ကျွန်တော်တို့လူဘ၀သို့ရောက်လာရသောလည်ရွယ်ချက်သည် ဘာလဲဟုမေးးလျှင် အမျိုးမျိုးဖြေကြမည်သာဖြစ်ပါသည်။ ကျွန်တော်အထင်ပြောရလျှင် လူ့ဘ၀သို့ရောက်လာခြင်းမှာ နိဗ္ဗာန်ရောက်ကြောင်းတရားများကိုအားထုတ်ရန်အတွက်ဖြစ်သည် ဟုသာဖြေသင့်ပါသည်။ ဗုဒ္ဓမြတ်စွာ ၏တရားတော်များအရ သတ္တ၀ါတို့၏နေအိမ်သည်အပါယ်
လေးဘုံသာဖြစ်၍ ကံအကြောင်းတရားအလွန်ပင်ကောင်းသောကြောင့်လူဘ၀သို့ရောက်လာရခြင်းဖြစ်ပါသည်။ ဤသို့ တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ် ဆင်းရဲမှ လွန်မြောက်ကြောင်း တရားများကို အားထုတ်ကျင့်ကြံမှသာ လူဖြစ်ကျိုးနပ်ပေမည်။
တရားတော်များကို အားထုတ်ကျင့်ကြံရာတွင် ကျွန်တော်တို့ ကြားသိခဲ့ရသော ပထမ အရွယ်တွင်ပညာရှာ၊ဒုတိယအရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာဝနာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်း တတိယ အရွယ်မှသာတရားအားထုတ်မည်ဆိုပါက ဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သော ဥာဏ်ပညာ ကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့် တရားထူးရရန်အားထုတ်ရာတွင် ခက်ခဲစေပါသည်။ သေခြင်းတရားသည် အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။ ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။ သတိ တရားလက်ကိုင်ထားဖို့တော့လိုပြီပေါ့။ ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသော ဒုလ္လဘတရား(၅)ပါး
ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀သည် အလွန်ပင်ခက်ခဲလှပါ၏။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော်ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါ၏။
ဒုလ္လဘတရား(၅)ပါးမှာ
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ=ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ=လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ=ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ=သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။ တို့ ဖြစ်ကြ၏။
ဤအထဲမှ ကျွန်တော်တို့တွေသည် ခက်ခဲလှသော လူအဖြစ်ကိုရရှိခဲ့သည့်အပြင် ဗုဒ္ဓဘာသာ
ဝင်တွေဖြစ်ရသည်မှာလည်းအလွန်ပင် ကံကောင်းလှပေသည်။ အကယ်၍တခြားသောလူမျိုးများတွင်လူဖြစ်၍ ကိုးကွယ်မှု့မှားနေမည်ဆိုပါက လူဖြစ်ကျိုးနပ်
မည်မဟုတ်ပေ။
ဗုဒ္ဓ၏သာသနာအရောင်ထွန်း လင်းတောက်ပြောင်သည့် ရွှေမြန်မာတွင် လူဖြစ်ပါလျက် ဘုရား၊တရား၊သံဃာအပေါ်တွင်သဒ္ဓါတရားနှင့် မပြည့်စုံလျှင် လူဖြစ်ရကျိုးနပ်၏လော။ သူတော်ကောင်းတရားနာကြားခြင်းကို အလွန်ရခဲသော်လည်း ဗုဒ္ဓဘာသာ ထွန်းကား၍ သူတော်ကောင်း၊ ရဟန္တာ ပေါ်ကြွယ်ဝသော မြန်မာနိုင်ငံ၌ သူတော်ကောင်းတရားနာကြားခြင်းမရှိခဲ့ပါလျှင် အဘယ်မှာ လူဖြစ်ရကျိုးနပ်ပါမည်နည်း။ စဉ်းစားကြည့်လျှင် အတွေးအမြင် အရိပ်ထင်နိုင်ပါသည်။ ကျွန်တော်ကြားမိခဲ့ဘူးပါသည်။ မြန်မာမှာ လူဖြစ်ရတာ လူဖြစ်ရှုံးသည်တဲ့။ ထိုစကားမျိုးကို ဆိုသူမှာလည်း လူမိုက်များသာဖြစ်ပါလိမ့်မည်။ လူ့ပြည်ရောက်လို့မှ လူ့တန်ဆာမဆင်ယဉ် လူ့အရာမ၀င် ဖြစ်တော့မပေါ့။ တရားတုတွေ ကျင့်နေကြလို့ ဗုဒ္ဓ၀ါဒ ပြယ်ရတာပါ။ ပညာတွေ အမျိုးမျိုး သင်နေကြသော်လည်း အကျင့်တွေ ပျက်၊တရားတွေပျက် ဆင့်တက်ကာ မှားလေတော့ လူဖြစ်ရသည့်အရေး တွေးဆလို့ ရင်လေးမိပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒကာထွန်းတင်အား ဤသို့မိန်မြွက်ခဲ့ပါတယ်။ ဒကာထွန်းတင်ရေ...“အခုလို သိပ္ပံပစ္စည်းတွေ ထွန်းကားလာပြီးတော့ အသံတွေဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင် အပါယ်ငရဲ ဇောက်ထိုးဆင်းဘို့ပဲ၊ သတိတော့ရှိဘို့လိုတယ်”... တဲ့။ ဤသို့မိန့်ဆိုခဲ့လျှင် ပြည်ပမှာပညာသင်နေရသော်လည်း၊နေထိုင်နေကြရသော်လည်း မြန်မာတို့အနေနှင့် ဗုဒ္ဓဘာသာ သာသနာကို ရောက်လေရာနေရာဒေသမှာ ဆင့်ကာပွါးရင် လူုဖြစ်ရကျိုးနပ်မည်မှာ ဧကန်မုချပေါ့။ အမှတ်မှားတော့ အသိမှားတယ်၊ အသိမှားတော့ အယူမှားတယ်။ အမှားသုံးချက်နဲ့ပဲ လမ်းဆုံးတော့ သေမင်းနိုင်ငံမှာပဲ သေမင်းခန္ဓာကိုထိုးအပ်ရတယ်။ ထိုအမှားသုံးချက် မလွတ်သေး၍ အပါယ်ဆိုတာမလွတ်မြောက်နိုင်ပါ။ ဤသို့လည်း မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ပါတယ်။ အယူမှားခြင်းဟာ သာသနာအဝေး ထွက်ပြေးသလိုပါပဲ။ ယခုချိန်ခါဟာဆိုရင် သာသနာဖျားကာလ လို့ဆိုကြပါတယ်။ သာသနာဖျားကာလ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ သာသနာကို ဆိုခြင်းမဟုတ်ပါ။ မိမိတို့ ကြုံတွေ့နေရသော အခြေအနေဖျားကာလကို ဆိုလိုပါတယ်။ မိမိတို့နေရသောလူဘ၀အချိန်သည် တိုတောင်းလွန်း၍ ၊ သာသနာနှင့်တွေ့ကြုံရသော အချိန်တိုတောင်းသောကြောင့် သာသနာဖျားကာလဟုခေါ်ခြင်းခြစ်ပါသည်။ အဲသလို အခြေအနေမျိုးမှ လူဖြစ်ကျိုးမနပ်လျှင်
ဗုဒ္ဓတရားမနာကြားလျင် လောကတွင်အမိုက်ဆုံးလူသားပဲ ဖြစ်ချေမည်။
သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘ၀မှ သေလွန်၍ သာသနာမထွန်းကားရာ အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။
ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဥာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးနပ်ပါသည်။ ဤဆောင်းပါးကိုဖက်ရှု့သောသူအပေါင်းတို့သည် မိမိတို့လူဖြစ်ကျိုး
နပ်၏လော ဆိုသော မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသည်။ သူတော်ကောင်းဥစ္စာခုနှစ်ဖြာဖြစ်သော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တ ဆိုသည့် တရားတော်နဲ့အတူ ကျင့်ကြံနေထိုင်ရင်း လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပါစေ။ ထို့ကြောင့် တရားချစ်ခင် စိတ်ကောင်းဝင်ကြသောသူများ၊ သတိမေ့လျော့နေသူများ အတိုင်းအတာတစ်ရပ်အထိ သတိတရားဖြစ်စေရန် ဤဆောင်းပါးက အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်နေသကဲ့သို့ တစ်ပါးသောသူတို့အားလည်း တိုက်တွန်းနှိုးဆော်ကြပါကုန်။ ပြည်တွင်းပြည်ပ ပညာသင်ကြားနေစဉ်၊နေထိုင်နေစဉ်ဘေးအန္တရာယ်ကင်းရှင်းပြီး ရည်မှန်းချက်ပြည့်စုံကာ နိုင်ငံအကျိုး၊ သာသနာအကျိုး သယ်ပိုးနိုင်ပါစေကြောင်း ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်ရင်း ဤဆောင်းပါးဖြင့် ဓမ္မဒါနပြုအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment