ရသပေါင်းစုံ လ ကဆုန်
အကျည်းတန်လက်တွဲဖော်
“ဒုက္ခ” ဟူသော စကားလုံးသည်ပင်လျှင် အမြင်၌ အကျည်းတန် အရုပ်ဆိုးပါလေသည်။ “ဒုက္ခ” ဟူသော အသံကို နား၏သာယာမှုရသ စိုးစဉ်းမျှ ရှာမရသောကြောင့် မည်သူကမျှ မကြားလို။ “ဒုက္ခ” ဟူသောအတွေ့အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင်၊ မပေါင်းဆုံလိုချင်သောကြောင့် လူသတ္တ၀ါတို့ ဒုက္ခနှင့်ဝေးအောင် ပြေးရှောင်နေကြချေသည်။
သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ ရှိပါသည်။
“ဒုက္ခ” က မိမိ၏ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာမာယာမရှိဘဲ ဒိုး ဒိုးဒေါက်ဒေါက် ထောက်ပြတတ်သည်။ ကိုယ့်အကျိုးကို မလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို မခံလိုသူများလို ရေငုံနှုတ်ပိတ် လုပ်မနေတတ်။ မြုံ၍ မနေတတ်၊ အလိုက်သင့် အလျားသင့် ဆက်ဆံမနေတတ်။ အမှန်အတိုင်း အရှိအတိုင်း ဒုက္ခက ထောက်ပြတတ်သည်။ ဤသို့ထောက်ပြသောကြောင့် မိမိတို့၏ ညံ့ကွက်၊ ပျော့ကွက်ကို ပြုပြင်ကျော်လွှားကာ အောင်မြင်သူတွေ ဖြစ်လာသည့်အခါ ဒုက္ခကို ကျေးဇူးတင်လာကြသည်။ အမှန်တော့ သင်၏ချို့ယွင်းချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်သောသူသည် သင့်ဘ၀အတွက် မိတ်ဆွေကောင်းပင် ဖြစ်၏ ဟူသောအဆိုကို ဒုက္ခက ခံယူထားသည်နှင့် တူနေပါသည်။
ဒုက္ခက လူသတ္တ၀ါတို့၌ တိမ်မြုပ်နေသော အစွမ်းအစကို ဆွဲဖော်၍ ငိုက်မြည်းတွေဝေနေသောစိတ်ကို လှန့်နှိုးကာ သတိပေးတတ်သည်။ ဒုက္ခက လူတော်နှင့်လူညံ့ကိုလည်း ခွဲခြားပေးတတ်သည်။ လူတစ်ဦးအား လူတော်လူကောင်း ဟုတ်မဟုတ်၊ လူစွမ်းလူစ ရှိမရှိ စစ်ဆေးပေးနိုင်သော မှတ်ကျောက်များအဖြစ် ဒုက္ခက အခက်အခဲတို့ကို ဖန်တီးပေးတတ် သည်။ အခက်အခဲနှင့် အန္တရာယ်တို့ကို ကြုံလာသောအခါ တချို့သောသူများက ချိုင်းထောက်ဝယ်၍ ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြသည်ဟူသော အဆိုရှိသည်။ ဆိုလိုသည်မှာ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာ၌ အချို့သူများသည် စိတ်ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည် နည်းပါးခြင်းတို့ကြောင့် မျှော်လင့်ချက်များ ကျိုးပဲ့ပျက်ဆီးစီးခြင်းနှင့်အတူ ကျရှုံးပျက်စီးသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ ချိုင်းထောက်ဝယ် တပ်ရသည်ဟု တင်စားပြောဆိုခြင်းဖြစ်သည်။ တချို့သော သူများကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ရာ၌ စိတ်ဓါတ်ကြံ့ခိုင်ကြသည်။ ကြံရည်ဖန်ရည် ရှိကြသည်။ ထိုအခါ အခက်အခဲများကို ကျော်လွှားလွန်မြောက်နိုင်သည့် စွမ်းရည် များ ရသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ တချို့သူများ၌ အတောင်များ ပေါက်လာကြသည်ဟု တင်စားပြောဆိုခြင်း ဖြစ်သည်။ ဟုတ်ပါသည်။
အခက်အခဲနှင့် ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်သော အစွမ်းအစ တောင်ပံများကို တပ်ဆင်ပေးလိုက်မြဲဖြစ်သည်။
လူသတ္တ၀ါဆိုသည်မှာ အခက်အခဲနှင့် ပြဿနာများကိုကြုံမှ အစွမ်းအစကို ထုတ်ချင်တတ်ကြသည်။ ထို့ကြောင့်လည်း နောင်မှ “တ”ရသည့် နောင်တ တရားသည် သတ္တလောက၌ အဆင့်အမြင့်ဆုံးဟုဆိုသော သတ္တ၀ါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်သက်သာသာ နေလိုခြင်းတည်းဟူသော တံခါးပေါက်တို့မှ တိတ်တခိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် “ဒုက္ခ”က လူတစ်ဦး ကိုယ်ရည်ကိုယ်သွေး တောက်မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်၌ တင်ကြည့်ပေလိမ့်မည်။ ဘ၀ဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း၍ အခက်အခဲတည်းဟူသော ပြိုင်ဘက်နှင့် ပြိုင်ဖက်စေလျက် သတ္တိရှင်ကို ရွေးချယ်ပေလိ့မ်မည်။ ဘ၀ကြိုးဝိုင်း၌ အောင်မြင်မှု သရဖူ မဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်နာစွာဖြင့် မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤမျှရက်စက်၍ ပြတ်သားလွန်းသောကြောင့် ဒုက္ခကို အကျည်းတန်လှချေသည်ဟု ထင်ခဲ့ကြသည်။
ဘ၀ကြိုးဝိုင်း၌ အခက်အခဲနှင့် အပွဲပွဲယှဉ်ပြိုင်ခဲ့သောကြောင့်တစ်ကြောင်း၊ ဇွဲသတ္တိမှတ်ကျောက်၌ အကြိမ်ကြိမ် မိမိတို့၏ အစွမ်းအစကို မှတ်ကျောက်တင်ခံခဲ့သောကြောင့် တစ်ကြောင်း အောင်မြင်ကျော်ကြားသူများသည် ဒုက္ခ၏ သဘောကို နားလည်ခဲ့ကြသည်။ အကဲခတ်သူတစ်ဦးက “လင်ကွန်းဟာ ဒုက္ခရဲ့ အရွေးချယ် အစမ်းသပ်ကို အမျိုးမျိုး ခံခဲ့ရတယ်။ ဒါပေမယ့်... သူ့အစွမ်းအစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့ နောက်ဆုံးတော့ ... ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတလင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ” ဟု ဆိုသည်။ “ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် တကယ်က... အောင်မြင်မှုဆီ ပို့ပေးတဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်” ဟုပင် ဆိုပြန်ချေသည်။
သင်ကကော ဒုက္ခကို မည်ကဲ့သို့ မြင်ပါသနည်း။
နန္ဒာသိန်းဇံ
ယခုအခါ
လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊
အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မှ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊
ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
စလေ ဦးပုည
ဘဒ္ဒကမ္ဘာရဲ့မျိုးဆက်သစ်
အမရပူရမြို့နယ်လုံးဆိုင်ရာ “သစ္စာ လူမှုကူညီရေး အသင်း” ကို သြ၀ါဒဆရာတော်ကြီးများနဲ့ မြို့မိမြို့ဖ နာယက လူကြီးများကို ဦးထိပ်ထား၍ လူငယ် လူလတ်များရဲ့ အင်အားနဲ့ (၂၅.၁၂.၀၂) နေ့က ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီပွဲမှာ သြ၀ါဒစရိယဖြစ်တဲ့ တူမောင်းတိုက် နာယက ဆရာတော်ကြီး ဘဒ္ဒန္တမေဓိယက သြ၀ါဒ ပေးရာမှာ-
အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ငွေကြေးဆိုတာ မဖြစ်မနေလိုအပ်တယ်။ ဒီလိုအပ်ချက်က လည်း အများက စုပေါင်းပါဝင်လာမှ ပြည့်စုံမှာ။ ဒီလိုစုပေါင်း ပါဝင်လာစေဖို့ ဆိုတာကလည်း အများက ယုံကြည်လေးစား လောက်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ဖို့လိုတယ်။ မြတ်စွာဘုရားရဲ့ သံဃာအဖွဲ့အစည်းကြီး အခုအထိတည်တံ့ လာရတာဟာ ညီညွတ်မှုသုံးပါးကို အကြောင်းပြုပြီး အများက လေးစားယုံကြည်ကြလို့ ဖြစ်ပါတယ်။
ဒီ ညီညွတ်မှုသုံးပါးဆိုတာ မဟာနိဒ္ဒေသပါဠိတော် “ဇရာသုတ်” မှာ လာတဲ့အတိုင်း အဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်း အပြန်အလှန် လေးစားချစ်ကြည် ညီညွတ်မှုဆိုတဲ့ ဂဏသာမဂ္ဂီ၊ စည်းကမ်းကို လေးစားလိုက်နာမှုဆိုတဲ့ ဓမ္မသာမဂ္ဂီ၊ ရည်မှန်းချက်အပေါ်မှာ တညီတညွတ်တည်း အာရုံစူးစိုက် ကြိုးစားမှုဆိုတဲ့ သစ္စာသာမဂ္ဂီ (စာမှာတော့ အနဘိ နိဗ္ဗတ္တိ သာမဂ္ဂီ) ဖြစ်ဖို့လိုတယ်။
သစ္စသာမဂ္ဂီ ဖြစ်ရမယ်ဆိုတာ အဖွဲ့ရဲ့ ရည်မှန်းချက်အတိုင်း အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ ကိုယ်ကျိုးလုံးဝ မဖက်ဖို့နဲ့ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး အားလုံးအပေါ်မှာ တသဘောတည်းထားပြီး ဆောက်ရွက်ကြဖို့ အရေးကြီးတယ်။ ဒါမှ အားလုံးက ယုံကြည်လေးစားလာမယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တည်တံ့ဖို့အတွက် အလိုအပ်ဆုံး အရင်းအနှီးက အများယုံကြည်လေးစားလောက်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ပဲ ဆိုတဲ့အကြောင်း မိန့်ကြားတော်မူ ပါတယ်။
နောက်ထပ်သြ၀ါဒစရိယ ဆရာတော်တစ်ပါးဖြစ်တဲ့ အခုလို လူမှုကူညီရေးအသင်းတွေ စတင်ပေါ်ပေါက်လာ အောင် ကမကထ ဦးဆောင်ခဲ့တဲ့ ဓမ္မကထိက ၀ါခင်းကုန်းဆရာတော် ဘဒ္ဒန္တတိက္ခအရှင်မြတ်က သြ၀ါဒပေးရာမှာတော့... လူမှုဒုက္ခကို ကူညီတယ်ဆိုတာ အလောင်းတော်ကြီးများ ပါရမီဖြည့်စဉ် ကာလက မျောက်ဖြစ်တဲ့ ဘ၀မှာတောင် လူတွေရဲ့ ဒုက္ခကို သက်စွန့်ဆံဖျား ကူညီခဲ့တာဟာ မဟာကပိဇာတ်တော်ကိုကြည့်ရင် သိနိုင်ကြောင်း၊ ပါရမီဖြည့်တယ်ဆိုတာ ပရဟိတ ဆောင်ရွက်မှုမပါဘဲ မဖြစ်နိုင်ကြောင်းနဲ့ အထူးသဖြင့် နာရေးကူညီရေး လုပ်ငန်းဖြစ်တဲ့ အသုဘအလောင်းကောင် များကို သဂြိုဟ်တဲ့အလုပ်ဟာ လူအများထင်နေကြသလို အောက်တန်းကျတဲ့ အလုပ်မဟုတ်ကြောင်း၊ ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ဟာ ဟိုးအရင့်အရင် ကမ္ဘာတွေမှာ ပါရမီဖြည့်စဉ်ကာလတုန်းက ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခဲ့တဲ့ လောကရဲ့ အလိုအပ်ဆုံး လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း။
အခု ဒီခေတ်မှာ ခုလိုအဖွဲ့အစည်းတွေ ပေါ်ပေါက်အောင် ကြိုးစားဖော်ထုတ်ဆောင်ရွက်ကြတာဟာ ဟိုးကမ္ဘာ့ ကမ္ဘာက ပါရမီရှင် အမျိုးကောင်းသားတို့ရဲ့ အစဉ်အလာကောင်းကို ဒီဘဒ္ဒကမ္ဘာက မျိုးဆက်သစ်အဖြစ် ခံယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ အများအကျိုးဆောင်ရွက်တယ်ဆိုတာ အများစုရဲ့ ဒုက္ခအရောက်ဆုံးနဲ့ အခက်ခဲဆုံး အလိုအပ်ဆုံး ကိစ္စကို ကူညီဆောက်ရွက်ပေးရမှာ ဖြစ်ကြောင်း။
ဒီလုပ်ငန်းဟာ အများထင်နေကြသလို အောက်တန်းကျတဲ့ အလုပ်မဟုတ်သည့်ပြင် စိတ်စေတနာထားတတ်ရင် ထားတတ်သလောက် မွန်မြတ်တဲ့ အလုပ်လည်းဖြစ်၊ မဂ်ဖိုလ်ရမှုအတွက် အထောက်အကူလည်း အဖြစ်ဆုံးလုပ်ငန်း ဖြစ်ကြောင်း။
ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ မြတ်စွာဘုရား ပွင့်တော်မူတဲ့ ပထမ၀ါအတွင်းမှာပင် ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြတာဟာ ဒီလုပ်ငန်းက ပါရမီလည်းဖြစ်၊ အသုဘသညာ ကမ္မဋ္ဌာန်းအဖြစ်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့လည်း ရခဲ့ကြလို့ ဖြစ်ကြောင်း အကျယ်တ၀င့် မိန့်ကြားပြီး ရန်ပုံငွေအတွက် န၀ကမ္မ ငါးသောင်းကိုလည်း ကပ္ပိယကာရယနဲ့ လွှဲပြောင်းလှူဒါန်းသွားပါတယ်။
ဒီအစည်းအဝေးမှာပဲ မဟာဂန္ဓာရုံဆရာတော်များနဲ့ မင်္ဂလာတိုက် ဆရာတော်များရဲ့ တိုက်တွန်းခွင့်ပြုချက်အရ မိမိအနေနဲ့ အကြံပြုစကား ပြောခွင့်ရတဲ့အခါ-
ဗုဒ္ဓဘာသာဝင်တွေမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဆန့်ကျင်သလောက် အယူသီးအစွဲပြင်းတဲ့ အစဉ်အလာဆိုး အမှားကြီးတစ်ခုကတော့ နာရေးကိစ္စဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်က အဘိဏှသုတ်မှာ “သေခြင်းတရားနဲ့ ပတ်သတ်လို့ မပြတ်ပွားများ နှလုံးသွင်းနေရမယ်” လို့ မိန့်ကြားခဲ့ပေမယ့် ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေဟာ နာရေးနဲ့ ပတ်သက်ရင် ရပ်ထဲ ရွာထဲ အသုဘယာဉ် ဖြတ်သွားတာ၊ ထားရှိတာကို အတိတ်ဆိုး၊ နိမိတ်ဆိုးကြီးတစ်ခုအဖြစ် အယူသီးနေကြလို့ တစ်ချို့မြို့နယ်တွေမှာ အသုဘယာဉ်ထားရေးအတွက် နေရာကိစ္စအလွန် အခက်အခဲ ကြုံရနေကြောင်း။
လူ့လောကရဲ့ တကယ့်အညစ်အကြေးလို့ ဆိုရမယ့် လောဘ ဒေါသ မာန်မာနတွေ ကင်းစင်ရေးမှာ အသုဘ တရားဟာ အလွန်အရေးပါတာဖြစ်လို့ ရှေးလူကြီးများက “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ပင် ဆိုရိုးစကား ထားခဲ့ကြကြောင်း၊ ဒီစကားမှာ ဖော်ပြတဲ့ အချိုးအစားအရ တွက်ကြည့်ရင် အသုဘယာဉ်တစ်ခေါက် မိမိတို့ အရပ်ထဲအတိုင်း ဖြတ်သွားခြင်းဟာ သံဃာတွေ ဆယ်ခေါက်လောက် ဖြတ်သွားခြင်းထက် သံဝေဂဉာဏ်ကို ရင့်စေတာမို့ နိမိတ်ဆိုး မဟုတ်ဘဲ နိမိတ်ကောင်းလို့ ဆိုရမှာ ဖြစ်ကြောင်း။
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား ဥယျာဉ်တော်ထဲ ထွက်တဲ့အခါ ဒီလို နိမိတ်ကောင်းတွေ ချို့တဲ့နေတဲ့ အတွက် နတ်ဗြဟ္မာများက သူအို၊ သူနာ၊ သူသေအဖြစ် ဖန်ဆင်းပြီး ပြခဲ့ရကြောင်း၊ ဒီနိမိတ်ကောင်းတွေရဲ့ ကျေးဇူးကြောင့် သိဒ္ဓတ္တမင်းသားဟာ တောထွက် တရားကျင့်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်ရခဲ့တဲ့အတွက် ဒီနေ့ဗုဒ္ဓသာသနာတော်ကြီးရယ် လို့ တင့်တင့်တယ်တယ် ကျက်သရေရှိတာဖြစ်ကြောင်း။
“မသာစဆောင်၊ ကျောင်းစရှောင်၊ အိုအောင်မဆင်းရဲ” ဆိုတဲ့ မြန်မာဆုံးမစကားကို ထောက်ရင် အသုဘလို့ ခေါ်တဲ့ မသာနဲ့ ပတ်သက်တဲ့ အစအနများပင် လောကုတ္တရာရေးအတွက်သာမက လောကီရေးအတွက်လည်း နိမိတ်ကောင်းများအဖြစ် ခံယူခဲ့ကြကြောင်း၊ မသာနဲ့ ပတ်သက်တဲ့ ပစ္စည်းများဟာ မတွယ်မတာ လွတ်လွတ်စွန့်ကျဲထားတဲ့ ပစ္စည်းများဖြစ်လို့ ဘုရားရှင်ကိုယ်တော်တိုင် ပံ့သကူသင်္ကန်းအတွက် အသန့်စင်ဆုံးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း။ ဒါကြောင့် အသုဘယာဉ်များ မိမိတို့ရပ်ကွက်မှာထားခြင်း၊ ဖြတ်သန်းသွားလာခြင်းများအပေါ် အမှန်အတိုင်း အကျိုးရှိရှိ ရှုမြင်လက်ခံကြဖို့၊ မြန်မာများ သေသူအပေါ်မှာသာမက ရှင်သူအပေါ်ကိုလည်း ကရုဏာထားကြပြီး အနာသိ ဆေးရှိလျှက် မကုသနိုင်သူများကိုလည်း စာနာသနား ကူညီကြဖို့ တိုက်တွန်းအကြံပြုခဲ့ပါတယ်။
ဘဒ္ဒကမ္ဘာရဲ့ မျိုးဆက်သစ်များ အရပ်ဒေသတိုင်းမှာ ပေါ်ပေါက်ပြီး အမျိုးကောင်း သားသမီးအားလုံ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်တယ်
တစ်ညမှာတော့ စာပေစကားဝိုင်းမှာ “စန်းတော” ဆရာတော်ကြီးပြောနေတဲ့ အယူအဆတွေဟာ တခြားပုဂ္ဂိုလ် များရဲ့ အမြင်နဲ့ မကိုက်ညီတဲ့ အတွက် ပိဋကတ်ဘောင်ကို ကျော်လွန်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် “ရုံးကုန်း” ဆရာတော်ကြီးက...
“စန်းတောဆရာတော်... ဆည်ပေါ်ကို ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်သနော်။ ဆရာတော်ပြောနေတာတွေ ဟာ ဆည်ပေါ်ငါးကျော်နေတယ်ထင်တယ်” လို့ ၀င်ထောက်လိုက်တယ်။ အဲဒီအခါမှာ မကျီးကုန်း ဆရာတော်ကြီးက...
“ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ၊ တောင်းနဲ့ အုပ်ဖမ်းမှပေါ့” လို့ မိန့်ကြားလိုက်ပါတယ်။ ဒီစကားဝိုင်းမှာတော့ ဆရာတော်ကြီးများရဲ့ စကားက အချင်းချင်း ပညာရှင်ဆန်ကြလို့ နံဘေးက ကြးရသူတွေ လွှတ်ခနဲ နားမလည်နိုင်ကြဘူး။
ဆည်ပေါ်ငါးကျော်တယ်ဆိုတာက ပြောတဲ့စကားဟာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှာ မိန့်ဆိုထားတဲ့ ဘောင်ကို ကျော်လွန်နေတယ်လို့ ဆိုတာပါ။
ဟင်းအိုးထဲ ရောက်တတ်တယ်ဆိုတာ အပါယ်ငရဲကျရောက်တတ်တယ်လို့ ဆိုလိုတာ။
တောင်းဆိုတာ ပိဋကတ်သုံးပုံကို ပြောတာ။ ပါဠိဘာသာနဲ့ ပိဋကတ်သဒ္ဒါက တောင်းလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဓမ္မခန္ဓာတွေကို အုပ်စုတူရာ တူရာပေါင်းပြီး ၀ိနည်းအုပ်စု၊ သုတ္တန်အုပ်စု၊ အဘိဓမ္မာအုပ်စု အဖြစ်နဲ့ စုပေါင်း သင်္ဂါယနာတင်တာဟာ ပစ္စည်းဝတ္ထုတွေကို ဖရိုဖရဲ မဖြစ်အောင် တောင်းထဲမှာ စုထည့်ထားတာနဲ့ တူလို့ အဲဒီဓမ္မခန္ဓာအုပ်စု သုံးမျိုးကို ပိဋကတ်သုံးပုံလို့ ခေါ်ကြတာပါ။
ဆရာတော်ကြီး အမိန့်ရှိတဲ့ “ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ” ဆိုတာက ပိဋကတ်စာပေ အထောက်အထားမပါဘဲ ဒီအတိုင်း အလွတ်ပြောလို့ ဘောင်မ၀င်ဘူးလို့ ဆိုလိုက်တာ။ “တောင်းနဲ့ အုပ်ဖမ်းမှပေါ့” ဆိုတာ ကတော့ ပိဋကတ် အထောက်အထားနဲ့ ဘာကြောင့် ဘယ်အချက်ဟာ မှားတယ်လို့ တိတိကျကျပြောမှပေါ့လို့ ဆိုလိုပါတယ်။
ရှေးမထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကို အာရုံပြုကြည်ညိုနိုင်ဖို့ တင်ပြလိုက်ရတာပါ။
ဆည်ပေါ်ငါးမကျော်စေဖို့နဲ့။
ကျော်လာရင် တောင်းနဲ့ အုပ်ဖမ်းနိုင်ဖို့ အတုယူအားကျ စေချင်တာလဲ တစ်ကြောင်းပေါ့။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
သာသနာပြုလုပ်ငန်းနဲ့ ဒေသဓလေ့
ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...
“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။
ဆရာတော်ကြီးက...
“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားအောင် လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကား စေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုးမှာ မဆို သူတို့ရဲ့ မိရိုးဖလာ အယူဝါဒ ဓလေ့ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ ရူးကြောင်ကြောင်အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။ မြတ်စွာဘုရားပွင့်တော်မူလာတဲ့ အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာ ၀ါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ထွေးနေတာပေါ့။ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုတော်မူသွား တယ်ဆိုတာ မျက်ခြေမပြတ်စေနဲ့၊ လေ့လာရတယ်။ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတုယူကျင့်သုံးမှပေါ့။ အရှင်ဘုရားတို့ ၀ိနည်းသိက္ခာပုဒ်တွေထဲမှာ မြတ်မနှုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မို့လား၊ ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက ‘အဲဒါတွေကို မလုပ်ရ’ လို့ ဘာလို့ ပညတ်ထားသလဲ၊ အကျိုးမရှိဘဲနဲ့ မပညတ်ဘူး၊ အကျိုးရှိလို့ ပညတ်တာ”
“အဲဒီခေတ်မှာ တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲ တစ်ခုက သစ်ပင်ကို ခုတ်ထစ်တာဟာလဲ ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တ၀ါကို ညှင်းဆဲတာပဲ လို့ မှတ်ယူထားကြတာ။ အဟိံသာ ပရမောဓမ္မာ၊ မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရား ဆိုတာ ဒီလို အယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။ ဒါကို ဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့် မထိရောက်သေးဘဲ သူ့ဝါဒနဲ့ ဆန့်ကျင်ဘက် လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ့်သူတောင် ရှိမှာမဟုတ်လို့ သူ့ဝါဒနဲ့ မဆန့်ကျင်အောင် ဒီသိက္ခာပုဒ်တွေကို ပညတ်တာ။ ဒါကို ပညတ်လိုက်လို့ ကိုယ့်ဝါဒမှာလဲ ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်” လို့ မိန့်ကြားပါတယ်။
နတ်မှီတောရ ဆရာတော်ကြီးကတော့...
“အယူဝါဒ ဓလေ့ထုံးတမ်းဆိုတာ မှန်တာ မှားတာ အပထား။ သူတို့က ဦးထိပ်မှာထားပြီး လေးစားကိုးကွယ်နေကြ တာ ဆိုတော့ ဒါကို ထိပါးပုတ်ခတ်လိုက်ရင် ဦးခေါင်းကို ထိပါးပုတ်ခတ်တာထက် နာကြဉ်းတတ်တယ်။ ဒါဟာ ဘာသာဝါဒ တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဘယ်ဝါဒနဲ့မှ ထိပ်တိုက်မတိုးရဘူး။ ပိဋကတ်တော်တွေထဲမှာ မြတ်စွာဘုရားက... အဲဒီခေတ်က ဂိုဏ်းဆရာကြီးတွေအပေါ် ပြောဆိုသုံးစွဲတဲ့ ဝေါဟာရတွေကို ကြည့်ပါလား။ တိတ္ထိကြီးတွေ၊ မိစ္ဆာ၀ါဒီကြီးတွေလို့ ဒီလို ရင့်ရင့်သီးသီး မသုံးဘူး။ သာမညဖလသုတ်မှာ ပါတယ်မို့လား၊ ဂိုဏ်းဆရာကြီးတွေကို ခေါ်ဆိုတဲ့ ဝေါဟာရတွေလေ။ ‘သင်္ဃီ= အပေါင်းအစုခေါင်းဆောင်။ ဂဏီ= ဂိုဏ်းရဲ့ခေါင်းဆောင်။ ဂဏာစရိယော= ဂိုဏ်းဆရာ။ ဉာတော= ထင်ရှားကျော်ကြားသူ။ ယသဿီ= အခြံအရံအသိုင်းဝိုင်းရှိသူ။ တိတ္ထကရော= အယူဝါဒကို ပြုတတ်သူ။ သာဓုသမ္မတောဗဟုဇနဿ= လူအများက သူတော်ကောင်းလို့ သတ်မှတ်ထားသူ’ ဆိုတာတွေဟာ ဘုရားလက်ခံ သုံးစွဲတဲ့ ဝေါဟာရတွေ ဖြစ်လို့ ပိဋကတ်မှာ ထည့်သွင်းပြီး သင်္ဂါယနာတင်ထားတာတွေပေါ့။ ဒါတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သူတော်ကောင်း စိတ်ထားကို ဖော်ပြတဲ့ စကားတွေပဲ။ သူတော်ကောင်းဆိုတာ ဘယ်တော့မှ သူတစ်ပါးကို ထိပါးပုတ်ခတ် မပြောဘူး” လို့ ဖြည့်စွက်ပြောပါတယ်။
ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးကတော့ ဆေးပညာလဲ နားလည်ကျွမ်းကျင်တာဆိုတော့...
“လူမမာဆေးကုရသလိုပေါ့ ဘုရား၊ အပူလွန်တယ်ဆိုပြီး ဆန့်ကျင်ဘက်ဆေးအေးတွေ တွန်းတိုက်လိုက်ရင် တစ်ခါတည်း လူမမာငန်းဖမ်းပြီး သေသွားတတ်တယ်။ တဖြည်းဖြည်းချင်း ဆေးချက်သွင်းရတယ်။ ကိသာဂေါတမီကို မြတ်စွာဘုရားက... တရားဆေးနဲ့ ကုသလိုက်ပုံကြည့်ပါလား။ သားသေကို ဆေးကုပေးဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဟိုက အားကိုးတကြီးနဲ့ လာတာ။ သောကမီးကလဲ တောက်နေတာ။ တရားဟောလိုက်ရင်လဲ သောကပူနဲ့ တရားအအေးနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတော့ အကျိုးမရှိတဲ့အပြင် တရားကို ကလန်ကဆန် လုပ်မိလို့ ဓမ္မန္တရာယ် ဖြစ်ဦးမယ်။ သေသူဆိုတာ ကုလို့ ရတာမျိုးမဟုတ်ဘူး လို့ တိုက်ရိုက်ကြီး ပြောလိုက်ပြန်လဲ အပူမီးတောက်နေသူ အတွက် နေပူကလာသူကို အရိပ်ကနေ ဆီးကန်လွှတ်သလို ဖြစ်သွားမှာ။ ဒီတော့ မြတ်စွာဘုရားက သူ့အပူသူ ငြိမ်းနိုင်အောင် ပရိယာယ်နဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းတယ်။ မရတော့ ‘သေတယ်ဆိုတာ အိမ်တိုင်းနဲ့ ဆိုင်တဲ့ တရားပဲ’ လို့ သဘောပေါက်ပြီး သောကအပူအေးသွားတော့မှ တရားရေအေးတိုက် ကျွေးလိုက်တော့ အနာနဲ့ဆေး တစ်ခါတည်းကိုက်ပြီး အရိယာ ဖြစ်သွားသလိုပေါ့။ မြတ်စွာဘုရားရှင်ရဲ့ ဒီလို နည်းပရိယာယ်မျိုးကို လေ့လာအတုယူရမှာပေါ့” လို့ ကောက်ချက်ချပြပြီး စကားဝိုင်းကို ရပ်နားလိုက်ပါတယ်။
“နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်”
ဓမ္မဘေရီ အရှင်ဝိရိယ
သက်မဲ့တို့ရဲ့လွတ်လပ်ခွင့်
မန္တလေးမြို့ မိုးကောင်းတိုက်က သက်တော်ရှည်ဒေးဝန်းဆရာတော်ကြီးဆိုတာ မန္တလေးမြို့မှာ ရှိတဲ့ ရဟန်း ရှင်လူ တို့သာမ က မြန်မာပြည်အရပ်ရပ်မှာ ရှိကြတဲ့ ပရိယတ္တိ သာသနာတော်ကို မျက်ခြည်မပြတ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားသိလေးစားကြရတဲ့ ဆရာတော်ကြီးပါ။
ဆရာတော်ကြီး ၀ိနည်းတော်ကို အလွန်လေးစားတာ၊ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမားတာတို့ အပြင် ပရိယတ္တိ သာသနာတော်ရဲ့ အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးမှာ မိမိရဲ့ခန္ဓာကိုယ်လှုပ်ရှား နိုင်သမျှ ဦးဆောင်နာယကအဖြစ်ဆောင်ရွက်တော်မူခဲ့တာဖြစ်လို့ ပရိယတ္တိနယ်မှာ လေးစားစံထားခြင်းခံရတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။ ဒကာ၊ ဒကာမတို့ကို ဆုံးမ သြ၀ါဒပေးရာမှာလဲ လိုရင်းတိုရှင်းနဲ့ မှတ်လောက်သားလောက်အောင်၊ မဖြစ်မနေ လိုက်နာချင်လာအောင် ဆုံးမညွှန်ကြားလေ့ရှိတာမို့ မန္တလေးမှာ ရှိကြတဲ့ သာသနာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေအားလုံးလောက်ဟာ ဆရာတော်ကြီးထံမှာ ဆုံးမသြ၀ါဒခံယူလေ့ရှိကြပါတယ်။
တစ်ခါက လူကြီးလူငယ် အတော်စုံလင်တဲ့ အဖွဲ့တစ်စု ဆရာတော်ကြီးထံ ဆုံးမသြ၀ါဒခံယူဖို့ ရောက်လာကြတယ်။ ဦးဆောင်ဦးရွက်ပြုတဲ့ ဒကာကြီးက “တပည့်တော်တို့ ဒကာ ဒကာမများအတွက် ဘ၀ဒုက္ခ၊ လူမှုဒုက္ခတွေက လွတ်မြောက်နိုင်ဖို့ အတွက် ဆရာတော်ကြီးရဲ့ လမ်းညွှန်ဆုံးမသြ၀ါဒကို ခံယူဖို့ ရောက်လာကြတာ ဖြစ်ပါကြောင်း” လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက...
“အေး... ဒကာတို့ သက်ရှိဖြစ်တဲ့ လူတွေ ဒုက္ခအားလုံးက လွတ်မြောက်လိုကြတယ်ဆိုရင် အဲ့ဒီလူတွေက သက်မဲ့တွေကို အရင်ဆုံးလွတ်လပ်ခွင့် ပေးကြဦးကွယ့်” လို့ မိန့်ကြားလိုက်ပါတယ်။ “သက်မဲ့တွေ လွတ်လပ်ရေးပေးကြ” ဆိုတဲ့ ဆရာတော်ကြီးရဲ့ စကားက အထူးအဆန်းဖြစ်နေတဲ့ အတွက် အံ့သြထူးဆန်းတဲ့ အမူအယာနဲ့ ဆရာတော်ကြီးကို မော့ကြည့်ကြပြီး...
“ဆရာတော် သက်မဲ့တွေကို ဘယ်လိုများလွတ်လပ်ခွင့် ပေးစရာလိုနေပါသလဲ ဘုရား” လို့ လျှောက်ထားကြပါ တယ်။ ဆရာတော်ကြီးက...
“ဒကာတို့... တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံကြီးပဲ၊ ဗုဒ္ဓဘာသာဝင် အများစုကြီးနေတဲ့ နိုင်ငံလဲ ဟုတ်တယ်။ ဒီလိုနိုင်ငံမျိုးမှာ ဒကာတို့ စဉ်းစားကြည့်စမ်း၊ လမ်းဘေးမှာ ရှိကြတဲ့ သောက်ရေအိုးစင်တွေမှာ ရေမှုတ်၊ ရေခွက်တွေ လွတ်လွတ်လပ်လပ်နေခွင့်ရရဲ့လား၊ သံကြိုးနဲ့ကို အချည်ခံနေရတယ်ဗျ။ ပြီးတော့ ကျောင်းကန် ဘုရားတို့ အလှူအတန်းတို့ကို သွားကြတဲ့အခါမှာကော ဖိနပ်တွေဟာ လွတ်လွတ်လပ်လပ် ချွတ်ထားလို့ရသလား၊ သံဆန်ခါ အကန့်အကန့်လေးတွေထဲမှာ ထည့်ထားခံရတယ်မို့လား၊ အဲဒီသက်မဲ့ရေမှုတ် ရေခွက်တွေ ဖိနပ်တွေ လွတ်လပ်ခွင့်မရ တာဟာ ဘယ်သူတွေကြောင့်လဲ။ သက်ရှိလူတွေကြောင့် မဟုတ်လား။ လူတွေဆိုတာ တခြားဘာသာဝင်တွေ မမှတ်လိုက် နဲ့။ တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေချည်းသွားကြတဲ့ အလှူပွဲတွေ ဘုရားတန်ဆောင်းတွေမှာကို ဖိနပ်တွေ ဒီအတိုင်းထားလို့ မရကြသေးဘူးမို့လား။ အဲဒါတွေ လွတ်လပ်ခွင့်ရအောင် အရင်လုပ်ရဦးမှာဗျ။”
“ဒုက္ခဆိုတာ ဘယ်လိုဒုက္ခမျိုးကပဲ လွတ်ချင်လွတ်ချင် အခြေခံအကျဆုံးက ကိုယ်ကျင့်သီလပဲ၊ ကိုယ်ကျင့်သီလ မလုံခြုံရင် ဘ၀ဒုက္ခတွေက လွတ်မြောက်ဖို့ မပြောနဲ့ ဘ၀လုံခြုံမှုကိုတောင် မရနိုင်ဘူး။ ဒီလိုအခြေခံကျတဲ့ ကိုယ်ကျင့်တရား အရာမှာ ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့ နိုင်ငံကြီးတစ်နိုင်ငံ အနေနဲ့ တခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေ မဆိုထားနဲ့။ သောက်ရေအိုးစင်က ရေမှုတ် ရေခွက်လို ပစ္စည်းလေးတစ်ခုတောင် လွတ်လွတ်လပ်လပ်ထားလို့ မရသေးဘူးဆိုတာ တခြားတိုင်း တစ်ပါးသားတွေ မြင်ရတွေ့ရရင် ဘယ်လောက်ရှက်စရာကောင်းလဲ။ နိုင်ငံကြီးသား ဖြစ်ဖို့ဆိုတာ တိုက်ကြီး တာကြီးတွေ ရှိနေရုံနဲ့ ကမ္ဘာကျော်တဲ့ သူဌေးကြီးတွေရှိနေရုံနဲ့ နိုင်ငံကြီးလို့ မခေါ်နိုင်ဘူး။ ကိုယ်ကျင့်တရားကြီးမားတဲ့ လူတွေ နေမှဖြစ်တာ။ အဲဒီလိုနိုင်ငံသားကိုမှ နိုင်ငံကြီးသားလို့ ဆိုနိုင်မှာဗျ။ ကဲ... ဘယ်နှယ်လဲ” လို့ မေးလိုက်တော့ အားလုံးပဲ ခေါင်းငိုက်စိုက်ကျသွားကြပါတော့တယ်။
အမှန်ကတော့ ဒီအဖြစ်တွေကို တွေ့မြင်နေကြရတာ ကြာလဲ ကြာပါပြီ။ တစ်နေရာတည်းမှာလဲ မဟုတ်ပါဘူး။ အရပ်ဒေသတိုင်း နေရာတိုင်းလိုလိုမှာ ဖြစ်နေကြတာပါ။ လူတို့ရဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုနဲ့ လူ့တန်ဖိုးကို အလေးမထားမှုကြောင့် သက်မဲ့အရာတွေမှာ လွတ်လပ်မှုမရှိရုံမျှမက လုံခြုံမှုကင်းမဲ့တဲ့ အဖြစ်မျိုးတွေ့ကြုံနေရတာတွေလဲ အများကြီးပါပဲ။ လူအများ တည်ခိုးနားနေဖို့ ဆောက်လုပ်ထားတဲ့ ဇရပ်၊ တန်ဆောင်းတွေမှာ ကွက်လပ်မကျန်အောင် အယုတ္တ အနတ္တ (မသင့်လျော်၊ အကျိုးမရှိ)တဲ့ စာတွေ ရေးသားကြတာ၊ အုတ်ရေအိုးစင်တွေမှာ ကွမ်းသွေးများ ပေကျံနေတာ။ အများသောက်တဲ့ ရေအိုးစင်နားမှာ ရွံ့ရှာဖွယ် အညစ်အကြေးနှပ်၊ သလိပ်တွေ ထွေးထားကြတာ၊ စတာ စတာတွေ။
ပြီးတော့ သက်ရှိလူတို့ရဲ့ စည်းကမ်းမဲ့မှုကြောင့် သက်မဲ့တွေ အဆဲခံရတာလဲ ရှိသေးတယ်။ လမ်းသွား လမ်းလာ မလွတ်လပ်တဲ့ နေရာမှာ ရပ်ထားတဲ့ ကား၊ စက်ဘီး၊ လှည်းတွေ အဆဲခံရတာမျိုး။ ရန်အပြုခံရတာမျိုးလဲ ရှိသေးတယ်။ အိမ်ရှေ့လမ်းမမှာ ရပ်ထားတဲ့ ၀ါးလှည်းကို ညမှောင်မှောင် ၀င်တိုက်မိလို့ ၀ါးတွေနဲ့ လှည်းကို ဓါးနဲ့ လာခုတ်သွားတာမျိုး တွေ၊ တစ်ခုခုနဲ့ ၀င်အတိုက်ခံရတာတွေ တခြားအရာ ကိစ္စတွေလဲ အများကြီးရှိနေကြဦးမှာပါ။
ဒါတွေအားလုံးဟာ သက်ရှိတွေထဲမှာ အသိဉာဏ် အကြီးဆုံးနဲ့ အယဉ်ကျေးဆုံးဖြစ်တဲ့ လူတို့ရဲ့ စည်းကမ်းမဲ့မှု ကြောင့် သက်မဲ့တွေမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေပါပဲ။
ဆရာတော်ကြီးရဲ့ ဆိုလိုရင်းကတော့ သက်မဲ့တွေမှာ သက်ရှိ(အထူးသဖြင့် လူ) တွေကြောင့် ကြုံတွေ့ရတဲ့ ဒီမနှစ်မြို့စရာတွေ ပပျောက်အောင် လူတွေရဲ့ ကိုယ်ကျင့်တရားတွေကို ပထမဦးဆုံး ပြုပြင်ဖို့ အရေးကြီးတယ်။ လူတွေမှာ ဒီလို ကိုယ်ကျင့်တရားတွေနဲ့ ပြည့်စုံကြမယ်။ ယဉ်ကျေးကြမယ်ဆိုရင် လူမှုဒုက္ခနဲ့ ဘ၀ဒုက္ခအမျိုးမျိုးက လွတ်လပ်ဖို့ အတွက် အခြေခံ (သီလသိက္ခာ) ပြည့်စုံပြီးဖြစ်လို့ ရည်မှန်းသမျှ မုချရနိုင်မယ်လို့ ဆိုလိုတာပါပဲ။
မိမိတို့ကိုယ်တိုင် ဆရာတော်ကြီး မိန့်ကြားတဲ့ “သက်မဲ့တို့ကို မလွတ်လပ်အောင်၊ လုံခြုံမှုကင်းမဲ့အောင်၊ ရန်ပြုခံရအောင် ပြုလုပ်နေကြသူများ” စာရင်းထဲက ကင်းလွတ်ကြပါရဲ့လား။ တကယ်လို့များ ဒီစာရင်းထဲ ပါဝင်နေသေးတယ် ဆိုရင် ဘာကို အရင်လုပ်ကြမလဲဆိုတာ စဉ်းစားပြီး အမှန်အကန် သုံးသက်ဆုံးဖြတ် အကောင်အထည် ဖော်နိုင်ကြပါစေ...။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
အစောင့်အရှောက်နဲ့ အနှောင့်အယှက်
“၀ိနည်းသိက္ခာပုဒ်တို့ စည်းကမ်းဥပဒေတို့ ဆိုတာ အေးအေးနေချင်သူအတွက် အကောင်းဆုံး အစောင့်အရှောက်ပဲ၊ ထိုးထွက်ချင်သူ အတွက်တော့ အနှောင့်အယှက်ပေါ့”
တောင်မြို့ည၀ါအကျော် တူမောင်းဆရာတော် တောင်မြို့လို့ ခေါ်တဲ့ အမရပူရမြို့ တူမောင်းတိုက် နာယက၊ ည၀ါအကျော် ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယ ရှိစဉ်က သံဃာ့ဥပုသ်ပြုအပြီးမှာ ပေးလေ့ရှိတဲ့ သြ၀ါဒ စကားပါ။ ဆရာတော်ကြီး ဆက်လက်မိန့်ကြားတာက-
“သစ်ပင်တွေမှာ မလိုအပ်တဲ့ ကိုင်းသေး ကိုင်းမွှား အရှုပ်အထွေးတွေ ရှင်းပစ်မှ ပင်လုံးပေါ်လာတယ်။ ဒီအပင်မျိုးမှ ပင်စည်လဲ ဖြောင့် အနှစ်လဲ ပြည့်လာတာ၊ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ရဘူးလို့ ပညတ်ထားတဲ့ သီလ သိက္ခာပုဒ်တွေ ဆိုတာလဲ “လူရုပ်” ပေါ်လာအောင်လို့ လူ့အရှုပ်တွေကို ရှင်းပေးနေတာ၊ လူကို ချုပ်ချယ်နေတာ မဟုတ်ဘူး။ ဒီလိုရှင်းပစ်မှ စိတ်ထားလဲ ဖြောင့်မတ်မှန်ကန်မယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အနှစ်တွေလဲ ပြည့်လာမယ်၊ ဒါကို ကြပ်ကြပ်သတိထားပြီး လေးစားစောင့်ထိန်းကြပါ” တဲ့။
အသေးအမွှားအခွင့်အရေးကို အခွင့်ထူးကြီး ထင်မှတ်ခဲ့လို့ တကယ့်အခွင့်အထူးကြီးတွေ လက်လွှတ်ခဲ့ရတဲ့ ပုဂ္ဂိုလ်အများကြီး ရှိကြတယ်။ မြတ်စွာဘုရားလက်ထပ်တော်က ဒေ၀ဒတ်ဟာ ဒီလိုပုဂ္ဂိုလ်မျိုးပေါ့။ တစ်ဘ၀စာ လာဘ်လာဘကို အခွင့်ထူးမှတ်ပြီး တပ်မက်ခဲ့ရာက သံဃာသင်းခွဲတဲ့ ကံကြီးတွေ၊ ဘုရားရှင်ကို သတ်ဖို့ ကြိုးစားခဲ့တာတွေကြောင့် ရပြီးသား အသိဉာဏ်များလဲ ဆုံးရှုံး၊ မဂ်ဖိုလ်နဲ့လဲ ဝေးခဲ့ရုံမက အ၀ီစိအထိ နစ်ခဲ့ရတယ်။
သာတာဂီရိတို့ ဟေမ၀တတို့လဲ ကဿဖဘုရားရှင် လက်ထက်က အဓမ္မ၀ါဒီရဟန်းပေးတဲ့ လာဘ်ကို တပ်မက်မိခဲ့လို့ ဓမ္မ၀ါဒီဘက်က ရပ်တည်မပေးခဲ့တဲ့ အတွက် မဂ်ဖိုလ်နဲ့ လွဲပြီး နတ်ဘီလူးဘ၀ ရောက်ခဲ့ကြတာပေါ့။
ကိုယ်ကျင့်သီလ ဖောက်ပြားခြင်း ဆိုတဲ့ လူ့အရှုပ်အထွေးတွေ ရစ်ပတ်ဖုံးအုပ်ထားလို့ လူရုပ်တောင် မပေါ်ကြသူတွေလဲ ဒုနဲ့ ဒေးပါပဲ။ ဒီလို ပုဂ္ဂိုလ်တွေအတွက် ဆရာတော်ကြီး မိန့်ကြားတဲ့ “လူရုပ်ပေါ်ဆေး” ကို အသုံးပြုကြည့်စေချင်ပါတယ်။ လူရုပ်ပေါ်လာရုံ မကဘူး၊ လူ့အနှစ်ပါ ပြည့်ဝလာမယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တိုင်က အာမခံချက် အပြည့်ပေးထားတဲ့ ဆေးတော်ကြီးပါ။
လူရုပ်ပေါ်ပြီး လူ့အနှစ်ပြည့်ဝကြပါစေ...။
ပညတ်နဲ့ပရမတ်
ပညတ်နဲ့ပရမတ်
တောင်တွင်းကြီးအပါအ၀င် မြေလတ်ပိုင်းမြို့တွေမှာ ငါးရက်တစ်ဈေးခေါ်ကြတယ်။ တခြားနေ့တွေမှာလဲ ဆိုင်ကြီးတွေ ဖွင့်ထားကြပေမယ့် ဈေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ငါးရက်တစ်ဈေးနေ့တွေ ရောက်မှပဲ တောရွာတွေက ရောင်းသူ ၀ယ်သူတွေနဲ့ စည်းကားတာ။
နတ်မှီတောရဆိုတာ မြို့နဲ့ တော်တော်လေးလှမ်းတာမို့ ဈေးလွန်တစ်ရက်လို့ ခေါ်တဲ့ ဈေးနေ့ပြီး နောက်တစ်ရက် ကို ဥပုသ်သီတင်းဆောက်တည်တဲ့ ရက်အဖြစ် သတ်မှတ်ထားကြတယ်။ ဈေးနေ့မှာ ရောင်းရေး ၀ယ်ရေး ကိစ္စတွေပြီးရင် ချက်ပြုတ်စရာဝယ်၊ နောက်နေ့ မနက်စောစောချက်ပြုတ်ပြီး ဆွမ်းချိုင့်များ ဆွဲသူဆွဲ၊ ဆွမ်းအုပ်ရွက်သူရွက်နဲ့ ကျောင်းတတ်ကြတာ။ ဒကာတစ်ယောက်က ၀က်သားတော်တော်ကြိုက်တယ်။
သူ့ဆွမ်းချိုင့်က အမြဲတမ်းဝက်သားဟင်းချည်းပဲ၊ နတ်မှီတောရ ဆရာတော်ကြီးက သက်သက်လွတ်စားတယ်။ အိန္ဒိယမှာကတည်းက အသားမစားတဲ့ အကျင့်ပါလာလို့ နောက်လည်း မစားတော့ဘူး။ တစ်နေ့ ၀က်သားကြိုက်တဲ့ ဒကာကြီး ကျောင်းတတ်အလာမှာ ဆရာတော်ကြီးနဲ့ တွေ့တော့ ဆရာတော်ကြီးက... “ဘာဟင်းတွေများ ချက်လာတုံး ဒကာကြီး” လို့ မေးလိုက်တယ်။
ဒကာကြီးက ဆရာတော်အသားမစားမှန်း သိတော့ ၀က်သားဟင်းပါလို့ လျှောက်ထားဖို့ခက်နေပုံရပါတယ်။ ပြီးတော့မှ... “ဆရာတော်ပဲ ဟောထားတာပဲ၊ အားလုံးဟာဓါတ်လေးပါးချည်းဆို၊ ခုလဲ ဓါတ်လေးပါးဟင်းပေါ့ဘုရား” တဲ့။
ဆရာတော်ကြီးက ပြုံးပြီး “အေး... ဈေးထဲမှာတုန်းက ပေါက်ဖော်ကြီးဆိုင်မှာ ဓါတ်လေးပါးငါးဆယ်သားလောက် ပေးပါလို့ ပြောပြီး ၀ယ်လာတာဆိုရင်တော့ ဒကာကြီးဟာ ဓါတ်လေးပါးဟင်းပဲပေါ့လေ၊ ဘယ်လိုပြောပြီး တယ်လာတုံး” ဆိုတော့ ဒကာကြီးက ရယ်ကျဲကျဲနဲ့...
“ဆရာတော်ကလည်း ကတ်သီးကတ်သတ် ဘယ် ဒီလိုတော့ ပြောဝယ်လို့ရမလဲ ဘုရား၊ ၀က်သားလို့ ပြောဝယ်ရတာပေါ့” ဆိုတော့ ဆရာတော်ကြီးက... “၀က်သားလို့ ပြောဝယ်လာရင်တော့ ၀က်သားဟင်းပဲ ဖြစ်မှာပေါ့ ဒကာကြီးရဲ့၊ ဓါတ်လေးပါးလို့ ပြောဝယ်မှ ဓါတ်လေးပါးဟင်း ဖြစ်မှာပေါ့” လို့ မိန့်လိုက်ပါတယ်။
နေ့ဆွမ်းစားအပြီး အချိုပွဲဝိုင်းမှာ ရပ်ဝေးကရောက်လာတဲ့ အာဂန္တုဆရာတော်များပါ ၀ိုင်းဖွဲ့ပြီး ဒီအကြောင်း စပ်မိကြတော့... ဆရာတော်တစ်ပါးက “ဒကာကြီးပြောတာလဲ ဟုတ်သားပဲ၊ နောက်ဆုံးတော့ သက်ရှိကော သက်မဲ့ကော အခြေခံက ဓါတ်လေးပါးချည်းပဲ မဟုတ်လား” လို့ လျှောက်ထားလိုက်တယ်။
ဆရာတော်ကြီး အဲဒီဆရာတော်ရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်ပြီးမှ... “ပရမတ် အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်” လို့ ခပ်လေးလေး မိန့်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ ဆရာတော်” ဆိုတော့မှ...
“ဘုရားတို့ ရဟန်းသံဃာတော်တို့နဲ့ လူဝတ်ကြောင်၊ အမိ၊ အဘတွေနဲ့ တခြားယောက်ျား မိန်းမစတဲ့ သူ့ဂုဏ်သူ့ အမည် ပညတ်နဲ့ သီးခြားစီရှိကြတာကို အတူတူဓါတ်လေးပါး အခြေခံတွေ ချည်းပဲလို့ ယူကြည့်ပါ့လား၊ လောကမှာ သည့်ထက် ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား”
“တကယ့်ပရမတ် အစစ်ကို ပေါက်ပြီး သစ္စာလေးပါး ထိုးထွင်းသိပြီးလို့ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမရယ်လို့ မရှိဘူးလို့ သိတာက တစ်မျိုးပါ၊ ဒါက ၀ိပဿနာဉာဏ်အမြင်နဲ့ ရှုကြည့်တဲ့ အခိုက်ပြောတာ၊ လောကထဲမှာ ပြောတာ သိမှတ်တာကျတော့ သူ့ပညတ်နဲ့သူ ခွဲပြီးတော့ပဲ သုံးရတယ်၊ အားလုံးကို အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင်နဲ့ ကိုယ့် အိမ်သူကို အတူတူပဲလို့ သဘောထားကြည့်ပါလား၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား၊ လောကီနယ်မှာ ပညတ်ဟာ သူ့တန်ဖိုးနဲ့သူ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်းဂုဏ်ချင်း ခြားနားတယ်၊ ဒါကို ခြားခြားနားနားပဲ သိမှတ်ရတယ်။ ၀ိပဿနာနယ် လောကုတ္တရာနယ်မှာကျတော့လည်း ပရမတ်က သူ့တန်ဖိုးနဲ့ သူပေါ့” လို့ မိန့်လိုက်ပါတယ်။
လောကစည်းနဲ့ ဓမ္မစည်း မရောထွေးကြဖို့ပါ။
အမှောင်ထဲဝယ်
ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့ အရပ်ကို ရှာဖွေနေသူဟာ ကိုယ့်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက် ဘ၀ပါပျောက်ပြီး သေနေမယ်။ ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင် စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့ အတွက် ဘ၀ပါ ပြည့်ဝရှင်သန်မယ်။
တကယ်တမ်း ကြိုးစားရမှာက အမှောင်ကိုခွင်း အလင်းမြင်နိုင်ဖို့ပါ။ အမှောင်ထဲမှာ ထပ်ပြီး မမိုက်ကြပါနဲ့ ဆိုတဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ ဆုံးမသြ၀ါဒကို ကြားယောင်မိပါတယ်။
တစ်ခါတုန်းက တောင်ဝှေး တဒေါက်ဒေါက်နဲ့စမ်းပြီး ခရီးသွားနေတဲ့ မျက်မမြင် တစ်ယောက်ရှိတယ်။ သူသွားဖူးတဲ့ လမ်းကို မှန်းဆစမ်းဝါးပြီး သွားနေရင်း နေ၀င်ချိန်မှာ ရွာတစ်ရွာကို ရောက်တယ်။ ခရီးဆက်သွားမယ့် မျက်မမြင်ကြီးကို ကရုဏာ သက်ဝင်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီဖြစ်လို့ မှောင်မိုက်သွားပြီ ဖြစ်တဲ့အကြောင်း၊ ဒါ့ကြောင့် မီးအိမ်ဆွဲသွားဖို့ လိုအပ် ကြောင်း အကြံပေးတယ်။ ဒီအခါမှာ မျက်မမြင်က… ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲသွားတော့ကော ဘာထူးမှာလဲလို့ ပြောတော့ ရွာသားက… မီးအိမ်ကို ဆွဲပြီး လာတာကို မြင်ရရင် ခင်ဗျားကို တခြားလူတွေ ၀င်မတိုက်အောင် ရှောင်သွား နိုင်တာပေါ့… လို့ပြောပြတယ်။ ဒါနဲ့ မျက်မမြင်က မီးအိမ်ကို ဆွဲသွားဖို့ သဘောတူလိုက်တယ်။ ရွာသားက မီးအိမ်တစ်လုံးကို မီးထွန်းပြီး ပေးလိုက်တယ်။ မျက်မမြင်က မီးအိမ်ကိုဆွဲပြီး ခရီးဆက်ထွက်လာခဲ့တယ်။
မကြာခင် လူတစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့သူကို မျက်မမြင်က… ဟေ့လူ ခင်ဗျား ကန်းနေသလား။ ဒီမှာ မီးအိမ်ဆွဲလာတာ မမြင်ဘူးလားလို့ အော်ငေါက်လိုက်တယ်။ အဲဒီအခါမှာ ၀င်တိုက်တဲ့လူက… ခင်ဗျား မီးအိမ်မှာ မီးငြိမ်းနေတာ မသိဘူးလား လို့ပြောရင်း ဆက်ထွက်သွားတယ်။ လမ်းမှာ လေတိုက်တော့ မီးအိမ်က မီးငြိမ်းသွားတာကို မျက်မမြင်က မသိလိုက်ဘူး။ ဒီလိုနဲ့ မျက်မမြင်က သြော်… အမှောင်ထဲမှာတော့ အကန်းရော၊ မကန်းတဲ့သူရောဟာ အတူတူပါပဲလားလို့ ညည်းညူပြောရင်း တောင်ဝှေးတဒေါက်ဒေါက်နဲ့ ခရီးဆက်ထွက်သွားလေတယ်။
ဒီအကြောင်းလေးကို ဆရာနန္ဒသိန်းဇံရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတော့ တို့တွေလည်း အမှောင်ထဲမှာ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင် များခဲ့ဖူးပြီလို့ တွေးမိလိုက်တယ်။ တကယ်တော့ ခေတ်မှီနည်းပညာတွေ ဘယ်လောက်တတ်တတ်၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ ပစ္စည်း ဥစ္စာတွေ ဘယ်လောက် ကြွယ်ဝပါစေ၊ သိရမယ့် အမှန်တရားတွေကို အမှန်အတိုင်းမသိသမျှတော့ လူသတ္တ၀ါတွေအားလုံး အကန်းတွေချည်းပါပဲ။ အ၀ိဇ္ဇာ အမှောင်ထဲမှာတော့ အားလုံးဟာ မသိတာချင်း အတူတူပါပဲ။ မမြင်တာချင်း အတူတူပါပဲ။ အသွင်အပြင်အားဖြင့်ပဲ ကွဲပြား ကြတာပါ။
အလင်းနဲ့ အမှောင် ကွာခြားသလို ပညာရှိနဲ့ ပညာမဲ့ သူတို့လည်း ကွားခြားကြပါတယ်။ လောကီပညာတွေမှာ မသိသေးတာတွေကို အကုန်သိအောင် လေ့လာဆည်းပူးနေမယ်ဆိုရင် ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်သလို ဒါတွေကို မသိလို့လည်း ဘ၀သံသရာ ခရီးမှာ နစ်မွမ်းသွားမယ်လို့ မုချ မဆိုနိုင်ပါဘူး။ တကယ့်သိရမယ့် အမှန်တရားတွေကို မသိမှသာလျှင် သံသရာတလျှောက်လုံး နစ်မွမ်းရပါလိမ့်မယ်။ နောက်ဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်တိုးတဲ့ အချိန်မှာလဲ ကြောက်လန့်စရာ အဖြစ် အလွဲအမှားမြင်ပြီး ညှိုးငယ် ပင်ပန်းထိတ်လန့်မှုတွေ ဖြစ်ဦးမှာပဲ။ ဒါတွေကို အမှန်အတိုင်း မြင်နိုင်တဲ့ အသိတွေ ရှိလာအောင် ဖြည့်ဆည်းရဦးမှာပဲလို့သာ တွေးနေမိပါတယ်။
ပတ်ဝန်းကျင်က နေ့စဉ်တွေ့ကြုံနေရတဲ့ အာရုံတွေအပေါ်မှာ အမှန်အတိုင်းမမြင်ပဲ နှလုံးသွင်းမမှန်တဲ့အခါ အကုသိုလ်ဖြစ်ရ တယ်။ တချို့ကျတော့ အာရုံဆိုးတစ်ခု တွေ့လိုက်ပေမယ့် အလိုလိုသည်းခံ ပြီးသားဖြစ်နေတယ်။ တချို့ကျတော့ အာရုံဆိုး တစ်ခုတွေ့လိုက်တာနဲ့ ဖျက်ခနဲ ဒေါသဖြစ်ပြီး တခဏအတွင်းမှာ သတိရပြီး ကိုယ့်ဒေါသကို ပြန်ထိန်းနိုင်ပါတယ်။ တချို့ကျတော့ ဒေါသဖြစ်လိုက်ရင် အရှိန်မသေပဲ တော်တော်ကြာအောင် ဖြစ်နေတတ်တယ်။ ကိုယ့်သဘောနဲ့ မတွေ့တိုင်း ဒေါသဖြစ်နေမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ အဲသလို ကြုံလာရရင် သူလည်းပဲ အမှောင်ထဲမှာ လမ်းလျှောက်နေသူ ကိုယ်လည်း အမှောင်ထဲမှာပဲ ရှိနေသေးတဲ့သူပဲလို့ သဘောပေါက်နားလည်ပြီး တစ်ဦးကိုတစ်ဦး ခွင့်လွှတ်သည်းခံနိုင်ရင် အကောင်းဆုံးပါပဲ။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးက ပါရမီလမ်းသွား ပုဂ္ဂိုလ်များအဖို့ လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့်တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပေက္ခာတရား) သည် အဖနှင့်တူ၏၊ ဟု ဆုံးမတော်မူပါတယ်။ အားကြီးတဲ့ လူမှုရေး ပရဟိတ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီတရားမပါပဲ လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်သဘောအတိုင်း အမြဲတမ်းတွေ့ကြုံရမှာ မဟုတ်လို့ပါ။ တခါတလေ သဘောမတိုက်ဆိုင်တာတွေ ရှိကြရင်လည်း သည်ခံပြီး ရှေ့ဆက်ရမှာပါ။ သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရား ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။ လူတိုင်း လိုက်နာကျင့်သုံး နိုင်ကြရမှာပါ။
ညအမှောင်ထဲမှာ လမ်းလျှောက်ရင်း တစ်ဦးနဲ့ တစ်ဦး တိုက်မိခဲ့ကြရင် နားလည်ခွင့်လွှတ်တတ်ရသလို အ၀ိဇ္ဇာ အမှောင်ထု အောက်မှာ နေကြရဆဲဖြစ်တဲ့ သတ္တ၀ါအချင်းချင်းလည်း သည်းခံခွင့်လွှတ်တတ်ကြရင် အေးချမ်းရမှာပါပဲ။ နောက်ဆုံး ပန်းတိုင်ကတော့ အ၀ိဇ္ဇာ အမှောင်ထဲက လွှတ်မြောက်အောင် လျှောက်လှမ်းကြဖို့သာ ဖြစ်ပါတယ်။
အမှောင်ကိုခွင်း အလင်းမြင်နိုင်ကြပါစေ…
သံဝေဂလင်္ကာ
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။
သင်... သေသွားသော်
လူ့ဘဝကား၊ အိုရနာရ၊
သေရဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင်...ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)
ဆုံးမစာ
နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်။
ဖြစ်ဆဲဧကန်၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ၊ နေစမ်းပါလော့။
သို့ပါလေမှ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။”
“ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ”
ကိုယ်ချင်းစာစိတ်...
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ
သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။
ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။
ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။
ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။
လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။
အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။
ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။
ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…
အောင်ဦး (ဓမ္မရသ)
ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း
(သင်္ဂဟ) ဆိုတာ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောဖြစ်တယ်။ လှူဒါန်းခြင်း (ဒါန) ဆိုတာ မိမိနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းကြားမှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖယ်ရှားတဲ့ သဘောဖြစ်တယ်။
မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့ ဒါနဆိုပြီး နှစ်မျိုး ပါရှိတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့တာကို သင်္ဂဟ လို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။
သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူလိုသူတို့ရဲ့ ဘ၀ကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့ ဘ၀ကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘ၀လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။ ဒါနရဲ့ သဘောက အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်မှာ အကျိုးဆောင်ပေးလိုတဲ့ စေတနာနဲ့ ဂုဏ်ကျေးဇူးကို ပူဇော်လိုတဲ့ စေတနာ သက်သက်နဲ့ မိမိပိုင်ပစ္စည်းကို တွယ်တာငဲ့ကွက်မှု မထားပဲ လွတ်လွတ်စွန့်ကြဲတဲ့ သဘောပါ။ မိမိနဲ့ ပစ္စည်းတို့ အကြားမှာ တွယ်တာ ကပ်ငြိနေတဲ့ သံယောဇဉ်အစွဲ ဥပါဒါန်ကို ပယ်ရှားတဲ့ သဘော၊ တဖြည်းဖြည်းပါးရာကနေ ပြတ်သွားတဲ့ အထိရောက်အောင် လေ့ကျင့်ပေးတဲ့ သဘောသက်သက်ပါ။ အတွယ်အတာ အနှောင်အဖွဲ့ဖြစ်တဲ့ အနှောင့်အယှက်တွေ နည်းပါးသွားစေတဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ အလှူရေစက်လက်နဲ့ မကွာ ဆိုသလို ဒါနတွေ ဒီလောက်ကြိုးစားနေရက်နဲ့ ကြီးပွားချမ်းသာတာ ကျတော့ အနောက်နိုင်ငံက လူတွေကို ဘာ့ကြောင့်မမီရတာလဲ ဆိုတဲ့အကြောင်း တချို့က ပြောကြပါတယ်။ ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းကို ကံအကြောင်းတရား တစ်ခုတည်းအပေါ်မှာသာ တည်မှီနေတယ်လို့ အယူအဆမှားနေတယ်လို့ပဲ ဆိုရမှာပါ။ အမှန်တော့ မြတ်စွာဘုရားဟောတော်မူတဲ့ ကြီးပွားချမ်းသာခြင်း အကြောင်းတရားက လေးပါး ရှိပါတယ်။ ရှေး ကုသိုလ်ကံရှိခြင်း၊ သင့်လျော်တဲ့ အရပ်ဒေသမှာ နေရခြင်း၊ သူတော်ကောင်း၊ ပညာရှိတို့ကို မှီခိုခွင့်ရခြင်း၊ မိမိကိုယ်ကို ကောင်စွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ သမ္ပတ္တိစက် လေးပါး ပါပဲ။
ဗုဒ္ဒဘာသာဝင်တွေ အနေနဲ့ သင်္ဂဟတရားနဲ့ဒါနကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်း သူများကိုပေးလိုက်ရင် ဒါနချည်းပဲ ထင်နေကြတယ်။ မင်္ဂလာကဗျာကို သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သင်္ဂဟနဲ့ ပတ်သတ်လို့...
~ ကြွေးသစ်ချကာ သားနှင့် မယားကို မြှောက်စားချီးမြှင့် ၀ဋ်ကုန်စေ။
~ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
ဒီနေရာမှာ သင်္ဂဟတရားဆိုတာ တစ်ဘ၀ အိုစာ မင်းစာအဖြစ်နဲ့ ကြွေးသစ်ချတဲ့ သဘောမျိုး ပေးတာ၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ ဆိုတာကလည်း အရေးကြုံရင် ကိုယ့်ရဲ့ အတွင်းလူယုံ အဖြစ်အားကိုးရအောင် စည်းရုံးရေးသဘောနဲ့ ပေးတာမျိုးပါ။ နတ်မှီတောရ ဆရာတော်မိန့်သလိုပဲ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ သဘောနဲ့ ပေးတာမျိုးကို ဆိုလိုတာပါ။
ဒါန ဆိုတာကိုကျတော့... ~ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ဆိုတာ မလှူမီကော လှူဆဲမှာကော လှူပြီးတဲ့ နောက်မှာကော စေတနာသုံးတန်လုံးမှာ လောဘ၊ ဒေါသစတဲ့ ကိလေသာ အညစ်အကြေးတွေ စင်စင်ကြယ်ကြယ်ထားပြီး ပေးကမ်းလှူဒါန်း ရမှာဖြစ်ပြီး ရရှိမယ့် အကျိုးကိုတောင် ကိုယ့်အတွက်ဆိုတဲ့ လောဘစိတ်မထားပဲ အမျှအတန်းပါ ပေးဝေရမယ်လို့ ဆိုတာပါ။
ဒါနလို့ အမည်တပ်ထားပေမယ့် ကိုယ့်အတွက် ဘ၀လုံခြုံရေး လောကီစည်းစိမ်ရရှိရေးကို တောင့်တပြီး ပေးကမ်းတယ်ဆိုရင် ဒါဟာ သင်္ဂဟ သဘောနဲ့ ပေးကမ်းမှုသာဖြစ်တယ်။ ဒါန မဟုတ်ပါဘူး။ ဒါနဖြစ်အောင် ပေးတာဖြစ်ရင်လည်း အတွယ်အတာ အစွဲဥပါဒါန်ကင်းရေး အတွက် လေ့ကျင့်တာဖြစ်လို့ ပါရမီမြောက်တဲ့ ကုသိုလ်ပဲ ဖြစ်ရမှာပါ။
တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ မိန့်ကြားတဲ့... တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း တာရှည်ကောင်း၏ ဆိုတာလည်း ပါရမီမြောက်အောင် စေတနာသုံးတန် အစင်အကြယ်နဲ့ ပြုလုပ်ခြင်း ဒါနစစ်စစ်ကို ပြောတာပါပဲ။ သင်္ဂဟ သဘော ပေးကမ်းခြင်းနဲ့ ပတ်သတ်လို့ ၀ိသုဒ္ဒိမဂ်မှာ...
တကယ်လို့ လောကီကောင်းကျိုးလောက်ကိုသာ တောင့်တပြီး ပြုလုပ်တယ်ဆိုရင်လည်း ပုညဖလ ကာမတာယ ပ၀တ္တိတံ မဇ္ဈိမံ = ကောင်းမှု အကျိုးကို မျှော်ကိုးတောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ အလယ်အလတ်တန်းစား အဆင့်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။
ပါရမီမြောက်တဲ့ ကုသိုလ်စစ်စစ်နဲ့ ပတ်သတ်လို့ ကျတော့...
ကတ္တဗမေ၀ိဒန္တိ အရိယဘာဝံ နိဿာယ ပ၀တ္တိတံ ပဏီတံ = ဒီလို ကုသိုလ်အလုပ်ဆိုတာ အရိယာလောင်းလျာတို့ ပြုရိုးပြုစဉ် ပြုလုပ်ထိုက်တဲ့ အလုပ်တယ်လို့ ခံယူပြီး ကိလေသာ ကင်းစင်တဲ့ အရိယာ အဖြစ်ကို အမှီပြုဖြစ်စေအပ်တဲ့ ကောင်းမှုသာ အမြတ်ဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီလိုဒါနမျိုးမှသာ ကိုယ်က ကန့်သတ်တောင့်တခြင်း မရှိတဲ့ အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အထိ အကန့်အသတ်မရှိ အကျိုးကြီးမားတယ်လို့ ဆိုလိုတာပါ။
ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဘယ်ကုသိုလ်မဆို သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်နဲ့ ပြုလုပ်မှသာ စင်ကြယ်မြင့်မြတ်တဲ့ အလှူဖြစ်မယ်လို့ အစွဲသန်တတ်ကြပါတယ်။ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့တဲ့ အချိန်ကာလဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတယ်။ ဘ၀ပေါင်းများစွာ မရေမတွက်နိုင်ပါဘူး။ ဒီလောက်ကြာတဲ့ အချိန်ကာလအတွင်း မှာ သဗ္ဗညုတ ဘုရားရှင်ပေါင်း ၂၄ဆူသာ ပွင်းပါတယ်။ ဘုရားမပွင့်တဲ့ ကပ်ကမ္ဘာတွေ အများကြီးပါပဲ။ အဲဒီအချိန်ကာလ တွေမှာ ဘုရားအလောင်း ဖြည့်ခဲ့တဲ့ ပါရမီကုသိုလ်တွေကို မစင်ကြယ်တဲ့ ကုသိုလ်တွေလို့ မှတ်ယူရမလား စဉ်းစားသင့် တယ်။ ဒါနပရမတ္ထ ပါရမီရဲ့ သာဓကဖြစ်တဲ့ ယုန်မင်းဟာ ဘယ်ဘာသာဝင်လို့ ပြောရပါ့မလဲ။
ဒီနေရာမှာ ကွဲကွဲပြားပြား နားလည်ဖို့က ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးကလွဲလို့ တခြားနည်း မရှိပါဘူး။ မဂ္ဂင်ရှစ်ပါးဆိုတာက သဗ္ဗညုတ ဘုရားရှင်တို့ရဲ့ သာသနာတော်က လွဲလို့ တခြားဘယ်မှာမှ မရှိနိုင် ပါဘူး။ ဒါက လုံးဝ ပုံသေကားကျပါပဲ။ မြင့်မြတ်တဲ့ ပါရမီ ကုသိုလ်ဖြစ်ဖို့ရာကတော သာသနာတွင်း သာသနာပ ရယ်လို့ ကန့်သတ်ချက်မရှိပါဘူး။
ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မာသာထရီဇာ တို့လို ကိုယ်ကျိုးအားလုံးကို စွန့်လွှတ်ပြီး ဒုက္ခိတ သတ္တ၀ါမှန်သမျှကို လူမျိုး ဘာသာ ကန့်သတ်ခွဲခြားမှု မထားပဲ စာနာထောက်ထား ရိုင်းပင်းကူညီတဲ့ ကုသိုလ်မျိုးကို မစင်ကြယ်ဘူးလို့ လုံးဝ ပြောလို့ မရပါဘူး။ ဗုဒ္ဓလမ်းစဉ်ရဲ့ မမြင့်ဆုံး ရည်မှန်းချက်က အစွဲဥပါဒန်တွေ အားလုံးချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်ရေး ဖြစ်ပါတယ်။ ဒါနဆိုတာ မိမိကိုယ်နဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာတို့ အပေါ်မှာ တွယ်တာစွဲလမ်းနေမှု (ဥပါဒါန်) တရားကို ပယ်ဖြတ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီကို ပထမဆုံး ထားရတာဟာ လူတိုင်းလည်း လုပ်နိုင်လို့၊ ပြုလုပ်ရတာလည်း လွယ်ကူလို့ လို့ တချို့က ပေါ့ပေါ့လေး မှတ်ထင်တတ်ကြပါတယ်။ အမှန်ကတော့ ငါ... ငါ့ဥစ္စာလို့ သတ်မှတ်စွဲလမ်းနေတဲ့ အတ္တ၀ါဒနဲ့ ဥပါဒါန် ထုထည်ကြီးကို တဖြည်းဖြည်း ပါးရာကနေ ပျောက်သွားအောင် လေ့ကျင့်ပေးတဲ့ တကယ့် အခြေခံ အလုပ်ပဲ ဖြစ်ပါတယ်။ စွဲလမ်းမှု ဥပါဒါန်အားကြီးနေရင် သီလလည်း မစင်ကြယ်နိုင်ဘူး။ ကျန်တဲ့ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာပါရမီတို့ ဆိုတာတွေလည်း လုံးဝ မစင်ကြယ်နိုင်တော့ပါဘူး။
အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါနရဲ့ အရေးပါမှုကို အလေးအနက် သဘောပေါက်ကြဖို့နဲ့ တန်ဖိုးထားတတ်ကြဖို့ပါ။ သာသနာတော်နဲ့ ကြုံကြိုက်လို့ ဒါနဆိုတဲ့ အလုပ်ကြီးတစ်ခုကို လုပ်ကြတဲ့ အခါမှာ တစ်ဘ၀စာပဲ ဖြစ်ဖြစ်၊ တစ်သံသရာလုံး အတွက်ပဲဖြစ်ဖြစ် လောကီ ဘ၀လုံခြုံရေးအတွက် အရင်းအနှီးမြှုပ်နှံတဲ့ အလုပ်တစ်ခုလို့ သဘောထားလုပ်ကိုင်နေရင် ဒါန မဟုတ်ဘူး။ သင်္ဂဟ မင်္ဂလာသာဖြစ်တယ်။ ဒါနရဲ့ အစွမ်းသတ္တိဟာ အစွဲဥပါဒါန်အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ ပေးစွမ်းနိုင်တဲ့ အမြင့်မြတ်ဆုံး မင်္ဂလာလုပ်ငန်းကြီးဖြစ်လို့ သင်္ဂဟ မင်္ဂလာ အဆင့်လောက်နဲ့ ရပ်တန့် မနေသင့်ဘူးဆိုတာပါ ပဲ။ လောကရဲ့ ဒုက္ခတွေ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ အကျိုးပြီးစေနိုင်တဲ့ ဒါန စစ်စစ်ကြီး ဖြစ်ပြီဆိုရင်တော့ တခြားမပြီးစေနိုင်တဲ့ ကိစ္စရယ်လို့ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကို နားလည် တန်ဖိုးထားကြဖို့ပါ။
ဒါနစစ်စစ်ဖြင့် ပါရမီအားလုံး အထောက်အကူဖြစ်ပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ကြပါစေ...
အသိပေးပါရစေ
~ လောကမှာ အစဆိုတာရှိခဲ့ရင် အဆုံးသတ်ဆိုတာလည်း ရှိရပါတယ်။
~ ငယ်ရွယ်ခြင်းဆိုတဲ့ အစရှိခဲ့ရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ နုပျိုခြင်းဆိုတဲ့ အစရှိခဲ့ရင် အိုမင်းရင့်ရော်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါ တယ်။
~ မွေးဖွားခြင်းဆိုတဲ့ အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိခဲ့ရင်လည်း ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိကြရ ပါတယ်။
ဒါတွေက သဘာဝနိယာမ တရားတွေပါပဲလေ။ ကျွန်တော်တို့တွေ မည်သူတစ်ဦးတစ်ယောက်မျှလည်း လွန်ဆန်နိုင်စွမ်း မရှိကြပါဘူး။ ယခုတစ်ဖန်လည်း အင်တာနက်ဆိုတဲ့ နေရာလေးတစ်ခုမှာ ကံအားလျော်စွာနဲ့ တွေ့ဆုံကြုံခဲ့ကြရပြီး မလွဲမရှောင်သာဘဲ ခွဲခွာရပါဦးမယ်။ သို့သော် အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခြင်း မဟုတ်ပါဘူး။ အခါအခွင့် သင့်လေ သမျှမှာ တရားဓမ္မ ကုသိုလ်အလုပ်တွေနဲ့ ပတ်သတ်ပြီး မျှဝေရေးသားဖြစ်နေဦးမှာပါ။ ဟိုအရင်အချိန်လို တရားတွေ တင်ပေးဖို့တော့ဖြင့် မလွယ်ကူလှတော့ပါဘူး။ သို့သော်ငြားလည်း ကျွန်တော် လင့်ထားတဲ့ ၀က်ဆိုဒ်များကတစ်ဆင့် တရားတော်များကို ကူးယူ နာကြားနိုင်ကြပါတယ်။
ကျွန်တော် ရေးသားထားခဲ့တဲ့ စာတွေမှာ မောက်မာဝံ့ကြွားတာမျိုး ရှိခဲ့မိပါလျှင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ဝေဖန်တိုက်ခိုက် ပုတ်ခတ်လိုစိတ် အလျဉ်းမရှိဘဲ ကျွန်တော့် ရင်တွင်းစေတနာနဲ့ စာဖတ်သူတို့အတွက် အမှတ်မှား၊ အသိမှား၊ အယူမှား မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ကြိုးပမ်းရေးသားခဲ့ပါတယ်။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးနှင့် ပတ်သက်လာလျှင် အစွန်းအထင်း မခံလိုသော စိတ်ရင်းဖြင့်သာ ရေးသား ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် သတိတရားလေး ရရှိသွားခဲ့မယ် ဆိုရင်တောင် ကျွန်တော် ကျေနပ်မိမှာပါ။
Blog မှ တစ်ဆင့် ခင်မင်ရင်နှီးခွင့်ရခဲ့တဲ့ မိတ်ဆွေကောင်းများ အားလုံးကိုလည်း ကျွန်တော် လေးစားတန်ဖိုးထားကြောင်း ထုတ်ဖော်ပြောကြားပါရစေ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုပြီး အကျိုးလည်း များစွာ ရခဲ့ကြပါတယ်။ အထူးသဖြင့် တရားဓမ္မနဲ့ ပတ်သတ်၍ သိချင်တာတွေကို မေးမြန်း ဆွေးနွေးရာကနေ ရင်းနှီးခွင့်ရပြီးတဲ့နောက်ပိုင်း ဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းသွားနိုင်ခဲ့ကာ သာသနာဘောင်ဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဓမ္မမိတ်ဆွေ တစ်ဦးကို ကျွန်တော် အလွန်တရာပဲ အားကျမိပါတယ်။ အဆိုပါ ဓမ္မမိတ်ဆွေအနေဖြင့် ရည်မှန်းချက်အတိုင်းပဲ ဆက်လက် လျှောက်လှမ်းနိုင် ပါစေလို့လည်း ထပ်မံဆန္ဒပြုပါတယ်။
မိမိနှစ်သက်တာကို ရှောင်ပြီး ဘုရားရှင် နှစ်သက်တာကို လုပ်ပါ။ မိမိအကျင့်ကို ပြင်ပြီး ဘုရားရှင် ဆုံးမခဲ့တဲ့ အကျင့်ကို ကျင့်ပါ။ မိမိထင်ရာကို မလုပ်ဘဲ ဘုရားရှင်လမ်းပြသလိုလုပ်ပါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ အနှစ်ချုပ်အတိုင်း-
မကောင်းမှုမှန်သမျှ ရှောင်ပါ။ ကောင်းမှုမှန်သမျှ တတ်နိုင်သမျှ အကုန်လုပ်ပါ။ မိမိစိတ်ကို ဖြူအောင်ထားပါလို့ ကျွန်တော်အနေနဲ့ စကားလက်ဆောင်အဖြစ် ပြောခဲ့ပါရစေ။
ကျွန်တော်တို့တွေအားလုံး လူ့လောကထဲကို လာခြင်းကောင်း ပြန်ခြင်းမြတ်အောင် ကြိုးစားကြပါစို့...
ချမ်းသာသုခ ပြည့်ဝနိုင်ကြပါစေ…
သံဝေဂရင့်သန်ပွားများနိုင်ပါစေ
သို့ဖြစ်၍ အောက်ပါအတိုင်း မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပါ…
“တစ်နေ့နေ့တွင် ငါလည်းသေရမည်။ ငါ့မိဘများလည်းသေရမည်။ ငါ့သား၊ ငါ့သမီးတွေလည်း သေရမည်။ ငါ့ညီကိုမောင်နှမတွေလည်း သေရမည်။ ငါ့ဆွေမျိုး တွေလည်း သေရမည်။ ငါ့သူငယ်ချင်း အပေါင်းအသင်းတွေလည်း သေရမည်။ ငါ့ ထက်ကြီးသူတွေလည်း သေခဲ့ပြီ။ ငါနဲ့ရွယ်တူတွေလည်း သေနေကြဆဲ၊ ငါ့ထက် ငယ်သူတွေလည်း သေနေကြတယ်”


