ခုလိုဆိုတော့ လွယ်သားပဲ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ခုလိုဆိုတော့ လွယ်သားပဲ အမည်ရသည့် တရားတော် ဖြစ်ပါတယ်။ တရားအလုပ် အားထုတ်နေသော ဓမ္မမိတ်ဆွေများ အနေဖြင့် နာယူသိထားသင့်သည့် တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေ များအားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့စွာဖြင့် တရားတော်ကို နာယူကြည်ညို နိုင်ကြသဖြင့် တရားကပေးသော ကောင်းကျိုး တရားတို့ကို ရရှိ ခံစားနိုင်ကြပါစေ…

အားပေးစကား

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော အားပေးစကား အမည်ရသည့် တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ အားလုံး ကိုယ်စိတ်နှလုံး ငြိမ်းချမ်းစွာဖြင့် တရားတော်ကို နာယူကြည်ညိုနိုင်ကြပါစေ…

ဆည်းဆာချိန်ခါ

ငယ်စဉ်ကလေးဘ၀တုန်းက ညနေ နေ၀င်ချိနှ်ကိုကြည့်ပြီး တွေ့မြင်ခဲ့ရတဲ့ ဆည်းဆာချိန်ခါ အလှအပတွေကို အခုလိုအခါမှာ ကျွန်တော် သတိရနေမိပါတယ်။ တစ်နေ့တာ လောကကို အလင်းရောင်တွေ ဖြန့်ကျက် ပေးဝေပြီးတဲ့နောက် နောက်ဆုံး နှုတ်ဆက်ချိန်လေးမှာတောင် လောကကို အလှတွေ ဆင်မြန်းပေးခဲ့တဲ့ နေမင်းကြီးကိုလည်း အားကျမိပါတယ်။ ကျွန်တော်ရှိနေတဲ့ဘက်ကို နီညိုရောင် အလှတွေနဲ့ နှုတ်ဆက်ထွက်ခွာပြီး အခြားတစ်ဘက်ကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေပေးလို့ လောကကြီးကို အလှဆင်ပြန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကျွန်တော် လေးစားတန်ဖိုးထားမိပါလို့တယ် ပြောရင် လွန်မယ်လို့တော့ မထင်မိပါဘူး။

သစ်ရွက်လေးတွေဟာ အစိမ်းရောင်ရင့်ရင့်အဖြစ် တည်ရှိနေစဉ်မှာ လောကကောင်းကျိုးကို ဆောင်ခဲ့ပြီး ရွက်ဝါလေးတွေအဖြစ် ရောက်ရှိသွားသည့်တိုင် မကြွေခင် ဝေနေစဉ် နောက်ဆုံး အချိန်အထိ လောကကြီးကို အလှဆင်သွားကြတာပါပဲ။ သည်လိုမျိုး အသိဉာဏ်မဲ့၊ အသက်မရှိတဲ့ အရာတွေကတောင် နောက်ဆုံးအချိန်ထိ လောကကို တတ်စွမ်းသမျှ အလှဆင်ခဲ့ပါလားဆိုတဲ့ အတွေးတွေက ကျွန်တော့်စိတ်ကို မင်းလည်း ဒီလိုမျိုးပဲ လောကကို တတ်စွမ်းသမျှတော့ အလှဆင်ရမယ်နော်ဆိုတဲ့ ဆင်ခြင်စိတ်ကလေးတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်လို့နေပါတယ်။


အခုဆိုရင် ဓမ္မရသဆိုတဲ့ အမည်နဲ့ အင်တာနက် မီဒီယာ မြေပေါ်မှာ ဓမ္မအောင်လံတွေကို လွှင့်ထူခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ တစ်ပါးသူတို့အတွက် ကျေးဇူးပြုလိုတဲ့ ဆန္ဒ၊ သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ သယ်ပိုး လိုတဲ့ ဆန္ဒများဖြင့် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အမြတ်ဆုံးသော ဒါနပြုခြင်းဖြစ်သလို အများအကျိုး ဆောင်ရွက်ရင်း ကိုယ့်အကျိုးအတွက်လည်း ဖြည့်ဆည်းပြီး ဖြစ်တယ်လို့ ခံယူမိခဲ့ပါတယ်။

“ကိုယ့်တွက်ကိုယ့်တာ၊ ကိုယ်ကျိုးပါအောင်၊ ကိုယ်သာသယ်ပိုး အများကျိုး၊ ကိုယ့်ကျိုးအစစ် ဖြစ်တော့သည်” ဆိုပြီး ဆရာတော်ကြီးတစ်ပါးက မိန့်ဆိုဖူးခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိပါတယ်။

သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြောင့် အများသူ ငါ ကောင်းကျိုးရကြတယ်ဆိုရင်ဖြင့် ၀မ်းသာရမှာပါပဲ။ သို့သော်ငြားလည်း အများအကျိုး အတွက် ရည်မျှော်ပြီး လုပ်နေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေလည်း ရှိနေလေတော့ တခါတရံမှာတော့ အခက်အခဲတစ်ချို့ ကြုံရတာမျိုးတွေလည်း ရှိခဲ့ပါရဲ့။

ဥပမာသုံးပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရွာထဲကို သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ တင်လာတဲ့ လှည်းကြီးများဝင်လာရင် ခွေးတွေက ၀ိုင်းပြီးတော့ ဟောင်ကြတယ်။ လှည်းပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အချင်းချင်းတိုက်မိလို့ ထွက်လာတဲ့ ဂလုံး၊ ဂလွမ် အသံတွေနဲ့ သံစုံမြည်နေတော့ ဟောင်တာပေါ့။ အဲဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ တကယ်လို့ ဒီလှည်းကြီးက ရပ်လိုက်မယ်ဆိုရင် လိုရာခရီးကို ဘယ်ရောက်နိုင်ပါတော့မလဲ။ ဒီအတိုင်းပါပဲ။ အများအကျိုး ရှေးရှုလုပ်နေပေမယ့် နားမလည်သူတစ်ချို့တို့က လှောင်ပြောင်ကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်အနေဖြင့် သွားရမယ့် ပန်းတိုင်ကိုရောက်အောင်တော့ သွားမြဲအတိုင်း သွားနေဦးမှာပါ။

များမကြာတဲ့ကာလမှာ ကျွန်တော်လည်း အရင်လိုမျိုး ဆက်လက်ရေးသားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တတ်နိုင်တဲ့ အချိန်လေးမှာ အကောင်းဆုံးသော ဆောင်ရွက်မှုလေးတွေ ထားခဲ့ချင်ပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးတဲ့ ဆရာတော် ဦးလောကနာထ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားလိုပါတယ်။ အင်တာနက်မှာ စာရေးနိုင်တဲ့ အချိန်ကို ဘ၀တစ်ခုလို့ သတ်မှတ်ခွင့်ရမယ်ဆိုရင် အခုအချိန်က အဲဒီဘ၀လေးရဲ့ ဆည်းဆာချိန်လေးပါပဲ။ ကျွန်တော်လေးစားမိတဲ့ နေမင်းကြီးလိုပဲ တစ်နေရာမှာ ဆည်းဆာချိန် ဖြစ်ပေမယ့် အခြားနေရာအတွက်တော့ ရောင်ခြည်အလင်းတန်းသစ်လေးတစ်ခု ဖြစ်ချင်ပါသေးတယ်။

စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးကို လေးစားတန်ဖိုးထားပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ

ဆန္ဒမွန်ဖြင့်
အောင်ဦး

ဘေးရန်ကင်းပါစေ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ဘေးရန်ကင်းပါစေ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ ဘေးရန်တွေကင်းပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

အမှန်ကို ပြောနိုင်ပါစေ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော အမှန်ကို ပြောနိုင်ပါစေ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ အသိပညာ တိုးပွားပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

ဆွေးနွေးပွဲများနှင့်ပတ်သက်၍…

ကျနော်တို့ ဆွေးနွေးပွဲ အသံဖိုင်တွေကို လူအများ နာယူလို့ ရအောင် တင်ထားပြီးတဲ့ နောက်မှာ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတွေ အများကြီးရေးပြဖို့ အစီစဉ် မရှိခဲ့ပါဘူး။ ပထမ ဆွေးနွေးပွဲ အပြီးမှာ ဆောင်းပါး ၁၀ပုဒ်လောက် ရေးသား ဖော်ပြခဲ့ကြတာနဲ့ပဲ လုံလောက်ပါပြီလို့ ယူဆခဲ့လို့ပါ။ ထိုဆောင်းပါးတွေကို ဖတ်ကြည့်ခြင်း အားဖြင့် စာဖတ်သူ ပရိတ်သတ်အနေနဲ့ရော တရားအလုပ် အားထုတ်နေသူတွေ အတွက်ပါ ဓမ္မနည်းလမ်းတကျ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ဝေဖန်ဆုံးဖြတ်နိုင်ပြီလို့ တွေးမိပါတယ်။ သို့သော် အများဆန္ဒ အရရော၊ ကျနော်တို့ ထပ်မံ မေးချင်တာတွေ ရှိတာနဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ယခုလို မေးမြန်းဆွေးနွေးတာတွေကို ကျနော်တို့ အနေနဲ့ပဲ လုပ်ကြတယ်လို့ မမြင်စေချင်ပါဘူး။ ကျနော်တို့ကို ဆရာတော် မလေးရှားကို ကြွလာတဲ့ အချိန်မှာ ဆွေးနွေးကြလို့ ပြောဆိုလာတဲ့ အတွက် ဆွေးနွေးဖြစ်ခဲ့တာပါ။ ယခင်ကလည်း ဆရာတော်နဲ့ အခြားသော လူပုဂ္ဂိုလ်များ ဆွေးနွေးခဲ့တာ အကြိမ်မနည်းတော့ပါဘူး။ သူတို့တွေကိုလည်း ဆရာတော် ဘယ်လို ဖြေခဲ့တယ် ဆိုတာ ကျနော်တို့ သိပြီးဖြစ်ပါတယ်။


ပထမ ဆွေးနွေးပွဲမှာ ပထမဆုံး မေးတဲ့ အကြောင်းအရာကိုပဲ လှည့်ပတ်ဖြေကြားလိုက်တဲ့ အပြင် နောက်ပိုင်းမှာလည်း အဖြေကို တိတိကျကျ မသိရပဲ အလားတူ အဖြေတွေပဲ ပြောလာတဲ့ အတွက် ဒေါသသံတွေ ပါလာရပါတယ်။ ကျနော်တို့ အနေနဲ့ ရဟန်းတပါးကို အဲလို မပြောဆိုသင့်ဘူးဆိုတာ သိတယ်။ သို့သော် မမှန်တာကို မမှန်ဘူးလို့ ပြောရမယ် ဆိုတဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်ကို တနည်းအားဖြင့် လိုက်နာခြင်းပဲ ဖြစ်တယ်။

ဆွေးနွေးပွဲတွေကို နားဆင်ပြီး မသိသေးတဲ့ သူတွေအနေနဲ့ သိသွားကြတယ်။ေ၀၀ါးနေတဲ့ သူတွေအတွက် ပိုပြီးရှင်းလင်းအောင် သိကြတယ်။ သိပြီးသားသူတွေ အတွက် ပိုပြီးတော့ လေးနက်စေခဲ့ပါတယ်။ ယခုဆွေးနွေးပွဲ တွေကို အကြောင်းပြုပြီး တစ်ဦးတစ်ယောက် အတွက် ကောင်းကျိုးရသွားတယ်၊ အသိမြင်တွေ မှန်သွားတယ် ဆိုရင်ပဲ ပြုလုပ်ရကျိုး နပ်ပါတယ်။ ပရိသတ် အမျိုးမျိုး ရှိခြင်းကြောင့် လူတိုင်း လက်ခံခြင်း၊ လက်မခံခြင်းကို မပြောလိုပါ။ ဆွေးနွေးပွဲများ အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်တာ သင့်တော်ပါတယ်။
အသံဖိုင်များ နားဆင်ပြီးတော့ ညီအကို မောင်နှမများထံကနေ စေတနာနဲ့ အကြံပြုပြောဆိုတာတွေကို တွေ့မြင်ရပါတယ်။ စိုးရိမ်ပြီးတော့ အသိပေးပြောကြတဲ့ မောင်နှမတွေကိုလည်း တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျနော်တို့ အနေနဲ့လည်း ဒုက္ခက လွတ်မြောက်ဖို့ တရားဓမ္မတွေကို လေ့လာဆည်းပူး ကျင့်ကြံနေသူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်အတွက် အတားအဆီးဖြစ်မယ့် အရေးကို ကျနော်တို့ အဖြစ်မခံပါဘူး။ သတိ ရှိစွာ၊ နှလုံးသွင်း မှန်စွာနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာပါ။

ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ ၀ိနည်းတော်နဲ့ မသင့်လျော်တာတွေကို ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အခြားစည်းကမ်းနဲ့ ပတ်သလို့ ဆွေးနွေးမှု၊ တရားနည်းလမ်းနှင့် ပတ်သတ်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလိုပြောလို့ အပြစ်ဖြစ်၊ မဖြစ်ကို ဆရာတော်ရေးသား ဖြေကြားပေးထားတဲ့ ဆောင်းပါးမှာလည်း ဖတ်နိုင်ပါတယ်။

ထို့အပြင် လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော ဓမ္မဒီပနီ ကျမ်းမှာ အောက်ပါအတိုင်း ရေးထားပါတယ်။

ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူ ၀ိနည်းတတ်ပေါများ၍ ၀ိနည်းတရားနှင့် မညီသော ရဟန်းတို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူများ ပေါများလျှင် သာသနာတော်မှာ ကောင်းဖို့ရာဖြစ်၏။
လူတို့က ၀ိနည်းကို သိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို အလှူ လှူဒါန်းသူ ကိုးကွယ်သူမရှိဘဲ နေခဲ့မူကား သာသနာတော်၌ အလွန်ကောင်းဖို့ရာ ဖြစ်၏။ ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကေင်းစားနိုင်တော့မည် မဟုတ်ပေ။

အချို့သော သူတို့က လူများဝိနည်းတရားတော်ကို မသင်ကောင်းဟူ၍ ပြောဆိုကြ၏။ ထိုသူတို့သည် တရားတော်ကို တားဆီးပိတ်ပင်ရာ ရောက်၏။ ရဟန်းတော် တစ်ပါသည်း ရဟန်းတော် တစ်ပါးအား ၀ိနည်းတရားတော်ကို သင်ကြားခြင်းကြောင့် အဘယ်အကျိုးရှိအံ့နည်း စသည်ဖြင့် ပြောဆိုငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ လူသာမဏေတို့အား ပြောဆိုငြားအံ့၊ ဒုက္ကဋိအာပတ်သင့်၏။ ဤသို့ကြီးလေးသော အပြစ်ရှိ၏။

ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမ စံကျောင်းဆရာတော်ကြီးက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

အချို့သော သူတို့က ၀ိနည်းတတ်လျှင် ရဟန်းတော်များ မအပ်မရာသော အမှုကို ပြုလုပ်သည်ကို တွေ့မြင်ခဲ့သော် ကဲ့ရဲ့မိတတ်၍ အပြစ်ရှိမည်ကို ကြောက်ရသည်ဟူ၍ ပြောလေ့ရှိ၏။
ထိုစကားများ၏ မကောင်းမှုကို ကြပ်ကြပ်ကဲ့ရဲ့မှသာလျှင် မကောင်းမှုပြုဝံ့သူ နည်းပါးပေလိမ့်မည်။ မကောင်းသူ ပြုဝံ့သူနည်းပါးပါမှ ဤသာသနာတော်ကြီးသည် နေ၀န်း၊ လ၀န်းပမာ လွန်စွာ ထွန်းတောက်ပေလိ့မ်မည်။
အကျဉ်းအားဖြင့် (၂၂၇)သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင်သော သိက္ခာပုဒ်တို့မှာ မြတ်စွာဘုရား သဘော အလိုအလျှောက် အကြောင်းမဲ့ ပညတ်အပ်သော သိက္ခာပုဒ်ဟူ၍ မရှိချေ။

အလိုနည်းသော ရဟန်းနှင့် လိမ္မာသော ဒါယကာ ဒါယိကာမတို့က ကဲ့ရဲ့သောကြောင့်သာ ပညတ်ရလေသည်။ ယခုကာလ အချို့သော ဒါယကာ- ဒါယိကာမတို့ကဲ့သို့ မကဲ့ရဲ့ဘဲနေကြလျှင် သိက္ခာပုဒ်ဟူ၍ တစ်ခုမျှ ရှိတော့မည် မဟုတ်။ သိက္ခာပုဒ်ဟူ၍ မရှိကလည်း ကြည်ညိုဖွယ်ရာဟူ၍ ရှိတော့မည် မဟုတ်ချေ။
မကောင်းမှုကို ကဲ့ရဲ့သော သူတို့မှာ အလိုနည်းသော သူတော်ကောင်းတို့သာ ဖြစ်ပေ၏။ အကြင်ရဟန်းတို့သည် အလိုနည်း ပါးကြကုန်၏။ ထိုရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ရှုတ်ချကြကုန်၏ဟု ၀ိနည်း ပါဠိတော်၌ သိက္ခာပုဒ်တိုင်း၌ လာရှိ၏။

သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှဝိနည်းကို တတ်မြောက်အောင် သင်ကြားပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော် ဟူသမျှတို့ကို ကဲ့ရဲ့ကြလျက် ၀ိနည်းနှင့်အညီ ကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ် ဆည်းကပ်ကြမှသာလျှင် ဤသာသနာတော်ကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်။

မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ ရှိလျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းတည်း၊ ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ခြင်းပြုမိက အရှင်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု အလဇ္ဖီပဂ္ဂဟာ၌သာ တည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဖီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏။ ထိုသို့ဖြစ်က ဤသာသနာ တော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်၊ အဘိဓမ္မာ တရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကြကုန်ရာ၏။

ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည် ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်။ ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်။

အထက်ပါ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများသည် ဘုရားဟော ပါဠိတော်များကို ကိုးကား၍ ရေးသား မိန့်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆိုရလျှင် ကျနော်တို့ ဆွေးနွေးဝေဖန်ခဲ့သော အကြောင်းအရာများနှင့် အပြုအမူကို နားလည်လက်ခံ နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

နောက်ဆုံး အနေဖြင့် သတိပေးပါရစေ… လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ မိမိတို့ ကိုယ်ပိုင် ဉာဏ်အရ ဆုံးဖြတ်ကြတာ ဖြစ်ခြင်းကြောင့် အငြင်းမပွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လိုအပ်ချက်ရှိပါက ဆွေးနွေးအကြံပြုနိုင်ပါတယ်။

တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

ဒုတိယအကြိမ် ဆွေးနွေးပွဲ

၂၂.၀၂.၂၀၁၀ ရက်နေ့တွင် ဆရာတော်ဦးဥတ္တမသာရနှင့် ဓမ္မရေးရာ ဆွေးနွေးခဲ့သော အသံဖိုင်များ ဖြစ်ပါတယ်။

ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၁




ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၂


ကျနော် အနေနဲ့ ဦးစွာပထမ အသိပေးပါရစေ။ ပထမအကြိမ် ဆွေးနွေးပွဲကို နားဆင်ပြီး သံဃာတော် အရှင်သူမြတ်များနှင့် အခြားသော နေရာဒေသ အသီးသီးမှာ ရှိနေကြတဲ့ ထေရ၀ါဒ သာသနာကို စောင့်ရှောက် ထိန်းသိမ်းလိုသော ဗုဒ္ဓဘာသာ ၀င်အားလုံးလည်း ကြောင့်ကြမဲ့ မနေခဲ့ကြပါဘူး။
အမြင်နဲ့ ခံယူချက်မတူကြတဲ့ အတွက် ဝေဖန်မှု အမျိုးမျိုးကိုလည်း ကြားသိလာရပါတယ်။ မည်သို့ပင်ဖြစ်စေ… ဆွေးနွေးပွဲများကို ခြုံငုံသုံးသပ်ပြီး မိမိတို့ အတွက် အကျိုးရှိအောင်သာ အသုံးချကြပါ။ ပြီးဆုံးအောင် နားဆင်ပြီး လူပုဂ္ဂိုလ်မပါပဲ ဓမ္မသပ်သပ်ကိုသာ ဝေဖန်ဆန်းစစ် လက်ခံကြပါ။ မနှစ်သက်ပါကလည်း မိမိတို့ သဘောအတိုင်းပါ။ ကျနော်တို့ ဆွေးနွေးခဲ့တာတွေသည် သာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့ အတွက် အကျိုးယုတ်လျော့ မသွာဘူးဆိုတာတော့ ကျနော်တို့ ယုံကြည်ပါတယ်။ အနည်းငယ်မျှ ထုတ်ပြလိုပါတယ်…

(၁) ဆရာတော်ကိုယ်တိုင် အရင်တရားတွေက မှားနိုင်လို့ မိန့်ပါတယ်။ နောက်ပိုင်းတရားတွေကတော့ ပိုပြီး ပီပြင်လာပါ တယ်။ ဒီလိုပဲ အမှားနဲ့ ရင်းရတာပဲလို့ မိန့်ပါသေးတယ်။
မှတ်ချက်။ ။အထက်ပါ မိန့်ကြားချက် အရ အရင်တရားတွေမှာ အမှားပါတယ်ဆိုတော့ ဘယ်အချိန်ထိ မှားခဲ့ တယ်ဆိုတာ မသိပါ။

(၂) ၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ်(၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိ ပြု လက်မှတ်ရေးထိုးပါသည်။
မှတ်ချက်။ ။အထက်ပါ အချက်အား မှန်ကန်ပါကြောင်း ဆရာတော်ကိုယ်တိုင် မိန့်ပါတယ်။

သံဃမဟာနာယကမှာ ၀န်ခံထားတာကို ချိုးဖောက်တာဟာ သံဃသာမဂ္ဂီကို ပျက်ပြားစေပါတယ်။ ဒီလိုဝန်ခံထားတာကိုလည်း ပညတ်ပဲ ဖြစ်တယ်။ အလေးထားစရာ မဟုတ်ဘူးလို့ ယူဆနေတယ်။ အချိန်တွေကို ဆုပ်ကိုင်တယ်လို့သာ မိန့်ပါတယ်။

ဆွေးနွေးပွဲ အသံဖိုင်များကို နားဆင်ပြီး ရေးသားကြသော သံဃာတော်များနှင့် စာရေးသူများ၏ ဆောင်းပါးများကို ဖော်ပြလိုက်ပါတယ်။

(၁)http://www.dhammayaungchi.com/2010/02/blog-post_20.html အတုအစစ်ခွဲခြားနိုင်ဖို့

(၂)http://www.dhammayaungchi.com/2010/02/blog-post_6020.html တရားချိန်ခွင် (သို့) မဟာပဒေသ ၄ ပါး

(၃)http://www.lknt.org/2010/02/blog-post_15.html ဆူနာမီဆရာတော်သို့ပေးစာ

(၄)http://www.venvicitta.com/2010/02/blog-post_20.html ဆူလာပြန်ပြီဆူနာမီ

(၅)http://www.yawcommunity.com/2010/02/blog-post_16.html အင်း…ဒါလေးတော့ဖြင့် သိစေချင်

(၆)http://www.yawcommunity.com/2010/02/blog-post_7566.html ဓမ္မဥပဒေသများ

(၇)http://universaltruthplace.blogspot.com/2010/02/blog-post.html ဆူနာမီဆရာတော်ထံသို့ လျှောက်ထားလွှာ

(၈)http://www.ahlataya.com/2010/02/blog-post_10.html ဝေဖန်ပေးခဲ့ကြပါသည်

(၉)http://www.dhammalaws.org/2010/02/blog-post_8133.html ဆူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး ကြော်ငြာ

(၁၀)http://www.dhammalaws.org/2010/02/blog-post_19.html နောက်ဆုံးပေါ်တရားအားထုတ်နည်း

(၁၁)http://ashinsasana.multiply.com/journal/item/25/25 ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒမျာ

(၁၂)http://www.ahlataya.com/2010/02/blog-post_23.html ဆူနာမီဆရာတော်နှင့် ဒုတိယဆွေးနွေးပွဲ

ဆရာတော်ဦးဥတ္တမသာရ နှင့် ဆွေးနွေးပွဲအသံဖိုင်များ

၁၄.၀၂.၂၀၁၀ ရက်၊ တနင်္ဂနွေနေ့ညတွင် ဆရာတော်ဦးဥတ္တမသာရနှင့် ဓမ္မရေးရာ ဆွေးနွေးခဲ့သော အသံဖိုင်များ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အသံဖိုင်များ အားလုံးဆုံးအောင် နာယူကြဖို့ တိုက်တွန်းပါရစေ။

စိတ်ချမ်းသာကြပါစေ…

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၁


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၂


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၃


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၎

မျက်မှောက်ခေတ်ကမ္ဘာ့အခြေအနေနှင့် ဗုဒ္ဓတရားတော်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေနှင့် ဗုဒ္ဓတရားတော် အမည်ရသော တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ အားလုံး တရားတော်ကို ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် နာယူကြည်ညိုနိုင်ကြပါစေ။


ဖွင့်ရန်

ဒို့သာသနာ ဒို့ဘာသာ

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ…။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…

ကံကောင်းအောင်နေနည်း

အရှင်ဇ၀န ဟောကြားတော်မူသော ကံကောင်းအောင်နေနည်း အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ တရားတော်အတိုင်း လိုက်နာ ကျင့်ဆောင်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

မေတ္တာဖြင့်စီးပွားရှာခြင်း

အရှင်ဇ၀န ဟောကြားတော်မူသော မေတ္တာဖြင့်စီးပွားရှာခြင်း အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ တရားတော်အတိုင်း လိုက်နာ ကျင့်ဆောင်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

မေတ္တာသည်သာ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော မေတ္တာသည်သာ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ မေတ္တာတရားများ တိုးပွားပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

ဘုရားရှင်၏ သြ၀ါဒတော်နှင့် လိုက်နာဖွယ်ရာ

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့ အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
အထက်ပါကောက်နုတ်ချက်သည် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်လာ မြတ်ဗုဒ္ဓ၏ မိန့်မှာတော်မူချက် ဖြစ်ပါတယ်။


ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။
အဘယ်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက်ပေးနိုင် သောကြောင့် ဖြစ်ပါတယ်။

ထိုသို့ဆိုလျှင် ရတနာသုံးပါးနှင့် စပ်၍ အပြစ်ပြောဆိုကြသည်ကို တွေ့မြင်ကြားသိရာ၌ ဒေါသ၊ ဒေါမနဿ မဖြစ်စေဘဲ သည်းခံနေရုံမျှဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး၏ တာဝန်ကျေပွန်ပါပြီလော… ဟု မေးစရာရှိလာသဖြင့် “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်ဟု ဆက်လက် မိန့်မှာတော် မူခဲ့ပါတယ်။

“တုမာကံ သတ္ထာ န သဗ္ဗညူ ဓမ္မော ဒုရက္ခာတော် သံဃော ဒုပ္ပဋိပန္နောတိ အာဒီနိ သုတွာ န တုဏှီ ဘ၀ိတဗ္ဗံ”
“သင်တို့၏ဆရာ ဘုရားမြတ်စွာသည် သဗ္ဗညူ မဟုတ်၊ တရားကို မကောင်းသဖြင့် ဟောတော်မူအပ်၏။ သံဃာသည် ကောင်းစွာမကျင့်၊ ဤသို့ အစရှိသော စကားတို့ကို ကြားသိရသည်ရှိသော် ဆိတ်ဆိတ်မနေအပ်”

“ဧ၀ံ ပန ၀တ္တဗ္ဗံ ဣတိပေတံ အဘူတံ န သဗ္ဗတ္ထ”
“ဤသို့ ပြောဆိုအပ်၏။ အကြင်စကားကို သင်တို့ ပြောဆိုအပ်၏။ ထိုစကားသည် ဤအကြောင်းလည်း မမှန်၊ ဤသို့ သဘောရှိသော အပြစ်သည် ငါတို့၌ ထင်ရှားမရှိ၊ ငါတို့၏ ဆရာဘုရားသည် အားလုံးကို သိတော်မူသည်သာတည်း၊ တရားတော်သည်လည်း ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်ပင် ဖြစ်၏။ ရှစ်ယောက်အရိယာ မြတ်သံဃာတော် သည်လည်း ကောင်းသော အကျင့်ကို ကျင့်တော်မူ အပ်ပါပေ၏။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုအဖြစ် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်သည်၏ အဖြစ်၊ အရိယာသံဃာတော်၏ သုပ္ပဋိပန္န၏ အဖြစ်ကို ဤအကြောင်း ဤအကြောင်းတို့ကို ထောက်၍ သိအပ်ပါ၏” ဟု ပြောဆို ဖြေရှင်းအပ်၏။ သို့ရာတွင် နေရာတကာတိုင်း လိုက်၍ ဖြေရှင်းမနေရ။

အဘယ်ကဲ့သို့သော နေရာမျိုး၌ မဖြေရှင်းဘဲ နေရမည်နည်းမူ-
“သင်သည် သီလမရှိ၊ သင်၏ဆရာသည် အကျင့်မကောင်း၊ သင်သည် ဤမည်သော အမှုကို ပြုအပ်၏။ သင်၏ဆရာသည် ဤအမှုကို ပြုအပ်၏” ဟု ဆိုအပ်သည်ရှိသော ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲ့ စကားကို ဖြေရှင်းအပ်၏။ “သင်သည် မြည်းလိုကောင်၊ နွားလိုလူ” စသည်ဖြင့် ဆဲရေးသော ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ သည်းခံ ခြင်းကိုသာ ပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃)။

အထက်ပါ ပါဠိတော်၊ အဋ္ဌကထာများအရ “သာသနာ့ ၀န်ထမ်း ရှင်ရဟန်းများ အနေဖြင့် ရတနာသုံးပါး၏ အပြစ်ပြ စကားတို့ကို တွေ့မြင်ကြားသိရသည် ရှိသော် မဟုတ်လျှင် မဟုတ်သည့် အတိုင်း ပြန်လည် ဖြေရှင်းအပ်၏။ မိမိနှင့်မိမိ၏ ဆရာသမား သိက္ခာတရားနှင့် ပတ်သက်သော အပြစ်ပြစကားတို့ကို တွေ့မြင်ကြားသိရသည့် အခါ အရေးလုပ်ကာ ဖြေရှင်း မနေဘဲ လျစ်လျူရှုကာ သည်းခံအပ်၏” ဟု မှတ်သားရပါတယ်။

ယခုမူကား မိမိနှင့် မိမိဆရာသမားကို ထိပါးလာလျှင် ချက်ချင်း တုံ့ပြန်လိုကြသော်လည်း ရတနာသုံးပါးနှင့် ပတ်သတ်လာ လျှင် ကိုယ်နှင့် မဆိုင်သလို ဆိတ်ဆိတ်နေကြပါတယ်။ ထိုအကြောင်းတို့ကို ဖြေရှင်းရန်မှာ ရဟန်းသံဃာတော်များသာ တာဝန်ရှိသည်ဟု မခံယူသင့်ပါ။ သံဃာတော်များကို ဦးဆောင်ဦးရွက်ပြု၍ (ဗုဒ္ဓဘာသာဝင် အမည်ခံသူ) လူများသည်လည်း ဆောင်ရွက်ရပါမယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသော အနာဂတ်သာသနာရေး ကျမ်းတွင် လူများလည်း သာသနာပြုနိုင်ပုံကို အကျယ်တ၀င့် ရေသား ဖော်ပြထားပါတယ်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် လူတွေ အနေဖြင့် သာသနာနှင့် မလျော်ညီသည့် အပြုအမူများအပေါ် ဝေဖန်စမ်းစစ်၍ အမှန်တရားဖြစ်အောင် ဆောက်ရွက်နိုင်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာဝင်အများစုသည် သူများပါးစပ်နှင့်သာ လမ်းဆုံးနေပြီး အမှားအမှန်၊ ဘုရားဟောနှင့်ကိုက်ညီမှု ရှိ၊ မရှိ မချင့်ချိန်တတ်ကြပါ။ သာသနာဆိုတာ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ အချိန်မှာ သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် သံဃာ့ အဖွဲ့အစည်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရလေအောင် ဘုရားရှင်သည် ၀ိနည်းတော်များ ပညတ်၍ ဆောင်ရွက်တော်မူခဲ့ပါတယ်။ ထိုဝိနည်းတော်ဆိုရာမှာ တချိန်တည်းမှာပင် ၀ိနည်းတော်အဖြစ် ပညတ်ခဲ့ခြင်းမဟုတ်ပဲ သာသနာတော်ကို ထိခိုက်၊ ပျက်စီး ညှိုးနွမ်းစေမည့် အပြုအမူများ ပေါ်ပေါက်လာမှသာ လိုအပ်သလို ပညတ်ခဲ့ခြင်းဖြစ်ပါတယ်။

“၀ိနယော နာမ သာသနဿ အာယု= ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေး မထေရ်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှ အရေးကြီးလှသည်ကို နားလည် သဘောပေါက်သင့်ပါပြီ။ သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့သည်မှာ ပုံပြင်တွေ မဟုတ်ပါ။

စာပေအရပြောဆို နေရုံသပ်သပ်ဖြင့် အရာမရောက်ဟု မဆိုသင့်ပါပေ။ ယနေ့ စာပေနှင့် ပြောဆိုခြင်းကို လက်မခံနိုင်ကြပဲ ဘုရားရှင်ဟောသည့် ကာလာမသုတ်တော်လာ အချက်များကို ပြောတတ်ကြပါတယ်။ အနည်းငယ်မျှ စဉ်းစားတတ်စေချင် ပါတယ်။ ထိုအချိန်ကာလမှာ ဘာသာအယူဝါဒ အမျိုးမျိုး ပေါ်ပေါက်ပြီး လူတွေကို စည်းရုံးဟောကြား သဖြင့် ဘုရားရှင်က ကာလာမသုတ် အတိုင်း ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ ကာလာမ ပုဏ္ဏားတို့က ဗုဒ္ဓ၀ါဒကို လက်ခံကြတာ အမှန်ပါပဲ။ ယခုအချိန်မှာ မြတ်စွာဘုရားဟောခဲ့တဲ့ ပိဋတ်ကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အထင်အရှားရှိပါ လျှက် ဗုဒ္ဓဘာသာလို့ ခံယူထားတဲ့ သူတွေက ဘုရားဟော ပိဋကတ်ကို မယုံကြည်သေး သလား? ပိဋကတ်တော်မှာ ပါတဲ့ တရားတွေကိုပဲ ကိုယ်တွေ့မဟုတ်လို့ စိတ်မချရဘူးလို့ ဆိုလိုချင်ကြတာလား?

ဘုရားရှင်သည် ကာလာမသုတ်ကို ဟောစဉ်မှာ သူ့ဘာသာ၊ ငါ့ဘာသာလို့ အပြိုင်အဆိုင် စည်းရုံးနေချိန် ဖြစ်တာကြောင့် ကာလာမပုဏ္ဏားတို့ကို တဆင့် စကားဆိုလည်း မယုံဖို့၊ စာပေကျမ်းဂန် (ဗုဒ္ဓစာပေကို မဆိုလို ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလ တခြားဘုရားတို့၏ စာပေ၊ ရိုးရာစာပေကိုသာ ဆိုလိုသည်) နှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း မယုံဖို့ စသဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဆိုရခြင်းမှာ ဘာသာဝါဒချင်း အပြိုင်အဆိုင်ဖြစ် နေတဲ့ အတွက်ကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ဖို့ ဟောကြားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ကိုးကွယ်အား ထားရာ အစစ်မှန်ဖြစ်တဲ့ ဘုရားဟောတရားတွေ ရှိနှင့်နေပြီဆိုတာ လူတိုင်း ယုံကြည်ကြမှာပါ။ ထိုတရားတော်တွေသည် ပိဋကတ်တော်မှာပါတဲ့ အတိုင်းဖြစ်လို့ စာပေပိဋကတ်ကို မယုံကြည်ရင် တရားကို မယုံကြည်ရာ ရောက်ပါလိမ့်မယ်။ ထိုနည်းတူ တရားဆိုရင်လည်း စာပေနှင့်ပါ တိုက်ဆိုင်စစ်ဆေး ခံနိုင်ရပါမယ်။

ထို့သို့ ဆိုရလျှင် စာပေသည် သာသနာတော် အတွက် မည်မျှ အရေးပါသည်ကို မှန်းဆ သိမြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။
“တရားမနာ၊ စာပေမသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ ဘုရားသာသနာ ကွယ်ကြောင်းတည်း” ဆိုသည့် အတိုင်း-
စာပေမသင်ကြားခြင်းပင်လျှင် သာသနာကွယ်ကြောင်းဟု ဘုရားရှင် ဟောကြားဆုံးမခဲ့သည်ကို သတိပြုစေလိုပါတယ်။

ထို့အပြင် ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုခဲ့ကြပါတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ ဖြစ်ပါတယ်။ ပရိယတ်မပါသော ပဋိပတ်သည်လည်း စနစ်မကျသလို ပရိယတ် သပ်သပ်နှင့် ပဋိပတ် မပါလျှင်လည်း အကျိုးမများနိုင်ပါ။ ထိုသဘောကို နားလည် လက်ခံနိုင်ကြပါစေ…

ကျွန်တော်တို့ သာသနာသည် တနေ့မှာ ကွယ်ရမယ်ဆိုတာ ယုံကြည်လက်ခံပါတယ်။ သို့သော် သာသနာ ထွန်းကာနေချိန် မှာတော့ စစ်မှန်သည့် နည်းလမ်းအတိုင်းသာ ဖြစ်စေချင်တာ မှန်ကန်သော ဆန္ဒပါ။ ငယ်စဉ်ဘ၀ကတည်းက စာပေလေ့လာ သင်ယူဆည်းပူးခဲ့သော ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ မေ့လျော့ထားလို့ မသင့်တော်ပါပေ။ မိမိတို့ကိုယ်တိုင် သာသနာ အကျိုးကို စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ရင်တောင် မိမိတို့ကြောင့် သာသနာတော်၏ သိက္ခာတွေကို မပျက်စီး၊ မညှိုးနွမ်းစေဖို့တော့ တာဝန်ယူပေးကြပါ။

စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်မည် ဆိုပါသော် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာနှင့် သင့်တော်မှန်ကန်သည့် တရားဓမ္မများကိုသာ ရွေးချယ် ဆောင်ရွက်တတ်စေလိုပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ…

သာသနာတော် တည်ရာအုတ်မြစ်ဟာ ဘာလဲ

ဒကာ။ ။သာသနာတော်ကို တည်ထောင်တဲ့နေရာမှာ မြတ်စွာဘုရားသခင်ဟာ အဓွန့်ရှည်ကြာတည်တံ့အောင် ဘာကို ဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ် ဆိုတာ စာပေမှာ ပါပါသလားဆရာတော်။
ဆရာ။ ။ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက်အခြေခံမူလကို...
ဒီဃ ဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကို မြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်တံ့ နိုင်စေရန်သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ယခုလိုဆိုထားတာရှိတယ်။
လူတွေဝိနည်းတတ်အောင်သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့ ။
ဒါကြောင့် သာသနာတော်အရှည်ခံ၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလ သိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ ကိုသာရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံ အသက်ပဲ။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား

ဒကာ။ ။သစ္စာလေးပါးသိမြင်လို့ အရိယာဖြစ်သွားတဲ့သူဟာ မိမိအရိယာဖြစ်ကြောင်း သူတစ်ပါးအားမပြောကြား ကောင်းဘူးလား ဆရာတော်။ ဗုဒ္ဓစာပေက ဘယ်လိုပါသလဲ ကွဲပြားအောင် မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ဒကာကြီးအမေးရဲ့ အဖြေနဲ့ဆင်တူကို သုတ်မဟာဝါ အထာကဋ္ဌာ၂၇၀မှာ-
ပဋိလဒ္ဓဘာဝံ ပန နိဓိလဒ္ဓ ပုရိသောဝိယ န အညဿ
အာရောစေတု ကာမောဟောတိ။
ဘ၀တာမှာ သုံးစားလို့မကုန်နိုင်အောင် တန်ဖိုးရှိတဲ့ ရတနာရွှေအိုးကြီးကို တွေ့သိရယူထားတဲ့သူဟာ သူတစ်ပါးအား မော်ကြွားလိုတဲ့စိတ်နဲ့ မပြောကြားလိုဘဲ သိုသိပ်စွာသုံးဆောင်နေသလို မိမိကိုယ်တိုင် အဟုတ်အမှန်ရရှိထားလို့ မဂ်ဖိုလ်ပိုင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း သူတို့ရရှိထားတဲ့ အတိုင်းမသိတန်ဖိုး ရှိလှသော မဂ်ဖိုလ်တရားကို မည်သူ့အားမျှမပြောကြားဘူးလို့ ဒကာကြီးတို့ရ၊ ကဲ... ဘာပြောချင်သေးလဲ။
ဒကာ။ ။ဒီလိုဆိုရင် ၀န်တို မစ္ဆေရဖြစ်ရာ မကျဘူးလား ဆရာတော် ရှင်းပြပါဦးဘုရား။
ဆရာ။ ။ဝန်တိုခြင်း မဖြစ်ပါဘူး၊ သူတို့ရဲ့အလိုစိတ်သဘော သန့်ရှင်းစင်ကြယ်စွာဖြစ်ပုံကို သုတ်မဟာဝါ အဋ္ဌကထာ ဆရာကြီး ဆက်ပြီးတော့ ပြဆိုပုံက…
အဟောဝတ မယာ ပဋိလဒ္ဓဂုဏံ သဒေ၀ကော လောကော ခိပ္ပမေ၀ ပဋိဝိဇ္စျေယျာတီတိ စိတ္တံ ဥပ္ပဇ္ဇတိ။
ငါရသိပြီးတဲ့ မဂ်ဖိုလ်တရားထူးဂုဏ်ကို နတ်လူအပေါင်းတို့လျှင်မြန်စွာ ထိုးထွင်းသိမြင်ကြပါစေ ဟူသောစိတ်အကြံ အလိုတော်ဖြစ်၏ လို့ဆိုထားတယ်။ သူများကို မပြောပြချင်ဘူး၊ သူတို့ရထားသလိုရစေချင်တယ်။ ဒါပဲ။
အဲဒါအတိုင်းမသိတန်ဖိုးရှိလှတဲ့ တရားရတနာအစစ်တွေမို့လို့ပဲ။
ဒကာ။ ။ရှင်းလင်းကောင်းမြတ် ကျေနပ်လှပါတယ်ဆရာတော်။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။

တာဝန်ကိုယ်စီ

လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။ ဒါ့အပြင် သာသနာအကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုး၊ မိသားစုအကျိုး စသဖြင့် လုပ်ဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့နဲ့ ဆိုင်ရာဝန်တွေကို ထမ်းရွက်နေရတာပါပဲ။ အဲလို ဆိုင်ရာ ၀န်တွေကို ထမ်းရွက်နေတဲ့ သူတွေကိုပဲ ၀န်ထမ်းလို့ ခေါ်ဆိုကြသလို မထမ်းရွက်နိုင်ရင်တော့ ၀န်ထမ်းအဖြစ် မခေါ်ဆိုနိုင်ပါဘူး။ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထုပ်လို့ ဆိုရမှာပါပဲ။ ဒီနေရာမှာ တာဝန်ဆိုတာကလည်း နေရာယူလိုခြင်းသဘောမဟုတ်ဘဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှ တာဝန်ရှိတာမျိုးမဟုတ်။ လူတိုင်းမှာ ဆိုင်ရာတာဝန် တွေ ရှိကြပါတယ်။ တာဝန်သိသူတိုင်းမှာ တာဝန်ရှိကြတာချည်း ဖြစ်ပါတယ်။ အသိဉာဏ်ရှိသူကမှ လောကတာဝန်ကို မယူဝံ့လျှင် အသိဉာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ်ရာမမြင်လို့ ဆိုရမှာပါပဲ။

ယနေ့အခါ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံ ဖြစ်တယ်လို့ အသိအမှတ်ပြု ခံထားရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက သဒ္ဓါတရား အားကောင်းသလောက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဟုတ်- မဟုတ် ဝေဖန်စိစစ်တတ်တဲ့ ပညာဉာဏ်က အားနည်းကြပါတယ်။ ဒါကြောင့် အထူးအဆန်းဆိုရင် သူ့ထက်ငါ ဦးအောင် သွားတတ်ကြတယ်။ ပုဂ္ဂိုလ်ထူးရင် ချည်းကပ်ကြတယ်။ သိချင်တာမေးမယ်။ ဖြစ်ချင်တာတွေ ပြောပြမယ်။ ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြမယ်။ ထို့အတူ ဓမ္မထူးရင် ထိုဓမ္မကို လက်ခံကျင့်သုံးဖို့ ဆည်းကပ်ကြပါတယ်။ ဓမ္မဆိုရာမှာလည်း ကုသိုလ်ဖြစ်ကြောင်း ဓမ္မနဲ့ အကုသိုလ်ဖြစ်ကြောင်း အဓမ္မဆိုပြီး ရှိပါတယ်။ ဓမ္မသည် ကုသိုလ်ဖြစ်ကြောင်း ဖြစ်ပြီး အဓမ္မမှာ အကုသိုလ်ဖြစ်ကြောင်း ဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။

ဓမ္မသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် (၄၅)၀ါ ကာလပတ်လုံး ဟောကြားခဲ့သည့်အတွက လည်းကောင်း၊ ပရိနိဗ္ဗာန် စံပြီး နောက်ပိုင်းမှာလည်း ဘုရားရှင်ချမှတ် ဟောကြားခဲ့တဲ့ မူအတိုင်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ စသဖြင့် ဟောရိုး ဟောစဉ်သာ ဖြစ်တဲ့ အတွက် အထူးအဆန်လို့ မဆိုသာပါဘူး။ အဓမ္မသည် ဘုရားဟောဒေသနာတော် တို့နှင့် ဆရာအစဉ်အဆက် လက်ခံအားကိုးအားထား ပြုခဲ့သော အဋ္ဌကထာ၊ ဋီကာတို့ကို မျက်ကွယ်ပြု ဆန့်ကျင်ကာ အဆန်းထွင်သော ၀ါဒဖြစ်လို့ အထူးအဆန်း ဖြစ်နေပါတယ်။ ထိုအခါမှာ အထူးအဆန်းကြိုက်သူတို့က မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဝေဖန်စီစစ်ခြင်းမရှိဘဲ ဆည်းကပ်ကာ နည်းနာနိဿယ ခံယူကြပါတော့တယ်။ ဒါကြောင့် ကျေးဇူးတော်ရှင် ဒီပဲယင်း ဆရာတော်ကြီးက “ဉာဏ်အမြင်နည်း၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်” ဟု ဆုံးမထားခြင်းဖြစ်ပါတယ်။ အရှင်ဇ၀န (မေတ္တာရှင်)က “အထူးအဆန်းကို ယုံလျှင် အရူးအနှမ်း ဖြစ်တတ်သည်” ဟု ဆုံးမထားပါတယ်။

နေရာတိုင်းမှာ ဆန့်ကျင်ဘက် သဘောရှိတတ်တာ သဘာဝတရား တစ်ခုပါ။ အတုနဲ့ အစစ်၊ အမှားနဲ့ အမှန်၊ အရှေ့နဲ့ အနောက်၊ အချစ်နဲ့ အမုန်း၊ စသဖြင့် ဆန့်ကျင်ဘက် သဘောတရားတွေကို လူတိုင်း မြင်တွေ့နေကြမှာပါပဲ။ ထို ဆန့်ကျင်ဘက် တွေထဲမှာ ဓမ္မနဲ့ အဓမ္မဆိုတဲ့ ဆန့်ကျင်ဘက် တရားကိုတော့ လူတိုင်းပိုင်းခြား သိစေချင်ပါတယ်။ ပြုသူရှိရင် ဖျက်သူဆိုတာ ရှိသလို ဖျက်သူရှိရင် ပြုပြင်သူဆိုတာလည်း ရှိတတ်စမြဲပါ။ ဖျက်ဆီးသူဟာ ပျက်ဆီးမှုကို ပိုင်ဆိုင်ပြီး ပြုပြင် သူဟာ ကောင်းမွန်မှုကို ပိုင်ဆိုင်ရပါတယ်။ ဖျက်ဆီးသူမဟုတ်ဘဲ ပြုပြင်သူတွေ ဖြစ်စေချင်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံခြင်း မရှိဘူးဆိုရင် မိမိကိုယ်တိုင်ပဲ သာသနာကို ဖျက်ဆီးသူဖြစ်မှန်း မသိ ဖြစ်နေတတ် ပါတယ်။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေမှ တူရာ တရားအစုတွေကို စုးစည်းပြီး ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် စသဖြင့် ပိဋကတ် သုံးပုံသတ်မှတ်ခဲ့ပါတယ်။ ထိုပိဋကတ်သုံးခုပေါင်းကို ပရိယတ္တိ သာသနာလို့ ခေါ်ပါသေးတယ်။ ဒါကြောင့် ၀ိနည်းတော်အတိုင်း မလိုက်နာရင် ၀ိနည်းပိဋကတ်ကို ပယ်ရာရောက် သလို သာသနာတော်ကို ပုတ်ခက်ရာ ရောက်သွားပါတယ်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ခုနှစ်ရက်ကြာတဲ့ အခါမှာ အရှင်မဟာကဿဖရဲ့ နောက်လိုက်ရဟန်းတွေက ဘုရားရှင်ပရိနိဗ္ဗာန်စံ ပြီဖြစ်ကြောင်း သိရတဲ့ အတွက် ငိုကြွေးကြပါတယ်။ ဒါပေမယ့် သုဘဒ္ဒဆိုတဲ့ ရဟန်းတစ်ပါးကတော့ ငိုကြွေးခြင်း မရှိပဲ ငိုကြွေးနေတဲ့ ရဟန်းတော်တွေကို- “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ပြောခဲ့တယ်။ ဒီစကားတွေကို အရှင်မဟာကဿဖ ကိုယ်တော်ကြိး ကြားတော့- “ဘုရားရှင်ရဲ့ ရုပ်အလောင်းတော် ရှိစဉ်မှာပဲ ဒီလို စော်ကားတဲ့ သာသနာ့ ဆူးငြောင့်ရန်စွယ် အန္တရာယ်ပေါ်လာရင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူခဲ့ပါတယ်။

ထို့ကြောင့် အရှင်မဟာကဿဖ ကိုယ်တော်မြတ်သည် ဘုရားရှင် ကြွင်းကျန်ခဲ့သော ဓာတ်တော်တွေကို ခွဲဝေပြီးချိန်မှာ သံဃာ့ပရိတ်သတ်ကို အစည်းဝေးခေါ်ကာ- “ငါ့ရှင်တို့… ဘုရားဟောထားတဲ့ တရားတော်တွေဟာ မသီကုံးရသေးတဲ့ ပန်တွေလိုပဲ အစီအစဉ်မရှိဘဲ ဖြစ်နေတယ်၊ ပန်းတွေဟာ မသီကုံးဘဲ ထားရင် လေတိုက်တိုင်း လွှင့်တဲ့ အတွက် မကြာခင်မှာပဲ ကုန်သွားနိုင်ပါတယ်။ ဒီလိုပါပဲ… ဘုရားဟောဖော်ခဲ့တဲ့ တရားတော်တွေကို စီကာစဉ်ကာ သဘောတူ ပေါင်းစု မထားဘူးဆိုရင် အဓမ္မ၀ါဒ လေမုန်တိုင်း တိုက်ခတ်လို့ မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အစစ်အမှန်တရားတော်တွေ ပျောက် နိုင်ပါတယ်။ ငါ့ရှင်တို့… ဓမ္မ၀ါဒပဲ ဖြစ်ဖြစ်၊ အဓမ္မ၀ါဒပဲ ဖြစ်ဖြစ် အားကြီးဖို့ အကြောင်းတိုက်ဆိုင်လာရင် အားကြီးလာတတ်တယ်၊ အကယ်၍များ အဓမ္မ၀ါဒတွေ အားကြီးလာမယ်ဆိုရင် တစ်သာသနာလုံး ထိန်းမရ၊ သိမ်းမရအောင် ခက်ကုန်ကြလိမ့်မယ်၊ ဒါ့ကြောင့် အဓမ္မတွေ မထွန်းကားခင်၊ ဓမ္မတွေ မပျောက်ကွယ်ချိန်မှာ သင်္ဂါယနာ တင်ကြပါစို့” လို့ မိန့်တော်မူပါတယ်။

အရှင်မဟာကဿဖရဲ့ သင်္ဂါယနာတင်ဖို့ မိန့်လိုက်တဲ့ သြ၀ါဒကို ကြည့်ခြင်းအားဖြင့် အရှင်မဟာကဿဖဟာ သာသနာတော် အတွက် ကြောင့်ကြမဲ့ မနေခဲ့ပါဘူး။ သာသနာ့ ရန်စွယ်တွေကိုလည်း ဥပေက္ခာပြုလို့ မထားဘူးဆိုတာ ထင်ရှားပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်တစ်ရာကျော်လောက် ကြာတဲ့ အခါ ဝေသာလီပြည် ၀ဇ္ဇီုတိုင်းသား ရဟန်းများက- “ရဟန်းများ ရွှေ၊ ငွေ အလှူခံအပ်တယ်။ နေမွန်းလွဲပြီး နေရိပ်လက်နှစ်သစ် လွန်တဲ့အထိ ခဲဖွယ်များကို စားနိုင်တယ်။ သေရည်အနုစား၊ စိမ်ရည်အနုစားကို သောက်သုံးနိုင်တယ်”… အစရှိတဲ့ ၀ိနည်းတော် (၁၀)ချက်ကို ပြင်ဆင်ကျင့် သုံးကြ တယ်။ ဒီသတင်းကို အရှင်မဟာယသ ကြားသိရတဲ့ အတွက်- “ဗုဒ္ဓသာသနာ ပျက်စီးကြောင်းကို ကြားသိရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မတော်ပေဘူး။ ယခုပဲ ငါသွားလို့ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမယ်” လို့ အကြံဖြစ်ကာ အဓမ္မ၀ါဒီတို့ရဲ့ ဝေသာလီပြည်ကို အဖော်မပါ တစ်ပါးတည်း ကြွတော်မူကာ ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ အရှင်မဟာယသရဲ့ သာသနာတော် အပေါ်မှာ ဥပေက္ခာပြု မထားမှုပါပဲ။ သာသနာတော် အပေါ်မှာ လစ်လျှူရှုမနေခဲ့ပါဘူး။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၅နှစ်လောက်မှာ သာသနာတော်မှာ ပစ္စည်းလေးပါး ပေါများသလောက် ရသေ့တိတ္တိ တို့မှာတော့ ပစ္စည်းလေးပါးရှားပါးလို့ သာသနာတော်ထဲကို တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးတော့ သူတို့ရဲ့ မိစ္ဆာအယူတွေ ကို မစွန့်ပဲ ယူမြဲ ယူထားကြတယ်။ အဲဒီတော့ သာသနာတော်ဟာ မသန့်မရှင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ဟာ ဒီသာသနာ့ ရန်စွယ်တွေကို ဖြေရှင်းဖို့ အတွက် အဓမ္မ၀ါဒီရဟန်းများနဲ့ အပြန်အလှန် အမေးအဖြေ အချေအတင်ပြုလုပ်ပြီး ၀ါဒတစ်ခုချင်းကို အနုစိတ်စီစစ်ကာ ဖယ်ထုတ်တော်မူခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည်လည်း သာသနာတော်ရဲ့ အဓမ္မတွေကို ကြောင့်ကြမဲ့ မနေခဲ့ဘူးဆိုတာ မြင်သာပါတယ်။ အရှင်အရဟံနဲ့ အနော်ရထာတို့လည်း ဆရာဒကာ ညီညွတ်စွာနဲ့ သာသနာ့ ဆူးငြောင့်တွေကို ရှင်းလင်း ခဲ့ကြတာ အားလုံး သိနှင့်ပြီးသားပါ။ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်က သာသနာ့ တာဝန်ကို ယနေ့တိုင်အောင် သံဃာတော် အရှင်သူမြတ်များက တာဝန်သိပြီး တာဝန်ရှိသည့် အားလျော်စွာ သာသနာ့ဝန်ကို ထမ်းရွက်နေကြဆဲပဲ ဖြစ်ပါတယ်။

လူများသည်လည်း နည်းလမ်းမှန်ကန်စွာနှင့် ဆရာကောင်းတို့ ထံမှာ ချည်းကပ်ကာ နည်းနာခံယူ တတ်စေချင်ပါတယ်။ ဒါထက်ပိုလို့ ဆရာဒကာ ညီညွတ်စွာနှင့် သာသနာ့ တာဝန်ကို ထမ်ဆောင်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်စေချင်ပါ တယ်။ ဓမ္မ၊ အဓမ္မကို ဝေဖန်ုပိုင်းခြားနိုင်ပြီး ဓမ္မအတွက် တာဝန်သိပြီး တာဝန်ကျေတဲ့ သူများ ဖြစ်စေချင်ပါတယ်။ ဒါသည် သာသနာ့ တာဝန်ကို ယူဝံ့သော ကိုယ်စီတာဝန်သိ စိတ်ပင်ဖြစ်ပါလိမ့်မယ်။

ဓမ္မချမ်းသာကို တွေ့အောင် ရှာနိုင်၍ ဓမ္မက ပေးသော ချမ်းသာအစစ်ကို ရရှိခံစားနိုင်ကြပါစေ…


ကျမ်းကိုး။ ။ ဥပေက္ခာမရှိသော နှလုံးသား - အရှင်နာရဒ (ဟိုပင်)

ဖြူးဆရာတော်ကြီး၏ အန္တိမဈာပနအခမ်းအနား အစီအစဉ်

ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။

၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော် ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။



ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည် ဖြစ်ပါသည်။

ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည် ဖြစ်ပါကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

------------------------------------------------------------------

ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြပါမည်။
၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၇)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကုသိုလ်အလှူရှင်- ကိုရဲထွဋ် + မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ။

နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။



ပိဋကတ် အစွယ်ထောင်လျှင် ...

တစ်ပိုင်းကြောင် ကျက်စာရုံနှင့် ခက်ပါလှ သဘောဉာဏ်
ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွားး။ ။
စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ ။
ဘုရားဟော မြတ်ဓမ္မက္ခခန်ကို တတ်လေဟန်ယောင်ဝါး
ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ
အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညာမထောက် ဟောတတ်လှပါ။ ။
ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ်
အထောက်တွေနှင့် ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်၊
ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။ ။

(လယ်တီဆရာတော်ဘုရားကြီး)

အမေ မွေးဖွားပေးခဲ့သောနေ့

မွေးဖွားခြင်းက အစတည်ခဲ့ရတဲ့ ဘ၀တခုကို ဖြစ်တည်လာတာဟာ ၂၅နှစ် တိုင်ခဲ့ပါပြီ။ အားလုံးကတော့ မွေးနေ့လို့ ပြောကြတာပေါ့။ မွေးဖွားခဲ့တဲ့ မွေးနေ့ဆိုကတည်းက သေဆုံးရမယ့် သေနေ့လည်း ရှိတယ်ဆိုတဲ့ အသိပါ ရရှိလိုက်ပါတယ်။ တနည်း မွေးဖွားခြင်း လက်မှတ်နဲ့အတူ သေဆုံးခြင်း လက်မှတ်ပါ တွဲပါလာတယ်လို့ ဆိုရမှာပါပဲ။ မွေးခဲ့ပြီးပေမယ့် မသေဆုံးခင် ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်မှာ လောကအကျိုး၊ မိဘကျေးဇူးနှင့် မိမိအကျိုးအတွက် အကောင်းဆုံး လုပ်ဆောင်ချင်တာ ကျနော်ရဲ့ ဆန္ဒပါ။ ဘယ်လိုပဲ ဖြစ်ပါစေလေ… အခုလို ရပ်တည်နေထိုင် သွားလာ နိုင်ဖို့ အတွက် ဘယ်သူက ထောက်ပံ့ပေးခဲ့သလဲ ဆိုရင် မာတာမိခင်ကိုပဲ မြင်မိပါတယ်။ ရင်ထဲကနေ ကိုးလလွယ်ရုံသာ မကပဲ ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ကနေ အချိန်တန်အရွယ်ရောက်ပြီး လောကအလယ်မှာ ရပ်တည်နိုင်ဖို့ အထိ ပြုစု ယုယခဲ့သူကလည်း အမေပါပဲ။ မိဘဆိုတာ အမေနဲ့ အဖေ နှစ်ဦးလုံးကို ပြောတာ ဖြစ်တဲ့ အတွက် အမေလို့ ရေးလိုက်ပေ မယ့် အဖေကိုလည်း ပြောပြီးသား ဖြစ်တယ်လို့ အောင့်မေ့မိပါတယ်။ သားတို့ကို မွေးဖွားခဲ့တဲ့ အမေနှင့် အဖေ… ကျန်းမာချမ်းသာစွာနဲ့ သူတော်ကောင်းတရားများကို လိုက်နာ ကျင့်သုံး နေထိုင်နိုင်၍ သူတော်ကောင်းတို့ ရောက်ရှိရာ ပန်းတိုင်ကို ရရှိခံစားနိုင်ပါစေ…လို့ တောင်းဆုပြုရင်း ရှိခိုးဦးချလိုက်ပါတယ်။

အမေ… လူရယ်လို့ ဖြစ်လာရတဲ့ အချိန်မှာ ပထမဆုံး ထိတွေ့ခွင့်ရတာက အမေပါပဲ။ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နို့ချို တိုက်ကျွေးပြီး ပြုစုခဲ့သူလည်း အမေပါ။ သားတို့ကို ပြုစုလုပ်ကျွေးခဲ့ရလို့ ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်ပင်ပန်း တယ်၊ တချိန်ချိန်မှာ သားတို့ဆီက ဘာတွေ ပြန်ပြီး ယူရမယ်လို့ အကြွေးသဘောမျိုးနဲ့ သတ်မှတ်ထားခြင်းလည်း အမေ့မှာ မရှိပါဘူး။ သားတို့ အတွက်ဆိုရင် မရှိဘူး၊ မဖြစ်နိုင်ဘူးဆိုတာကို မပြောပဲ ရအောင် ကြိုးစားပြီး ဖြည့်ဆည်းပေးတတ်တဲ့ အမေ့ရဲ့ မေတ္တာတွေကိုလည်း လေးစားတန်ဖိုးထားမိပါတယ်။ လောကမှာ တန်ဖိုးသတ်မှတ်ခြင်းမရှိပဲ စွန့်လွှတ်မှု သပ်သပ်နဲ့ ပေးတဲ့ အရာတိုင်းဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့လည်း မရပါဘူး။ တန်ဖိုးကန့်သတ်လို့လည်း မရပါဘူး။ ဒါကြောင့် အမေ့ရဲ့ မေတ္တာနဲ့ ဂုဏ်ကျေးဇူးဆိုတာ “အနန္တ= အတိုင်းအဆမရှိ ကြီးမားတယ်” လို့ ဆိုရတာပါ အမေ…။

အမေ… တခါတလေ သား စဉ်းစားမိပါတယ်။ မိဘတွေဟာ ငယ်စဉ်ကတည်းက သားသမီးတွေကို ကောင်းကင်က လမင်းနဲ့ ပမာနှိုင်းဆို ပြောတတ်ကြတယ်။ အမေတို့ကိုယ်တိုင်က ကုမုဒြာကြာတွေ ပမာဖြစ်နေတာကိုတော့ မေ့နေတယ်လေ။ သားသမီး ဆိုတဲ့ လမင်းကြီး အပြစ်ကင်းစင် ကြည်လင်ဝင်းပနေပြီ ဆိုရင် အမေတို့ရဲ့ မျက်နှာ ကုမုဒြာတွေလည်း ပြုံးရွှင် ပွင့်လန်းနေ ရတာပါပဲ။ ဟုတ်ပါတယ် အမေ။ သားတို့ဘ၀မှာ မပင်းမပန်ပဲ နေထိုင်နိုင်ဖို့ဆိုပြီး ပညာတွေကြိုးစားဖို့ အမြဲ တိုက်တွန်းခဲ့ရင်း အမေကိုယ်တိုင် အညာဒေသရဲ့ နေပူထဲမှာ လောကဓံကို ရင်ဆိုင်ခဲ့တာ မြင်ယောင်မိပါတယ်။ နထင်ကနေ စီးကျလာတဲ့ ချွေးစီးကြောင်းကြောင့် ပျက်စီးခဲ့ရတဲ့ ပါးကွက်ကြားနဲ့ အမေ့မျက်နှာဟာ ကမ္ဘာမှာ အလှပဆုံးလို့ပြောရင် လွန်မယ်မထင်ပါဘူး အမေ။ အခုဆိုရင် ဇရာတရားကြောင့် အမေလည်း တနေ့ထက် တနေ့ အိုမင်းလာသလို ရုပ်အလှတွေလည်း မလှနိုင်တော့ ပါဘူး။ ဒါပေမယ့် အမေ့စိတ် နှလုံးသားမှာတော့ ထာဝရ လှပ သန့်ရှင်းနေတယ်ဆိုတာ သား ယုံကြည်မိပါတယ်။

အမေ… စွန့်လွှတ်သူဆိုတာ စွန်လွှတ်သူနဲ့ အတူတူပါပဲ။ စွန်လွှတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ၊ သူလွှတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ ကျေနပ်နေတတ်သူမျိုးပါ… တဲ့။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာ တက်နေတဲ့ စွန်ကိုသာ ကြည့်ကြပြီး စွန်လွှတ်သူကို ကြည့်လိုတဲ့သူက ရှားပါတယ်။ ဒီလိုပါပဲ… မိဘတွေဆိုတာ ပတ်ဝန်း ကျင်က ဖြစ်စေ၊ သားသမီးတွေ ကိုယ်တိုင်က ဖြစ်စေ သူတို့ကို အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့ကိုယ်တိုင် သားသမီးဆိုတဲ့ စွန်ကလေးတွေ အန္တရာယ်ကင်းကင်းနဲ့ တက်နေတာကို ကြည့်ပြီး ပီတိနဲ့ ကျေနပ်နေသူတွေပါပဲ။ သက်မဲ့ဖြစ်တဲ့ စွန်ကတော့… ငါအခုလို ကောင်းကင်မှာ ၀ဲပျံနေနိုင်တာဟာ စွန်လွှတ်သူက ကြိုးနဲ့ဆွဲချည် လွှတ်တင်ပေးနေ လို့ပဲ ဆိုတာ မသိပေမယ့် သားအတွက်တော့ အခုလို လောကမှာ ရပ်တည်နေနိုင်တာဟာ အမေ့ ကျေးဇူးတွေနဲ့ အမေ့ပေးတဲ့ ခွန်အား တွေကြောင့်ပဲ ဖြစ်ပါတယ် အမေ…။

အမေ… သားတို့အနေနဲ့ ကျေးဇူးတရားတွေကို သိပြီးရင် သိတဲ့ အတိုင်းလည်း တုန့်ပြန်ရမှာပါ။ သားလည်း အခုအချိန်မှာတော့ အဝေးကနေပဲ အာမိသပူဇာအနေနဲ့ ကျေးဇူးဆပ်နိုင်သလို ဓမ္မပူဇာ အနေနဲ့လည်း သားသိထားတဲ့ အသိတရားတွေ ကို ကျေးဇူးဆပ်စကားတွေ အဖြစ် ပြောခွင့်ရလို့ ၀မ်းသာပါတယ် အမေ…။ သက်မဲ့ စွန်ကို မျက်စိနဲ့ မြင်နိုင်တဲ့ ကြိုးနဲ့ ချည်ပြီး လွှတ်တာဖြစ်လို့ ရာသီဥတု၊ အခြေအနေ အချိန်အခါကို ကြည့်ပြီး ကိုယ်လိုအပ်သလို တင်နိုင် ချနိုင်ခွင့်ရှိပါတယ်။ မိဘတွေ ကတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ မေတ္တာကြိုး၊ သံယောဇဉ်ကြိုးနဲ့ ချည်ဖွဲ့ထားတာ ဖြစ်လို့ မိဘတို့ လိုသလို ဆွဲမယူနိုင်ပဲ သားတို့ အလိုဆန္ဒနောက်ကို မေတ္တာကြိုးတွေ လျော့ပြီး နေပေးကြတာကိုလည်း မြင်ယောင်မိပါတယ် အမေ။ မေတ္တာပုံရိပ် ကို မေတ္တာမျက်ဝန်းရှိသူတို့သာ မြင်နိုင်ပါတယ်လေ။ သားတို့ အတွက် ပေးဆပ်မှု သပ်သပ်နဲ့သာ အမြဲပြောခဲ့တဲ့၊ နေခဲ့တဲ့ အမေ့ မေတ္တာတွေ၊ ကျေးဇူးတရားတွေကို ကျေအောင်ဆပ်နိုင်ဖို့ သား ကြိုးစားပါမယ် အမေ။

အမေ… ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားဓမ္မတွေဟာ အစမထင် သံသရာထဲမှာ တ၀ဲလည်လည် ခံစားနေရတဲ့ သံသရာ ၀ဋ် ဒုက္ခအားလုံးတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတဲ့ တကယ့်ချမ်းသာ အစစ်ကို ရရှိစေနိုင်တဲ့ နည်းလမ်းမှန်ဖြစ်လို့ အနန္တ ကျေးဇူးဂုဏ်နဲ့ ပြည့်စုံတယ်လို့ ဆိုရတာပါ။ ဘုရားရှင်က ဘုရားဖြစ်ပြီးတဲ့နောက် ကိုးလလောက် ကြာတဲ့အခါမှာ လက်ယာရံ၊ လက်ဝဲရံ မထေရ်မြတ်နှစ်ပါးတို့ ရဟန္တာအဖြစ်ရောက်ရှိပြီး ဖြစ်လို့ တပည့်သာဝက ပရိသတ်အင်္ဂါရပ် စုံညီပြီ ဖြစ်တဲ့ အတွက် သာဝကစုံညီ သြ၀ါဒ ခံယူပွဲကြီး ပြုလုပ်ပါတယ်။ အဲဒီ သာဝကစုံညီပွဲရဲ့ သြ၀ါဒအဖြစ် ဟောညွှန်ဆုံးမတော်မူတဲ့ အခါမှာတော့ ပွင့်တော်မူပြီးသမျှ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးတို့ တူညီစွာ ချမှတ်မြဲဖြစ်တဲ့ …

(၁) သဗ္ဗပါပဿ အကရဏံ = မကောင်းမှု မှန်သမျှ လုံးဝ မပြုလုပ်ရ။
(၂) ကုသလဿ ဥပသမ္ပဒါ = ကုသိုလ်ကောင်းမှုများကို ပြည့်စုံ စေရမည်။
(၃) သစိတ္တပရိယောဒပနံ = မိမိစိတ်ကို စင်ကြယ်စေရမည်။ ဆိုတဲ့ သာသနာ့ အခြေခံမှု သုံးရပ်ကို လမ်းညွှန်ချ မှတ်ခဲ့ပါတယ်။

တနည်းပြောရရင် အထက်က ဆိုလိုတဲ့ သုံးချက်ဟာ သာသနာတော်ရဲ့ အနှစ်ချုပ်ပါပဲ အမေ။ မိမိရဲ့ ကိုယ်နှုတ်စိတ် စတဲ့ ကံသုံးပါးလုံးမှာ မကောင်းဘူးဆိုတဲ့ အရာမှန်သမျှကို မလုပ်ဖို့၊ ကောင်းတယ်ဆိုတဲ့ အရာမှန်သမျှကို ပြုလုပ်ဖို့နဲ့ မိမိရဲ့ စိတ်ကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့ အရေးကြီးပါတယ်။ အမေ့မှာ စိတ်ဓာတ်ကောင်းတွေ ရှိနေပြီး ဖြစ်လို့လည်း ၀မ်းသာပီတိ ဖြစ်မိပါတယ်။ အဲဒီ စိတ်ဓာတ်ကောင်းကိုလည်း ဘယ်လို အကြောင်းကြောင်းနဲ့မှ မပျက်စီးစေဖို့ သတိပေးချင် ပါတယ်။ သတိဆိုရာမှာ သတိထားလို့ သတိရှိနေတာထက် အချိန်တိုင်း သတိရှိရှိနေတတ်အောင် ကြိုးစားစေချင်တာပါ။

အမေ… အခုဆိုရင် အမေလည်း အသက်အရွယ်အားဖြင့် ဒုတိယ အရွယ်ကို ပြည့်လုနီးပါး ရှိနေပါပြီ။ အခုအချိန်မှာတော့ နောက်ဆုံး နေ၀င်ချိန်မှာ အပြုံးနဲ့ လောကကို နှုတ်ဆက်နိုင်တဲ့ သူဖြစ်စေချင်တာ သား ဆန္ဒပါ။ အမေ့ နှလုံးသား ဇာတ်ညွှန်းဆရာ ဆိုတဲ့ မနောကံက ညွှန်ကြားတဲ့ အတိုင်း ၀စီကံနဲ့ ကာယကံတို့ ကပြခဲ့တဲ့ အမေ့ရဲ့ တဘ၀ ဇာတ်လမ်းမှာ ဇာတ်သိမ်းလှစေချင်ပါတယ်။ ငိုကြွှေးခြင်းနဲ့ အဆုံးသတ်ရတဲ့ ဇာတ်လမ်းကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ တချို့ကတော့ လွမ်းတမြေ့မြေ့နဲ့ ဆွေးမြေ့ကျန်ခဲ့ရတာကို နှစ်သက်တာရှိပါတယ်။ ဘ၀ဇာတ်ခုံမှာတော့ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် ကပြရတာဖြစ်တဲ့ အတွက် အငိုနဲ့ ဇာတ်သိမ်းရမယ်ဆိုရင် သံသရာမှာလည်း ဆက်၍ ဆက်၍ ငိုနေရဦးမှာပဲပေါ့။

အမေ… သံသရာ တစ်လျှောက်မှာ သားတို့ ငိုခဲ့ရတဲ့ မျက်ရည်ဆိုတာ သမုဒ္ဒရာ လေးစင်းထဲက ရေတွေထက် ပိုများပါတယ် တဲ့။ ဆောင်းရာသီရောက်ရင် မြူနှင်းတွေဝေရသလို သမုဒယ မကင်းသမျှတော့ သတ္တ၀ါတိုင်း လူသားတိုင်း မျက်ရည်နှင်းတွေ ဝေနေရဦးမှာပေါ့။ တနည်းပြောရရင် သမုဒယ မကင်သေးရင်တော့ ဒုက္ခရနေဦးမှာပါပဲ။ ဒါကြောင့် ဒီဘ၀ဇာတ်သိမ်း ရမှာချင်း အတူတူ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်ဇာတ်သိမ်းအောင် လုပ်ပါလို့ မိုးကုတ်ဆရာ တော်ကြီးက ဆုံးမခဲ့ပါတယ်။ အချိန်တွေ တစ်နေ့၊ တစ်ရက်၊ တစ်မိနစ်၊ တစ်စက္ကန့်ကုန်ဆုံးသွားတာနဲ့ သေဖို့ နီးသထက် နီးလာပြီ ဆိုတဲ့ အသိကို အမြဲ ရှိစေချင်ပါတယ်။ လူဆိုတာက မသေတော့ဘူးထင်၊ အခုဖြစ်တည်နေတာတွေ အားလုံးက ရေရှည် တည်တံ့မယ် ထင်ပြီးတော့ လောဘအလိုကို လိုက်နေတတ်ကြတယ်။ ဂုဏ်ပကာသနတွေ အလယ်မှာ ရစ်မူးနေတတ်ကြပါ တယ်။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့ လဲဆိုတာ အထိတော့ဆက်ပြီး မစဉ်းစားတတ်ကြဘူး။ အမေကိုယ်တိုင်ပဲ စဉ်းစားသိရှိစေချင်ပါတယ်။

အမေ… သေခြင်းဆီကို သွားနေတဲ့ သားတို့က သေခြင်းက လွှတ်မြောက်အောင် လုပ်ရမယ်။ သားမွေးနေ့မှာ မွေးဖွားခြင်း တဖန် မဖြစ်တော့တဲ့၊ မွေးနေ့ ကင်းသူဖြစ်အောင် ကြိုးစားအားထုတ် ရမယ်လို့ အသိတွေ ရရှိပါတယ်။ သေရမှာကလည်း မလွဲမသွေ ဖြစ်နေတော့ ကိုယ့်သေခြင်းတရားကို စဉ်းစားပြီး … မအိုမီ၊ မနာမီ၊ အခုလို ကျန်းမာနေတုန်း၊ ဉာဏ်ရွှင်တုန်း၊ အဆင်ပြေနေတုန်းမှာ ငါတို့ အတွက် အားကိုးရာ အစစ်အမှန်ကတော့ တရားအားထုတ်ထားမှပဲ လို့ ဆုံးဖြတ်ချက် ချထား ရမယ် အမေ။ အခြား အားကိုးရာ အစစ်အမှန် မဟုတ်တာတွေနဲ့ အချိန်မဖြုန်းပါနဲ့တော့။ အမှားတကာ အမှားထဲမှာ ကိုးကွယ်အားထားရာ မှားခြင်းဟာ အဆိုးဆုံးပါပဲ အမေ။ တရားစစ် တရားမှန်နှင့် မွေ့လျော်ပျော်နိုင်ပါစေ…

အမေ.. သားလည်း ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးချပြီး အသုံးကျတဲ့ သူတယောက်ဖြစ် အောင် ကြိုးစားနေပါတယ်။ နေ့စဉ် မိဘတို့ ကျေးဇူးဂုဏ်ကိုလည်း အောင့်မေ့ သတိရလျက်ပါ။ သားပြုသမျှ ကုသိုလ် ကောင်းမှု အစုစုတို့ကိုလည်း အမျှပေးဝေပါတယ် အမေ။

အမေ… နေ့စဉ် နေစဉ် တရားအသိနှင့် နေထိုင်နိုင်သဖြင့် တရားကြောင့် ရရှိတဲ့ ချမ်းသာသုခကို ရရှိခံစား နိုင်ပါစေ…


၁၈.၁၁.၂၀၀၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ၂၅ နှစ်ပြည့် မွေးနေ့မှာ ယခုဘ၀ ကျေးဇူးရှင်မိဘနှင့် သံသရာ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော မိဘများအားလုံးကို ယခုစာဖြင့် ဂါဝရ ပြုအပ်ပါတယ်။