(၁) သီလရှိခြင်း။ သီလ (အကျင့်သီလကောင်း) ရှိခြင်းကြောင့်-
(က) အပြစ်ကင်းသောချမ်းသာကို ရ၏။
( ခ) ကိုယ့်ကိုယ်ကို အပြစ်တင်သည့်ဘေးမှ လွတ်၏။
( ဂ) သူတစ်ပါးတို့ အပြစ်တင်သည့်ဘေးမှလည်း လွတ်၏။
(၂) သဒ္ဓါရှိခြင်း။ သဒ္ဓါ ( ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ ယုံကြည်မှု) ရှိခြင်းကြောင့်-
(က) ဘ၀၏ အခက်အခဲမှန်သမျှကို လွန်မြောက်၏။
( ခ) သံသရာ ၀ဲသြဃမှ လွတ်မြောက်၏။
(၃) ပညာရှိခြင်း။ ပညာ (အသေးစိတ် ရှင်းရှင်းလင်းလင်း နားလည်မှု ၊ သိမှု) ရှိခြင်းကြောင့်- (က) တန်ဘိုးအရှိဆုံးရတနာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
( ခ) လွတ်မြောက်သော ချမ်းသာကို ခံစားရ၏။
(၄) ပုညရှိခြင်း။ ပုည (ဒါန ၊ သီလ ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှု) ရှိခြင်းကြောင့်-
(က) ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်သောဥစ္စာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ "အိုသည့်တိုင်အောင် ကောင်းသည့်တရားတော်" မှ ကောက်နှုတ်၏။)
သာသနာကွယ်ကြောင်းတရား (၅) ပါး..
-တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာသည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။
-စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်သည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း။
-အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ချ၊ ဆုံးမမယူ၊ စာချသူ ရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား၊ ဤငါးပါးသည်၊ဘု၇ားသာသနာကွယ်ကြောင်းတည်း။
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးဟောကြားသော သာသနာကွယ်ကြောင်းတရားတော်မှ ကောက်နှုတ်၏။

မြတ်ဗုဒ္ဓဟောကြားသော အသက်ရှည်ကြောင်းတရား (၅) ပါး...
(၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ ၊ အစားအသောက် ၊ အနေအထိုင်တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း။
(၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း။
(၃) ကြေလွယ် ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း။
(၄) ငါးပါးသီလမြဲခြင်း။
(၅) ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းရှိခြင်း။

ရှေးဟောင်းမြန်မာကျမ်းဂန်များတွင် ပါရှိသည့် လူတို့၏အညစ်အကြေး(၉) မျိုး...
(၁) အမျက်ထွက်ခြင်း။
(၂) ကျေးဇူးမသိတတ်ခြင်း။
(၃) ငြူစူမနာလိုခြင်း။
(၄) သ၀န်တိုခြင်း။
(၅) လှည့်ပတ်ဖြားယောင်းခြင်း။
(၆) စဉ်းလဲကောက်ကျစ်ခြင်း။
(၇) လိမ်ညာပြောဆိုခြင်း။
(၈) မတရားလိုချင်ခြင်း။
(၉) မှားသောအယူရှိခြင်း။
ထို (၉) ပါးကို ရှောင်နိုင်မှသာလျှင် လူမွန်လူုမြတ် ဖြစ်မည်။

ပုထုဇဉ်တွေ အားကိုးထိုက်တဲ့ အပါယ်မကျနိုင်သော ကုသိုလ်(၇)မျိုး...
(၁) ဘုရား ၊ တရား ၊ သံဃာ ရတနာမြတ်သုံးပါးအား ဆည်းကပ်ခြင်း။
(၂) ငါးပါးသီလမြဲခြင်း။
(၃) အာရုံဆွမ်း ၊ နေ့ဆွမ်း နေ့စဉ်မပြတ်လှူဒါန်းခြင်း။
(၄) စာရေးတံမဲ လှူဒါန်းခြင်း။
(၅) ၀ါဆိုသင်္ကန်း ကပ်လှူခြင်း။
(၆) ရေတွင်းရေကန် လှူဒါန်းခြင်း။
(ရ) သံဃိကဒါနကျောင်းဆောက်လှူဒါန်းခြင်း။
ဆရာတော်အရှင်ဇ၀န

(၁) ဒါယကာတစ်ယောက်သည် မိမိချည်းသာလှူ ၊ သူတစ်ပါးတို့အား မတိုက်တွန်း ၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ အခြံအရံကားမရှိ။
(၂) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားပေးလှူရန် တိုက်တွန်း ၊ထိုသူမျိုး
ဖြစ်လေရာဘ၀တိုင်း၌ မိမိမူ စည်းစိမ်ချမ်းသာနှင့် မပြည့်စုံ။ အခြံအရံကားပေါ၏။
(၃) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်း ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားလည်း မတိုက်တွန်း မနှိုးဆော် ၊
ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်း၌ မိမိလည်း မချမ်းသာ။ အခြံအရံလည်းမရှိ။
(၄) ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်းလှူ ၊ သူတစ်ပါးတို့အားလည်း နှိုးဆော် ၊ ထိုသူမျိုးဖြစ်လေရာဘ၀တိုင်း၌မိမိလည်း စည်းစိမ်ချမ်းသာရှိ
အခြံအရံလည်းပေါကြွယ်၏။
(ဓမ္မပဒ)

ဒိဋ္ဌိဖြစ်ကြောင်း အကြောင်း(၈)ပါး ...
(၁) ရုပ်နာမ်(၂)ပါး ၊ ခန္ဓာ(၅)ပါးကို မသိခြင်း။
(၂) အ၀ိဇ္ဇာဖုံးလွှမ်းနေခြင်းကြောင့် ရုပ်ခန္ဓာ ဖြစ်-ပျက် ကို မသိခြင်း။
(၃) ဖဿကို ဖဿဖြစ်တာဘဲလို့ မမြင်ဘဲ ငါထိတွေ့တယ်ဟူ၍ သိနေခြင်း။
(၄) ခန္ဓာကို သူပဲ ၊ ငါပဲ ၊ ယောင်္ကျားပဲ ၊ မိန်းမပဲ စသဖြင့် အမှတ်မှားနေခြင်း။
(၅) ခန္ဓာကိုယ် တစ်ခုလုံးကို ငါပိုင်ငါစိုး ဟု ကြံစည်မှားခြင်း။
(၆) ဖြစ်-ပျက်ခန္ဓာတွေကို ငါ ၊ သူတစ်ပါး ၊ယောင်္ကျား ၊ မိန်းမဟူ၍ နှလုံးသွင်းမှားခြင်း။
(၇) မိတ်ဆွေမှားနဲ့ ပေါင်းသင်းမှားခြင်း။
(၈) ဒိဋ္ဌိ မကွာသေးတဲ့ မှားတဲ့ တရားကို နာမိခြင်း။

စိတ်နဲ့သတိ
လူစိတ်ဆိုတာ.ကောင်းမှုထက်.မကောင်းမှုမှာမွှေလျော်တယ်လို့မြတ်ဘုရားရှင်
ဟောကြားထားပါတယ်..မကောင်းတဲ့စိတ်ဝင်လာရင်..
သတိတရားလက်ကိုင်ထားပြီး.ကောင်းမှုဘက်ပါလာအောင်ကြိုးစားနိုင်
ဖို့အရေးကြီးပါတယ်....သတိမလွတ်ကြဖို့အမြဲကြိုးစားလေ့ကျင့်နေဖို့လိုပါတယ်.
ကြိုးစားလေ့ကျင်.ပါများလာရင်အရာရာဟာ.
သတိမြဲလာပြီး.အမှားလည်းနည်းလာမှာပါ..
ဒါကြောင့်သတိမလွတ်ကြနဲ့နော်..

လူဖြစ်ရကျိုးနပ်ကြပါစေ...
ကျွန်တော်တို့လူဘ၀သို့ရောက်လာရသောလည်ရွယ်ချက်သည် ဘာလဲဟုမေးးလျှင် အမျိုးမျိုးဖြေကြမည်သာဖြစ်ပါသည်။ ကျွန်တော်အထင်ပြောရလျှင် လူ့ဘ၀သို့ရောက်လာခြင်းမှာ နိဗ္ဗာန်ရောက်ကြောင်းတရားများကိုအားထုတ်ရန်အတွက်ဖြစ်သည် ဟုသာဖြေသင့်ပါသည်။ ဗုဒ္ဓမြတ်စွာ ၏တရားတော်များအရ သတ္တ၀ါတို့၏နေအိမ်သည်အပါယ်
လေးဘုံသာဖြစ်၍ ကံအကြောင်းတရားအလွန်ပင်ကောင်းသောကြောင့်လူဘ၀သို့ရောက်လာရခြင်းဖြစ်ပါသည်။ ဤသို့ တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ် ဆင်းရဲမှ လွန်မြောက်ကြောင်း တရားများကို အားထုတ်ကျင့်ကြံမှသာ လူဖြစ်ကျိုးနပ်ပေမည်။
တရားတော်များကို အားထုတ်ကျင့်ကြံရာတွင် ကျွန်တော်တို့ ကြားသိခဲ့ရသော ပထမ အရွယ်တွင်ပညာရှာ၊ဒုတိယအရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာဝနာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်း တတိယ အရွယ်မှသာတရားအားထုတ်မည်ဆိုပါက ဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သော ဥာဏ်ပညာ ကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့် တရားထူးရရန်အားထုတ်ရာတွင် ခက်ခဲစေပါသည်။ သေခြင်းတရားသည် အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။ ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။ သတိ တရားလက်ကိုင်ထားဖို့တော့လိုပြီပေါ့။ ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသော ဒုလ္လဘတရား(၅)ပါး
ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀သည် အလွန်ပင်ခက်ခဲလှပါ၏။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော်ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါ၏။
ဒုလ္လဘတရား(၅)ပါးမှာ
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ=ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ=လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ=ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ=သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။ တို့ ဖြစ်ကြ၏။
ဤအထဲမှ ကျွန်တော်တို့တွေသည် ခက်ခဲလှသော လူအဖြစ်ကိုရရှိခဲ့သည့်အပြင် ဗုဒ္ဓဘာသာ
ဝင်တွေဖြစ်ရသည်မှာလည်းအလွန်ပင် ကံကောင်းလှပေသည်။ အကယ်၍တခြားသောလူမျိုးများတွင်လူဖြစ်၍ ကိုးကွယ်မှု့မှားနေမည်ဆိုပါက လူဖြစ်ကျိုးနပ်
မည်မဟုတ်ပေ။
ဗုဒ္ဓ၏သာသနာအရောင်ထွန်း လင်းတောက်ပြောင်သည့် ရွှေမြန်မာတွင် လူဖြစ်ပါလျက် ဘုရား၊တရား၊သံဃာအပေါ်တွင်သဒ္ဓါတရားနှင့် မပြည့်စုံလျှင် လူဖြစ်ရကျိုးနပ်၏လော။ သူတော်ကောင်းတရားနာကြားခြင်းကို အလွန်ရခဲသော်လည်း ဗုဒ္ဓဘာသာ ထွန်းကား၍ သူတော်ကောင်း၊ ရဟန္တာ ပေါ်ကြွယ်ဝသော မြန်မာနိုင်ငံ၌ သူတော်ကောင်းတရားနာကြားခြင်းမရှိခဲ့ပါလျှင် အဘယ်မှာ လူဖြစ်ရကျိုးနပ်ပါမည်နည်း။ စဉ်းစားကြည့်လျှင် အတွေးအမြင် အရိပ်ထင်နိုင်ပါသည်။ ကျွန်တော်ကြားမိခဲ့ဘူးပါသည်။ မြန်မာမှာ လူဖြစ်ရတာ လူဖြစ်ရှုံးသည်တဲ့။ ထိုစကားမျိုးကို ဆိုသူမှာလည်း လူမိုက်များသာဖြစ်ပါလိမ့်မည်။ လူ့ပြည်ရောက်လို့မှ လူ့တန်ဆာမဆင်ယဉ် လူ့အရာမ၀င် ဖြစ်တော့မပေါ့။ တရားတုတွေ ကျင့်နေကြလို့ ဗုဒ္ဓ၀ါဒ ပြယ်ရတာပါ။ ပညာတွေ အမျိုးမျိုး သင်နေကြသော်လည်း အကျင့်တွေ ပျက်၊တရားတွေပျက် ဆင့်တက်ကာ မှားလေတော့ လူဖြစ်ရသည့်အရေး တွေးဆလို့ ရင်လေးမိပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒကာထွန်းတင်အား ဤသို့မိန်မြွက်ခဲ့ပါတယ်။ ဒကာထွန်းတင်ရေ...“အခုလို သိပ္ပံပစ္စည်းတွေ ထွန်းကားလာပြီးတော့ အသံတွေဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင် အပါယ်ငရဲ ဇောက်ထိုးဆင်းဘို့ပဲ၊ သတိတော့ရှိဘို့လိုတယ်”... တဲ့။ ဤသို့မိန့်ဆိုခဲ့လျှင် ပြည်ပမှာပညာသင်နေရသော်လည်း၊နေထိုင်နေကြရသော်လည်း မြန်မာတို့အနေနှင့် ဗုဒ္ဓဘာသာ သာသနာကို ရောက်လေရာနေရာဒေသမှာ ဆင့်ကာပွါးရင် လူုဖြစ်ရကျိုးနပ်မည်မှာ ဧကန်မုချပေါ့။ အမှတ်မှားတော့ အသိမှားတယ်၊ အသိမှားတော့ အယူမှားတယ်။ အမှားသုံးချက်နဲ့ပဲ လမ်းဆုံးတော့ သေမင်းနိုင်ငံမှာပဲ သေမင်းခန္ဓာကိုထိုးအပ်ရတယ်။ ထိုအမှားသုံးချက် မလွတ်သေး၍ အပါယ်ဆိုတာမလွတ်မြောက်နိုင်ပါ။ ဤသို့လည်း မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ပါတယ်။ အယူမှားခြင်းဟာ သာသနာအဝေး ထွက်ပြေးသလိုပါပဲ။ ယခုချိန်ခါဟာဆိုရင် သာသနာဖျားကာလ လို့ဆိုကြပါတယ်။ သာသနာဖျားကာလ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ သာသနာကို ဆိုခြင်းမဟုတ်ပါ။ မိမိတို့ ကြုံတွေ့နေရသော အခြေအနေဖျားကာလကို ဆိုလိုပါတယ်။ မိမိတို့နေရသောလူဘ၀အချိန်သည် တိုတောင်းလွန်း၍ ၊ သာသနာနှင့်တွေ့ကြုံရသော အချိန်တိုတောင်းသောကြောင့် သာသနာဖျားကာလဟုခေါ်ခြင်းခြစ်ပါသည်။ အဲသလို အခြေအနေမျိုးမှ လူဖြစ်ကျိုးမနပ်လျှင်
ဗုဒ္ဓတရားမနာကြားလျင် လောကတွင်အမိုက်ဆုံးလူသားပဲ ဖြစ်ချေမည်။
သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘ၀မှ သေလွန်၍ သာသနာမထွန်းကားရာ အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။
ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဥာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးနပ်ပါသည်။ ဤဆောင်းပါးကိုဖက်ရှု့သောသူအပေါင်းတို့သည် မိမိတို့လူဖြစ်ကျိုး
နပ်၏လော ဆိုသော မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါသည်။ သူတော်ကောင်းဥစ္စာခုနှစ်ဖြာဖြစ်သော သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တ ဆိုသည့် တရားတော်နဲ့အတူ ကျင့်ကြံနေထိုင်ရင်း လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပါစေ။ ထို့ကြောင့် တရားချစ်ခင် စိတ်ကောင်းဝင်ကြသောသူများ၊ သတိမေ့လျော့နေသူများ အတိုင်းအတာတစ်ရပ်အထိ သတိတရားဖြစ်စေရန် ဤဆောင်းပါးက အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်နေသကဲ့သို့ တစ်ပါးသောသူတို့အားလည်း တိုက်တွန်းနှိုးဆော်ကြပါကုန်။ ပြည်တွင်းပြည်ပ ပညာသင်ကြားနေစဉ်၊နေထိုင်နေစဉ်ဘေးအန္တရာယ်ကင်းရှင်းပြီး ရည်မှန်းချက်ပြည့်စုံကာ နိုင်ငံအကျိုး၊ သာသနာအကျိုး သယ်ပိုးနိုင်ပါစေကြောင်း ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြောင်း တိုက်တွန်းနှိုးဆော်ရင်း ဤဆောင်းပါးဖြင့် ဓမ္မဒါနပြုအပ်ပါသည်။

သူတော်ကောင်းဥစ္စာ(၇) ဖြာ...
(၁) သဒ္ဓါ = ဘုရား ၊ တရား ၊ သံဃာတော်တို့၏ဂုဏ်တော်တွေကို ယုံကြည်သက်ဝင်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
(၂) သီလ = ကောင်းသောအကျင့်တရားတို့နှင့် ပြည့်စုံခြင်း။
(၃) သုတ = အကြားအမြင်များခြင်း။
(၄) စာဂ = ပေးကမ်းစွန့်ကြဲခြင်း။
(၅) ပညာ = လောကီ ၊ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း။
(၆) ဟီရိ = သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း ၊ မကောင်းပြုရမှာ ရှက်ခြင်း။
(၇) သြတ္တပ္ပ = ပစ္စုပ္ပန် သံသရာဘေးကို ကြောက်ခြင်း ၊ မကောင်းမှုပြုရမှာ ကြောက်ခြင်း။

အကြီးအကဲကျင့်ဝတ်(၆) ပါး...
ထကြွနိုးကြား ၊ သနားသည်းခံ ၊ ဝေဖန်ထောက်ရှု ၊ ဤခြောက်ခု ကြီးသူကျင့်ရာ တရားတည်း။
(၁) ထကြွ = ငယ်သားတို့ထက် ထကြွလုံ့လရှိခြင်း။
(၂) နိုးကြား = နိုးကြားခြင်း ၊ အသွားအလာ အနေအထိုင်တို့၌သတိရှိခြင်း။
(၃) သနား = ကြင်နာသနားတတ်ခြင်း။
(၄) သည်းခံ = မြေကြီးကဲ့သို့ သည်းခံခြင်း။
(၅) ဝေဖန် = ဝေဖန်ခွဲခြားနိုင်ခြင်း။
(၆) ထောက်ရှု = ပညာရှိတို့ကို ဆွေးနွေးမေးမြန်းခြင်း။

ပြုလုပ်နေကျ မြတ်ဒါန
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ “ဒါန”ဆိုတဲ့စကားလေးကို ကျွန်တော်လူမှန်း သိတက်စ အရွယ်က တည်းက ကြားဖူးခဲ့တာပါ။ တချို့သော လူတွေကလည်း ဒါနကို အထင်ကရကြီးကျယ်ခမ်းနားစွာ ပြုလုပ်လှူဒါန်းနေကြသလို တချို့ကျပြန် တော့လည်း ကိုယ်ဒါနပြုလုပ်လိုက်တာကို ပြုလို့ပြုမှန်း မသိရလောက်အောင် အမှုမဲ့ မမှတ်မဲ့နေ နေကြပါတယ်။ ဒါနဆိုတာပါလဲ?။ ကျွန်တော် သိသလောက် ပြောပါရစေ။ ဒါနဆိုတာ မိမိမှာရှိသော အရာဝတ္တုပစ္စည်းအပ်ါမှာထားတဲ့ တဏှာ၊ စွဲမတ်မှု၊ တက်မတ်မှုတွေကို ဖြတ်တောက်တာပါ။တစ်နည်းအားဖြင့် ဒါနပြုတာဟာ မိမိမှာ ရှိတဲ့ လောဘကို သတ်တာဖြစ်ပါတယ်။ ပေးကမ်းလိုသော စေတနာဖြင့် ဒါနပြုနေချိန်တွင်ဒါနပြုသူ၏ စိတ်ထဲမှာ အလောဘစိတ်နှင့် အမစ္ဆရိယစိတ်တို့ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့်လည်း ဒါနဟာ မိမိရဲ့လောဘကို သတ်တယ်လို့ ပြောလို့ရတာပါ။
ဒါနပြုရာမှာ ၀တ္တုဒါနနဲ့ စေတနာဒါနဟူ၍ရှိကြပါတယ်။ အလှူဒါနတစ်ခု ပြုတိုင်း ပြုတိုင်း စေတနာ အရေးကြီးဆုံးဖြစ်ပါတယ်။ စေတနာမပါပါက မည်၍မည်မျှပင် လှူသော်လည်း အကျိုးပေး အလွန်ညံ့ဖျင်းလှပါတယ်။ စေတနာသဒ္ဒါတရား ရှိပြီးလှူပါက မိမိလှူဖွယ်ဝတ္တု အလှူခံပုဂ္ဂိုလ် ထံသို့ မရောက်လိုက်သော်ငြားလည်း အဘိဓမ္မာ သဘောအရ စေတနာဒါနမြောက်ပါတယ်။ ဥပမာအားဖြင့် ပြောရမည်ဆိုရင် ဧည့်သည်တစ်ယောက်၊ ဒါမှမဟုတ် အသိတစ်ယောက် မိမိအိမ်သို့လာပါက ကျွေးလိုသော စေတနာဖြင့် “စားပါဦး” ဟူ၍ခေါ်ယူ ပြောဆိုခြင်းသည် ထိုသူအားမစားသော်လည်း စေတနာဒါနမြောက်ပါတယ်။ ဟန်လုပ်ပြီး ခေါ်ရာ၌ စေတနာဒါန မမြောက်ပေ။ ထိုစေတနာ ဒါနနှင့်ပက်သက်၍ ဘုရားရှင် ဟောကြားခဲ့သော ဇာတ်တော်တစ်ပုဒ်ရှိခဲ့ဖူပါသည်။ ဘုရားလောင်း ယုန်မင်းဘ၀ ဖြစ်ခဲ့စဉ်တုန်းက ယုန်မင်းဟာ ဥပုသ်စောင့်သိ ပြီးနောက် မိမိထံ အလှူခံပုဂ္ဂိုလ်လာပါက “ငါ့အသတ်ကိုသာလှူမည်” ဟု အဓိဌာန်ချမှတ်ခဲ့ပါတယ်။ ထိုအခါ သိကြားမင်းရဲ့ ကျောက်ဖျားပူလာ၍ လူ့ပြည်သို့ကြည့်ရှုရာ ယုန်မင်း၏ မြင့်မြတ်တဲ့ သီလ၊ သမာဓိ၊ ပညာကို မြင်လိုက်ပါတယ်။ ဒါကြောင့် သိကြားမင်း သည် အလှူခံပုဏ္ဏားယောင်ဆောင်၍ လူပြည့်သို့ဆင်းကာ ယုန်မင်းထံ အလှူခံ လေတယ်။ ယုန်မင်းလည်း အလှူခံပုဂ္ဂိုလ် မိမိရှေ့သို့ ရောက်သည့်အခါ မိမိ အဓိဌာန်ပြုထားသည့်အတိုင်း “ ကျွန်ုပ်၏ အသားကို အလှူခံပါ” ဟုဆိုလိုက်ပြီး အလှူခံပုဂ္ဂိုလ်အား မီးကိုမွှေးစေလိုက်၏။ ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်မချခင် မိမိခန္ဒာအားလှုပ်ခါလိုက်ပါတယ်။ ထိုသို့ လှုပ်ခါရခြင်းမှာ မိမိကိုယ်၌ တွယ်ကပ်နေတဲ့ ပိုးမွှားတွေကို အသတ်မ သေစေရန်နှင့်၊ လှူဖွယ်ဝတ္တု သန့်သန့်ရှင်းရှင်း ဖြစ်စေရန်အတွက် ဖြစ်ပါတယ်။ ထိုသို့ ခါပြီးနောက် ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်ဆင်း လိုက်ရာ မီးမှာသီတာရေစင်ကဲ့သို့ အေးမြနေခဲ့ပါတယ်။ ယုန်မင်းအား မလောင်ကျွမ်းပဲ ရှိနေခဲ့ပါတယ်။ “အသတ်ကို လှူမည်”ဟူသော စေတနာထက်သန်ခဲ့ခြင်းကြောင့် ယုန်မင်း၏ အသားတို့ အလှူခံ ပုဂ္ဂိုလ်ထံ မရောက်သော်ငြားလည်း ဒါနမြောက်သွားပါတယ်။ အသတ်ကို စွန့်၍လှူတဲ့ ပရမတ္တဒါနဖြစ်ပါတယ်။ သိကြားမင်းဟာထိုဘုရားလောင်း ယုန်မင်း၏ သူတော်ကောင်းစိတ်ဓာတ်ကို ကမ္ဘာတည်သရွှေ့ နောင်းလူတို့ သိရှိစေဖို့အလိုငှာ တောင်မှ အဆီများကို ထုတ်ယူပြီး ယုန်ရုပ်ကို ရေးဆွဲခဲ့ပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လပေါ်ရှိယုန်ရုပ်လေးကို ယနေ့အချိန်အထိ မြင်တွေ့နေရ ခြင်းဖြစ်ပါတယ်။ ၀တ္တုဒါနမြောက်ဖို့ အတွက် (၃) မျိုးပြည့်စုံရန်လိုအပ်ပါတယ်။ (၁) အလှူပေးမည့်ပုဂ္ဂိုလ်၊
(၂) အလှူခံပုဂ္ဂိုလ်၊
(၃) လှူဖွယ်ဝတ္တု၊ တို့ဖြစ်ပါတယ်။
ထိုသုံးမျိုး (၁) ခုခု မရှိလျှင် အလှူဒါနမမြောက်ပါ။ လှူဒါန်းရာတွင် စေတနာ (၃)တန်းဖြင့် လှူဒါန်း ရပါမည်။ (၁) မလှူခင် စေတနာ၊ (၂) လှူနေစဉ်စေတနာ၊ (၃)လှူပြီးစေတနာ ဟူ၍ စေတနာ သုံးတန်ဖြင့် လှူတန်းရပါမည်။ မိမိပြုတဲ့ အလှူဒါနအကျိုးကြီးဖို့ အတွက်-
(၁) အလှူဝတ္တု သန့်ရှင်းစင်ကြယ်ရပါမယ်။
(၂) အလှူခံပုဂ္ဂိုလ်က သီလ၊ သမာဓိနှင့်ပြည့်စုံရပါမယ်။
(၃)အလှူပေးပုဂ္ဂိုလ်က လည်းသီလ စင်ကြယ်ရပါမယ်။
(၄) လှူနေ့စဉ် အခါကာလ၌ စိတ်ကို ကြည်လင်သန့်ရှင်းစွာ ထားရပါမယ်။
(၅) အကျိုးကို ဥာဏ်၊ သဒ္ဒါတို့နှင့် သိမြင် သုံးသပ်ပြီးကာမှ လှူးဒါန်းရပါမယ်။
(၆) မိမိအလှူနှင့် ပက်သက်၍ အပူအပင် နောက်ဆံတင်းမှုမရှိပါစေနှင့်။ ထိုကဲ့သို့သာ နှလုံးသွင်း၍ လှူဒါန်းမည်ဆိုပါကပိုမိုအကျိုးများ စေပါသည်။ တိရစ္ဆာန်မှ မြတ်စွာဘုရားအထိ အလှူခံပုဂ္ဂိုလ် (၁၄) ဦးရှိပါတယ်။ တိရစ္ဆာန်အား လှူခြင်းထက် သီလမရှိသော ပုဂ္ဂိုလ်ကို လှူခြင်းက ပို၍ အကျိုများပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ် အဆင့်အလိုက် အကျိုးထူးပုံမှာ မတူလှပါ။ အလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ-
(၁)တိရစ္ဆာန်
(၂)သီလမရှိသောပုဂ္ဂိုလ်
(၃)သီလရှိသောပုဂ္ဂိုလ်
(၄)ဈာန်ရပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန်ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန်ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန်ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန်ပုဂ္ဂိုလ်
(၁၃)ပစ္စေကဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။ ဒါနပြုရာမှာ ဆုတောင်းမှား ပါက သံသရာပို၍လည်စေပါတယ်။ ဘ၀တွေကို တက်မတ်၍ ဆုတောင်းခြင်မျိုးဟာ “နောက်ထပ် အကြိမ်ကြိမ် သေရပါလို၏”ဟုဆုတောင်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မသေရာ မြတ်နိဗ္ဗာန်ကိုသာ အလိုရှိပြီး လှူဒါန်းကြစေလိုပါတယ်။ဘုရားရှင် အလိုကျ ဒါနပြုနည်း (၅) မျိုးရှိပါတယ်။ အဲဒီ (၅) မျိုးကတော့-(၁) ဘုရား၊ တရား၊ သံဃာတို့ အပေါ်၌ သဒ္ဒါတရားရှိရမည့်အပြင် ကံကံ၏အကျိုးကိုလည်း ယုံကြည်မှုသဒ္ဒါတရားရှိရပါမယ်။(၂) အလှူခံပုဂ္ဂိုလ်ကိုရိုရိုသေသေလှူရပါမယ်။
(၃) အလှူခံပုဂ္ဂိုလ်ရဲ့လိုအပ်ချက်ကိုလှူရပါမယ်။
(၄) လှူပြီးတဲ့ဝတ္တုကိုပြန်၌မနှမြောပါနှင့်။
(၅) မိမိရဲ့အလှူဒါနကြောင့်တခြားသူတို့အားမထိခိုက်စေရပါ။ အဲဒီအချက် (၅)ချက်အား ပြည့်စုံစွာ လှူမည်ဆိုပါ ဘုရားရှင်ကိုယ်တော်ရဲ့ အလိုကျ ဒါနပြုနည်း ပဲဖြစ်ပါတယ်။ မှတ်သားရလွယ်ကူစေရန် အောက်ပါအလင်္ကာ လေးကို ဆရာတော်တစ်ပါးမှ ရေးစပ်ခဲ့ပါတယ်။ “သဒ္ဒါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိပဲ၊ မထိမပ၊ ဤငါးဝ၊ မှတ်သား သပ္ဗူရိသမြတ်ဒါန” ဟူ၍ မှတ်သားနိုင်ပါတယ်။ ဒါနဆိုတဲ့စကားလေးကို စာဖတ်သူအပေါင်း လေးလေး နက်နက် သိသာလာအောင် ကျွန်တော်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တွေမှတဆင့် စုစည်းထားတာဖြစ်ပါတယ်။ ဒါနကို တိတိကျကျ မှန်မှန်ကန်ကန် ပြုတတ်စေရန် ရည်သန် ရေးသား၍ ဓမ္မဒါန ပြုလုပ်ရခြင်းဖြစ်ပါသည် ။…..။

မြန်မာကို ကမ္ဘာက လေးစားရေး ...
ဖီလိုဆိုဖီခေါ် ဒဿနိကဗေဒသည် ဘ၀အကြောင်းနှင့် လောကအကြောင်းတို့ကို တွေးခေါ်ထားကြ
သည့် အတွေးအမြင်ဆိုင်ရာ ပညာဖြစ်သည်။ အနောက်တိုင်း ဒဿနိကပညာရှင်များသည် မောဟမျက်နှာ
ဖုံးစွပ်လျက်နှင့် ပညတ်နယ်တွင် ဘ၀သစ္စာနှင့် လောကသစ္စာများကို ရှာဖွေနေကြရာ ယနေ့တိုင် မတွေ့ရှိကြသေးပါ။ သူတို့ရှာကြံနေကြသော သစ္စာအမှန်တရားများအားလုံးသည် ဗုဒ္ဓအဘိဓမ္မာတွင် အကုန်အရန်သင့်ရှိနေကြ၏။ မှန်ကန်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ပြပြီးလည်းဖြစ်၏။ ဗုဒ္ဓအဘိဓမ္မာ ကမ္ဘာသိအောင် လုပ်နိုင်လျှင် မြန်မာကို ကမ္ဘာက လေးစားလာရမည် ဖြစ်သတည်း။
ဒေါက်တာမင်းတင်မွန်

အစဉ်အမြတ်ထွက်သောအလုပ်...
အများအကျိုး အစဉ်ဆောင်သူမှာ အများ၏ ချစ်ခင်လေးစား အရေးထားခြင်းခံရသည့်အပြင် မိမိ၏ ထိုကောင်းမှုများကို မြင်ရတွေ့ရတိုင်း စိတ်ကြည်နူး၍ ရွှင်မြူးချမ်းသာကာ ပျော်လျက်ရှိ၏ ၊ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်းဖြင့် အစဉ်အမြတ်ထွက်လျက်ရှိ၏။
သပြေကန် ဆရာတော်ကြီး
သပြေကန် ဆရာတော်ကြီး
မေတ္တာအဓိပ္ပာယ်...
- မိမိကိုယ်ကို စိတ်ဓာတ်နဲ့အသိဥာဏ်တွေ ရင့်ကျက်အောင်လုပ်နေပြီး သူတစ်ပါးတို့အားလည်း လုပ်ပေးနေခြင်းသည် မေတ္တာဖြစ်၏။ - မေတ္တာဟာ မြင့်မြတ်လာတဲ့အခါ ခံစားမှု မပါတော့။ အကျိုးကိုသာ လိုတော့တာဖြစ်တယ်။ - ပြန်လည်ရုပ်သိမ်းတတ်တယ်ဆိုရင် မေတ္တာအစစ်မဟုတ်သေးဘူး။ - မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ သူ့ကြောင့် စိုးရိမ်ပူဆွေးနေတယ်ဆိုရင် သူ့ကို မေတ္တာရှိတာ မဟုတ်သေး။ - မေတ္တာဆိုတာ သူတစ်ပါးကို စိတ်ချမ်းသာအောင်လုပ်ပေးတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင် နေတတ်တဲ့နည်းကို ပေးတာ။ သူ့ကြောင့် စိတ်မဆင်းရဲဘူး။ - သူ့ဆီမှ တစ်ခုခုကို မျှော်လင့်နေသေးတယ်ဆိုရင် သူ့အပေါ်ထားတာ မေတ္တာအစစ် မဟုတ်သေး။
ဆရာတော် ဦးဇောတိက
ဆရာတော် ဦးဇောတိက
ဗုဒ္ဓအလိုကျဒါနပြုနည်း...
(၁) ဘုရား ၊ တရား ၊ သံဃာအပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း။
(၂) အလှူခံပုဂ္ဂိုလ်အား ရိုရိုသေသေ လှူခြင်း။
(၃) အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှူခြင်း။
(၄) လှူပြီးဝတ္ထုကို မနှောမျှောခြင်း။
(၅) မိမိအလှူကြောင့် အခြားသူတို့အား မထိခိုက်ခြင်း ။
‘သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ ၊ အခါကိုသိ ၊ မစွန်းငြိဘဲ ၊ မထိမပ ဤငါးဝ ၊ မှတ်သားသပ္ပုရိသ မြတ်ဒါန’

ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...
အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့သွားပြီးညဉ့်သုံးရံ
ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏ ။နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသောဘုရားရှင်အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏-...မြတ်စွာဘုရား...မြတ်စွာဘုရားသည်ဘုရားရှင်၏နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ..
ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က...အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့..ဟု မိန့်တော်မူလေ၏။

Subscribe to:
Posts (Atom)