ဆီမီးကိုရှာ


အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများ
ဖြစ်လျက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ခြင်း ဖြစ်ဘိ
သနည်း ။ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိ
သနည်း ။

အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီးနေသူများ ဖြစ်ပါလျက်
အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးကို မရှာဘဲ
နေကြကုန်သနည်း ။
(ရှင်တော်ဗုဒ္ဓ)

စကားများများပြောခြင်း၏ အပြစ် ငါးပါး

၁ ။ စကားများများ ပြောသဖြင့် မမှန်မကန်သော မုသာဝါဒ စကားများပြောမိခြင်း ။
၂ ။ ပိသုဏ၀ါစာ ကုန်းတိုက် ၊ ချောပစ်စကား ပြောဆိုမိခြင်း ။
၃ ။ အကျိုးမဲ့သော သမ္ဗပ္ပလာပ စကားပြောဆိုမိခြင်း ။
၎ ။ ကြမ်းတမ်းယုတ်မာသော ဖရုသ၀ါစာ စကားကိုပြောမိခြင်း ။
၅ ။ သေဆုံးပါက အပါယ်သို့ လားရခြင်း ။

ခန္ဓာငါးပါးပေါ်ရာ ဒွါရခြောက်ခု

၁ ။ စက္ခုဒွါရ - မျက်စိအကြည် ၊

၂ ။ သောတဒွါရ - နားအကြည် ၊

၃ ။ ဃာနဒွါရ - နှားခေါင်းအကြည် ၊

၎ ။ ဇိဝှါဒွါရ - လျှာအကြည် ၊

၅ ။ ကာယဒွါရ - ကိုယ်အကြည် ၊

၆ ။ မနောဒွါရ - စိတ်အကြည် ၊

ကုသိုလ် (၁၀) ပါး

၁ ။ ဒါန = ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း ။

၂ ။ သီလ = သီလဆောက်တည်ခြင်း ။

၃ ။ ဘာဝနာ = သမထ ၀ိပဿနာပွား များခြင်း ။

၎ ။ အပစာယန = အနန္တငါးဖြာအား ရိုသေခြင်း ။

၅ ။ ဝေယျာဝစ္စ = အနန္တငါးဖြာ၏ အမှု ကြီးငယ်တို့ကို ဆောင်ရွက်ခြင်း ။

၆ ။ ပတ္တိဒါန = မိမိပြုသော ကုသိုလ်ကောင်းမှုကို တစ်ပါးသူအား အမျှဝေခြင်း ။

၇ ။ ပတ္တာနုမောဒနာ = သူတစ်ပါးပြုသော ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်စွာ သာဓု

ခေါ်ခြင်း ။

၈ ။ ဓမ္မဿဝန = တရားတော်ကို နာကြားခြင်း ။

၉ ။ ဓမ္မဒေသနာ = တရားတော်ကို ဟောကြားခြင်း ။

၁၀။ ဒိဋ္ဌိဇုကမ္မ = နိဗ္ဗာန်ရောက်ကြောင်း ဖြောင့်မှန်သော အယူကိုယူခြင်း ။

အဆင်းသာရှိ၍ ရနံ့မရှိသော၊ တင့်တယ်လှပသော( ပေါက်ပွင့်စသော ) ပန်းသည် ပန်ဆင်သူအား ရနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ( ပိဋကတ် ) တရားတော်သည် မလိုက်နာ မကျင့် ကြံသူအား အကျိုးကိုမဆောင်နိုင်ကုန်။

ဆတ္တပါဏိဥပါသကာဝတ္ထု၊ ပုဖ္ပ၀ဂ်၊ ဓမ္မပဒပါဠိတော်
ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့ နေလေ့ရှိကုန်သော ကောင်းစွာ ( ဥာဏ်ဖြင့် ) သိ၍ ကိလေသာမှ လွတ်မြောက် သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာန်နတ်သည် မသိမတွေ့ မမြင်နိုင်ပေ ။

(ဂေါဓိကတ္တေရ၀တ္ထု ၊ ပုပ္ဖ၀ဂ် ၊ ဓမ္မပဒပါဠိတော်)

အပြစ်ဖော်ပြ နှိမ့်ချဆုံးမလေ့ရှိသော ပညာရှိအား မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရ၏။ ထိုသို့ သဘောရှိသောပညာရှိကို ဆည်းကပ်သောသူအားမြတ်၏။ မယုံ့ညံ့ပေ။

(ဓမ္မပဒ - ရာတ္ထေရ၀တ္ထု)

ရုပ်နာမ်နှစ်ပါး၊ ရှုပွားဘို့ရာ၊ ဘာများဝန်လေး၊ သင်ငေးနေတာ၊ နေ့ရက်လဖြုန်း၊ သေဆုံးတော့ မှာ၊ သင့်ဘ၀ သင်မှအားမနာ။

ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး
ကုသိုလ်မယူ၊ အသက်ရှူ ၊ ထိုသူသေ၍ နေတော့သည်။
အကုသိုလ်ယူ၊ အသက်ရှူ၊ သူလည်းသေ၍ နေတော့သည်။
ကုသိုလ်ပဲယူ၊ အသက်ရှူ ၊ ထိုသူမသေ ရှင်တော့သည်။

ကျေးဇူးတော်ရှင်ဓမ္မဒူတအရှင်ဆေကိန္ဒ

ဝိပဿနာရှုမှတ်ပွားများရာ၌...

ဖြစ်အောင်ပြုက လောဘတဏှာ၊ ပျက်အောင်ပြုက ဒေါသအာဂ၊ မသိငြား ဖြစ်ပွားအ၀ိဇ္ဇာ။

ကျေးဇူးတော်ရှင်ဓမ္မဒူတအရှင်ဆေကိန္ဒ
မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှစေ။
အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။

ကျေးဇူးတော်ရှင်တိပိဋက-ဓမ္မဘဏ္ဍာဂါရိကမင်းကွန်းဆရာတော်ဘုရားကြီး
မကောင်းမှုအကုသိုလ်ကံကို ပြုကြကုန်သည့် ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ သံသရာ၌ ကျင်လည်ကြရကုန်၏။

(ဓမ္မပဒ-သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု)

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေးလို့ ဖြည့်ခဲ့သည်။ ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊ ငါပါအသက် ဆုံးစေမည်။ စိတ်မပျက်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။


ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ပေမယ့်... ပုဂံကိုကျောခိုင်းပြီး ပြေးရင်တော့  ဘယ်တော့မှ မရောက်ဘူး မှတ်ပါ။

ဆရာတော်အရှင်အာစာရာလင်္ကာရ
စစ်ကိုင်းတံတား အလျှောက်မခက် အဆောက်ခက်။ လယ်လုပ်မခက် လယ်တည်ခက်။ အကျင့်မခက် မသိခက်။

ဓမ္မစေတီဆရာတော်ဦးကောသလ္လ

ကိလေသာရန်သူတို့ကိုတက်ညီလက်ညီဖြင့် တိုက်ခိုက်ရသော(ဗိုလ်-ဣနြေ္ဒ)ငါးပါး...

သဒ္ဓါက အထုပ် ။
ဝီရိယက အလုပ် ။
သတိက အချုပ် ။
သမာဓိက အအုပ် ၊၊
ပညာက အဟုတ်။

ကျေးဇူးတော်ရှင်တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ဘုရားကြီး

ဝိပဿနာ ရှုပွားရာ၌...

လူလည်း မဆင်းရဲ၊ စိတ်လည်း မဆင်းရဲ၊ ဥာဏ်တော့ ဆင်းရဲတယ်။ ၀ိပဿနာရှု မှတ်နေစဉ်- ၀ိပဿနာ ရှုလို့ကောင်းလိုက်တာဆိုရင် တဏှာ၊ ငါရှုနိုင်တယ်၊ ငါမြင်နိုင်တယ်ဆိုရင် မာန၊ ငါရှုနေတယ်ဆိုရင် ဒိဋ္ဌိ ဖြစ်နေပြီဆိုတာ အထူးသတိပြုပါ။

“ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ”


သူတော်မဟုတ် သူယုတ်တို့အား အကြိမ်တစ်ရာ ပေါင်းသော်လည်း ဘာမှ ကျေးဇူးမများနိုင်ပေ။

ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး
ခန္ဓာ၏ အဖြစ်-အပျက် ကို မမြင်ဘဲ အနှစ်တစ်ရာ ရှည်နေရတာထက် အဖြစ်-အပျက် ကို မြင်ပြီး တစ်ရက်မျှ အသက်ရှည်တာက မြတ်၏။။ ဖြစ်-ပျက်မပါ သက်တစ်ရာ နေတာအလကား။
ဖြစ်-ပျက်ကိုမြင် တစ်နေ့ ပင် လွန်လျှင် ထို့ထက်အကျိုးများ။

တစ်ဘ၀သာသနာကျမ်းပြုဆရာတော်ဦးဃောသိတ
ဆိုပိန့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချီးနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

သိချင်ယောင်ဆောင်သော မသိမိုက်သည် မသိချင်ယောင်ဆောင်သော သိမိုက်ထက် ပို၍ ကန်း၏။
တတ်ချင်ယောင်ဆောင်သော မတတ်မိုက်သည် မတတ်ချင်ယောင်ဆောင်သော တတ်မိုက်ထက် ပို၍ ကန်း၏။

(ဓမ္မနီတိကထာ)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်
သီလရနံ့ မွှေးပျံ့ကြိုင်စွာ၊
သီလဆင်တိုင်း ရှုတိုင်းလှပါ၊
သီလစောင့်ငြား မလားပါယ်ရွာ၊
မြတ်သီလ စိတ်ချကိုးကွယ်ရာ။


ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး

ဓမ္မော ဟဝေ ရက္ခတ ဓမ္မစာရီ
- တရားကို စောင့်ရှောက်သူကို တရားက ပြန်၍ စောင့်ရှောက်၏။

မြတ်ဗုဒ္ဓ
လူတိုင်း၌ မွေးကတည်းက ပါလာသော “ဓားမကြီး”တစ်လက် ရှိ၏။
၎င်းကို အသုံးပြုတတ်က အသုံးဝင်ပေမယ့် အသုံးမပြုတတ်က မိမိကိုယ်ကိုယ်မိမိ ပြန်၍ ခုတ်သတ်တတ်၏။ ထို “ဓားမ”သည်ကား လက်နှစ်လုံးခန်ရှိသော ပါးစပ်ပေါက်ဖြစ်၏။

ဖားအောက်တောရဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ] စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတရားတော် မှကောက်နှုတ်၏။

မိမိ၏စိတ်ကို သမာဓိ(တည်ကြည်အေးချမ်းမှု) ဖြစ်စေရန်...

အခြားသူများ၏ အပြစ်များကို မကြည့်ရာ၊ အခြားသူများ၏ ထိုထိုကောင်းမှု မကောင်းမှု ပြု မပြုကိုလည်း
မကြည့်ရာ။ - မိမိ၏ ကောင်းမှု ပြုသည် မပြုသည်ကိုသာ ကြည့်ရာ၏။


(ဓမၼပဒ-ပါေ၀ယ်က၀တၴဳ)
ကိုးကွယ်ရာမှားခြင်းသည် အမှားတကာတို့တွင် အမှားဆုံးသောမှားခြင်း ဖြစ်၏။

ဆရာကြီးဦရွှေအောင် မဟာဝိဇ္ဇာ(သက္ကတ) ၊ သဒ္ဓမ္မဇောတိကဓဇ (သာသနာပြုဘွဲ့)
လိုချင်လျှင် ဆင်းရဲသည်။ မလိုချင်လျှင် ချမ်းသာသည်။

ဆရာတော် အရှင်ဇ၀န
တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်... ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

မြတ်ဗုဒ္ဓက ဂါမဏိအား ဤသို့ ဟောကြားတော်မူခဲ့လေ၏-

“ဂါမဏိ- လွန်လေပြီးသောအခါက သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့်နှောင်ဖွဲ့ကုန်၏။ ကချေသည် သည်ထိုသတ္တ၀ါတို့အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်နှစ်သက်စေတတ်သောအာရုံ၊ မိုက်မဲတွေဝေစေတတ်သော အာရုံတို့ကို အနီးသို့ ဆောင်၏။ ထိုကချေသည်
မိမိလည်းလွန်စွာမေ့လျော့လျက်သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့စေတတ်သောကြောင့် သေသည်မှနောက်၌ ပဟာသ အမည် ရှိသောငရဲ ၌ဖြစ်ရ၏” ဟု ဟောတော်မူ၏။

(သံယုတ်ပါဠိတော်)

အပါယ်ဖော် မိတ်ဆွေတု...

(၁) အရက်သေစာသောက်စားရာ၌ အဖော်ပြုသူ။
(၂) ညအခါ အခါမဲ့လည်ပတ်သွားလာရာ၌ အဖော်ပြုသူ။
(၃) ပွဲလမ်းသဘင်၊ ဗွီဒီယို၊ ရုပ်ရှင် ကြည့်ရှုရာ၌ အဖော်ပြုသူ။
(၄) လောင်းကစားရာ၌ အဖော်ပြုသူ။
ဤအင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖော် မိတ်ဆွေတု ဟု ခေါ်သည်။

(သိင်္ဂါလောဝါဒသုတ်တော်)
လောကဒဏ်ရာ၊ ကိုယ့်သာနာ၊ စိတ်မှာ မနာနှင့်။

ဆရာတော် အရှင်ဆန္ဒာဓိက
သစ်ဝါးတို့စုပေါင်း အိမ်တစ်လုံးကောင်းဆောက်လိုလျှင် နိမ့်မြင့်တိုရှည် မှီရာရာ စီပေးပါ... လမ်းသွားချင်း ပက်ပင်းခဏကြုံတွေ့ကြရာ၌ ငါပြောတာမှ အဟုတ်၊ ငါပြောတာမှ အမှန်၊ ငါကြံတာမှသဘောမိ
ဟူ၍ ငါတကော မကောမိစေရာ။ - သူလည်းဘဲ သူ့အတွေ့အကြုံခုံမင် ဂုဏ်တက်ချင်ပေလိမ့်မည်။ - ကိုယ်လည်းဘဲ ကိုယ့်အတွေ့အကြုံပုံတင် ဂုဏ်တက်လျက်ကပင်။ - ဖဲကစားရာ၌ကုလားချင်းတူပါလျက်နှင့် ငါ့ကုလားကဓားပါသည် ပြောကြားလျှော်စား
စားသည့်ပမာ မပြုကျင့်မိကြစေရာ။


(ဓမ္မနီတိကထာ) ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်
ချမ်းသာအစစ်မည်သည်ကို အမိကလည်း မပေးနိုင်။ အဘကလည်း မပေးနိုင်။ ဆွေမျိုးကလည်း မပေးနိုင်။ ချမ်းသာတု ကိုသာ ပေးနိုင်၏။ မိမိ၏ စိတ်မြတ်ကသာလျှင် မိဘဆွေမျိုးတို့က ပေးနိုင်သော ချမ်းသာထက် ပို၍စစ်မှန်သောချမ်းသာကို ပေးနိုင်၏။


(ဓမ္မပဒ-သောရေယျမထေရ်ဝတ္ထု)
ဟင်းလင်းမပိတ်၊ လောဘစိတ်ဖြင့်၊ အဟိတ်ပေထ၊ မ၀နိုင်သီး၊ စပါးကြီးမြွေလို၊ ရတိုင်းမျိုသော်၊ ဤကိုယ်နောက်နစ်၊ ဘေးကြီးဖြစ်လိမ့်။


(မဃဒေ၀လင်္ကာ)
သူ မြတ်တို့ထံ၊ နာခံတရား၊ လျှောက်ထားမေးခြင်း၊ မပြုပျင်းက၊ ညံ့ဖျင်းပညာ၊ ထုံထိုင်းစွာ၏၊ ကြားနာဓမ္မ၊ သုတဖွေစစ်၊ ကျိုးပြစ်အရေး၊ လျှောက်မေးတတ်စွာ၊ သူတကာမူ၊ ပညာကြွယ်နက်၊ ဉာဏ်ထက်မြတ်၏။


(မဃဒေ၀လင်္ကာ)
အကြင်လူ့ ရွာ၊ လူတကာတို့၊ပညာသတိ၊ ကင်းကွာဘိလျက်၊ မိမိတဏှာ၊ အ၀ိဇ္ဇာမျိုး၊ နေ့ တိုင်းတိုး၍၊ အရိုးသာရင့်၊ ဥာဏ်မပွင့်ဘူး။

(မဃဒေ၀လင်္ကာ)

မြတ်ဗုဒ္ဓဟောကြားသော အသက်ရှည်ကြောင်းတရား (၅) ပါး...

(၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ၊ အစားအသောက်၊ အနေအထိုင်တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း။ (၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း။
(၃) ကြေလွယ် ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း။
(၄) ငါးပါးသီလမြဲခြင်း။
(၅) ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းရှိခြင်း။

သူယုတ်မာနှင့်သူတော်ကောင်း

သူတော်ကောင်းမှန် ကောင်းမှုကံ ပြုရန်လွယ်ပေသည်။
သူတော်ကောင်းမှန် မကောင်းကံ ပြုရန်ခက်ပေသည်။
သူယုတ်မာမှန် မကောင်းကံ ပြုရန်လွယ်ပေသည်။
သူယုတ်မာမှန် ကောင်းမှုကံ ပြုရန်ခက်ပေသည်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး

လယ်တီဆရာတော်ဘုရားကြီး၏မှတ်သားဖွယ်သြ၀ါဒ...

လယ်တီဆရာတော်ဘုရားကြီးက ကျောင်းအတွင်း သောက်ရေသုံးရေများ နေ့ စဉ် ညအချိန်၌ ဖြည့်ထားလေ့ရှိရာ တစ်နေ့ တွင် တပည့်သံဃာတော်များ သိသွားပြီး “ အရှင်ဘုရား...ရေကို တပည့်တော်တို့ဘဲ ဖြည့်ပါရစေဘုရား ၊ အရှင်ဘုရား ဖြည့်ထားတဲ့ရေတွေကို တပည့်တော်တို့ မသုံးရက်ပါ ၊ မသုံးရဲပါဘုရား” ဟူ၍ လျှောက်ကြားကြလေရာ လယ်တီဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မိန့် ကြားလေ၏- “တပည့်တို့...ငါ့ကို သနားရင် အသုံးပြုကြပါ။ ဒီလက်တွေ ၊ ဒီခြေတွေနဲ့  တစ်သံသရာလုံး သားကျွန် ၊ မယားကျွန် ဖြစ်ခဲ့ရ တာ။ ဒီဘ၀မှာတော့ ဘုရားကျွန် ၊ သံဃာ့ကျွန် ၊ သာသနာ့ကျွန် ဖြစ်ပါရစေ” ဟူ၍ ဖြစ်၏။

ဆရာတော်အရှင်အာစာရာလင်္ကာရ ဟောကြားတော်မူသော သူတော်ကောင်းတို့နှလုံးသားတရာတော် ... မှ ကောက်နှုတ်၏။
ကံ တည်းဟူသောရေတွေ ခန်းနေပြီ။ ငါး နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။ သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။ အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။ သေတာထုံးစံဘဲလို့ဘဲ ပြောမနေပါနဲ့ဦး။
မသေရာလည်း လမ်းခွဲရှိနေတယ် ဆိုတာလည်း သတိထားပါဦး။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး

သရဏဂုံ၊ အာဇီဝဋ္ဌမကသီလ (မိမိဘာသာ) ဆောက်တည်ခြင်း

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသ ရဏံ ဂစ္ဆာမိ။

အနက်။ ။ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်းပုန်း အောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်း အောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်း ကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ သံဃံ- အရိယာသံဃာတော်မြတ်ကို၊ သရဏံ- ကိုး ကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

တတိယမ္ပိ- သုံးကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုး ကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာ တော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ် ပါ၏။

(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ဂ) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) ပိသုဏ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( စ) ဖရုသ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(ဆ) သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ဇ) မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

အနက်။ ။(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကိုသတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာဆောက် တည်ပါ၏။
(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာဆောက်တည်ပါ၏။
(ဂ) ကာမေသုမိစ္ဆာစာရာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။
(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(င) ပိသုဏ၀ါစာ- ကုန်းချောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(စ) ဖရုသ၀ါစာ- ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(ဆ) သမ္ဖပ္ပလာပါ- အကျိုးမရှိသိမ်ဖျင်းသောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ ၏။
(ဇ) မိစ္ဆာအာဇီဝါ- မှားယွင်းသောအသက်မွေးခြင်းများဖြစ်ကြသည့်-
( ၁) သတ္တ၀ါတွေသေစေနိုင်သော လက်နက်များကုန်ကူးခြင်း၊
( ၂) သတ္တ၀ါတွေသေစေနိုင်သော အဆိပ်များကုန်ကူးခြင်း၊
( ၃) သား၊ ငါးများကုန်ကူးခြင်း၊
( ၄) အရက်သေစာများကုန်ကူးခြင်း၊
( ၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ်အသုံးပြုရန် လူများကုန်ကူးခြင်း တို့မှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။



မှတ်ချက်။ ။
( စာဖက်သူတစ်ယောက် ၏တောင်းဆိုချက်အရ ညစာ စားလို့ရသော ရှစ်ပါးသီလ (အာဇီဝဋ္ဌမကသီလ) ကိုရေးသားလိုက်ရပါသည်။ စာဖက်သူ အားလုံး မိမိတည်ဆောက်ပြီးသောသီလများကို ပိုမိုလေးနက်စွာစောင့်ထိန်းပြီး မရှိသေးသော သီလများကိုလည်း ဆောက်တည်၍ နိဗ္ဗာန် မဂ်ဖိုလ်သို့ လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ။)
အိုးလုပ်သမား၊ ပြုလုပ်ထားသည့်၊ စားစားကြီးငယ်၊ အိုးသွယ်သွယ်သည်၊ တကယ်နောက်ဆုံး၊ ပျက်ကဲ့သုဉ်းသို့၊ တစ်ထုံးထို့တူ၊ သတ္တ၀ါဟူသမျှ၊ အနန္တ၏၊ ဇီဝသမုတ်၊ နာမ်နှင့်ရုပ်လည်း၊ မုချနောက်ဆုံး၊ သေပျက်သုဉ်းသည်၊ အားလုံး အနိစ္စပါတကား။


(ပရမတ္ထသရူပဘေဒနီ-ဒု)
အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ် သဘောတည်း။

“ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ”
လောကီစစ်ပွဲ၌ ... ကင်းသမား၏ပေါ့လျော့မှုကြောင့် တစ်တပ်လုံးပြုတ်ရသကဲ့သို့
လောကုတ္တရာစစ်ပွဲ၌ ...သတိတရား ပေါ့လျော့မှုကြောင့် ကိလေသာရန်သူတို့၏ နှိပ်စက်ခြင်းကို ခံရ၏။

(မင်္ဂလာနိဒါန်းစာအုပ်မှ ကောက်နှုတ်၏။)
ပျားကိုပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာရတနာ။
သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသတ္တ၀ါ။

ဆရာတော် ဦးဃောသိတ
ကိလေယုတ်မာ၊ ဓမ္မတာ၌၊ အာသာငတ်ငတ်၊ ကြီးရမ္မက်နှင့်၊ ကလက်ကလိန်း၊ ဥာဏ်မထိန်းဘဲ၊ မိန်းမနိုင်ငံ၊ ဆက်ဆံရစ်မူး၊ အလိုက်ကြူးက၊ ညစ်ညူးဆိုးဝါး၊
အပြစ်များ၏။


(မဃဒေ၀လင်္ကာ)

ကိစ္စတစ်ခု မပြုကျင့်မီ...

မိမိပြုကျင့်ရမည့် ထိုကိစ္စသည် ဘုရားအဆုံးအမတော်နှင့် ကိုက်၏၊ မကိုက်၏ ဦးစွာ သတိ၊ သမ္ပဇဉ်ဥာဏ်
ဝင်လျက်က ချင့်တိုက်ကြည့်။ ဘုရားကသာ ထောက်ခံ လှေခွက်ချည်းကျန် အလံမလှဲနှင့်။

(ဓမ္မနီတိကထာ)
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်

အိုသည့်တိုင်အောင် ကောင်းသည့်တရား (၄) ပါး...

(၁) သီလရှိခြင်း။ သီလ (အကျင့်သီလကောင်း) ရှိခြင်းကြောင့်-
(က) အပြစ်ကင်းသောချမ်းသာကို ရ၏။
( ခ) ကိုယ့်ကိုယ်ကို အပြစ်တင်သည့်ဘေးမှ လွတ်၏။
( ဂ) သူတစ်ပါးတို့ အပြစ်တင်သည့်ဘေးမှလည်း လွတ်၏။
(၂) သဒ္ဓါရှိခြင်း။ သဒ္ဓါ ( ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ ယုံကြည်မှု) ရှိခြင်းကြောင့်- (က) ဘ၀၏ အခက်အခဲမှန်သမျှကို လွန်မြောက်၏။
( ခ) သံသရာ ၀ဲသြဃမှ လွတ်မြောက်၏။
(၃) ပညာရှိခြင်း။ ပညာ (အသေးစိတ် ရှင်းရှင်းလင်းလင်း နားလည်မှု ၊ သိမှု) ရှိခြင်းကြောင့်-
(က) တန်ဘိုးအရှိဆုံးရတနာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
( ခ) လွတ်မြောက်သော ချမ်းသာကို ခံစားရ၏။
(၄) ပုညရှိခြင်း။ ပုည (ဒါန ၊ သီလ ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှု) ရှိခြင်းကြောင့်- (က) ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်သောဥစ္စာကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ “အိုသည့်တိုင်အောင် ကောင်းသည့်တရားတော်” မှ ကောက်နှုတ်၏။)
သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမြည် ၊ မြွက်သည်စစ၊ ပြောသမျှကို မှန်လှစေ။


ဆရာတော် အရှင်မဟာသီလ၀ံသ
မနာလိုကင်း ၊ ၀န်တိုရှင်း ၊ လက်ငင်းချမ်းသာသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး
ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်းအလှူပါ။ သူတစ်ပါးကို တရားပေးလှူရင်... သူတစ်ပါးကိုမသေခြင်း ပေးလှူရာ ရောက်ပါတယ်။ မသေ ဓာတ်ပေးအပ်ရာ ရောက်ပါတယ်။ မသေအောင် လုပ်ပေးရာရောက်ပါတယ်။ သူတစ်ပါးကိုမသေအောင် လုပ်ပေးရတဲ့ အလုပ်လောက် ကောင်းတဲ့အလုပ်မျိုး လောကမှာ
ရှိနိုင်ပါဦးမလား။


ဆရာတော် အရှင်ဆန္ဒာဓိက
ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ မှန်လှစေ။


ဆရာတော် အရှင်မဟာရဋ္ဌသာရ
အမှတ်မှားတော့ အသိမှားတယ်။ အသိမှားတော့ အယူမှားတယ်။ အမှားသုံးချက်နဲ့ဘဲ လမ်းဆုံးတော့ သေမင်းနိုင်ငံမှာ သေမင်းခန္ဓာ ထိုးအပ်ရတယ်။ ထို အမှားသုံးချက် မလွတ်သေးသ၍ အပါယ်မလွတ်နိုင်သေး။


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ အခေါ်ရှိနှင့် တကယ်ရှိ အရှိနှစ်ပါးခွဲခြားရန်တရားတော် မှ...
လုပ်သင့်တာကို လုပ်နိုင်သလောက်လုပ်ပါ။ လုပ်နိုင်တယ်ဆိုပြီးမှ မလုပ်သင့်တာကို မလုပ်ပါနဲ့။

ဆရာတော် အရှင်အာစာရာလင်္ကာရ
လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ ဘုရားတည်မပေးရင် လမ်းဘေးမှာရှိနေတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။ အမှိုက်ပုံတို့ ၊ အမှိုက်ပုံးတို့ဆိုတာ ထားတာကလည်း လမ်းဘေးမှာ၊ ရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဘို့ဆိုတော့ တွေ့တဲ့သူတွေက ကြုံရာ အမှိုက်တွေ ထည့်သွားတယ်၊ အမှိုက်တွေ ထည့်သွား၊ တံတွေး အညစ်အကြေးတွေ စွန့်သွား၊ ကွမ်းသွေးတွေ ထွေးသွား၊ ကောင်းတာ တစ်ခု မှ မထည့်ပါဘူး။ ဒါမျိုးလိုဘဲ ပုထုဇဉ်တွေရဲ့ စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း နှလုံးသားထဲ တရားမထည့်ပေးရင် အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။ အမှိုက်က သူများတွေ လာထည့်တာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ထည့်နေတာ။ လောဘက အမှိုက်တွေ လာထည့် ၊ ဒေါသက အမှိုက်တွေလာထည့် ၊ ဣဿာ မစ္ဆရိယ စတဲ့ ကိလေသာတွေက အမှိုက်တွေ လာထည့် ၊ နှလုံးသားထဲ တရားမထည့်ရင် အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်။


ကျေးဇူးတော်ရှင်တိပိဋကဓရ- ဓမ္မဘဏ္ဍာဂါရိက
(ယော) ဆရာတော်ဘုရာကြီး အရှင်သီရိန္ဒာဘိဝံသ
အကုသိုလ်တရားမှ အကျိုးပေးသောအခါ ဒေါသမဖြစ်လိုက်ပါနဲ့။ ၀မ်းသာလိုက်ပါ။ အကုသိုလ်အကြွေးကျေပြီ ဟူ၍ နှလုံးသွင်းလိုက်ပါ။


( ဆရာတော်ကြီးတစ်ပါးကသေခါနီးဖြစ်သော နန်းမတော်မယ်နုအား ဆုံးမခဲ့သောသြ၀ါဒဖြစ်၏။)
နေရေးကောင်းမှ သေရေးကောင်းမယ်။ နေရေးဆိုးရင် သေရေးဆိုးမယ် မှတ်ပါ။


ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
တရားမသိတဲ့သူဟာ ငြုပ်သီးထဲကပိုးနဲ့ တူ၏။ ငြုပ်သီးထဲကပိုး အပူမကြောက်သကဲ့သို့ ဖြစ်၏။


ဆရာတော် ရှင်ဇ၀န
သေခြင်းတရားဟာ မှည့်နေတဲ့ အသီးလိုဘဲ အချိန်မရွေး ကြွေကျနိုင်တယ်။


ဘဒ္ဒန္တခေမိန္ဒ
မိုက်တယ်ဆိုတာ ကိုယ်ဘဲခံရတာ။
ကောင်းတယ်ဆိုတာ ကိုယ်ဘဲစံရတာ။


ဆရာတော်အရှင်ဆေကိန္ဒ

သရဏဂုံမပျက်အောင်ဆောက်တည်သူ ရရှိသောအကျိုး(၈)ပါး...

ဒေသပူစာ၊ ပညာထက်ညား၊ နတ်များစောင့်လာ၊
ဥစ္စာပေါကြွယ်၊ နုနယ်လှပ၊ လူကချစ်ခင်၊ မိတ်လျှင်မြဲတုံ ၊
ဂုဏ်သတင်းတက် ၊ ဤရှစ်ချက် ၊ မပျက်သရဂုံ အကျိုးတည်း။
(အပါဒါန်ပါဠိတော် မြန်မာပြန်)
မြတ်သောအကျင့်သီလမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်နေရတာထက် မြတ်သောအကျင့်သီလရှိပြီး တစ်ရက်မျှ အသက်ရှင်နေရတာက သာ၍မြတ်၏။

(ဓမ္မပဒ)
လူမိုက်တစ်သောင်း ၊ ချီးမွမ်းရှောင်းလည်း ၊ လူကောင်းတစ်ယောက် ၊ ပြစ်တင်ကြောက်လော့။

(မဃဒေ၀လင်္ကာ)
မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အပြစ်ဖို့၏။ ထို့ထက် လိမ္မာသူသည် မိမိကိုယ်ကို မိမိ အပြစ်ဖို့၏။ အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကို မှ အပြစ်မဖို့။

ဓမ္မပဒ
ကိလေသာတည်းဟူသော အာသဝေါတရားတို့ မကုန်ခန်းသေးဘဲနဲ့ ငါချမ်းသာလိုက်တာ ဟူ၍ ဘယ်သောအခါမှ မတွေးတောလိုက်ပါနဲ့။

ဆရာတော်ရှင်ဆန္ဒာဓိက

ဘုရားရှင်ကိုယ်တော်တိုင် တရားနာခြင်း ...

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောသောနေရာသို့ သွားပြီးညဉ့် သုံးယံ ကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ရပ်လျက် တရားနာနေသော ဘုရားရှင် အားမြင်၍လာရောက်ကာ လက်အုပ်ချီမိုးရှိခိုး၍ ဤသို့လျှောက်၏- “ မြတ်စွာဘုရား...မြတ်စွာဘုရားသည် ဘုရားရှင်၏ နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ” ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က... “အို...ချစ်သားနန္ဒ ၊ သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟောခြင်းငှါ စွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင် တစ်ကမ္ဘာပတ်လုံး တရားနာတော်မူအံ့” ဟု မိန့်တော်မူလေ၏။

မှတ်သားဖွယ်ဆောင်ပုဒ်

လက်ရှိခန္ဓာ၊ မတွယ်တာနှင့်၊ နောင်လာဘ၀၊ မတောင့်တဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ၀ိပဿနာ ၊ လေ့လာကြိမ်ဖန်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းမှန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ကတိမြဲ၏။ မီးလောင်စွဲမှ၊ ရေကိုတသော်၊ မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊ မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်၊ မသေခင်က၊ ပြင်ဆင်တောက်လျှောက်၊ မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်၊ ကိစ္စမလျော် ၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်မရဦး၊ ဘ၀အမွန်၊ တမလွန်တွင်၊ ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍၊ မဖောက်မပြန်၊ သောတာပန်စစ်၊ ဧကန်ဖြစ်မည်၊ မလစ် ၀ိပဿနာ
အကျိုးပေးတည်း။
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

တရားရှုမှတ်သူများအတွက်...

ဥဒယဗ္ဗယဥာဏ်(ဖြစ်ပျက်မြင်တယ်) ဆိုတာ ဒီနေရာဖြစ်ပြီး ဒီနေရာပျက်သွားသလိုကိုးလို့ ဥာဏ်ရောက်တာကို ဆိုတာပါ။ အရှုခံနှင့်ရှုဥာဏ် ပြိုင်မဖြစ်နိုင်တဲ့အတွက် တကယ်မြင်လိုက် တာကတော့ မရှိတာ သိတာပါပဲ။ ခန္ဓာကိုယ် ကြည့်လိုက်လို့ရှိရင် ဘာမှ မတွေ့စေနဲ့။ ပထမတော့ တွေ့ချင်တွေ့မှာ ပေါ့ လေ။ နောက်တော့ ဘာပေါ်ပေါ် ဖြစ်ပြီးပျက်သွားတာလေးသာ ဥာဏ်ထဲမှာ တွေ့ပါစေ။ တွေ့လို့ရှိရင် ဒီဥာဏ်ရင့်အောင်သာလုပ်တော့။ ကြပ်ကြပ်ရှုပေး။ ဘာမှ နောက်ပြန်ကြည့်မနေနဲ့။ အပြီးလုပ်တော့မယ်ဆို တာသာ ဆုံးဖြတ်ချက်ချပါ။ မပေါက် မရှိပါဘူး။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလ(၁၈၉၉-၁၉၆၂)
စိတ်သည် မြင်နိုင်ခဲ၏။ သိမ်မွေ့၏။ မိမိနှစ်သက်ရာ အာရုံကို အာရုံပြုလေ့ရှိ၏။ ပညာရှိသည် မိမိ၏စိတ်ကို စောင့်ထိန်းရ၏။ အကယ်၍သာ... မိမိ၏စိတ်ကို စောင့်ထိန်းနိုင်ခဲ့သော် ထိုစိတ်သည် ချမ်းသာကို ဆောင်၏။

(ဓမ္မပဒ-သာသနာတော်၌ ငြီးငွေ့သော ရဟန်တစ်ပါး ၀တ္ထု)
စိတ်သည် ဆုံးမရန် အလွန်ခက်၏။ အလွန်လျှင်မြန်၏။ ရောက်ချင်ရာသို့ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။

ဓမ္မပဒ(မာတိကမာတာဝတ္ထု)

ရခြင်းအကြောင်းတရား(၄) ပါး...

ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ ပညာရ၏။
ထကြွလုံ့လ၊ ဥဋ္ဌာနဖြင့်၊ လုံ့လရှိမှ၊ ဥစ္စာရ၏။
မခွနှုတ်လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊ ကျော်စောရ၏။
ကိုယ်ကဥစ္စာ၊ စွန့်လွှတ်ကာလျှင်၊ မေတ္တာရှေး၍၊ ပေးကမ်းတတ်မှ၊
ကုသိုလ်ရ၏။

(မဃဒေ၀လင်္ကာ)
ဖြစ်ပြီးအဟောင်း ၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်းစား ၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော ၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန် ၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ ၊ နေစမ်းပါလော့။ သို့ပါလေမှ ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ ၊ ချမ်းသာလာလိမ့်။

“ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ”
အတွေးအခေါ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။ အတွေးအခေါ်ပညာနည်းတဲ့ပုဂ္ဂိုလ်ကကျ ကိုယ်ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။ အတွေးအခေါ်ပညာမရှိတဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။

ဆရာတော် အရှင်ဇ၀န
သဒ္ဓါ ၊ မေတ္တာ ရှေးရှုကာ ၊ ချစ်တာမြင့်မြတ်သည်။ သတိဥာဏ်ယှဉ် ၊ မုန်းတတ်လျှင် ၊ ၀ဋ်ခွင်လွတ်မြောက်သည်။ ဘ၀တိုင်းမှာ ၊ စောင်းမြောင်းကာ ၊ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ ၊ မူးရစ်ကာ ၊ သောက်တာကင်းပါစေ။
အရှင်ဆန္ဒာဓိက

သုရာမေရယကံ၏ အပြစ်အကျိုးများ...

သေရည်သောက်လင့်၊ သင့်မသင့်၌ ၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ မူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ် ( ဟိရိ သြတ္တပ-အရှက် ၊ အကြောက်) ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မပြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

မုသာဝါဒကံ၏ အပြစ်အကျိုးများ...

မုသားစကား ၊ ပြောဆိုငြားမူ ၊ စကားမပြီ ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၍၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လည် ၊ ရှောင်ခါအပြန် အကျိုးတည်း။

ကာမေသုမိစ္ဆာစာရကံ၏ အပြစ်အကျိုးများ...

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း ၊ မုန်းကြအများ ၊ ရန်သူပွား၍ ၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိပဏ္ဍုက် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျက် ၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။

အဒိန္နာဒါနကံ၏ အပြစ်အကျိုးများ...

အဒိန္နာဒါ ၊ ခိုးမိပါမူ ၊ ဥစ္စာလည်းမွဲ ၊ဆင်းရဲငတ်ဘိ၊ လိုရှိမရ ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့် ၊ မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည် ၊ ရှောင်ခါအပြန် အကျိုးတည်း။

ပါဏာတိပါတကံ၏ အပြစ်အကျိုးများ...

ပါဏာတိပါတ် ၊ သူ့သက်သတ်က၊ ချို့ လတ်အင်္ဂါ ၊ မွဲပြာရုပ်သွင် ၊ အားအင်ချို့ယွင်း ၊ လျင်ခြင်းလည်းဝေး ၊ ဘေးကိုကြောက်တတ် ၊ အသတ်ခံရ ၊ အနာများလျက် ၊ ချွေရံပျက်၍၊ အသက်တိုလှ၊ ပြစ်များစွာသည် ၊ ရှောင်ကအပြန် အကျိုးတည်း။

ဘုရားရှင်တို့၏တူသောအချက်များ

(၁) အလောင်းတော်သည်နောက်ဆုံးသောဘ၀၌မိခင်ဝမ်းကြာတိုက်တွင်ပဋိသန္ဓေနေတော်မူသည်။ ( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး၊ လူပျိုကြီး ၊တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ပြောတာပဲ....ဤကားစာကြွင်း)အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကိုရွံမုန်းနေရင်လည်းမဇ္စိမပဋိပဋာလမ်းစဉ်ကိုတွေ့ဖို့ခက်မယ်လို့ဆိုပါတယ်။
(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ.သို. မျက်နှာမူပြီးနေပါတယ် ။( အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ်. သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါတယ် ။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )
(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါတယ် ။( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။သကျ သာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးမွေးခြင်း ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြတယ် ဆိုပါတယ်(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)
(၄)တောအရပ်၌သာဖွားတော်မူပါတယ်။
(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ...... ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ......ဟု ကြုံး ၀ါးတော်မူပါသည်။(ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ - (သုခမှတ်စု))
(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင် ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ ( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။ )
(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။( အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။ အကျယ်ပြောရင် အများကြီးပဲ ၊ သုဒ္ဓေါဓန မင်းကြီး ၊ မဟာသန္တတိ အမတ်ကြီး ဇာတ်တွေမှာပရိနိဗ္ဗာန်စံဝင်ကြရခြင်းအကြောင်း ဖတ်ပါလေ ။ )
(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။( ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။ )
(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။
(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။(ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း -၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၄/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။ ( မာရ်နတ်ဆိုတာကတော့ နတ်ပြည် ၆-ထပ်မှာ ပေါ်ဆုံးထပ် ( ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ ) မှ နတ်ဆိုးတစ်ဦင်္းပဲ ဖြစ်ပါတယ် ။ အဲဒီ့ နတ်ပြည်ရဲ့ အဓိပတိခေါင်းဆောင်က ၀သ၀တ္တီ နတ်မင်းကြီး ပါ ။ မာရ်နတ် ကတော့ ပွကြီးပေါ့ ။ ၃၁-ဘုံမှာ သူတန်ခိုးကြီးတယ် ၊ကာမဂုဏ်ဆိုတာ သတ္တ၀ါတွေ အတွက် သူကပဲ ဖန်ဆင်းပေးထားတာ မျိုး အထင် ရောက်နေသူပါ။ ဒါကြောင့် ကာမဂုဏ်ကို စွန့်ပယ်ဖို့ နည်းလမ်းမှန်မှန်နဲ့ တရားဟောမဲ့ ဘုရားလောင်းတွေဆိုရင် သူနှောက်ယှက်တာပါပဲ ။ အဲဒီ.ညနေစောင်း မာရ်နတ်နဲ့ တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်တယ်ပြောကြတာပဲ ။ ဘုရားလောင်းရဲ. အနားမှာ ဘုရားဖြစ်တာနဲ့ ခရူသင်းမှုတ်မယ်ဆိုပြီး ခရူသင်းကြီးကိုင်ပြီးစောင့်နေတဲ့ သက္ကမင်း (သိကြားမင်း) နဲ့ ဗြဟ္မာတွေ၊နတ်တွေလဲ တိုက်ပွဲစတာနဲ့ အကုန်ပြေးကြတာပဲတဲ့။ ထားပါတော့ ။ဘုရားရှင်က မဟာပထ၀ီ မြေကြီးကို တိုင်တည်တော့ မာရ်နတ်ကြီးလည်း ဂိရီမေခလာဆင်တော်ပေါ်က ပြုတ်ကျပြီး ထွက်ပြေးရပါတယ်။ အဲဒီမှာ မာရ်နတ်ကြီးကိုင်လာတဲ့ ရွှေဆောင်းတော်ကြီးဟာ ဗောဓိပင်နားမှာ ကျန်ခဲ့ပါတယ်။ အဲဒီဆောင်းကို သိကြားမင်းကကောက်ပြီး ပဉ္စသင်္ခနတ်သားကို ပေးထားတာလို့ ပြောပါတယ်။ ဘုရားရှင် ဒီတိုက်ပွဲကို မေတ္တာပါရမီ ၊ အဓိဌာန် ပါရမီ တန်ခိုးတွေနဲ့ နိုင်ခဲ့ပါတယ် ။
(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ ...အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါတယ်။
(၁၃) ဗောဓိပင်ရဲ. ထက် ၀န်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနပေါ့ ဗျာ။ နည်းနည်းတော့ ပြောချင်သေးတယ် ။ (က) ပလ္လင်္ကသတ္တာဟ ။ ။ ဘုရားဖြစ်တဲ့ နေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် ( ၁ ) ရက်နေ့မှ (၇) ရက်နေ့အထိ မလှုပ်မရှား ဆက်ပြီး သီတင်းသုံးတော်မူပါတယ် ။ ပထမနေ့ ၊ နေ့အခါမှာ ဖလသမာပတ် ၀င်စားပြီး နေပါတယ် ။ညအခါမှာ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ ၊ ပဋိလုံ သုံးသပ်ဆင်ခြင်တော်မူပါတယ်။ " ယဒါဟဝေ ..." စသော ဥဒါန်း(၃) ဂါထာကို အသံမထွက်ဘဲ စိတ်ထဲမှ ကျူးရင့်တော်မူပါတယ်။ (သတ္တာဟ-၇-ရက် )(ခ) အနိမိသ သတ္တာဟ။ ။ ဗောဓိပင်ရဲ.အနီး အရှေ.မြောက် ယွန်းယွန်း ၁၄-လံအကွာ နေရာမှာ ကဆုန်လပြည့်ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၇-ရက် ထပ်မံသီတင်းသုံးတော်မူပါတယ် ။ " ငါသည် ပါရမီများဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ် (၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ တကား " ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတ ပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံးကြည့်ရှုဝမ်း မြောက်နေတော်မူသည် ။[ အ = မ ၊ နိမိသ = မျက်စိမှိတ်သည် , အနိမိသ = မျက်စိမမှိတ်ဘဲ ](ဂ) (ရတနာ) စင်္ကမ သတ္တာဟ။ ။ နောက်တခါ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆) ရက်နေ့အထိ ၇-ရက် တွင် ဗောဓိပင်ပလ္လင် နဲ့ အနိမိသဌာန အကြား ၊ ဗောဓိပင်၏ မြောက်ဘက်၌ စင်္ကြံကြွကာ ထပ်မံသီတင်းသုံးတော်မူပါတယ် ။ ဒီနေရာမှာ နတ်တွေက "....ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည် ၊ ဘုရားစင်စစ်မဖြစ်သေး " ..ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ဖလသမပတ် ၀င်စားသောကြောင့် " စင်္ကမ သတ္တာဟ " ခေါ်သည်။(ဃ) ရတနာဃရ သတ္တာဟ။ ။ ဗောဓိပင်၏ အနောက်မြောက် ၁၀-လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း (၆) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော် ကို ဆင်ခြင်နေတော်မူပါတယ်။အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကိုဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ ။နောက်ဆုံး ပဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးကာ နတ်၊ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်၏ ။(င) အဇပါလသတ္တာဟ ( ဆိတ်ကျောင်း ညောင်ပင်) ။ ။ ဗောဓိပင် ရဲ. အရှေ. (၃၂)လံ အကွာမှာ ဖြစ်ပါတယ် ။ နယုန်လဆန်း (၁၄)ရက်နေ့မှနယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက်ဖြစ်ပါတယ်။ မာရ်နတ်ရဲ. သမီး (၃) ယောက် ( တဏှာ ၊အရတီ ၊ရာဂါ ) က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ( မိန်းကလေးတွေ ဘုရားရှင်ကိုတောင် မာယာနဲ့ လှည့်စားချင်သေးတာ ပုထုဇဉ် ပုရိသ တွေကတော့ လာပြောကောင်းမလဲ ၊ လာမှကိုပြောလို့ မကောင်းပါဘူး ။ ) ဒီ ဆိတ်ကျောင်း ညောင်ပင် မှာပဲ ဟုန်ဟုန်က ပုဏ္ဏားက အဘယ်သူကို ဗြဟ္မာဏ မည်ပါသလဲ လို့ မေးလျှောက်ပါတယ်။ ဘုရားရှင် ဒီနေရာမှာပဲ သတ္တ၀ါတွေကို တရားဟောဖို့ စပြီး စီစဉ်ဆုံးဖြတ်တော်မူပါတယ် ။ (စ) မုစလိန္ဒ သတ္တာဟ ( မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန) ။ ဗောဓိပင် ရဲ. အရှေ. တောင် (၁၅)လံ အကွာ မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်ထိ ဖြစ်ပါတယ် ။ဒီမှာ ပြောင်းရွေ.သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့ပါတယ်။ ဒီအခါမှာ မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။နဂါးမင်းအား သတ္တ၀ါတွေကို မငြင်းဆဲဖို့ ဒေါသကို ထိန်းဖို့ ၊ ငါ ဟူသော မာန်မာန ကို ခွာဖို. ဆုံးမတော်မူပါတယ်။(ဆ) ရာဇာယတန သတ္တာဟ (လင်းလွန်းပင် )။ ။ဗောဓိပင် ရဲ. တောင်ဘက် (၄၀)လံ အကွာ..[ (၁၁)လံ ဟု စာမှာရှိပေမဲ့ ဗုဒ္ဓဂါယာမှာ လက်တွေ့အားဖြင့် (၄၀) လံ ရှိတယ်လို့ ဆိုပါတယ် ] နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း ( ၄)ရက်နေ့ အထိ (၇) ရက် ပတ်လုံး သမာပတ် ၀င်စား ပါတယ် ။ (၇) ရက်ပြည့်တဲ့ မနက်မှာ သိကြားမင်းက တဇုသီး ၊ တံပူတွေ ဆပ်ကပ်ပါတယ်။ ကိုယ်လက်သန့်စင် အပေါ့ ၊ အလေးသွားပြီး (၄၉)ရက်တာ ပင်ပန်းခဲ့ရသမျှကို သည်းခံတော်မူပါတယ်။ အဲဒီ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ် နေချိန်မှာ မြန်မာနိုင်ငံ ၊ ရာမညတိုင်း ၊ ဥက္ကလာ ဇနပုဒ် ၊ပေါက္ကရ၀တ္တီ ဇနပုဒ် တို့မှ ကုန်သည်ညီနောင် တဖုဿ၊ဘလ္လိက မှ မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ ( ပြောရရင် များတယ် ။ စိတ်ဝင်စားစရာဖြစ်လို့ သီတဂူဆရာတော် ရဲ့ တဖုဿ၊ဘလ္လိကညီနောင်တရား နာပါလေ ။ ) ဒီကုန်သည်ညီနောင် ကပ်တဲ့ ဆွမ်းကို လက်ခံဖို့ စတုမဟာရာဇ် နတ်မင်းကြီး (၄)ပါးမှ သပိတ် (၄)လုံး တပြိုင်တည်းကပ်လှူကြရာ ဘုရားရှင်က အဓိဌာန်နဲ့ (၁)လုံးတည်းဖြစ်စေပြီး အလှူခံပါတယ်။ ( ဒီသပိတ်တော်ကို အခုခေတ်မှာပါ ဖူးရရင် သိပ်ကောင်းမှာပဲနော် ) ။ ကုန်သည်ညီနောင် ကို သံဃာမရှိသေးတဲ့ အတွက်ဒွေဝါစိက သရဏဂုံ (၂)ပါး ပဲ ပေးပါတယ်။ဆံတော် (၈)ဆူ စွန်.တော်မူပါတယ် ။ ဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။( ၇ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။ - ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဥာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမ မှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီး ပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းကတရားဦးဟော ရန်လျှောက်ရပါတယ်။ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )
(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။
(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။
(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။( ဂေါတမ ဘုရားရှင် ဇေတ၀န်မှာပဲ သီတင်းသုံးများရခြင်းကိုတော့ သီတဂူဆရာတော် စင်္ကာပူ မှာ ဟောခဲ့သော ကဏ္ဍဆုတောင်း တရားအရ ရှင်းပါတယ် ။ ဘုရားရှင်ရှိရာ မြို့၊တိုင်း တွင် သံဃာတော်လည်းများတတ်ရာ ပစ္စည်း(၄)ပါးကောင်းစွာ ထောက်ပံ့နိုင်သော ပြည်သူ၊ မင်း၊သူဌေး လိုပါတယ် ။ ဇေတ၀န်ကျောင်းတော်ရှိရာ သာဝတ္ထိမြို့မှာ အနာတပိဏ်၊၀ိသာခါလို ဥပါသကာ ၊ဥပါသိကာ ပေါများတယ် ။ ပြည်သူတွေ ဘာသာတရားလွန်စွာ ကိုင်းရှိုင်းတယ်။ ပိဋကတ်တော်မှာ ရေတွက်ကြည့်တော့ (၁၄) ၀ါမြောက် ၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ ဆိုတော့ ( ၂၅ ) ၀ါတောင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါတယ်။ဇာတိ မြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ ( ၁၅) ၀ါမြောက်တစ်ဝါ သာ သီတင်းသုံးတော်မူပါတယ်။ )

(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါတယ် ။( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )
(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။အကျယ်နည်းမယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာအကျယ်နည်း (၀ိတ္ထာရနယ) ကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်သည်။အကျဉ်းနည်းမြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူသည်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အကျဉ်းချုပ်နည်း (သင်္ခေပနယ) ကို ဟောတော်မူသည်။

မကျဉ်းမကျယ်နည်းရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် နည်း (နာတိဝတ္ထာရ-နာတိသင်္ခေပနယ) ဖြင့် ပြန်လည် ပို့ချတော်မူသည်။နောက်တနေ့တွင် ထိုပို့ချချက်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့သည်။ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် ၁-ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိ ၃-လအတွင်း နည်း ၃-နည်းဖြင့် လူ့ပြည်-နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့လေသည်။ အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ - ၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။

နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာ ဟာလဲ အကြောင်းတစ်ခုလို့ ဆိုပါတယ်။ ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်... (ယမိုက်ကျမ်း-အရ)လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီလူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ် နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့ ရေတွက်ပုံ တူရင်ပေါ့ လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။
(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။
(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါတယ်။( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါတယ် ။( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ / ၀တ်ချင် မှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။ ဒါကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်တာဖြစ်ပါတယ် ။ )
(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။
(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။
(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။
(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။
(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။

ဗုဒ္ဓကိစ္စငါးပါး ။ ။ ၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။၂/ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။၎/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် - ပထမတပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာဂရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထို ဂရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။ ( သုတ်သီလက္ခန် အဌကထာ - မှ )

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။
(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။
__________________

သူတပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ့်မှာ
ရှုံးသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့သဘောထားကြီးမှု့
ကိုယ်ရဲ့မြင့်မြတ်မှု့ကို ပိုပြီးအကောင်အထည်ဖေါ်လိုက်ရတာ၊
ကိုယ့်ရဲ့မေတ္တာ ဂရုဏာ၊ ကိုယ့်ရဲ့စေတနာကို
အကောင်အထည်ဖေါ်လိုက်ရတာ၊
သိပ်ကျေနပ်စရာကောင်းတယ်၊ ဒါ့ကြောင့် သူတပါးကို
လိုက်လျှောရတာဟာ ရှုံးတာမဟုတ်ပါဘူး၊
အမှန်တော့မြင့်မြတ်တာပါ။


ဆရာတော်ဦးဇောတိက
ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာ ဒါန ပဲ။
ခန္ဓာထဲမှာ အနှစ်ရှာ တွေ့တာ သီလ ပဲ။
ဝိဥာဉ်ထဲမှာ အနှစ်ရှာ တွေ့တာ ဘာဝနာ ပဲ။

အရှင်ဇ၀န

သောတာပန်ဖြစ်ကြောင်း (၄) ပါး...

သူတော်သူမြတ် ၊ ဆည်းကပ်မှန်စွာ ၊
သူမြတ်တရား ၊ နာကြားသေချာ ၊
သင့်အောင်စိတ်ထား ၊ တရားကျင့်ရာ ၊
သောတာစစ် ဖြစ်ဖို့ကြောင်းလေးဖြာ။

အသေလှကြောင်း အကြောင်း(၄)ပါး

(၁) အစွဲကင်းခြင်း (ချစ်ခြင်း ၊ မုန်းခြင်း အစွဲ) ။
(၂) တစ်ကိုယ်ကောင်း မဆန်ခြင်း (အများအကျိုးအတွက် ဆောင်ရွက်ခြင်း) ။
(၃) ကုသိုလ်ပူနွေးခြင်း (ကုသိုလ်ကောင်းမှုတို့ကို မမေ့မလျော့ ပြုလုပ်ခြင်း) ။
(၄) ယုံမှားကင်းခြင်း (အသိအမြင် မှန်ကန်ခြင်း) ။


ရှင်ဆန္ဒဓိက တရားတော်မှ...

မိတ်ဆွေစစ် (ဥပကာရ မိတ်ဆွေ) လေးမျိုး

(၁) မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
(၂) မူးယစ်နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
(၄) ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ် အထောက်အပံ့ ပေးတတ်၏။

ဆောင်ပုဒ်။ ။ မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ ၊ ချေးပေးလှာသည်၊ လေးဖြာ ဥပကာရတည်း။

(ဆရာတော်ဦးဗုဓ်)

"သံဝေဂလင်္ကာ"

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။

မင်္ဂလာတရား ၃၈ ပါး

၁။ အသေ၀နာစ ဗာလာနံ = လူမိုက်တို့ကို မဆည်းကပ်ခြင်း။
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိတို့ကို ဆည်းကပ်ခြင်း။
၃။ ပူဇာစ ပူဇနေယျာနံ = ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။
၎။ ပတိရူပဒေသ ၀ါသောစ =သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။
၅။ ပုဗ္ဗေစ ကတပုညတာ = ပြုခဲ့သော ကောင်းမှု ရှိသောသူဖြစ်ခြင်း။
၆။ အတ္တသမာပဏီဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။
၇။ ဗာဟုဿစ္စ = အကြားအမြင်များသော သူ၏ အဖြစ် ဖြစ်ခြင်း။
၈။ သိပ္ပ = လက်မှုပညာ အစရှိသော အပြစ်မရှိသော အတတ်တို့ကို တတ်ခြင်း။
၉။ ၀ိနယောစ သုသိက္ခိတော = ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။
၁၀။ သုဘာသိတ၀ါစာ = ကောင်းစွာဆိုခြင်း။
၁၁။ မာတာပိတု ဥပဋ္ဌာန = အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။
၁၂။ ပုတ္တဒါရဿသင်္ဂဟ = သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း။
၁၃။ အနာကုလ ကမ္မန္တာ = အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။
၁၄။ ဒါနဉ္စ = အလှူပေးခြင်း။
၁၅။ ဓမ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၁၆။ ဉာတကာနဉ္စ သင်္ဂဟ = ဆွေမျိုးတို့အား ထောက်မခြင်း။
၁၇။ အန၀ဇ္ဇာနိကမ္မာနိ = အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
၁၈။ ပါပ အာရတီ = မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။
၁၉။ ပါပ ၀ိရတီ = မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။
၂၀။ မဇ္ဇပါန သံယမော = သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
၂၁။ အပ္ပမာဒေါစ ဓမ္မေသု = ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း။
၂၂။ ဂါရ၀ = ရိုသေထိုက်သူတို့အား ရိုသေခြင်း။
၂၃။ နိဝါတ = မိမိကိုယ်ကို နှိမ့်ချခြင်း။
၂၄။ သန္တုဋ္ဌီ = ရောင့်ရဲလွယ်ခြင်း။
၂၅။ ကတညုတ = သူပြုဖူးသော ကျေးဇူးကို သိခြင်း။
၂၆။ ကာလေန ဓမ္မဿဝန = သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။
၂၇။ ခန္တီ = သည်းခံခြင်း။
၂၈။ သောဝစဿတာ = သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။
၂၉။ သမဏာနဉ္စဒဿန = ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း။
၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း။
၃၁။ တပေါ = ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ ဗြဟ္မစရိယ = မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။
၃၃။ အရိယသစ္စာနဒဿန = အရိယသစ္စာတို့ကို သိမြင်ခြင်း။
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ =နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
၃၅။ နကမ္ပတိ = လောကဓံတရားတို့နှင့်တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း။
၃၆။ အသောက = လောကဓံတရားတို့နှင့်တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း။
၃၇။ ၀ရဇံ = လောကဓံတရားတို့တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း။
၃၈။ ခေမံ = လောကဓံတရားတို့တွေ့သော် စိတ်၌ဘေးမရှိခြင်း။

သီလတစ်ခုဖြင့်မခိုင်မြဲနိုင်

ယနေ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ၀ိပဿနာနှင့် မရင်းနှီးသူများအလွန်များပါသည်။ ၀ိပဿနာနှင့် မရင်းနှီးသော ဘိုးဘွားများပြောကြပါသည်။ ငါတို့ကအကျင့်သီလရှိတယ် ၊သီလလုံတယ်၊ ၀ိပဿနာအားထုတ်စရာမလိုပါဘူးဟူသော ပုဂ္ဂိုလ်အချို့ရှိပါတယ်။ လူပဂ္ဂိုလ်တို့စောင့်သော သီလတွင် ငါပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းကြပါတယ်။ ရဟန်းတော်များသည် အကျဉ်းအားဖြင့် ၂၂၇ပါး၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် စောင့်ထိန်းရတာ ဖြစ်ပါတယ်။ တိုင်းတာကြည့်ရင် အင်မတန်မှ သာလွန်ပါတယ်။ သို့သော် လူပုဂ္ဂိုလ် ၊ ရဟန်းတော်တို့၏ သီလသည်စိတ်မချရပါ။ ဤအကြောင်းနှင့်ပတ်သက်၍ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်မှ ဓမ္မကထိကဆရာတောဦးနန္ဒိယ ကျောင်းစောင့်ပြိတ္တာဖြစ်ရခြင်းကို ဓမ္မသံဝေဂယူရန် တင်ပြအပ်ပါသည်။ ဆရာတော်သည်အလွန်ပင်တရားဟောကောင်းပါသည်။ ထိုနယ်မှာတော့ ဆရာတော်မှဆရာတော်ပေါ့။ သို့သော် ဆရာတော်၏အသိသည် သင်ညာအသိဖြစ်ပါသည်။ ထို့ကြောင့် ဆရာတော်တွင် လောဘ၊ ဒေါသ၊ မောဟတွေ ပိုများနေတော့တာပေါ့။ ဘယ်လောက်ထိများသလဲဆိုတော့ ငွေကြေးများကိုပင် အိုးနှင့်ထည့်၍သိမ်းထားသတဲ့။ တစ်နေ့သော သန်းခေါင်ယံအချိန်ကျတော့ ငွေအိုးကို ကျောင်းခြေရင်းမှာ မြုပ်နှံထားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူခိုး၊ဓါးမြ ရန်ကို ကြောက်လို့ဖြစ်ပါတယ်တဲ့။ အတွေးတစ်ခုဝင်သင့်သည်က သူခိုး ခိုးခံရ၍ အပါယ်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရဲ့သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ လက်ခံရင် ဒီဘ၀မှာလည်း ပူလောင်ဆင်းရဲရတယ်၊ နောက်ဘ၀မှာလည်းအပါယ်ကြရပါတယ်။ ဓမ္မသံဝေဂယူကြပါကုန်။ ကိုယ်ရဲ့စိတ်သဏ္ဍာန်မှာ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ အသေသတ်ဖို့ အရေးကြီးပါတယ်။ ဆရာတော်ရဲ့ စိတ်သဏ္ဍာန်မှာ ငွေကိုစွဲတဲ့လောဘ နှိပ်ဆက်တာ မသိရှိရှာဘူး။ သေခြင်းတရားဟာ အမြဲရှိနေတာကြောင့် ဆရာတော်ဟာ သက်တော် လေးဆယ်ဝန်းကျင်မှာ ပျံလွန်တော်မူပါတယ်။ လောဘနဲ့သေတာ ဖြစ်ချင်းကြောင့် ကျောင်းစောင့်ပြတ္တာဖြစ်ရပါတယ်။ အဲဒီအခါကျတော့ နောက်ကျောင်းထိုင်ဖြစ်လာသော ဆရာတော်များကို အသံပေးခြင်း၊ကိုယ်ရောင်ပြခြင်း ကိုပြုလုပ်တော့တာပေါ့။ ဘာကြောင့်လဲဆိုတော့ အမျှလိုချင်၍ဖြစ်ပါတယ်။ တကယ်တော့ တစ္ဆေ၊ သရဲဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ သနားစရာတွေပါ။ ဒီဆရာတော်ရဲ့ သတင်းများကပြန့်လွှင့်နေတာပေါ့။ တစ်နေ့တော့ လူတစ်ယောက် ရောက်လာပါတယ်။ သူ့ရဲ့အသိတစ်ယောက်အိမ်မှာ တည်းသော်လည်း ယောကျားင်္အမျိုးသားမရှိ၊ မိန်းမနှင့်သမီးများသာရှိခြင်းကြောင့် ဘုန်းကြီးကျောင်းမှာတည်းဖို့သွားပါတယ်။ အိမ်ရှင်အမျိုးသမီးမှပြောပြသော်လည်း ထိုသူမှာ မကြောက်တတ်တာကြောင့် ကျောင်းပျက်တွင် သန့်ရှင်း၍ ဘုရားရှင်အားရှိခိုး၍ အိပ်စက်ပါတယ်။ အိပ်ပျော်စဉ်မှာပဲ ဘုန်းကြီးသရဲရောက်လာ၍ ခြေထောက်ကို ဆွဲတော့တာပါဘဲ။ သို့သော် လုလင်ကကြောက်ရွံ့ခြင်းမရှိဘဲ နဘန်းလုံးကြသတဲ့။ ဤအကြောင်းကို တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ အကျယ်တ၀န်းရေးထားပါသည်။ အဆုံးမှာတော့ ဘုန်းကြီးသရဲကပြောပြသတဲ့။ ဒုက္ခပေးဖို့လာတာမဟုတ်ပါပေါ့။ အမျှလိုချင်၍လာတာ ဖြစ်ကြောင်း ပြောပြပါတယ်။ ကျောင်းခြေရင်းမှာ မြုပ်နှံထားသော ငွေအိုးကိုတူး၍ တစ်ဝက်ကိုသင်ယူကာ ကျန်တစ်ဝက်အား အမျှပေးဝေပါလို့ တောင်းဆိုတာဖြစ်ပါတယ်။ ထိုသူကပြန်ပြောပြ၍ အမျှအတန်းပေးဝေခြင်းကြောင့် ပြတ္တာဘ၀မှ ကျွတ်တမ်းဝင်ရပါတယ်။

ထို့ကြောင့် ရဟန်းတို့ ၏ ကြီးမားသောသီလသော်ပင်ငြား စိတ်မချရပါ။ ပုထုဇဉ်တို့၏သီလသည် ပို၍ပို၍ပင် စိတ်မချရပါ။ သီလတစ်ခုတည်းဖြင့် တင်းတိန်ရောင့်ရဲ မနေကြပါနှင့်။ သီလမစောင့်ထိန်းရန် ဆိုလိုခြင်းမဟုတ်ပါ။ သီလကိုလည်းစောင့်ထိန်းပါ။ ၀ိပဿနာကိုလည်း နာကြားရှုပွါးပါ။ ၀ိပဿနာဉာဏ်ရှိကြပါ။ ရှိအောင်အားထုတ်ကြပါ။ ဒါန ၊သီလသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ အခြေအုတ်မြစ် ဖြစ်သော်လည်း ၀ိပဿနာဉာဏ်မရှိလျှင် အပါယ်လေးဘုံ ကျရောက်နိုင်ကြောင်း သံဝေဂယူရန်ဖြစ်ပါသည်။ ၀ိပဿနာဉာဏ်ရှု၍ ၀ိပဿနာအားထုတ်ရာ၌ ကံ ကံ၏အကျိုး၊ ပဋိစ္စသမုပ္ပါဒ် လည်ပုံ ပတ်ပုံ၊ ရုပ်နာမ်အဖြစ်အပျက်တို့ကို သိရှိအောင်အရင်ကြိုးစားအားထုတ်ကြပါ။ ထိုသို့ ကံ ကံ၏အကျိုး၊ ပဋိစ္စသမုပ္ပါဒ် လည်ပုံ ပတ်ပုံ၊ ရုပ်နာမ်အဖြစ်အပျက်တို့ကို သိရှိ၍ ၀ိနာတရားများကို အားထုတ်ကာ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော သူတော်ကောင်း၊ သူတော်မြတ်များဖြစ်ကြပါစေ။……………..

"ဧည့်သည်"

လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် - နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို - ချစ်မုန်းပိုကြ
မလိုဒေါသ - လိုလောဘနဲ့
ဘ၀ရိပ်မြုံ - ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် - လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် - ခရီးနှင်သည်
တို့များ ' ဧည့်သည် ' ပါတကား။

"သင်သိပြီးပြီလား"

သင့်အတွက်သစ္စာပြုရန် ကောင်းမှုမည်မျှရှိနေမည်လဲ။
လမ်းပြရှင်အစစ်ရဲ့ဝါဒကို မည်မျှလိုက်နာခဲ့ဘူးသလဲ။
လွတ်မြောက်ခြင်းအစစ်ကို မည်မျှတွေ့ရှိရှာဖွေပြီးပြီလဲ။
သာသနာစောင့်ရှောက်သူအစစ်ကို မည်မျှကူညီကြမည်လဲ။
ဘ၀အတွက်တီထွင်ပေးသူအစစ် (သင့်မှာ) မည်မျှရှိပြီလဲ။
အားကိုးရာအစစ်ကား-သစ္စာ လမ်းပြရှင်အစစ်က-ဗုဒ္ဓ
လွတ်မြောက်ရန်အစစ်က-ဓမ္မ သာသနာမကွယ်ပျောက်အောင်
စောင်ရှောက်သူအစစ်က-သံဃာ ဘ၀အတွက်အကောင်းဆုံး
တီထွင်ပေးသူအစစ်က-သဒ္ဓါ
ဒီအနှစ်ငါးပါးကိုသိရှိနားလည်ထားသူအတွက်ကတော့
အမှားဆိုတာလည်းမရှိ၊အဆိုးဆိုတာလည်းမပါ
ကြောက်ထိတ်လန့်စရာကင်းကွာပြီး
လွတ်ငြိမ်းချမ်းသာမှုအစစ်ကိုဧကန်ရကြမည်မလွဲပါ
မေးနိုင်သလို ဖြေနိုင်ကြပါစေ။

"ပြောသလိုလုပ်မှသူတော်ကောင်း"

သတိအကြောင်း၊ ၀ိပဿနာအကြောင်းတွေ
ဖောင်ဖောင်ကြီးပြောနေပေမဲ့
စိတ်နေစိတ်ထားရော
ကိုယ်ကျင့်တရားနဲ့ ကိုယ်နှုတ်အမူအရာရော
ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင်
အဲဒီလူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။

ဓမ္မစင်္ကြာတရားဟောရာတွင်ဖြစ်ပေါ်လာသောနိမိတ်ကြီး (၃၂) ပါး

(၁) လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း။
(၂) အပူ ၊ အအေး မျှတခြင်း။
(၃) တစ်သောင်းသောလောကဓာတ်၌ရုတ်တရက်အသံတိတ်၍ငြိမ်သွားခြင်း။
(၄) လေပြင်း မုန်တိုင်း မလာခြင်း။
(၅) လေပြေ လေညှင်းတိုက်ခတ်ခြင်း။
(၆) မြစ်အပေါင်းတို့ ၌ ရေမစီးပဲရပ်တန့် ခြင်း။
(၇) ပန်း၊သစ်ပင် အပေါင်းတို့ တစ်ပြိုင်နက်ပွင့်ခြင်း။
(၈) ကောင်းကင်၌တည်သော အာကာသဋ္ဌရတနာတို့  ရောင်ဝါကွန့် မြူးခြင်း။
(၉) လူ့ ပြည်၊နတ်ပြည်၌ရှိသောတူရိယာအပေါင်းတို တစ်ပြိုင်နက်အလိုလိုမြည်ခြင်း။
(၁၀) ကောင်းကင်မှနတ်ပန်းမိုးရွာချခြင်း။
(၁၁) တစ်ပြိုင်နက်ပဲ့တင်ဟီးခြင်း။
(၁၂) ငရဲကြီးရှစ်ထပ်၌ငရဲမီးငြိမ်းခြင်း။
(၁၃) အညစ်အကြေးကင်းစင်လျက်ကောင်းကင်ကနေ၀န်းအထူးသဖြင့်ထွန်းလင်းခြင်း။
(၁၄) နေ့ အခါ၌ကြယ်တာရာတို့ ကိုမြင်ရခြင်း။
(၁၅) မိုးမရွာပဲကောင်းကင်မှနတ်ရေစင်သွန်းချခြင်း။
(၁၆) ဂြိုလ်ကြီးခုနှစ်လုံးတို့ ကြည်လင်ထင်ရှားစွာပေါ်လာခြင်း။
(၁၇) သတ္ထာဗီသနက္ခတ်များလည်းထင်ရှားစွာပေါ်လာခြင်း။
(၁၈) တွင်း၊ဂူ၊လိုဏ်ခေါင်းအောင်း၍နေသောသတ္တ၀ါတို့ ထွက်လာခြင်း။
(၁၉) လ၀န်းသည်ပျြုဗ္ဖာသဠ နက္ခက်နှင့်ယှဉ်၍ပေါ်လာခြင်း။
(၂၀) လူအပေါင်းတို့ အလိုခပ်သိမ်းငြိမ်း၍ရောင့်ရဲခြင်း။
(၂၁) ကိုးဆယ့်ခြောက်ဖြာဝေဒနာစွဲကပ်သူတို့ ပျောက်ကင်းခြင်း။
(၂၂) ဆာလောင်မွတ်သိပ်မှူပြေခြင်း။
(၂၃) ပြိတ္တာအပေါင်း ၀ ပြောခြင်း။
(၂၄) ကိလေသာတရားငြိမ်းခြင်း။
(၂၅) အပါယ်လေးပါး၌ဒုက္ခဘေးကင်းခြင်း။
(၂၆) တစ်လောကလုံး၌မြူအညစ်အကြေးကင်းစင်၍သန့် ရှင်းကြည်လင်ခြင်း။
(၂၇) မကောင်းသောအနံ့ ပျောက်ခြင်း။
(၂၈) နတ်ပန်းနံ့ သာကြိုင်လှိုင်ခြင်း။
(၂၉) နတ်ပြည်ခြောက်ဘုံတို့ နှင့်ရူပဗြဟ္မာတစ်ဆယ့်ခြောက်ဘုံအကုန်မြင်ရခြင်း။
(၃၀) ငရဲကြီးရှစ်ထပ်၌ခံနေကြရသော သတ္တ၀ါအလုံးစုံကိုအကုန်မြင်ရခြင်း။
(၃၁) မြို့ တံခါး ၊ အိမ်တံခါး မှစ၍ပိတ်ထားသမျှအလုံးစုံအကုန်ပွင့်ခြင်း။
(၃၂) သတ္တ၀ါအပေါင်းတို့ ၌ သေမှု ၊ ပဋိံသန္ဓေနေမှု ၊ ဖွားမြင်မှုမရှိခြင်း။

မိဘကျေးဇူး ကြီးမားပုံ

အနှစ်တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာသက်တမ်း ကာလပတ်လုံး ညာဘက်ပခုံးပေါ် အမိကိုတင်၊
ဘယ်ဘက်ပခုံးပေါ် အဖကိုတင်ပြီး အစစ အရာရားလိုလေသေး မရှိအောင် လုပ်ကျွေးသော်လည်း
မိဘကျေးဇူးမကုန်နိုင်ပေ။

မိဘကျေးဇူး ကျေအောင်ဆပ်နည်း

(၁) သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်၊
(၂) သီလမရှိတဲ့ မိဘကို သီလနှင့် ပြည့်စုံအောင်၊
(၃) မပေးရက် မလှူရက် နှမြှောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့် ပြည့်စုံအောင်၊
(၄) ပညာဥာဏ် မရှိတဲ့ မိဘကို ပညာဥာဏ်နှင့်ပြည့်စုံအောင်၊

ကောင်းစွာနာယူ ဆောက်တည်စေမယ်၊ လေးလေးနက်နက် သက်ဝင်စေမယ်၊
တည်တည်တံ့တံ့ မြဲမြံ စေမယ်ဆိုရင် မိဘကျေးဇူးကို တုန့်ပြန်ပြီးသား၊
အကျေဆပ်ပြီးသားဖြစ်ပါတယ်။

(မာတုပေါသထသုတ္တာန်)

"အားမှသေမှာလား၊ သေမှအားမှာလား"


ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ
လူတွေမရမတွက်နိုင်အောင်
သေနေကြတာ
အားလို့သေတဲ့မသာ
တစ်ယောက်မှမရှိပါဘူး။
မအားတဲ့ကြားက
သေသွားကြတဲ့ မသာတွေကြီးပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူတိုလည်းခေါ်မှာပါ။
မအားတဲ့သူကိုလည်းခေါ်မှာပါ။
သေမင်းမှာတပည့်မွေးပြီး
လူရွေးတဲ့မူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေးလိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။


ဆရာတော်အရှင်ဆန္ဒာဓိက

ဘုရားလောင်း ဓမ္မပါလ အမျိုးအနွယ်တို့၏ အသက်ရှည်ကြောင်း ကျင့်ဝတ်တရားများ...

(၁) ကိုယ့်အသက်တာ အသေခံမယ် ၊ သူတစ်ပါးအသက်ကို မသတ်ခြင်း။
(၂) အခြားအိမ်ရာကို ပြစ်မှားဘို့ မဆိုထားနှင့် ၊ ပြစ်မှားလိုသော စိတ်ဖြင့်ပင် မကြည့်ခြင်း။
(၃) ဘယ်သော အခါမှ လိမ်ညာမပြောခြင်း၊ ရယ်ရွှင်လိုသောစိတ်ဖြင့်ပင် မုသားမပြောခြင်း။
(၄) ဘယ်သောအခါမှ သူများပစ္စည်းကို မခိုးခြင်း ၊ မယူ ခြင်း။
(၅) သူယုတ်ကိုသာ စွန့် ပယ် ၊သူတော်ကောင်းကို မစွန့် ပယ်ခြင်း။ လူမိုက်တို့နှင့် အလာပ သလာပ
မပြောခြင်း ၊ထိုသို့ ပြောရန်လည်း မနှစ်သက်ခြင်း။ (ကာယကံ ၊ ၀စီကံ ၊ မနောကံ
မကောင်းတဲ့သူဟာ လူမိုက်ဖြစ်တယ်)။
(၆) ဒါနပြုခါနီးမှာ နှစ်သက်ရွှင်လန်းမှုတွေဖြစ်ခြင်း၊ ပြုပြီး ပြုဆဲမှာလည်း ဖြစ်ခြင်း။ (သူတော်ကောင်း သမဏ ၊ ဗြဟ္မဏ ၊ သူတောင်းစား ၊ ဝေရာဝစ္စ အလှူခံတွေကို လှူဒါန်းခြင်း။)
(၇) လင်ကလည်း အခြားအမျိုးသမီးအပေါ် လွန်ကျူးခြင်းမရှိ ၊မိန်းမကလည်းအခြားအမျိုးသားအပေါ် လွန်ကျူးခြင်းမရှိခြင်း။
(၈) သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း။
(၉) သုစရိုက် (၁၀) ပါးလုံးကို အိမ်သားအားလုံး ကျင့်ကြံပွားများကြခြင်း။


(ဘုရားလောင်း “ဓမ္မပါလဇာတ်တော်)

နိဝါတောစ မင်္ဂလာ

မာန်မာနကြွယ် ၊ ထိုသူဝယ် ၊ မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး ၊ မာန်ကိုချိုး ၊ အမျိုးမြတ်သကို။
ခြေသုတ်ပုဆိုး ၊ မြွေစွယ်ကျိုးလား ၊ မလွှားမပ ၊ စိတ်ကိုချ၊ မုချမင်္ဂလာ။
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
“အလုပ်” ရှုပ်ရင် အလုပ်ပြောင်း န “ကံ” ကောင်းအောင်။
“အာရုံ” ရှုပ်ရင် အာရုံပြောင်း န “ဈာန်” ကောင်းအောင်။
“စိတ်” ရှုပ်ရင် စိတ်ပြောင်း န “ဥာဏ်” ကောင်းအောင်။



“ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ”

" နွယ်တစ်မျှင်တွယ်ငင်ကြမ်းပါဘိ"


သစ်ပင်မှာအမြစ်၊လူမှာအချစ်လို့
ပြောလေ့ရှိကြပါတယ်။
သစ်ပင်တစ်ပင်ဟာအမြစ်ရှင်သန်
ခိုင်မြဲနေသမျှမြေကြီးထဲက
ရုန်းထွက်လို့မရသလိုလူဟာလည်း
အချစ်ရှင်သန်ခိုင်မြဲနေသမျှ
မီးဟုန်းဟုန်းတောက်နေတဲ့
'သံသရာထ'ဲကဘယ်တော့မှ
ရုန်းထွက်လွတ်မြောက်ခွင့်ရမှာမဟုတ်ပါဘူး။




ဆရာတော်အရှင်ဆန္ဒာဓိက

"နေစဉ်သတိနေ့စဉ်ရှိပါစေ"

သီးခြားသတ်မှတ်ချိန်မှာပဲတရားအားထုတ်ပြီး
တခြားအချိန်တွေမှာတရားလွှတ်ထားတဲ့သူကို
'နေ့စဥ'်အားထုတ်သူလို့ခေါ်ပါတယ်။
သီးခြားသတ်မှတ်ချိန်မှာရော
ကိုယ်အမူအရာပဲပြုပြု၊ ပြုနေစဉ်
စိတ်အမူအရာပဲပြုပြု၊ ဖြစ်နေစဉ်
နေစဉ်တိုင်းနေစဉ်တိုင်းမှာ
တရားအားထုတ်နေသူကိုတော့
'နေစဥ'်အားထုတ်သူလို့ခေါ်ပါတယ်။
နေ့စဉ်အားထုတ်ရုံနဲ့တရားထူးရဖို့မသေချာပါဘူး။
နေစဉ်အားထုတ်မှတရားထူးရဖို့သေချာပါတယ်။
အရှင်ဆန္ဒာဓိက