးတွေနဲ့ နေနေတာသည် အကုသိုလ် ဖြစ်နေကြ တာပါ။ ဒါ့ကြောင့် သင်္ကြန်တွင်းမှာ တရားစခန်းတွေဖွင့်ပြီး တရားဘာဝနာပွားများနိုင်အောင်၊ ကောင်းကျိုး ချမ်းသာ ရရှိနိုင်အောင် သံဃာတော်တွေက ဆောင်ရွက်ပေးနေတာပါ။ ဒီအချက်တွေသိလို့ တရားစခန်းဝင်ပြီး ကုသိုလ်ဘာဝနာ အလုပ် တွေလုပ်နေတဲ့ လူတွေကတော့ သင်္ကြန်ရုံးပိတ်ရက်ကို အကျိုးရှိစွာ အသုံးချပြီး အသုံးကျတဲ့သူဖြစ်အောင် နေသွားတာပါပဲ။ မသိတဲ့သူတွေကတော့ ဆက်ပြီးမိုက်ကြပါလိမ့်မယ်။
ရေသဘင်ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ရှေးရိုးအစဉ်အလာအရ ကျင်းပတယ်လို့ဆိုပေမယ့် ယနေ့ အခါကာလ မှာ အင်မတန် သရုပ်ပျက်လာကြပါပြီ။ သင်္ကြန်တွင်းမှာ ပျော်နေကြတဲ့ မြန်မာ အမျိုးသမီးများရဲ့ ၀တ်ဆင်မှု ရုပ် ပျက်၊ ဆင်ပျက် ဖြစ်လာကြတာ တွေ့ရပါတယ်။ အမျိုးသားများကလည်း သောက်စားမူးယစ်ပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ထင်တိုင်းကြဲပြီး အကုသိုလ်တောမှာ ပျော်မြူးနေပါလိမ့်မယ်။
အဆိုးဆုံး အချက်ကတော့ အမျိုးသမီးအချို့လည်း အရက်၊ ဘီယာ သောက်လာခြင်းပါပဲ။ မြန်မာအမျိုး သမီး ဆိုတာ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြီး ကိုယ့်ကျင့်တရားမှာ အားကောင်းခဲ့တဲ့ အစဉ်အလာပါ။ အတုမြင် အတတ်သင် ဆိုသလို လူမြင်ရာတွေမှာတောင် သောက်လာတာတော့ မဖြစ်သင့်ပါဘူး။ မူးယစ်တော့ ဟိရိသြတ္တပ္ပတရားတွေ မစောင့်ထိန်းနိုင် ဖြစ်ကြရမယ်။ ဟိရိသြတ္တပ္ပ တရားနှစ်ပါးကို လောကပါလ (ကမ္ဘာစောင့် တရား) လို့ခေါ်ပါတယ်။ ဒီလိုပဲ အရှက်အကြောက် မရှိပဲ ရှေ့ဆက်သွားရင် လောက ပျက်စီးခြင်းကို ရောက်ပါ လိမ့်မယ်။ ဒါကြောင့် မိမိတို့နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်တွေမှာလည်း တတ်အားသလောက် စောင့်ထိန်းဖို့ လိုက်နာ ကြဖို့ ပြောကြစေချင်ပါတယ်။
နှစ်တွေ အလီလီဆန်းသစ်ခဲ့သလို မိမိ ရင်ထဲတွင် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါး အပေါ်မှာ တကယ်ပဲ ယုံကြည်ကိုးကွယ်တတ်ပြီလား? ကိလေသာတောထဲက ထွက်ပြီး စိတ်ထား တွေ ကောင်းမွန်မြင့်မြတ်လာပြီးလား ဆိုတာကို ကိုယ်တိုင်ဝေဖန် ကြည့်ပါ။ မိမိတို့ အသက်ရှင်ရာကို သွားနေ ခြင်းလား.? သေမင်းဆီကို သွားနေခြင်းလားဆိုတာ အလေးအနက်ထား စဉ်းစားကြည့်ပါ။ တနေ့ကုန်သွားတာနဲ့ သေမင်းက မိမိနေရမယ့် သက်တမ်းထဲမှ တနေ့ကို နှုတ်ယူသွားသည်ကို သတိသံဝေဂ ရကြပါတော့။ နှစ် တနှစ် ကုန်သွားတိုင်း ငါလည်းသေဖို့ တစ်နှစ်နီးလာပြီ ဆိုတဲ့ သံဝေဂ အသိလေးရှိကြပါ။ ဒါကြောင့် ရရှိတဲ့ အချိန်လေး တွေမှာ ဥပုသ်သီလဆောက်တည်ပြီး တရားနဲ့ မွေ့လျော် တရားနဲ့ပျော်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
သင်္ကြန်ရက်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများအတွက် သီလနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တွေကိုရေးသား လိုက်ရပါတယ်။ ဘုန်းတော်ကြီးကျောင်းကို မသွားနိုင်တဲ့သူများလည်း မိမိတို့ ကိုယ်တိုင် အိမ်မှာ ဆောက်တည်လို့ ရပါတယ်။ (ဘုန်းတော်ကြီးကျောင်း မရှိတဲ့ ကျနော်တို့လို နေရာမျိုးအတွက်ပါ)။

စာဖတ်သူများ ကူးယူဖြန့်ဝေခြင်းဖြင့် ဓမ္မဒါနပြုနိုင်ပါတယ်။ နှစ်သစ်မှာ ကုသိုလ်တရားများနှင့် မွေးလျော် ပျော်နိုင်ကြပါစေ။



ဥပုသ်၊

ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါတယ်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ် ပါတယ်။

တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင် “ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။

သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။

မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါတယ်။

မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဓါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေ၀တာဥပုသ်” လို့ခေါ်ပါတယ်။


နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ရာတွင် လိုက်နာသင့်သည့် အချက်များ၊

၁။ ဥပုသ်စောင့်မည့် ပုဂ္ဂိုလ်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စများဖြင့် အချိန်မဖြုန်းသင့်သဖြင့် လုပ်ဆောင်စရာ ရှိသည်များကို ရက်ကြို၍ပြီးစီးအောင် ပြုလုပ်ထားရမည်။
၂။ ဥပုသ်စောင့်ခိုက် ခါတိုင်းထက်ပို၍ ကောင်းကောင်းစားရန် စီမံထားမှုမျိုး မပြုလုပ်သင့်ပါ။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် ဥပုသ်စောင့်ခိုက် ကိစ္စနည်းပါးစေရန် ကြိုတင်စီမံထားရမည်။
၎။ အရုဏ်တက် အချိန်ကစပြီး ကိုယ်လက်စင်ကြယ်အောင် ပြုလုပ်၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော တဏှာကင်းသည့် အ၀တ်ကို ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ရမည်။ (ကာမဂုဏ် အာရုံကို ဖြစ်ပေါ်စေသော ၀တ်စားမှုမျိုး မပြုလုပ်ရ)။
၅။ ပန်းပန်မှု၊ နံ့သာလိမ်းမှု စသည့် အထူးတလည် ပြင်ဆင်ထားမှုမျိုး မပြုလုပ်ရ။
၆။ သီလဆောက်တည်ပြီး မွန်းမလွဲမီစားသောက်သည့်အခါ အစားအသောက်အပေါ် တပ်မက်မှု မရှိရ။ မစားရသည့် ညနေစာအတွက်ပါ ရည်မှန်းပြီး ပိုမစားရ။ ဥပုသ်ဆောက်တည်ချိန်တွင် ပရိယတ်၊ ပဋိပတ်သာသနာ နှစ်ဖြာကောင်းစွာ ကျင့်ကြံအားထုတ်နိုင်ရန်၊ မိမိ၏ ခန္ဓာကိုယ် ချမ်းမြေ့နိုင်စေရေး၊ တည်တဲ့နိုင်စေရန် အတွက်သာ အာရုံပြု ရည်မှန်းပြင်ဆင်ပြီး စားသောက်သင့်သည်။ တပ်မက်သော တဏှာ မရှိစေရ။
၇။ ဥပုသ်ဆောက်တည်သော ပုဂ္ဂိုလ်သည် မိမိဆောက်တည်ထားသော သီလများ မပျက်စီး၊ မညှိုးနွမ်းစေရန် မပြတ်သော သတိဖြင့် စောင့်ထိန်းရမည်။


၈။ ဥပုသ်စောင့်စဉ်ကာလအတွင်း စိတ်ကြည်လင်ချမ်းသာစေရန် သန့်ရှင်း သပ်ယပ်စွာနေထိုင်ရမည်။
၉။ ဥပုသ်စောင့်စဉ် ကာလအတွင်း တရားနာခြင်း၊ တရားဆွေးနွေးခြင်း၊ ဆိတ်ငြိမ်ရာ နေရာ၌ သမထ၊ ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်း စသည်ဖြင့် မြတ်စွာဘုရားရှင်တို့ ဟောကြားအပ်သည့် တရားဒေသနာတော်များနှင့်အညီ နေထိုင်ပြီး အရိယာ ဥပုသ်မျိုးဖြစ်အောင် စောင့်ထိန်းရသည်။
၁၀၊ မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တို့ကို လုံးဝရှောင်ကြဉ်ရမည်။
၁၁။ ညဥ့်အချိန်သို့ရောက်သောအခါ မိမိ၏သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် ယနေ့အဖို့ အရိယာသူတော်ကောင်း ရဟန္တာအပေါင်းနှင့် မိမိတူမျှပုံကို အောက်မေ့ရာ၏။
၁၂။ ဥပုသ်ထွက်ပြီးနောက်လည်း လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစသည်တို့ နည်းပါးသွားအောင် မဖြစ်ပေါ်အောင် မပြတ်သော သတိဖြင့် စောင့်စည်းသင့်သည်။ အကျင့်ရလာသော အခါ တဏှာ၊ ရာဂ နည်းပါး ခေါင်းပါးလာကြောင်း ကိုယ်တိုင်တွေ့ကြုံခံစားရပေလိမ့်မည်။


ဦးသက်စိန် ရေးသော သာသနာ့အခြေခံစာအုပ်မှ-



ဥပုသ်သီလဆောက်တည်ရန်၊

၁။ ရတနာသုံးပါးအပါအ၀င် ခင်ပွန်းကြီးဆယ်ပါးတို့အား ရှိခိုးကန်တော့ခြင်း။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယ၊ ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီးဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး ၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျော့၊ ကန်တော့ပါ၏ အရှင်ဘုရား။

အနက်။ ။သြကာသ၊ သြကာသ၊ သြကာသ- ရှိခိုးပါရစေ ခွင့်ပြုတော်မူပါ (သုံးကြိမ် ခွင့် တောင်းခြင်းဖြစ်သည်)။ ကာယ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်- ကာယကံ၊ ၀စီ ကံ၊ မနောကံစသည့် သုံးတန်သော စေတနာဖြင့် အစချီကာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီး ဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေးအမြတ်ပြုအပ်သော၊ အတုမရှိ မြတ်သော၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊ သံဃာအမြတ်ဆုံးရတနာ အစဖြာသော၊ ဘုရား ပစ္စေကာ၊ ရဟန္တာနှင့်၊ အဂ္ဂ သာဝက၊ မိဘဆရာ၊ ဖန်ဖန်ဆုံးမ၊ ဆရာမြတ်တို့၊ ပစ္စည်းပေးသူ၊ တရားပေးလှူ၊ ဤဆယ်ဆူဟု ဆိုအပ်သော ခင်ပွန်းကြီးဆယ်ပါးတို့အား ရိုသေမြတ်နိုးလက်အုပ်မိုး၍၊ ရှိခိုး ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာနလျှော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား။



၂။ သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။


အနက်။ ။ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်းပုန်း အောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်း ကပ်ပါ၏။
ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲ လျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ သံဃံ- အရိယာ သံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ တတိ ယမ္ပိ- သုံးကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုး ကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာ တော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခို ရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

၃။ ဥပုသ်သီလ (ရှစ်ပါးသီလ)၊
(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အနက်။ ။
(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။
(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။
(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေတတ်သည့် သေရည် အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများ ကိုပါယူရမည်။)၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ ကို၊ ဒဿန- ကြည့်ရှု နားထောင်ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍ သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင်မိ၍ သော် လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်း ဖြစ်သော မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါး စသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ်လှယ်ခြင်းငှာ လည်းကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ ၀ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာ မိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေ ကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည် တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


ဥပုသ်သီလ (ဆယ်ပါးသီလ)၊
(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(ဇ) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( စ်) ဥစၥာသယန မဟာသယနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(ည) ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဇာတရူပ- ရွှေနှင့် ပြုလုပ်ထားသော လက်ဝတ်တန်ဆာများ၊ ရဇတ- ငွေအသပြာတို့ကို၊ ပဋိဂ္ဂဟဏာ- ကိုင်တွယ်ခံယူခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို သမာဒိယာမိ- မြဲမြံစွာဆောက်တည်ပါ၏။

မှတ်ချက်။ ။၁၀ပါးသီလတွင် အထက်ကိုးပါမှ အနက်သည် ရှစ်ပါးသီလအတိုင်းပင် ဖြစ်ပါတယ်။



၎။ အရပ်ဆယ်မျက်နှာ မေတ္တာပို့ခြင်း၊
အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
အရှေ့တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်မြောက်အရပ်၌ရှိသော၊အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မြောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အရှေ့မြောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာအနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အထက်အရပ်၌ရှိသော၊ ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တနတ်ဗြဟ္မာတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အောက်အရပ်၌ရှိသော၊ ထက်ဝန်းကျင် အနန္တစကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၅။ အမျှဝေခြင်း၊
ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင့်မိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။ မိတ္တဆွေညာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိဉာဏ ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။ ထိုကုသလ မြတ်ပုညကို၊ အမျှရကြသည်ဖြစ်စေသော်။ ၀သုန္ဒရေ ဤမြေပံသု၊ သီလာထုလည်း၊ သက်သေအမှု၊ တည်စေသော်။

အားလုံး … (အမျှ အမျှ အမျှ… ယူတော်မူကြပါကုန်လော့။ သာဓု… သာဓု… သာဓု…)

(သုံးကြိမ်အမျှဝေ၊ သုံးကြိမ်သာဓုခေါ်ဆိုရန်)။


ပဋ္ဌာန်းဒေသနာတော်၊

အခါအားလျော်စွာ တရားနာကြားခြင်းသည်
ကောင်းမြတ်သော မင်္ဂလာတရားဖြစ်၏။

ပရိတ်ကြီး(၁၁)သုတ်၊

သိသင့်လို့ ဖြေပါတယ်၊

ဒါဆို သာမညဆရာတော်ကြီးကရော..... သိချင်လို့ပါ..ကိုအောင်ဦး ဖြေပေးပါ။
အမည်မသိ

ကျနော်ရေးလိုက်တဲ့ သက်သတ်လွတ်စားခြင်းဆိုရာဝယ် ပိုစ့်ကို ညီလေးဗီလိန်က ထပ်မံဖြန့်ဝေ အသိပေးလိုပြီး သူ့ဘလော့မှာ ကူးယူဖော်ပြတဲ့ အခါမှာ ထပ်ပြီးမေးလာတဲ့ အချက်လေးကို တွေ့ရပါတယ်။ သာမညတောင် ဆရာတော်ကြီးကရော… ဆိုတဲ့ မေးခြင်းပါ။ ဒီလိုမေးခွန်းမျိုး ထပ်ပြီးမေးလာနိုင်မယ်လို့ ကြိုတွေးမိခဲ့ပါတယ်။
ကျနော့်အနေနဲ့ မေးလာတဲ့ အချက်ကို ဖြေပေးတာထက် စာဖတ်သူတွေနဲ့ မေးတဲ့သူကိုယ်တိုင်ပဲ ဆရာတော် အရှင်ဆေကိန္ဒ ဖွင့်တဲ့ ပထမအကြိမ် သံဃာတရားစခန်းမှာ ဟောကြားတဲ့ တရားကို နာယူကြပါလို့ တိုက်တွန်းပါတယ်။ တိုက်ရိုက်နာလို့ မရခဲ့ရင် ကျနော်မေလ်းက တဆင့်ဆက်သွယ်ပြောပါ။ မေလ်းက ပို့ပေးပါမယ်။ တရားတော် ၂၃မိနစ်လောက်မှာ သာမညတောင် ဆရာတော်ကြီး သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ ဟောထားပါတယ်။




သာမညတောင် ဆရာတော်ကြီးဆီကို ဆရာတော်အရှင်ဆေကိန္ဒနဲ့ အခြားဆရာတော်တပါး ရောက်သွားတဲ့ အခါမှာ အခြားဆရာတော်က “တပည့်တော် မုတ္တမ ဘီလူးတစ်ရာ ကျောင်းကပါဘုရား၊ တပည့်တော်အဲဒီမှာ သာသနာ ပြုနေပါတယ် ဘုရား၊ တပည့်တော်အဲဒီမှာ ဆယ့်နှစ်လ တစ်နှစ်နေရင် ဆယ့်သုံးလလောက် ဖျားပါတယ် ဘုရား၊ တပည့်တော် ဘာအလုပ်မှ လုပ်လို့ မရပါဘူးဘုရား၊ အဲဒီတော့ တပည့်တော်က တခြားတနေရာကို ပြောင်းပြီး သာသနာပြောင်းပြုရ ကောင်းမလား၊ အဲဒီနေရာမှာပဲ သက်သတ်လွတ် စားပြီးပြုရကောင်းမလား ဘုရား” လို့ သာမညတောင် ဆရာတော်ကြီးကို လျောက်ပါတယ်။ အဲဒီတော့ သာမညတောင် ဆရာတော်ကြီးက “ကိုယ်တော်… ကျောင်းရှားသလား? မရှိရင်ကျောင်းပေးမယ်၊ သက်သတ်လွတ်ဆိုတာ ဒေ၀ဒတ်အယူ” လို့ မိန့်ပါတယ်။ “တပည့်တော်တောင် ဒီမှာနေလို့ သက်သတ်လွတ်စားတာ၊ အခြားဆိုရင် စားချင်မှ စားမှာလို့” မိန့်ပါသေးတယ်။ ဒီအချက်တွေနဲ့ပဲ သာမညတောင် ဆရာတော်ကြီးကို ကြည်ညိုခဲ့တယ်လို့ ဆရာတော်အရှင်ဆေကိန္ဒက ဆက်လက် ဟောထားပါတယ်။
ကျနော်တို့တွေ သတိပြုရမှာက သာမန်လူတွေ အနေနဲ့ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာအားဖြင့် သာလွန်မြင့်မြတ်လှတဲ့ ရဟန်း၊ သံဃာတွေရဲ့ အပြုအမူတွေမှာ ကောင်းဆိုး၊ မှားမှန်ဆိုတာကို သာမန် အသိ၊ အမြင်အားဖြင့် မဝေဖန်သင့်ဘူးလို့ ခံယူမိပါတယ်။ သေချာသိရှိ တွေ့မြင်မှ ပြောဆိုတာက ပိုပြီးသင့်မြတ်မယ်လို့ ခံယူပါတယ်။ မည်သို့ပင်ဆိုစေ တရားတွေနာယူတာ၊ သြ၀ါဒတွေခံယူရာမှာလည်း မိမိကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားခြင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ ပိဋကတ်တော်နဲ့အညီ ဟောကြားတဲ့ တရားတွေကို နာယူပြီးမှ လက်ခံကျင့်သုံးတာ သင့်တော်ပါလိမ့်မယ်။
သာမညတောင် ဆရာတော်ကြီးဆီကို ကျနော်တခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ တဘ၀သာသနာ ဗွီစီဒီကို ကြည့်တဲ့ အခါမှာ ဆရာတော်ကြီး ဟောကြားတဲ့ တရားတွေ၊ အလှူမှတ်တမ်းတွေ၊ ချက်ပြုတ်ကျွေးမွေးတာ တွေကို တွေ့မြင်ရပါတယ်။ အဲဒီဗွီစီဒီမှာ တနေ့ကို ဆန် တင်း(၁၀၀)ကျော် ချက်ပြီး ပတ်ဝန်ကျင်းက လူဦးရေ တစ်သောင်းကျော်နဲ့ ဘုရားဖူးတွေကို ထမင်းကျွေးတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တာကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ သက်သတ်လွတ် စားရတယ်ဆိုတာ အားလုံး သိမှာပါ။ ဆရာတော်ကြီးကိုယ်တိုင်လည်း သက်သတ်လွတ်စားပါတယ်။ ဘုရားဖူးတွေလည်း သက်သတ်လွတ် စားကြရတယ်။ ရောက်ဖူးတဲ့ သူတွေက ပိုသိမှာပါ။
ကျနော်တို့ စဉ်းစားကြည့်ရအောင်။ တနေ့ကို တင်း(၁၀၀) ကျော်ချက်ရတဲ့ ထမင်းတွေနဲ့ လိုက်ဖက်အောင် ဟင်းတွေချက်ပြုတ်ရတာ မလွယ်ကူတဲ့ ကိစ္စပဲ။ အသီးအရွက်တွေ ချက်ရတာတောင် အတော်ခက်ခဲတဲ့ အနေအထားပါ။ အဲလို အခြေအနေမှာ တကယ်လို့ အသားငါးစားခွင့်ပြုပြီး သားငါးပါ ကျွေးလိုက်မယ်ဆိုရင် အဲဒီနယ်တစ်ဝိုက်မှာရှိတဲ့ စားလို့ရတဲ့ သတ္တ၀ါတွေ တော်တော်ပြုန်းတီးရလိမ့်မယ်။ တနည်းအားဖြင့် ဒီလူတွေကို ကျွေးဖို့ သားငါး မှာယူရတဲ့ သူကလည်း သတ္တ၀ါတွေကို သတ်ဖို့ တိုက်ရိုက်မပြောဆိုပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောဆိုရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကုသိုလ်လည်း လုပ်ဖြစ်တယ်၊ အကုသိုလ်လည်း ဖြစ်ရတာတွေရှိပြီး အဖြူကံ၊ အမဲကံတွေ ရောသွားနိုင်တယ်။ ကိုယ်တိုင်သတ်ရတဲ့ သားသတ်သမားတွေလည်း အကုသိုလ်တွေ တော်တော်ကြီးသွားနိုင်မယ်။ ဒါတွေကို ဆရာတော်ကြီးက မြင်လို့ သက်သတ်လွတ်ချက်ကျွေးဖို့ မိန့်ကြားတာ ဖြစ်နိုင်ပါတယ်။ ဒါကို လူတွေက ချဲ့ပြီး “ငါတို့ သာမညကပြန်လာတာ၊ သက်သတ်လွတ် လှူခဲ့တယ်၊ ငါတို့ ကုသိုလ်တွေလုပ်လာတာ…” စသဖြင့် ပြောဆိုကြွားဝါတာနဲ့ပဲ နောက်လူတွေ အမှတ်မှား၊ အသိမှားတွေ ဖြစ်လာတဲ့ သဘောလို့ တွေးမိပါတယ်။ ဒါက ကျနော် အတွေးသက်သက်ပါ။
အထက်က ပုဂ္ဂိုလ်တွေနဲ့ စိတ်ကို အောက်ကလူတွေ မသိနိုင်ပါ။ ဥပမာ… သောတပန်ရဲ့စိတ်ကို ပုထုဇဉ်က မသိနိုင်ဘူး။ သကဒါဂါမ်ရဲ့ စိတ်ကို သောတပန်က မသိနိုင်ဘူး။ အနာဂါမ်ရဲ့ စိတ်ကို သကဒါဂါမ်က မသိနိုင်ဘူး။ ရဟန္တာရဲ့ စိတ်ကို အနာဂါမ်က မသိနိုင်ပါဘူး။ ဒါက ဓမ္မနိယာမ အရပါပဲ။ ကျနော်တို့လူတွေ အနေနဲ့ ကိုယ့်ထက် သိက္ခာသုံးရပ်အားဖြင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်သန္တာန်ကို ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး။ ဒါသည် သတိပြုစရာ အချက်ပါ။
ဒီလောက်ဆိုရင် မေးတဲ့ မေးခွန်းအပေါ်မှာ ကျေနပ်နှစ်သိမ့်နိုင်မယ်လို့ ထင်မိပါတယ်။

တရားနှင့်မွေ့လျော် တရားနှင့်ပျော်နိုင်ကြပါစေ…


သက်သတ်လွတ်စားခြင်း ဆိုရာဝယ်၊

သက်သက်လွတ် စားခြင်း ရဲ့အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါရှင့်။ စားခြင်း၊ မစားခြင်း ရဲ့ကွာခြားမှုလေးကို သိပါရစေ။
မခင်မာလာအောင်

မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ လူအတော်တော်များများက သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ မရှင်းပဲ ဖြစ်တတ်ကြတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရေးတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ် စာအုပ်ကို ဖတ်ရတဲ့ သူတွေကတော့ ဒီအကြောင်းကို ရှင်းအောင်း သိကြမှာပါ။ စာအုပ်ကို ဒီနေရာက ကူးယူပြီး ဖတ်ကြည့်စေချင်ပါတယ်။
ဆရာတော်ရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ကိုးကားပြီး ဖြေပေးလိုက်ပါတယ်။
ကျနော်တို့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့ အချိန်မှာ ဒေ၀ဒတ်က ဘုရားရှင်ထံကို ဂရုကအာပတ် (ကြီးလေးသော အပြစ်) အဖြစ် ပညတ်တော်မူဖို့ လျှောက်ထားတဲ့ အချက်(၅) ချက်ရှိပါတယ်။
(၁) ရဟန်းတို့ အသက်ရှင်သမျှကာလပတ်လုံး အရညကင်ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာနီးကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၂) ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ ပို့လာသော၊ ဖိတ်သော ဆွမ်းကိုစားက ဂရုကအာပတ်သင့်စေရန်။
(၃) ရဟန်းတို့ သုသာန် သင်္ချိုင်းကရသော ပံသုကူ သင်္ကန်းကိုသာ ၀တ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကိုဝတ်က ဂရုကအာပတ်သင့်စေရန်။
(၄) ရဟန်းတို့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်၌သာ နေပါစေ၊ ဒါယကာတို့ လှူသော ကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၅) ရဟန်းတို့ ငါး၊ အမဲကို မသုံးဆောင်ပဲ သက်သတ်လွတ်သာ စားပါစေ၊ ငါး အမဲစားက ဂရုက အာပတ်သင့်စေရန်။


ဒါတွေကိုကြည့်ခြင်းအားဖြင့် နံပါတ်(၅)မှာ သက်သတ်လွတ်စားခြင်း ဆိုတာ ဒေ၀ဒတ် လျှောက်ကြားခဲ့တဲ့ အချက်ဖြစ်ပါတယ်။ အခုလို အဆိုငါးချက်ကို တင်သွင်းပေမယ့် ဘုရားရှင်ကိုယ်တော်တိုင် ဗီတိုအာဏာထက် ပြင်းတဲ့ ဗုဒ္ဓအာဏာနဲ့ ပယ်ဖျက်ခဲ့တာပဲ။ ငါးချက်လုံးကို ဘုရားရှင်က မတားမြစ်ပဲ။ ခွင့်ပြုတော်မူခဲ့တယ်။
အခု ဗုဒ္ဓဘာသာဝင်ကြားတွေမှာ ကိုးန၀င်းဆိုတဲ့ ပုတီးစိပ်နည်းတွေက ခေတ်စားပါတယ်။ ဘယ်နေ့မှာ ဘယ်ဂုဏ်တော်၊ ဘယ်နခေါက်ဆိုတာတွေသည် ထေရ၀ါဒနဲ့တော့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။ ပုတီးစိပ်တာကို မကောင်းဘူး ပြောခြင်းမဟုတ်ပါ။ ထေရ၀ါဒမှာ အခေါက်ရေ၊ အချိန်၊ ရက်တွေ ကန့်သတ်ချက်မရှိပါဘူး။ အဲဒီမှာလည်း သက်သတ်လွတ် စားရမယ့်ရက် သတ်မှတ်ထားတာ တွေ့ရတယ်။ ဒါတွေကို ကိုယ်တိုင်ပဲ တွေးပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ကြပါ။
မြတ်စွာဘုရားရှင်က ရတနာ(၃)ပါးကို ဆည်းကပ်ကိုးကွယ်သော လူဝတ်ကြောင် ဒကာ၊ ဒကာမတွေနဲ့၊ သာသနာ တွင်း ရဟန်းတွေကိုပါ သတ်သတ်လွတ်စားဖို့ လုံးဝ မိန့်ကြားတော်မမူခဲ့ပါဘူး။ သတ်သတ်လွတ်စားရုံနဲ့ ဘာကုသိုလ်မှ မရနိုင်လို့ပဲဖြစ်ပါတယ်။

ပါးစပ်ထဲကို သွင်းလိုက်တဲ့ အစားအစာကို ဟိုဟာပဲ၊ ဒီဟာပဲလို့ ရွေးချယ် သတ်မှတ်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားနိုင်ပါဘူး။ ဘာကိုပဲ စားစား နှလုံးသွင်း ဆင်ခြင်ပြီးစားရင် ကုသိုလ် ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင်လည်း အကုသိုလ်ပဲ ရပါမယ်။ အစာစားနေချိန်မှာ သတ္တ၀ါရဲ့ ကုသိုလ်၊ အကုသိုလ်ကို သူစားနေတဲ့ အစာက မပြဋ္ဌာန်းနိုင်ပါဘူး။ သူ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်၊ နှလုံးသွင်းမှု၊ အတွေးတွေကပဲ ပြဋ္ဌာန်းပါတယ်။
ဒီတော့ အစားအစာ အမျိုးအစားက အဓိကမဟုတ်၊ စိတ်သာ အဓိကဖြစ်တဲ့ အတွက် ကုသိုလ်ဖြစ်နေဖို့ အစာကို မရွေးချယ်ဘဲ စိတ်ကို ပြုပြင်ဖို့သာလိုပါတယ်။ ဒါကြောင့် သတ်သတ်လွတ်အစာကို ပါးစပ်ထဲ ထည့်ရုံနဲ့ ကုသိုလ်မရသလို၊ အသား၊ ငါးကို ထဲ့လို့လည်း အကုသိုလ်မဖြစ်ပါဘူး။
သတ်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာတွေ ပြောဆိုကြံစည် နေမယ်ဆိုရင် အကုသိုလ်ပဲ ဖြစ်ပါမယ်။ အသား၊ ငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကို နှလုံးသွင်းပွားများနေမယ်၊ ကုသိုလ်စိတ်ဖြစ်စေမယ်၊ တဏှာကင်းစွာ သင့်တင့်အောင်စားနေတာ ဖြစ်မယ်ဆိုရင် ကုသိုလ်ပဲဖြစ်ပါမယ်။
အတွေးကြောင့် ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်၊ အစားကြောင့် ရလာမဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်ရယ်လို့ မရှိပါဘူး။ သက်သက်လွတ်စားရုံနဲ့ ကုသိုလ်တွေရနေမယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့စို့နေချိန်၊ ကောင်မလေးတွေ သရက်ပေါင်း၊ ဇီးထုပ်၊ နေကြာစေ့ စားနေချိန်၊ အရက်သမားတွေ ဘီယာသမားတွေ အရက်ဘီယာကို အာလူးကြော်၊ မြေပဲလှော်နဲ့ မြည်းနေချိန်တွေမှာ သူတို့ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ ဘီယာ၊ အရက်ကလည်း သတ်သတ်လွတ်ပဲလေ။
ပွင့်တော်မူပြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အားလုံးဟာ အသား၊ ငါးရော၊ အသီးအရွက်ရော၊ ကြုံရာကို တဏှာကင်းစွာ စားရင်းကျင့်ကြံ အားထုတ်ခဲ့ကြပါတယ်။ သတ်သတ်လွတ်စားတဲ့ ဘုရားရှင်ရယ်လို့ မရှိခဲ့ပါဘူး။
ကိုယ့် အတွက် သီးသန့်ရည်စူးပြီး သတ်တာကို မြင်ရင်၊ ကြားရင်၊ ယုံမှားသံသယရှိရင် လူဝတ်ကြောင်တွေ အနေနဲ့ မစားသင့်တော့ပါ။ ရဟန်းတော်တွေကတော့ လူ၊ ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ၀က်ဝံ၊ အောင်း သား (တွင်းအောင်းသား) ဆိုတဲ့ အသားကြီး (၁၀) မျိုးကို ရှောင်ရပါမယ်။ ဘာလို့ရှောင်ခိုင်းရတာလဲ၊ စားရင် အာပတ်သင့်စေလို့ ဘာလို့ မိန့်ကြားရတာလဲဆိုတာကို “သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်” စာအုပ်ရဲ့ စာမျက်နှာ ၃၁မှာ ဖတ်ကြည့်ပါ။
ကျန်တာကတော့ ကိုယ့်ကျန်းမာရေးနဲ့ အစဉ်ပြေရင် အကုန်စားနိုင်ပါတယ်။ ကိုယ့်ရဲကျန်းမာရေးနဲ့ မတည့်လို့ ရှောင်တာကလွဲရင် အကုသိုလ်ဖြစ်မှာ ကြောက်လို့၊ ကုသိုလ်လိုချင်လို့ ဆိုပြီး ရှောင်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေ မရမှာဆိုးလို့၊ တစ်အိမ်လုံး ဘာအသား မစားရဆိုတာမျိုးတွေ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်လို့ ရှောင်ရတာတွေဟာ ထေရ၀ါဒ မဟုတ်ပါဘူး။ ဘုရားဟောကို ပြုပြင်စီ ရင်ရာရောက်ပါတယ်။ ကိုယ့်ဟာကို မ၀ယ်နိုင်လို့၊ ရွံလို့၊ အညှီနံ့ မခံနိုင်လို့ မစားရာကနေ ဒါဟာမှ ကုသိုလ် အလုပ် လို့ ပြောလာရင်လည်း ထေရ၀ါဒ မဟုတ်တော့ဘူး … ဆိုတာ သိထားရပါမယ်။ ဘာမှ ထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။ သက်သတ်လွတ်စားလို့ အကျိုး သက်ရောက်မှုကတော့ ကုသိုလ်၊ အကုသိုလ်နဲ့ ပတ်သတ်လို့ ဘာမှ မရှိပါ။ လောကီနေထိုင်ရာမှာ အသားငါးဖိုး အကုန်သက်သာတာရယ်၊ အဆီတွေ မစားတာဖြစ်လို့ ကျန်းမာရေး အတွက် တဖက်တလမ်းက အကျိုးပြုနိုင်ပါလိမ့်မယ်။ မရှင်းတဲ့ အချက်တွေပါခဲ့ရင် ထပ်မေးပါခင်ဗျာ။

ချမ်းသာသုခပြည့်ဝနိုင်ပါစေ…


“သိရှိလိုက်နာ လူများစွာ”

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီဆိုတဲ့ စကားကိုကြားသောအခါမှာ ကိလေသာ မကင်းသေးတဲ့ ရဟန်းတို့က လူးလိမ့်ငိုကြွေးကြတယ်။ ကိလေသာကင်းပြီးသော ရဟန်းတို့က “သင်္ခါရတရား တို့သည် အမြဲ မရှိကုန်၊ ဤသင်္ခါရ တရား၌ မြဲခြင်းသဘောကိုဘယ်မှာ ပြုအံနည်း” ဟု စိတ်ကို ဖြေပြီး ဓမ္မသံဝေဂ ယူကြပါတယ်။ အဲဒီအခါမှာ သုဘဒ္ဒဆိုတဲ့ တောထွက်ရဟန်းကြီးက “ငါ့ရှင်တို့၊ မငိုကြကုန်လင့်။ အငိုတိတ်ကြကုန်လော့။ ယခု အခါ ငါတို့သည် ရဟန်းကြီးဂေါတမ၏ လက်အောက်မှကောင်းစွာ လွတ်မြောက်ကြပေပြီ။ ရဟန်းကြီး ဂေါတမသည် ငါတို့ကို အရာရာချုပ်ခြယ်ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာကို ပြုကြကုန်အံ့။ မပြုလုပ် အပ်သည်ကို မပြုဘဲ နေကြကုန်အံ” ဟုဆိုပါတယ်။ တောထွက်ရဟန်းကြီး သုဘဒ္ဒရဲ့ စကားတွေကို အရှင် မဟာကဿဖ ကြားရတဲ့ အချိန်မှာ များစွာအံသြတုန်လှုပ်တော်မူမိပါတယ်။
“သြော်… ပြောမှပြောရက် ပါလေ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ ခုနှစ်ရက်မျှသာရှိသေး၏။ မြတ်စွာဘုရားသခင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့ရသော သာသနာဖြစ်ပါလျှက် သာသနာ့ ရန်ဆူး ရန်ညှောင့် ပေါ်ပေါက်လာပုံမှာ မြန်ဆန်လှခြေ၏ တကား။ သာသနာ့ အလှေးအမွှား သာသနာ့ အမှိုက် သရိုက်တို့သည် အလွန်လျှင်မြန်စွာ ပေါ်ပေါက်လာချေဘိ၏။ ဤရဟန်းယုတ်သည် ကာလရှည် ကြာ၍ သဘော တူရာအဖော်အပေါင်းကို ရခဲ့သော် ဗုဒ္ဓသာသနာတော်ကို ဆုတ်ယုတ်နိုင်စေရာ၏” ဟုလည်း ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။


အဲဒီနောက် အရှင်မဟာကဿဖ မထေရ်က ဤသို့အကြံဖြစ်တော်မူပါတယ်။
“အကယ်၍ ငါသည် ဤတောထွက်ရဟန်းကြီးကို သင်္ကန်းချွတ်၊ ပိတ်ဖြူပတ်ကာ လူဝတ်လဲစေ၍ သာသနာ့ဘောင်မှနှင်ထုတ်ငြားအံ၊ ဂေါတမဘုရား၏ အလောင်းတော်ပင် မီးသင်္ဂြိုဟ်မူ မပြုရသေးပါဘဲလျှက် ဂေါတမဘုရား၏ တပည့်များသည် ငြင်းခုံခိုက်ရန်ဖြစ်နေကြကုန်ပြီဟု လူအများကဲ့ရဲ့စရာ ဖြစ်ချိမ့်မည်။ အခိုက်အတန်းအားဖြင့် ဆိုင်းငံထားဦးအံ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားဒေသနာတော်တို့သည် မသီကုံး ရသေးသော ပန်းပုံကြီးသဖွယ်ဖြစ်နေသေး၏။ အရပ်လေးမျက်နှာမှ လေတိုက်ခတ်လာပါမူ ပန်းပွင်များ ဖရိုဖရဲပြန့်ကြဲလွင့်ပါ ပျောက်ပျက်ကုန်လေရာ၏။ ထို့နည်းတူ အချိန်ကာလ ကြာညောင်းသောအခါ ၀ိနည်း သိက္ခာပုဒ်များမှ သိက္ခာပုဒ်တခုချင်း၊ နှစ်ခုချင်း ပျောက်လေရာ၏။ သုတ္တန်တရား၊ အဘိဓမ္မာတရားတို့သည်လည်း တဖြေးဖြေး ပျောက်လေရာ၏။ ထိုအခါ ဗုဒ္ဓသာသနာကွယ်ပသည် မည်၏။ ဤသို့သာသနာမကွယ်ပစေရန် ဓမ္မနှင့် ၀ိနယကို သင်္ဂါယနာတင်အံ။ ထိုသို့ သင်္ဂါယနာ တင်ပြီးသောအခါ၌မူ ဓမ္မနှင့်ဝိနယ တို့သည် ခိုင်ခံသော ကြိုးဖြင့် သီကုံးထားသော ပန်းပွင့်တို့ကဲသို့ ခိုင်မြဲလတ္တံ့။ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ ခိုင်ခံတည်မြဲစေရန် သင်္ဂါယနာတင်ခြင်းအမူ့ကို မလွဲမသွေပြုရပေမည်”။ အဲဒီနောက် အရှင်မဟာကဿပ ဦးဆောင်ပြီး ပထမဆုံး အကြိမ်သင်္ဂါယနာတင်ပွဲကို ရာဇဂြိုလ်ပြည်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါသည် ၀ိနည်းတော်ကို ထိခိုက်သော စကားတွေ ပြောကြားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။
ဘုရားရှင်သတ်မှတ်ခဲ့သော ၀ိနည်းတော်ဆိုသည်မှာ လူမှု့ဘောင်အရကြည့်ရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေလို့ ဆိုလိုနိုင်ပါတယ်။ စည်ကမ်းသည် လူ၏တန်ဖိုး ဆိုသလို ၀ိနည်းသည်လည်းပဲ သာသနာ၏ အသက်ပင် ဖြစ်ပါတယ်။ ၀ိနည်းတော်ကို ဖောက်ဖျက်ရင် ရဟန်းများ အပြစ်ဖြစ်ရပါတယ်။ တချို့နေရာတွေမှာ လူတွေရဲ့ မသိတတ်မှုကြောင့် ရဟန်းမှာ အပြစ်ဖြစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေကိုယ်တိုင် ၀ိနည်း တော်ကိုသိပြီး ကိုးကွယ်ဆည်းကပ်တတ်မှသာ သင့်တော်ပါလိမ့်မယ်။ ဒါ့ကြောင့် ၀ိနည်းကို လူတွေလည်း သိ သင့်ပါတယ်။ အဘိဓမ္မာသင်တန်းတွေကို တတ်ပြီး အဘိဓမ္မာကို သိရှိနှံ့စပ်တဲ့ လူတွေရှိပါတယ်။ အဘိဓမ္မာ တရားသည် ပိဋကတ်သုံးပုံမှာ သာမန်လူတွေ နားလည်ဖို့ခက်တဲ့ တရားတော်ပါ။ အင်မတန် လေးနက်ပါတယ်။ ဒါပေမယ့် ၀ိနည်းကိုတော့ မကျော်နိုင်ပါ။ ၀ိနည်းကို စွန့်ပြီး အဘိဓမ္မာပဲ သင်မယ်ဆိုလို့ မရပါဘူး။ ဒါ့အပြင် သုတ္တန် တရားတွေကိုလည်း သိဖို့လိုပါတယ်။ တရားရဖို့ အတွက် ဘုရားရှင်သည် တရားတွေကို နည်းလမ်းမျိုးစုံ နဲ့ဟောကြားတော်မူခဲ့တာပါ။ ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်ရင် ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင် ရပါတယ်။ ဓမ္မခန္ဓာဆိုတာက တရားအစုလေး တခုပါ။ ဓမ္မခန္ဓာ တခုစီသည် သစ္စာထိုက်ပါတယ်။ အဲဒီ ဓမ္မခန္ဓာ တခုသည်ပင် နိဗ္ဗာန်ရောက်အောင်ထိ ပို့ဆောင်နိုင်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ အတွက် မိမိတို့နဲ့ သင့်တော်တဲ့ တရားနည်း တခုကို သိရှိကျင့်ကြံတာနဲ့ လုံလောက်ပါတယ်။ ဥပမာ… ပရိတ်ကြီး (၁၁)သုတ်ကို ရွတ်ဖတ်ပူဇော်ရင် ကုသိုလ်ရခြင်း၊ အန္တရာယ်ကင်းခြင်း စတဲ့ အကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါသည် သာမာန် ရွတ်တဲ့ အဆင့်ပါ။ ပရိတ်တော်ထဲကပါတဲ့ တရားနည်းတွေအတိုင်း လိုက်နာ ကျင့်ကြံရင် နိဗ္ဗာန်ရောက်အောင်ပင် ကျေးဇူး ပြုနိုင်ပါတယ်။ ဒီအတွက်ကြောင့် အချိန်ရတာနဲ့ တရားနာကြဖို့ အကြံပြုပါတယ်။ အချိန်မရဘူး၊ အလုပ်တွေရှုပ်တာလို့ နှလုံးသွင်းတော့မယ်ဆိုရင် တဆက်တည်းမှာပဲ “အားလို့ သေသွားတဲ့ မသာ မရှိသေး ပါ့လား” ဆိုတာ သတိသံဝေဂရပြီး တနေ့ကို အနည်းဆုံး တရား ၁ပုဒ်တော့ နာကြားကြပါ။ တရားနာနေတဲ့ အချိန်မှာပဲ ကုသိုလ် စိတ်ဖြစ်နေပါပြီ။ တရားအားထုတ်တယ်ဆိုတာ ကိလေသာတွေ နည်းပါးကုန်ဆုံးဖို့ ကျင့်ကြံခြင်းလို့ ဆိုနိုင်ပါတယ်။ နှလုံးသွင်းမှန်စွာနဲ့ တရားနာနေတဲ့ အချိန်မှာ ကုသိုလ်စိတ်ဖြစ်နေတာကြောင့် ကိလေသာ မဖြစ်ပါ။ ကိလေသာ နည်းပါးနေတဲ့ အလုပ်ဖြစ်တာကြောင့် တရားနာတာသည်ပင် တရားအား ထုတ်နေတာပါပဲ။ ဒီအချက်ကို သိစေချင်ပါတယ်။ တချို့က တရား ၁နာရီ နာဖို့ထက် ဗီဒီယိုဇာတ်ကား တစ်ကားကို ကြည့်ချင်ကြပါတယ်။ ကောင်းမှု အလုပ်ဆိုတာ မလုပ်ချင်လည်း လုပ်ရမယ်။ စိတ်မပါလည်း လုပ်နေသင့်တယ်။ ၀ိရိယထားပြီး ပြုလုပ်ရင်းမှ ကောင်းမှုနဲ့ မွေ့လျော်ပျော်လာတတ်တဲ့ သဘောရှိပါတယ်။ အစတော့ ၀ိရိယထားပြီး တရားနာရမှာပေါ့။ နောက်ဆိုရင် အကျင့်ဖြစ်လာပြီး တရားပဲ နာချင်တဲ့ စိတ်မျိုး ဖြစ်လာပါလိမ့်မယ်။ တရားတွေနာရင်းနဲ့မှ သိလာတဲ့ အသိအတိုင်း နေ့စဉ် နေထိုင်စဉ်မှာ ကျင့်ကြံသွားရင် ဘ၀မှာနေ တတ်လာပါတယ်။
မိမိတို့်က တရားတော်တွေကို နာကြား ကျင့်ကြံခြင်း မပြုလုပ်ရင် သာသနာတော်ရဲ့ အနှစ်သာရကို သိရှိခံစားနိုင်မှာ မဟုတ်ပါဘူး။ ထို့အတူ မိမိတို့ နှလုံးသားမှာလည်း ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာမြတ် သုံးပါးကို ပစ်ပယ်ထားရာ ရောက်နေတတ်ပါတယ်။ သတိ သံဝေဂရကြပါစေ။
ဘုရားရှင်လက်ထက်က ကောသမ္ဗီမြို့မှာ ဓမ္မကထိကရဟန်းနဲ့ စာချရဟန်း၊ ရဟန်း နှစ်ပါး အာပတ်သင့်ရာက အငြင်းပွါးကြပြီး တပည့်တွေပါ ပါလာပြီးနောက် ဘုရားရှင်ကိုယ်တော်တိုင် တားမြစ်လို့မရတာကြောင့် ပါလိလေယျက တောကိုကြွပြီး ၀ါကပ်တော်မူရပါတယ်။ ၀ါကျွတ်မှ သာဝတ္ထိပြည်ကို ကြွပါတယ်။ အဲဒီအချိန်မှာ ကောသမ္ဗွီပြည် သားတွေက … ရဟန်းတွေ နှောက်ယှက်လို့ ဘုရားရှင် အရပ်တစ်ပါးကို ပြောင်းသွားရတယ်၊ ကျွန်ုပ်တို့ ဘုရားကို မဖူးတွေ့ရအောင် ဒီကိုယ်တော်တွေ ပြုလုပ်တယ်လို့ ဆိုကာ ဆွမ်းလောင်းခြင်း၊ အရိုအသေပေးခြင်း မပြုလုပ် တော့ဘူး။ ဒီတော့ ရဟန်းတွေ ဆွမ်းအခက်အခဲဖြစ်ရတယ်။ ထို့အတွက်ကြောင့် ဘုရားရှိတဲ့ သာဝတ္ထိကို သွားကြလေတယ်။ အဲဒီအချိန်ကျမှ အာပတ်သင့်တဲ့ ရဟန်းလည်း အာပတ်သင့်တာ အမှန်ဖြစ်ကြောင်း ၀န်ခံပြီး သံဃာတွေညီညွတ်စွာနဲ့ ဗုဒ္ဓထံမှာ အဖူးမြော်ဝင်ကြပါတယ်။
ထိုဝတ္ထုမှာ ဂိုဏ်းကွဲနေသော သံဃာတွေကို ဘုရားရှင်ကိုယ်တိုင် ဆုံးမလို့ မရပေမယ့် လူအများက ညီညွတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၀ိနည်းသိက္ခာပုဒ်ရဲ့ ချွင်းချက် အချို့ကိုလည်း လူဒကာများက နားလည်ဖို့ လိုပါတယ်။ ထိုနည်းတူ ယခုအချိန်မှာလည်း လူတွေဘက်က သိရှိလိုက်နာဖို့ များစွာလိုအပ်ပါတယ်။ ဘုန်းကြီးတွေ့ရင် သာသနာနဲ့ မသက်ဆိုင်တဲ့ လျှောက်ထားမှုတွေ (ဂဏန်းတောင်းခြင်း၊ ဗေဒင်မေးခြင်း စသဖြင့်) မလုပ်သင့်ပါ။
မိမိတို့ကိုယ်တိုင် တရားနာ၊ တရားအားထုတ်တဲ့ အလုပ်တွေ လုပ်နေကြသလို ၀ိနည်းသိက္ခာပုဒ် တွေကို လေ့လာပြီး ၀ိနည်းတော်အတိုင်း ဒကာတွေဘက်က ကိုးကွယ်ဆည်းကပ် သင့်တယ်လို့ ထင်မိပါတယ်။ ဒါမှမှသာ ဆရာနှင့်ဒကာ နှစ်ဦးလုံး အကျိုးကျေးဇူး ကြီးမားပါလိမ့်မယ်။

တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

ဆရာတော်ဦးလောကနာထ ပေးပို့သော ၀ိနည်းအကျဉ်း (၂၂၇သွယ်) ကို ကူးယူနိုင်ပါတယ်။ သင်္ကြန်ရက်မှာ ရဟန်းဝတ်လိုသူများလည်း ယခုအချိန်မှာ ဖတ်ထားသင့်ပါတယ်။

ကျမ်းကိုး။ ။အနာဂတ်သာသနာရေး (အရှင်ဇနကာဘိဝံသ)

“ဒါယကာများ သိမှတ်ဖွယ်ရာ သံဃာတော်နှင့် ရွှေငွေ”

သာသနာတော်၏ အသက်
“၀ိနယော နာမ သာသနဿ အာယု = ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေးထေရ်ရှင်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှအရေး ကြီး လှသည်ကို နားလည် သဘောပေါက်ကြရပေသည်။ ရဟန်းတော်များသည် ရွှေငွေကို မည်သည့်နည်းနှင့်မျှ အလှူမခံကောင်းပေ။ သို့သော်လည်း ရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကိုမူကာ ခံယူခွင့်၊ သာယာခွင့်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့သည်။

ဘုရားရှင် လက်ထက်တော်က ၀တ္ထုသာဓက
မဏိစူဠက မည်သော လူကြီးလူကောင်းတစ်ဦးက ဘုရားရှင်အား "ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း" ဟု အစည်းအဝေး တစ်ခု၌ မိမိ၏ ပြောဆိုခဲ့မှု မှန်၊ မမှန် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်က "ဂါမဏိ… သင်ပြောသော စကားသည် မှန်၏။ ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း၊ ရွှေငွေသည် အပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်။ ထိုရွှေငွေခံယူသူကို သမဏဓမ္မ (ရဟန်းတရား) ရှိသူမဟုတ်။ သကျပုတ္တိယဓမ္မ ရှိသူမဟုတ်ဟု စင်စစ် မှတ်လေလော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျောင်းအမိုး မလုံခြင်း စသော အကြောင်းကြောင့် မြက်၊ သက်ကယ် စသည် အလိုရှိသော် သင်္ကန်းရုံကာ မြို့ရွာတွင်းသို့ ၀င်၍ ဆွမ်းခံရပ် သကဲ့သို့ ရပ်ရမည်။ ထိုအခါ ဒါယကာတို့က သိနားလည်၍ မည်သည့် အရာကို အလိုရှိပါသနည်း ဘုရားဟု မေးလျှောက်လာလျှင်မူကား မြက်၊ သက်ကယ်စသည် မိမိအလိုရှိရာ ပြောကောင်းသည်။ ရွှေငွေကိုကား မည်သည့်နည်းပရိယာယ်နှင့်မျှ ခံယူခွင့် မပြုနိုင်ကြောင်း ဘုရားရှင် မိန့်တော်မူလေသည်။ (ဂါမဏိသံယုတ် ပါဠိတော်၊ ၅၀၉-၅၁၀)။


(ထိုသို့ရပ်စဉ် ဒကာ၊ ဒကာမများက တစ်စုံတစ်ရာ မမေးလျှောက်ပါက ရဟန်းတော်ဘက်က စတင်၍ မည်သည့် အရာကိုမျှ (ဂိလာနပုဂ္ဂိုလ်ဖြစ်က ရောဂါနှင့် သင့်မြတ်သော ဆေးမှ အပ) အလှူမခံကောင်းပေ။ နောက်တစ်အိမ်သို့ ဆက်ကြွ၍ ရပ်ရမည်)။

အလှူမခံ ပယ်လှန်ရမည်
ထို့ကြောင့် ဒါယကာများက မသိနားမလည်၍ ရွှေငွေကို လှူလာခဲ့သော် ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ငြင်းပယ်ရမည်မှာ ရဟန်းတော်တိုင်း၏ တာဝန်ပင်ဖြစ်တော့သည်။ ထို့ထက်ပို၍ လုံခြုံရာ အရပ်ကို ညွှန်ပြခွင့် မရှိ၊ ကပ္ပိယကိုလည်း မညွှန်ကောင်း၊ ကပ္ပိယကိုလည်း မခံယူစေကောင်းပေ။ (လာလှူစဉ် ထိုရွှေငွေကို စိတ်က မသာယာသော်လည်း ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် မပယ်မိပါက ဒုက္ကဋ်အာပတ်မှ မလွတ်ပေ)။

မအပ်စပ်သော လျှောက်ထားနည်းများ
အပ်စပ်ပစ္စည်း (၁၀၀၀)လှူလိုပါသည်။ ငွေ(၁၀၀၀)လှူလိုပါသည်။ ၀တ္ထု(၁၀၀၀)လှူလိုပါသည်။ န၀ကမ္မ လှူလိုပါသည်။ စသော လျှောက်ထားမှုမျိုးများသည် မအပ်စပ်သော လျှောက်ထားနည်းများ ဖြစ်၏။ (အပ်စပ်ပစ္စည်း စသောဝေါဟာရ ပါသော်လည်း “…တန်” ဟူသော ဝေါဟာရ မပါသောကြောင့် ငွေကိုတိုက်ရိုက် ရည်ညွှန်းသည့် အဓိပ္ပာယ်ပင် ဖြစ်နေသောကြောင့်တည်း)။

အပ်စပ်သော လျှောက်ထားနည်းများ
ဒါယကာကိုယ်တိုင်က “အရှင်ဘုရား … တပည့်တော်ထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အရှင်ဘုရား အလိုရှိသော အခါ အလှူခံတော်မူပါ”။ သို့မဟုတ် “အရှင်ဘုရား၏ ကပ္ပိယထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အပ်နှံထားပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကို အလှူခံတော်မူပါ” ဟု လျှောက်ထားလာပါက ဒါယကာလျှောက်ထားသော တန်ဖိုးအထိ အလှူခံကောင်း၊ တောင်းကောင်း၏။ လျှောက်ထားသော တန်ဖိုးထက်ကား ပို၍ မတောင်းကောင်းပေ။
“ဤရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းများကို လှူလိုပါသည်၊ သို့မဟုတ် န၀ကမ္မ အလို့ငှာ လှူလိုပါသည်၊ ကပ္ပိယကို ညွှန်ပြတော်မူပါ။ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြတော်မူပါ” ဟု လျှောက်ထားလာလျှင်လည်း ကပ္ပိယကို ညွှန်ပြနိုင်သည်၊ လုံခြုံရာအရပ်ကိုလည်း ညွှန်ပြနိုင်သည်။ ထိုသို့ ညွှန်ပြရာ၌လည်း “မည်သူကား ကပ္ပိယ ဖြစ်၏”၊ “မည်သည့်နေရာ၌ လုံခြုံ၏” ဟုသာ ပြောကောင်း၏။ “မည်သူ့ကို ပေးလိုက်၊ မည်သူ့ကို အပ်ထားလိုက်”၊ “မည်သည့်နေရာ၌ သိမ်းထားလိုက်” ဟုကား မပြောကောင်းပေ။
ဒါယကာက “တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်တော်မူပါ” ဟု လျှောက်ထား လာပါက ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်ရုံသာ မှတ်ရမည်။ အလှူမခံကောင်း၊ မတောင်းကောင်းပေ။
“တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာအဖြစ် မှတ်တော်မူပါ၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကိုလည်း အလှူခံတော်မူပါ” ဟု လျှောက်ထားလာမှသာလျှင် အလှူခံကောင်း၊ တောင်းကောင်း၏။

သတိဆောင်သင့်
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ဓမ္မ၀ိနယနှင့်အညီ ချီးမြှောက်ထောက်ပံ့ခွင့်ကို အလိုရှိကြကုန်သော သူတော်ကောင်းတို့သည် ရွှေငွေနှင့် ပတ်သတ်၍ လျှောက်ထားတတ်အောင် လေ့လာသင့်ကြပေသည်။ မအပ်သော ဝေါဟာရ အသုံးအနှုံးတို့ဖြင့် လျှောက်ထား လှူဒါန်းမိခဲ့သော် ထိုရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကို အပ်သည်ထင်၍ သုံးစွဲမိသော ထိုရဟန်းမှာ သုံးစွဲတိုင်း အာပတ်သင့်ရ၏။ ထိုအာပတ်နှင့်တကွ စုတေခဲ့သော် အပါယ်လေးပါးသို့ လားရောက်ရနိုင်ပေသည်။ (သာရတ္ထ၊ ၃၊ ၃၇၉)။
ထို့ကြောင့် ဒါယကာများ အနေဖြင့် ရွှေငွေနှင့် ပတ်သက်လာပါက သတိဆောင်၍ အပ်အပ်စပ်စပ်ဖြစ်အောင် လျှောက်ထား လှူဒါန်းကြခြင်းသည် ရဟန်းတော်များကို အာပတ်မသင့်အောင် စောင့်ရှောက်ပြီး ဖြစ်ရုံသာမက မိမိတို့ အတွက်လည်း ပစ္စုပ္ပန်သံသရာ နှစ်ဖြာ အကျိုးများကြောင်း ဖြစ်ပေတော့သည်။
(ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ)

ယနေ့အချိန်အခါမှာ ၀တ္ထုငွေ လှူဒါန်းမှုနဲ့ ပတ်သတ်လို့ လူတွေဘက်က များစွာမှားယွင်းနေတာ တွေ့ရပါတယ်။ ထို့အတွက်ကြောင့် ဆရာတော်ဦးဥက္ကံသ (စင်္ကာပူ) မှ ပေးပို့ချီးမြှင့်သော စာစောင်ကို မူရင်းအတိုင်း ရေးသားလိုက်ရပါတယ်။
မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် သံဃာတော်၏ လက်ထဲကို ၀တ္ထုငွေ တိုက်ရိုက်ကပ်နေတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ မိမိတို့အတွက်ကြောင့် သံဃာတော်များမှာ အပြစ်ဖြစ်ရရင် မသင့်လျော်ပါ။ လူတွေဘက်က သိရှိပြီး လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။
ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သလို ဘုရားရှင်သည်လည်း တရားနှင့်ဝိနည်းကို အလေးအမြတ်ပြုဖို့ ဆုံးမတော်မူခဲ့ပါတယ်။ တရားစခန်းဝင်၊ တရားထိုင်၊ ပရိတ်ရွတ်၊ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ် လှူခြင်း စသဖြင့် တရားဘာဝနာ အလုပ်ကိုတော့ အများစု လုပ်ဆောင်ကြပါတယ်။ ထို့အပြင် ၀ိနည်းတော် အတိုင်း ကိုးကွယ်ဆည်းကပ်ပူဇော် သင့်တယ်လို့ ထင်မြင်မိပါတယ်။ မသိတဲ့အခါမှာ မိမိတို့ ထင်ရာအတိုင်း လုပ်ဆောင်တော့ မသင့်တော်တာတွေ ဖြစ်ရပါတယ်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပဲ တရားဓမ္မတွေနာယူကြပါ။ စာဖတ်ကြပါ။ ကျင့်ကြံအားထုတ်ကြပါ လို့တိုက်တွန်းပါရစေ။

“သံဃာရတနာကို အမွန်မြတ်ဆုံး ကိုးကွယ်ဆည်းကပ်တတ်သည့် သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…”


"အမေး အဖြေ(၆)"

ကျေးဇူးပြုပြီး ဖြေကြားပေးပါ။ တရားဟောရာတွင် မလုပ်ရသော အရာငါးချက် ဘုရားသတ်မှတ်ထားတာ ရှိပါတယ်။ ဘာသာရေးလိုက်စားသူများ အားလုံး ဗဟုသုတတိုးတာပေါ့ အထူးသဖြင့် သဒ္ဓါနဲ့ပညာ ပိုမိုပြီးညီမျှတာပေါ့။ အသံကို အဓိက ပြောတာပေါ့နော်။

ကိုဇော်ခ…
အကိုပြောတာက ဓမ္မကထိကတို့ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်း အပြစ်(၅)ပါးကို ပြောတာထင်တယ်။ လွဲနေတာ ဆိုရင်လည်း ကျနော့်ကို ပြောပြပါ။ ကျနော် မသိသေးတာဖြစ်မှာပါ။ အခု ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာဘိဝံသ စီစဉ်ရေးသားသော သုတေသနသရုပ်ပြ အဘိဓာန်စာအုပ်မှာ တွေ့ရှိတဲ့ အချက်လေးတွေ ရေးပေးလိုက်ပါတယ်။


ဓမ္မကထိကတို့ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်း အပြစ်(၅)ပါး။
(၁) မိမိအသံ၌ မိမိသာယာနှစ်သက်ခြင်း။
(၂) သူတပါးတို့ကလည်း တရားမမက် အသံကိုသာ သာယာတပ်မက်ကြခြင်း။
(၃) ပညာရှိသူတို့ ကဲ့ရဲ့ပြစ်တင်မှုကို ခံရတတ်ခြင်း။
(၄) အသံကောင်းမှု လုံ့လပြုရ၍ သမာဓိပျက်စီးခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက် ဟောကြားမှုကြောင့် သာသနာ
ပျက်လွယ်ခြင်း။

ပဉ္စဂုင်္တ္တရပါဠိတော်။ ၂၁၉၊ ဋ္ဌ။ ၇၈။


တရားဟောရာ အင်္ဂါ(၅)ပါး။
(၁) ဓမ္မကုလေသန = တရား၌လိမ္မာခြင်း။
(၂) အတ္တကုသလေန = အနက်သဘော၌ လိမ္မာခြင်း။
(၃) ပုဗ္ဗာပရကုသလေန = စကားအစဉ်ရှေ့နောက် ညီညွတ်ခြင်း။
(၄) ကာလညူ = တရားဟောသင့်သော အခါကာလကို သိခြင်း။
(၅) ပရိသညူ = ပရိသတ်၏ အလိုကို သိခြင်း။
(သုခမှတ်စု စာအုပ်မှ-)
အကိုဇော်ခ… ကျနော်လည်း အချိန်မရလို့ စာအုပ်တွေမှာ တွေ့တဲ့ အချက်လေးတွေပဲ ရေးပေးလိုက်ပါတယ်။ အကိုလိုချင်တဲ့ အချက်တွေ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ အကိုရဲ့ စာဖတ်သူတွေကို သိစေချင်တဲ့ စေတနာကို အလေးအမြတ်ပြုပါတယ်။


“ယနေ့ထေရ၀ါဒ”

ဓမ္မစေတီ ဆရာတော်ဟောကြားတဲ့ “ယနေ့ထေရ၀ါဒ” တရားတော်ပါ။ အချိန်အားဖြင့် ၂ နာရီကျော်ကြာပါတယ်။ မဟာမြတ်မုနိရုပ်ပွားတော် အကြောင်းနှင့် အရှင်ဥပဂုတ္တ အကြောင်းများကို ဟောကြားထားပါတယ်။ နှလုံးသွင်းမှန်မှန်နဲ့ တရားနာတဲ့ အချိန်မှာပဲ ကုသိုလ်စိတ်တွေ ဖြစ်နေပါပြီ။ တရားတော်ကို ပြီးဆုံးအောင် နာကြားကြဖို့ တိုက်တွန်းပါရစေ။
အခြားသောတရားတော်များကိုလည်း နာယူနိုင်ပါတယ်။ ကူးယူနိုင်ပါတယ် ခင်ဗျာ။
http://www.dhammaceti.org/tayartaw.htm

တရားစစ် တရားမှန်ဖြင့် ချမ်းသာသုခ ပြည့်ဝနိုင်ကြပါစေ…








ကူးယူနိုင်ပါရန်။
http://www.sendspace.com/file/d7v2ot