သူတော်စင်တို့၏ စိတ်ဓာတ်(၂)

“သဒ္ဓမ္မဒေသနာကာလေ၊ သာဓု သာဓူတိ ဘာသတော၊ မုခတော ဇာယတေ ဂန္ဓော ဥပ္ပလံဝ ယထောဒကေ ”
သူတော်ကောင်းတရားကို ဟောတော်မူသောအခါ သာဓု ခေါ်သောကောင်းမှုသည် နောက်သံသရာဝယ် အာခံတွင်းမှ ကြာညိုပန်းနံ့ သင်း၏။



“ပါပသ္မိံ ရမတိ မနော” ဆိုသလို စိတ်ကမကောင်းသောနေရာတွင် မွေ့လျော်သည့် အတွက် သတိရှိရန်အလွန်ပင်အရေးကြီးပါတယ်။ ထိုမကောင်းသော စိတ်ကို ကောင်းမွန်အောင် ထိန်းကျောင်းသင့်ပါတယ်။ လူသားတွေသည် နေ့စဉ်မနက်မိုး လင်း အိပ်ယာထသောအချိန်မှစ၍ ညအိပ်ယာဝင်သောအချိန်ထိတိုင်အောင် များစွာ သော မိမိတို့နှင့် ဆိုင်ရာအလုပ်များကိုလုပ်ကြပါတယ်။ မည်သို့ပင် အလုပ်များ လုပ်ကြနေပါစေ လုပ်သောအလုပ်ကတော့ဖြင့် (၃)ခုပဲရှိပါတယ်။ ကိုယ်အလုပ်၊ ပါးစပ်အလုပ်၊ စိတ်အကြံတွေပါပဲ။ ထိုအလုပ်(၃)မျိုးကို ကံဟု ခေါ်ပါတယ်။ ဒီ(၃)ခု ကလွဲပြီး မည်သည့်လူသား တခြားလုပ်စရာ ဘာမှမှရှိပါဘူး။ လူတိုင်းက မိမိကိုယ် မိမိကောင်းမွန်သော လူသားများအဖြစ်ရပ်တည်ချင်ကြတယ်။ ထို့ကြောင့် ကောင်း မွန်သော လူသားတစ်ယောက်ဖြစ်ဘို့ဆိုရင် ကိုယ်အမူအယာကောင်း၊ နှုတ်အမူ အယာကောင်း၊ စိတ်အကြံတွေကောင်းမှ လူကောင်းတစ်ယောက် ဖြစ်နိုင်ပါမယ်။ ထို သို့ ကံသုံပါး အပေါ်တွင် မကောင်းမှု ဒုစရိုက်များကင်းအောင် ဒုစရိုက်အမှုများကို မကျူးလွန်ကြဖို့ရန် ဘုရားရှင်တိုင်း ဆုံးမခဲ့ပါတယ်။ မကောင်းမှုရှောင် ကောင်းမှု ဆောင် ဖြူအောင်စိတ်ကိုထား ဆိုသောစကားကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးကြပါ တယ်။ ထိုသို့ဆိုရလျှင် သူတော်စင်တို့၏ စိတ်ဓာတ်အတိုင်း အတုယူကျင့်ကြံကြရပါ မယ်။ သူတော်ကောင်းဟူသည် မိမိ အကျိုးထက် သူတပါးကောင်းကျိုးအတွက်သာ အမြဲအားဆောင်ရွက်ကြပါတယ်။ ထိုသူတော်ကောင်းများသည်လည်း ဘုရားရှင်၏ နည်းလမ်းအတိုင်းကျင့်ကြံကြခြင်းဖြစ်ပါတယ်။
ဘုရားရှင်သည် သတ္တ၀ါတွေ အကျိုးအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံ ပါရမီဖြည့်ဆည်းတော်မူခဲ့ပါတယ်။ ထို့နောက်သတ္တ၀ါအားလုံ အတွက် (၄၅)၀ါ ကာလပတ်လုံး တရားတော်များ ဟောကြားကာဆုံးမတော်မူခဲ့ပါ တယ်။ ထို့သို့ သတ္တ၀ါတွေအတွက် ပင်ပန်းဆင်းရဲခံကာ ဘုရားအဖြစ်ရောက်ကျင့်ကြံ အားထုတ်ခဲ့သော ဘုရားရှင်ကို ဘုရားဖြစ်ပြီးသော အခါမှာပင် မာရ်နတ်က စတင် နှောက်ယှက်ပါတော့တယ်။ ဘုရားရှင်ကို သတ္တ၀ါအတွက် တရားမဟောဘဲ ပရိ နိဗ္ဗာန်ပြုစေရန် လျှောက်ထားပါတယ်။ ထိုအခါဘုရားရှင်က “ငါဘုရားရဲ့ ပရိသတ် လေးပါး (ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမ၊ ဒါယကာ၊ ဒါယိကာမ) တွေက ငါဘုရား ရဲ့ တရားတွေကို ကောင်းစွာသဘောမပေါက် နားမလည်သေးသ၍ ကာလပတ်လုံး၊ မကျင့်နိုင်သေးသမျှ ကာလပတ်လုံး၊ တရားတွေကို သိတက်ပြီး လိုက်ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်း လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို ကောင်းကောင်း မဖော်ပြ၊ မဟောကြားနိုင်သေးသမျှ ကာလပတ်လုံး၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်တွေရဲ့ ဆန့်ကျင့် ဘက်ဝါဒတွေကို မနှိမ်နင်းနိုင်သေးသမျှ ကာလပတ်လုံး ငါဘုရား ပရိနိဗ္ဗာန်မစံ သေးပေ၊ အသင်မလျှောက်ကြားနဲ့” ဟု မိန့်ကြားခဲ့ပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ
လူမျိုးများအားလုံးသည်လည်း ဘုရားရှင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စတဲ့ သိက္ခာပုဒ်သုံးရပ် နှင့် အညီလိုက်ပါ ကျင့်ဆောင်သင့်ပေသည်။ မိမိတို့ပြုလုပ်နေ သော အလုပ်တစ်ခုသည် “ဘုရားကသာ ထောက်ခံ၊ လှေခွက်ချည်းကျန်၊ အလံမလှဲ ဘူး” ဆိုသောစိတ်ဓာတ်မျိုး ဖြစ်နေရပါမယ်။ သို့မှသာ ဗုဒ္ဓ၏ အဆုံအမကို အပြည့်အ ၀ လိုက်နာသော သူတော်ကောင်းများဖြစ်ပေတော့မည်။ မိမိတို့ ကောင်းတာလုပ် ဆောင်နေပါက မည်သည့်အကြောင့်နှင့်မှ အားမာန်မ လျှော့ကြပါရန်၊ သဒ္ဓါတရား များ လျှော့နည်းပျောက်ပျယ် မသွားစေရန် ထပ်မံ၍ သတိတရားပေးပါရစေ။
“လူမိုက်တစ်သောင်းချီးမွမ်းရှောင်းလည်း လူကောင်းတစ်ယောက်ပြစ်တင် ကြောက်လော့” .. လူမိုက်တစ်သောင်းက မချီးမွမ်းချင်နေပါစေ၊ သူတော်ကောင်း တစ်ယောက်က ပြစ်တင်မည်ကိုသာကြောက်ရွံ့ရပါမယ်။
ရှေးအခါတုန်းက လူတစ်ယောက်သည် အိုးများကို ရပ်တကာလှည့်လည် ရောင်းချပါတယ်။ တစ်နေ့သော ညသန်းခေါင်ကျော်အချိန်မှာ ထိုလူဟာ သူ့ရဲ့ လှည်းနဲ့ အိုးများကိုတင်ပြီး အိုးရောင်းထွက်ဘို့ အခြားရွာကို သွားပါတယ်။ သူက ရွာထဲကို သန်းခေါင်ကျော်ကြီး ထသွားတာဆိုတော့ လူခြေတိတ်ချိန်ဖြစ်နေပါတယ်။ လူခြေတိတ်ချိန်ဆိုတော့ လူများခွေးများလည်း အိပ်ကုန်ကြပါပြီ။ ဒါပေမဲ့ ရွာလယ် လမ်းမကြီး အတိုင်းသူ့ရဲ့အိုးလှည်းကြီးနဲ့ ဖြတ်မောင်းတဲ့အခါ ရွာထဲမှာရှိသော ခွေးများကထပြီးဟောင်ကြပါတယ်။ ဟောင်လိုက်ကြတာ ရွာလမ်းဆုံးတဲ့အထိ အောင်ပါပဲ။ ဘယ်လိုပင်ဟောင်နေကြပါစေ အိုးလှည်းကြီးကတော့ ဟောင်တယ်လို့ လည်းမထင်၊ ကြားတယ်လို့လည်းမထင် သူ့ဦးတည်ရာ ပန်းတိုင်ဖြစ်တဲ့ အခြားရွာကို ပဲ ဦးတည်သွားနေပါတော့တယ်။ ထိုကဲ့သို့ပင် စာဖတ်သူတို့သည်လည်း ကဲ့ရဲ့၊ ချီးမွမ်း တွေဘယ်လိုပဲ ရှိနေရှိနေ ကိုယ်လုပ်ရမဲ့ ကောင်းမှုကုသိုလ် အလုပ်များကို လုပ်ကြရပါမယ်။ မိမိကိုယ်တိုင်သွားရောက် လှူဒါန်း၍မပြုစုနိုင်သော်လည်း အဝေးမှ မေတ္တာပို့သပေးသော ကောင်းမှုအလုပ်ကိုတော့ မမေ့မလျော့ဘဲ ပြုလုပ်နိုင်ကြပါရန် တိုက်တွန်းပါရစေ။
“အပ္ပမာဒေါ အမတံ ပဒံ” ဟုဆိုအပ်သော ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းသည် မသေခြင်း၏ အကြောင်းပင်ဖြစ်ပါတော့တယ်။ “ဤမျှရှည်ကြာ၊ သံသရာဝယ်၊ ဆရာမိဘ၊ မောင်နှမနှင့်၊ သားလှသမီး၊ ဒေါ် ဘကြီးဟု၊ မငြီးဆင့်ကဲ၊ ပြန်လှန်တွဲခဲ့၊ မလွဲဧကန်၊ ခွဲရပြန်မည်၊ သို့သည်ဖြစ်ခြင်း၊ သံဝေပြင်းရ၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူးကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊ သမာဓိမှန်၊ မဖောက်ပြန်မှ၊ နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းကို၊ ရှင်းရှင်းပိုင်ပိုင်၊ သိမြင်နိုင်မည်၊ လက်ကိုင်သတိ၊ မလွှတ်ဘိနှင့်..”

စာရေးသူ- အောင်ဆွေဦး





သူတော်စင်တို့၏ စိတ်ဓာတ်

“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်”
( အရှင်ဇ၀န )




သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်မှု့၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါသည်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်”ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက်ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မည်။ ထို့ကြောင့် သဒ္ဓါ(ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ် ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်”ရပါမည်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမည်။ ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါသည်။


ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော် မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။ သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကိုညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှ ကိုယ်တော်တပါး က အပေါ့ အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။ ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာ ကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များသုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်း များကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊ မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ် တီဆရာတော်ကြီးအား “သက်တော်၊ ၀ါ တော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေ ထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။
ထိုအခါ ဆရာတော်ကြီး“အရှင်ဘုရားတို့…တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်း ဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ တပည့်တော်သည် ဒီခန္ဓာ ကြီးကိုတန်အောင်ခိုင်းရပါလိမ့်မည်၊ တပည့်တော်သည် ဘ၀အဆက်ဆက်က သား ကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့် ကြားကာ အနှစ်(၂၀) လုံးလှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုး သည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော် ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တ မြေပေါ် ခြေတစ်လှမ်းချ လိုက်တာနှင့် မိုးရွာချပါတော့တယ်။


စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်းဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုးဆောင်ရွတ်တော်မူခဲ့ပါသည်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်း များ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်း၍ကောင်းပါစေဟူ၍ကျောင်းဝန်း အတွင်းသဲတွေဖြန့်ဖြူးပေးပါ တယ်။ ဆရာတော် ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ မပြုစုရဲပါဘူး။ ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာပြုစုသော်လည်း ထိုရဟန်း မှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အ အိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။ သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသ လဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်း ကျိုးချမ်း သာကို ကျလိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယာဝစ္စကု သိုလ်အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာ ကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ မိမိသည် ကိုယ်ကျိုး မဖက် ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာ ပါဘဲ။ မိမိ တို့ရဲ့ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။


မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြရပါ မယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရ စေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းဘဲဖြစ်ပါတယ်။ ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ် ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။ ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည် ပင်ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည် လည်းကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ မိမိသည် ဘာ့ကြောင့် လှူရသလဲဆို သောရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ မိမိတို့မရ ဘူးသေး သည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ဘဲ အများအကျိုးကိုသာဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။



စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”

စာရေးသူ- အောင်ဆွေဦး



မိဘကျေးဇူး

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ်ဖြစ်၏။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာဖြစ်၏။ အကျွမ်းတ၀င်ချစ်ခင်သောသူသည် အကောင်းဆုံးဆွေ မျိုးဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်၏။
(ဓမ္မပဒ-၂၀၄)



လာဘ်တကာလာဘ်ထဲမှာ ကျန်းမာရေးကောင်းမွန်ခြင်းဆိုတဲ့ လာဘ်ဟာအ ကောင်းဆုံးလာဘ်ဖြစ်သည်ဟုမြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါသည်။ အဲဒီမိန့်ကြားချက် ဟာတခြားအချိန်မှာ မသိသာပေမဲ့ ကျန်းမာရေးမကောင်းဖြစ်တဲ့အခါမှာပိုမိုသိလာ ရပါသည်။ သာမန်နှာစေးချောင်းဆိုးဖြစ်တာကိုအခုလောက်လေးလေးနက်နက်မ တွေးမိတတ်ခဲ့ပါဘူး။ သို့ပေမယ့် သေးသေးငယ်ငယ်ရောဂါဖြစ်လာ တယ်ဆိုလျင် ဖြင့်နေရထိုင်ရတာ အဆင်မပြေလာတာကိုတော့ထင်ထင်ရှားရှားပဲ သိနိုင်ခဲ့ပါတယ်။ လူတိုင်းနီးပါးလောက်လည်း ဒီအနေမျိုးကိုဖြင့် ခံစားသိရှိဖူးကြမှာပါ။ ကြီးမားတဲ့ရော ဂါ ဝေဒနာခံစားနေရသူများအဖို့တော့ စိတ်လက်ကြည်သာဖြစ်နိုင်ဖို့ရာပိုပြီးခက်ခဲ ပေမည်။ ဘာပဲဖြစ်ဖြစ်။ ဘ၀မှာက ဇာတိ-ဆိုတဲ့ဖြစ်ပေါ်မှုကို လက်ခံလိုက်တာနဲ့ သူနဲ့ ဘယ်လိုမှ ခွဲခြားလို့မဖြစ်နိုင်တဲ့ ဇရာဆိုတဲ့ရင့်ရော်အိုဆွေးမှု။ ဗျာဓိ(နာကျင်မှု) နဲ့ မရ ဏ-ဆိုတဲ့(ပျက်စီးသေကြေမှု)သဘောတရားက တွဲပြီးပါလာစမြဲပါပဲ။ အဲဒီလို အို၊ နာ၊ သေမှုတွေနဲ့ တွေ့ကြုံရတဲ့အခါတိုင်းမှာလည်း ခံစားရသူကာယကံရှင်ကိုယ်တိုင် ပဲဖြစ်ဖြစ်။ ဒီအိုနာသေမှုတွေနဲ့ တစ်နည်းနည်းအားဖြင့် နှီးနွယ်ဆက်စပ်နေတဲ့သူ တွေမှာပဲဖြစ်ဖြစ် စိုးရိမ်ကြောင့်ကြဖြစ်ရမှုတွေ။ ငိုကြွေးမြည်တမ်းရမှုတွေဆိုတာက အနည်းနဲ့အများဆိုသလို ခံစားတွေ့ကြုံကြရတော့တာပါ။ ဒီလိုအို၊ နာ၊ သေမှုတွေ။ စိုးရိမ်ငိုကြွေးရမှုတွေဆိုတာကလည်း သူသူကိုယ်ကိုယ် ဘယ်ပုဂ္ဂိုလ်မှ လက်ခံချင်တဲ့ အရာ၊တောင့်တလိုလားတဲ့အရာမျိုးတွေ မဟုတ်ပါဘူး။ ဘယ်လိုပင် မလိုချင်။ မ တောင့်တပေမယ့်လည်း ဒီအရာတွေက မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့အရာ တွေပဲဖြစ်ပါတယ်။ ကြိုဆိုလက်ခံသည်ပဲဖြစ်စေ။ ကြိုဆိုလက်မခံလိုသည်ပဲဖြစ်စေ သူ့အချိန်တန်လျင်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာကတော့ မလွဲမသွေ ပါ။ ဒါဟာ သတ္တ၀ါတိုင်းနဲ့ သက်ဆိုင်တဲ့အရာ။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်၊ လတ် လတ်အပေါ် အမှတ်မထင် အချိန်မရွေး ကျရောက်လာနိုင်တဲ့ အရာလည်းပဲဖြစ်ပါ တယ်။ ရောဂါရမှ ဆေးကိုသောက်သုံးတာထက် အလွယ်တကူနဲ့ ရောဂါမဖြစ်ရ အောင် နေထိုင်တတ်ဖို့နဲ့။ ရောဂါ မဖြစ်မီကပင်သောက်သုံးသင့်တဲ့ကြိုတင်ကာ ကွယ်ဆေးကို ကြိုတင်သောက်သုံးနိုင်ဖို့က ပို၍အရေးကြီးပါသည်။ အို၊ နာ၊ သေမှု ဆိုတဲ့ ဘေးမျိုးတွေနဲ့ လောဘ။ ဒေါသ။ မောဟ။ အတ္တ၊ မာနနဲ့ ပူဆွေး သောက၊ ဗျာ ပါဒစတဲ့ ကိလေသာအနာရောဂါဆိုးက ပကတိအနာရောဂါမျိုး ထက်ပိုပြီးခံစားချက် ဆိုးရွားစေတယ်မဟုတ်လား။

လူမှုဘ၀ထုံးစံအတိုင်း မိဘအများစုအနေနဲ့ အစားအသောက် အနေအထိုင် ကစလို့ အစစအရာရာချို့ငဲ့ကြပါတယ်။ ဒါကြောင့်အစား အသောက်ကနေ မရနိုင်မဲ့ အားဖြစ် ဖွယ်ရာဓာတ်စာကို ဆေးကနေအထောက်အကူပေးနိုင်ပါစေတော့ဆိုတဲ့အ နေနဲ့ ဆေးဝါးများကို အထူးတလည် ထောက်ပံ့ကြခြင်းဖြစ်ပါတယ်။ သို့ပေမယ့်ခုလို ခန္ဓာ ကိုယ်အတွက်အားဖြစ်အောင် အားဆေးများကိုသာ သောက်သုံးစေခြင်းဖြင့် မ လုံလောက်နိုင်သေးပါ။ နာမ်၊ ရုပ်အပေါ်ကျ ရောက်လာနိုင်တဲ့ ပကတိရောဂါထက်ပို ဆိုးတဲ့အိုနာသေဘေးမျိုးတွေ။ ချစ်ခင်သူတွေနဲ့ဝေးကွာကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခ ဆင်းရဲတွေ။ အဲဒီလို အို၊ နာ၊ သေးဘေးစတာ တွေကိုအမှီပြုပြီးဖြစ်ပေါ်လာနိုင်တဲ့ သောက(ပူဆွေးဝမ်းနည်းမှု)၊ ပရိဒေ၀(ငိုကြွေးမှု) ရောဂါမျိုးတွေကိုခုခံရင်ဆိုင်နိုင်စေ ဖို့ကြိုတင်ပြီး ဆေးသောက်နိုင်စေဖို့ကိုတော့ လေးလေးနက်နက် မပြတ်တမ်းပဲတိုက် တွန်းအားပေးနေရပေလိမ့်ဦးမည်။ နေထိုင်မှုပတ်ဝန်းကျင်ကြောင့်၊ အခြေအနေအ ရပ်ရပ်ကြောင့် ရိပ်သာမှာမပျော်ရွှင်နိုင်ခဲ့တာကို နားလည်သင့်ပါသည်။ သို့ပေမယ့် အစား၊ အသောက်စတဲ့ ရုပ်ဝတ္ထုတွေနဲ့ ထောက်ပံ့တာထက်-

(၁)သဒ္ဓါတရားမရှိတဲ့ မိဘများဆိုလျင် သဒ္ဓါတရားရှိဖို့။


(၂)သီလမရှိတဲ့ မိဘမျိုးဖြစ်နေလျင်လည်း သီလရှိသူဖြစ်လာအောင် တိုက်တွန်း အားပေး။


(၃)မပေးရက်မလှူရက်နဲ့ နှမျောတွန့်တို နေတဲ့ မိဘကိုပေးကမ်း စွန့်ကြဲခြင်း နှင့်ပြည့် စုံအောင်ပြောပေး၊


(၄)ပညာနည်းပါး နေတဲ့မိဘများ ဆိုလျင်လည်း ပညာတရားတိုးပွားအောင်ပံ့ပိုးပေး ခြင်း

မျိုးကပိုမိုအကျိုးကြီးကြောင်း ကိုလည်းဘုရားရှင် ကမိန့်တော်မူခဲ့ပါတယ်။


(ပညာဆိုသည် မှာအတန်းပညာကိုပြောခြင်းမဟုတ်ပါ။ ၀ိပဿသနာဉာဏ်ပညာကို ပြောတာဖြစ်ပါတယ်)။ အထက်ပါလေးနည်းထဲမှ တခုခုကို မိမိကြောင့်လိုက်နာ ကျင့်ကြံသွားမယ်၊ သက်ဝင်ယုံကြည်ခဲ့မယ်ဆိုရင် မိဘကျေးဇူးကျေအောင်ဆပ်ပြီး သားဖြစ်ပါတယ်။ သို့ပေမယ့် ဒီအရာဟာတခြား ရုပ်ပစ္စည်းတွေ လို “ရော့ အင်”့ ဆို ပြီးပေးလို့ရနိုင်တဲ့ အရာမျိုးမဟုတ်ပဲ ကာယကံ ရှင်များကိုယ်တိုင် ပါဝင်ပါမှဖြစ်နိုင် တာပါ။ သို့အတွက် သူတို့ကိုယ် တိုင်ပါဝင်ဖို့ကိုတွန်း အားပေးရပါမည်။ ဒီအတွက်မိ မိ ကိုယ်တိုင်လည်းသိအောင်၊ မိဘတွေကိုလည်းပြောနိုင်အောင် အမှန်ပင်ကြိုးစား လေ့လာကျင့်ကြံနေသင့်ပါပြီ။ မိဘကျေးဇူးကိုမည်သည့် နည်းနှင့်မျှကျေအောင်မ ဆပ်နိုင်ပါ။ ဘုရားရှင် ဟောကြားခဲ့သောတရားနှင့်သာ ဆပ်၍ကျေနိုင်ပါသည်။ စာ ဖတ်သူများလည်းအသိဉာဏ်ပညာ တိုးပွားကာ မိဘကျေးဇူးကျေအောင် ဆပ်၍ ကောင်းကျိုးချမ်းသာရရှိနိုင်ကြပါစေ။…။



“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”

သူ့ဘုန်းကံနှင့်သူ

ဘုန်းကံဆိုရာ၌ ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုရှိခြင်းကြောင့် ရရှိ သောအကျိုးတရားကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ် ကောင်းမှုအားကြီးခဲ့လျှင် ဘုန်းကံကြီးမည်။ ကုသိုလ်ကောင်းမှုနည်း ခဲ့လျှင် ဘုန်းကံနည်းမည်ကို သိထားရ ပေမည်။ သတ္တ၀ါတို့၏စိတ် သည် တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့် ပြုလုပ်ကြသော အလုပ်တို့လည်း တစ်ယောက်နှင့်တစ်ယောက် တူကြမည် မဟုတ် ပေ။ ထိုအကြောင်းတို့ကြောင့် ရရှိကြသော အကျိုးတရားတို့လည်း မတူညီကြခြင်းဖြစ်၏။

တချို့က ဥပဓိရုပ် အင်မတန်ဆိုးကြသော်လည်း တချို့က အင် မတန်ကောင်းကြ၏။ တချို့က စားဝတ်နေရေးအတွက် ပြင်းစွာရုန်း ကန်လှုပ်ရှားပြီးမှ ရကြသော်လည်း တချို့က လွယ်ကူစွာရကြပေ သည်။ ထိုသို့ ကွာခြားနေတာကတော့ မတူညီသော ကံတရားတို့ ကြောင့်ပင်ဖြစ်၏။

ထိုသို့ မတူညီကြသော အကျိုးတရားများသည် မတူညီသော ပြုခဲ့ဘူး သည့်ကံတရားတို့ မတူညီခြင်းကြောင့်ပင်ဖြစ်၏။ အကုသိုလ်တရား တို့ကို ပြုလုပ်နေတုန်းမှာပင် ရှေးကံ၏ အထောက် အပံ့ကောင်း ခြင်းကြောင့် ကောင်းကျိုးသုခတရားတို့ တွေ့နေရတတ်ပေသည်။ ယခု ကောင်းမှုတရားတို့ကို ပြုလုပ်နေသော်လည်း ရှေးကံ၏ အထောက်အပံ့ဆိုးခြင်းကြောင့် ဆိုးကျိုးတရား တို့လည်း တွေ့နေရ တတ်ပေသည်။ ထို့ကြောင့် ယခုဖြစ်ဆဲ၌ ကောင်းမှုတရားတို့ကိုသာ များများပြုလုပ်ကြပါလေ။ ကောင်းမှု ပြုခြင်းကြောင့် ကောင်းကျိုး တရားတို့ ချက်ချင်းရနေသလို မရ တာလည်း ရှိနေတတ်ပေသည်။ ဗုဒ္ဓ၀ါဒသည် အကျိုးကိုလိုက်သော ၀ါဒမဟုတ်၊ အကြောင်းကိုသာ ကောင်းအောင်ပြုသော ၀ါဒဖြစ်သည်ကို သတိပြုရပေမည်။

တခါတရံ၌လည်း ကောင်းမှုတို့ကို ပြုလုပ်နေခြင်း၊ ရှေးကံ၏ အထောက်အပံ့ ကောင်းခြင်းတို့ကြောင့် ကောင်ကျိုးတရားတို့ သည် တဟုန်ထိုးကျရောက်လာတတ်ပေရာ ထိုအခါ၌ ရရှိသော အကျိုးတရားတို့ကို အကြောင်းပြုပြီး တစ်ယောက်နှင့်တစ် ယောက် ဂုဏ်တုဂုဏ်ပြိုင်လုပ်ခြင်း(မာန)၊ မနာလိုခြင်း (ဣဿာ)၊ ၀န်တိုခြင်း (မစ္ဆရိယ) တရားတို့ဖြစ်နေလျှင်ကား မသင့်လျော်လှပေ။ ထို မာန၊ ဣဿာ၊ မစ္ဆရိယတို့ကို မွေးမြူတားကြလျှင် နောင်သံသရာဆင်းရဲ၊ ယခုဘ၀မျက်မှောက်ဆင်းရဲတို့သည် နောက်ကထပ်ကြပ်မကွာလိုက် နေဦးမည်ကို သတိပြုရပေမည်။

သူဘုန်းကံနှင့်သူရှိသောသဘောကို သာဓက၀တ္ထု ထုတ်ပြပါအံ့။ ဤ ၀တ္ထုမှာ ဗုဒ္ဓက သတ္တ၀ါတို့ ဣဿာတရားကင်းရှင်းစွာ နေထိုင်တတ် အောင်နှင့် သူ့ဘုန်းကံနှင့်သူ အကျိုးပေးတတ်ပုံကို ဆုံးမလိုခြင်းဖြစ် သည်ဟု သိမြင်နိုင်ပါသည်။

တစ်နေ့သောအခါ၌ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ရဟန်း သံဃာ တော်တို့ ဆွမ်းခံကြွလာကြရာ ဘုရားရှင်က ပျော်ပွဲစား ထွက်လာကြ သော ကလေးငယ်တို့ကိုမြင်လေသော် ဆွမ်းခံ ဆက်မကြွတော့ဘဲ ရဟန်းတို့ကို သစ်ပင်ရိပ်တွေမှာ အနားယူ စေတော်မူ၏။ ထိုအခါ ရဟန်းတော်တို့က ဘုရားရှင်အား ဤသို့ လျှောက်ထားမေးမြန်းကြ၍ ဘုရားရှင်ကဖြေကြားတော်မူလေ၏-

မေး - အရှင်ဘုရား၊ ဆွမ်းခံမကြွတော့ဘူးလားဘုရား။

ဖြေ - မကြွတော့ဘူး ချစ်သားတို့၊ တောထဲမှာဘဲဘုန်းပေးမယ်။

မေး - အရှင်ဘုရား၊ ဆွမ်းဘုန်းမပေးလျှင် ဘယ်အရာကို ဘုန်း
ပေးတော်မူပါမလဲဘုရား။

ဖြေ - ချစ်သားတို့…၊ မုန့်ခဲဖွယ်တို့ကို ဘုန်းပေးမယ်။

မေး - အလှူရှင်က ဘယ်သူတွေရှိလို့ပါလဲဘုရား။

ဖြေ - အလှူရှင်တွေကတော ရှေ့မှာမြင်နေရတဲ့ ပျော်ပွဲစားထွက်
လာတဲ့ ကလေးငယ်တို့ဘဲ။ အလှူခံက နောက်မှာလာလိမ့်
မယ် ချစ်သားတို့…။

ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ် မည်သူဖြစ်သည်ကို စောင့်မျှော် နေချိန် နောက်၌ အရှင်မဟာကဿပကိုယ်တော်ကြီး ကြွလာရာ ကလေးတို့သည် “တို့ အရှင်ဘုရားကြီးကြွလာပြီ” ဟူ၍ အရှင်မဟာ ကဿပကိုယ်တော်ကြီးထံသို့ ပြေးလာကြပြီး မုန့်ခဲဖွယ် တို့ကို ဆက် ကပ်ကြလေ၏။ ထို့နောက် အရှင်မဟာ ကဿပကိုယ် တော်ကြီးက ဘုရားရှင်နှင့် ရဟန်းတော်တို့ကို ပြန်လည်ဆက်ကပ်ခဲ့လေ၏။

ဤနေရာ၌ စာဖတ်သူတို့အနေဖြင့် အဘယ်ကဲ့သို့ သုံးသပ်ကြမည် နည်း။ ဘုရားရှင်နှင့် အရှင်မဟာကဿပကိုယ်တော်ကြီး တို့တွင် အဘယ်သူက ဘုန်းကံကြီးမားပါသလဲ။ ဘုန်းကံတရား တို့ကတော့ ဘုရားကိုယ်တော်မြတ်ကြီးအား အဘယ်သူမှ ယှဉ်ခြင်းငှါ မတတ် ကောင်းပါပေ။ သတ္တ၀ါအားလုံးတို့၏ ကုသိုလ်ကောင်းမှုနှင့် ယှဉ်လျှင် ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာပါသည်။ ထိုသာဓက၌ သူ့ကုသိုလ်ကံနှင့်သူ ဘုန်းကံ အလျောက် အကျိုးပေးခြင်း သာဖြစ်ပါ သည်။

ယခုလက်ရှိဘ၀၌ ရရှိသောအကျိုးတရားတို့သည် အတိတ်က အကြောင်းတရားများကြောင့်ဖြစ်ပါသည်။ တချို့ဥာဏ်ကောင်းသည်၊ တချို့ဥာဏ်မကောင်းကြ။ တချို့ ချမ်းချမ်းသာသာနေနိုင်ကြသည်၊ တချို့ ဆင်းရဲမွဲတေကြသည်။ ကိုယ်ထက်သာလို့ မနာလို မဖြစ်ကြ နှင့်။ ပြုခဲ့သောကံတရားတို့ မတူညီကြတာ ဖြစ်ခြင်းကြောင့် ရရှိသောအကျိုးခြင်းလည်း မတူညီကြခြင်းဖြစ်ပေသည်။ အတိတ်က ပြုခဲ့သော ကံတရားတို့ကြောင့် ယခုရရှိခံ စားရပေသည်။ ယခုပြု သောကံတရားတို့သည် နောင်ခံစားရပေမည်။ နောင်ဆိုရာ၌ နောက် ဘ၀တစ်ခုတည်းကိုဘဲ မမှတ်ယူ သင့်ပေ။ ထိုသို့ တစ်ခုတည်းကိုသာ မှတ်ယူလိုက်လျှင် နောက် ဘ၀ကောင်းစားဘို့အရေး ယခုဘ၀ ကုသိုလ်လုပ် ဆိုသလို ဖြစ်နေပေမည်။ နောင်ဘ၀တွေတပ်မက်ပြီး ကုသိုလ်လုပ်နေပြန် လျှင်လည်း ကိုယ်ခန္ဓာကိုယ်ကို ရောင်းစားနေ သလို ဖြစ်နေပေမည်။ ထို့ကြောင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း ဘ၀တွေကို မတပ်မက်ဘဲ ဘ၀ကုန်ရာ၊ ဒုက္ခတွေချုပ်ငြိမ်းရာ နိဗ္ဗာန် သို့သာ အလိုရှိသောဆန္ဒဖြင့် ကုသိုလ်တရားတို့ကို ပြုလုပ်ကြပါကုန်။ ကိုယ်ပြုသော ကံတရားတို့သည် အရိပ်ကဲ့သို့ ထပ်ချပ်မကွာ လိုက်ပါ နေမှာဖြစ်ခြင်းကြောင့် ဆုတောင်းတာ မတောင်းတာက အဓိကမကျ ဘဲ ပါရမီအလုပ်တို့ကို ပြုလုပ်နေဘို့ကသာ အဓိက ကျတာဖြစ်ခြင်း ကြောင့် ပါရမီအလုပ် နေ့စဉ်ပြုလုပ်ကြပါကုန်။


စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။


မြင့်မြတ်ပြည့်စုံ သရဏဂုံ

မြန်မာဗုဒ္ဓဘာသာတိုင်းရင်းသားအားလုံးနီးပါး၏ ကလေးများသိတတ်စအရွယ်မှစ၍ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်းသိအောင်အစဦး ဆုံးသင်ကြားလေ့ကျင့် ပေးကြပါသည်။ အိမ် သို့ဆွမ်းခံကြွသည့် ရဟန်းသံဃာ ကိုဖြစ်စေ၊ အဘိုးအဘွား သက်ကြီးများကိုဖြစ်စေ “ဦးတော်” “ဦးတော်” ဟုဆိုခိုင်းကာဦး တင်ရှိခိုးရိုသေသမှုပြု စေကြပါသည်။ တဖြည်းဖြည်း အရွယ်လေးကြီးလာသောအခါ “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာ မိ” ဆိုတတ်အောင်သားသမီးလေးတွေ ကိုနှုတ်တိုက်သင်ပေးကြသည်။ ထိုသို့နှင့်မွေးဖွားကြီးပြင်းကာအိုမင်းရင့် ရော်သေဆုံး သွားကြလေသည်။ သေဆုံး သည်ဆိုလျှင် သရဏဂုံတင်ရမည့်ကိစ္စကိုနောက်ဆုံး အရေးတကြီးကိစ္စအဖြစ်ဖုတ်ပူမီးတိုက်ဆောင်ရွက်ကြပါတော့သည်။ သရဏဂုံတင် သည်ဆိုသော ကိစ္စသည်မြန်မာဗုဒ္ဓဘာသာအား လုံးအတွက်နောက်ဆုံး ခရီးထွက် တော့မှပျာပျာသလဲဆောင်ရွက်ရသည့်ကိစ္စဖြစ်နေရသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။ သရဏဂုံဆိုသည်မှာမြန်မာစကားမဟုတ်ပေ။ (သရဏ+ ဂမန) ဟူသောမဂဓတိုင်းဘာ သာစကားမှဆင်းသက်ပြောင်းလဲလာသည့်စကားဖြစ်ပါ သည်။ သရဏဆိုသည်မှာကိုးကွယ်ထိုက်သောဝတ္ထု၊ ကိုးကွယ်ထိုက်သောပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရှိပေ သည်။ ဂမနဆိုသည်မှာရောက်ခြင်းဟုအဓိပ္ပါယ်ရှိသည်။ သို့ဖြစ်၍ ပေါင်းစပ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ပြန်သောအခါ ကိုးကွယ်ရာအဖြစ်သို့ရောက်သည် ဟုအနက်အဓိပ္ပါယ်သက်ရောက်ခြင်းကိုသရဏဂုံဟုခေါ်သည်။ ကိုးကွယ်ဆိုသောစ ကားမှာမြန်မာစကား ဖြစ်ပါသည်။ ကိုး-ဆို သည်ကအားကိုးခြင်း၊ ကွယ်-ဆိုသည်က ကာကွယ်ပေးခြင်းဟုအ ဓိပ္ပါယ်ရှိသည်။ မည်သည့်ကိစ္စများအတွက်အား ကိုးပြီး၊ မည်သည့်ကိစ္စများအတွက်အကာ အကွယ်ပေးပါ သလဲဟုတွေးတောဆင် ခြင်ကြည့် ရပါမည်။ အပါယ် လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါးအစရှိသည်တို့မှကာကွယ်ကင်း လွတ်ပြီး မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကိုရမည်ဟုယုံကြည်စိတ်ချအား ကိုး သောကြောင့်ဖြစ်သည်။ ကိုးကွယ်ထိုက်၊ ကိုးကွယ်သင့်သောသရဏ၀တ္ထုသုံးမျိုးရှိပါ သည်။ ဘုရား၊ တရား၊ သံဃာ ဟူ၍ဖြစ်ပေသည်။ ထိုသရဏ ၀တ္ထုသုံးမျိုးကိုအ ဘယ်ကြောင့်ကိုးကွယ် ထိုက်သလဲဟုဆိုသော် ဖြူစင်သော၊ သီလ၊ သမာ ဓိ၊ ပညာ အစရှိသည့် ဂုဏ်တွေကြောင့်ကိုးကွယ်ဆည်းကပ် ထိုက်ခြင်းဖြစ်ပါသည်။ ကိုးကွယ် ခြင်းဟူ သောသရဏဂုံတွင်နှစ်မျိုးရှိသည်။ တစ်ဆင့်ကြားသုတသရဏဂုံနှင့်ကိုယ် တွေ့သရဏဂုံဟူ၍ဖြစ်သည်။ မြတ်စွာဘုရား၏ဂုဏ်ကျေးဇူး၊ တရားတော်၏ဂုဏ် ကျေးဇူး၊ သံဃာတော်၏ ဂုဏ်ကျေးဇူးများကို ကြားဖူး၊နာဖူး၊ မှတ်သားဖူး၍ ဗုဒ္ဓံသရ ဏံဂစ္ဆာမိ စ သည်ဖြင့်ရွတ်ဆိုဆောက်တည်သောသရဏဂုံမျိုးကိုတစ်ဆင့်ကြား သ ရဏဂုံဟုခေါ်ပါ သည်။ သိတတ်ခါစကလေးအရွယ်တုန်းကလူကြီးမိဘများသင်ပေး သဖြင့်မိဘရိုးရာရွတ်ဆို မှုမျိုးသာဖြစ်သည်။ ကိုယ်တွေ့သရ ဏဂုံဆိုသည်မှာ သက္ကာ ယဒိဋ္ဌိ(ငါစွဲ၊ ငါ့ဟာ၊ ငါပိုင်ဟုစွဲ သောအယူ)နှင့် ၀ိစိကိစ္ဆာ(မရှင်းလင်းခြင်၊ ယုံမှားသံသ ယဖြစ်ခြင်း)တို့၏ ငြိမ်းပျောက်ရာ ဖြစ်သော အာယတနဓာတ်(မြင်စိတ်၊ ကြားစိတ်၊ နံ စိတ်၊ စားစိတ်၊ ယားနာ စိတ်၊ တွေးတော စိတ်)တရားများ၏ဖြစ်ပျက်ပုံကိုမြင်နိုင် သောသမ္မာဒိဋ္ဌိဥာဏ်(အမြင်မှန်)နှင့်ပြည့်စုံသော သရဏဂုံ မျိုးကိုခေါ်သည်။ ရဟန်း သံဃာတော်များထံမှ သီလယူဆောက်တည်ဖူးသူတိုင်း ကြားဖူးနားဝရှိသည့်ပါဠိစ ကားလေးတွေရှိပါသည်။ ယမဟံ ၀ဒါမိ တံဝဒေထ (ကျွန်ုပ်ဆိုသ လိုလိုက်ဆိုကြ၊) ထိုအခါ လူအများက အာမ ဘန္တေပါ (အရှင်ဘုရားကောင်းပါပြီ ။လိုက်ဆိုပါမည်အ ရှင်ဘုရား)ဟုဝန်ခံကြသည်။ ထို့နောက် “နမော တဿ ဘဂ၀တော အရဟ တော သမ္မာသမ္ဗုဒ္ဓဿ” (အရဟံ ဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူသောထိုမြတ်စွာ ဘုရားကိုရှိခိုးပါ၏။) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ (ဘုရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ တရားကိုဆည်းကပ်ကိုးကွယ်ပါ၏။ သံဃာကို ဆည်းကပ်ကိုး ကွယ်ပါ၏)ဟုသုံးကြိမ်ဆိုခိုင်းပါသည်။ သုံးကြိမ်ပြည့်သောအခါ ရဟန်းသံဃာက တိသရဏ ဂမနံ ပရိပုဏ္ဏံ သရဏဂုံ (ခံယူဆောက်တည်မှု ကိစ္စပြီး ပြည့်စုံပြီ ဟုဆို၏။) လူတွေက အာမ ဘန္တေ(ကောင်းပါပြီအရှင် ဘုရား)ဟုလိုက်ဆို ကြ၏။ ထိုသို့ရ ဟန်းနှင့်သီလယူသူ လူအများ ပါဠိလိုအပြန်အလှန်တိုင်ပေး၊ လိုက် ဆိုကြသော ကိစ္စကိုလူအတော်များများက ဘာကိုဆိုလို့ဆိုမှန်းအဓိပ္ပါယ်မသိစွာနှင့် ဆိုရိုးထုံးစံရှိ၍သာ လိုက်ဆို နေကြသည်။ ထိုသို့ပါဠိစကားဖြင့်အတိုင်အဖောက် ရွတ်ဆိုနေကြသည်မှာသရဏဂုံတည်ဆောက်နေခြင်း၊ သရဏဂုံတင်နေခြင်းဖြစ် သည်ကိုသိမှသိပါလေစဟုတွေးမိပါသည်။ သရဏဂုံ တည်ဆောက်ခြင်းကိုပြုပြီးပါ သော်လည်းဘိုးတော်၊ ဘွားတော်၊ မင်းကြီး၊ မင်းလေး၊ ပျောက်စေဆရာ၊ ပေါက်စေ ဆရာ များအားလုံးကိုလက်တွေ့၊ မျက်တွေ့ကိုး ကွယ်အားထားကြကုန်လေ၏။ မိမိ တို့၏နှုတ်ဖျား မှရွတ်ဆိုတည်ဆောက်ခဲ့သောသရဏဂုံသုံးပါးကိုဘာမှန်းမသိမေ့ လျော့ကုန်ကြလေသည်။ ကိုးကွယ်ရာတွေသုံးပါးမကကိုးကွယ်ကြလေ၏။ ထို့ပြင် သေသောသူ၏ရုပ်အလောင်းအား မြန်မာ့ရိုးရာအတိုင်းသရဏဂုံတင်လေ့ရှိပါသည်။ သေသောသူကိုသရဏဂုံတည်ပေး၍ထို သူမှာသရဏဂုံအကျိုးကိုမရ တော့ပါ။


တဆက်တည်းပြောလိုသည်မှာ ယနေ့အချိန်ခါမှာတော့အတုယောင်များကအတော် နေရာယူလာကြပါပြီ။ အနည်းငယ်ပြောပြလိုပါသည်။ လူတွေကိုက အားကိုးစရာဟု ထင်မှတ် ကာနတ်များ၊ မယ်တော်၊ ဘိုးတော်များကိုပို၍အလေးထားပြုလုပ် နေကြပါ သည်။ ကိုကြီး ကျော်ဆိုသော အမူးသမားနတ်ကိုကိုယ်ကွယ်ရာအဟုတ်မှတ်ကာ သွားရောက်ဆက်သနေ ကြပါသည်။ ဘုရားရှင်က သေသေရည် စီးပွားပျက်ကို တစက်ကယ်မျှမသောက်ကြ နှင့်ဟု ဆုံးမတော်မူခဲ့ပါသည်။ မောင်ကျော်ကအိုး လိုက်သောက်ကာ အံဖတ်ဆို့သေခဲ့ပါတယ်။ စာဖတ်သူများပင် တွေးကြည့်ကြပါ။ အမေဂျမ်း ဆိုသောနတ်ကိုကြည့်ပါ။ အဲဒီနတ်ဝင်လာ တဲ့အခါမှာဆဲဆိုကာမိုက်ရိုင်း သောစကားများနဲ့ဟောလေ့ရှိပါတယ်။ ဘုရားက၀ဇီဒုစရိုက် လေးပါးကိုမလုပ်ကြ ရန်ဆုံးမတော်မူခဲ့ပါသည်။ အမေဂျမ်းဆို သူကဘုရားနှင့်ဆန့်ကျင်ကာပြောဆိုနေ ပါသည်။ မနှဲလေးဆိုသော ကလေးနတ်ကိုကြည့်ပါ။ သူသည်ယနေ့တိုင်အောင်စ ကားမပီသေးပါ။ မူကြိုကျောင်းကိုတောင်ပို့ထားသင့်ပါတော့သည်။ အဲဒီကလေးနတ် ၀င် သောအခါ ယနေ့ပေါ်သီချင်းများသီဆိုကာနတ်ကကြပါသည်။ အဲဒီကလေးက ယနေ့ထွက် သောသီချင်းများကိုလည်းလိုက်ဆိုတက်နေပါတယ်။ စဉ်းစားတာကြည့် ပါ။ အိမ်တွင်းအဖေ ကြီးဟုခေါ်နေကြသော မောင်တင့်တယ်သည်မီးရှို့အသက်ခံရ ၍သေရခဲ့ပါတယ်။ သူကို လည်းအိမ်မှာဘာကြောင့်ခေါ်ကာတင်ထားကြပါသလဲ။ အစွဲကြောင့်နတ်စိမ်းဖြစ်နေသည်ဘဲထားပါဦး။ သူတို့ကိုပေးကမ်းကျွေး တဲ့အနေနဲ့ တော့ပြုလုပ်လို့ရပါတယ်။ ဘုရားစင်နားရှိနေသောဘိုးတော်ရုပ်များမှာအတော်ပင် ရုပ်ပျက်လှပါတယ်။ ဘုရားနား နေပြီး ဒူးပေါ်၊ ပေါင်ပေါ်ဖြင့်ထိုင်ကာနေပါ သည်။ ထိုသို့ရိုင်းဆိုင်းသောသူများကိုဘာကြောင့်များအိမ်မှာ ထားနေကြသည်ကိုမသိ တော့ပါ။ ထိုအကြောင်း များပြောရင် ဆုံးမှာမဟုတ်တော့ပါ။ စာ ဖတ်သူများ ဥာဏ် ဖြင့်စဉ်းစားကြည့်ပါတော့။ (လူတိုင်း။ အိမ် တိုင်းကိုး ကွယ်နေကြသည်ဟု ကျွန်တော် မပြောပါဘူး)။ ထိုနတ်များကို ကိုကွယ်ပြီးသေပါက အန်ဖတ်စားပြိဿာဖြစ်ရပါ တယ်။ ပေးကမ်းကျွေးမွေးမှုအနေနဲ့တော့ ပြုလုပ်လို့ရပါသည်။ ထိုနတ်များကိုကိုး ကွယ် ရာဟူ၍အားထားမိပါက သရဏဂုံပျက်ပါတယ်။ ထိုသို့မဖြစ်ရလေအောင်အ လေးနက် ထား၍ရေးသားခြင်းဖြစ်ပါတယ်။ သို့မှသာသရဏ ဂုံတည်သော၊ မြဲသော၊ ခိုင်သော မြန်မာ ဗုဒ္ဓဘာသာဝင်များအဖြစ်ဂုဏ်ယူဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။ ပြောတော့ဗုဒ္ဓဘာသာဆိုပြီး တခြားအလုပ်တွေလုပ်နေသည်မှာ အရှက်မရှိသော သူများပမာဖြစ်နေပါတော့မည်။ ထို့ကြောင့်ဘုရား၊ တရား၊ သံဃာသာလျင်ကိုးကွယ် ရာအစစ်မှန်ဟုသိလိုက်ပါက နောက်နေ့မှ စ၍နတ်များ။ မယ်တော်၊ ဘိုးတော်များကို ဘာအကြောင်းနှင့်မျှကန် တော့မနေသင့်ပါ။ ဗုဒ္ဓ ဘာသာတိုင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ကြသူများဖြစ်ပါတယ်။ မိမိကောင်းတာလုပ်ရင် ဆုတောင်းစရာမလိုဘဲ ကောင်းကျိုးရမှာအမှန်ပင်ဖြစ်ပါသည်။ မကောင်းတာလုပ်၍ပြေ ပျောက်ပါရစေဟု ဆုတောင်းနေ၍လည်းမရတော့ပါ။ စေတနာသည်ကံဖြစ်ပါ သည်။ မိမိပြုသောကံ သည်မိမိအတွက်ပြန်ခံစားရကြောင်း ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ် မည်ဟုထင်မိ ပါသည်။ မိမိအတွက်ဘုရား၊ တရား၊ သံဃာသည်သာကိုးကွယ် အားထားရာအစစ် မှန်ဖြစ် ကြောင်းသိရှိကြမည်ဟုယုံကြည်ရပါမည်။ ထို့ကြောင့်မည်သည့်နေရာ ရောက်ရောက် သရဏဂုံသုံးပါးကိုအမြဲ တည်နေကြပါ။ နံနက်အိပ်ရာထသည်နှင့် တပြိုင်နက် ဗုဒ္ဓ သရဏံ ဂစ္ဆာ မိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ၊ ဟုရွတ် ဆိုပြီးဖြစ်နေပါကအလွန်ကောင်းပါ သည်။ ရေသောက်နေစဉ်၊ ကားစီးနေစဉ်၊ စား သောက်နေချိန်မည်သည့်နေရာ၊ အချိန်မဆို ရွတ်ဆိုပွားများ နေနိုင်ပါသည်။ သတိ တရားရှိဖို့ အဓိကသတိ ပေးပါရစေ။ သတိလွတ် တာနှင့်ပွားများဖြစ်မည်မဟုတ် တော့ပါ။

သရဏဂုံတည်နေစဉ် “ငါ” ကရွတ်နေတာမဟုတ်ဘူး၊ သဒ္ဓါတရားကရွတ်နေ တာဖြစ် သည် ဟု“ငါ”နှင့်ခွာ၍ ကြိုးစားတည်ကြပါ။ သတိတရားမလွတ်ကြစေရန်ထပ်မံ၍ သတိပေးပါရစေ။ ဤသို့မိမိသိနေသောအသိများအတိုင်း လိုက်ကျင့်ကာဒုက္ခအ ပေါင်းမှလွတ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကိုလျင်မြန်စွာရောက်ရှိနိုင်ကြပါစေ။…။



“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”



စာရေသူ- အောင်ဆွေဦး
သူတစ်ပါးတို့၏ မသင့်လျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှုပြု၊ မပြုကို မကြည့်ရှုရာ၊ မိမိ၏ကောင်းမှု မကောင်းမှု ပြု၊ မပြုကိုသာလျှင်ကြည့်ရာ၏။


(ဓမ္မပဒ)
အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူအားလုံးအား
အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော တရားတော်သည်မ လိုက်နာ၊ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။

(ဓမ္မပဒ)

ကံအကျိုးပေး မတူညီခြင်းအကြောင်း

လောက၌ သတ္တ၀ါတို့၏စိတ်သည် အင်မတန် ဆန်းကြယ်လှပေ၏။ ထိုသို့ ဆန်း ကြယ်လှသော စိတ်တို့၏ပြုပြုဖန်တီးခဲ့သည့်အတိုင်းပင် ရရှိနေကြပေပြီ။ ယခုရရှိ နေသော မိမိတို့၏ အခွင့်အရေး၊ လာဘ်လာဘတို့သည် အတိတ်၌ပြုလုပ်ခဲ့သော ကံအကြောင်းတရားများကြောင့်ပင်ဖြစ်ပေသည်။ အတိတ်ဆိုရာ၌ ပြီးဆုံးခဲ့သော အချိန်အားလုံးကို ယူရပေမည်။ အကြောင်းကြောင့် အကျိုးဖြစ်ရသော ပဋိစ္စ သမုပ္ပါဒ်ဒေသနာတော်အရ အတိတ်က အ၀ိဇ္ဇာနှင့်တဏှာတို့ကြောင့် ယခုလက်ရှိ၌ ဒုက္ခသစ္စာကြီးကို ရရှိနေပေသည်။ အ၀ိဇ္ဇာဆိုရာ၌ သိသင့်သည်တို့ကို မသိခြင်း၊ မသိသင့်သည်တို့ကို သိနေခြင်းကို ဆိုလို၏။ တဏှာကတော့ တွေ့ကြုံနေသမျှ ကာမဂုဏ်တို့အပေါ်၌ လိုချင်တပ်မက်နေခြင်းပင်ဖြစ်၏။

ထိုသို့ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှု တို့ကြောင့် ယခုဒုက္ခသစ္စာခန္ဓာကိုယ်ကြီး ကို ရရှိနေသလို ယခုလက်ရှိ အ၀ိဇ္ဇာ-မသိမှုနှင့် တဏှာ-လိုချင်မှုတို့ အတော မသတ် အထပ်ထပ် ဖြစ်နေပြန်လျှင်လည်း နောက်ထပ် ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကို ရရှိကြပေဦးမည်ဆိုတာ သတိပြုသင့်လှပေသည်။ ထိုဒုက္ခသစ္စာခန္ဓာတို့ကို ဘုံအား ဖြင့် ခွဲပြရလျှင် လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်လေးဘုံဟူ၍ရှိ၏။ ဤ မတူညီသော ဘုံဘ၀တို့သည်လည်း မိမိပြုမူခဲ့သော ကံတရားတို့ကြောင့်ပင်ဖြစ်၏။ တဖန်လည်း ထိုဘုံဘ၀တွေမှာပင် ရရှိသောဆင်းရဲချမ်းသာတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ လူတို့၌ လူချမ်းသာ၊ လူဆင်းရဲတို့ရှိသလို နတ်၌လည်း နတ်ချမ်း သာ၊ နတ်ဆင်းရဲဟူ၍ ကွာခြားနေပေသေးသည်။ တိရစ္ဆာန်တို့မှာလည်း ဤသို့ပင် ဖြစ်နေကြပေသည်။ ထိုသို့ ကံ ကံ၏အကျိုးကြောင့် မတူညီသောအချက်တို့ကို ကြည့်ပြီး မိမိရသမျှနှင့် ရောင့်ရဲသင့်လှပေသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကုန်သောဘုရားရှင်တို့နှင့် တွေ့ကြုံခဲ့သည်ထားဦး မွန်မြတ်သော တရားတော်နှင့်ကား လွဲသွေခဲ့ရလေပြီ။ ထို့ကြောင့် စာဖတ်သူတို့အား ကျွန်ုပ်အကြံပေးလိုသည်မှာ ကျန်ရှိသောအချိန်တို့ကို မေ့လျော့နေမှုတို့ဖြင့် ဖြုန်းတီးမနေတော့ဘဲ တန်ဘိုးရှိသောလူ့ဘ၀မှာ တန်ဘိုးရှိသော ဗုဒ္ဓဟောကြား ခဲ့သည့် တရားတောများအတိုင်း ကျင့်ကြံနေထိုင်ကြမှ တော်ပေမည်။

ထိုသို့ စကားချီး ဆိုပြီးနောက် လူတို့၏ကံအကျိုးပေး တစ်ယောက်နှင့်တစ်ယောက် မတူညီသောအကြောင်းတို့ကို ပြောပြပါအံ့။ ထိုအကြောင်းတို့ကို မပြောသေးခင် မတူညီသောအချက်တို့ကို အရင်ဦးဆုံး ဆိုရပေဦးမည်။


(၁) တချို့ အသက်ရှည်၏၊ တချို့အသက်တိုကြ၏။

(၂) တချို့ ဝေဒနာများ၏၊ တချို့ဝေဒနာမများကြ။

(၃) တချို့ ရုပ်အဆင်းလှပ၏၊ တချို့ ရုပ်ဆိုးကြ၏။

(၄) တချို့ ဘုန်းကံကြီး၏၊ တချို့ ဘုန်းကံနည်းကြ၏။

(၅) တချို့ စီပွားရေးအောင်မြင်ကြ၏၊ တချို့ စီပွားရေးမအောင်မြင်ကြ။

(၆) တချို့ အမျိုးမြတ်၏၊ တချို့ အမျိုးမမြတ်ကြ။

(၇) တချို့ ဥာဏ်ပညာထက်မျက်ကြ၏၊ တချို့ ဥာဏ်ပညာမထက်မျက်ကြ။


ဤ ပြဆိုခဲ့သော ကံအကျိုးပေး မတူညီကြခြင်းမှာ အဘယ်ကြောင့်နည်း။ အတိတ် ကံတို့၏အကြောင်းများ မတူညီခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ (၁) အကြင်သူသည် ထိုထို ဘ၀တို့၌ သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဘ၀၌ အသက်တိုရ၏။ ထိုသို့မပြုဘဲ တစ်ပါးသောသူတို့၏အသက်တို့ကို ကြင်နာသနားတတ်ပြီး မသတ်မဖြတ်ခဲ့သူတို့မှာကား အသက်ရှည်ကြပေ၏။ (၂) သူတစ်ပါးတို့အား ညှင်းဆဲခဲ့သူတို့မှာ ယခုဘ၀၌ ရောဂါဝေဒနာ ထူပြော ကြပြီး မညှင်းဆဲဘဲ ကြင်နာတတ်သူတို့မှာကား အနာရောဂါမထူပြောဘဲ ကိုယ်ချမ်း သာခြင်းနှင့် ပြည့်စုံကြရပေသည်။ (၃) သူတစ်ပါးတို့အား မေတ္တာတရားထားခဲ့ကြ သူတို့မှာ ရုပ်အဆင်းလှကြပြီး ဒေါသစရိုက်ကြီးခဲ့သူတို့မှာကား ရုပ်အဆင်းဆိုးကြ ပေသည်။ (၄) ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခဲ့ကြသူတို့မှာ ယခု ဘ၀ ဘုန်းကံကြီးမားကြပြီး ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့နေခဲ့ကြသူတို့မှာကား ဘုန်းကံနည်းပါးကြရပေသည်။ (၅) နှမျောတွန့်တိုခြင်း(မစ္ဆရိယ)ကို နှင်ထုတ်ပြီး သူတစ်ပါးတို့အား ပေးကမ်းလှူဒါန်းခြင်းအမှုကို ပြုလုပ်ခဲ့ကြသူတို့မှာ စီပွားရေး အောင်မြင်တိုးတက်ကြပြီး မိမိရှိတဲ့ဥစ္စာပစ္စည်းတို့ကို မပေးရက်မလှူရက် နှမျှော တွန့်တိုသူတို့မှာကား စီးပွားရေး မအောင်မြင်၊ မတိုးတက်ခြင်းဖြစ်ရပေသည်။ (၆) မာန်မာန ထောင်လွှားတက်ကြွပြီး သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံတတ်သူတို့မှာ နိမ့်ကျသောအမျိုး၌ လူလာဖြစ်ကြရပြီး ထိုသို့ မပြုမူခဲ့သူတို့မှာကား မြင့်မြတ်သော အမျိုး၌ လူလာဖြစ်ကြရပေသည်။ (၇) တစ်ပါးသောသူတို့အား ကောင်းမွန်သော အသိပညာ၊ အတတ်ပညာတွေ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်း၊ ကိုယ်ကိုယ် တိုင်လေ့လာသင်ယူခြင်းစသော ပညာပါရမီတို့ကို ပြုလုပ်ခဲ့ကြသူတို့မှာ ယခုဘ၀ ပညာဥာဏ်ထက်မျက်ကြပြီး မိမိ၏အတတ်ပညာ၊ အသိပညာတို့ကို အကြောင်းပြု ၍ သူတစ်ပါးတို့အား နှိမ့်ချဆက်ဆံခဲ့ခြင်း၊ မိမိကိုယ်တိုင် ပညာဆည်းပူးလေ့လာမှု မပြုခဲ့ကြသူတို့မှာကား ယခုဘ၀ ဥာဏ်နည်းကြရပေသည်။

ထိုသို့သော အကြောင်းတရားများကြောင့် ရရှိနေကြသော အကျိုးတရားတို့မှာ မတူနေကြခြင်းဖြစ်ပေ၏။ မိမိပြုလုပ်ခဲ့သော ကံအကြောင်းတရားများအတိုင်း ရရှိ နေကြသည်ကို လက်ရှိကိုယ်ပိုင်ဆိုင်ထားသော အခွင့်အရေးအား မကျေမနပ် ဖြစ်ပြီး မရောင့်မရဲမရှိကြလေနှင့်။ ရရှိထားသောအခွင့်အရေးကို မကျေနပ်၍လည်း လမ်းမှားကို မကျင့်ကြလေနှင့်။ ကျင့်ကြံနေကြမည်ဆိုလျှင် အကုသိုလ်ကံအသစ် တို့ကိုသာ ပြုလုပ်နေသလိုဖြစ်ပေမည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် ယခုဘ၀၌ ကောင်းမှုတို့ကိုသာ များများပြုလုပ်ကြဘို့ လိုအပ်ပါသည်။ နောက်ဘ၀ ကောင်းစားဘို့အရေး ဆိုလိုနေခြင်းလည်း မဟုတ်ပါပေ။ ယခုရရှိထားသော ခန္ဓာငါး ပါး ဒုက္ခသစ္စာကြီးမရှိရာ နိဗ
န်ကိုသာမျှော်မှန်း၍ ဒါန၊ သီလ၊ ဘာဝနာတရားများ ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။...။


စားဖတ်သူတို့အားလုံး စိတ်ဆင်းရဲခြင်း ကင်းငြိမ်းကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင်

နေရေးမခင် သေရေးပြင်လော့

ဘ၀တစ်ခုရလာပြီဆိုလျှင်မွေးဖွားခြင်းမှအစပြု၍သေဆုံးခြင်းမှာအဆုံးသတ်ရပါတယ်။ သေဆုံးခြင်းကိုမည်သူမှ လွန်ဆန်နိုင်ခြင်းမရှိပါဘူး။ ထို့သို့ဆိုရလျှင်သေဆုံးဖို့အတွက်ပြင် ဆင်ဖို့လိုအပ်ပါမည်။ ဘ၀ဖြစ်တည်လာတာနှင့် အိုခြင်း၊ နာခြင်းတို့သည်လည်းကြုံဆုံရမည် မှာမလွဲပေ။ အို၊ နာ၊ သေခြင်းတရားတို့သည် ဆင်းရဲကြောင်းအမှန် ပင်ဖြစ်ပါသည်။ ရှေးရှေး ဘ၀များက မိုက်အားကြီးခဲ့၍ ယခုအချိန်တိုင်အောင် ဒုက္ခပင်လယ်ဝေနေရသည်ကို သတိသံဝေဂရကြပါစေ။ ရှေးကဘုရားအဆူဆူပွင့်ခဲ့သော်လည်း ဘုရားမမြင် တရားမခင်သောကြောင့်ယခုတိုင် အောင်သံသရာခရီးသည်ရှည်လျားနေရပါတော့သည်။ ယနေ့အချိန် မှာနေရေးအတွက်ကြိုးစားနေရသလိုသေး ရေးအတွက်လည်းပြင်ဆင်သင့်ပါပြီ။ လက်ရှိဘ၀ခန္ဓာကို သံသရာကောင်းကျိုးအတွက်အသုံးချတက်ဖို့အကြံပေး ပါရစေ။
စလေဦးပုညကအောက်ပါအတိုင်းရေးစပ်ခဲ့သည်ကို သတိသံဝေရကြပါကုန်…

“ယခုခါမူ၊ လူလည်းဖြစ်လာ

သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား

ဟောကြားမည့်သူ၊ လူလည်းမရှား

သို့ပါလျက်သားနှင့်မှ

တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်

အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်

အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့

လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”

ထိုအချက်များကိုတွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်းကြုံပြီ၊ ဟောကြားနေသောရဟန်း သာဝကများလည်းပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက်၊ တရားပျက်၊ စရိုက်ပျက်၊ မူပျက်နေရင် တော့လူဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။ နောက် ထပ်သံသရာခရီးလည်းရှည်ရပါမည်။ မိမိသည်တနေ့ထက်တ နေ့သေးမင်းဆီကိုဦးတည်သွားနေသည်ကိုလူတိုင်းသိပြီးဖြစ်ပါမည်။ မိမိသည်ခရီးသွားမည်ဆိုလျှင်မသွားခင်ကြို တင်ပြင်ဆင်ကြရပါသည်။ ထို့အတူသေမင်းဆီသို့သွားရမည့် ခရီးကိုမည်သို့သောအရာများနှင့်ပြင်ဆင်ကြပါမည် နည်း။ မိမိကိုယ် ကိုပြန်မေးကြည့်ပါ။ သရဏဂုံတည်၍သေမည်လား၊ သမထ အားထုတ်၍သေမည်လား၊ ၀ိပဿ နာတရားအားထုတ်၍သေမည်လား ဆိုသည်ကိုစဉ်းစားပြင်ဆင်ကြသင့်ပါပြီ။ ပုထုဇဉ်တွေဟာမိမိတို့ဘယ်ဘ၀က လာတယ်ဆိုတာကိုမသိကြပါဘူး။ သေရင်ဘယ်ကို သွားမယ်လို့လည်းမ သိကြဘူး။ ဘယ်နေ့သေရမယ်ဆိုတာ ကိုလည်းမသိကြဘူး။ နေသာနေ နေကြတယ်ဘာမှလည်း ရေရေရာရာမရှိလှဘူး။ ဒါကြောင့်နေရတဲ့အခိုက် တန့်ကာလလေးမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ဗြဟ္မစိုတရား များနှင့်နေထိုင်သင့်ပါသည်။ လူတွေ ရဲ့သက်တမ်းများတိုလာခြင်းမှာ ထိုတရားများခေါင်းပါးလာသောကြောင့်ဖြစ်ပါသည်။ စာဖတ်သူများသည်လည်း အနေလှဖို့ အတွက်သာမပြင်ဆင်တော့ဘဲ အသေလှကြောင်းတရားများကိုလည်း သိရှိကာနေရေးမခင် သေရေး လည်းပြင်သင့်ပါပြီဟုအကြံပြုလိုပါသည်။

အသေလှကြောင်းတရား(၄)ပါး..

(၁) တစ်ကိုယ်ကောင်းမဆန်ခြင်း။

(၂) ကုသိုလ်ပူနွေးခြင်း။

(၃) အစွဲကင်းခြင်း။

(၄) ယုံမှားကင်းခြင်း။


မိမိသည် အရာရာတိုင်းကို ငါ့ပစ္စည်း၊ ငါ့ပိုင်၊ ငါဆိုင်တယ်ဆိုတဲ့ ငါစွဲတရားများမရှိခြင်း ကြောင့်မိမိရဲ့စိတ်ထဲမှာ လောဘ၊ ဒေါသ များနည်းပါးကာ ကုသိုလ်တရားများ ပိုမိုပြုလုပ် ကြပါမည်။ မိမိပြုလုပ်ထားတဲ့ ကုသိုလ်တရား များကို မမေ့မလျော့နေဘဲပြန်လည်စဉ်းစား ကာပီတိဖြစ်ရပါမည်။ မိမိ၏ ပိုင်ဆိုင်မှု၊ ဆွေမျိုးအစရှိသောအရာ များကို အစွဲမထားရပါဘူး။ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံမှားသံသယ မဖြစ်ရပါဘူး။ သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားမျိုးဖြစ်အောင် ကိုးကွယ်တက်ရပါမည်။ မိမိသည်ကုသိုလ်တရားများကိုပြန်လည်သတိရချိန်တွင်သတိ ရစိတ်သည်အမြဲမရှိသည်ကို ပိုင်းခြားသိမြင်နိုင်ပါက ၀ိပဿသနာဥာဏ် ဖြစ်ပါသည်။ (၀ိပဿနာဥာဏ်ဖြင့်တ ရားအားထုတ်၍သေခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်)။ သေခါနီးအချိန်မှာ နာတဲ့ဝေဒနာကိုခံစားကြရမှာပါ။ ထိုဝေဒနာကို ငါ ခံစားနေတယ်လို့ နှလုံးမသွင်းရပါဘူး။ ဝေဒနာသည်ငါမဟုတ်။ ဝေဒနာ အနိစ္စ(အမြဲမရှိ) ဟူ၍ ဝေဒနာနှင့် ငါခွာ၍သေတက်လျှင်အကောင်းဆုံးသေနည်းဖြစ်ပါမည်။ ထိုသို့သေခြင်းသည်သေခါးနီးအချိန်မှာပင် သောတပန်တည်နိုင်ပါသည်။

“လူ့သက်၊ လူ့အိမ်၊ လူ့စည်းစိမ်က

မိုးတိမ်လျှပ်နှယ်၊ ပျံသော်ကြယ်မျှ

ကြာနွယ်ရေခြောက်၊ သေမီးတောက်သို့

ချုပ်ပျောက်ခန္နာ ကွယ်ရရှာသည်

မှန်စွာဒုက္ခပါတကား။”


လူ့အသက်၊ လူ့အိမ်၊ လူ့စည်းစိမ်ဆိုတာ မိုးပေါ်ကမိုးတိမ်တိုက်တွေလိုပါပဲ အခုမော့ကြည့် လိုက်ရင်ဒီနေရာဆို ပေမယ့် နောက်တကြိမ်ကြည့်လိုက်ရင် လျှင်မြန်စွာနေရာပြောင်းလွှဲသွားတာတွေ့ပါလိမ့်မယ်။ ရေထဲကကြာပန်း ကိုခူးပြီး နေပူပူမှာပစ်တင်ကြည့်ပါကခဏအတွင်း ခြောက်ကပ်သွားမှာ တွေ့ပါလိမ့်မယ်။ မီးတောက်အရက်ကို လောင်းပြီး မီးရှို့ကြည့်ပါက ဟုတ်ခနဲလောင်ပြီ ငြိမ်းသွားတာတွေ့ပါလိမ့်မယ်။ ဒီလိုပါပဲအသက်တစ်ခု၊ ဘ၀တစ်ခု လို့ ပြောနေကြတဲ့ ဒီခန္ဓာဟာအိုခြင်း၊ နာခြင်း၊ သေခြင်းဘေးသို့အလျှင်အမြန်သွားနေတယ်ဆိုသည်ကို သတိ သံဝေဂရကာ ၀ိပဿနာ ဘာဝနာကို အစဉ်ပွားများနေသင့်ပါသည်။ စာဖတ်သူများ ဒေသနာဥာဏ်များတိုးပွား ကာအသိတရားကို အကျင့်လိုက်၍ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။…။


“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”



ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့ရောက်ရှိရာ ရပ်လျှက်ပင်တရားကိုနာ ကြားတော်မူလေ၏။ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီးသောအခါ သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ် သည်ထိုသို့ရပ်လျက်တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက်ကာလက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့လျှောက်ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင်ဘုရားသည်အလွန် နူးညံ့သိမ်မွေ့ခြင်းရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကိုပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။ ထိုအခါဘုရား ရှင်က နန္ဒမထေရ်အားမိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည်တစ်ကမ္ဘာပတ် လုံးတရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံးတရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူ ခဲ့လေ၏။ တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားသည်ပင်တရားနာကြားခြင်း အမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲနေသင့်ပါ မည်နည်း။ နားကိုအဘယ်သို့သော သဒ္ဒါရုံ(အသံ) ဖြင့်အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ ဓမ္မအသံဖြင့် သာအလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။
ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူးကြပါမည်။ ဖာကလေးသည်ဗုဒ္ဓ၏ အသံတော် ကိုသာယာသောစိတ်ဖြင့် နာကြားနေချိန် နွားကျောင်းသား၏တုတ်ဖြင့်သေဆုံးပြီး နတ်ပြည်၌နတ်သားဖြစ်ရပေ သည်။ ထို့နောက်နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားသံ မဆုံးသေးခင်လူပြည်သို့ဆင်း ကာဆက်လတ်တရား နာကြားခြင်းကြောင့်သောတာပန်တည်ခဲ့လေ၏။
တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့သည်လည်းတစ်ခုသော ဘ၀မှာလင်းနို့ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်းမြောက်မှုဖြင့် နာကြားခဲ့ဘူးသော အထုံကြောင့်ကျွန်ုပ်တို့မြတ်စွာဘုရားလက်ထက်၌ အဘိဓမ္မာဆောင်ရဟန္တာငါးရာဖြစ်ခဲ့ကြပေသည်။
ကျွန်တော်တို့အနေဖြင့် ယခုအချိန်အခါမှာဆရားတော်ကြီးများဟောကြားနေသောတရားတော်များအလွယ်တ ကူရရှိ နာကြားနေနိုင်သည်မှာအလွန်ပင် ကံကောင်းပါသည်။ တရားကိုအရင်ဆုံးနာကြားမှသာ မိမိသည်အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ပါသည်။ တရားနာရခြင်းကြောင့်...

၁။မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်း၊

၂။ ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊


၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊


၎။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊


၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။

စသောအကျိုးတရားများကို လက်တွေ့ရရှိနိုင်ပါသည်။ စာဖတ်သူများသည်လည်းတရားတော်များကို နာကြားကာ တရားတော်များအတိုင်း ကျင့်ကြံပွားများ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။....။


“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”



အတုလ် ပုဂၢိဳလ္အား ဘုရားရွင္က...

“မိုက်မဲသူတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ကပဓာနမဟုတ်။
ပညာရှိတို့ရဲ့ချီးမွမ်းခြင်းသာ ချီမွမ်းခြင်းအမှန်။
ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းသာ ကဲ့ရဲ့ခြင်းအမှန်။
လူမိုက်တို့ရဲ့အားက ပြစ်တင်ကဲ့ရဲ့ခြင်း” ဟု ဘုရားရှင်က ဟောတော်မူခဲ့ပါ၏။

နန္ဒာသိန်းဇံ ( မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်မှ-)
ရွှေအိမ်နန်းနှင့် ကြငှန်းခံလည်း မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်
မင်းစည်းစိမ်ကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်
ရေပွက်ပမာ တစ်သက်လျှာတည်း။
( အနန္တသူရိယ အမတ်)

ခန္တီတာဝန်

~ ဆဲဆိုတာ သူ့အလုပ် သည်းခံရမှာ ကိုယ့်တာဝန်၊
~ ချစ်စရာကောင်းတာ သူ့အလုပ် မချစ်မိအောင်သည်းခံတာ ကိုယ့်တာဝန်၊
~ မုန်းစရာကောင်းတာ သူ့အလုပ် မမုန်းမိအောင်သည်းခံတာ ကိုယ့်တာဝန်၊
~ အာရုံတွေပေါ်တာ သူ့အလုပ် ကိလေသာတွေမဖြစ်အောင်သည်းခံတာ ကိုယ့်တာဝန်။
အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မသံစဉ်များ စာအုပ်မှ)

မိတ်ဆွေကောင်း

အသေ၀နာစ ဗာလာနံ=လူမိုက်တို့ကို မဆည်းကပ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်ပါပေသည်။ ထို့အ တွက်လူမိုက်ကိုရှောင်ရှားရမည်ကို လူတိုင်းသိနှင့်နေကြပါသည်။ လူမိုက်ကိုရှောင်လိုက်တာနှင့်တပြိုင်နက်လူ လိမ္မာကိုပေါင်းရမည်ဟုသိထားရပါမည်။ အပေါင်းအသင်းသည် လောကတွင်အလွန်ပင် အရေးကြီးလှ ပါသည်။ မိမိပေါင်းနေ သောသူသည် မိမိအတွက် မိတ်ဆွေကောင်းလား၊ မိတ်ဆွေတုလား ဆိုသည်ကိုသိရပါ မည်။ အ ပေါင်းအသင်းကြောင့်ပျက်စီးသွားသော လူကောင်းများကိုလည်း စာဖတ်သူများ မြင်တွေ့ဖူးမည်ထင်ပါသည်။ မိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်း ဖြစ်အောင်ကြိုးစား နေထိုင်သင့်ပေသည်။ အပယ်ဖော်မိတ်ဆွေတုလေး မျိုးကိုဘုရားရှင်က ဟောကြားတော် မူခဲ့ပါသည်။

(၁) အရက်သေစာသောက်စားရာ၌အဖော်ပြုသူ။
(၂) ညအခါ အခါမဲ့လည်ပတ်သွားလာရာ၌ အဖော်ပြုသူ။

(၃) ပွဲလမ်းသဘင်၊ ဗွီဒီယို၊ ရုပ်ရှင် ကြည့်ရှုရာ၌ အဖော်ပြုသူ။

(၄) လောင်းကစားရာ၌ အဖော်ပြုသူ။ ဤအင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖော် မိတ်ဆွေတု ဟု ခေါ်ပါသည်။

(သိင်္ဂါလောဝါဒသုတ်တော်)

မိမိကိုယ်တိုင်လည်းမိတ်ဆွေကောင်းဖြစ်အောင်ကြိုးစာနေရသိလို၊ မိမိပေါင်းသော သူသည်လည်းမိတ်ဆွေ ကောင်းသာဖြစ်သင့်ပါသည်။ အခြေအနေ အကြောင်းကြောင်းကြောင့်ပေါင်းသင်းနေရသော် လူပေါင်းစိတ်ခွာ အနေဖြင့် အကျိုးမရှိသောအလုပ်များကို လိုက်မလုပ်မိစေရန်စောင့်ထိန်းသင့်ပေသည်။ ထို့အတူတရားဓမ္မများ ကိုရှာဖွေလေ့လာရာတွင်လည်းဆရာကောင်းလိုအပ်ပါသည်။ ဘုရားရှင်ကတရားရဖို့ဆရာကောင်းလိုသည်ဟု ဆိုသောစကားကို ၁၇၉၂ ကြိမ်မှာကြားတော်မူခဲ့ပါသည်။ မိမိသည် “ပူဇော်ရာတွင်အ များသံဃား၊ ကိုးကွယ်ရာ တွင်ရွေးချယ်ပါ” သူသောစကားကို နှလုံးသွင်းထားသင့်ပါသည်။ ကျွန်တော်တို့မြန်မာ လူမျိုးများသည်အများ အားဖြင့် သဒ္ဓါတရား(ယုံကြည်မှု) ကောင်းကြပါသည်။ ထိုယုံကြည်မှု အားလုံးသည် ဘု ရား၊ တရား၊ သံဃာ အပေါ်တွင်သာဖြစ်ရပါမည်။ သို့မှမိမိကိုးကွယ်မှု အမှန်ဖြစ်ပါမည်။ ထေရ၀ါဒစစ်မှန်ပါမည်။ အခြားသောနတ်များ၊ ဘိုးတော်၊ မယ်တော်များ ကိုပိုမို၍အားကိုးနေသည်မှာ အလွန် အောက်တန်းကျပါသည်။ ပြောတော့ဗုဒ္ဓဘာသာ၊ လုပ်နေကြသည်ကတော့ ဘုရားရှင်၏တရားနှင့် ဆန့်ကျင်သောအလုပ်များဖြစ်နေကြပါသည်။ ထိုသို့မှား နေသောအယူအဆများကို မိမိပတ်ဝန်းကျင်မှာ တွေ့ရှိခဲ့သော် အမှန်ကိုပြောပေးသင့်ပါသည်။ အမှားတကာ အမှားထဲတွင် ကိုးကွယ် မှုမှားခြင်းသည်အဆိုးဆုံးဖြစ်ပါသည်။ အမှန်ကိုပြောပေးရမည်မှာမိမိတာဝန်ဖြစ်ပါသည်။ လိုက်နာမှု့ ရှိ၊ မရှိသည်မိမိနှင့်မဆိုင်တော့ပါ။ မပြောပေးပါက မိမိသည်မိတ်ဆွေကောင်းမဟုတ်ပါ။ ပြောမရ သည့်နောက်ဆုံးမှဥပေက္ခာပြုရပါမည်။

စာဖတ်သူတို့သိနှင့်နေပြီးသော(သတ္တိဂုမ္ဗဇာတ) ဇာတ်ကိုအနည်းငယ်ပြောလိုပါသည်။
ဤနေရာတွင် ဓားပြလူမိုက်တို့နှင့်ပေါင်းမိ၍ ကျေးမိုက်ဖြစ်ရသော သတ္တိဂုမကျေးနှင့် သူတော်ကောင်းနှင့်ပေါင်း မိ၍ကျေးလိမ္မာဖြစ်ရသော ပုပ္ဖသူဝကျေးတို့ကို နှိုင်းယှဉ်ကြည့် သင့်ပါသည်။ ရှေးအခါက ပဉ္စာလတိုင်းမှပဉ္စာလ ဘုရင်ကြီးသည် တောကစားထွက်ရာမှခရီးလွန်ကာရွာတစ်ရွာသို့
ရောက် သွား၏။ ရွာတံခါးကို ၀င်မိလျင် “ဒီဘုရင်ကြီးကို ဖမ်းကြ၊ ဆီးကြ၊ သတ်ကြ” စသောရက်စက် ကြမ်းကြုတ်လှသည့်အသံကိုကြားရ၍ အသံလာရာ သို့ကြည့်လိုက်ရာကျေးသားတစ်ကောင် အော်ဟစ်ပြောဆိုနေသည်ကိုတွေ့လိုက်ရ၏။ ထိုရွာသည်ဓားပြရွာ ဖြစ်၍ကျေးသားသည်လည်း ဓားပြများနှင့်အတူအနေကြာလာသဖြင့်ရက် စက်ကြမ်းကြုတ်သောစိတ်ဆိုးစိတ် ယုတ်များဝင်နေသည့် သတ္တိဂုမကျေးမိုက်ဖြစ်၏။ ဘုရင်ကြီးသည်ကြောက် ရွံ့စိတ်ဖြစ်ပေါ်လာသဖြင့်ချက် ချင်းထို နေရာမှထွက်ခွာလာရာ မကြာမီပင်ရသေ့ကျောင်းတစ်ကျောင်းသို့ရောက် သွား၏။ ရောက်လျှင်ရောက်ချင်းပင် “အရှင်မင်းကြီး ကြွတော်မူပါ၊ ထိုင်တော်မူပါ၊ စမ်းရေအေးအေးသောက်တော်မူပါ၊ ချိုမြိန်သောသစ်သီးများကို လည်းသုံးဆောင်တော်မူပါ၊ ရှင်ရသေ့များ သစ်သီးရှာ သွားနေခိုက်ဖြစ် လို့အရှင်မင်းကြီးကို ဧည့်ဝတ်ပြုမည့် သူမရှိ၍ စိတ်မကောင်းပါ၊ အကျွန်ုပ်မှာ လက်မရှိ၍ ကိုယ်တိုင်ဧည့်ဝတ်မပြု နိုင်ဘဲဖြစ်နေပါသည်၊ အရှင်မင်းကြီး ကိုယ်တိုင်သာ အလိုရှိသလိုသုံးဆောင်တော်မူပါတော့”စသော သာယာသည့် ဧည့်ခံစကားကိုကြား ရ၍အသံ လာရာသို့ကြည့်လိုက်ရာကျေးသားတစ်ကောင် ကိုပင်တွေ့ရပြန်သည်။ ကျေးသား၏သာယာလှသော ဧည့်ခံစ ကားကြောင့်မင်းကြီး၏ပင်ပန်းနွမ်းနယ်မှုတို့သည် ချက်ချင်းပျောက်ငြိမ်းသွားကြကာကြည်သာရွှင်လန်းအပန်းပြေ သွားတော့၏။ ဤကျေးသားကားရသေ့သူတော်စင်များနှင့် အနေကြာသဖြင့် သူတော်ကောင်းဓါတ်အရှိန်ဟပ်၍ သူမြတ်စိတ်ဝင်ကာယဉ်ကျေးလိမ္မာနေသော ပုပ္ဖသူဝကျေးလိမ္မာဖြစ်၏။ မင်းကြီးကယခင်တွေ့ခဲ့သော ကျေးသားနှင့် ယခုကျေးသားတို့ကွားခြားပုံကို ပြောပြစေရာကျေးသားနှစ်ကောင်မှာတစ်အူထုံ့ဆင်းညီရင်းအစ် ကိုများဖြစ်ကြကြောင်း၊ လေပြင်းတိုက်သဖြင့် အသိုက်မှလွင့်ကာတကွဲ တပြားစီကျရာတွင် ယခင်ကျေးသားက ဓားပြများထံ ရောက်သွား၍ ယခုကျေးသားကရသေ့တို့ထံရောက်လာ ခြင်းဖြစ်ကြောင်း ပုပ္ဖသူဝ ကျေးလိမ္မာက ရှင်းပြသဖြင့် မင်းကြီးသိရ၏။

ထိုကျေးညီအကိုနှစ်ကောင်ကို ဥပမာပြုကာ သတိတရားရကြပါစေ။ မိမိရောက်နေသောအရပ်ဒေသ၊ ပတ်ဝန်း ကျင်၊ ပေါင်းသင်းနေသော မိတ်ဆွေသည် မိမိအတွက်ကောင်းကျိုးချမ်းသာဖြစ်စေသလား၊ မကောင်းမှုဖြစ်နေ သလား ဆိုတာကိုသတိဥာဏ်ယှဉ်ကာနေထိုင် တက်ကြပါစေ။ မိမိအတွက်ကောင်းကျိုး ဆိုသည်မှာ လောကီ စည်းစိမ်ကောင်းကျိုးသည် အဓိကမဟုတ်ပေ။ မိမိရဲ့စိတ်တွင် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကု သိုလ်တရားများမှကင်းဝေးစေပြီး၊ သီလ၊ သမာဓိ၊ ပညာတိုးပွားအောင် လမ်းပြပေးနိုင်သော မိတ်ဆွေကောင်း သာလျှင်ပို၍ အရေးကြီးပါသည်။ မိမိကိုယ်တိုင်လည်းမိတ်ဆွေ ကောင်းဖြစ်အောင်နေရ ပါမည်။

ဒေ၀ဒတ်။.....။ လူဆိုးလူမိုက်ကြီး ဒေ၀ဒတ်နှင့် ပေါင်းသင်းမိ၍ အဇာတသတ်ဘုရင်သည် ဖခင်ကိုသတ်မိသဖြင့် ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကိုဆုံးရူံးရရုံမျှမက အ၀ီစိငရဲ၏ အရံဖြစ်သော ဥဿဒငရဲသို့ပင် ကျရောက်ရ၏။

အဂုၤလိမာလ။.....။ လူတစ်ထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အဂုင်္လိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော်သူမြတ်နှင့် တွေ့ဆုံဆည်းကပ်ခွင့်ရ၍ လူဆိုး ဘ၀မှ လွတ်မြောက်ရုံမျှမက အာသဝေါ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွား၏။


“သူတော်ကောင်းဓာတ်တရားမြတ်၊ လွှမ်းပတ်ကမ္ဘာတည်စေသော်…”

စာရေးသူ- အောင်ဆွေဦး

အကဲ့ရဲ့မလွတ်သောလောက

လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်းဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစား ဆောက်တည်နေရမှု စသော ဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင် ပေသည်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်းတရားများရှိခဲ့သောကြောင့် အကျိုးတရားခန္ဓာကိုရလာခြင်း ဖြစ်ပါသည်။ အကြောင်းတရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက် ကျွန်တော်တို့၊ စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှလွတ်မြောက်ရာလမ်းကိုရှာ ရပါမည်။ အတိတ်ကာလက သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တရား။) တဏှာ၊ လောဘ(ပယ်သတ်ရမည့်တရား) များကိုပြုလုပ်ခဲ့၍ ယခုကာလတွင် ဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား။) ဖြစ်-ဒုက္ခ၊ ပျက်-ဒုက္ခ(ပိုင်းခြားသိရမည့်တရား) ကိုရရှိ လာခြင်းဖြစ်ပါသည်။ အတိတ်က မသိမှု(အ၀ိဇ္ဇာ)၊ လိုချင်တမ်းမက်မှု(တဏှာ) ဦးဆောင်ခဲ့သဖြင့်ယခုတိုင် သံသ ရာရှည်နေပါတော့သည်။ ယခုအချိန်တွင် သံသရာမှလွတ်မြောက်ကြောင်းတရားများကို သာကျင့်ကြံသင့်ပါ သည်။ လောကတွင်နေထိုင်ရသ၍ လောကဓံရှစ်ပါး( ငွေရှိခြင်း၊ မရှိခြင်း။ အခြွေရံရှိခြင်း၊ မရှိခြင်း။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်း ခြင်း။ ကောင်ကျိုးချမ်းသာခံစားရခြင်း၊ မကောင်းကျိုးခံစားရခြင်း) နှင့်လည်းကြုံတွေ့ နေရမည်မှာမ လွဲ ပေ။လောကကြီးမှာ မည်သည့်အကြောင်းနှင့်ဖြစ်စေအကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်ကဟောကြားတော်မူခဲ့ပါ သည်။ ထိုကြောင့်မိမိကိုကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့်ကြုံးလာရသည် ရှိခဲ့သော်ရန်တုံ့မပြန်မိစေရန်သတိရှိရ ပါမည်။ မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန်ရောက်လာကြ၏။ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ်ကြ၏။ အရှင်ရေ၀တသည် အနည်းငယ်နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာတရားထိုင်နေလေ ရာအရှင်သာရိပုတ္တရာထံ သွားကြ၏။ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသောအဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာဟောပြောရာငြီးငွေ့လာကြ၏။ သင့်တော်သောတရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်သည်။ အရှင်အာနန္ဒာ ကအခြေခံတရားများ၏လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ်ဟောပြောရာ နားမရှင်းဖြစ်ကြပြန်၏။ ထို့နောက်မြတ်စွာဘုရား၏ရှေ့မှောက်သို့သွားကြရောက်ပြီး လျှောက်ထားကြ၏။“အရှင် ဘုရား အရှင်ရေ၀တ ကတရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါသည်။ အရှင်သာရိပုတ္တရာက ကျယ်ဝန်း စွာဟော၍ ငြီးငွေ့ကြပါသည်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍နား လည်ရန်ခက်ပါသည်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါသည်” ဟုလျှောက်ထားရာဘု ရားရှင်က အောက်ပါအတိုင်း ဟောတော်မူပါသည်။


“အို…အတုလ...ကဲ့ရဲ့ခြင်းသည်ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည်ယခုမှဖြစ်သည်မဟုတ်။ ဆိတ် ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟောသူကိုလည်းကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”


ဆောင်ပုဒ်။...။

လောကလူများ၊ စိတ်အထာကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။ မချဲ့လိုရင်းသင့်ရုံရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊
အပြစ်တင်သည်၊ ဤလျှင်လူ့သဘောပေတည်း။...။

( ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု )၊


မိမိကို ကဲ့ရဲ့ခြင်းလောကဓံနှင့်ကြုံလာခဲ့ရသော် အထက်တွင်ရေးသားထားသော ဘုရားရှင်၏ ဟောကြားသည့် တရားကို သတိရ၍ ရန်နှင့်မတုန့်ပြန်မိစေရန် အသိပေးရေးသားလိုက်ရပါသည်။ ကြုံလာသော လောကဓံတရား ကိုဒုက္ခသစ္စာဟု သိ၍မိမိမှ သမုဒယသစ္စာထပ်မံ မလုပ်မိရန်သတိတရားရှိပါမည်။ စာဖတ်သူများ အသိတရား များတိုးပွား၍ အကျင့်တရားလိုက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


စာရေးသူ- အောင်ဆွေဦး

ဒေ၀ဒတ် ဘုရားရှိခိုး

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိ ဒေ၀ံ နရဒမ္မ သာရထိံ ။
သမန္တ စက္ခုံ သတပုည လက္ခဏံ၊
ဝါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။
အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။ ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလင်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော ။ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။ တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ။ ကိုးကွယ်ရာဟူ၍ သာလျှင် ။ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ပါသည် ဘုရား။ နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မှတ်သားရန်။ ။မြေမြိုနေသောကာလတွင် ဒေ၀ဒတ် က ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနောက်ဆုံး ရှိခိုးရွတ်ဆိုခဲ့သော ဘုရားရှိခိုးဖြစ်ပါတယ်။ ဒေ၀ဒတ်က ဤသို့ ရှိခိုးခဲ့သောကုသိုလ်ကြောင့် နောင်ကာလတွင် ပစ္စေကဗုဒ္ဓ အဖြစ်ပွင့်မည်ဖြစ်ပါသည်။


ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏

ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး



“နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ”


မဟာကာရုဏိကဿ- ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျသတ္တ၀ါတို့အပေါ်၌ ထားတော်မူပေထသော၊ မဟာကာ ရုဏိကဿ- အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သောသက္ကာယနှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ်လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကားပယ်သတ်ရမည့် အကြောင်းတရား၊ ဤကားသိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီးသည့်အလျောက်၊ ဝေနေယျသတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော်မူစေတတ်သော သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေဖြစ်ပါစေသတည်း။

(သာဓု၊ သာဓု၊ သာဓု)




အသိပေးခြင်း။ ... ။
ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ) ၏ တရားပွဲအစတွင် ပူဇော်ကန်တော့ သောဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုးဖြစ်ပါတယ်။ ဘုရားရှင်၏ ကျေးဇူးတော်များကို ရှိခိုးပူဇော်နိုင်ရန် အတွက် နှစ်သစ်မှာ ဘုရားရှိခိုး ကန်တော့စာနှင့် ရေးသားကာ ပူဇော်လိုက်ရပါသည်။

ဥပုသ် အကြောင်း


ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါသည်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင် တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ် စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ်ပါတယ်။

တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင်“ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။

သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။


မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလ ကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါသည်။


မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဒါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေသတာဥပုသ်” လို့ခေါ်ပါသည်။


နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။


စာဖတ်သူများ အမှားမလုပ်မိစေရန် သတိပေးရေးသားလိုက်ရပါသည်။



“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”


ရှစ်ပါး သီလ

သင်္ကြန်ကာလတွင် ဥပုသ်၊ သီလ ဆောက်တည်နိုင်စေရန် ရှစ်ပါးသီလ ကိုရေးသားနှိုးဆော်ပါသည်။ ဥပုသ်ဆောက်တည်ရာတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများထံတွင် သီလတောင်းယူ၍လည်းဆောက် တည်ကြပါ သည်။ သို့သော် ဆရာတော်ကြီးများထံ တွင်သွားရောက်၍ သီလတောင်းယူ မဆောက်တည်နိုင်ပါက မိမိကိုယ်တိုင်းသီလ ဆောက်တည်နိုင်သည်။ ထိုသို့ဆောက်တည်မည်ဆိုပါက အောက်ပါအတိုင်း ရွတ်ဆိုဆောက်တည်နိုင်ပါသည်။


သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း...

· ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။

· ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။


· တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။



(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏမဏ္ဍန၀ိဘူသ
နဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။


( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။



အနက်။ ။

(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။


(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။


(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူရမည်။)ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို၊ ဒဿန- ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော- မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


******************************************************************************
မှတ်သားကြပါရန်…

ဥပုသ်ဆောက်တည်ရာတွင် ကိုးပါး သီလဟူ၍မရှိပါ။ မည်သည့်နေရာမှ ဘုရားရှင် ဟောကြားထားခြင်းလည်း မ ရှိပါ။ ကိုပါး သီလတွင်နောက်ဆုံးဖြစ်သော မေတ္တာသဟဂတေန ဆိုသည်မှာ ရှစ်ပါးသီလတွင် သတ္တ၀ါတွေကို မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ချစ်ဖို့ပြောတာဖြစ်ပါသည်။ မေတ္တာသည် သီလ မဟုတ်ပါ။


(ဓမ္မစေတီဆရာတော် ဟောကြားသော “စစ်မှန်သော ထေရ၀ါဒနှင့်သရဏဂုံ”ံ တရားတော်မှ ထုတ်နှုတ်ရေးသားထားခြင်းဖြစ်ပါသည်)။

**********************************************************************************

အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။…။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ ဤသို့အားဖြင့် ခြားနားပါသည်။


**********************************************************************************


ညစာ စားလို့ရသော အာဇီဝဋ္ဌမက (ရှစ်ပါးသီလ) သီလ ကို 26.2.2008 ရက်နေ့တွင်ရေးထားနှင့်ပြီးဖြစ်ပါသည်။ စာဖတ်သူများ ဆက်လတ်ဖတ်၍ ထိုသီလ ကိုလည်းဆောက်တည်နိုင်သည်။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”


စာရေးသူ- အောင်ဆွေဦး

နှစ်သစ်မင်္ဂလာ တရားရှာ



“စန္ဒကူးရနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းရနံ့သည် လည်းကောင်း၊ ကြာညိုပန်းရနံ့သည် လည်းကောင်းရှိ၏။ ထိုရနံ့ အမျိုးမျိုးထက် သီလရနံ့သည် အတုမရှိမြတ်၏။”


ယနေ့ အချိန်ကာလသည်ကာ ကျွန်တော်တို့မြန်မာလူမျိုးများ အတွက်နှစ်သစ် အချိန်ကာလဖြစ်ပါသည်။ နှစ်ဟောင်းမှအညစ်အကြေးကို နှစ်သစ်မှာမပါလာ ရအောင်ဆေးကြောသည် ဟူ၍ရေသဘင်ပွဲတော်ကိုကျင်းပ ပြုလုပ်ကြပါသည်။ ထိုသို့အညစ် အကြေးကို ဆေးကြောသည်ဆိုရာဝယ် မိမိ၏ ကိုယ်ထဲတွင်ရှိနေသော လောဘ၊ ဒေါသ၊ မောဟ တည်းဟူသောကိလေသာမြူအညစ် အကြေးများကို ဆေးကြောရခြင်းဖြစ်ပါသည်။ မိမိကိုယ်ထဲတွင်ရှိနေသော ကိလေသာ အညစ်အကြေးကို သာမန်ရေဖြင့် ဖြန်းပက်၍ စင်ကြယ်ရိုးထုံးစံမရှိပါ။ ထိုသို့ဆိုရလျှင် ကိလေသာ အညစ်အကြေးကို ဆေးကြောရမည့် အရာကိုရှာရန်လိုအပ်ပါလိမ့်မည်။ မည်သည့် အရာဖြစ်ပါမည်နည်း…..။ သတ္တ၀ါတွေ အာလုံးအတွက် ဒုက္ခ အားလုံးမှလွတ် မြောက်ရာလမ်းကြောင်းကို ဗုဒ္ဓ ဘုရားရှင်က ဟောကြားတော်မူခဲ့ပြီးဖြစ်ပါသည်။ ဘုရားရှင်၏တရားတော်များ အတိုင်းကျင့်ကြံနေထိုင်သွားမည် ဆိုပါက နှစ်စဉ်နှစ်တိုင်း ရေသဘင်ပွဲကျင်းပ၍ဆေးကြောစရာလည်းမလိုပါ။ ဘုရားရှင်၏ တရားတော်များသည် လောက အတွက်နေနည်းများ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားများ ဖြစ်ပါသည်။ ရေသဘင် ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ရှေးရိုးအစဉ်အလာအရ ကျင်းပသည် ဟုဆိုသော်လည်း ယနေ့အခါကာလမှာ အလွန်ပင် အကုသိုလ်များပါသည်။ ရေသဘင်ပွဲ ကာလ မဏ္ဍပ်များတွင် မြန်မာ အမျိုးသမီးများ၏ ၀တ်ဆင်မှု ယုတ်ပျက်၊ ဆင်ပျက် ဖြစ်လာကြပါသည်။ ( လူတိုင်း၊ မဏ္ဍပ်တိုင်းကို မပြောလိုပါ ) ။ အမျိုးသားများသည်လည်း သောက်စားမူးရစ်ကာ သတိမေ့လျှော့နေကြပါသည်။ အကျိုးမရှိသော၊ သေးသိမ်ညံဖျင်းသော စကားများ ကိုပြောဆိုပြီး အကုသိုလ်ကို ငွေနှင့်ဝယ်ယူနေသည့် အလားဖြစ်နေပါသည်။( စာဖတ်သူများပင် မှန်းဆကြည့် လျှင်သိနိုင်မည်ထင်ပါသည် )။ ယခုလိုသောက်စား ပျော်ပါးနေခြင်းသည် ကုသိုလ်တရားဖြစ်မည်မဟုတ်ပါ။ အပါယ်အတွက် ပြင်ဆင်နေကြခြင်းသာဖြစ်ပါမည်။ သို့အတွက် သတိတရားရှိဖို့ အလွန်အရေးကြီးပါသည်။ အသိတရားလက်ကိုင်ထားပြီး ဘုန်းကြီးကျောင်းသွား၍ ဥပုသ်သီလစောင့်တည်ခြင်း၊ တရားရိပ်သာဝင်ခြင်းအစ ရှိသော သတိရှိသူများအတွက် ကောင်းကျိုးချမ်းသာရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မိမိကိုယ် ကိုပြန်လည်စမ်း စစ်စေချင် ပါသည်။ မိမိသည် အသက်ရှင်ရာကိုသွားနေခြင်းလား..၊ သေခြင်းတရားဆီကိုသွားနေခြင်းလားဆို တာ အလေးအနက်ထား စဉ်းစားကြည့်ပါ။ တနေ့ကုန်သွား တာနှင့် သေမင်းသည် မိမိနေရမည့် အသက်ထဲမှ တနေ့ကို နှုတ်ယူသွားသည်ကို သတိသံဝေဂ ရကြပါတော့။ နှစ် တနှစ်ကုန်သွားတိုင်း ငါလည်းသေဖို့ တစ်နှစ်နီး လာပြီ ဟူသော သံဝေဂ ဥာဏ်ရင့်သန်ကြပါ။ သံဝေဂ ဥာဏ်ရမှ တရားအားထုတ်ဖြစ်ပါမည်။ လောက အတွက် နေဖို့ သက်သက်ပြင်ဆင် မနေတော့ဘဲ သေရေးကိုလည်း ပြင်ဆင်ကြပါတော့။ အသက် (၂၅) နှစ်ရှိသောလူတ ယောက်သည် (၇၅) နှစ်မတိုင်မီ (၁၈၂၅၀) ရက်သာကျန်ပါတော့သည်။
သာသနာကွယ်သည်ဆိုရာဝယ် ဘုရားရှင်၏ သာသနာတော်သည် နောက်ထပ် နှစ်ပေါင်းများစွာကျန်ပါ သေးသည်။ သို့သော် မိမိသည် ယခုဘ၀မှာ ဘုရားသာသနာနှင့် ကြုံတွေ့နေရသော်လည်း တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိ၊ ထိုသို့ တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိပါကလည်း သာသနာကွယ် သူနှင့် အလားတူပင်ဖြစ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် နောင်ဘ၀တွင် အပါယ်လမ်းကို ရောက်သွားပါ က လူ့ဘ၀သို့ပြန်ရောက်ရန်မလွယ်တော့ပါ။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်၍မဖြစ်ပါ။ လူဖြစ်ပြန် သည်ဟုဆိုပါတော့ သစ္စာတရားသိသော ဗုဒ္ဓဘာသာဖြစ်ဖို့သာ၍ပင် ခက်ခဲပါသည်။ ယနေ့အချိန်ကာလသည် လူတိုင်းအတွက် အကောင်းဆုံး အချိန်ကာလ ပင်ဖြစ်ပါသည်။ လောကီအလုပ်တွေမှာသာ ကြိုးစားမနေပါနှင့်၊ အလုပ်နှင့် မအားဘူးလို့လည်းအကြောင်းမရှာသင့်ပါ။ အဘယ့်ကြောင့် ဆိုရသော် အားလို့သေသော သူဟူ၍မ ရှိပါ။ မအားတဲ့ကြားကဘဲ သေသွားကြရသည်ကို သတိသံဝေဂ ရကြပါစေ။ နှစ်တွေ အလီလီဆန်းသစ်ခဲ့သလို မိ မိရင်ထဲတွင် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါး ထွန်းလင်းတောက်ပြောင်ကိန်းဝပ်လာ အောင်တရားတော်များ အတိုင်း လိုက်နာကျင့်သုံးနေထိုင်ကြရပါမည်။
“ ဓမ္မောဟဝေ ရက္ခတ ဓမ္မစာရီ ” ( တရားကိုစောင့်ရှောက်သောသူကို တရားကပြန်စောင့်ရှာက်ပါသည် ) ။ တရားကို ချစ်ခင်မှသာ တရားကလည်းချစ်ခင်ပါသည်။ အရေးကြုံမှ ဘုရားတခြင်းသည် အောက်တန်းစား (ဘယ ဗုဒ္ဓဘာသာ) မျိုးသာဖြစ်ပါမည်။
ကျွန်တော်တို့ မြန်မာ ဓလေ့အရ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲများပြုလုပ်ကြပါသည်။ အဘိုး၊ အဖွား တို့သည်လည်း သွားတွေကျိုး သလို မာန်၊ မာနတွေ ကျိုးပြီလား၊ ဆံပင်တွေဖြူ သလို မိမိစိတ် တွေဖြူစင်ပြီးလား၊ အရေတွေတွန့် သလို လောဘ၊ ဒေါသ၊ မောဟ တွေကို တွန့်ဆုတ်ပြီးလား ဟုစဉ်းစား ဆင်ခြင်ကာ အလုံးစုံသောတရားဘာဝနာကို ကျင့်ကြံအားထုတ် သင့်ပါပြီ။ နေထိုင်ရာ ရပ်ကွက်များမှာလည်း နှစ်ဆန်းတစ်ရက်နေ့ ညနေတွင် သံပုံးတီးကာ မကောင်းဆိုးဝါးနှင်ထုတ်ကြသည် ဟုဆိုပါသည်။( အချို့နေရာများတွင် မပြုလုပ်ပါ )။ အမှန်မှာ မကောင်းဆိုးဝါးမဟုတ်ပါ။ နိမ့်ကျသော အပါယ်ဘုံမှ သတ္တ၀ါများ သာဖြစ်ပါသည်။ (မိမိသည်လည်း ထိုဘ၀မျိုးရောက်ခဲ့သည်ကို သတိသံဝေဂ ရကြပါ)။ အမျှဝေသောအခါ သာဓုခေါ်လို၍ ကပ်နေသော သတ္တ၀ါများကို သံပုံးတီး၍ နှင်ထုတ်ကြခြင်းမှာ မပြုလုပ်အပ်ပါ။ ( ထေရ၀ါဒ ပိဋကတ်တော်တွင်လည်း ထိုသို့နှင်ထုတ်ရမည်ဟု ရေးသားထားခြင်းမရှိပါ )။ အချို့နေရာများတွင် ငါးလွှတ်ပွဲများပြုလုပ်ကြပါသည်။ ထိုသို့လွှတ်တဲ့အချိန်မှာ လွှတ်ပေးသောသူသည် သတ္တ၀ါများကို ကိုင်ပြီး “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းကြပါသည်။ သတ္တ၀ါများကို လွှတ်တာက ကုသိုလ်(ပုည) လို့ခေါ်ပါတယ်။ “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းလိုက်တာက အလွန် အမင်းပြုလုပ်ခြင်း ( အဘိသင်္ခါ ) ဟုဆိုပါတယ်။ ထိုသို့လျှာရှည်လိုက်တာဖြစ်ခြင်းကြောင့် ငါးဘ၀ ၁၀ ခါရောက် ရပါလို၏ဟု ဆုတောင်းသလိုဖြစ်သွားပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ငါးလွှတ်ပြီး ငါးဘ၀ ၁၀ ခါရောက်သွားပါ မယ်။ မိမိက ၁ခါလွှတ်ပြီး ၁၀ ခါလွတ်ချင်တာက မဟာလောဘ ဖြစ်သွားပါတယ်။ ပြီးတော့ ငါးဘ၀ ၁၀ ခါရောက်ပြီးသူများ အလွှတ်ခံရမယ့် ဘ၀ရောက်ချင်တာက မသိမှု (အ၀ိဇ္ဇာ) ဖြစ်ပါတယ်။ ငါးလည်း လွှတ်ရသေး တယ်၊ ကိုယ့်ကိုကိုယ် ငါးဘ၀ ၁၀ ခါရောက်ရပါစေလို့ဆုတောင်းသလိုဖြစ်ကာ အရှုံးကြီးရှုံးရပါတယ်။
ထေရ၀ါဒ တရားတော်တွေကိုလေ့လာကြိုးကုတ် အားထုတ်တယ်ဆိုတာ အထက်တွင်ရေးခဲ့သော အကြောင်းအရာမျိုးမဖြစ်ရအောင်ပြုလုပ်တက်ဖို့ဖြစ်ပါတယ်။ “တရားမြင်မှ ဘုရားကိုမြင်ပါမယ်၊ ဘုရားမြင်မှ သံဃာကိုမြင်ပါမယ်”။ ဘုရား၊ တရား၊ သံဃာ တို့၏ဂုဏ်ကျေးဇူးတော်တွေကိုသိမှ သက်ဝင်ယုံကြည်ကိုး ကွယ်တက်ပါမယ်။ စာဖတ်သူများအနေနှင့်လည်း မနှစ်က လောဘ၊ ဒေါသ၊ မောဟ တွေရှိခဲ့ပေမဲ့ ဒီနှစ်သစ် ကစပြီးလျှော့နည်း ပယ်သတ်နိုင်အောင် တရားဓမ္မနဲ့မွေ့လျှော်ကြပါစေ။ နှစ်သစ်မှာ ဖြူစင်တဲ့ စိတ်အသစ်နဲ့ သစ္စာတရားများကို နာကြား အားထုတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…..။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”

စာရေးသူ- အောင်ဆွေဦး

ဓါးဟောင်းပေး “သွေးပြီးမှကိုင်”

အတိတ်က ဒါနရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကာမစည်းစိမ်ခံစားရာ၌ ဘ၀ပေးနုံချာမည် မုချတည်း။


အတိတ်က သီလရိက္ခာပါမလာသူ ...
လက်ရှိဘ၀ ကျန်းမာရေးနုံချာမည် ဧကန်တည်း။


အတိတ်က ဘာဝနာရိက္ခာ ပါမလာသူ ...
လက်ရှိဘ၀၌ ပညာရေးနုံချာမည်မှာ လက်တွေ့တည်း။


ထိုသုံးဦးတို့ .....
ကန်နိမ့်ကို မြှင့်တင်ပေးမှသာ ရေတင်များ ရေအားကောင်းသုံးရဘိသကဲ့သို့ လည်းကောင်း၊ ကန်ပေါက်ကိုဖာ ထေးပေးမှသာ ထားရာရေ အနေကျ ကြာမျိုးစုံ ခဘိသကဲ့သို့လည်းကောင်း၊ ရေကျကောင်းရာ ကန်ဆည် ပေးထားမှသာ စီးသမျှ ၀င်ကန်ပီပြင်ဘိသို့လည်းကောင်း၊ ယခုဘ၀မှာတွင် ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တို့ ကိုပြုစုဖို့လိုအပ်လေသည်။ စေတနာရှေ့တိုးကောင်း နောက်ကြောင်းအကျိုးပေး များမနေသာပြီတကား။


မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ သြ၀ါဒ

သူတော်ကောင်းမှန်၊ ကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။

သူတော်ကောင်းမှန်၊ မကောင်းမှု့ကံ ပြုရန်ခက် ပေသည်။

သူယုတ်မာမှန်၊ ကောင်းမှု့ကံ ပြုရန်ခက် ပေသည်။

သူယုတ်မာမှန်၊ မကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။
( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး )

ကံနှင့် ကံ၏အကျိုး ဝေဖန်ချက်

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစည်မံ၊ ခံ စံကြရသည်။
အဆင်းသာရှိ၍ ရနံ့မရှိသော၊ တင့်တယ်လှပသော ( ပေါက်ပွင့်စသော ) ပန်းသည် ပန်ဆင်သူအား ရနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ( ပိဋကတ် ) တရားတော်သည် မလိုက်နာ မကျင့် ကြံသူအား အကျိုးကိုမဆောင်နိုင်ကုန်။


ဆတ္တပါဏိဥပါသကာဝတ္ထု ၊ ပုဖ္ပ၀ဂ် ၊ ဓမ္မပဒပါဠိတော်
သီလမရှိ၊ သမာဓိမရှိပဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၊ ၀ိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ ။


သံကိစ္စသာမဏေရ၀တ္ထု ၊ သဟဿဝဂ် ၊ ဓမ္မပဒပါဠိတော်
ယခုခါမူ၊ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက်၊


အမြိုက်တရား ဟောကြားမည့်သူ၊ လူလည်းမရှား၊


သို့ပါလျှက်သားနှင့်မှ တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်၊


အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ၊်



အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့ လူယုတ်ကြီးတွေဖြစ်ချိမ့်မည်။


( စလေဦးပုည )

ဒုလ္လဘ တရား ငါးပါး

(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

သံသရာနယ်ချဲ့ ပပဉ္စ တရားသုံးပါး

တဏှာ...


ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊


လောဘနဲ့လည်း၊ တပ်စွဲသူခင်၊


လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊


လူ့ဘ၀ ရကြတော်မည်ထင်။


မာန...


ငါသာအမြတ်၊ ငါတတ်သည်သာ၊


ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊


အဟုတ်ချမ်းသာ၊ ပါယ်လေးဝ လွတ်ရသံသရာ။


ဒိဋ္ဌိ...


ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊


အတ္တဒိဋ္ဌိ၊ စွဲငြိလို့သာ၊


သက္ကာယလည်း၊ သူပဲမည်တာ၊


အနတ္တ၊ ရှုကြဖန်ခါခါ၊


အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊


နောက်ဘ၀ ရောက်ရထက်ဘုံသာ။


ဤသို့ကောင်းမှု အကြောင်းပြု၊ ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊


မြတ်ကောင်းမှုသာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။


နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။
(အရှင်ဇနက )

တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ၊၊



မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ၊၊



သေနှင့်အရက်၊ စီးပွားပျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ၊၊



ရှင်မဟာရဋ္ဌသာရ

နိဝါတောစ မင်္ဂလာ

မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးလား၊ မလွှားမပ၊ စိတ်ကိုချ၊ မုချမင်္ဂလာ။


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
“ပါရမီနဂို၊ မရှိလိုက
ကုသိုလ်ဒုစရိုက်၊ မဟောထိုက်တည့်
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား
လွန်ခါးနား၏။”

(မဃဒေ၀ လင်္ကာ)

သာသနာကွယ်ကြောင်းတရားကြီးများ

အဂုတ္တိုရ်ပါဠိတော်၊ ပဉ္စကနိပါတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်တော် တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သာသနာကွယ်စေနိုင်သော တရားကြီးများကို ဟောကြား တော်မူခဲ့ပါသည်။

၁။ တရားမနာခြင်း၊


မြတ်စွာဘုရားရှင်၏တရားဒေသနာတော်များကိုနာယူခြင်းမရှိခြင်းသည် သာသနာကွယ်စေခြင်းအကြောင်း အစပဋ္ဌမပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရားမနာယူသည့်အတွက် .....


က) မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်းမှ ကင်းဝေးသွားပါသည်။

ခ) ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်နိုင်ရန် လည်းမဖြစ်နိုင်တော့ပါ။

ဂ) ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်းမရှိသည့်ပြင် ပို၍ပင်တိုးလာနိုင်ပါသည်။

ဃ) အယူမှန်သမ္မာဒိဋ္ဌိကိုမည်သို့မှမရနိုင်တော့ပါ။

င) သဒ္ဓါပညာမရှိတော့၍ စိတ်ကြည်လင်နိုင်ခြင်းမရရှိတော့ပါ။

ကာလေနဓမ္မသာဝနမင်္ဂလာ ဟုဆိုသည့် အခါအားလျော်စွာ တရားနာခြင်း မရှိသောသူများသည် သာသနာတော်ကိုဖျက်ဆီးနေခြင်းမဟုတ်သော်လည်း ပျက်စီးစေနိုင်ပါသည်။ အကြောင်းမှာ အယူမမှန်သော သံသယများစွာထုံလွမ်း နေသောသူများက သယ်ဆောင်လာမည့်သာသနာအတွက် မတွေးဝံ့စရာပင်။ ထို့ကြောင့် နေ့စဉ်တရားနာခြင်းအမူအားပြုလုပ်ခြင်းဖြင့် သာသနာတော်အား စောင့်ရှောက် သူများဖြစ်နိုင်ကြ ပါစေ။

၂။ စာပေမသင်ခြင်း၊

မြတ်စွာဘုရားရှင်၏ပိဋကတ်စာပေများကိုသင်ကြားမူမရှိခြင်းသည်လည်း သာသနာတော်ကိုပျက်စီးစေ နိုင်ပါ သည်။ တရားစာပေများကိုသင်ယူ ကျက်မှတ်ထားခြင်းမရှိပါကအမှား အမှန်ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ၊၊ နောက်ဆုံးတော့ အသိမှားတော့၊ အမှတ်မှားတယ်၊အမှတ်မှားတော့ အယူမှားပြီး တခြားဘာသာဝင်ဖြစ် သွားတက်ပါသည်။ ထို့ကြောင့် တရာစာပေများ လေ့လာသင်ယူပြီး သာသနာတော်ကို စောင့်ရှောက် နိုင်ကြပါ စေ။

၃။ နှုတ်တွင်မဆောင်ထားခြင်း၊

သင်အံကျက်မှတ်ထားသော စာပေများကို နှုတ်တတ်အာဂုံဆောင်ထားခြင်း မရှိပါကလည်း အလွဲလွဲအမှားမှားဖြစ်ခြင်းကြောင့်လည်းသာသနာတော်ပျက်စီးစေ နိုင်ပါသည်။ အာဂုံဆောင်မှ အာဂလူဖြစ် ရိုးထုံးစံရှိပါသည်။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို ကျက်မှတ်ပြီး နှုတ်တွင်ဆောင်၍သာသနာတော်ကို စောင့် ရှောက်နိုင်ကြပါစေ။

၎။ သိအောင်မမှတ်ခြင်း၊

သင်အံကျက်မှတ်ထားသည်များကိုမှတ်မှတ်သားသားမထားရှိသဖြင့်နှောင်းလူတို့လေ့လာခြင်းငှာမစွမ်းသာခြင်းသည်လည်းသာသနာတော်ကွယ်စေကြောင်း
တစ်ခုပင်ဖြစ်သည်။ မိမိသိပြီးသားတရားတော်များကို မိမိ သိရုံသာ မဟုတ်ဘဲ နှောင်းလူငယ်တို့
လေ့လာ ဆည်းပူးနိုင်အောင်မှတ်သား၊ ဖြန့်ဝေ သင့်ပေသည်။ သို့မှသာသနာတော် သည်နှစ်ပေါင်းရှည်ကြာစွာ တည်တံ့ နိုင်ပေလိမ့်မည်။

၅။ ပဋိပတ်ကင်းကွာခြင်း၊

ဆောင်ထားအပ်သောတရားသဘောတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့်မစူးစမ်းမဆင်ခြင်ကုန်။ အနက်သဘောကိုသိ၍၊ တရားသဘောကိုသိ၍ (လောကုတ္တရာ) တရား အားလျော်သော အကျင့်ကို ရိုသေစွာမကျင့်ကုန်။ ထိုသို့သော မပြုသင့်မပြုကျင့်အပ်သည်များကို ကျင့်နေခြင်းဖြင့်သာသနာကွယ် စေနိုင်ပါသည်ဟု မြတ်စွာဘုရားရှင်သည် အဂုတ္တိုရ်ပါဠိတော်၊ သဒ္ဓမ္မ၀ဂ်၌ အ ထင်အရှားမိန့်မှာတော်မူခဲ့ပါသည်။
နှိုးဆော်ချက်။ ။
စာဖက်သူများအနေနဲ့လည်း မိမိသိရှိပြီးသော တရားတော်များကို လိုက်ကျင့်ကြပါ။
အသိကို လိုက်မကျင့်တော့ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲ ဖြစ်သွား
တက်သည်ကို သတိ သံဝေဂ ရကြပါကုန်။ ။

အောင်မြင်ကြောင်းတရား(၄) ပါး

၁။ ဒေါသထွက်တဲ့ သူကို မေတ္တာပွား၊

၂။ နှုတ်ကြမ်းတဲ့ သူကို ယဉ်ကျေးစွာပြော၊

၃။ နှမြောတဲ့ သူကို နာနာပေး၊

၎။ လိမ်တက်တဲ့ သူကို မှန်မှန်ကန်ကန်ဆက်ဆံ၊


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
( “ဥတ္တရာဝတ္ထု” တရားတော်မှ… )

ဓမ္မသာဝန (တရားနာရသော) အကျိုး(၅)ပါး

၁။ မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်း၊

၂။ ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊

၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊

၎။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊

၅။ သဒ္ဓါပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။
“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”
ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ

တောင့်တ၍မရသော တရား(၅)ပါး…

၁။ အိုတက်တက်တဲ့ သဘောတရားကို မအိုပါနဲ့လို့် တောင့်တ၍မရပါဘူး။

၂။ နာတက်တက်တဲ့ သဘောတရားကို မနာပါနဲ့လို့ တောင့်တ၍မရပါဘူး။

၃။ သေတက်တက်တဲ့ သဘောတရားကို မသေပါနဲ့လို့ တောင့်တ၍မရပါဘူး။

၎။ ပျက်စီးတက်တက်တဲ့သဘောတရားကို မပျက်စီးပါနဲ့လို့ တောင့်တ၍မရပါဘူး။

၅။ ကုန်ဆုံးတက်တက်တဲ့သဘောတရားကို မကုန်ဆုံးပါနဲ့လို့် တောင့်တ၍မရပါဘူး။


အရှင်ကောဝိဒ ( " စိတ်ဆိုတဲ့ စိတ် " တရားတော်မှ… )